အခန်း (၆၁-၆၂)
Vol. 7 Ch. 61-62
61
စနစ်၏ ကောင်းမွန်သော မှတ်ချက်တာဝန်ကို ပြီးမြောက်အောင်မြင်သွားပြီးနောက် စုဟယ်မှာ အလွန်ပင် ဝမ်းမြောက်သွားသော်လည်း၊ တာဝန်တိုးတက်မှုပြဘားတွင် နောက်ထပ် (၀) တစ်လုံး ထပ်တိုးလာသည်ကို မြင်လိုက်ရသောအခါ ရှေ့ဆက်ရမည့် ခရီးမှာ အတော်ပင် ဝေးကွာနေသေးကြောင်း ခံစားလိုက်ရသည်။ ကံကောင်းသည်မှာ တာဝန်တစ်ခုစီ ပြီးမြောက်တိုင်း ကတ်အသစ်ဆွဲခွင့် တစ်ကြိမ် ရရှိခြင်းပင် ဖြစ်၏။ ၎င်းမှာ မြည်းတစ်ကောင်၏ ဦးခေါင်းရှေ့တွင် ချိတ်ဆွဲထားသော မုန်လာဥနီနှင့် တူလှသည်။
စုဟယ်မှာလည်း ထို မုန်လာဥနီ ကို မြင်နေရသဖြင့် အားကြိုးမာန်တက် အလုပ်မလုပ်ဘဲ မနေနိုင်တော့ပေ။ စုဟယ်သည် ကတ်ဆွဲခွင့်ကို မည်သည့်အချိန်တွင် အသုံးပြုရမလဲဟု စဉ်းစားနေစဉ် အပြင်ဘက်ရှိ ကုန်စုံဆိုင်ဝင်ပေါက်မှ ဆူညံသံတစ်ခုကို ကြားလိုက်ရသည်။ သူမသည် စွမ်းအားတွေပိုလျှံနေဆဲဖြစ်သော ရှောင်ရှီမင်းကြီးကို ထားရစ်ခဲ့ကာ တံခါးဝသို့ အပြေးသွားကြည့်လိုက်၏။ ကုန်စုံဆိုင်ကို ကိုယ်တိုင်ဝန်ဆောင်မှုပေးသည့် စက်ဗီရိုများအဖြစ် ပြောင်းလဲလိုက်ကတည်းက လက်ဖက်ရည်နှင့် မုန့်ပြတင်းပေါက်တွင် လူအဝင်အထွက် အလွန်များပြားနေပြီး ဧည့်သည်များမှာ လှိုင်းလုံးများပမာ တသီတတန်းကြီး လာရောက်နေကြခြင်း ဖြစ်သည်။ အရောင်းစက်များမှာ အသုံးပြုရ လွယ်ကူမြန်ဆန်လှသဖြင့် ဝယ်ယူသူများ အလွန်စိတ်ကျေနပ်ကြကြောင်း စုဟယ် အကြိမ်ကြိမ် ကြားထား၏။
တစ်စုံတစ်ယောက်မှာ ဖုန်းဖြင့်စကန်ဖတ်ကာ ငွေပေးချေနည်းကို မသိသဖြင့် အငြင်းပွားမှု ဖြစ်နေခြင်းများလား။
စုဟယ် အမြန်လျှောက်သွားပြီး အတွင်းသို့ ဝင်လိုက်သောအခါ ရှုပ်ထွေးနေသော မြင်ကွင်းကို တွေ့လိုက်ရသည်။ မှန်လုံမီးဖိုချောင်အတွင်းရှိ ဟုန်လျန်မှာ အနည်းငယ် ပျာယာခတ်နေပြီး သူမ၏ ဂျုံမှုန့်များ ပေကျံနေသော လက်များကို ကိုင်ထားကာ အပြင်သို့ ထွက်လာရမလား၊ မထွက်ရဘူးလား ဝေခွဲမရ ဖြစ်နေ၏။ စုဟယ်သည် ဦးစွာ ဟုန်လျန်ကို လက်ပြကာ လက်ဖက်ရည်နှင့် မုန့်များကို ဆက်လက်လုပ်ဆောင်ရန် အချက်ပြလိုက်သည်။
မှန်လုံမီးဖိုချောင်မှာ အလွန်သန့်ရှင်းသပ်ရပ်သော ပတ်ဝန်းကျင်တစ်ခု ဖြစ်သည်။ ဟုန်လျန်သည် မီးဖိုချောင်ထဲ ဝင်တိုင်း အထူးဝတ်စုံနှင့် ဖိနပ်စွပ်များကို ဝတ်ဆင်ရ၏။ သူမသာ ပေါ့ပေါ့ဆဆ အဝင်အထွက် လုပ်နေမည်ဆိုလျှင် ဂျုံမှုန့်များကို အလွယ်တကူ ညစ်ညမ်းစေနိုင်သည်။
စုဟယ် လက်ပြပြီး ငြင်းဆိုလိုက်သည်ကို မြင်သောအခါ ဟုန်လျန်မှာလည်း များများစားစား မတွေးတော့ဘဲ ခေါင်းငုံ့ကာ မုန့်များကို ဆက်လုပ်နေတော့သည်။ သူမသည် စကားပြောရာတွင် သိပ် မကျွမ်းကျင်လှသဖြင့် အပြင်ထွက်သွားလျှင်လည်း သေချာ ပြောနိုင်ဆိုနိုင်မည် မဟုတ်ပေ။ ဝယ်ယူသူများ ပိုမိုဝယ်ယူနိုင်အောင် မုန့်များကိုသာ ပိုလုပ်ပေးထားခြင်းက ပိုကောင်းပေလိမ့်မည်။
စုဟယ်သည် ရှေ့သို့တိုးကာ လူအုပ်ကြားထဲသို့ ဝင်လိုက်သည်။ အမျိုးသမီးငယ် အချို့က သက်လတ်ပိုင်း အမျိုးသားတစ်ဦးကို ဝိုင်းထားပြီး အပြင်သို့ ထွက်မသွားစေရန် တားဆီးထားသည်ကို သူမ တွေ့လိုက်ရ၏။ ထိုအမျိုးသားကမူ သူ၏ လည်ပင်းကို မြှင့်ထားကာ ရန်လိုသော အမူအရာ ရှိနေပြီး နှစ်ဖက်စလုံးမှာ တင်းမာနေကြသည်။ စုဟယ်သည် ဦးစွာ မြေပြင်ပေါ်သို့ လဲကျနေသော လူတန်းစီ လမ်းညွှန်ကြိုးတိုင် ကို ကောက်လိုက်သည်။
ဆိုင်အတွင်းတွင် လူတန်း (၃) တန်း ရှိနေသဖြင့် စုဟယ်က စနစ်တကျ ရှိစေရန်နှင့် တန်းစီရမည့် လမ်းကြောင်းကို ညွှန်ပြရန် ထိုတိုင်များကို ချထားခြင်း ဖြစ်သည်။
"အားလုံးပဲ အနောက်ကို နည်းနည်း ဆုတ်ပေးကြပါ၊ အနီရောင်မျဉ်းအတွင်းမှာပဲ တန်းစီပေးကြပါနော်"
စုဟယ်က ဦးစွာ ဘေးမှကြည့်နေသူများကို သူတို့၏ လူတန်းများဆီသို့ ပြန်သွားရန် ဖျောင်းဖျလိုက်သည်။ အခြားလူတန်း (၂) တန်းမှ လူများမှာလည်း စပ်စုချင်နေကြသော်လည်း ဆိုင်ရှင်ကိုယ်တိုင် ထွက်လာပြီး စနစ်တကျဖြစ်အောင် လုပ်နေသည်ကို မြင်သောအခါ အလွန်ပင် ပူးပေါင်းဆောင်ရွက်ကြပြီး တန်းစီလိုက်ကြသည်။
ဝယ်ယူသူများကို လမ်းညွှန်ပေးပြီးနောက် စုဟယ်သည် ပြဿနာ၏ အလယ်ဗဟိုသို့ ပြန်လာခဲ့၏။
"ဘာတွေ ဖြစ်နေတာလဲ"
မျက်နှာနီရဲနေသော ထိုအမျိုးသားကို ကြည့်ရင်း၊ နှစ်ဖက်စလုံး ရုန်းရင်းဆန်ခတ် မဖြစ်စေရန် စုဟယ်က အမျိုးသမီးငယ်များကို အရင်ဆုံး ဖယ်ပေးလိုက်သည်။ ဆိုင်ရှင် ရောက်လာသည်နှင့် ထိုအမျိုးသားမှာ အားတက်သွားကာ ပြောလိုက်၏။
"ဒီမိန်းမတွေ ဘာဖြစ်နေမှန်းကို မသိဘူး၊ ကျွန်တော် ဒီမှာ မုန့်ဝယ်တာကို သူတို့က မရဘူး၊ ကျွန်တော် အများကြီး ဝယ်တယ်ဆိုပြီး ဝိုင်းပြောနေကြတာ"
အမျိုးသမီးငယ်က ပြန်လည်ချေပသည်
"အမှန်ပဲလေ တစ်ခါ စကန်ဖတ်ရင် ဘယ်လောက်ပဲ ဝယ်ရမယ်ဆိုတဲ့ ကန့်သတ်ချက် ရှိတယ်၊ ရှင်က
အရောင်းစက်ထဲက ရှိသမျှအကုန် ယူသွားရင် ကျွန်မတို့ နောက်ကလူတွေက ဘာဝယ်ရတော့မှာလဲ"
နောက်တွင် တန်းစီနေသူများကလည်း ခေါင်းငြိမ့်ထောက်ခံကြသည်။
တစ်စုံတစ်ယောက်က ညည်းတွား၏။
"ဟုတ်တယ်၊ တစ်ယောက်တည်းက အရောင်းစက်ထဲက အကုန်လုံးကို ထုပ်သွားမယ်ဆိုရင် တို့တွေ တန်းစီနေတာက အဓိပ္ပာယ် မရှိတော့ဘူးပေါ့"
ယခင်က ဝယ်ဖူးသော ဝယ်ယူသူတစ်ဦးက ပြောသည်။
"ဟုတ်တယ်၊ ဒီအရောင်းစက်က အတော်လေး ဉာဏ်ကောင်းတာ၊ ကန့်သတ်ချက် ရှိတယ်လေ၊
အရောင်းစက်တစ်ခါပွင့်ရင် မုန့်အမျိုးအစား တစ်မျိုးကို အများဆုံး (၂) ခုပဲ ယူလို့ရတာ၊ မဟုတ်ရင် အချက်ပေးသံ ထွက်လာပြီး အလိုအလျောက် သော့ခတ်သွားမှာ"
အခြားဝယ်ယူသူတစ်ဦးက ခေါင်းကုတ်ရင်း ပြောသည်။
"ဟင် အချက်ပေးသံ ထွက်တာကို ကျွန်တော် မကြားမိသလိုပဲ"
ထိုအမျိုးသားကလည်း သူမှန်သည် ဖြစ်ကြောင်း ပြောလိုက်သည်။
"ဒီအရောင်းစက်က အချက်ပေးသံ မမြည်ဘူးဆိုကတည်းက ကျွန်တော် လုပ်တာက စည်းမျဉ်းနဲ့ကိုက်ညီတယ်ဆိုတဲ့ သဘောဘဲလေ"
အမျိုးသမီးငယ်မှာ ဒေါသထွက်သွားသည်
"အစကတော့ ရှင်နှေးကွေးနေတာ မြင်လို့ စက်ကို မသုံးတတ်ဘူးထင်ပြီး ကျွန်မတို့က ကူညီမလို့ပါ၊ ဒါပေမဲ့ ရှင်က အရောင်းစက်ထဲက မုန့်ဘူးတွေကို တစ်ဘူးပြီးတစ်ဘူး ထုတ်နေတာကို တွေ့လိုက်ရတယ်၊ ရှင့်အိတ်ထဲမှာ အခုတင် (၁၀) ဘူးကျော်နေပြီ၊ လူတစ်ယောက်တည်းက ဘယ်လိုလုပ် အများကြီး ဝယ်နိုင်ရတာလဲ"
စုဟယ်သည် အမျိုးသမီးငယ် လက်ညွှန်ရာသို့ ကြည့်လိုက်ရာ မြေပြင်ပေါ်ရှိ ထိုအမျိုးသား၏အိတ်မှာ တကယ်ပင် ဖောင်းကားနေသည်ကို တွေ့လိုက်ရသည်။ သို့သော်လည်း စုံစမ်းစစ်ဆေးမှုတွင် ပူးပေါင်းဆောင်ရွက်ရန် နိုင်ငံတော်၏ လိုအပ်ချက်များမှလွဲ၍ လူပုဂ္ဂိုလ်တစ်ဦးချင်းစီတွင် အခြားသူများ၏ ပုဂ္ဂလိက ပိုင်ဆိုင်မှုများကို မွှေနှောက်ရှာဖွေပိုင်ခွင့် မရှိပေ။ စုဟယ်သည် သဘာဝကျကျပင် အိတ်ထဲသို့ လက်နှိုက်ရှာဖွေခြင်းမပြုနိုင်ဘဲ ထိုအမျိုးသားကိုသာကြည့်ပြီး သူ့ရှင်းပြချက်ကို စောင့်ဆိုင်းနေလိုက်၏။
ထိုအမျိုးသားနှုတ်ခမ်းလှုပ်ရွသွားသော်လည်း မည်သည့်ရှင်းပြချက်မှ မစဉ်းစားနိုင်ရာ နှာခေါင်းတစ်ချက် ရှုံ့လိုက်သည်။ လူတိုင်း သူ့ရှင်းပြချက်ကို စောင့်နေကြသည်ကို မြင်သောအခါ အိတ်ကို ကောက်ကိုင်လိုက်ပြီး တတွတ်တွတ်ဆဲဆိုရင်း အပြင်သို့ ထွက်သွားတော့သည်။
"ဒါ ဘယ်လိုနေရာမျိုးလဲ၊ ဆိုင်ရှင်က မိန်းမဖြစ်ပြီးတော့ အမြဲတမ်း ဘက်လိုက်နေတာပဲ"
စုဟယ်သည် ထိုစကားကို မခံနိုင်ပေ။
"ဦးလေးရှင့်၊ ကျွန်မတို့ ဆိုင်လေးက ထုတ်လုပ်နိုင်စွမ်း ကန့်သတ်ချက် ရှိလို့ လူတစ်ယောက်ကို ဘယ်လောက်ပဲ ဝယ်ရမယ်ဆိုတာ ကန့်သတ်ထားတာပါ၊ တကယ်တော့ မုန့်တစ်ဘူးရဲ့ ပမာဏက အတော်လေး များပါတယ်၊ ဦးလေးနဲ့ မိသားစုဝင်တွေ စားဖို့ လုံလောက်ပါတယ်၊ ပြီးတော့ လတ်လတ်ဆတ်ဆတ် လုပ်ထားတဲ့ ဒီမုန့်တွေကိုသိမ်းထားနိုင်တဲ့သက်တမ်းလည်း ကန့်သတ်ချက်ရှိပါတယ်၊ ဦးလေး တကယ်ပိုစားချင်တယ်ဆိုရင် နောက်ရက်တွေမှာ ပြန်လာဝယ်လို့ရပါတယ်ရှင့်"
ထိုအမျိုးသားသည် သူမပြောသောစကားမှာ ကျိုးကြောင်းဆီလျော်သဖြင့်အငြင်းအခုံကို မလုပ်နိုင်တော့ပေ။ လူအုပ်ကြီးက သူ့ကို စိုက်ကြည့်နေသည်ကို မြင်သောအခါ ဒေါသတကြီးဖြင့် ထွက်ခွာသွားရတော့သည်။ စုဟယ် မျက်မှောင်ကြုတ်လိုက်မိသည်၊ ထိုလူမှာ အတော်လေး ထူးဆန်းနေသည်ဟု ခံစားရ၏။ သူမသည် အမျိုးသမီးငယ်များဘက်သို့ လှည့်ကာ နှစ်သိမ့်လိုက်သည်။
"အားလုံးကို ကျေးဇူးတင်ပါတယ်ရှင့်၊ ကျွန်မတို့ ဆိုင်ရဲ့ စနစ်တကျရှိမှုကိုလည်း ပိုပြီး အားကောင်းအောင် လုပ်သွားပါ့မယ်၊ နောက်မှ ကွန်ပျူတာကုမ္ပဏီကို ဆက်သွယ်ပြီး ကင်မရာတွေ တပ်ဆင်လိုက်ပါ့မယ်"
အမျိုးသမီးငယ်များကတော့ ဘာမှမဖြစ်ကြပေ။ သူတို့က ကမ္ဘာလှည့်ခရီးသည်များဖြစ်ပြီး လူကြားထဲတွင် ငြင်းခုံရမှာကို အရှက်အကြောက် မရှိကြ ချေ။ သူတို့က အင်တာနက်ပေါ်က အကြံပြုချက်တွေအရ ဒီဆိုင်ကို ရှာတွေ့ခဲ့တာဖြစ်ပြီး မနက်ဖြန်မှာ ပြန်ကြတော့မှာ ဖြစ်သည်။ ထို့ကြောင့် သူတို့ မခံမရပ်နိုင်ဖြစ်စရာ တစ်ခုခုကို မြင်လိုက်ရသောအခါ ထုတ်ပြောသင့်သည်ဟု ခံစားမိကြခြင်း ဖြစ်၏။ သူတို့ ဆိုင်ကို ရောက်လာတုန်းက လူတွေ ဒီလောက်အများကြီး ရှိနေလိမ့်မယ်လို့ မထင်ထားခဲ့သဖြင့် အတိုဆုံးဟု ထင်ရသော လူတန်းတွင် ဝင်စီခဲ့ကြသည်။ သို့သော် စောင့်လေလေ တစ်ခုခု မှားနေသည်ဟု ခံစားရလေလေ ဖြစ်၏။ အခြားလူတန်း (၂) တန်းမှ လူအတော်များများမှာ ဝယ်ပြီး ထွက်သွားကြပြီ ဖြစ်သော်လည်း သူတို့ရှေ့က အသက်လတ်ပိုင်း အမျိုးသားမှာမူ မလှုပ်မယှက် ရှိနေဆဲ ဖြစ်သည်။ အမျိုးသမီးငယ်များက ထိုအမျိုးသားသည် အလိုအလျောက် အရောင်းစက်ကို မသုံးတတ်ဘူး ထင်သဖြင့် ကူညီပေးနိုင်မလားဟု ရှေ့သို့ တိုးကြည့်လိုက်ရာမှ သူက မုန့်ဘူးများကို တစ်ဘူးပြီးတစ်ဘူး အိတ်ထဲ ထိုးထည့်နေသည်ကို တွေ့လိုက်ရခြင်း ဖြစ်သည်။
ဆိုင်အတွင်း ခေတ္တမျှ ငြိမ်သက်သွားသည်ကို မြင်သောအခါ စုဟယ်သည် မှန်လုံမီးဖိုချောင်၏ တံခါးလေးဆီသို့ လျှောက်သွားကာ တံခါးခေါက်ပြီး ဟုန်လျန်ကို စကားအနည်းငယ် ပြောလိုက်သည်။ ထို့နောက် ဗန်းတစ်ခုကို ကိုင်ကာ ထွက်လာခဲ့သည်။ သူမသည် အမျိုးသမီးငယ်များထံသို့ လျှောက်သွားပြီး ဖရုံစေ့နှင့် ထင်းရှူးစေ့များ ပါဝင်သော လှပစွာ ထုပ်ပိုးထားသည့် လမုန့်တစ်ဗူးစီကို လက်ဆောင်ပေးလိုက်သည်။ ဤသည်မှာ ဟဲယဲ့တည်းခိုခန်းမှ လပြည့်ပွဲတော် အတွက် ထုတ်လုပ်ထားသော လမုန့်များ ဖြစ်၏။
စုဟယ်က အခြေအနေကို ထိန်းသိမ်းသည့်အနေဖြင့်ပြောလိုက်သည်။
"ဒါက ကျွန်မတို့ဆိုင်ရဲ့ ထုတ်ကုန်အသစ်ပါရှင့်၊ ခုနက ဖြစ်သွားတဲ့ ကိစ္စက ဧည့်သည်တို့ရဲ့ အရသာရှိတဲ့ အစားအစာတွေ စားသုံးတဲ့ စိတ်ခံစားမှုကို မထိခိုက်စေဖို့ မျှော်လင့်ပါတယ်"
အမျိုးသမီးငယ်များမှာ အစကတည်းက ဒေါသထွက်မနေကြသည့်အပြင် ဤကဲ့သို့သော အံ့သြဖွယ် လက်ဆောင်မျိုးကိုလည်း မမျှော်လင့်ထားကြပေ။ သူတို့သည် လက်ထဲက လက်ရာမြောက်လှသော လမုန့်ဘူးလေးများကို ကြည့်ကာ ပြန်မချချင်အောင် ဖြစ်နေကြ၏။ စုဟယ် ပေးလိုက်သော လမုန့်များမှာ တစ်လုံးချင်း ထုပ်ပိုးထားပြီး၊ လရောင်အောက်က ကြာကန်နှင့် ကျောက်စိမ်းယုန် ပုံစံများကို ဒီဇိုင်းကုမ္ပဏီတစ်ခုမှ အထူးပြုလုပ်ထားခြင်း ဖြစ်သဖြင့် အလွန်ပင် နုနယ်လှပ၏။
နောက်ပိုင်းတွင် ဆိုင်မှ လမုန့်လက်ဆောင်ဗူးများကိုပါ ထုတ်လုပ်သွားမည်ဖြစ်ပြီး ၎င်းမှာ လက်ဆောင်ပေးရန် ဒီထက်ပင်ပို၍ လှပသော အပြင်ဗူးများဖြင့် ရောင်းချမည်ဖြစ်သည်။
"ဝါး ကျေးဇူးတင်ပါတယ် သူဌေးမလေး"
"အရမ်းလှတာပဲ"
"အတွင်းထဲက လမုန့်က ကြာပန်းပုံစံလေးဖြစ်နေတာပဲ"
အမျိုးသမီးငယ်များက တတွတ်တွတ် ပြောနေကြသဖြင့် ဘေးတွင် တန်းစီနေသူများမှာ အတော်ပင် အားကျသွားကြသည်။
စုဟယ်သည် ဖရုံစေ့နှင့် ထင်းရှူးစေ့ လမုန့်အပိုင်းအစလေးများနှင့် သွားကြားထိုးတံများ ပါဝင်သော ဗန်းကို မလိုက်သည်။ သူမက ပြုံးလိုက်ပြီး အားလုံးကို ပြောလိုက်၏။
"အားလုံးပဲ၊ မြည်းစမ်းကြည့်ကြပါဦးရှင့်၊ ဒါတွေက ဆိုင်ရဲ့ ထုတ်ကုန်အသစ်တွေပါ၊ ဧည့်သည်တို့ရဲ့ အကြံပြုချက်တွေကိုလည်း သိချင်ပါတယ်"
စုဟယ်သည် ဗန်းကို ကိုင်ကာ ဆိုင်အတွင်း လှည့်လည် ဝေငှပေးလိုက်သည်။ ခုနက ဆူညံမှုကို တွေ့မြင်ခဲ့သော ဝယ်ယူသူများမှာလည်း ၎င်းကို အလျင်အမြန်ပင် မေ့ပျောက်သွားကြပြီး၊မြည်းစမ်းကြည့်ရန် သူတို့အလှည့်ကို စိတ်အားထက်သန်စွာ စောင့်ဆိုင်းနေကြသည်။ စုဟယ်သည် လူတန်းတစ်ခုချင်းစီကို ပြုံးရွှင်သော မျက်နှာဖြင့် သွားနေသော်လည်း၊ သူမ၏ မျက်ဝန်းများကမူ အလေးအနက် ရှိနေ၏။ လူတန်းထဲတွင် အနည်းငယ် ပျာယာခတ်နေသော လူအချို့ကို သူမ သတိထားမိလိုက်သည်။ ထိုလူများ၏ မျက်လုံးများမှာ ဟိုဟိုဒီဒီ ကစားနေကြသည်။ အခြားလူတိုင်းက စုဟယ် မည်သည့်နေရာတွင် မြည်းစမ်းစရာများ ဝေနေသလဲဆိုသည်ကို အသေအချာ စိုက်ကြည့်နေကြသော်လည်း၊ ထိုလူအနည်းငယ်ကမူ စုဟယ်နှင့် မျက်လုံးချင်း မဆုံဝံ့ကြပေ။
ထို့အပြင် သူတို့အားလုံးတွင် ကြီးမားသော ကျောပိုးအိတ်များကိုယ်စီ ပါရှိနေကြ၏။
62
စုဟယ်သည် နမူနာမုန့်များ ဝေငှသည့်အခွင့်အရေးကို အသုံးချကာ မသင်္ကာဖွယ်ကောင်းသော ပုဂ္ဂိုလ်များထဲမှ တစ်ယောက်အနားသို့ ချဉ်းကပ်သွားလိုက်သည်။ အခြားသူများမှာမူ ဗန်းကိုကိုင်ကာ လျှောက်လာသော စုဟယ်ကို မြင်သည့်အခါ ကြိုတင်၍ လက်ကမ်းထားကြခြင်း သို့မဟုတ် ဗန်းထဲသို့ စိုက်ကြည့်ကာ မည်သည့်လမုန့်ကို ရွေးချယ်ရမလဲဟု စဉ်းစားနေကြ၏။
သို့သော်လည်း ဤမသင်္ကာဖွယ် ပုဂ္ဂိုလ်မှာမူ စုဟယ် ချဉ်းကပ်လာသည်ကို မြင်သည်နှင့် တစ်ပြိုင်နက် ဖုန်းကို ချက်ချင်းပိတ်ကာ လက်နှစ်ဖက်ကို ရင်ဘတ်ပေါ်ပိုက်လိုက်ပြီး ခြေလှမ်းများကို အသာအယာ နောက်ဆုတ်ကာ ဘေးသို့ ကိုယ်ကိုစောင်းလိုက်သည်။ အခြားသူများနှင့် အလှမ်းဝေးသွားစေရန် နေရာလွတ် အတော်များများချန်ထားလိုက်ခြင်းဖြစ်၏။
စုဟယ်သည် ဆိုင်အတွင်း တစ်ပတ်ပတ်ကြည့်လိုက်ရာ စုစုပေါင်း မသင်္ကာဖွယ် ပုဂ္ဂိုလ်လေးဦးကို တွေ့ရှိခဲ့သည်။ စုဟယ်သည် တစ်ခွန်းမှ မပြောဘဲ ဗန်းကိုကိုင်ကာ ဆိုင်ထဲမှ ထွက်လာပြီး ဟဲယဲ့တည်းခိုခန်း၏ နောက်ဖေးမီးဖိုချောင်ဆီသို့ ဦးတည်သွားလိုက်သည်။ စုဟယ် ထွက်သွားသည်ကို မြင်သောအခါ ထိုမသင်္ကာဖွယ် ပုဂ္ဂိုလ်လေးဦးမှာ ချက်ချင်းပင် စိတ်လက်ပေါ့ပါးသွားကြ၏။ သူတို့သည် တစ်ယောက်ကိုတစ်ယောက် အကြည့်ချင်း ဖလှယ်လိုက်ကြပြီးနောက်၊ တစ်ယောက်က ဖုန်းထုတ်ကာ တစ်စုံတစ်ဦးထံသို့ သတင်းပို့သည့်အလား ဖုန်းခေါ်ဆိုလိုက်သည်။
ဖုန်းပြောနေသော ထိုမသင်္ကာဖွယ် ပုဂ္ဂိုလ်မှာ ရုတ်တရက်ဆိုသလို ကိုယ်လက်များ တောင့်တင်းသွားပြီး၊ ပြန်လည်ရောက်ရှိလာသော စုဟယ်ကို မယုံကြည်နိုင်သလို စိုက်ကြည့်နေတော့သည်။
'ဘာတွေဖြစ်နေတာလဲ၊ ဒီမှာရှိတဲ့ အရာအားလုံးက ကိုယ်တိုင်ဝန်ဆောင်မှုပေးတဲ့ စနစ်မဟုတ်ဘူးလား၊ ဘာလို့ သူဌေးမက ရုတ်တရက်ကြီး ဒီကိုပြန်လာရတာလဲ' ဖုန်းပြောနေသောသူမှာ မယုံကြည်နိုင်မှုများဖြင့် မျက်နှာပျက်သွားကာ ဖုန်းကို အမြန်ချလိုက်ပြီး သူ့အဖော်များကို ခဏခဏ လှမ်းကြည့်နေတော့၏။
စုဟယ်သည် သူတို့ကို တမင်တကာ စိုက်မကြည့်ဘဲ ယနေ့ အားလပ်နေသဖြင့် ဆိုင်ထဲသို့ အပျော်သဘောလာကြည့်သည့် သူဌေးမတစ်ယောက်အလား ဟန်ဆောင်ကာ ဝယ်ယူသူအချို့နှင့် မကြာခဏ ပေါ့ပေါ့ပါးပါး စကားပြောနေလိုက်သည်။ နောက်ဆုံးတွင် မသင်္ကာဖွယ် ပုဂ္ဂိုလ်တစ်ဦး၏ အလှည့်သို့ ရောက်ရှိလာ၏။ စုဟယ်သည် သူ့အနောက်ဘက် ဘေးစောင်းတွင်ရပ်ကာ စောင့်ကြည့်နေလိုက်သည်။ ထိုသူက စကန်တစ်ကြိမ်ဖတ်ကာ မုန့်ဘူးအချို့ကို ယူလိုက်ပြီးနောက် သူနှစ်သက်သော မုန့်ကိုမတွေ့သည့်အလား ဟန်ဆောင်ကာ အရောင်းစက်တံခါးကို ထပ်မံဖွင့်လိုက်သည်။
ဤအကြိမ်တွင် သူစကန်ဖတ်လိုက်သောအခါ သူ့လက်မှာ ဖုန်းမျက်နှာပြင်ပေါ်တွင် ဘယ်ဘက်သို့ပွတ်ဆွဲလိုက်ပြီး လက်တစ်ဖက်က ကီးဘုတ်ပေါ်တွင် လျင်မြန်စွာ ကခုန်သွားကာ အကောင့်ကို ကျွမ်းကျင်စွာ ပြောင်းလဲလိုက်ပြီး ပြန်လည်စကန်ဖတ်လိုက်သည်။ သူသည် မည်သည့်အရသာကို ရွေးရမည်မသိဟန်ဆောင်ကာ မုန့်တစ်ဘူးကို မသိမသာယူလိုက်ပြီး ပြန်ထည့်သလို လုပ်လိုက်၏။ ထို့နောက် လျှပ်စီးကဲ့သို့ မြန်ဆန်သော အရှိန်ဖြင့် မုန့်ဘူး (၈) ဘူးကို ဆွဲယူကာ သူ့အိတ်ထဲသို့ ထိုးထည့်လိုက်တော့သည်။
သူက ထိုလှည့်ကွက်ကို ထပ်မံလုပ်ဆောင်ရန် ကြိုးစားသော်လည်း၊ သူ၏ နည်းလမ်းကို နားလည်သွားပြီဖြစ်သော စုဟယ်ကမူ သဘာဝကျကျပင် အခွင့်အရေး ပေးတော့မည်မဟုတ်ပေ။ သူမသည် တမင်တကာ ခြေသံပြင်းပြင်းဖြင့် ရှေ့သို့ အနည်းငယ် လျှောက်သွားလိုက်သည်။ ထိုမသင်္ကာဖွယ် ပုဂ္ဂိုလ်မှာ လက်တုန်သွားကာ အကောင့်ပြောင်းရန် မဝံ့ရဲတော့ဘဲ သူ၏အိတ်ကို ယူကာ အမြန်ထွက်ခွာသွားတော့၏။ အခြား မသင်္ကာဖွယ် ပုဂ္ဂိုလ်သုံးဦးမှာလည်း ထိုလှည့်ကွက်အတိုင်း ကြိုးစားချင်ကြသော်လည်း၊ သူတို့က အရောင်းစက်ကိုဖွင့်ရန် စကန်ဖတ်သည်နှင့် စုဟယ်က အပြုံးဖြင့် သူတို့အနားသို့ လမ်းလျှောက်လာသဖြင့် ဘာမှလုပ်၍ မရတော့ပေ။
ထိုမသင်္ကာဖွယ် ပုဂ္ဂိုလ်လေးဦး ထွက်သွားပြီးမှသာ စုဟယ်သည် တည်ကြည်လေးနက်သော အမူအရာဖြင့် ထွက်လာခဲ့သည်။ ထိုလူများသည် ပြန်လည်ရောင်းချရန် လက်ဝါးကြီးအုပ် ဝယ်ယူနေသော လက်ဝါးကြီးအုပ် ကိုယ်ကျိုးသမားများ ဖြစ်နိုင်ခြေများကြောင်း သူမ နောက်ဆုံးတွင် နားလည်သွားခဲ့၏။ နံနက် (၁၀) နာရီခွဲတွင် နောက်ဆုံးလက်ကျန် မုန့်များမှာ အကုန်လုံး ရောင်းထွက်သွားခဲ့သည်။ မုန့်ဝယ်မရလိုက်သော ဝယ်ယူသူအချို့မှာ စုဟယ် ရှိနေသည်ကို မြင်သောအခါ မျှော်လင့်ချက်ဖြင့် မေးကြသည်။
"သူဌေးမလေး၊ နောက်ထပ် ထပ်မလုပ်ပေးနိုင်ဘူးလား"
"ဟုတ်ပါတယ် ကျွန်တော်တို့က ဒီအထိ တကူးတက လာဝယ်ကြတာပါ"
စုဟယ်က တောင်းပန်စကား ဆိုလိုက်သည်
"တကယ်ကို အားနာပါတယ်ရှင့်၊ ဧည့်သည်တို့ မြင်တဲ့အတိုင်းပါပဲ၊ ကျွန်မတို့မှာ စားဖိုမှူးက တစ်ယောက်တည်း ရှိတာပါ၊ သူက ဒီလတ်ဆတ်တဲ့ မုန့်တွေကို လုပ်ဖို့ နေ့တိုင်း မနက် လေးနာရီ၊ ငါးနာရီလောက်ကတည်းက ထလုပ်ရတာ၊ ကျွန်မတို့ တကယ်ကို အတတ်နိုင်ဆုံး ကြိုးစားထားတာပါ"
စုဟယ်က မှန်လုံမီးဖိုချောင်ထဲတွင် တစ်မနက်လုံး အလုပ်များနေသော ဟုန်လျန်ကို လက်ညွှန်ပြလိုက်သည်။ ဝယ်ယူသူများမှာလည်း များများစားစား မပြောတော့ပေ။ သူတို့သည် ဟုန်လျန်၏ ပင်ပန်းကြီးစွာ အလုပ်လုပ်နေမှုကို အမှန်တကယ်ပင် မြင်တွေ့ခဲ့ရသည်မဟုတ်ပါလား။
အခြားဝယ်ယူသူတစ်ဦးက အကြံပြုသည်။
"ဒါဆို သူဌေးမလေးက စားဖိုမှူး နောက်ထပ် အနည်းငယ်လောက် ထပ်မခန့်နိုင်ဘူးလား"
စုဟယ်က ခေါင်းယမ်းလိုက်ကာ ပြောလိုက်သည်။
"အရသာရှိတဲ့ မုန့်တွေလုပ်ဖို့ဆိုတာ တစ်ရက်၊ နှစ်ရက်နဲ့ သင်ယူလို့ရတဲ့ အရာမဟုတ်ပါဘူးရှင်၊ နောင်တစ်ချိန်မှာ အခွင့်အရေးရရင်တော့ ကျွန်မတို့ ကျိန်းသေ ပိုပြီး လုပ်ပေးသွားပါ့မယ်"
ဝယ်ယူသူများမှာ မချင့်မရဲဖြင့် ထွက်ခွာသွားကြသည်။ ဤအကြိမ်တွင် စုဟယ်မှာ ထိုဝယ်ယူသူများကို မုန့်လက်ဆောင်ပေးရန် မကမ်းလှမ်းခဲ့ပေ။ နေ့စဉ်နေ့တိုင်း မုန့်ဝယ်မရဘဲ လွဲချော်သွားသူများ ရှိနေသဖြင့် သူမအနေဖြင့် ယနေ့မှ အထူးတလည် ခြွင်းချက် မလုပ်ပေးနိုင်ပေ။ မုန့်ဝယ်မရလိုက်သော ဝယ်ယူသူအချို့မှာ စိတ်ပျက်လက်ပျက်ဖြင့် ထွက်သွားကြသည်။
သူတို့ထဲမှ တစ်ယောက်က ပြစ်တင်ပြောဆို၏။
"ဟူး၊ ဒီနေရာက အရမ်းနာမည်ကြီးလို့ မနက် (၉) နာရီလောက်ကတည်းက တန်းစီရမယ်လို့ အွန်လိုင်းမှာ ပြောထားသားပဲ၊ မင်းတို့ကမှ မယုံကြတာ"
အခြား ဝယ်ယူသူတစ်ဦးကလည်း မကျေမနပ်ဖြစ်နေသည်။
"ဘယ်သူက ထင်မှာလဲ၊ ဒီသူဌေးမက ပိုက်ဆံရှိပါလျက်နဲ့ တကယ်ကို မရှာချင်တာပဲ"
"မင်းက ဘာသိလို့လဲ၊ ဒါကို ဆာလောင်မှု ဗျူဟာလို့ ခေါ်တာကွ၊ လူတန်းမရှိရင် ဘယ်ကနေ နာမည်ကြီးပြီး လူစည်ကားလာမှာလဲ၊ အွန်လိုင်းမှာ တွေ့ရတာတွေက ဆိုင်ရှင်က ပိုက်ဆံပေးပြီး ငှားထားတဲ့ လူတွေလည်း ဖြစ်နိုင်တာပဲ"
ဝယ်ယူသူများ၏ ပြစ်တင်ပြောဆိုသံများကို နားထောင်ရင်း စုဟယ်မှာ အနည်းငယ် အားကိုးရာမဲ့သလို ခံစားလိုက်ရသည်။ ဤဝယ်ယူသူ ပြောသည်မှာ တစ်ဝက်မှန်နေ၏။ အစောပိုင်း အွန်လိုင်းမှ ပို့စ်များကို သူမကိုယ်တိုင် ရေးသားခဲ့ခြင်း ဖြစ်သော်လည်း၊ နောက်ပိုင်း လူစည်ကားလာသောအခါတွင်မူ စုဟယ်မှာ ပို့စ်တင်ခြင်းကို ရပ်ဆိုင်းလိုက်သည်။ သူမက လူစည်ကားသည်ကို လိုချင်သော်လည်း၊ "ဆာလောင်မှု ဗျူဟာ" ကိုမူ အမှန်တကယ် လုပ်ဆောင်နေခြင်း မဟုတ်ပါ။
စုဟယ်သည် ထိုဝယ်ယူသူများ၏ နောက်မှ လိုက်သွားကာ ရှင်းပြရမလားဟု တွေးတောနေစဉ်၊ လမ်းထောင့်တစ်ခုတွင် အိတ်ကိုဖွင့်ထားသော စောစောက ဆိုင်ထဲတွင် ငြင်းခုံခဲ့သည့် သက်လတ်ပိုင်း အမျိုးသားကို တွေ့လိုက်ရသည်။ ထိုအမျိုးသားမှ အော်ဟစ်နေသည်။
"ဟဲယဲ့တည်းခိုခန်းက မုန့်တွေဝယ်ဦးမလားဗျို့၊ ဆိုင်မှာတော့ ကုန်သွားပြီ၊ ဒီမှာလည်း နည်းနည်းပဲကျန်တော့တယ်"
စုဟယ်သည် ချက်ချင်းပင် ထောင့်တစ်ခုတွင် ပုန်းလိုက်သည်။ မုန့်ဝယ်မရလိုက်သော ဝယ်ယူသူများမှာ ချက်ချင်းပင် စိတ်လှုပ်ရှားသွားကြ၏။ သူတို့က တန်းစီခဲ့ပါလျက်နှင့် ဝယ်မရခဲ့သဖြင့် အတော်ပင် နှမြောနေကြခြင်းဖြစ်သည်။ သူတို့က မေးကြ၏။
"ဈေးဘယ်လောက်လဲ"
ထိုအမျိုးသားက မိတ်ဆက်ပေးလိုက်သည်
"အမျိုးအစား လေးမျိုးရှိပါတယ်၊ ရူယီကိတ် က ချိုအိနူးညံ့တယ်၊ တစ်ဘူးကို ယွမ် (၃၀)၊ ဆီးသီးနဲ့ အာလူးကိတ် က အစာအိမ်အတွက် အထူးကောင်းမွန်တယ်၊ တစ်ဘူး ယွမ် (၅၀)၊ သစ်အယ်သီး ကိတ်မုန့် က ကျစ်လျစ်ပြီး သစ်အယ်သီးတွေက နူးအိနေတာပဲ၊ တစ်ဘူး ယွမ် (၇၀)၊ ပြီးတော့ ဒီထုတ်ကုန်အသစ် ထင်းရှူးစေ့ မုန့်လိပ် ကတော့ လူကြိုက်အများဆုံးပဲ၊ အငန်အရသာရှိပြီး အရမ်းနာမည်ကြီးတယ်၊ တစ်ဘူး ယွမ် (၁၀၀) ပါ"
ထိုအမျိုးသားက တိုက်တွန်းနေသည်။
"ဒါတွေက အားလုံး လတ်လတ်ဆတ်ဆတ်တွေပါ၊ ဒီမနက်တင်တန်းစီပြီး ဝယ်လာတာ၊ အခု စောစောရောက်လို့ ရွေးလို့ရသေးတာနော်၊ ခဏနေ လူတွေလာဝယ်ကြရင် ရွေးလို့ရတော့မှာ မဟုတ်ဘူး "
စုဟယ်မှာ အလွန်ပင် ဒေါသထွက်သွားရသည်။ ဆိုင်တွင် ရူယီကိတ် တစ်ဘူးကို ယွမ် (၁၀) သာ ရောင်းချသဖြင့် ထို လက်ဝါးကြီးအုပ် ကိုယ်ကျိုးသမား မှာ ယွမ် (၂၀) အမြတ်တင်နေခြင်းဖြစ်သည်။ ဆီးသီးနဲ့ အာလူးကိတ် မှာ ဆိုင်တွင် တစ်ဘူး ယွမ် (၂၀)၊ သစ်အယ်သီး ကိတ်မုန့် မှာ တစ်ဘူး (၃၅) ယွမ် ဖြစ်ပြီး၊ ထင်းရှူးစေ့ မုန့်လိပ် မှာမူ အလွှာလိုက်မုန့်သား လိုအပ်သဖြင့် ထုတ်လုပ်ရသည်မှာ အနည်းငယ် ပို၍ ရှုပ်ထွေးကာ ဆိုင်တွင် (၅၀) ယွမ်ဖြင့် ရောင်းချခြင်း ဖြစ်၏။ ဤလက်ဝါးကြီးအုပ်ကိုယ်ကျိုးသမား မှာ ဈေးနှုန်းကို နှစ်ဆတင်ကာ ရောင်းချနေခြင်းပင်။
ဒါက တကယ်ကို တွက်ခြေကိုက်တဲ့ လုပ်ငန်းတစ်ခုပဲ။ ထင်းရှူးစေ့မုန့်လိပ် (၁၀) ဘူး ပြန်ရောင်းရုံနဲ့တင် သူက ယွမ် (၅၀၀) မြတ်မှာ တစ်လဆိုရင် ယွမ် (၁၅,၀၀၀) တောင် ရနိုင်တာပဲ။ ယနေ့ ဆိုင်တွင် မသင်္ကာဖွယ် ပုဂ္ဂိုလ် လေးဦးရှိနေသည်မှာ မဆန်းတော့ပေ။ ပိုက်ဆံရှာရ လွယ်ကူလှသဖြင့် ဤကဲ့သို့ ပြန်လည်ရောင်းချသည့် လုပ်ငန်းကို လုပ်ကိုင်မည့် လက်ဝါးကြီးအုပ် ကိုယ်ကျိုးသမားများ မှာ ပို၍သာ တိုးပွားလာလိမ့်မည်ဟု စုဟယ် ကျိန်းသေသိနေသည်။ ယနေ့ သူမ ကံကောင်းခဲ့၍ ထိုမိန်းကလေးများ ရှိနေ၍သာ၊ မဟုတ်လျှင် ထိုအကြောင်းကို သူမ မည်သည့်အချိန်မှ သိရှိမည်ကို မသိနိုင်ပေ။ မည်သို့ပင်ဆိုစေ သူမ၏ အာရုံစိုက်မှုမှာ တည်းခိုခန်း တိုးတက်ရေးနှင့် စနစ်၏ တာဝန်များကို ပြီးမြောက်စေရေးအပေါ်၌သာ ရှိနေခဲ့သည်။ စုဟယ်သည် လက်ဖက်ရည်နှင့် မုန့်ပြတင်းပေါက်ကို အမှန်တကယ်ပင် သတိမထားမိခဲ့ပေ။
ထိုသက်လတ်ပိုင်း အမျိုးသားမှာ အတော်ပင် ကျွမ်းကျင်လှသဖြင့် ဟဲယဲ့တည်းခိုခန်းကို ပစ်မှတ်ထားနေသည်မှာ အတော်ကြာခဲ့ပြီ ဖြစ်နိုင်သည်။
ထိုဝယ်ယူသူများမှာ မြင့်မားသော ဈေးနှုန်းများကြောင့် လန့်သွားကြသော်လည်း အမှန်တကယ်ပင် မြည်းစမ်းကြည့်ချင်နေကြ၏။ အနည်းငယ် ဝေခွဲမရဖြစ်နေပြီးနောက် သူတို့က ပြောလိုက်သည်။
"ဒါဆို၊ ဒါဆိုရင် ထင်းရှူးစေ့ မုန့်လိပ် တစ်ဘူးပဲ ယူလိုက်မယ်"
စုဟယ် ဒေါသထွက်လွန်းသဖြင့် အရှေ့သို့ထွက်ကာ တားဆီးချင်သော်လည်း ဤနေရာမှာ လမ်းမပေါ်တွင်ဖြစ်နေသဖြင့် သူမတွင် ထိုသို့လုပ်ခွင့်ရှိမနေချေ။