← Chapters

အခန်း (၆၃-၆၄)

Vol. 7 Ch. 63-64

အခန်း (၆၃-၆၄)

Vol. 7 Ch. 63-64

63

တည်းခိုခန်းကို လက်လွှဲယူပြီးနောက်တွင် စုဟယ်သည် နေ့စဉ်နေ့တိုင်း လူပေါင်းစုံနှင့် ထိတွေ့ဆက်ဆံနေရသဖြင့် ကျောင်းသူဘဝမှ အားနာတတ်သည့် စိတ်ဓာတ်များမှာ တဖြည်းဖြည်း ပျောက်ကွယ်လာခဲ့သည်။ သူမ၏ အမူအရာမှာ ပို၍ ပြတ်သားလာပြီး၊ ဟင်းသီးဟင်းရွက် ဝယ်ယူသည့်အခါတွင်ပင် ဈေးသည်များထံမှ ကြက်သွန်မြိတ်တစ်စည်း အပိုတောင်းရဲသည့်အထိ ဖြစ်လာခဲ့၏။ လူဆိုသည်မှာ အနေအေးလွန်း၍ မဖြစ်ပေ။ မဟုတ်လျှင် အခြားသူများမှ အနိုင်ကျင့်ခြင်း ကိုခံရတတ်သည်။

သူမတွင် ဥပဒေအရ အရေးယူပိုင်ခွင့် မရှိသော်လည်း ပါးစပ်တော့ ရှိသည်မဟုတ်ပါလား။ စုဟယ်သည် ဦးစွာ သူမ၏ ဒေါသကို ဖွင့်ထုတ်ရန် ဆုံးဖြတ်လိုက်သည်။ စုဟယ်သည် ဖုန်း၏ ဗီဒီယိုရိုက်ကူးရေးလုပ်‌ဆောင်ချက်ကို ဖွင့်ကာ ရင်ဘတ်အိတ်ကပ်ထဲသို့ ထည့်လိုက်၏။

"ရှင်တို့ ဘာလုပ်နေတာလဲ၊ ဘာလုပ်နေတာလဲလို့ ရှင်က ကျွန်မတို့ဆိုင်ရှေ့တင် ပြန်ရောင်းပြီး ကျွန်မတို့အလုပ်တွေကို ဖျက်ဆီးနေတာပဲ၊ ရှင့်မှာ အရှက်မရှိဘူးလား၊ မှောင်ခိုသမား တစ်ယောက်ရဲ့ ပျမ်းမျှသက်တမ်းက အနှစ် (၂၀) ပဲရှိတာ ရှင်သိလား၊ ဘာလဲ ရှင်ကအသက်မရှည်ချင်တော့လို့လား"

စုဟယ်သည် ဒုံးကျည်ပစ်စင်တစ်ခုအလား ရှေ့သို့ ဝုန်းခနဲ တိုးသွားတော့သည်။ မုန့်ဝယ်ရန် ပြင်နေသော ဝယ်ယူသူအချို့မှာ တစ်ယောက်ကိုတစ်ယောက် အကြည့်ချင်းဖလှယ်ကာ၊ အနောက်သို့ လှည့်ကြည့်လှည့်ကြည့်ဖြင့် တိတ်တဆိတ် ထွက်ခွာသွားကြ၏။

စုဟယ်ကြောင့် သူ့စီးပွားရေးပျက်စီးသွားရသော သက်လတ်ပိုင်း အမျိုးသားမှာ အလွန်ပင် မကျေမနပ် ဖြစ်သွားသည်။ သူသည် ကျောပိုးအိတ်ဇစ်ကို ဆွဲပိတ်လိုက်ပြီး၊ စုဟယ်ကို အဆိပ်ပြင်းသော မျက်လုံးများဖြင့် စိုက်ကြည့်နေသည်။ သူ့မျက်နှာမှာ အေးစက်ခက်ထန်နေပြီး ကြောက်စရာကောင်းလှ၏။ ထိုအမျိုးသားမှာ ထွက်ပြေးရန် ကြံနေသည်ကို မြင်သောအခါ စုဟယ်က သူ၏ရှေ့တွင် ပိတ်ရပ်လိုက်ပြီး လမ်းပိတ်ထားလိုက်သည်။

"ဘာလဲ၊ ရှင်က ကျွန်မကို စိုက်ကြည့်နေရင် ကျွန်မက ကြောက်သွားမယ် ထင်နေတာလား၊ ပြောလိုက်မယ် ကျွန်မက ခွေးရူးပြန်ကာကွယ်ဆေး ထိုးထားပြီးသားနော်"

ထိုသက်လတ်ပိုင်း အမျိုးသားက သူမကို အထက်စီးလေသံဖြင့် ဆုံးမစကားဆိုသည်။

"ဟဲဟဲ မိန်းကလေး၊ မင်းက လူမှုပတ်ဝန်းကျင်အကြောင်း သင်ယူဖို့ အများကြီး လိုသေးတယ်၊ နားလည်လား၊ ပြဿနာကို ရှာတာထက် ရှောင်တာက ပိုကောင်းတယ်ဆိုတာ မသိဘူးလား၊ ငယ်ငယ်ရွယ်ရွယ်နဲ့ ဒီလောက် ခေါင်းမမာစမ်းပါနဲ့၊ တစ်ခုခုဖြစ်သွားရင် အတော်လေး သနားစရာကောင်းသွားမှာနော်"

"ဘာကို သင်ယူရမှာလဲ၊ ရှင့်လို မျက်နှာပြောင်တိုက်တတ်ဖို့လား၊ ရှင်က အသက်ကြီးနေရုံနဲ့ ကျွန်မက ရှင်ကို မဆဲဘူးလို့ မထင်နဲ့ဦး"

စုဟယ်မှာ ထိုအမျိုးသား၏ အရေခြုံအမူအရာကို ကြည့်ပြီး အော့နှလုံးနာမိသည်။ ပြန်လည်ရောင်းချနေသည့် လက်ဝါးကြီးအုပ် ကိုယ်ကျိုးသမား က သူကိုယ်သူ မှန်သည်ဟု ထင်နေခြင်းမှာ ရယ်စရာပင်။

ထိုအမျိုးသားသည် သူ၏ အရပ်အမောင်းကို အားကိုးကာ စုဟယ်ကို အထက်စီးမှ ငုံ့ကြည့်လိုက်ပြီး လည်ချောင်းရှင်းကာ တံတွေးကို စုဟယ်၏ ခြေရင်းနားသို့ အားဖြင့် ထွေးထုတ်လိုက်သည်။

"မိန်းကလေး ငါ့အထင်တော့ မင်းက စာတွေအများကြီး ဖတ်ပြီး တုံးအသွားတာပဲ၊ ဒါကို ကျောင်းလို့ ထင်နေတာလား၊ မင်း တကယ် စွမ်းတယ်ဆိုရင် ရဲခေါ်ပြီး ငါ့ကို အဖမ်းခိုင်းကြည့်လေ"

စုဟယ်မှာ ချက်ချင်းပင် သဘောပေါက်သွားသလိုဖြင့် ပြောလိုက်သည်။

"ဪ ဟုတ်သားပဲ၊ အကြံကောင်းပဲနော်၊ ကျွန်မ ဘယ်လိုများ မေ့သွားရတာလဲ၊ ကျေးဇူးပါပဲ အခုပဲ ခေါ်လိုက်မယ်"

စုဟယ်၏ ဖုန်းထဲတွင် ထိုအမျိုးသား ပစ္စည်းများ ပြန်လည်ရောင်းချရန် ကြိုးစားနေသည့် သက်သေများကို ရိုက်ကူးပြီးသား ဖြစ်သည်။ သူမသည် ရိုက်ကူးမှုကို ရပ်လိုက်ပြီး ရဲစခန်းသို့ ဖုန်းခေါ်လိုက်တော့၏။ သက်လတ်ပိုင်း အမျိုးသားမှာ လက်သီးကို ကျစ်ကျစ်ပါအောင် ဆုပ်လိုက်ပြီး ရှေ့သို့ နှစ်လှမ်းတိုးကာ စုဟယ်ကို ရန်လိုစွာ စိုက်ကြည့်လိုက်သည်။

"ရဲခေါ်တော့ရော ဘာထူးမှာလဲ၊ သူတို့ ရောက်လာတဲ့အခါ ဘယ်သူ့ကို ကူညီမလဲဆိုတာ ကြည့်ကြသေးတာပေါ့"

စုဟယ်ကလည်း အလျှော့မပေးဘဲ ပြန်ပြောလိုက်သည်။

"ကောင်းပြီလေ၊ ဒါဆိုရင်တော့ ရှင် ထွက်မပြေးဘဲ စောင့်နေလိုက်ဦး"

စုဟယ်မှာ ထိုအမျိုးသား၏ လက်ရှိလုပ်ဆောင်ချက်များသည် ဥပဒေကို ချိုးဖောက်ခြင်း မရှိသဖြင့် ရဲများက သူ့ကို တစ်ခုခုလုပ်နိုင်မည်မဟုတ်ကြောင်း ကောင်းစွာသိသည်။ သို့သော် စုဟယ်တွင် အချိန် အများကြီးရှိ၏။ တည်းခိုခန်းတွင် ဝန်ထမ်းများ စောင့်ကြည့်နေကြပြီး မနက်ခင်း မုန့်ရောင်းချမှုမှာလည်း ပြီးဆုံးသွားပြီဖြစ်သည်။ သူမသည် အားလပ်နေသူ ဖြစ်၏။ ထိုအမျိုးသားအတွက်မူ သူ၏ ပစ်မှတ်မှာ မနက်ပိုင်းက တန်းစီခဲ့သော်လည်း မုန့်ဝယ်မရလိုက်သူများ ဖြစ်သည်။ သူသည် ပိုက်ဆံရှာချင်သဖြင့် လက်ထဲက မုန့်များကို ထိုအချိန်အတွင်း အမြန်ဆုံးရောင်းထုတ်ရမည် ဖြစ်၏။ မဟုတ်လျှင် အချိန်ကြာသွားပြီး လူအဝင်အထွက် နည်းသွားပါက ထိုမုန့်များမှာ သူ၏လက်ထဲတွင် သောင်တင်ကာ ရောင်းရခက်သွားလိမ့်မည်။

"မင်း"

စုဟယ်က ရဲကို အမှန်တကယ် ခေါ်ရဲလိမ့်မည်ဟု ထိုအမျိုးသား မထင်ထားခဲ့ပေ။ သူက အမြန်ထွက်ပြေးချင်သော်လည်း စုဟယ်က သူ၏လမ်းကို မြဲမြံစွာ ပိတ်ဆို့ထားသည်။

"အခုခေတ်မှာ ကင်မရာ တွေက အရမ်းအဆင့်မြင့်နေပြီနော်၊ ရှင်သာ ကျွန်မကို တွန်းတာ၊ ရိုက်တာလုပ်ရင် ထောင်ထဲမှာသာ စောင့်နေတော့ "

ဒါ ခြိမ်းခြောက်နေတာပဲ၊ ဘယ်သူက မလုပ်တတ်လို့လဲ။ စုဟယ်လည်း လက်တုံ့ပြန်လိုက်သည်။

သူတို့နှစ်ဦး အချင်းချင်း ရုန်းရင်းဆန်ခတ် ဖြစ်နေစဉ်မှာပင် ရဲများ ရောက်ရှိလာသည်။ အနီးအနားတွင် ရဲကင်းစခန်းတစ်ခု ရှိသဖြင့် ရဲများ၏ တုံ့ပြန်မှုမှာ အတော်ပင် မြန်ဆန်လှ၏။ ရဲများက စုဟယ်နှင့် ထိုသက်လတ်ပိုင်း အမျိုးသားကို စေ့စပ်ညှိနှိုင်းရန် ရဲစခန်းသို့ ခေါ်ဆောင်သွားကြ၏။ သက်လတ်ပိုင်း အမျိုးသား ပြောသည့်အတိုင်းပင် ရဲများက သူ့ကို ပြစ်ဒဏ်မပေးနိုင်ပေ။ အခြေအနေကို ရှင်းလင်းပြီးနောက်တွင် ရဲများက ထိုအမျိုးသားကို နှုတ်ဖြင့် သတိပေးခြင်းသာ ပြုလုပ်နိုင်ခဲ့သည်။

ထိုသက်လတ်ပိုင်း အမျိုးသားမှာ ဝါရင့်တစ်ယောက်ဖြစ်ကြောင်း သိသာလှသည်။ ရဲစခန်းသို့ ရောက်သည်နှင့် သူ၏ အမူအရာမှာ အလွန်ပင် ကောင်းမွန်သွားပြီး သူ၏ အမှားများကို ဝန်ခံရန် အလွန်ပင် စိတ်အားထက်သန်နေတော့သည်။

"ဟုတ်ကဲ့၊ ဟုတ်ကဲ့၊ ဟုတ်ကဲ့ပါ၊ ဒါတွေက အထင်လွဲတာပါ၊ အားလုံးက အထင်လွဲသွားတာပါ"

ထိုအမျိုးသားက ခေါင်းတငြိမ့်ငြိမ့်နှင့် အရိုအသေပေးနေသည်။

"ဪ ဟုတ်ကဲ့ပါ၊ ကျွန်တော့်ကို ဆုံးမတာ တကယ် မှန်ပါတယ်"

သူသည် ပြုံးရွှင်နေပြီး အလွန်ပင် စိုးရိမ်ပူပန်နေသည့်အလား ဟန်ဆောင်နေတော့သည်။

စုဟယ်ကမူ ထိုအမျိုးသားကို အလွယ်တကူ လွှတ်မပေးပေ။ ဖြစ်စဉ်တစ်ခုလုံး၏ အကြောင်းရင်း၊ အဆင့်ဆင့်နှင့် ရလဒ်များကို အသေးစိတ် ရှင်းပြနေပြီး သူမ၏ အခက်အခဲများကိုလည်း ထပ်ခါတလဲလဲ အလေးပေး ပြောကြားနေခဲ့သည်။ နှစ်ဖက် အပြန်အလှန် စကားပြောပြီးနောက် သူတို့နှစ်ဦး ရဲစခန်းမှ ထွက်လာကြချိန်တွင် နေ့လယ်စာစားချိန်ပင် ကျော်လွန်သွားခဲ့ပြီ ဖြစ်၏။ စုဟယ်သည် ရဲတိုင်ချက် လက်ခံဖြတ်ပိုင်းကို အေးအေးလူလူ သိမ်းဆည်းလိုက်ပြီး၊ ရဲအရာရှိကို အလေးအနက် ကျေးဇူးတင်စကား ပြောကြားကာ ထွက်လာခဲ့သည်။

ရဲစခန်းမှ ထွက်လာသည်နှင့် ထိုသက်လတ်ပိုင်း အမျိုးသား၏ မျက်နှာပေးမှာ ချက်ချင်းပင် ပြောင်းလဲသွားတော့သည်။ စုဟယ်သည် ထို ပုတ်သင်ညို ကို လုံးဝ မကြောက်ဘဲ ကိုယ်လက်ဆန့်လိုက်ကာ ပြောလိုက်၏။

"ဘယ်လိုလဲ ရဲစခန်းက လက်ဖက်ရည်က သောက်လို့ကောင်းလား၊ ရှင် နောက်တစ်ခါ ထပ်လာမယ်ဆိုရင် မနက်ဖြန်လည်း ရဲစခန်းမှာ လက်ဖက်ရည် ဆက်သောက်ကြတာပေါ့"

သက်လတ်ပိုင်း အမျိုးသားမှာ မကျေမနပ်သော မျက်နှာထားဖြင့် ထွက်ခွာသွားတော့သည်။ စုဟယ် တည်းခိုခန်းသို့ ပြန်ရောက်သောအခါ လူတိုင်းက သူမကို ဝိုင်းဝန်းမေးမြန်းကာ ကြ၏။ အစ်မကျန်းမှာ ဖြစ်ကြောင်းကုန်စင်ကို ကြားပြီးနောက် အနည်းငယ် ဒေါသထွက်သွားသည်။

"ဒီလောက် အရှက်မရှိတဲ့လူမျိုးရှိနိုင်ပါ့မလား"

အင်တာနက်ကဖေး မန်နေဂျာဟောင်း ဖြစ်ခဲ့ဖူးပြီး ရှုပ်ထွေးသော အခြေအနေများစွာကို ကြုံဖူးသည့် လီရှီကမူ အနည်းငယ် စိတ်ဓာတ်ကျနေသည်။

"သူဌေးမလေး၊ ဒီလူတွေက ပြန်လာကြဦးမယ်လို့ ကျွန်တော် ခံစားနေရတယ်"

အမြတ်ရှိနေသရွေ့ ထို လက်ဝါးကြီးအုပ် ကိုယ်ကျိုးသမား များမှာ ယင်ကောင်များပမာ ဝိုင်းလာကြမည်ကို စုဟယ်လည်း သိသည်။

"သူက ဘယ်လို လှည့်ကွက်တွေပဲ သုံးသုံး၊ တို့တွေ လုပ်နိုင်တာကို အရင်လုပ်ကြတာပေါ့"

စုဟယ်သည် သူမ သိမ်းထားသော ရဲတိုင်ချက်ဖြတ်ပိုင်းကို လွှဲယမ်းပြလိုက်သည်။ တစ်ကြိမ်နဲ့ မရရင် နှစ်ကြိမ်၊ သုံးကြိမ်ပေါ့။ စုဟယ်မှာ သူတို့ကို စိတ်ကုန်သွားအောင် လုပ်ဖို့ အင်အားတွေ အလုံအလောက် ရှိ၏။

"အစ်မကျန်း၊ မနက်ဖြန် ဘယ်သူ သန့်ရှင်းရေး လုပ်မှာလဲ"

စုဟယ်က မေးလိုက်သည်။

"မနက်ဖြန် မေကျဲ နဲ့ အစ်မနဲ့ အတူတူ လုပ်မှာပါ၊ တုန်းကျင့်ကတော့ အားလပ်ရက်ပါ"

ကျန်းမကြီးက ပြောသည်။

"အစ်မကျန်း၊ ဒီအတောအတွင်း မုန့်ဆိုင်ကို တစ်ယောက်ယောက်က စောင့်ကြည့်ပေးဖို့ လိုတယ်၊ မေကျဲနဲ့ တုန်းကျင့်ကို ဆိုင်ထဲမှာ အလှည့်ကျ စောင့်ခိုင်းလိုက်ပါ၊ မသင်္ကာစရာလူတွေကို တွေ့ရင် ချက်ချင်းတားလိုက်ပါ။ အချိန်ပိုကြေးကို ကျွန်မပေးပါ့မယ်"

စုဟယ်က ညွှန်ကြားလိုက်သည်။

အစ်မကျန်း က ခေါင်းငြိမ့်လိုက်ပြီးနောက် အလုပ်စီစဉ်ရန် သူမ၏ ဖုန်းကို ချက်ချင်း ထုတ်လိုက်၏။

စုဟယ်သည် သူမ မသုံးသည်မှာကြာပြီဖြစ်သော "Douyin" နှင့် "စာအုပ်စိမ်းလေး" အကောင့်များထဲသို့ ဝင်လိုက်သည်။ သူမသည် မှောင်ခိုသမားများ ကို ပြတ်ပြတ်သားသား ဆန့်ကျင်မည့်အကြောင်း ကြေညာချက်တစ်ခုကိုတင်လိုက်၏။ ထို့နောက် ကင်မရာများ တပ်ဆင်ရန် ကွန်ပျူတာကုမ္ပဏီတစ်ခုကို ဆက်သွယ်ပြီး၊ အလိုအလျောက် အရောင်းစက်ရောင်းချသူကိုလည်း အကောင့်အများကြီး ပြောင်းလဲခြင်းမှ တားဆီးနိုင်မည့် မျက်နှာဖြင့် မှတ်ပုံတင်သည့် ငွေပေးချေမှုစနစ် သို့ ပြောင်းလဲခိုင်းလိုက်သည်။

ဤဘက်တွင် စုဟယ်မှာ လက်ဝါးကြီးအုပ် ကိုယ်ကျိုးသမားများ ကို နှိမ်နင်းရန် နည်းလမ်းမျိုးစုံကို အလုပ်ရှုပ်ခံကာ လုပ်ဆောင်နေစဉ်

တစ်ဖက်တွင်မူ ရှုံးနိမ့်မှုကို လက်မခံနိုင်သော ထို လက်ဝါးကြီးအုပ် ကိုယ်ကျိုးသမား မှာလည်း လက်တုံ့ပြန်ရန် စတင်နေတော့သည်။

ထိုသက်လတ်ပိုင်း အမျိုးသား၏ လုပ်ငန်းမှာ အတော်ပင် ကျယ်ပြန့်လှသည်။ မကြာသေးမီကမှ နာမည်ကြီးလာသော စုဟယ်၏ ဆိုင်လေးမှာ သူ၏ လုပ်ငန်းများစွာထဲမှ တစ်ခုသာဖြစ်၏။ နာမည်ကြီး စားသောက်ဆိုင်များအတွက် သူက လူလွှတ်ကာ တန်းစီခိုင်းပြီး booking နံပါတ်များကို ပြန်လည်ရောင်းချသည်။ အရေအတွက် ကန့်သတ်ထားသော ထုတ်ကုန်အသစ်များ ထုတ်သည့် နာမည်ကြီး မုန့်ဆိုင်များတွင်လည်း သူက ရှိသမျှအကုန် ဝယ်ယူပြီးဆိုင်ရှေ့တွင်ပင် ပြောင်ပြောင်တင်းတင်း ပြန်လည်ရောင်းချတတ်၏။ ဖုန်းအသစ်များ၊ အကန့်အသတ်ဖြင့် ထုတ်သည့် ဖိနပ်များ စသည်ဖြင့် နာမည်ကြီးသမျှ အရာအားလုံးကို သူက ဝယ်စုထားလေ့ရှိသည်။

သူသည် ပြန်လည်ရောင်းချသည့် လုပ်ငန်းများစွာကို လုပ်ကိုင်ခဲ့သော်လည်း စုဟယ်ကဲ့သို့ ပြတ်ပြတ်သားသား တိုက်ရိုက် ရင်ဆိုင်ရဲသူမှာ အနည်းငယ်သာ ရှိသည်။ အကြောင်းမှာ ဆိုင်များအတွက်မူ သူတို့ ပစ္စည်းများကို ဘယ်သူဝယ်ဝယ် ဆုံးရှုံးမှု မရှိသလို၊ မှောင်ခိုသမားများ မည်မျှအမြတ်ရသည်ကိုလည်း သူတို့ ဂရုမစိုက်ကြသောကြောင့် ဖြစ်သည်။ ပြင်ပလုပ်ငန်းများအပြင် ထိုအမျိုးသားသည် ဖျော်ဖြေပွဲလက်မှတ်များကို ဝယ်ယူခြင်းနှင့် ပြဇာတ်လက်မှတ်များကို ပြန်လည်ရောင်းချခြင်းများကိုလည်း လုပ်ကိုင်သဖြင့် သူ၏လက်ထဲတွင် အကောင့်ပေါင်းများစွာ ရှိနေ၏။

ထိုအမျိုးသားသည် ယနေ့ ကြုံတွေ့ခဲ့ရသော ဒေါသကို မအောင့်နိုင်တော့ပေ။ စုဟယ်နှင့်အတူ ရဲစခန်းတွင် အချိန်ဖြုန်းလိုက်ရသဖြင့် နာမည်ကြီး စားသောက်ဆိုင်တွင် တန်းစီရန် အဘိုးအဘွားများကို တန်းစီခိုင်းရမည့် သူ့အလုပ်မှာထိခိုက်သွားခဲ့ပြီး ပိုက်ဆံအမြောက်အမြား ဆုံးရှုံးခဲ့ရသည်။

သူသည် ဟဲယဲ့တည်းခိုခန်းကို မကောင်းသောမှတ်ချက်များဖြင့် တိုက်ခိုက်ရန် သူ့အကောင့်များကို စတင်အသုံးပြုလိုက်တော့၏။

64

လီရှီသည် မူမမှန်မှုကို ပထမဦးဆုံး သတိပြုမိသူဖြစ်သည်။ ဧည့်သည်များကို အခန်းအပ်နှံခြင်း လုပ်ငန်းစဉ်များ ကူညီပေးပြီးနောက်၊ လီရှီသည် ရှေ့ကောင်တာတွင် ဂိမ်းကစားခြင်း သို့မဟုတ် ဖုန်းထဲရှိ Application များကို သုံးခြင်းဖြင့် အချိန်ဖြုန်းလေ့ရှိသည်။ လီရှီသည်သူ၏ကိုယ်ရေးကိုယ်တာ အချက်အလက်များနှင့် ပတ်သက်၍ အလွန်အမင်း စိုးရိမ်ပူပန်တတ်သူမဟုတ်ပေ။ သူ့ဖုန်းထဲရှိ တည်နေရာပြစနစ်ကို အမြဲတမ်း ဖွင့်ထားလေ့ရှိရာ Big Data စနစ်သည် အနီးအနားက သတင်းအချက်အလက်များကို သူ့ဆီသို့ အမြဲတွန်းပို့ပေးလေ့ရှိသည်။

"အမှိုက်လို တည်းခိုခန်းပဲ၊ သန့်ရှင်းရေးကလည်း ညစ်ပတ်စုတ်ပြတ်လိုက်တာ"

"အရသာမရှိတဲ့ မုန့်တွေ၊ ယုံမြစ်က ဒီလို နာမည်ကြီးအယောင်ဆောင်ဆိုင်ကို လုံးဝမသွားနဲ့"

လီရှီသည် ဤသို့သော မကောင်းသောမှတ်ချက် ပို့စ်တစ်ခုပေါ်တွင် ခေတ္တမျှ ရပ်တန့်ကြည့်ရှုမိလိုက်ရာ၊ ဒေတာစနစ်က သူသည် ထိုသို့သော သတင်းများကို စိတ်ဝင်စားသည်ဟု မှားယွင်းစွာ မှတ်ယူလိုက်ပြီး ဟဲယဲ့တည်းခိုခန်းနှင့် ပတ်သက်သည့် ဝေဖန်မှုဆိုးများနှင့် သတိပေးချက်များကို သူ့ထံသို့ တရစပ် တွန်းပို့ပေးနေတော့သည်။

"သူဌေးမ ကြည့်ပါဦး၊ မကောင်းတဲ့မှတ်ချက်တွေ အများကြီး ရုတ်တရက် တက်လာတယ်ဗျ "

လီရှီသည် Application အတော်များများကို ဆက်တိုက်ဖွင့်ပြလိုက်ရာ ဝေဖန်မှုဆိုးများ တန်းစီ၍ ထွက်ပေါ်လာသည်။

"အဖွဲ့လိုက်ဝယ်ယူတဲ့ ဝက်ဘ်ဆိုက် မှာတောင် မကောင်းတဲ့မှတ်ချက်တွေ ရှိနေပြီ"

လီရှီသည် အွန်လိုင်းမှ အခန်းမှာယူသည့် ပလက်ဖောင်း အကောင့်များကို စီမံခန့်ခွဲနေသူဖြစ်ရာ၊ ဟဲယဲ့တည်းခိုခန်း၏ အဆင့်သတ်မှတ်ချက်မှာ နံနက်ပိုင်းက (၄.၀) ရှိနေသေးသော်လည်း ယခုအခါ (၃.၈) သို့ ထိုးဆင်းသွားသည်ကို သူအတိအကျ မှတ်မိနေသည်။ စုဟယ်သည် အခန်းထဲရှိ အံဆွဲထဲမှ လုပ်ငန်းလိုင်စင် မိတ္တူတစ်စောင်ကို ထုတ်ယူကာ လီရှီထံ ကမ်းပေးလိုက်၏။

"လီရှီ၊ ဒီနေ့တော့ အချိန်ပိုဆင်းပေးဖို့ အကူအညီတောင်းရမယ်၊ လကုန်ရင်တော့ အပိုဆုကြေး ပေးပါ့မယ်၊ အသရေဖျက်တဲ့ ဝေဖန်မှုတွေ ဒါမှမဟုတ် သတင်းအမှား တင်ထားတာတွေကို တွေ့ရင် လုပ်ငန်းလိုင်စင်ကိုသုံးပြီး စနစ်ရဲ့နောက်ကွယ် ကနေ တိုက်ရိုက်တိုင်ကြား လိုက်ပါ၊ ဒါပေမဲ့ ဆိုင်က မုန့်တွေက အရသာမရှိဘူးလို့ ပြောတာမျိုး ဒါမှမဟုတ် တခြားသူတွေကို မဝယ်ဖို့ သတိပေးတာမျိုးတွေကိုတော့ လွှတ်ထားလိုက်ရုံပါပဲ "

လီရှီသည် လုပ်ငန်းလိုင်စင်ကို ယူလိုက်သော်လည်း အနည်းငယ် ဇဝေဇဝါ ဖြစ်သွားသည်။

"ဘာလို့လဲ သူဌေးမ သူတို့က ဒီလို ဝေဖန်မှုဆိုးတွေ ဆက်တင်နေရင် ကျွန်တော်တို့ဆီလာမယ့် ဧည့်သည်တွေကို ကျိန်းသေ ထိခိုက်မှာပဲလေ "

စုဟယ်သည် ဟဲယဲ့တည်းခိုခန်း၏ မုန့်များမှာ ကြော်ငြာမှုသက်သက်သာဖြစ်ပြီး တကယ်တမ်းတွင် အရသာအလွန်ညံ့ဖျင်းသည်ဟု ရေးထားသော မကောင်းသောမှတ်ချက်တစ်ခုကို ညွှန်ပြလိုက်သည်။

"ဒါတွေက လူတစ်ဦးချင်းစီရဲ့ အမြင် တွေလေ၊ ဒါတွေကို ပလက်ဖောင်းဆီ တိုင်ကြားရင်တောင် ရချင်မှရမှာ၊ တစ်ခုချင်းစီ လိုက်တိုင်နေတာက အလဟဿဖြစ်ပြီး အင်အားဘဲ ကုန်မှာ၊ ဒါပေမဲ့ ဓာတ်ပုံအတုတွေ သုံးတာ ဒါမှမဟုတ် တည်းခိုခန်းကို ရည်ရွယ်ချက်ရှိရှိ အသရေဖျက်တာမျိုးတွေကိုတော့ ပလက်ဖောင်းက တိုက်ရိုက်ဖယ်ရှားပြီး ရှင်းလင်းပေးပါလိမ့်မယ်၊ တစ်ဖက်လူက ကျိန်းသေ ကျွမ်းကျင်သူတွေပဲ၊ အကောင့်တွေ အများကြီး သုံးထားတာဆိုတော့ တို့ဘက်ကလည်း တိုင်ကြားနိုင်စွမ်း ကို မြှင့်တင်ရုံပဲ ရှိတာပေါ့"

"ငါတို့လည်း နောက်မှ ဟဲယဲ့တည်းခိုခန်း အကောင့်ကနေ အခြေအနေကို ရှင်းပြတဲ့ ကြေညာချက်တစ်ခု တင်လိုက်မယ်၊ ဒီမ‌ကောင်းတဲ့မှတ်ချက်တွေက မှောင်ခိုသမားတွေကို နှင်ထုတ်ပြီးတဲ့ နောက်မှာမှ ရုတ်တရက် ပေါ်လာတာဖြစ်ကြောင်း ပြောပြပြီး အခြေအနေကို ရှင်းလင်းရမှာပေါ့"

စုဟယ်သည် အလွန်ပင် စိတ်သဘောထား ပွင့်လင်းလှသည်။

"တကယ်လို့ ငါဆိုင်စဖွင့်ခါစမှာ ဒီလို ဝေဖန်မှုဆိုးတွေ တက်လာရင်တော့ ငါ နည်းနည်းစိုးရိမ်မိမှာပဲ၊ ဒါပေမဲ့ ငါတို့ဆိုင်က မုန့်တွေက နေ့တိုင်း ကုန်နေတာလေ၊ ပြီးတော့ တကူးတက လာဝယ်တဲ့သူတွေကလည်း ကောင်းတဲ့ဝေဖန်ချက်တွေ ပေးထားကြတာပဲ၊ လူတိုင်းက လတ်ဆတ်တဲ့ အရသာကို မြည်းစမ်းဖူးကြပြီးသားဆိုတော့ အမှန်တရားက တစ်နေ့တော့ ပေါ်လာမှာ ငါယုံကြည်တယ်"

လီရှီမှာ ဒေါသထွက်သော်လည်း တတ်တာဘာမျှမရှိချေ။ စုဟယ် ပြောသကဲ့သို့ပင် အွန်လိုင်းပေါ်တွင် လူတိုင်း၌ မိမိအမြင်ကို ဖော်ပြခွင့် ရှိနေသဖြင့် ရည်ရွယ်ချက်ရှိရှိ လုပ်ဆောင်သော မကောင်းသောမှတ်ချက် အားလုံးကို လိုက်လံတိုင်ကြားရန်မှာ မဖြစ်နိုင်ပေ။

ညနေပိုင်းတွင် စုဟယ်၊ ဟုန်လျန်၊ ဝေဖုန်းယီ နှင့် ရှောင်ရှီးမင်းကြီးတို့ စုဝေးကာ ညစာစားကြသည်။

ဟုန်လျန်မှာ အနည်းငယ် စိုးရိမ်နေ၏။

"သူဌေးမ၊ မနက်ဖြန် ဆိုင်ကို မုန့်လာဝယ်မယ့်သူတွေ အများကြီး ရှိဦးမယ် ထင်လား၊ ကျွန်မ နည်းနည်းပဲ လုပ်ရမလား "

ဝေဖုန်းယီနှင့် ရှောင်ရှီးမင်းကြီးတို့မှာမူ ဇဝေဇဝါ ဖြစ်နေကြသည်။ ညနေပိုင်းက တစ်ယောက်မှာ (၆) ထပ်တွင် ဧည့်သည်များ၏ မေးခွန်းများကို ဖြေကြားပေးနေပြီး၊ အခြားတစ်ယောက်မှာ အိပ်ရာခင်းများကို ကြိုးစားပမ်းစား အခြောက်ခံနေသဖြင့် ဆိုင်ထဲရှိ ရုန်းရင်းဆန်ခတ် အခြေအနေများကို အမှန်တကယ် မသိရှိကြပေ။ စုဟယ်သည် လက်ရှိအခြေအနေကို အကျဉ်းချုပ် ရှင်းပြလိုက်ပြီး ဟုန်လျန်ကို စိတ်ချစေရန် ပြောလိုက်သည်။

"အွန်လိုင်းက ဝေဖန်ချက်ကောင်းတွေကြောင့် လူအများကြီးက ငါတို့ဆိုင်က မုန့်တွေကို လာကြည့်ကြတာ မှန်ပေမဲ့၊ ငါတို့ဆိုင်ဖွင့်ကတည်းက မုန့်တွေက နေ့တိုင်း လိုအပ်တာထက် နည်းနေတာ၊ ပြီးတော့ မနက်ပိုင်းပဲ ရောင်းတာလေ၊ ဒါကြောင့် ခြုံကြည့်ရင် မုန့်တွေက လိုသလောက် မရနိုင်သေးတဲ့ အခြေအနေမှာပဲ ရှိပါသေးတယ်၊ ဒါကြောင့် ဟုန်လျန်၊ ရှင်က ပုံမှန်အတိုင်းပဲ လုပ်ပါ၊ ဒါပေမဲ့ ထုတ်ကုန်အသစ် မိတ်ဆက်တာကိုတော့ နောက်ထပ် နှစ်ရက်လောက် နောက်ဆုတ်လိုက်တာပေါ့ "

စုဟယ်က အမှန်အတိုင်း ပြောပြလိုက်သည်။

"တည်းခိုခန်းဘက်မှာတော့ လီရှီနဲ့ ငါတို့ ဒီမနက်တင် အကောင်းတဲ့ဝေဖန်ချက်အတုတွေကို တိုင်ကြားထားပြီးပြီ၊ အားလပ်ရက်ကလည်း မကြာခင် ရောက်တော့မှာဆိုတော့ လူအဝင်အထွက် အများကြီး ရှိဦးမှာပဲ၊ ဒါကြောင့် အခုလောလောဆယ် တည်းခိုခန်းရဲ့ မှာယူမှု တွေကတော့ မထိခိုက်သေးဘူး၊ ဒါပေမဲ့ အွန်လိုင်း ပလက်ဖောင်းတွေပေါ်မှာ တည်းခိုခန်းရဲ့ အဆင့်သတ်မှတ်ချက်က (၃.၆) အထိ ကျသွားပြီဆိုတော့ အားလပ်ရက် ကျော်သွားရင်တော့ မှာယူမှုတွေ ထိခိုက်မလားဆိုတာ မသေချာဘူး "

ဟဲယဲ့တည်းခိုခန်းသည် အားလပ်ရက်အတွင်း ဈေးနှုန်းများ မြှင့်တင်ခြင်း မရှိသဖြင့် ခရီးသွားများစွာမှာ ဈေးနှုန်းကိုသာ ဦးစားပေးကြသည်။ တည်းခိုခန်း၏ အဆင့်သတ်မှတ်ချက် နိမ့်နေသော်လည်း များစွာအရေးမကြီးပေ။ သို့သော်လည်း လူအဝင်အထွက် နည်းသွားပြီး ဟိုတယ်ဈေးနှုန်းများ အားလုံး ပုံမှန်ပြန်ဖြစ်သွားချိန်တွင်မူ ဟဲယဲ့တည်းခိုခန်းသည် ဈေးနှုန်းအားသာချက်ကို ဆုံးရှုံးသွားလိမ့်မည်။ ထိုအချိန်ကျမှ အဆင့်သတ်မှတ်ချက် နိမ့်နေခြင်းက ဧည့်သည်များ၏ ရွေးချယ်မှုကို သက်ရောက်မှု ရှိလာလိမ့်မည် ဖြစ်သည်။ ဝေဖုန်းယီသည် သူ၏ထမင်းပန်းကန်ကို ချလိုက်ပြီး သူ၏ အခြေအနေကို ရှင်းပြ၏။

"မကြာသေးခင်က ကျွန်တော့်ရဲ့ တိုက်ရိုက်ထုတ်လွှင့်မှု ကို ကြည့်ရှုသူ (၅၀,၀၀၀) ဝန်းကျင်မှာ တည်ငြိမ်နေပြီ၊ ကျွန်တော့်ရဲ့ တပည့်တွေကလည်း အဖွဲ့ တစ်ခု ဖွဲ့ပေးထားကြတယ်၊ အဲ့ဒီအဖွဲ့ထဲမှာ အခန်းအတူတူ ငှားနေချင်တဲ့ တပည့်တွေ အတော်များများ ရှိနေသေးတယ်"

ရှေ့ကောင်တာမှ တာဝန်များမှ ကင်းလွတ်ခွင့် ရသွားပြီးနောက်၊ ဝေဖုန်းယီ သည် တိုက်ရိုက်ထုတ်လွှင့်မှုအတွက် အချိန်ပိုပေးနိုင်လာပြီး အဖွဲ့လိုက် စကားပြောဆိုမှု များကိုလည်း အသုံးပြုတတ်လာသည်။ သူက စာရင်းတွက်ပြ၏။

"ဒီနှစ်ရက်အတွင်း တပည့် (၁၂) ယောက်လောက် ဆိုင်ကို ရောက်လာလိမ့်မယ်၊ အားလပ်ရက်အတွင်း တည်းခိုခန်း အခန်းတွေက အကုန်ပြည့်နေပြီဆိုတော့ အားလပ်ရက် ကျော်တာနဲ့ အဲ့ဒီတပည့်တွေ အများကြီးလာတည်းကြလိမ့်မယ် "

"ဒါက သတင်းကောင်းပဲ အနည်းဆုံးတော့ တို့တွေ ခဏတဖြုတ် မှာယူမှုတွေအတွက် မစိုးရိမ်ရတော့ဘူးပေါ့၊ ငါတို့လည်း 'ဟောက်တတ်တဲ့သူများ ကူညီရေးအဖွဲ့' ထဲမှာ ပိုပြီး ကြော်ငြာပေးဦးမယ်၊ တည်းခိုခန်းက အိပ်စက်နေသော မင်းသမီးလေးရဲ့ ကုတင် ကို ဧည့်သည်တွေ ပိုပြီး စမ်းကြည့်ချင်လာအောင် ဆွဲဆောင်ရမှာပေါ့ "

စုဟယ်သည် ငြိမ်ငြိမ်‌နေချင်သူ မဟုတ်ပေ။ သူမတွင်ရှိသော အရင်းအမြစ်များကို သေချာစဉ်းစားပြီး ကောင်းကောင်းကြော်ငြာရန် စီစဉ်နေသည်။ ရှောင်ရှီးမင်းကြီးသည် အစပိုင်းတွင် နားမလည်ခဲ့သော်လည်း၊ ထိုသက်လတ်ပိုင်း အမျိုးသား၏ လုပ်ရပ်များက တည်းခိုခန်း လုပ်ငန်းကို ထိခိုက်စေနိုင်ကြောင်း စုဟယ်က ရှင်းပြပြီးနောက်မှသာ သဘောပေါက်သွား၏။ ရှောင်ရှီးမင်းကြီး၏ မျက်လုံးများမှာ မီးတောက်များ ထွက်လာမတတ် ဖြစ်နေပြီး၊ သူ၏ မျက်ဝန်းအိမ်ထဲတွင် အစစ်မှန်နေမီးလျှံ များ တလက်လက် တောက်ပနေသည်။ သူက ကြောက်မက်ဖွယ်ကောင်းသော လေသံဖြင့် ပြောလိုက်၏။

"ငါ သူ့ကို မီးရှို့သတ်ပစ်မယ် "

သူ၏ မျက်လုံးထဲမှ မီးတောက်များ ရုတ်တရက် ထွက်ပေါ်လာပြီး ပန်းကန်ထဲရှိ ပေါက်စီတစ်လုံးကို ပြာပုံဘဝသို့ ခဏချင်း ပြောင်းလဲပစ်လိုက်သည်။

ရှောင်ရှီးမင်းကြီးသည် ထိုပြာပုံလေးကို သူ၏ တတိယမြောက်ခြေထောက်ဖြင့် နင်းခြေလိုက်ရင်း ပြောလိုက်သည်။

"ပြာတောင် မကျန်စေရဘဲ ငါ သူ့ကို မီးရှို့ပစ်မယ်"

စုဟယ်က ဥပဒေနှင့် စည်းမျဉ်းများအကြောင်း ထပ်မံပြောဆိုတော့မည်ကို မြင်သောအခါ တအားအား(ကျီးကန်အော်သံ)ဖြင့် အော်လိုက်ပြီး

ဒေါသတကြီးပြောလာ၏။

"ဟွန့်၊ ငါက ဥပဒေနဲ့ စည်းမျဉ်းတွေကို သိတာပေါ့။ သူ့ကို ဘယ်ခြေရာလက်ရာမှ မကျန်စေဘဲ ပျောက်ကွယ်သွားအောင် လုပ်မှာပါ "

သူ၏ မျက်လုံးများထဲတွင် အေးစက်ရက်စက်မှုများ ပေါ်လွင်နေသည်။ သူ၏ ညီနောင်များကို ကယ်တင်ရန် ကြိုးစားမှုကို နှောင့်ယှက်သူ မှန်သမျှ သေရမည်သာ ဖြစ်၏။ သူသည် စနစ်၏ ချုပ်ကိုင်မှုကြောင့်သာ စုဟယ်၏ စကားကို နားထောင်နေခြင်း ဖြစ်ပြီး၊ စုဟယ်မှာလည်း သူ့အတွက် ဝေဖန်ချက်ကောင်းများ ရရှိရန် အရေးကြီးသော အထောက်အပံ့ ဖြစ်နေသောကြောင့်သာ ဖြစ်သည်။ သူသည် မည်သည့်အခါမှ စိတ်နှလုံး နူးညံ့သူမဟုတ်ပေ။

ယခုအခါတွင် သူသည် TV ကြည့်တတ်လာပြီး ထိုမှတစ်ဆင့် အသုံးဝင်သော ဗဟုသုတများစွာကို ရရှိထားသည်။ ခေတ်သစ်လူ့အဖွဲ့အစည်းတွင် လူတွေရဲ့ လှုပ်ရှားမှုကို မှတ်တမ်းတင်ထားနိုင်သည့် ကင်မရာများ ရှိနေသဖြင့်၊ သူသည် ထိုကင်မရာများကို ရှောင်ရန်သာ လိုအပ်၏။ သူ့တွင် လက်ဗွေရာ မရှိသကဲ့သို့ မည်သည့် ခြေရာလက်ရာမှလည်း ချန်ထားခဲ့မည် မဟုတ်ပေ။ ကျီးကန်းတစ်ကောင်ကို မည်သူကမှ သံသယဝင်မည် မဟုတ်ပါ။

အစစ်မှန်နေမီးလျှံ ကလည်း ထိုစက်ဆုပ်ဖွယ် လူသားကို တိုက်ရိုက် မီးရှို့ရန် မလိုပေ။ ရှောင်ရှီးမင်းကြီးသည် စုဟယ်၏ အခန်းထဲတွင် နေထိုင်သူဖြစ်ရာ အခန်းထဲရှိ လျှပ်စစ်ပစ္စည်းများသည် မီးလောင်လွယ်ကြောင်း သူသိသည်။

သူသည် လျှပ်စစ်ပစ္စည်းတစ်ခုပေါ်သို့ အစစ်မှန်နေမီးလျှံ ကို ကျဆင်းစေရုံဖြင့်၊ လျှပ်စစ်ဝိုင်ယာရှော့ဖြစ်ပြီး မီးလောင်သည့် မတော်တဆမှုတစ်ခုအဖြစ် ဟန်ဆောင်နိုင်ကာ မည်သူမျှ သံသယဝင်လိမ့်မည် မဟုတ်ပေ။

စုဟယ်မှာ ထိတ်လန့်တကြား ဖြစ်သွားရသည်။

"ရှောင်ရှီးမင်းကြီး မလုပ်ပါနဲ့ "

All Chapters