အခန်း (၇၁-၇၂)
Vol. 8 Ch. 71-72
အခန်း ၇၁ သူ လဲကျသွားတဲ့အထိ ငါ သင်ပေးမယ်...
"ဧကရာဇ်အဆင့်..."
စူးချန်ကဲ၏မျက်လုံးသူငယ်အိမ်များ အနည်းငယ် ကျဥ်းမြောင်းသွားခဲ့သည်။ သူ၏ စိတ်ထဲတွင် ကြားလိုက်ရသော ဆုလာဘ်ကြောင့် သူ ထိတ်လန့်သွားပေ၏။
ကမ္ဘာပေါင်းအသင်္ချေရှိ အင်မော်တယ်လမ်းစဉ်မှာ ကာလကြာရှည်စွာ ပြတ်တောက်နေခဲ့ပြီဖြစ်ရာ မဟာဧကရာဇ်များမှာ ငြင်းခုံဖွယ်မရှိသော အစွမ်းအထက်ဆုံး သတ္တဝါများ ဖြစ်လာခဲ့လေသည်။ 'ဧကရာဇ်' ဟူသော စကားလုံးနှင့် ဆက်စပ်နေသည့် မည်သည့်အရာမဆို ကမ္ဘာအသင်္ချေရှိ ကျင့်ကြံသူများကို ရူးသွပ်သွားစေရန် လုံလောက်သည်။ သူ၏ စူးမိသားစုပင်လျှင် ဧကရာဇ်အဆင့် ကျင့်ကြံခြင်းနည်းစနစ်တစ်ခုသာ ပိုင်ဆိုင်ထားသည်။
ထိုနည်းစနစ်ကိုပင် အဓိကမျိုးဆက်၏ တိုက်ရိုက်မျိုးဆက်များ မွန်းစတားဆန်သော ပါရမီရှိသူများသာ ကျင့်ကြံနိုင်သည်။
ကပ်ဘေးဒုက္ခကိုးပါး လောကဖျက်ဆီးဓားနည်းစနစ်...
ဤသည်မှာ နွေးထွေးပြီး ဂရုစိုက်တတ်သော စီနီယာအစ်ကိုအဖြစ် သူ၏တစ်လတာကာလအတွင်း ကောင်းကင်ဆန့်ကျင် နားလည်သဘောပေါက်နိုင်စွမ်းမှလွဲ၍ သူ ကြားဖူးသမျှ အကောင်းဆုံးဆုလာဘ်ပင်။
သင်ပေးမယ်... သင်ပေးမယ်... သင်ပေးမယ်...
သူ လဲကျသွားတဲ့အထိ ငါ သင်ပေးမယ်...
"မင်းက သင်ပေးမှာလား..."
စူးချန်ကဲ၏အနီးတွင် မတ်တတ်ရပ်နေသော စန်းလင်းက ရပ်တန့်သွားပြီး သူ့ကို တွေဝေတုံ့ဆိုင်းစွာ ကြည့်လိုက်သည်။ ထို့နောက် ထိုစကားကို ဟာသတစ်ခုအဖြစ်သာ သတ်မှတ်သည့်အလား ဂရုမစိုက်စွာ ပြုံးလိုက်သည်။
သူ၏အမြင်အရ တောင်ထိပ်ကိုးခုမှ တောင်ထိပ်သခင်များပင်လျှင် လိုအပ်ချက်များ ရှိနေသေးရာ စူးချန်ကဲကိုမူ ပြောနေရန်ပင် မလိုတော့ချေ။
သူ ကြားခဲ့ရသော ကောလာဟလများမှာ အမှန်တကယ်ပင် ထိတ်လန့်ဖွယ် ကောင်းသော်လည်း မှန်ကန်ခဲ့လျှင်ပင် ထိုအရာများက စူးချန်ကဲသည် မယုံနိုင်လောက်အောင် မွန်းစတားဆန်ကြောင်းကိုသာ သက်သေပြနေသည်။ သို့ရာတွင် တာအိုကို မျှဝေပေးခြင်းနှင့် သံသယများကို ဖြေရှင်းပေးခြင်းမှာ ကွဲပြားလေ၏။ စူးချန်ကဲတွင် ဓားတာအိုပါရမီ ရှိမရှိကို ဖယ်ထားလျှင်ပင် သင်ပေးရန် သူ့ထံတွင် ဘာများ ရှိနေသနည်း...
ဖူယောင် ဓားတာအိုထူးခြားဖြစ်စဉ်ကို ဖြစ်ပေါ်စေခဲ့စဉ်က ထိုက်ချင်ဂိုဏ်း ဆဋ္ဌမတောင်ထိပ်မှ တောင်ထိပ်သခင် ဓားအရူးက သူမကို တပည့်အဖြစ် လက်ခံချင်ကြောင်း အော်ဟစ်ကာ အပြေးအလွှား လာခဲ့သည်။ သို့ရာတွင် ဖူယောင် မေးလိုက်သော ရိုးရှင်းသည့် မေးခွန်းအနည်းငယ်က သူ့ကို ကြောင်အမ်းသွားစေခဲ့ပြီး သူက သူမကို မသင်ပေးနိုင်ကြောင်း သူ မထိုက်တန်ကြောင်း အော်ဟစ်ကာ အဆုံးသတ်တွင် အရာများစွာအတွက် ဖူယောင်ကိုပင် တိုင်ပင်ခဲ့ရသည်။
ဤဖြစ်ရပ်က တခြားသော ဂဏာမငြိမ်ဖြစ်နေသည့် တောင်ထိပ်သခင်များကို ကိုယ့်ကိုယ်ကိုယ် သိမြင်မှု ပေးစွမ်းခဲ့ပြီးပြီဖြစ်ရာ သူတို့ကို လမ်းခုလတ်တွင် ရပ်တန့်သွားစေခဲ့သည်။
ထို့ကြောင့် စန်းလင်းက စူးချန်ကဲ ပြောဆိုသော စကားများကို လုံးဝအလေးအနက် မထားခဲ့ဘဲ ထိုစကားမှာ သူ၏ဂျူနီယာညီမလေးကို ထွက်မသွားစေချင်သောကြောင့် ပြောလိုက်သော စိတ်လိုက်မာန်ပါ စကားတစ်ခုသာ ဖြစ်သည်ဟု တွေးထင်ခဲ့သည်။ နင်းဖူယောင်ကို ဖျောင်းဖျရန် တခြားနည်းလမ်းများကို သူ စတင်၍ တွေးတောနေလေပြီ။
ထိုလူနှစ်ဦးမှာ သူတို့၏ကိုယ်ပိုင်အတွေးများတွင် နစ်မြုပ်နေစဉ် ဝူယာခြံဝင်း၏ရှေ့သို့ ရောက်ရှိလာကြသည်။
"တကယ်ကို ထူးဆန်းတဲ့ ခံစားချက်ပဲ... အဲ့ဒါက နတ်ဘုရားမီးတောက်နယ်ပယ် ဝင်္ကပါဖွဲ့စည်းခြင်းရဲ့အရှိန်အဝါ သေချာပေါက် ရှိနေပေမဲ့ ဒီကို ရောက်လာတိုင်း ငါ့ရဲ့စိတ်နှလုံးသားကို တုန်ခါစေတယ်... နင်မိသားစုရဲ့ ကာကွယ်ရေး ဝင်္ကပါဖွဲ့စည်းပုံထက်တောင် နည်းနည်းသာလွန်တယ်လို့ ငါ ခံစားရတယ်..."
စန်းလင်းက သူ၏မျက်လုံးကို မှေးစင်းကာ ဝူယာခြံဝင်းကို ဝန်းရံထားသော မမြင်နိုင်သည့် ဝင်္ကပါပုံစံများကို ကြည့်ရင်း လေးစားအားကျစွာဖြင့် သက်ပြင်းမချဘဲ မနေနိုင်အောင် ဖြစ်သွားခဲ့သည်။
"ဒီတာအိုရောင်းရင်း ချောက်ကမ်းပါးမဲ့အဖိုးအိုက တကယ့်ကို ထူးခြားတဲ့ လူတစ်ယောက်ပဲ..."
စူးချန်ကဲကမူ မည်သည့်တုံ့ပြန်မှုမျှ မပြသဘဲ ဝူယာခြံဝင်းထဲသို့ တည်ငြိမ်စွာ လျှောက်လှမ်းဝင်သွားခဲ့သည်။
သူ မြင်တွေ့လိုက်ရသည်မှာ...
သန့်စင်ပြီး သာလွန်ထူးကဲသော အလှတရားရှိသည့် ပုံရိပ်တစ်ခုက တံမြက်စည်းတစ်ချောင်းကို သတိလက်လွတ် ကိုင်ထားကာ ကျောက်လှေကားရှေ့ရှိ ကြွေကျနေသော ပန်းပွင့်များကို ခပ်ဖွဖွ လှည်းကျင်းနေလေသည်။
ဤသည်မှာ နင်းဖူယောင်ပင်။
သူမသည် ထိုက်ချင်ဂိုဏ်းတပည့်တစ်ဦး၏ ရိုးရှင်းပြီး ပြေပြစ်သော အဖြူရောင်ဝတ်ရုံကို ဝတ်ဆင်ထားဆဲဖြစ်ပြီး ထိုဝတ်ရုံက သူမ၏ သွယ်လျသော ခန္ဓာကိုယ်ကို ပေါ်လွင်စေသည်။ သူမ၏ မည်းနက်သော ဆံပင်များကို ရိုးရှင်းသော ကျောက်စိမ်းဆံထိုးတစ်ခုဖြင့် လျော့ရဲရဲ ချည်နှောင်ထားပြီး ဆံပင်အနည်းငယ်က သူမ၏ လည်ပင်းဘေးတွင် ကျနေသည်။ သူမ၏ ယှဉ်ပြိုင်၍မရနိုင်လောက်အောင် လှပသော ဘေးတိုက်မြင်ကွင်းမှာ ဖြူဖွေးသော ကျောက်စိမ်းအလားဖြစ်ပြီး သီးခြားဆန်ကာ လွင့်မျောနေသော အရှိန်အဝါတစ်ခုကို သဘာဝအတိုင်း ဖြာထွက်နေစေသည်။
ပုံမှန်နှင့် ကွဲပြားနေသောအရာမှာ သူမ၏ကျောတွင် လွယ်ထားသော မည်းနက်နေသည့် ရှေးဟောင်းဓားပင်။ ထိုဓားသည် အသင်္ချေကောင်းကင်ဘုံနန်းတော်တွင် စူးချန်ကဲ သူမကို လက်ဆောင်ပေးခဲ့သောဓား ဖြစ်လေ၏။
ဤအချိန်၌ နင်ဖူယောင်၏ မျက်ခုံးများမှာ တင်းကြပ်စွာ တွန့်ကွေးနေပြီး သူမ၏မျက်လုံးများက စိတ်ဆင်းရဲမှုများကို ရောင်ပြန်ဟပ်နေကာ တစ်ခါတစ်ရံ တိုးညင်းသော သက်ပြင်းတစ်ချက်က သူမ၏ နှုတ်ခမ်းမှ လွတ်ထွက်သွားခဲ့သည်။
"ဟူး..."
"ငါ ဘာလုပ်ရမလဲ..."
"ဦးလေးလင်းက ဓားတာအိုကို ကျင့်ကြံဖို့ မြောက်ပိုင်းနယ်မြေကို ပြန်သွားစေချင်တယ်... ဒါပေမဲ့ ငါ ပြန်သွားတဲ့အချိန်မှာ ဒုတိယဦးလေးက နိုင်ငံရေး မဟာမိတ်လက်ထပ်ပွဲကို ငါ့ကို အတင်းအကြပ် လုပ်ခိုင်းနေသေးရင် ဘယ်လိုလုပ်မလဲ... ငါ ထပ်ပြီး ထွက်ပြေးသင့်လား..."
"ငါ အရမ်းပင်ပန်းနေပြီ... ငါ့ရဲ့ ပါရမီတွေ ဖော်ထုတ်ခံရမယ်ဆိုတာကို ငါ သိခဲ့ရင် ငါ ပိုကောင်းအောင် ပုန်းနေခဲ့မိမှာ..."
သူမက ခေါင်းငိုက်စိုက်ကျကာ တံမြက်စည်းကို မှီပြီး သူမ၏ခြေရင်းရှိ သစ်ရွက်ကြွေများကို စိုက်ကြည့်နေရင်း ကံကြမ္မာကို လုံးဝလက်ခံလိုက်သည့်ပုံ ပေါက်နေသည်။
လဝက်ခန့်အကြိုက ဓားစိတ်ဝိညာဉ်၏ လမ်းညွှန်မှုအောက်တွင် ရှေးဟောင်းဓား အားချီ ဟု ခေါ်သောအရာကို အသုံးပြု၍ သူမ၏ ရုပ်ခန္ဓာကိုယ်ကို စတင်နိုးထစေခဲ့သည်။ ရက်အနည်းငယ်အတွင်း သူမသည် အမှန်တကယ် ပို၍ထက်မြက်လာသည်ဟု ခံစားခဲ့ရပြီး သူမ၏ မျက်လုံးထဲရှိ အရာအားလုံးမှာ ဓားများ၏ကမ္ဘာတစ်ခုအဖြစ်သို့ ပြောင်းလဲသွားပုံရသည်။
မနေ့ကအထိ သူမသည် ရုတ်တရက် ဉာဏ်အလင်းပွင့်ခြင်းကို ရရှိကာ တာအိုထဲသို့ ဝင်ရောက်ပြီးနောက် ကောင်းကင်နှင့်မြေကြီး၏ သဘာဝလွန်ဖြစ်စဉ်တစ်ခုကို ဖြစ်ပေါ်စေခဲ့သည်။ ထိုဖြစ်ရပ်ပြီးနောက် ရင်းနှီးသော တောင်ထိပ်သခင်များ၊ ရင်းနှီးမှုမရှိသော အဖိုးအိုများနှင့် ဦးလေးလင်းအစရှိသည့် လူအများအပြားကို သူမ မြင်တွေ့ခဲ့ရသည်။ နောက်ပိုင်းတွင် မျက်လုံးများ နီရဲနေသော ညစ်ပတ်သည့် အဖိုးအိုတစ်ဦး ထွက်ပေါ်လာပြီး သူမကို တပည့်အဖြစ် ခံယူရန် တောင်းပန်ခဲ့သည်။
ထိုအချိန်၌ လုံးလုံးလျားလျား ကြောင်အမ်းနေသော နင်ဖူယောင်မှာ မည်သို့ ပြန်ဖြေရမည်ကို သဘာဝကျကျပင် မသိခဲ့ချေ။ အကြောင်းအရင်းမှာ ဓားစိတ်ဝိညာဉ်က သူမ၌ ဓားခန္ဓာကိုယ်နှင့် ဓားစိတ်ဝိညာဉ်ရှိကြောင်းကို မည်သူ့ကိုမျှ အသိမပေးရန် ချက်ချင်းပြောဆိုခဲ့သောကြောင့်ပင်။ ထိုသို့မဟုတ်ပါက ကြီးမားသော ကပ်ဘေးကြီးတစ်ခု ဖြစ်လာပေလိမ့်မည်။
"ဒီပုရွက်ဆိတ်တွေက... ဓားဆိုတာ ဘာလဲဆိုတာကိုတောင် နားမလည်တဲ့ ဒီအမှိုက်တွေက သခင်မကို သင်ပေးဖို့ ထိုက်တန်လို့လား..."
"သူတို့ကို မလိုအပ်ပါဘူး... ငါ့ရဲ့လမ်းညွှန်မှု တစ်ခုတည်းက သခင်မအတွက် လုံလောက်တယ်..."
"ဒီအောက်ဘုံမှာ သခင်မကို သင်ပေးဖို့ အရည်အချင်းရှိတဲ့သူဆိုလို့ ဘယ်သူမှ မရှိဘူး..."
"သူ့ကို မေးခွန်းသုံးခုလောက် မေးလိုက်ပါ... ပြီးရင် ဓားစိတ်ဆန္ဒ အစအနလေးတစ်ခုကို ပြသလိုက်ပါ... ဒါက ဒီပုရွက်ဆိတ်ကို အခက်အခဲတွေ ရင်ဆိုင်ရချိန်မှာ နောက်ဆုတ်သွားဖို့ လုံလောက်ပါလိမ့်မယ်..."
နင်းဖူယောင်က ညွှန်ကြားချက်အတိုင်း လုပ်ဆောင်ခဲ့သော်လည်း သက်ရောက်မှုက ပို၍ ကြီးမားလာမည်ကို မည်သူ သိမည်နည်း။ ဦးလေးလင်းပင်လျှင် အလွန်အမင်း စိတ်လှုပ်ရှားသွားပြီး သူမကို သင်ကြားပေးရန်အတွက် မြောက်ပိုင်းနယ်မြေရှိ အကောင်းဆုံး ဓားကျင့်ကြံသူကို ရှာဖွေရန် ပြန်လည်ခေါ်ဆောင်သွားမည်ဖြစ်ကြောင်းနှင့် လက်ထပ်စာချုပ်ကို သူ ကိုင်တွယ်ဖြေရှင်းမည်ဖြစ်ကြောင်း ပြောဆိုခဲ့သည်။
သို့ရာတွင်...
သူမသည် အမှန်တကယ်ကို ကြောက်ရွံ့နေပြီး ဒုတိယဦးလေး၏ စိတ်ပြောင်းလဲမှုအပေါ် လောင်းကြေးမထပ်ရဲချေ။ ထို့ပြင် အကြီးမားဆုံး အကြောင်းရင်းမှာ သူမ ထွက်မသွားချင်သောကြောင့်ပင်။ သူမ၏ ဒုတိယ စီနီယာအစ်မ သူမ၏ ဂျူနီယာညီမလေး နဝမတောင်ထိပ် သို့မဟုတ် သူမ ဝန်မခံရဲသော်လည်း သူမအတွက် ငြင်းဆို၍မရနိုင်လောက်အောင် အရေးကြီးသော စီနီယာအစ်ကိုတို့နှင့် ခွဲခွာရမည်ကို သူမ မခံစားနိုင်ချေ။
ထိုအချိန်မှာပင် ဓားစိတ်ဝိညာဉ်၏ အေးစက်သောအသံက သူမ၏စိတ်ထဲတွင် ပဲ့တင်ထပ်သွားခဲ့၏။
"သခင်မ... စူးချန်ကဲ ရောက်လာပြီ..."
ဤအသံကို ကြားသောအခါ နင်းဖူယောင်၏ သွယ်လျသော ခန္ဓာကိုယ်လေး တုန်ရီသွားသည်။ သူမက သူမ၏အာရုံစိုက်မှုများအားလုံးကို ချက်ချင်းစုစည်းလိုက်ပြီး ကြမ်းပြင်ကို သေသေချာချာ စတင်၍ လှည်းကျင်းလေတော့သည်။
ခြံဝင်းဝင်ပေါက်တွင်...
စူးချန်ကဲက အေးအေးဆေးဆေး လျှောက်လာပြီး နင်းဖူယောင်ကိုကြည့်ကာ ရေရွတ်လိုက်သည်။
"သူက ဘာလို့ နေ့ခင်းကြောင်တောင် ကြမ်းပြင်ကို လှည်းနေရတာလဲ..."
သို့ရာတွင် သူ စကားပြောလိုက်သည်နှင့် တစ်ပြိုင်နက် ဤသည်မှာ သူ၏ ဂျူနီယာညီမလေးကို လွန်ခဲ့သော အချိန်ကြာမြင့်စွာကတည်းက သူ ပေးအပ်ထားခဲ့သော တာဝန်တစ်ခုဖြစ်ကြောင်း သတိရသွားခဲ့သည်။
သူသည် အလွန်အသန့်ကြိုက်ပြီး ကြမ်းပြင်ပေါ်ရှိ ဖုန်မှုန့်များနှင့် သစ်ရွက်ကြွေများကို မနှစ်သက်ချေ။ ပုံမှန်အားဖြင့် လျှိုရူယန်က သန့်ရှင်းရေးအများစုကို လုပ်ဆောင်သည်။ စူးချန်ကဲက သူမ၏ တည်ငြိမ်သော အလုပ်လုပ်ပုံကို သဘောကျသဖြင့် သူမကို ဝူယာခြံဝင်း၏ ပြုပြင်ထိန်းသိမ်းမှုများကို ယုံကြည်စိတ်ချစွာ အပ်နှံထားခြင်း ဖြစ်လေ၏။
သို့ရာတွင် နင်ဖူယောင်က လျှိုရူယန်ကို တစ်ခါတစ်ရံ အစားထိုး လုပ်ဆောင်ပေးလေ့ရှိသည်။ များသောအားဖြင့် လျှိုရူယန်သည် အရင်းအမြစ်များအတွက် ဂိုဏ်းကို အမြတ်ထုတ်ရန် အလုပ်များနေချိန် သို့မဟုတ် စူးချန်ကဲ ဝူယာခြံဝင်းပြင်ပတွင် ရှိနေချိန် အနားယူနေချိန်များတွင် ဖြစ်သည်။ သေချာသည်မှာ ဤအကြောင်းကို သူ ကာလကြာရှည်စွာကတည်းက သိထားခဲ့သော်လည်း မသိချင်ယောင်ဆောင်နေခဲ့ခြင်းသာ ဖြစ်ပေ၏။
နောက်မှ လိုက်ပါလာသော စန်းလင်းက စူးချန်ကဲ၏ စကားများကို ကြားသောအခါ သူ၏နှုတ်ခမ်းထောင့် အနည်းငယ် တွန့်ကွေးသွားပြီး သူ၏စိတ်နှလုံးသားထဲ၌ တွေးတောလိုက်သည်။
"မင်းက ငါတို့ နင်းမိသားစုရဲ့ မင်းသမီးလေးကို အစေခံမလေး တစ်ယောက်လို အသုံးပြုနေတာ မဟုတ်ဘူးလား..."
"ငါ သူ့ကို ဘယ်လိုမှ ဖျောင်းဖျလို့ မရခဲ့ဘူး... အစေခံတစ်ယောက်ကို အဲ့ဒါ လုပ်ခိုင်းတာက ပိုကောင်းမှာ မဟုတ်ဘူးလား... စီနီယာအစ်ကိုက သန့်ရှင်းရေးကို အရမ်းဂရုစိုက်ပြီးတော့ သူစိမ်းတွေ သူ့ပစ္စည်းတွေကို ထိရင် ဒေါသထွက်တတ်တယ်လို့ ဆိုပြီး ဒီကောင်မလေးက ငါ့ကို အတင်းအကြပ် ငြင်းခုံခဲ့တယ်လေ... ပြီးတော့ သူက ဒုတိယ စီနီယာအစ်မကို ကာကွယ်ပေးမယ်လို့ ကတိပေးထားလို့ သူမရဲ့ စကားကို ဖျက်လို့ မရဘူးတဲ့... ဒါ... ဒါ... ဒါက... ဟူး..."
အဆုံးသတ်တွင် စန်းလင်းက ကူကယ်ရာမဲ့စွာဖြင့် သူမကို သူမ၏ဆန္ဒအတိုင်းသာ ခွင့်ပြုလိုက်နိုင်တော့သည်။ မည်သို့ပင်ဆိုစေကာမူ သူမ ဤနေရာတွင် အချိန်အကြာကြီး နေတော့မည် မဟုတ်ချေ။ မြောက်ပိုင်းနယ်မြေသို့ ပြန်ရောက်သည်နှင့် သူမ၏အပြုအမူကို သူ တဖြည်းဖြည်းပြုပြင်ပေးနိုင်သည်။
"စီနီယာအစ်ကို... အစ်ကို ပြန်လာပြီလား..."
နင်းဖူယောင်က သူ၏တည်ရှိနေမှုကို ယခုလေးတင်မှ သတိထားမိသည့်အလား ဟန်ဆောင်ကာ အံ့အားသင့်သော အမူအရာဖြင့် လှည့်ကြည့်လိုက်သည်။
ဘယ်လိုပြောရမလဲ...သူ သရုပ်ဆောင်တာက တောင့်တင်းနေတယ်...
ထို့နောက် နင်းဖူယောင်က စန်းလင်းကိုကြည့်ပြီး ရိုသေလေးစားစွာ ပြောဆိုလိုက်၏။
"ဦးလေးလင်း... ဦးလေးလည်း ရောက်လာတာလား..."
"အင်း..."
စန်းလင်းက ခေါင်းအနည်းငယ် ညိတ်လိုက်ပြီး စူးချန်ကဲကို ခိုးကြည့်လိုက်ရာ သူ၏စိတ်နှလုံးသားတွင် ရှုပ်ထွေးသော စိတ်ခံစားမှုများဖြင့် ပြည့်နှက်နေသည်။
သူက စီနီယာအစ်ကိုကို အရင်နှုတ်ဆက်ပြီးမှ ငါ့ကို တွေ့တာလား...
"တံမြက်စည်းကို ခဏလောက် ချထားလိုက်ပါ... ဒီနေ့ မင်း လှည်းစရာ မလိုဘူး..."
"ဒါနဲ့ မင်းက ဓားတာအိုဝင်ရောက်မှု ကို ရရှိခဲ့တယ်လို့ ငါ ကြားထားတယ်..."
စူးချန်ကဲက ထိုသို့ ပေါ့ပေါ့ပါးပါး ပြောဆိုလိုက်ပြီး နင်းဖူယောင်ကို ကျော်ကာ ကျောက်တုံး ထိုင်ခုံတစ်ခုပေါ်တွင် ထိုင်လိုက်သည်။ ထို့နောက် သူက စန်းလင်းကို တစ်ချက်ကြည့်ပြီး ပြောဆိုလိုက်၏။
"ဆရာကြီး... ကျေးဇူးပြုပြီး သက်တောင့်သက်သာနေပါ..."
စန်းလင်းက ခေါင်းညိတ်ပြပြီး စူးချန်ကဲ၏နံဘေးတွင် ထိုင်ရန် လျှောက်လှမ်းသွားခဲ့သည်။
"ဟုတ်ကဲ့ပါ စီနီယာအစ်ကို..."
နင်းဖူယောင်က လိမ္မာစွာ ခေါင်းညိတ်ကာ ပြန်ဖြေလိုက်သည်။ သူမ၏မျက်လုံးများက စူးချန်ကဲကို စိုက်ကြည့်နေပြီး သူမ၏နှလုံးသား နက်ရှိုင်းရာတွင် သူ၏ချီးကျူးမှုကို အနည်းငယ် မျှော်လင့်နေခဲ့သည်။
"ဟင်..."
ရှေးဟောင်း ဓားစိတ်ဝိညာဥ်ထံမှ အံ့အားသင့်သွားသော အသံတစ်သံကို ထုတ်လွှတ်လိုက်၏။
"ဘာဖြစ်လို့လဲ အားချီ..."
နင်ဖူယောင်က သူမ၏စိတ်ထဲတွင် မေးလိုက်သည်။ အားချီမှာ ဓားစိတ်ဝိညာဉ်က သူမကို အသုံးပြုရန် ပြောထားသော နာမည် ဖြစ်ပြီး ဓားစိတ်ဝိညာဉ်ကိုယ်တိုင်တွင် နာမည်မရှိချေ။
"ဒီစူးချန်ကဲက တစ်ခုခုတော့ ထူးဆန်းနေတယ်..."
အားချီ၏လေသံတွင် မယုံကြည်နိုင်မှု အရိပ်အယောင်တစ်ခု ပါဝင်နေသည်။
ရှေးဟောင်းဓား ဟင်းလင်းပြင်အတွင်း၌...
တရားထိုင်နေသော အနက်ရောင်ဝတ်ရုံဝတ် ပုံရိပ်တစ်ခုက ရုတ်တရက် မတ်တတ်ရပ်လိုက်သည်။ သူမ၏ အေးစက်သော မျက်လုံးများတွင် ထူးဆန်းမှု အရိပ်အယောင်တစ်ခု ထွပ်ပေါ်လာပြီး မရေမတွက်နိုင်သော မှော်စာလုံးများက သူမ၏မျက်လုံးသူငယ်အိမ်များအတွင်း၌ လှည့်ပတ်နေပုံရသည်။ သူမသည် သူမ၏စွမ်းအား များအားလုံးကို ဆုံးရှုံးသွားခဲ့သော်လည်း တစ်ချိန်က အထွတ်အထိပ်တွင် ရပ်တည်ခဲ့ဖူးသူတစ်ယောက်ပင်။ သူမ ပိုင်ဆိုင်ထားသော အမြင်အာရုံနှင့်စွမ်းရည်မှာ အောက်ဘုံရှိ မည်သူ့ထက်မဆို များစွာကျော်လွန်နေပြီဖြစ်ရာ စူးချန်ကဲ၏ ခန္ဓာကိုယ်ထဲတွင် စွမ်းအား မည်မျှထိများများ ပါဝင်နေကြောင်းကို သူမ သဘာဝကျကျ မြင်တွေ့နိုင်သည်။
"ရုပ်ခန္ဓာကိုယ်ထဲမှာ ဖုံးကွယ်ထားတဲ့ နတ်ဘုရား စွမ်းအား... သူ့ရဲ့ ကျင့်ကြံဆင့်နယ်ပယ်က စွမ်းအားတစ်ခုခုနဲ့ ဖုံးကွယ်ခံထားရတယ်... ဒါက မွေးရာပါရုပ်ခန္ဓာကိုယ်တစ်ခုခုရဲ့ အရှိန်အဝါလား..."
"သူက နတ်ဘုရားမီးတောက်နယ်ပယ်မှာလား..."
"မဟုတ်ဘူး... တကယ်လို့ သူသာ နတ်ဘုရားမီးတောက်နယ်ပယ်မှာဆိုရင် ဥပဒေသရဲ့အရှိန်အဝါ ရှိနေရမယ်... ဒါပေမဲ့ သူ့မှာ အဲ့ဒါ မရှိဘူး... ဒါက အင်မော်တယ် ရှေးဟောင်းခေတ်က ရုပ်ခန္ဓာကိုယ် နတ်ဘုရားအဖြစ် ပြောင်းလဲခြင်း များလား..."
အခန်း ၇၂:ငါ နားမကန်းပါဘူး... သောက်ကျိုးနည်း... ငါ မင်းရဲ့စကားကို ကြားရတယ်...
"စီနီယာအစ်ကိုက ဘာဖြစ်လို့လဲ..."
နင်ဖူယောင်က သူမ၏စိတ်ထဲတွင် အလျင်အမြန် မေးလိုက်သည်။ သူတို့ အတူတကွ ရှိနေသည်မှာ မကြာသေးသော်လည်း အားချီသည် အေးစက်ပြီး မောက်မာသော ကိုယ်ရည်ကိုယ်သွေးရှိသည့် ထူးကဲသော ဓားစိတ်ဝိညာဉ်တစ်ခု ဖြစ်ခဲ့ဖူးကြောင်းကို သူမ သိထားသဖြင့် သူမကို အလွန် သိချင်စိတ် ဖြစ်ပေါ်စေခဲ့သည်။
"အရင်က ငါ ပြောခဲ့တာတွေကို ငါ ပြန်ရုပ်သိမ်းတယ်... ဒီစူးချန်ကဲက ငါ ထင်ထားသလို သာမန်လူ မဟုတ်ဘူး... သူက မွန်းစတားတစ်ကောင်ပဲ..."
အားချီက ရိုးသားစွာ ပြန်ဖြေလိုက်သည်။
"မွန်းစတား တစ်ကောင်..."
နင်ဖူယောင် အနည်းငယ် ထိတ်လန့်သွားခဲ့သည်။
ထိုအချိန်မှာပင် စန်းလင်း၏ ညင်သာသော အသံက နောက်တစ်ကြိမ် ထွက်ပေါ်လာခဲ့သည်။
"ကောင်မလေး... မင်းရဲ့စီနီယာအစ်ကိုက ဒီနေရာမှာ ရှိနေပြီဆိုတော့ မင်းရဲ့စိတ်ထဲမှာ ရှိတာကို ပြောလိုက်ပါလား... မင်းက ဘာလို့ ဦးလေးလင်းနဲ့အတူ မြောက်ပိုင်းနယ်မြေကို မပြန်ချင်ရတာလဲ..."
"တကယ်လို့ မင်းက စေ့စပ်ထားတဲ့ ကိစ္စအတွက် စိတ်ပူနေသေးတယ်ဆိုရင် အဲ့ဒါကို ဖျက်သိမ်းဖို့ နည်းလမ်းတစ်ခု ရှာပေးမယ်လို့ ဦးလေးလင်းက အသက်နဲ့ အာမခံပါတယ်... ဦးလေးလင်းကို မင်း ယုံကြည်သင့်တယ် မဟုတ်လား..."
"နောက်ပိုင်းမှာ မင်းက ထိုက်ချင်ဂိုဏ်း ဒါမှမဟုတ် မင်းရဲ့စီနီယာအစ်မနဲ့ ဂျူနီယာညီမလေးတွေကို လွမ်းနေမယ်ဆိုရင် မင်း အမြဲတမ်း ပြန်လာလို့ ရပါတယ်..."
ထိုစကားကိုပြောပြီးနောက် စန်းလင်းက နင်ဖူယောင်ကိုကြည့်ကာ ညင်သာစွာ ပြုံးပြလိုက်သည်။
"ဦးလေးလင်း... သမီး..."
နင်ဖူယောင်၏ မျက်နှာပေါ်တွင် အနေရခက်သော အမူအရာတစ်ခု ထွက်ပေါ်လာပြီး သူမ၏ လှပသောမျက်လုံးများတွင် တွေဝေမှုများ ပြည့်နှက်နေသည်။ သူမ ငြင်းဆန်ချင်သော်လည်း ငယ်စဉ်ကတည်းက သူမကို အလိုလိုက်ခဲ့သော ဦးလေးလင်းကို မငြင်းရက်နိုင်ခဲ့ချေ။
အလိုအလျောက်ပင် သူမ၏အကြည့်က စူးချန်ကဲဆီသို့ လှည့်သွားခဲ့သည်။
ဤမသိမသာလှုပ်ရှားမှုက စန်းလင်း၏မျက်ခွံကို တွန့်ကွေးသွားစေခဲ့သည်။
စူးချန်ကဲက ခေါင်းညိတ်လိုက်ပြီး ဂရုမစိုက်သော လေသံဖြင့် ပြောလိုက်၏။
"ဆရာကြီး... ကျွန်တော့်ရဲ့ ဂျူနီယာညီမလေးက မသွားဘူး... ဒါကြောင့် ထပ်မေးနေစရာ မလိုတော့ပါဘူး..."
စန်းလင်း၏ပါးစပ်ထောင့် ချက်ချင်းတွန့်ကွေးသွားသည်။
သူက ငါ့ကို သတိပေးနေတာလား...
ကျွတ်... ကျွတ်... ကျွတ်... တကယ်ကို သူရဲကောင်းတွေက ငယ်ငယ်ရွယ်ရွယ်နဲ့ ပေါ်ထွက်လာကြတာပဲ...
မြောက်ပိုင်းနယ်မြေမှာ ငါ သွားလာနေခဲ့တာ ဒီလောက် ကြာပြီ... အသက်နှစ်ဆယ်ကျော် လူငယ်လေး တစ်ယောက်ရဲ့ သတိပေးတာကို ငါ ခံရတာ ဒါ ပထမဆုံးအကြိမ်ပဲ...
သို့ရာတွင် စန်းလင်းသည် ဒေါသမထွက်ခဲ့ချေ။ သူက ခေါင်းညိတ်လိုက်ရုံသာဖြစ်ပြီး ကူကယ်ရာမဲ့စွာ ပြောဆိုသည်။
"အဲ့ဒါဆိုလည်း ကောင်းပါပြီ..."
ထိုအရာမှာ စူးချန်ကဲ၏သတိပေးချက်က အလုပ်ဖြစ်သွားသောကြောင့် မဟုတ်ဘဲ နင်ဖူယောင်သည် အမှန်တကယ်ကို ပြန်မသွားချင်ကြောင်း စန်းလင်းက သိထားသောကြောင့်ပင်။ စူးချန်ကဲအပေါ် ထားရှိသော သူမ၏အကြည့်မှတစ်ဆင့် သူမကို သူ ဖျောင်းဖျ၍မရနိုင်ကြောင်းကို သူ နားလည်ထားပြီး ဖြစ်သည်။ ထိုအချိန်ကတည်းက သူ လက်လျှော့လိုက်လေပြီ။
မည်သို့ပင်ဆိုစေကာမူ စန်းလင်း၏အမြင်အရ နင်းဖူယောင်သည် အရေးကြီးဆုံးလူတစ်ယောက်ပင်။ ထိုသို့မဟုတ်ပါက သူမ မြောက်ပိုင်းနယ်မြေမှ လွတ်မြောက်ရန် သူ ကူညီပေးခဲ့မည် မဟုတ်ချေ။
သို့ရာတွင်...
သူမကို မြောက်ပိုင်းနယ်မြေသို့ သူ ပြန်မခေါ်သွားနိုင်သဖြင့် နင်ဖူယောင်အတွက် ယုံကြည်စိတ်ချရသော ဓားတာအိုဆရာတစ်ဦးကို သူ ရှာဖွေရပေမည်။ ထိုက်ချင်ဂိုဏ်းမှ လူများထံ၌ သူမကိုသင်ပေးရန် လိုအပ်ချက်များ ရှိနေဆဲပင်။
ကျန်လူနှစ်ဦးသည် စန်းလင်း ဘာတွေးနေသည်ကို မသိခဲ့ကြချေ။
"ဟူး..."
နင်းဖူယောင် ချက်ချင်းစိတ်သက်သာရာ ရသွားပြီး အပြုံးနှင့် ပြောဆိုသည်။
"ကျေးဇူးတင်ပါတယ် ဦးလေးလင်း..."
စူးချန်ကဲကိုလည်း သူမက ကျေးဇူးတင်စွာဖြင့် တစ်ချက် ကြည့်လိုက်သည်...
"အင်း... ဦးလေးလင်းက အရှေ့ပိုင်းနက်နဲသိမ်မွေ့နယ်မြေမှာ ခဏလောက် နေအုံးမှာပါ... တကယ်လို့ မင်း အားရင် ဦးလေးလင်းကို လည်ပတ်ဖို့ ခေါ်သွားပေးပါလား..."
စန်းလင်းက ခပ်ဖျော့ဖျော့ရယ်မောလိုက်ပြီး သူ၏မျက်လုံးများတွင် အလိုလိုက်မှု အရိပ်အယောင်တစ်ခု ပါဝင်နေသည်။ ဤအခွင့်အရေးကို အသုံးပြု၍ နင်ဖူယောင်ကို လမ်းညွှန်ပေးရန် သူ အသုံးပြုနိုင်သည်။
သူသည် ဓားတာအိုတွင် မကျွမ်းကျင်သော်လည်း သူမ ကျင့်ကြံရန် သူ ကူညီပေးနိုင်သည်။
"အဲ့ဒါက ကောင်းတာပေါ့..."
နင်ဖူယောင်က ပျော်ရွှင်စွာ အော်ဟစ်လိုက်၏။
"လည်ပတ်ဖို့..."
"မင်းရဲ့အသက်အရွယ်နဲ့ ကောင်းကင်လှိုဏ်ဂူ နယ်ပယ် ပဉ္စမအဆင့်မှာပဲ ရှိနေတာကို မင်းက ဘယ်လိုလုပ်ပြီး လည်ပတ်ဖို့ အချိန်ရနေတာလဲ..."
"မင်းက ဓားတာအိုမှာ ကောင်းမွန်တဲ့ ပါရမီ ရှိနေသေးတာဆိုတော့ မင်း ပိုပြီးကြိုးစားသင့်တယ်... အခုကစပြီး မင်းကို ငါကိုယ်တိုင် လမ်းညွှန်ပေးမယ်... အင်း... မင်း ဓားပညာ တစ်ခုမှ မသင်ရသေးဘူး မဟုတ်လား... ဒီနေ့ မင်းကို တစ်ခု သင်ပေးမယ်..."
ဤရုတ်တရက် ထွက်ပေါ်လာသော အသံက နင်ဖူယောင်ကို ထိတ်လန့်သွားစေရုံသာမက စန်းလင်းကိုလည်း စိတ်ရှုပ်ထွေးသွားစေခဲ့ပြီး စူးချန်ကဲကို မယုံကြည်နိုင်စွာဖြင့် ကြည့်လိုက်သည်။
"စီ... စီ... စီ... စီနီယာအစ်ကို... ကိုယ်... ကိုယ်... ကိုယ်တိုင် သင်ပေးမှာလား... "
နင်ဖူယောင်သည် ကြောင်အမ်းသွားခဲ့၏။ သူမ၏စကားထစ်ခြင်းများက ပြန်လည်၍ ရောက်ရှိလာခဲ့သည်။
တစ်ချိန်တည်းမှာပင် ဓားစိတ်ဝိညာဉ်၏ အေးစက်သောအသံက မြည်ဟီးလာခဲ့သည်။
"ဟွန့်... သူ့ရဲ့ စိတ်နေစိတ်ထားက အင်မော်တယ် ရှေးဟောင်းခေတ်က မွန်းစတားတွေလိုပဲ မောက်မာတယ်ဆိုတာ သေချာတယ်... သူက စိတ်ထဲ ရှိရာကိုပဲ ပြောနေတာပဲ..."
"သူ့ရဲ့ ဓားတာအို အောင်မြင်မှုက မနေ့က အဲ့ဒီပုရွက်ဆိတ်ထက်တောင် ပိုဆိုးသေးတယ်..."
"သူက မင်းကို ဘာသင်ပေးမှာလဲ..."
"သခင်မ... သူ့ကို ငြင်းဖို့ အကြောင်းပြချက် တစ်ခုခု ရှာလိုက်ပါ..."
"ဒါပေမဲ့ သူ ပြောတာ တစ်ခုတော့ မှန်တယ်... သခင်မရဲ့ လက်ရှိခွန်အားက အရမ်နိမ့်လွန်းတယ်... ပြီးတော့ သခင်မက ပိုပြီးကြိုးကြိုးစားစား ကျင့်ကြံဖို့ လိုတယ်..."
"ဒီကောင်လေးက..."
စန်းလင်းက စူးချန်ကဲကို ကြောင်အမ်းအမ်းဖြင့် စိုက်ကြည့်နေပြီးနောက် ရှေ့တိုးလာကာ သူ့ဆီသို့ ကိုင်းညွတ်ပြီး တီးတိုးမေးမြန်းလိုက်သည်။
"တာအိုရောင်းရင်း... မင်း တကယ် ပြောနေတာလား..."
【ဒင်... လက်ခံသူက ဂျူနီယာညီမလေး နင်ဖူယောင်ကို အနေရခက်တဲ့ အခြေအနေကနေ လွတ်မြောက်အောင် ကူညီပေးနိုင်ခဲ့ပြီးတော့ သူ့ရဲ့ နှလုံးသားကို အောင်မြင်စွာ နွေးထွေးပေးနိုင်ခဲ့ပါတယ်... ဆုလာဘ် ကျင့်ကြံခြင်းတစ်လ】
【စုဆောင်းထားသော ကျင့်ကြံခြင်း အတွေ့အကြုံ....တစ်လ】
စူးချန်ကဲက ခေါင်းညိတ်လိုက်ပြီး သူ၏စိတ်ထဲမှ စနစ်၏ ဆုလာဘ်ကို ပေါ့ပေါ့ပါးပါး ဖယ်ရှားလိုက်ကာ တွေးတောလေသည်။
သူက တာအိုကို မျှဝေပေးနေသည်ဖြစ်ရာ ဤအတိုင်း လျှောက်လုပ်နေ၍ မရချေ။ အကယ်၍ သင်ကြားမှုက စနစ်၏လိုအပ်ချက်များနှင့် မကိုက်ညီပါက မည်သို့လုပ်မည်နည်း...
သူ့ထံတွင် ဓားပညာရပ်နှစ်ခုသာ ရှိသည်။ ဤသည်မှာ ထိုက်ချင်ဓားပညာရပ်နှင့် ကောင်းကင်ကွပ်မျက် ဓားဆွဲထုတ်ခြင်းနည်းစနစ်ပင်။ စူးချန်ကဲက ဒုတိယတစ်ခုကို နင်ဖူယောင်ထံ လက်ဆင့်ကမ်းပေးလိုသော်လည်း ကံမကောင်းစွာဖြင့် ဤဓားတာအို နတ်ဘုရားစွမ်းရည်မှာ သူ့နတ်ဘုရားစိတ်ဝိညာဉ်၏ နက်ရှိုင်းသော နေရာတွင် ရေးထိုးထားပြီး ကန့်သတ်ချက်များ ရှိနေသဖြင့် သူ တစ်ဦးတည်းသာ ထိုစွမ်းရည်ကို ကျင့်ကြံနိုင်သည်။
ထိုက်ချင်ဓားပညာရပ် အတွက်ကမူ ဤသည်က အနည်းငယ် သာမန်ဆန်လွန်းပေ၏။ ထို့ပြင် ထိုက်ချင်တပည့်တိုင်း ထိုအရာကို သင်ယူနိုင်သည်။ ရိုးရိုးသားသား ပြောရလျှင် ထိုအရာကို နင်ဖူယောင်အား သင်ပေးရန် သူ့ထံတွင် မျက်နှာမရှိချေ။
စူးချန်ကဲသည် နောက်ပြောင်နေခြင်း မဟုတ်ကြောင်း မြင်သောအခါ စန်းလင်း၏အမူအရာကလည်း တည်ကြည်လေးနက်လာပြီး ပြောဆိုသည်။
"တာအိုရောင်းရင်းစူး... တာအိုကို မျှဝေပေးတယ်ဆိုတာ သေးငယ်တဲ့ ကိစ္စ မဟုတ်ပါဘူး... မင်းက ထူးကဲတဲ့ ပါရမီရှိပြီး လက်ဖက်ရည်တာအိုမှာ ထူးခြားတဲ့ ကောင်းချီးတွေ ရရှိထားတယ်ဆိုတာကို ဒီအဖိုးကြီးက ဝန်ခံပါတယ်... ဒါပေမဲ့ နောက်ဆုံးမှာတော့ ဒါတွေက လုံးဝမတူညီတဲ့ လမ်းစဉ်နှစ်ခုပဲ..."
"ဖူယောင်ကို ဓားပညာ သင်ပေးချင်တဲ့ တာအိုရောင်းရင်းစူးရဲ့ ကိစ္စနဲ့ ပတ်သက်ပြီးတော့ စိတ်မပူပါနဲ့... ဖူယောင်က မင်းရဲ့ လေးစားအပ်တဲ့ ဂိုဏ်းမှာ နေဖို့ ဆုံးဖြတ်လိုက်ပြီဆိုတော့ ဆရာကြီးရွှမ်ကျိ ပေးထားတဲ့ကတိက အသက်ဝင်လာလိမ့်မယ်... ဖူယောင်က မှော်အက္ခရာရေးထိုးခြင်းနယ်ပယ်ထဲကို ခြေချလိုက်တာနဲ့ ထိုက်ချင်ဓားသင်္ချိုင်းကို တစ်ကြိမ်ဝင်ရောက်ခွင့် အထူး ချွင်းချက်အနေနဲ့ ခွင့်ပြုပေးမှာပါ..."
"ထိုက်ချင်ဓားသင်္ချိုင်း" ဟူသော စကားလုံးကို ကြားလိုက်ရသောအခါ စူးချန်ကဲ၏မျက်လုံးများ ချက်ချင်းတောက်ပလာခဲ့သည်။ သူက မတ်တတ်ထရပ်ပြီး ပြောလိုက်သည်။
"ငါ အခု အားတယ်... ငါနဲ့ လိုက်ခဲ့..."
ဟုတ်တယ်လေ...
ထိုက်ချင်ဓားသင်္ချိုင်း...
အဲ့ဒီအထဲမှာ ထိုက်ချင်ဂိုဏ်းရဲ့ တည်ထောင်သူ ဘိုးဘေး ဓားအင်မော်တယ်လျှို ချန်ထားခဲ့တဲ့ ဓားကျောက်စာတိုင် ရှိတယ်မဟုတ်လား... အဲ့ဒါက ဂိုဏ်းရဲ့အမြင့်မြတ်ဆုံး ရတနာလေ... ဒါက ပြီးပြည့်စုံတာ မဟုတ်ဘူးလား...
ထိုက်ချင်ဓားသင်္ချိုင်း၏ စည်းမျဉ်းများအတွက်မူ စူးချန်ကဲ၏အမြင်အရ ထိုအရာများမှာ အိတ်ကပ်ထဲမှ တစ်ခုခုကို ထုတ်ယူသကဲ့သို့ လွယ်ကူလှသည်။ ပထမအချက်မှာ နတ်ဘုရားချဉ်းကပ်ခြင်းစေတီ၏ အမြင့်ဆုံးအထပ်သို့ ရောက်ရှိပြီး သူတော်စင်သားတော် ဖြစ်လာရန်ပင်။ ဒုတိယအချက်ကမူ ဂိုဏ်းခေါင်းဆောင်၏ အထူးခွင့်ပြုချက် သို့မဟုတ် တောင်ထိပ်ကိုးခုမှ တောင်ထိပ်သခင်များ၏ ပူးတွဲဆုံးဖြတ်ချက်ကို ရယူရန်ပင်။
နတ်ဘုရားချဉ်းကပ်ခြင်း စေတီမှာ ဘာမှမဟုတ်ချေ။ ယခု ထိုနေရာသို့သွားခြင်းက သူ့အတွက် ကလေးကစားစရာအလား ဖြစ်နေမည် မဟုတ်လော...
သူ သူတော်စင်သားတော် ဖြစ်လာသည်ဖြစ်စေ ဖြစ်မလာသည်ဖြစ်စေ ကိစ္စမရှိချေ။ ဓားသင်္ချိုင်းသို့ သွားနိုင်သရွေ့ အဆင်ပြေပေ၏။
သေချာသည်မှာ အပျက်အစီးနယ်မြေမှကိစ္စ ပျံ့နှံ့သွားကတည်းက စန်းလင်းပင်လျှင် ထိုအကြောင်းကို သိနေသဖြင့် ထိုက်ချင်ဂိုဏ်းကလည်း သဘာဝကျကျပင် သိနေပေလိမ့်မည်။ ထိုကြောင့် ဤကဲ့သို့ ယုံကြည်မှုမျိုး သူ့ထံတွင် ရှိနေခြင်း ဖြစ်သည်။ ဆရာကြီးရွှမ်ကျိသာ မမိုက်မဲပါက စူးချန်ကဲအတွက် နောက်ဖေးပေါက် တစ်ခုကို သေချာပေါက် ဖွင့်ပေးပေလိမ့်မည်။
"အာ..."
နင်းဖူယောင်မှာ လုံးဝစိတ်ရှုပ်ထွေးနေဆဲဖြစ်ပြီး စူးချန်ကဲကို ကြည့်ကာ နားမလည်စွာ မေးလိုက်သည်။
."စီ... စီ... စီနီယာအစ်ကို... ငါတို့ ဘယ်သွားကြမလို့လဲ..."
"သခင်မ... သူ့ကို တိုက်ရိုက်သာ ငြင်းလိုက်ပါ... ဘာလို့ သူနဲ့ အချိန်ဖြုန်းနေမှာလဲ..."
အားချီက အေးစက်စွာ အသံလွှင့်ကာ ပြောဆိုလိုက်၏။
"ငါ... ငါ မလုပ်ရဲဘူး..."
နင်ဖူယောင်က သူမ၏စိတ်ထဲတွင် ပြန်ဖြေလိုက်သည်။
"..."
အားချီ...
အနီးအနားတွင် မတ်တတ်ရပ်နေသော စန်းလင်းကလည်း မတ်တတ်ထရပ်လာပြီး အဖြေကို မကြားရမချင်း စူးချန်ကဲကို စိတ်ရှုပ်ထွေးမှုများဖြင့် ကြည့်နေခဲ့သည်။ စူးချန်ကဲ၏အဖြေက သူ့ကို ကြောင်အမ်းသွားစေခဲ့သည်။
"ထိုက်ချင်ဓားသင်္ချိုင်း..."
တစ်ချိန်တည်းမှာပင်...
ထိုက်ချင် ခန်းမ...
ပုံရိပ်ရှစ်ခုက မရပ်မနား စကားများနေကြသည်။ ဂိုဏ်းခေါင်းဆောင်နှင့် ချောက်ကမ်းပါးမဲ့အဖိုးအိုမှလွဲ၍ တောင်ထိပ်သခင်အားလုံး ဤနေရာသို့ ရောက်ရှိနေကြသည်။
"ခေါင်းဆောင်ရွှမ်ကျိ...ခင်ဗျား သိလား..."
"လက်ဖက်ရည်တာအို ပြီးပြည့်စုံခြင်းအဆင့်... အပျက်အစီးနယ်မြေထဲမှာ လူတိုင်းကို ဖယ်ရှားပစ်ခဲ့တာ... သစ်တော်သီးကျောက်စိမ်းရသေ့ပညာရှင်ကို ပါးဖြတ်ရိုက်ခဲ့တာ... နတ်ဘုရားမျိုးနွယ်စုကို သူတစ်ယောက်တည်း ဖိနှိပ်ခဲ့တာ... ရန်သူအားလုံးကို ဖယ်ရှားဖို့ ဟင်းလင်းပြင်ထဲမှာ မှော်စာလုံးတွေကို စုစည်းခဲ့တာ... ပြီးတော့ သူက အပျက်အစီးနယ်မြေရဲ့ နက်ရှိုင်းတဲ့နေရာမှာ နတ်ဘုရားမီးတောက်ကို ထွန်းညှိခဲ့တာ ဖြစ်နိုင်တယ်..."
"သူက လူ ဟုတ်သေးရဲ့လား..."
"အဲ့ဒါက အတုပဲ ဖြစ်ရမယ်..."
"ခေါင်းဆောင်... ခင်ဗျား သိလား..."
ဆရာကြီးရွှမ်ကျိသည် လူဝကြီး၏ဆက်တိုက်ပြောဆိုမှုကြောင့် ခေါင်းကိုက်လာပြီး ကျိန်ဆဲခြင်းကို အောင့်အည်းမထားနိုင်တော့ချေ။
"ငါ နားမကန်းပါဘူး... သောက်ကျိုးနည်း... ငါ မင်းရဲ့စကားကို ကြားရတယ်..."
သို့ရာတွင် သူသည် ပုံမှန်တည်ငြိမ်မှုသို့ လျင်မြန်စွာ ပြန်လည်ရောက်ရှိသွားသည့်တိုင် သူ၏ နှလုံးသားတွင် ကြီးမားသော အံ့အားသင့်မှုများဖြင့် ပြည့်နှက်နေသည်။
"အဲ့ဒီကောင်လေးဝမ်ကန်း ပြောတာ တကယ်ပဲ မှန်နေတာလား..."
"ဒီနဝမတောင်ထိပ်က တကယ့်ကို ထူးဆန်းတာပဲ... အဓိပ္ပာယ်မရှိတဲ့ ကိစ္စတွေ တစ်ခုပြီးတစ်ခု ဖြစ်နေတာပဲ... အဓိပ္ပာယ်မရှိဆုံး ကိစ္စကတော့ ဒီကောင်လေးပဲ... ငါက စီနီယာ တစ်ယောက် မဟုတ်ဘူးလား... ဆက်သွယ်ရေးကျောက်စိမ်းပြားပေါ်မှာ မင်းကို မိတ်ဆွေအဖြစ် ထည့်ဖို့ ငါ ကိုးဆယ့်ခုနစ်ကြိမ်တောင် ကြိုးစားခဲ့တာကို မင်းက အခုထိ လက်မခံသေးဘူး မဟုတ်လား..."
အော်ဟစ်ခံရသော လူဝကြီးမှာ မတုန်မလှုပ် ဖြစ်နေပုံရသည်။ သူက တည်ကြည်လေးနက်သော အမူအရာကို ပြသကာ ပြောဆိုလိုက်၏။
"နည်းနည်းလောက် ချဲ့ကားထားတာ ရှိရင်တောင်မှ လူအများကြီးက ဒီလိုပဲ ပြောနေတာဆိုတော့ အနည်းဆုံးတော့ ဒီကောင်လေးမှာ တကယ့်ကို ကြောက်စရာကောင်းတဲ့ ခွန်အား ရှိတယ်ဆိုတာကို သက်သေပြနေတာပဲ... အနည်းဆုံးတော့ လက်ဖက်ရည်တာအို ပြီးပြည့်စုံခြင်းအဆင့်က အတည်ပြုပြီးသားပဲ မဟုတ်လား... တတိယ အစ်ကို..."
အံ့အားသင့်မှုများ မျက်နှာပေါ်တွင် ကျန်ရစ်နေဆဲဖြင့် အောက်တွင် ထိုင်နေသော လီချင်းဖုန်း က ခေါင်းညိတ်ပြပြီး ပြောဆိုသည်။
"မှန်ပါတယ်... ပြီးတော့ ငါ ထပ်ဖြည့်ပြောချင်တာက အဋ္ဌမ အစ်ကို... ငါ မင်းကို ကိုးကြိမ်တောင် ပြောပြီးပြီလေ... မင်း ငါ့ကို ထပ်ခါတလဲလဲ မေးနေစရာ မလိုပါဘူး..."
သူ၏ဘယ်ဘက်ရှိ ယောင်ရှင်းယဲ့မှာ စတင်၍ အထိတ်တလန့် ဖြစ်လာခဲ့သည်။
'သောက်ကျိုးနည်း... ဆရာ့ရဲ့ပါရမီက အရမ်းကို မွန်းစတားဆန်လွန်းတယ်... လက်ဖက်ရည်တာအိုကလည်း ပြီးပြည့်စုံခြင်းအဆင့်မှာလား... ငါ ဘာလုပ်ရမလဲ... လီချင်းဖုန်းက လက်ဖက်ရည်တာအို အရူးတစ်ယောက်ဖြစ်ပြီးတော့ ထိုက်ချင် လက်ဖက်ရည်ပွဲမှာ ဆရာနဲ့သူက ဆက်ဆံရေး တစ်ခု တည်ဆောက်ပြီးပြီလေ... တကယ်လို့ သူကလည်း ဆရာ့နောက်ကို လိုက်ပြီး သင်ယူချင်တယ်ဆိုရင် ငါက ပိုပြီးတောင် အရေးမပါတော့ဘူး မဟုတ်လား..."