အခန်း (၆၅-၆၆)
Vol. 7 Ch. 65-66
65
ရှောင်ရှီးမင်းကြီး၏ ထက်မြိသော နှုတ်သီးမှာ နီရဲစွာတောက်ပနေပြီး သူ၏ အမွေးအမှောင်များမှာလည်း မြားတံများအလား ထောင်မတ်နေသည်။
"ဘာလို့ မရရမှာလဲ "
ထိုသက်လတ်ပိုင်း အမျိုးသားကို ဤကမ္ဘာလောကမှ တိတ်တဆိတ် ပျောက်ကွယ်သွားအောင် လုပ်ဖို့ဆိုသည်မှာ စိတ်ကူးကြည့်ရုံဖြင့်ပင် အလွန်လွယ်ကူလှသည့်ကိစ္စဖြစ်ရာ စုဟယ်က သူ့ကို ဘာကြောင့် တားဆီးနေရသနည်း။
စုဟယ်သည် စိတ်ထဲမှ သက်ပြင်းတစ်ချက်ကို အသာအယာ ချလိုက်မိသည်။ ကလေးတစ်ယောက်ကို ပြုစုပျိုးထောင်ရသည့် လမ်းခရီးသည် ရှည်လျားခက်ခဲလှသည်ဟု သူမ ခံစားလိုက်ရ၏။
သူမ၏ အတွေးများမှာ အမျိုးမျိုးသော ဖြစ်နိုင်ခြေများဆီသို့ လျှပ်စီးကဲ့သို့ ပြေးလွှားနေပြီး ရှောင်ရှီးမင်းကြီးကို နားဝင်အောင် ပြောနိုင်မည့် အကျိုးအကြောင်းအမျိုးမျိုးကို စိတ်ထဲတွင် အမြန်ရွေးချယ်နေမိသည်။ ခြေသုံးချောင်းရွှေကျီးကန်း ရှောင်ရှီးမင်းကြီးသည် စနစ်၏ ချုပ်ကိုင်မှုကို ခံထားရသဖြင့် စုဟယ်၏ အသက်အန္တရာယ်ကိုမူ ခြိမ်းခြောက်လိမ့်မည်မဟုတ်ပေ။ ထို့အပြင် သူသည် အဆင့်တက်လှမ်းလိုသဖြင့် တည်းခိုခန်းရှိ ဧည့်သည်များအပေါ်တွင်လည်း ပိုမိုသည်းခံတတ်၏။ စုဟယ်နှင့် ဧည့်သည်များမှလွဲ၍ ကျန်ရှိသည့်အရာအားလုံးတွင်မူ ရှောင်ရှီးမင်းကြီး အတွက်အရေးမပါလှပေ။
စနစ်သည် ၎င်းနှင့် ချိတ်ဆက်ထားသော အိမ်ရှင်ဖြစ်သူ စုဟယ်ကို ကာကွယ်ပေးသည်မှအပ ကတ်ပြားထဲမှ ထွက်လာသော ဇာတ်ကောင်များအပေါ်တွင် အခြားသော ကန့်သတ်ချက်များ သိပ်မရှိလှပေ။ ရှောင်ရှီးမင်းကြီးမှာမူ မိမိကိုယ်ကိုယ် ကန့်သတ်ချုပ်ချယ်မည့်သူ မဟုတ်သည်မှာ ကျိန်းသေသည်။ ပုရွက်ဆိတ်များ မြေပြင်ပေါ်တွင် တရွရွသွားလာနေသည့်အခါ လူသားများသည် ထိုသတ္တဝါလေးများကို သတိထားမိလေ့မရှိကြပေ။
လူတို့သည် ပုရွက်ဆိတ်များနှင့် အေးချမ်းစွာ အတူယှဉ်တွဲနေထိုင်ကြသော်လည်း၊ ပုရွက်ဆိတ် အနည်းငယ်ကို မတော်တဆ နင်းမိသွားလျှင်လည်း ထိုသတ္တဝါလေးများ၏ ကံဆိုးမှုဟုသာ သတ်မှတ်ကြသည်။ သို့သော်လည်း ပုရွက်ဆိတ်တစ်ကောင်က အသိတရားမဲ့စွာဖြင့် လူတို့၏ ထမင်းပန်းကန်ထဲသို့ တက်လာပါက လူတို့သည် မည်သည့် အပြစ်ရှိစိတ်မှ မရှိဘဲ ထိုပုရွက်ဆိတ်ကို လက်ချောင်းများဖြင့် ဖိခြေသတ်ပစ်ကြလိမ့်မည်။
ကောင်းကင်နှင့် မြေကြီးသည် သနားညှာတာမှု ကင်းမဲ့လှသည်။ မြင့်မြတ်လှသော ခြေသုံးချောင်းရွှေကျီးကန်း ရှောင်ရှီးမင်းကြီး၏ အဆင့်အတန်းအရဆိုလျှင် သာမန်လူသားများမှာ ပေါင်းပင်များ၊ ပုရွက်ဆိတ်များသဖွယ်သာ ဖြစ်သည်။ လူတို့သည် ပုရွက်ဆိတ်ကို နင်းမိ၍ အပြစ်ရှိစိတ် မခံစားရသကဲ့သို့၊ ရှောင်ရှီးမင်းကြီးသည်လည်း အပြစ်ရှိစိတ်ဆိုသည့် ခံစားချက်မျိုးကို မည်သို့ ခံစားရပါမည်နည်း။
ယခုလည်း ဤသို့ပင်၊ အတိတ်ကလည်း ဤသို့ပင် ဖြစ်ခဲ့သည်။ ထို့ကြောင့်လည်း ရှောင်ရှီးမင်းကြီးသည် သူ၏ ညီနောင်များနှင့်အတူ မည်သည့်အရာကိုမျှ ဂရုမစိုက်ဘဲ ကောင်းကင်ယံတွင် ပေါ်ထွက်လာခဲ့ခြင်း ဖြစ်သည်။ နေမင်းဆယ်စင်း ကောင်းကင်တွင် ပြိုင်တူထွန်းလင်းခဲ့စဉ်က လူသားများ အပြင်းအထန် ဒုက္ခရောက်ခဲ့ကြသော်လည်း ခြေသုံးချောင်းရွှေကျီးကန်းများမှာမူ ထိုပုရွက်ဆိတ်လေးများ၏ အသက်ကို လုံးဝ ဂရုမစိုက်ခဲ့ကြပေ။ သူနှင့် သူ၏ ညီနောင်များကို ဟုန်ယိက ပစ်ချလိုက်ပြီးနောက်တွင်ပင် သူတို့က သူတို့ကိုယ်သူတို့ အပြစ်ကင်းစင်သည်ဟု ထင်နေကြဆဲဖြစ်၏။ သူတို့သည် ဟုန်ယိကို အနိုင်မတိုက်နိုင်လောက်အောင် စွမ်းဆောင်ရည်မပြည့်ဝ၍သာ ကျရှုံးခဲ့ရသည်ဟု တွေးတောကြလိမ့်မည်။ သူတို့လုပ်ရပ်ကြောင့် လူအများသေကျေခဲ့သည့်အတွက် ဝဋ်လည်၍ သေဆုံးရခြင်းဖြစ်သည်ဟု မည်သည့်အခါမှ ယုံကြည်မည်မဟုတ်ပေ။
နတ်ဘုရားများနှင့် လူသားများကြားတွင် ခြားနားချက်ရှိသည်ကို စုဟယ် အမြဲတမ်း သိထားသည်။ ရှောင်ရှီးမင်းကြီး၏ အတွေးအခေါ်များသည် သာမန်လူသားဖြစ်သော သူမနှင့် ကွာခြားနေခြင်းမှာ ပုံမှန်ပင်ဖြစ်၏။ ရှောင်ရှီးမင်းကြီးက သူမ၏ စကားကို တစ်သဝေမတိမ်း နားထောင်လိမ့်မည်ဟု သော်လည်းကောင်း၊ ခြေသုံးချောင်းရွှေကျီးကန်း တစ်ကောင်၏ စိတ်ကို ပြောင်းလဲနိုင်လိမ့်မည်ဟု သော်လည်းကောင်း သူမ မျှော်လင့်မနေပါ။
ပုံမှန်ရက်များတွင် သူမသည် သူ့ကို အကျိုးအမြတ်များဖြင့် ဆွဲဆောင်နိုင်သည်။ ကံကောင်းသည်မှာ ရှောင်ရှီးမင်းကြီး၏ စိတ်ပိုင်းဆိုင်ရ အသက်အရွယ်မှာ အလွန်မကြီးသေးဘဲ စိတ်နေစိတ်ထားမှာ ဖြူစင်လှကာ၊ အဆင့်တက်ဖို့ ဝေဖန်ချက်ကောင်းများ ရရှိရေးကိုသာ အာရုံစိုက်နေပြီး ပြဿနာများကို တမင်လိုက်ရှာနေသူ မဟုတ်ခြင်းပင်။
ထို့ကြောင့် သူသည် တည်းခိုခန်းရှိ လူများနှင့် အဆင်ပြေပြေ နေထိုင်နိုင်ခဲ့ခြင်း ဖြစ်သည်။
ရှောင်ရှီးမင်းကြီးက ထိုသက်လတ်ပိုင်း အမျိုးသားကို နှုတ်ပိတ်ပစ်ရန် အကြံပြုခဲ့ပြီးနောက် စုဟယ်အနေဖြင့် လက်ခံလိုက်ရုံဖြင့် ပြဿနာကို အမြစ်ပြတ် ဖြေရှင်းနိုင်ပေသည်။ သူမအနေဖြင့် ဘာမှမသိသလို ဟန်ဆောင်ကာ ရှောင်ရှီးမင်းကြီးကို လွှတ်ထားပေးလိုက်ရုံဖြင့် သူမ၏ စိုးရိမ်မှုများကို အလွယ်တကူ ဖယ်ထုတ်ပစ်နိုင်မည် ဖြစ်၏။ ထိုအခါ ရှောင်ရှီးမင်းကြီးသည် ကိုယ်တိုင် ပြေးထွက်သွားပြီး ထိုအမျိုးသားကို သတ်ပစ်လိမ့်မည်။
ရှောင်ရှီးမင်းကြီး၏ ကိုယ်ပိုင်လုပ်ရပ်မှာ စုဟယ်နှင့် လုံးဝမသက်ဆိုင်သကဲ့သို့ ဖြစ်သွားမည်ဖြစ်ပြီး၊ စုဟယ်အနေဖြင့် ထိုသက်လတ်ပိုင်း အမျိုးသားဆိုသူမှာ ဤလောကတွင် ဘယ်တုန်းကမှ မရှိခဲ့သလိုသာ ဟန်ဆောင်နေရန် လိုအပ်သည်။ လူ့အသက်တစ်ချောင်းအတွက် တာဝန်မယူရဘဲ ရှောင်လွှဲရန် အလွန်ကောင်းမွန်သော နည်းလမ်းပင်။
သို့သော် စုဟယ်သည် သူမ၏ ကိုယ်ကျင့်တရား စံနှုန်းကို မချိုးဖောက်လိုပါ။ မကောင်းသောမှတ်ချက်ပေးရုံနှင့် လူတစ်ယောက်ကို သတ်ပစ်ခြင်းမှာ အလွန်ပင် ကြောက်မက်ဖွယ်ကောင်းလှသည်။ အကယ်၍ သူမသည် ထိုကဲ့သို့ လုပ်ဆောင်ခြင်း၏ အရသာကို တစ်ခါမြည်းစမ်းမိသွားပါက၊ ရှေ့ကလက်ကိုပင် မမြင်ရလောက်အောင် မှောင်မိုက်သော ချောက်နက်ထဲသို့ တဖြည်းဖြည်း ကျဆင်းသွားပြီး လူသတ်ခြင်းကို သာမန်ကိစ္စတစ်ခုအဖြစ် သဘောထားသွားမည် မဟုတ်ပါလား။ ထိုအချိန်ကျလျှင် သူမသည် သူမကိုယ်တိုင် ဖြစ်နေဦးပါ့မလား။
စုဟယ်သည် ရှောင်ရှီးမင်းကြီးကို အမိန့်ပေးသည့် လေသံမျိုး သို့မဟုတ် ခြိမ်းခြောက်သည့် လေသံမျိုးဖြင့်လည်း မပြောလိုပေ။ ထိုသို့လုပ်ဆောင်ခြင်းက လူသားနှင့် ကျီးကန်းကြားတွင်ရှိသော အကန့်အသတ်ရှိလှသည့် သံယောဇဉ်ကို ပျက်စီးစေရုံသာမက ရှောင်ရှီးမင်းကြီးကိုလည်း ပို၍ ပုန်ကန်ချင်စိတ် ပေါက်စေလိမ့်မည်။ ရှောင်ရှီးမင်းကြီးဆိုသည့် ဤကလေးမှာ ငယ်ငယ်ကတည်းက စကားနားမထောင်သူ မဟုတ်ပါလား။ ရှီဟယ်နှင့် တီကျွင်းတို့မှာ သူတို့သားဆယ်ယောက်ကို တာဝန်အလှည့်ကျ ထမ်းဆောင်ရန်ပြောခဲ့သော်လည်း၊ ထိုခြေသုံးချောင်းရွှေကျီးကန်းဆယ်ကောင်မှာ သူတို့မိဘများစကားကို လုံးဝအလေးမထားဘဲ လျှောက်သွားခဲ့ကြသည်။ မလုပ်နဲ့ဟု တားမြစ်လေလေ ပို၍ လုပ်ချင်လေလေ ဖြစ်ခဲ့ကြ၏။
စုဟယ်သည် ရှောင်ရှီးမင်းကြီးနှင့် ဆက်ဆံရာတွင် သင့်တော်သော နည်းလမ်းတစ်ခုကို ရှာဖွေရန် လိုအပ်နေသည်။ စိန်ခေါ်မှုတိုင်းသည် အခွင့်အလမ်းတစ်ခုပင်။ စုဟယ်၏ ဉာဏ်မှာ ချောင်းငယ်မှ သမုဒ္ဒရာထဲသို့ ကူးခတ်သွားသော ငါးတစ်ကောင်အလား ပိုမို ထက်မြက်လာပြီး၊ မည်သည့်အခါမှ အရှုံးမပေးဘဲ ရပ်တန့်မသွားပေ။ သူမ အကြံရသွားပြီ။
စုဟယ် အသာချောင်းဟန့်လိုက်ပြီး သူမ၏ မျက်နှာပေါ်ရှိ ထိတ်လန့်မှုများကို မကျေနပ်သည့် အမူအရာအဖြစ် ပြောင်းလဲလိုက်သည်။
"ရှောင်ရှီးမင်းကြီး မလုပ်ပါနဲ့ "
ရှောင်ရှီးမင်းကြီးမှာ အချိန်မရွေး အပြင်သို့ ပြေးထွက်ကာ ဖျက်ဆီးပစ်တော့မည့် အသွင်ရှိနေသည်ကို မြင်သောအခါ၊ စုဟယ်က ရှောင်ရှီးမင်းကြီးထက်ပင် ပို၍ မကျေမနပ်ဖြစ်နေသည့် အမူအရာကို ပြသလိုက်သည်။
"သူ့ကို အဲ့ဒီလို မီးရှို့သတ်လိုက်တာက သူ့အတွက် အရမ်းသက်သာလွန်းတယ် မထင်ဘူးလား "
ရှောင်ရှီးမင်းကြီးသည် သူ၏ အတောင်ပံများကို ပြန်ရုပ်လိုက်ပြီး ခေါင်းကို စောင်းကာ စုဟယ်၏ မျက်နှာပေးကို ကြည့်လိုက်သည်။ သူမ သူ့ကို နောက်တစ်ခါ လှည့်စားဖို့ ကြိုးစားနေပြန်ပြီလားဟု စစ်ဆေးနေခြင်း ဖြစ်၏။ စုဟယ် မေးခွန်းထုတ်လိုက်သည်။
"ရှောင်ရှီးမင်းကြီး စဉ်းစားကြည့်ပါဦး၊ ခုနက ပန်းကန်ထဲက ပေါက်စီကို ရှောင်ရှီးမင်းကြီး မီးရှို့လိုက်တာကို ဒီကမ္ဘာပေါ်မှာ ဘယ်သူသိလဲ "
ရှောင်ရှီးမင်းကြီးသည် သူမ ဘာကြံစည်နေသည်ကို မသိသဖြင့် သူ၏ ခြေထောက်ဖြင့် ပန်းကန်လုံးကို စိတ်မရှည်စွာ ခေါက်နေသည်။ သို့သော် စုဟယ် ဘာပြောမလဲဆိုသည်ကိုမူ စိတ်ဝင်စားနေသဖြင့် သူက ပြန်ဖြေလိုက်၏။
"ငါရယ်၊ မင်းရယ်၊ ဝေရယ်၊ ဟုန်ရယ်၊ ဒါပဲလေ"
ရှောင်ရှီးမင်းကြီးက ဆက်လက်ပြောဆိုရန် ဆန္ဒရှိနေသေးသည်ကို မြင်သောအခါ စုဟယ်သည် သူ့ကို နားဝင်အောင် ပြောနိုင်ရန် ပို၍ ယုံကြည်မှု ရှိလာသည်။
"ဟုတ်တယ်လေ၊ ဒီလောကထဲက ပေါက်စီတစ်လုံး ပျောက်သွားတာကို လူလေးယောက်ပဲ သိတာ၊ စဉ်းစားကြည့်ပါဦး၊ တခြားသူတွေအတွက်တော့ အဲ့ဒီပေါက်စီက သူတို့ပါးစပ်ထဲလည်း မရောက်ဘူးဆိုတော့ သူတို့လည်း ဂရုစိုက်မှာ မဟုတ်ဘူး၊ အဲ့ဒီပေါက်စီက သူတို့အတွက် လုံးဝ အရေးမပါဘူး၊ သူတို့ဘဝကိုလည်း ဘာမှ ထိခိုက်မှု မရှိဘူး မဟုတ်လား"
စုဟယ်က သူ့ကို တစ်ဆင့်ချင်း လမ်းညွှန်ပေးလိုက်သည်။ ရှောင်ရှီးမင်းကြီးသည် စုဟယ်ကို ခေတ္တမျှ စိုက်ကြည့်ပြီးနောက် ခေါင်းညိမ့်လိုက်၏။
"ရှောင်ရှီးမင်းကြီး ကြည့်ပါဦး၊တကယ်လို့ အဲ့ဒီသက်လတ်ပိုင်း အမျိုးသားက တိတ်တဆိတ် သေသွားခဲ့ရင် တခြားသူတွေအတွက်တော့ ကမ္ဘာပေါ်က ပေါက်စီတစ်လုံး ပျောက်သွားသလိုပဲ၊ ဘာမှ ထိခိုက်မှု ရှိမှာ မဟုတ်ဘူး၊ သူသေသွားပေမဲ့ သူပေးခဲ့တဲ့ မကောင်းတဲ့မှတ်ချက်တွေက ပျောက်မသွားဘူး မဟုတ်လား၊ အဲ့ဒီစက်ဆုပ်ဖွယ် ပေါက်စီက ဟဲယဲ့တည်းခိုခန်းအပေါ်မှာ ဘာတွေလုပ်ခဲ့လဲဆိုတာကို တခြားသူတွေ သိမှာမဟုတ်သလို၊ ဟဲယဲ့တည်းခိုခန်းရဲ့ နာမည်ကိုလည်း ပြန်ပြီး ရှင်းပေးနိုင်မှာ မဟုတ်ဘူးလေ"
စုဟယ်က နောက်ထပ် မေးခွန်းတစ်ခု ထပ်မေးလိုက်သည်။ သူမ၏ မျက်လုံးများမှာ ရှောင်ရှီးမင်းကြီးကို မျှော်လင့်ချက်အပြည့်ဖြင့် ကြည့်နေသည့် တောက်ပသော ကြယ်ပွင့်လေးများအလား ကြည်လင်နေတော့၏။ ရှောင်ရှီးမင်းကြီးသည် စုဟယ်၏ အတွေးနောက်သို့ လိုက်ပါကာ စဉ်းစားကြည့်ရာ အတော်ပင် အဓိပ္ပာယ်ရှိသည်ဟု ထင်လာသည်။ သူက ဖြည်းညင်းစွာ ခေါင်းညိမ့်လိုက်၏။ ထို့နောက် စုဟယ်၏ မျှော်လင့်ချက်အပြည့်ဖြင့် ကြည့်နေသော အကြည့်အောက်တွင် ရှောင်ရှီးမင်းကြီးက ရုတ်တရက် သဘောပေါက်သွားသည်။
"ဟုတ်သားပဲ၊ သူ့ကို အဲ့ဒီလိုပဲ သေခိုင်းလိုက်တာက တကယ်ကို နှမြောစရာကောင်းတာပဲ "
"ဒါဆိုရင်"
စုဟယ်၏ မျက်ခုံးတန်းများတွင် စိုးရိမ်စိတ်နှင့် မျှော်လင့်ချက်များ ရောယှက်နေပြီး၊ သူမ၏ စိတ်အခြေအနေမှာလည်း အချိန်နှင့်အမျှ မြင့်တက်လာနေသည်။ ရှောင်ရှီးမင်းကြီးမှ ဆက်ပြောလာ၏။
"ဒါဆို ဒါဆိုရင် ငါ သူ့ကို လူအများရှေ့မှာတင် အလိုလိုမီးထလောင်အောင်လုပ်ပစ်မှာပေါ့၊ ဒါကနတ်ဘုရားရဲ့ အပြစ်ပေးမှုဆိုတာ တစ်ကမ္ဘာလုံးသိသွားစေရမယ်"
စုဟယ်မှာ လဲကျမတတ်ဖြစ်သွားရသည်။ ရှောင်ရှီးမင်းကြီး ပီသပေသည်၊ သူ၏ အတွေးအခေါ်က တမူထူးခြားလှ၏။
စုဟယ်သည် ကိုယ်ကို မတ်မတ်ပြန်ထိုင်လိုက်ပြီး ရှောင်ရှီးမင်းကြီး၏ ယုတ္တိမတန်သော အကြံအစည်ကို အမြန်ပင် ဖြတ်ပြောလိုက်သည်။ သူမအနေဖြင့် ရှောင်ရှီးမင်းကြီးကို ကွက်လပ်ဖြည့်မေးခွန်းမျိုး မမေးသင့်ခဲ့ပေ။ ထိုကလေးမှာ မေးခွန်းများကို မဖြေတတ်ဘဲ သူ၏ ခြေသုံးချောင်းဖြင့် စာမေးပွဲစက္ကူကိုသာ ဆုတ်ဖြဲပစ်မည့်သူ ဖြစ်သည်။ စုဟယ်က အမြန်ပင် ထပ်ဖြည့်ပြောလိုက်၏။
"ဒါကြောင့် ကျွန်မတို့က သူ့ကို လူမှုရေးအရ သေဆုံးအောင် လုပ်ရမယ် "
"လူမှုရေးအရ သေဆုံးခြင်း"
ရှောင်ရှီးမင်းကြီးက ရေရွတ်လိုက်သည်။
"ဒါက ဘယ်လိုမျိုး အသစ်အဆန်း သေနည်းလဲ"
သူက စိတ်ဝင်စားသွားသည်။
စုဟယ်က ရှင်းပြလိုက်၏။
"အဲ့ဒါက သူ့ကို လူအများရှေ့မှာ အရှက်ကွဲအောင် လုပ်တာ၊ လူတောမတိုးရဲအောင် လုပ်တာ၊ ပြီးတော့ သူ့တစ်သက်မှာ ဘယ်တော့မှ မှောင်ခိုသမား ထပ်မလုပ်ရဲတော့အောင် လုပ်ပစ်တာကို ပြောတာပါ"
ရှောင်ရှီးမင်းကြီးက မကျေမနပ် ဖြစ်သွားသည်
"ဒါပေမဲ့ သူက အသက်ရှင်နေဦးမှာ မဟုတ်လား"
"မဟုတ်ဘူး၊ အဲ့ဒါက ကွဲပြားတယ်၊ အဲ့ဒီလိုဖြစ်တာက သေတာထက် ပိုပြီး နာကျင်ရတာ"
စုဟယ်က သူမ၏ ဉာဏ်ကို အစွမ်းကုန်သုံးလိုက်ရသည်။
"လူတွေက သိက္ခာ ကို အရမ်း ဂရုစိုက်ကြတာလေ၊ တရုတ်စကားပုံတစ်ခု ရှိတယ် ခေတ်ကို နားလည်သူဟာ အို မဟုတ်ဘူး၊ အဲ့ဒါ မဟုတ်ဘူး၊ စကားပုံအဟောင်းက ပညာရှိဆိုတာ အသတ်ခံရရင် ခံရမယ်၊ အရှက်တော့ အခွဲမခံဘူး တဲ့"
စုဟယ်က ဝေဖုန်းယီကို အကူအညီတောင်းသည့် အကြည့်ဖြင့် ကြည့်လိုက်သည်။ ဝေဖုန်းယီသည် စုဟယ်၏ ဆိုလိုရင်းကို နားလည်သွားပြီး၊ တရုတ်လူမျိုးများအတွက် သိက္ခာ သည် မည်မျှ အရေးကြီးကြောင်းကို ရှောင်ရှီးမင်းကြီး နားဝင်အောင် ညင်သာပြေပြစ်သော လေသံဖြင့် စတင်ရှင်းပြတော့သည်။
ရှောင်ရှီးမင်းကြီးမှာ နားထောင်ရင်း ခေါင်းကိုက်လာသည်။ ဝေဖုန်းယီ၏ စကားများမှာ ရှေးဟောင်းတရုတ်စကားလုံးများဖြင့် ပြည့်နှက်နေသဖြင့်၊ စွန်းဝူခုန်း က ထန်ဆန်းကျန်း ၏ ဂါထာမန်းမှုတ်သံကို နားထောင်နေရသကဲ့သို့ အလွန်ပင် စိတ်အနှောင့်အယှက် ဖြစ်နေမိ၏။ စုဟယ်က နောက်ထပ် ဆွဲဆောင်မှုတစ်ခုကို ထပ်မံဖြည့်စွက်လိုက်သည်။
"ဒါတင်မကသေးဘူး၊ တို့တွေက ဒီအခွင့်အရေးကို သုံးပြီး ဟဲယဲ့တည်းခိုခန်းရဲ့ နာမည်ကိုလည်း ပြန်ရှင်းပေးလို့ ရတယ်လေ "
ရှောင်ရှီးမင်းကြီး၏ မကျေမနပ်ဖြစ်နေသော စိတ်နှလုံးမှာ နောက်ဆုံးတွင် အားတက်စရာတစ်ခုကို တွေ့ရှိသွားသည်။ သူက စုဟယ်ကို စိုက်ကြည့်ကာ ပြောလိုက်၏။
"တကယ်လား "
"တကယ်ပေါ့၊ ဒါပေမဲ့ ဒါက ရှောင်ရှီးမင်းကြီးရဲ့ ကြိုးစားမှုတော့ လိုလိမ့်မယ်၊ ရှောင်ရှီးမင်းကြီးက"
စုဟယ် အနားသို့ကပ်ကာ တိုးတိုးလေး ပြောလိုက်သည်။
66
နောက်တစ်နေ့ နံနက်အစောပိုင်းတွင် စုဟယ်သည် တည်းခိုခန်း၌ အသင့်စောင့်ဆိုင်းနေခဲ့သည်။ မနေ့က ထိုသက်လတ်ပိုင်းအမျိုးသား အသုံးပြုခဲ့သော အကောင့်ပေါင်းများစွာ၏ လက်ချက်ကြောင့် ဘိုကင်ဝဘ်ဆိုဒ်ပေါ်ရှိ ဟဲယဲ့တည်းခိုခန်း၏ အဆင့်သတ်မှတ်ချက် မှာ (၃.၁) အထိ ကျဆင်းသွားခဲ့ပြီး (၃.၀) အောက်သို့ပင် ရောက်ရှိတော့မည့် အခြေအနေတွင် ရှိနေ၏။ ဘိုကင်ဝဘ်ဆိုဒ်အပြင် Douyinနှင့် စာအုပ်စိမ်းလေးကဲ့သို့သော ပလက်ဖောင်းများတွင်လည်း မဟုတ်မမှန် လုပ်ကြံတိုက်ခိုက်ထားသည့် ပို့စ်များစွာ ပလူပျံနေတော့သည်။ ဖော်လိုဝါ အနည်းငယ်သာရှိသော ဟဲယဲ့တည်းခိုခန်း၏ တရားဝင်အကောင့်များမှ အခြေအနေမှန်ကို ရှင်းလင်းတင်ပြချက်များမှာမူ ထိုတိုက်ခိုက်ရေးပို့စ်များအကြား အသံတိတ် နစ်မြုပ်နေခဲ့ရ၏။
တုန်းကျင့်က ပြင်ဆင်ထားသော မုန့်သေတ္တာများကို အလိုအလျောက်ရောင်းချသည့်အရောင်းစက်ထဲသို့ ထည့်လိုက်သည်။ သူမသည် ယနေ့တွင် မျက်စိအားဆေးကိုပါ ယူဆောင်လာခဲ့ပြီး ဆိုင်အတွင်းရှိ သံသယဖြစ်ဖွယ်ရှိသူမှန်သမျှကို မျက်တောင်မခတ်ဘဲ စောင့်ကြည့်ဖော်ထုတ်ရန် ဆုံးဖြတ်ထား၏။
ဆိုင်တံခါး တရားဝင်ဖွင့်သည်နှင့်တစ်ပြိုင်နက် ဖောက်သည်များ လှိုင်းလုံးကြီးသဖွယ် ဆိုင်အတွင်းသို့ တိုးဝင်လာကြသည်။ သူတို့သည် သက်ဆိုင်ရာ တန်းစီရာနေရာများကို ရှာဖွေကာ ပစ္စည်းဝယ်ယူရန် တန်းစီကြတော့သည်။
"အို... ဒီနေ့က QR code စကန်ဖတ်တာ မဟုတ်ဘူးပဲ၊ မျက်နှာမှတ်သားမှုစနစ် ဖြစ်သွားပြီ"
"ဟာ၊ ငါက မျက်နှာမှတ်သားမှုကို မဖွင့်ရသေးဘူး၊ နည်းနည်းတော့ အလုပ်ရှုပ်စရာကြီးပဲ"
တန်းစီနေသော ဖောက်သည်များမှာ အနည်းငယ် မကျေမနပ်ဖြစ်ကာ ဆွေးနွေးနေကြသည်။ တုန်းကျင့်က စုဟယ်၏ ညွှန်ကြားချက်အတိုင်း လူတစ်ဦးချင်းစီထံ သွားရောက်ကာ အလိုအလျောက်ရောင်းချသည့်ဗီရို၏ ငွေပေးချေမှုစနစ် ပြောင်းလဲလိုက်ခြင်းမှာ တစ်ခြားသူ များ ပြန်လည်ရောင်းချခြင်းကို တားဆီးရန်ဖြစ်ကြောင်း လိုက်လံရှင်းပြနေ၏။
စုဟယ်က တစ်ဖက်မှရပ်ကာ ဖောက်သည်အဝင်အထွက်ကို ခန့်မှန်းကြည့်လိုက်သည်။ လူအုပ်ကြီးမှာ အမှန်ပင် လျော့နည်းသွားခဲ့ပြီဖြစ်၏။ အွန်လိုင်းလမ်းညွှန်များကိုဖတ်ပြီး စန်းကျုံးဘုရားကျောင်းတွင် ပုတီးသွားယူကြသော ခရီးသွားများမှာ ယခုအခါ လှည့်ပင်မကြည့်ဘဲ ထွက်ခွာသွားကြသည်ကို သူမ မြင်တွေ့နေရသည်။ ယခင်ကဆိုလျှင် ဘုရားကျောင်းသို့ ပုတီးလာယူသူများ၏အနည်းဆုံး ငါးပုံသုံးပုံခန့်မှာ ဆိုင်တွင်တန်းစီလေ့ရှိကြသည်။
နံနက် ၉ နာရီတွင် ထိုသက်လတ်ပိုင်းအမျိုးသား ပြန်လည်ပေါ်ပေါက်လာသည်။ သူသည် ဟဲယဲ့တည်းခိုခန်း၏ အဝင်ဝသို့ မော်ကြွားစွာလျှောက်လှမ်းလာပြီး ဆိုင်ထဲမှ သူ့ကိုစိုက်ကြည့်နေသော တုန်းကျင့်ကိုမြင်သောအခါ အထင်အမြင်သေးစွာဖြင့် နှုတ်ခမ်းကို တွန့်လိုက်၏။ ဆိုင်ရှင်က တစ်ခုခု တတ်နိုင်လိမ့်မည်ဟု သူထင်ထားသော်လည်း၊ အဆုံးသတ်တွင်မူ ဆိုင်ထဲ၌ စောင့်ကြည့်ဖို့ လူတစ်ယောက် ချထားရုံမျှသာ မဟုတ်ပါလား။
ထိုအမျိုးသားသည် ဆိုင်ထဲသို့ ကိုယ်တိုင်မဝင်ပေ။ သူကခေါက်ကုလားထိုင်လေးများ ကိုယ်စီကိုင်ထားသော အသက်ကြီးပိုင်း အမျိုးသား၊ အမျိုးသမီး အယောက် ၂၀ ကို လှည့်ပြောလိုက်သည်။
"ခဏနေရင် အတန်း ၃ တန်းခွဲလိုက်၊ တစ်ယောက်ချင်းစီဝင်ပြီး မုန့်ဝယ်ကြ၊ ဝယ်ပြီးရင် ငါ့ဆီလာပြီး စာရင်းရှင်း၊ ပြီးရင် တခြားဆိုင်တွေမှာ တန်းစီဖို့ သွားကြမယ်"
အဘွားအိုတစ်ဦးမှာ ဤအလုပ်ကို ပထမဆုံးအကြိမ် လုပ်ဖူးခြင်းဖြစ်သဖြင့် အနည်းငယ် စိုးရိမ်နေပုံရသည်။
"နင် ငါတို့ကို ပိုက်ဆံ တကယ်ပေးမှာ မလား၊ ပစ္စည်းတွေဝယ်ပြီးမှ ထွက်ပြေးသွားမှာ မဟုတ်ပါဘူးနော်"
ထိုအမျိုးသားက စိတ်မရှည်စွာဖြင့် လက်ယမ်းလိုက်သည်။
"ကျွန်တော် ခင်ဗျားတို့ကို လိမ်မှာမဟုတ်ပါဘူး၊ သူတို့ကို မေးကြည့်လိုက်၊ ကျွန်တော်က စာရင်းရှင်းတာ အမြန်ဆုံး မဟုတ်ဘူးလား၊ အခု သဘောတူထားတဲ့အတိုင်းပဲ၊ ဒီမှာ မုန့်ဝယ်ဖို့ တန်းစီပေးရင် (၁၀) ယွမ်၊ ပြီးရင် နင်ချန်စာသောက်ဆိုင်မှာ တန်းစီပေးရင် (၁၀) ယွမ် ပေးမယ်"
ထိုအမျိုးသားသည် အသက်ကြီးပိုင်း အယောက် (၂၀) ကို ဆိုင်ထဲသို့ ဝင်ကာဝယ်ယူရန် သွင်းလိုက်ပြီး၊ သူ့ကို စိုက်ကြည့်နေသော တုန်းကျင့်ကို ကြည့်ကာ အတော်ပင် ပျင်းရိစရာကောင်းသည်ဟု ထင်မှတ်နေသည်။ ဆိုင်ရှင်က အပြင်သို့ ပြေးထွက်လာပြီး သူ့ကို အကြီးအကျယ် ရန်လုပ်လိမ့်မည်ဟု သူ ထင်ထားခဲ့၏။ အကယ်၍ စုဟယ်သာ ထွက်လာပြီး ရန်ဖြစ်ခဲ့လျှင် မြေပြင်ပေါ်တွင် လဲကျနေရန်အတွက် အဘွားအိုတစ်ဦးကိုပင် (၅၀) ယွမ်ပေးကာ ငှားရမ်းထားခဲ့သေးသည်။ ယခုတော့ စုဟယ် ထွက်မလာသဖြင့် ထိုပြဇာတ်ကို ကပြခွင့် မရတော့ချေ။
တုန်းကျင့်မှာ အနည်းငယ်စိုးရိမ်နေသည်။ သူမသည် ရှေ့ကောင်တာသို့ ပြေးသွားကာ လက်ချောင်းလေးများကို မသိမသာညှစ်ရင်း စုဟယ်ကို အကူအညီမဲ့စွာ ပြောလိုက်၏။
"သူဌေးမ ဘယ်လိုလုပ်ရမလဲ၊ အဲဒီလူက ဆိုင်ထဲကို မဝင်ဘူး"
ဆိုင်ရှင်က ထိုအမျိုးသားကို Blacklist သွင်းထားသဖြင့် ဆိုင်ထဲသို့ အဝင်မခံရန် အခွင့်အရေး ရှိသော်လည်း၊ ယခု ထိုအမျိုးသားက အဘိုးအဘွားတစ်စုကို ခေါ်လာသဖြင့် တုန်းကျင့်က သူတို့ကို မတားရဲပေ။ စုဟယ်မှာ တုန်းကျင့်ကို နှစ်သိမ့်လိုက်၏။
"စိတ်မပူပါနဲ့၊ အဲဒီအဘိုးအဘွားတွေကိုပဲ ဝယ်ခိုင်းလိုက်ပါ၊ ကျွန်မတို့တွေ ကိုင်တွယ်ရမှာက ဟိုသက်လတ်ပိုင်း အမျိုးသားကိုပဲ"
သက်လတ်ပိုင်းအမျိုးသားသည် ဟဲယဲ့တည်းခိုခန်းရှေ့တွင် ပျင်းရိစွာဖြင့် ခေါက်တုံ့ခေါက်ပြန် လျှောက်နေပြီး၊ သူ့အထက်တွင် စူးရှထက်မြက်သောမျက်လုံးတစ်စုံက အသေအချာ အကဲခတ်နေသည်ကို လုံးဝသတိမပြုမိခဲ့ချေ။ တစ်နာရီခန့်အကြာတွင် အဘိုးအဘွားများမှာ မုန့်များဝယ်ယူပြီး အပြင်သို့ ထွက်လာကြသည်။ ထိုအမျိုးသားက ပလတ်စတစ်အိတ်ကြီး တစ်အိတ်ကို ထုတ်လိုက်၏။
"လာ လာ အကုန်လုံး ဒီထဲထည့်၊ ပစ္စည်းထည့်ပြီးတဲ့လူတွေ ငါ့ဘေးမှာ တန်းစီ၊ နင်ချန်စာသောက်ဆိုင်ကို သွားကြမယ်"
ထိုအမျိုးသားသည် အဘိုးအဘွားများကို ရှေ့သို့ ခေါ်ဆောင်သွားရင်း ဖုန်းပြောနေသည်။ သူ့လက်အောက်ငယ်သားကို ဤမုန့်အသုတ်ကို အမြန်လာယူရန်နှင့် စုဟယ်၏ မုန့်များ ကုန်သွားသည်နှင့် တစ်ပြိုင်နက် ပတ်ဝန်းကျင်တွင် ချက်ချင်း ပြန်လည်ရောင်းချရန် ညွှန်ကြားနေခြင်းဖြစ်၏။
"ရောက်ပြီလား၊ ခနနေရင် ဟုတ်လား၊ မင်း အမြဲတမ်း ခနနေရင်ပဲ ပြောနေတာ မြန်မြန်လုပ်၊ ငါ နောက်ထပ် အလုပ်တစ်ခု သွားစရာရှိသေးတယ်၊ ဒီမှာ ပစ္စည်းတွေက ပိသေတော့မယ်၊ အဘွားကြီး နှစ်ယောက်တောင် ဝိုင်းသယ်ခိုင်းထားရတာ၊ နောက်ထပ် (၃) မိနစ်လား၊ အေး အေး "
ထိုအမျိုးသား၏ လေသံမှာ အတော်လေး ကြမ်းတမ်းနေသည်။ သူ့လက်အောက်ငယ်သား ဘာဖြစ်လို့ ဒီလောက် နှေးနေရသနည်း။
"ဟဲ ဟိုကောင်မလေးလား၊ အဲဒီကလေးမကတော့ ကြောက်လန့်ပြီး သူ့အခန်းထဲမှာ ပုန်းငိုနေလောက်ပြီ၊ ဟားဟားဟား"
ထိုအမျိုးသားက ယုတ်မာစွာဖြင့် ခန့်မှန်းရင်း ဖုန်းပြောကာ ရှေ့သို့ ဆက်လျှောက်သွားသည်။ သူသည် ဟဲယဲ့တည်းခိုခန်းမှ မီတာ (၁၀၀) ခန့် ဝေးကွာသွားပြီး စန်းကျုံးဘုရားကျောင်းအနီးရှိ ကြာကန်သို့ ရောက်ရှိလုနီးပါး ဖြစ်နေပြီဖြစ်သည်။ စန်းကျုံးဘုရားကျောင်းမှ ခရီးသွားများမှာ အဘိုးအဘွားတစ်စုကို ဦးဆောင်လာသော ဤသက်လတ်ပိုင်းအမျိုးသားကို အံ့အားသင့်စွာဖြင့်ကြည့်နေကြ၏။ အတော်ပင် ထူးဆန်းသော အတွဲအဖက် မဟုတ်ပါလား။
ကောင်းကင်ယံတွင် ရှောင်ရှီးမှာ ပတ်ချာလည် ပျံသန်းနေပြီး မြေပြင်ပေါ်သို့ အရိပ်ကြီးတစ်ခု ကျရောက်နေသည်။ သူ့အကြည့်မှာ ဓားတစ်စင်းအလား ထက်မြက်နေပြီး ပတ်ဝန်းကျင်တစ်ခုလုံးကို အကဲခတ်နေ၏။ သူသည် သင့်တော်သော အခိုက်အတန့်ကို စောင့်ဆိုင်းနေပုံရသည်။ ရုတ်တရက် သူသည်ပျံသန်းနေခြင်းကို ရပ်တန့်ကာ မြင့်မားသော သစ်ကိုင်းတစ်ခုပေါ်တွင် နားလိုက်ပြီး အောက်ဘက်မှ အရာအားလုံးကို ငုံ့ကြည့်နေတော့သည်။
"ကျိ ကျိ"
"ဖတ် ဖတ် ဖတ်"
ချုံပုတ်များထဲတွင် ပုန်းကွယ်နေသော မရေမတွက်နိုင်သည့် ငှက်များမှာ ပျံတက်လာကြပြီး ထိုသက်လတ်ပိုင်းအမျိုးသားထံသို့ ဦးတည်ပျံသန်းသွားကြတော့သည်။
"ဟေး ဟိုမှာကြည့်စမ်း၊ ငှက်လေဆင်နှာမောင်းကြီးပဲ၊ မြန်မြန် ဖုန်းတွေထုတ်ကြ"
စန်းကျုံးဘုရားကျောင်းမှ မျက်စိလျင်သော ခရီးသွားများမှာ သစ်ပင်များပေါ်မှ ငှက်အုပ်ကြီး ပျံတက်လာသည်ကို မြင်သောအခါ ဤထူးဆန်းသော မြင်ကွင်းကို မှတ်တမ်းတင်ရန် ဖုန်းများကို ချက်ချင်း ထုတ်လိုက်ကြသည်။
"ဝါး ယောကျ်ား မြန်မြန်လုပ်၊ ရှင့်ရဲ့ ဒရုန်းကို ထုတ်လိုက်တော့၊ ဒါကြီးက တကယ် အံ့သြဖို့ကောင်းတာပဲ၊ ဘုရားတန်ခိုးပြနေတာလား မသိဘူး"
ခရီးသွားများမှာ သူတို့ရှေ့မှ မြင်ကွင်းကို အလွန်ပင် ထူးခြားဆန်းပြားသည်ဟု ခံစားနေရသည်။ လူအုပ်ကြီး၏ အာမေဍိတ်သံများကြားတွင် ထိုအမျိုးသားသည်လည်း မော့ကြည့်လိုက်ရာ ငှက်များစုရုံးကာ ပတ်ချာလည် ပျံသန်းနေသည်ကိုတွေ့လိုက်ရ၏။ ငှက်များ၏ တောင်ပံခတ်သံမှာ မည်မျှအစွမ်းထက်ကြောင်း သူ ပထမဆုံးအကြိမ် သိလိုက်ရခြင်းဖြစ်သည်။ ထိုအသံမှာ သူ့နားစည်ဘေးတွင်ပင် ပဲ့တင်ထပ်နေသကဲ့သို့ ခံစားရသည်။ ထိုသက်လတ်ပိုင်းအမျိုးသား ထင်ထားသည်မှာ မမှားပေ။ ထိုငှက်များမှာ အမှန်တကယ်ပင် သူ့ထံသို့ လာနေခြင်းဖြစ်သည်။
"ကျိ ကျိ"
ရှောင်ရှီး၏အမိန့်ပေးသံနှင့်အတူ ငှက်အားလုံးမှာ သူတို့ပစ်မှတ်ကို ရှာတွေ့သွားကြသည်။ မူလက စနစ်တကျ ပျံသန်းနေသော ငှက်အုပ်ကြီးမှာ လေထဲတွင် တစ်စုံတစ်ခုကြောင့် လှုံ့ဆော်ခံလိုက်ရသကဲ့သို့ ရုတ်တရက် ရုန်းရင်းဆန်ခတ် ဖြစ်သွား၏။ ထို့နောက် သူတို့ခန္ဓာကိုယ်များမှ သေးငယ်သောအရာများစွာမှာ မြေပြင်ပေါ်သို့ ဖွဲဖွဲလေး ကြွေကျလာတော့သည်။ ၎င်းမှာ အဖြူရောင်နှင့် အမည်းရောင်များ ရောယှက်နေသော မိုးရေစက်များအလား ကောင်းကင်မှ ကျဆင်းလာခဲ့ပြီး ထူးဆန်းသော ပန်းချီကားတစ်ချပ်နှင့်ပင် တူနေတော့သည်။ အောက်ဘက်မှ လူများမှာ မော့ကြည့်လိုက်ကြရာ ကောင်းကင်မှ ကျဆင်းလာသော ဤရုတ်တရက် "လက်ဆောင်" ကြောင့် အံ့အားသင့်သွားကြသည်။
လူအချို့မှာ အော်ဟစ်ကာ ရှောင်တိမ်းကြသော်လည်း မကြာမီမှာပင် သူတို့ ရှောင်စရာမလိုကြောင်း သိလိုက်ရသည်။ အဘယ်ကြောင့်ဆိုသော် ထိုအရာများမှာ သူတို့ဆီသို့ လာနေခြင်း မဟုတ်သောကြောင့် ဖြစ်၏။
"ဖတ်"
ထိုအမျိုးသား၏နဖူးပေါ်တွင် စိုစွတ်မှုကို ခံစားလိုက်ရသည်။ သူက လက်လှမ်းထိကြည့်လိုက်ရာ စေးကပ်နေသော ငှက်ချေးများကို တွေ့လိုက်ရသည်။ သူဒေါသထွက်ရန် ပြင်လိုက်စဉ်မှာပင် နောက်ထပ်အသံတစ်ခု ထပ်ထွက်လာပြန်သည်။
"ဖတ်"
တစ်ခု၊ နှစ်ခု၊ သုံးခု မရေမတွက်နိုင်သော ငှက်ချေးမိုးများမှာ သူ့ခေါင်းပေါ်သို့ ရွာကျလာပြီး သူ့တစ်ကိုယ်လုံးကို ပွစာကျဲသွားစေတော့သည်။ သူသည် ခေါင်းပေါ်မှ ငှက်ချေးများကို အလျင်အမြန် ခါထုတ်သော်လည်း မရချေ။ သူ၏ ဆံပင်နှင့် အဝတ်အစားများမှာ အလွန်ပင် ညစ်ပတ်သွားသည်ကို ကြည့်ရုံမှတစ်ပါး အခြားမရှိတော့ချေ။
အိတ်ကြီးတစ်အိတ်ကို ကိုင်ကာ တိတ်တဆိတ် လျှောက်လာသော စုဟယ်က ပြန်လည်ပျံသန်းလာသော ရှောင်ရှီးကို ပြောလိုက်သည်။
"အမည်းရောင် အင်္ကျီပေါ်ကို အဖြူရောင်ချေးတွေ၊ အဖြူရောင် ဘောင်းဘီပေါ်ကို အမည်းရောင်ချေးတွေ၊ အဲဒါကို သေချာ ညွှန်ကြားဖို့ မမေ့နဲ့ဦးနော်"
ရှောင်ရှီးသည် စုရုံးလာသော လူအုပ်ကြီးကို မြင်သောအခါ ပို၍ စိတ်လှုပ်ရှားလာသည်။
"သိပြီ သိပြီ၊ နင် စောင့်ကြည့်နေလိုက်"
သူသည် ကောင်းကင်သို့ ပြန်လည်ပျံတက်သွားပြီး နှစ်ချက်မျှ အော်လိုက်သည်။ အဝေးမှ "အဖြူရောင် တိမ်တိုက်" နှင့် "အမည်းရောင် တိမ်တိုက်" တစ်ခု လွင့်မျောလာခဲ့သည်။
"ဝါး ဟိုမှာကြည့်ဦး၊ နောက်ထပ် ငှက်အုပ်ကြီး တစ်အုပ်၊ အဲဒါတွေက ဗျိုင်းဖြူတွေပဲ"
"ဟို အမည်းရောင် ငှက်တွေက ဘာငှက်တွေလဲ။ အို ဘုရားရေ၊ အဲဒီလူ ဘာဖြစ်နေတာလဲ"
စန်းကျုံးဘုရားကျောင်း ကြာကန်ဘေးတွင် လူအများအပြား စုရုံးလာကြသည်။ ထိုအမျိုးသားကို ဝိုင်းထားသော အဘိုးအဘွားများမှာလည်း အဝေးသို့ ဆုတ်ခွာသွားကြပြီဖြစ်သဖြင့် ထိုနေရာတွင် ထိုအမျိုးသား တစ်ဦးတည်းသာ ကျန်ရစ်တော့၏။ သက်လတ်ပိုင်းအမျိုးသားသည် သူ့ဖုန်းနှင့် မုန့်များကို လွှင့်ပစ်ကာ လက်မောင်းများကို ဝှေ့ယမ်းနေသည်။ သူလည်းထွက်ပြေးချင်သည်ပင်။ သို့သော် သူလှုပ်ရှားလိုက်သည်နှင့် ငှက်ပေါင်းများစွာမှာ သူ့ခေါင်းပေါ်တွင် တောင်ပံများခတ်လာကြပြန်သည်။ သူ့ခေါင်းမှာလည်း အူနေပြီး မျက်နှာမှာလည်း နီမြန်းနေတော့၏။
"အဖြူရောင် တိမ်တိုက်" နှင့် "အမည်းရောင် တိမ်တိုက်" တို့မှာလည်း တိုက်ပွဲထဲသို့ ဝင်ရောက်လာကြသည်။ ဗျိုင်းဖြူများမှာ အရွယ်အစားကြီးမားလှသဖြင့် ကြည့်ရှုနေသူများမှာ ထိုငှက်များ၏စအိုမှ ထွက်လာသော အဖြူရောင် အညစ်အကြေးများမှာ အောက်ဘက်မှ ကံဆိုးသူထံသို့ တိုက်ရိုက် ဦးတည်သွားသည်ကို အထင်အရှားမြင်တွေ့နေရ၏။
"နံစော်နေတာပဲ"
"မြန်မြန် မြန်မြန် နောက်ဆုတ်ကြ၊ အနံ့က အရမ်းပြင်းတာပဲ"
ခရီးသွားများမှာ စူးရှသောအနံ့ကို ရသောအခါ နှာခေါင်းများကို အမြန်ပိတ်ကာ ထိုနံစော်နေသော နေရာနှင့် ဝေးရာသို့ ရှောင်ခွာသွားကြတော့သည်။
ထိုအမျိုးသားမှာ ထိတ်လန့်တုန်လှုပ်စွာ အော်ဟစ်နေပြီး သူ့တစ်ကိုယ်လုံးမှာလည်း နံစော်နေသော ငှက်ချေးများဖြင့် ဖုံးလွှမ်းနေသည်။ အသက်ရှူရန်ပင် ခက်ခဲလာပြီး အထူးသဖြင့် သူက အော်ဟစ်ရန် ပါးစပ်ဟလိုက်တိုင်း တစ်စုံတစ်ခုမှာ သူ၏ ပါးစပ်ထဲသို့ "ဝူး" ကနဲ ဝင်သွားတတ်သည်။
"အော့"
"ဝူး"
"အော့"
"ဝူး"
ထိုအမျိုးသားမှာ ပါးစပ်ကိုထပ်မဟရဲတော့ဘဲ သူ့နှာခေါင်းနှင့် ပါးစပ်ကို တင်းတင်းကြပ်ကြပ် ပိတ်ထားလိုက်ရသည်။ သူ့တစ်ကိုယ်လုံးမှာ ညစ်ပတ်ပေရေနေပြီး အလွန်ပင်သနားစရာကောင်းနေတော့၏။ အဖြူ၊ အမည်း၊ အဝါနှင့် အစိမ်းရောင်များမှာ သူ့အပေါ်တွင် ရောထွေးနေသည်။ စေးကပ်နေသော ငှက်ချေးများမှာ အင်္ကျီကော်လာနှင့် ဖိနပ်များအတွင်းသို့ လျှံကျနေပြီဖြစ်သည်။ ခြေဖဝါးအောက်တွင်လည်း စေးကပ်နေသဖြင့် အမှန်တကယ်ပင် "ချေးနင်းမိခြင်း" ဝေဒနာကို ခံစားနေရရှာသည်။
စုဟယ်သည် တိုက်ပွဲကိုစောင့်ကြည့်ရင်း သူမအိတ်ကြီးထဲမှ ပြင်ဆင်လာသော ပြောင်းဖူးစေ့များနှင့် ဆန်များကို ထုတ်ယူကာ မြေပြင်ပေါ်သို့ အားလုံး သွန်ချလိုက်သည်။
ငှက်တွေကို အလကား အကူအညီခိုင်းလို့ ဘယ်ဖြစ်ပါ့မလဲ။ ဧည့်သည်တွေက ဗိုက်ဟောင်းလောင်းနဲ့ လာကြပေမယ့် ဗိုက်အပြည့်နဲ့ ပြန်သွားကြရမယ်။
ဒါက ဧည့်ဝတ်ကျေပွန်ခြင်းလမ်းစဉ်ပဲလေ။