← Chapters

အခန်း (၆၇-၆၈)

Vol. 7 Ch. 67-68

အခန်း (၆၇-၆၈)

Vol. 7 Ch. 67-68

67

ဗျိုင်းဖြူများမှာ သူတို့၏ ဗိုက်အတွင်းရှိ အညစ်အကြေးများကို စွန့်ထုတ်ပြီးနောက် စုဟယ်က အစာများ ကြဲပက်နေသည်ကို မြင်သောအခါ အားနာခြင်းမရှိဘဲ မြေပြင်ပေါ်ရှိ ဆန်စေ့များနှင့် ပြောင်းဖူးစေ့များကို လာရောက် ကောက်ယူစားသောက်ကြတော့သည်။

"အမည်းရောင် တိမ်တိုက်" မှာမူ ဗျိုင်းဖြူများထက် များစွာသေးငယ်သော ကျီးကန်းမျိုးနွယ်ဝင် ငှက်အုပ်စုဖြင့် ဖွဲ့စည်းထားခြင်း ဖြစ်သည်။ လျင်မြန်ဖြတ်လတ်သော ကျီးကန်းအချို့သည် အစာလုစားရန် ဗျိုင်းဖြူကြီးများ၏ ကြားထဲသို့ တိုးဝှေ့ဝင်ရောက်ကြပြီး၊ ကျန်ရှိနေသည့် အပြာရောင်ငှက်များနှင့် ကျီးကန်းအုပ်စုမှာမူ အရပ်ရှည်သော ဗျိုင်းဖြူကြီးများကို အနည်းငယ် ကြောက်ရွံ့သဖြင့် ထိုသက်လတ်ပိုင်းအမျိုးသား လွှင့်ပစ်လိုက်သော မုန့်များဆီသို့သာ အာရုံပြောင်းလိုက်ကြ၏။

"တောက် တောက်"

ထိုပါးနပ်သော ကျီးကန်းမျိုးနွယ်စုဝင် ငှက်များသည် မုန့်ထုပ်များကို ထိုးဆိတ်ဖွင့်ကာ မည်သည့် ကြောက်လန့်မှုမှမရှိဘဲ စတင်စားသောက်ကြတော့သည်။ အစာများ ကုန်သွားပြီး လူများ တဖန်ပြန်လည် စုရုံးလာသောအခါတွင်မူ ထိုငှက်များသည် "အဖြူရောင် တိမ်တိုက်" နှင့် "အမည်းရောင် တိမ်တိုက်" များအဖြစ် ပြန်လည် ပြောင်းလဲသွားကာ လေညှင်းနှင့်အတူ ပျံသန်းထွက်ခွာသွားကြတော့၏။

သက်လတ်ပိုင်းအမျိုးသားမှာ အတော်ကြာအောင် ရုန်းကန်ပြီး နောက်ဆုံးတွင် သူ၏မျက်နှာကို ခတ်နေသော ငှက်တောင်ပံများမရှိတော့ဘဲ ငှက်ချေးများလည်း ထပ်မံကျမလာတော့မှသာ အခြေအနေကို စမ်းသပ်သည့်အနေဖြင့် လက်ကို ဖြည်းဖြည်းချင်း ဆန့်ထုတ်ကြည့်လိုက်၏။ သူ့ကို တိုက်ခိုက်မည့်သူ တကယ်မရှိတော့ကြောင်း သိလိုက်ရသောအခါမှသာ သူ၏မျက်နှာကို ဒေါသတကြီး သုတ်လိုက်တော့သည်။ သူ၏ ဝမ်းဗိုက်အတွင်းမှ ပျို့အန်ချင်စိတ်များ လှိုင်းလုံးသဖွယ် ထကြွလာပြီး ပါးစပ်ဟကာ အန်ထုတ်ပစ်ချင်သော်လည်း ပါးစပ်ကို အနည်းငယ် လှုပ်ရှားလိုက်သည်နှင့် ပါးစပ်အတွင်းရှိ ငှက်ချေးများမှ ခါးသက်သောအရသာနှင့် နံစော်သော အနံ့အသက်များ စဉ်ဆက်မပြတ် ထွက်ပေါ်လာကာ တံတွေးများကို ပိုမိုထွက်ရှိအောင် လှုံ့ဆော်နေတော့သည်။

ထိုအမျိုးသားရဲ့ မျက်နှာအမူအရာဟာ ခဏတာ တွန့်လိမ်သွားပြီး အတုံးလိုက် ကပ်နေတဲ့ ငှက်ချေးတွေဟာ တိုက်ကြီးတစ်ခု ကွဲထွက်သွားသလိုမျိုး အပိုင်းပိုင်းပြတ်ကျလာကာ သူ့ကို ဒုတိယအကြိမ်မြောက် စိတ်ဒုက္ခပေးပြန်သည်။ ထိုအမျိုးသားကို ပိုမို စိတ်ပျက်အားငယ်စေသည့် အချက်မှာ သူ၏မျက်လုံးများကို ဖုံးလွှမ်းနေသော အညစ်အကြေးများကို နောက်ဆုံးတွင် သန့်စင်နိုင်ခဲ့ပြီး ပတ်ဝန်းကျင်ကို ရှင်းရှင်းလင်းလင်း မြင်လိုက်ရချိန်တွင် သူမြင်လိုက်ရသည်မှာ နေရာအနှံ့မှ ကင်မရာများပင် ဖြစ်၏။ ဤခေတ်သည် စမတ်ဖုန်းများ ခေတ်စားနေသော ခေတ်ဖြစ်ပြီး ဖုန်းထုတ်လုပ်သည့် ကုမ္ပဏီများမှာ ကိုင်ဆောင်ရပေါ့ပါးကာ အဆင်ပြေစေမည့် ခေတ်မီခေါက်ချိုးမျက်နှာပြင်ဖုန်းများကိုပင် ထုတ်လုပ်ထားကြပြီးဖြစ်သည်။ ထိုအမျိုးသား မြင်လိုက်ရသည်မှာ သူ့ကို (၃၆၀) ဒီဂရီ ပတ်ပတ်လည် ဝိုင်းရံထားသော ဖုန်းကင်မရာများပင် ဖြစ်သည်။

အဝေးတစ်နေရာတွင်လည်း လူအချို့က "လက်နက်ကြီး၊ လက်နက်ငယ်" (ကင်မရာနှင့် မှန်ဘီလူးများ) ကို ကိုင်ဆောင်ထားကြသည်။

ခရီးသွားများမှာ မူလက စန်းကျုံးဘုရားကျောင်း၏ အဝါရောင်နံရံများနှင့် အမည်းရောင် အုတ်ကြွပ်ပြားများကို ဓာတ်ပုံရိုက်ရန် လာကြခြင်းဖြစ်သော်လည်း၊ မမျှော်လင့်ဘဲ ပိုမိုစိတ်လှုပ်ရှားဖွယ်ကောင်းသော မြင်ကွင်းကို မှတ်တမ်းတင်နိုင်ခဲ့ကြခြင်း ဖြစ်၏။

"ဝူး ဝူး ဝူး"

သက်လတ်ပိုင်းအမျိုးသားက သူ၏ခေါင်းကို တောင့်တောင့်ကြီး မော့ကြည့်လိုက်သည်။ သူ၏အထက်တွင် ဒရုန်း တစ်စင်း ဘာကြောင့် ရောက်နေရတာနည်း။ ဒရုန်းရှိနေမှတော့ ခုနက သူ ငှက်များ၏ တိုက်ခိုက်မှုကို ခံနေရစဉ်က ဘာကြောင့် ငှက်များကို မောင်းထုတ်ပြီး သူ့ကို ကူညီဖို့ ထွက်မလာခဲ့ရတာနည်း။

ဒေါသ၊ အရှက်ရမှု၊ မုန်းတီးမှု၊ စက်ဆုပ်မှု အမျိုးမျိုးသော စိတ်ခံစားချက်များမှာ ထိုအမျိုးသား၏ မျက်နှာပေါ်တွင် ရောယှက်နေတော့သည်။ သူသည် ဒေါသတကြီး အသက်ရှူနေပြီး သူ၏ဒေါသများကို ဖောက်ခွဲပစ်တော့မည့်အလား ရင်ဘတ်မှာ နိမ့်ချည်မြင့်ချည်နှင့် အသက်ရှူသံများ မြန်ဆန်နေ၏။

သူ၏ လက်ချောင်းများမှာ လက်သီးဆုပ်ထားပြီး လက်သည်းများမှာ လက်ဖဝါးထဲသို့ နက်ရှိုင်းစွာ နစ်ဝင်နေသော်လည်း မည်သည့် နာကျင်မှုကိုမျှ မခံစားရချေ။ (အဓိက အကြောင်းရင်းမှာ သူ၏ လက်သည်းများနှင့် လက်ဖဝါးများမှာ ငှက်ချေးအလွှာ အထူကြီးဖြင့် ဖုံးလွှမ်းနေသောကြောင့် ဖြစ်သည်။)

ထိုအမျိုးသား၏ နှုတ်ခမ်းများမှာ တင်းတင်းစေ့ထားပြီး မေးရိုးများမှာလည်း အနည်းငယ် တုန်ရင်နေကာ သူ၏အတွင်းမှ ဒေါသများကို မထိန်းချုပ်နိုင်တော့မည့်အလား ဖြစ်နေသည်။ သူ လှုပ်ရှားလိုက်၏။ တိတ်ဆိတ်ခြင်းထဲတွင် ပေါက်ကွဲထွက်မည်လား၊ သို့မဟုတ် တိတ်ဆိတ်ခြင်းထဲတွင် ငြိမ်နေမည်လား။

ပြေးပြီ။

"ကော်" ကဲ့သို့ စေးကပ်နေသော ဖိနပ်များဖြင့် ထိုအမျိုးသားသည် အရူးတစ်ယောက်အလား ပြေးထွက်သွားတော့သည်။ ဘေးပတ်ဝန်းကျင်မှ ဗီဒီယိုရိုက်နေသူများမှာ တစ်ပါးသူ၏ ဆင်းရဲဒုက္ခကို ဟာသတစ်ခုအလား သဘောထားမိခြင်းမှာ လူမှုကျင့်ဝတ်နှင့် မညီညွတ်ဟု ခံစားရကာ အနည်းငယ် အပြစ်ရှိစိတ် ဝင်လာကြ၏။ လူအများအပြားမှာ မိမိကိုယ်ကိုယ် ပြန်လည် ဆင်ခြင်နေကြသည်။

ထိုစဉ် အဘွားအို တစ်ဦးက ရုတ်တရက် ခုန်ထွက်လာပြီး ထိုအမျိုးသားကို ပိတ်ဆို့လိုက်သည်။

ထိုအဘွားသည် ကာကွယ်သည့် ပုံစံဖြင့် ကိုယ်ကို ကိုင်းထားပြီး သူမက ထိုအမျိုးသားကို ပိတ်ဆို့ထားသည်ဟု ဆိုသော်လည်း လက်တွေ့တွင်မူ သူမကိုယ်တိုင်လည်း အတော်ပင် ကြောက်လန့်နေပြီး၊ ထိုအမျိုးသားက သူမအနားသို့ ချဉ်းကပ်လာကာ သူမကိုပါ အညစ်အကြေးများ ပေကျံသွားစေမှာကို စိုးရိမ်နေခြင်း ဖြစ်၏။

"နင် သွားလို့မရဘူး၊ နင်ကိုပေးရမယ့် ပိုက်ဆံမပေးရသေးဘူးလေ"

၎င်းမှာ ပထမဆုံးအကြိမ် အလုပ် လက်ခံခဲ့သော အဘွားအိုပင် ဖြစ်သည်။ နင်ချန်စာသောက်ဆိုင်တွင် တန်းစီပေးရမည့် အလုပ်မှာ မဖြစ်နိုင်တော့သော်လည်း သူမသည် ဟဲယဲ့တည်းခိုခန်းတွင် တန်းစီပေးခဲ့ပြီးဖြစ်ရာ သူမရရမည့် (၁၀) ယွမ်ကိုတော့ သေချာ ရယူရပေမည်။ ဖုန်းများကို ပြန်သိမ်းတော့မည့် ဘေးပတ်ဝန်းကျင်မှ လူများမှာ မိမိကိုယ်ကိုယ် ဆင်ခြင်နေခြင်းကို ရပ်တန့်လိုက်ပြီး သူတို့ရှေ့မှ မြင်ကွင်းကို ချက်ချင်း အာရုံစိုက်လိုက်ကြ၏။ ဤဇာတ်လမ်းက နောက်ထပ် အလှည့်အပြောင်း ရှိနေသေးသည် မဟုတ်ပါလား။ သူတို့အနေဖြင့် ဖြစ်ရပ်မှန်ကို သစ္စာရှိရှိ မှတ်တမ်းတင်ပြီး အခြေအနေမှန်ကို ပြန်လည် ဖော်ထုတ်ရပေမည်။

"(၁၀) ယွမ်၊ မင်း ပစ္စည်းဝယ်ဖို့ တန်းစီပေးရင် (၁၀) ယွမ် ပေးမယ်လို့ ပြောထားတာလေ၊ ဒီပိုက်ဆံကို ငါတို့ကို ပေးရမယ်"

(၁၀) ယွမ်ရဖို့အတွက် တစ်နာရီခန့် တန်းစီနိုင်သော အဘွားတစ်ယောက်မှာ အလျှော့ပေးမည့်သူ မဟုတ်ချေ။ ထိုအဘွားသည် သက်လတ်ပိုင်းအမျိုးသားကို စိုက်ကြည့်နေသည်။ ဘေးမှ ရယ်မောကြည့်ရှုနေကြသော အဘိုးအိုများနှင့် အဘွားအိုများမှာလည်း ချက်ချင်းပင်နိုးနိုးကြားကြား ဖြစ်သွားကြသည်။ ဟုတ်သားပဲ၊ သူတို့ပိုက်ဆံတွေလည်း မရသေးဘူးလေ။

အဘိုးအချို့မှာ သူတို့၏ ပေါင်ကို တဖြတ်ဖြတ် ရိုက်လိုက်ကြသည်။ တော်တော်လေး လိုသွားသည်၊ ထိုအမျိုးသားကို လွတ်သွားအောင် လွှတ်ပေးမိတော့မလို့ပင်။ အဘိုးအိုအချို့မှာ လူတံတိုင်းသဖွယ် ရှေ့မှ ပိတ်ဆို့လိုက်ကြ၏။

"ငါတို့ကို ပိုက်ဆံပေး၊ ဒါဆို မင်း ထွက်သွားလို့ရမယ်"

သက်လတ်ပိုင်းအမျိုးသားသည် မိမိကိုယ်ကိုယ် တည်ငြိမ်အောင် ကြိုးစားသော်လည်း သူ၏အတွင်းမှ ဒေါသမှာ ထိန်းမနိုင်သိမ်းမရသော တောမီးအလား တောက်လောင်နေသည်။ သူသည် သွားကြိတ်နေသော်လည်း ရှေ့မှ ပိတ်ဆို့ထားသော အဘိုးအဘွားများကို မြင်သောအခါ စိတ်ထဲမှသာ ကျိန်ဆဲရင်း ပိုက်ဆံပေးရန် သူ၏ဖုန်းကို ထုတ်လိုက်ရတော့၏။ သို့သော် ဖုန်းက ပွင့်မလာချေ။ မျက်နှာမှတ်သားမှုစနစ်က မအောင်မြင်၊ လက်ဗွေမှတ်သားမှုစနစ်ကလည်း မအောင်မြင်၊ လျှို့ဝှက်နံပါတ်ကို ရိုက်ထည့်ရန် ကြိုးစားသော်လည်း သူ၏လက်များမှာ စေးကပ်စိုစွတ်နေသဖြင့် နှစ်ခါမျှ နှိပ်သော်လည်း ဖုန်းက ပွင့်မလာချေ။ တစ်ကမ္ဘာလုံးက သူ့ကို ဝိုင်းဝန်း တိုက်ခိုက်နေသကဲ့သို့ သူ ခံစားလိုက်ရပြီး ဒေါသနှင့် နာကျည်းမှုအားလုံးမှာ သူ၏ စိတ်ထဲသို့ အလုံးအရင်းနှင့် တိုးဝင်လာတော့သည်။ မုန့်တွေကိုလည်း ငှက်တွေ စားသွားတယ်၊ ခုလည်း ဒီအဘိုးအဘွားတွေကို တန်းစီခအတွက် ပိုက်ဆံ ပေးနေရဦးမယ်။ သူ အတော်လေး ခံစားလိုက်ရသည်။

"အား"

သူက အော်ဟစ်ကာ ရှေ့သို့ တိုးဝင်တိုက်ခိုက်လိုက်သည်။

"အလိုလေး ပြေးကြဟေ့"

"ဘုရားရေ၊ သူ့အပေါ်က ငှက်ချေးတွေ လွင့်လာပြီ"

"ဖယ်ကြ ဖယ်ကြ"

အဘိုးအဘွားများမှာ ထိုအမျိုးသားက သူတို့ဆီသို့ တိုက်ရိုက် တိုးဝင်လာလိမ့်မည်ဟု မမျှော်လင့်ထားခဲ့ကြပေ။ သူတို့ အချိန်မီ မရှောင်နိုင်ကြသဖြင့် အဘိုးအဘွား အချို့မှာ ငှက်ချေးများ ပက်ဖျန်းခြင်းကို ခံလိုက်ရတော့သည်။ ယခုတော့အခြေအနေက အကြီးအကျယ် ပျက်စီးသွားခဲ့ပြီ။ (၁၀) ယွမ်လည်း မရသည့်အပြင် အဝတ်အစားများပါ ပျက်စီးသွားသဖြင့် အဘိုးအဘွားများမှာ အမှန်တကယ်ပင် ဒေါသထွက်သွားကြတော့သည်။

တစ်ယောက်ပြီးတစ်ယောက် ဆဲဆိုကြတော့၏။

အဘိုးအိုအချို့မှာမူ ပို၍ ပွင့်လင်းသူများဖြစ်ကြသဖြင့် ကင်မရာကို ကြည့်ကာ စတင် တိုင်တန်းကြတော့သည်။

"အို၊ သူ ငှက်ချေးပက်ခံရတာ ထိုက်တန်ပါတယ် သူက လူကြီးတွေကိုတောင် လိမ်တာ တကယ့်ကို စိတ်ဓာတ်မကောင်းတဲ့ လူယုတ်မာပဲ"

အဘိုးဖြစ်သူမှာ ဒေါသထွက်လွန်းသဖြင့် မူးလဲတော့မည့်အလား သူ၏ ရင်ဘတ်ကို ဖိထားသည်။

"သူ သူက မှောင်ခိုသမား‌လေ၊ ငါတို့လို လူကြီးတွေကို တန်းစီစောင့်ခိုင်းပြီး (၁၀) ယွမ်ပဲ ပေးတာ၊ ပြီးတော့ သူက (၅၀) ဒါမှမဟုတ် (၁၀၀) နဲ့ ပြန်ရောင်းတာ ကြည့်စမ်း၊ ငါ့အဝတ်အစားတွေ အကုန် ညစ်ပတ်ကုန်ပြီ"

အဘိုးက သူ၏ အဝတ်အစားများကို ဆွဲပြရင်း ကင်မရာကို ပြသနေသည်။ အခြားတစ်ဖက်မှ အဘွားအိုကလည်း အလျှော့မပေးဘဲ ပြောတော့၏။

"သူ ဘယ်လောက် ယုတ်မာတယ်ဆိုတာ နင်တို့ မသိပါဘူး၊ သူက ဆိုင်ရှင်ကို ငွေညှစ်ဖို့ ငါ့ကို (၅၀) ယွမ်တောင် ပေးခဲ့သေးတာ သူက မှောင်ခိုသမား ဆိုတာကို ဆိုင်ရှင်က သိသွားလို့ ငါတို့တွေကို ဆိုင်ရှင်ကို ဒုက္ခပေးဖို့ ခိုင်းတာလေ"

ထိုအဘွားသည် တံတွေးများ လွင့်စင်သည်အထိ ပြောဆိုနေပြီး၊ သူမကိုယ်တိုင်က ထို ငွေညှစ်ခြင်း အလုပ်ကို တက်တက်ကြွကြွ လုယူခဲ့သည်ကို လုံးဝ မေ့လျော့နေသလိုပင်။ သူမကို ဗီဒီယိုရိုက်နေသော ခရီးသွားများက သူမကို အကြည့်တစ်မျိုးဖြင့် ကြည့်နေသည်ကိုလည်း သတိမပြုမိချေ။ အဘွားအိုအယောက် (၂၀) ဆိုသည်မှာ ခရီးသွားများအတွက် အတော်ပင် များပြားလှသည်။ ယခုခေတ်သည် လူကြည့်များမှု က အဓိကကျသော ခေတ်ဖြစ်သဖြင့် လူတိုင်းက ထူးခြားသော ဗီဒီယိုများကို ရိုက်ကူးကာ အွန်လိုင်းပေါ်သို့ တင်ချင်ကြ၏။

နောက်ဆုံးတော့လည်း Douyin ကဲ့သို့သော ဗီဒီယိုအတို ပလက်ဖောင်းများသည် လူကြည့်အကြိမ်ရေ တစ်သောင်းလျှင် (၁၀) ယွမ်ကျော် ပေးရပြီး၊ အကယ်၍ ဗီဒီယိုတစ်ခုက လူကြည့်အကြိမ်ရေ နှစ်သိန်း ရရှိသွားပါက ဝင်ငွေမှာ နှစ်ဆတိုးကာ (၆၀၀) ယွမ်ခန့် ရရှိနိုင်သည်မှာ ပြဿနာ မဟုတ်ချေ။

ပိုက်ဆံအပိုရတာကို ဘယ်သူက မုန်းမှာလဲ။

စိတ်မရှည်သော လူအချို့မှာ ခုနက ရိုက်ကူးထားသော ဗီဒီယိုအားလုံးကို Upload လုပ်နေကြပြီဖြစ်သည်။ အခြားသူများလည်း ဗီဒီယိုရိုက်နေကြသဖြင့် သူလည်း အကြောင်းအရာသစ်တစ်ခုကို ရှာဖွေရန် လိုအပ်နေသည်။ သူသည် မျက်စိလျင်သူဖြစ်သဖြင့် ကျောပိုးအိတ်ထဲမှ ပစ္စည်းများ အားလုံး သွန်ချပြီးနောက် ထွက်ခွာတော့မည့် စုဟယ်ကို ရှေ့မှ ပိတ်တားလိုက်၏။

"မင်္ဂလာပါ အစ်မ၊ ဗီဒီယိုလေး တစ်ခုလောက် ရိုက်လို့ရမလား၊ ခုနက အစ်မ ငှက်တွေကို အစာကျွေးနေတာ ကျွန်တော် မြင်လိုက်လို့ပါ၊ ငှက်ချေးပက်ခံရတဲ့ အဲဒီလူကို အစ်မ သိပါသလား"

စုဟယ်သည် သူမရှေ့မှ အမျိုးသားကို ကြည့်လိုက်သည်။ သူသည် ယဉ်ယဉ်ကျေးကျေး ပြောဆိုပြီး သူမကို ဖုန်းဖြင့် ချက်ချင်း ဦးတည်ကာ ရိုက်ကူးခြင်း မပြုပေ။ စုဟယ်က သူမ၏ နှုတ်ခမ်းကို တွန့်ကာ သဘောထားကြီးစွာဖြင့် ပြောလိုက်သည်။

"ကောင်းပါပြီ၊ ရိုက်လို့ရပါတယ်"

68

ဖုန်းကို ကိုင်ဆောင်ကာ ဗီဒီယိုရိုက်ကူးနေသော အမျိုးသားမှာ အံ့ဩတကြီးဖြင့် အသက်ရှူမှားသွားသည်။

"ဟူး... အစ်မ ဆိုလိုတာက သူက မှောင်ခိုသမားပေါ့လေ၊ သူက တမင်တကာ လူတွေကို လွှတ်ပြီး တန်းစီခိုင်းတာလား "

ထိုအမျိုးသားမှာ ကင်မရာအသုံးပြုပုံတွင် အလွန်ကျွမ်းကျင်သူဖြစ်ရာ မှောင်ခိုသမားဟု ပြောလိုက်ချိန်တွင် ကင်မရာကို အနီးအနား၌ တိုင်တန်းမှုများ ပြုလုပ်နေကြသော အဘိုးအဘွားများဆီသို့ တမင်တကာ လှည့်ပြလိုက်သည်။

"အို အို ဒါကတော့ တရားလွန်နေပြီ၊ မဟုတ်မမှန်တဲ့ သုံးသပ်ချက်တွေအထိတောင် ရေးကြတာလား "

ထိုအမျိုးသား၏ လေသံမှာ အမူအရာ အပြည့်ပင်။ သူသည် ကင်မရာကို ငြိမ်သက်စွာ ကိုင်ထားရင်း စုဟယ်ဘက်မှ မတ်တတ်ရပ်ကာ ပြောလိုက်သည်။

"တောက် သူတို့က အစ်မရဲ့နာမည်ကို ဖျက်ဖို့အတွက် အင်တာနက်က တိုက်ခိုက်ရေးသမားတွေကိုတောင် တမင်ငှားခဲ့ကြတာလား၊ ဒါက တကယ်ကို ယုတ်မာလွန်းပါတယ်"

စုဟယ်က သူမ၏အတွေ့အကြုံများကို နူးညံ့သိမ်မွေ့သော လေသံဖြင့်၊ အနည်းငယ် ဝမ်းနည်းပူဆွေးမှုများ ရောယှက်ကာ အသေးစိတ်ရှင်းပြနေသည်။ သူမသည် အားကိုးရာမဲ့ပြီး အပြစ်ကင်းစင်သော အမူအရာကို ဖော်ပြနေသဖြင့် ကြည့်ရသူတိုင်းကို သနားစိတ်ဝင်လာစေ၏။

"အဲဒါကြောင့် အဲဒီမှောင်ခိုသမားက ငှက်ချေးပက်ခံရတာကိုမြင်တော့ သူလုပ်ခဲ့တဲ့ ကံတရားကို သူပြန်ခံစားရတာပဲလို့ ကျွန်မ ခံစားမိတယ်၊ အဲဒါကြောင့်ပဲ စိတ်သက်သာရာရသွားပြီး ငှက်တွေကို အစာလာကျွေးတာပါ၊ ကျွန်မ လုပ်တာက နည်းနည်းလွန်သွားသလားဟင်"

ထိုအမျိုးသားသည် စုဟယ်၏ တစ်ကိုယ်တည်း အားငယ်နေသော ပုံရိပ်ကိုကြည့်ကာ သနားသွားပြီး သူမကို အကြိမ်ကြိမ်နှစ်သိမ့်လိုက်သည်။

"မလွန်ပါဘူး လုံးဝမလွန်ပါဘူး၊ အစ်မက တိရစ္ဆာန်လေးတွေကို ချစ်တတ်တဲ့သူတစ်ယောက်ပါပဲ ဟားဟား"

ဗီဒီယိုရိုက်ကူးရာတွင် စိတ်ကူးစိတ်သန်း ကောင်းမွန်သော ဤအမျိုးသားသည် စုဟယ်နှင့် ဆက်သွယ်ရန် လိပ်စာများကိုပင် အပြန်အလှန် လဲလှယ်ခဲ့ပြီး မှောင်ခိုသမား၏ မဟုတ်မမှန်သော သုံးသပ်ချက်များအကြောင်း သက်သေအထောက်အထားများ ပေးပို့ရန် တောင်းဆိုခဲ့သည်။

စုဟယ်ကလည်း ဝမ်းမြောက်ဝမ်းသာ သဘောတူလိုက်သည်။ သက်သေများ ပေးပို့ပြီးနောက် သူမသည် လှည့်ထွက်သွားတော့၏။ ဆိုင်ထဲသို့ ပြန်ရောက်သည်နှင့် သူမ၏ အားငယ်ဟန်ဆောင်ထားသော အမူအရာများမှာ ချက်ချင်းပင် ကွယ်ပျောက်သွားပြီး ကျေနပ်အားရသည့် စိတ်ဖြင့် ပြည့်နှက်နေတော့သည်။ အပြင်ဘက်မှ ဆူညံပွက်လောရိုက်မှုမှာ အမှန်တကယ်ပင် စိတ်လှုပ်ရှားဖွယ် ကောင်းလှသည်။ ဆိုင်အတွင်းရှိ ဧည့်သည်များမှာလည်း ဟဲယဲ့တည်းခိုခန်း၏ အဝင်ဝတွင် စုရုံးကာ အပြင်က အခြေအနေကို စပ်စုကြည့်ရှုနေကြပြီး လီရှီ သည်လည်း သူတို့အကြားတွင် ခေါင်းပြူကာကြည့်နေ၏။

"သူဌေးမ အဲဒါ တကယ်ကို ကျေနပ်စရာ ကောင်းတာပဲ၊ ကောင်းကင်ဘုံမှာ တကယ်ပဲ မျက်စိရှိတာပဲ"

စုဟယ် ရောက်လာသည်ကိုမြင်သောအခါ လီရှီက အသေးစိတ်အချက်အလက်များကိုသိရန် အမြန်ပြေးလာသည်။ သူက ရှေ့ကောင်တာတွင် တာဝန်ကျနေသဖြင့် အပြင်သို့ ပြေးမထွက်နိုင်ဘဲ စုဟယ်ပြန်လာပြီး အကြောင်းစုံ ရှင်းပြမည့်အချိန်ကို စိတ်အားထက်သန်စွာ စောင့်ဆိုင်းနေခဲ့ခြင်းဖြစ်၏။ စုဟယ်ကလည်း သူ့ကို စိတ်မပျက်စေဘဲ ငှက်တွေ ဘယ်ကရောက်လာတာလဲ၊ "ငှက်ချေးမိုး" တွေ ဘယ်နှစ်မိနစ်လောက် ရွာတာလဲ၊ အဲဒီလူရဲ့ မျက်နှာအမူအရာက ဘယ်လိုလဲ ဆိုတာတွေကို အသေးစိတ် ပြန်ပြောပြလိုက်သည်။ လီရှီအပြင် ဆိုင်အတွင်းရှိ ဧည့်သည်များမှာလည်း စုဟယ်၏ ပတ်ပတ်လည်တွင် ဝိုင်းအုံလာကြပြီး သူတို့ကိုယ်တိုင် မြင်တွေ့ခဲ့ရသည့် ထူးခြားသော မြင်ကွင်းများကို တစ်ခါတစ်ရံ ကြားဖြတ် ပြောဆိုကြ၏။

"မင်း အဲဒါကိုမတွေ့လိုက်တာ နှမြောစရာပဲ၊ အစက ငှက်တစ်ကောင်အော်လိုက်တာနဲ့ အဲဒီနောက်မှာ ငှက်အုပ်ကြီးက ပျံဝင်လာတာ"

"ကျွန်တော် မြင်လိုက်ရတာက ပိုထူးဆန်းတယ်၊ အဲဒီငှက်တွေက လူကို မှတ်မိနေသလိုပဲ၊ အဲဒီလူကို မြင်မှပဲ ချေးပါချတာဗျ"

လီရှီမှာ ရှေ့ကောင်တာတွင် အလွန်ပျင်းနေခဲ့ရာမှ ယခု ဧည့်သည်များ၏ စကားဝိုင်းထဲသို့ ဝင်ရောက်လာပြီး ယုံကြည်ချက်အပြည့်ဖြင့် ပြောလိုက်သည်။

"ဒါ ကျွန်တော့်လက်ချက်ပဲ မနေ့က ကျွန်တော်က စည်းစိမ်နတ်မင်း ဆီမှာ ဆုတောင်းခဲ့တာလေ၊ လမ်းငါးသွယ် စည်းစိမ်နတ်မင်းကို ဦးချခဲ့တာ ဒါ နတ်မင်းတွေ တန်ခိုးပြတာပဲ ဖြစ်ရမယ် "

သူတို့စကားပြောရင်းနှင့် စကားဝိုင်းမှာ ယုံမြစ် တစ်လျှောက်ရှိ မည်သည့်တာအိုကျောင်းနှင့် ဗုဒ္ဓဘာသာကျောင်းများက ဆုတောင်းပိုပြည့်သနည်းဟူသော အကြောင်းအရာဘက်သို့ ရောက်ရှိသွားတော့သည်။

စုဟယ်သည် ဧည့်သည်များ၏ ပျော်ရွှင်စရာ စကားဝိုင်းကို ကြားဖြတ် မနှောင့်ယှက်ခဲ့ပေ။ သူမအခန်းသို့ ပြန်ရောက်သောအခါ ဟုန်လျန်နှင့် ဝေဖုန်းယီတို့မှာ သူမကိုစောင့်နေကြပြီး၊ ရှောင်ရှီးမှာမူ ဗီရိုပေါ်တွင် ဂုဏ်ယူစွာ မတ်တတ်ရပ်နေသည်ကို တွေ့လိုက်ရသည်။ ဟုန်လျန် စိတ်လှုပ်ရှားစွာဖြင့် ပြောလိုက်၏။

"သူဌေးမ၊ ကျွန်မ ခုလေးတင် ဖုန်းကြည့်လိုက်တာ၊ ဒီကိစ္စက သူဌေးမ ပြောသလိုပဲ Weibo ရဲ့ ရေပန်းစားတဲ့ သတင်းတွေထဲကို ရောက်သွားပြီ"

ရှောင်ရှီးမှာ ရေပန်းစားနေသော သတင်းကို မြင်ပြီးဖြစ်ရာ သူ၏ဒေါသများမှာလည်း များစွာ လျော့ပါးသွားပြီဖြစ်သည်။ လက်ရှိကမ္ဘာတွင် ဤကဲ့သို့ ပျော်စရာကောင်းသော ကဲ့ရဲ့ရှုတ်ချမှုဖြင့် လက်စားချေနည်းရှိသည်ကို သူ ယခုမှ သိလိုက်ရသည်။ ထိုအမျိုးသား၏ အရှက်တကွဲပြိုလဲသွားသော ပုံရိပ်မှာ သူ့ကို ပြာအဖြစ် ပြောင်းလဲပစ်လိုက်ခြင်းထက် များစွာ ပို၍ စိတ်ဝင်စားစရာ ကောင်းလှ၏။

စုဟယ်သည် ဟုန်လျန်၏ အနားသို့ တိုးကာ သူမ၏ ဖုန်းကို ကြည့်လိုက်သည်။ ဟုန်လျန် စကားပြောနေစဉ်မှာပင် "လူကို ငှက်ချေးပက်ခြင်း" ဟူသော သတင်း မှာ နောက်ထပ်အဆင့်တစ်ဆင့် ထပ်မံ မြင့်တက်သွားခဲ့သည်။

ဤ‌ ယနေရာမှာ "XX အမျိုးသမီးစတား၏ ခြေတံများ"၊ "XX အမျိုးသားစတား၏ တင်ပါး" နှင့် "XXX စတား၏ ပြင်ဆင်မထားသော အခြေအနေ" စသည့် သတင်းများကြားတွင် ထူးထူးခြားခြား ထင်ရှားနေသဖြင့် လူများမှာ မနှိပ်ဘဲ မနေနိုင်အောင် ဖြစ်နေကြသည်။ ထို‌နေရာထဲသို့ နှိပ်ကြည့်လိုက်လျှင် ဖြစ်ရပ်ကို မြင်တွေ့ခဲ့ရသော ခရီးသွားများ တင်ထားသည့် ဗီဒီယိုများကို တွေ့ရမည်ဖြစ်သည်။ ရှုထောင့်အမျိုးမျိုး၊ အမြင်အမျိုးမျိုးမှ ရိုက်ကူးထားခြင်းဖြစ်ပြီး ကြည်လင်ပြတ်သားသော ဒရုန်းရုပ်သံများပင် ပါဝင်၏။

ဟုန်လျန်က တတိယစာမျက်နှာလောက်အထိ အောက်သို့ ဆွဲချလိုက်ရင်း ပြောလိုက်သည်။

"သူဌေးမ ကြည့်ဦး၊ ဒီဗီဒီယိုက အတော်လေးကို အသေးစိတ်ကျတယ်၊ အစ်မတောင်ပါသေးတယ်"

စုဟယ်သည် ခုနက ဗီဒီယိုရိုက်ခဲ့သော အမျိုးသားမှာ ဤမျှလောက် မြန်ဆန်စွာ တင်လိမ့်မည်ဟု မမျှော်လင့်ထားခဲ့ပေ။ ထိုအမျိုးသား၏ ဗီဒီယိုမှာ အတော်လေး ရှည်လျားသည်။ ဗီဒီယို၏ အစတွင် တုန်လှုပ်ချောက်ချားဖွယ် ငှက်ချေးမိုးများ ရွာကျနေသည့် မြင်ကွင်းကို ပြသထားပြီး၊ ထို့နောက်တွင် စုဟယ်၏ အင်တာဗျူးနှင့် အဘိုးအဘွားများ၏ တိုင်တန်းမှုများကို ထည့်သွင်းထား၏။ နောက်ဆုံးတွင် စုဟယ် ပေးပို့လိုက်သော သက်သေများဖြစ်သည့် ဟဲယဲ့တည်းခိုခန်းက မဟုတ်မမှန် သုံးသပ်ချက်များရရှိခဲ့သည့် စခရင်ရှော့များကိုပါ ပြသထားသည်။ ဗီဒီယိုက ရှည်လျားသောကြောင့် ထိုအမျိုးသား၏ ဗီဒီယိုမှာ ပင်မစာမျက်နှာတွင် ပေါ်မလာချေ။ ရှည်လျားသော ဗီဒီယိုများမှာ ဗီဒီယိုအတိုများလောက် ပျံ့နှံ့မှုမမြန်ဆန်သည်မှာ သေချာသည်။

"ဟုန်လျန်၊ ငါ့ဆီကို အဲဒီလင့်ခ်ပို့လိုက်ပါဦး"

စုဟယ်သည် ထိုအမျိုးသား၏ ဗီဒီယိုတွင်ရရှိထားသော လိုက်ခ် နှင့် ရှဲအရေအတွက်ကို ကြည့်ကာ မျက်မှောင်ကြုတ်လိုက်သည်။ ထိုအမျိုးသားသည် ဗီဒီယိုကို မြန်မြန်ဆန်ဆန် ဖန်တီးခဲ့သော်လည်း ၎င်းမှာ ရိုးရှင်းလွန်းလှပြီး ဆွဲဆောင်မှုရှိသော အချက်အလက်များ မပါဝင်ဘဲ အပိုင်းအစအချို့ကိုသာ စုစည်းထားသကဲ့သို့ ဖြစ်နေသည်။ သူ ဗီဒီယိုကို ဒီလောက်မြန်မြန် တည်းဖြတ်နိုင်ခဲ့သည်မှာ မဆန်းချေ။ စုဟယ် တိုးတိုးလေး ရေရွတ်လိုက်၏။

"လောင်းကြေး တစ်ခုလောက်ထပ်လိုက်ရအောင်"

သူမဖုန်းကို ထုတ်လိုက်ပြီး ဟုန်လျန် ပို့ပေးသော လင့်ခ်ကို နှိပ်ကာ ထိုအမျိုးသား တင်ထားသော ဝေဘို ဗီဒီယိုအတွက် ယွမ် (၁၀၀,၀၀၀) ဖိုး ငွေဖြည့်လိုက်ပြီး "ရေပန်းစားသတင်းဖြစ်အောင် ကူညီပေးခြင်း" ဝန်ဆောင်မှုကို ဝယ်ယူလိုက်သည်။ ဟုန်လျန်က ဖုန်းကို ပြန်လည်ဆန်းသစ် လိုက်သောအခါ ထိုအမျိုးသား၏ ဗီဒီယိုမှာ "လူကို ငှက်ချေးပက်ခြင်း" သတင်းသည် အောက်မှ အပေါ်ဆုံးသို့ ရောက်ရှိသွားခဲ့ပြီ ဖြစ်သည်။ လူတစ်ယောက်သည် ဤနေရာကို နှိပ်လိုက်သည်နှင့် ဤ Weibo ပို့စ်ကို ချက်ချင်းမြင်တွေ့ရမည် ဖြစ်သည်။

စုဟယ်သည် နောက်ထပ် ယွမ် (၁၀၀,၀၀၀) ကို ထုတ်ယူလိုက်ပြီး အွန်လိုင်းရှိ လူမှုကွန်ရက်ဈေးကွက်ရှာဖွေရေး အကောင့် အချို့ကို အမြန်ရှာဖွေကာ ထိုအမျိုးသား၏ ဗီဒီယိုကို သူတို့ထံပေးပို့ပြီး ပြန်လည် မျှဝေပေးရန် တောင်းဆိုလိုက်သည်။ "လူကို ငှက်ချေးပက်ခြင်း" ဟူသော ဟက်ရှ်တဂ်မှာ ရေပန်းစားနေပြီးသား သတင်းတစ်ခု ဖြစ်နေ၏။ ဤဈေးကွက်ရှာဖွေရေးအကောင့်များမှာ မူလကပင် ထိုရေပန်းစားမှုကို အသုံးချကာ ရယ်စရာကောင်းသော သတင်းဗီဒီယိုတစ်ခု ဖန်တီးရန် စီစဉ်နေကြခြင်းဖြစ်သည်။ ယခုအခါတွင်မူ ရေပန်းစားမှုကို အသုံးချနိုင်ရုံသာမက ပိုက်ဆံပေးမည့် အလှူရှင်ပါရှိနေသဖြင့် သူတို့ ငြင်းပယ်စရာ အကြောင်းမရှိချေ။

ဈေးကွက်ရှာဖွေရေး အကောင့်များ၏ ပံ့ပိုးမှုဖြင့် အမှန်တကယ်ပင် ထူးခြားဆန်းပြားပြီး ရေပန်းစားနေသော ထိုဗီဒီယိုမှာ အလျင်အမြန် ပျံ့နှံ့သွားတော့သည်။ အစပိုင်းတွင် လူတိုင်းက (၁၅) စက္ကန့်ခန့်ရှိသော ဗီဒီယိုအတိုများကိုသာ ပြန်လည် မျှဝေနေကြခြင်း ဖြစ်သည်။ ဈေးကွက်ရှာဖွေရေး အကောင့်များနှင့် စုဟယ်ဝယ်ယူထားသော "ရေပန်းစားအောင် ကူညီပေးခြင်း" ဝန်ဆောင်မှုတို့၏ အကျိုးသက်ရောက်မှုကြောင့် ဟဲယဲ့တည်းခိုခန်းနှင့် ပတ်သက်သော အချက်အလက်များ ပါဝင်သည့် ဗီဒီယိုရှည်မှာ ထိရောက်စွာ ပျံ့နှံ့သွားခဲ့၏။ မကောင်းမှုပြုသူမှာ မကောင်းကျိုးကို ပြန်လည် ခံစားရခြင်းမှာ တရုတ်လူမျိုးများ၏ အခြေခံအကျဆုံး ဆန္ဒတစ်ခု ဖြစ်သည်။

ယခုနှစ်တွင် ယဉ်ကျေးမှုဆိုင်ရာ ဈေးကွက်မှာ အလွန်တိုးတက်နေပြီး ဂီတဖျော်ဖြေပွဲများ၊ တိုက်ရိုက်ဂီတခန်းမများ ၊ ပြဇာတ်များနှင့် ကခုန်မှုဆိုင်ရာ ပြဇာတ်များမှာ အလွန်ရေပန်းစားနေသည်။ လူအများအပြားမှာ လက်မှတ်ဝယ်ချင်သော်လည်း ဈေးကွက်ကို မှောင်ခိုသမား များက လက်ဝါးကြီးအုပ်ထားသဖြင့် ဈေးကြီးပေးကာ ဝယ်ယူခဲ့ရသော နာကျင်ဖွယ် အတွေ့အကြုံများ ရှိခဲ့ကြ၏။ ယခုအခါတွင်မူ မှောင်ခိုသမားမှာ ကောင်းကင်၏ ပြစ်ဒဏ်ပေးခြင်းကို ခံလိုက်ရသဖြင့် လက်မှတ်မရခဲ့သော အင်တာနက် အသုံးပြုသူများမှာ အလွန်ပင် စိတ်ကျေနပ်မှု ရရှိသွားကြတော့သည်။ ပရိသတ်အများအပြားကလည်း သူတို့နှစ်သက်သော အိုင်ဒေါများ၏ ဖျော်ဖြေပွဲလက်မှတ်များကို ပြန်လည်ရောင်းချနေသော မှောင်ခိုသမားများသည်လည်း ထိုကဲ့သို့ ပြစ်ဒဏ်ခံရပါစေဟု ဆုတောင်းရင်း ပြန်လည်မျှဝေကြ၏။

"သတိပြုကြပါ၊ မှောင်ခိုသမားဆီက လက်မှတ်ရင် ငရဲရောက်လိမ့်မယ် "

"အချစ်လေးတို့ရေ၊ မှောင်ခိုသမားတွေ ဆီက လက်မှတ်ကို လုံးဝမဝယ်ကြပါနဲ့! တို့တွေရဲ့ဂရု ထဲမှာ လက်မှတ်လွှဲပြောင်းပေးတဲ့ သီးသန့်နေရာရှိပါတယ် [လက်မှတ်လင့်ခ် ]"

"'မှောင်ခိုသမားတွေ သေသင့်တယ်၊ အခုတော့ ငါ့အိုင်ဒေါရဲ့လက်မှတ်ကို ငါ ဝယ်နိုင်တော့မှာပါ "

"ဟဲဟဲ၊ မှောင်ခိုသမားတွေက လက်မှတ်ကို ဘယ်ကရတာလဲ၊ ကျွန်တော့်ကို မေးရင်တော့ XXဝဘ်ဆိုဒ်က အကြီးဆုံး မှောင်ခိုသမားပဲ"

အမျိုးမျိုးသော ပရိသတ်အုပ်စုများ ပါဝင်လာပြီးနောက် "လူကို ငှက်ချေးပက်ခြင်း" ဟက်ရှ်တဂ်၏ လူကြိုက်များမှုမှာ ဆက်လက်မြင့်တက်လာကာ ရေပန်းစားသော သတင်းများတွင် အဆင့် (၄) သို့ ခုန်တက်သွားခဲ့သည်။ ထိုသက်လတ်ပိုင်းအမျိုးသားမှာ တစ်ကမ္ဘာလုံးတွင် နာမည်ကြီးသွားတော့၏။ ဟဲယဲ့တည်းခိုခန်းမှာလည်း ဤအခွင့်အရေးကို အသုံးချကာ အင်တာနက် အသုံးပြုသူများအကြား အသိအမှတ်ပြုမှုကို ရရှိခဲ့သည်။

"ဒီတည်းခိုခန်းက သနားစရာပဲ၊ အဲဒီလို မဟုတ်မမှန် သုံးသပ်ချက်တွေ ပေးခံရတာ"

"ဝါး ကျွန်မ ခရီးသွားတုန်းက သူတို့ရဲ့ မုန့်တွေကို ဝယ်စားခဲ့ဖူးတယ်၊ တကယ် အရသာရှိတာ၊ လက်နဲ့ ကိုယ်တိုင်လုပ်ထားတဲ့ လတ်လတ်ဆတ်ဆတ်မုန့်တွေလေ"

"ငှက်တွေကို အစာကျွေးတဲ့အစ်မက လုံးဝ မလွန်ပါဘူး၊ လူလည်းကောင်းတယ် ငှက်ကလည်းကောင်းတယ် မှောင်ခိုသမားကမှ အယုတ်တမာပဲ "

ထိုပို့စ်အောက်တွင် တစ်ယောက်က ချက်ချင်း ပြန်လည်တုံ့ပြန်လိုက်သည်။

"ချင်းထန် မင်းသမီးလေးပါပဲလား"

"ပြောရရင်တော့ အဘိုးအဘွားတွေလည်း နည်းနည်းလွန်တာပဲ၊ တခြားသူရဲ့ ဆိုင်မှာ တန်းစီပြီး ပစ္စည်းတွေဝယ်ပေးကြတာ"

"ဒီဆိုင်က မုန့်တွေက ဘယ်လောက်တောင် အရသာရှိလဲဆိုတာ တကယ်သိချင်မိတယ်"

All Chapters