← Chapters

အခန်း (၇၅-၇၆)

Vol. 8 Ch. 75-76

အခန်း (၇၅-၇၆)

Vol. 8 Ch. 75-76

အခန်း ၇၅: မင်းတို့ ဘာတွေ လုပ်နေကြတာလဲ... ငါက သဘောမတူဘူးလို့ ပြောခဲ့လို့လား...

စူးချန်ကဲက ထိုက်ချင်ဓားသင်္ချိုင်းကို ဖွင့်ချင်သည်ဟု ကြားသောအခါ တောင်ထိပ်သခင်များ အားလုံးက ဇဝေဇဝါဖြစ်မှု အရိပ်အယောင်တစ်ခုကို ပြသခဲ့ကြသော်လည်း သူ့ကို တားဆီးရန် စကားမပြောခဲ့ကြဘဲ အသံပေးပို့ကာ ဆက်သွယ်လိုက်ကြသည်။

"ဒီလောက်တောင် လောနေဖို့ လိုလို့လား..."

"ဒီကောင်လေး... အဟမ်း အဟမ်း... သူတော်စင်သားတော်က ထိုက်ချင်ဓားသင်္ချိုင်းကို ဖွင့်ဖို့အတွက်ပဲ နတ်ဘုရားချဉ်းကပ်ခြင်း စေတီကို ကျော်ဖြတ်ခဲ့တာလို့ ငါ ဘာလို့ ခံစားနေရတာလဲ..."

"အဲ့ဒါက ပုံမှန်ပါပဲ... ဘာပဲဖြစ်ဖြစ် အဲ့ဒါက ဘိုးဘေး ချန်ထားခဲ့တဲ့ အမွေအနှစ်ဖြစ်ပြီး စည်းမျဉ်းတွေနဲ့လည်း ကိုက်ညီနေတာဆိုတော့ ဘာလို့ အများကြီး တွေးနေမှာလဲ..."

"ငါ့ရဲ့အမြင်အရတော့ သူတော်စင်သားတော်ရဲ့ ရည်ရွယ်ချက်က သူ့ရဲ့ဂျူနီယာညီမလေးကို ကူညီပေးဖို့ ပိုဖြစ်ပုံရတယ်... သူက အေးစက်တဲ့ စရိုက်ရှိတယ်ဆိုပြီး အပြင်မှာ ကောလာဟလတွေ ထွက်နေတာ မဟုတ်ဘူးလား... ဒီလုပ်ရပ်က တော်တော်လေး မျှော်လင့်မထားတာပဲ..."

"တကယ့်ကို ပါရမီရှင်ပဲ... သူက နတ်ဘုရားချဉ်းကပ်ခြင်းစေတီကို အသက်သုံးရှိုက်စာအတွင်း ကျော်ဖြတ်ခဲ့တာ... သူ့ရဲ့စွမ်းအားက အကဲဖြတ်မှုကို အများကြီးကျော်လွန်နေတာ သဘာဝကျပါတယ်... ကောလာဟလတွေက တကယ်ပဲ မှန်နေနိုင်မလား..."

ဤအချိန်၌ မြင့်မြတ်အရှင် ရွှမ်ကျိက အသံပေးပို့ကာ ပြောလိုက်၏။

"အဓိပ္ပာယ်မရှိတာတွေ ပြောနေတာကို ရပ်လိုက်တော့... ငါတို့ရဲ့ သူတော်စင်သားတော်က တကယ်ကြီး ဘာလုပ်ချင်လဲဆိုတာကို သွားကြည့်ရအောင်..."

ထို့နောက် သူက အနည်းငယ် တွေဝေနေပုံရသော နံဘေးတွင် ရပ်နေသည့် စန်းလင်းဆီသို့လှည့်ကြည့်ကာ စတင်၍ ပြောဆိုလေသည်။

"တာအိုရောင်းရင်း စန်းလင်း... တကယ်လို့ မင်း စိတ်မရှိဘူးဆိုရင် ငါတို့နဲ့အတူ လိုက်လာပြီး သွားကြည့်ဖို့ စိတ်ဝင်စားမလား..."

ဤစကားကို ကြားသောအခါ စန်းလင်း ၏ မျက်နှာပေါ်တွင် ချက်ချင်း အပြုံးတစ်ခု ထွက်ပေါ်လာပြီး သူ၏လက်ကို ပူးဆုပ်လိုက်၏။

"အဲ့ဒီလိုဆိုရင် တာအိုရောင်းရင်းရွှမ်ကျိကို ငါ ဒုက္ခပေးရတော့မယ်..."

သူ လိုက်သွားရန်မှာ အမှန်တကယ်ပင် အဆင်မပြေဖြစ်လေသည်။ ထိုက်ချင်ဓားသင်္ချိုင်းသည် ဂိုဏ်း၏ဘိုးဘေးမြေများဖြစ်ပြီး အပြင်လူများအနေဖြင့် နောက်ဆုံးတွင် သံသယများကို ရှောင်ရှားရန် လိုအပ်သည်။

မြင့်မြတ်အရှင်ရွှမ်ကျိက ဤသို့ပြောဆိုရခြင်းမှာလည်း သူတို့ကဲ့သို့ တောင်ထိပ်သခင်များပင်လျှင် ထိုက်ချင်ဓားသင်္ချိုင်း၏ဝင်ပေါက်တွင်သာ စောင့်ဆိုင်းနိုင်ပြီး အတွင်းသို့ မဝင်ရောက်နိုင်ကြောင်းကို ထည့်သွင်းစဉ်းစားမိသောကြောင့်ပင်။

ဤဂိုဏ်းမှ ထိပ်သီးပုဂ္ဂိုလ်ကြီးများ၏ ပုံရိပ်များက အလင်းတန်းများအဖြစ်သို့ ပြောင်းလဲသွားပြီး မိုးကုတ်စက်ဝိုင်းအတွင်းသို့ ပျောက်ကွယ်သွားချိန်၌ ရင်ပြင်တွင် ကျန်ရစ်ခဲ့သော ထိုက်ချင်ဂိုဏ်းတပည့်များနှင့် ခေါင်းဆောင်တပည့်များမှာ ကြီးမားသော အံ့အားသင့်မှုထဲတွင် နစ်မြုပ်နေဆဲဖြစ်ပြီး အချိန်ကြာမြင့်စွာအထိ သတိပြန်မဝင်နိုင်ခဲ့ကြချေ။

"ဓားသင်္ချိုင်း..."

ယောင်ယွီက ဤစကားလုံးကို တီးတိုးရေရွတ်လိုက်ရာ သူ၏မျက်လုံးများတွင် ရှုပ်ထွေးပြီး သဲကွဲမှုမရှိသော အလင်းရောင်တစ်ခု လင်းလက်သွားသည်။ ထို့နောက် သူ၏ပုံရိပ် လှုပ်ရှားသွားကာ သူတို့၏နောက်သို့ လိုက်ရန် အလင်းတန်းတစ်ခုအဖြစ်သို့ ပြောင်းလဲသွားပေ၏။

"သွားကြစို့... ငါတို့လည်း သွားကြည့်ရအောင်..."

ဤအရာကို မြင်သောအခါ တခြားသော တောင်ထိပ် ခေါင်းဆောင်တပည့်များအားလုံးမှာလည်း သူတို့၏ လွတ်မြောက်ခြင်း အလင်းများကို သတ်မှတ်လိုက်ကြပြီး ထပ်ချပ်မကွာ လိုက်ပါသွားကြသည်။

ဤအချိန်၌ စူးချန်ကဲသည် ရယ်ပြုံးနေသော ယောင်ရှင်းယဲ့၏နောက်မှနေ၍ ထိုက်ချင်ဂိုဏ်း၏ နက်ရှိုင်းသောနေရာရှိ ရှေးဟောင်း ဧရိယာတစ်ခုသို့ ရောက်ရှိနေလေပြီ။ ထိုနေရာတွင် တောင်များနှင့်သစ်တောများ တိတ်ဆိတ်နေပြီး ရှေးဟောင်းသစ်ပင်များက မိုးကောင်းကင်ယံသို့ ထိုးတက်နေသည်။

လမ်းခရီးတွင် ယောင်ရှင်းယဲ့က စူးချန်ကဲထံသို့ အသံပေးပို့ကာ ရင်းနှီးသော နှုတ်ခွန်းဆက်စကားများနှင့် မြှောက်ပင့်မှုများကို အဆက်မပြတ် ပြောဆိုခဲ့သည်။

ဤအရာအပေါ် စူးချန်ကဲက ခပ်ဖျော့ဖျော့ရယ်မောရုံသာ ပြန်လည်တုံ့ပြန်ခဲ့ပြီး ထိုက်ချင်ဓားသင်္ချိုင်းကိစ္စ ပြီးဆုံးသွားပါက ယောင်ရှင်းယဲ့ကို လမ်းညွှန်ပေးရန် တစ်ရက်အချိန်ပေးမည်ဖြစ်ကြောင်း သူ့ကို ပြောဆိုလိုက်၏။

တစ်ချိန်တည်းမှာပင် စူးချန်ကဲ၏နောက်မှ လိမ္မာရို့ကျိုးစွာ လိုက်ပါလာသော နင်ဖူယောင်သည် ယခင်က သူမ တစ်ခါမှ မရောက်ဖူးသော ဤနေရာကို သိချင်စိတ်ဖြင့် ကြည့်ရှုနေခဲ့သည်။

"ဒီနေရာမှာ အရမ်းထူထပ်သိပ်သည်းတဲ့ ဓားစိတ်ဆန္ဒ ရှိတာပဲ..."

နင်ဖူယောင် အံ့အားသင့်သွားခဲ့သည် ဓားတာအိုထဲသို့ ဝင်ရောက်ပြီးဖြစ်ရာ သူမသည် ဓားစိတ်ဆန္ဒများနှင့် မစိမ်းသက်တော့ချေ။ လေထုထဲတွင် ပါဝင်နေသော ဓားချီများကို ဓားတောအုပ်တစ်ခုထဲတွင် ရှိနေသည့်အလား သူမက ရှင်းလင်းစွာ ခံစားနိုင်သည်။

အားချီ၏အသံကလည်း ဤအချိန်၌ သူမ၏ စိတ်ထဲတွင် မြည်ဟီးလာခဲ့သည်။

"သခင်မ အံ့အားသင့်နေဖို့ မလိုပါဘူး... ဒါတွေ အားလုံးက ပုရွက်ဆိတ်လို ဓားစိတ်ဆန္ဒတွေ သက်သက်ပါပဲ... အဲ့ဒါတွေက တကယ့်ကို အဆင့်မရှိပါဘူး..."

"ဒါပေမဲ့ အခု သခင်မက ဓားတာအိုထဲကို အခုလေးတင် ဝင်ရောက်ခဲ့တာဆိုတော့ ဒါတွေကို လိုအပ်တယ်... ဒီထိုက်ချင်ဓားသင်္ချိုင်းလို့ ခေါ်တဲ့ နေရာမှာ သိပ်ပြီးမဆိုးရွားတဲ့ အရာတချို့ ရှိကောင်းရှိနိုင်ပါတယ်..."

"အားချီ...နင် ထိုက်ချင်ဂိုဏ်းအကြောင်းကို အဲ့ဒီလိုမျိုး ပြောခွင့်မရှိဘူး..."

နင်ဖူယောင်က သူမ၏နှလုံးသားထဲတွင် အနည်းငယ် ဒေါသထွက်သွားသလို ခံစားရကာ ပြောလိုက်သည်။

အားချီက အေးစက်သော အမူအရာဖြင့် ပြန်ဖြေလိုက်၏။

"ဟုတ်ကဲ့ပါ... အားချီ မှတ်ထားပါ့မယ်..."

"အင်း... မှန်တယ်... ဘာလို့ 'ပုရွက်ဆိတ်' လို့ ပြောနေရတာလဲ... ကြည့်စမ်း... ဓားတာအို ကျွမ်းကျင်သူတိုင်းက ဖြည်းဖြည်းချင်း ပိုပြီး အစွမ်းထက်လာကြတာပဲလေ... အားချီ... မင်းလည်း အတိတ်က အားနည်းခဲ့တဲ့ အချိန်တွေ ရှိခဲ့မှာပဲ မဟုတ်လား..."

နင်ဖူယောင်က သူမ၏စိတ်ထဲမှ ပြောလိုက်သည်။

ဤစကားကို ကြားသောအခါ အားချီက တခဏမျှ တိတ်ဆိတ်သွားပြီးနောက် ပြောလိုက်၏။

"အားချီ သင်ခန်းစာ ရသွားပါပြီ... ဒါပေမဲ့ အားချီက အင်မော်တယ် ဓားစိတ်ဝိညာဉ် တစ်ခုအနေနဲ့ မွေးဖွားလာတာဆိုတော့... ကျွန်မက ဘယ်တုန်းကမှ အားမနည်းခဲ့ဖူးဘူး..."

"..."

နင်ဖူယောင်က ချက်ချင်းဆွံ့အသွားခဲ့သည်။ အားချီ၏ ဇစ်မြစ်အကြောင်း ပြောဆိုရလျှင် သူမသည် တစ်ချိန်က အင်မော်တယ် ဓားတစ်လက်၏ ဓားစိတ်ဝိညာဉ်တစ်ခု ဖြစ်ခဲ့ကြောင်းကိုသာ သူမ သိထားသည်။ အားချီသည် အဘယ်ကြောင့် နင်ဖူယောင်၏စိတ်အတွင်း၌ ရှိနေသနည်း အဘယ်ကြောင့် နင်ဖူယောင်ကို သူမ၏ သခင်မအဖြစ် အသိအမှတ်ပြုသနည်း ဆိုသည်နှင့် ပတ်သက်၍ အားချီက အချိန်မရောက်သေးကြောင်းနှင့် အချိန်ရောက်လာပါက သူမ အရာအားလုံးကို နားလည်လာမည်ဖြစ်ကြောင်းကိုသာ ပြောဆိုခဲ့လေ၏။

နင်ဖူယောင်၏ အတွေးများက သူမ အချိန်အတော်ကြာ စဉ်းစားနေခဲ့သော မေးခွန်းဆီသို့ ရုတ်တရက် ပြန်လည်ရောက်ရှိသွားခဲ့သည်။

"စီနီယာအစ်ကိုက ဘာလို့ ငါ့ကို ထိုက်ချင်ဓားသင်္ချိုင်းဆီ ခေါ်လာဖို့ စဥ်းစားမိတာလဲ..."

"အသင်္ချေကောင်းကင်ဘုံနန်းတော်မှာလည်း ဓားတာအို နတ်ဘုရားစွမ်းရည်တွေ အများကြီး ရှိတယ် မဟုတ်လား... ပြီးတော့ ထိုက်ချင်ဓားနည်းစနစ်လည်း ရှိနေတယ်လေ..."

အားချီက တခဏမျှ စဉ်းစားပြီး ပြောလိုက်၏။

"စူးချန်ကဲက သခင်မကို နှစ်ပေါင်းများစွာ အကြွေးတင်နေတယ်လို့ ခံစားရပြီးတော့ သခင်မရဲ့ပါရမီကို မြင်တော့ အနာဂတ်မှာ သခင်မကို သူ အသုံးချနိုင်အောင် သခင်မက သူ့ကို ကျေးဇူးတင်လာစေဖို့ လုပ်ချင်နေတာ ဖြစ်နိုင်တယ်..."

"အားချီ... နင်က ဘာလို့ လူတွေကို အမြဲတမ်း အဆိုးမြင်နေရတာလဲ... တကယ်လို့ စီနီယာအစ်ကိုက ထိုက်ချင်ဓားသင်္ချိုင်းရဲ့ နတ်ဘုရားစွမ်းရည်တွေကို သူလည်း လိုအပ်နေတယ်လို့ တွေးပြီး ငါ့ကို အတူတူ ခေါ်လာခဲ့တာဆိုရင် ဘယ်လိုလုပ်မလဲ..."

နင်ဖူယောင်က ကူကယ်ရာမဲ့စွာ ပြောလိုက်သည်။

"အဲ့ဒါက လုံးဝမဖြစ်နိုင်ဘူး... သူ့မှာ ဓားတာအို ပါရမီ မရှိဘူးလို့ ငါ ပြောခဲ့တယ်လေ..."

အားချီ က ပြတ်သားစွာ ပြန်ဖြေလိုက်၏။

တစ်ချိန်တည်းမှာပင် မြင့်မြတ်အရှင်ရွှမ်ကျိနှင့် တခြားသူများ၏ ပုံရိပ်များက တစ်ယောက်ပြီးတစ်ယောက် ထွက်ပေါ်လာခဲ့ကြသည်။ တပည့်အများစုသည် ဤနေရာသို့ ခြေမချနိုင်ကြချေ။ ထိုခေါင်းဆောင် တပည့်များသာ ဝင်ရောက်လာပြီး သူတို့၏ သက်ဆိုင်ရာဆရာများက နံဘေးတွင် လိုက်ပါလာခဲ့ကြသော်လည်း ယခုအချိန်၌ သူတို့သည် စကားပြောဆိုရန် စိတ်မပါတော့ချေ။ သူတို့၏ အကြည့်များအားလုံးက စူးချန်ကဲအပေါ်တွင် စူးစိုက်နေပြီး အံ့အားသင့်မှု မနာလိုမှုနှင့် စိတ်ရှုပ်ထွေးမှု အရိပ်အယောင်တစ်ရပ်တို့ဖြင့် ပြည့်နှက်နေသည်။

ယောင်ရှင်းယဲ့က မြင့်မြတ်အရှင်ရွှမ်ကျိကို တစ်ချက်ကြည့်လိုက်၏။

မြင့်မြတ်အရှင်ရွှမ်ကျိသည် တခဏမျှ တိတ်ဆိတ်သွားပြီးနောက် စူးချန်ကဲကို ကြည့်ပြီး မေးလိုက်သည်။

"သူတော်စင်သားတော်က မင်းရဲ့ဂျူနီယာညီမလေးကို ထိုက်ချင်ဓားသင်္ချိုင်းထဲ အတူတူခေါ်သွားဖို့ စီစဉ်နေတာလား..."

"အင်း..."

စူးချန်ကဲက ခေါင်းညိတ်ပြလေသည်။

ဤစကားများကို ပြောဆိုလိုက်သည်နှင့် မြင့်မြတ်အရှင် ရွှမ်ကျိ၏ မျက်ခုံးများ အနည်းငယ် တွန့်ကွေးသွားပြီး သူက တစ်စုံတစ်ခုကို တွေးတောနေပုံရသည်။

"ခေါင်းဆောင်... ဒီကောင်မလေးကို ဆွဲခေါ်ထားဖို့အတွက် အရင်က ဒီအကြောင်းကို ခင်ဗျား ကတိပေးထားခဲ့တယ် မဟုတ်လား... ဒါက ပြီးပြည့်စုံတာ မဟုတ်ဘူးလား..."

ယောင်ရှင်းယဲ့ သည် မြင့်မြတ်အရှင်ရွှမ်ကျိ၏ စိုးရိမ်မှုများကို မြင်တွေ့လိုက်ရပုံရပြီး ချက်ချင်း အသံပေးပို့ကာ ပြောလိုက်သည်။

ဤအချိန်၌ အဋ္ဌမတောင်ထိပ်သခင် ရှန်းဝမ်က အသံပေးပို့မှုတွင် ပါဝင်လာခဲ့သည်။

"ဒုတိယ စီနီယာအစ်ကို.....ကြည့်ရတာတော့ ခေါင်းဆောင် အသစ်ဖုတ်ထားတဲ့မုန့်ရဲ့ အရသာကို မမြည်းစမ်းရသေးပုံပဲ... ဒီအဓိပ္ပာယ်က ရိုးရှင်းတာ မဟုတ်ဘူးလား... အဲ့ဒီကောင်မလေးရဲ့ ဓားတာအိုပါရမီက အရမ်းအစွမ်းထက်တယ်လေ... သူ့ရဲ့ကျင့်ကြံဆင့်နယ်ပယ် မြင့်တက်လာတာနဲ့ သူက သေချာပေါက် သူတော်စင်တစ်ယောက် ဖြစ်လာမှာ မဟုတ်ဘူးလား... သူ ထိုက်ချင်ဓားသင်္ချိုင်းထဲ ဝင်တာက ပုံမှန်မဟုတ်ဘူးလား..."

"အဲ့ဒီတုန်းက စီနီယာအစ်ကို မြင့်မြတ်အရှင်ရွှမ်ကျိက တကယ်ပဲ အဲ့ဒီလို ဆိုလိုခဲ့တာပါ..."

လီချင်းဖုန်းကလည်း ဝင်ပြောလိုက်၏။

မြင့်မြတ်အရှင်ရွှမ်ကျိ၏ပါးစပ်ထောင့် အနည်းငယ် တွန့်ကွေးသွားခဲ့သည်။

'ဒါက ဘာဖြစ်နေတာလဲ... ဒီအရာတွေ အားလုံးကို ငါက ဂိုဏ်းအတွက် လုပ်နေတာ မဟုတ်ဘူးလား...'

"အို... စီနီယာအစ်ကို မြင့်မြတ်အရှင် ရွှမ်ကျိ... အရမ်းတင်းကြပ်မနေပါနဲ့... ငါတို့ရဲ့ သူတော်စင်သားတော်က အရမ်းထူးချွန်တာပဲ... အခွင့်ထူးတချို့ ခံစားရတာက ဘာမှားနေလို့လဲ..."

မူးယစ်နတ်မိမယ်က အလွန်ပေါ့ပေါ့ပါးပါးလေသံဖြင့် အသံပေးပို့ပြီး ပြောလိုက်သည်။

"အဓိပ္ပာယ်ရှိတယ်... ဒီကောင်မလေးက နောက်ပိုင်းကျရင် ထိုက်ချင်ဂိုဏ်းမှာ မနေရင်တောင်မှ ပထမအချက်အနေနဲ့ ဒီသူတော်စင်သားတော်အသစ်ကို ကောင်းမွန်တဲ့ အထင်အမြင်တစ်ခု ပေးနိုင်လိမ့်မယ်... ဒုတိယအချက်အနေနဲ့ မြောက်ပိုင်းနယ်မြေ နင်မိသားစု နဲ့ ကြီးမားတဲ့ ဆက်ဆံရေးကောင်းတစ်ခုကို တည်ဆောက်နိုင်တယ်လေ... အဲ့ဒါက နှစ်ဖက်လုံးအတွက် အကောင်းဆုံးပဲ..."

ဟင်္သာပြဒါးနေမင်းသခင်ကလည်း ဝင်ပြောလိုက်၏။

"တောင်ထိပ်ကိုးခုက တောင်ထိပ်သခင်တွေအားလုံး သဘောတူတယ်ဆိုရင် အဲ့ဒါကလည်း စည်းမျဉ်းတွေနဲ့ ကိုက်ညီတယ်လို့ ပြောကြတယ် မဟုတ်လား... ငါလည်း သဘောတူတယ်..."

ဓားအရူးက အသံပေးပို့မှုမှတဆင့် ဝင်ပြောလေသည်။ သူသည် နင်ဖူယောင် ထိုက်ချင်ဓားသင်္ချိုင်းသို့ ဝင်ရောက်ရန် အမျှော်လင့်ဆုံးသူပင်။ ဤကဲ့သို့ ပါရမီရှင် ဂျူနီယာတစ်ဦးကို မြင်တွေ့ရသဖြင့် သူမအတွက် အကောင်းဆုံးကို သူ တကယ် ဆန္ဒရှိပြီး သူမ၏ဓားတာအို ဆက်လက်၍ တိုးတက်လာသည်ကို သူ မြင်တွေ့လိုသည်။

သူ၏အသံ တိတ်ဆိတ်သွားသည်နှင့် တပြိုင်နက် အကြည့်များစွာက သတ္တမတောင်ထိပ်သခင် ယန်လော့အပေါ်သို့ ကျရောက်သွားခဲ့သည်။ ထိုအရာကို ဆန့်ကျင်မည့်သူများမှာ သူနှင့် မြင့်မြတ်အရှင်ရွှမ်ကျိသာ ရှိကောင်းရှိနိုင်သည်။

သို့ရာတွင် လူတိုင်း မမျှော်လင့်ထားသောအရာမှာ ယန်လော့သည် မစဉ်းစားဘဲ အသံပေးပို့ကာ ပြောဆိုလိုက်ခြင်းပင်။

"ငါ သဘောတူတယ်..."

"အမ်... သတ္တမအစ်ကိုက စိတ်ပြောင်းသွားတာလား..."

ရှန်းဝမ်က ယန်လော့ကို အံ့အားသင့်စွာ ကြည့်လိုက်၏။

ယန်လော့က သူ့ကို အေးစက်စက် တစ်ချက်ကြည့်ပြီး ဂရုမစိုက်သော လေသံဖြင့် အသံပေးပို့ပြီး ပြောဆိုသည်။

"ငါက တုံးအတဲ့သူ မဟုတ်ဘူး... သူတော်စင်သားတော်က ဒီလောက်ထိ ပါရမီရှင် ဖြစ်နေတာ... ငါ ဘာပြောနိုင်အုံးမှာလဲ... စွမ်းအားကြီးတဲ့သူတွေက သဘာဝကျကျပဲ စည်းမျဉ်းတွေရဲ့ ကန့်သတ်ချက်ကို မခံရပါဘူး..."

"တော်တယ်..."

ရှန်းဝမ်က ချီးကျူးလိုက်သည်။

လူတိုင်းကြားရှိ စကားပြောဆိုမှုမှာ မျက်တောင်တစ်ခတ်အတွင်း ဖြစ်ပျက်သွားခဲ့သော်လည်း စန်းလင်း က တစ်ခုခုကို မြင်တွေ့လိုက်ရပုံရပြီး မြင့်မြတ်အရှင် ရွှမ်ကျိထံသို့ အသံပေးပို့ကာ ပြောဆိုလိုက်၏။

"တာအိုရောင်းရင်း... အရမ်းအခက်တွေ့နေဖို့ မလိုပါဘူး... ဖူယောင်ကို ထိုက်ချင်ဂိုဏ်းမှာ ထားခဲ့ဖို့ ငါ ဆုံးဖြတ်ပြီးပါပြီ..."

ဤစကားကို ပြောပြီးနောက် မြင့်မြတ်အရှင်ရွှမ်ကျိက အသံပေးပို့မှုမှတစ်ဆင့် လူများအားလုံးကို ပြန်ဖြေလိုက်သည်။

"မင်းတို့အားလုံးက ဘာတွေ လုပ်နေကြတာလဲ... ငါက သဘောမတူဘူးလို့ ပြောခဲ့လို့လား... ထိုက်ချင်ဓားသင်္ချိုင်းကို ဘယ်လို ဖွင့်ရမလဲဆိုတာကို ငါ မှတ်မိအောင် ကြိုးစားနေတာပါ... အဲ့ဒါကို မဖွင့်ရတာ နှစ်တစ်ရာကျော်နေပြီဆိုတော့ ကန့်သတ်ချက်ကို ငါ မေ့နေလို့ပါ..."

ထိုက်ချင်ဓားသင်္ချိုင်းကို ဖွင့်ရန် နည်းလမ်းမှာ သူမှလွဲ၍ ဂိုဏ်းခေါင်းဆောင်သာလျှင် သိရှိလေသည်။ နက်ရှိုင်းစွာ တံခါးပိတ် ကျင့်ကြံနေကြသော သက်ကြီးပိုင်း မဟာအကြီးအကဲများပင်လျှင် ထိုအရာကို မသိကြချေ။

"..."

လူတိုင်း...

အခန်း ၇၆: ဘာ... တိုးတက်အောင် လုပ်ပေးမယ်... ငါ ကြားတာ မှန်ရဲ့လား...

နောက်တစ်စက္ကန့်တွင်...

မြင့်မြတ်အရှင် ရွှမ်ကျိက ရှေ့တိုးလာပြီး စူးချန်ကဲကို ပြောလိုက်သည်။

"အဲ့ဒါဆိုလည်း သူတော်စင်သားတော်... မင်းရဲ့ ဂျူနီယာညီမလေးကို သေချာစောင့်ရှောက်ပေးပါ... ထိုက်ချင်ဓားသင်္ချိုင်းမှာ ဓားချီတွေနဲ့ ပြည့်နှက်နေတယ်... သူတော်စင်သားတော်ရဲ့စွမ်းအားအတွက်တော့ သဘာဝကျကျပဲ စိတ်ပူစရာ မလိုပါဘူး... ဒါပေမဲ့ သူ့ရဲ့နယ်ပယ်နဲ့ဆိုရင် အရမ်းအန္တရာယ်များနေသေးတယ်..."

"ကောင်းပါပြီ..."

စူးချန်ကဲက ခေါင်းညိတ်လိုက်၏။

ချက်ချင်းပင်...

မြင့်မြတ်အရှင် ရွှမ်ကျိက လက်ညှိုးတစ်ချောင်းကို ညွှန်ပြလိုက်ရာ ရှေးဟောင်းမှော်စာလုံးများက သူ၏မျက်လုံးများတွင် ထင်ဟပ်လာခဲ့ပြီး သူ၏အသံ ထွက်ပေါ်လာခဲ့သည်။

"ထိုက်ချင်သူတော်စင်သားတော် စူးချန်ကဲရဲ့ အမိန့်အရ... ထိုက်ချင်ဓားသင်္ချိုင်းကို ဖွင့်စမ်း..."

နောက်တစ်စက္ကန့်တွင်...

ဝုန်း...

ဖြောင်း...

ဟင်းလင်းပြင် လှိုင်းထသွားပြီး ရှေးဟောင်း ဟင်းလင်းပြင်တံခါးတစ်ခုက လူတိုင်း၏ မျက်စိရှေ့တွင် ဖြည်းညှင်းစွာ ထွက်ပေါ်လာခဲ့သည်။ ထိုအရာအတွင်းမှ ရှေးဟောင်းဓားစိတ်ဆန္ဒတစ်ခုက ပေါက်ကွဲထွက်လာပြီး အရပ်မျက်နှာအဘက်ဘက်ကို တုန်ခါသွားစေခဲ့သည်။

ထိုရှင်းပြ၍မရနိုင်သော ဖိနှိပ်နိုင်မှုခံစားချက်က နင်ဖူယောင်ကို မဆိုထားနှင့် ခေါင်းဆောင်တပည့်များ၏မျက်နှာအမူအယာများကိုပင် ပြောင်းလဲသွားစေခဲ့သည်။

သို့ရာတွင် နင်ဖူယောင်သည် အလွန်အမင်း အထိတ်တလန့်ဖြစ်နေပြီး ဤဖိအားကို ခုခံရန် ပြင်နေစဉ်မှာပင် မမြင်နိုင်သော စွမ်းအားတစ်ခုက ဓားချီစွမ်းအားကို ပြယ်လွင့်သွားစေခဲ့ပေ၏။

"လာ... ငါ့ရဲ့အနားမှာ ကပ်နေ..."

စူးချန်ကဲက ညင်သာစွာ ပြောဆိုသည်။

နင်ဖူယောင်က ခေါင်းညိတ်ပြပြီး သူမ၏စိတ်နှလုံးသားလေး နွေးထွေးသွားခဲ့သည်။

"ဒင်... ညင်သာတဲ့ စကားလုံးများ... နေ့စဉ် နွေးထွေးမှု... ဆုလာဘ် တစ်လစာ ကျင့်ကြံခြင်း အတွေ့အကြုံ..."

စူးချန်ကဲနှင့် နင်ဖူယောင်တို့၏ ပုံရိပ်များ ထိုက်ချင်ဓားသင်္ချိုင်းထဲသို့ ပျောက်ကွယ်သွားပြီးနောက်...

မြင့်မြတ်အရှင် ရွှမ်ကျိက သူ၏လက်များကို ဝှေ့ယမ်းလိုက်ရာ ဧရာမမှော်စာလုံး ကျောက်ပြားတစ်ခုက မိုးကောင်းကင်ယံတွင် ထွက်ပေါ်လာခဲ့သည်။ သူ၏ နတ်ဘုရား စွမ်းအားများ ထည့်သွင်းခံရသည်နှင့်အမျှ ထိုက်ချင်ဓားသင်္ချိုင်း ဟင်းလင်းပြင်အတွင်းရှိ အရာအားလုံးကို ကျောက်ပြားပေါ်တွင် ပုံဖော်ပြသနေသည်။

"ခင်ဗျားက ချောင်းကြည့်လို့တောင် ရသေးတာလား..."

ရှန်းဝမ်က အံ့အားသင့်စွာ မေးလိုက်သည်။

"အဓိပ္ပာယ်မရှိတာ..."

မြင့်မြတ်အရှင် ရွှမ်ကျိက အော်ဟစ်လိုက်ပြီး သူ့ကို စိုက်ကြည့်ကာ ဖြည်းညှင်းစွာ ရှင်းပြလိုက်၏။

"ဒါက ဘိုးဘေးထိုက်ချင် ချန်ထားခဲ့တာပဲ... မင်း ကြည့်ချင်ရင် ကြည့်... မကြည့်ချင်ရင် ထွက်သွား..."

"အမ်...ဒါလေးနဲ့တင် ဒေါသထွက်နေပြီလား..."

ရှန်းဝမ်က ကူကယ်ရာမဲ့စွာဖြင့် ပြောဆိုသည်။

"ရှန်းဝမ်... လျှောက်ပြောနေတာတွေကို ရပ်လိုက်တော့... တိတ်တိတ်လေး ကြည့်နေစမ်း... သူတော်စင်သားတော်က အထဲရောက်နေပြီ..."

ဓားအရူးက မျက်မှောင်ကြုတ်ပြီး ပြောဆိုလိုက်သည်။

သူတို့၏နံဘေးရှိ စန်းလင်းက ခပ်ဖျော့ဖျော့ ပြုံးလိုက်သည်။ ထိုက်ချင်ဂိုဏ်း၏အခြေအနေမှာ အလွန်ကောင်းမွန်ကြောင်း တွေ့ရှိလိုက်ရပြီး ဂိုဏ်းအပေါ် ရင်းနှီးမှု ခံစားချက်တစ်ခုကို သူ ခံစားလိုက်ရသည်။

တစ်ချိန်တည်းမှာပင်...

ထိုက်ချင်ဓားသင်္ချိုင်းအတွင်း၌...

ဤနေရာကို ဟင်းလင်းပြင်ဟု ခေါ်သော်လည်း ထိုနေရာမှာ အမှန်အားဖြင့် ဘိုးဘေးထိုက်ချင်ဖြစ်သော ဓားအင်မော်တယ်လျှို အတိတ်က မတော်တဆ ရှာဖွေတွေ့ရှိခဲ့သော ကြီးမြတ်သောကမ္ဘာငယ်လေးတစ်ခုပင်။ ဤကမ္ဘာငယ်လေးရှိနေခြင်းကြောင့်ပင် သူက ထိုက်ချင်ဂိုဏ်းကို ဤနေရာတွင် တည်ထောင်ခဲ့ခြင်းဖြစ်သည်။

ဤနေရာတွင် မြူများက ဝေဝါးနေပြီး တိမ်ပင်လယ်က လွင့်မျောနေသည်။

မြူဆိုင်းနေသော တောင်ထိပ်များက နတ်ဘုရား ဓားများအလား မတ်မတ်တည်ရှိနေပြီး တိမ်များထဲသို့ ထိုးဖောက်ဝင်ရောက်နေသည်။ ထိုအရာများသည် ကောင်းကင်နှင့်မြေကြီးကို ဖြတ်တောက်ကာ နယ်မြေနှစ်ခုကို ပိုင်းခြားထားသည့်အလား အရှိန်အဝါတစ်ခုကို သိမ်မွေ့စွာ ထုတ်လွှတ်ထားသည်။

"ဒါတွေက..."

နင်ဖူယောင်သည် သူမ၏ရှေ့ရှိ မြင်ကွင်းကြောင့် အနည်းငယ် ကြောင်အမ်းသွားခဲ့လေ၏။ သူမ၏ မျက်လုံးထဲတွင် ဤတောင်များမှာ တောင်များ မဟုတ်သလို ဤသစ်ပင်များမှာလည်း သစ်ပင်များ မဟုတ်ဘဲ ထိုအရာများအားလုံး ဓားများ ဖြစ်နေသည်။

"သခင်မ...နင် အမြင်မမှားပါဘူး... ဒီမှာရှိတဲ့ အရာအားလုံးက ဓားတာအိုကနေ ဆင်းသက်လာတာပါ..."

အားချီက ညင်သာစွာ ပြောဆိုလိုက်သည်။

စူးချန်ကဲက သူ၏ရှေ့ရှိ ဓားတာအိုကမ္ဘာကို ကြည့်ရင်း သူ၏မျက်လုံးများကို မှေးစင်းလိုက်၏။ သူ၏ ထင်ယောင်ထင်မှား ဖျက်ဆီးခြင်း နတ်ဘုရားမျက်လုံးသူငယ်အိမ်များက အသက်ဝင်လာပြီး ဤတောင်များကို ဖြတ်သန်းကာ အနက်ရှိုင်းဆုံးနေရာရှိ ရှေးဟောင်းဓားကျောက်စာတိုင် ကိုးခုကို သူ မြင်တွေ့လိုက်ရသည်။

"သွားကြစို့..."

စူးချန်ကဲက နင်ဖူယောင်ကို ပွေ့ဖက်ကာ အလင်းတန်းတစ်ခုအဖြစ်သို့ ပြောင်းလဲသွားပြီး ထွက်ခွာသွားခဲ့သည်။ ဟင်းလင်းပြင်အတွင်းရှိ မရေမတွက်နိုင်သော ဓားစိတ်ဆန္ဒများက သူ့အပေါ် ဖိနှိပ်လာသော်လည်း သူက ထိုအရာများကို လွယ်ကူစွာ ချိုးဖျက်သွားခဲ့လေ၏။

"အာ... ဒါက..."

နင်ဖူယောင်၏ပါးပြင်များ အနည်းငယ် နီရဲသွားပြီး သူမက ရှက်ရွံ့စွာ ခေါင်းငုံ့လိုက်သည်။ ဤသည်မှာ ဆန့်ကျင်ဘက် လိင်တစ်ဦးနှင့် သူမ၏ ပထမဆုံး ရင်းနှီးသော အထိအတွေ့ဖြစ်ပြီး အရေးအကြီးဆုံးမှာ တစ်ဖက်လူသည် သူမ အကြောက်ရဆုံး စီနီယာအစ်ကို ဖြစ်နေခြင်းပင်။

သူမ၏စိတ်နှလုံးသားထဲတွင် ထူးဆန်းပြီး အံ့ဩဖွယ်ကောင်းကာ ပေါ့ပါးပြီး လွင့်မျောနေသော ခံစားချက်တစ်ခု အမှန်တကယ် ရှိနေခဲ့သည်။

"ဟင်..."

"ဒီနေရာက တော်တော်လေး စိတ်ဝင်စားစရာ ကောင်းတာပဲ... ထိုက်ချင်... ထိုက်ချင်...အဲ့ဒီဘိုးဘေးထိုက်ချင်မှာ တကယ်ကို ခွန်အားတချို့ ရှိနေတာပဲ... မဟာတာအိုငါးဆယ်ကို ဒီလိုနည်းနဲ့ နားလည်သဘောပေါက်ဖို့ ကြိုးစားနေပြီးတော့ အောင်မြင်မှုတချို့ ရရှိထားပုံရတယ်..."

ရှေးဟောင်းဓားထဲရှိ အားချီက အံ့အားသင့်မှု အရိပ်အယောင်တစ်ခုကို ပြသလိုက်သည်။

"မဟာတာအိုငါးဆယ်... မဟာတာအိုငါးဆယ် ဆိုတာက ဘာလဲ..."

နင်ဖူယောင်၏ စိတ်နှလုံးသားထဲတွင် သိချင်စိတ်ပြင်းပြလာပြီး မေးမြန်းသည်။

"သခင်မကို ပြန်ဖြေရရင်... ဒီကမ္ဘာရဲ့ မရေမတွက်နိုင်တဲ့ တာအိုတွေကို မဟာတာအိုသုံးထောင်နဲ့ ကောင်းကင်အရင်းအမြစ် တာအိုငါးဆယ်တွေအဖြစ် ခွဲခြားထားပါတယ်... အဲ့ဒါကို 'ကောင်းကင်ဘုံရဲ့ဆန္ဒက လေးဆယ့်ကိုး... မဟာတာအိုက ငါးဆယ် လူကတစ်ယောက်' ဆိုပြီး အကျဉ်းချုပ်ထားပါတယ်... မဟာတာအိုငါးဆယ်က အရင်းအမြစ်ကို တိုက်ရိုက်ညွှန်ပြနေတဲ့ ဒီစကြဝဠာထဲက အစွမ်းထက်ဆုံး တာအိုတွေကို ကိုယ်စားပြုတယ်... ဒီတာအိုငါးဆယ်ကနေ မဟာတာအိုသုံးထောင်က ဆင့်ကဲဆင်းသက်လာခဲ့တာပါ... ဥပမာအနေနဲ့ သခင်မရဲ့စီနီယာအစ်ကို အသုံးပြုတဲ့ လက်ဖက်ရည်တာအိုနဲ့ အဆောင်လက်ဖွဲ့တာအိုတို့က မဟာတာအိုသုံးထောင်တွေထဲက အရာတွေပဲ... မွန်းစတားဆန်တဲ့ ပါရမီရှိသူတွေသာ အဲ့ဒါတွေကို နားလည်သဘောပေါက်နိုင်တယ်..."

"ဒါပေမဲ့ ကောင်းကင်အရင်းအမြစ် ပါဝင်တဲ့ တာအိုငါးဆယ်ကတော့ မဖြစ်နိုင်ဘူး... ဒီအရာ တစ်ခုချင်းစီကို လူတစ်ယောက်တည်းကသာ နားလည်သဘောပေါက်ပြီးတော့ ကျွမ်းကျင်နိုင်ပြီး အခက်အခဲကလည်း အရမ်းမြင့်မားတယ်... ဒါပေမဲ့ အဲ့ဒီထဲက တစ်ခုကို လျှောက်လှမ်းနေသရွေ့ လောကီကမ္ဘာမှာတောင် ဉာဏ်အလင်းပွင့်ခြင်းနဲ့ အင်မော်တယ် ဖြစ်ခြင်းဆီကို သွားတဲ့ လမ်းစဉ်ဖြစ်လို့ သာမန်မဖြစ်ဖို့ ကံကြမ္မာပါလာတာပါပဲ..."

အားချီက စိတ်ရှည်လက်ရှည် ရှင်းပြလိုက်ကာ သူမ၏မျက်လုံးများက ရှေးဟောင်းမှတ်ဉာဏ်များစွာကို ပြန်လည်၍ အမှတ်ရနေပုံရသည်။

ထိုမြင့်မြတ်ပြီး ထာဝရတည်တံ့သော တည်ရှိမှုများက အရင်းအမြစ်တာအိုများကို ခိုင်မာစွာ ကိုင်စွဲထားကြသည်။ ထိုအရာများကို လိုချင်တပ်မက်ရဲပြီး အာရုံစိုက်မှုကို ရရှိသော မည်သည့် ပုရွက်ဆိတ်များကိုမဆို ကောင်းကင်တာအိုပြစ်ဒဏ်ထက်ပင် ပို၍ရက်စက်စွာ အဆုံးမရှိသော အချိန်နှင့်ဟင်းလင်းပြင်ကို ဖြတ်သန်း၍ သတ်ဖြတ်ခြင်းခံရပေလိမ့်မည်။ သေချာသည်မှာ ဤအရာတွင် ထိုက်ချင်ဂိုဏ်း၏ ဘိုးဘေး မပါဝင်သည်မှာ သေချာပေါက်ပင်။ မည်သို့ပင်ဆိုစေကာမူ ထိုတည်ရှိမှုများ၏ ပစ်မှတ်ထားခြင်းကို ခံရနိုင်သူများမှာ ထိုမျှလောက် အားနည်းနေမည် မဟုတ်ချေ။

နင်ဖူယောင်သည် နားမလည်တစ်ဝက်လည်တစ်ဝက်ဖြင့် နားထောင်နေပြီးနောက် သူမ၏စိတ်ထဲမှ မေးလိုက်သည်။

"အဲ့ဒါဆို ဓားတာအိုကလည်း မဟာတာအိုသုံးထောင်တွေထဲက တစ်ခုပေါ့..."

"မဟာတာအိုသုံးထောင်တွေကို အထွတ်အထိပ်အထိ ကျင့်ကြံလိုက်တဲ့အချိန်မှာ အဲ့ဒါတွေ အားလုံးက ဒီအရင်းအမြစ် တာအို ငါးဆယ်ကို ထိတွေ့နိုင်လိမ့်မယ်... သခင်မရဲ့ပါရမီနဲ့ဆိုရင် မကြာခင်မှာ ကိုယ်ပိုင်အရင်းအမြစ် ဓားတာအို ကို နားလည်သဘောပေါက်လာမှာပါ..."

အားချီ က တည်ငြိမ်စွာ ပြန်ဖြေလိုက်သည်။ ကံကောင်းထောက်မစွာဖြင့် ဓားတာအို၏ အထွတ်အထိပ်နှင့် သက်ဆိုင်သော အရင်းအမြစ်တာအို အနည်းငယ်ကို မည်သည့် တည်ရှိမှုကမျှ မကျွမ်းကျင်သေးချေ။

ထိုအချိန်လေးမှာပင် စူးချန်ကဲသည် နင်ဖူယောင် ကို ရှေးဟောင်းဓားကျောက်စာတိုင် ကိုးတိုင်ဆီသို့ ခေါ်ဆောင်လာခဲ့ပြီးဖြစ်သည်။

ဤဓားကျောက်စာတိုင်ကိုးတိုင်မှ ဖြာထွက်နေသော အရှိန်အဝါမှာ မယုံနိုင်လောက်အောင် သာလွန်ထူးကဲလှသည်။ ဤသည်မှာ ဓားကျောက်စာတိုင်များကို ရင်ဆိုင်နေရခြင်း မဟုတ်ဘဲ စစ်မှန်သော ဓားတာအို ကျွမ်းကျင်သူ ကိုးဦးကို ရင်ဆိုင်နေရသည့် ခံစားချက်ကို ပေးစွမ်းနေပေ၏။

"ကောင်းကင်အဆင့်မြင့်..."

စူးချန်ကဲက ဤဓားကိုးလက်၏အဆင့်ကို တစ်ချက်ကြည့်ရုံဖြင့် သိရှိသွားခဲ့သည်။

"ထိုက်ချင်ဂိုဏ်းမှာ ဒီလောက်ထိ ကောင်းမွန်တဲ့ အခြေခံအုတ်မြစ် ရှိလိမ့်မယ်လို့ ငါ မျှော်လင့်မထားခဲ့ဘူး... ကောင်းကင်အဆင့်မြင့် ဓားပညာ ကိုးခုတောင် ရှိနေတယ်... ဒါပေမဲ့ အဲ့ဒါတွေက ဖုန်တက်ခံပြီး ဒီနေရာမှာ ရှိနေခဲ့တာပဲ... သူတို့ ဘာတွေ တွေးနေကြလဲဆိုတာ ငါ တကယ် မသိတော့ဘူး..."

"တကယ်လို့ ဒါတွေကို အပြင်ထုတ်လိုက်ရင် ဒီအရာတွေရဲ့တန်ဖိုးက ထိုက်ချင်ဂိုဏ်းရဲ့ ခွန်အားကို နောက်တစ်ဆင့် ထပ်တိုးသွားစေမှာ မဟုတ်ဘူးလား..."

သူ၏နံဘေးတွင် ရပ်နေသော နင်ဖူယောင် ကလည်း ဓားကိုးလက်ကို မှင်သက်စွာ စိုက်ကြည့်နေခဲ့သည်။ ဤဓားစိတ်ဆန္ဒကိုးခု၏ နက်နဲသိမ်မွေ့မှုကို သူမ ခံစားနေရပုံရသည်။

"ဒါတွေက ကောင်းကင်အဆင့်မြင့် ဓားပညာတွေပဲ... သခင်မရဲ့ ပါရမီနဲ့ဆိုရင် အဲ့ဒါတွေကို သခင်မရဲ့ အသိစိတ်ပင်လယ်ထဲမှာ ရေးထိုးဖို့ မခက်ခဲပါဘူး... ဒါ့ပြင် သခင်မက မှော်အက္ခရာရေးထိုးခြင်းနယ်ပယ်ထိရောက်အောင် စောင့်စရာ မလိုပါဘူး... စိတ်ဝိညာဉ်အသွင်ပြောင်းခြင်းနယ်ပယ်ကို ရောက်တာနဲ့ အဲ့ဒါတွေကို သခင်မက ကျင့်ကြံလို့ ရပါပြီ..."

အားချီက ပြောဆိုသည်။

နင်ဖူယောင်က အားချီကို ပြန်ဖြေရန် ဟန်ပြင်လိုက်ချိန်လေးမှာပင် သူမက အသံတစ်သံကို ကြားလိုက်ရသည်။

"မင်း လေ့လာဆင်ခြင်ဖို့ တစ်ခုကို ရွေးလိုက်မလား..."

စူးချန်ကဲက သူ၏နံဘေးရှိ နင်ဖူယောင်ကို တစ်ချက်ကြည့်လိုက်၏။

"အာ..."

"ကျွန်မလား..."

နင်ဖူယောင် ကြောင်အမ်းသွားခဲ့ပြီးနောက် အနည်းငယ် အနေရခက်စွာ ပြောဆိုသည်။

"ကျွန်မရဲ့နယ်ပယ်က မမြင့်မားသေးဘူးလေ... ဒီလောက် နက်နဲသိမ်မွေ့တဲ့ ဓားပညာတွေကို ကျွန်မ နားလည်သဘောပေါက်နိုင်မှာ မဟုတ်ဘူး..."

"မင်းရဲ့ နယ်ပယ် မမြင့်မားသေးရင် နားလည်သဘောမပေါက်နိုင်ဘူးလို့ ဘယ်သူ ပြောလဲ..."

စူးချန်ကဲက လေးနက်သော အမူအရာဖြင့် ပြောလိုက်သည်။

'မင်းက ကံကြမ္မာသမီးတော်လေ... သမားရိုးကျတွေကို ချိုးဖောက်တာက မင်းရဲ့ အခြေခံ လုပ်ရပ်ပဲ...'

'မင်း မလုပ်ရင် ငါ့ရဲ့ဆုလာဘ်တွေက ဘယ်ကနေ ရောက်လာမှာလဲ'

"..."

နင်ဖူယောင်သည် ဆွံ့အသွားပြီးနောက် အံ့တင်းတင်းကြိတ်ကာ ပြောလိုက်သည်။

"အဲ့ဒါဆိုရင် ကျွန်မ ကြိုးစားကြည့်မယ်..."

"သခင်မ သူ့ရဲ့စကားကို နားထောင်စရာ မလိုပါဘူး... သူက ဓားတာအိုအကြောင်း ဘာမှ နားမလည်ပါဘူး..."

အားချီက အေးစက်တင်းမာစွာ ပြောဆိုလိုက်၏။

"ခဏနေအုံး..."

စူးချန်ကဲက တားဆီးလိုက်သည်။ သူက တာအိုကို သူကိုယ်တိုင် မျှဝေပေးရမည်ဖြစ်ကြောင်း ရုတ်တရက် သတိရသွားခဲ့သည်။ သူမကိုယ်တိုင် နားလည်သဘောပေါက်သွားပါက အလုပ်ဖြစ်မည် မဟုတ်ချေ။

နင်ဖူယောင်က စူးချန်ကဲကို နားမလည်စွာဖြင့် ကြည့်လိုက်သည်။

"အခုချိန်မှာ မင်း ဒီဓားပညာကို သင်ယူဖို့က တကယ်ကို နည်းနည်းခက်ခဲလိမ့်မယ်... ခဏစောင့်အုံး... စီနီယာအစ်ကိုက မင်းအတွက် အဲ့ဒါကို တိုးတက်အောင် လုပ်ပေးမယ်..."

စူးချန်ကဲက နင်ဖူယောင်၏ပခုံးကို ပုတ်လိုက်ပြီးနောက် ဓားကျောက်စာတိုင်များဆီသို့ တည်ငြိမ်စွာ လျှောက်လှမ်းသွားလိုက်သည်။

"ဘာ... တိုးတက်အောင် လုပ်ပေးမှာလား... ငါ ကြားတာ မှန်ရဲ့လား..."

နင်ဖူယောင်၏မျက်နှာလေးပေါ်တွင် ဇဝေဇဝါအရိပ်အယောင်များ ထင်ဟပ်လာသည်။

"ဟွန့်... တကယ်ကို ကြွားလုံးထုတ်လွန်းတာပဲ... ဒီကောင်းကင်အဆင့်မြင့်ဓားနည်းစနစ်ကို အမှိုက်လို့ သူ ထင်နေတာလား... အဲ့ဒါကို တိုးတက်အောင် လုပ်မယ်လို့တောင် ပြောနေသေးတယ်... ပြိုင်ဘက်ကင်း လူငယ်ကျင့်ကြံသူတစ်ယောက် မဖြစ်လာခင်မှာတောင် သူ့ရဲ့လေသံက အကန့်အသတ်မဲ့ လေလုံးထွားနေပြီပဲ..."

"တကယ်လို့ သူ..."

"ဟင်..."

ရှေးဟောင်းဓားဟင်းလင်းပြင်အတွင်း၌ အားချီ က ရုတ်တရက် မတ်တတ်ထရပ်လိုက်ပြီး ယခင်က မရှိဖူးသော အံ့အားသင့်မှု အမူအရာကို ပြသလိုက်၏။

"မဖြစ်နိုင်ဘူး... ဒါက မဖြစ်နိုင်ဘူး..."

All Chapters