အခန်း (၆၉-၇၀)
Vol. 7 Ch. 69-70
69
ဝေဖုန်းယီက ဟဲယဲ့တည်းခိုခန်းအကြောင်း ဆွေးနွေးနေကြသည့် မှတ်ချက်များကို ကြည့်ပြီး အမှန်တကယ်ပင် ချီးကျူးအံ့သြနေမိသည်။
"ဒီနည်းနဲ့ဆိုရင်တော့ ဟဲယဲ့တည်းခိုခန်းအပေါ် လူယုတ်မာတွေရဲ့ လုပ်ကြံစွပ်စွဲချက်တွေ အားလုံးကိုချေဖျက်နိုင်ပြီပေါ့"
သူနှင့် ဟုန်လျန်တို့သည် အင်တာနက် အသုံးပြုနည်းကို သင်ယူထားကြသော်လည်း ၎င်းကို ဤကဲ့သို့သော နည်းလမ်းဖြင့် အသုံးချနိုင်လိမ့်မည်ဟု လုံးဝ မမျှော်လင့်ထားခဲ့ကြပေ။ စုဟယ်သည် မကောင်းမြင်သုံးသပ်ချက်များကို ရှင်းလင်းရုံသာမက သူမ သုံးစွဲလိုက်သော ယွမ် (၂၀၀,၀၀၀) မှာ မည်မျှအထိ လှုပ်ခတ်သွားစေသည်ကို သိရှိနိုင်ရန် သူမ၏ စနစ်မျက်နှာပြင် ကို နှိပ်ကာ အချက်အလက်များကို စစ်ဆေးလိုက်၏။
စနစ်လုပ်ငန်းစဉ် : နာမည်ကျော် တည်းခိုခန်းတစ်ခု တည်ဆောက်ရန်အတွက် ၎င်း၏ အမှတ်တံဆိပ် ကို ကျော်ကြားအောင် ပြုလုပ်ရမည် ကစားသမားအနေဖြင့် တည်းခိုခန်း၏ ရေပန်းစားမှုကို စတင်ထင်ရှားခြင်း အဆင့်သို့ ရောက်အောင် မြှင့်တင်ပေးပါ။
စတင်ထင်ရှားခြင်း : တည်းခိုခန်း ရေပန်းစားမှု ၈၇၆၄ / ၁၀၀၀၀ (စတင်ထင်ရှားခြင်း၊ နာမည်ကြီး အွန်လိုင်းဆိုင် ဖြစ်လာခြင်း။)
လုပ်ငန်းစဉ်ဆုလာဘ် : ကတ်ဆွဲခွင့် (၁) ကြိမ်။
ဤအချိန်တွင် လူထု၏ စိတ်ဝင်စားမှု အရှိန်အဟုန်ကြောင့် ဟဲယဲ့တည်းခိုခန်း၏ ရေပန်းစားမှုမှာ ပေါက်ကွဲထွက်မတတ် မြင့်တက်လာနေသည်။ ရေပန်းစားမှု အမှတ် (၈,၀၀၀) ကျော်မှနေ၍ (၉,၀၀၀) သို့ အလျင်အမြန် တိုးတက်လာပြီး မျက်တောင်တစ်ခတ်အတွင်းမှာပင် (၁၀,၀၀၀) ကို ကျော်လွန်သွားခဲ့ပြီ ဖြစ်သည်။
စနစ်အသိပေးချက် : တည်းခိုခန်း ရေပန်းစားမှု ၁၀၀၀၀ / ၁၀၀၀၀ သို့ ရောက်ရှိသွားပါသည်။ ဂုဏ်ယူပါတယ် ကစားသမား၊ သင်သည် စတင်ထင်ရှားခြင်း ဘွဲ့ထူးကို ရရှိပြီး ကတ်ဆွဲခွင့် (၁) ကြိမ် ရရှိပါသည်။
ယခုဆိုလျှင် သူမ၌ ကတ်ဆွဲခွင့် (၄) ကြိမ် ရှိသွားပြီဖြစ်သည်။ စနစ်ကို ပထမဆုံး စတင်စဉ်က
ဟုန်လျန်ကို ရရှိခဲ့ပြီး၊ အစပြုသူလုပ်ငန်းစဉ် က ဆုလာဘ်အဖြစ် ကတ်ဆွဲခွင့် (၁) ကြိမ် ပေးခဲ့သည်။ ဂိမ်းအတွင်းရှိ ဈေးဆိုင်တွင် ပထမဆုံး ငွေဖြည့်သွင်းခြင်းနှင့် စုစုပေါင်း ယွမ် (၁၀၀,၀၀၀) သုံးစွဲခြင်းမှတစ်ဆင့် (၂) ကြိမ် ရရှိခဲ့၏။ သူမက (၁) ကြိမ် အသုံးပြုကာ ဝေဖုန်းယီကို ခေါ်ယူခဲ့သဖြင့် စုစုပေါင်း ကတ်အရေအတွက်မှာ (၂) ကြိမ် ဖြစ်လာသည်။
ဟဲယဲ့တည်းခိုခန်းက ကောင်းမွန်သော သုံးသပ်ချက် (၁၀၀) ရရှိပြီးနောက် သူမသည် ဈေးဆိုင်တွင် ယွမ်တစ်သန်း သုံးစွဲခဲ့သဖြင့် (၂) ကြိမ် ထပ်မံ ရရှိခဲ့သည်။ ထိုစဉ်က ခြေထောက်သုံးချောင်း ရွှေကျီးကန်း ရှောင်ရှီး ကို ခေါ်ယူခဲ့သဖြင့် စုစုပေါင်း အရေအတွက် (၃) ကြိမ် ဖြစ်သွားသည်။ ယခုအခါ ရေပန်းစားမှု (၁၀,၀၀၀) ရရှိရေး လုပ်ငန်းစဉ်ကို ပြီးမြောက်ခဲ့သဖြင့် သူမ၏ လက်ဝယ်ရှိ ကတ်အရေအတွက်မှာ (၄) ကြိမ်အထိ စုဆောင်းမိသွားပြီ ဖြစ်သည်။ စနစ်က လုပ်ငန်းစဉ်အသစ်တစ်ခုကိုလည်း ထုတ်ပြန်လိုက်ပြန်၏။
စနစ်လုပ်ငန်းစဉ် : ကစားသမားအနေဖြင့် တည်းခိုခန်း၏ ရေပန်းစားမှုကို အတော်အသင့် နာမည်ကျော်ခြင်း အဆင့်သို့ ဆက်လက် မြှင့်တင်ပါ။ (အတော်အသင့် နာမည်ကျော်ခြင်း: ဤဒေသအတွင်းတွင် အတိုင်းအတာတစ်ခုအထိ ဂုဏ်သတင်း ကျော်ကြားလာခြင်း။)
အတော်အသင့် နာမည်ကျော်ခြင်း : တည်းခိုခန်း ရေပန်းစားမှု ၁.၃ / ၁၀၀,၀၀၀။ လုပ်ငန်းစဉ်
ဆုလာဘ် : ကတ်ဆွဲခွင့် (၁) ကြိမ်။
စနစ်က လုပ်ငန်းစဉ်အသစ်ကို ထုတ်ပြန်နေစဉ်မှာပင် တည်းခိုခန်း၏ ရေပန်းစားမှုမှာ ဆက်လက် မြင့်တက်နေဆဲ ဖြစ်သည်။ စုဟယ် ပျော်ရွှင်စွာ ပြောလိုက်၏။
"ဟဲယဲ့တည်းခိုခန်းက ဒီရေပန်းစားနေတဲ့ သတင်းကို အောင်အောင်မြင်မြင် အသုံးချနိုင်ခဲ့ပြီ၊ ငါတို့ အတော်အသင့် နာမည်ကြီးလာပြီ "
သူမဘေးရှိ ဟုန်လျန်သည်လည်း တစ်ခုခုကို ခံစားမိသွားပုံရပြီး ဝမ်းသာအားရ ပြောလိုက်သည်။
"ကျွန်မရဲ့ ရေပန်းစားမှုကလည်း တက်လာနေတယ်"
စုဟယ်က ဇာတ်ကောင်ကတ် မျက်နှာပြင်ကို နှိပ်ကြည့်လိုက်ရာ ဟုန်လျန်၏ ရေပန်းစားမှုမှာ တည်းခိုခန်းထက်ပင် ပို၍ မြန်မြန်ဆန်ဆန် တက်နေသည်မှာ သေချာသည်။ အစ်မဟုန်လျန်၏ ဇာတ်ကောင်ကတ် ရေပန်းစားမှုမှာလည်း အတော်အသင့် နာမည်ကျော်ခြင်း အဆင့်သို့ ရောက်ရှိသွားပြီး (၅၃,၀၀၀) / (၁၀၀,၀၀ အထိ တစ်ဟုန်ထိုး တက်နေသည်။ မည်သို့ပင်ဆိုစေကာမူ လူသိနည်းသော တည်းခိုခန်းတစ်ခုထက်စာလျှင် အင်တာနက် အသုံးပြုသူများမှာ မှောင်ခိုသမား က လူကြီးတွေကိုတောင် တန်းစီခိုင်းရလောက်အောင် ဘယ်လိုမုန့်မျိုးက ဒီလောက် အရသာရှိနေတာလဲ ဆိုသည်ကို ပို၍ စိတ်ဝင်စားကြ၏။
ယုံမြစ်တွင် ထိုမုန့်များကို စားဖူးကြသော အင်တာနက် အသုံးပြုသူများကလည်း သူတို့၏ အတွေ့အကြုံများကို မျှဝေလာကြပြီး အချို့ဆိုလျှင် စုဟယ်ကိုယ်တိုင် ရိုက်ထားသည်ထက် များစွာ ပိုမိုလှပသော မုန့်ပုံရိပ်များကို တင်လာကြသည်။ ဟုန်လျန်၏ မုန့်များအတွက် ထုပ်ပိုးမှုများကို ငွေအမြောက်အမြား အကုန်အကျခံကာ စိတ်ကြိုက် မှာယူခဲ့မိခြင်းမှာ အမှန်တကယ် ကျေးဇူးတင်စရာပင် ဖြစ်သည်ဟု စုဟယ် တွေးမိ၏။ အနည်းဆုံးတော့ ထုပ်ပိုးမှုများက မုန့်၏ အရည်အသွေးကို လျော့ကျသွားစေခြင်း မရှိပေ။
ခေတ်မီဆန်းသစ်သော တရုတ်ရိုးရာဟန်ပန် ထုပ်ပိုးမှုများအောက်တွင် ထိုမုန့်များသည် အချိန်ကာလကို ကျော်လွန်သွားသကဲ့သို့ ထူးခြားပြီး နူးညံ့သိမ်မွေ့သော ဆွဲဆောင်မှုကို ပြသနေသည်။
ထုပ်ပိုးမှုပေါ်တွင် စစ်မှန်သော ရိုးရာပန်းချီ ပါဝင်သည့် ပုံစံများ၊ ရှေးဟောင်းဒီဇိုင်းကို ဖော်ဆောင်ပေးသည့် နူးညံ့သော မျဉ်းကြောင်းများနှင့် တောက်ပသော်လည်း ရိုးရှင်းသော အရောင်အသွေးများ ပါဝင်သည်။ ထုပ်ပိုးမှုပေါ်ရှိ ပန်းနှင့် ငှက်ပုံရိပ်များ၊ ရိုးရာပုံစံများမှာ တရုတ်ရိုးရာ ယဉ်ကျေးမှု၏ နက်ရှိုင်းသော အမွေအနှစ်များကို ထင်ရှားစေ၏။ ထုပ်ပိုးမှုများကို ဝယ်ယူစဉ်က စုဟယ်သည် ဈေးပိုကြီးသော PP5 ပလတ်စတစ်ဘူးများကို ရွေးချယ်ခဲ့သဖြင့် ဘူးများမှာ ပိုမိုကြည်လင်နေပြီး အတွင်းရှိ မုန့်များကိုအတိုင်းသား မြင်တွေ့နိုင်သည်။ ဘူးများကို ဟဲယဲ့တည်းခိုခန်းတံဆိပ် ပါသော စတစ်ကာများဖြင့် ပိတ်ထား၏။ ခေတ်မီဆန်းသစ်သော ထုပ်ပိုးမှုများမှာ မုန့်များအတွက် လှပသော အပြင်လွှာကို ပေးစွမ်းရုံသာမက တရုတ်ရိုးရာ ယဉ်ကျေးမှု၏ လှပသော အမွေအနှစ်ကိုပါ ဆက်ခံထားသကဲ့သို့ ဖြစ်နေပြီး မုန့်များကို ပိုမို သန့်စင် မြင့်မြတ်သွားစေသည်။
အင်တာနက် အသုံးပြုသူများက ပုံများကို တင်လိုက်ပြီးနောက် ဟုန်လျန်၏ မုန့်များမှာ လူအများအပြား၏ စိတ်ထဲတွင် စွဲထင်ကျန်ရစ်ခဲ့ရာ ဟုန်လျန်၏ ရေပန်းစားမှုမှာ ဟဲယဲ့တည်းခိုခန်းထက် ပိုမို မြင့်မားနေသည်မှာ မဆန်းတော့ပေ။ ဝေဖုန်းယီသည်လည်း ဟုန်လျန်အတွက် ဝမ်းသာပေးနေသည်။ သူမ၏ ကြိုးစားအားထုတ်မှုကို ဟဲယဲ့တည်းခိုခန်းရှိ လူတိုင်းက မြင်တွေ့ခဲ့ကြပြီးဖြစ်သည်။ သူက ကြင်နာစွာ ပြောလိုက်၏။
"ဂုဏ်ယူပါတယ် ဟုန်လျန်၊ ကံဆိုးခြင်းကနေ ကံကောင်းခြင်းတွေ ဖြစ်လာတတ်တယ်ဆိုတာ ဒါကို ပြောတာပဲ၊ ဆိုးရာကနေ ကောင်းရာ ဖြစ်သွားတယ်လို့ ဆိုရမှာပဲ"
ရှောင်ရှီးမှာမူ မကျေမနပ် ဖြစ်နေသည်။ သူသည် ပစ်ပယ်ခံထားရသကဲ့သို့ ခံစားနေရ၏။ သူ့တောင်ပံများကို ဖြန့်ကာ ပျံသန်းလိုက်ပြီး လေထဲတွင် လှပသော အမည်းရောင် အကွေးပုံသဏ္ဌာန်တစ်ခုကို ရေးဆွဲလိုက်သည်။ သူ့ကိုယ်ကို အနည်းငယ် စောင်းကာ၊ အမြီးကို အပေါ်သို့ အနည်းငယ် ကော့တင်ပြီး ဟုန်လျန့်ဖုန်းပေါ်သို့ ရုတ်တရက် ဆင်းသက်လိုက်ရာ သူ၏ယခင်က ရှိခဲ့သော လျှို့ဝှက်ဆန်းကြယ်ပြီး ခန့်ညားသော အရှိန်အဝါများမှာ ချက်ချင်းပင် ကွယ်ပျောက်သွားတော့သည်။ ဟုန်လျန်၏ ဖုန်းမှာ ရုတ်တရက် လေးလံသွားသော်လည်း၊ ကံကောင်းထောက်မစွာ သူမသည် နှစ်ပေါင်းများစွာ မုန့်စိမ်းနယ်ခဲ့သဖြင့် လက်ကောက်ဝတ်များမှာ သန်မာနေသောကြောင့် ဖုန်းမှာ မြေပြင်ပေါ်သို့ ပြုတ်ကျမသွားခဲ့ပေ။ ရှောင်ရှီးသည် စုဟယ်နှင့် အခြားသူများ ဘာတွေလုပ်နေကြသလဲဆိုသည်ကို သိရှိနိုင်ရန် ဟုန်လျန်၏ ဖုန်းမျက်နှာပြင်ကို စိုက်ကြည့်နေ၏။
"ဘာ ရေပန်းစားမှုလဲ နင်တို့ ဘာတွေ ပြောနေကြတာလဲ "
စုဟယ်က သူမ၏ နဖူးကို လက်ဖြင့် ပွတ်လိုက်သည်။ ရှောင်ရှီးမှာ စာမတတ်ပေ၊ ဖုန်းပေါ်မှာ ရပ်နေရုံနှင့် သူ ဘာကို မြင်နိုင်မှာနည်း။
"ကြယ်နှစ်ပွင့်အဆင့်ကို မြှင့်တင်ပြီးနောက် ဆက်လက် အဆင့်မြှင့်ဖို့ဆိုတာ ကောင်းမွန်တဲ့ သုံးသပ်ချက်တွေ ရှိရုံနဲ့ မရတော့ဘူး၊ ရေပန်းစားမှုက ပိုပြီး အရေးကြီးလာပြီ"
စုဟယ်က ရေပန်းစားမှု အဆင့်များကို တစ်ခုချင်း ရှင်းပြလိုက်သည်။ ရေပန်းစားမှုမှာ စတင်ထင်ရှားခြင်း မှသည် ကမ္ဘာကျော်ခြင်း အထိ စုစုပေါင်း အဆင့် (၁၀) ဆင့် ရှိ၏။ ဇာတ်ကောင်တစ်ဦး ကြယ်သုံးပွင့်အဆင့်သို့ ရောက်ရန်အတွက် သူတို့၏ ရေပန်းစားမှုမှာ (၅) ဆင့်မြောက်ဖြစ်သော လူသိများကျော်ကြားခြင်း အဆင့်သို့ ရောက်ရှိရမည် ဖြစ်သည်။ စတင်ထင်ရှားခြင်း အတွက် ရေပန်းစားမှု အမှတ် (၁၀,၀၀၀) သာ လိုအပ်သော်လည်း၊ အတော်အသင့် နာမည်ကျော်ခြင်း မှာ အမှတ် (၁၀၀,၀၀၀) အထိ မြင့်တက်သွားပြီး၊ လူသိများကျော်ကြားခြင်း အတွက်မူ အနည်းဆုံး ရေပန်းစားမှု အမှတ် သန်းပေါင်းများစွာ လိုအပ်မည် ဖြစ်၏။
"ဘယ်လောက်တောင်လဲ"
ရှောင်ရှီးမှာ ထိုစကားကို ကြားပြီး မူးဝေသွားကာ ကိန်းဂဏန်းများစွာ လွင့်ပျံနေသကဲ့သို့ ခံစားလိုက်ရသည်။ သူ၏ မျက်လုံးများတွင် ဝေခွဲမရဖြစ်မှုနှင့် ရှုပ်ထွေးမှုများ ပေါ်လွင်နေပြီး တစ်ခုခုကို စဉ်းစားနေသကဲ့သို့ သူ၏ ခြေချောင်းလေးများကို ငုံ့ကြည့်လိုက်၏။
"တစ်၊ နှစ်၊ သုံး၊ လေး"
သူက အသာအယာ ရေတွက်လိုက်ပြီး အခြားခြေသည်းတစ်ခုဖြင့် သူ၏ ခြေချောင်းလေးများကို တို့ထိကြည့်နေသည်။ သူ၏ ဘယ်ဘက်ခြေသည်းတွင် ခြေချောင်း ၄ ချောင်း ရှိသည်။ ခြေသည်းသုံးခုစလုံးတွင် ခြေချောင်း (၁၂) ချောင်းသာ ရှိရာ၊ (၁၂) အထိ ရေတွက်ရန်ပင် သူ အချိန်အတော်ယူလိုက်ရ၏။ သို့ဆိုလျှင် (၁၀,၀၀၀) ဆိုသည်မှာ ဘယ်လောက်များမည်နည်း။ သန်း (၁၀၀) ဆိုလျှင်ကော ဘယ်လောက်တောင်လဲ။
သူ၏ မျက်လုံးများတွင် စာမရသော ကျောင်းသားလေးတစ်ယောက်၏ အရှိန်အဝါများ ပေါ်လွင်နေပြီး သူ၏ အမူအရာမှာ ချစ်စရာကောင်းလှသည်။ သူ၏ ခြေချောင်းလေးများကို ရေတွက်နေသည့် မြင်ကွင်းမှာ တကယ်ပင် ရယ်စရာကောင်းလှ၏။ စုဟယ်ရယ်ချင်စိတ်ကို အောင့်ထားရင်း၊ အနည်းငယ် ချောင်းဟန့်ကာ သူ့ကို စနောက်လိုက်သည်။
"ရှောင်ရှီး၊ နင် ကောင်းမွန်တဲ့ သုံးသပ်ချက် အမှတ် (၁၀၀) ပြည့်သွားပြီဆိုရင် နင်လည်း ရေပန်းစားမှု လုပ်ငန်းစဉ်တွေကို စလုပ်ရတော့မှာ"
"ကျီး"
ရှောင်ရှီးမှာ စိတ်ဓာတ်ကျလွန်းသဖြင့် လူစကားပင်မပြောနိုင်တော့ဘဲ စုဟယ်က သူ့ကို ရှောင်ရှီးလို့သာ ခေါ်လိုက်သည်ကိုပင် သတိမပြုမိတော့ချေ။ ယခုအချိန်မှစ၍ အခြေအနေများမှာ ပြောင်းပြန် ဖြစ်သွားခဲ့ပြီ။ ရှောင်ရှီး၏ အသံမှာ တုန်ရင်နေသည်။
"ဟုန်လျန်မှာ အခု ရေပန်းစားမှု ဘယ်လောက် ရှိနေပြီလဲ "
စုဟယ် မျက်နှာပြင်ကို စိုက်ကြည့်ရင်း တိုက်ရိုက်ပြောလိုက်သည်။
"ဟုန်လျန်မှာ (၅၈,၀၀၀) ရှိနေပြီ"
သူမ၏ ရေပန်းစားမှုမှာ ဆက်တိုက် တက်နေဆဲ ဖြစ်သည်။
"(၅၈,၀၀၀) ဟုတ်လား"
သူက မယုံနိုင်သလို ထပ်မံ ရေရွတ်လိုက်သည်။ သူသည် စိတ်လှုပ်ရှားမှုကြောင့် မျက်နှာလေး နီမြန်းနေသော ဟုန်လျန်ကို အံ့သြတကြီး စိုက်ကြည့်နေသည်။ ဟုန်လျန်၏ နားရွက်လေးများမှာ စိတ်လှုပ်ရှားမှုကြောင့် နီမြန်းနေပြီး ရှက်ကိုးရှက်ကန်း ပြောလိုက်၏။
"ဒါတွေအားလုံးက သူဌေးမရဲ့ ကျေးဇူးတွေပါ၊ ကျွန်မဘာသာ ကျွန်မမုန့်လုပ်နေရုံနဲ့ဆိုရင်တော့ ရေပန်းစားလာဖို့အတွက် မုန့်တွေ အများကြီး အများကြီး ရောင်းရဦးမှာ"
ရှောင်ရှီးသည် အသိုက်ကို ပြန်လာသော ပျံလွှားငှက်လေးတစ်ကောင်အလား စုဟယ်ဆီသို့ ပျံသန်းသွားတော့သည်။
"နင် ဘယ်လိုလုပ်လိုက်တာလဲ နင် ဘယ်လိုလုပ်လိုက်တာလဲ "
စုဟယ်က ရှောင်ရှီးကို သူမလက်ထဲတွင် ဆုပ်ကိုင်ထားပြီး ဂုဏ်ပုဒ်အားလုံးကို သူမတစ်ယောက်တည်း မယူခဲ့ပေ။
"နင်က အဲဒီမှောင်ခိုသမားကို လူမှုရေးအရ အရှက်တကွဲ ဖြစ်အောင် လုပ်ခဲ့တယ်၊ ပြီးတော့ ဒီဖြစ်ရပ်က ရေပန်းစားတဲ့ သတင်းထဲ ရောက်သွားတယ်၊ ငါက အဲဒီအခွင့်အရေးကို အသုံးချပြီး ငါတို့ တည်းခိုခန်းအတွက် ကြော်ငြာဖို့ ပိုက်ဆံ နည်းနည်းသုံးလိုက်တာပါ"
ရှောင်ရှီး၏ မျက်လုံးများမှာ ဝိုင်းစက်သွားပြီး ပို၍ ချစ်စရာကောင်းသွားသည်။ သူက စိတ်အားထက်သန်စွာ မေးလိုက်၏။
"ငါလည်း အဲဒီလို လုပ်လို့ရလား"
စုဟယ် ခေါင်းခါပြီး ပြောလိုက်သည်။
"ဒီတစ်ခေါက်က ကံကောင်းလို့ပါ၊ ဒီဖြစ်ရပ်က သူ့အလိုလို ရေပန်းစားနေတဲ့ ကိစ္စဖြစ်နေလို့ ငါတို့က ပိုက်ဆံနည်းနည်းသုံးပြီး အသာလေး လိုက်ပါနိုင်ခဲ့တာ၊ နောက်တစ်ကြိမ်ကျရင်တော့ ဒီလောက် မလွယ်တော့ဘူး"
ရေပန်းစားနေသော သတင်းတစ်ခုတွင် လိုက်ပါစီးမျောရန် မခက်ခဲသော်လည်း၊ ရေပန်းစားသော သတင်းတစ်ခုဖြစ်အောင် ဝယ်ယူရန်မှာ ခက်ခဲလှသည်။ ရေပန်းစားသော သတင်းတစ်ခု ဝယ်ယူရန်မှာ အနည်းဆုံး ယွမ် (၁) သန်းကျော် ကုန်ကျမည်ဖြစ်ပြီး၊ အကယ်၍ နိုင်ငံတော်အဆင့် အခမ်းအနားကြီးများ သို့မဟုတ် နာမည်ကျော်များ၏ ရန်ပွဲများနှင့် တိုက်ဆိုင်နေပါက ရေပန်းစားသော သတင်းဖြစ်လာရန် ပို၍ပင် ခက်ခဲပေလိမ့်မည်။ ထို့အပြင် ကြော်ငြာသက်သက်ဖြစ်နေသော သတင်းကို မည်သူက ကြည့်ချင်ပါမည်နည်း။ ယခုအခါတွင် အင်တာနက် အသုံးပြုသူ အများအပြားမှာ နာမည်ကျော်များ၏ သတင်းများကိုပင် မကြည့်ချင်လောက်အောင် ပျင်းရိနေကြပြီ ဖြစ်သည်။
ရှောင်ရှီးတွင် ယခင်ကကဲ့သို့ မာန်တက်နေသော အမူအရာများ မရှိတော့ဘဲ အော်ဟစ်လိုက်သည်။
"နင် ငါ့ကို ကူညီရမယ်"
သူ သိသည်မှာ ပင့်ကူအိမ်များနှင့် ငါးဖမ်းပိုက်များသာ ဖြစ်သည်၊ အင်တာနက် ဆိုသည်မှာ ဘာနည်း။
ရှောင်ရှီးသည် သူ၏ ဂုဏ်ယူရသော ခြေသည်းသုံးခုကို ကြည့်လိုက်ပြီး၊ ထို့နောက် ဟုန်လျန်နှင့် ဝေဖုန်းယီတို့၏ လက်များကို ကြည့်လိုက်၏။ သူတို့က လက်များဖြင့် စာရိုက်နိုင်သော်လည်း သူကမူ ဖုန်းကို ဘယ်လို အသုံးပြုနိုင်မည်နည်း။
စုဟယ်သည် ရှောင်ရှီး၏ ထိတ်လန့်တုန်လှုပ်နေသော ပုံစံမှာ ယခင်ကထက် များစွာ ပိုမို ကြည့်ကောင်းသည်ဟု မြင်မိသည်။ လူသတ်မည်ဟု ဆူညံစွာ အော်ဟစ်နေချိန်ထက် ယခုပုံစံက ပို၍ ချစ်စရာ မကောင်းပါလား။ သူမသည် လက်ကို ဆန့်ထုတ်ကာ ရှောင်ရှီး၏ တောင်ပံများကို ပွတ်သပ်ပေးလိုက်သည်။
"ဒါပေါ့၊ ငါ အားလုံးကို ကူညီမှာပါ၊ ဒါပေမဲ့ နင်လည်း ငါနဲ့ ပူးပေါင်းဆောင်ရွက်ဖို့ လိုလိမ့်မယ်"
ရှောင်ရှီး၏ မာန်မာနများမှာ ပျောက်ကွယ်သွားခဲ့ပြီ။ သူသည် စုဟယ်၏ လက်ကို သူ၏ နှုတ်သီးဖြင့် ချစ်စနိုး ပွတ်သပ်လိုက်ရင်း ပြောလိုက်သည်။
"ငါ ပူးပေါင်းဆောင်ရွက်ပါ့မယ်"
သူ မပူးပေါင်းဘဲ မနေနိုင်ချေ။
သူ၏ ညီအစ်ကိုများ ရှင်သန်နိုင်မည့် အခွင့်အရေးမှာ စုဟယ်၏ လက်ထဲတွင် ရှိနေသည် မဟုတ်ပါလား။ ထို့အပြင် ဤတစ်ကြိမ်တွင် ရှောင်ရှီးသည် လူတွေကို ပြာဖြစ်အောင် ရှို့မြှိုက်ခြင်းမှာ ခေတ်သစ်လူ့အဖွဲ့အစည်းတွင် အလုပ်မဖြစ်ကြောင်း အမှန်တကယ် နားလည်သွားခဲ့ပြီ ဖြစ်သည်။ လူ (၁၀) ယောက်ကို ပြာဖြစ်အောင်ရှို့လိုက်လျှင်ပင် သူ၏ ရေပန်းစားမှုမှာ သိသိသာသာ မြင့်တက်လာလိမ့်မည် မဟုတ်ပေ။ လူသားများမှာ အမှန်တကယ်ပင် ရှုပ်ထွေးလှပေသည်။ သူ အလျှော့ပေးလိုက်ပြီ ဖြစ်၏။
70
"လူကို ငှက်ချေးပက်ခြင်း" ဟူသော ရေပန်းစားသတင်းမှာ အဆင့် (၄) သို့ ရောက်ရှိပြီးနောက် နာရီဝက်ခန့် ထိုနေရာတွင် မြဲမြံစွာ တည်ရှိနေခဲ့ပြီးမှ နာမည်ကျော်စတားများ၏ သတင်းများနှင့် လူမှုရေးသတင်းများအတွက် နေရာဖယ်ပေးရင်း တဖြည်းဖြည်းနှင့် အောက်သို့ လျောကျသွားခဲ့သည်။
လူအများ၏ အာရုံစိုက်မှုကို ရရှိခဲ့ခြင်းမှာပင် မမျှော်လင့်ထားသော ဝမ်းသာစရာ လက်ဆောင်တစ်ခု ဖြစ်နေပြီဖြစ်ရာ စုဟယ်သည် နောက်ထပ် ပိုက်ဆံထပ်မသုံးတော့ပေ။ ရေပန်းစားမှုမှာ ကျဆင်းနေပြီဖြစ်ကြောင်း သိသာနေပြီး ဤအချိန်တွင် ပိုက်ဆံသုံးခြင်းမှာ ထိရောက်မှု သိပ်ရှိတော့မည် မဟုတ်ချေ။ ထိုရေပန်းစားသတင်းမှာ ယုံမြစ်တစ်ဝိုက်သို့လည်း ပျံ့နှံ့သွားခဲ့ရာ ကျေးလက်တွင် နေထိုင်ကြသော စုဟယ်၏ မိဘများပင် ထိုသတင်းကို မြင်တွေ့သွားကြသည်။ သူတို့က
စုဟယ်ကို အကြောင်းစုံအား စူးစူးစမ်းစမ်း မေးမြန်းကြသော်လည်း သူတို့သမီးမှာ ထိုကိစ္စတစ်ခုလုံး၏ နောက်ကွယ်က ကြိုးကိုင်သူ ဖြစ်နေသည်ကိုမူ လုံးဝ မရိပ်မိကြချေ။
စုဟယ်မှာ သူမ၏မိဘများက ဟဲယဲ့တည်းခိုခန်း၏ အကြီးအကျယ် ပြောင်းလဲသွားမှုကို သိသွားပြီဟု ထင်မှတ်ကာ ထိတ်လန့်သွားပြီး စကားများပင် ထစ်ငေါ့ကုန်သည်။ မိဘများ၏ စကားကို ခဏကြာ နားထောင်ပြီးမှသာ သူတို့မြင်လိုက်ရသည့် သတင်းမှာ ငှက်ချေးပက်သည့် ဖြစ်စဉ်သက်သက်သာ ဖြစ်ပြီး ဟဲယဲ့တည်းခိုခန်းနှင့် ပတ်သက်သည့် အချက်အလက်များ မပါဝင်ကြောင်း သူမ သိလိုက်ရတော့သည်။ သူမ သုံးစွဲလိုက်သော ယွမ် (၂၀၀,၀၀၀) မှာ လုံးဝ အလဟဿ ဖြစ်သွားခဲ့ရပြီ။ လူအများကြား ပျံ့နှံ့မှု ပိုမိုမြန်ဆန်စေရန်အတွက် ထိုလူ ရိုက်ပေးထားသော ဗီဒီယိုရှည်ကြီးအစား (၁၅) စက္ကန့်စာ ဗီဒီယိုအတိုလေးကသာ အစားထိုး နေရာယူသွားခဲ့သည်။ စုဟယ်သည် ဟဲယဲ့တည်းခိုခန်းတွင် အရာအားလုံး အဆင်ပြေကြောင်း မိဘများကို အာမခံချက် ပေးလိုက်ပြီး၊ သူမတစ်ယောက်တည်းလည်း တည်းခိုခန်းကို စီမံခန့်ခွဲနိုင်ကြောင်း သူတို့ ယုံကြည်သွားအောင် စကားကြီးစကားကျယ်များ ပြောလိုက်သည်။ စုဟယ်၏ တက်ကြွလှသော အသံကို ကြားရသောအခါ သူမ၏မိဘများကလည်း ဝမ်းမြောက်ဝမ်းသာ သဘောတူခဲ့ကြ၏။
သို့သော်လည်း ထိုသက်လတ်ပိုင်း အမျိုးသားအတွက်မူ ဤကိစ္စမှာ အလွယ်တကူ ပြီးဆုံးသွားခြင်း မရှိပေ။ အင်တာနက် အသုံးပြုသူများက သူ့ကို ရယ်စရာ များအဖြစ် ပြုလုပ်ခဲ့ကြသဖြင့် သူ၏ စိတ်ဓာတ်မှာ အကြီးအကျယ် ထိခိုက်ပျက်စီးသွားခဲ့သည်။ ထို့အပြင် မှောင်ခိုသမားများကို မုန်းတီးကြသော နာမည်ကျော်များ၏ ပရိသတ်များကလည်း သူ၏ ဖုန်းနံပါတ်နှင့် အိမ်လိပ်စာများကိုပါ အင်တာနက်ပေါ်တွင် ဖော်ထုတ်ခဲ့ကြသည်။ လက်ရှိတွင် ဟဲယဲ့တည်းခိုခန်း၏ ရေပန်းစားမှုမှာ (၃၉,၀၀၀) / (၁၀၀,၀၀၀) ရှိနေပြီး၊ ဟုန်လျန်၏ ရေပန်းစားမှုမှာ (၇၄,၀၀၀) / (၁၀၀,၀၀ ရှိနေ၏။ ရေပန်းစားသတင်းမှာ စာရင်းထဲမှ ပျောက်ကွယ်လုနီးပါး ဖြစ်နေပြီး ရေပန်းစားမှု တိုးတက်နှုန်းမှာလည်း တဖြည်းဖြည်း နှေးကွေးလာပြီ ဖြစ်သည်။
စုဟယ်မှာမူ စိတ်လှုပ်ရှားမှုများကို ထိန်းချုပ်လိုက်ပြီဖြစ်ရာ ပြောင်းလဲနေသော ကိန်းဂဏန်းများကို စိုက်မကြည့်တော့ဘဲ အလုပ်စလုပ်တော့သည်။
လူစုကွဲသွားပြီးနောက် သူမသည် တုန်းကျင့်နှင့်အတူ ပုံးများနှင့် တံမြက်စည်းများကို ယူကာ စန်းကျုံးကျောင်းတော်၏ ကြာကန်သို့ သွား၍ အညစ်အကြေးများကို ရှင်းလင်းကြ၏။ ဤနေရာက ကြာပန်းများနှင့် ကြာရွက်များမှာ အလွန်လှပလှရာ ငှက်ချေးများနှင့် အမှိုက်သရိုက်များကြောင့် အလှပျက်မခံနိုင်ပေ။
တုန်းကျင့်သည် တံမြက်စည်းကို ကိုင်လိုက်ပုံမှာ ဘုရင်မတစ်ပါးက သူမ၏ ရာဇလှံတံကို ကိုင်မြှောက်လိုက်သည့်အလား ထင်မှတ်ရသည်။
သူမ၏ ယခင်က ကြောက်ရွံ့တတ်သော အမူအရာမှာ ရုတ်တရက်ပင် အားကိုးရာတစ်ခု ရရှိသွားသကဲ့သို့ ဖြစ်သွား၏။ သူမသည် လက်ကို အမှိုက်အိတ်ဖြင့် စွပ်ကာ အညစ်အကြေးများကို ကောက်ယူသည်။ သူမ၏ လှုပ်ရှားမှုများမှာ သွက်လက်တိကျပြီး ညစ်ပတ်ပေရေနေသည်ကို ရွံရှာပုံ မပြချေ။ စုဟယ်က သူမခြေရင်းက နေရာလေးကို တံမြက်စည်းဖြင့် လှည်းကျင်းရုံသာ ရှိသေးသော်လည်း တုန်းကျင့်မှာမူ အနားရှိ အညစ်အကြေးအားလုံးကို ရှင်းလင်းပြီးနေပြီ ဖြစ်၏။
"ဒေါ်လေးကျင့်က တကယ့်ကို တော်တာပဲ "
စုဟယ်မှာ ငှက်ချေးများကို တံမြက်စည်းဖြင့် လှည်းရုံကိုပင် အနည်းငယ် ညစ်ပတ်သည်ဟု ခံစားနေရသော်လည်း တုန်းကျင့်ကမူ ၎င်းတို့ကို တိုက်ရိုက်ပင် ကိုင်တွယ် ရှင်းလင်းနေလိမ့်မည်ဟု မမျှော်လင့်ထားခဲ့ပေ။ စုဟယ်၏ ချီးကျူးအားကျသော အကြည့်များကို မြင်သောအခါ တုန်းကျင့်က အနည်းငယ် ရှက်ကိုးရှက်ကန်းဖြင့် ခေါင်းငုံ့လိုက်သည်။
"အရင်တုန်းက ယဉ်ကျေးမှု ဖန်တီးရေး လှုပ်ရှားမှုတွေ လုပ်တုန်းကဆိုရင် ကျွန်မတို့က ထိုင်ပြီးတော့ ကပ်နေတဲ့ ပီကေတွေကိုတောင် တစ်ခုချင်း ခြစ်ထုတ်ခဲ့ရတာပါ"
သူမ၏ ယခင်အလုပ်အကြောင်း ပြောသောအခါ တုန်းကျင့်၏ မျက်နှာတွင် ဂုဏ်ယူရိပ် အနည်းငယ် ပေါ်လွင်နေသည်။ သူမသည် အလုပ်ကို ပို၍ပင် ကြိုးစားလုပ်ကိုင်ပြီး မြေပြင်ပေါ်သို့ ရေပုံးများစွာ လောင်းချကာ တံမြက်စည်းသံနှင့်အတူ အညစ်အကြေးအားလုံးကို ရေမြောင်းထဲသို့ အားရပါးရ လှည်းချလိုက်သည်။ အကူအညီ သိပ်မပေးနိုင်သော စုဟယ်မှာမူ တုန်းကျင့်နောက်မှ လိုက်ရင်း ရေပုံးများနှင့် တံမြက်စည်းများကို သယ်ပေးနေ၏။ ဤသည်မှာ သူမ လုပ်ပေးနိုင်သမျှ တစ်ခုတည်းသော အရာပင် ဖြစ်သည်။ တည်းခိုခန်းသို့ ပြန်ရောက်သောအခါ စုဟယ်သည် နံနက်ပိုင်းတစ်ဝက်လုံး အလုပ်လုပ်ပေးခဲ့သော တုန်းကျင့်နှင့် မေကျဲ တို့ကို ခေါ်ထားလိုက်သည်။
"ဒီနေ့ နေ့လယ်ပိုင်းမှာ လုပ်စရာလေးတွေ ကျန်သေးတယ်၊ အဒေါ်တို့ အားကြလား"
စုဟယ်က အနည်းငယ် အားနာစွာဖြင့် မေးလိုက်သည်။ တုန်းကျင့်နှင့် မေကျဲ တို့မှာ တစ်ဦးကိုတစ်ဦး ကြည့်ကာ ခေါင်းကို တရစပ် ငြိမ့်ပြလိုက်ကြ၏။ နေ့လယ်ပိုင်း အလုပ်ထပ်လုပ်ရခြင်းမှာ နောက်ထပ် တစ်ဝက်စာ လုပ်အားခ ရမည်ဖြစ်ရာ ငြင်းပယ်စရာ အကြောင်းမရှိပေ။ စုဟယ်သည် ဂိုဒေါင်ထဲမှ ကတ်ထူဘူးပုံကြီးကို သယ်ထုတ်လာသည်။ ထိုဘူးများကို အုပ်စုများစွာ ခွဲထားပြီး တစ်အုပ်ချင်းစီမှာ အရောင်အမျိုးမျိုး ဖြစ်ကြ၏။
"ဒေါ်လေးကျင့်၊ ဒေါ်လေးမေ ထမင်းစားပြီးရင်တော့ ဒီကတ်ထူဘူးလေးတွေကို ခေါက်ပေးဖို့ အဒေါ်တို့ကို အကူအညီ တောင်းရပါလိမ့်မယ်"
စုဟယ်က ဘူးများကို ညွှန်ပြရင်း သူတို့အတွက် နမူနာ ခေါက်ပြလိုက်သည်။ ဘူးလေးများမှာ သေးငယ်သော်လည်း ၎င်းတို့ပေါ်တွင် လပြည့်ဝန်းနှင့် ကြာပန်းပုံများကို လှပစွာ ရိုက်နှိပ်ထားရာကဗျာဆန်သော အငွေ့အသက်ကို ပေးစွမ်းသည်။
မေကျဲက မေးလိုက်၏။
"ဒါတွေက လမုန့်ဘူးတွေလား "
"ဟုတ်ကဲ့၊ ကျွန်မတို့ လမုန့်တွေ စရောင်းတော့မှာမို့ပါ"
ထို့နောက် စုဟယ်က ဂိုဒေါင်ထဲမှ ခိုင်ခံ့သော ဘူးအမာကြီးများကို ထုတ်ယူလာသည်။
"ကျွန်မတို့က လမုန့်ကို လက်ဆောင်ဘူးလိုက်ပဲ ရောင်းမှာပါ၊ နှစ်မျိုးခွဲထားတယ် တစ်မျိုးကတော့ စက္ကူအိတ်ထဲမှာ ပါတဲ့ ဘူးအသေးလေး၊ တစ်ဘူးမှာ လမုန့် (၃) ခု ပါမယ်၊ နောက်တစ်မျိုးကတော့ လက်ကိုင်ပါတဲ့ ဒီဘူးမာကြီး၊ တစ်ဘူးမှာ လမုန့် (၈) ခု ပါပါမယ်"
အကူအညီများ ရရှိသဖြင့် လမုန့်ဘူးများကို အလျင်အမြန်ပင် ဆင်ပြီးသွားသည်။ စုဟယ်သည် လမုန့်ဘူးအသေး (၁၀၀) ကို အရင် ထုပ်ပိုးလိုက်၏။ သူမသည် ဖေးရွှမ်း အမြန်ချောပို့သို့ ဆက်သွယ်ကာ ထိုလမုန့်အားလုံးကို လာယူရန် စီစဉ်လိုက်သည်။ တုန်းကျင့်က အနည်းငယ် နားမလည်နိုင်ဖြစ်ကာ မေး၏။
"သူဌေးမ၊ ဒါတွေက မနက်ဖြန်မနက်ကျမှ ရောင်းမှာ မဟုတ်ဘူးလား "
စုဟယ်က လျှို့ဝှက်စွာ ပြုံးလိုက်သည်
"ဒါတွေက ဖောက်သည်တွေကို ဆွဲဆောင်ထားဖို့ပါ"
တုန်းကျင့်က နားလည်သလို ခေါင်းညိတ်လိုက်သည်။ ဘဏ်မှာ ငွေတွေ အများကြီး အပ်တဲ့အခါ သူတို့က ဆန်တွေ လက်ဆောင်ပေးတတ်တာပဲလေ။ ဒါတွေက တည်းခိုခန်းကို ခဏခဏ လာတတ်တဲ့ ဖောက်သည်ကြီးတွေအတွက် ဖြစ်မှာပေါ့၊ ဟုတ်တယ်မလား။
အမြန်ချောပို့သမားက လမုန့်များကို ယူဆောင်သွားပြီးနောက် စုဟယ်မှာ သူမ၏ လက်မောင်းများကို ပွတ်သပ်လိုက်သည်။ ဤလမုန့်များမှာ အမှန်တကယ်တော့ "အိပ်ပျော်နေသော မင်းသမီးလေးရဲ့ ကုတင်" ကို ဝယ်ယူထားသော ဖောက်သည်များအတွက် ဖြစ်၏။ ခုတင်တစ်ခုအတွက် ယွမ် (၆၀,၀၀၀) အထိ အကုန်အကျခံနိုင်သော ဖောက်သည်များမှာ အဆင့်မြင့် ဖောက်သည်များဖြစ်ရာ သူတို့ကို ကောင်းမွန်စွာ ဆက်ဆံထားရန် လိုအပ်သည်။ ရေပန်းစားမှုအတွက် ယွမ် (၂၀၀,၀၀၀) သုံးစွဲပြီးနောက် ပိုက်ဆံအိတ် ပြန်ပြောင်သွားသော စုဟယ်သည် ဟဲယဲ့တည်းခိုခန်းအတွက် အကျိုးပြုနိုင်ရန် ဤအဆင့်မြင့် ဖောက်သည်များက သူတို့၏ သူငယ်ချင်းများကို ဆက်လက် ညွှန်ကြားပေးဖို့ အလွန်ပင် လိုအပ်နေသည်။
နောက်တစ်နေ့တွင် ရေပန်းစားသတင်း၏ လွှမ်းမိုးမှုကြောင့် မုန့်ဝယ်ရန် တန်းစီနေသော ဖောက်သည် အရေအတွက်မှာ ပုံမှန်ထက် နှစ်ဆခန့် ပိုများလာသည်။ ချန်နန်နန်သည် အင်တာနက်ပေါ်က ရေပန်းစားသတင်းကို မြင်ပြီးနောက် ယုံမြစ်တွင် လက်လုပ်မုန့်ဆိုင်လေး ရှိနေကြောင်း သိရှိခဲ့ခြင်း ဖြစ်၏။ အိမ်မှာနေရင်း ပျင်းနေသဖြင့် သူမသည် မုန့်ဝယ်ရန်အတွက် နံနက်စောစောကတည်းက လာရောက် တန်းစီရန် ဆုံးဖြတ်ခဲ့သည်။
"ငါကတော့ ထင်းရှူးစေ့ပါတဲ့ ခရင်မ်မုန့်လိပ်လေး ရယ်၊ နောက်ထပ် အချိုတစ်ခုရယ် ဝယ်ချင်တာ"
ချန်နန်နန်က မုန့်အရောင်းစက်ထဲက မုန့်များကို ခြေဖျားထောက်ကာ စပ်စုကြည့်ရင်း တိုးတိုးလေး ပြောနေသည်။ သူမသည် ဆုံးဖြတ်ချက် ချရခက်တတ်သူ ဖြစ်သဖြင့် ဘာဝယ်ရမလဲဆိုသည်ကို မရွေးချယ်နိုင်ဖြစ်နေ၏။ အရှေ့သို့ ရောက်သောအခါ ချန်နန်နန် တစ်ခုခု မှားနေသည်ကို သတိထားမိလိုက်သည်။ မုန့်က (၄) မျိုးပဲ ရှိတာ မဟုတ်ဘူးလား ဘာလို့ (၆) မျိုး ဖြစ်နေတာလဲ။
"ဖရုံစေ့ ထင်းရှူးစေ့ လမုန့်၊ ပေါင်းထားသော နို့ပူတင်း"
ချန်နန်နန်က အညွှန်းများကို ဖတ်လိုက်သည်။ မုန့်အသစ်များက ဘယ်လို အရသာရှိမလဲဟု သူမ စဉ်းစားနေစဉ်မှာပင် အသံတစ်သံကို ကြားလိုက်ရသဖြင့် ထိုအသံရှိရာသို့ ကြည့်လိုက်သည်။
စိတ်မရှည်သော စားသုံးသူ တစ်ဦးမှာ ပေါင်းထားသော နို့ပူတင်း ၏ ပလတ်စတစ် အုပ်ထားသည်ကို ထိုနေရာမှာတင် ဖွင့်ပြီး ဇွန်းနှင့် ခပ်စားနေခြင်းဖြစ်ကြောင်း သိလိုက်ရ၏။ ဇွန်းလေးက နို့ပူတင်း၏ မျက်နှာပြင်ကို အသာအယာ ခွဲလိုက်သည်နှင့် လတ်ဆတ်သော နို့နံ့သင်းသင်းလေးက ချက်ချင်းပင် ထွက်ပေါ်လာသည်။ နို့ပူတင်း၏ မျက်နှာပြင်မှာ ပိုးသားကဲ့သို့ နူးညံ့ချောမွေ့နေပြီး ၎င်း၏ နူးညံ့လှသော အထိအတွေ့မှာ စိတ်ကို ပျော်ရွှင်သွားစေသည်။
စားသုံးသူက နို့ပူတင်း တစ်ဇွန်းကို ခပ်လိုက်သည်နှင့် ၎င်းမှာ လည်ချောင်းထဲမှတစ်ဆင့် အစာအိမ်ထဲသို့ အလွန်ပင် ချောမွေ့စွာ စီးဆင်းသွားတော့သည်။ စိတ်မရှည်သော စားသုံးသူမှာ နောက်ထပ် တစ်ဇွန်းကို အလျင်အမြန် ခပ်လိုက်ပြန်၏။ သူ အရသာပင် သေချာမခံစားရသေးခင်မှာပင် နို့ပူတင်းမှာ ပါးစပ်ထဲရောက်သည်နှင့် ဘယ်လိုများ ပျောက်ကွယ်သွားရတာနည်း။
ထိုတစ်ဇွန်းတွင်မူ စပျစ်သီးခြောက် အနည်းငယ် ပါဝင်နေပြီး၊ စပျစ်သီးခြောက် တစ်လုံးချင်းစီမှာ ဖောင်းကားပြောင်လက်နေကာ ကျောက်စိမ်းဖြူပေါ်တွင် တင်ထားသည့် ရတနာလေးများအလား ထင်မှတ်ရသည်။ ၎င်း၏ အထိအတွေ့မှာ အနည်းငယ် နူးညံ့သော်လည်း ဝါးလိုက်လျှင် ခံစားချက်လေးတစ်ခု ရှိနေသဖြင့် အရသာခံစားမှုကို အဆင့်အတန်း မြင့်မားသွားစေ၏။ အသာအယာ မြည်းစမ်းကြည့်လိုက်သောအခါ စပျစ်သီးခြောက်များသည် သူတို့၏ မွှေးမြိန်သော ရနံ့များကို ပါးစပ်အတွင်း ထုတ်လွှတ်လိုက်ကြသည်။ အချိုဓာတ်နှင့် စပျစ်သီး၏ သဘာဝရနံ့မှာ ပါးစပ်အတွင်း ပျံ့နှံ့သွားပြီးနောက်၊ ချက်ချင်းပင် အရည်ပျော်သွားသော နို့ပူတင်းက ၎င်း၏ မွှေးရနံ့ကို ထပ်မံ ထုတ်လွှတ်လိုက်ရာ ပါးစပ်ထဲတွင် တိမ်တိုက်တစ်ခု အရည်ပျော်သွားသကဲ့သို့ ခံစားလိုက်ရ၏။
၎င်း၏ နို့နံ့မှာ ပြင်းရှပြီး ချိုမြိန်ကာ အရသာရှိလှသဖြင့် စားပြီးသည့်တိုင် အရသာမှာ လျှာပေါ်တွင် စွဲကျန်ရစ်နေသည်။
စိတ်မရှည်သော စားသုံးသူမှာ နောက်ထပ် ဇွန်းအနည်းငယ် ခပ်လိုက်ပြီးနောက် ကြောင်သွားတော့သည်။ နို့လက်ဖက်ရည်ခွက်က ဘယ်လိုလုပ်ပြီး အမြန်ကြီး ကုန်သွားရတာလဲ။ ချိုမြိန်သော ရနံ့များမှာ လေထဲတွင် ပျံ့နှံ့နေပြီး တန်းစီနေသော ဖောက်သည်များ၏ သွားရည်များကို စိုစွတ်လာစေ၏။
ချန်နန်နန်မှာ တံတွေး မျိုချလိုက်မိသည်။ သူမသည် ယွမ် (၁၅) တန် နို့ပူတင်းကိုလည်း ဝယ်မည်ဟု ဆုံးဖြတ်လိုက်ပြီ နို့ပူတင်းက ဒီလောက် အရသာရှိပုံရရင် လမုန့်အသစ်တွေကလည်း ကောင်းမှာပဲ၊ ဟုတ်တယ်မလား ဝယ်လိုက်ရမလား။ သူမ စဉ်းစားနေစဉ်မှာပင် ရှေ့ကောင်တာနှင့် ဆက်သွယ်ထားသော တံခါးလေး ပွင့်လာပြီး အတွင်းမှ တစ်ယောက် လှမ်းအော်လိုက်သည်။
"ဟဲယဲ့တည်းခိုခန်းမှာ ထုတ်ကုန်သစ်တွေ ရှိပါတယ်၊ လူတိုင်းကို အခမဲ့ လာရောက် ကြည့်ရှုဖို့ဖိတ်ခေါ်တယ်နော်"
ချန်နန်နန်မှာ ဇဝေဇဝါ ဖြစ်သွားသည်။
တည်းခိုခန်းတစ်ခုမှာ ဘာထုတ်ကုန်သစ်တွေရှိနိုင်လို့လဲ။ ပရိဘောဂအသစ်တွေလား။