← Chapters

အခန်း (၇၇-၇၈)

Vol. 8 Ch. 77-78

အခန်း (၇၇-၇၈)

Vol. 8 Ch. 77-78

အခန်း ၇၇: မင်းက သတ်ဖြတ်ခြင်း မဟာတာအို ကို နားလည်သဘောပေါက်သွားပြီပဲ...

စူးချန်ကဲက နဝမမြောက်ဓားကျောက်စာတိုင်ဆီသို့ တည်ငြိမ်စွာ လျှောက်လှမ်းသွားလိုက်ပြီး ထိုကျောက်စာတိုင်ကို အချိန်အတန်ကြာ လေ့လာကာ ပလ္လင်ခွေထိုင်လိုက်သည်။ ဘိုးဘေးထိုက်ချင် ချန်ထားခဲ့သော ထိုက်ချင်ဓားကိုးလက်ကို သူ စတင်၍ လေ့လာဆင်ခြင်ရန် ရည်ရွယ်ထားခြင်းဖြစ်သည်။ ထိုက်ချင်ဂိုဏ်းကို အင်အားကြီးမားစေနိုင်သည့် အရာတစ်ခုကို မည်သည်ကြောင့် ဓားသင်္ချိုင်းထဲတွင် ဖုံးကွယ်ထားပြီး ခေတ်အဆက်ဆက်မှ သူတော်စင်သားတော် များသာ ဝင်ရောက်ခွင့် ရှိရသနည်းဆိုသည်ကို သူ သိချင်နေခဲ့သည်။

သို့ရာတွင် သူ ထိုင်လိုက်သည်နှင့် တပြိုင်နက် သူ၏လုပ်ရပ်များမှာ အလဟဿ ဖြစ်နေကြောင်း သူ နားလည်သဘောပေါက်သွားပေ၏။

တစ်...

နှစ်...

သုံး...

【ဒင်... လက်ခံသူက ထိုက်ချင်ဓားကိုးလက်ရဲ့ နဝမမြောက်ဓားကို ကြည့်ရှုနေပါတယ်... လက်ခံသူရဲ့ အခြေခံအဆင့် သူတော်စင်အဆင့် ဓားနည်းစနစ် နတ်ဘုရားစွမ်းရည်ဖြစ်တဲ့ ကောင်းကင်ကွပ်မျက် ဓားဆွဲထုတ်ခြင်းနည်းစနစ်နဲ့ ထိုက်ချင်ဓားနည်းစနစ်ကို အထွတ်အထိပ် ရောက်ရှိထားခြင်းကနေ ရရှိလာတဲ့ ဓားတာအို ထိုးထွင်းသိမြင်မှုတွေအပေါ် အခြေခံပြီး ကောင်းကင်ဆန့်ကျင် နားလည်သဘောပေါက်နိုင်စွမ်းနဲ့ ပေါင်းစပ်လိုက်တဲ့အချိန်မှာ နဝမမြောက်ဓားဖြစ်တဲ့ "အပြစ်များသော သတ်ဖြတ်ခြင်း"က အခြေခံအဆင့်ကို ရောက်ရှိသွားပါပြီ... အဲ့ဒီကနေ မပြည့်စုံတဲ့ သတ်ဖြတ်ခြင်း မဟာတာအို အရင်းအမြစ်ရဲ့ အရိပ်အယောင်တစ်ခုကို လက်ခံသူက မြင်တွေ့လိုက်ရပါတယ်... ကောင်းကင်ဆန့်ကျင် နားလည်သဘောပေါက်နိုင်စွမ်းကို အသက်သွင်းလိုက်တဲ့အတွက် လက်ခံသူက အဲ့ဒါကို အောင်မြင်စွာ ပြီးမြောက်သွားပါပြီ... လက်ခံသူက သတ်ဖြတ်ခြင်း မဟာတာအိုကို နားလည်သဘောပေါက်သွားပါပြီ (၁%)...】

တစ်ချိန်တည်းမှာပင်...

ဓားသင်္ချိုင်း၏ အပြင်ဘက်တွင် မှော်စာလုံး ကျောက်ပြားတစ်ခုက လေထဲတွင် လွင့်မျောနေပြီး အတွင်းမှ မြင်ကွင်းကို ရှင်းလင်းစွာ ရောင်ပြန်ဟပ်နေသည်။ စူးချန်ကဲနှင့် သူ၏ ဂျူနီယာညီမလေးတို့ကြား စကားပြောဆိုမှုမှာ စကားတစ်ခွန်းမျှ မလွတ်ဘဲ လူတိုင်း၏ နားထဲသို့ သဘာဝကျကျ ရောက်ရှိလာခဲ့သည်။

ချက်ချင်းပင် လူတိုင်း ကြောင်အမ်းသွားကာ မတ်တတ်ရပ်နေရင်း ပတ်ဝန်းကျင်သည် သုသာန်တစပြင်ကဲ့သို့ တိတ်ဆိတ်သွားပေ၏။

"တိုးတက်အောင် လုပ်မယ်..."

မြင့်မြတ်အရှင်ရွှမ်ကျိ၏ နှုတ်ခမ်းများ အနည်းငယ် တွန့်ကွေးသွားပြီး သူ၏နောက်ပစ်ထားသောလက်များ တုန်ရီနေခဲ့သည်။

စူးချန်ကဲသည် ဓားသင်္ချိုင်း၏ နက်ရှိုင်းသော နေရာရှိ ထိုက်ချင်ဓားကိုးလက် ကျောက်စာတိုင်များ၏ဗဟိုချက်ဆီသို့ တည့်မတ်စွာ သွားခြင်းကပင် လုံလောက်အောင် ရဲရင့်နေပြီဟု သူ မူလက တွေးထင်ခဲ့လေသည်။ ဤဓားကိုးလက်တွင် လွန်ခဲ့သော နှစ်များစွာက အင်မော်တယ်လျှို၏ ဓားတာအို ထိုးထွင်းသိမြင်မှုများအားလုံး ပါဝင်နေသည်။ ဓားသင်္ချိုင်းထဲသို့ ဝင်ရောက်ခဲ့သော ယခင်မျိုးဆက်များမှ အစွမ်းထက်ဆုံး ပုဂ္ဂိုလ်များပင်လျှင် ဓားနတ်ဘုရားစွမ်းရည် တစ်ခုကိုသာ ယူဆောင်လာနိုင်ခဲ့ပြီး ထိုအရာမှာ ထူးခြားသော နားလည်သဘောပေါက်နိုင်စွမ်း ရှိသည့် ပါရမီရှင်တစ်ဦး၏အရည်အချင်းပင်။

မည်သို့ပင်ဆိုစေကာမူ ဤအရာများမှာ ကောင်းကင်အဆင့်မြင့် ဓားနည်းစနစ်ကိုးခုပင်။

"သူ... သူတော်စင်သားတော် က ဘာပြောလိုက်တာလဲ... တိုးတက်အောင် လုပ်မယ်..."

ဟင်္သာပြဒါးနေမင်းသခင်၏ မျက်နှာပေါ်ရှိ အပြုံးမှာ အေးခဲတောင့်တင်းသွားပြီး လွန်ကဲသော စိတ်ရှုပ်ထွေးမှုများဖြင့် အစားထိုးခံလိုက်ရကာ သူက ပြောဆိုသည်။

"အဲ့ဒါတွေက ဘိုးဘေး ချန်ထားခဲ့တဲ့ ကောင်းကင်အဆင့်မြင့် ဓားနည်းစနစ်တွေလေ... အပြစ်အနာအဆာမရှိတဲ့ ပြီးပြည့်စုံမှုအဆင့်ကို ရောက်နေပြီ... အစွမ်းထက်တဲ့ ဓားတာအို ပါရမီ မရှိရင် သူ အဲ့ဒါတွေကို နားလည်သဘောပေါက်ဖို့ မဖြစ်နိုင်ဘူး... တိုးတက်အောင် လုပ်မယ်ဆိုတာတော့ ပြောနေစရာတောင် မလိုတော့ဘူး..."

"ဒီကြွားလုံးက နည်းနည်းကြီးမားလွန်းနေတာ မဟုတ်ဘူးလား..."

ယောင်ရှင်းယဲ့က ချောင်းနှစ်ချက် ဟန့်လိုက်ပြီး အခြေအနေကို အဆင်ပြေချောမွေ့စေရန် ကြိုးစားလိုက်၏။

"အဟမ်း အဟမ်း... သူတော်စင်သားတော်က တပည့်နင်ဖူယောင် နားလည်သဘောပေါက်ဖို့ ပိုပြီးလွယ်ကူအောင် ဓားစိတ်ဆန္ဒတွေကို အရင် ရိုးရှင်းသွားအောင် အတင်းအကြပ်လုပ်ဖို့အတွက် သူ့ရဲ့ကျင့်ကြံဆင့်စွမ်းအားကို အသုံးပြုချင်တာ ဖြစ်နိုင်တယ်လေ... ဒါ... ဒါက တခြားအဓိပ္ပာယ်တစ်မျိုးနဲ့ဆိုရင် တိုးတက်မှုတစ်ခုလို့ သတ်မှတ်လို့ ရတယ်မဟုတ်လား..."

တိတ်ဆိတ်ပြီး အေးစက်နေခဲ့သော ယန်လော့၏ မျက်လုံးထောင့်များ ဤအချိန်၌ အနည်းငယ် တွန့်ကွေးသွားခဲ့သည်။ သူ၏စိတ်နှလုံးသားသည် တည်ငြိမ်မှုနှင့် များစွာကင်းကွာနေကြောင်း ရှင်းလင်းလှသည်။

တစ်ဖက်တွင် လီချင်းဖုန်းက စူးချန်ကဲ၏ ပုံရိပ်ကို စကားမပြောဘဲ စူးစိုက်၍ ကြည့်နေပြီး သူ နောက်ထပ် ဘာလုပ်မည်ကိုသာ သိချင်နေခဲ့သည်။ ယနေ့တွင် သူ အံ့အားသင့်ဖွယ်ကိစ္စတချို့ကို မြင်တွေ့ရလိမ့်မည်ဟု သူ၏ အလိုအလျောက်သိစိတ်က ပြောနေခဲ့သည်။

"ဟဲ ဟဲ..."

ဓားအရူးက လှောင်ပြောင်ရယ်မောလိုက်၏။

"ဦးလေးလင်း... သူက ကောင်းကင်အဆင့်မြင့် ဓားပညာကို တိုးတက်အောင် လုပ်ချင်နေတယ်..."

နင်ဟောင်က မပြုံးဘဲ မနေနိုင်အောင် ဖြစ်သွားခဲ့ပြီး သူ၏အသံကို နှိမ့်ကာ ပြောဆိုလိုက်သည်။

စန်းလင်းက အနည်းငယ် မျက်မှောင်ကြုတ်လိုက်ပြီး စကားမပြောဆိုသော်လည်း သူ၏ မျက်လုံးများတွင် လွန်ကဲသော သံသယများဖြင့် ပြည့်နှက်နေသည်။

ဒါ မဖြစ်သင့်ဘူး... သူတို့ရဲ့ ခဏတာ ဆက်သွယ်မှုအရ တစ်ဖက်လူက အရူးတစ်ယောက်နဲ့ မတူပါဘူး...

ဤအချိန်၌ မူးယစ်နတ်မိမယ်ကလည်း သူမ၏ ပျင်းရိသော ကိုယ်ဟန်အနေအထားကို ဖယ်ရှားလိုက်ပြီး သူမ၏လှပသော မျက်ခုံးများ အနည်းငယ် တွန့်ကွေးသွားခဲ့သည်။

"ငါတို့ နားကြားမှားတာများလား... ဖြစ်နိုင်တာက... စီနီယာအစ်ကို ရွှမ်ကျိ... ဒီပုံရိပ်ယောင်ကျောက်ပြားက အပြင်မှာ အရမ်းကြာနေလို့ ပျက်စီးသွားတာများလား... ဒါကြောင့် ထုတ်လွှတ်လိုက်တဲ့ အကြောင်းအရာတွေက ပုံပျက်နေတာလား..."

မြင့်မြတ်အရှင်ရွှမ်ကျိက ဒေါသတကြီး တုံ့ပြန်သည်။

"အဓိပ္ပာယ်မရှိတာတွေ ပြောနေတာကို ရပ်လိုက်စမ်း... ဘိုးဘေး ချန်ထားခဲ့တဲ့ အရာတစ်ခုက ဘယ်လိုလုပ်ပြီး ပျက်စီးနိုင်မှာလဲ..."

နောက်မှလိုက်ပါလာသော ခေါင်းဆောင်တပည့်များကလည်း အချင်းချင်း ကြည့်လိုက်ကြပြီး တစ်ခုခု ပြောချင်နေသော်လည်း အချိန်အခါမသင့်ကြောင်း သိထားကြသည်။ သူတို့သည် အကြည့်များ ဖလှယ်လိုက်ကြသော်လည်း ကောက်ချက်ချမှုမှာ ထပ်တူထပ်မျှပင်။ စူးချန်ကဲက ထိုအရာများကို တိုးတက်အောင် လုပ်မည်ဟု ပြောဆိုခြင်းမှာ အနည်းငယ် ရယ်စရာကောင်းသည်ဟု သူတို့ တွေးထင်ခဲ့ကြသည်။

မင်း မသင်ယူရသေးတဲ့ အရာတစ်ခုကို မင်း ဘယ်လိုလုပ်ပြီး တိုးတက်အောင် လုပ်နိုင်မှာလဲ...

သို့ရာတွင် ထိုအချိန်မှာပင်...

ပုံရိပ်ယောင်ကျောက်ပြားအတွင်း၌...

ဝုန်း...

ကြောက်မက်ဖွယ်ကောင်းသော ဓားစိတ်ဆန္ဒ တစ်ခုက ချက်ချင်းပေါက်ကွဲထွက်လာခဲ့သည်။ လူတိုင်း၏မျက်စိရှေ့တွင် နှစ်သောင်းနှင့်ချီ၍ တိတ်ဆိတ်နေခဲ့သော နဝမမြောက် ဓားကျောက်စာတိုင်မှ ရုတ်တရက် ထူးဆန်းသော သွေးရောင်အလင်းရောင်တစ်ခု ပေါက်ကွဲထွက်လာခဲ့သည်။ ကျောက်စာတိုင်၏ရှေ့တွင် ထိုင်နေသော စူးချန်ကဲသည် ချက်ချင်းဝါးမျိုခြင်းခံလိုက်ရပေ၏။ သူ၏နောက်တွင် အလောင်းတောင်များနှင့်သွေးပင်လယ်များ၏ ပုံရိပ်များ ထွက်ပေါ်လာခဲ့ပြီး စူးချန်ကဲက သက်ရှိအားလုံးကို ကျောခိုင်းထားသော သတ်ဖြတ်ခြင်း နတ်ဘုရားတစ်ပါးအလား မတ်တတ်ရပ်နေသည်။

ထိုအရာ၏နောက်တွင် အရပ်မျက်နှာအဘက်ဘက်ကို တုန်ခါသွားစေသော ကြောက်မက်ဖွယ်ကောင်းသည့် ဓားစိတ်ဆန္ဒတစ်ခုက လိုက်ပါလာခဲ့လေသည်။ ထိုအရာသည် လူတိုင်း၏ သွေးများကို အေးခဲသွားစေသော သတ်ဖြတ်လိုခြင်း စိတ်ဆန္ဒတစ်ခုဖြစ်ပြီး သက်ရှိအားလုံးနှင့် ကောင်းကင်ဘုံနှင့်အသင်္ချေနယ်မြေများကို ရင်ဆိုင်ကာ သူ၏ဓားအောက်တွင် အရာအားလုံးကို သတ်ဖြတ်ပစ်မည့်အလားပင်။

"ဒါက..."

မြင့်မြတ်အရှင်ရွှမ်ကျိ၏ မျက်လုံးများ ပြူးကျယ်သွားပြီး အော်ဟစ်လိုက်သည်။ သူ၏ စကားမဆုံးမီမှာပင် ယောင်ရှင်းယဲ့၏ ပို၍ ကျယ်လောင်သော အသံက သူ၏အသံကို ဖုံးလွှမ်းသွားခဲ့သည်။

"အပြစ်များသော သတ်ဖြတ်ခြင်း..."

"သူ အဲ့ဒါကို နားလည်သဘောပေါက်သွားတာလား..."

"ဒါက ဘိုးဘေးရဲ့ အစွမ်းထက်ဆုံး ဓားကိုးလက် ထဲက တစ်ခုဖြစ်ပြီးတော့ ကောင်းကင်အဆင့်မြင့် ဓားနည်းစနစ်လေ... ဘယ်လိုလုပ်ပြီး ဒီလောက် မြန်နိုင်မှာလဲ..."

လီချင်းဖုန်းက ကြောင်အမ်းသွားခဲ့လေ၏။ စိတ်လှုပ်ရှားမှုများကြောင့် ရှန်းဝမ်က ယန်လော့၏ ကျောကို ရိုက်လိုက်မိသည်။ သို့ရာတွင် ယန်လော့သည် ဤတစ်ကြိမ်တွင် သူနှင့် ငြင်းခုံခြင်းပင် မရှိဘဲ ပုံရိပ်ယောင်ကျောက်ပြားပေါ်ရှိ မြင်ကွင်းကိုသာ ကြောင်အမ်းအမ်းဖြင့် ကြည့်နေခဲ့သည်။

ခေါင်းဆောင်တပည့်များမှာ ပို၍ပင် စိန်ရှုပ်ထွေးသွားခဲ့ကြပြီး ရှေ့ဆုံးမှ ယောင်ယွီမှာ ကြောင်အမ်းနေပုံရသည်။

လွန်ခဲ့သော အချိန်တခဏက လှောင်ပြောင်သော အမူအရာ ရှိခဲ့သည့် ဓားအရူးမှာ ယခုအချိန်၌ မယုံနိုင်လောက်အောင် စိတ်လှုပ်ရှားနေသည်။ သူ၏မျက်လုံးများတွင် ထိုကြောက်မက်ဖွယ်ကောင်းသော ဓားစိတ်ဆန္ဒ တစ်ခုတည်းကိုသာ မြင်တွေ့နေရပုံရသည်။ သူက အံ့အားသင့်စွာ ပြောလိုက်၏။

"မဟုတ်ဘူး... ဒါက မဟုတ်သေးဘူး... ဒါက မှတ်တမ်းတွေထဲမှာ ဓားကိုးလက်ကို နားလည်သဘောပေါက်ခဲ့တဲ့သူတွေ ပြသခဲ့တဲ့ မြင်ကွင်းတွေနဲ့ ကွဲပြားနေတယ်... အပြစ်များသော သတ်ဖြတ်ခြင်းရဲ့ တိုက်ခိုက်မှုက ဘယ်တုန်းကမှ ဒီလောက်ထိ ကြောက်စရာမကောင်းခဲ့ဘူး..."

ဤစကားများကို ပြောလိုက်သည်နှင့် တစ်ပြိုင်နက် တောင်ထိပ်သခင်များ၏ မျက်လုံးသူငယ်အိမ်များ ကျဥ်းမြောင်းသွားသည်။

ထို့နောက် ဓားအရူးက ကြောင်အမ်းအမ်းဖြင့် ရေရွတ်လိုက်သည်ကို သူတို့ ကြားလိုက်ရလေ၏။

"ဓားစိတ်ဆန္ဒ... ဒါက အမြင့်မြတ်ဆုံး ဓားစိတ်ဆန္ဒ ပဲ... သတ်ဖြတ်ခြင်း မဟာတာအိုကို အသုံးပြုထားတာ... ပြီးပြည့်စုံပြီး ကိုက်ညီတယ်... အံ့အားသင့်စရာ မရှိတော့ဘူး... ငါတို့ ထိုက်ချင်ဂိုဏ်းက တပည့်တိုင်း ထိုက်ချင်ဓားနည်းစနစ်ကို သင်ယူရမယ်ဆိုတာ အံ့အားသင့်စရာ မရှိတော့ဘူး.. သူတော်စင်သားတော် တောင်မှ ချွင်းချက် မဟုတ်ဘူး... နှလုံးသားကို စောင့်ရှောက်ဖို့ အဲ့ဒီထိုက်ချင် စိတ်ဆန္ဒ မရှိရင် ဒီတိုက်ခိုက်မှုကို နားလည်သဘောပေါက်ရင်တောင်မှ ရူးသွပ်မှုထဲ ကျရောက်သွားလိမ့်မယ်..."

မလှမ်းမကမ်းတွင် စန်းလင်းသည် ဆွံ့အသွားခဲ့ပြီး သူ၏နံဘေးရှိ နင်ဟောင်၏အမူအရာမှာ အကျည်းတန်သွားခဲ့သည်။

တစ်ချိန်တည်းမှာပင်...

ဓားသင်္ချိုင်းကမ္ဘာ အတွင်း၌...

သတ်ဖြတ်ခြင်း ဓားစိတ်ဆန္ဒက လေထုထဲတွင် ပျံ့နှံ့နေသည်။

"ဘယ်လောက်တောင် ကြောက်စရာကောင်းတဲ့ ဓားစိတ်ဆန္ဒလဲ..."

နင်ဖူယောင်က စူးချန်ကဲ၏ကျောပြင်ကို မယုံကြည်နိုင်စွာဖြင့် သူမ၏ချယ်ရီရောင်နှုတ်ခမ်းလေးများ ပွင့်ဟနေပြီး ကြည့်နေခဲ့လေ၏။

"အားချီ... စီနီယာအစ်ကိုက အဲ့ဒါကို နားလည်သဘောပေါက်သွားတာလား..."

"သူ ထိုင်လိုက်တဲ့ အချိန်တိုလေးအတွင်းမှာပဲ နဝမမြောက် ဓားကျောက်စာတိုင်ရဲ့ ဓားပညာကို သူ နားလည်သဘောပေါက်သွားတာမလား..."

ရှေးဟောင်းဓားကမ္ဘာအတွင်း၌ အားချီက သူမကို ပထမဆုံးအကြိမ်အဖြစ် ပြန်မဖြေခဲ့ချေ။ ထိုအစား သူမက ရှေ့ရှိအရာအားလုံးကို စိုက်ကြည့်ကာ မယုံကြည်နိုင်စွာ ရေရွတ်နေခဲ့သည်။

"မဖြစ်နိုင်ဘူး..."

"ဒါက မဖြစ်နိုင်ဘူး..."

"ဒီဓားပညာထဲမှာရှိတဲ့ သတ်ဖြတ်ခြင်း မဟာတာအို က အခြေခံအားဖြင့် မပြည့်စုံဘူးလေ... သူက ဘယ်လိုလုပ်... သူက ဘယ်လိုလုပ်..."

"သူက ဘယ်လိုလုပ်ပြီးတော့ ကောင်းကင်အဆင့်မြင့် ဓားနည်းစနစ်ကို ကျွမ်းကျင်ပြီး ဒီလောက် အချိန်တိုလေးအတွင်းမှာ သတ်ဖြတ်ခြင်း မဟာတာအိုကို နားလည်သဘောပေါက်နိုင်မှာလဲ..."

အကယ်၍ သူမကိုယ်တိုင် မျက်မြင်မတွေ့ခဲ့ရပါက ဤသို့ဖြစ်လာသည်ဟု ပြောဆိုသော မည်သူ့ကိုမဆို အားချီ ယုံကြည်မည် မဟုတ်ချေ။

ဤအချိန်၌...

စူးချန်ကဲသည် သူ၏လုပ်ရပ်က လူတိုင်းကို ကြောင်အမ်းသွားစေခဲ့ကြောင်း လုံးဝသတိမထားမိခဲ့ချေ။

သူသည် လက်ရှိတွင် အတွေးထဲ နစ်မြုပ်နေခဲ့သည်။ သူ၏မျက်လုံးထဲရှိ သွေးရောင်ဓားအလင်းတန်းကို ဖြည်းညှင်းစွာ ဖိနှိပ်လိုက်ပြီးနောက် သူ၏စိတ်နှလုံးသားထဲတွင် အံ့အားသင့်မသွားဘဲ မနေနိုင်ခဲ့ချေ။

"ဒါက တကယ့်ကို သတ်ဖြတ်ခြင်း မဟာတာအို ပဲ..."

သူ ငယ်စဉ်ကလေးဘဝက သူနှင့် သူ၏ဖခင်ကြား စကားပြောဆိုမှုဖြစ်သော မှေးမှိန်သွားသည့် မှတ်ဉာဏ်တစ်ခုကို သူ ပြန်လည်အမှတ်မရဘဲ မနေနိုင်ခဲ့ချေ။

"အဖေ... တာအိုဆိုတာက ဘာအဓိပ္ပာယ်လဲ..."

"ကောင်းကင်နဲ့မြေကြီးရဲ့ စည်းမျဉ်းတွေ... ရှေးလူတွေ လျှောက်လှမ်းခဲ့တဲ့ လမ်းစဉ်တွေနဲ့ နောက်လူတွေ ရရှိခဲ့တဲ့ ထိုးထွင်းသိမြင်မှုတွေ...အဲ့ဒီသုံးခုလုံးကို တာအိုလို့ ခေါ်လို့ရတယ်... လူတွေက မဟာတာအိုသုံးထောင်အကြောင်း မကြာခဏ ပြောလေ့ရှိပေမဲ့ အဲ့ဒါက ကျင့်ကြံဖို့ လမ်းစဉ်သုံးထောင်ပဲ ရှိတယ်လို့ မဆိုလိုပါဘူး... တစ်က ထူးခြားမှုကို ကိုယ်စားပြုပြီး နှစ်က အစုံလိုက်ကို ကိုယ်စားပြုတယ်...သုံး က အများကြီးကို ကိုယ်စားပြုတယ်... ဒါကြောင့် မဟာတာအိုသုံးထောင်ကို လမ်းစဉ်တွေအများကြီးအဖြစ် နားလည်နိုင်တယ်..."

"အဲ့ဒါဆို မဟာတာအိုငါးဆယ်ကရော ဘာလဲ..."

"အဲ့ဒါတွေက ဒီစကြဝဠာကို အုပ်ချုပ်တဲ့ ဥပဒေသတွေရဲ့ အမြင့်ဆုံး စွမ်းအားပဲ... ငါးဆယ်ရှိတယ်လို့ ဆိုပေမဲ့ ရိုးရိုးရှင်းရှင်း ပြောရရင် လောကကြီးပေါ်က အရာအားလုံးက ဒီမဟာတာအိုငါးဆယ်ထဲမှာ အကျုံးဝင်တယ်... ဒါပေမဲ့ ကောင်းကင်တာအိုက သတ်မှတ်ထားတဲ့ အရာတွေတောင်မှ လေးဆယ့်ကိုးပဲ ရှိတယ်... ငါတို့က အဲ့ဒီ 'တစ်' အတွက် တိုက်ခိုက်ဖို့ ကျင့်ကြံကြတာပဲ... အဲ့ဒါက တည်ရှိမှုရော ထူးခြားမှုပါ ဖြစ်ပြီးတော့ အဲ့ဒါက ထူးခြားပေမဲ့ မဟာတာအိုပေါ်က တစ်ခုတည်းသော အရာတော့ မဟုတ်ဘူး..."

အခန်း ၇၈:အချိန်ကို ဂုဏ်ပြုတယ်... ဟင်းလင်းပြင်က ဘုရင်ဖြစ်တယ်... ကံကြမ္မာက ပေါ်မလာဘူး...

"ကျွန်တော် သိပ်နားမလည်ဘူး..."

"ဟားဟား... အဲ့ဒါဆို အဖေက ပိုပြီးရိုးရှင်းအောင် ရှင်းပြမယ်... တာအိုတွေအားလုံးက စည်းမျဉ်းတစ်မျိုးနဲ့ ဆင်တူပြီးတော့ စည်းမျဉ်းတွေအောက်မှာ စည်းကမ်းချက်တွေ အများကြီး ရှိတယ်... တာအိုတွေမှာလည်း အစွမ်းထက်တာနဲ့ အားနည်းတာဆိုတဲ့ ကွဲပြားမှုတွေ ရှိပြီး ဒီတာအိုငါးဆယ်က အစွမ်းထက်ဆုံးပဲ..."

"ဒီလောက်တောင် အစွမ်းထက်တာလား... ဘယ်အရာတွေလဲ... ကျွန်တော် အဲ့ဒါတွေကို သေချာ မှတ်ထားရမယ်... ပြီးတော့ အနာဂတ်မှာ ကျွန်တော် အဲ့ဒါတွေအားလုံးကို စုဆောင်းမယ်..."

"အို... ဒီမနက် မင်းရဲ့အမေက မင်းကို တရုတ်နံနံ ကျွေးလိုက်လို့လား... ဒီလောက်ထိ ကြီးကျယ်တဲ့ စကားတွေ... ဒါပေမဲ့ အဖေ သဘောကျတယ်... ငါ စူးချုံးရဲ့သားက ဒီလိုအရှိန်အဝါမျိုး ရှိနေရမယ်... ဒါပေမဲ့ မင်း မှတ်ထားရမယ်... အရှက်မရှိတဲ့ အဖိုးကြီးတချို့က ဒီတာအိုလမ်းစဉ်ကို အဆုံးထိ ကိုယ်တိုင် မလျှောက်လှမ်းနိုင်ဘဲနဲ့ အိမ်သာကို နေရာယူထားပြီး အလေးမသွားတာမျိုးတွေ ရှိတယ်... အဲ့ဒါက ရွံစရာကောင်းတယ်... ထားလိုက်ပါတော့... ငါ စကားလွန်သွားပြီ... လာ... သေချာ မှတ်ထား... အချိန်ကို ဂုဏ်ပြုတယ်... ဟင်းလင်းပြင်က ဘုရင်ဖြစ်တယ်... ကံကြမ္မာက ပေါ်မလာဘူး... သတ်ဖြတ်ခြင်း..."

တဖြည်းဖြည်း စူးချန်ကဲသည် သူ၏မှတ်ဉာဏ်များမှ လက်တွေ့ဘဝသို့ ပြန်လည်ရောက်ရှိလာခဲ့သည်။ သူ၏ဖခင်အဆင့်ရှိ တည်ရှိမှုတစ်ခုပင်လျှင် တာအိုတစ်ခုတည်းကို ကျွမ်းကျင်အောင် မလုပ်နိုင်ခဲ့ခြင်းက ဤတာအိုငါးဆယ်၏ စွမ်းအားနှင့်တန်ဖိုးကို ပြသရန် လုံလောက်သည်။

အတိုချုပ်ပြောရလျှင် သူ ကံကြမ္မာကောင်းတစ်ခု ရသွားပုံရသည်။

ဒုတိယအကြိမ် တွေးကြည့်သောအခါ ထိုအရာမှာ အဓိပ္ပာယ်ရှိပေ၏။ ကံကြမ္မာသမီးတော်များစွာကို စုစည်းနိုင်သော ဂိုဏ်းတစ်ဂိုဏ်းသည် အပေါ်ယံကြည့်ရသလောက် ရိုးရှင်းမည် မဟုတ်ချေ။ ထိုကြောင့် ဤမပြည့်စုံသော တာအို ရှိနေခြင်းမှာ နားလည်နိုင်သည်။

နောက်တစ်စက္ကန့်တွင်...

သူ၏အကြည့်က နံဘေးရှိ အဋ္ဌမမြောက် ဓားကျောက်စာတိုင်ဆီသို့ လှည့်သွားပြီး သူက ချက်ချင်းဆိုသလိုပင် ဖြည်းညှင်းစွာ မတ်တတ်ရပ်ကာ လျှောက်လှမ်းသွားလိုက်သည်။

"ဒီထိုက်ချင်ဘိုးဘေးက ဘာတွေကို ထပ်ပြီးဖုံးကွယ်ထားသေးလဲဆိုတာ ငါ့ကို ကြည့်ခွင့်ပေးပါဦး..."

စူးချန်ကဲက လျှောက်လှမ်းသွားရင် စမ်းသပ်ကြည့်လိုစိတ်များ ပြင်းပြနေခဲ့သည်။

မလှမ်းမကမ်းတွင် စိတ်ရှုပ်ထွေးသော အမူအရာ ရှိနေသည့် နင်ဖူယောင်မှာ ဤမြင်ကွင်းကို အံ့အားသင့်စွာ စိုက်ကြည့်နေလေ၏။

"ဟုတ်တယ်... ဒီတိုင်း ငေးမနေနဲ့... သွားပြီး နဝမမြောက်ဓားကို နားလည်သဘောပေါက်အောင် လုပ်လိုက်... တချို့အပိုင်းတွေကို ငါ တိုးတက်အောင် လုပ်ပြီး ဓားကျောက်စာတိုင်ပေါ်မှာ ရေးထိုးထားတယ်... မင်း အဲ့ဒါကို လုပ်နိုင်မယ်မလား... အဟမ်း... တကယ်လို့ မင်း အဲ့ဒါကို နားလည်သဘောမပေါက် နိုင်ရင်တောင် ကိစ္စမရှိပါဘူး... စီနီယာအစ်ကိုက မင်းကို ဖြည်းဖြည်းချင်း သင်ပေးပါ့မယ်..."

စူးချန်ကဲက နင်ဖူယောင်ကို လှည့်ကြည့်ပြီး ညင်သာသောလေသံဖြင့် ပြောလိုက်သည်။ သူသည် လေထဲတွင် ပျံသန်းနေရသည့်အလား အလွန်ကောင်းမွန်သော စိတ်ခံစားချက်ကို ရရှိနေခဲ့သည်။

နင်ဖူယောင် အချိန်တခဏမျှ ကြောင်အမ်းသွားခဲ့သည်။ သူမ၏ တုံ့ပြန်မှုက အနည်းငယ် နှေးကွေးနေပြီးနောက် သူမက ပြောလိုက်သည်။

"ဟုတ်ကဲ့... စီနီယာ... စီနီယာအစ်ကို..."

"ဒါနဲ့ စီနီယာအစ်ကို... အဲ့ဒါဆို စီနီယာအစ်ကို ကရော..."

စူးချန်ကဲက ပေါ့ပေါ့ပါးပါး ပြောဆိုလေသည်။

"ငါ ဒီကို ရောက်နေပြီဆိုတော့ အနောက်က ဟာတွေကိုလည်း ပြုပြင်ပေးလိုက်မယ်လေ..."

အကယ်၍ မပြည့်စုံသော တာအိုများ ထပ်ရှိနေပါက မည်သို့လုပ်မည်နည်း...

ဤကဲ့သို့သောအရာမျိုးမှာ ရှာဖွေရုံဖြင့် မရနိုင်ဘဲ တိုက်ဆိုင်မှုမှသာ ကြုံတွေ့နိုင်သောအရာမျိုး ဖြစ်လေ၏။

ဖြစ်နိုင်ခြေ အလွန်နည်းပါးသော်လည်း စမ်းကြည့်ခြင်းက အကျိုးမယုတ်ပေ။

"..."

နင်ဖူယောင် ချက်ချင်းကြောင်အမ်းသွားခဲ့သည်။

သူမက နဝမမြောက် ဓားကျောက်စာတိုင်ရှေ့သို့ ကြောင်အမ်းအမ်းဖြင့် လျှောက်လှမ်းသွားပြီး စူးချန်ကဲ ထွင်းထုထားသော "အပြစ်များသော သတ်ဖြတ်ခြင်း" ဓား နတ်ဘုရားစွမ်းရည် အတွက် အလွန်အသေးစိတ်ကျသော ကျင့်ကြံခြင်း နည်းလမ်းကို မြင်သောအခါ သူမ ချက်ချင်းအံ့အားသင့်သွားခဲ့သည်။ သူမက ထိုအရာကို အမှန်တကယ်ပင် နားလည်နိုင်ပေ၏။

"ဒါက တကယ်ပဲ ကောင်းကင်အဆင့်မြင့် ဓားနည်းစနစ်လား..."

"ဘယ်လိုလုပ်ပြီး ဖြစ်နိုင်မှာလဲ..."

နင်ဖူယောင် ထိတ်လန့်တုန်လှုပ်သွားခဲ့သည်။

ဤအချိန်၌ အားချီ၏အသံကလည်း မြည်ဟီးလာခဲ့သည်။

"ရိုးရှင်းမှုဆီ ပြန်သွားတာ... ရှုပ်ထွေးတာတွေကို ရိုးရှင်းသွားအောင် လုပ်လိုက်တာပဲ...နင့်ရဲ့ စီနီယာအစ်ကို ပိုင်ဆိုင်ထားတဲ့ ဓားတာအိုပါရမီက နည်းနည်းတော့ လွန်ကဲလွန်းတယ်..."

"အားချီ... မြင်ပြီလား... စီနီယာအစ်ကို က အရမ်းအစွမ်းထက်တယ်လို့ အရင်ကတည်းက ငါ နင့်ကို ပြောခဲ့ပေမဲ့ နင်က ငါ့ကို မယုံခဲ့ဘူးလေ..."

နင်ဖူယောင်က သူမ၏စိတ်ထဲတွင် စိတ်ကျေနပ်စွာဖြင့် ရယ်မောလိုက်သည်။ အသင်္ချေကောင်းကင်ဘုံနန်းတော်တွင် စူးချန်ကဲ၏ လုပ်ရပ်များက သူမကို ကြီးမားသော တုန်လှုပ်မှုနှင့် သက်ရောက်မှုတစ်ခုအား ပေးစွမ်းခဲ့သည်။

သူမက အလွန်အသေးစိတ်ကျသော ရှင်းလင်းချက် စာသားများကို ချက်ချင်းဆိုသလိုပင် စတင်၍ ဂရုတစိုက် ဖတ်ရှုလိုက်၏။

"အိုး.... စီနီယာအစ်ကိုက တကယ့်ကို စေ့စပ်သေချာပြီးတော့ သူ့ရဲ့ဓားတာအိုက အရမ်းအစွမ်းထက်တာပဲ... သူက ငါ့ကို သင်ပေးချင်တယ်လို့ ပြောတုန်းက ငါ တကယ်ကို တွေဝေနေခဲ့တာ..."

နင်ဖူယောင်၏ နှလုံးသားထဲတွင် နွေးထွေးမှုတစ်ခုကို ခံစားရစဉ်တွင် သူမက အနည်းငယ် အပြစ်ရှိသလိုလည်း ခံစားလိုက်ရသည်။ သူမက သူမ၏နူးညံ့ချောမွတ်သောလက်ကို တိတ်တဆိတ် လက်သီးဆုပ်လိုက်ပြီး ကျိန်ဆိုလိုက်သည်။

ဒီနဝမမြောက်ဓားကို ငါ သေချာပေါက် နားလည်သဘောပေါက်အောင် လုပ်ရမယ်...

စီနီယာအစ်ကို ကျေနပ်အောင် ငါ ကြိုးစားမယ်...

"..."

အားချီ၏နှုတ်ခမ်းများ အနည်းငယ် လှုပ်ရှားသွားသော်လည်း သူမ ဘာမှမပြောခဲ့ချေ။ ထို့နောက် သူမက ရှေးဟောင်းဓားမှတစ်ဆင့် ပြင်ပကမ္ဘာရှိ စူးချန်ကဲကို ကြည့်လိုက်သည်။ အမှန်အားဖြင့် သူမ၏အကြည့်က စူးချန်ကဲထံမှ မည်သည့်အချိန်မျှ မခွာခဲ့ချေ။

ယခင်အရှင်သခင် ပြောခဲ့သော ကံကြမ္မာသားတော်က သူများ ဖြစ်နိုင်မလား...

ဒါပေမဲ့...

ဒါပေမဲ့ တကယ်လို့ သူက ကံကြမ္မာသားတော်ဆိုရင် ငါ့ရဲ့ လက်ရှိသခင်မက ဘာဖြစ်သွားမှာလဲ...

ငါ အများကြီး တွေးနေတာများလား... ပြီးတော့ သူက သတ်ဖြတ်ခြင်း မဟာတာအိုမှာ အထူး ကောင်းမွန်နေတာများလား...

မီတာ ဆယ်ဂဏန်းခန့် အကွာတွင်...

အဋ္ဌမမြောက် ဓားကျောက်စာတိုင်ရှေ့သို့ ယခုလေးတင်မှ ရောက်ရှိလာပြီး နားလည်သဘောပေါက်ရန် မစတင်ရသေးသော စူးချန်ကဲက စနစ်၏အသံကို ကြားလိုက်ရသည်။

【ဒင်... ကံကြမ္မာ ဂျူနီယာညီမလေး နင်ဖူယောင်ရဲ့ နှလုံးသားထဲမှာ နွေးထွေးမှုတစ်ခု ခံစားရပါတယ်... ဆုလာဘ်...တစ်လစာ ကျင့်ကြံခြင်း】

"ဟင်..."

စူးချန်ကဲက လက်ရှိတွင် နဝမမြောက် ဓားကျောက်စာတိုင်ကို အာရုံစိုက်နေသော နင်ဖူယောင်ကို အံ့အားသင့်စွာ တစ်ချက်ကြည့်လိုက်သည်။

ဤကောင်မလေးကို နွေးထွေးပေးရန် အလွန်လွယ်ကူလွန်းပေ၏။

ထို့နောက် သူက အဋ္ဌမမြောက် ဓားကျောက်စာတိုင်ကို စတင်၍ တည်ကြည်လေးနက်စွာ ကြည့်ရှုလိုက်သည်။

【ဒင်... လက်ခံသူက ထိုက်ချင် ဓားကိုးလက်ရဲ့ အဋ္ဌမမြောက်ဓားကို ကြည့်ရှုနေပါတယ်... လက်ခံသူရဲ့ သူတော်စင်အဆင့် ဓားနတ်ဘုရားစွမ်းရည် ကောင်းကင်ကွပ်မျက် ဓားဆွဲထုတ်ခြင်းနည်းစနစ်ထဲကို ဝင်ရောက်ခြင်းနဲ့ ထိုက်ချင်ဓားနည်းစနစ်ကို အထွတ်အထိပ် ရောက်ရှိထားခြင်းကနေ ရရှိလာတဲ့ ဓားတာအို နားလည်သဘောပေါက်မှုအပေါ် အခြေခံပြီး ကောင်းကင်ဆန့်ကျင်နားလည်သဘောပေါက်နိုင်စွမ်း ကြောင့် အဋ္ဌမမြောက်ဓားဖြစ်တဲ့ "မြေအောက်ကမ္ဘာ သတ်ဖြတ်ခြင်း" က သာမန်အောင်မြင်မှုအဆင့်ကို ရရှိသွားပါပြီ...】

ဝုန်း...

အဋ္ဌမမြောက် ဓားကျောက်စာတိုင်မှ ကြောက်မက်ဖွယ်ကောင်းသော ဓားစိတ်ဆန္ဒ တစ်ခု ပေါက်ကွဲထွက်လာပြီး တိမ်များထဲသို့ တည့်မတ်စွာ ထိုးတက်သွားခဲ့သည်။

စူးချန်ကဲသည် ကောင်းကင်အဆင့်မြင့် ဓားနည်းစနစ်တစ်ခုကို ရရှိခဲ့သော်လည်း သူသည် စိတ်မကျေနပ်ခဲ့ဘဲ သတ္တမမြောက်ဓားကျောက်စာတိုင်ဆီသို့ အလွန်မြန်ဆန်သော အမြန်နှုန်းဖြင့် လျှောက်လှမ်းသွားခဲ့သည်။

နောက်တစ်စက္ကန့်တွင်...

ဝုန်း...

နောက်ထပ် ကြောက်မက်ဖွယ်ကောင်းသော ဓားစိတ်ဆန္ဒ လှိုင်းလုံးတစ်ခုက ချက်ချင်းပျံ့နှံ့သွားပြီး ဧရာမ သွေးပင်လယ် ကမ္ဘာတစ်ခု ထပ်မံ၍ ထွက်ပေါ်လာခဲ့သည်။ ကောင်းကင်နှင့်မြေကြီး တခွင်လုံး သတ်ဖြတ်ခြင်း ဓားစိတ်ဆန္ဒဖြင့် ပြည့်နှက်သွားလေ၏။

【ဒင်... လက်ခံသူက ထိုက်ချင်ဓားကိုးလက်ရဲ့ သတ္တမမြောက်ဓားကို ကြည့်ရှုနေပါတယ်... ကောင်းကင်ဆန့်ကျင် နားလည်သဘောပေါက်နိုင်စွမ်းကြောင့် သတ္တမမြောက် ဓားဖြစ်တဲ့ "ကပ်ဘေး သတ်ဖြတ်ခြင်း" က သာမန်အောင်မြင်မှု အဆင့်ကို ရရှိသွားပါပြီ...】

...

ဝုန်း...

【ဒင်... လက်ခံသူက ထိုက်ချင်ဓားကိုးလက်ရဲ့ ဆဋ္ဌမမြောက်ဓားကို ကြည့်ရှုနေပါတယ်... ကောင်းကင်ဆန့်ကျင် နားလည်သဘောပေါက်နိုင်စွမ်းကြောင့် ဆဋ္ဌမမြောက် ဓားဖြစ်တဲ့ "ကြယ်ပျံ သတ်ဖြတ်ခြင်း" က သာမန်အောင်မြင်မှုအဆင့်ကို ရရှိသွားပါပြီ...】

...

ပဉ္စမမြောက် ဓား...

စတုတ္ထမြောက် ဓား...

တတိယမြောက် ဓား...

အမွှေးတိုင်တစ်ဝက်စာ အချိန်ပင်မပြည့်မီ စူးချန်ကဲ၏ပုံရိပ်က ရှေးဟောင်းဓားကျောက်စာတိုင်ခုနစ်ခုကို ဆက်တိုက်ဖြတ်သန်းသွားခဲ့သည်။ ကျောက်စာတိုင်တစ်ခုချင်းစီ၏ ရှေ့တွင် သူသည် အသက်ဆယ်ရှိုက်စာထက် ပို၍မနေခဲ့ဘဲ ဓားကျောက်စာတိုင်က မြည်ဟီးလာကာ သက်ဆိုင်ရာ ကြောက်မက်ဖွယ် ဓားစိတ်ဆန္ဒကို သူက လွယ်ကူစွာ အသက်သွင်းနိုင်ခဲ့လေ၏။

နားလည်သဘောပေါက်မှုတစ်ခုပြီးတိုင်း သူက တစ်ခုခုကို အတည်ပြုနေသည့်အလား သူ၏ နက်ရှိုင်းသော အကြည့်ဖြင့် ကျောက်စာများကိုကြည့်ကာ တခဏမျှ တမင်သက်သက် အချိန်ဆွဲနေခဲ့သည်။

"အဲ့ဒါတွေ အားလုံးက မပြည့်စုံတဲ့ သတ်ဖြတ်ခြင်း ဓားစိတ်ဆန္ဒတွေချည်းပဲ... ပိုပြီး ပြင်းထန်လာတာပဲ ရှိတယ်... ကြည့်ရတာ တစ်မျိုးတည်းပဲ ရှိပုံရတယ်... ငါကလည်း အများကြီး တွေးနေတာပဲ... ထိုက်ချင်ဂိုဏ်းက ထူးကဲနေရင်တောင် တာအိုတွေ အများကြီး ရှိဖို့ဆိုတာ မဖြစ်နိုင်ဘူး..."

စူးချန်ကဲက မျက်မှောင်ကြုတ်ပြီး တီးတိုးရေရွတ်လိုက်ကာ သူ၏ မျက်နှာပေါ်တွင် မကျေနပ်မှု အရိပ်အယောင်တစ်ခု ရှိနေခဲ့သည်။

သို့ရာတွင် ဤအချိန်တိုလေးအတွင်း သူ လုပ်ခဲ့သမျှ အရာအားလုံးက နံဘေးတွင်ရှိနေသော နင်ဖူယောင် ကို ထုံကျင်သွားစေခဲ့ပြီဖြစ်ကြောင်း သူ မသိခဲ့ချေ။

ရှေးဟောင်း ဓားဟင်းလင်းပြင်အတွင်းရှိ ဓားစိတ်ဝိညာဉ် အားချီမှာလည်း နှစ်သောင်းနှင့်ချီ၍ အေးခဲနေပုံရသော ထိုမျက်လုံးများတွင် ပထမဆုံးအကြိမ်အဖြစ် ရှင်းလင်းသော ဇဝေဇဝါဖြစ်မှုနှင့်မယုံကြည်နိုင်မှုတို့ကို ပြသနေခဲ့သည်။

"ဘယ်လိုမျိုး ကောင်းကင်ကို ဆန့်ကျင်တဲ့ နားလည်သဘောပေါက်နိုင်စွမ်းမျိုးလဲ..."

ထို့ပြင် ဓားသင်္ချိုင်း၏အပြင်ဘက်တွင် ဤအရာအားလုံးကို ပုံရိပ်ယောင်ကျောက်ပြားမှတစ်ဆင့် မျက်မြင်တွေ့ခဲ့ရသော လူတိုင်းမှာ ရူးသွပ်မှုထဲသို့ လုံးဝကျရောက်သွားခဲ့ပြီ။

"အားးး... သူ ထပ်ပြီး အောင်မြင်သွားပြန်ပြီ... သူ ထပ်ပြီး အောင်မြင်သွားပြန်ပြီ... ပါရမီရှင်... ဒါက စစ်မှန်တဲ့ ဓားတာအို ပါရမီရှင်ပဲ..."

ဓားအရူး၏မျက်လုံးများ နီရဲနေပြီး သူ၏ မုတ်ဆိတ်များနှင့်ဆံပင်များ ထောင်ထနေကာ ပျော်ရွှင်စွာ ကခုန်ချင်လောက်အောင် သူ စိတ်လှုပ်ရှားနေခဲ့သည်။ တခြားသူများသာ သူ့ကို ဆွဲမထားခဲ့ပါက စူးချန်ကဲကို သူ၏ဆရာအဖြစ် ခံယူရန် ဓားသင်္ချိုင်းထဲသို့ သူ အပြေးအလွှား ဝင်သွားမိမည်မှာ သေချာပေါက်ပင်။

"စီနီယာအစ်ကိုချင်းဖုန်း... ငါ့ကို ရိုက်စမ်းပါ... ငါ မနိုးသေးတာလား... ဒီလောက် အချိန်တိုလေးအတွင်းမှာ သူက ဓားရှစ်လက်ကို နားလည်သဘောပေါက်သွားတာလား..."

မူးယစ်နတ်မိမယ်က စိတ်ရှုပ်ထွေးသော အမူအရာဖြင့် ပြောလိုက်သည်။

ရှန်းဝမ်က တံတွေးကို ခက်ခက်ခဲခဲ မျိုချလိုက်ပြီး ပုံရိပ်ယောင်ကျောက်ပြားပေါ်ရှိ စူးချန်ကဲ၏ အနည်းငယ် တွန့်ကွေးနေသော မျက်ခုံးများကို လက်ညှိုးထိုးကာ ခြောက်ကပ်သော အသံဖြင့် ပြောလိုက်သည်။

"အဲ့ဒီလိုဆိုရင်တောင်မှ သူတော်စင်သားတော်က နည်းနည်းမကျေနပ်သလိုပဲ... သူ့ရဲ့ အမူအရာကို ကြည့်ပါအုံး... နဝမမြောက် ဓားကျောက်စာတိုင်ကို သူ နားလည်သဘောပေါက်တုန်းက ရခဲ့တဲ့ ပျော်ရွှင်မှုနဲ့ အများကြီး ကွာခြားနေတယ်... ဖြစ်နိုင်တာက သူက အဲ့ဒါတွေကို မကြိုက်တာများလား..."

လူတိုင်း စိတ်လှုပ်ရှားမှုများဖြင့် လှိုင်းထနေစဉ်မှာပင် ရှေ့ဆုံးတွင် ရပ်နေသော မြင့်မြတ်အရှင် ရွှမ်ကျိက ရုတ်တရက် လှည့်ကြည့်လိုက်သည်။

ကျယ်ပြန့်သော နတ်ဘုရားမီးတောက်နယ်ပယ် ဖိအားတစ်ခုက ပေါက်ကွဲထွက်လာပြီး မြင်ကွင်း တစ်ခုလုံးကို ချက်ချင်းဖုံးလွှမ်းသွားခဲ့သည်။ သူ၏မျက်နှာမှာ နှစ်သောင်းနှင့်ချီသော ရေခဲနက်များအလား အေးစက်နေပြီး သူ၏အသံမှာလည်း အေးခဲတောင့်တင်းနေပေ၏။

"ဒီနေရာကို ချိတ်ပိတ်လိုက်စမ်း..."

"တကယ်လို့ ဒီနေ့ သူတော်စင်သားတော် လုပ်ခဲ့တာတွေကို တစ်ယောက်ယောက်က ဖြန့်ဝေခဲ့ရင် သူတို့ရဲ့ အဆင့်အတန်း ဒါမှမဟုတ် အကြောင်းပြချက် ဘာပဲဖြစ်နေပါစေ သူတို့က ငါတို့ ထိုက်ချင်ဂိုဏ်းရဲ့ သူသေကိုယ်သေရန်သူနွေ ဖြစ်လာလိမ့်မယ်... ဒီအရှင်က အဲ့ဒီလူတွေရဲ့ ခန္ဓာကိုယ်နဲ့ စိတ်ဝိညာဉ်ကို ဖျက်ဆီးပစ်ဖို့ ကောင်းကင်ဘုံနဲ့အသင်္ချေနယ်မြေတွေအထိ လိုက်ရှာရမယ် ဆိုရင်တောင် ငါ့ဘဝရဲ့ ကြိုးစားအားထုတ်မှုတွေကို ကုန်ဆုံးခံပါ့မယ်..."

စူးချန်ကဲ၏ပါရမီသည် အလွန်မွန်းစတားဆန်လွန်းသည်။

မယုံနိုင်လောက်အောင် ဖြစ်လောက်သည့်အထိ ထူးကဲသောပါရမီရှင်ဖြစ်ပြီး တခြားရည်ရွယ်ချက် ရှိသူများကို သတ်ဖြတ်လိုသည့် ရည်ရွယ်ချက်အား လှုံ့ဆော်ပေးလောက်သည့်အထိ ပါရမီထူးကဲသူပင်။ အထူးသဖြင့် ယခုကဲ့သို့ အရှေ့ပိုင်းနက်နဲသိမ်မွေ့နယ်မြေ၏ အခြေအနေ လှိုင်းထန်နေချိန်တွင် ဖြစ်ပေ၏။ သို့ရာတွင် အမှန်အားဖြင့် မြင့်မြတ်အရှင်ရွှမ်ကျိ အစိုးရိမ်ဆုံးအရာမှာ စိတ်ဝိညာဉ်နယ်မြေမှ ဖိအားပင်။ ဤကိစ္စသာ ပျံ့နှံ့သွားပါက စိတ်ဝိညာဉ်နယ်မြေက မည်ကဲ့သို့ တုံ့ပြန်မှုမျိုး ရှိလာမည်ကို သူ မတွေးဝံ့ချေ။

အသစ်ရောက်လာသူများက စူးချန်ကဲကို တပည့်အဖြစ် လက်ခံချင်သည်ဖြစ်စေ ပူးကပ်ခြင်းကို လုပ်ဆောင်ချင်သည်ဖြစ်စေ မည်သူက လောင်းကြေးထပ်ရဲမည်နည်း...

ဤအချိန်တွင်...

ဓားသင်္ချိုင်းကမ္ဘာ အတွင်း၌...

စူးချန်ကဲသည် ဒုတိယမြောက် ဓားကျောက်စာတိုင်၏ရှေ့သို့ ရောက်ရှိလာခဲ့သည်။ သူ၏ကျောရိုးကို တုန်ရီသွားစေသော အရှိန်အဝါတစ်ခု ဖြာထွက်လာပြီးနောက် သူ၏ မျက်လုံးများ ရုတ်တရက် တောက်ပသွားပေ၏။

"ဒီမှာပဲ..."

All Chapters