← Chapters

ဂိုဏ်းတူအစ်မရှုံးပြီ

Vol. 23 Ch. 318

ဂိုဏ်းတူအစ်မရှုံးပြီ

Vol. 23 Ch. 318

အခန်း (၃၁၈) ဂိုဏ်းတူအစ်မရှုံးပြီ

နဝမတောင်ထွတ်။

"ရှင် ကျွန်မရဲ့ သစ်သားဓားထဲမှာ ထည့်ပေးထားတဲ့ နဂါးသုတ်သင်ဓားဝိညာဉ်ကြောင့် ကျွန်မ သူတို့ကို အနိုင်ယူခဲ့နိုင်တာ… သိလား"

ရှောင်ယွိက မဟူရာမှော်ရုံနယ်မြေထဲတွင် သူမနှင့် နဂါးမျိုးနွယ်များတိုက်ခိုက်ခဲ့သည့် တိုက်ပွဲအကြောင်း ကျန်းလန်ကို ပြောပြနေခြင်း ဖြစ်သည်။

စကားပြောရင်းဖြင့် သူမက သစ်သားဓားကို တစ်ချက်ဝှေ့ယမ်းလိုက်ပြီး ပတ်ဝန်းကျင်မှ မြက်ပင်ရှည်များကို ခုတ်ဖြတ်ပစ်လိုက်သည်။

မြက်ပင်ရှည်လေးများသည် သူမ၏ ဓားချက်အောက်တွင် အပိုင်းပိုင်းပြတ်တောက်သွားကြလေသည်။

ကျန်းလန်က လုပ်ခုပ်တစ်ချက်တီးလိုက်ရင်း…

"ဂိုဏ်းတူအစ်မက တကယ့်ကို အံ့သြစရာပဲ"

ရှောင်ယွိက ကျန်းလန်နံဘေးသို့ ခုန်ပေါက်ရောက်ရှိလာပြီး ဘေးနားတွင် ဝင်ထိုင်လိုက်သည်။

"ကျွန်မကြားတာတော့ အမေနဲ့ အခြားအကြီးအကဲတွေတောင် အံ့အားသင့်သွားကြတယ်ဆိုပဲ ၊ ကြည့်ရတာ သူတို့ ကျွန်မကြောင့် မျက်နှာပျက်ခဲ့ကြရတယ်ထင်တယ်"

ကျန်းလန်က သိမ်မွေ့သည့်လေသံဖြင့်...

"အင်းပေါ့ ၊ နဂါးမျိုးနွယ်တွေဘက်က ကြည့်မယ်ဆိုရင်တော့ မျက်နှာပျက်စရာ ဖြစ်သွားမှာပေါ့ ၊ ဒါပေမဲ့ ကိုယ်ရေးကိုယ်တာ ခံစားချက်တစ်ခုအနေနဲ့ ကြည့်မယ်ဆိုရင်တော့ ဂိုဏ်းတူအစ်မရဲ့ အမေ ဝမ်းသာနေမှာပါ ၊ သူက ထုတ်မပြောတာပဲရှိမှာ"

ရှောင်ယွိက ကျန်းလန်ကို မျက်လုံးပြူးကာ ကြည့်လိုက်ရင်း...

"အမေက ထုတ်မပြောဘူးဆိုတာက ဂိုဏ်းတူမောင်လေးလိုမျိုး ဖုံးကွယ်ထားတာကို ပြောတာလား"

ကျန်းလန်က ခေါင်းခါယမ်းရင်း...

"ဘယ်တူပါ့မလဲဗျာ ၊ ကိုယ်ကတစ်ယောက်တည်းနေတတ်တယ်ဆိုပေမယ့်… ကိုယ်က ဂိုဏ်းတူအစ်မကို ဖုံးကွယ်မထားတဲ့ကိစ္စတွေ ရှိတာပဲလေ ၊ ဥပမာဆိုရရင်…"

ကျန်းလန်က သူ့ကို ကြည့်နေသည့် ရှောင်ယွိကို ပြန်ကြည့်လိုက်ရင်း စကားဆက်ပြောသည်။

"ဥပမာဆိုရရင်… ဂိုဏ်းတူအစ်မနဲ့ အတူတူရှိနေရတာကို သဘောကျတယ်ဆိုတဲ့အကြောင်းမျိုးကို ကိုယ်တစ်ခါမှ ဖုံးကွယ်မထားခဲ့ဖူးဘူးလေ"

ရှောင်ယွိက မတ်တတ်ထရပ်လိုက်ရင်း...

"ဖုံးကွယ်မထားဘူးသာဆိုတယ် တစ်ခါမှလည်း ထုတ်မပြောဖူးဘူးလေ"

သူမက နှာခေါင်းတစ်ချက်ရှုံ့ရင်း မကျေမနပ်ဖြင့် ဆက်ပြောသည်။

"ကျွန်မကသာ ရှင်နဲ့တွေ့ရဖို့ နဝမတောင်ထွတ်ကို အမြဲတမ်း လာနေရတာပါနော် ၊ ပြီးတော့ နဝမတောင်ထွတ်ကိုလာရတာလည်း ကျွန်မ အရမ်းသဘောကျတယ် ၊ ဘာလို့လဲ သိလား… နဝမတောင်ထွတ်မှာ ရှင်ရှိနေလို့ပဲ"

ပြောပြီးသည်နှင့် ရှောင်ယွိက သစ်သားဓားလေးကို ကျန်းလန်ထံ ကမ်းပေးလိုက်သည်။

"ရော့..."

သူမက သစ်သားဓားလေး ကမ်းပေးလာသည့်အခါ ကျန်းလန်ကလည်း ထုံးစံအတိုင်းပင် ဓားအတွင်းသို့ နဂါးသုတ်သင်ဓားဝိညာဉ် ထည့်သွင်းပေးရမည် ဖြစ်သည်။

ကျန်းလန် သစ်သားဓားလေးကို လှမ်းယူလိုက်၏။

သူ အတော်လေး သိချင်နေသည့် ကိစ္စတစ်ခု ရှိလေသည်။

ဤနှစ်များအတွင်း သစ်သားဓားအတွင်းမှ နဂါးသုတ်သင်ဓားဝိညာဉ်၏အစွမ်းကို သိရှိရန် ရှောင်ယွိက သူမ၏နဂါးအကြေးခွံကို ထိုဓားဖြင့် တစ်ခါလောက်များ ခုတ်ဖြတ်ကြည့်ဖူးလေသလား။

သစ်သားဓားလေးကြောင့် လုန်ယွိ အရင်က ထိခိုက်နာကျင်ဖြစ်ရသည်ဟုတော့ တစ်ခါမှ မကြားခဲ့ဖူးပေ။ ကြည့်ရသည်မှာ သူမကိုယ်သူမ ထိုဓာဖြင့် တစ်ခါမှ ခုတ်ဖြတ်ကြည့်ဖူးဟန် မတူပေ။

ရှောင်ယွိကို သစ်သားဓားဖြင့် သွားခုတ်ကြည့်သင့်သလားဟု ကျန်းလန် စဉ်းစားရင်း ရှောင်ယွိရှိရာသို့ လှမ်းကြည့်လိုက်သည်။

ကျန်းလန်ကို သစ်သားဓားလေးပေးပြီးနောက် ရှောင်ယွိက ပန်းပင်လေးများရှိရာသို့ ပြေးဝင်သွားပြီး ရေခဲပုစဉ်းရင်ကွဲများနှင့် ဆော့ကစားရန်အတွက် နာမ်ဝိညာဉ်အိမ်ခြံဝန်းထဲ ဝင်ရောက်ရန် ဟန်ပြင်နေသည်။

ကျန်းလန်ကတော့ သစ်သားဓားဖြင့် သူမလက်ကို ဖြတ်ကြည့်သင့်သလား ၊ ခြေထောက်ကို ခုတ်ကြည့်သင့်သလား စဉ်းစားနေ၏။

အတွေးနှင့်အတူ ကျန်းလန် ရှောင်ယွိ၏ လက်လေးများကို လှမ်းကြည့်လိုက်သည်။

သူမ၏အသားအရေက နူးညံ့ဖြူစင်လွန်းလေရာ ထိလိုက်ရုံဖြင့် ကြွေကျသွားလေမည်လား ထင်မှတ်ရသည်။ ထိုမျှလှပသည့် လက်လေးများကို ထိခိုက်ဒဏ်ရာရအောင် သူ အဘယ်မှာ လုပ်ရပ်ပါမည်နည်း။

ဒါဖြင့် ခြေထောက်ဆိုရင်ရော...

အဝတ်အစားများဖြင့် ဖုံးကာထားသဖြင့် ရှောင်ယွိ၏ ခြေထောက်လေးများကို အပြည့်အ၀ တွေ့မြင်ရခြင်း မရှိပေ။

သို့သော် အဝတ်အစားများကို ထိုးဖောက်ကာ ကျောက်စိမ်းသာပမာ ချောမွေ့သွယ်လျသည့် ပေါင်တံလေးမျးကို ကျန်းလန် မြင်ယောင်ကြည့်လိုက်သည်။

ထိုခြေထောက်လေးများကိုလည်း ဓားဖြင့် ခုတ်ဖြတ်ရန် မသင့်တော်ပြန်ပေ။

နောက်ဆုံးတော့ ကျန်းလန် သစ်သားဓားလေးအတွင်း နဂါးသုတ်သင်ဓားဝိညာဉ်ကိုသာ ဆက်လက်ထည့်သွင်းပေးနေမိပြီး ရှောင်ယွိကို ဓားဖြင့် ခုတ်ကြည့်ရန်အတွေးကို လက်လျှော့လိုက်တော့သည်။

***

နောက်တစ်နေ့နံနက်။

အရှေ့ဆီမှ နေရောင်ခြည် ဖြာလင်းထွက်ပေါ်လာသည်။

ရှောင်ယွိက ကျန်းလန်ရှေ့တွင် ရှိနေလေသည်။

"ဂိုဏ်းတူမောင်လေး ၊ အမြန်လုပ်"

သူမက ကျန်းလန်ကို ခေါင်းမော့ကြည့်လိုက်သည်။

"ဂိုဏ်းတူအစ်မ ၊ ဒီနေ့ တကယ်ကြီး စိန်ခေါ်ပွဲတိုက်ခိုက်မလို့လား"

နံနက်ခင်းအချိန်တွင် ကျန်းလန်က သစ်သားဓားလေးအတွင်း နဂါးသုတ်သင်ဓားဝိညာဉ် ထည့်သွင်းပေးနေဆဲ ဖြစ်သည်။

ရှောင်ယွိက အိပ်ယာမှနိုးလာသည်နှင့် ပထမဆုံးပြုလုပ်သည့်အလုပ်မှာ သားရဲဥလေးနှင့် ရေသဖန်းပင်လေးကို ဝိညာဉ်ဆေးရည်များ လောင်းပေးခြင်း ဖြစ်သည်။

ထို့နောက်မှာတော့ သူမက ကျန်းလန်ရှေ့ရောက်လာပြီး သူမတို့ (၂)ယောက် စိန်ခေါ်ပွဲစတင်ရန် အချိန်တန်ပြီဖြစ်ကြောင်း ကျန်းလန်ကို စကားဆိုလာ၏။

စိန်ခေါ်ပွဲတွင် ရှုံးနိမ့်သူက အနိုင်ရသူ၏စကားကို နားထောင်ရမည်ဟု သူတို့ သဘောတူထားခဲ့ကြသည် မဟုတ်လား။

ကျန်းလန်ကလည်း ငြင်းဆန်ခြင်း မရှိပေ။

သို့သော် ရှောင်ယွိ အနိုင်ရချင်သည်ဆိုလျှင် အချိန်အနည်းငယ် စောင့်ဆိုင်းသင့်သည်ဟု သူက တွေးမိသည်။ သူသာ မိုးကောင်းကင်အင်မော်တယ်အဆင့် တန်ခိုးစွမ်းအားဖြင့် တိုက်ခိုက်မည်ဆိုလျှင် ရှောင်ယွိ သူ့ကို မည်သည့်နည်းနှင့်မှ အနိုင်ယူနိုင်မည် မဟုတ်ပေ။

သို့ရာတွင် ကျန်းလန်က ထိုအကြောင်းများကို ထုတ်ဖော်ပြောမည် မဟုတ်ပေ။

ဆရာဖြစ်သူကို ကျော်တက်နိုင်ရန် အရင်ဆုံး ကျင့်ကြံရဦးမည် ဖြစ်သည်။ ပြီးမှ ရှောင်ယွိကို အသိပေးရန် ဆုံးဖြတ်ထားသည်။

ဆရာဖြစ်သူကို ကျော်မတက်နိုင်သေးသရွေ့ သူ့အနေဖြင့် ခွန်လွန်တောင်တွင် လုံလောက်သည့် အခွင့်အာဏာကို ရရှိမည် မဟုတ်ပေ။

ထိုသို့ဆိုလျှင် ရှောင်ယွိကိုပါ အန္တရယ်ထဲ ဆွဲခေါ်သလို ဖြစ်ရပေလိမ့်မည်။ ဤသည်က သူ ဖြစ်ချင်သည့်ဆန္ဒမဟုတ်ပေ။

ထိုကြောင့်ပင် သူက သိုသိုသိပ်သိပ်ဖြင့် ဆက်လက်နေထိုင်ရန် ဆုံးဖြတ်ထားခဲ့သည်။

သို့ပေသိ…

သူက မိုးကောင်းကင်အင်မော်တယ် တန်ခိုးစွမ်းအား အသုံးမပြုလျှင်တောင်မှ ရှောင်ယွိ သူ့ကို အနိုင်ယူနိုင်မည် မဟုတ်ပေ။ အထူးသဖြင့် သူကိုယ်တိုင် အစီအရင်များ ပြုလုပ်ထားသည့် နဝမတောင်ထွတ်၏ ရင်ပြင်ထက်တွင် ဖြစ်သည်။

ရှောင်ယွိက...

"ကျွန်မ ထပ်မစောင့်နိုင်တော့ဘူး"

သူမက ဆက်ပြောသည်။

"နောက်ထပ် အချိန်နည်းနည်းကြာသွားတာနဲ့ ကျွန်မက အင်မော်တယ် ဖြစ်လာတော့မှာ ၊ အဲဒါဆို ကျွန်မ ဂိုဏ်းတူမောင်လေးနဲ့ မတိုက်ခိုက်ချင်တော့ဘူး ၊ ပြီးတော့ ကျွန်မက အားနည်းသူကို အနိုင်ကျင့်တယ်လို့ ရှင်ကလည်း အပြစ်တင်လိမ့်မယ်"

သူမ အင်မော်တယ်ဖြစ်သွားလျှင်လည်း နည်းနည်းအရွယ်ပိုရောက်လာသည်ကလွဲပြီး ဘာမှထူးခြားလာမည်မဟုတ်ဟု ကျန်းလန် တွေးလိုက်သည်။

ခဏအကြာတွင်တော့…

ကျန်းလန်နှင့် ရှောင်ယွိ နဝမတောင်ထွတ်ရင်ပြင်ဆီသို့ ရောက်ရှိလာကြသည်။

နေရောင်ခြည်က ရင်ပြင်ထက်သို့ တောက်ပစွာ ဖြာကျလျှက် ရှိသည်။

ရှောင်ယွိက သူမလက်ထဲတွင် သစ်သားဓားလေးကို ကိုင်ထားလေသည်။ သူမက ထိုဓားကို လက်နက်အဖြစ် အသုံးပြု တိုက်ခိုက်မည် ဖြစ်သည်။

နဂါးတစ်ကောင်က လူသားတစ်ယောက်ကို နဂါးသုတ်သင်ဓားဝိညာဉ်ဖြင့် တိုက်ခိုက်မည်တဲ့လား။

ဘယ်လိုပဲတွေးကြည့်တွေးကြည့် နည်းနည်းတော့ ကြောင်တောင်တောင်နိုင်လှသည်။

ရှောင်ယွိက...

"ဂိုဏ်းတူမောင်လေးရဲ့လက်ရှိကျင့်ကြံခြင်းအဆင့်က ဘယ်လောက်လဲ"

ကျန်းလန်က...

"မရှိမှုအာကာသ ၊ ကနဦးအဆင့်"

အခြားသူများအားလုံးက ကျန်းလန်ကို မရှိမှုအာကာသ ၊ ကနဦးအဆင့်ဟုသာ သိရှိကြမည် ဖြစ်သည်။

သို့သော် ဆရာဖြစ်သူနှင့် အခြားသောတောင်သခင်များကတော့ သူ၏ကျင့်ကြံခြင်းအဆင့်က မရှိမှုအာကာသ ၊ အလယ်ဆင့်ဟု သိရှိကြပေလိမ့်မည်။

ဤသည်ကို ရှောင်ယွိလည်း ခန့်မှန်းမိပေလိမ့်မည်။

ရှောင်ယွိက...

"ကျွန်မက မရှိမှုအာကာသအဆင့် အောင်မြင်ပြီးနေပြီ ၊ ဒါကြောင့် ကျွန်မဘက်ကပဲ အရှုံးခံပြီး မရှိမှုအာကာသ နောက်ဆုံးအဆင့်ကို လျှော့ချပြီး ဂိုဏ်းတူမောင်လေးနဲ့ ယှဉ်ပြိုင်ပါ့မယ်”

ကျန်းလန်  : “……”

အရင်တစ်ခေါက်ကတော့ သူမက ကျင့်ကြံငြခ်းအဆင့်ကို မရှိမှုအာကာသ ၊ အလယ်ဆင့်သို့ လျှော့ချပြီတိုက်ခိုက်မည်ဟု ကျန်းလန်ကို ပြောခဲ့ဖူးသည်။

ယခုတော့ မရှိမှုအာကာသ ၊ နောက်ဆုံးအဆင့်သို့ လျှော့ချမည်တဲ့လား။

နဂါးမျိုးနွယ်များ၏စိတ်က အပြောင်းအလဲ မြန်လွန်းလှသည်။

ကျန်းလန်က သိမ်မွေ့သည့်လေသံဖြင့်...

"ဂိုဏ်းတူအစ်မ ၊ သက်ညှာပေးဖို့ မျှော်လင့်ပါတယ်"

သူ့စကားသံက ခံစားချက်ကင်းမဲ့လျှက် ရှိသည်။

ရှောင်ယွိက သစ်သားဓားကို ဝှေ့ယမ်းလိုက်ရင်း ရှေ့သို့ ခြေတစ်လှမ်းတိုးလိုက်သည်။

ထို့နောက် သူမ၏ ပုံရိပ်က လေထဲသို့ တရှိန်ထိုး တိုးဝင်လာပြီး မျက်စိတစ်မှိတ်အတွင်းမှာပင် ကျန်းလန်ရှေ့သို့ ရောက်ရှိလာ၏။

သူမက လက်ထဲမှ သစ်သားဓားကို ဝှေ့ယမ်းလျှက်  ခုနစ်စဉ်ကြယ်ဓားသိုင်းကို အသုံးပြုကာ ကျန်းလန်ကို ခုတ်ပိုင်းချလိုက်သည်။

ထိုဓားချက်သာ ကျန်းလန်ကို ထိမိလျှင် သူမ စိန်ခေါ်ပွဲတွင် အနိုင်ရပြီ ဖြစ်သည်။

သို့သော်…

ဓားက ကျန်းလန်နှင့် လက်မဝက်ခန့်အရောက်တွင် ရုတ်တရက် ရပ်တန့်သွားသည်။

ရှောင်ယွိ အံ့အားသင့်သွားသည်။

သူမက ကျန်းလန်ကို အနိုင်ရပြီဟု ထင်မှတ်ပြီး ဓားကို ခုတ်ပိုင်းချလိုက်သော်လည်း တကယ်တမ်းတွင် ခုတ်ပိုင်းချနိုင်ခဲ့ခြင်း မရှိပေ။

သူမ၏ ဓားကို ဒိုင်းကာအချို့က ပိတ်ဆို့ကာဆီးထားသောကြောင့် မဟုတ်ပေ။ သူမခန္ဓာကိုယ်တစ်ခုလုံး လှုပ်ရှားမရတော့သောကြောင့် ဖြစ်သည်။

ဟုတ်ပေ၏။

သူမ၏ခန္ဓာကိုယ်တစ်ခုလုံး ချုပ်နှောင်ခံလိုက်ရသည့်ပမာ လှုပ်ရှား၍ မရနိုင်တော့ပေ။

ရှောင်ယွိက ကျန်းလန်ကို ကြည့်လိုက်ရင်း…

"ဂိုဏ်းတူမောင်လေး ၊ ရှင် ကျွန်မကို ဘာလုပ်လိုက်တာလဲ"

ကျန်းလန်က ရှောင်ယွိလက်ထဲမှ သစ်သားဓားလေးကို အသာလှမ်းယူလိုက်သည်။

ပြီးမှ နူးညံ့သည့်လေသံဖြင့်…

"ဘာမှ မလုပ်ပါဘူး"

ထို့နောက် သူက လက်ထဲမှ သစ်သားဓားလေးကို တစ်ချက်ဝှေ့ယမ်းလိုက်ရာ…

"ဘန်း"

ဓားက ရှောင်ယွိ နဖူးကို ရိုက်မိသွားသည်။

"အား… နာလိုက်တာ"

ရှောင်ယွိ နာကျင်စွာဖြင့် အော်ဟစ်ရင်း မြေပြင်ထက် ဒူးထောက်ကျသွားသည်။

သူမ လှုပ်ရှား၍ရသွားပြီ ဖြစ်ကြောင်း ရှောင်ယွိ ချက်ချင်း သတိပြုလိုက်မိသည်။

ကျန်းလန်က သစ်သားဓားလေးကို ရှောင်ယွိထံ ပြန်ပေးလိုက်ရင်း…

"ဂိုဏ်းတူအစ်မ ရှုံးပြီထင်တယ်နော်"

ကျန်းလန်က ဆက်ရှင်းပြသည်။

"ဂိုဏ်းတူအစ်မ ဘာလို့ ရှုံးရတာလဲဆိုတော့ ဒီရင်ပြင်ထက်မှာ အစီအရင်တွေ အများကြီးပြုလုပ်ထားလို့ပဲ"

ရှောင်ယွိက နာကျင်နေသည့် သူမနဖူးကို လက်ဖြင့်ပွတ်သပ်ရင်း ကျန်းလန်ကို မကျေမနပ်ဖြင့် ကြည့်လိုက်သည်။

"ဂိုဏ်းတူမောင်လေး လုံး၀ လူကြီးလူကောင်းမဆန်ဘူး ၊ လှည်စားတဲ့နည်းလမ်းတွေ အသုံးပြုတယ်"

ကျန်းလန်က…

"ဂိုဏ်းတူအစ်မက စိန်ခေါ်ပွဲမှာ အစီအရင်ပညာ မသုံးရဘူးလို့ မပြောခဲ့ဘူးလေ"

"ဟွန့်"

ရှောင်ယွိ သစ်သားဓားကိုကိုင်ရင်း မတ်တတ်ရပ်လိုက်သည်။

"ကောင်းပြီ ၊ ဒီနေ့ကစပြီး ရှင့်စကားကို ကျွန်မ နားထောင်မယ် ၊ ဒါပေမဲ့ နောင်နှစ်ပေါင်း (၁၀၀) ကြာရင် ကျွန်မတို့ ထပ်ပြီး ယှဉ်ပြိုင်မယ် ၊ အဲဒီအချိန်ကျရင် ရှုံးတဲ့သူက နိုင်တဲ့သူရဲ့စကားကို နှစ်ပေါင်း (၁၀၀) တိတိ နားထောင်ရမယ်… ဘယ်လိုလဲ"

ကျန်းလန်က သဘောတူသည့်အနေဖြင့် ရှောင်ယွိကို ပြုံးပြလိုက်သည်။

ဘယ်အချိန်ပင် ယှဉ်ပြိုင်ပါစေ ပြိုင်ပွဲရလဒ်က အတူတူပဲ ဖြစ်နေမည်ပင်။

ရှောင်ယွိ မည်မျှပင် ပြင်းပြင်းထန်ထန် ကျင့်ကြံပါစေ နဝမတောင်ထွတ်ရင်ပြင်ထက်တွင် သူတို့ယှဉ်ပြိုင်ကြသရွေ့ သူမ ကျန်းလန်ကို အနိုင်ရမည် မဟုတ်ပေ။

ရှောင်ယွိက…

"ဂိုဏ်းတူမောင်လေး အရင်က ပြောခဲ့တာ ကျွန်မအဝတ်အစားတွေ ရေမစိုစေနဲ့ ဆိုတာလေ ၊ အဲဒါ နဝမတောင်ထွတ်မှာ ရှိတဲ့အချိန်ပဲလား ၊ နဝမတောင်ထွတ်အပြင်ဘက်မှာဆိုရင်လည်း ရေမစိုရဘူးလား ၊ ဒါဖြင့် ကျောက်စိမ်းရေကန်မှာနေတဲ့အချိန်ဆို ဘယ်လိုလုပ်ရမလဲ"

"……"

"ဒီ နဂါးမလေးဟာ ဘယ်နည်းနဲ့မှ ပုံမှန်ဖြစ်မလာတော့ဘူးလား" ဟု ကျန်းလန် စိတ်ထဲမှ တွေးမိသည်။

ကျန်းလန်က…

"မိုးရွာရင် ထီးလေးဆောင်းလာဖို့ ပြောတာပါ ဂိုဏ်းတူအစ်မရယ်…"

"ဒါပေမဲ့ ကျွန်မမှာ ထီးမှ မရှိတာ"

"ဒါဖြင့် ကိုယ်အပြင်ရောက်ရင် မင်းအတွက် ထီးတစ်လက်ဝယ်လာခဲ့မယ် ၊ ခဏပဲစောင့်"

"ဒါဖြင့်လည်း ပြီးရော"

စကားပြောရင်းဖြင့် ရှောင်ယွိ ပြုံးနေလေသည်။

အတန်ကြာမှ သူမက စကားဆက်ပြောသည်။

"ဒါဖြင့် ကျွန်မ ဘာမှမလုပ်တော့ဘူး ၊ နှစ်ပေါင်း (၁၀၀) အတွင်း ကျွန်မဘာလုပ်ဖို့လိုအပ်တယ်ဆိုတာ ဂိုဏ်းတူမောင်လေးကပဲ ပြောပြပေးတော့ ၊ နောက်တစ်ခါ ကျွန်မ အနိုင်ရရင်တော့ ဂိုဏ်းတူမောင်လေးအလှည့်ပေါ့လေ ၊ ဟွန်း… အဲဒီအချိန်ကျ ကျွန်မကို လှည့်စားဖို့ မစဉ်းစားနဲ့တော့"

ကျန်းလန် : "……"

အကယ်၍ ရှောင်ယွိသာ သူတို့ (၂)ယောက်စိန်ခေါ်ပွဲ အနိုင်ရခဲ့လျှင် သူ အကြီးအကျယ် ဒုက္ခရောက်မည်ဖြစ်ကြောင်း ကျန်းလန် သဘောပေါက်လိုက်သည်။

သူမသာ သူ့ကို မကြာခဏ အပြင်သို့ သွားခိုင်းနေလျှင် သူ မည်သို့လုပ်ရပါမည်နည်း။

ရှောင်ယွိက လူမှုဆက်ဆံရေးကောင်းသူ မဟုတ်လေရာ အခြားသူများနှင့် ရန်သူဖြစ်လွယ်လေသည်။

သူမကတော့ တမင်သက်သက် အခြားသူများနှင့် ရန်သူဖြစ်လိုမည် မဟုတ်ပေ။

သေရည်ဆိုင်တွင် သူတို့ (၂)ယောက် အတူတူ အလုပ်လုပ်ခဲ့သည့်အချိန်ကကဲ့သို့ ဖြစ်လေသည်။

သူမက ပုံမှန်အတိုင်း ပြုမူပြောဆိုခြင်း ဖြစ်သော်လည်း ရောက်လာသည့်ဧည့်သည်များကတော့ သူတို့ကို အထင်သေးသလိုဆက်ဆံသည်ဟု အထင်ရောက်သွားစေသည်။

နဂါးများက လူသားများနှင့် မတူကြသည်ကတော့ အမှန်ပင်။

ဥပမာတစ်ခု ပြရမည်ဆိုသော်...

နဂါးတစ်ကောင်တွင် လူသားများနှင့်မတူညီစွာ ထက်ရှသည့် နဂါးလက်သည်း (၄)ခု ပါရှိလေသည်။

သို့ဖြစ်ရာ အစားအသောက်များ စားသောက်ရန် အဆင်ပြေမည် မဟုတ်ပေ။

အဘယ်ကြောင့်ဆိုသော် နဂါးလက်သည်းများက တူတစ်စုံကိုကိုင်ရန် အဘယ်မှာ ဖြစ်နိုင်ပါမည်နည်း။

All Chapters