အခန်း (၂၆၁-၂၆၂)
Vol. 27 Ch. 261-262
အခန်း (၂၆၁) - မျက်ကန်းတစ္ဆေ မကြောက်
လခြမ်းတောင်ကြား၏ ဘယ်ဘက်ခြမ်း တောင်စောင်းတစ်လျှောက်တွင် ကျင့်ကြံသူများ နေထိုင်ကြသော သစ်သားအိမ်များနှင့် ကျောက်တုံးအိမ်ပေါင်းများစွာ အစီအရီ တည်ရှိနေလေသည်။ ထိုနေရာအား ဂိုဏ်း၏ အချက်အချာနေရာဟုလည်း ခေါ်ဆိုနိုင်လေသည်။ ထိုသီးသန့်နေရာလေးသည် အဆင့်မြင့်ကျင့်ကြံသူများနှင့် လော့ထျန်းတွင် ရာထူးကြီးတာဝန်ထမ်းဆောင်ကြသူများ ခိုလှုံနားခိုရာ အိမ်တန်းလေးလည်းဖြစ်သည်။ ပုံမှန်အချိန်များတွင် တောရရိပ်သာလေးသဖွယ် အေးချမ်းတိတ်ဆိတ်နေသည်က များသည်။ သို့ရာတွင် မကြာသေးမီက ထိုနေရာ၏ မြေအောက်နက်ရှိုင်းသော နေရာမှ မိစ္ဆာသားရဲတစ်ကောင်၏ အော်ဟစ် ဟိန်းဟောက်သံများကြောင့် တည်ငြိမ်မှုများ ကြက်ပျောက်ငှက်ပျောက် ဖြစ်သွားခဲ့လေသည်။
တောင်ပတ်လည်ဝိုင်းနေသော တောင်ကြားချိုင့်ဝှမ်းအတွင်း ထိုအသံမှာ ထပ်တလဲလဲ ပဲ့တင်ထပ်နေသဖြင့် အဖွဲ့ဝင်များအား အမှန်တကယ်ပင် စိတ်အနှောင့်အယှက် ဖြစ်စေသည်။ သို့သော် မည်သူမျှ မကျေနပ်ချက် ထုတ်ဖော်ပြောဆိုရန် သို့မဟုတ် မေးခွန်းထုတ်ရန် မဝံ့ရဲကြချေ။ ထိုသားရဲဟိန်းသံ မည်သည့်နေရာမှ လာသည်ကို လူတိုင်း ရှင်းရှင်းလင်းလင်း သိနေကြသည် မဟုတ်ပါလော။
....
လခြမ်းတောင်ကြား၏ မြေအောက် လိုဏ်ဂူကျယ်ကြီးထဲတွင် ဖြစ်သည်။
ဧရာမဂူကြီးအတွင်း သားရဲဟိန်းသံများ ဆက်တိုက်ပေါက်ကွဲထွက်ပေါ်နေပြီး လက်မောင်းခန့်ရှိသော သံခြေကျင်းများမှလည်း ပြင်းထန်သော ရုန်းကန်မှုကြောင့် တချွင်ချွင် အသံများ ထွက်ပေါ်နေသည်။ အကယ်၍ သာမန် တစ်ကိုယ်တော်ကျင့်ကြံသူတစ်ဦးသာ ဤနေရာ၌ ရှိနေပါက ကြောက်လန့်တကြား ထွက်ပြေးမိမည်မှာ မြေကြီးလက်ခတ်မလွဲပင်။ အကြောင်းမူကား အလွန်အမင်း ဒေါသထွက်နေသော ထိုသားရဲမှာ ဒုတိယအဆင့် မျောက်ဝံကြီး ဖြစ်နေသောကြောင့်ပင်။
သို့သော် ထိုကမ္ဘာပျက်မတတ် အော်ဟစ်သံများကြားတွင် တည်ငြိမ်စွာ တင်ပျဉ်ခွေ ထိုင်နေသူ တစ်ဦးရှိလေသည်။ ထိုသူမှာ အခြားလူမဟုတ်၊ လော့ချန် ခေါ် တန်ချန်ဇီ ဖြစ်သည်။ သူသည် သောင်းကျန်းနေသော မိစ္ဆာသားရဲကြီး၏ ရှေ့တွင် ငြိမ်သက်ကာ စဥ်းစားခန်းဝင်နေသည်။ သူ့အနေဖြင့် မှောင်ခိုဈေးကွက်မှ လေလံအောင်လာခဲ့သည့် ဝိညာဉ်သားရဲတစ်သောင်းကျမ်း နည်းစနစ်များဖြင့် ဤသားရဲကို ယဥ်ပါးအောင် လေ့ကျင့်ပေးနေသည်မှာ ယနေ့နှင့်ဆိုပါက ခုနစ်ရက်တိတိ ပြည့်သွားခဲ့ပြီ ဖြစ်သည်။
"အင်း.... ဒီကောင်မှာ မိစ္ဆာအမြုတေ မရှိတော့လို့ တော်ပါသေးရဲ့.... ပြန်တိုက်ဖို့ အစွမ်းရှိနေရင်တော့ ထိန်းထားဖို့ တော်တော်မလွယ်ဘူး.... ထျန်းရှင်းကျီ ပေးခဲ့တဲ့ ဝိညာဉ်ကျွန်ပြုဆေးလုံးနဲ့ ငါ့ရဲ့ စိတ်ဝိညာဉ်ခြောက်ခြားခြင်း မှော်အတတ်ကို ပေါင်းလိုက်ရင်တော့ ဒီကောင်ကြီး ယဥ်ပါးသွားလောက်ပါရဲ့....”
ထို့နောက် လော့ချန်၏ ခန္ဓာကိုယ်မှ ပြင်းထန်လှသော ချီစွမ်းအင်များ ပေါက်ကွဲထွက်လာပြီး သူ၏ ဝတ်ရုံသည် လေတိုက်ခံနေသကဲ့သို့ တလူလူလွင့်နေတော့သည်။ သူ၏ မျက်လုံးများမှ အစိမ်းရောင်အလင်းတန်းများ ထွက်လာကာ ထိုအလင်းတန်းများသည် မျောက်ဝံကြီးဆီသို့ တည့်တည့်စိုက်ဝင်သွားတော့သည်။
ဒုတိယအဆင့် မျောက်ဝံသည် ရန်သူကိုမြင်လိုက်ရသဖြင့် အလွန်အမင်း ရိုင်းစိုင်းကြမ်းကြုတ်သော ဟိန်းသံကို ထုတ်ဖော်လိုက်သည်။
"ဝေါင်း...."
"ဟုတ်ပြီကွ.... ဒါပဲလေ"
ထိုအလင်းတန်းများကြောင့် သားရဲကြီး သတိလက်လွတ် ဖြစ်သွားခိုက်တွင် လော့ချန်သည် ဆေးလုံးတစ်လုံးကို မျောက်ဝံကြီး၏ ပါးစပ်ထဲသို့ အလျင်အမြန်ပစ်သွင်းလိုက်ပြီး ချီစွမ်းအင်ဖြင့် ချေဖျက်စေလိုက်သည်။ တစ်ချိန်တည်းမှာပင် မြင်တွေ့နိုင်စွမ်းမရှိသော စိတ်ဝိညာဉ် တိုက်ပွဲတစ်ခုသည်လည်း တိတ်တဆိတ် စတင်နေပြီဖြစ်သည်။
အချိန်တို့သည် တရွေ့ရွေ့ ကုန်ဆုံးသွားသည်။
လက်ဖက်ရည်တစ်ခွက်စာ၊ အမွှေးတိုင်တစ်တိုင်စာ ကြာပြီးနောက်....။
လော့ချန်၏ မျက်နှာမှာ တစ်ဖြည်းဖြည်း ဖြူလျော့လာပြီး သူ၏ အသက်ရှူသံမှာလည်း အားနည်းလာသည်။ သို့သော် သူ၏ မျက်လုံးများမှာမူ ပိုမို တောက်ပလာခဲ့သည်။ ချက်ချင်းဆိုသလိုပင် အစိမ်းရောင်အလင်းများ ပြင်းထန်စွာ တောက်ပလာပြီး မျောက်ဝံကြီးမှာ နာကျင်စွာ အော်ဟစ်ကာ ဒူးနှစ်ဖက် မြေပေါ်သို့ ညွှတ်ကျသွားသည်။ လော့ချန်သည် သက်သောင့်သက်သာပင် ထလိုက်ပြီး မျောက်ဝံ၏ ဦးခေါင်းအထက်သို့ ဖြည်းညှင်းစွာ ပျံတက်သွားသည်။ သူသည် လက်နှစ်ဖက်ကို ယှက်နွှယ်လျက် လက်ကွက်များကို လှပစွာ ထုတ်ဖော်လိုက်သည်။
လေဟာနယ်ထဲတွင် ရှေးဆန်သော အစိမ်းရောင် တံဆိပ်ခတ်နှိပ်ချက်တစ်ခု တဖြည်းဖြည်း ပုံဖော်လာသည်။ ၎င်းမှာ ဝိညာဉ်ကျွန်ပြုတံဆိပ်ပင် ဖြစ်သည်။
ဝိညာဉ်ကျွန်ပြုတံဆိပ် ပုံဖော်ပြီးသည့် ခဏချင်းမှာပင် လော့ချန်သည် လက်ဝါးကို ဖြည်းညှင်းစွာ ဖိချလိုက်သည်။ အစိမ်းရောင်တံဆိပ် ဖိနှိပ်ခံရမှုနှင့်အတူ မျောက်ဝံ၏ ခန္ဓာကိုယ်မှာ တုန်ရင်နေပြီး ပြန်လည်ခုခံလိုသော အငွေ့အသက်များ ရှိနေသော်လည်း ဝိညာဉ်ကျွန်ပြုတံဆိပ်မှာ ၎င်း၏ နဖူးအလယ်သို့ လုံးဝ နစ်မြုပ်သွားသည့်တိုင်အောင် ၎င်းမှာ ပြန်၍ မထနိုင်ခဲ့ချေ။
ဖုန်း....
အရာအားလုံး ပြီးဆုံးသွားသောအခါ လော့ချန်သည် မြေပြင်ပေါ်သို့ ပြုတ်ကျသွားပြီး ခြေလှမ်းများ ယိုင်နဲ့ကာ လဲကျလုနီးပါး ဖြစ်သွားသည်။
“ဒုတိယအဆင့် သားရဲတစ်ကောင်ကို ကျွန်ပြုရတာ ဒီလောက်တောင် ခက်ခဲလိမ့်မယ်လို့ မထင်ထားမိဘူး”
ဤမျောက်ဝံသည် အသားအရေ ထူထဲခြင်းနှင့် မီးဓာတ်တိုက်ခိုက်မှု ပြင်းထန်ခြင်းတို့ကြောင့် ကျော်ကြားသော်လည်း စိတ်ဝိညာဉ်ပိုင်းဆိုင်ရာမှာမူ အားကောင်းသည်ဟု မဆိုနိုင်ချေ။ ၎င်းမှာ အချိန်အတော်ကြာ အကျဉ်းချခံထားရပြီး အမြုတေလည်း မရှိတော့သဖြင့် အားအင်ကုန်ခမ်းနေသည့်တိုင်အောင် လော့ချန်အနေဖြင့် အောင်မြင်ရန် အားစိုက်ထုတ်မှု အတော်လေး ပြုလုပ်ခဲ့ရသည်။
“စိတ်ဝိညာဉ်တိုက်ပွဲက တကယ်ကို အန္တရာယ်များလွန်းတယ်….”
“တကယ်လို့ နောက်ဆုံးအချိန်မှာ ငါ့ရဲ့ ခိုင်မာတဲ့ စိတ်ဓာတ်နဲ့ ဝိညာဉ်ကျွန်ပြုဆေးလုံးရဲ့ အာနိသင်သာ မရှိခဲ့ရင် အားလုံး အချည်းနှီး ဖြစ်သွားနိုင်တယ်….”
လော့ချန်သည် ကြောက်လန့်မှု အနည်းငယ်ရှိသော မျက်နှာထားဖြင့် ဒူးထောက်နေသော မျောက်ဝံကို ကြည့်လိုက်သည်။ အရပ်အမောင်းမှာ တစ်လံခွဲခန့် ရှိသဖြင့် ဒူးထောက်နေလျှင်ပင် သူ့ထက် များစွာ မြင့်နေသေးသည်။
သို့သော် ယခုအချိန်တွင် ပေါက်ကွဲမျောက်၌ ထိုကြမ်းကြုတ်ရိုင်းစိုင်းသော အမူအရာများ မရှိတော့ဘဲ လည်ပတ်နေသော မျက်လုံးအိမ်ကြီးများအတွင်း၌ ကြောက်ရွံ့တုန်လှုပ်မှုများဖြင့် ပြည့်နှက်နေသည်။ လော့ချန် တစ်လှမ်းချင်း တိုးလာသောအခါ ၎င်းသည် အသိစိတ်မဲ့စွာပင် နောက်သို့ ဆုတ်ရန် ကြိုးစားနေသည်။
ဤမြင်ကွင်းကို ပြင်ပလူတစ်ဦးက မြင်လျှင် မည်သို့ပင်ကြည့်ကြည့် ထူးဆန်းနေပေလိမ့်မည်။ တစ်ဖက်က အရပ်ရှည်ပြီး တစ်ဖက်က ပုသည်။ တစ်ဖက်က ဒုတိယအဆင့် ဖြစ်ပြီး တစ်ဖက်က ချီသန့်စင်အဆင့်သာ ရှိသည်။ သို့သော် အရှိန်အဝါနှင့် အဆင့်အတန်းမှာမူ လုံးဝ ပြောင်းပြန် ဖြစ်နေခဲ့သည်။
ရုတ်တရက် နောက်သို့ ဆုတ်နေသော မျောက်ဝံကြီး၏ ခန္ဓာကိုယ်မှာ ရပ်တန့်သွားသည်။ ၎င်း၏ မျက်လုံးကြီးများအတွင်း အလွန်အမင်း တောင့်တသော အရိပ်အယောင်များ ထွက်ပေါ်လာသည်။ အကြောင်းမှာ လော့ချန်၏ လက်ထဲတွင် နီရဲသော မိစ္ဆာအမြုတေတစ်ခု ရှိနေသောကြောင့်ဖြစ်ပြီး ထိုအရာမှာ မူလက မိမိပိုင်ဆိုင်ခဲ့သော အရာပင်ဖြစ်သည်။
“နောက်ဆို မင်းနာမည်က ရှောင်ဟုန် ပဲ”
....
ခဏအကြာတွင် လော့ချန်သည် မြေအောက်ဂူထဲမှ ထွက်လာခဲ့သည်။ သူသည် ရှောင်ဟုန်အတွက် အာဟာရ ပြည့်ဝနိုင်သော အစားအစာများကို အမြောက်အမြား စီစဉ်ပေးရန် အမိန့်ထုတ်လိုက်သည်။
သူသည် အမြန်ဆုံး အချိန်အတွင်း ရှောင်ဟုန်၏ ခွန်အားကို ပြန်လည် နိုးထစေလိုသည်။ ဤသားရဲမှာ ဒုတိယအဆင့် သားရဲဖြစ်ပြီး တိုက်ခိုက်ရေးစွမ်းရည် မြင့်မားကာ အရေလည်း အလွန်ထူသည်။ လော့ထျန်းအဖွဲ့၏ အားအကိုးရဆုံးသော အစောင့်အရှောက်သားရဲ နှင့် ဝှက်ဖဲတစ်ခု ဖြစ်လာပေလိမ့်မည်။
အမိန့်များ ပေးပြီးနောက် လော့ချန်၏ ခြေလှမ်းများမှာ အနည်းငယ် ယိုင်နဲ့နေသည်။ စိတ်ဝိညာဉ်တိုက်ပွဲတွင် မျောက်ဝံကို နှိမ်နင်းခြင်းဖြစ်စေ၊ ဝိညာဉ်ကျွန်ပြုတံဆိပ်ကို ထုတ်ဖော်ခြင်းဖြစ်စေ ယခုလက်ရှိ သူ၏အခြေအနေအရ စွမ်းအားသုံးစွဲမှုမှာ များလွန်းလှသည်။ ထို့ကြောင့် ပြန်လည်နာလန်ထူရန် အချိန်လိုအပ်သည်။
နှမြောစရာကောင်းသည်မှာ အချို့သောသူများသည် သူ့အား အချိန်အလုံအလောက် ပေးလိမ့်မည်မဟုတ်ချေ။
သူ ခဏ အနားယူရန် ဟန်ပြင်လိုက်ချိန်တွင် စီမာဟွေ့နန် ရောက်ရှိလာကာ စိုးရိမ်ဖွယ် သတင်းများကို လာရောက် အစီရင်ခံလေတော့သည်။ ကြားရသောသတင်းများမှာ အကောင်းတစ်စက်မှ မပါချေ။
သူတို့ အဖွဲ့အား စောင့်ကြည့်နေသည့် သူလျှိုများ ပိုများလာခြင်း။ တွမ်မျိုးနွယ်စုမှ ဆေးလုံးဈေးနှုန်းကို နောက်ထပ် ၂၀ ရာခိုင်နှုန်း ထပ်မံလျှော့ပေးရန် အကျပ်ကိုင်လာခြင်း။
"စျေးထပ်လျှော့ခိုင်းတယ် ဟုတ်လား.... ငါတို့ကို လာပြီး ဓားပြတိုက်နေတာလား...."
"ဒီလောက် အမြတ်တောင်မရဘူးဆိုရင် လော့ထျန်းအဖွဲ့က ဘာကိစ္စ ရှိနေရဦးမှာလဲ...."
"ကျန်တဲ့ မျိုးနွယ်စုတွေကရော ဘာပြောလဲ....”
ဒေါသရိပ်များ လွှမ်းနေသော လော့ချန်ကို ကြည့်ကာ စီမာဟွေ့နန် သက်ပြင်းချရင်း ပြောလိုက်သည်။
“ချန်မျိုးနွယ်စုက ဘာမှတ်ချက်မှ မပေးဘူး၊ ပုံမှန်အတိုင်းပဲ ဝယ်ယူနေပါတယ်ရှင့်….”
“လီမျိုးနွယ်စုကတော့ ဈေးလျှော့ပေးဖို့ တောင်းဆိုတယ်…. ၂၀ ရာခိုင်နှုန်း လျှော့ဈေးကနေ ၃၀ ရာခိုင်နှုန်း ဖြစ်သွားတယ်”
“နန်ကုန်းမျိုးနွယ်စုကတော့ ပုံမှန်အတိုင်းပါပဲ…. ပြဿနာမရှာဘူး…. ဒါပေမဲ့ သားရဲနို့နဲ့ သားရဲအသား အရောင်းအဝယ်မှာ ပိုပြီး နှောင့်နှေးလာတယ်”
ဤသတင်းများကို ကြားရသောအခါ လော့ချန်၏ မျက်နှာမှာ တည်ငြိမ်အေးစက်လာသည်။ သို့သော် နောက်ထပ်သတင်းတစ်ခုကမူ သူ၏ လက်ထဲရှိ လက်ဖက်ရည်ခွက်ကို အစိတ်စိတ်အမြွှာမြွှာ ကွဲကြေသွားစေသည်။
“ပြီးတော့ တာကျန်းဂိုဏ်းကနေ သတိပေးစာ ပို့လာပါတယ်ရှင့်…. ကျောက်စိမ်းအမြုတေဆေးလုံးကို သူတို့ဂိုဏ်းကိုပဲ ရောင်းဖို့ အတင်းအကျပ် တောင်းဆိုနေတာ.... သူတို့က ကျောက်စိမ်းအမြုတေဆေးလုံးကို လက်ဝါးကြီးအုပ်ချင်ပြီး ထိုက်ရှန်းဈေးမြို့တော်ကို တင်ပို့ရောင်းချချင်နေတာ အဖွဲ့ချုပ်ခေါင်းဆောင်”
အစရှိသည့် ကိုင်တွယ်ရခက်မည့် ပြသနာများသည် ကံဆိုးမသွားရာ မိုးလိုက်လို့ရွာ ဆိုသကဲ့သို့ လော့ထျန်းအဖွဲ့ထံသို့ တပြုံတည်းရောက်လာတော့သည်။
ချွမ်....
လက်ဖက်ရည်ခွက် ကွဲသွားပြီး လော့ချန်၏ မျက်နှာမှာ အလွန်အမင်း အေးစက်သွားတော့သည်။
"ဟွေ့နန်.... မင်း ခဏလောက် အပြင်ထွက်ပေးပါဦး…."
"ငါ တစ်ယောက်တည်း နေချင်တယ်"
စီမာဟွေ့နန် စကားပြောရန် ဟန်ပြင်လိုက်သော်လည်း နောက်ဆုံးတွင် တိတ်တဆိတ် ထွက်သွားတော့သည်။ သူမ ထွက်သွားပြီးနောက် လော့ချန်၏ မျက်နှာမှာ မျက်နှာမှာ ပို၍ပင် ကြည့်မကောင်းတော့ချေ။
ကျောက်စိမ်းအိုးဓားဂိုဏ်း ပြန်မလာသေးသရွေ့ သူ ခြောက်စားလှန့်စား လုပ်နိုင်သည့် နေ့ရက်များ နည်းပါးလာမည်ကို သူ သိသည်။ မကြာမီမှာပင် တစ်စုံတစ်ယောက်က သူ့အား ပေါ်တင် ထိပါးလာပေလိမ့်မည်။ သို့သော် သူ့အား ပစ်မှတ်ထားသော လုပ်ရပ်များက ဤမျှအထိ ပြင်းထန်လိမ့်မည်ဟု သူ မထင်ထားမိပေ။
ထိုအထဲတွင် တာကျန်းဂိုဏ်းနှင့် တွမ်မျိုးနွယ်စုမှာ အဆိုးဆုံးပင်။
တစ်ခုက လူအင်အား တောင့်တင်းပြီး နောက်တစ်ခုကမူ လမ်းဆုံးသို့ ရောက်နေသဖြင့် နောက်ဆုံး ရုန်းကန်မှုကို ပြုလုပ်နေခြင်းဖြစ်သည်။ သူတို့အချင်းချင်း တိုင်ပင်၍ စည်းဝါးကိုက်ထားသည်မှာ သေချာသလောက်ဖြစ်သည်။ လော့ထျန်းအဖွဲ့ကို ဗြောင်ကျကျ မတိုက်ခိုက်ရဲသော်လည်း တစ်ဆင့်ချင်း စမ်းသပ်နေကြသည်။
ဈေးလျှော့ခြင်းဖြစ်စေ၊ တစ်ဂိုဏ်းထဲသို့ ရောင်းချခြင်းဖြစ်စေ အားလုံးသည် လော့ထျန်းအဖွဲ့ကို လာထိနေခြင်းပင်။ မြှားဦးမှာ လော့ချန်ဆီသို့ တိုက်ရိုက် ဦးတည်နေခဲ့သည်။
“ငါက ဆေးလေးဖော်လိုက် တာအိုလမ်းစဥ် ကျင့်ကြံလိုက် ငြိမ်းငြိမ်းချမ်းချမ်းလေးနေမယ် စိတ်ကူးထားတာ.... ဒါပေမဲ့ ဒီလူတွေကတော့ ငါ့ကို ကျဥ်းထဲကျပ်ထဲ ရောက်အောင် အတင်းအကျပ် လုပ်နေကြတာပဲ...."
လော့ချန် အသက်ပြင်းပြင်းရှူကာ မျက်လုံးများကို ဖြည်းဖြည်းချင်း မှိတ်လိုက်သည်။
"အဟက်.... ငါ့ကို အကျပ်ကိုင်တယ်ပေါ့ ဟုတ်လား"
"ဒီလိုဆိုတော့လည်း.... တစ်ယောက်ယောက်ကတော့ ပေးဆပ်ရတော့မှာပေါ့"
လော့ချန်၏ သည်းခံနိုင်စွမ်းသည် ကုန်ဆုံးသွားခဲ့ပြီဖြစ်သည်။
"အခုအချိန်မှာ ငါက အနိုင်ကျင့်ရလွယ်တဲ့ ကောင် မဟုတ်တော့ဘူး"
ထျန်းရှင်းကျီ ကတိပေးထားသော အခြေတည်ဆေးလုံးများမှာ ပေါ်မလာသေးချေ။ ကိုယ်တိုင် တည်ထောင်ထားသော အဖွဲ့မှာလည်း ဘေးကျပ်နံကျပ် ဖြစ်နေသည်။ လူအချို့ကလည်း သူ့အား ပစ်မှတ်ထားလာကြသည်။ ဤအရာအားလုံးက လော့ချန်၏ သည်းခံနိုင်စွမ်းကို ကုန်ဆုံးသွားစေသည်။ အကယ်၍ ယခင်ကဆိုလျှင် သူ သည်းခံအရှုံးပေးမိမည် ဖြစ်သော်လည်း ယခုမူ ထိုသို့ မဟုတ်တော့ချေ။
ဝမ်ယွမ်၏ ခွန်အားတိုးတက်မှု၊ ဒုတိယအဆင့် မျောက်ဝံကို အောင်မြင်စွာ ကျွန်ပြုနိုင်မှုနှင့် မိမိကိုယ်ပိုင် နည်းစနစ်များ ပြည့်စုံလာမှု အစရှိသည့် အချက်များစွာကြောင့် သူ၏ ရင်ထဲတွင် သတ်ဖြတ်လိုစိတ်များ ထကြွလာပြီ ဖြစ်သည်။
"ဟွေ့နန်.... ခန်းမခေါင်းဆောင် သုံးယောက် ဖြစ်တဲ့ အစ်ကိုဝမ်၊ မိန်းကလေးချိုင်ယီ၊ ဒေါ်လေးမုရုံ တို့ကို ခေါ်လိုက်၊ အကြီးအကဲ တွမ်ဖုန်းကိုပါ အတူတူ ခေါ်လိုက်"
အေးစက်သော အသံသည် ခန်းမအတွင်း ပဲ့တင်ထပ်ထပ်သွားသည်။ အပြင်ဘက်တွင် စောင့်ဆိုင်းနေသော စီမာဟွေ့နန်က မဆိုင်းမတွ ပြန်တုံ့ပြန်လိုက်သည်။
"ဟုတ်ကဲ့ရှင့် အဖွဲ့ချုပ်ခေါင်းဆောင်"
....
လင်းစန္ဒာခန်းမအတွင်း ဖြစ်သည်။
“ကျွန်တော် တွမ်မျိုးနွယ်စုကို တိုက်ခိုက်မယ်၊ သူတို့နေတဲ့ တောင်ကို သွားဖြိုပြီး သူတို့မျိုးနွယ်စု တစ်ခုလုံးကို အမြစ်ပြတ် သုတ်သင်ပစ်မယ်”
လော့ချန်၏ ပြတ်သားလှသော စကားကြောင့် လူတိုင်း တုန်လှုပ်သွားကြသည်။ စီမာဟွေ့နန်သည် လော့ချန်၏ စဉ်းစားချင့်ချိန်ပြီးမှ ချမှတ်လိုက်သော ဆုံးဖြတ်ချက်မှာ ဤအရာ ဖြစ်လိမ့်မည်ဟု လုံးဝ မထင်ထားမိပေ။
"အဖွဲ့ချုပ်ခေါင်းဆောင်ရှင့်...."
ကူချိုင်ယီ၏ မျက်နှာလေးမှာ ဖြူလျော့သွားပြီး "လော့ချန်.... ရှင် ရူးသွားပြီလား" ဟု ထိတ်လန့်တကြား ပြောလိုက်သည်။
ဘေးနားရှိ မုရုံချင်းလျန်၏ မျက်နှာထက်ဝယ် စိုးရိမ်ပူပန်မှုများ ပြည့်နှက်နေသည်။
"မကြာသေးခင်က အင်အားစုကြီးတွေက ငါတို့လော့ထျန်းအဖွဲ့ကို အတော်လေး ဖိနှိပ်နေကြတာ မှန်ပေမဲ့ တွမ်မျိုးနွယ်စုမှာ အခြေခံတည်ဆောက်ခြင်းအဆင့် ကျင့်ကြံသူတစ်ယောက် ရှိနေတာလေ.... အလွယ်တကူ တိုက်လို့ရတာ မဟုတ်ဘူးကွဲ့.... မင်း ပြန်စဉ်းစားပါဦးကွယ်...."
အစွန်ဆုံးတွင် ထိုင်နေသော တွမ်ဖုန်း၏ မျက်လုံးများ ရုတ်တရက် တောက်ပလာခဲ့သည်။ ဝမ်ယွမ်ကမူ နေရာတွင် ထိုင်လျက် မျက်ခုံးတစ်ချက် ပင့်လိုက်ပြီးနောက် အတွေးထဲသို့ နစ်မြုပ်သွားသည်။
လူတိုင်း၏ အမူအရာများကို လော့ချန် အထင်းသား မြင်နေရသည်။ သူ လေးနက်သော အသံဖြင့် ပြောလိုက်သည်။
“ဒါက တိုင်ပင် ဆွေးနွေးနေတာမဟုတ်ဘူးဗျ.... ကျွန်တော့် ဆုံးဖြတ်ချက်ကို အသိပေးတာ”
လူတိုင်း ဆွံ့အသွားကြသည်။ ဤသည်မှာ အသိပေးကြေညာချက်ဖြစ်ပြီး ဆွေးနွေးချက်မဟုတ်ပေ။
ဤအချိန်ကျမှ လူတိုင်းသည် လော့ချန်၏ တစ်နေ့ထက်တစ်နေ့ တိုးလာသော အရှိန်အဝါကို တိုက်ရိုက် ခံစားလိုက်ရသည်။ ပုံမှန်အချိန် ရယ်ရယ်မောမောနှင့် ပေါ့ပေါ့ပါးပါး နေတတ်သော အမူအရာများ မရှိတော့ဘဲ ရက်စက်ပြတ်သားသော သတ်ဖြတ်လိုစိတ်များသာ အစားထိုးဝင်ရောက်လာခဲ့သည်။
ပထမဆုံး ထောက်ခံသူမှာ တွမ်ဖုန်း ဖြစ်သည်။
“ဘယ်တော့ တိုက်မှာလဲ ညီလေး.... ငါ ရှေ့တန်းက တိုက်မယ်”
ဒုတိယ ထောက်ခံသူမှာ စီမာဟွေ့နန် ဖြစ်သည်။
“တကယ်လို့ အခြေခံတည်ဆောက်ခြင်း အင်အားစုကို တိုက်ခိုက်မယ်ဆိုရင် အရင်တုန်းက ဖူမျိုးနွယ်စုကို တိုက်သလိုမျိုး လူသိရှင်ကြား ဖြစ်လို့မရဘူးနော်...."
“သေချာ ကြံစည်ပြီးမှ ရန်သူကို တစ်ချက်တည်းနဲ့ အပြတ်ရှင်းရမယ်ရှင့်”
ဘေးချင်းကပ် ထိုင်နေသော မုရုံချင်းလျန်နှင့် ကူချိုင်ယီတို့ အကြည့်ချင်း ဖလှယ်လိုက်ကြပြီးနောက် တည်ငြိမ်သွားသည်။
“သတင်းအချက်အလက်ပိုင်းမှာတော့ ကျွန်မရဲ့ ရွှေခန်းမဆောင်က အစွမ်းကုန် ကူညီပေးမယ်.... ရွှေခန်းမဆောင် အကြီးအကဲကျန်းဝမ်က လူမှုဆက်ဆံရေး ကျယ်ပြန့်တော့ အသင့်တော်ဆုံး အချိန်ကို ရွေးချယ်နိုင်မှာပါ" ဟု ကူချိုင်ယီက ပြောလိုက်သည်။
“ထောက်ပံ့ရေးပိုင်းကိုလည်း စိတ်မပူနဲ့၊ အချိန်တိုအတွင်းမှာ ဒေါ်လေး အရင်းအမြစ် အားလုံးကို အတတ်နိုင်ဆုံး စုဆောင်းပေးမယ်”
မုရုံချင်းလျန်က ဆိုသည်။
နောက်ဆုံးတွင် ဝမ်ယွမ်က သက်သောင့်သက်သာပင် ပြုံးလိုက်သည်။
“ဒီတိုက်ပွဲမှာ ငါ ပါရမှာပေါ့”
တစ်ယောက်ပြီးတစ်ယောက် သဘောထား ဖော်ပြလာသည်ကို မြင်သောအခါ လော့ချန်၏ တင်းမာနေသော မျက်နှာထားမှာ နောက်ဆုံးတွင် ပြေလျော့သွားသည်။
‘ကောင်းပြီ....’
တိုက်နိုင်သည်ဖြစ်စေ၊ မတိုက်နိုင်သည်ဖြစ်စေ အနည်းဆုံးတော့ အားလုံး၏ စိတ်ဓာတ်ကို စုစည်းနိုင်ခဲ့လေပြီ။ အကြောက်ရဆုံးမှာ တစ်ယောက်က တိုက်ချင်ပြီး တစ်ယောက်က ငြိမ်းချမ်းရေး လိုချင်နေခြင်းပင်။ ထိုသို့ဆိုလျှင် အတွင်းရေး ကမောက်ကမ ဖြစ်သွားပေလိမ့်မည်။
ရှေ့တန်း စည်းလုံးသွားပြီးနောက် လော့ချန်၏ လေသံမှာ ပျော့ပြောင်းလာသည်။
“ဒီတိုက်ပွဲက မတိုက်လို့ မဖြစ်ဘူးဗျ….”
“အကြောင်းပြချက်က အရင်တစ်ခေါက် ဖူမျိုးနွယ်စုကို တိုက်သလိုပါပဲ… လက်သီးတစ်ချက်ကို ရှင်းရှင်းလင်းလင်း ထိုးပြနိုင်မှ လက်သီးတစ်ရာကို ရှောင်နိုင်မှာ… ပြောရရင် ဒီတိုက်ပွဲဟာ လော့ထျန်းအဖွဲ့ရဲ့ တကယ့် အောင်ပွဲဖြစ်လာလိမ့်မယ်….”
ယခင်တစ်ခေါက်က သူတို့တွင် ကျောထောက်နောက်ခံ မြောင်ဝမ် ရှိနေသေးသည်။ အခြေခံတည်ဆောက်ခြင်းအဆင့် ကျင့်ကြံသူအားလုံးက မြောင်ဝမ်၏ မျက်နှာကို ထောက်ထားပြီး လက်မလှုပ်ခဲ့ကြခြင်း ဖြစ်သည်။ သို့သော် ယခုတစ်ကြိမ်တွင်မူ လော့ထျန်းအဖွဲ့ နောက်ကွယ်၌ မည်သည့် အကာအကွယ်မှ မရှိတော့ချေ။ တိုက်ပွဲမတိုင်မီဖြစ်စေ၊ တိုက်ပွဲအပြီးဖြစ်စေ အားလုံးကို ထည့်သွင်းစဉ်းစားရမည်ဖြစ်သည်။
“ကျွန်တော်တို့ရဲ့ ကြွက်သားတွေကို ထုတ်ပြဖို့…. ခွန်အားတွေကို ပြဖို့ လိုအပ်တယ်…. ဒါမှသာ အခြေခံတည်ဆောက်ခြင်းအဆင့် အင်အားစုတွေရဲ့ အသိအမှတ်ပြုမှုကို ရမှာ”
“တာဟဲစျေးမြို့တော်မှာ ဂိုဏ်းတွေအားလုံး ဆုတ်ခွာသွားပြီ…. တစ်ကိုယ်တော်ကျင့်ကြံသူတွေလည်း နည်းသွားပြီ…. လွတ်နေတဲ့ အရင်းအမြစ်တွေ အများကြီးပဲ”
“တကယ်လို့ တွမ်မျိုးနွယ်စုကို အစားထိုးနိုင်မယ်ဆိုရင် လော့ထျန်းအဖွဲ့ဟာ တကယ့် အရှိန်အဟုန်နဲ့ တိုးတက်လာလိမ့်မယ်….”
“အဲဒီအချိန်ကျရင် ဒီမှာရှိနေတဲ့ ကျွန်တော့်လူတွေအားလုံး အခြေခံတည်ဆောက်ခြင်း အဆင့်ကို တက်လှမ်းနိုင်ဖို့ မျှော်လင့်ချက် ရှိလာလိမ့်မယ်”
အကယ်၍ ရှေ့ပိုင်း စကားများမှာ တိုက်ပွဲ၏ အရေးပါမှုကို ရှင်းပြနေခြင်းသာ ဖြစ်ပါက နောက်ဆုံး စကားတစ်ခွန်းမှာ ချီသန့်စင်အဆင့် (၉) ၌ ရှိနေကြသော လူတိုင်း၏ စိတ်ကို ထိမှန်သွားစေသည်။
ဤနေရာတွင် ရှိနေသော ခုနစ်ဦးထဲတွင် အသက်အကြီးဆုံးမှာ ဝမ်ယွမ်နှင့် မုရုံချင်းလျန် ဖြစ်သည်။ အသက်အငယ်ဆုံးမှာ လော့ချန်နှင့် ကူချိုင်ယီ ဖြစ်သည်။ သို့သော် မည်သူမျှ အသက် ၆၀ မကျော်ကြသေးချေ။ တစ်ဦးချင်းစီမှာလည်း အဆင့် (၉) ၌ ရှိနေကြသဖြင့် ရှေ့သို့ တစ်လှမ်းတိုးရန် အခွင့်အရေး အများကြီး ရှိနေသည်။
သို့သော် လော့ထျန်းအဖွဲ့လေးတစ်ခုတည်းနှင့် အခြေခံတည်ဆောက်ခြင်းအဆင့် ကျင့်ကြံသူ အများအပြားကို ထောက်ပံ့ပေးရန် မဖြစ်နိုင်ကြောင်း လူတိုင်း သိကြသည်။ အကယ်၍ အရင်းအမြစ် အလုံအလောက်ကို ပိုင်ဆိုင်ပြီး၊ လော့ချန်တွင် မီရှုဟွာနှင့် မတူညီသော စိတ်ထားကြီးမြတ်မှုသာ ရှိပါက လော့ထျန်းအဖွဲ့မှ အခြေခံတည်ဆောက်ခြင်းအဆင့် ကျင့်ကြံသူ အနည်းငယ် ထွက်ပေါ်လာရန် မဖြစ်နိုင်သည်တော့ မဟုတ်ပေ။
လော့ချန်၌ လူအများကို လက်ခံနိုင်သော စိတ်ထားရှိသည်ကို လူတိုင်း မြင်နေရသည်။ သူ့အပေါ် သစ္စာရှိသရွေ့ သူသည် ဘယ်သောအခါမှ မနှမြောတတ်ပေ။ လော့ထျန်းအဖွဲ့ စတင်တည်ထောင်စဉ်ကပင် လစာ အမြောက်အမြား ပေးနိုင်ခဲ့သည်။ အကယ်၍ ဤအင်အားစုကြီး ကြီးထွားလာပြီး ယခင် ဖိုရှန်းဂိုဏ်းအဆင့်သို့ ရောက်ရှိသွားပါက အခြေခံတည်ဆောက်ခြင်းအဆင့် ကျင့်ကြံသူ တစ်ဦးတည်းသာ ထွက်ပေါ်လာမည်မှာ ရယ်စရာပင်။
ခဏအတွင်းမှာပင် လော့ထျန်းအဖွဲ့မှ ကျင့်ကြံသူ ခြောက်ဦးစလုံး၏ စိတ်ထဲ၌ မျှော်လင့်ချက်များဖြင့် ပြည့်နှက်သွားသည်။ အခြားသူများကို မဆိုထားနှင့်။ စီမာဟွေ့နန်ပင်လျှင် အတော်လေး စိတ်လှုပ်ရှားသွားသည်။ သူမသည် အဆင့် (၉) အထွတ်အထိပ်သို့ ရောက်ရန် ခြေတစ်လှမ်းသာ လိုတော့သည်။ လော့ထျန်းအဖွဲ့သို့ မဝင်ခင်ကတည်းက သူမသည် မောင်နှစ်ယောက်၏ အကူအညီဖြင့် အခြေတည် ဆေးဖက်ဝင်အပင်များကို ရှာဖွေနေခဲ့ခြင်း ဖြစ်သည်။ နှမြောစရာကောင်းသည်မှာ နောက်ပိုင်း တိုက်ပွဲတစ်ခုတွင် အသက်ရှင်ရန်နှင့် ဒဏ်ရာကုသရန်အတွက် အရင်းအမြစ်များစွာ သုံးစွဲခဲ့ရခြင်းပင်။ အရင်းအမြစ်များ ပြန်လည်စုဆောင်းရန်အတွက်သာ နောက်ပိုင်းတွင် လော့ထျန်းအဖွဲ့သို့ ဝင်ရောက်လာခဲ့ခြင်းဖြစ်သည်။
လော့ချန်သည် လူတိုင်း၏ တုံ့ပြန်မှုကို အလွန်ကျေနပ်သွားသည်။ ဤအရာမှာ သူ မြင်လိုသော အရာပင်။ အခြေခံတည်ဆောက်ခြင်းဆိုသည်မှာ သူ့အတွက်သာမက တစ်ကိုယ်တော်ကျင့်ကြံသူ အားလုံးအတွက် ရယူရန် ခက်ခဲသော အရာဖြစ်သည်။ အခြားအရာများမှာ အပိုများသာ ဖြစ်ပြီး အခြေတည် အခွင့်အရေးဆိုမှသာ လူတို့၏ စိတ်ကို အမှန်တကယ် လှုပ်နှိုးနိုင်မည်ဖြစ်သည်။
စီမာဟွေ့နန်သည် ချက်ချင်းပင် လာမည့် တိုက်ပွဲအတွက် ရန်သူနှင့် မိမိတို့၏ အင်အားကွာခြားချက်ကို ခွဲခြမ်းစိတ်ဖြာပြလိုက်သည်။
“တွမ်မျိုးနွယ်စုမှာ လူဦးရေ ၁၀၀၀ လောက်ပဲ ရှိတယ်…. အများစုက သာမန်လူတွေပဲ၊ ကျင့်ကြံသူဆိုလို့ ဆယ်ပုံပုံ တစ်ပုံ ဒါမှမဟုတ် နှစ်ပုံလောက်ပဲ ရှိမယ်….”
“အဲဒီထဲမှာ ချီသန့်စင် အဆင့်မြင့် ကျင့်ကြံသူက ဆယ်ဂဏန်းလောက်ပဲ ရှိပြီး အဆင့် (၉) က ခြောက်ယောက်ပဲ ရှိတယ်”
“ခွန်အားအရ ခြုံပြောရရင် လော့ထျန်းအဖွဲ့ကို မမီဘူး….”
မုရုံချင်းလျန်သည် အသက်ရှူ မြန်နေသော တွမ်ဖုန်းကို တစ်ချက်ကြည့်ပြီး စကားကို ဆက်လိုက်သည်။
“တွမ်မျိုးနွယ်စုက လက်နက်ပန်းပဲကို အဓိကထားတဲ့ မျိုးနွယ်စုဖြစ်တာကို ထည့်တွက်ရမယ်…. သူတို့ မျိုးနွယ်စုဝင်တွေမှာ အရည်အသွေးကောင်းတဲ့ မှော်လက်နက်တွေ ရှိနေမှာပဲ”
စကားမဆုံးသေးမီမှာပင် တစ်စုံတစ်ယောက်က ကြားဖြတ်ပြောလိုက်သည်။
“အဲဒီအချက်ကိုတော့ စိတ်မပူနဲ့”
တွမ်ဖုန်းက မနေနိုင်ဘဲ ဝင်ပြောလိုက်သည်။
“တွမ်မျိုးနွယ်စု ကျင့်ကြံသူတွေရဲ့ လက်နက်တွေက အများစုက အဆင့်လတ်တွေပဲ.... အဲဒီ ခြောက်ယောက်လောက်မှာပဲ အဆင့်မြင့် မှော်လက်နက် အစုံအလင် ရှိတာ”
“ပြီးတော့ အရေးကြီးဆုံး တစ်ချက်က မျိုးနွယ်စုဝင် ကျင့်ကြံသူတွေရဲ့ တိုက်ခိုက်ရေးစွမ်းရည်က ဂိုဏ်းကျင့်ကြံသူတွေကို မမီပေမဲ့ သာမန် တစ်ကိုယ်တော်ကျင့်ကြံသူတွေထက်တော့ မြင့်တယ်.... ဒါပေမဲ့ ငါတို့ လော့ထျန်းအဖွဲ့ရဲ့ တိုက်ခိုက်ရေးသမားတွေနဲ့ ယှဉ်ရင်တော့ သူတို့က အများကြီး နိမ့်ကျနေတုန်းပဲ”
သူသည် တိုက်ပွဲကို အလွန် ရှင်းလင်းစွာ ခွဲခြမ်းစိတ်ဖြာပြနေသည်။ လူတိုင်းသည် တွမ်ဖုန်းကို ကြည့်ပြီး တွမ်မျိုးနွယ်စုအကြောင်း အသိဆုံးမှာ သူသာလျှင် ဖြစ်ကြောင်း သိလိုက်ကြသည်။ ယခုရက်ပိုင်းအတွင်း သူသည် ဤအကြောင်းကို အကြိမ်ကြိမ် အခါခါ စဉ်းစားနေခဲ့ဟန်တူသည်။
“တိုက်ပွဲဖြစ်လာရင် အဘိုးကြီး တွမ်ချန်ခွန်းသာ ထွက်မလာဘူးဆိုရင် ငါတို့ လော့ထျန်းအဖွဲ့ မုချ နိုင်မှာပဲ”
နောက်ဆုံးတွင် တွမ်ဖုန်းက ထိုသို့ အခိုင်အမာ ပြောလိုက်သည်။
လော့ချန် ခေါင်းညိတ်လိုက်သည်။ တွမ်ဖုန်းသည် အမုန်းတရားကြောင့် အသိတရား ပျောက်ကွယ်မသွားသည်မှာ ကောင်းလှသည်။ သူသည် တွမ်ချန်ခွန်းကို အမြဲ သတိထားနေခဲ့သည်။
“ဒါကြောင့် ကျွန်မတို့ အလေးအနက် စဉ်းစားရမှာက အခြေခံတည်ဆောက်ခြင်းအအဆင့် ကျင့်ကြံသူ တွမ်ချန်ခွန်းပဲ….”
စီမာဟွေ့နန်က လေးနက်သော လေသံဖြင့် ဝင်ပြောသည်။
သူမ ဤမျှ သတိထားရခြင်းမှာလည်း အပြစ်မဆိုသာပေ။ အကြောင်းမှာ တစ်ဖက်လူသည် အတွေ့အကြုံ အလွန်ရင့်ကျက်သော အခြေခံတည်ဆောက်ခြင်းအဆင့် ကျင့်ကြံသူတစ်ဦး မဟုတ်ပါလော။ သက်တမ်း သိပ်မကျန်တော့သော်လည်း တိုက်ခိုက်ရေးစွမ်းရည်မှာမူ အထင်သေး၍မရပေ။
လော့ချန်၏ မျက်လုံးများ လက်ခနဲ ဖြစ်သွားသည်။
“အစ်ကိုတွမ်.... ခင်ဗျား တွမ်ချန်ခွန်း အကြောင်း ဘယ်လောက် သိလဲ”
တွမ်ဖုန်းသည် အသက်ပြင်းပြင်းရှူကာ သူ့ကိုယ်သူ တည်ငြိမ်အောင် ထိန်းလိုက်သည်။
သူ အေးစက်စွာ ပြောလိုက်သည်။
“သူက ဒုတိယအဆင့် ရေဓာတ်ကျင့်စဉ် သမုဒ္ဒရာပိုင်းဖြတ် လှိုင်းတံပိုး ဆိုတဲ့ ကျင့်စဥ်ကို ကျင့်ကြံထားတယ်.... ဒီကျင့်စဉ်က ချီသန့်စင်အဆင့်မှာ နည်းလမ်း ၃ ခုပါပြီး အခြေခံတည်ဆောက်ခြင်းအဆင့်မှာတော့ နည်းလမ်း ၂ ခုပါတယ်.... အဲ့ဒါတွေက ပင်လယ်လှိုင်းသုံးထပ်နဲ့ လှိုင်းဖြတ်ချက်ပဲ.... ပုံမှန်ဆို တွမ်မျိုးနွယ်စု ကျင့်ကြံသူတွေက နည်းလမ်းတွေမှာ အားမစိုက်ကြဘူး.... မှော်လက်နက်တွေကိုပဲ သူတို့ အဓိက အားကိုးကြတာ.... ဒါပေမဲ့ လှိုင်းဖြတ်ချက်ကတော့ မှော်လက်နက်နဲ့ တွဲသုံးလို့ရတော့ အဲ့ဒါကို သေချာ သတိထားရမယ်...."
“မြေခွေးအိုကြီးရဲ့ မှော်လက်နက်တွေက ဒီတစ်နှစ်အတွင်းမှာ ထူးထူးခြားခြား ပြောင်းလဲသွားတာမျိုးမရှိရင်တော့ အရင်အတိုင်း အသုံးများတဲ့ သုံးမျိုးပဲ ဖြစ်လိမ့်မယ်...."
“ထိပ်တန်းအဆင့် ရေဓာတ်ဓားပျံ ဟယ်လော့ဓား၊ ထိပ်တန်းအဆင့် ချန်ခွန်းအုပ်ဆောင်း၊ ပြီးတော့ ကာကွယ်ရေး မှော်ရတနာ ကွေ့ရွှေ မှော်ဝင်ပန်းချီပဲ”
နောက်ဆုံး စကားများကို ပြောသောအခါ တွမ်ဖုန်း၏ လေသံမှာ မသိမသာ နိမ့်ကျသွားသည်။
လူတိုင်း အံ့အားသင့်သွားကြသည်။
မှော်ရတနာ ဆိုပါလား.... ။
လော့ချန်နှင့် သူ၏စွန့်စားခန်းများ
အခန်း ( ၂၆၂) - အဘိုးအို၏ သောကပင်လယ်
တွမ်မျိုးနွယ်စုတွင် ထိပ်တန်းအဆင့် မှော်လက်နက်များ ရှိနေလိမ့်မည် ဟူသောအချက်မှာ သူတို့ မျှော်လင့်ထားပြီးသားဖြစ်သည်။
ထိပ်တန်းအဆင့် မှော်လက်နက် ဆိုသည်မှာ ရှားပါးလှပြီး သာမန်ကျင့်ကြံသူများအတွက် လက်လှမ်းမီရန် ခက်ခဲလှသော်လည်း တွမ်မျိုးနွယ်စုမှာ ကျော်ကြားလှသော မှော်လက်နက် သွန်းလုပ်သည့် မျိုးနွယ်စုဖြစ်သလို တွမ်ချန်ခွန်း ကိုယ်တိုင်မှာလည်း အခြေခံ တည်ဆောက်ခြင်းအဆင့် ကျင့်ကြံသူ ဖြစ်သည်။ ထို့ကြောင့် သူလက်ထဲတွင် ထိပ်တန်းအဆင့် လက်နက် တစ်ခု သို့မဟုတ် နှစ်ခု ရှိနေနိုင်ခြင်းမှာ အံ့သြစရာ မဟုတ်ချေ။
သို့သော် မှော်ရတနာ တစ်ခု ပိုင်ဆိုင်ထားသည့် အချက်မှာမူ အလွန်စိုးရိမ်စရာ ကောင်းလှသည်။ သူတို့အား ပို၍ အံ့အားသင့်သွားစေသည်မှာ ထိုမှော်ရတနာသည် ကာကွယ်ရေး အမျိုးအစား တစ်ခု ဖြစ်နေသည့်အချက်ပင်။ လော့ချန်၏ စိတ်ထဲတွင် တစ်ချိန်က မြောင်ဝမ် အမှတ်မထင် ပြောခဲ့ဖူးသော စကားတစ်ခွန်းကို ပြန်လည် သတိရလိုက်သည်။
မီရှုဟွာအား ဝိုင်းတိုက်ခဲ့သော အခြေခံတည်ဆောက်ခြင်းအဆင့် ကျင့်ကြံသူ ငါးဦးထဲတွင် နန်ကုန်းကျင်း၊ လီရီရှန်း နှင့် ဝမ်ဟိုင်ချောင် တို့၌ မှော်ရတနာများ မရှိကြချေ။ တစ်နည်းအားဖြင့်ဆိုသော် မှော်ရတနာ ပိုင်ဆိုင်ထားသူမှာ လျန်ယွန်း ကုန်သွယ်ရေး မဟာမိတ်အဖွဲ့မှ အကြီးအကဲကျိုး နှင့် တွမ်ချန်ခွန်းတို့ နှစ်ဦးသာ ဖြစ်သည်။
ယခု တွမ်ဖုန်း ပြောပြချက်နှင့် ဆက်စပ်ကြည့်ပါက အချက်အလက်များမှာ ကွက်တိမှန်ကန်နေသည်။
“ကွေ့ရွှေ မှော်ဝင်ပန်းချီ ဟုတ်လား”
“ဒီမှော်ရတနာက ဘယ်အဆင့်လဲ၊ အားသာချက်နဲ့ အားနည်းချက်တွေက ဘာလဲ”
“ဒါကို ပြန်တိုက်ခိုက်ဖို့ နည်းလမ်းရော ရှိလား”
အစရှိသည့် မေးခွန်းများမှာ တစ်ခုပြီးတစ်ခု ထွက်ပေါ်လာသည်။
တွမ်ဖုန်းသည် တွမ်မျိုးနွယ်စု၏ အကြောင်းကို အူမချေးခါး ကောင်းကောင်းသိထားသူ ဖြစ်သော်လည်း ဤမျှ များပြားလှသော မေးခွန်းများကို ချက်ချင်း ပြန်ဖြေရန် ခက်ခဲနေရှာသည်။
သူ ခပ်မဲ့မဲ့ ပြုံးလိုက်ပြီး “ဒါကို ပြန်တိုက်ခိုက်ဖို့ နည်းလမ်းကို ငါ ဘယ်လိုလုပ် သိမှာလဲ...." ဟုသာ ပြန်ပြောနိုင်တော့သည်။
“အဲဒီ့ မှော်ရတနာရဲ့ အားသာချက်၊ အားနည်းချက်နဲ့ ပတ်သက်ရင်တော့.... အမေ ပြောဖူးတာ တစ်ခုပဲ မှတ်မိတယ်.... ဒီရတနာမှာ အားနည်းချက် လုံးဝ မရှိသလောက်ပဲတဲ့.... ဓာတ်ကြီးငါးပါးထဲက ရေဓာတ် နှင့် မြေဓာတ်တို့ ပေါင်းထားတဲ့ မှော်အစွမ်းကို အဲဒီ့ပန်းချီကားထဲမှာ ထည့်ထားတာလို့ ကြားတယ်.... ဘယ်လို တိုက်ခိုက်မှုမျိုးကိုမဆို စုပ်ယူနိုင်ပြီး အားပျော့သွားအောင်လုပ်နိုင်စွမ်း ရှိတယ်တဲ့”
“အို.... အဲ့လောက်တောင် အစွမ်းထက်တာလား”
စီမာဟွေ့နန် အံ့အားသင့်စွာဖြင့် အာမေဍိတ်သံ ထွက်သွားမိသည်။
တွမ်ဖုန်း သက်ပြင်းချလိုက်သည်။
“အစွမ်းထက်တာပေါ့.... ဒီရတနာဟာ ပျံလွှားဂိုဏ်းရဲ့ ထိပ်တန်း လျှို့ဝှက်ရတနာ ခြောက်ပါးထဲက တစ်ခုဖြစ်တဲ့ စိမ့်မြေမှော်ဝင်ပန်းချီကို ပုံတူကူးပြီး သွန်းလုပ်ထားတာလေ”
“ဒါပေမဲ့ မူလ စိမ့်မြေမှော်ဝင်ပန်းချီကတော့ စွမ်းအားကြီးတဲ့ ရေဓာတ် ခုနစ်မျိုးနဲ့ သွန်းလုပ်ထားတာ.... အဲ့ဒီထဲမှာ ရွှမ်းယွမ်ဝိညာဉ်ရေထုတို့၊ ထျန်းယီဝိညာဉ်ရေစင် တို့တောင် ပါတယ်တဲ့….”
“ဒါပေမဲ့ ဒီပုံတူ ကွေ့ရွှေ မှော်ဝင်ပန်းချီကားကတော့ ကွေ့ရွှေအနှစ်သာရ တစ်မျိုးတည်းကိုပဲ သုံးထားတာမို့ ပုံတူကတော့ မူရင်းလောက် ဘယ်ပိုကောင်းပါ့မလဲ”
ဤမှော်ရတနာ၏ မြစ်ဖျားခံရာကို သိလိုက်ရသောအခါ လူတိုင်း အကြည့်ချင်း ဖလှယ်လိုက်မိကြသည်။ ပုံတူကူးထားသော မှော်ရတနာ ဖြစ်နေလျှင်ပင် ၎င်းမှာ သူတို့ကဲ့သို့ ချီသန့်စင်အဆင့် ကျင့်ကြံသူများ အလွယ်တကူ ယှဉ်နိုင်သော အရာ မဟုတ်ချေ။
လူတိုင်း၏ စိတ်ဓာတ်များမှာ အနည်းငယ် ကျဆင်းသွားဟန် ရှိသည်။
“အဟမ်း….”
ချောင်းဟန့်သံ ခပ်အုပ်အုပ် ထွက်ပေါ်လာပြီး လူတိုင်း၏ အာရုံမှာ လော့ချန်ထံသို့ ရောက်သွားသည်။
“တွမ်ချန်ခွန်း အတွက်ကတော့ ကျွန်တော့်မှာ သီးသန့် အစီအစဉ် ရှိပါတယ်.... သူ့အတွက် ခင်ဗျားတို့ စိုးရိမ်စရာ မလိုဘူး”
လူတိုင်း အံ့အားသင့်သွားကြသည်။ သူတို့၏ ခေါင်းဆောင်မှာ အမှန်ပင် ဤမျှအထိ ယုံကြည်မှု ရှိနေသည်လော။ ဝမ်ယွမ်သည် လော့ချန်ကို တစ်ချက်ကြည့်လိုက်ပြီး သေချာ အကဲခတ်နေသည်။
လော့ချန်က ထိုအကြောင်းအရာကို ကျော်လိုက်ပြီး တည်ငြိမ်စွာ ဆက်ပြောသည်။
“ဒါတွေအပြင် ကျွန်တော်တို့ ထည့်သွင်းစဉ်းစားရမယ့် အဓိက အချက်နှစ်ချက် ကျန်သေးတယ်….”
သူ့စကားများကို အာရုံစိုက်နားစွင့်နေသော လူတစ်စုအား သူ ဆက်လက် ရှင်းပြသည်။
“ပထမအချက်က တွမ်ရွှေပဲ.... အပြင်လူတွေက သူ့ကို ငဖျင်းလို့ထင်နေကြပေမယ့် ကျွန်တော်တို့အနေနဲ့ သူက ချီသန့်စင်အထွတ်အထိပ်အဆင့် ရောက်နေတာကို မေ့ထားလို့မရဘူး.... ပြောချင်တာက သူ့ကို လျှော့တွက်လို့ မရဘူးဆိုတာပဲ”
လူတိုင်း သဘောပေါက်ဟန် ခေါင်းညိတ်ကြသည်။ ဤသည်မှာ ယုတ္တိတန်သော ကျိုးကြောင်းသုံးသပ်ချက် ဖြစ်သည်။
“ဒုတိယအချက်ကတော့ တွမ်မျိုးနွယ်စုမှာ ချီသန့်စင် အထွတ်အထိပ်အဆင့်နဲ့ ညီမျှတဲ့ တိုက်ခိုက်ရေးစွမ်းရည်ရှိတဲ့ မှော်ရုပ်သေးရုပ် တစ်ရုပ်လည်း ရှိနေသေးတယ်”
ဤစကား ထွက်လာသည်နှင့် တွမ်ဖုန်း၏ မျက်နှာမှာ ထိတ်လန့်မှုကြောင့် အရောင်ပြောင်းသွားသည်။
“ဟမ်.... ဘယ်တုန်းကလဲ”
လော့ချန်သည် တွမ်ဖုန်းကို တစ်ချက် ကြည့်လိုက်သည်။ တွမ်ချန်ခွန်းသည် သူ၏ မျိုးနွယ်စု ရှင်သန်နိုင်ရေးအတွက် အစွမ်းကုန် ကြိုးစားခဲ့ပြီး လျှို့ဝှက်ချက်များစွာကို ပြင်ဆင်ထားခဲ့သည်။ တွမ်ဖုန်းအနေဖြင့် ကလဲ့စားချေလိုစိတ် ပြင်းပြနေပြီး နေ့ ည စောင့်ကြည့်နေခဲ့လျှင်ပင် ထိုအရာအားလုံးကို သိရန်မှာ မဖြစ်နိုင်ချေ။
“ဘာပဲဖြစ်ဖြစ် တွမ်မျိုးနွယ်စုကို တိုက်ခိုက်ဖို့ကတော့ ကျောက်စာပေါ်မှာ အက္ခရာတင်သလို အတည်ဖြစ်သွားပြီ.... ဒီကိစ္စက အလျင်စလို နိုင်ပေမယ့် ပေါ့ပေါ့ဆဆလုပ်လို့တော့မရဘူး.... ကျွန်တော်တို့ ဘက်က ဆုံးရှုံးမှု အနည်းဆုံးဖြစ်အောင် အသေးစိတ် အစီအစဉ်ဆွဲရမယ်.... ဒီနေ့ပြောချင်တာကတော့ ဒီလောက်ပါပဲ.... အားလုံး ပြန်လို့ရပြီ”
....
ကျောက်အိမ်အတွင်း၌ လူနှစ်ဦး မျက်နှာချင်းဆိုင် ထိုင်နေကြသည်။
“မင်း တကယ်ပဲ တွမ်ချန်ခွန်းကို ရင်ဆိုင်ဖို့ ယုံကြည်ချက် ရှိပြီလား….”
လော့ချန်က ဝမ်ယွမ်၏ အမေးကြောင့် ရယ်မောလိုက်သည်။
“ဟားဟား.... ကျွန်တော့် ယုံကြည်ချက်က အစ်ကိုပဲလေ အစ်ကိုကြီးဝမ်ရဲ့.... ဘာလို့ကျွန်တော့်ကို ပြန်မေးနေရတာတုံး...."
ဝမ်ယွမ်သည် မျက်နှာတည်ကြီးနှင့် လော့ချန်အား စိုက်ကြည့်နေဆဲ ဖြစ်သည်။
“ဟ.... ပြောပုံကလွယ်ချက်ပဲ.... တကယ်လို့ သူ့မှာ ကာကွယ်ရေး မှော်ရတနာသာ မရှိဘူးဆိုရင် ငါ သူ့ကို ယှဉ်နိုင်တယ်.... အနိုင်ရနိုင်ခြေက ၃၀ နဲ့ ၇၀ ပေါ့ကွာ.... ငါက ၃၀ သူက ၇၀”
“အဲ့လောက်တောင် ရှိတာလားဗျ”
လော့ချန် အံ့အားသင့်စွာ မျက်ခုံးပင့်လိုက်မိသည်။
ဝမ်ယွမ် မနှစ်က လော့ထျန်းအဖွဲ့သို့ ပြန်ရောက်လာစဉ်က အခြေခံတည်ဆောက်ခြင်းအဆင့် ကျင့်ကြံသူများကို ရင်ဆိုင်ရန် ယုံကြည်မှု လုံးဝ မရှိခဲ့ခြင်းကို သူ မှတ်မိနေသေးသည်။
“အခြေခံတည်ဆောက်ခြင်းအဆင့်ကျင့်ကြံသူရဲ့ ဓားကမထက်ဘူးလို့ မင်း ထင်နေတာလား” ဟူသော စကားမှာ သူ၏ နားထဲတွင် ကြားယောင်နေဆဲ ဖြစ်သည်။
သို့သော် တိုတောင်းလှသော အချိန်အတွင်းမှာပင် ဝမ်ယွမ်သည် ဤမျှအထိ ယုံကြည်မှု ရှိလာခဲ့ပြီဖြစ်သည်။
ဝမ်ယွမ် သက်ပြင်းချလိုက်သည်။
“ဟင်း.... အဲ့ဒီတုန်းက ငါ့မှာ အစွမ်းမရှိတာ မဟုတ်ဘူးကွ.... အစွမ်းကို အသုံးချရမယ့် နည်းစနစ်တွေ မရှိခဲ့တာ”
ထိုရှင်းပြချက်ကြောင့် လော့ချန် ချက်ချင်း နားလည်သွားသည်။ နည်းစနစ်များမှာ ပြင်ပအရင်းအမြစ်များအပေါ်တွင် များစွာ မူတည်နေတတ်သည်။ လော့ချန် သိရသလောက် ဝမ်ယွမ်သည် နဂါးရတနာမှောင်ခိုစျေးကွက်မှ အဖိုးတန်ပစ္စည်းများစွာကို ဝယ်ယူရရှိခဲ့သည်။
ဥပမာအားဖြင့် ထိပ်တန်းအဆင့် မှော်လက်အိတ်များ၊ တမူထူးသည့် ဟန်ကျန်း သံကြိုး အပါအဝင် အခြားအရာများလည်း သူစုမိဆောင်းမိ ဖြစ်နေသည်။
နောက်ပိုင်းတွင် သူကိုယ်တိုင်လည်း ဝမ်ယွမ်အတွက် ဟင်္သာအသွင်ပြောင်း ကျမ်းစာကို ဝယ်ယူပေးခဲ့သဖြင့် ဝမ်ယွမ်၏ တိုက်ခိုက်ရေးစွမ်းရည်မှာ ပို၍ မြင့်မားလာခဲ့သည်။ ထို့ကြောင့် သူ ဤမျှ ယုံကြည်ချက် ရှိနေခြင်းမှာလည်း သဘာဝကျလှသည်။
“နောက်ပြီး သာမန် အခြေခံတည်ဆောက်ခြင်းအဆင့် ကျင့်ကြံသူတွေနဲ့ မတူတဲ့ အချက်တစ်ချက် တွမ်ချန်ခွန်းမှာ ရှိတယ်ကွ.... အဲ့အချက်ကြောင့်ပဲ သူ့ကို တိုက်ရမယ်ဆိုရင် ငါ့မှာ ပင်ကိုဗီဇ အရအားသာချက် ရှိတယ်”
“ဟမ်.... ဘယ်လိုမျိုးလဲဗျ”
“ဒီအဘိုးကြီးက တော်တော်အသက်ကြီးနေပြီလေကွာ.... သူ့ခန္ဓာကိုယ်ကြီးက အားနည်းနေသလို၊ လူကလည်း သေခါနီးယဲ့ယဲ့ပဲရှိတော့တယ်.... အဲ့ဒါက သူ့ရဲ့ အားနည်းချက်ပဲကွ.... ငါကျတော့သူနဲ့ ရုပ်ပိုင်းဆိုင်ရာ အရဆို ဆန့်ကျင်ဘက် ကောင်းတဲ့ဘက်မှာချည်းပဲလေ ဟားဟား.... ဟူး.... ခက်တာက သူ့မှာ မှော်ရတနာရှိနေတဲ့အချက်ပဲကွ.... ဘယ်လိုလုပ်ရမလဲ စဥ်းစားရကျပ်နေတယ်ကွာ”
ဝမ်းသာတလှည့် စိုးရိမ်တလှည့်ဖြစ်နေသည်သော သူ့အစ်ကိုကြီးကို မြင်သောအခါ လော့ချန် ခပ်ဖွဖွ ပြုံးလိုက်သည်။
“အဲ့ဒီ မှော်ရတနာ ကိစ္စကိုတော့ အစ်ကိုကြီး စိုးရိမ်စရာ မလိုဘူး.... ကျွန်တော်က ဘာအစီအစဥ်မှမရှိပဲ တွမ်ချန်ခွန်းကို တိုက်မယ့်ကောင်လားဗျ.... ပြီးတော့ မှော်ရတနာ ဆိုတာမျိုးကလည်း လူတိုင်း သည်းခြေကြိုက်တာမျိုးပဲလေ...."
လော့ချန်၏ စကားများမှာ တိမ်မယောင်နှင့်နက် ဆိုသလို နားလည်ရခက်နေသည်။ ဟိုအရင်က ကျောက်စိမ်းအိုးလေလံပွဲ၌ ကောင်းကင်လမင်းခရမ်းရွှေဘီးကို ရရှိရန်အတွက် မီရှုဟွာ တစ်ယောက် အရူးအမူး လေလံဆွဲခဲ့ပုံကို သူ ပြန်လည် မြင်ယောင်နေမိသည်။ လေလံအောင်၍ ထိန်းမနိုင်သိမ်းမရ ဝမ်းသာနေသည့် မီရှုဟွာ၏ မျက်နှာကြီးသည် သူ့စိတ်ထဲတွင် စွဲထင်နေဆဲပင်ဖြစ်သည်။
လော့ချန်၏ ယုံကြည်ချက်အပြည့်ရှိသော စကားကိုကြားရသောအခါ ဝမ်ယွမ် အားတက်သွားသည်။ လော့ချန်သည် သူ့အပေါ် ဘယ်သောအခါမှ လိမ်ညာပြောမည့်သူ မဟုတ်ကြောင်း သူ အတတ်သိသည်။
ဝမ်ယွမ် ထွက်သွားပြီးနောက် လော့ချန်သည် ကျောက်တုံးအိမ်အတွင်း တစ်ယောက်တည်း ကျန်ရစ်ကာ သူတို့၏ အစီအစဉ်တွင် အားနည်းချက်များ ရှိမရှိကို အသေးစိတ် ပြန်လည် ဆန်းစစ်နေသည်။ အတန်ကြာမှ သူ ခပ်တိုးတိုး ရယ်မောလိုက်သည်။
“ဟဲဟဲ.... နန်ကုန်းကျင်းရေ.... ခင်ဗျား ကျွန်တော့်ကို စိတ်ပျက်အောင် မလုပ်ဘူးလို့ပဲ မျှော်လင့်ပါတယ်ဗျာ”
....
ရှောင်ဟွမ်းတောင်ပေါ်တွင် ဆီးနှင်းများ အရည်ပျော်စပြုလာပြီဖြစ်သည်။
သစ်ကိုင်းခြောက်များနှင့် သစ်ရွက်များမှာလည်း အေးစက်လှသော လေပြင်းအောက်တွင် တုန်ရင်နေကြသည်။ ထိုတောင်ထိပ်သည် တွမ်မျိုးနွယ်စု၏ တားမြစ်နယ်မြေ ဖြစ်သည်။
မျိုးနွယ်စုဝင်များမှလွဲ၍ မည်သူမျှ ဝင်ခွင့်မရှိချေ။ မျိုးနွယ်စုခေါင်းဆောင် တွမ်ချန်ခွန်းနှင့် သူ့အချစ်တော်မြေး တွမ်ရွှေ တို့သာ လွတ်လပ်စွာ သွားလာခွင့် ရှိကြသည်။
လက်ရှိတွင် တွမ်ချန်ခွန်းသည် သက်ငယ်မိုး အိမ်လေးတစ်လုံး၏ အပြင်ဘက်တွင် ရပ်နေသည်။ သူ၏ အိုမင်း ရွတ်တွနေသော မျက်နှာသည် ခံစားချက် ကင်းမဲ့နေပုံပေါ်သည်။ သူ၏ အာရုံသည် လူငယ်တစ်ဦးထံတွင်သာ စူးစိုက်နေသည်။ ထိုလူငယ်မှာ ယင်-ယန် ငါးပုံစံရှိသော ဝိညာဉ်စမ်းရေတွင်း ဘေးတွင် ထိုင်နေသည်။ အရှိန်ပြင်းသော အပူဓာတ်နှင့် ရေခဲတမျှ အအေးဓာတ်တို့မှာ သူ့အား ဝန်းရံထားပြီး သူ၏ ကျင့်စဉ်နှင့်အညီ ထိုဓာတ်နှစ်ပါးမှာ တိုးလိုက်ဆုတ်လိုက် ဖြစ်နေသည်။ သူ၏ စွမ်းအင်သည်လည်း တည်ငြိမ်မှု မရှိဘဲ လှုပ်ခတ်နေသည်။
အတန်ကြာပြီးနောက် တွမ်ချန်ခွန်း လေးပင်စွာ သက်ပြင်းချလိုက်သည်။ သူသည် စိတ်ပျက်လက်ပျက်ဖြင့် တောင်ထိပ်မှ ပြန်လည် ထွက်ခွာလာခဲ့တော့သည်။
တောင်ပတ်လမ်း တစ်နေရာတွင်မူ တစ်စုံတစ်ယောက်သည် သူ့အား အဆင်သင့် စောင့်ဆိုင်းလျက်ရှိလေသည်။
“ခေါင်းဆောင်ကြီး.... သခင်လေးရော မပါဘူးလားခင်ဗျာ....”
“သူ့ အရင်လို ပြန်မကောင်းသေးဘူး.... အခြေခံ တည်ဆောက်ဖို့အတွက်တော့ အဆင်သင့်မဖြစ်သေးဘူးကွ”
သူ၏ တုန်တုန်ချိချိ အသံထဲတွင် စိတ်ပျက်အားငယ်မှုများ ပြည့်နှက်နေသည်။ နောင်တနှင့် စိတ်ပျက်မှုတို့မှာ ဖုံးဖိမရဘဲ မျက်နှာပေါ်တွင် အတိုင်းသားပေါ်နေသည်။ အကယ်၍ တောင်ပေါ်တွင် ရှိနေသူမှာ တွမ်ရွှေ မဟုတ်ဘဲ တွမ်ဖုန်းသာ ဖြစ်ခဲ့လျှင် ဤမျှလောက်သော အရင်းအမြစ်များကို မဖြုန်းတီးရဘဲ အခြေခံ တည်ဆောက်ပြီးနေလောက်ပြီဟု သူထင်သည်။
သူသည် လက်တွေ့မကျသော မေးခွန်းများဖြင့် အဖြေထုတ်မနေချင်တော့ပေ။ အိုမင်းလာလေလေ အတွေးများလာလေ ဖြစ်တတ်သည်မှာ လောကနိယာမပင် ဖြစ်လေသည်။ သူသည် တောင်ပတ်လမ်းကျဥ်းလေး အတိုင်းပင် ဖြည်းဖြည်းလျှောက်လာသည်။ ပတ်ဝန်းကျင်ရှိ ထူထပ်လှသော အဖြူရောင် နှင်းမြူများမှာ သူလာနေသည်ကို ကြိုသိသည့်အလား တစတစ ကြည်လင်ကင်းစင်နေသည်။
“ဒါနဲ့.... တွမ်ဖုန်းကော ဘာထူးလဲ.... သူ ခုထိ ပြန်မလာချင်သေးဘူးလား”
သူ့ အနောက်မှ ဝတ်ရုံနက် လူလတ်ပိုင်းတစ်ဦးက သေချာသတိထား၍ ပြန်ဖြေသည်။
“သူကတော့ ငြင်းနေတုန်းပါပဲ ခင်ဗျာ.... လော့ထျန်းအဖွဲ့က ကျွန်တော်တို့ ထင်သလောက် အားမနည်းဘူးလို့ သူက အပြတ်ပြောပါတယ်.... မျိုးနွယ်စုဆီ ပြန်မလာရင်တောင် သူ့ဘာသာ အခြေခံ တည်ဆောက်နိုင်မယ်လို့ ယုံကြည်နေပုံပဲ ခင်ဗျ”
“ဟက်....”
တွမ်ချန်ခွန်းက မျက်နှာမဲ့ကာ လှောင်ပြုံး ပြုံးလိုက်သည်။ တွမ်ဖုန်းဆိုသည့် သူ့မြေးသည် မဖြစ်နိုင်သည်ကို စိတ်ကူးယဥ်နေပေသည်။ အခြေခံတည်ဆောက်ခြင်း အဆင့်သို့ တက်လှမ်းရန်မှာ ထင်သလောက် မလွယ်ကူပေ။ တွမ်ရွှေကဲ့သို့ မျိုးနွယ်စုတစ်ခုလုံး၏ ထောက်ပံ့မှု၊ အဖိုးတန် ဆေးလုံးများစွာနှင့် အခြေခံတည်ဆေးလုံး နှစ်လုံးတောင် ရှိနေသောသူပင် ယခုအချိန်အထိ မအောင်မြင်သေးချေ။
အခြေခံတည်ဆောက်ခြင်းအဆင့် ကျင့်ကြံသူ တစ်ယောက်မှ မရှိသော၊ သူကိုယ်တိုင်ပင် အဖွဲ့ချုပ်ခေါင်းဆောင် မဟုတ်သည့် အညတရ အဖွဲ့အစည်းလေးတစ်ခုမှနေ၍ ဤကဲ့သို့ အိပ်မက် မက်ရဲခြင်းမှာ တွမ်ချန်ခွန်းအဖို့ ရီစရာကောင်းနေသည်။
“ဒီကောင်က ကလေးကလား တွေးနေတာပဲ.... တန်ချန်ဇီဆိုတဲ့ ဆေးဆရာစုတ်ကို တော်တော် အထင်ကြီးနေပုံပဲ”
တန်ချန်ဇီ ဆိုသည်မှာ လော့ချန်၏ ကျင့်ကြံသူဘွဲ့အမည် ဖြစ်သည်။ ကျောက်စိမ်းအမြုတေ ဆေးလုံး၏ ဂုဏ်သတင်း မြင့်တက်လာစေရန်အတွက် မီရှုဟွာက ကင်ပွန်းတပ် မင်္ဂလာပေးခဲ့ခြင်း ဖြစ်သည်။ အခြေခံတည်ဆောက်ခြင်းအဆင့် ကျင့်ကြံသူများကြားတွင် လော့ချန်၏ အမည်ရင်းကို မသိခင်က တန်ချန်ဇီ ဟုသာ ရည်ညွှန်းခေါ်ဆိုခဲ့ကြသည်။
ဝတ်ရုံနက်ကျင့်ကြံသူက ထပ်ပြောလိုက်သည်။
“တန်ချန်ဇီရဲ့ ဆေးဖော်စပ်တဲ့ အစွမ်းကိုတော့ ကျွန်တော် သေချာမသိပေမဲ့ သူ့ရဲ့ တိုက်ခိုက်နိုင်စွမ်း ကတော့ တမူထူးပါတယ်.... ပြီးခဲ့တဲ့ မိစ္ဆာသားရဲလှိုင်းလုံးတုန်းကလဲ အမှန်ဆို လော့ထျန်းအဖွဲ့ချုပ်ဟာ လုံးဝ ပြာပုံထဲရောက်ရမှာပါ.... တန်ချန်ဇီ ရောက်လာမှ သူတို့နိုင်သွားတာပါ ခင်ဗျ”
“အင်း.... ငါ သိတယ်”
တွမ်ချန်ခွန်း သက်ပြင်းချလိုက်သည်။
“ဖူမျိုးနွယ်စုကို တိုက်တုန်းကလဲ ငါ ခပ်လှမ်းလှမ်းက စောင့်ကြည့်နေတာ.... ဒီလောက် ငယ်ငယ်ရွယ်ရွယ်နဲ့ ဒုတိယအဆင့် အစီအရင်မန္တန်တွေကို ကျွမ်းကျင်နေတာက ပါရမီရှင်လို့တောင်ခေါ်လို့ရနေပြီ.... သူသာ ဓာတ်ကြီးငါးပါးဂိုဏ်းရဲ့ တပည့်သာဆိုရင် အတော် ခရီးရောက်နေလောက်ပြီ.... နောက်ပြီး တန်ချန်ဇီ တင်မကဘူး.... ဝမ်ယွမ် ဆိုတဲ့ ကောင်က ပိုပြီး ကြောက်စရာကောင်းတယ်.... သူ တစ်ယောက်တည်းနဲ့ ဒုတိယအဆင့် မျောက်ဝံကို ယှဉ်နိုင်တဲ့တစ်ချက်တည်းနဲ့တင် ငါတို့ မျိုးနွယ်စုရဲ့ အစီအစဉ်တွေ အားလုံး ပျက်စီးသွားခဲ့တာပဲ”
“အင်း.... တန်ချန်ဇီ.... ဝမ်ယွမ်.... သူတို့နှစ်ယောက် တွမ်ဖုန်းဘေးမှာ ရှိနေသရွေ့တော့ ငါ တွမ်မျိုးနွယ်စုကို စိတ်ချလက်ချ ထားခဲ့နိုင်မှာမဟုတ်ဘူး.... ခက်တာက ငါ ကိုယ်တိုင် ရှေ့ထွက်လှုပ်ရှားလို့ မရဘူး.... အင်း မရတာထက် မလှုပ်ရှားသင့်ဘူးဖြစ်နေတယ်...."
ထိုအမည်နှစ်ခုကို ရေရွတ်ရင်း တွမ်ချန်ခွန်း၏ စိတ်တွင် အတွေးပေါင်းစုံ ဝင်နေလေသည်။ ထို့နောက် သူ စိတ်ပျက်လက်ပျက် ခေါင်းခါလိုက်သည်။ တန်ချန်ဇီနှင့် ကျောက်စိမ်းအိုး ဓားဂိုဏ်းတို့၏ ရင်းနှီးမှုကိုလည်း ထည့်တွက်ရပေဦးမည်။ အကျိုးအကြောင်း သေချာမသိရသေးသ၍ တာဟဲစျေးမြို့တော်ရှိ အခြေခံတည်ဆောက်ခြင်းအဆင့် အင်အားစု တိုင်းသည် မိမိတို့၏ အလိုရမ္မက်များကို ထိန်းချုပ်ထားရမည် ဖြစ်သည်။ ထို့ပြင် သူသည် မကြာသေးမီကမှ တစ်စုံတစ်ဦးအတွက် လက်နက်သွန်းလုပ်ပေးရန် သဘောတူထားသဖြင့် သူ လှုပ်ရှားရန် ပိုခက်ခဲနေသည်။
“ဒါနဲ့.... ရှုံ မျိုးရိုး အခြေခံတည်ဆောက်ခြင်းအဆင့် ကျင့်ကြံသူကိုရော ရှာတွေ့ပြီလား”