← Chapters

အခန်း (၂၆၃-၂၆၄)

Vol. 27 Ch. 263-264

အခန်း (၂၆၃-၂၆၄)

Vol. 27 Ch. 263-264

အခန်း (၂၆၃) - ဘုံ ၇ ဆင့် ဝိညာဉ်ပျက်သုဉ်း အစီအရင်နှင့် လော့ထျန်းအဖွဲ့၏ ဝှက်ဖဲ

ဝတ်ရုံနက်ကျင့်ကြံသူက အလျင်အမြန် ခေါင်းညိတ်လိုက်သည်။

"ဟုတ်ကဲ့ ရှာတွေ့ပါပြီခင်ဗျာ"

"သူ ဘာပြောလဲ.... ငါတို့ တွမ်မျိုးနွယ်စုရဲ့ အကြံပေး ဖြစ်ဖို့ လက်ခံရဲ့လား"

တွမ်ချန်ခွန်းသည် ဤကိစ္စကို အလွန်အမင်း အလေးထားနေပုံရသည်။

"သူက လက်ခံနိုင်တယ်လို့တော့ ပြောပါတယ်။ ဒါပေမဲ့...."

ထို 'ဒါပေမဲ့' ဆိုသည့် စကားကြောင့် တွမ်ချန်ခွန်း၏ မျက်မှောင်ကြုတ်သွားရသည်။ သူသည် ရှုံကွမ်း အကြောင်းကို ကောင်းကောင်းသိသည်။ ထိုလူမှာ တာဟဲဈေးမြို့တော်တွင် မည်သည့်အဖွဲ့အစည်းကိုမှ သစ္စာမခံဘဲ လွတ်လပ်စွာ ကျင်လည်နေသည့် တစ်ကိုယ်တော်ကျင့်ကြံသူတစ်ဦး ဖြစ်သည်။ တစ်နှစ်ပတ်လုံး တောနက်ကြီးများနှင့် စိမ့်မြေတောကြီးများထဲတွင် မိစ္ဆာသားရဲများကို အမဲလိုက်ရင်း အသက်မွေးသူလည်း ဖြစ်သည်။ သူ၏ တိုက်ခိုက်ရေးစွမ်းရည်မှာ အလွန်ပင် ပြင်းထန်လှပြီး မည်သည့်ဂိုဏ်းကြီးမှ အခြေခံတည်ဆောက်ခြင်းအဆင့် ကျင့်ကြံသူနှင့်မဆို ရင်ဘောင်တန်းနိုင်သည်။

သို့သော် ရှုံကွမ်းသည် ချုပ်နှောင်ခံရခြင်းကို မုန်းတီးသည်။ လွတ်လပ်မှုကို တွယ်တာသည်။ သူ၏ ဆုံးဖြတ်ချက်တိုင်းသည် အကျိုးအမြတ်အပေါ်တွင်သာ အခြေခံပြီး သစ္စာတရား သို့မဟုတ် သံယောဇဉ်ဆိုသည်မှာ သူ၏ အဘိဓာန်တွင် မရှိချေ။ အတ္တဆန်လှသော တွက်ချက်မှုနှင့် ရရှိမည့် အကျိုးအမြတ်ကသာ သူ့စိတ်ကို လှုပ်ရှားစေနိုင်သည်။

တွမ်ချန်ခွန်းသည် မီရှုဟွာနှင့် စကားစပ်မိရာမှတစ်ဆင့် ဤလူ၏အမည်ကို စသိခဲ့ခြင်း ဖြစ်သည်။ ထိုစဉ်က မီရှုဟွာ မတော်တဆ ပြောမိသော်လည်း သူ၏စိတ်ထဲတွင် ထိုအမည်မှာ စွဲထင်ကျန်ရစ်ခဲ့သည်။ မီရှုဟွာသည် ရှုံကွမ်းကို မဟာမိတ်အဖြစ် ရရှိရန်အတွက် ခံစားခွင့်အမြောက်အမြား ပေးခဲ့ရသည်။ ရှုံကွမ်း၏ အဓိက အသက်မွေးဝမ်းကျောင်းမှာ ဝေးလံခေါင်သီသော နယ်မြေများတွင် အမဲလိုက်ခြင်းဖြစ်သဖြင့် သူ၏ အကျိုးစီးပွားမှာ ဖိုရှန်းဂိုဏ်းနှင့် ဆက်နွယ်နေသည်။ ထို့ကြောင့် ငွေကြေး မက်လုံးအနည်းငယ်ဖြင့်ပင် မီရှုဟွာနှင့် ရှုံကွမ်း ပူးပေါင်းခဲ့ခြင်း ဖြစ်သည်။

အခြေခံတည်ဆောက်ခြင်းအဆင့် မျိုးနွယ်စုများက မီရှုဟွာကို ဝိုင်းရံတိုက်ခိုက်စဉ်က မီရှုဟွာသည် ရှုံကွမ်း၏ စစ်ကူကို မျှော်လင့်လျက် အသည်းအသန် ခုခံခဲ့ဖူးသည်။ ယခုအခါ တွမ်ချန်ခွန်းသည်လည်း မီရှုဟွာ၏ ခြေရာကိုနင်းကာ ရှုံကွမ်းကို စည်းရုံးရန် ကြိုးစားနေခြင်း ဖြစ်သည်။ သူသည် အတော်အတန် မြင့်မားသော ဈေးနှုန်းကိုလည်း ကမ်းလှမ်းထားပြီး ဖြစ်လေသည်။ သို့သော် ထိုလူက အဘယ်ကြောင့် အင်တင်တင်ဖြစ်နေရသနည်းဟု တွေးရင်း သူစိတ်တိုသွားသည်။

"ဒါပေမဲ့ ဘာဖြစ်လဲ"

သူ အသံကို နှိမ့်၍ မေးလိုက်သည်။

“သူက တွမ်မျိုးနွယ်စုရဲ့ အကြံပေး ဖြစ်နိုင်တယ်လို့ ပြောပါတယ်.... ဒါပေမဲ့.... အကျိုးအမြတ်ထပ်တိုးပေးရမယ်တဲ့”

"ဟမ်"

တွမ်ချန်ခွန်း၏ မျက်နှာမှာ မည်းမှောင်သွားတော့သည်။ တွမ်ချန်ခွန်း၏ စူးရှလှသော အကြည့်နှင့် ဆုံလိုက်ရသောအခါ ဝတ်ရုံနက်ကျင့်ကြံသူမှာ စိုးထိတ်သွားလေသည်။

"သူက တွမ်မျိုးနွယ်စုကို အနှစ် ၃၀ စောင့်ရှောက်ပေးမယ်လို့ ပြောပါတယ်.... ဒါပေမဲ့ မူလ ကမ်းလှမ်းချက်အပြင် မျိုးနွယ်စုဝင်ငွေ စုစုပေါင်းရဲ့ ဆယ်ရာခိုင်နှုန်းကို ထပ်တိုးတောင်းနေတာပါ.... ဒါတင် မကသေးပါဘူး.... တွမ်မျိုးနွယ်စုတစ်စုလုံးရဲ့ အင်အားနဲ့ သူ့အတွက် မှော်ရတနာ တစ်ခုကို သွန်းလုပ်ပေးရမယ်လို့လည်း သူက တောင်းဆိုထားပါတယ်ခင်ဗျာ”

ဤစကားကို ကြားလိုက်ရသည့်အခါတွင်မူ တွမ်ချန်ခွန်း ဟန်မဆောင်နိုင်ပဲ မျက်နှာအလွန် ပျက်သွားတော့သည်။ မူလကမ်းလှမ်းချက်များမှာပင် လုံလောက်သည်ထက် ပိုနေပြီဖြစ်သည်။ ယခုမူ ထိုလူမှာ အခွင့်ကောင်းယူ၍ မျိုးနွယ်စုဝင်ငွေ၏ ဆယ်ရာခိုင်နှုန်းကိုပါ ထပ်မံ ဖိညှစ်တောင်းဆိုရဲနေသည်။ သူ ဆုံးပါးပြီးနောက်တွင် တွမ်မျိုးနွယ်စု၏ ဝင်ငွေကျဆင်းသွားမည်မှာ အသေအချာပင်ဖြစ်သည်။ ထိုဆယ်ရာခိုင်နှုန်းဆိုသည်မှာ မျိုးနွယ်စု၏ ရှင်သန်ရပ်တည်ရေးကိုပါ အဆုံးအဖြတ်ပေးနိုင်လောက်မည့် ပမာဏမျိုး ဖြစ်သည်။

“နောက်ထပ် မှော်ရတနာတစ်ခု.... ဟုတ်လား.... သူက တွမ်မျိုးနွယ်စုကို နာမည်ကြီး လက်နက်ထုတ်ဂိုဏ်းတစ်ခုလို့များ ထင်နေရော့သလား...."

မှန်ပေသည်။ နှစ်ပေါင်းရာချီအတွင်းတွင် တွမ်မျိုးနွယ်စုအနေဖြင့် ကွေရွေ့ မှော်ဝင်ပန်းချီကားချပ် တစ်ခုကိုသာ အောင်မြင်စွာ ဖန်တီးနိုင်ခဲ့ခြင်း ဖြစ်လေသည်။ ဤသည်ပင်လျှင် ပျံလွှားဂိုဏ်းမှ စိမ့်မြေမှော်ဝင်ပန်းချီကားချပ်၏ နမူနာပုံစံတူကို အတုခိုးဖန်တီးခဲ့ရခြင်းဖြစ်သည်။ ရှုံကွမ်း တောင်းဆိုသည့်အတိုင်း မှော်ရတနာ အသစ်တစ်ခု သွန်းလုပ်ပေးရန်မူ မျိုးနွယ်စုတစ်ခုလုံး အနှစ်သုံးဆယ်ခန့် အပတ်တကုပ် ကြိုးစားလျှင်ပင် ပြီးနိုင်မည်မဟုတ်ပေ။

တွမ်ချန်ခွန်းသည် သူ၏ ဒေါသကို ထိန်းချုပ်ရန် ကြိုးစားနေရသဖြင့် ရင်ဘတ်မှာ နိမ့်ချည်မြင့်ချည် ဖြစ်နေသည်။ ခဏအကြာ တည်ငြိမ်သွားမှ ပြတ်သားသော အသံဖြင့် ပြောလိုက်သည်။

“ဒီကောင်က အကျိုးအမြတ်ကိုပဲ အရာရာထက် အလေးထားတဲ့လူပဲ.... အခွင့်အရေးရရင် ရသလောက် ငါတို့အကုန်လုံးဆီက ဖိညှစ်ယူနေမှာပဲ.... ညှိညှိနှိုင်းနှိုင်းပြောလို့ရမယ့်ပုံ လဲမပေါ်ဘူး.... သေချာတာတစ်ခုက သူ့အတွက် မှော်ရတနာ သွန်းလုပ်ပေးဖို့ဆိုတာ လုံးဝမဖြစ်နိုင်ဘူး.... ဒါက ငါတို့မျိုးနွယ်ဝင်တွေရဲ့ ကျင့်ကြံချိန်တွေရော ကိုယ်စွမ်း ဉာဏ်စွမ်းတွေအကုန်လုံးကိုပါ ဖြုန်းတီးပစ်သလို ဖြစ်လိမ့်မယ်”

သူ စကားစကို ခေတ္တရပ်လိုက်သည်။ ရုတ်တရက်ဆိုသလို သူ၏ မွဲခြောက်ခြောက်မျက်လုံးများ အရောင်တောက်လာသည်။ ထို့နောက် သူ ဆက်ပြောသည်။

“ဒါပေမဲ့.... ငါ မှော်ရတနာတစ်ခု ရှိနေတဲ့ နေရာကို သိထားတယ်.... အဲ့ဒါနဲ့သာ သူ့ကို မက်လုံးပေးလိုက်ရင် သေချာပေါက် သဘောတူမှာပဲ”

“ရှောင်ချီ.... ဒီပန်းချီကားနဲ့ ငါ့အမှာစကားကို သူ့ဆီ ထပ်သွားပေးလိုက်.... ပြီးတော့ နောက်ထပ် လဝက်ကြာရင် တွေ့ဖို့ ချိန်းလိုက်ပါ.... ငါကိုယ်တိုင် သူနဲ့ စကားပြောမယ်”

ပြောပြောဆိုဆိုဖြင့် သူသည် သိုလှောင်အိတ်ထဲမှ မှော်ပန်းချီကားလိပ် တစ်ခုကို ထုတ်လိုက်သည်။ ထို့နောက် ရှောင်ချီ၏ ရှေ့မှောက်၌ပင် ချီစွမ်းအင်ဖြင့် ထိုမှော်ပန်းချီကားကို နှစ်ပိုင်းဖြဲလိုက်သည်။ အရေးကြီးဆုံးအပိုင်းကိုမူ သူကိုယ်တိုင် ယူသိမ်းထားလိုက်သည်။

ရှောင်ချီဆိုသူ ဝတ်ရုံနက် ကျင့်ကြံသူသည် လူငယ်တစ်ဦး မဟုတ်ချေ။ သူသည် အသက်ရှစ်ဆယ်ကျော် ကျင့်ကြံသူတစ်ဦး ဖြစ်သည်။ ထိုသူသည် ပန်းချီကားကို ရိုသေစွာလက်ခံလိုက်ပြီးနောက် မထွက်ခွာမီ မနေနိုင်ဘဲ မေးလိုက်မိသည်။

"ဒါနဲ့ ခေါင်းဆောင်ကြီး.... တွမ်ဖုန်းနဲ့ လော့ထျန်းအဖွဲ့ကိုကော ဘယ်လိုလုပ်ကြမလဲ"

တွမ်ချန်ခွန်းက သူ့ကို အေးစက်စွာ တစ်ချက် ကြည့်လိုက်သည်။ ရှောင်ချီ ချက်ချင်းပင် ခေါင်းငုံ့လိုက်ပြီး ထပ်မပြောရဲတော့ချေ။

"သူတို့ကို ခဏလောက် လွှတ်ထားလိုက်.... လောလောဆယ်တော့ သူတို့ကို ဂရုစိုက်ဖို့မလို‌သေးဘူး"

ရှောင်ချီ ထွက်သွားပြီးနောက် တွမ်ချန်ခွန်းသည် သက်ပြင်းတစ်ချက်ကို ခပ်ဖွဖွ ချလိုက်မိသည်။

သူ တခြား ဘာလုပ်နိုင်ဦးမည်နည်း။ မျိုးနွယ်စုအတွက်ဟူသော အတွေးမျိုး တွေးလိုက်မိတိုင်း သူ မသေဆုံးမီ ဖြေရှင်းသွားရမည့်ကိစ္စများကား များပြားလှပေသည်။ မည်သို့ပင်ဆိုစေကာမူ လော့ထျန်းအဖွဲ့ သည် ချီသန့်စင်အဆင့်သာရှိသော လူငယ်များသာ ဖြစ်သည်။ သူ အမှန်တကယ်စိုးရိမ်သည်မှာ ကျောက်စိမ်းအိုးဓားဂိုဏ်းပင် ဖြစ်သည်။

အများအမြင်တွင် သူသည် သေခါနီးအဘိုးအိုကြီးသာ ဖြစ်သည်။ ယခုအချိန် သူ ဆုံးပြီ ဟူသော သတင်းပျံ့လာပါက လူတိုင်းယုံကြမည်သာဖြစ်သည်။ ထို့ကြောင့် သူသေသွားပြီဟူသော ကောလဟာလတစ်ခု ဖြန့်ကာ အခွင့်သာချိန်တွင် ရန်သူ သို့မဟုတ် ရန်သူဖြစ်လာနိုင်သူများကို သူ အသာလေး အပြတ်ရှင်းနိုင်လေသည်။ လူတိုင်းအမြင်တွင်မူ သူမရှိတော့သော တွမ်မျိုးနွယ်စု ကိုလည်း သံသယဝင်မည်မဟုတ်ပေ။ အချိန်ရသေးပါက အခြားသော အင်အားစုအချင်းချင်း အထင်အမြင်လွဲကာ သွေးချောင်းစီးစေမည့် လုပ်ရပ်များကိုလည်း သူ နောက်ကွယ်မှ တိတ်တဆိတ် ခြယ်လှယ်နိုင်ပေသေးသည်။

“အင်း.... ငါ့ဘဝတစ်လျှောက်လုံး ဒီမျိုးနွယ်စုကြောင့် အကျိုးကျေးဇူးတွေ ခံစားခဲ့ရသလို၊ ဒီမျိုးနွယ်စုကြောင့်ပဲ ငါ့မှာ ဝတ္တရားတွေ ပြန်ချည်နှောင်ခံရပြန်‌ရော....”

“အသက်တစ်ရာကျော်လောက်တုန်းကတော့ ငါ့မှာ အားအင်တွေအပြည့်နဲ့.... အခုလို အိုမင်းလာတော့ အေးဆေးနေရမလားမှတ်တယ်.... ပြသနာပေါင်း သောင်းခြောက်ထောင် နဲ့ပါလား.... တကယ်လို့ နောက်ဘဝဆိုတာသာ ရှိရင် ရှုံကွမ်းလိုလူမျိုး ဖြစ်ရတာလဲ မဆိုးဘူးပဲ.... ဘာမှ ချုပ်နှောင်မှုမရှိဘဲ လွတ်လပ်တဲ့ဘဝပေါ့...."

ထိုသို့ တိတ်တဆိတ်ရေရွတ်ရင်း အဘိုးအိုသည် ထူထပ်လှသော မြူများကြားထဲသို့ တဖြည်းဖြည်း ပျောက်ကွယ်သွားတော့သည်။

....

တိတ်ဆိတ်ခြင်းသည် ဆောင်းနှောင်းကာလ၏ လက္ခဏာဖြစ်ပြီး ဆူညံသံများမှာမူ နွေဦးရာသီ၏ နိုးထခြင်း အစပင် ဖြစ်လေသည်။

ဝုန်း.... ဝုန်း.... ဂျိန်း....

နားစည်ကွဲမတတ် ပြင်းထန်လှသော မိုးခြိမ်းသံကြီးသည် ညတာ၏ လုံးဝဥဿုံ တိတ်ဆိတ်နေမှုကို ရုတ်တရက် ဖြိုခွင်းလိုက်သည်။ နွေဦးအစတွင် ခေတ္တအလည်ရောက်လာတတ်သော ထိုရွှေဧည့်သည် မိုးခြိမ်းသံကြောင့် ခပ်သိမ်းသောအရာတို့သည် နိုးထလာကြလေသည်။

ဆီးနှင်းများမှာ အရည်ပျော်နေသော်လည်း နန်ဝါး နှင်းတောင်တန်းကြီးမှ ဆီးနှင်းထုကို ဖြိုခွင်းရန်မူ နွေဦးသည် ချန်လှပ်ထားပုံရလေသည်။ ထိုသို့ နွေဦးအကြို မိုးဖွဲဖွဲတစ်ညတွင် နှင်းတောင်တန်းကြီးပေါ်သို့ လူရိပ်တချို့ တိတ်တဆိတ်ရောက်လာကြသည်။

သူတို့တွင် အအေးဒဏ်မှ ကာကွယ်ပေးမည့် နွေးထွေးသောခြုံထည်များ မပါရှိကြချေ။ သို့သော် သူတို့၏ လက်ထဲတွင်မူ တလက်လက် တောက်ပ၍ ချွန်ထက်နေသော ဓားနှင့် လှံများကို ကိုင်ဆောင်လာကြလေသည်။

ထိုလူစုသည် ဤမဟူရာညအား သွေးနံ့ လွှမ်းနေသော ညတစ်ည အဖြစ်ပြောင်းလဲချင်ဟန် တူပေသည်။ အနက်ရောင် စစ်ဝတ်ရုံ ဝတ်ဆင်ထားသော အမျိုးသမီးတစ်ဦးသည် ထိုအုပ်စု၏ အရှေ့ဆုံးတွင် ရပ်နေသည်။

"တပ်သား ၅၀ ပါတဲ့ တပ်ဖွဲ့ အဆင်သင့် ဖြစ်ပါပြီ ခင်ဗျာ" ဟု တစ်စုံတစ်ဦးက ထိုအမျိုးသမီး နားကပ်ကာ အစီရင်ခံလိုက်သည်။

ထိုအရေအတွက်ကို ကြားလိုက်ရသည့်အခါ စီမာဟွေ့နန် အနည်းငယ် တုန်လှုပ်သွားမိသည်။ ဤသည်မှာ မိစ္ဆာသားရဲတိုက်ပွဲ အပြီးတွင် လော့ထျန်းအဖွဲ့ချုပ်မှ ခက်ခက်ခဲခဲ စုဆောင်းထားသည့်အဖွဲ့သားများ ဖြစ်သည်။ တိုက်ခိုက်ရေးခန်းမဆောင်မှ အဆင့်မြင့် ချီသန့်စင်အဆင့် ကျင့်ကြံသူအစိတ်ခန့် မှ အဓိက အင်အားအဖြစ် ပါဝင်ပြီး နောက်တစ်ဝက်မှာမူ အလယ်အလတ်အဆင့် ကျင့်ကြံသူများသာ ဖြစ်သည်။

လက်ရှိ သူတို့ ဦးတည် တိုက်ခိုက်မည့် ရန်သူကလည်း သာမညမဟုတ်ဘဲ တာဟဲမြေတွင် နှစ်ပေါင်းရာချီ ခြေကုပ်ယူထားသော ကျင့်ကြံသူမျိုးနွယ်စုကြီး ဖြစ်လေသည်။ အများ အမြင်တွင်မူ ဤလုပ်ရပ်မှာ ကျောက်တုံးကို ကြက်ဥနှင့် ပေါက်သကဲ့သို့ မိုက်ရူးရဲဆန်သော လုပ်ရပ်တစ်ခုဟု ဟားတိုက်ရယ်မောစရာ ဖြစ်နေပေလိမ့်မည်။

သို့သော် စီမာဟွေ့နန်ကမူ ထိုသို့ မယူဆချေ။ သူမသည် မိုးညထဲတွင် ဘေးတွင် ရပ်နေကြသော လူရင်းများကို ဝေ့ကြည့်လိုက်သည်။ သူမ၏ အစ်ကိုကြီး စီမာရှန့်၊ မောင်လေး စီမာဝမ်ကျဲ၊ ထိုသူတို့နှင့်အတူ ကျိုးယွမ်လီ၊ ချင်လျန်ချန်း နှင့် မုရုံချင်းလျန် တို့လည်း ရှိနေကြသည်။ သူတို့သည် လော့ထျန်း၏ ချီသန့်စင် အဆင့် ၉ ကျင့်ကြံသူများလည်း ဖြစ်သည်။ အသက်အရွယ် ကြီးရင့်နေပြီဖြစ်သော အဘွားယွမ်ပင်လျှင် ဤတိုက်ပွဲအတွက် တားမရဆီးမရ လိုက်ပါလာ ခဲ့သည်။

အခြေခံတည်ဆောက်ခြင်းအဆင့် ကျင့်ကြံသူတစ်ယောက်သာ ဝင်မပါလျှင် သူမတို့လူစုသည် သာမန်အဖွဲ့အစည်း အတော်များများကို အပြတ်အသတ် ခြေမှုန်းနိုင်ပေသည်။ ရုတ်တရက် သူမ၏ အကြည့်မှာ တွမ်ဖုန်း၏ ခါးတွင် ချိတ်ထားသော သိုလှောင်အိတ်ကြီးထံသို့ ရောက်သွားသည်။ စီမာဟွေ့နန်၏ စိတ်ထဲတွင် ယုံကြည်မှုများ တိုးလာသည်။ ထိုသားရဲကြီးမှာ သူမတို့ဘက်တွင် ရှိနေသဖြင့် ရှောင်ဟွမ်းတောင်ကို ကျုးကျော်တိုက်ခိုက်ရန် ယုံကြည်မှုရှိခဲ့သည် ကိုမူ ဝန်ခံရပေမည်။

နောက်တစ်ချက်မှာ အဖွဲ့ချုပ်ခေါင်းဆောင်၏ အမြော်အမြင် ဖြစ်သည်။ သူတို့ခေါင်းဆောင်သည် ဤတိုက်ပွဲအတွက် အချိန်ယူကာ အသေးစိတ် ပြင်ဆင်ခဲ့လေသည်။ ကျင့်ကြံသူ ၆၀ ခန့်ပါသော သူမတို့ တပ်ဖွဲ့တွင် တပ်သားတစ်ယောက်ချင်းစီ၌ သွေးအဆီအနှစ်ဆေးလုံး တစ်လုံးစီ ရှိကြသည်။

မှန်ပေသည်။ သွေးအဆီအနှစ်ဆေးလုံး ဖြစ်သည်။

လော့ချန်ကိုယ်တိုင် ထိုဆေးလုံးများကို လာပေးစဉ်က စီမာဟွေ့နန်သည် မျှော်လင့်မထားသဖြင့် အံ့အားသင့် သွားခဲ့ရသည်။ ယခင်ကာလများက မှောင်ခိုဈေးကွက်တွင် သူမထံမှ ရောင်စဉ်ပုလဲအနှစ်သာရဆေးကို ဝယ်ယူခဲ့သူမှာ လော့ချန် ဖြစ်နေလိမ့်မည်ဟု တစ်ခါမျှ မတွေးခဲ့ဖူးချေ။ သို့သော် သေချာစွာ ပြန်စဉ်းစားကြည့်လျှင်မူ အဓိပ္ပာယ်ရှိပေသည်။

တာဟဲဈေးမြို့တော် တစ်ခုလုံးတွင် တန်ချန်ဇီ ဟူသော ဘွဲ့အမည်ကို ဆောင်ထားသည့် လော့ချန်မှလွဲ၍ ဤကဲ့သို့ အာနိသင် အစွမ်းထက်လှသော ဆေးလုံးများကို မည်သူက ဖော်စပ်နိုင်ဦးမည်နည်း။

လူတစ်ယောက်စီတွင် သွေးအဆီအနှစ်ဆေးလုံး တစ်လုံးစီ ရှိနေရာ သေဘေးနှင့် နီးလာလျှင်ပင် ထွက်ပေါက်တစ်ခု ပိုင်ဆိုင်ထားသဖြင့် စိတ်အေးအေးဖြင့် တိုက်ပွဲဝင်နိုင်ပေသည်။ ထိုဆေးလုံးသည် ကျင့်ကြံသူ၏ နောက်ဆုံး လက်ကျန် အင်အားကို ထုတ်သုံးနိုင်ခွင့် ရှိနေမည်ဖြစ်သလို တိုက်ပွဲ၏ အခြေအနေကိုပါ ပြောင်းပြန်လှန်နိုင်မည့် အခွင့်အရေး ဖြစ်သည်။ အခြေခံတည်ဆောက်ခြင်းအဆင့် ကျင့်ကြံသူသာ ဝင်မစွက်ဖက်ပါက ဤတိုက်ပွဲသည် ရှုံးနိုင်ချေ လုံးဝမရှိပေ။

သို့သော် အခြေခံတည်ဆောက်ခြင်းအဆင့် ကျင့်ကြံသူ ဟူသော ဂုဏ်ပုဒ်ကိုတွေးမိတိုင်း သံသယစိတ်များဝင်လာပြန်သည်။

“အဖွဲ့ချုပ်ခေါင်းဆောင်ရယ်.... ဘယ်လိုစိတ်နဲ့ ဒီလောက်အတင့်ရဲရတာလဲရှင်” ဟူ၍ စီမာဟွေ့နန် မရဲတရဲ တွေးနေမိသည်။

ထို့နောက် စီမာဟွေ့နန်သည် နောက်လှည့်ကြည့်လိုက်ပြီး အဝေးတစ်နေရာမှ ရေးတေးတေးမြင်နေရသော လခြမ်းတောင်ကြား၏ မှိတ်တုတ်မှိတ်တုတ် ဖြစ်နေသော မီးရောင်လေးများကို ကြည့်လိုက်သည်။ ရုတ်တရက် ထိုလခြမ်းတောင်ကြား တစ်နေရာမှ သူမတို့အား လှမ်းကြည့်နေသော လော့ချန်၏ အရိပ်ကို မြင်လိုက်ရသကဲ့သို့ ခံစားလိုက်ရသည်။

စစ်မချီခင် တက်ကြွလှုံ့ဆော်သော မိန့်ခွန်းမျိုးမပြောသလို ယခင်တိုက်ပွဲများကဲ့သို့ စည်းစိမ် ဥစ္စာ နှင့် ဆုလာဘ်များရမည်ဟု မက်လုံးပေးခြင်းလည်း မရှိချေ။ လူစုမခွဲမီကပင် ထိုကိစ္စများနှင့် ပတ်သက်၍ ရှင်းရှင်းလင်းလင်း ပြောခဲ့ပြီး ဖြစ်သည်။

သူမ အေးတိအေးစက်ဖြင့် တိုပြတ်ပြတ် စကားတစ်ခွန်းကိုသာ ပြောလိုက်သည်။

"ချီတက်ကြစို့"

လော့ထျန်းအဖွဲ့ချုပ်၏ ကျင့်ကြံသူများသည် ဆောင်းနှင့် နွေအကူးအပြောင်း၏ အေးစိမ့်စိမ့် မိုးဒဏ်ကို အန်တုရင်း တိတ်ဆိတ်စွာ ရှေ့သို့ ချီတက်သွားကြတော့သည်။

....

အေးစက်လှသော မိုးညထဲတွင် အဖွဲ့ဝင်များသည် မကြာမီ နဖူးတွေ့ဒူးတွေ့ ကြုံရမည့် ထိုးစစ်အတွက် စိတ်ဓာတ်ပြင်းထန်စွာ ချီတက်နေကြသည်။ သူတို့၏ ချီစွမ်းအင်အများစုကို မည်သူမျှအာရုံမခံနိုင်အောင် အတတ်နိုင်ဆုံး ဖုံးကွယ်ထိန်းချုပ်ထားကြသည်။ သို့ရာတွင် ကျင့်ကြံသူလူတစ်စု တစ်ပြိုင်နက်တည်း လှုပ်ရှားနေခြင်းမျိုးသည် မည်သူမျှမရိပ်မိသွားစေရန် အလွန်ခက်ပေသည်။

ထိုသို့ လော့ထျန်းကျင့်ကြံသူများ ချီတက်ရာလမ်းတလျှောက်တွင် ချီစွမ်းအားများ ပြန့်ကျဲနေသဖြင့် အာရုံခံမိသွားသော ပြင်ပကျင့်ကြံသူအချို့လည်း ရှိလေသည်။ သို့သော် ထိုသူများသည် အနီးထိသွား၍ အကဲခတ်ရန် မဝံ့ရဲကြချေ။ ဤကဲ့သို့ စည်းစနစ်ကျသော ကျင့်ကြံသူတပ်ဖွဲ့မျိုးမှာ မြင်ရခဲလှသည်။ အထူးသဖြင့် ရှေ့ဆုံးမှ ဦးဆောင်လာသော အဆင့် ၉ ကျင့်ကြံသူများ၏ အရှိန်အဝါများသည် ကြက်သီးထဖွယ် ကောင်းနေသည်။

ထို့ကြောင့် ပြင်ပလူရိပ်များသည် ခပ်လှမ်းလှမ်းမှသာ စူးစမ်းလိုစိတ်ဖြင့် လိုက်လံအကဲခတ်နေကြသည်။

ထိုကျင့်ကြံသူတပ်ဖွဲ့အား မည်သူကမျှ အကြောင်းမဲ့ ရန်စရဲမည်မဟုတ်ချေ။ ထို့ကြောင့် နောက်ယောင်ခံလိုက်ရင်း တပ်ဖွဲ့၏ ဦးတည်ရာကို ခန့်မှန်းနေကြသည်။ လူသူကင်းမဲ့သော တောရိုင်းနယ်မြေထဲသို့ ရောက်လာသည့် အခါတွင်မူ ထိုလူရိပ်တို့၏ စိတ်ထဲတွင် တုန်လှုပ်ခြောက်ခြားဖွယ်အတွေးတစ်ခု ပေါ်လာတော့သည်။

“ဟာ.... သူတို့က ရှောင်ဟွမ်းတောင်ကို ဦးတည်နေကြတာပဲ”

ရှောင်ဟွမ်းတောင် ဆိုသည်မှာ တွမ်မျိုးနွယ်စု၏ အခြေစိုက်စခန်း ဖြစ်သည်။ တစ်နည်းပြောရလျှင် တာဟဲဈေးမြို့တော်တွင် ဂုဏ်သတင်းကြီးလှသည့် လက်နက်သွန်းလုပ်သူမျိုးနွယ်စု၏ တားမြစ်နယ်မြေ ဖြစ်သည်။ မျိုးနွယ်စု၏ အခြေခံတည်ဆောက်ခြင်းအဆင့်ကျင့်ကြံသူ ခေါင်းဆောင်ကြီး တွမ်ချန်ခွန်းကိုယ်တိုင် ကြီးကြပ်ရာနယ်မြေလည်းဖြစ်သည်။

“ဟာ.... ဒီလူတစ်သိုက်ကတော့ ရူးနေပြီလားကွာ.... မကြံကောင်းမစည်ရာ ဘာလုပ်ဖို့စဥ်းစားနေကြတာလဲ....”

ပါးနပ်သူအချို့သည် ထိုတပ်ဖွဲ့ထဲမှ လူများကို တဖြည်းဖြည်းနှင့် ရိပ်မိလာကြသည်။

"ဟိုမှာ.... ကျန်းဝမ် မဟုတ်ဘူးလား...."

“ကျန်းဝမ်၊ ချင်လျန်ချန်း၊ ယွမ်ယွဲကျောင်း.... ဟာ.... ဒါ လော့ထျန်းအဖွဲ့ချုပ်ပဲဟ....”

"သူတို့ စိတ်မှ မှန်သေးရဲ့လား.... တွမ်မျိုးနွယ်စုကို သွားရန်ရှာကြမလို့လား...."

"တောက်.... ကိုယ့်သေတွင်း ကိုယ်တူးနေကြတာဟေ့...."

"လာကွာ.... နောက်က လိုက်ကြည့်ကြမယ်.... တကယ်လို့ ပွဲကြီးပွဲကောင်းသာဆို ပစ္စည်းလေး ဘာလေး အချောင်ဝင်ကောက်လို့ရချင်ရမှာ"

"အေးဟေ့.... ငါလည်း အဲဒါ တွေးနေတာ.... လော့ထျန်းဘက်ကသူတွေက တော်တော်ငွေရွှင်တယ်လို့ ကြားဖူးတယ်”

"ဟ.... ဆေးလုံးရောင်းတာပါဆို သူတို့မှ ငွေမရွှင်ရင် ဘယ်သူငွေရွှင်မှာလဲ...."

ဤသို့ဖြင့် လောဘနှင့် စူးစမ်းလိုစိတ်များကြောင့် လော့ထျန်းတပ်ဖွဲ့ ၏ နောက်မှ လိုက်ပါလာသော ပြင်ပကျင့်ကြံသူ အရေအတွက်မှာ တဖြည်းဖြည်းပိုများလာလေသည်။ စင်စစ် နောက်ယောင်ခံသူများသည် တစ်ဦး နှစ်ဦးလောက်ပင် ရှိပါက ဤသို့အာချောင်မည်မဟုတ်ပေ။ သို့သော် လမ်းတလျှောက်မှ စူးစမ်းလိုသူများ တစတစ စုသွားကာ အုပ်စုတောင့်သွားသဖြင့် သူတို့ ရဲတင်းသွားခြင်းဖြစ်သည်။ လူ့သဘာဝအရ မိုးပြို အများဆိုသကဲ့သို့ အခြေအနေ မဟန်လျှင် အကုန်လုံးခံရမှာပဲ ဟူ၍ တွေးထားကြခြင်း ဖြစ်သည်။

သို့သော် လော့ထျန်းကျင့်ကြံသူများသည် ငြိမ်သက်နေသော ဘေးဝဲယာကို ကြည့်ကာ စိတ်ထဲတွင် သံသယဝင်စ ပြုလာသည်။ အကြောင်းမူ ချီတက်ရာ လမ်းတလျှောက်တွင် သူတို့အား တားဆီးရန် တွမ်မျိုးနွယ်စု ကျင့်ကြံသူ တစ်ဦးတစ်ယောက်မျှ ပေါ်မလာသည်မှာ ထူးဆန်းနေသည်။ ဆိတ်ငြိမ်နေသော ပတ်ဝန်းကျင်သည် အဖွဲ့ဝင်များအား စိုးရိမ်စိတ် တဖွားဖွားပေါ်လာစေသည်။ ကျင့်ကြံသူ မျိုးနွယ်စုကြီး တစ်ခုသည် သူတို့၏လှုပ်ရှားမှုကို ယခုအချိန်ထိ သတိမထားမိသည်အထိ ပေါ့ဆလိမ့်မည်မထင်ပေ။

လော့ထျန်းအဖွဲ့ချုပ်၏ တပ်ဖွဲ့များ ရှောင်ဟွမ်းတောင်ခြေသို့ ရောက်သွားသောအခါ တောင်ထိပ်ပေါ်ရှိ မျိုးနွယ်စုဝင်များ အလန့်တကြား နိုးထလာကြတော့သည်။ အလင်းတန်းများမှာ တစ်ခုပြီးတစ်ခု မှိတ်တုတ် မှိတ်တုတ် ပေါ်လာသည်။

ထိုအခါမှသာ စီမာဟွေ့နန်သည် စိတ်ပေါ့သွားဟန်ဖြင့် အသက်ကို ဖြည်းဖြည်းချင်း ရှူထုတ်လိုက်ပြီး အသံလွှင့် စက္ကူကြိုးကြာကို သေသေချာချာ သိမ်းဆည်းလိုက်သည်။

အနည်းဆုံးတော့ သူတို့၏ ပထမခြေလှမ်းမှာ အောင်မြင်သွားခဲ့ပြီ ဖြစ်သည်။

ခရီးတစ်လျှောက်လုံးတွင် တွမ်မျိုးနွယ်စု၏ ကင်းစောင့် တစ်ယောက်ကိုမျှ မတွေ့ခဲ့ရခြင်းမှာလည်း ဖြစ်နိုင်ခြေ တစ်ခုသာ ရှိသည်။ အခြားမဟုတ်၊ လော့ချန်နှင့် ဝမ်ယွမ်တို့ တိတ်တဆိတ် ကြိုတင်၍ လမ်းကြောင်းရှင်းထားခြင်း ဖြစ်ဟန်တူသည်။ ကောင်းကင်ယံသို့ စီမာဟွေ့နန် မော့ကြည့်လိုက်ရာ မှေးမှိန်နေသော ကြယ်ပွင့်လေးတစ်ပွင့်ကို သူတွေ့လိုက်ရသည်။ ထိုမှတစ်ဆင့် ရှောင်ဟွမ်းတောင်ဆီသို့ လှမ်းကြည့်လိုက်သည်။

သစ်ကိုင်းများပေါ်တွင် ဆီးနှင်းများ နေရာယူထားကြသည်။ ထို့နည်းတူ မကြာသေးခင်က တိတ်ဆိတ် မှောင်မဲနေသော ရှောင်ဟွမ်းတောင်ပေါ်တွင် ယခုအခါ တောင်ပေါ်၊ တောင်စောင်းတစ်လျှောက် မှိန်လဲ့လဲ့ မီးရောင်များ နေရာယူထားသည်ကို တွေ့လိုက်သည်။

သူမ တိုးညှင်းစွာ သက်ပြင်းချလိုက်သည်။

"အကြီးအကဲတွမ်.... အခု ရှင်တို့အလှည့်ပဲ"

သူမ၏ စကားသံအဆုံးတွင် တွမ်ဖုန်းသည် လေထဲသို့ တိတ်တဆိတ် ပျံတက်သွားသည်။ သူ့နောက်မှ ကျန်းဝမ်၊ စီမာဝမ်ကျဲ နှင့် ကူချိုင်ယီ တို့လည်း အသီးသီး လိုက်သွားကြသည်။

တွမ်ဖုန်းသည် သူတစ်ချိန်က ရင်းနှီးခဲ့သော ရှုခင်းများကို လွမ်းဆွတ်ဟန်ဖြင့် ဝေ့ကြည့်လိုက်သည်။ သူ၏ မျက်နှာတွင် ခံစားချက်မျိုးစုံ ဒွန်တွဲနေပုံပေါ်သည်။ သို့သော် မကြာမီမှာပင် နာကျည်းချက်များနှင့် အမုန်းတရားများက သူ့ စိတ်ကို ပြန်လည်လွှမ်းမိုးသွားတော့သည်။

သူ့ဖခင်သည် ဤမျိုးနွယ်စုအတွက် တိုက်ပွဲဝင်ရင်း သေဆုံးခဲ့ရသည်။ သူ့မိခင်သည် သူခင်ပွန်း အသက်ပေးကာကွယ်ပေးခဲ့သော မျိုးနွယ်စု၏ ဖိအားပေးမှုကြောင့် အဆုံးစီရင်သွားခဲ့ရသည်။

ဤမျိုးနွယ်စုသည် သူ့ကျင့်ကြံခြင်း တက်လမ်းကိုပိတ်၍ ပိုင်ဆိုင်မှုအမွေများကိုလည်း လုယူထားခဲ့သည်။ တွမ်ဖုန်း အတွက်မူ သူ့မိဘများ၏ ကြေကွဲဖွယ်ရာ အဆုံးသတ်သည် ပြန်လည် လက်စားချေရမည့် သွေးကြွေး ဖြစ်သည်။ သူ့အတွက် ရည်ရွယ်ကာ ဖခင်ဖြစ်သူ ချွေးနှင့်ရင်းပြီးရလာခဲ့သည့် အခြေတည်ဆေးလုံးကို လုယူထားခြင်းနှင့် သူ့အား အမှိုက်တစ ကဲ့သို့ စွန့်ပစ်ခဲ့ခြင်းမှာ ခွင့်မလွှတ်နိုင်သော ရန်ကြွေးဖြစ်သည်။ ထိုသွေးကြွေးနှင့် ရန်ကြွေးကို ယနေ့ သူ အဆုံးသတ်ရပေလိမ့်မည်။

“ဒီလိုမျိုးနေ့ကို ငါမရောက်ချင်ခဲ့ဘူး.... ဒါပေမဲ့.... ခင်ဗျားတို့ စခဲ့တဲ့ဇာတ်လမ်း ခင်ဗျားတို့နဲ့ပဲ အဆုံးသတ်ပေးရမှာပဲ.... ဒီလိုလုပ်ဖို့ အတင်းတွန်းပို့တဲ့ ခင်ဗျားတို့တသိုက် အချင်းချင်းအပြစ်တင်ရင်း သေလိုက်ကြတော့....”

ထိုသို့ အံကြိတ်ကာ ရေရွတ်လိုက်ရင်း သူ အသက်ပြင်းပြင်းရှူလိုက်သည်။ ထို့နောက် သူနှင့် ပါလာသူများကို လှည့်ကြည့်ကာ ခေါင်းညိတ်ပြလိုက်သည်။ သူတို့လေးဦးသား အချင်းချင်းနားလည်ဟန်ဖြင့် အမြန်လူစုခွဲလိုက်ကြပြီး တာဝန်ကျရာ သတ်မှတ်နေရာများဆီသို့ အသီးသီး ပျံသန်းသွားကြတော့သည်။

သူတို့ စတင် လှုပ်ရှားလိုက်သည်နှင့် ရှောင်ဟွမ်းတောင်ပေါ်ရှိ တွမ်ကျင့်ကြံသူများသည် ငြိမ်မနေကြတော့ချေ။ တွမ်ကျင့်ကြံသူများသည် ရှောင်ဟွမ်းတောင်အတွင်းရှိ အရေးအပါဆုံး နေရာ ခုနစ်ခုဆီသို့ အပြေးအလွှား သွားလိုက်ကြသည်။ သူတို့သည် တွမ်ဖုန်းတို့ အဖွဲ့ထက် မြန်အောင်လှုပ်ရှားလိုက်သည်။

ထို့နောက်တွင် အံ့သြတုန်လှုပ်ဖွယ်ကောင်းသော အလင်းတန်းခုနစ်မျိုး ဖြာထွက်နေသည့် အကာအကွယ်အစီအရင်တစ်ခု ကောင်းကင်ယံသို့ ထိုးတက်သွားလေသည်။ ထိုအစီအရင်သည် ကျူးကျော်သူများကို စိစိညက် ချေမှုန်းနိုင်မည့် အစွမ်းများနှင့်အတူ စတင်အသက်ဝင်လာတော့သည်။

ရွှေရောင်၊ အစိမ်းရောင်၊ အပြာရောင်၊ အနီရောင်နှင့် အဝါရောင်တို့မှာ မျက်စိကျိန်းမတတ် တောက်ပကာ အရောင်အချင်းချင်း ရောယှက်နေကြသည်။ အစီအရင်၏ အပြင်ဘက်တွင်မူ မှောင်မဲနေသော တောင်ပတ်လည်နှင့် ကြယ်စင်များ၏ ဖျော့တော့တော့ အလင်းရောင်တို့သည် မဟူရာညကို လွှမ်းခြုံထားလေသည်။

ထိုအခိုက် ထက်ကောင်းကင်ယံတွင် တိမ်တိုက်တစ်ခုသည် ငြိမ်သက်စွာ ဝဲပျံလျက်ရှိသည်။ ထိုတိမ်ပေါ်တွင် ရှိနေသူမှာ နန်ကုန်းကျင်း ဖြစ်ပြီး သူ၏ နံဘေးတွင်မူ စိတ်လှုပ်ရှားနေသော သားဖြစ်သူ နန်ကုန်းချင်လည်း ရှိနေသည်။ အရောင်ခုနစ်မျိုးဖြာထွက်နေသော ထိုအစီအရင်ကို စိုက်ကြည့်ရင်း နန်ကုန်းကျင်း တည်ငြိမ်လေးနက်စွာ ဆိုလိုက်သည်။

"အိုး.... ဒါက တွမ်မျိုးနွယ်စုရဲ့ တောင်စောင့်အစီအရင်ကြီးပါလား.... ဘုံ ၇ ဆင့် ဝိညာဉ်ပျက်သုဉ်း အစီအရင်ဆိုတာ ဒါပဲ ချင်လေး.... မင်း သေချာကြည့်ထား.... တိုက်စစ်ရော ခံစစ်ပါ လုပ်နိုင်စွမ်း ရှိတဲ့ ဒုတိယအဆင့် အစီအရင်ပေါ့....”

“ဟူး.... ဒီအစီအရင်က အရမ်းစွမ်းတယ်ကွ.... ဒီလိုကာကွယ်စွမ်းရှိပုံမျိုးနဲ့ဆို တွမ်ချန်ခွန်းကြီး သေသွားရင်တောင် တွမ်မျိုးနွယ်စုက မျက်နှာငယ်စရာမလိုဘူးပဲ.... စိတ်မကောင်းစရာက ငါတို့ နန်ကုန်းမျိုးနွယ်စုမှာ ပထမအဆင့် အစီအရင်ပဲ ရှိသေးတယ်.... အခွင့်သာတဲ့တစ်နေ့ မျိုးနွယ်စုကို ကာကွယ်ဖို့အတွက် ဒုတိယအဆင့် အစီအရင်တစ်ခုကို ငါတို့ မဖြစ်မနေရှာရမယ် ချင်လေး"

နန်ကုန်းကျင်း၏ ရှင်းပြချက်နှင့် ဆုံးမစကားများကို နန်ကုန်းချင်သည် သံမှိုစွဲသကဲ့သို့ အလေးအနက် မှတ်သားကာ သေချာပေါက်လိုက်နာရန် စိတ်ပိုင်းဖြတ်လိုက်သည်။ သူ၏ စိတ်လှုပ်ရှားမှုများသည် တည်ငြိမ်သွားသယောင် ရှိပေသည်။

"ဟိုမှာ သေချာကြည့်စမ်း.... ချင်လေး၊ အစီအရင်ထဲမှာ စုစည်းနေတဲ့ ချီစွမ်းအင်တွေကို တွေ့လား.... ဒါတောင်အပြည့်အဝ အသက်ဝင်သေးတာမဟုတ်ဘူး.... တကယ်လို့သာ ကန့်သတ်ချက်ရောက်တဲ့အထိ အသက်ဝင်သွားရင်.... အင်း.... ပြောလို့မရဘူး.... ကောင်းကင်ဘုံနဲ့ မဟာပထဝီမြေကြီးတောင် လှုပ်ခါသွားမလားပဲ....”

"ဟာ.... ဒါဆို လော့ထျန်းအဖွဲ့ချုပ်က ဒီအစီအရင်ကို ချိုးဖျက်နိုင်ပါ့မလား.... ဖေဖေရော ဘယ်လိုထင်လဲ"

ထိုမေးခွန်း၏အဖြေကို သူတို့သားအဖတင်မက ချောင်းမြောင်းကြည့်ရှုနေသည့် နောက်ယောင်ခံသူ လူတစ်စု၏ စိတ်ထဲတွင်လည်း သိချင်နေကြသည်။ တိုင်ပင်ထားသည့်အလား သူတို့သည် လော့ထျန်းနှင့် ဖူမျိုးနွယ်စု၏ တိုက်ပွဲကို ပြန်သတိရလိုက်သည်။ ထိုစဥ်က သူတစ်ဦးထဲနှင့် ဖူမျိုးနွယ်စုအိမ်တော်ကို ဖျက်ဆီးနိုင်ခဲ့သည့် ကျင့်ကြံသူတစ်ဦးရှိသည်။ အကယ်၍ ထိုကျင့်ကြံသူသာ လက်ရှိအချိန်တွင် ရောက်လာပါက အစီအရင်ကို ဖျက်ဆီးနိုင်မည်လား ဟူ၍လည်း စဥ်းစားနေကြသည်။

သို့သော် ရှောင်ဟွမ်းတောင်၏ အောက်တွင် ဝမ်ယွမ်၏ အရိပ်အယောင်ကို မတွေ့ရပေ။

"တကယ်လို့ သူတို့ ဒီအစီအရင်ကို မဖောက်နိုင်ရင် ငါတို့ ပြန်ကြမယ် ချင်လေး...." ဟု နန်ကုန်းကျင်းက ခပ်တိုးတိုး ပြောလိုက်သည်။

သို့သော် သူ၏ စိတ်ထဲတွင်မူ လော့ထျန်းအဖွဲ့ချုပ်အပေါ် မျှော်လင့်ချက် ရှိနေသည်။ ထို့အပြင် အခြေခံတည်ဆောက်ခြင်းအဆင့် မျိုးနွယ်စု တစ်ခုအား ထိုးစစ်ဆင်ရဲသည်အထိ လော့ထျန်းအဖွဲ့ချုပ်တွင် မည်သည့်ဝှက်ဖဲမျိုးရှိနေမည်ကို သူ သိလိုစိတ်ပြင်းပြလျက် ရှိလေသည်။

လော့ချန်နှင့် သူ၏စွန့်စားခန်းများ

အခန်း (၂၆၄) - သင်းကွဲငှက်တို့၏ တိုက်ပွဲခေါ်သံ

ဘုံ ၇ ဆင့် ဝိညာဉ်ပျက်သုဉ်း အစီအရင် ကာရန်လိုက်သည်နှင့်တစ်ပြိုင်နက် ထိုအတွင်းမှ အားပြင်းလှသော ချီစွမ်းအင်များ ပေါက်ကွဲထွက်ပေါ်လာသည်။ မကြာမီတွင် မှော်အစီအရင်မှ တိုက်ခိုက်မှုများ တစ်ဆက်တည်း ထွက်ပေါ်လာတော့မည်ကို မည်သူမဆို ခန့်မှန်းကြည့်ရုံဖြင့် သိနိုင်ပေသည်။

ဤကဲ့သို့သော အစွမ်းထက်အစီအရင်နှင့် ရင်ဆိုင်ရတော့မည့် အခြေအနေရောက်နေသော်လည်း တွမ်ဖုန်းနှင့် အခြားသုံးဦးမှာမူ တုန်လှုပ်ခြင်းမရှိဘဲ တည်ငြိမ်နေကြသည်။ သူတို့သည် မတူညီသော ဓာတ်သဘာဝများရှိသည့် အဆင့်မြင့် မှော်လက်နက် တစ်ခုစီကို ထုတ်ယူလိုက်ပြီး အစီအရင်၏ အချက်အချာကျသော နေရာလေးခုဆီသို့ ချိန်ရွယ်လိုက်ကြသည်။ ထို့နောက် တွေဝေမနေပဲ ထိုမှော်လက်နက်များကို အစီအရင်ထဲသို့ ပစ်သွင်းလိုက်ကြတော့သည်။

ထိုအခါ အစီအရင်ကို ထိန်းချုပ်နေကြသော တွမ်မျိုးနွယ်စု ကျင့်ကြံသူများ ထိတ်လန့်တုန်လှုပ် သွားကြသည်။ ထို အဆင့်မြင့် မှော်လက်နက်များသည် အစီအရင်၏ အဓိကနေရာလေးနေရာတွင် ချိန်ရွယ်မှတ်အတိုင်း တစ်ခုပြီးတစ်ခု ပေါက်ကွဲသွားတော့သည်။

ဝုန်း....

ဝုန်း....

ဝုန်း....

ဝုန်း....

ပေါက်ကွဲသံများ ဟိန်းထွက်လာသည်နှင့်တစ်ပြိုင်နက် ဘုံ ၇ ဆင့် ဝိညာဉ်ပျက်သုဉ်း အစီအရင်အတွင်းမှ ထွက်ပေါ်လာသော ကြီးမားလှသည့် ချီစွမ်းအင် လှိုင်းကြီးမှာ ချက်ချင်းဖရိုဖရဲဖြစ်ကာ ပျောက်ကွယ်သွားတော့သည်။ မြေကြီးထဲမှ ဖောက်ထွက်လာသည့် နွေဦးဝါးပင်ပေါက်များပမာ ဝင့်ကြွားစွာ ထိုးတက်လာသော ရောင်စဥ်ခုနစ်မျိုးအကာအကွယ် အတားအဆီးမှာ ယခုအခါ လေထဲတွင် လွင့်ပါးသွားသော နှင်းပွင့်များပမာ တဖွဲဖွဲ ကြွေလွင့်ကုန်သည်။

“ဟာ.... အစီအရင်ကြီး.... ပျက်စီးသွားပြီဟေ့”

တိုက်ခိုက်ရေးရော ကာကွယ်ရေးပါ အစွမ်းထက်လှပြီး တွမ်မျိုးနွယ်စုကို ကာကွယ်ပေးနိုင်သည့် ဒုတိယအဆင့် အစီအရင်ကြီးမှာ ဤမျှလောက် လွယ်လွယ်ကူကူနှင့် အမှုန့်ခြေဖျက်ခံလိုက်ရသည်မှာ ထူးဆန်းဖြစ်ရပ်သဖွယ် ဖြစ်နေသည်။

ကောင်းကင်ယံထက်မှ နန်ကုန်းချင်မှာ မှင်သက်သွားရသည်။

"ဟာ အဖေ.... ဒါက ဒုတိယအဆင့် အစီအရင် မဟုတ်ဘူးလားဗျာ.... ဘာလို့ လွယ်လွယ်လေး ပျက်သွားရတာလဲ"

သူ၏ ဘေးတွင်ရှိသော နန်ကုန်းကျင်း၏ မျက်နှာမှာမူ အလေးအနက်တွေးတောနေပုံပေါ်နေပြီး အဖြေတစ်ခုကို သိမြင်သွားသည့် အမူအရာ ပေါ်လာသည်။

"ဩော်.... သိပြီ.... ဒီလိုကိုး...."

"ဒီအစီအရင်က မှော်လက်နက်တွေကို အခြေခံပြီး တည်ဆောက်ထားတာကွ.... ဓာတ်ကြီးငါးပါးရဲ့ အပြန်အလှန် အမှီပြုမှုနဲ့ ယင်ယန်ရဲ့ နိယာမကို အသုံးချထားတာ.... တိုက်စစ်ရော ခံစစ်ပါ လုပ်နိုင်တယ်ဆိုပေမဲ့ ဒါက တောင်ရဲ့ ဝိညာဉ်ကြောတွေကနေ အခြေစိုက်ထားတာ မဟုတ်ဘူး.... တခြားနည်းတစ်ခုခုကို ပါးပါးနပ်နပ် သုံးထားတာပဲ....”

“ခက်တာက တွမ်ဖုန်းက တွမ်မျိုးနွယ်စုက ဆိုတော့ ဒီအစီအရင်အကြောင်းကို အူမချေးခါး သိထားမှာပဲ.... အဲ့ဒါကြောင့် ဒါကို နှိမ်နင်းဖို့ ကွက်တိဖြစ်မယ့် အဖြေကို သူ သိပြီးမှလာတာပဲ.... ဟားဟား.... မှော်လက်နက်ကို မှော်လက်နက်နဲ့ ပြန်တိုက်တယ်.... ဓာတ်ကြီးငါးပါးရဲ့ ဟန်ချက်ကို အဲဓာတ်တွေနဲ့ပဲ တန်ပြန်တိုက်လိုက်တယ်.... ဒါက သိပ်နက်နဲတဲ့ နည်းဗျူဟာတော့မဟုတ်ဘူးကွ.... အစီအရင်ရဲ့ လည်ပတ်ပုံကိုသိပြီး ချက်ကောင်းကိုထိအောင်တိုက်နိုင်တာနဲ့ အလိုလို ပြိုလဲသွားမှာပဲ.... တွမ်မျိုးနွယ်စုကတော့ ကိုယ်မွေးတဲ့မျောက် ကိုယ့်ပြန်ခြောက်သလိုဖြစ်နေပြီ ဟားဟား...."

နန်ကုန်းကျင်း၏ လှောင်ပြုံးနှင့်အတူ ရှောင်ဟွမ်းတောင်ကို ကာကွယ်ထားသော ဘုံ ၇ ဆင့် ဝိညာဉ်ပျက်သုဉ်း အစီအရင်မှာ တစ်ခါမျှ မရှိခဲ့ဖူးသည့်အလား လုံးဝ ကွယ်ပျောက်သွားလေပြီ။ အလန့်တကြား နိုးထလာကြသော တွမ်မျိုးနွယ်စုဝင်များသည် ကောင်းကင်ကို ငေးကြည့်ရင်း ဘာဆက်လုပ်ရမည်မသိဘဲ ကြောင်အသွားကြသည်။ ထိုအချိန်တွင်ပင် အလွန်အမင်း ဒေါသထွက်နေသော အော်ငေါက်သံတစ်သံမှာ မှောင်မိုက်လှသော ညဉ့်ဦးယံကို ဖြတ်ကျော်ကာ ထွက်ပေါ်လာသည်။

"သစ္စာဖောက်ကောင်.... သေစမ်း"

ကြယ်တာရာများထက်ပင် ပိုမိုတောက်ပလှသော ဓားအလင်းတန်းတစ်ခု ပေါက်ကွဲထွက်ပေါ်လာသည်။ ထိုအလင်းတန်းထဲတွင် ကောင်းကင်ယံမှ ကျဆင်းလာသော မိုးကြိုးသွားကဲ့သို့ ပြင်းထန်လှသည့် အရှိန်အဝါများ ပါရှိနေပြီး ၎င်းသည် ဖျက်ဆီးလိုသော အင်အားပြင်းများဖြင့် ပစ်မှတ်ဆီသို့ တည့်တည့်မတ်မတ် ကျဆင်းလာတော့သည်။

ထိုဓားချက်ထဲတွင် မဟာသမုဒ္ဒရာ လှိုင်းလုံးများ၏ ရိုက်ခတ်သံပမာ ဝုန်းဝုန်းဒိုင်းဒိုင်း အသံများ ပဲ့တင်ထပ်နေသည်။ ဤဓားချက်မှာ အခြေခံတည်ဆောက်ခြင်းအဆင့် ကျင့်ကြံသူတစ်ဦး၏ အားကုန်သုံး တိုက်ခိုက်ချက်ဖြစ်ပြီး အစီအရင်ကို ဖျက်ဆီးခဲ့သော လက်သည်တရားခံ တွမ်ဖုန်းထံသို့ တိုက်ရိုက်ဦးတည်နေခြင်း ဖြစ်သည်။ ချီသန့်စင်အဆင့် ၉ ရှိ ကျင့်ကြံသူမျှသာဖြစ်သော တွမ်ဖုန်းသည် ဤတိုက်ခိုက်မှုကို တောင့်ခံနိုင်ပါ့မည်လား မသိနိုင်ပေ။

စိုးရိမ်ပူပန်နေသော အကြည့်များစွာအောက်တွင် တွမ်ဖုန်း၏ ရှေ့၌ ကြောက်မက်ဖွယ် ဟိန်းဟောက်သံကြီး တစ်သံ ရုတ်တရက် ထွက်ပေါ်လာသည်။

“ဝေါင်း....”

မျက်စိတစ်မှိတ်အတွင်းမှာပင် အရပ်တစ်လံခွဲခန့် မြင့်မားသော မျောက်ဝံ သားရဲကောင်ကြီးမှာ တွမ်ဖုန်း၏ ရှေ့တွင် ပေါ်လာသည်။ ၎င်းမှာ မိမိရင်ဘတ်ကို ဒေါသတကြီး ထုရိုက်လိုက်ပြီး ကြွက်သားများ ဖောင်းကားလာကာ ခန္ဓာကိုယ်မှာလည်း အရှိန်အဟုန်ဖြင့် ကြီးထွားလာသည်။

နှစ်လံ၊ သုံးလံ....။

အသက်ရှူသံ တစ်ချက်မျှအတွင်းမှာပင် ၎င်းသည် ငါးလံခန့်အထိ မြင့်မားသွားပြီး တောင်ကုန်းငယ်တစ်ခုပမာဏ လောက် ကြီးမားလာကာ ထောင်ထောင်မတ်မတ် ရပ်နေတော့သည်။ ထို့နောက် ထိုသားရဲကြီးသည် လက်ကြီးနှစ်ဖက်ကို ဆန့်ထုတ်လိုက်ပြီး အားပြင်းပြင်းဖြင့် ဓားချက်ကို ညှပ်ဖမ်းလိုက်သည်။

ဂျိန်....

ဓားအလင်းတန်းမှာ ၎င်း၏ လက်ဝါးနှစ်ဖက်ကြားတွင် အဖမ်းခံလိုက်ရပြီး ကြောက်မက်ဖွယ် ချီစွမ်းအင်လှိုင်းများမှာ မျောက်ဝံကြီးကို ဗဟိုပြု၍ ပတ်ဝန်းကျင်သို့ ပျံ့နှံ့သွားသည်။ မျောက်ဝံကြီး၏ ခြေအောက်မှ မြေပြင်သည် ချက်ချင်းပင် သုံးလံခန့် နိမ့်ဆင်းသွားပြီး မျောက်ဝံကြီးမှာလည်း မြေကြီးထဲသို့ ကိုယ်တစ်ဝက်ခန့် နစ်ဝင်သွားတော့သည်။

ထိုအချိန်တွင် လူရိပ်တစ်ခုမှာ သားရဲကြီး၏ ပုခုံးပေါ်သို့ အသာအယာ ခုန်တက်လိုက်ပြီး ရှောင်ဟွမ်းတောင်ထိပ်ရှိ လူအိုကြီးကို မကြောက်မရွံ့ စိုက်ကြည့်လိုက်သည်။

"ဟိတ် မြေခွေးအိုကြီး.... ခင်ဗျားတို့ မျိုးနွယ်စုတ်တွေ သေဖို့သာပြင်ထားတော့....

ခုညကတော့ ခင်ဗျားတို့သွေးနဲ့ ခြေဆေးမယ့်ညပဲ”

တောင်ထိပ်ပေါ်တွင် ရပ်နေသော တွမ်ချန်ခွန်းမှာ ဒေါသကြောင့် တဆတ်ဆတ်တုန်ရီနေသည်။ သူ၏ နှစ်ပေါင်းများစွာ ကျင်လည်ခဲ့သော အတွေ့အကြုံနှင့် တည်ငြိမ်မှုတို့အရ ဤမျှလောက်အထိ ရန်စမှုကို သူ တစ်ခါမျှ မကြုံခဲ့ဖူးချေ။ တွမ်ဖုန်း၏ စကားလုံးများက သူ့ကို အတိုင်းထက်အလွန် ဒေါသထွက်သွားစေသည်။ ဤမျိုးနွယ်စုသည် မိမိတစ်ဘဝလုံး ကြိုးပမ်းအားထုတ်မှု နှင့် ဂုဏ်သတင်း ဖြစ်သော်လည်း ယနေ့တွင်မူ မျိုးနွယ်စုတ်ဟု ခေါ်ဆိုခြင်း ခံလိုက်ရသည်။

ထို့နောက် သူ ဒေါသတကြီး ရယ်မောလိုက်သည်။

"ဟားဟား.... မင်းကရော တွမ်မျိုးနွယ်စုဝင် မဟုတ်ဖူးလားကွ.... အသားထဲက လောက်ထွက်တာပဲ.... ဖွီ....”

"အဟက်.... ဟုတ်တယ်လေ.... အဲ့ဒါကြောင့် ဒီသွေးညစ်တွေစီးဆင်းနေတဲ့ မျိုးနွယ်စုတ်တစ်ခုလုံးကို ကျုပ်ကိုယ်တိုင် တရားစီရင်ပြီး သန့်စင်ပေးမှာ"

တွမ်ဖုန်း သွေးဆူလာသည်။ သူ့ဘဝတစ်လျှောက်လုံးလိုလိုပင် ညပေါင်းများစွာ အိပ်မပျော်နိုင် လူးလိမ့်နေခဲ့ရပြီး အတိတ်အိပ်မက်ဆိုးများကလည်း သူ့ကို အမြဲတစေ ခြောက်လှန့်ခဲ့သည်။ လက်စားချေရန် စဉ်းစားခဲ့ပြီး သူ စိတ်ကူးယဉ်ခဲ့သမျှ အရာအားလုံးမှာ လက်တွေ့ဖြစ်ခါနီး အခိုက်အတန့်သို့ ရောက်လာပြီဖြစ်သည်။ လက်ရှိတွင် သူသည် အလွန်အမင်း စိတ်လှုပ်ရှားနေကာ သူ၏ ခန္ဓာကိုယ်မှာလည်း တုန်ရီနေသည်။

"မင်းက မျိုးနွယ်စုကို သန့်စင်ပေးမယ် ဟုတ်လား.... ဟားဟား.... ရှီဆန်းနျန်က အဲ့အတိုင်း သင်ပေးလိုက်တာလား"

"တောက်.... မြေခွေးအိုကြီး ကျုပ်အမေနာမည်ကို ခေါ်ဖို့ တန်လို့လား"

"အဟက်.... မင်းက ဒုတိယအဆင့် မျောက်စုတ်တစ်ကောင်နဲ့ ဒီတောင်ကို သိမ်းပိုက်နိုင်မယ်လို့ စိတ်ကူးယဥ်နေတယ်ပေါ့လေ....”

တွမ်ချန်ခွန်းက လှောင်ပြုံးလိုက်ပြီး သားရဲတစ်ကောင်ကဲ့သို့ စူးရှသော အကြည့်ဖြင့် တောင်ခြေသို့ ဝေ့ကြည့်ကာ ပြောလိုက်သည်။

ထိုခဏမှာပင် မှောင်မိုက်လှသော ညဉ့်ဦးယံ၏ တစ်နေရာမှ ငရဲမီးပမာ အနီရဲရဲ အလင်းတန်းကြီးတစ်ခု ပေါက်ကွဲထွက်ပေါ် လာကာ အလင်းတန်းလမ်းကြောင်းတလျှောက်တွင် လင်းထိန်နေစေလျက်ရှိသည်။ ၎င်းသည် အားပြင်းသော လေဆင်နှာမောင်းတစ်ခုပမာ ရှောင်ဟွမ်းတောင်ဆီသို့ တဟုန်ထိုးဝင်လာတော့သည်။ တောင်သို့ ရောက်ရှိသောအခါ ထိုအလင်းတန်းသည် လူရိပ်အသွင်ဖြင့် ခြေတစ်လှမ်းချင်း လှမ်းလိုက်သည်။ ခြေလှမ်းတိုင်းတွင် ဝိညာဥ်အရှိန်အဝါမှာ ဒီရေတက်သကဲ့သို့ ပိုမို ပြင်းထန်နေသည်။

တွမ်ချန်ခွန်းမှာ ငြိမ်သက်စွာ ရပ်နေဆဲဖြစ်ပြီး တောင်အနီးသို့ ချဉ်းကပ်လာသော လူရိပ်ကို အသေအချာ စိုက်ကြည့်နေသည်။ သူ၏ စူးရှသော မျက်ဝန်းများက ပတ်ဝန်းကျင်ကို အကဲခတ်နေသလို သူ၏ အစွမ်းထက်လှသော စိတ်ဝိညာဉ်အာရုံကလည်း တောင်အနီးတဝိုက် ငါးမိုင်ပတ်လည်ကို ဖြန့်ကျက်စစ်ဆေး နေသည်။

ထို့နောက် တွမ်ချန်ခွန်း အနည်းငယ် မျက်မှောင်ကြုတ်သွားသော်လည်း သူ အကဲခတ်သည့်အနေဖြင့် စကားထပ်စလိုက်သည်။

"ဒါနဲ့ မင်းတို့ နှစ်ယောက်တည်း လာအသေခံတာလား.... တခြားသူ မပါဘူးပေါ့...."

တောင်ခြေတွင် တွမ်ဖုန်းက ပြန်ပြောရန် ပါးစပ်ဟလိုက်သော်လည်း သူ ပြန်မပြောမီမှာပင် စီမာဟွေ့နန်၏ အသံစူးစူးကို ကြားလိုက်ရသည်။

"တွမ်ဖုန်းရေ ဒီအဘိုးကြီးကို ပြန်ပြောမနေနဲ့တော့.... သူ့လူတွေ ပြင်ဆင်ချိန်ရအောင် သက်သက်မဲ့ အချိန်ဆွဲနေတာ.... ကဲ အားလုံးပဲ စတိုက်ကြစို့"

စီမာဟွေ့နန်သည် ထိုသို့ အမိန့်ပေးလိုက်ရင်း ရှေ့ဆုံးမှ ဦးဆောင်သွားလိုက်သည်။ သူမ၏ အစ်ကိုကြီးနှင့် မောင်ဖြစ်သူတို့မှာ ဘေးတစ်ဖက်တစ်ချက်တွင် ပါဝင်လာကြပြီး ချီစွမ်းအင်များကို အမြင့်ဆုံးအထိ မြှင့်တင်လိုက်ကြသည်။ ချင်လျန်ချန်းမှာ ဧရာမရွှေရောင်တူကြီးကို ကိုင်စွဲကာ မုရုံချင်းလျန်နှင့်အတူ ရှေ့သို့ ချီတက်လာသည်။ ကျိုးယွမ်လီသည် ဘေးမှ လျိုချန်းကို ခေါင်းညိတ်ပြလိုက်ပြီး သူ၏ ဓားရှည်ကြီးမှာ အနားတွင် ဝဲပျံနေလျက် ရှောင်ဟွမ်းတောင်ဆီသို့ လှမ်းဝင်သွားသည်။ စိတ်လှုပ်ရှားနေသော လျိုချန်းသည်လည်း တောင်ပေါ် တောအုပ်တစ်နေရာထဲသို့ ဝင်ရောက် ပျောက်ကွယ်သွားသည်။

အခြားတစ်ဖက်တွင်လည်း ကျန်းဝမ်၊ အဘွားယွမ် နှင့် ကူချိုင်ယီ တို့မှာ အလင်းတန်းများအဖြစ် ပြောင်းလဲကာ ရှေ့မှ ဦးဆောင်သွားကြသည်။ ထို့နည်းတူ လော့ထျန်းအဖွဲ့ချုပ်မှ ဒါဇင်နှင့်ချီသော ကျင့်ကြံသူများသည်လည်း တွန့်ဆုတ်မနေဘဲ သူတို့ အနောက်မှ ထပ်ကြပ်မကွာ လိုက်ပါသွားကြသည်။

မကြာမီအချိန် ခဏအတွင်းမှာပင် တိုက်ပွဲဝင်သံများက ကောင်းကင်ယံကို တုန်ဟိန်းသွားစေတော့သည်။

All Chapters