← Chapters

အခန်း (၂၆၅-၂၆၆)

Vol. 27 Ch. 265-266

အခန်း (၂၆၅-၂၆၆)

Vol. 27 Ch. 265-266

အခန်း (၂၆၅) - သူစိမ်းဆန်သွားသော သွေးရင်းနှင့် လှိုင်းတံပိုးကြားမှ ကူရာမဲ့သူ

တွမ်ချန်ခွန်းသည် အသက်ကို ပြင်းပြင်းရှူသွင်းကာ နောက်သို့ အလျင်အမြန် ဆုတ်ခွာလိုက်သည်။ သူသည် စကားလုံးများဖြင့် အချိန်ဆွဲပေးရင်း တွမ်မျိုးနွယ်စုကျင့်ကြံသူများ အင်အားစုစည်းရန် အခွင့်အရေး ဖန်တီးပေးခဲ့သည်။ ယခု အရေးကြီးဆုံးမှာ ရန်သူအားလုံးကို အမြန်ဆုံး အပြတ်ရှင်းရန်ပင် ဖြစ်သည်။

သူ ဆုတ်ခွာလိုက်သည်နှင့် တစ်ပြိုင်နက် သူ ရပ်နေခဲ့သော နေရာသို့ ကြီးမားလှသော လက်သီးချက်ကြီးတစ်ခု ကျရောက်လာသည်။ ပြင်းထန်လှသော ချီစွမ်းအင်များ ပေါက်ကွဲထွက်ပေါ်လာပြီး တောအုပ်မြေပြင်တွင် ကျင်းကြီးတစ်ခု ဖြစ်သွားတော့သည်။

"တော်တော်ပြင်းတဲ့ လက်သီးချက်ပါလား"

တွမ်ချန်ခွန်းသည် တိုက်ခိုက်သူကို မှတ်မိသွားကာ မျက်မှောင်ကြုတ်ကြည့်လိုက်သည်။

"ဩော်.... ဩော်.... တိုက်ခိုက်ရေးခန်းမဆောင်က ဝမ်ယွမ်ကိုး”

မီးလျှံရောင် အရိပ်နောက်ကွယ်မှ လျှော်တေဝတ်ရုံကြမ်းကို ဝတ်ဆင်ထားသော လက်သီးချက်ပိုင်ရှင် အရှေ့သို့ ထွက်ပေါ်လာသည်။ ထိုသူသည် တွမ်ချန်ခွန်းကို ကြည့်ရင်း တိုက်ခိုက်ချေမှုန်းလိုစိတ်များဖြင့် မျက်လုံးများမှာ စူးရှတောက်ပနေသည်။

"မှန်တယ်.... ကျုပ် ဝမ်ယွမ်ပဲ.... ခင်ဗျားက အခြေခံတည်ဆောက်ခြင်းအဆင့် ကျင့်ကြံသူ ပေါ့လေ”

“ဒီနေ့တော့ ကျုပ်အစွမ်းတွေကို ခင်ဗျားအပေါ်မှာ စမ်းသပ်ကြည့်ရတော့မှာပဲ"

ပြောပြောဆိုဆိုဖြင့် သူ လက်သီးတစ်ချက် ပစ်လွှတ်လိုက်သည်။ သူ၏ လက်ဆစ်များပေါ်တွင် သွေးနီရောင် ချီစွမ်းအင်များက နဂါးတစ်ကောင်ပမာ ရစ်ပတ်နေသည်။ ၎င်းကို မြင်သောအခါ တွမ်ချန်ခွန်းက ရွံရှာစွာ နှာခေါင်းရှုံ့လိုက်သည်။

"ဟ.... မိစ္ဆာကောင်ပဲ"

သူ၏ ခန္ဓာကိုယ်မှာ ပျံလွှားငှက်တစ်ကောင်ပမာ ကောင်းကင်သို့ ပျံတက်သွားပြီး သူ၏ လက်ချောင်းများဖြင့် ဓားသိုင်းကွက်ဖော်ကာ လေထဲတွင် အကွေးအဝိုက်တစ်ခု ဆွဲလိုက်သည်။

ရှုး....

တဟုန်ထိုး တက်လာသော သွေးနီရောင်ချီစွမ်းအင်များ ခဏမျှ တုံ့ဆိုင်းသွားစဉ် ဝမ်ယွမ် အောက်သို့ ငုံ့ကြည့်လိုက်သည်။ သူ၏ ဝတ်ရုံမှာ စုတ်ပြဲသွားပြီး ရင်ဘတ်တွင်လည်း ဓားဒဏ်ရာ ခပ်နက်နက်တစ်ချက် ထိုးခံလိုက်ရသည်ကို တွေ့လိုက်ရသည်။

ရွှပ်....

ထိပ်တန်းအဆင့် မှော်လက်နက်ဖြစ်သော ဟယ်လော့ဓားမှာ တွမ်ချန်ခွန်း၏ ဘေးနားသို့ ရေကူးနေသော ငါးလေးတစ်ကောင်ပမာ ပြန်လည် ရောက်ရှိလာသည်။ ထို့နောက် အဘိုးကြီးသည် ခနဲ့တဲ့တဲ့ လှောင်ပြောင်ရယ်မောလိုက်သည်။

"မင်းမှာ တောင်တွေကို ဖြိုနိုင်တဲ့ခွန်အားရှိရင်တောင် ငါ့ကို နည်းနည်းမှထိခိုက်အောင် မလုပ်နိုင်ဘူးကွ.... ဟား.... ဟား.... ခန္ဓာလမ်းစဥ် ကျင့်ကြံသူတဲ့လား.... သမိုင်းထဲမှာ ပျောက်သွားတဲ့ လမ်းဟောင်းကျင့်စဥ်ကြီးပါကွာ....”

"အေး.... အဲဒီလမ်းဟောင်းကြီးကလည်း ခင်ဗျားလို လူစားလောက်တော့ သတ်နိုင်သေးတယ်.... သေစမ်း....”

ဝမ်ယွမ် ဟိန်းဟောက်လိုက်ပြီး နဂါးပျံခြေလှမ်းဖြင့် ရှေ့သို့ တိုးဝင်လိုက်ရာ ခြေလှမ်းတစ်လှမ်းချင်းစီမှာ ဆယ်မီတာခန့် ခရီးပေါက်လေသည်။ သူ၏ ရွှေရောင်လက်အိတ်စွပ်ထားသော လက်များပေါ်တွင် သွေးနီရောင်စွမ်းအားများ အရှိန်ပြင်းပြင်း စုစည်းလာသည်။ ထို့နောက် သူသည် အားကုန်သုံးကာ လက်သီးချက်ကို ပစ်လွှတ်လိုက်သည်။

တွမ်ချန်ခွန်း၏ နှလုံးခုန်သံမှာ တစ်ချက်ရပ်တန့်သွားပြီး အလျင်အမြန်ပင် အကာအကွယ်တစ်ခု ဖန်တီးလိုက်ရသည်။

ဒိုင်း....

နားကွဲလုမတတ် ပေါက်ကွဲသံကြီး ထွက်ပေါ်လာပြီး အဘိုးကြီးမှာ လွင့်ထွက်သွားတော့သည်။ သူ လေထဲတွင် လွင့်နေစဉ်မှာပင် သူ၏ ထိပ်တန်းအဆင့် ဟယ်လော့ဓားမှာ မိုးပြာရောင်အလင်းတန်းများဖြင့် တောက်ပလာသည်။ ထိုဓားမှ ရေဓာတ် စွမ်းအင်များကို လှိုင်းလုံးကြီးများပမာ ထုတ်လွှတ်လိုက်သည်။

"ခွေးကောင်ရာ.... မင်းလုပ်သွားတာ ကြည့်လို့ကောင်းပါတယ်.... ခက်တာက ငါ့ကို မယှဥ်နိုင်ဘူးကွ”

"သောက်စကားများမနေနဲ့.... သေစမ်း အဘိုးကြီး….”

တွမ်ချန်ခွန်း၏ မျက်နှာထား တင်းမာသွားသော်လည်း သူ၏ နှစ်ပေါင်းများစွာ တိုက်ပွဲဝင်ခဲ့သော အတွေ့အကြုံ များကြောင့် သူသည် တည်ငြိမ်နေဆဲဖြစ်ပြီး ထိတ်လန့်မှု အရိပ်အယောင်မတွေ့ရပေ။ သူသည် မှောင်မိုက်နေသော ကောင်းကင်ယံတွင် ဝဲပျံလှုပ်ရှားရင်း ဝမ်ယွမ်နှင့် သူ့ ကြားရှိ အကွာအဝေးကို တဖြည်းဖြည်း ချဲ့လိုက်သည်။ ဟယ်လော့ဓားမှာ မိုးညထဲတွင် ဝိညာဉ်တစ်ခုပမာ တစ်ချက်တစ်ချက် ပေါ်လာလိုက်၊ ပျောက်သွားလိုက် ဖြစ်နေသည်။ တစ်ခါတစ်ရံတွင် ညကောင်းကင်ယံထဲ၌ ပျောက်ကွယ်သွားပြီး များမကြာမီတွင် ဓားအလင်းတန်းများဖြင့် ရုတ်တရက် ပြန်‌ပေါ်လာလေသည်။

စင်စစ်မူ တွမ်ချန်ခွန်းမှာ ရှောင်တိမ်းကာ ပြန်ခုခံနေခြင်းဖြစ်သည်။ အပြန်အလှန် တိုက်ခိုက်မှု အနည်းငယ် အပြီးတွင် သူ အသာစီး ရလာခဲ့သည်။ ချီစွမ်းအား အနည်းငယ် ကုန်ခန်းသွားသည်မှအပ တွမ်ချန်ခွန်းတွင် မည်သည့် ထိခိုက်ဒဏ်ရာမျှ မရှိချေ။ ရန်သူကို မနားတမ်း လိုက်လံတိုက်ခိုက်နေသော ဝမ်ယွမ်မှာမူ ယခုအခါ တစ်ကိုယ်လုံး သွေးချင်းချင်းနီနေပြီး ခန္ဓာကိုယ်အနှံ့တွင် မရေတွက်နိုင်သော ဓားဒဏ်ရာများဖြင့် ပြည့်နှက်နေ သည်။ အချို့ဒဏ်ရာများမှာ အလွန်နက်လှသဖြင့် ကိုယ်ထဲမှအရိုးများကိုပင် အတိုင်းသား မြင်နေ ရလေသည်။ ထို့နောက် တွမ်ချန်ခွန်း၏ ခြောက်ကပ်ကပ် ရယ်သံကြီးမှာ လေထဲတွင် ပဲ့တင်ထပ်သွားသည်။

"ဟား ဟား ဟား.... ကျောက်စိမ်းသားခန္ဓာ ရှိလို့ကော ဘာထူးမှာလဲကွာ.... မသေမျိုးတွေရဲ့ ဟယ်လော့ဓားပျံ ရှေ့မှာတော့ မင်းကိုယ်လုံးကြီးက ရီချင်စရာကြီး”

သူသည် ကောင်းကင်မြင့်ထက်တွင် ဝဲပျံနေရင်း ဝမ်ယွမ်ကို ပုရွက်ဆိတ်တစ်ကောင်ပမာ အထင်သေးစွာ ငုံ့ကြည့်လိုက်သည်။

"ဒါက အခြေခံတည်ဆောက်ခြင်းအဆင့်ရဲ့ အစွမ်းလား...."

ဝမ်ယွမ်သည် လက်သီးကို တင်းတင်းဆုပ်လိုက်ပြီး သူ လက်လှမ်းမမီနိုင်သော အစွမ်းများကို ပိုင်ဆိုင်ထားသည့် အဘိုးကြီးကို မော့ကြည့်လိုက်သည်။ စိတ်ပျက်အားငယ်မှုနှင့် ဒေါသတရားတို့မှာ သူ၏ရင်ထဲတွင် ရောယှက်နေသည်။ သူ ရန်သူကို လျှော့တွက်ခဲ့မိသည်။ မှော်ရတနာ မရှိလျှင် တွမ်ချန်ခွန်းက ၇၀-၃၀ ဖြင့် အသာစီး ရမည်ဟု သူ ယုံကြည်ခဲ့သော်လည်း လက်တွေ့မှာမူ ထိုထက် ပို၍ အခြေအနေဆိုးနေသည်။

သူ မာန်တက်ခဲ့မိသည်။ ဟယ်လော့ဓားပျံ၏ အရှိန်အဟုန်နှင့် အခြေခံ တည်ဆောက်ခြင်းအဆင့်၏ သာလွန်လှသော လှုပ်ရှားမှုများကြောင့် သူသည် ရန်သူ၏ ကိုက်တစ်ရာပတ်လည်အတွင်းသို့ တိုးဝင်နိုင်ခြင်း မရှိခဲ့ချေ။ တွမ်ချန်ခွန်း၏ အသံမှာ ဓားသွားတစ်ခုပမာ အေးစက်စူးရှကာ ထပ်မံထွက်ပေါ် လာပြန် သည်။

"ခုမှကြောက်နေပြီလား.... မင်းကို အရင်သတ်မယ်.... ပြီးမှ ဒီကို ရန်လာရှာတဲ့ကောင် အကုန်လုံးခေါင်းကို လိုက်ဖြတ်ပြီး လူတိုင်း မြင်အောင် တန်းစီချိတ်ပြထားမယ်.... တာဟဲမြေက တွမ်မျိုးနွယ်စုကို ဘယ်ကောင်မှ လာပြီး ထပ်ရန်မစရဲအောင် ငါ လုပ်ပြမယ်”

တွမ်ချန်ခွန်း ထိုသို့ ကြိမ်းဝါးလိုက်သည်။ သူ၏ အသံတွင်လည်း သတ်ဖြတ်လိုစိတ်များ ပြည့်နှက်နေသည်။ အစပိုင်းတွင် သူ အငိုက်မိသွားခဲ့သည်။ အကြောင်းမူ လော့ထျန်းအဖွဲ့ချုပ်က အရင်ဦးအောင် တိုက်ခိုက်လိမ့်မည်ဟု သူ မမျှော်လင့်ထားခဲ့သောကြောင့်ပေ။

အသက်နှစ်ရာကျော်ခဲ့ပြီဖြစ်သော တွမ်ချန်ခွန်းသည် အရာရာကို မြင်တွေ့ဖူးပြီးသား ဖြစ်သည်။ ဆိုးရွားလှသော အခြေအနေတစ်ခုသည် အခွင့်အရေးကောင်းများစွာကို ဆောင်ကြဉ်းလာနိုင် ကြောင်း သူ သေချာနားလည်သည်။

ဤတိုက်ပွဲတွင် သူ အနိုင်ရရှိပြီး နောက်ပိုင်းတွင် ရှုံကွမ်း၏အင်အားဖြင့် အန္တရာယ်ဟူသမျှကို နှိမ်နင်းနိုင်ခဲ့လျှင် သူ မရှိတော့သည့်တိုင် တွမ်မျိုးနွယ်စုမှာ အနည်းဆုံးနှစ်တစ်ရာတိုင်အောင် မည်သူမျှ မထိရဲသော အင်အားစု အဖြစ် ကျန်ရှိနေလိမ့်မည် ဖြစ်သည်။ သို့သော် ဒုတိယအဆင့်ရှိ ခန္ဓာကိုယ်ကျင့်ကြံသူတစ်ဦးကို သတ်ဖြတ်ရန်မှာ ထင်သလောက်လွယ်မည် မဟုတ်ပေ။

သူ အသက်တစ်ချက် ပြင်းပြင်းရှူလိုက်စဉ် ဟယ်လော့ဓားမှ အပြာရောင်အလင်းတန်းများ ပေါက်ကွဲထွက်ပေါ်လာပြီး သမုဒ္ဒရာလှိုင်းလုံးကြီးများပမာ တဟုန်ထိုး တိုးဝင်လာတော့သည်။ ထို အပြင်းစား စွမ်းအားများမှာ တိုက်ပွဲ နယ်မြေတစ်ခုလုံးကို လွှမ်းခြုံသွားသည်။

ဤမျှကြီးမားလှသော ဖိအားများကို ရင်ဆိုင်နေရပါလျက် ဝမ်ယွမ်မှာမူ နောက်မဆုတ်ဘဲရပ်နေဆဲ ဖြစ်သည်။ သူ၏ မျက်နှာထားမှာ တင်းမာနေပြီး တစ်ကိုယ်လုံးမှလည်း သွေးနီရောင်ချီစွမ်းအင်များ ပန်းထွက်နေသည်။ ထို့နောက် နဂါးပျံခြေလှမ်းကို လှုံံဆော်ကာ ရှေ့သို့ တိုးဝင်လိုက်သည်။ သူသည် အသတ်ခံရန် စောင့်နေမည့် ပျော့ညံ့ညံ့လူစားမျိုးမဟုတ်ပေ။

သို့သော် ရန်သူ၏ လျင်မြန်မှုမှာ သူ၏ အကြီးမားဆုံး အားနည်းချက် ဖြစ်နေသည်။ အခြေခံတည်ဆောက်ခြင်းအဆင့် ကျင့်ကြံသူ၏ မြန်ဆန်သော လှုပ်ရှားမှုများကြောင့် သူ၏ ဧရာမဝိညာဉ်အစွမ်းကို ထုတ်သုံးရန် အခွင့်အရေး မရဘဲ ဖြစ်နေရသည်။ ထို့ကြောင့် သူသည် အခွင့်သာမည့်အခိုက်အတန့်ကို မျက်ခြေမပြတ် စောင့်ကြည့်နေသည်။ သူတို့နှစ်ဦး ထပ်မံ တိုက်ခိုက်ကြတော့မည့် အချိန်မှာပင် ရှောင်ဟွမ်းတောင်ထိပ်မှ ကြောက်မက်ဖွယ် မြည်ဟိန်းသံကြီး ထွက်ပေါ်လာသည်။

တွမ်ချန်ခွန်း လှည့်ကြည့်လိုက်ရာ ချက်ချင်းပင် ဒေါသထွက်ကာ မျက်နှာပျက်သွားတော့သည်။ အကြောင်းမူ ငါးလံခန့် မြင့်မားသော မျောက်ဝံကြီးသည် တွမ်မျိုးနွယ်စု၏ တောင်ပေါ်ရှိ အဆောက်အဦးများကို ဝုန်းဒိုင်းကြဲ ဖျက်ဆီးနေခြင်း ဖြစ်သည်။ ၎င်း၏ ခြေထောက်ကြီးများ ခြေလှမ်းကျရာ နေရာတိုင်းတွင် အဆောက်အဦးများမှာ ပြိုကျပျက်စီးကုန်သည်။ သန်မာလှသော လက်မောင်းကြီးများ ဝှေ့ယမ်းလိုက်တိုင်း ကျောက်တုံး ကျောက်ခဲကြီးများမှာ ဥက္ကာခဲများပမာ မြေပြင်သို့ အရှိန်ပြင်းစွာ တရစပ်ကျနေတော့သည်။

တွမ်မျိုးနွယ်စု ကျင့်ကြံသူများက ပြန်လည်ခုခံရန် ကြိုးစားတိုင်း မျောက်ဝံကြီး၏ ပုခုံးပေါ်တွင် ရပ်နေသော တွမ်ဖုန်းက ခုခံသူများကို တစ်ယောက်ပြီးတစ်ယောက် ရက်ရက်စက်စက် နှိမ်နင်းလိုက်သည်။ ချီသန့်စင်အဆင့် ၉ အောက်ရှိသူ မည်သူမျှ သူ့လက်ချက်မှ လွတ်မြောက်နိုင်ခြင်း မရှိချေ။ သူ၏ လမ်းကြောင်းမှာ တွမ်မျိုးနွယ်စု၏ တားမြစ်နေရာဆီသို့ တည့်တည့်မတ်မတ် ဦးတည်နေသည်။

"တောက်.... ခွေးသူတောင်းစားတွေ ငါနဲ့တွေ့မယ်.... ဟိုကောင် တွမ်ရွှေကလည်း ဘယ်နား သွားသေနေလဲမသိဘူး…."

တွမ်ချန်ခွန်းသည် ဒေါသတကြီး အားလုံးကို ပတ်ဆဲလိုက်ပြီး သူ၏ စွမ်းအားအားလုံးကို ထုတ်သုံးလိုက်တော့သည်။ သူသည် ဟယ်လော့ဓားပျံကို ဝမ်ယွမ်ထံသို့ အလျင်စလို ပစ်လွှတ်လိုက်သည်။ တစ်ချိန်တည်းမှာပင် တောင်ပေါ်ရှိ တားမြစ်နယ်မြေဆီသို့ တဟုန်ထိုး ပျံသန်းသွားတော့သည်။ ဝမ်ယွမ် သူ၏ ဓားချက်ကို တောင့်ခံနိုင်ပါ့မလား ဆိုသည်ကိုပင် ဂရုမစိုက်တော့ပေ။

….

"တွမ်ရွှေ.... မင်း အခုမှ မလှုပ်ရှားရင် ဘယ်တော့ လှုပ်ရှားမှာလဲ"

ထိုစကားအဆုံးတွင် ဆယ်ပေခန့် မြင့်မားသော မီးခိုးရောင် ဝက်ဝံကြီးတစ်ကောင်မှာ တောင်ထိပ်ပေါ်မှ ဝုန်းခနဲ ခုန်ဆင်းလာသည်။ မြေပြင်ပေါ်သို့ ဆင်းသက်သံများမှာ ဆက်တိုက် ထွက်ပေါ်နေသည်။ ထိုဝက်ဝံကြီးသည် သေဘေးကို မကြောက်သကဲ့သို့ မျောက်ဝံကြီးကို တိုက်ခိုက်လိုက်ရာ မျောက်ဝံကြီးမှာ လွင့်ထွက်သွားတော့သည်။ တွမ်ဖုန်းသည် မျက်ခုံးပင့်လိုက်ပြီး မိုးပေါ်တက်ကာ အလျင်အမြန် ရှောင်လိုက်ရသည်။ ရုတ်တရက် သူ မော့ကြည့်လိုက်ရာ တိမ်ဖြူဖြူ မြူထူထူများကြားမှ သူနှင့် ရုပ်ချင်းဆင်တူသော လူငယ်တစ်ဦးကို တွေ့လိုက်ရသည်။ ထိုလူငယ်က သူ့အား အထင်သေးသည့်အကြည့်ဖြင့် ခေါင်းငုံကြည့်လိုက်သည်။

"ဟ.... မင်းလို သုံးစားမရတဲ့ အောက်တန်းစား က ပြန်လာရဲသေးတယ်ပေါ့"

‘မင်းလို အောက်တန်းစား’

ထိုရင်းနှီးလှသော အသံကို ကြားလိုက်ရသည့်အခါ တွမ်ဖုန်းတစ်ယောက် ဒေါသအလိပ်လိပ်ထွက်ကာ မျက်နှာမှာ မည်းမှောင်သွားသည်။ သူသည် အံတကြိတ်ကြိတ် တောက်တခေါက်ခေါက် ဖြစ်နေကာ မနည်းစိတ်ထိန်းနေရသည်။

"တောက်.... မင်း.... မင်းတို့တွေသာ ဝင်မရှုပ်ခဲ့ရင် ငါ့အမေက ကိုယ့်ကိုယ်ကိုယ် သေကြောင်းကြံစရာ အကြောင်းမရှိဘူးကွ.... မင်းအဘိုး မြေခွေးအိုကြီး အသေဆိုးနဲ့ သေရမယ်.... မင်းလည်း သေရမယ်”

အချင်းချင်း အခဲမကြေသူနှစ်ဦး တွေ့ဆုံကြသောအခါဝယ် သူတို့၏ အမုန်းတရားမီးလျှံများမှာ မီးဟုန်းဟုန်း တောက် လာတော့သည်။ ထို့နောက် တွမ်ဖုန်းသည် တွေဝေမနေတော့ပဲ ရှေ့သို့ တိုးဝင်လိုက်သည်။ တွမ်ရွှေမှာမူ ငြိမ်နေဆဲ ဖြစ်ပြီး ဖရိုဖရဲ ဖြစ်နေသော တိုက်ပွဲနေရာကို တစ်ချက်မျှသာ ဝေ့ကြည့်လိုက်သည်။ ရုတ်တရက် သူသည် မြူထူထူ များကြားထဲသို့ လှမ်းဝင်သွားတော့သည်။ တွမ်ဖုန်းသည်လည်း တွန့်ဆုတ်မနေဘဲ သူသွားရာ တောင်ထိပ်၏အမြင့်ဆုံးနေရာဆီသို့ ထပ်ကြပ်မကွာ လိုက်သွားတော့သည်။ ထူထပ်လှသော မြူများမှာ ချက်ချင်းပင် တုံ့ပြန်လာပြီး အသက်ရှိသော အရာတစ်ခုပမာ ပတ်ဝန်းကျင်သို့ ပြန့်နှက်သွားတော့သည်။

မကြာမီ တွမ်ချန်ခွန်း ထိုနေရာသို့ ရောက်ရှိလာစဉ် မျက်နှာမှာ ဖြူဖတ်ဖြူရော် ဖြစ်နေသည်။

"အသုံးမကျတဲ့ ငဖျင်းကောင်” ဟု ရေရွတ်လိုက်ရင်း သူသည် တွမ်ရွှေအား ခါးခါးသီးသီးနှင့် စိတ်ပျက်လက်ပျက် ဖြစ်နေသည်။

ချီသန့်စင် အထွတ်အထိပ်အဆင့်ရှိသော တွမ်ရွှေအနေဖြင့် တိုက်ပွဲနယ်မြေကို တည်ငြိမ်အောင်လုပ်ပြီး မျိုးနွယ်စုဝင်များ၏ စိတ်ဓာတ်ကို မြှင့်တင်ပေးလိမ့်မည်ဟု သူ မျှော်လင့်ခဲ့ခြင်း ဖြစ်သည်။ တွမ်မျိုးနွယ်စု ကျင့်ကြံသူများသည် အရေအတွက်ရော အင်အားပါ နိမ့်ပါးနေသော်လည်း ဤနေရာသည် သူတို့၏ အခြေစိုက်စခန်း ဖြစ်သည်။ မြေပြင်အနေအထားအရ အားသာချက်ရှိနေသလို တွမ်ရွှေသာ ခိုင်ခိုင်မာမာ ရပ်တည်ပေးခဲ့လျှင် ဝမ်ယွမ်နှင့် အခြားတစ်ကိုယ်တော် ကျင့်ကြံသူများကို နှိမ်နင်းရန် သူ့အတွက် အချိန်အလုံအလောက် ရနိုင်ပေသည်။ သို့သော် စိတ်ပျက်စရာ ကောင်းသည်မှာ တွမ်ရွှေသည် တားမြစ်နယ်မြေရှိ အစီအရင်ထဲသို့သာ ထွက်ပြေးသွားခဲ့ခြင်း ဖြစ်သည်။ တွမ်ဖုန်းကို အပါခေါ်သွားခဲ့သည်ဆိုသော်လည်း ရဲစွမ်းသတ္တိ မရှိသော မိမိကိုယ်ကိုယ် ကာကွယ်လိုစိတ်က အဓိက ဖြစ်နေသည်။

“တောက်.... တစ်မျိုးလုံး သေရေးရှင်ရေး ဖြစ်နေတာတောင် ကလေးကလားစိတ်နဲ့ ကြောက်ချီးပါနေတဲ့ကောင်စုတ်….”

အဘိုးကြီး ဒေါသအိုးပေါက်ကွဲနေကာ ဗျစ်တောက်ဗျစ်တောက် ဆဲဆိုနေတော့သည်။

ဝုန်း....

ဝုန်း....

ဝုန်း....

အောက်မှ ဆူဆူညံညံအသံများကြောင့် တွမ်ချန်ခွန်း ငုံ့ကြည့်လိုက်ရာ ဧရာမ သားရဲကြီးနှစ်ကောင်၏ ပြင်းထန်လှသော တိုက်ပွဲကို တွေ့လိုက်ရသည်။ တွမ်ရွှေ ထွက်ပြေးသွားသဖြင့် သူ ထျန်းရှင်းကျီထံမှ ခက်ခက်ခဲခဲ လေလံအောင်ခဲ့သော မှော်ရုပ်သေးရုပ် ဝက်ဝံကြီးမှာ ယခုအခါ ထိန်းချုပ်ကြိုးကိုင်ပေးမည့်သူ မရှိဘဲ ဖြစ်နေရသည်။ မျောက်ဝံကြီး၏ ရက်စက်လှသော တိုက်ခိုက်မှုများအောက်တွင် ရုပ်သေးရုပ်မှာ နောက်သို့ တဖြည်းဖြည်း ဆုတ်ခွာ နေရပြီး ပျက်စီးစပြုနေပြီ ဖြစ်သည်။ မှော်ရုပ်သေး၏ ကိုယ်ထည်မှာ ယခုအခါ ချိုင့်ခွက်များ၊ အက်ကြောင်းများဖြင့် ပြည့်နှက်နေပြီး ကြည့်ရသည်မှာ အလွန်ပင် ရုပ်ပျက်ဆင်းပျက် နိုင်လှသည်။

"တောက်....”

တွမ်ချန်ခွန်းသည် တွန့်ဆုတ်မနေဘဲ လက်ကို ဆန့်ထုတ်လိုက်ရာ ရှည်လျားသော ပုံသဏ္ဌာန်ရှိသည့် သံအုပ်ဆောင်းတစ်ခု သူ၏ လက်ထဲသို့ ရောက်ရှိလာသည်။ ဤအချိန်တွင် တွမ်မျိုးနွယ်စုအတွက် အကြီးမားဆုံး ခြိမ်းခြောက်မှုမှာ မျောက်ဝံကြီး ဖြစ်နေသည်။ မည်သူမျှ ဤကမူးရှူးထိုးကောင်ကြီးကို မတားဆီးနိုင်ချေ။ အကယ်၍ ၎င်းကို လွှတ်ထားခဲ့လျှင် တွမ်မျိုးနွယ်စု၏ နယ်မြေတစ်ခုလုံး ပြာပုံအတိ ဖြစ်သွားပေလိမ့်မည်။ သားရဲကြီးသည် ဤမှော်ဝက်ဝံရုပ်သေးကြီးကို ဖျက်ဆီးပြီးသည်နှင့် တွမ်မျိုးနွယ်စု တစ်စုလုံးကို မြေလှန်ပစ်တော့မည် ဖြစ်သည်။

"သွား.... သေချာ ချုပ်နှောင်ထားလိုက်စမ်း...."

တွမ်ချန်ခွန်း တစ်ချက် ဟိန်းဟောက်လိုက်သည်နှင့် လေထဲရှိ သံအုပ်ဆောင်းမှာ အလင်းတန်းများ ပန်းထွက်လာပြီး ကြီးမားလှသော တိုင်ကြီး ၁၂ တိုင် အဖြစ် ပြောင်းလဲသွားတော့သည်။

ဂလောက်.... ဂလောက်.... ဂလောက်....

မျက်စိတစ်မှိတ်အတွင်းမှာပင် ထိုဧရာမတိုင်ကြီး ၁၂ တိုင်မှာ ကောင်းကင်ယံမှ မြေပြင်သို့ ကျဆင်းလာသည်။

အရှေ့တွင် သုံးတိုင်၊ အနောက်တွင် သုံးတိုင်။

ဘယ်ဘက်တွင် သုံးတိုင်၊ ညာဘက်တွင် သုံးတိုင်။

အရပ်မျက်နှာ အသီးသီးမှ အလင်းတန်းများ ရှုပ်ထွေးစွာ ယှက်နွယ်သွားပြီး ခဏချင်းမှာပင် တားမြစ်ပိတ်ဆို့ရာ နယ်မြေတစ်ခု ဖြစ်သွားတော့သည်။ ဒုတိယအဆင့် မျောက်ဝံကြီးမှာ အဖမ်းခံရမည်ကို မလိုလားသဖြင့် ဘယ်ညာ တိုက်ခိုက်သော်လည်း အတားအဆီးများကြောင့် နောက်သို့သာ ပြန်လည် လွင့်ထွက်သွားရသည်။

"ငါ့မှာ ထိပ်တန်းအဆင့် မှော်လက်နက် ချန်ခွန်းအုပ်ဆောင်း ရှိနေသရွေ့ မင်းပြေးလွတ်မယ် ထင်နေလား"

"မီရှုဟွာရဲ့ မိစ္ဆာချုပ်နန်းဆောင်ကိုသာ ငါ ရခဲ့မယ်ဆိုရင် ဒီကောင်ကြီးကို သတ်ဖို့ တော်တော်လွယ်သွားမှာပဲ"

မျောက်ဝံကြီးသည် ခေါင်းမော့ကာ တွမ်ချန်ခွန်းကို ဒေါသတကြီး စိုက်ကြည့်လိုက်သည်။ နောက်တစ်ခဏတွင် မျောက်ဝံကြီးသည် ဒူးကို ကွေးလိုက်ပြီး မြေပြင်ကို အားကုန်ကျားကန်ကာ ကောင်းကင်သို့ မီးဒုံးပျံတစ်စင်းပမာ ထိုးတက်သွားတော့သည်။

လော့ချန်နှင့် သူ၏စွန့်စားခန်းများ

အခန်း (၂၆၆) - မျောက်ဝံ၏ သောင်းကျန်းမှု၊ ကွေ့ရွှေ မှော်ဝင်ပန်းချီကား

"ဟာ.... ဒီတိရစ္ဆာန်စုတ်ကတော့.... သွား.... သွား အောက်ကို ပြန်ဆင်းသွားစမ်း"

သူ့ဆီသို့ တဟုန်ထိုး တက်လာသော မျောက်ဝံကြီးအား တွမ်ချန်ခွန်းသည် သူ၏ဓားဖြင့် မညှာမတာခုတ်ကာ အောက်သို့ ကန်ချလိုက်သည်။ မျောက်ဝံကြီးမှာ ကန်ချခြင်းခံလိုက်ရသဖြင့် မြေပြင်ပေါ်သို့ ဝုန်းခနဲ ကျဆင်းသွားပြီး ချန်ခွန်းအုပ်ဆောင်း အတွင်း၌ ပိတ်မိနေကာ တရှူးရှူး တရှဲရှဲ နှာမှုတ်လျက် ဒေါသများဖြင့် ဟိန်းဟောက်နေတော့သည်။ ဧရာမတိုင်ကြီး ၁၂ တိုင်မှ တောက်ပသော အလင်းတန်းများ ပိုမိုထွက်ပေါ်လာပြီး ကောင်းကင်နှင့် မြေကြီးကို လုံးဝ ပိတ်ဆို့လိုက်ရာ မျောက်ဝံကြီး လွတ်မြောက်ရန် လမ်းမရှိတော့ချေ။

ရုတ်တရက် တစ်ချိန်တည်းမှာပင် ပြင်းထန်လှသော တုံ့ပြန်မှုအရှိန်ကြောင့် တွမ်ချန်ခွန်းမှာ နောက်သို့ လွင့်ထွက်သွားရသည်။ သူ မျက်နှာပျက်သွားသည်။

"ဟမ်.... တစ်ခုခုတော့ မှားနေပြီ"

သူ၏ မျက်စိရှေ့တွင် သံကြိုးနီကြီးများမှာ အရပ်မျက်နှာအသီးသီးမှ သူ့ထံသို့ ဦးတည်လာသည်။ ထိုသံကြိုးများသည် သူ့အနားပတ်လည်တွင် စက်ဝိုင်းသဖွယ် ရစ်ပတ်ကာ သူထွက်ပြေးနိုင်သည့် လမ်းစ အားလုံးကို ပိတ်ဆို့လိုက်တော့သည်။ ထို့နောက် မည်သူမျှတားဆီးမရနိုင်သည့် ဧရာမ လက်ဝါးရိပ်ကြီးတစ်ခုမှာလည်း တားဆီး၍မရသော အရှိန်အဟုန်ဖြင့် ဝုန်းခနဲ ဖိနှိပ်ကျဆင်းလာသည်။

တွမ်ချန်ခွန်း ခေါင်းမော့ကြည့်လိုက်ရာ သူ၏ အေးစက်စက် အကြည့်မှာ အထက်မှ လူရိပ်ဆီသို့ရောက်သွားသည်။ မရှောင်လွှဲနိုင်သော လက်ဝါးရိပ်ကြီးမှာ သူ၏ ကိုယ်နှင့် ထိလုနီးပါး ဖြစ်နေပြီး ပြင်းထန်သော လေတိုးသံများမှာပင် မျက်နှာကို ရိုက်ခတ်နေသည်။ သို့သော် သူသည် မထိတ်လန့်ဘဲ သူ့စိတ်ဝိညာဥ်တွင် ရန်သူအား ချေမှုန်းသတ်ဖြတ်လိုသော စိတ်ဆန္ဒများကို အာရုံစုစည်းလိုက်သည်။

“ဝေါ.... ဝေါ.... ဝေါ...."

သူ၏ ခန္ဓာကိုယ်အတွင်းမှ ပြင်းထန်သော ရေစီးသံများ ပဲ့တင်ထပ်လာသည်။ အစပိုင်းတွင် မိုးစက်များသဖွယ် တိုးညှင်းသော်လည်း ခဏချင်းမှာပင် အရှိန်အဟုန်ပြင်းသော ရေစီးကြောင်းကြီးအဖြစ် ပြောင်းလဲသွားတော့သည်။ ထို့နောက် ခန္ဓာကိုယ်အတွင်းမှ ဝိညာဉ်အလင်းတန်းတစ်ခု ပွင့်ထွက်လာပြီး လေထဲတွင် ရှေးဟောင်းပန်းချီလိပ်တစ်ခုအဖြစ် ပြန့်ကားသွားသည်။ ၎င်းမှာ ခန့်ညားထည်ဝါလှသော ပန်းချီကားတစ်ချပ်နှင့် ဆင်တူလှပြီး ပတ်ဝန်းကျင်တစ်ခုလုံးကို ရွှံ့နွံကမ္ဘာအဖြစ် ပြောင်းလဲပစ်တော့မည့် အရှိန်အဝါများ ထွက်ပေါ်နေသည်။

ထိုပန်းချီကားအတွင်း၌ အဆုံးမဲ့သော သမုဒ္ဒရာကြီးတစ်ခု ကိန်းဝပ်နေသည်။ ဧရာမ လက်ဝါးရာကြီးမှာ ထိုပန်းချီလိပ်ကို ပြင်းထန်စွာ ရိုက်ခတ်လိုက်သော်လည်း ၎င်းမှာ သမုဒ္ဒရာထဲသို့ နစ်မြုပ်သွားသော ရွှံ့နွားရုပ်ကလေးပမာ မည်သည့် လှိုင်းကြက်ခွပ်မျှ မပေါ်ပေါက်ဘဲ ပျောက်ကွယ်သွားတော့သည်။

"ဒါ.... ဒါ.... ကွေ့ရွှေ မှော်ဝင်ပန်းချီကား ပဲ"

ဝမ်ယွမ်မှာ အံ့အားသင့်စွာ ရပ်တန့်သွားပြီး ထိုမှော်ရတနာကို စိုက်ကြည့်လိုက်သည်။

တွမ်ချန်ခွန်းမှာ ပတ်ဝန်းကျင်ကို ဝေ့ကြည့်လိုက်ရာ နီရဲသော သံကြိုးများမှာ ကိုက်တစ်ရာပတ်လည်အတွင်းရှိ တိုက်ပွဲ နယ်မြေ တစ်ခုလုံးကို ပိတ်ဆို့ထားသည်ကို တွေ့လိုက်ရသည်။ သူအထင်မမှားပါက ထိုသံကြိုးနီများမှာ နဂါးရတနာ မှောင်ခိုဈေးကွက်တွင် လေလံတင်ခဲ့သော ထူးခြားသည့် အဆင့်မြင့် မှော်လက်နက် ဖြစ်ရမည်။ ၎င်း၏ အမည်မှာ ဟန်ကျန်းသံကြိုး ဖြစ်သည်။

၎င်းတွင် တိုက်စစ် သို့မဟုတ် ခံစစ် စွမ်းရည်များ တိုက်ရိုက်မရှိချေ။ သို့သော် ၎င်းသည် သတ်မှတ်ထားသော နယ်မြေတစ်ခုကို လုံးဝပိတ်ဆို့ထားနိုင်ပြီး အသုံးပြုသူ၏ စိတ်အာရုံနောက်သို့ လိုက်ပါနိုင်စွမ်းရှိသည်။ သူသာ အတင်းအကျပ် ထိုးဖောက်ထွက်ရန် ကြိုးစားလျှင်လည်း ထိုသံကြိုးများက မနားတမ်း တားဆီးနေမည်ဖြစ်ရာ သူ၏ အရှိန်ကို အလွန်အမင်း လျော့ကျသွားစေမည် ဖြစ်သည်။ သူ၏စိတ်ထဲတွင် လေးလံသွားရသည်။

တွမ်ချန်ခွန်း၏ အကြည့်များက ဝမ်ယွမ်ထံသို့ ကျရောက်သွားပြီး သူ၏အသံမှာ ရေခဲပမာ အေးစက်နေသည်။

"ဩော်.... အဲ့ဒီ သစ္စာဖောက်ကောင် တွမ်ဖုန်းက မင်းကို ငါ့လျှို့ဝှက်ချက်အကုန်လုံး ပြောပြထားတာပဲ"

ဝမ်ယွမ်မှာ နှုတ်ဆိတ်နေပြီး မည်သည့်တုံ့ပြန်မှုမျှ မပေးချေ။ ထိုအစား သူသည် လက်သီးကို ကျစ်ကျစ်ပါအောင် ဆုပ်လိုက်ပြီး သူ၏လက်မကို ခန္ဓာကိုယ်ပေါ် တင်းတင်းဖိကာ အားစိုက်လိုက်သည်။ ခဏချင်းအတွင်းမှာပင် သူသည် သူ့ကိုယ်ပေါ်ရှိ အရေးကြီးသော အပ်စိုက်မှတ် ၁၂ မှတ်ကို ဆက်တိုက် ရိုက်နှိပ်လိုက်တော့သည်။

"အင့်...."

ခပ်အုပ်အုပ် ညည်းညူသံနှင့်အတူ သူ၏ ခန္ဓာကိုယ်မှာ စတင်ဖောင်းကား မြင့်တက်လာသည်။

၆ ပေ.... ၁၁ ပေ.... ၁၆ ပေ....။

ထို့နောက် သူ လက်ကို ဝှေ့ယမ်းလိုက်ရာ သွေးရောင် ဝိညာဉ်အရှိန်အဝါ သုံးခုမှာ ပေါက်ကွဲထွက်ပေါ်လာပြီး နဂါးများပမာ သူ၏ပတ်ပတ်လည်တွင် ရစ်ပတ်နေတော့သည်။ သူ အရာရာကို ပုံအောလိုက်ပြီ ဖြစ်သည်။ ဤမျှ ကြီးမားလှသော လူသားဘီလူးကြီးကို ရင်ဆိုင်ရင်း တွမ်ချန်ခွန်းသည် သူ၏လက်ချောင်းများကို ဓားပမာ ညွှန်လိုက်ရာ ဟယ်လော့ဓားမှာ ငါးလေးတစ်ကောင်ပမာ သူ၏ဘေးတွင် ဝဲပျံနေတော့သည်။

"ဟက်.... မင်းလိုကောင်မျိုးက မှော်ရတနာတစ်ခုရဲ့ စွမ်းအားကို နားမလည်ပါဘူးကွာ...."

ဝမ်ယွမ်မှာ သူ၏ သရော်တော်တော်စကားကို ဂရုမစိုက်ဘဲ ခြေလှမ်းကျဲကြီးများဖြင့် ရှေ့သို့ တိုးဝင်လိုက်ရာ ခြေလှမ်းတစ်လှမ်းချင်းစီမှာ ပေတစ်ရာခန့် ခရီးပေါက်နေသည်။ သူ၏အရှိန်မှာ ယခင်ထက် သုံးဆခန့် ပိုမို မြန်ဆန်လာသည်။

"လာစမ်း.... ဒီအဘိုးကြီးက မင်းမှာ ဘာအစွမ်းရှိလဲဆိုတာ ကြည့်ရသေးတာပေါ့"

တွမ်ချန်ခွန်းက စူးရှစွာ အော်ဟစ်လိုက်ပြီး ဟယ်လော့ဓား၏ စွမ်းအားအားလုံးကို ထုတ်သုံးကာ ရှေ့သို့ ခုတ်ချလိုက်သည်။

ဝုန်း....

ဓားတစ်ချက်တည်းဖြင့်ပင် ဝမ်ယွမ်၏ခါးတွင် ကြီးမားလှသော ဒဏ်ရာကြီးတစ်ခု ဖြစ်သွားပြီး ဖြူဖွေးသော အရိုးများကိုပင် မြင်နေရသည်။ သို့သော် သူသည် ထိုနာကျင်မှုကို အနည်းငယ်မျှ ဂရုမစိုက်ဟန်ဖြင့် ကမ္ဘာပျက်မတတ် ပြင်းထန်လှသော လက်သီးချက်တစ်ခုဖြင့်သာ တုံ့ပြန်လိုက်သည်။

တွမ်ချန်ခွန်းမှာ မနားတမ်း ရှောင်တိမ်းနေသော်လည်း ဤမျှကျဉ်းမြောင်းလှသော နေရာအတွင်း၌ ဧရာမ လက်သီးချက်၏ ရိုက်ခတ်မှုဒဏ်ကို ခံလိုက်ရသည်။ သို့သော် သူသည် ထိတ်လန့်ခြင်း မရှိချေ။ ကွေ့ရွှေ မှော်ဝင်ပန်းချီကားလိပ် ပွင့်ထွက်လာပြီး ၎င်း၏ ကြီးမားလှသော လှိုင်းပြာများက ဝင်ရောက်လာသော လက်သီးချက်၏ အားကို အသာအယာပင် ဝါးမြိုလိုက်တော့သည်။

ဒုန်း....

ရုတ်တရက် တွမ်ချန်ခွန်းသည် ပြင်းထန်လှသော အရှိန်ဖြင့် ရိုက်ထုတ်ခြင်း ခံလိုက်ရပြီး ကိုက်ပေါင်း ဒါဇင် နှင့်ချီ၍ လွင့်ထွက်သွားကာ ဧရာမကျင်းကြီးတစ်ခုအတွင်းသို့ ပြုတ်ကျသွားတော့သည်။

"တောက်.... မင်းကိုး.... မင်း အကြံဒါအကုန်ပဲလား.... ကျိုးချင်"

တွမ်ချန်ခွန်းသည် ဝမ်ယွမ်နှင့် တိုက်ခိုက်နေစဥ် သူ၏ခံစစ်မှော်ရတနာဖြစ်သော ကွေ့ရွှေ မှော်ဝင်ပန်းချီ ကားလိပ်မှာ စွမ်းအား အကုန်မထုတ်နိုင်ဘဲ ဖြစ်ခဲ့ရသည်။ အကြောင်းမူ အထက်တွင် လရောင်ပမာ အပြာရောင် အလင်းတန်းတစ်ခုမှာ ပန်းချီကားပေါ်သို့ ကျရောက်လာပြီး ၎င်းကို လုံးဝလွှမ်းခြုံထားခဲ့ခြင်းကြောင့် ဖြစ်သည်။

“မှားနေပြီကွ.... အကြီးအကဲကျိုး မဟုတ်ဘူး.... ငါ.... နန်ကုန်းကျင်းပဲ”

နန်ကုန်းကျင်းသည် တိမ်တိုက်တစ်ခုပေါ်တွင် ရပ်နေပြီး လက်ထဲတွင် မှန်ဝိုင်းတစ်ခုကို ကိုင်ထားသည်။ ကောင်းကင်မှ ကျဆင်းလာသော အပြာရောင်အလင်းမှာ ထိုမှန်အတွင်းမှ ထွက်ပေါ်လာခြင်း ဖြစ်သည်။ အောက်ဘက်ရှိ ကျင်းနက်ကြီးအတွင်းမှ တွမ်ချန်ခွန်း၏ အသံမှာ မယုံကြည်နိုင်မှုများဖြင့် ထွက်ပေါ်လာသည်။

"ဘာ.... ဒါဆို ချင်းနင် ရတနာကြေးမုံကို သူက မင်းကို ငှားလိုက်တယ်ပေါ့လေ.... မှန်မှန် ပြောစမ်း...."

“ဘာထူးဆန်းလို့လဲကွာ.... လူတိုင်းက အကျိုးအမြတ်သာရရင် ဘာမဆိုလုပ်တာပဲကို.... ငါဘက်က အများကြီး ပေးဆပ်ခဲ့ရင် သူဘက်က ငြင်းစရာရှိလို့လား...."

ထိုသို့ နန်းကုန်းကျင်က ပြန်ပြောရင်း သူ၏စိတ်ဝိညာဉ်အာရုံက ပတ်ဝန်းကျင်ကို တိတ်တဆိတ် စစ်ဆေးလိုက်သည်။ ထို့နောက် သူဆက်ပြောလိုက်သည်။

“သူများအကြောင်းတွေ ပြောမနေနဲ့တော့.... အခု မင်းကိုယ်မင်းပဲ ပိုပြီး စိတ်ပူသင့်တယ်....”

"ဟမ့်"

စိတ်အလိုမကျသော နှာခေါင်းရှုံ့သံနှင့်အတူ တွမ်ချန်ခွန်းမှာ ကျင်းအတွင်းမှ ပျံတက်လာသည်။ မှော်ပန်းချီကားသည် သူ့အား ကာကွယ်ထားဆဲ ဖြစ်သော်လည်း ၎င်း၏အလင်းတန်းများမှာ ယခုအခါ အပြာနှင့် အစိမ်းရောင်များ ရောယှက်ကာ မှေးမှိန်နေတော့သည်။

“ချင်းနင် ရတနာကြေးမုံက ငါ့ကွမ့်ရွေ့ပန်းချီထက် မသာပါဘူး.... အစွမ်းတစ်ဝက်ကိုပဲ ခဏ ပိတ်ထား နိုင်တာပါ”

ပြောပြောဆိုဆိုဖြင့် တွမ်ချန်ခွန်းက သူ၏လက်ချောင်းများကို ခါထုတ်လိုက်ရာ လေထဲတွင် မှော်စာရွက် အများအပြားမှာ လေမတိုက်ပဲနှင့်ပင် မီးတောက်လာတော့သည်။ ဖရိုဖရဲပြန့်ကျဲလာသော ချီစွမ်းအားများကြောင့် အနားသို့ ကပ်လာသော ဝမ်ယွမ်မှာ နောက်သို့ ဆုတ်ခွာလိုက်ရသည်။

တွမ်ချန်ခွန်းက နန်ကုန်းကျင်းကို အေးစက်စူးရှစွာ ကြည့်လိုက်ပြီး မေးလိုက်သည်။

“နန်ကုန်းကျင်း.... ဘာသဘောနဲ့မင်း ဒီလိုလုပ်ရတာလဲ.... ဘာဖြစ်လို့လဲ”

နန်ကုန်းကျင်းသည် သူ၏ မီးလျှံတမျှ တောက်လောင်နေသော မျက်ဝန်းများဖြင့် ရှေးဟောင်းပန်းချီလိပ်ကို ကြည့်ကာ ပြန်ပြောလိုက်သည်။

“ထွေထွေထူးထူးတော့ မရှိဘူး.... ငါ ကာကွယ်ရေး မှော်ရတနာ တစ်ခု လိုနေလို့လေ”

“ဩော်.... အဲ့ဒါကြောင့်ပဲလား”

တွမ်ချန်ခွန်းက ပြန်မေးနေရင်းမှာပင် သူ၏ဓားကို မြှောက်ကာ ဝမ်ယွမ်၏ နောက်ထပ်တိုက်ခိုက်မှုတစ်ခုကို ခုခံလိုက်သည်။

"ဟုတ်တယ်.... အဲ့ဒါကြောင့်ပဲ.... ငါ့ ကျင့်ကြံလမ်းစဥ်ကို အဆုံးမသတ်ချင်သေးဘူး.... ငါ့အတွက် ဒီမှော်ရတနာ လိုနေတယ်"

ထိုအခိုက်အတန့်တွင် ဝမ်ယွမ်က နောက်ထပ်တစ်ကြိမ် တိုက်စစ်ဆင်လာပြန်သည်။ သူ၏ပြင်းထန်လှသော ဇီဝ ခန္ဓာစွမ်းအားများမှာ သွေးနီရောင်နဂါးသုံးကောင်အဖြစ် ပေါ်ပေါက်လာပြီး မှော်ဝင်ပန်းချီကားချပ်အတွင်းသို့ ထိုးဖောက်ဝင်ရောက်သွားတော့သည်။

ဝုန်း....

ဝုန်း....

ဝုန်း....

ဝမ်ယွမ်၏ ပေါက်ကွဲထွက်ပေါ်လာသော သွေးနီရောင်ချီစွမ်းအားများကြောင့် မှော်ဝင် ပန်းချီကားသည် ပြင်းထန်စွာ တုန်လှုပ်သွားသည်။ တပြိုင်နက်တည်းမှာပင် တွမ်ချန်ခွန်း၏ ဓားပျံမှာ ဥက္ကာခဲတစ်ခုပမာ ဝမ်ယွမ်၏ ရင်ဘတ်ဆီသို့ တဟုန်ထိုး ပြေးဝင်သွားသည်။ သို့သော် ၎င်းမှာ ပြင်းထန်လှသော လက်သီးချက်ကြောင့် လွင့်ထွက်သွားရပြန်သည်။

တွမ်ချန်ခွန်းမှာ နောက်ထပ် တွန့်ဆုတ်မနေတော့ချေ။

"အေး.... မင်းဒီလောက် ငမ်းငမ်းတက်လိုချင်နေမှတော့.... ငါ မင်းကို ဒီရတနာ ပေးမယ်ဆို သူတို့ကို ကူတိုက်ပေးမှာလား"

ထိုကမ်းလှမ်းချက်ကို ကြားလိုက်ရသော ဝမ်ယွမ်မှာ ခဏမျှ မှင်သက်သွားရသည်။ သို့သော် နန်ကုန်းကျင်းက ချင်းနင် ရတနာကြေးမုံကို ကိုင်ဆောင်ရင်း ခေါင်းခါပြလိုက်သည်။

“တော်ပါပြီကွာ.... မင်း သေသွားတာက ငါ့အတွက်ပိုကောင်းပါလိမ့်မယ်”

တွမ်ချန်ခွန်း၏ ကမ်းလှမ်းချက်မှာ အချည်းနှီး ဖြစ်သွားခဲ့လေပြီ။

"မဆိုင်တာကို ဝင်ရှုပ်ချင်တဲ့ အောက်တန်းစားကောင်.... သေစမ်း...."

တွမ်ချန်ခွန်း၏ ချီစွမ်းအင်များမှာ အထိန်းအကွပ်မဲ့စွာ ပေါက်ကွဲထွက်ပေါ်လာသည်။ ဟယ်လော့ဓားမှာ မယုံနိုင်စရာကောင်းလောက်အောင် မြန်ဆန်လာပြီး အလင်းတန်းများမှာလည်း အတောက်ပဆုံးအခြေအနေသို့ ရောက်ရှိသွားသည်။ ဝမ်ယွမ်သည် ရက်စက်သော အပြုံးတစ်ခုကို ပြုံးလိုက်ပြီး သူ၏ခန္ဓာကိုယ်မှ ပြင်းထန်သော စွမ်းအားလှိုင်းများကို ထုတ်လွှတ်လိုက်သည်။ သူ၏လှုပ်ရှားမှုတိုင်းသည် ကြမ်းတမ်းသော်လည်း စည်းချက်ညီနေပြီး ဖျက်ဆီးလိုသော အစွမ်းများဖြင့် ပြည့်နှက်နေသည်။

ကိုက်တစ်ရာပတ်လည်အတွင်းရှိ တိုက်ပွဲနယ်မြေမှာ သူတို့၏ပြင်းထန်လှသော တိုက်ပွဲကြောင့် အစအနမကျန် ပျက်စီးသွားရတော့သည်။

ဝုန်း....

နောက်ထပ် ပြင်းထန်လှသော တိုက်ခိုက်မှုတစ်ခုအပြီးတွင် လူရိပ်နှစ်ခုမှာ ဆန့်ကျင်ဘက်အရပ်များသို့ လွင့်ထွက်သွားကြသည်။ ဝမ်ယွမ်မှာ မြေပြင်ပေါ်သို့ ပြုတ်ကျသွားပြီး ကျောက်စိမ်းသားခန္ဓာ၏ အရိုးအချို့မှာလည်း ကျိုးကြေသွားခဲ့ပြီ ဖြစ်သည်။

တွမ်ချန်ခွန်းမှာမူ ဝမ်ယွမ်လောက် မထိခိုက်သော်လည်း နှုတ်ခမ်းထောင့်မှ သွေးများ စီးကျနေသည်။ သူ၏ အိုမင်းနေသော ခန္ဓာကိုယ်မှာ ဤမျှလောက်အထိ ဖိအားများကို တောင့်မခံနိုင်တော့ချေ။ ပို၍ဆိုးသည်မှာ ဝမ်ယွမ်၏ ခန္ဓာကိုယ်မှ ထွက်ပေါ်လာသော သွေးနီရောင်မြွေငယ်လေးများက သူ့ထံသို့ ကပ်တွယ်လာပြီး သူ၏ သက်စောင့်အမြုတေများကို စုပ်ယူနေခြင်း ဖြစ်သည်။

"ငါ.... ငါ နောက်ထပ် အချိန်ဆွဲလို့ မဖြစ်တော့ဘူး"

တွမ်ချန်ခွန်းသည် အသက်ကို ပြင်းပြင်းရှူလိုက်ပြီး ပထမဆုံးအကြိမ်အဖြစ် ဟယ်လော့ဓားကို သူ၏လက်ဝါးအတွင်း၌ တင်းတင်းဆုပ်ကိုင်လိုက်သည်။ ဓားသွားမှ တုန်ခါနေသော ဝိညာဉ်အလင်းတန်းများမှာ ထက်မြက်လှသလို ကြောက်မက်ဖွယ်လည်း ကောင်းလှသည်။

"လက်နက်နဲ့ ကျင့်စဥ်ကို ပေါင်းစပ်လိုက်တာလား.... ဒါ တွမ်ဖုန်း ပြောခဲ့တဲ့ နည်းစနစ်ပဲ"

ဝမ်ယွမ်၏ စိတ်မှာ တုန်လှုပ်သွားသော်လည်း သူ၏တိုက်ပွဲဝင်လိုစိတ်က နောက်ဆုတ်ခွင့် မပြုချေ။ သူသည် ကိုယ်ပေါ်ရှိ အရေးကြီးသော အပ်စိုက်မှတ် ၅ မှတ်ကို နှိုးဆော်လိုက်တော့သည်။

“ချီ ငါးပါး စုစည်းခြင်း....’

သူ၏ နှလုံး၊ အသည်း၊ သရက်ရွက်၊ အဆုတ်၊ ကျောက်ကပ် စသည့် ဝိညာဉ်ငါးပါးလုံး ပေါင်းစည်းသွားသည်။ များပြားလှသော သွေးနီရောင်စွမ်းအားများမှာ ပေါက်ကွဲထွက်ပေါ် လာပြီး သူ၏ခန္ဓာကိုယ်မှာ စတင်ကျုံ့ဝင်သွားသော်လည်း သူ၏ စိတ်ဝိညာဥ် အရှိန်အဝါမှာမူ မကြုံစဖူးသော အထွတ်အထိပ်သို့ ရောက်ရှိသွားတော့သည်။

တွမ်ချန်ခွန်း ဤမြင်ကွင်းကို မြင်သောအခါ တွန့်ဆုတ်မနေတော့ပေ။

"သွားစမ်း...."

ဟယ်လော့ဓားမှာ မိုးညထဲတွင် ငါးလေးတစ်ကောင်ပမာ လျှောတိုက်သွားပြီး ဝမ်ယွမ်၏ လည်ပင်းရှေ့၌ ရုတ်တရက် ပေါ်ထွက်လာသည်။

"ဒါက.... လှိုင်းဖြတ် တိုက်ကွက်လား" ဟု ဝမ်ယွမ် တိုးတိုးလေး ရေရွတ်လိုက်ပြီး လက်ချောင်းနှစ်ချောင်းဖြင့် အသာအယာ ညှပ်ဖမ်းလိုက်သည်။

ဒေါင်....

ဓားဦးမှာ သူ၏လက်ချောင်းများကြားတွင် တင်းတင်းကျပ်ကျပ် ညှပ်မိသွားတော့သည်။ သို့သော် ဝမ်ယွမ် ဓားဦးကို ဖယ်ထုတ်ရန် ကြိုးစားနေစဉ်မှာပင် ကြီးမားလှသော ဒီရေလှိုင်းကြီးတစ်ခုမှာ ပေါက်ကွဲထွက်ပေါ်လာတော့သည်။

ဝုန်း....

လှိုင်းလုံးတစ်ခု ကျဆင်းလာပြီး နောက်ထပ်တစ်ခုက ထပ်ဆင့်လိုက်သည်။ ဧရာမ လှိုင်းလုံးကြီးသုံးခုမှာ သူ့ထံသို့ ရိုက်ခတ်သွားရာ၊ ဝမ်ယွမ်မှာ လုံးဝမတွန်းလှန်နိုင်တော့ဘဲ ရှောင်ဟွမ်းတောင်၏ အနက်ရှိုင်းဆုံးနေရာသို့ ဖိနှိပ် ရိုက်သွင်းခြင်း ခံလိုက်ရတော့သည်။

"ဟက်.... ဝမ်ယွမ်လေးရာ မင်း နုသေးတယ်...."

တွမ်ချန်ခွန်းမှာ အသက်ကို ပြင်းပြင်းရှူနေရပြီး အလွန်ပင်ပန်းနေဟန် ရှိသည်။ သူ၏လက်ထဲတွင် ဗုံငယ်ပုံစံ မှော်လက်နက် တစ်ခုရှိနေပြီး အလင်းများမှာ ပြန်လည် စုစည်းနေသည်။ သူသည် ခေါင်းမော့ကာ နန်ကုန်းကျင်းကို ကြည့်လိုက်သည်။

"မိတ်ဆွေကြီး.... အောက်ဆင်းလာပြီး စကားခဏ မပြောချင်ဘူးလားဗျ"

ထိုအခါ နန်ကုန်းကျင်းသည် ခေါင်းကို ဖြည်းဖြည်းချင်း ခါပြလိုက်ပြီး တိတ်ဆိတ်စွာပင် နောက်သို့ ဆုတ်ခွာသွားတော့သည်။

"ဟမ်.... သူဘာဖြစ်သွားတာလဲ"

တွမ်ချန်ခွန်းမှာ ဇဝေဇဝါ ဖြစ်သွားသော်လည်း နောက်တစ်ခဏတွင် နန်ကုန်းကျင်း ဘာဖြစ်သွားသည်ကို သူလိုက်ရပေသည်။ အကြောင်းမူ သူသည် ကြီးမားလှသော အန္တရာယ်၏ အငွေ့အသက် တစ်ခုကို စိတ်ဝိညာဥ်မှတစ်ဆင့် အာရုံခံမိလိုက်သောကြောင့် ဖြစ်သည်။

သူ ခေါင်းကို လျင်မြန်စွာ လှည့်လိုက်ပြီး ကောင်းကင်ယံဆီသို့ ကြည့်လိုက်ရာ တောက်ပနေသော နေမင်းတစ်စင်း ဖြည်းဖြည်းချင်း ထွက်ပေါ်လာသည်ကို မြင်လိုက်ရသည်။ အေးစိမ့်စိမ့် မဟူရာညသည် မှောင်မိုက်နေဆဲ ဖြစ်သော်လည်း ထိုတောက်လောင်နေသော နေမင်းအောက်တွင်မူ နေ့အလင်းရောင် ရရှိလာသကဲ့သို့ ဖြစ်နေသည်။

ထို မငြိမ်မသက်ဖြစ်နေသော လေထု၏အလယ်တွင် လူရိပ်တစ်ခုမှာ ဝဲပျံနေပြီး သူ၏လက်နှစ်ဖက်လုံးကို ခေါင်းပေါ်တွင် မြှောက်ထားသည်။ သန့်စင်လှသော ယန်စွမ်းအားများမှာ မျက်စိကျိန်းမတတ် ပေါက်ကွဲထွက်ပေါ်နေပြီး ၎င်း၏စွမ်းအားမှာ အဆုံးအစ မရှိချေ။ ရုတ်တရက် ထိုလူရိပ်သည် သူ၏လက်ဝါးများကို လှန်လိုက်ရာ ပူပြင်းလှသော နေမင်းကြီးမှာ မြေပြင်ပေါ်သို့ တဟုန်ထိုး ကျဆင်းလာတော့သည်။

"တန်.... ချန်.... ဇီ...."

စူးရှတုန်ဟည်းသော အော်ဟစ်သံသည် ပဲ့တင်ထပ်သွားသော်လည်း အတိုင်းအဆမဲ့ အင်အားပြင်းထန်လှသော ကြောက်မက်ဖွယ် ပေါက်ကွဲမှုကြီးအောက်တွင် အရာရာသည် တခဏချင်းပင် နစ်မြုပ်သွားရလေတော့သည်။

All Chapters