← Chapters

အခန်း (၂၆၇-၂၆၈)

Vol. 27 Ch. 267-268

အခန်း (၂၆၇-၂၆၈)

Vol. 27 Ch. 267-268

အခန်း (၂၆၇) - ခေါင်းပြတ်ကြီးနှင့် နေမီးလျှံ အရှင်

ပူပြင်းလှသော နေမင်းကြီးသည် အရာရာကို ဖျက်ဆီးလိုသော အရှိန်အဝါဖြင့် ကောင်းကင်ယံမှ ကြွေကျလာသည်။ ခဏချင်းအတွင်းမှာပင် အတိုင်းအဆမဲ့သော စွမ်းအင်များ ပေါက်ကွဲထွက်ပေါ်လာပြီး ၎င်း၏လမ်းကြောင်း ပေါ်ရှိ အရာအားလုံးကို ဝါးမြိုပစ်လိုက်တော့သည်။

ဆန်းကြယ်လှသော ကွေ့ရွှေ မှော်ဝင်ပန်းချီကားချပ် ကြီးမှာ ပွင့်ထွက်လာပြီး တောက်ပသော အလင်းတန်းများ ထုတ်လွှတ်ကာ အပြာရောင် ရွှံ့ညွန်အင်းအိုင်ကြီးတစ်ခုကို ဖန်တီး၍ ခုခံရန် အသည်းအသန် ကြိုးစားရှာသည်။ သို့သော်လည်း အထက်မှ ဖိနှိပ်ထားသော အပြာရောင်အလင်းနှင့် နီရဲသော စွမ်းအင်တန်းများအောက်တွင် ထိုမှော်ရတနာသည် ကြောက်မက်ဖွယ်ကောင်းသော ပေါက်ကွဲမှုကို မတားဆီးနိုင်ခဲ့ချေ။

ဝုန်း....

ပြင်းထန်လှသော ပေါက်ကွဲသံကြီး ထွက်ပေါ်လာသည်။

မြေပြင်ကြီး တုန်ခါသွားပြီး မှိုပွင့်သဏ္ဌာန် ဧရာမ မီးခိုးတိမ်တိုက်ကြီးမှာ ကောင်းကင်သို့ မြင့်တက်သွားသည်။ ထို့နောက် ကြောက်မက်ဖွယ်ကောင်းသော မီးလှိုင်းများသည် ရေလှိုင်းဂယက်များအလား ဘေးပတ်လည်သို့ ပြန့်ကားသွားတော့သည်။ လှိုင်းများ ဖြတ်သန်းသွားရာ နေရာတိုင်းမှာ ပြာအတိ ဖြစ်ကျန်ရစ်ခဲ့သည်။

ညကောင်းကင်ယံတစ်ခုလုံးမှာ လင်းထိန်သွားရသည်။ လွန်ခဲ့သော မိနစ်အနည်းငယ်ကပင် ရွာသွန်းနေသော အေးစက်လှသော မိုးစက်များမှာ အရှိန်ပြင်း မီးလျှံများနှင့် ထိတွေ့လိုက်သည်နှင့် တစ်ပြိုင်နက် ရေငွေ့ပျံသွားကာ မြူခိုးများအဖြစ် ပျောက်ကွယ်သွားရသည်။ တစ်ဆောင်းတွင်းလုံး စုပုံနေခဲ့သော ထူထပ်လှသော နှင်းထုကြီးမှာလည်း ရှောင်ဟွမ်းတောင်ကြီးအား နှုတ်ဆက်ချိန်ပင် မရတော့ပဲ ချက်ချင်း အရည်ပျော်သွားကာ မည်သည့်ခြေရာလက်ရာမျှ မကျန်တော့ချေ။

အလွန်အမင်း ပြင်းထန်လှသော အပူရှိန်မှာ အရပ်မျက်နှာအသီးသီးသို့ ပြန့်နှက်သွားပြီး ၎င်း၏ လမ်းကြောင်းပေါ်ရှိ အရာရာကို လောင်မြိုက်ပစ်လိုက်သည်။ တိုက်ပွဲအနားသို့ ကပ်၍ စပ်စုနေကြသော တစ်ကိုယ်တော် ကျင့်ကြံသူများသည် သူတို့၏ ခန္ဓာကိုယ်များ လောင်ကျွမ်းခံရသဖြင့် နာကျင်စွာ အော်ဟစ်နေကြရသည်။ အပူဒဏ်ကို ခံနိုင်ရည် ရှိသင့်သော အဆင့်မြင့် ဝတ်ရုံများပင်လျှင် ဤငရဲမီးတောက်ရှေ့တွင် အသုံးမဝင်တော့ချေ။

ထိုတခဏအတွင်းမှာပင် ရှောင်ဟွမ်းတောင်ခြေရှိ တိုက်ပွဲနယ်မြေမှာ မီးပင်လယ်ကြီးတစ်ခု ဖြစ်သွားတော့သည်။

ဂလု....

တောင်ပြင်ပတစ်နေရာရှိ အမည်မသိ ကျင့်ကြံသူတစ်ဦးမှာ သူ လက်ရှိ မြင်တွေ့လိုက်ရသော မြင်ကွင်းကြောင့် တံတွေးကို ခက်ခဲစွာ မျိုချလိုက်မိသည်။ ထို့နောက်တွင်မူ ဆူညံလှသော အုတ်အော်သောင်းနင်း ဖြစ်မှုများ လိုက်ပါလာတော့သည်။

"ဟာ.... ဒါက ဘယ်လို မှော်အတတ်လဲ.... ဘယ်လိုလုပ် ဒီလောက်တောင် ကြောက်ဖို့ကောင်းနေရတာလဲ"

"ဒါက နေမီးလျှံ အတတ်လား.... အဲ့ဒါဆိုရင်တောင် ဒီလောက်အထိ အစွမ်းမထက်သင့်ဘူးလေ"

"ဒါ.... ဓာတ်ကြီးငါးပါးဂိုဏ်းရဲ့ အဆင့်မြှင့်ထားတဲ့ မှော်အတတ်များလား...."

"အဲ့ဒီ တောက်လောင်နေတဲ့ နေမင်းအောက်က လူက ဘယ်သူများလဲ...."

အစရှိသည့် တုန်လှုပ်ချောက်ချားမှုနှင့် ကြောက်ရွံ့မှုများ ပြည့်နှက်နေသော အသံများ လေထဲတွင် ပျံ့လွင့်နေသည်။ ဤတိုက်ခိုက်မှုမှာ တစ်ကိုယ်တော်ကျင့်ကြံသူများ၏ စိတ်ကူးစိတ်သန်းထက်ပင် ကျော်လွန်နေသည်။ ၎င်း၏ ပြင်းထန်လှသော ပေါက်ကွဲအားမှာ နားလည်ရခက်လှပြီး ဖျက်ဆီးခြင်းသက်သက်ကိုသာ ချန်ရစ်ခဲ့သည်။

ကောင်းကင်ယံတွင် နန်ကုန်းချင်မှာ လှိမ့်တက်လာသော မီးလျှံမုန်တိုင်းကို အသည်းအသန် ခုခံရင်း ပူပြင်းလှသော လေထုကို ဖြတ်ကာ သူ၏ ဖခင်ရှိရာသို့ ပျံသန်းသွားသည်။ တိမ်ဖြူပေါ်သို့ ရောက်ရှိသွားမှသာ သူ သက်ပြင်းချနိုင်တော့ပြီး ခံရခက်လှသော အပူရှိန်မှာလည်း တဖြည်းဖြည်း လျော့ပါးသွားတော့သည်။

သူသည် တံတွေးကို ခက်ခဲစွာ မျိုချလိုက်ပြီး မျက်ဝန်းများထဲတွင် ထိတ်လန့်မှုများ ပြည့်နှက်နေသည်။

"အဖေ.... ဒါ.... ဒါ လော့ချန် လက်ချက်လား.... သူ လုပ်လိုက်တာလား"

နန်ကုန်းကျင်းကိုယ်တိုင်ပင်လျှင် အာခေါင်များ ခြောက်ကပ်လာသည်ဟု ခံစားရသည်။ သူသည် တည်ငြိမ်အောင် အတင်းအကျပ် ကြိုးစားရင်း လေးနက်သော လေသံဖြင့် ပြန်ပြောလိုက်သည်။

"အင်း.... မှော်အတတ်တွေရဲ့ စွမ်းအားက အမြဲလိုလို ဖျက်ဆီးအား အင်မတန် ကြီးတာပဲ.... သာမန် မှော်လက်နက်တွေရဲ့ အစွမ်းထက် အများကြီး သာလွန်နေပြီ.... ဒါပေမဲ့.... ဒါကြီးကတော့ သိပ်ကြောက်စရာကောင်းလွန်းတယ်"

နန်ကုန်ချင်းမှာ သူ မျက်မြင် ကြုံတွေ့ခဲ့ရသည်ကို လက်မခံနိုင်သေးပေ။ အကြောင်းမူ လော့ချန်သည် သူနှင့်အတူတူ ချီသန့်စင်အဆင့် ၉ တွင်သာ ရှိသေးသည်။

"အဖေရာ.... မှော်အတတ်တွေက ဒီလောက်အထိ စွမ်းအားကြီးတာဆို ဘာလို့ ကျင့်ကြံသူတွေက ဒါတွေကို စွန့်လွှတ်ပြီး ပြင်ပမှော်လက်နက်တွေကိုပဲ အားကိုးနေကြတာလဲ"

နန်ကုန်းကျင်းက စိတ်ဓာတ်ကျသွားသော သားဖြစ်သူ၏ ပုခုံးကို အားပေးသည့်သဘောဖြင့် တင်းတင်းဆုပ်ကိုင်လိုက်သည်။

“လက်နက်တွေနဲ့ ရတနာတွေက မှော်အတတ်တွေထက် နိမ့်ကျတယ်လို့ အတတ်ပြောလို့မရဘူး.... အစွမ်းထက် မှော်ရတနာတစ်ခုက ကျင့်ကြံသူတစ်ဦးရဲ့ ချီစွမ်းအင်ကို မြှင့်တင်ပေးနိုင်သလို သူတို့ကိုယ်တိုင်ထက် အဆပေါင်းများစွာ သာလွန်တဲ့ တိုက်ခိုက်မှုတွေကိုလည်း လုပ်ဆောင်ပေးနိုင်တယ်.... ပြီးတော့ မှော်အတတ်တွေရဲ့ အားနည်းချက်က လူတိုင်းသိပြီးသားပဲကွာ.... အဲ့တော့ မှော်အတတ်ရဲ့ စွမ်းအားအပေါ်မှာ သာယာမနေနဲ့.... မဟုတ်ရင် မင်းကျင့်စဥ်ခရီးမှာ အဟန့်အတား ဖြစ်လိမ့်မယ်"

နန်ကုန်းချင်သည် ပြန်လည်ငြင်းခုံရန် ပါးစပ်ဟလိုက်သော်လည်း နောက်ဆုံးတွင်မူ သက်ပြင်းရှည်ကြီး တစ်ခုသာ ချနိုင်တော့သည်။ မှန်ပေသည်။ မှော်အတတ်များ၏ အားနည်းချက်များမှာ အလွန်ပင် များပြားလှသည်။ ၎င်းတို့မှာ ဖြစ်ပေါ်လာရန် အချိန်ယူရသလို အသုံးပြုရန်လည်း နှေးကွေးလှပြီး ကျင့်ကြံသူတစ်ဦး၏ သန့်စင်သော ချီစွမ်းအင်ကို အလွန်အမင်း ကုန်ခန်းစေသည်။

သားဖြစ်သူ၏ စိတ်ကို တည်ငြိမ်စေရန် နန်ကုန်းကျင်းက သေချာစွာ ထပ်မံ ရှင်းပြလိုက်သည်။

“ပြီးတော့ လော့ချန်ရဲ့ ဒီမှော်အတတ်က လွယ်လွယ်သုံးနိုင်တဲ့အရာ မဟုတ်ဘူး.... မင်း အမြင်ပဲလေ.... လော့ထျန်းအဖွဲ့ရဲ့ ကျင့်ကြံသူတိုင်းက အသေအလဲ တိုက်နေကြတာ.... အထူးသဖြင့် ဝမ်ယွမ်ဆိုရင် တွမ်ချန်ခွန်းနဲ့ အသက်လုပြီး တိုက်နေခဲ့ရတာ.... အဲဒီအချိန် လော့ချန်ပေါ်မလာပဲ ဘာလို့ပုန်းနေတာလဲ.... သူဘာတွေအချိန်ယူပြီး ပြင်နေရတာလဲဆိုတာ မင်း ခန့်မှန်းကြည့်ပေါ့...."

ထိုအခါမှ နန်ကုန်းချင်မှာ ရုတ်တရက် အသိဝင်သွားတော့သည်။ လော့ချန်မှာ တစ်ချိန်လုံး ပုန်းအောင်းနေခဲ့ခြင်း ဖြစ်ပြီး သေချာပေါက် မှော်အတတ်ကိုသုံးနိုင်ရန် ပြင်ဆင်နေခဲ့ခြင်းပင် ဖြစ်လိမ့်မည်။

“ဒါဆို သူ ပုန်းနေခဲ့တာက.... တွမ်ချန်ခွန်းက သူ့ကို ချက်ချင်း လက်စတုံးသွားမှာ ကြောက်လို့ပေါ့နော်”

“အဲဒီအချက်ပဲ ရှိတာပေါ့ ချင်လေး.... အခုတော့ မင်း နားလည်သွားပြီပဲ.... မင်း ဒီမှော်အတတ်ရဲ့ စွမ်းအားကို မက်မောမနေနဲ့.... ကိုယ်သွားနေတဲ့ ကျင့်ကြံလမ်းမှန်ကိုပဲ ဆက်အာရုံစိုက်.... မင်း အခြေခံတည်ဆောက်ခြင်းအဆင့်ကို ရောက်သွားရင် မင်း လုပ်နိုင်မှာက...."

ရုတ်တရက် နန်ကုန်းကျင်း စကားပင်ဆက်မပြောနိုင်တော့ပဲ မျက်နှာပျက်သွားသည်။

သူသည် အဝေးတစ်နေရာမှ ညကောင်းကင်ယံဆီသို့ စိုက်ကြည့်လိုက်သည်။ အလင်းတန်း သုံးခုသည် အမှောင်ထုကို ဖြတ်သန်းကာ မယုံချင်စဖွယ် မြန်ဆန်လှသော အရှိန်ဖြင့် ကောင်းကင်ယံကို ထိုးခွဲလာနေကြသည်။ ထိုအခိုက် နန်ကုန်း ခပ်တိုးတိုး ရေရွတ်လိုက်မိသည်။

“သူ.... ထွက်လာပြီ...."

မီးပင်လယ်ကြီးအတွင်းမှ လူရိပ်တစ်ခုမှာ အသာအယာ လမ်းလျှောက်၍ ထွက်ပေါ်လာသည်။

လော့ချန်သည် ရှေ့သို့ တစ်လှမ်းချင်း လှမ်းလာရာ သူ၏ တိမ်ကတ္တီပါ ဖိနပ်များမှာ မီးလောင်နေသော မြေပြင်ကို အနည်းငယ်မျှပင် မထိသည့်အပြင် လွင့်ပျံနေသော ဝတ်ရုံဖြူကြီးမှာလည်း သူ့အား နတ်ဘုရားတစ်ပါးပမာ အရှိန်အဝါများ ပေးစွမ်းနေသည်။

စင်းလုံးချောလှသော နှာတံနှင့် အနှိုင်းမဲ့နက်ရှိုင်းလှသော မျက်ဝန်းများကလည်း သူ့အား လျှို့ဝှက်ဆန်းကြယ်သည့် အရှိန်အဝါများ ပေးစွမ်းနေသည်။ ဓားသွားကဲ့သို့ စူးရှလှသော သူ၏ အကြည့်မှာ ငရဲပြည်ကိုပင် ထိုးဖောက်သွားနိုင်မည့်အလား ဖြစ်သည်။ သူသည် လက်နှစ်ဖက်ကို နောက်ပစ်ထားရင်း ကောင်းကင်မှ ကြွေကျနေသော မီးလျှံများကြားတွင် ညည့်ဦးယံအတွင်းသို့ လှမ်းဝင်လာသည်။

ရုတ်တရက် သူ ရပ်တန့်လိုက်သည်။ သူ၏ အကြည့်မှာ တောင်၏ အပြင်တွင်စုရုံးနေကြသော တိုက်ပွဲကို အဝေးမှ စောင့်ကြည့်နေကြသည့် တစ်ကိုယ်တော်ကျင့်ကြံသူများထံသို့ ကျရောက်သွားသည်။ ထို့နောက် သူ၏ နှုတ်ခမ်းများ ပွင့်ဟလာသည်။ ကျောက်စိမ်းကြိုးကို တီးခတ်လိုက်သည့်အလား ပြတ်သားလှသော သူ၏ အသံမှာ ညည့်ဦးယံ အတွင်း၌ ဟိန်းထွက်သွားတော့သည်။

“ဒီနေ့ကစပြီး.... တာဟဲဈေးမြို့တော်မှာ တွမ်မျိုးနွယ်စုဆိုတာ မရှိတော့ဘူး.... ရှောင်ဟွမ်းတောင်ဟာ လော့ထျန်းအဖွဲ့ရဲ့ ပိုင်နက်ဖြစ်သွားပြီလို့ သိထားလိုက်ကြပါ.... အားလုံးပဲ.... အခု ပြန်လို့ရပါပြီ.... ကျုပ် လော့က နှုတ်ဆက်လိုက်ပါတယ်”

တာဟဲစျေးမြို့တော်တွင် တန်ချန်ဇီ ဟူသော နာမည်ကို လူများစွာ ကြားဖူးကြပြီး သူ၏ နာမည်ရင်းမှာ လော့ချန် ဖြစ်ကြောင်းကိုလည်း သိကြသည်။ သို့သော်လည်း လော့ချန်၏ မျက်နှာကို တကယ်တမ်း မြင်ဖူးသူမှာမူ အနည်းငယ်သာ ရှိသည်။

စတင် နာမည်ကြီးစဉ်က လော့ချန်သည် ဆေးဖော်စပ်ခြင်းကိုသာ အာရုံစိုက်ခဲ့သည်။ နောက်ပိုင်းတွင် လော့ထျန်းအဖွဲ့၏ ခေါင်းဆောင် ဖြစ်လာသည့်အခါတွင်လည်း အခြေခံတည်ဆောက်ခြင်းအဆင့် ကျင့်ကြံသူများကြားတွင်သာ သွားလာလှုပ်ရှားနေခဲ့သည်။ ဖူမျိုးနွယ်စု တိုက်ပွဲတွင်လည်း လူအများစုမှာ ဖူမျိုးနွယ်စု၏ ကြွယ်ဝလှသော အမွေအနှစ်များပေါ်မှာသာ အာရုံရောက်နေကြသဖြင့် လော့ချန်၏ ရုပ်ရည်ကို သေချာ ဂရုမပြုမိခဲ့ကြပေ။

ထို့ကြောင့် လော့ချန် စတင် စကားပြောသည့်အခါတွင် သူ မည်သူမှန်း လူအများစု မသိကြပေ။ ထိုသူမှ မိမိကိုယ်မိမိ ‘လော့’ ဟု သုံးနှုန်းလိုက်သည်နှင့် တစ်ပြိုင်နက် အားလုံးက သူ မည်သူမှန်း သိသွားကြတော့သည်။ ထိုအခိုက်အတန့်တွင် ရှိရှိသမျှ ကျင့်ကြံသူအားလုံးမှာ ထိုသူ၏ မျက်နှာကို သူတို့၏ မှတ်ဉာဏ်ထဲ၌ စွဲထင်သွားအောင် မှတ်သားလိုက်ကြသည်။ သို့သော်လည်း လူတိုင်းအသာတကြည် ပြန်သွားလိမ့်မည်ဟု မျှော်လင့်ခြင်းမှာ မဖြစ်နိုင်ပေ။

“နေပါဦးဟ.... မင်း ဒီတိုင်းပြန်တော့မလို့လား.... တွမ်မျိုးနွယ်စု မရှိတော့ရင် ရှောင်ဟွမ်းတောင်က ပိုင်ရှင်မဲ့ ဖြစ်သွားတာပဲလေ.... လော့ထျန်းအဖွဲ့ချုပ်က ဘာကိစ္စပိုင်မှာလဲ.... ဟေး.... မိတ်ဆွေတို့.... ရှောင်ဟွမ်းတောင်မှာ တွမ်မျိုးနွယ်စုရဲ့ နှစ်ပေါင်းရာချီ စုဆောင်းထားတဲ့ ဓနဥစ္စာတွေ ရှိသလို ရေခဲမီးလျှံ ဝိညာဉ်စမ်းရေတွင်းလည်း ရှိတယ်.... ပိုင်ရှင်မဲ့ပစ္စည်းဆိုတာ ယူကောင်းပါတယ်.... လာပါ အတူတူသွားပြီး ခွဲယူကြတာပေါ့...."

ထိုသို့ ပြန်ခါနီး စပ်စုသူများကို လိုက်လံဆွဲဆောင်၍ စကားပြောသူမှာ ချီသန့်စင်အဆင့် ၉ ကျင့်ကြံသူ ဖန်ချန်ရှန်း ဆိုသူဖြစ်ပြီး သူသည် တာဟဲဈေးမြို့တော်မှ နာမည်ကြီး တစ်ကိုယ်တော်ကျင့်ကြံသူတစ်ဦး ဖြစ်သည်။ ဤ အချောင်နှိုက်ချင်သည့် လူ့ဂွစာကို ကြည့်ရင်း လော့ချန်၏ နှုတ်ခမ်းများမှာ လှောင်ပြုံးတစ်ခုအဖြစ် ကွေးညွတ်သွားသည်။

“မင်း သေချာလို့လားကွာ.... အခြေအနေတွေက ရှုပ်ယှက်ခက်နေတာကွ.... ငါတို့တော့ သိပ်မလိုက်ချင်ဘူး”

ထိုအခါ ဖန်ချန်ရှန်းက အေးစက်စွာ ရယ်မောလိုက်ပြီး စပ်စုသူတသိုက် ရှေ့တွင် ရပ်လိုက်ကာ ထပ်ဆွယ်လိုက်ပြန်သည်။

“မိတ်ဆွေတို့.... မကြောက်ကြနဲ့ဗျာ.... တန်ချန်ဇီက အစွမ်းထက်တယ်ဆိုပေမဲ့ ဒီလောက်တိုက်ကွက်ပြင်းတွေ သုံးပြီးမှတော့ အားအင်ချိနဲ့ပြီး ချီစွမ်းအင်တွေ ကုန်ခန်းနေလောက်ပါပြီ.... ခုနက သူ့ပုံစံကိုကြည့်ပါလား.... အပြင်ပန်း ကြည့်ကောင်းနေပေမဲ့ အနှစ်မရှိတဲ့ အခွံသက်သက်ပါဗျာ.... သူက အချိန်ဆွဲပြီးတော့...."

သူ့စကားကို နောက်တမလွန်တွင် ဆက်ပြောရမည်ထင်သည်။ အကြောင်းမူ သူစကားမဆုံးမီမှာပင် ရွှေရောင် အလင်းတန်းတစ်ခု လက်ခနဲ ဖြစ်သွားသည်။ ဖန်ချန်ရှန်းသည် ပင်ကိုယ်အသိစိတ်အရ သူ၏ အဆင့်မြင့် ဝတ်ရုံကို အသက်သွင်းကာ ကာကွယ်လိုက်သော်လည်း ထိုခုခံမှုမှာ အရာမထင်လိုက်ပေ။ အပ်ချည်မျှင်မျှသာ သွယ်လျသော ရွှေရောင်အလင်းတန်းသည် အတားအဆီးကို အလွယ်တကူပင် ဖြတ်တောက်သွားတော့သည်။ မျက်စိတစ်မှိတ်အတွင်းမှာပင် မာန်တက်နေခဲ့သော ဖန်ချန်ရှန်း၏ ခေါင်းမှာ ပြတ်ထွက်သွားပြီး ရွှေရောင် အလင်းတန်းနှင့်အတူ လော့ချန်၏ လက်ထဲသို့ ရောက်ရှိသွားတော့သည်။

ခေါင်းပြတ်ကြီးကို လက်တစ်ဖက်ဖြင့် ကိုင်ထားရင်း လော့ချန်၏ ပတ်ပတ်လည်တွင် ဓားအမြုတေမှာ ချောက်ခြားဖွယ် အသံဖြင့် ဝဲပျံနေသည်။ လော့ချန်၏ အကြည့်မှာ ရေခဲပမာ အေးစက်နေပြီး သူ၏ လက်ချောင်းများကို ကွေးကာ ရှေ့သို့ ခါထုတ်လိုက်သည်။

ရှုး....

ဓားအမြုတေမှာ ရွှေရောင်အမျှင်တန်းအဖြစ် ပြောင်းလဲသွားပြီး ရှောင်ဟွမ်းတောင်၏ ပတ်ပတ်လည်တွင် အလွန်ရှည်လျားသော မျဉ်းတစ်ကြောင်းကို ဆွဲလိုက်တော့သည်။

“အခွင့်မရှိပဲ ဝင်ချင်သေးလား....”

“ဒီမျဉ်းကို ကျော်လာတဲ့ ဘယ်သူမဆို.... သေစေရမယ်....”

လော့ချန်၏ အသံ ဟိန်းထွက်သွားသည်နှင့် သူ၏ လက်ထဲမှ ပြတ်တောက်နေသော ခေါင်းမှာ မျဉ်း၏ အပြင်ဘက်သို့ လွင့်စင်သွားပြီး မြေပြင်ပေါ်သို့ ဝုန်းခနဲ ကျဆင်းသွားသည်။ သေဆုံးသွားသော်လည်း ပြူးကျယ်နေဆဲ ဖြစ်သော ထိုမျက်လုံးများမှာ လှုပ်ရှားရန် ပြင်နေကြသူများကို စိုက်ကြည့်နေသကဲ့သို့ ရှိနေသည်။ ထိုခေါင်းပြတ်ကြီးသည် သေခြင်းတရားဖြင့် ပေးလိုက်သော တိတ်ဆိတ်သည့် သတိပေးချက်တစ်ခု ဖြစ်နေတော့သည်။

လော့ချန်နှင့် သူ၏စွန့်စားခန်းများ

အခန်း (၂၆၈) - ရှောင်ဟွမ်းတောင်အား အောင်မြင်စွာ သိမ်းပိုက်နိုင်ခြင်း

ထိုအခိုက်အတန့်တွင် တစ်ဦးတစ်ယောက်မျှ ရှေ့သို့ မတိုးဝံ့ကြတော့ပေ။

အကြောင်းမူ တန်ချန်ဇီသည် စွမ်းအင်ကုန်ခမ်းကာ အားအင်ချည့်နဲ့နေပြီဟု ပြောခဲ့သူမှာ ယခု သူတို့ရှေ့တွင် အသက်နှင့်ကိုယ် အိုးစားကွဲလျက်ရှိနေသည်။

လော့ချန်၏ ချီစွမ်းအင်မှာမူ လျော့ပါးသွားခြင်းမရှိဘဲ လွှမ်းခြုံထားဆဲဖြစ်ပြီး သူ၏ပတ်ဝန်း ကျင်ရှိ အေးစက်လှသော အရှိန်အဝါများမှာ ရက်စက်ကြမ်းကြုတ်မှုကို ဆောင်နေသည်။ စကားတစ်ခွန်းမှားသည်နှင့် ဇီဝိန်ချုပ်ပေတော့မည်။ ဖန်ချန်ရှန်းနှင့်အတူ ရပ်နေခဲ့သော ဖန်ရှန်းခံတပ်မှ ကျင့်ကြံသူများသည်ပင် ထိတ်လန့်တုန်လှုပ်နေကြပြီး သူတို့ခေါင်းဆောင်၏ အလောင်းကိုပင် ပြန်လည် ယူဆောင်ရန် မေ့လျော့နေကြသည်။

လော့ချန်သည် ထိုသူတို့အားလုံးကို ဂရုမစိုက်တော့ဘဲ ကောင်းကင်သို့ ပျံတက်လိုက်သည်။ သူ လက်ကို ခါထုတ်လိုက်ရာ မီးလောင်ကျွမ်းထားသော ပန်းချီလိပ်တစ်ခုသည် နန်ကုန်းကျင်းထံသို့ အသာအယာ လွင့်ပါသွားသည်။

“ကျွန်တော် အကြီးအကဲ အမိန့်အတိုင်း တာဝန်ကျေခဲ့ပြီနော်...."

“ဟာ.... ဘာကိုအမိန့်လဲကွာ.... မဟုတ်တာ.... ဒါကို အောင်မြင်တဲ့ ပူးပေါင်းဆောင်ရွက်မှုလို့ပဲ ခေါ်ကြစို့လေ”

နန်ကုန်းကျင်း၏ မျက်နှာမှာ စိတ်လှုပ်ရှားမှုကြောင့် တောက်ပနေပြီး ထိုပန်းချီလိပ်ကို လွင့်ထွက် သွားမည် စိုးသည့်အလား ဂရုတစိုက် လက်ခံလိုက်သည်။ သူ၏ဘေးရှိ နန်ကုန်းချင်မှာမူ မယုံနိုင်သလို ဖြစ်ကာ တံတွေးကို မျိုချလိုက်မိသည်။ သူတို့လက်ထဲရောက်ရှိလာသည်မှာ အခြားမဟုတ် ကွေ့ရွှေ မှော်ဝင်ပန်းချီကား ဖြစ်နေသည်။

လော့ချန် အကြည့်ကို လွှဲလိုက်သည်။ ဤရတနာသည် နန်ကုန်းကျင်းနှင့် မဟာမိတ်ဖွဲ့ရန်အတွက် အဓိကကမ်းလှမ်းချက် ဖြစ်ခဲ့သည်။ ဤအတွက်ကြောင့်လည်း သူတို့နှစ်ဦးမှာ မဟာတာအို ကတိသစ္စာ ကျိန်ဆိုခြင်းကို ပြုလုပ်ခဲ့ကြရသည်။ သာမန်တစ်ကိုယ်တော်ကျင့်ကြံသူများအတွက် ဤကတိသစ္စာမှာ အရေးမပါသော်လည်း နန်ကုန်းကျင်းအတွက်မူ မတူချေ။ သူသည် အသက် ၁၅၀ သာ ရှိသေးပြီး ကျင့်ကြံခြင်း လောကတွင် လူငယ်ဟု သတ်မှတ်နိုင်ကာ ရွှေအမြုတေအဆင့်သို့ ရောက်ရှိရန် မျှော်လင့်ချက် ရှိနေသူဖြစ်သည်။ ထို့ကြောင့် သူတို့၏ မဟာမိတ်ကတိမှာ ခိုင်မာလှပေသည်။

နန်ကုန်းကျင်းသည် ပန်းချီကားကို ရရှိပြီးနောက် လော့ချန်ကို ခေါင်းညိတ်ပြလိုက်သည်။

“လျန်ယွန်း ကုန်သွယ်ရေးမဟာမိတ်က အကြီးအကဲကျိုးနဲ့ ငါ ညှိနှိုင်းပြီးပြီ.... တာကျန်းဂိုဏ်းကတော့....”

“ကိစ္စမရှိပါဘူး.... ကျွန်တော် ကျောက်စိမ်းအမြုတေဆေးလုံးမှာ သူ့ကို အကျိုးအမြတ် အချိုးတစ်ခု သတ်မှတ်ပြီး ခွဲပေးလိုက်ပါ့မယ်.... ဒါဆို သူပါးစပ်ပိတ်သွားပါလိမ့်မယ်”

“အိုး.... အရမ်းကောင်းတဲ့ နည်းလမ်းပဲပေါ့ မိတ်ဆွေ‌လော့ရယ်.... ဒီကတိစကားဆိုရင်တော့ သူ နောက်ဆုတ်သွားပါလိမ့်မယ်.... ဒါဆို ကျုပ်ကိုလည်း ပြန်ခွင့်ပြုပါဦး”

“ကောင်းပါပြီ.... ကျွန်တော် လိုက်မပို့တော့ဘူးနော်.... ကောင်းကောင်းပြန်ပါ အကြီးအကဲ”

သူတို့ သားအဖ လှည့်မထွက်မီ နန်ကုန်းချင်သည် လော့ချန်ကို လှည့်ကြည့်လိုက်သေးသည်။ လက်ရှိ ဖြစ်ပျက်သွားသည်ကို သူ ယုံကြည်နိုင်စွမ်း မရှိသေးပေ။ လော့ချန်ကမူ ပြုံး၍ ခေါင်းညိတ်ပြလိုက်ပြီး အဝေးရှိ ကောင်းကင်ယံမှ အလင်းတန်းများဆီသို့ အကြည့်လွှဲလိုက်သည်။ နန်ကုန်းကျင်း ပြန်သွားသည်နှင့် ထိုအလင်းတန်းများမှာ လျင်မြန်စွာ ပျောက်ကွယ်သွားကြတော့သည်။

နန်ကုန်းကျင်း၏ အဓိကတာဝန်မှာ နောက်ဆက်တွဲကိစ္စများကို ဖြေရှင်းပေးရန် ဖြစ်သည်။ အခြေခံတည်ဆောက်ခြင်းအဆင့် ကျင့်ကြံသူများနှင့် သူ သွားရောက် ညှိနှိုင်း အဆုံးသတ်ပေးမည် ဖြစ်သည်။ သူ လော့ချန်နှင့် ပူးပေါင်းရသည့် အကြောင်းရင်းမှာ လက်ရှိတွင် နန်ကုန်း မျိုးနွယ်စု၏ အင်အားနည်းပါးမှုကြောင့် မဟာမိတ် လိုနေသည့်အပြင် လော့ချန်မှ သူတို့မျိုးနွယ်စုအား အထူးအဆင့် ကျောက်စိမ်းအမြုတေ ဆေးလုံးများ ရောင်းပေးမည်ဟု ကတိပေးထားသောကြောင့်လည်း ဖြစ်သည်။ ထိုဆေးလုံးများသည် သာမန်ဆေးလုံးများကဲ့သို့ အတွင်းအားကို မထိခိုက်စေဘဲ အစွမ်းမှာမူ ချီစွမ်းအင်ဖြည့်ဆေးလုံး များနှင့် ရင်ဘောင်တန်းနိုင်သည်။ ထို့ထက်ပိုဆွဲဆောင်နိုင်သည့်အချက်မှာ အာနိသင်ဆင်တူသည့်အပြင် ဈေးနှုန်းအားဖြင့်လည်း အလွန်သက်သာလှသည်။ ဤအချက်ကပင် သူတို့ကို ပူးပေါင်းရန် ဆွဲဆောင်နိုင်ခဲ့ခြင်း ဖြစ်သည်။

“အင်း.... အခြေခံတည်ဆောက်ခြင်းအဆင့် ကျင့်ကြံသူတွေ ဝိုင်းရန်လုပ်မှာတော့ မပူရတော့ဘူး၊ လော့ထျန်းအဖွဲ့ရဲ့ အင်အား၊ အစ်ကိုဝမ်နဲ့ ငါ့ရဲ့ တိုက်ခိုက်နိုင်စွမ်းတွေ အကုန်ပေါင်းပြီး သူတို့ကို ကမ်းလှမ်းညှိနှိုင်းရင်တောင် စည်းရုံး လို့ရချင်မှရမှာ၊ အဆုံးကျတော့ သူတို့လည်း ဘာသားနဲ့ထုထားတာမလို့လဲ.... အကျိုးအမြတ် ပေးမယ်ပြောလိုက်တော့ လိုလိုချင်ချင်သဘောတူကုန်ကြတာပဲ....”

လော့ချန်သည် ဤတိုက်ပွဲအတွက် အဖက်ဖက်မှ ဖြစ်နိုင်သည့် ကောင်းကျိုး ဆိုးကျိုးများကို သေချာ တွေးတောခဲ့သည်။ ကြိုတင်ပြင်ဆင်မှုများသာ မရှိခဲ့လျှင် လော့ချန်သည် ထို အဆင့်မြင့်ကျင့်ကြံသူ ကြီးများနှင့် တန်းတူ ဆွေးနွေးနိုင်ခွင့်ပင် ရှိမည်မဟုတ်ပေ။ သူသည် မြေပြင်တွင် မထွက်ခွာဘဲ ရစ်သီသီလုပ်ကာ ကျန်ရစ်နေကြသော ကျင့်ကြံသူများကို ကြည့်ကာ ရက်စက်လှသော အပြုံးဖြင့် ရယ်မောလိုက်သည်။

“ဟ.... ဒီကောင်တွေ တကယ် အကြောက်အလန့်မရှိတာပဲ.... အိမ်ပြန်ပို့ပေးလိုက်မယ်.... ရော့...."

သူ လက်ချောင်းများကို ခါထုတ်လိုက်သည်နှင့် ရှောင်ဟွမ်းတောင်ခြေတွင် ပုန်းအောင်း၍ အချောင် အခွင့်အရေး စောင့်နေကြသူများကြားတွင် ပေါက်ကွဲသံများနှင့်အတူ အော်ဟစ်သံများ ဆက် တိုက် ထွက်ပေါ်လာသည်။ ထိုအခါမှသာ ကြောက်ရွံ့မှုများဖြင့် အသီးသီး ဆုတ်ခွာသွား ကြတော့သည်။

ထိုလူစု ကွဲသွားသောအခါ လျိုချန်းသည် လော့ချန်ထံသို့ အပြေးအလွှား ရောက်ရှိလာသည်။

လျိုချန်းအား သူ တာဝန်တစ်ခုပေးထားခြင်းဖြစ်သည်။ ထိုတာဝန်မှာ ဆေးဖော်‌ဆောင်မှ အလေအလွင့် ကျောက်စိမ်းစေ့များကို တောင်ပတ်လမ်းတလျှောက်၌ လိုက်လံမြှုပ်ထားစေခြင်းဖြစ်သည်။ အကြောင်းမှာ ရန်သူများ ကျူးကျော်လာသည့် အာရုံရလာသည်နှင့် ထိုကျောက်စိမ်းစေ့များကို သုံးကာ တားဆီးနိုင်ရန် ဖြစ်သည်။ ထိုကျောက်စိမ်းစေ့များသည် ဆေးဖော်‌ဆောင်မှ အလေအလွင့်များဖြစ်သဖြင့် အဖိုးမတန်လှ သော်လည်း ကောင်းကောင်းအသုံးချတတ်ပါက အလွန်အသုံးဝင်နိုင်ပေသည်။

“ခေါင်းဆောင် ပြောသလို လုပ်ပြီးပါပြီ.... တောင်တက်လမ်းတစ်လျှောက် ကျောက်စိမ်းအမြုတေ ကြွင်းကျန်စေ့တွေ မြှုပ်ပြီးပါပြီခင်ဗျာ”

“အင်း.... ကောင်းတယ်.... ဒီညတော့ တောင်ပေါ်မတက်နဲ့ဦး.... မင်းအဖွဲ့သားတွေနဲ့ ဒီနေရာကိုပဲ အသေအချာ စောင့်ကြပ်ထားလိုက်"

လော့ချန်သည် လျိုချန်းတို့အဖွဲ့အား အေးဆေးတည်ငြိမ်စွာ ညွှန်ကြားလိုက်ကာ တောင်ပေါ်သို့ ထွက်ခွာသွားတော့သည်။ စင်စစ်တွင်မူ ထိုလူများမှာ တိုက်ပွဲဝင်ခဲ့ကြသဖြင့် ပင်ပန်းနွမ်းနယ်နေသည့် အဖွဲ့ဝင်များမဟုတ်ဘဲ လော့ထျန်းအဖွဲ့၏ အင်အားဖြည့်တင်းရန် လတ်တလောတွင်မှ ရောက်ရှိလာကြသည့် အရန်တပ်ဖွဲ့ ဖြစ်ကြသည်။

လျိုချန်းသည် တောင်ပေါ်သို့ တိမ်စီး၍ ထွက်ခွာသွားသော လော့ချန်၏ ကျောပြင်ကို ကြည့်ကာ ကြည်ညိုလေးစားမှုများ ပြည့်နှက်နေမိသည်။

“ဩော်.... ငါတို့ အဖွဲ့ချုပ်ခေါင်းဆောင်.... သူ တကယ်ပဲ မဖြစ်နိုင်တာကို လုပ်ပြနိုင်ခဲ့ပြီ.... တာဟဲသမိုင်းတစ်လျှောက်မှာ အခြေခံတည်ဆောက်ခြင်းအဆင့်ရှိတဲ့ မျိုးနွယ်စုကြီးတစ်ခုကို အဖွဲ့ငယ်တစ်ခုက အမြစ်ပြတ်အောင် ချေမှုန်းနိုင်ခဲ့တယ်ဆိုတာ မရှိခဲ့ဖူးဘူး.... အခုတော့ သူ သမိုင်းသစ် ရေးလိုက်နိုင်ပြီပဲ...."

....

တိုက်ပွဲပြင်းထန်ခဲ့သော ညတာ ကုန်ဆုံးသွားပြီးနောက် ကောင်းကင်ယံ၌ အာရုဏ်ဦး အလင်းတန်းများ တဖြည်းဖြည်း ပေါ်ထွန်းလာသည်။

ညက ပေါက်ကွဲမှု ဖြစ်ပွားခဲ့သော နေရာကြီးသည် ကိုက်တစ်ရာခန့် ကျယ်ဝန်းကာ ၃၂ပေခန့် နက်ရှိုင်းသည့် ချောက်နက်ကြီးသဖွယ် ချိုင့်ခွက်ကြီး ဖြစ်ကျန်ရစ်ခဲ့သည်။ ယမန် ညပိုင်းတွင် ကောင်းကင်မှ ကြွေကျနေခဲ့သော မိုးစက်များမှာ ပူပြင်းလှသော မီးလျှံကြွင်းမီးကျန်များနှင့် ထိတွေ့ကာ မြူခိုးများအဖြစ် လွင့်ပျံနေပြီး နယ်မြေတစ်ခွင်လုံး မှုန်ရီ ဝေဝါးနေတော့သည်။

လော့ချန်သည် ထိုချိုင့်ခွက် ချောက်ကမ်းပါး၏ အစွန်းတွင် ခဏမျှ ရပ်တန့်လိုက်သည်။ သူသည် ဝမ်ယွမ်၏ ကျင့်ကြံခြင်းကို နှောင့်ယှက်ခြင်းမပြုရန် ဆုံးဖြတ်လိုက်ပြီး မြေပြင်ပေါ်ကျနေသော ထိပ််တန်းအဆင့် မှော်လက်နက် ဟယ်လော့ဓားကို ကောက်ယူကာ တောင်စောင်းတလျှောက်ရှိ တွမ်မျိုးနွယ်စုများ မျိုးဆက်နှင့်ချီ နေထိုင်ခဲ့သည့် အိမ်ရာများဆီသို့ လှမ်းဝင်ခဲ့သည်။

လော့ချန် ရှေ့သို့ တိုးလာသည်နှင့်အမျှ လူရိပ်များ တစ်ခုပြီးတစ်ခု စုရုံးလာကြသည်။

“အဆင်ပြေကြရဲ့လား ဘာလုပ်ပေးရဦးမလဲ”

လော့ချန် အမေးကို ခပ်တိုးတိုး ချောင်းဆိုးသံနှင့်အတူ ဒဏ်ရာရထားသော ကျင့်ကြံသူတစ်ဦးက ပြန်လည်ဖြေကြားသည်။

“အဟွတ် အဟွတ်.... အဖွဲ့ချုပ်ခေါင်းဆောင်၊ ကျွန်တော် အဆင်ပြေပါတယ်”

“မင်းရော.... ဘယ်လိုလဲ”

“သေကံမရောက်သေးလို့ အသက်ရှင်ခဲ့တာပါဗျာ.... အဖွဲ့ချုပ်ခေါင်းဆောင် ဖော်စပ်ပေးတဲ့ သွေးအဆီအနှစ်ဆေးလုံးသာ မရှိရင် ကျွန်တော် ဒီနေ့ နေရောင်ကို မြင်ရတော့မှာ မဟုတ်ဘူးခင်ဗျ”

“အစ်ကိုကြီးကျန်းဝမ်.... ခင်ဗျား ပုံစံက တော်တော်လေး ကြည့်ရဆိုးနေပါလား”

“မဆိုးဘဲ နေမလား.... တစ်ဖက်လူတွေကလည်း အသက်နဲ့ရင်းပြီး တိုက်နေကြတာလေ”

ထိုအဖြေနှင့်အတူ လော့ချန်သည် စကားများများ မပြောနိုင်ဘဲ တိတ်ဆိတ်သွားရသည်။ အကြောင်းမူ အသက်ရှင်ကျန်ရစ်သူ အရေအတွက်မှာ သူ ခန့်မှန်းထားသည်ထက် များစွာ လျော့နည်းနေသောကြောင့် ဖြစ်သည်။ ဤအောင်ပွဲအတွက် ပေးဆပ်လိုက်ရသော လော့ထျန်း အဖွဲ့ဝင်များ၏ အသက်သွေးချွေးမှာ သူ ထင်ထားသည်ထက် ဆုံးရှုံးမှုများနေသည်။

....

ခဏအကြာတွင် ဧရာမ နတ်ဘုရားတိုင်ကြီး ၁၂ တိုင်ရှိရာသို့ သွားရောက်ကာ လှောင်ချိုင့်သဖွယ် အကာအရန် တိုင်ကြီးများရှေ့တွင် လော့ချန် ရပ်တန့်လိုက်သည်။ စီမာဟွေ့နန်က သူ၏နောက်ပါးတွင် အရိပ်တကြည့်ကြည့် လိုက်ပါကာ အမိန့်ကို အသင့်‌ စောင့်ဆိုင်းနေသည်။ သူမ၏ နောက်တွင် စီမာရှန့်နှင့် စီမာဝမ်ကျဲ ညီအစ်ကိုနှစ်ဦး ရှိနေသည်။

“အင်း.... အခြေအနေကတော့ ထင်တာထက် အဆုံးအရှုံးများတာပဲ၊ ကျဆုံးသွားတဲ့ လော့ထျန်းအဖွဲ့ဝင် စာရင်းနဲ့ သိမ်းဆည်းရမိတဲ့ စစ်သုံ့ပန်းပစ္စည်းတွေကို အချိန်ယူပြီး သေသေချာချာ စာရင်းပြုစုလိုက်ပါ၊ သုံးရက်အတွင်း ငါ့ဆီ အစီရင်ခံစာ အပြီးတင်ပါ”

စီမာဟွေ့နန်က ခေါင်းညိတ်လိုက်ပြီး လော့ချန်အမိန့်အား ချက်ချင်း စတင် လုပ်ဆောင်ရန် ယခုလေးတင် ရောက်ရှိလာသော မုရုံချင်းလျန်နှင့်အတူ အလျင်အမြန် ထွက်ခွာသွားတော့သည်။ ကျန်ရှိနေသော သူများသည်လည်း ကူချိုင်ယီနှင့် အဘွားယွမ်တို့၏ ဦးဆောင်မှုဖြင့် ဒဏ်ရာများ ကုသရန်နှင့် အနားယူရန် နေရာရှာကြတော့သည်။

မကြာမီ ဖုန်းရှ အလောတကြီး ပြေးဝင်လာသည်။

“လော့ချန်.... လုပ်ပါဦး.... တွမ်ဖုန်း ပျောက်နေတယ်.... သူ.... သူ မပြောကောင်းမဆိုကောင်း....”

စိုးရိမ်စိတ်များနေသည့် ဖုန်းရှအား လော့ချန်က ခပ်အေးအေးပင် ခေါင်းခါပြလိုက်သည်။

“မလောပါနဲ့ဗျာ.... သူ ဘယ်မှ မရောက်ပါဘူး.... သူရှိမယ့်နေရာ သိပါတယ်”

ဤတိုက်ပွဲသည် စတင် ထိုးစစ် ဆင်သည်မှစ၍ လော့ထျန်းအဖွဲ့ချုပ်သည် ဗျူဟာအရ အသာစီး ရနေခဲ့သည်။ ထို့အပြင် စနစ်တကျ အကွက်ချထားသော ဝှက်ဖဲများစွာဖြင့် အနိုင်ရရေးကို အားသွန် ခွန်စိုက် ဖိနှိပ်ခဲ့ခြင်း ဖြစ်သည်။ လော့ချန်၊ နန်ကုန်းကျင်း၊ ဝမ်ယွမ်နှင့် ဒုတိယအဆင့် မျောက်ဝံတို့၏ ပေါင်းစပ်အင်အားမှာ တွမ်ချန်ခွန်းကို မလူးသာမလွန့်သာ အကျပ်ရိုက် စေခဲ့သည်။

လော့ချန်သည် ကောင်းကင်ယံ၌ ဝဲပျံနေသော ချန်ခွန်းအုပ်ဆောင်းကို မော့ကြည့်လိုက်သည်။ ဤမှော်လက်နက် အသက်ဝင်နေသည်ကို ကြည့်ခြင်းအားဖြင့် တွမ်ချန်ခွန်း မသေသေးဘဲ တနေရာရာတွင် ရှိနေမှန်း သူသေချာသိသည်။ လော့ချန်သည် ဓားအမြုတေကို ထွေးထုတ်လိုက်ရာ ထိုအရာမှာ ဓားရှည်တစ်လက်အဖြစ် ပြောင်းလဲသွားသည်။ သူသည် လေထက်သို့ ခုန်တက်လိုက်ပြီး ချန်ခွန်းအုပ်ဆောင်းကို တစ်ချက် ခုတ်ချလိုက်သည်။

ဒေါင်....

ချန်ခွန်းအုပ်ဆောင်းမှာ ပြင်းထန်စွာ လှုပ်ခါသွားသည်။ တစ်ချိန်တည်းမှာပင် အတွင်းဘက်မှ ဟောက်သံကြီး တစ်သံ ထွက်ပေါ်လာသည်။ အတွင်းအပြင် ပူးပေါင်း တိုက်ခိုက်လိုက်သည့် အချိန်မှာပင် မျောက်ဝံကြီးမှာ အတွင်းမှ အတင်း အားယူကာ တိုးထွက်လာတော့သည်။

လော့ချန်သည် သေးငယ်သွားသော ချန်ခွန်းအုပ်ဆောင်းကို ဖမ်းယူလိုက်ပြီး မြေပြင်ပေါ်ရှိ မျောက်ဝံကြီးကို ကြည့်လိုက်သည်။

“ဝေါင်း....”

မျောက်ဝံကြီးမှာ သူ၏ ရင်ဘတ်ကို အဆက်မပြတ် ထုရိုက်ရင်း ဒေါသတကြီး ဟောက်နေသည်။

“ရှောင်ဟုန်.... တိတ်စမ်း.... ပါးစပ်ပိတ်ထား”

ထို လော့ချန်၏ ငေါက်ငမ်းသံကြောင့် မျောက်ဝံကြီးမှာ ချက်ချင်းပင် ငြိမ်ကျသွားတော့သည်။ လော့ချန်သည် ဖုန်းရှကို ခေါ်လိုက်ကာ မျောက်ဝံကြီး၏ ပုခုံးပေါ်သို့ ခုန်တက်လိုက်သည်။ ထို့နောက် ရှောင်ဟွမ်းတောင်၏ အနက်ရှိုင်းဆုံး လျှို့ဝှက်နေရာသို့ ဦးတည်လိုက်သည်။

....

ထူထပ်လှသော မြူများ ဖုံးလွှမ်းနေသည့် တားမြစ်နယ်မြေတစ်ခုသို့ ရှောင်ဟုန်၏ ပုခုံးထက်တွင် လိုက်ပါလျက် လော့ချန်နှင့် ဖုန်းရှတို့ ရောက်ရှိလာကြသည်။ ထိုနေရာသည် ဆန်းပြားလှသော အစီအရင်များဖြင့် ရစ်ပတ်နှောင်ဖွဲ့ထားသည့် နေရာတစ်ခုလည်း ဖြစ်သည်။

“အော်.... ဒါက တွမ်မျိုးနွယ်စုရဲ့ အမြတ်နိုးဆုံး ရတနာဖြစ်တဲ့ ရေခဲမီးလျှံ ဝိညာဉ်စမ်းရေတွင်း ရှိတဲ့နေရာပဲ ဖြစ်ရမယ်”

“တောင်ခြေမှာ မဟုတ်ဘဲ တောင်ထိပ်ပေါ်မှာ ရှိနေလိမ့်မယ်လို့ မထင်ထားခဲ့ဘူး”

ရေရွတ်နေစဉ်မှာပင် လော့ချန်၏ မျက်လုံးများမှာ တောက်ပနေသည်။ ဤတားမြစ်နယ်မြေကို စောင့်ကြပ်နေသော မှော်အစီအရင်မှာ ကာကွယ်ရေး အစွမ်းသိပ်မရှိပေ။ ရှောင်ဟွမ်းတောင်၏ အတွင်းပိုင်း ဖြစ်နေသည့်အပြင် အပြင်ဘက်တွင် သတ်ဖြတ်ခြင်း အစီအရင် နှင့် တွမ်မျိုးနွယ်ဝင် ကျင့်ကြံသူများစွာ ရှိနေသဖြင့် ဤနေရာသို့ ရောက်လာပြီဆိုလျှင် မည်မျှပင် အကာအကွယ် ကောင်းစေကာမူ သေရုံသာ ရှိတော့သည်။ ဤအစီအရင်မှာ အဓိကအားဖြင့် ပုန်းကွယ်ခြင်းနှင့် လမ်းမှားစေခြင်းကိုသာ ဦးတည်ထားခြင်း ဖြစ်သည်။

သာမန်လူများ ဝင်သွားလျှင် လမ်းပျောက်သွားပေလိမ့်မည်။ သို့သော်လည်း လော့ချန် အတွက်မူ မည်သည့် အတားအဆီးမျှ မရှိပေ။ သူ၏ မျက်လုံးများမှာ အလင်းတန်းများ ထွက်ပေါ်လာပြီး ထောင်ချောက်ငယ်လေးများကို ရှောင်ကွင်းကာ နောက်ဆုံးတွင် သက်ငယ်မိုးအိမ်လေးတစ်ခု၏ အပြင်ဘက်သို့ ရောက်ရှိလာသည်။ သူ၏ မျက်လုံးများမှာ ချက်ချင်းပင် မြေပြင်ပေါ်သို့ ကျရောက်သွားသည်။ ထိုနေရာတွင် လူနှစ်ဦး လဲလျောင်းနေသည်။

“တွမ်ဖုန်း....”

ဖုန်းရှ အလန့်တကြား အော်ဟစ်ကာ ပြေးဝင်သွားသည်။

လော့ချန် လက်ကို ဝှေ့ယမ်းလိုက်ရာ တွမ်ဖုန်း၏ ဘေးတွင် ကျနေသော အပြာရောင်အလံကြီးမှာ သူ၏ လက်ထဲသို့ ပြန်ရောက်လာသည်။ ၎င်းမှာ သူ၏ အဆင့်မြင့်မှော်လက်နက်ဖြစ်သော အပြာရောင်ကတိုး မြွေနဂါးအလံ ဖြစ်ပေသည်။ တွမ်ဖုန်း သေလုမျောပါးဖြစ်သည့်တိုင် ကြိုးစားခဲ့ကြောင်း ထိုအလံကြီးက သက်သေပြနေသည်။ တိုက်ပွဲမစမီ သူ အရာအားလုံးကို ပြင်ဆင်ထားခဲ့သည်။ အထူးသဖြင့် တွမ်ဖုန်းဘက်တွင် ဖြစ်သည်။ တွမ်ဖုန်းသည် တွမ်မျိုးနွယ်စုအကြောင်း ကောင်းကောင်းသိထားသူ ဖြစ်သဖြင့် သူ ဘာမှ မဖြစ်စေရန် အရေးကြီးလှသည်။

တွမ်ဖုန်းသည် ယခင်က ယန်ဝူကြက်ဟူသော သားရဲလေးကို မွေးမြူဖူးသဖြင့် သားရဲ ထိန်းကျောင်းနည်းကို အနည်းငယ် တတ်မြောက်ကြောင်း လော့ချန် သိထားသည်။ ထို့ကြောင့် သူသည် ရှောင်ဟုန်ကို တွမ်ဖုန်းထံ ပေးအပ်ခဲ့ခြင်း ဖြစ်သည်။ သားရဲချုပ်နှောင်တံဆိပ်၏ ဖိနှိပ်မှုအောက်တွင် တွမ်ဖုန်းသည် ထိုဒုတိယအဆင့် မျောက်ဝံကို ခေတ္တခဏ ညွှန်ကြား စေခိုင်းနိုင်ခဲ့သည်။

လော့ချန်သည် တွမ်ဖုန်း၏ အခြေအနေအား အသေးစိတ်စမ်းသပ်လိုက်သည်။

“သူ မသေသေးပါဘူး.... မမရှ....ချီစွမ်းအင် ကုန်ခမ်းသွားပြီး ဒဏ်ရာပြင်းထန်နေတာပါ.... ဒီဆေးလုံးကို သူ့ကို တိုက်လိုက်ပါ”

လော့ချန်က အဆင့်မြင့် ဆေးလုံးအချို့ကို ပေးလိုက်ပြီး ကုသခြင်း မှော်အတတ်အချို့ကိုအသုံးပြု၍ တွမ်ဖုန်း၏ အသက်အန္တရာယ်ကို တားဆီးပေးလိုက်သည်။ ထို့နောက်မှ မြေပြင်ပေါ်ရှိ အသက်ဝိညာဥ် ကင်းမဲ့နေသည့် တွမ်ရွှေ၏ အလောင်းအား အရေးမပါသလို ကျော်ဖြတ်ကာ သက်ငယ်မိုးအိမ်လေးအတွင်းသို့ အသာအယာ လှမ်းဝင်လိုက်သည်။

အိမ်တံခါးကို ဖွင့်လိုက်သည်နှင့် တစ်ပြိုင်နက် အေးစက်လှသော ရေခဲဓာတ်နှင့် ပူပြင်းလှသော မီးလျှံဓာတ်တို့၏ အစွန်းနှစ်ဖက်သို့ ရောက်နေသည့် ဆန့်ကျင်ဘက်စွမ်းအင်နှစ်ခုမှာ သူ့ထံသို့ တဟုန်ထိုး ရိုက်ခတ်လာသည်။ လော့ချန်သည် မတုန်လှုပ်ဘဲ သူ၏ စိတ်အာရုံကို တဲ၏ အလယ်ဗဟိုသို့ ပို့လွှတ်လိုက်သည်။

ထိုအခါ ရေခဲမီးလျှံ ဝိညာဉ်စမ်းရေတွင်းမှာ သူ၏ရှေ့မှောက်တွင် ဆန်းပြားလှပစွာ တောက်ပလျက် ရှိနေတော့သည်။

All Chapters