← Chapters

အခန်း (၂၆၉-၂၇၀)

Vol. 27 Ch. 269-270

အခန်း (၂၆၉-၂၇၀)

Vol. 27 Ch. 269-270

အခန်း (၂၆၉) - ရေခဲမီးလျှံ ဝိညာဉ်စမ်းရေတွင်း

ရှောင်ဟွမ်းတောင်ထိပ်ထက်တွင် ဖြစ်သည်။

လော့ချန်သည် သက်ငယ်မိုးအိမ်တံခါးကို ပိတ်လိုက်ပြီးနောက် "ရှောင်ဟုန်.... ကိုယ်ထည်ကို သေးလိုက်တော့" ဟု အမိန့်ပေးလိုက်သည်။

ထိုသို့အမိန့်ပေးလိုက်သောအခါ မျောက်ဝံကြီးသည် သခင်ဖြစ်သူ၏ အမိန့်ကို ချက်ချင်းပင် နာခံရှာသည်။ ၎င်း၏ တောင်တစ်လုံးပမာ ဧရာမခန္ဓာကိုယ်ကြီးမှာ လျင်မြန်စွာ ကျုံ့ဝင်သွားပြီး မျက်စိတစ်မှိတ် အတွင်းမှာပင် ၁၀ ပေ ၆ လက်မခန့်သာ မြင့်တော့သည့် အရွယ်အစားသို့ ရောက်ရှိသွားတော့သည်။ ဤမျှ ကြီးမားသော ကိုယ်ထည်ကို အချိန်အကြာကြီး ထိန်းထားရခြင်းမှာ ၎င်းအတွက်လည်း ဝန်ထုပ်ဝန်ပိုး တစ်ခုပင် ဖြစ်သည်။ လော့ချန်သည် ချီစွမ်းအင်များ ပြည့်ဝနေသော ဝိညာဉ်သစ်သီးပုံကြီးကို ပစ်ပေးလိုက်သည်။ ထို့နောက် ဤနေရာကို မည်သူမျှမချဉ်းကပ်နိုင်စေရန် စောင့်ကြပ်ရန် အမိန့်တစ်ခု ပေးလိုက်သည်။

ထို့နောက် သူသည် ဖုန်းရှကို ခေါ်ဆောင်၍ တောင်အောက်သို့ ပြန်ဆင်းလာခဲ့သည်။ ဖုန်းရှ၏ ကျောပေါ် တွင် ဒဏ်ရာပြင်းထန်နေသည့် တွမ်ဖုန်း ပါလာသည်။ ကုထုံးဆေးလုံး အတော်များများ တိုက်ကျွေးထားသော်လည်း သူသည် သတိမေ့မြောနေဆဲ ဖြစ်သည်။

မည်သို့ပင်ဆိုစေကာမူ တစ်ဖက်လူ တွမ်ရွှေသည် တိုက်ခိုက်ရေးစွမ်းရည် မရှိသော်လည်း ချီသန့်စင်အထွတ်အထိပ်အဆင့် ကျင့်ကြံသူတစ်ဦး ဖြစ်သဖြင့် လျှော့တွက်၍ မရပေ။ တွမ်ဖုန်းအနေဖြင့် သူ့ကို သတ်နိုင်ခဲ့သည်မှာ မိမိကိုယ်တိုင်လည်း သေမင်းခံတွင်းဝအနီးသို့ရောက်ရှိကာ ပြင်းထန်သော ဒဏ်ရာများ ရရှိခဲ့မည်မှာ မလွဲဧကန်ပင်ဖြစ်သည်။

မကြာမီမှာပင် သူတို့သုံးဦး တောင်စောင်းတစ်နေရာသို့ ရောက်ရှိလာကြသည်။ လော့ချန်သည် အချိန်ဆွဲမနေဘဲ ထိုသူနှစ်ဦးကို အဘွားအိုယွမ်ထံ အပ်နှံလိုက်ပြီးနောက် တစ်ဦးတည်း ဆက်လက် ဆင်းလာခဲ့သည်။

လမ်းတစ်လျှောက်တွင် မည်သူမျှ သူ့ကို လာရောက် မနှောက်ယှက်ရဲကြချေ။ တိုက်ပွဲအတွင်း လော့ချန်သည် ဘာမျှမလုပ်ခဲ့သလို ထင်ရသော်လည်း အမှန်စင်စစ်တွင် တိုက်ပွဲ တိုက်မည့်ဆုံးဖြတ်ချက် ထုတ်ပြန်သည်မှစ၍ အနုစိတ်ကျသော စီစဉ်မှုများအထိ အရာရာမှာ သူ၏ ဦးနှောက်အတွင်းမှ ထွက်ပေါ်လာခြင်း ဖြစ်ကြောင်း အားလုံးက နားလည်ထားကြသည်။ အရှုံးအနိုင် အဆုံးအဖြတ် ပေးလိုက်သည့် နောက်ဆုံး တိုက်ကွက်မှာလည်း သူ၏ တိုက်ကွက်ကြောင့်ပင် ဖြစ်ပေသည်။

ဤတိုက်ပွဲမှာ ရက်စက်လွန်းလှသည်။ လော့ထျန်းအဖွဲ့ချုပ်မှ ကျင့်ကြံသူ အများအပြား အသက်ရှင် ကျန်ရစ်သော်လည်း ဆုံးရှုံးမှုများမှာလည်း မနည်းလှပေ။ ထိုအခြေအနေမျိုးတွင် တာဟဲဈေးမြို့တော်မှ တစ်ကိုယ်တော် ကျင့်ကြံသူများသာ တောင်ပေါ်သို့ တက်လာပါက တိုက်ပွဲဝင်ပစ္စည်းများကို ကာကွယ်နိုင်ရန် လမ်းမရှိတော့ချေ။ ထိုမျှမက လော့ထျန်းအဖွဲ့ချုပ်၏ ကျင့်ကြံသူများမှာလည်း အကုန်အစင် သုတ်သင်ခံရပေလိမ့်မည်။ အင်အား အပြည့် ကျန်ရှိနေသေးသော လော့ချန် တစ်ဦးတည်းသာလျှင် လူတိုင်း၏လောဘကို ဟန့်တားနိုင်စွမ်း ရှိသည်။

ထို့အပြင် အခြေခံတည်ဆောက်ခြင်းအဆင့် ရှိသော အင်အားစုများ၏ ခြိမ်းခြောက်မှုကို လော့ထျန်းအဖွဲ့ချုပ်မှ မည်သူမျှ တောင့်ခံနိုင်မည် မဟုတ်ချေ။ လော့ချန်ကိုယ်တိုင်ပင်လျှင် အကျိုးအမြတ်များစွာ ပေးကမ်းကာ ကတိကဝတ်များ ပြုလုပ်၍ အင်အားကြီးအဖွဲ့အစည်းများကြား မျှခြေကို ထိန်းညှိခဲ့ရခြင်း ဖြစ်သည်။

တောင်ပတ်လမ်းအတိုင်း တစ်ဦးတည်း လျှောက်လာစဉ် လော့ချန်၏ မျက်နှာသည် ဖြူဖတ်ဖြူရော် ဖြစ်လာသည်။ နေမီးလျှံ မှော်အတတ်ကို ထုတ်သုံးလိုက်ခြင်းမှာ ချီသန့်စင်၏ အကန့်အသတ်ကို လုံးဝကျော်လွန်သွားခဲ့ပြီ ဖြစ်သည်။ အခြေခံတည်ဆောက်ခြင်း အစောပိုင်းအဆင့် ကျင့်ကြံသူတစ်ဦးပင်လျှင် ထိုကဲ့သို့သော တိုက်ကွက်မျိုးကို ဖော်ဆောင်ရန် ရုန်းကန်ရပေလိမ့်မည်။

သူသည် မီးလုံးအတတ်ကို အထွတ်အထိပ်အဆင့်အထိ လေ့ကျင့်ထားနိုင်ခဲ့၍သာ ဤသို့ လုပ်နိုင်ခဲ့ခြင်း ဖြစ်သည်။ ပေါက်ကွဲမှုကို ဆိုင်းငံ့ထားခြင်းနှင့် အရှိန်ပြင်းစွာ ပေါင်းစပ်ခြင်းတို့ကို အနုစိတ် ရောယှက်ကာ မှော်အတတ်ကို ၎င်း၏ အဆုံးစွန်လုပ်နိုင်စွမ်းထိ တွန်းပို့ခဲ့ခြင်း ဖြစ်သည်။ သို့သော် ထိုအထွတ်အထိပ်တိုက်ကွက်ကို ဖော်ဆောင်နိုင်ရန်မှာ မီးလုံးများစွာကို ထပ်တလဲလဲ ထုတ်သုံးကာ အင်အားဖြည့်ဆေးများကိုလည်း အဆက်မပြတ် သုံးစွဲခဲ့ရသည်။ အကယ်၍ နောက်တစ်ကြိမ် ထပ်မံ ကြိုးစားရမည်ဆိုပါက ယခုကဲ့သို့ ရလဒ်မျိုး ထပ်ရပါမည်ဟု သူ မအာမခံနိုင်ချေ။

ထိုမျှအထိ လုပ်ခဲ့ပါလျက် တွမ်ချန်ခွန်းမှာ အသက်ရှင်နေဆဲ ဖြစ်သည်။

“ဟူး.... ခံစစ်မှော်ရတနာတွေ လက်ထဲရောက်ပြီးမှ သူများကိုပေးလိုက်ရတာတော့.... နှမြောစရာပဲ”

မှော်ဝင်ပန်းချီကားချပ်ကို နန်ကုန်းကျင်းကို ပေးလိုက်ပြီးပြီဖြစ်ရာ ထပ်မံ နှမြောနေလည်း အပိုပင် ဖြစ်တော့သည်။

ထို့နောက် လော့ချန်သည် ချောက်နက်သဖွယ်ဖြစ်နေသော ကျင်းနက်ကြီး၏ အစွန်းတွင် ရပ်တန့်လိုက်သည်။ ပြင်းထန်သော ခုန်ချက်တစ်ခုဖြင့် သူ လေထဲသို့ ပျံတက်လိုက်သည်။ ပြင်းထန်သော လေတိုးသံများက သူ့အား ရစ်ပတ်သွားပြီး သူ၏ ခန္ဓာကိုယ်မှာ သားကောင်ကို ထိုးသုတ်မည့် သိမ်းငှက်တစ်ကောင်ပမာ ညထဲတွင် လျှပ်ခနဲ ဖြစ်သွားသည်။ သူသည် ကျင်းနက်ကြီး၏ အနက်ရှိုင်းဆုံးဆီသို့ တည့်တည့်မတ်မတ် ဆင်းသက်လိုက်ရာ ပတ်ဝန်းကျင်မှ မီးလျှံများမှာ သူ့ရှေ့တွင် လမ်းဖယ်ပေးကြရသည်။

နောက်ဆုံးတွင် သူသည် သံကြိုးနီများဖြင့် ပိတ်ဆို့ထားသော ဂူဝတစ်ခုသို့ ရောက်ရှိလာသည်။ သူ အနားသို့ ကပ်သွားသည်နှင့် ထိုသံကြိုးများမှာ သူ၏ အငွေ့အသက်ကို သိရှိသွားသကဲ့သို့ တဂျိဂျိအသံများဖြင့် ပွင့်သွား တော့သည်။

သူ မြေအောက်ဂူအတွင်းသို့ ဖြည်းဖြည်းချင်း ဆင်းသက်လာခဲ့သည်။ သူ၏ မျက်စိရှေ့တွင် သွေးနီရောင်ပိုးအိမ်ကြီးတစ်ခုမှာ နီရဲတောက်ပသော အလင်းတန်းများကို ထုတ်လွှတ်နေပြီး တစ်ဂူလုံးကို လွှမ်းမိုးထားသည်။ လော့ချန်သည် နတ်မျက်စိကို အသက်သွင်းကာ ထူထပ်လှသော သွေးအမြုတေများကို ထိုးဖောက်ကြည့်ရှုလိုက်ရာ ပိုးအိမ်အတွင်းမှ မြင်ကွင်းကို တွေ့လိုက်သည်။

တွမ်ချန်ခွန်း၏ မျက်နှာမှာ ဝေဒနာကြောင့် ပျက်ယွင်းနေပြီး သူ၏ ခြေလက်များကို ရေတွက်၍မရနိုင်သော သွေးရောင်မြွေငယ်လေးများက တင်းတင်းကျပ်ကျပ် ရစ်ပတ်ထားသည်။ သူနှင့် ဆန့်ကျင်ဘက်တွင် ဝမ်ယွမ်က တင်ပျဉ်ခွေ ထိုင်နေပြီး ထိုမြွေငယ်လေးများမှာ ဝမ်ယွမ်ထံမှ ထွက်ပေါ်လာခြင်း ဖြစ်သည်။ ဧရာမ သွေးစွမ်းအင် မြွေဟောက်ကြီးတစ်ကောင်မှာ တွမ်ချန်ခွန်း၏ ဝမ်းဗိုက်အတွင်းသို့ ထိုးဖောက်ဝင်ရောက်နေပြီး ၎င်း၏ ကိုယ်ထည်မှာ အတွင်းအား တည်ရှိရာအတွင်းသို့ နက်ရှိုင်းစွာ ရောက်ရှိနေကာ တွမ်ချန်ခွန်း၏ ချီစွမ်းအားများကို ကြောက်မက်ဖွယ်ကောင်းသော အရှိန်ဖြင့် စုပ်ယူနေသည်။

ချီစွမ်းအင် လှိုင်းလုံးများမှာ အပြင်ဘက်သို့ ပန်းထွက်နေပြီး အဆက်မပြတ် စုပ်ယူခြင်း ခံနေရသည်။ ၎င်းတို့အနက် အများစုကို ဝမ်ယွမ်က မြွေငယ်လေးများမှတစ်ဆင့် စုပ်ယူနေပြီး ကျန်ရှိသောအရာများမှာ အပြင်သို့ ယိုစိမ့်ထွက်ကာ သွေးအမြုတေ များနှင့် ပေါင်းစပ်၍ ကြောက်မက်ဖွယ် သွေးပိုးအိမ်ကြီးအဖြစ် ဖြစ်ပေါ်နေခြင်းဖြစ်သည်။

လော့ချန် မျက်မှောင်ကြုတ်လိုက်မိသည်။

"ဟမ်.... ဒါက မိုးမြေစွမ်းအားလုယူခြင်း အစီအရင် ဆိုတာလား...."

ပိုးအိမ်အတွင်းမှ အေးစက်စက် အသံတစ်သံ ထွက်ပေါ်လာသည်။

"မဟုတ်ဘူးကွ.... ဒါက ငါ အဆင့်မြှင့်ထားတဲ့ သွေးစွမ်းအားလုယူခြင်း အစီအရင်ပဲ"

ဝမ်ယွမ်၏ အသံမှာ သွေးပိုးအိမ်အတွင်းမှ ထူးဆန်းစွာ ထွက်ပေါ်လာသော်လည်း သူ၏ စကားလုံးများမှာ တွမ်ချန်ခွန်း၏ နာကျင်စွာ အော်ဟစ်ညည်းတွားသံများအောက်တွင် နစ်မြုပ်နေရသည်။ ၎င်းမှာ ကြောက်မက်ဖွယ်ကောင်းသော ဝေဒနာဂီတတစ်ခုပမာပင် ဖြစ်သည်။ လော့ချန်သည် ဦးရေပြားများ ထုံကျင်သွားပြီး တစ်ကိုယ်လုံး စိမ့်တက်သွားရသည်။

“အိုး.... တော်တော် ကြောက်စရာကောင်းတဲ့ အစီအရင်ပဲဗျ”

ဝမ်ယွမ်က ဤနည်းစနစ်အကြောင်းကို သူနှင့် ယခင်က ဆွေးနွေးဖူးသော်လည်း ဤကဲ့သို့သော လျှို့ဝှက်အတတ်မျိုး ဤလောကတွင် ရှိနိုင်လိမ့်မည်ဟု လော့ချန် မယုံကြည်နိုင်ခဲ့ချေ။ သို့သော် ဝမ်ယွမ်ကမူ သူ့ရှေ့တွင် လက်တွေ့ အသုံးချနေသည့် အခြေအနေထိပင် ရောက်ရှိနေသည်။

ဤအရာ၏ မြစ်ဖျားခံရာမှာ အဆုံးအဖြတ်စင်မြင့်တွင် သွေးကျင့်ကြံသူ ရှောင်ဝူရန်ကို ဝမ်ယွမ် သတ်ခဲ့စဉ်ကပင် ဖြစ်သည်။ ရှောင်ဝူရန်၏ ပစ္စည်းများထဲမှ ဝမ်ယွမ်သည် သွေးလမ်းစဉ် ကျင့်စဉ်တစ်ခု၊ ဒုတိယအဆင့် ဆေးနည်းတစ်ခုနှင့် သွေးလမ်းစဉ် လျှို့ဝှက်အတတ် အချို့ကို ရရှိခဲ့သည်။ အကယ်၍ ထိုမျှသာဆိုလျှင် အရေးမပါလှပေ။ သို့သော် ဝမ်ယွမ်သည် နောက်ပိုင်းတွင် ရွှေအမြုတေဂူသင်္ချိုင်း တိုက်ပွဲတွင် ပါဝင်ခဲ့သည်။ ထိုစဉ်က လူတိုင်း၏ အာရုံမှာ မှော်ရတနာများနှင့် နတ်ဘုရားတောင်ကြားမှ အကြီးအကဲ၏ သိုလှောင်လက်စွပ်ပေါ်တွင်သာ ရှိနေခဲ့ကြသည်။ ဝမ်ယွမ်တစ်ဦးတည်းသာလျှင် ထိုဂူဗိမာန်ကို စောင့်ကြပ်နေသော ရှေးဟောင်းအစီအရင်ဖြစ်သည့် မိုးမြေစွမ်းအားလုယူခြင်း အစီအရင်ကို ရရှိခဲ့သည်။

ထိုအစီအရင်မှာ သဘာဝတရား၏ ချီစွမ်းအားများကို လုယူကာ မကုန်ခမ်းနိုင်သော စွမ်းအားများကို ဖန်တီးပေးသည့် အစီအရင် ဖြစ်သည်။

ဝမ်ယွမ်သည် အစီအရင် ခင်းကျင်းခြင်းကို မတတ်မြောက်သဖြင့် ရှောင်ဝူရန်၏ သွေးလမ်းစဉ် အတတ်များနှင့် ပေါင်းစပ်ကာ နည်းလမ်းသစ်တစ်ခုကို ဖန်တီးခဲ့ခြင်း ဖြစ်သည်။ ၎င်းမှာ သွေးစွမ်းအားလုယူခြင်း အစီအရင်ပင်။ ဤနည်းလမ်းမှာ မဟာတာအိုလမ်းစဉ်ကို ဆန့်ကျင်ပြီး အလွန်ပင် ရက်စက်လှသည်။ ထို့ကြောင့် သုံးကြိမ်သာ သုံးနိုင်ခြင်း စသည့် ကန့်သတ်ချက်များစွာ ရှိနေသည်။ သို့သော်လည်း ၎င်း၏ တစ်ခုတည်းသော အစွမ်းကိုမူ မည်သူမျှ လျစ်လျူမရှုနိုင်ပေ။

၎င်းမှာ အခြားကျင့်ကြံသူတစ်ဦး၏ ကျင့်ကြံမှုကို လုယူနိုင်ခြင်း ဖြစ်သည်။ ဤ ကျင့်ကြံမှု ဆိုသည်မှာ ချီစွမ်းအင်၊ ဝိညာဉ်အသိ နှင့် တာအို အခြေခံ တို့ပင် ပါဝင်သည်။ တာအိုအခြေခံ ဆိုသည်မှာ ကျင့်ကြံသူတစ်ဦး၏ အခြေခံပင် ဖြစ်သည်။ အခြေခံတည်ဆောက်ခြင်းအဆင့် ကျင့်ကြံသူများသည် ဤမမြင်နိုင်သော အနှစ်သာရကို ခိုင်မာစေရန် အားထုတ်ကြရသည်။ ကောင်းကင်နှင့် မြေကြီး၏ ချီစွမ်းအင်ကို လုယူခြင်းမှာပင် တိုက်ခိုက်လုယက်ခြင်း ဖြစ်နေပြီဆိုလျှင် ရန်သူ၏ ကျင့်ကြံခြင်းကို ခိုးယူခြင်းမှာမူ လုံးဝကို ဖျက်ဆီးပစ်ခြင်းပင် ဖြစ်သည်။

သို့သော် ထိုစွမ်းအားအားလုံးကို လူတစ်ဦးတည်း၌သာ စုစည်းနိုင်ခဲ့လျှင်မူ ၎င်းမှာ ကြီးမားလှသော အထောက်အပံ့ ဖြစ်ပေလိမ့်မည်။ ဤသည်မှာ အခြေခံတည် ဆေးလုံး အပေါ်၌သာ အားကိုးစရာမလိုဘဲ အခြေခံတည်ဆောက်နိုင်မည့် လမ်းသစ်တစ်ခု ဖြစ်ပေသည်။

ဝမ်ယွမ်တစ်ယောက် ရှောင်ဟွမ်းတောင်ကို တိုက်ခိုက်ရန် သဘောတူခဲ့ပြီး အဓိက အင်အားအဖြစ် တွမ်ချန်ခွန်းကို တိုက်ခိုက်ခဲ့ခြင်း၏ ရည်ရွယ်ချက်မှာလည်း ဤအခြေတည်အဆင့် ကျင့်ကြံသူ၏ တာအိုအခြေခံကို လိုချင်သောကြောင့် ဖြစ်သည်။ လော့ချန်၏ အကူအညီဖြင့် သူသည် ယခုအခါ ပထမဆုံးအဆင့်သို့ ရောက်ရှိနေပြီ ဖြစ်သည်။ တွမ်ချန်ခွန်းမှာ မသေသေးဘဲ သူ၏ ထိန်းချုပ်မှုအောက်တွင် လုယူခြင်း ခံနေရသည်။ အကယ်၍ အောင်မြင်သွားမည်ဆိုလျှင် ဝမ်ယွမ်သည် တစ်ရှိန်ထိုး အခြေခံတည်ဆောက်ခြင်းအဆင့် ကျင့်ကြံသူ ဖြစ်လာပေတော့မည်။

လော့ချန်သည် အသက်ကို ပြင်းပြင်းရှူလိုက်ပြီး တိုးတိုးလေး မေးလိုက်သည်။

"အစ်ကိုဝမ်…. ကျွန်တော့် အကူအညီ လိုရင်ပြောနော်"

ထိုအခါ သွေးပိုးအိမ်အတွင်းမှ ဝမ်ယွမ်၏ တည်ငြိမ်သော အသံ ထွက်ပေါ်လာသည်။

"မလိုဘူး ညီလေး.... ဒါကို ငါ့ဘာသာငါပဲ အဆုံးသတ်လိုက်မယ်"

လော့ချန် ခေါင်းညိတ်ပြကာ ထွက်ခွာလာခဲ့သည်။ ဂူအပြင်ဘက် ရောက်သည်နှင့် သူသည် မြေစိုင်တောင်မှော်အတတ်ကို သုံးကာ ဂူဝကို လုံးဝ ပိတ်လိုက်သည်။ ထိုမျှမက သူသည် ထိုနေရာပတ်ပတ်လည်တွင် ကင်းစောင့်များ ချထားကာ မည်သူ့ကိုမျှ ထိုကျင်းနက်ကြီးအနားသို့ မချဉ်းကပ်စေရန် အမိန့်ပေးလိုက်သည်။

ယခုအခါ မီးလျှံများမှာ တဖြည်းဖြည်း ငြိမ်းသွားပြီ ဖြစ်သည်။ မည်သို့ပင်ဆိုစေကာမူ လောင်စာမရှိသော မီးမှာ ကြာရှည်မတောက်နိုင်ပေ။ တိုက်ပွဲနယ်မြေပေါ်သို့ နွေဦးမိုးများ စွေနေပြီး မကြာမီမှာပင် ကျင်းနက်ကြီး၏ အောက်ခြေတွင် ရေအိုင်ငယ်လေးများ ဖြစ်ပေါ်လာတော့သည်။ အချိန်ကြာလျှင် ဤနေရာသည် ရေကန်ငယ်လေးတစ်ခု ဖြစ်လာနိုင်ပေသည်။ မြေမျက်နှာသွင်ပြင်ကို ဤမျှအထိ ပြောင်းလဲပစ်နိုင်ခြင်းမှာ သာမန် ချီသန့်စင်အဆင့် ကျင့်ကြံသူတစ်ဦး၏ စွမ်းဆောင်နိုင်ရည်ထက် များစွာ ကျော်လွန်လှသည်။

ဤသည်မှာ လော့ချန်၏ နေမီးလျှံမှော်အတတ်သည် အခြေတည်အဆင့် နည်းစနစ်တစ်ခုဖြစ်ပြီး အခြေခံတည်ဆောက်ခြင်းအဆင့် ကျင့်ကြံသူအများစု၏ ပုံမှန်တိုက်ကွက်များကိုပင် ကျော်လွန်နေကြောင်း ထပ်မံ သက်သေလောင်းလိုက်ခြင်းပင် ဖြစ်တော့သည်။

ဝမ်ယွမ်ဆီမှ ထွက်ခွာလာပြီးနောက် လော့ချန်သည် တောင်ပတ်လမ်းတစ်လျှောက် အေးအေးလူလူ လမ်းလျှောက်လာခဲ့သည်။ စီမာဟွေ့နန်နှင့် မုရုံချင်းလျန်တို့ တိုက်ပွဲအပြီး အခြေအနေများကို ကိုင်တွယ်ဖြေရှင်း နေကြသည်ကို သူ တွေ့နေရသည်။ သူ အများကြီး ဝင်မရှုပ်တော့ချေ။ ခေါင်းဆောင်တစ်ဦးအနေဖြင့် သူ ရှိနေခြင်းကပင် လူတိုင်းကို စိတ်အေးစေရန် လုံလောက်လှသည်။ စင်စစ်တွင်မူ သူ ရှိနေခြင်းကြောင့် လူတိုင်း ပို၍ စိတ်အေးလက်အေး ရှိကြခြင်းပင်ဖြစ်သည်။ လော့ထျန်းအဖွဲ့ချုပ်ကို တည်ထောင်ခဲ့သည်မှာ တစ်နှစ်ပင် မပြည့်သေးသော်လည်း သူတို့သည် ကြီးမားသော တိုက်ပွဲကြီး နှစ်ကြိမ်၊ သုံးကြိမ်ခန့် ကြုံတွေ့ခဲ့ရပြီး ဖြစ်သည်။ ထိုတိုက်ပွဲအားလုံးတွင် သူတို့ အနိုင်ရခဲ့သဖြင့် လော့ချန်၏ နာမည်မှာလည်း အလွန် ကျော်ကြားလာခဲ့သည်။

မကြာမီတွင် ချင်လျန်ချန်းသည် လော့ချန်အနားသို့ ရောက်လာသည်။

"တွမ်မျိုးနွယ်စုက အသက်ရှင်ကျန်ရစ်တဲ့လူတွေ ရှိသေးတယ်ကွ.... သူတို့ထဲမှာ ချီသန့်စင် အစောပိုင်းအဆင့် ကျင့်ကြံသူ ငါးယောက်ပါတယ်.... သူတို့ကို သတ်ပစ်ရမလား"

ထိုစကားကို ကြားသောအခါ လော့ချန် နှုတ်ဆိတ်သွားသည်။ ချင်လျန်ချန်း၏ အကြံပြုချက်ကို သူ ချက်ချင်း တုံ့ပြန်ခြင်း မပြုခဲ့ချေ။ ချင်လျန်ချန်းက တိတ်ဆိတ်သွားသော သူ့အား ကြည့်ကာ ပြောလိုက်သည်။

“ဒါကို ဖြေရှင်းရတာ လွယ်ပါတယ်.... ငါ့ကိုပဲ လွှဲပေးလိုက်”

သူသည် လော့ချန်ကို အခက်မတွေ့စေချင်ဘဲ ဤလက်သွေးစွန်းမည့် အလုပ်ကို မိမိကိုယ်တိုင် လုပ်လိုခြင်း ဖြစ်သည်။ သို့သော်လည်း လော့ချန်က ခေါင်းကို ဖြည်းညှင်းစွာ ခါလိုက်သည်။

"ထားလိုက်ပါတော့ ဦးလေးချင်ရာ.... အနိုင်အရှုံးရလဒ်က အဖြေထွက်ပြီးသားပဲ.... အားနည်းတဲ့ လူတစ်စုက ဘာကိုမှ ပြောင်းလဲပစ်နိုင်မှာ မဟုတ်ဘူး.... အဲ့ဒီ ကျင့်ကြံသူတွေကိုတော့ သူတို့ရဲ့ ကျင့်ကြံအဆင့်ကို ဖျက်ဆီးပစ်လိုက်ပါ.... သာမန်လူတွေကိုတော့.... အင်း.... အစ်ကိုတွမ်ဖုန်း ပြန်သတိရလာတဲ့အခါမှပဲ သူ့ကို ဆုံးဖြတ်ခိုင်းလိုက်ပါ...."

ထိုသို့ ပြောပြီးနောက် လော့ချန် တောင်ပေါ်သို့ ပြန်တက်သွားတော့သည်။ ချင်လျန်ချန်းမှာ ထိုနေရာတွင် ကျန်ရစ်ခဲ့ပြီး သက်ပြင်းတစ်ချက် ချလိုက်မိသည်။

“ငါ့တူ.... မင်း သိပ် ကြင်နာတတ်လွန်းသေးတာပဲ”

....

ချင်လျန်ချန်း ကောက်ချက်ချသကဲ့သို့ပင် လော့ချန်သည် အမှန်တကယ် ကြင်နာတတ်သူ ဟုတ်၊ မဟုတ် ဆိုသည်မှာ ကြည့်ရှုသူ၏ ရှုထောင့်အပေါ်တွင်သာ မူတည်သည်။ ရင်းနှီးသော မိတ်ဆွေများအတွက်ဆိုလျှင် သူ့အား ကြင်နာတတ်သူဟု သတ်မှတ်နိုင်သည်။ သို့သော် ရန်သူများအတွက်မူ ကြင်နာမှုဆိုသည်မှာ လုံးဝ မရှိချေ။ လော့ထျန်းအဖွဲ့ချုပ်မှ အလယ်အလတ်နှင့် အောက်ခြေကျင့်ကြံသူများအတွက်လည်း အပြန်အလှန် အကျိုးအမြတ်ယူသော ဆက်ဆံရေးမျိုးသာ ဖြစ်ကြောင်း ရှင်းလင်းစွာ ပြသထားသည်။

“ကျွန်တော် ခင်ဗျားတို့ကို လစာကောင်းကောင်းနဲ့ အထောက်အပံတွေ ပေးမယ်.... တစ်ခုရှိတာက အရေးကြီးတဲ့ အချိန် ရောက်လာရင်တော့ ခင်ဗျားတို့က ကျွန်တော့်အတွက် ရှေ့တန်းကနေ တိုက်ပေးရမယ်” ဟူ၍ ပြတ်ပြတ်သားသား အရင်ကတည်းက ကြိုပြောနှင့်ပြီးသား ဖြစ်သည်။

ဤတိုက်ပွဲတွင် တွမ်မျိုးနွယ်စုမှာ အမြစ်ပြတ်လုနီးပါး သုတ်သင်ခံခဲ့ရသော်လည်း လော့ထျန်းအဖွဲ့မှာလည်း ဆုံးရှုံးမှုများ ရှိကြသည်။ ကျဆုံးသွားသော လော့ထျန်းအဖွဲ့ချုပ် ကျင့်ကြံသူများသည် လော့ချန်၏ ရက်ရောမှုကို နောက်တစ်ကြိမ် ခံစားရတော့မည် မဟုတ်ချေ။ သို့ရာတွင် ဤတိုက်ပွဲမှ အသက်ရှင်ကျန်ရစ်သူများသည်မူ ကြီးမားသော ဆုလာဘ်များကို ရရှိကြမည် ဖြစ်လေသည်။

နန်ကုန်းကျင်းသည် သူ အလိုချင်ဆုံး ဖြစ်သော မှော်ရတနာ ကွေ့ရွှေ မှော်ဝင်ပန်းချီကားကို ရရှိခဲ့သည်။ ဝမ်ယွမ်သည် အခြေခံတည်ဆောက်ခြင်းအဆင့် ကျင့်ကြံသူ တွမ်ချန်ခွန်းကို ရရှိခဲ့ပြီး သွေးစွမ်းအားလုယူခြင်း အစီအရင်ကို သုံးကာ တစ်ရှိန်ထိုး အဆင့်တက်နိုင်မည့် အခွင့်အလမ်း ရရှိခဲ့သည်။

မိမိအတွက်မူ လော့ထျန်းအဖွဲ့ချုပ်သည် ယခုအခါ တာဟဲဈေးမြို့တော်တွင် ခိုင်ခိုင်မာမာ အခြေချနိုင်ခဲ့ပြီ ဖြစ်သည်။ ဤသည်မှာ ကြီးမားလှသော အောင်မြင်မှုတစ်ခုပင်ဖြစ်သည်။ လော့ချန်အတွက်မူ လွတ်လပ်စွာ ကျင့်ကြံရာ နေရာနှင့် ကိုယ်ပိုင်အချိန်ကို နောက်ဆုံးတွင် ရရှိသွားပြီဖြစ်သည်။ ဆိုလိုသည်မှာ အခြားသူများ၏ ဂုဏ်သတင်းအား မှီခို အားကိုးစရာမလိုဘဲ သူကိုယ်တိုင်၏ ခွန်အားဖြင့် ဤအခွင့်အရေးကို သူ ဖန်တီးယူနိုင်ခြင်းသာ ဖြစ်သည်။

ထိုအရာများထက် ကြီးမားလှသည့် ဆုလာဘ်တစ်ခုလည်း သူအပိုဆောင်းရရှိခဲ့သေးသည်။ ထိုအရာမှာ သူ၏ ရှေ့မှ ရေခဲမီးလျှံ ဝိညာဉ်စမ်းရေတွင်းပင် ဖြစ်သည်။

"ဝိုး.... သဘာဝတရားကြီးရဲ့လက်ရာကတော့ တကယ့်ကို အံ့မခန်းပဲဟေ့.... ယင်နဲ့ ယန် အတူတွဲနေပြီး ရေနဲ့ မီး သဟဇာတဖြစ်နေတဲ့ ဒီလို မြေမျက်နှာသွင်ပြင်မျိုးက တောင်ထိပ်ပေါ်မှာ လာရှိနေတာ တော်တော် ထူးဆန်းအံ့ဖွယ်ပဲဟေ့....”

ထို ယင်ယန်ငါးပါးပုံစံရှိသော ဝိညာဉ်စမ်းရေတွင်းကို ကြည့်နေစဉ် သူ၏ မျက်လုံးများမှာ လက်ခနဲ ဖြစ်သွားသည်။ ရုတ်တရက် အစီအစဉ်တစ်ခု သူ၏ စိတ်ထဲတွင် ပေါ်လာတော့သည်။

“နတ်ဒေဝါ.... ပျားရည်....”

လော့ချန်နှင့် သူ၏စွန့်စားခန်းများ

အခန်း (၂၇၀) - အခြေခံတည် လမ်းစဉ်လေးရပ်နှင့် အခြေခံအဆင့် နတ်ဒေဝါပျားရည်

ဖန်ရင်ရှုံ သေဆုံးသွားပြီးချိန်မှစ၍ တာဟဲဈေးမြို့တော်၏ အတွင်းပိုင်းနယ်မြေသည် တစ္ဆေနာနာဘာဝများ ပျော်စံရာ အသူရာချောက်ကြီးတစ်ခုအလား လူသူကင်းမဲ့ကာ ခြောက်ကပ်သွားခဲ့သည်။ ကျောက်စိမ်းအိုးဂိုဏ်း မရှိတော့သဖြင့် တရားဝင်လေလံပွဲများကိုလည်း ကျင်ပနိုင်ခြင်း မရှိတော့ချေ။ ရလဒ်အနေဖြင့် တာဟဲရှိ တစ်ကိုယ်တော် ကျင့်ကြံသူများသည် အခြေခံတည်ဆေးလုံးကို ရရှိနိုင်မည့် လမ်းစများ လုံးဝပျောက်ဆုံးသွားခဲ့ရသည်။ လော့ချန်သည်လည်း ဤကိစ္စအတွက် တစ်ချိန်က များစွာစိုးရိမ်ခဲ့ဖူးသည်။

သို့သော် နောက်ပိုင်းတွင် သူသည် ထျန်းရှင်းကျီနှင့် မဟာမိတ်ဖွဲ့နိုင်ခဲ့ပြီး ထျန်းရှင်းကျီက သူ့အား ဆေးလုံးသုံးလုံး ပေးမည်ဟု ကတိပြုခဲ့သည်။ ထိုကတိကဝတ်ကြောင့်သာ လော့ချန်သည် သူ၏ ကျင့်ကြံခြင်းလမ်းကြောင်း အတွက် ရှင်းလင်းသော မျှော်လင့်ချက်အလင်းရောင်ကို မြင်တွေ့ခဲ့ရခြင်း ဖြစ်သည်။ သို့သော် ထျန်းရှင်းကျီ လွန်ခဲ့သောလက တာဟဲမြေမှ ထွက်ခွာသွားပြီးချိန်မှစ၍ လော့ချန်သည် ဆေးလုံးတစ်လုံးကိုမျှ မမြင်ရသေးချေ။ တစ်စုံတစ်ဦးက လာပို့ပေးလိမ့်မည်ဟု ထျန်းရှင်းကျီက ကျိန်ဆိုခဲ့သော်လည်း အမှန်တကယ် မည်မျှကြာမည်ကို မည်သူသိနိုင်ပါမည်နည်း။ မိမိ သေဆုံးသွားပြီး ဂူဗိမာန်ပေါ် ရောက်နေသည့် နှစ်ပေါင်းတစ်ရာကြာမှ ရောက်လာလျှင် အပိုပင် ဖြစ်ပေလိမ့်မည်။

ထိုအချိန်မှစ၍ လော့ချန်သည် အခြေခံတည်ဆောက်နိုင်မည့် အခြားနည်းလမ်းများကို ရှာဖွေနေခဲ့သည်။ ရိုးရှင်းသော နည်းလမ်းမှာ အခြားသော ဈေးကွက်များ သို့မဟုတ် ထျန်းလန် နတ်ဘုရားမြိုတော်သို့ သွားရောက်၍ လေလံပွဲများတွင် ဈေးကြီးပေးကာ ဝယ်ယူခြင်းပင် ဖြစ်သည်။ သို့သော် ပြဿနာမှာ အတူတူပင်ဖြစ်သည်။ ထိုနေရာများတွင် သူစိမ်းတစ်ယောက်ဖြစ်သော သူ့အနေဖြင့် အဆင့်မြင့်ကျင့်ကြံသူများအတွက် သတ်မှတ်ထားသော ဝေစုများကို ရရှိရန် လမ်းမရှိချေ။ တစ်ကိုယ်တော်ကျင့်ကြံသူများအတွက် ချန်ထားသော အလွန်နည်းပါးလှသည့် အခွင့်အရေးကိုသာ အားကိုးနေရခြင်းမှာ မည်သို့မျှ မလုံလောက်နိုင်ပေ။

နည်းလမ်းတစ်ခုတော့ ရွေးချယ်စရာ ရှိလေသည်။ ထို ခက်ခဲနက်နဲသော နည်းလမ်းမှာ ဝမ်ယွမ် အကြံပြုခဲ့သော သွေးစွမ်းအားလုယူခြင်း အစီအရင်ဖြစ်သည်။ ဤသည်မှာ သွေးလမ်းစဉ်ဖြင့် အခြေခံတည်ဆောက်ခြင်းအဆင့်သို့ တက်လှမ်းခြင်း ဖြစ်သည်။ သို့သော် ဤလမ်းစဉ်သည် ခန္ဓာကိုယ် ကျင့်ကြံခြင်းနှင့် သွေးလမ်းစဉ် တို့တွင် လုံလောက်သော အခြေခံရှိရန် လိုအပ်သလို ကိုယ်ခန္ဓာမှာလည်း သန်မာနေရမည် ဖြစ်သည်။ ဝမ်ယွမ်ကိုယ်တိုင်ပင်လျှင် အောင်မြင်မည်ဟု အာမမခံနိုင်ချေ။ ထို့ပြင် မိမိအလိုရှိတိုင်း အသုံးချနိုင်မည့် အခြေတည်အဆင့် ကျင့်ကြံသူ တစ်ဦးလည်း လိုအပ်သေးသည်။ ၎င်းမှာ အလွန် ခက်ခဲလှသဖြင့် လော့ချန်အနေဖြင့် ထိုလမ်းကို မရွေးချယ်ပေ။

နောက်ထပ် နည်းလမ်းတစ်ခုမှာ ဝိညာဉ်လမ်းစဉ်ဖြင့် အခြေတည်ခြင်း ဖြစ်သည်။ ဤနည်းလမ်းကို လော့ချန် ပိုင်ဆိုင်ထားပြီး အခြေအနေများလည်း ပြည့်စုံနေသည်။ ၎င်းမှာ အစွမ်းထက်သော ဝိညာဉ်အခြေခံနှင့် လုံလောက်သော အဆင့်မြင့် ကျင့်ကြံသူများ၏ ဝိညာဉ်များပင် ဖြစ်သည်။ ဝိညာဉ်အခြေခံအတွက် ချီလမ်းကြောင်းဆေးလုံး ရှိသဖြင့် သူ ယုံကြည်မှု ရှိသည်။ ဒုတိယ အချက်အတွက်မူ တာဟဲစျေးမြို့တော်အတွင်း ထောင်နှင့်သောင်းနှင့်ချီသော ဝိညာဉ်များ ရှိနေသည်။ အဆင့်မြင့် ကျင့်ကြံသူ ဝိညာဉ်များတင်မကဘဲ အခြေတည်အဆင့်နှင့် ညီမျှသော တစ္ဆေဘုရင် များပင် ရှိနေသေးသည်။ သို့သော် ဝိညာဉ်လမ်းစဉ်ဖြင့် အခြေတည်ခြင်း၏ ကြောက်မက်ဖွယ်ကောင်းသော နောက်ဆက်တွဲ ဆိုးကျိုးများကြောင့် လော့ချန် မှာ ၎င်းကို ဝေးဝေးမှ ရှောင်ကြဉ်ခဲ့သည်။

အကြိမ်ကြိမ် စဉ်းစားပြီးနောက် သူသည် နတ်ဒေဝါပျားရည် အပေါ်တွင်သာ မျှော်လင့်ချက် ထားလိုက်တော့သည်။ ဤဆေးနည်းကို သူ လေ့လာနေသည်မှာ ကြာပြီဖြစ်ရာ ယခုအခါ အတော်အတန် နားလည်နေပြီ ဖြစ်သည်။ ၎င်း၏ ဆေးစွမ်းမှာ သားရဲများ၏ အခြေခံကို မြှင့်တင်ပေးပြီး ကျင့်ကြံမှုနှုန်းကို မြန်ဆန်စေခြင်း ဖြစ်သည်။ အကယ်၍ အပင်အနွယ်ဝင် သို့မဟုတ် ဉာဏ်ရည်မြင့်သော သားရဲများဆိုလျှင် အကျိုးသက်ရောက်မှုမှာ ပို၍ပင် ကောင်းမွန်ပေလိမ့်မည်။

မူလက ဤဆေးမှာ သားရဲများအတွက်သာ သီးသန့် ဖော်စပ်ထားခြင်း ဖြစ်သော်လည်း ၎င်းအတွင်း၌ ထည့်သွင်းထားသော ဆေးဖက်ဝင် ပစ္စည်းအချို့ကြောင့် လူသားအနည်းငယ်ပေါ်တွင်လည်း အသုံးပြုနိုင်သည်။ တစ်နည်းအားဖြင့် လူသားများ၏ အခြေခံကို မြှင့်တင်ပေးနိုင်သည်။ ဤသည်မှာ အခြေတည်ခြင်းအတွက်လည်း အထောက်အကူ ဖြစ်နိုင်သည်ဟု ဆိုနိုင်သည်။

“ဆေးလမ်းစဉ်နဲ့ အခြေတည်ဖို့က ဆေးလုံးရှာရခက်တယ်”

“သွေးလမ်းစဉ်နဲ့ အခြေတည်ဖို့က ပစ္စည်းရှာရခက်တယ်”

“ဝိညာဉ်လမ်းစဉ်နဲ့ အခြေတည်ဖို့က နောက်ဆက်တွဲ ဆိုးကျိုးတွေ ကြောက်စရာကောင်းလွန်းလို့ မဖြစ်နိုင်ဘူး”

“ဒီ သားရဲလမ်းစဉ်နဲ့ အခြေတည်ခြင်း ကသာ နောက်ဆုံး ထွက်ပေါက် ဖြစ်နိုင်လိမ့်မယ်”

လော့ချန်သည် သူ၏ မျှော်လင့်ချက်အားလုံးကို ထျန်းရှင်းကျီ၏ စေတနာအပေါ်တွင် ပုံအောရန် အစီအစဉ် မရှိချေ။ အဆင့်မြင့်ကျင့်ကြံသူများ၏ ကိုယ်ချင်းစာတရားဆိုသည်မှာ မည်သည့်အခါမျှ အားကိုး၍မရကြောင်း သူ ကောင်းကောင်း နားလည်ထားသည်။ အရာရာမှာ မိမိကိုယ်ကိုယ်သာ အားကိုးရမည် မဟုတ်ပါလော။

နတ်ဒေဝါပျားရည်ကို ဖော်စပ်ရန်အတွက် လိုအပ်သော အခြေအနေများမှာ ယခုအခါ ပြည့်စုံသွားပြီ ဖြစ်သည်။ လော့ချန်သည် ထျန်းရှင်းကျီ မထွက်ခွာမီကပင် ဝမ်ယန်ချန်းမှတစ်ဆင့် လိုအပ်သော အရန်ပစ္စည်းအချို့ကို ရရှိခဲ့သည်။ နောက်ပိုင်းတွင် ကျန်ရှိသော ပစ္စည်းများကို လျန်ယွန်း ကုန်သွယ်ရေး မဟာမိတ်မှ ဝယ်ယူကာ အစုံအလင် ဖြည့်တင်းနိုင်ခဲ့သည်။ အဓိကပစ္စည်းအတွက်မူ သူ့တွင် ဒုတိယအဆင့် တိမ်မီးလျှံ ဂဠုန်ငှက်ကြီး၏ အလောင်းတစ်ခုလုံး ရှိနေသည်။ ၎င်း၏ အရိုး၊ အသားနှင့် သွေးများမှာ အကောင်းအတိုင်း ရှိနေသလို မိစ္ဆာ အမြုတေ မှာလည်း ပျက်စီးခြင်း မရှိသေးပေ။ ဤအလောင်း တစ်ခုတည်းဖြင့်ပင် ဆေးလုံးကို ဆယ်ကြိမ်မက ဖော်စပ်ရန် လုံလောက်လှသည်။

ဖော်စပ်မှုနည်းလမ်းအတွက်မူ ရေဓာတ်အခြေခံဆေးဖော်နည်း လိုအပ်သည်။ လော့ချန်သည် ဒုတိယအဆင့် ဆေးလုံးများကို ဖော်စပ်ရန် အလွန်သင့်တော်သော လော့ယွင်မြူခိုးအတတ်ကို တတ်မြောက်ထားပြီး ဖြစ်သည်။ ကျန်ရှိသည်မှာ ကျွမ်းကျင်လာစေရန် အချိန်ပေး လေ့ကျင့်ရန်သာ ဖြစ်သည်။ လော့ယွင်မြူခိုးအတတ်အတွက် လိုအပ်သော ဝိညာဉ်စမ်းရေတွင်းမှာလည်း သူ့လက်ထဲ၌ပင် ရှိနေသည် မဟုတ်ပါလော။

ပြင်ဆင်ခြင်းတို့သည် အဆုံးတိုင် ပြည့်စုံနေလေပြီ။ ထို့ကြောင့် အောင်မြင်ရန် တွန်းပို့မည့် အရှေ့လေပြေ အလာကိုသာ တမျှော်တလင့် စောင့်စားနေမိတော့သည်။

လော့ချန်သည် အသက်ကို ပြင်းပြင်းရှူလိုက်ပြီး အခြေအနေပြကြေးမုံပြင်ကို ကြည့်လိုက်သည်။ သူ့အတွက်မူ အရှေ့လေဆိုသည်မှာ အခြေခံအဆင့် ကျွမ်းကျင်မှုပင် ဖြစ်သည်။ အကယ်၍ သူသာ အခြေခံအဆင့် ကျွမ်းကျင်မှုကို မရရှိခဲ့ပါက ဒုတိယအဆင့် ဆေးလုံး၏ ခက်ခဲနက်နဲမှုကြောင့် ပထမအဆင့် ဆေးဖော်ဆရာမျှသာ ဖြစ်သော သူ့အနေဖြင့် အကြိမ်ပေါင်း ထောင်ချီ၊ သောင်းချီ ကြိုးစားမှသာ တစ်ကြိမ်ခန့် အောင်မြင်နိုင်ပေလိမ့်မည်။ ထိုမျှကြီးမားသော ကုန်ကျစရိတ်ကို သူ မတတ်နိုင်ချေ။ စနစ်က သူ့အား အခြေခံအဆင့်သို့ ရောက်အောင် ခွင့်ပြုပေးနိုင်သရွေ့ အရာအားလုံးမှာ အဆင်ပြေသွားပေလိမ့်မည်။

သို့သော် ထိုအခြေခံအဆင့် ကျွမ်းကျင်မှုကို စနစ်မှ တစ်ဆင့် ရရှိနိုင်ပါ့မည်ဟု သူ တထစ်ချ ယူဆရန် တွေဝေနေသေးသည်။ ထိုစဉ် သူ့ရှေ့၌ အခြေအနေပြမှတ်တမ်း ပေါ်ထွက်လာသည်။

[ နတ်ဒေဝါပျားရည်၊ ဒုတိယအဆင့် ပြည့်စုံသော ဆေးနည်း ]

[ သင်ယူပါမည်လား ]

ဤတစ်ကြိမ်တွင် လော့ချန် တွန့်ဆုတ်မနေတော့ချေ။ ‘သင်ယူမည်’ ကိုရွေးလိုက်သည်။ သူ၏ အကြည့်အောက်တွင် နတ်ဒေဝါပျားရည် ဆိုသော စာတန်းမှာ စနစ်မှတ်တမ်းပေါ်၌ ဖြည်းဖြည်းချင်း ပေါ်လာသည်။

‘နတ်ဒေဝါပျားရည် - တိုးတက်မှု (၃၀/၁၀၀)’

လော့ချန်မှာ မှင်သက်သွားပြီး မယုံကြည်နိုင် ဖြစ်သွားရသည်။ အောင်မြင်မှုအမှတ် ၁၀ မှတ်အထိ ရင်းနှီးမြှုပ်နှံခဲ့သော်လည်း တိုးတက်မှုမှာ ဤမျှသာ ရှိသေးသည်။ အခြေခံအဆင့် ရောက်ရန် ၇၀ မှတ်တိတိ လိုနေသေးသည်။ သူ စိတ်ပျက်လက်ပျက် ဖြစ်သွားစဉ်မှာပင် စာတန်းမှာ တဖြည်းဖြည်း စတင် ပြောင်းလဲလာသည်။

၃၁.... ၃၅.... ၄၀.... ၅၀.... ၆၀.... ၇၀.... ။

နောက်ဆုံးတွင် တိုးတက်မှုမှာ (၇၀/၁၀၀) တွင် ရပ်တန့်သွားသည်။ ဤနှေးကွေးသော ပြောင်းလဲမှုကို ကြည့်ရင်း လော့ချန် နက်နက်ရှိုင်းရှိုင်း စဉ်းစားနေမိသည်။ အစပိုင်း ၃၀ မှတ်မှာ သူ ရင်းနှီးလိုက်သော အောင်မြင်မှုအမှတ်များ၏ ရလဒ် ဖြစ်ရမည်။ နောက်ပိုင်း တိုးလာသော အမှတ်များမှာမူ သူ၏ ဆေးနည်းအပေါ် ရင်းနှီးကျွမ်းကျင်မှုနှင့် သူ၏ လက်ရှိ ဆေးဖော်စပ်ခြင်း စွမ်းရည်တို့ကြောင့် စနစ်က သူ့တွင် သဘာဝအလျောက် အောင်မြင်နိုင်သော အခွင့်အရေး ရှိသည်ဟု သတ်မှတ်လိုက်ခြင်း ဖြစ်ရမည်။

"ဟင်.... အခြေခံအဆင့် ရောက်ဖို့ ၃၀ မှတ်ပဲ လိုတော့တာလား"

လော့ချန်သည် နှုတ်ခမ်းကို တင်းတင်းစေ့လိုက်ပြီး ကျန်ရှိနေသော အောင်မြင်မှုအမှတ်များကို ကြည့်လိုက်သည်။ သူ့တွင် ၁၈ မှတ် ကျန်သေးသည်။ တွန့်ဆုတ်မနေဘဲ သူသည် အမှတ်များကို တစ်ခုချင်းစီ ထည့်လိုက်သည်။ နောက်ဆုံးတွင် တိုးတက်မှုမှာ ၈၈/၁၀၀ တွင် ရပ်တန့်သွားသည်။

"ဟာ.... ဒုတိယအဆင့် ဆေးနည်းကို အစပျိုးဖို့အတွက် အောင်မြင်မှုမှတ် တစ်မှတ်က တိုးတက်မှု တစ်မှတ်ပဲ ပေးနိုင်တာလား.... တကယ်လို့ ဆေးနည်းအကြောင်းလည်း ဘာမှမသိဘူး၊ ဆေးဖော်အခြေခံလည်း မရှိဘူးဆိုရင် ၁၀ မှတ်နဲ့ပဲ စတင်ရမှာပေါ့ ဟုတ်လား.... ကိုယ့်အဆင့်ထက် မြင့်တဲ့ ဆေးလုံးတွေကို ဖော်စပ်ရတာ တကယ့်ကို ခက်ခဲပါလား.... ဟူး...."

သို့သော် သူ ချက်ချင်းပင် စိတ်ကို ပြန်လည်တည်ငြိမ်စေလိုက်သည်။ အမှန်စင်စစ်တွင် တိုးတက်မှု အမှတ်များကို ဤမျှ ရှင်းလင်းစွာ မြင်တွေ့နေရခြင်းကပင် သူ့ကို ယုံကြည်မှု အသစ်များ ပေးစွမ်းနေသည်။

"ကဲကွာ.... ငါ အောင်မြင်မှုအမှတ် ၁၂ မှတ်ပဲ လိုတော့တာ.... ဒါက သိပ် မခက်ပါဘူး"

အောင်မြင်မှုမှတ်ဆိုသည်မှာ ကျင့်စဉ်၊ မှော်အတတ်၊ ဆေးဖော်ပညာ စသည်တို့၏ ကျွမ်းကျင်မှု တိုးတက်လာရာမှ ရရှိခြင်း ဖြစ်သည်။ ကျွမ်းကျင်မှု အဆင့်တစ်ခု တက်တိုင်း အောင်မြင်မှုမှတ် တစ်မှတ် ရရှိသည်။ ဤကိစ္စကို သူ ကောင်းကောင်း နားလည်ထားပြီး ဖြစ်သည်။ ၁၂ မှတ် ရရန်အတွက် ကျွမ်းကျင်မှု အဆင့် ၁၂ ကြိမ် တက်ရန်သာ လိုသည်။

"အင်း…. အဲဒီနည်းက အကောင်းဆုံးပဲ.... အောင်မြင်မှုမှတ်တွေ မြန်မြန်ရဖို့ဆိုရင် လက်တစ်ကမ်းအလို ရောက်နေတဲ့ အရာတွေကိုပဲ အသေအလဲ လေ့ကျင့်ပစ်လိုက်တာက အမြန်ဆုံးပဲလေ”

ထိုသို့ တိုးတိုးလေး ရေရွတ်ရင်း လော့ချန်၏ အကြည့်မှာ အခြေအနေပြကြေးမုံပြင်ပေါ်ရှိ ရှည်လျားလှသော ကျွမ်းကျင်မှု စာရင်းများထံသို့ ကျရောက်သွားသည်။

[အခြေအနေပြကြေးမုံပြင်]

အမည် - လော့ချန်

အဆင့် - ချီသန့်စင်အဆင့် ၉ (၂၈/၁၀၀)

အောင်မြင်မှုအမှတ် - ၀

[ကျင့်စဉ်များ]

နွေဦးကျင့်စဥ် - အထွတ်အထိပ်အဆင့်

နတ်ဘုရားတို့၏ မိစ္ဆာဖြိုခွင်းခြင်း ကျင့်စဉ် - အခြေခံအဆင့် (၉၁/၁၀၀)

ဝိညာဉ်သားရဲတစ်သောင်းကျင့်စဥ် - အခြေခံအဆင့် (၁၀/၁၀၀)

[မှော်အတတ်များ]

မီးလုံးမှော်အတတ် - အထွတ်အထိပ်အဆင့်

လေဟုန်စီးအတတ် - အထွတ်အထိပ်အဆင့်

ဆွဲငင်ခြင်းမှော်အတတ် - အထွတ်အထိပ်အဆင့်

ချီဖုံးကွယ်မှော်အတတ် - အထွတ်အထိပ်အဆင့်

နတ်မျက်စိ မှော်အတတ် - အထွတ်အထိပ်အဆင့်

နွယ်ရှင်နှောင်ကြိုး - ပါရမီရှင်အဆင့် (၈၁၀/၁၀၀၀)

သန့်စင်ခြင်းမှော်အတတ် - ပါရမီရှင်အဆင့် (၇၇၅/၁၀၀၀)

ကုသခြင်းမှော်အတတ် - ပြီးပြည့်စုံအဆင့် (၄၈၅/၅၀၀)

မြေစိုင်တောင် မှော်အတတ် - ပြီးပြည့်စုံအဆင့် (၃၁၅/၅၀၀)

လှိုင်းလုံးမှော်အတတ် - ပြီးပြည့်စုံအဆင့် (၃၀၉/၅၀၀)

အသံလုံအတားအဆီး မှော်အတတ် - အခြေခံအဆင့် (၈၁/၁၀၀)

စိတ်ဝိညာဉ်ခြောက်ခြားခြင်း မှော်အတတ် - အခြေခံအဆင့် (၉၂/၁၀၀)

[ဆေးဖော်စပ်ခြင်း]

ကျောက်စိမ်းကွဲခြင်း - ပါရမီရှင်အဆင့် (၇၀၀/၁၀၀၀)

သစ္စာနှလုံးသား - ပြီးပြည့်စုံအဆင့် (၃၉၀/၅၀၀)

ရေတံခွန်စိမ့်စမ်း - အခြေခံအဆင့် (၇၉/၁၀၀)

တိမ်တိုက်အသွင်ပြောင်းခြင်း - အခြေခံအဆင့် (၆၅/၁၀၀)

[ကိုယ်ခံပညာ]

တောင်ဖြိုကျောက်တိုင်ခွဲ လက်ဝါးသိုင်း - ပါရမီရှင်အဆင့် (၈၈၀/၁၀၀၀)

ကောင်းကင်နတ်သမီးပန်းကြဲခြင်း - ပြီးပြည့်စုံအဆင့် (၃၇၅/၅၀၀)

[အတတ်ပညာများ]

ပထမအဆင့် ဆေးဖော်ဆရာ

မှော်အာဟာရဆေးလုံး - အထွတ်အထိပ်အဆင့်

အံ့ဖွယ်တစ်သောင်းဆေးလုံး - ပါရမီရှင်အဆင့် (၈၃၀/၁၀၀၀)

ကျောက်စိမ်းအမြုတေ ဆေးလုံး - ပါရမီရှင်အဆင့် (၉၁၀/၁၀၀၀)

သွေးအဆီအနှစ်ဆေးလုံး - တတ်မြောက်အဆင့် (၁၅၀/၂၀၀)

ချီလမ်းကြောင်းဆေးလုံး - အခြေခံအဆင့် (၇/၁၀၀)

နတ်ဒေဝါပျားရည် - သင်ယူခြင်း မပြုရသေး

လော့ချန်သည် အခြေအနေပြ ကြေးမုံပြင်ကို အမြန်ဝေ့ကြည့်လိုက်ပြီး သူ၏ စိတ်ထဲတွင် အစီအစဉ်တစ်ခု ၏ကို ဆွဲလိုက်သည်။ သူ၏ အမြင့်ဆုံး ကျင့်ကြံခြင်းအရှိန်ဖြင့်ဆိုလျှင် ချီသန့်စင် အထွတ်အထိပ်အဆင့်သို့ ရောက်ရန် နှစ်နှစ်ခန့် ကြာလိမ့်မည်ဟု သူ ခန့်မှန်းထားသည်။ ထိုအချိန်တွင် သူသည် အခြေခံတည်ဆောက်နိုင်ရန် နတ်ဒေဝါပျားရည်ကို လိုအပ်ပေလိမ့်မည်။

ထို့ကြောင့် ဤနှစ်နှစ်သည် အောင်မြင်မှုအမှတ်များကို စုဆောင်းရန် သူ၏ အခွင့်အလမ်းပင် ဖြစ်သည်။ အထိရောက်ဆုံး နည်းလမ်းမှာ နွယ်ရှင်နှောင်ကြိုး၊ သန့်စင်ခြင်း၊ အသံလုံအတားအဆီး နှင့် စိတ်ဝိညာဉ်ခြောက်ခြားခြင်း စသည့် မှော်အတတ်များနှင့် ဆေးဖော်စပ်ခြင်း နည်းစနစ်များအပေါ်တွင် အာရုံစိုက်ရန်ပင် ဖြစ်သည်။

ဆေးဖော်စပ်ခြင်းပိုင်းတွင်မူ သူသည် အဆင့်မြင့် ဆေးလုံးများကို ဖော်စပ်နိုင်စွမ်း ရှိသည်မှာ ကြာပြီ ဖြစ်သည်။ ယခင်က သူသည် သူ၏ စစ်မှန်သော ကျွမ်းကျင်မှုကို ဖုံးကွယ်ခဲ့သော်လည်း ယခုမူ တွမ်မျိုးနွယ်စုကို အနိုင်ယူပြီးနောက် အတော်အတန် တည်ငြိမ်သော ကျင့်ကြံခြင်း ပတ်ဝန်းကျင်တစ်ခုကို ရရှိခဲ့ပြီ ဖြစ်သည်။

“ဟက်.... ဟက်.... ငါ အသိချင်ဆုံးက ထိပ်တန်းအဆင့် ဆေးလုံးတွေက ဘယ်လောက်အထိ စွမ်းအားရှိမလဲဆိုတာပဲ"

လော့ချန်သည် သူ့ရှေ့တွင် ရှိနေသော စိန်ခေါ်မှုများအတွက် လမ်းပျောက်ခြင်း သို့မဟုတ် စိုးရိမ်ခြင်း မရှိချေ။ သူသည် မှန်ကန်သော လမ်းကြောင်းပေါ်တွင် ရှိနေကြောင်း သိရန်သာ လိုအပ်သည်။ ရှေ့တွင် မည်မျှပင် ခက်ခဲသော အခက်အခဲများ ရှိပါစေ ၎င်းတို့မှာ ခဏတာ တိုက်ခတ်လာသော မုန်တိုင်းများသာ ဖြစ်ပေလိမ့်မည်။

All Chapters