ကျွန်မကလမ်းမေးချင်လို့ပါ
Vol. 23 Ch. 319
အခန်း (၃၁၉) ကျွန်မကလမ်းမေးချင်လို့ပါ
ရက်အတန်ကြာခဲ့ပြီးနောက်…
ကျန်းလန်တစ်ယောက် ခွန်လွန်တောင် ၊ အဓိကခန်းမဆောင်ကြီးရှိရာသို့ လမ်းလျှောက်လာခဲ့လေသည်။
မှော်ဝင်တိမ်တိုက်တောင်စုဝေးပွဲက ပြီးဆုံးသွားခဲ့ပြီဖြစ်ရာ စုဝေးပွဲလာရောက်ကြသည့် အခြားမျိုးနွယ်စုများနှင့် အင်အားကြီးအုပ်စုများသည်လည်း ပြန်ဟန်ပြင်ဆင်နေကြပြီ ဖြစ်သည်။
သူတို့က ခွန်လွန်တောင်သို့ လာရောက်ကြသည့်ဧည့်သည်များဖြစ်လေရာ ခွန်လွန်တောင်မှ တပည့်တစ်ယောက်ဖြစ်သည့် ကျန်းလန်က လေးစားသမှုဖြင့် ထိုသူများ လိုက်ပါပို့ဆောင်နှုတ်ဆက်ရမည် ဖြစ်သည်။
ဤရက်ပိုင်းအတွင်း မှော်ဝင်တိမ်တိုက်တောင်စုဝေးပွဲမှ ရရှိခဲ့သည့် အလင်းရောင်ကြိုးမျှင်တန်းများအားလုံးကို ကျန်းလန် အပြည့်အ၀ စုပ်ယူခဲ့ပြီး ဖြစ်သည်။
သို့ဖြစ်ရာ နတ်ဘုရားရာထူးကို ထိန်းချုပ်နိုင်ခြင်းကလည်း ပိုမိုအဆင့်မြင့်တက်သွားခဲ့ပြီ ဖြစ်၏။
ယခုအချိန် သူ ခွန်လွန်တောင်မှ ထွက်ခွာသွားမည်ဆိုလျှင် သူ၏ တည်နေရာကို မည်သူမှ အာရုံခံနိုင်တော့မည် မဟုတ်ပေ။ ယခင်ကဆိုလျှင် သူ ခွန်လွန်တောင်မှ ထွက်ခွာသွားပါက သူ၏ တည်နေရာကို အာရုံခံနိုင်ကြမည် ဖြစ်သည်။
ယခုလည်း အာရုံခံနိုင်ဆဲ ဖြစ်ကောင်းဖြစ်နိုင်သော်လည်း အတိုင်းအတာတစ်ခုအထိ ပြောင်းလဲသွားခဲ့ပြီ ဖြစ်၏။
ထို့ပြင် နတ်ဘုရားရာထူးမှ ထွက်ပေါ်လာသည့် ရောင်ဝါများက သူ့ပတ်ဝန်းကျင်မှ အမြင်အာရုံများကို ပိတ်ဆို့ထားနိုင်စွမ်း ရှိနေခဲ့သည်။
သူက နတ်ဘုရားရာထူးကို အပြည့်အ၀ မထိန်းချုပ်နိုင်လျှင်တောင်မှ ထိုရောင်ဝါက ဒိုင်းကာတစ်ခုအလား မည်သည့်နေရာတွင် ရောက်နေသည်ဖြစ်စေ သူ၏တည်နေရာကို ဖုံးကွယ်ပေးထားမည် ဖြစ်သည်။
"ဝူး…"
ရုတ်တရက် ကောင်းကင်ထက်မှ အသံတစ်သံ ထွက်ပေါ်လာသည်။
လမ်းတစ်လျှောက်လုံးတွင် မှော်ဝင်ယဉ်ပျံ အကြီး ၊ အသေး များစွာကို ကျန်းလန် တွေ့မြင်ရသည်။ ထို မှော်ဝင်ယဉ်ပျံများမှာ ပျက်သုဉ်းတစ်စပြင်လောကကြီးမှ အင်အားစုအသီးသီးပိုင်ဆိုင်သည့် အရာများ ဖြစ်နိုင်သည်။
ကျန်းလန် ကောင်းကင်ထက်တစ်ချက်မျှ မော့ကြည့်ပြီးနောက် ခွန်လွန်တောင် ၊ အဓိကခန်းမဆောင်ကြီးဆီသို့ ဆက်လျှောက်သွားသည်။
လွန်ခဲ့သည့်ရက်များက နတ်လူသားမျိုးနွယ်များ သူ့ကို တိုက်ခိုက်လာမည်လားဟု သတိထားနေခဲ့သည်။
မှော်ဝင်တိမ်တိုက်တောင်စုဝေးပွဲသို့ နတ်လူသားမျိုးနွယ်များစွာ လာရောက်ကြပြီး သူ့ကို စောင့်ကြည့်နေသူအချို့လည်း ရှိနေသည် မဟုတ်ပါလား။
ထို့ကြောင့် သူ တိုက်ခိုက်ခံရမည်ဟု ထင်မှတ်ခဲ့သော်လည်း လက်ရှိအချိန်ထိ သူ့ကို မည်သူကမှ တိုက်ခိုက်ခဲ့ခြင်းမရှိပေ။ အခြေအနေက အံ့သြစရာပင် ကောင်းနေခဲ့သည်။
ထိုအုပ်စုက သူ့ကိုသတ်ဖြတ်ရန် လက်လျှော့လိုက်ခြင်းတော့ မဖြစ်နိုင်ပေ။ ခွန်လွန်တောင်ဧရိယာအတွင်း မလှုပ်ရှားရဲသောကြောင့်သာ ငြိမ်နေခြင်း ဖြစ်နိုင်သည်။
"ကြည့်ရတာ သူတို့ပြန်သွားပြီးရင်လည်း ငါ့ကို စောင့်ကြည့်ဖို့ သူတို့လူနည်းနည်းလောက်တော့ ချန်ထားခဲ့ဦးမှာပဲ ၊ လောလောဆယ်မှာတော့ သူတို့ကလည်း ကံကြမ္မာအခွင့်ကောင်းရောင်ဝါကို ရရှိထားတယ်ဆိုတော့ ပြဿနာမဖြစ်ချင်လို့ ငါ့ကို မတိုက်ခိုက်သေးတာ ဖြစ်နိုင်တယ်"
အပြန်အလှန် ရန်သူများအဖြစ် သတ်မှတ်ခဲ့ကြပြီးနောက်ပိုင်း မည်သူမှ တစ်ယောက်နှင့်တစ်ယောက် သည်းခံကြမည် မဟုတ်ပေ။
သို့သော် ကံကြမ္မာအခွင့်ကောင်းရောင်ဝါက နတ်ဘုရားရာထူးနှင့် ချိတ်ဆက်နေလေရာ နတ်လူသားမျိုးနွယ်များအနေဖြင့် အခြေအနေကို နားလည်ကြမည်ပဲ ဖြစ်သည်။
အတန်ကြာပြီးနောက်…
ကျန်းလန် ခွန်လွန်တောင် ၊ အဓိကခန်းမဆောင် ရင်ပြင်ရှိရာသို့ ရောက်ရှိလာသည်။
ရင်ပြင်ထက်ရှိ ကောင်းကင်ယံတွင် ပျံသန်းမှော်ဝင်ပစ္စည်းများစွာ ဝဲပျံလျှက် ရှိ၏။ အချို့သောကျင့်ကြံသူများကတော့ ပျံသန်းမှော်ဝင်ပစ္စည်းများထက်တွင် မတ်တတ်ရပ်နေကြသည်။
သူတို့အားလုံးက နောက်ပိုင်းမျိုးဆက် လူငယ်ကျင့်ကြံသူများ ဖြစ်ကြသည်။
အင်အားစုများစွာမှ အကြီးအကဲများကတော့ ခန်းမဆောင်ထဲတွင် တောင်သခင်များနှင့် စကားစမြည်ပြော ၊ လောကဝတ် နှုတ်ဆက်စကားဆိုနေကြသည်။
ကျန်းလန်ကတော့ ထောင့်တစ်ထောင့်တွင် ငြိမ်သက်စွာ မတ်တတ်ရပ်ရင်း ရင်ပြင်ထက်ရောက်နေကြသည့် ဂိုဏ်းတူညီအစ်ကိုများပြောဆိုနေကြသော စကားများကိုသာ နားထောင်နေလိုက်သည်။
တပည့်တစ်ယောက်က…
"ဒီတစ်ခေါက် မှော်ဝင်တိမ်တိုက်တောင်စုဝေးပွဲက ခွန်လွန်တောင်မှာ ကျင်းပတယ်ဆိုတော့ နောက်တစ်ခေါက်ဆိုရင် တခြားနေရာမှာ ကျင်းပမယ်ထင်တယ်နော် ၊ ဒါဆို ကျုပ်တို့တွေ အပြင်လောကကို ထွက်ရမယ်ထင်တယ်"
အခြားတပည့်တစ်ယောက်က…
"ဒါဖြစ်သင့်တာပဲလေ ၊ အရင်တစ်ခေါက်က မှော်ဝင်တိမ်တိုက်တောင်စုဝေးပွဲကို မှော်ဝင်တိမ်တိုက်တောင်မှာ ကျင်းပခဲ့ကြတာပဲ မဟုတ်လား"
"အဲဒီတုန်းက ကျုပ်က အရည်အချင်းမမီလို့ မသွားလိုက်ရဘူး ၊ ဒီတစ်ကြိမ်တော့ ပါဝင်ခဲ့ရပေမယ့် နောက်တစ်ကြိမ်ကျ ပါဝင်ခွင့်ရပါတော့မလား မသိဘူး"
"နောက်တစ်ကြိမ် စုဝေးပွဲကျင်းပဖို့က နှစ်ပေါင်းရာနဲ့ချီပြီး ကြာဦးမှာ ၊ ကျင့်ကြံတာပဲ ကောင်းပါတယ် ၊ ဒါနဲ့… အဲဒီ မှော်ဝင်ယဉ်ပျံတွေက အရမ်းထူးခြားတယ်နော်"
သူတို့၏ စကားများကြောင့် ကျန်းလန်သည်လည်း ကောင်းကင်ထက်သို့ မော့ကြည့်လိုက်သည်။
နတ်လူသားမျိုးနွယ်များ၏ မှော်ဝင်ယဉ်ပျံကြီးနှင့် နတ်မိစ္ဆာများ၏ ပျံသန်းနေသည့်လှေကြီးတို့မှာ အတော်လေး ထူးခြားသည်ကို တွေ့လိုက်ရသည်။
နတ်မိစ္ဆာများ ၊ နဂါးမျိုးနွယ်များနှင့် ခွန်လွန်တောင်တို့မှာ ရန်သူများဖြစ်ကြသည်။ သို့ပေသိ လက်ရှိတွင် မည်သူမှ တိုက်ခိုက်ကြခြင်း မရှိပေ။ ဇာမဏီမျိုးနွယ်များနှင့် နတ်လူသားမျိုးနွယ်များသည်လည်း အတူတူပင် ဖြစ်၏။
ခွန်လွန်တောင်နယ်မြေတွင် အားလုံးက သူတို့လုပ်ရပ်များ၏ ကောင်းကျိုးဆိုးကျိုးကို ချိန်ဆနိုင်ခဲ့ကြသည်။ အခြေအနေကို ကျယ်ကျယ်ပြန့်ပြန့် သုံးသပ်နိုင်ခဲ့ကြသည်။
ပျက်သုဉ်းတစ်စပြင်လောကကြီးတွင် ဤအင်အားကြီးအုပ်စုကြီးများထဲမှ တစ်စုက လုံလောက်အောင် အင်အားကြီးမားခြင်းမရှိလျှင် အခြားအုပ်စုများက ဝါးမျိုသွားမည်ပင်။
ခွန်လွန်တောင်ကတော့ အင်အားနည်းသည့်အထဲ မပါဝင်ပေ။
ခွန်လွန်တောင်မှ တောင်သခင်များက ပေါ့သေးသေးမဟုတ်ကြပေ။ အထူးသဖြင့် ဧကရာဇ်ရှီးဟယ် ဖြစ်၏။
လူတိုင်းက ဧကရာဇ်ရှီးဟယ်၏ စစ်တုရင်နယ်ရုပ်လေးများပမာ ဖြစ်သည်။ သိုသိုသိပ်သိပ်ဖြင့် ပုန်းအောင်းနေထိုင်သူ ကျန်းလန်သည်ပင် သူ့ကစားကွက်ထဲ မဖြစ်မနေပါဝင်နေခဲ့ရသည်။
သို့ဖြစ်ရာ ကျန်းလန်အနေဖြင့် အခြားသူများနှင့် ခပ်ကင်းကင်းနေပြီး ရှုတ်ထွေးသည့်ကိစ္စများတွင် ဝင်မပါခြင်းက အကောင်းဆုံးသာ ဖြစ်တော့၏။
***
"မင်းက နဝမတောင်ထွတ်က ကျန်းလန် မဟုတ်လား"
ကျန်းလန်နံဘေးမှ ရုတ်တရက် အသံတစ်သံ ထွက်ပေါ်လာသည်။
သူ လှည့်ကြည့်လိုက်သည့်အခါ မိုးကောင်းကင်အင်မော်တယ်အဆင့် အောင်မြင်ထားသည့် သက်လတ်ပိုင်းလူရွယ်တစ်ယောက်ကို တွေ့လိုက်ရသည်။
ထိုသူက နတ်မိစ္ဆာတစ်ယောက်ဖြစ်ပြီး ဂဠုန်မျိုးနွယ်တစ်ယောက်လည်း ဖြစ်လေရာ အလွန်တရာ စွမ်းအားမြင့်မားသည်။
ထိုနတ်မိစ္ဆာသာ သူံကို သတ်ဖြတ်လိုလျှင် သူံအနေဖြင့် (၃)ကြိမ်လောက်ပင် အသက်ပျောက်ပြီးလောက်ပြီဟု ကျန်းလန် တွေးလိုက်၏။
"ဒီလူ ငါ့ကိုတိုက်ခိုက်လာရန် ငါ တားဆီးနိုင်မှာ မဟုတ်ဘူး ၊ ဆရာ ငါ့ကို အချိန်မီ လာကယ်တင်နိုင်ပါ့မလား မသိဘူး"
မိုးကောင်းကင်အင်မော်တယ်အဆင့် အောင်မြင်ထားသူတစ်ယောက်သည်ပင် ထိုမျှ တန်ခိုးစွမ်းအား မြင့်မားနေသည်ဆိုလျှင်…
တာ့လော်အင်မော်တယ်ဆိုလျှင်တော့ ဆိုဖွယ်ရာ မရှိတော့ပြီ။
"ဒီက ဆရာကြီးက ဘယ်သူများလဲ"
ကျန်းလန်က တည်ငြိမ်စွာ မေးလိုက်သည်။
ထိုသူ၏ နာမည်က ဖေးယွမ် ဖြစ်၏။
ကျန်းလန်၏ မေးခွန်းကြောင့် ဖေးယွမ်က ရယ်မောလိုက်ရင်း…
"ကျုပ်က နတ်မိစ္ဆာမျိုးနွယ် ဖေးယွမ်ပါ ၊ ကျုပ်ကြားတာတော့ မင်းက စိတ်စွမ်းအားအရမ်းကောင်းတယ်ဆိုပဲ ၊ ဒါကြောင့် ကျုပ်ကြားတဲ့သတင်း ဟုတ်မဟုတ် မင်းကို လာလေ့လာတာပါကွာ"
"ဆရာကြီးရှေ့မှာ ရှက်ရွံ့မိပါတယ်"
ကျန်းလန်က နှိမ့်ချစွာပင် စကားဆိုလိုက်သော်လည်း ထိုသူပြောသည့်စကားကို ငြင်းဆိုခြင်း မပြုပေ။ နတ်မိစ္ဆာတစ်ယောက်က အဘယ့်ကြောင့် သူံထံချဉ်းကပ်လာရသည်ကိုသာ စဉ်းစားနေမိသည်။
ဖေးယွမ်က ကျန်းလန်ကိုကြည့်လိုက်ရင်း…
"အချိန်အားရင် ကျုပ်တို့ နတ်မိစ္ဆာမျိုးနွယ်တွေဆီကို လာရောက်လည်ပတ်စေချင်ပါတယ် ၊ နတ်မိစ္ဆာတွေက ခွန်လွန်တောင်နဲ့ ဆက်ဆံရေး မဆိုးလှပါဘူးလေ ၊ ဒါကြောင့် မင်းဆန္ဒရှိတယ်ဆိုရင် လာလည်လို့ရပါတယ် ၊ ကျုပ်တို့ဆီမှာ မင်းလို စိတ်စွမ်းအားကောင်းတဲ့သူတွေ ကျင့်ကြံဖို့အတွက် လျှို့ဝှက်နယ်မြေတစ်ခုလည်း ရှိတယ်"
ကျန်းလန်က သူ့ကို ဦးညွှတ်အရိုအသေပေးရင်း ယဉ်ကျေးစွာပင် ဖိတ်ခေါ်မှုကို ငြင်းဆိုလိုက်သည်။
"စိတ်မကောင်းပါဘူး ၊ အကြီးအကဲကို စိတ်ပျက်စေမိပြီ"
ကျန်းလန်က ဆက်ပြောသည်။
"ကျုပ်က ဆရာ့ခွင့်ပြုချက်ရမှ ခွန်လွန်တောင်ပြင်ပကို ထွက်ခွာခွင့် ရှိတာပါ ၊ ဒီတော့ ဆရာကြီးတို့ဆီ လာရောက်လည်ပတ်ဖို့ဆိုတာ မဖြစ်နိုင်ဘူးလေ ၊ နောက်ပြီး ဆရာကြီးတို့ရဲ့ လျှို့ဝှက်နယ်မြေမှာ ကျင့်ကြံဖို့ဆိုတာ ကျုပ်အစွမ်းနဲ့ မဖြစ်နိုင်လောက်ပါဘူး"
"ဟားဟား..."
ဖေးယွမ်က ရယ်မောလိုက်သည်။
"တစ်ခါတစ်လေမှာ အခွင့်အရေးရဖို့ဆိုတာက ကိုယ်တိုင်တိုက်ခိုက်ယူရတယ်ကွ ၊ လောကကြီးက ကျယ်ပြောလွန်းတယ် ၊ ခွန်လွန်တောင်ဆိုတာက အနောက်ဘက်စွန့်ပစ်နယ်မြေမှာတည်ရှိတဲ့ နေရာသေးသေးလေးတစ်လောက်ပါပဲ ၊ ခွန်လွန်တောင်ကို လောကကြီးတစ်ခုလုံး မဟုတ်ဘူးလေ ၊ ကျုပ်တို့ နတ်မိစ္ဆာတွေဆိုရင် အတွေ့အကြုံရဖို့အတွက် မှော်ဝင်တိမ်တိုက်တောင်တစ်လျှောက်မှ လေ့ကျင့်ရေးဆင်းကြလေ့ရှိတယ်"
ခဏနားပြီးမှ ဖေးယွမ်က ဆက်ပြောသည်။
"ကျုပ်တို့ နတ်မိစ္ဆာတွေကတော့ မင်းတို့လို စိတ်စွမ်းအားကောင်းတဲ့ လူသားတွေကို အရမ်းတန်ဖိုးထားတယ် ၊ မင်းသာ ကျုပ်တို့ဆီ လာရောက်လည်ပတ်မယ်ဆိုရင် အကျိုးမယုတ်စေရပါဘူး ၊ ပြီးတော့ အခုချိန်မှာ မင်းက တန်ခိုးစွမ်းအားနည်းပါးသေးတော့ လောကကြီးဘယ်လောက် ကျယ်ပြောလဲ ၊ တန်ခိုးစွမ်းအားမြင့်မားသူတွေ ဘယ်လောက်ရှိလဲဆိုတာသိချင်ရင် ပြင်ပလောကကို ထွက်ကြည့်မှ သိရမှာပေါ့"
ဖေးယွမ်က ကျန်းလန်ပခုံးကို တစ်ချက်ပုတ်လိုက်ရင်း ရယ်မောလျှက် ထွက်ခွာသွားသည်။
သို့သော် မသွားခင် စကားတစ်ခွန်း ပြောသွားသေး၏။
"မင်း ကျုပ်ကို အချိန်မရွေးလာရှာလို့ ရပါတယ် ၊ ကျုပ်တို့နတ်မိစ္ဆာတွေဆီမှာ မင်းလိုချင်တာတွေအားလုံးရှိပါတယ်"
ကျန်းလန်က ရိုသေသမှုဖြင့် ဦးညွှတ်လိုက်ပြီး မည်သည့်စကားမှ မပြောခဲ့ပေ။
တစ်ဖက်လူထွက်ခွာသွားမှ သူ စိတ်သက်သာရာရသွားသည်။
"နတ်မိစ္ဆာတွေက ငါ့ကို ချည်နှောင်ဖို့ ကြိုးစားနေတာလား ၊ ကြည့်ရတာ သူတို့မှာ မရဏဂူနဲ့ပတ်သက်တဲ့ အကြံအစီတစ်ခုခု ရှိပုံရတယ် ၊ ဒါပေမဲ့…"
နတ်မိစ္ဆာများက သူ့ကို ချည်နှောင်ဖို့ကြိုးစားခြင်းမှာ သူ့ကို မလှုပ်နိုင်အောင် ပြုလုပ်လိုသည့် အဓိပ္ပါယ်ဖြစ်သည်။ ထိုသို့ပြုလုပ်ခြင်းက ကောင်းမွန်သည့်အခြေအနေတစ်ခုဖြစ်သည်ဟု နတ်မိစ္ဆာများက ယူဆပုံရသည်။
"နောက်ဆိုရင် မှော်ဝင်တိမ်တိုက်တောင်ကို ဝေးဝေးရှောင်ရမယ်"
ဟုတ်ပေ၏။
မှော်ဝင်တိမ်တိုက်တောင်ဆိုသည်က နတ်မိစ္ဆာများ၏ လေ့ကျင့်ရေးကွင်းဖြစ်ကြောင်း သူ သိရှိခဲ့ရသည် မဟုတ်ပါလား။ နတ်မိစ္ဆာများဆိုသည်က ပေါ့သေးသေးမျိုးနွယ်များ မဟုတ်ကြပေ။
နောက်တစ်ကြိမ် ပြင်ပလောကသို့ ခရီးထွက်မည်ဆိုလျှင် မှော်ဝင်တိမ်တိုက်တောင်ကို ဝေးဝေးရှောင်ရမည် ဖြစ်သည်။
ထိုစဉ်…
ခွန်လွန်တောင် ၊ အဓိကခန်းမဆောင်အတွင်းမှ များစွာသောအလင်းတန်းများ ဖြာလင်းထွက်ပေါ်လာသည်။ ထိုအလင်းရောင်များက ကောင်းကင်ထက်မှ ပျံသန်းမှော်ဝင်ပစ္စည်းများထက်သို့ ကျရောက်သွားကြသည်။
ထို့နောက် မှော်ဝင်ယဉ်ပျံကြီးတစ်ခုဆီမှ အသံတစ်သံ ထွက်ပေါ်လာ၏။
"ဒီတစ်ခေါက် မှော်ဝင်တိမ်တိုက်တောင်စုဝေးပွဲမှာ လမ်းညွှန်ပေးကြတဲ့သူအားလုံးကို ကျေးဇူးတင်ပါတယ် ၊ နောက်တစ်ကြိမ်မှာ အားလုံး ပြန်ဆုံကြရအောင်"
ထိုအသံ ပျောက်ကွယ်သွားသည်နှင့် ပျံသန်းမှော်ဝင်ပစ္စည်းများမှာ တစ်ခုပြီးတစ်ခု ပျံသန်းထွက်ခွာသွားကြသေည်။ နောက်ဆုံး အားလုံး မြင်ကွင်းမှ ပျောက်ကွယ်သွားကြတော့၏။
အချိန် (၁)လကျော် ကြာမြင့်ခဲ့သည့် မှော်ဝင်တိမ်တိုက်တောင်စုဝေးပွဲည် နောက်ဆုံးတော့ အဆုံးသတ်ခဲ့ပြီ ဖြစ်သည်။
"နဂါးမျိုးနွယ်တွေကတော့ မပြန်ကြသေးဘူး ၊ သူတို့ အဋ္ဌမမင်းသားကို ပြန်ခေါ်ဖို့အတွက် ခွန်လွန်တောင်ကိုပေးအပ်ဖို့ တန်ဖိုးညှိနှိုင်းနေကြတာလား မသိဘူး"
"နတ်လူသားမျိုးနွယ်တွေကတော့ ဒီတစ်ခေါက် ငါကို တစ်ချက်တောင် ကြည့်မသွားကြဘူး ၊ ဒီတော့ လောလောဆယ် သူတို့နဲ့ပတ်သက်ပြီး စိတ်ပူစရာ မရှိဘူးထင်တယ်"
ထိုအတွေးများက ကျန်းလန်၏ အတွေးများသာ ဖြစ်လေသည်။
***
ရေခဲပုစဉ်းရင်ကွဲတောအုပ်။
မိန်းကလေးတစ်ယောက် တောလမ်းလေးအတိုင်း လမ်းလျှောက်လာသည်။ သူမက ပတ်ဝန်းကျင်ကိုလည်း အဆက်မပြတ်လေ့လာလျှက် ရှိသည်။
လူတစ်ယောက်မှ မတွေ့ရသဖြင့် သူမ စိတ်ပျက်လက်ပျက်ဖြစ်လျှက် ရှိသည်။
သူမသည်ကား ယန်ယွင်ရှီးပင် ဖြစ်သည်။
"ဒီလောက်တောင် ရက်တွေကြာနေပြီ ၊ ဘာလို့ လူတစ်ယောက်တောင် မတွေ့ရတာလဲ"
သူမ မည်သည့်နေရာသို့ သွားရမှန်းမသိ ဖြစ်နေသည်။
သူမ လမ်းမေးရန်လည်း လူတစ်ယောက်မှမတွေ့သလို သူမတို့ ချီလင်မျိုးနွယ်စု အကြီးအကဲများသည်လည်း မည်သည့်နေရာရောက်နေကြမှန်း မသိပေ။
သူမသာ လမ်းမပျောက်ခဲ့လျှင် အကြီးအကဲများနှင့်အတူ နေရပ်ပြန်နိုင်မည် ဖြစ်သည်။ ယခုတော့ သူမနည်းသူမဟန်ဖြင့် အိမ်ပြန်ရန် ကြိုးစားရတော့မည် ဖြစ်သည်။
အချိန်အတန်ကြာလမ်းလျှောက်လာပြီးနောက် သူမရှေ့တွင် လူတစ်ယောက်ကို တွေ့လိုက်ရသည်။
ထိုသူက အဖြူရော်ဝတ်စုံကို ဝတ်ဆင်ထားပြီး ကောင်းကင်ထက်မှ ပျံသန်းဆင်းသက်လာခြင်း ဖြစ်လေရာ နတ်ဘုရားတစ်ပါးအလားပင် ထင်မှတ်ရသည်။
"အစ်ကို…"
ယန်ရှီးယွင် ထိုသူကို ဝမ်းသာအားရ အော်ခေါ်လိုက်သည်။
ထိုသူကလည်း ခေါ်သံကြောင့် လှည့်ကြည့်လာ၏။ ထိုသူ၏ မျက်ဝန်းများက ဗလာကျင်းနေပြီး ခံစားချက်များ ပျောက်ဆုံးလျှက် ရှိသည်။
သူက ယန်ရှီးယွင်ကို တွေ့သည်နှင့် မည်သည့်စကားမှ ပြောဆိုခြင်းမရှိဘဲ ချက်ချင်းတိုက်ခိုက်လိုက်သည်။
"ဟူး"
ထိုသူ့လက်ချောင်းထိပ်ဖျားများမှ မန္တန်စွမ်းအားတစ်ခု ထွက်ပေါ်လာပြီး ယန်ရှီးယွင်၏ လည်ပင်းကို ပိုင်းဖြတ်သွားသည်။
"ဘန်း"
ယန်ရှီးယွင် ချက်ချင်းပင် မြေပြင်ထက်လဲကျသွားသည်။
သူမက လည်ပင်းကိုအုပ်ကိုင်ရင်း ထိုသူကို မယုံကြည်နိုင်စွာဖြင့် ကြည့်နေမိသည်။
"ကျွန်မ... ကျွန်မက လမ်းမေးချင်လို့ပါ"
ပြောပြီးသည်နှင့် သူမ အသံတစ်စက်မှ မထွက်တော့ဘဲ မြေပြင်ထက်လဲကျသွားလေသည်။
အဖြူရောင်ဝတ်ဆင်ထားသည့် လူငယ်ကတော့ တောအုပ်အတွင်း ဖြည်းညင်းစွာ ဝင်ရောက်ပျောက်ကွယ်သွားလေတော့၏။