← Chapters

မဟာတာအိုကိုနားလည်စေရန်လောကကိုရှုမြင်

Vol. 23 Ch. 320

မဟာတာအိုကိုနားလည်စေရန်လောကကိုရှုမြင်

Vol. 23 Ch. 320

အခန်း (၃၂၀) မဟာတာအိုကိုနားလည်စေရန်လောကကိုရှုမြင်

ရေခဲပုစဉ်းရင်ကွဲတောအုပ်…

ယန်ရှီးယွင်၏ ခန္ဓာကိုယ်က မြေကြီးထဲ တဖြည်းဖြည်းနစ်မြုပ်သွားပြီး လုံး၀ ပျောက်ကွယ်သွားလေသည်။

အချိန်အတန်ကြာမှ မြေကြီးအတွင်းမှ သူမ၏ ဦးခေါင်းလေး ပြန်ထွက်လာပြီး ပတ်ဝန်းကျင်ကို တစ်ချက်အကဲခတ်ကြည့်လိုက်သည်။

အန္တရယ်ကင်းသည်မှာသေချာတော့မှ သူမက မြေကြီးထဲမှ ခုန်ထွက်လိုက်၏။

"ကြောက်ဖို့ကောင်းလိုက်တာ ၊ ဘာလို့ ဒီလူတွေက လူတစ်ယောက်ကို လွယ်လွယ်နဲ့ တိုက်ခိုက်ချင်ကြရတာလဲ ၊ ကောင်းကင်ပေါ်မှာသာတိုက်ခိုက်ခံရလို့ကတော့ ငါ ပြုတ်ကျပြီး အသက်ထွက်လောက်ပြီ ၊ ခုတော့ တော်ပါသေးရဲ့"

ယန်ရှီးယွင် ကြောက်ရွံ့စွာဖြင့် ရေရွတ်လိုက်သည်။

"ငါက လမ်းလေးမေးချင်လို့ကို ဘာလို့ငါ့ကို တိုက်ခိုက်ရတာလဲ… ၊ အင်း… ဖြစ်နိုင်တာက…"

သူမ ခဏမျှ စဉ်းစားနေ၏။

ပြီးမှ…

"ဒီ ပတ်ဝန်းကျင်မှာ လမ်းမေးတာကို တားမြစ်ထားတာများလား ၊ မဖြစ်နိုင်ဘူး… တစ်ခါမှ ဒီလိုတားမြစ်ချက်မျိုးရှိတယ်လို့ မကြားမိပါဘူး ၊ လမ်းတော့ ဆက်မေးရမှာပဲ ၊ ဒါပေမဲ့ သတိတော့ထားရမယ် ၊ ပြီးတော့ တိုက်ခိုက်ခံရပြီဆိုရင် အန္တရယ်ကင်းအောင် သေချင်ယောင်ဆောင်နေမှဖြစ်မယ်"

"ဒါပေမဲ့ အဲဒီလူက အရမ်းထူးဆန်းတယ် ၊ သူ့ကိုကြည့်ရတာ ဘာခံစားချက်မှ မရှိသလိုပဲ ၊ ဘယ်မျိုးနွယ်စုကလဲ မသိဘူး"

ယန်ရှီးယွင် ခဏမျှစဉ်းစားနေပြီးနောက် အဆုံးသတ်ကောက်ချက်ချလိုက်သည်။

"ကြည့်ရတာ နတ်လူသားမျိုးနွယ်တစ်ယောက်ဖြစ်မယ်ထင်တယ် ၊ ဒီလူတွေ မပြန်ကြသေးဘူးလားမသိဘူး"

နတ်လူသားမျိုးနွယ်များ ခွန်လွန်တောင်မှ မပြန်ကြသေးဘူးဆိုလျှင် သူမတို့ ချီလင်မျိုးနွယ်များသည်လည်း မပြန်ကြလောက်သေးပေ။

ထိုသို့တွေးမိသည့်အခါ သူမမ၏မျိုးနွယ်များကိုလည်း ရှာတွေ့နိုင်မည်ဟု ယန်ရှီးယွင် ခံစားလိုက်ရပြီး နေရာတိုင်းတွင် စတင်ရှာဖွေလေတော့သည်။

သို့သော် နတ်လူသားမျိုးနွယ်များကိုတွေ့လျှင်တော့ မည်သည့်မေးခွန်းမှ မမေးမြန်းတော့ဘဲ အရင်ဆုံး လွတ်အောင်ပြေးရန် စဉ်းစားထားသည်။

ထို့ပြင် သူမထက် တန်ခိုးစွမ်းအားမြင့်မားသူများကိုလည်း မေးခွန်းများ မေးတော့မည် မဟုတ်ပေ။

"ငါ လူ (၃)မျိုးကို လုံး၀ လမ်းမမေးတော့ဘူး ၊ အဲဒါကတော့ နတ်လူသားမျိုးနွယ်တွေရယ် ၊ ငါ့ထက် ကျင့်ကြံခြင်းအဆင့် မြင့်မားတဲ့သူတွေရယ် ၊ ကောင်းကင်ပေါ်မှာ ပျံသန်းနေတဲ့လူတွေရယ်ပဲ"

ယန်ရှီးယွင် ရေရွတ်လိုက်သည်။

ဤနည်းအားဖြင့် သူမ၏ဘ၀ အန္တရယ်ကျရောက်နိုင်တော့မည် မဟုတ်ပေ။

***

ကျန်းလန် နဝမတောင်ထွတ်သို့ ပြန်လာပြီးနောက် တံခါးပိတ်ကျင့်ကြံရန် စဉ်းစားလိုက်သည်။

လက်ရှိတွင် သူ၏ ကျင့်ကြံခြင်းအဆင့်က မိုးကောင်းကင်အင်မော်တယ် ၊ ကနဦးအဆင့် ဖြစ်သည်။ သူက တာ့လော်အင်မော်တယ် အမြန်ဖြစ်ချင်နေပြီ ဖြစ်သည်။

သို့သော် ကျင့်ကြံခြင်းအဆင့်တက်ရန် သူ့အတွက် များစွာ အချိန်ယူရဦးမည်ပင်။

တာ့လော်အင်မော်တယ်အဆင့်သို့ တက်ရောက်ရန်အတွက် ရွှေခန္ဓာရအောင် ကျင့်ကြံရမည်မှန်သော်လည်း ခက်ခဲသည့်အဆင့်တစ်ခုကတော့ မဟာတာအိုကို နားလည်ရန် ဖြစ်သည်။

လက်ရှိတွင် သူ၏ တာအိုကိုနားလည်ခြင်းအဆင့်က မိုးကောင်းကင်အင်မော်တယ်အဆင့်မျှသာ ဖြစ်လေရာ တာ့လော်အင်မော်တယ်အဆင့်နှင့် အလွန်ပင် အလှမ်းကွာဝေးလျှက် ရှိသည်။

ထို့ကြောင့် ရွှေခန္ဓာရအောင် ကျင့်ကြံနိုင်လျှင်ပင် တာ့လော်အင်မော်တယ် ဖြစ်လာဦးမည် မဟုတတ်ပေ။

ကျန်းလန်က သားရဲဥလေးနှင့် ရေသဖန်းပင်လေးကို ဝိညာဉ်ဆေးရည်များ လောင်းပေးလိုက်သည်။ ထိုအရာလေး (၂)ခုမှာ ယခုအချိန်ထိ အသက်ရှင်နေကြဆဲ ဖြစ်လေသည်။

ထို့နောက် ခြံဝန်းထဲတွင်ထိုင်ရင်း ရှေ့ဆက်ကျင့်ကြံရမည့်အစီအစဉ်များကို တွေးတောနေခဲ့သည်။

သူစီစဉ်ထားသည်များထက် ပြောင်းလဲမှုများက ပိုမိုမြန်ဆန်နေလေရာ ကိုင်တွယ်ဖြေရှင်းရမည့် ပြဿနာများအတွက်လည်း ပြင်ဆင်ထားရမည် ဖြစ်သည်။

သူ ခွန်လွန်တောင်သို့ ရောက်ခဲ့သည်မှာ နှစ်ပေါင်း (၃၉၂) နှစ်ရှိပြီ ဖြစ်လေသည်။

***

ရာသီများပြောင်းလဲသွားခဲ့ပြီးနောက် ကျန်းလန်က ကုန်ဆုံးတော့မည့် ဆောင်းရာသီအငွေ့အသက်များကို ခံစားကြည့်လိုက်သည်။

အချိန် (၁)နှစ် ကုန်ဆုံးသွားခဲ့ပြီ ဖြစ်သည်။

သူ ဂိုဏ်းထဲသို့ ရောက်သည်မှာ နှစ်ပေါင်း (၃၉၃) နှစ် ရှိပေပြီ။

အများအမြင်တွင် သူ၏ ကျင့်ကြံခြင်းအဆင့်က မရှိမှုအာကာသ ၊ ကနဦးအဆင့် ဖြစ်ပြီး တောင်သခင်များနှင့် အကြီးအကဲများ သိမြင်နိုင်သည့် ကျင့်ကြံခြင်းအဆင့်ကတော့ မရှိမှုအာကာသ ၊ အလယ်ဆင့် ဖြစ်သည်။

သူ၏ ကျင့်ကြံခြင်းအဆင့် အစစ်အမှန်က မိုးကောင်းကင်အင်မော်တယ် ၊ ကနဦးအဆင့် ဖြစ်၏။

သူ့တွင် မှော်ဝင်ပစ္စည်းများစွာနှင့် ပြဒါးဆေးများစွာ ရှိလေသည်။ အင်းသင်္ကေတများစွာလည်း ရှိပြီး ယခုအချိန်ထိ ဖွင့်ကြည့်ရဲခြင်း မရှိသေးသည့် ပညာရှိကျမ်းစာလည်း ရှိလေသည်။

ထို့ပြင် နတ်ဘုရားရာထူးတစ်ခုဖြစ်သည့် ပြိုင်ဘက်ကင်းလက်သီးနတ်ဘုရားဆိုသည့် နတ်ဘုရားရာထူးတစ်ခုကိုလည်း ပိုင်ဆိုင်ထားသည်။

ပျက်သုဉ်းတစ်စပြင်လောကကြီးတွင် ထိပ်တန်းတန်ခိုးစွမ်းအားတစ်ခုဖြစ်သည့် မိုးကောင်းကင်ခြေလှမ်းကိုးလှမ်းတန်ခိုးစွမ်းအားကိုလည်း ပိုင်ဆိုင်ထားသည့်အပြင် အပြင်းထန်ဆုံး တိုက်ခိုက်မှုစွမ်းအားဖြစ်သော နွားရိုင်းကိုးကောင်စွမ်းအားနှင့် အန္တရယ်ကိုးသွယ်စွမ်းအားကိုလည်း ပိုင်ဆိုင်ထားသည်။

ပြောရလျှင် သူက မိုးကောင်းကင်အင်မော်တယ် ၊ ကနဦးအဆင့် ကျင့်ကြံသူများထဲတွင် ပြိုင်ဘက်ကင်းတစ်ယောက် ဖြစ်ပေသည်။

အနည်းငယ် သတိရှိမည်ဆိုလျှင် မိုးကောင်းကင်အင်မော်တယ် ၊ အလယ်ဆင့် ကျင့်ကြံသူတစ်ယောက်ကိုပင် သတ်ဖြတ်နိုင်စွမ်းရှိသည်။

မိုးကောင်းကင်အင်မော်တယ် ၊ နောက်ဆုံးအဆင့် ကျင့်ကြံသူတစ်ယောက်ကိုတော့ သတ်ဖြတ်နိုင်မည်လာ မသေချာသော်လည်း တကယ်တမ်း ရင်ဆိုင်ရလျှင် သူ့အနေဖြင့် လွတ်အောင်ပြေးနိုင်မည်မှာ သေချာသည်။

သို့သော် မိုးကောင်းကင်အင်မော်တယ်အဆင့် အောင်မြင်ထားသည့် ကျင့်ကြံသူများကိုတော့ လောလောဆယ်တွင် လုံးဝရင်ဆိုင်နိုင်စွမ်း မရှိသေးပေ။

ပျက်သုဉ်းတစ်စပြင်လောကကြီးရှိ အင်အားကြီးအုပ်စုတိုင်းတွင် အနည်းဆုံးတော့ တာ့လော်အင်မော်တယ်တစ်ပါး ရှိကြမည်မှာ အမှန်ပင်။

သို့ဖြစ်ရာ…

ပျက်သုဉ်းတစ်စပြင်လောကကြီးက သူ့အတွက် မည်မျှအန္တရယ်များကြောင်း ပြသနေသည်။

"သာမန်အခြေအနေဆိုရင် ကျင့်ကြံသူတစ်ယောက်က မဟာတာအိုကို နားလည်တယ်ဆိုရင်တောင်မှ မိုးကောင်းကင်အင်မော်တယ်အဆင့်ကနေ တာ့လော်အင်မော်တယ်အဆင့်တက်ဖို့ နှစ်ပေါင်းတစ်ထောင်လောက် အချိန်ယူရမယ်"

ကျန်းလန် တွေးလိုက်သည်။

"မဟုတ်ရင်လည်း နှစ်ပေါင်း (၂၀၀၀)လောက် ကြာသွားနိုင်တယ် ၊ ဒါပေမဲ့ ငါပိုင်ဆိုင်ထားတဲ့ နတ်ဘုရားရာထူးရယ် ၊ ငါ့ရဲက အင်မော်တယ်ခန္ဓာနဲ့ စနစ်ရဲ့ ထောက်ပံ့မှုတွေ ပေါင်းစည်းလိုက်မယ်ဆိုရင်… ပြီးတော့ မရဏအငွေ့အသက်တွေ ၊ ကျောက်စိမ်းရေကန်နတ်ဘုရားမ ပန်းချီကားလည်း ရှိသေးတယ် ၊ ဒီတော့ နှစ်ပေါင်းရာဂဏန်းအတွင်းမှာပဲ ငါ အဆင့်တက်နိုင်မယ်ထင်တယ်"

မဟာတာအိုကို နားလည်ပြီး မိုးကောင်းကင်တာအို၏ အသိအမှတ်ပြုခြင်းကို ခံရမည်ဆိုလျှင် သူ၏ကျင့်ကြံခြင်းအဆင့်တက်ရောက်နှုန်းက အဆမတန် လျှင်မြန်လာမည် ဖြစ်သည်။

အနှစ် (၃၀၀) အတွင်း တာ့လော်အင်မော်တယ် တံခါးသို့ ရောက်ရှိနိုင်မည် ဖြစ်သည်။

သို့သော်…

တာ့လော်အင်မော်တယ်အဆင့်ရောက်နိုင်ရန်က ချွင်းချက်မရှိ ခက်ခဲသည်ပင်။

မည်သို့ပင်ဖြစ်စေ ကျန်းလန်အနေဖြင့် တာ့လော်အင်မော်တယ်အဆင့်ရောက်ရှိရန် နှစ်ပေါင်း (၆၀၀) ၊ နှစ်ပေါင်း (၇၀၀) ခန့် အချိန်ကြာမြင့်မည်ဆိုဦးတော့ အခြားသူများနှင့်ယှဉ်လျှင် သူက များစွာလျှင်မြန်နေသေးသည်။

ဤသည်က သူ၏ အစစ်အမှန် ကျင့်ကြံခြင်းအဆင့်နှင့်ပတ်သက်ပြီး စဉ်းစားထားခြင်း ဖြစ်၏။

အများအမြင်တွင်လည်း အင်မော်တယ်အဖြစ် အဆင့်တက်ရမည့်အချိန်ကို သတ်မှတ်ရန် လိုသေးသည်။

ပါရမီရှင်တစ်ယောက်၏ ကျင့်ကြံခြင်းမြန်နှုန်းဖြင့်ဆိုလျှင် နောက်ထပ် နှစ်ပေါင်း (၄၀) ၊ (၅၀)ခန့်ဆိုတွင် မရှိမှုအာကာက ၊ နောက်ဆုံးအဆင့်သို့ တက်ရောက်နိုင်မည် ဖြစ်သည်။

မရှိမှုအာကာသ ၊ နောက်ဆုံးအဆင့် တက်ရောက်ပြီးနောက် နှစ်ပေါင်း (၁၄၀) ခန့်အကြာတွင် အင်မော်တယ် ဖြစ်လာပေလိမ့်မည်။

စုစုပေါင်း နှစ်ပေါင်း (၁၈၀) ကြာမြင့်မည် ဖြစ်၏။

သူ ဂိုဏ်းထဲသို့ ရောက်ရှိနေသည့် နှစ်ပေါင်း (၃၉၃)နှစ်နှင့် အင်မော်တယ်ဖြစ်ရန် ကြာချိန် နှစ်ပေါင်း (၁၈၀) ပေါင်းလိုက်လျှင် နှစ်ပေါင်း (၅၇၀) ကျော် ကြာမြင့်မည် ဖြစ်သည်။

အကြမ်းဖျင်းဆိုရသော် အင်မော်တယ်ဖြစ်လာရန်အတွက် နှစ်ပေါင်း (၅၈၀)ခန့် အချိန်ယူရပေမည်။

"ငါက ပါရမီရှင်တွေထက် နှစ် (၂၀) လောက်တောင် စောနေသေးတယ်... ၊ ဒါပေမဲ့..."

ကျန်းလန် ရှောင်ယွိအကြောင်း ဆက်စဉ်းစားလိုက်သည်။

"ဒါပေမဲ့… ဂိုဏ်းတူအစ်မက ငါ့ထက် နှစ်ပေါင်း (၁၀၀)လောက်စောပြီး အင်မော်တယ်ဖြစ်လာမယ်ထင်တယ် ၊ ဒီတော့ ငါလည်း အချိန်သိပ်ဆွဲထားလို့ မဖြစ်ဘူး ၊ ငါ့အင်မော်တယ်အဆင့်တက်ဖို့ အဲဒီနှစ်ပိုင်းအတွင်းပဲ သတ်မှတ်လိုက်တော့မယ်"

သေသေချာချာတွေးတောပြီး ဆုံးဖြတ်ချက်ချပြီးသည်နှင့် ကျန်းလန် ဆက်မစဉ်းစားတော့ဘဲ တံခါးပိတ်ကျင့်ကြံရန် ဆုံးဖြတ်လိုက်သည်။

အချိန်ကျလာသည်နှင့် အများအမြင်တွင် အင်မော်တယ်အဆင့်သို့ အဆင့်တက်ပေးလိုက်ရန်သာ ရှိသည်။

နောင်နှစ်ပေါင်း (၁၀၀)တွင် ရှောင်ယွိနှင့် ချိန်းဆိုထားသည့် စိန်ခေါ်ပွဲကတော့ ထိုအချိန်ရောက်လျှင် ရှောင်ယွိလည်း ထိုကိစ္စကို မေ့ချင်မေ့နေပေလိမ့်မည်။

မည်သူ့စကားကို မည်သူက နားထောင်ရမည်လဲဆိုသည်ကတော့ ဘာမှ ကွာခြားမှု ရှိမည် မဟုတ်ပေ။ စိန်ခေါ်ပွဲကို မည်သူအနိုင်ရမည်လဲဆိုသည်ကို တွေးနေစရာပင် မလိုပေ။

ရှောင်ယွိက သူ့ကို ဘယ်တော့မှ အနိုင်ရမည် မဟုတ်ပေ။

သို့သော် သူ ရှောင်ယွိအတွက် ထီးတစ်လက် ဝယ်ပေးရဦးမည် ဖြစ်လေသည်။

လောလောဆယ် ထီးလည်းဝယ်မပေးနိုင်သေးလေရာ ကျင့်ကြံရင်းဖြင့် ထီးဝယ်မည့်ကိစ္စလည်း မေ့ကောင်းမေ့သွားပေလိမ့်မည်။

ထို့နောက်တွင်တော့ ကျန်းလန်က သားရဲဥလေးနှင့် ရေသဖန်းပင်လေးကို မရဏဂူအတွင်းသို့ ယူဆောင်လာခဲ့သည်။ လောလောဆယ်တွင် သူ အပြင်ထွက်ရန် အစီအစဉ် မရှိတော့ပေ။

မှော်ဝင်တိမ်တိုက်တောင်စုဝေးပွဲပြီးဆုံးသွားသည့်နောက် မည်သည့်အင်အားစုမှ လှုပ်လှုပ်ရှားရှားလုပ်ကြဦးမည် မဟုတ်လေရာ သူလည်း သတင်းများသိရှိရန် အပြင်ထွက်စရာ အကြောင်းမရှိပေ။

သို့သော်လည်း…

မှော်ဝင်တိမ်တိုက်တောင်စုဝေးပွဲ ပြီးဆုံးသွားခြင်းကြောင့် ခွန်လွန်တောင်တွင် ဘာပြဿနာမှ မရှိတော့ဆိုသည့်အချက်က မသေချာပေ။

ခွန်လွန်တောင်၏ထူးခြားချက်ကို နတ်လူသားမျိုးနွယ်များ သိရှိထားသည်ဖြစ်ရာ ထိုသူများကို ပေါ့ပေါ့ဆဆ သဘောမထားနိုင်ပေ။

ထို့အတူ နတ်မိစ္ဆာများသည်လည်း ငရဲတံခါးအကြောင်း များစွာသိရှိထားသူများဖြစ်ပြီး အလျှော့ပေးမည့်လက္ခဏာမရှိသေးပေ။

နတ်မိစ္ဆာများက သူ့ကိုချည်နှောင်ချုပ်ကိုင်ရန် ကြိုးစားသည့်တိုင် ထိုနည်းလမ်းအဆင်မပြေလျှင် အသုံးပြုမည့် အရံနည်းလမ်းများစွာ သူတို့ထံတွင် ရှိနေဦးမည် ဖြစ်သည်။

နတ်လူသားမျိုးနွယ်များနှင့် နတ်မိစ္ဆာမျာကို အသာထား ၊ နဂါးမျိုးနွယ်များ၏ ပြဿနာကလည်း ရှိသေးသလို မြေအောက်နတ်ဆိုးများသည်လည်း ငြိမ်ငြိမ်နေကြဦးမည် မဟုတ်ပေ။

တစ္ဆေတိုင်းပြည်ကတော့ ခွန်လွန်တောင်ကို ပြဿနာရှာလျှင်တောင် ကြီးကြီးမားမား တိုက်ခိုက်ကြမည် မဟုတ်ပေ။ သို့သော် အခြားအင်အားကြီးအုပ်စုများကတော့ သူတို့လိုမဟုတ်ကြပေ။

ထိုသို့သော ပြဿနာများ ရှုတ်ထွေးလှသောကြောင့် သူက နဝမတောင်ထွတ်မှ မခွာလိုခြင်း ဖြစ်သည်။

ကျန်းလန် မရဏဂူထဲတွင် တင်ပျဉ်ခွေထိုင်လိုက်ပြီး စတင်ကျင့်ကြံရန်အတွက် ကျောက်စိမ်းရေကန်နတ်ဘုရားမပန်းချီကားကို ဖွင့်လိုက်သည်။

သူတွေ့မြင်လိုက်ရသည်က အဖြူရောင်နဂါးပင် ဖြစ်သည်။ သို့သော် နဂါးငယ်လေးက အရင်ကထက်ပိုပြီး ကြီးထွားလာသည်။

ကြည့်ရသည်မှာ အရွယ်ရောက်လုနီးပြီထင်၏။

သူမက ကျောက်စိမ်းရေကန်နံဘေးတွင် ရစ်ခွေနေပြီး ကျင့်ကြံနေဟန် ရှိသည်။

ကျန်းလန် အဖြူရောင်နဂါးမလေးထံမှ အကြည့်လွှဲလိုက်ပြီး မျက်လုံးများကိုမှိတ်ကာ စတင်ကျင့်ကြံလိုက်သည်။

သူ ရွှေခန္ဓာရရှိအောင် ကျင့်ကြံရမည် ဖြစ်သည်။

ရွှေခန္ဓာရရှိအောင် ကျင့်ကြံရခြင်းက အင်မော်တယ်ခန္ဓာ ရရှိအောင်ကျင့်ကြံရခြင်းနှင့် မတူညီပေ။

အင်မော်တယ်ခန္ဓာရရှိအောင် အင်မော်တယ်တန်ခိုးစွမ်းအားများအသုံးပြုကာ ကျင့်ကြံရသည်။

ရွှေခန္ဓာရရှိအောင် ကျင့်ကြံလိုသည်ဆိုလျှင်တော့ အင်မော်တယ်တန်ခိုးစွမ်းအားများကို တာအိုတရားနှင့် ပေါင်းစပ်ကျင့်ကြံရမည် ဖြစ်သည်။

တာအိုတရားကို အသုံးပြုကျင့်ကြံမှသာ ရွှေခန္ဓာကို ရရှိမည် ဖြစ်သည်။

ရွှေခန္ဓာကို ရရှိပြီးလျှင်လည်း သူနားလည်ထားသည့် မဟာတာအိုတရားကို မိုးကောင်းကင်က အသိအမှတ်ပြုမှသာ တာ့လော်အင်မော်တယ်အဆင့်သို့ ရောက်ရှိမည် ဖြစ်သည်။

မဟာတာအိုကို နားလည်ခြင်းက ကျင့်ကြံခြင်းအရှိန်အဟုန်ကို မည်မျှမြန်ဆန်မည်ကို အဆုံးအဖြတ်ပေးပေမည်။

လုကျန်း၏ တာအိုတရားကို နားလည်ခြင်းက အခြားသော မိုးကောင်းကင်အင်မော်တယ်များထက် အနည်းငယ်ပိုမို အားကောင်းသော်လည်း ကျင့်ကြံခြင်းအဆင့်တက်တက်ခြင်းကတော့ သိပ်ပြီးအရှိန်ဟုန်မကောင်းပေ။

သို့ပေသိ ကျန်းလန်တွင် ရင်းမြစ်ပစ္စည်းများစွာ ရှိလေရာ သူ၏ ကျင့်ကြံခြင်းအရှိန်အဟုန်ကတော့ လျှင်မြန်နိုင်ပေသည်။

တာ့လော်အင်မော်တယ်ဖြစ်လာရန် အဓိကအချက်မှာတော့ မဟာတာအိုကို နားလည်ရန်သာ ဖြစ်သည်။

ပြီးခဲ့သောအချိန်က သေရည်ဆိုင်တွင်ရရှိခဲ့သည့် အခွင့်အရေးမှာ ယခုအချိန်ထိ ကျန်းလန်အတွက် အသုံးဝင်နေဆဲ ဖြစ်သည်။

***

ကျန်းလန်က ကျင့်ကြံခြင်းကို ယခင်ပုံစံအတိုင်းပင်သွားသည်။

သူက နေ့ဘက်တွင် စာအုပ်များဖတ်ရှုလေ့ရှိပြီး ညဘက်တွင် မရဏဂူထဲဝင်ရောက်ကာ ကျင့်ကြံလေသည်။

သို့သော် စာဖတ်ခြင်းကိုတော့ အရင်လို စာကြည့်တိုက်ထဲတွင် မဖတ်ရှုတော့ဘဲ နေရာပြောင်းလဲလိုက်သည်။

နေ့ခင်းပိုင်းတွင် သူက ဖတ်လိုသည့် စာအုပ်များကို တောင်ပေါ်လမ်းလေးရှိရာသို့ ယူဆောင်လာသည်။

စာဖတ်ရင်းဖြင့် နေထွက်ချိန် ၊ နေဝင်ချိန်များနှင့် တိမ်တိုက်များလှည့်ပတ်သွားလာနေသည်ကို ကြည့်ရှုခဲ့သည်။

လွန်ခဲ့သည့် နှစ်ရာပေါင်းများစွာက ပန်းများပွင့်လန်းပြီး ညှိုးနွမ်းသွားခြင်းနှင့် မိုးစက်များရွာသွန်းနေသံများကို သူ ခံစားကြည့်ဖူးသည်။

ယခု ထိုအချိန်ကာလနှင့် ယခုအချိန်အတွင်း သူ့ဘဝတွင် လိုချင်သည့်အရာများသည်လည်း မတူညီတော့ပေ။

ယခင်က သူသည် ကိစ္စရပ်များကို ကြည့်တတ်ပြီး ယခုတော့ သူက လောကကြီးကို ရှုမြင်သည်။

ယခင်အချိန်က ကိစ္စရပ်များကို ကြည့်မြင်ခြင်းက သူ့စိတ်ကို တည်ငြိမ်စေသည်။ ယခု လောကကြီးကို ရှုမြင်ခြင်းကတော့ မဟာတာအိုကို နားလည်စေသည်။

လောကကြီးကို သူ ဆက်ပြီး ကြည့်မြင်နေမည်ဆိုလျှင် တစ်နေ့တွင် ရှင်းရှင်းလင်းလင်း သိမြင်လာမည် ဖြစ်သည်။

တခါတရံတွင် ဉာဏ်အလင်းပွင့်ရန်မှာ တခဏမျှသာ ကြာမြင့်တတ်လေသည်။

ကျန်းလန်က စိတ်ပူပန်ခြင်းလည်းမရှိသလို စိတ်မရှည်လည်း မဖြစ်မိပေ။

သူက နေ့စဉ် ပုံမှန်သာ နေထိုင်ခဲ့ပြီး မည်သည့်အရာကိုမှ အလွန်အကျွံမလုပ်ခဲ့ပေ။

ကျင့်ကြံခြင်းနှင့် တာအိုတရားကို နားလည်သဘောပေါက်ခြင်းက အတူတူပင် ဖြစ်သည်။

သူ့အနေဖြင့် တစ်လှမ်းချင်း တက်လှမ်းရမည် ဖြစ်သည်။

(၃) နှစ်မြောက်အချိန်တွင်တော့ ကျန်းလန် တောင်ပေါ်လမ်းထက်ထိုင်နေစဉ် နဂါးဟိန်းသံတစ်သံ ထွက်ပေါ်လာသည်ကို ကြားလိုက်ရသည်။

အသံနှင့်အတူ ခွန်လွန်တောင် ၊ အဓိကခန်းမေဆာင်တည်ရှိရာနေရာမှ အလင်းတန်းတစ်ခု ထွက်ပေါ်လာသည်ကို တွေ့လိုက်ရသည်။

ထိုအလင်းတန်းထဲမှ နဂါးပုံရိပ်တစ်ခု ထွက်ပေါ်လာ၏။

နဂါးပုံရိပ်နှင့် မျက်နှာချင်းဆိုင်တွင် ဓားဝိညာဉ်တစ်ခု ရုတ်ချည်း ထွက်ပေါ်လာသည်။

ခွန်လွန်တောင်နှင့် နဂါးမျိုးနွယ်

နှစ်ဘက်လုံးက အလျှော့မပေးဘဲ ထိပ်တိုက်ရင်ဆိုင်လိုက်ကြခြင်း ဖြစ်သည်။

ညှိနှိုင်းဆွေးနွေးခြင်း သိပ်အခြေအနေမဟန်ကြောင်း ကျန်းလန် သိလိုက်သည်။

သူနှင့် ရှောင်ယွိ စေ့စပ်ပွဲကိစ္စတုန်းကလည်း ထိုသို့သောအဖြစ်မျိုး ကြုံတွေ့ခဲ့ရဖူးသည်ပင်။

ယခုတစ်ကြိမ်ကတော့ အဋ္ဌမမင်းသား၏ကိစ္စ ဖြစ်နိုင်လေ၏။

All Chapters