အခန်း (၁၆၄၁-၁၆၄၂)
Vol. 165 Ch. 1641-1642
အခန်း (၁၆၄၁) - မျက်လုံးတစ်စုံ
ယွမ်သခင်လေးသည် ဖန့်ချန်၏ တုံ့ပြန်မှုကို အကဲခတ်နေသော်လည်း၊ ဖန့်ချန်ဘက်မှ ထောက်ခံခြင်း သို့မဟုတ် ငြင်းပယ်ခြင်း အရိပ်အယောင်မျှ မပြသဖြင့် သူက ဆက်လက်၍ ပြုံးလျက် ဆိုသည်။
"ဒီလောင်းကစားပွဲက စုစုပေါင်း သုံးပွဲ ယှဉ်ပြိုင်ရမှာပါ။ ကျန်တဲ့ နတ်ဘုရားရင်းမြစ်ဆရာ နှစ်ယောက်အတွက်တော့ ငါ့မှာ ရွေးချယ်ထားတဲ့လူ ရှိပြီးသား၊ အခုက တစ်ယောက်ပဲ လိုနေတာ။ မိတ်ဆွေရဲ့ သဘောထားက ဘယ်လိုရှိမလဲ "
ဖန့်ချန်က ရယ်မောလိုက်ပြီး
"ဈေးနှုန်းကကော"
"ဈေးနှုန်းလား..."
ယွမ်သခင်လေးက ခေတ္တမျှ စဉ်းစားဟန်ပြုပြီးနောက် ခေါင်းကို ခပ်ဖွဖွ ငြိမ့်ပြကာ
"နောင်ကို မိတ်ဆွေအနေနဲ့ ဒီရှန်းယွမ်ဈေးမှာ လွတ်လွတ်လပ်လပ် သွားလာခွင့်ရှိစေရမယ်၊ ဘယ်သူကမှ မိတ်ဆွေကို လာနှောင့်ယှက်မှာ မဟုတ်ဘူး"
ထိုစကားကြောင့် ပတ်ဝန်းကျင်တစ်ခုလုံးမှာ ရုတ်တရက် တိတ်ဆိတ်ငြိမ်သက်သွား၏။
ဘေးနားရှိ အဆင့် ၄ မသေမျိုးအရှင်က ဖန့်ချန်ကို လှောင်ပြုံးပြုံးလျက် ကြည့်နေသည်။
"ဒါက ခြိမ်းခြောက်တာလား "
ဖန့်ချန်က ခဏမျှ တိတ်ဆိတ်သွားပြီးနောက် တည်ငြိမ်အေးဆေးစွာ မေးလိုက်သည်။
ယွမ်သခင်လေးက ရယ်မောလျက်
"မိတ်ဆွေက အဲဒီလို ယူဆမယ်ဆိုရင်လည်း ရပါတယ်။ ဒီအတောအတွင်း မိတ်ဆွေဟာ ရှန်းယွမ်ဈေးထဲမှာ အမြတ်အစွန်းတွေ အများကြီး ရရှိထားတာဆိုတော့ ငါ ဘယ်လောက်ပဲ ကောင်းတဲ့ ဈေးနှုန်းပေးပေး မိတ်ဆွေ စိတ်လှုပ်ရှားမှာ မဟုတ်ဘူးလို့ ငါထင်တယ်။ မိတ်ဆွေ စိတ်လှုပ်ရှားသွားစေမယ့် ဈေးနှုန်းမျိုးကိုလည်း ငါ တကယ်ပဲ မပေးချင်ဘူးလေ၊ ဒါကြောင့် နည်းလမ်းတစ်ခု ပြောင်းလိုက်ရတာပေါ့ "
သူက ခေတ္တရပ်ပြီး
"ဟန်ရှန်းဘုရားကျောင်း နယ်မြေထဲမှာဆိုရင် ဒီရှန်းယွမ်ဈေးက အကြီးဆုံးပဲ၊ ကျိရှန်းအင်ပါယာ တစ်ခုလုံးမှာတောင် ထိပ်တန်း သုံးခုစာရင်းထဲ ပါဝင်တယ်။ မိတ်ဆွေအနေနဲ့ ဒီထက်ကောင်းတဲ့ နေရာမျိုးကို ရှာတွေ့မှာ မဟုတ်ဘူး။
တခြားနေရာက ရှန်းယွမ်ဈေးတွေမှာတော့ ငါ့လို စကားပြောရလွယ်တဲ့သူမျိုး ရှိမှာမဟုတ်ဘူးနော်။ တကယ်လို့ သူတို့သာ မိတ်ဆွေရဲ့ နတ်ဘုရားရင်းမြစ်ပညာရပ်က ဒီလောက်ထိ ထူးချွန်ပြောင်မြောက်မှန်း သိသွားရင် ဘာတွေလုပ်ကြမလဲ "
"ဒီလိုဆိုမှတော့ ကျွန်တော့်မှာ ရွေးချယ်စရာ မရှိတော့ဘူးပေါ့ "
ဖန့်ချန်က ခေါင်းကို ခပ်ဖွဖွ ငြိမ့်ပြလိုက်ပြီး
"ဒီလောင်းကစားပွဲမှာ ဘာတွေ သတိထားရမလဲ"
ယွမ်သခင်လေး၏ နှုတ်ခမ်းဖျားတွင် အပြုံးတစ်ခု ပေါ်လာသည်။ သူ စကားမပြောရသေးမီမှာပင် ဖန့်ချန်က သူ၏ မျက်လုံးများကို ရုတ်တရက် စိုက်ကြည့်လိုက်ပြီး
"ယွမ်သခင်လေးရဲ့ မျက်လုံးတွေက..."
အစကတည်းက ဤယွမ်သခင်လေးသည် သူ၏ မျက်လုံးများကို တစ်ကြိမ်မျှ ဖွင့်မပြခဲ့ချေ။
"မမေးသင့်တဲ့အရာကိုတော့ မိတ်ဆွေ မမေးတာ ပိုကောင်းပါလိမ့်မယ် "
အဆင့် ၄ မသေမျိုးအရှင်က ယွမ်သခင်လေးကိုယ်စား ဖန့်ချန်ကို ပြန်လည် ဖြေကြားလိုက်သည်။
ယွမ်သခင်လေးက ခပ်ဖွဖွ ပြုံးလိုက်ကာ
"ငါတို့ လောင်းကစားပွဲအကြောင်း ဆက်ပြောကြတာပေါ့။ ဒီတစ်ခါ ငါနဲ့ လောင်းကြေးထပ်မယ့်သူတွေဟာ အဆင့်အတန်း နိမ့်တဲ့သူတွေ မဟုတ်ဘူး၊ သူတို့ ငှားလာတဲ့ နတ်ဘုရားရင်းမြစ်ဆရာတွေကလည်း သေချာပေါက် အားနည်းမှာ မဟုတ်ဘူး။
ငါတို့ဘက်က ရထားတဲ့ တစ်ခုတည်းသော အားသာချက်ကတော့ လောင်းကြေးထပ်မယ့် နတ်ဘုရားရင်းမြစ်ကျောက်တုံးတွေကို ငါ့ဘက်က ထုတ်ပေးရမှာပဲ။
ဒါကြောင့် ငါတို့က ကျောက်တုံးတွေကို ကြိုတင် စစ်ဆေးထားလို့ ရသလို၊ ငါတို့အတွက် အကျိုးရှိစေမယ့် အစိတ်အပိုင်းတွေကိုလည်း ရွေးချယ်ထားလို့ ရတယ်"
စကားအဆုံးတွင် သူက မတ်တတ်ရပ်လိုက်ပြီး
"မိတ်ဆွေ... ငါ့ရဲ့ သိုလှောင်ထားတဲ့ ပစ္စည်းတွေကို လိုက်ကြည့်ရအောင်။ ဒီကျောက်တုံးတွေဟာ သာမန်ဈေးကွက်ထဲမှာ ဘယ်တော့မှ ပေါ်မလာတဲ့အရာတွေပဲ၊ တစ်ခုချင်းစီမှာ နက်ရှိုင်းတဲ့ နောက်ခံနဲ့ သမိုင်းကြောင်းတွေ အနည်းနဲ့အများ ရှိကြတယ်"
သိုလှောင်ထားတဲ့ ပစ္စည်းတွေလား
ဖန့်ချန်မှာ ချက်ချင်းပင် စိတ်ဝင်စားသွားသည်။
ရှန်းယွမ်ဈေးအတွင်း၌ သူ မမြင်ရသော နတ်ဘုရားရင်းမြစ်ကျောက်တုံး အချို့ ရှိနေသည်မှာ အမှန်ပင်။
ထိုကျောက်တုံးများကို လူများက တန်ဖိုးထား သိမ်းဆည်းထားကြသဖြင့် အလွယ်တကူ ထုတ်ပြလေ့ မရှိကြချေ။ သူသည်လည်း သူတစ်ပါး၏ သိုလှောင်အိတ် ထဲသို့ ဝင်ရောက် စစ်ဆေး၍ မရနိုင်ပေ။
လမ်းခရီးတွင် ဖန့်ချန်က အမှတ်မထင် မေးမြန်းကြည့်ရာ ယွမ်သခင်လေးထံမှ လောင်းကြေးထပ်မည့်သူများ၏ အချက်အလက်အချို့ကို သိရှိခဲ့ရသည်။
ယွမ်သခင်လေး ကိုယ်တိုင်ပင် ထိုလူစုမှာ အမှန်တကယ် မည်သည့်နေရာမှ လာသည်ကို မသိရှိချေ။ သိထားသည်မှာ ထိုလူစုသည် ကျိရှန်းအင်ပါယာအတွင်းရှိ ရှန်းယွမ်ဈေး အကြီးအငယ်ပေါင်းများစွာတွင် ပွဲပေါင်း သောင်းချီ၍ အနိုင်ရရှိထားခဲ့ခြင်း ဖြစ်သည်။
ပွဲတိုင်းတွင် ရှန်းယွမ်ဈေးများမှ အာဏာပိုင် အကြီးအကဲများကို အင်အားချည့်နဲ့သွားအောင် လုပ်ဆောင်နိုင်ခဲ့ကြသည်။
"ဒီတစ်ခါတော့ သူတို့က ငါ့ကို လာရှာကြပြီ။ တကယ်လို့ ငါသာ သူတို့ကို ရှုံးနိမ့်သွားရင် ရှန်းယွမ်ဈေးထဲမှာ ငါ့ရဲ့ ဩဇာအာဏာတွေ ပျောက်ဆုံးသွားလိမ့်မယ် "
ယွမ်သခင်လေးက တိုးတိုးလေး ပြုံးလျက် ဆိုသည်
"ဒီလူတွေက ငါ့ရဲ့ လမ်းကို ဖြတ်ပြီး ငါ့ရဲ့ အသက်ကို နှုတ်ယူဖို့ ကြိုးစားနေတာပဲ၊ ငါက သူတို့ကို အလွယ်တကူ လွှတ်ပေးလိမ့်မယ်လို့ မင်း ထင်သလား "
"ဒါကတော့ မဖြစ်နိုင်ပါဘူး။ ဒါပေမဲ့..."
ဖန့်ချန်၏ အမူအရာမှာ အနည်းငယ် လေးနက် သွားပြီး
"ယွမ်သခင်လေး ပြောပြချက်အရဆိုရင် ဒီလူတွေက ကျိရှန်းအင်ပါယာရဲ့ ရှန်းယွမ်ဈေးပေါင်း ၃၀ ကျော်ကို ရောက်ခဲ့ပြီးပြီပေါ့ အဲဒီထဲမှာ ဒီနေရာထက် မနိမ့်တဲ့ ရှန်းယွမ်ဈေးတစ်ခုလည်း ပါဝင်နေတာလား ပြီးတော့ သူတို့က အကြီးအကဲတွေနဲ့ လောင်းတိုင်းလည်း အလွယ်တကူ အနိုင်ရခဲ့ပြီး အဲဒီဈေးတွေကို အထိနာစေခဲ့တယ်ဆိုတော့... ဒီလူတွေရဲ့ နတ်ဘုရားရင်းမြစ် ပညာရပ်ဟာ အထွတ်အထိပ် ရောက်နေပြီဖြစ်လို့ လျှော့တွက်လို့ မရဘူးပဲ "
"တကယ်ပဲ လျှော့တွက်လို့ မရပါဘူး။ အခုချိန်မှာ ရှန်းယွမ်ဈေးထဲက လူတော်တော်များများက ငါ အရှက်ရမှာကို စောင့်ကြည့်နေကြတာ။ ဒါကြောင့် မိတ်ဆွေရယ်... ဒီတစ်ခါ မိတ်ဆွေနဲ့ တွေ့ဆုံရတာကို ငါ ဘယ်လောက်တောင် ဝမ်းသာနေလဲဆိုတာ မင်း သိသင့်ပါတယ်။
ငါ့လက်အောက်က နတ်ဘုရားရင်းမြစ်ဆရာ နှစ်ယောက်ကတော့ မိတ်ဆွေရဲ့ နည်းလမ်းတွေကို လိုက်မှီမှာ မဟုတ်ဘူး။ အချိန်တိုအတွင်းမှာ ဒီလောက်များပြားတဲ့ ပမာဏကို ရင်းနှီးမြှုပ်နှံပြီး နတ်ဘုရားရင်းမြစ်ကျောက်တုံးတွေ အများကြီးကို ဝယ်ယူနိုင်ခဲ့တာကိုး။"
ယွမ်သခင်လေးက ခပ်ဖွဖွ သက်ပြင်းချရင်း ဆိုသည်။
ထိုအချိန်တွင် သူသည် ဖန့်ချန်ကို ခန်းမဆောင်ကြီးတစ်ခုအတွင်းသို့ ခေါ်ဆောင်လာခဲ့ပြီ ဖြစ်သည်။
ပုံရိပ်နှစ်ခုသည် မျက်နှာချင်းဆိုင်မှ လျှောက်လာပြီး ယွမ်သခင်လေးကို လက်အုပ်ချီ ဦးညွှတ်လိုက်ကြသည်။
"ကျွန်တော်မျိုးတို့ ယွမ်သခင်လေးကို ဂါရဝပြုပါတယ်"
ထိုနှစ်ဦး၏ ကျင့်ကြံခြင်းအဆင့်မှာ အလွန်မမြင့်လှချေ၊ တစ်ဦးမှာ အဆင့် ၂ မသေမျိုးဖြစ်ပြီး ကျန်တစ်ဦးမှာ အဆင့် ၃ မသေမျိုးဖြစ်သည်။ သို့သော် သူတို့၏ ကိုယ်ဟန်အမူအရာမှာ သာမန် အဆင့် ၂၊ ၃ ကျင့်ကြံသူများထက် ပိုမို ထည်ဝါနေသည်။
သူတို့သည် ယွမ်သခင်လေးကို နှုတ်ဆက်ပြီးနောက် မျက်လုံးများက ဖန့်ချန်ထံသို့ ကျရောက်သွားပြီး၊ အကြည့်များအတွင်း၌ မနှစ်မြို့သည့် အရိပ်အယောင်များ ခပ်ရေးရေး ဖြတ်ပြေးသွားကြသည်။
"ဖန့်မိတ်ဆွေ... မင်းကို မိတ်ဆက်ပေးပါရစေ။ ဒီနှစ်ယောက်က ဝမ်နန် နဲ့ ဝမ်ပေ့ ညီအစ်ကိုတွေပဲ။ ဝမ်နန်က အစ်ကိုဖြစ်ပြီး ဝမ်ပေ့က ညီဖြစ်တယ်။ သူတို့က ငယ်စဉ်ကတည်းက ဝါရင့် နတ်ဘုရားရင်းမြစ်ဆရာကြီး တစ်ဦးဆီမှာ လေ့လာခဲ့ကြတာမို့၊ အခု သူတို့ရဲ့ ပညာရပ်ဟာ ရှန်းယွမ်ဈေးမှာ ထိပ်ဆုံး ၅ ယောက်စာရင်းထဲ ဝင်တယ်။"
ယွမ်သခင်လေးက ပြုံးလျက် မိတ်ဆက်ပေးသည်။
"ဖန့်မိတ်ဆွေပေါ့လေ... မနေ့က ယွမ်သခင်လေးက မင်းအကြောင်းကို ချီးကျူးစကား ပြောနေတာ ကြားလိုက်ရတယ်။ နောင်ကို ငါတို့ သုံးယောက် ပိုပြီး ရင်းနှီးအောင် နေကြတာပေါ့။
ယွမ်သခင်လေး လက်အောက်မှာ အတူတူ အလုပ်လုပ်ကြတာဆိုတော့၊ ငါတို့ ညီအစ်ကိုနှစ်ယောက်က မင်းကို သိထားသင့်တဲ့ စည်းမျဉ်းတချို့ကို နောက်မှ ပြောပြပေးမယ်လေ။"
ဝမ်ပေ့က ဖြီးပြုံးလျက် ပြောလိုက်သည်။
ဝမ်နန်ကတော့ ခပ်ဖွဖွ ပြုံးလိုက်ပြီး
"ငါ့ညီက စကားပြော နည်းနည်း တည့်တိုးဆန်တယ်၊ ဖန့်မိတ်ဆွေ စိတ်ထဲ မထားပါနဲ့ "
"စိတ်ထဲ မထားပါဘူး။ ယွမ်သခင်လေးက မပြောရသေးဘူး ထင်တယ်၊ ကျွန်တော်က ဒီကို ခဏပဲ ကူညီပေးဖို့ လာတာပါ၊ နောင်ကို ဒီမှာ အကြာကြီး နေမှာ မဟုတ်ဘူး။"
ဖန့်ချန်က ခပ်အေးအေး ပြုံးလျက် ဆိုသည်။
ခဏပဲ ကူညီပေးဖို့ ဟုတ်လား
ဝမ်ညီအစ်ကို နှစ်ယောက်လုံး ဆွံ့အသွားကြသည်။ သူတို့က ယွမ်သခင်လေးကို မသိမသာ လှမ်းကြည့်လိုက်ရာ ယွမ်သခင်လေးက ခပ်ဖွဖွ ခေါင်းညိမ့်ပြသည်ကို မြင်လိုက်ရသဖြင့် သူတို့၏ မျက်နှာများမှာ ချက်ချင်းပင် ပျက်သွားကြသည်။
တစ်ဖက်လူကလည်း နတ်ဘုရားရင်းမြစ်ဆရာ ဖြစ်နေပါလျက်၊ ဘာဖြစ်လို့ လွတ်လပ်တဲ့ အခွင့်အရေးမျိုး ရနေရတာလဲ ထိုအချက်တစ်ခုတည်းကပင် သူတို့ ညီအစ်ကိုနှစ်ဦးနှင့် တစ်ဖက်လူကြားရှိ အဆင့်အတန်း ကွာခြားမှုကို ပြသနေသကဲ့သို့ ဖြစ်နေသည်။
"မင်းတို့ သုံးယောက် သိကျွမ်းပြီးပြီဆိုတော့... ငါ့ရဲ့ သိုလှောင်ထားတဲ့ ကျောက်တုံးတွေကို ကြည့်ကြတာပေါ့ "
ယွမ်သခင်လေးက ရုတ်တရက် သူ၏ ဝတ်ရုံစကို ဝေ့ယမ်းလိုက်ရာ၊ ခန်းမဆောင်တစ်ခုလုံးတွင် အကြီးအငယ်ပေါင်းစုံသော နတ်ဘုရားရင်းမြစ်ကျောက်တုံး ရာပေါင်းများစွာ ပေါ်လာတော့သည်။
အသေးဆုံးမှာ ဖရဲသီးတစ်လုံးခန့် ရှိပြီး၊ အကြီးဆုံးမှာမူ အလှပြ ကျောက်ဆောင်ငယ်တစ်ခုမျှပင် ကြီးမားသည်။
"လောင်းကစားပွဲ စတဲ့အခါ နှစ်ဖက်စလုံးက နတ်ဘုရားရင်းမြစ်ဆရာတွေကို ၁၅ မိနစ် ပဲ အချိန်ပေးလိမ့်မယ်။ အဲဒီအချိန်အတွင်းမှာ တစ်ယောက်ကို ကျောက်တုံး တစ်တုံးစီ ရွေးချယ်ပြီး လောင်းကြေးထပ်ရမှာပဲ။"
ယွမ်သခင်လေးက တည်ငြိမ်စွာ ဆိုသည်
"မင်းတို့ သုံးယောက် အသေအချာ ကြည့်ထားကြပါ။ အဲဒီအချိန်ကျရင် အချိန်မလောက်မှာ စိုးရိမ်စရာ မလိုတော့အောင်ပေါ့ "
"ယွမ်သခင်လေး စိတ်ချပါ၊ တစ်ဖက်လူက ဒီလောက်ထိ မာန်တက်နေမှတော့ ကျွန်တော်တို့က သခင်လေးရဲ့ မျက်နှာကို အပျက်ခံမှာ မဟုတ်ပါဘူး။"
ဝမ်ပေ့က ယုံကြည်မှု အပြည့်ဖြင့် ဆိုသည်။
သို့သော် သူ၏ အစ်ကိုဖြစ်သူကမူ စိုးရိမ်ပူပန်နေပုံရပြီး တိုးတိုးလေး ဆိုသည်။
"ယွမ်သခင်လေး... သူတို့က ဒီလောက်ထိ မာန်တက်နေရတာကလည်း အကြောင်းရှိမှာပါ။ အဲဒီလောက်များတဲ့ ရှန်းယွမ်ဈေးတွေ အထိနာကုန်ရတာက သူတို့မှာ တစ်ခုခု ထူးခြားတဲ့ နည်းလမ်းရှိနေလို့ပဲ ဖြစ်ရမယ်။ ၁၅ မိနစ်ဆိုတဲ့ အချိန်က သူတို့အတွက် ပိုလျှံနေမှာ သေချာတယ် "
"အော်... မင်းရဲ့ ဆိုလိုရင်းက "
ယွမ်သခင်လေး စိတ်ဝင်စားသွားသည်။
"အချိန်ကို ၁၀ စက္ကန့် အထိ လျှော့ချလိုက်ရင်ကော "
ဝမ်နန်က လေးနက်စွာ ဆိုသည်
"တကယ်လို့ သူတို့ဘက်က သဘောမတူရင်လည်း ငါတို့မှာ လောင်းကစားပွဲကို ငြင်းပယ်ဖို့ အကြောင်းပြချက် ရှိသွားတာပေါ့။ ပြဿနာက သူတို့ဘက်က ဖြစ်သွားမှာမို့လို့ ငါတို့က စိန်ခေါ်မှုကို မခံရဲတာ မဟုတ်ဘူးဆိုတာ ပြလို့ရတယ် "
"ဒါကလည်း ကျိုးကြောင်းဆီလျော်တဲ့ အချက်ပဲ "
ယွမ်သခင်လေး၏ မျက်နှာပေါ်တွင် အပြုံးတစ်ခု ပေါ်လာသည်။
မူလက ၁၅ မိနစ်ဆိုသည်မှာ သူတို့အတွက် အသာစီးရနေပြီဟု ထင်ခဲ့သော်လည်း၊ ယခုတော့ ၁၀ စက္ကန့်သာ အချိန်ပေးခြင်းက ပို၍ ကောင်းမွန်မည်ဟု ခံစားလိုက်ရသည်။
ယွမ်သခင်လေးက သူ၏ အကြံဉာဏ်ကို လက်ခံရန် ပြင်နေသည်ကို မြင်သောအခါ ဝမ်နန် သက်ပြင်းချနိုင်သွားသည်။ တကယ်လို့ ဒီတစ်ခါ ရှုံးနိမ့်သွားရင် ယွမ်သခင်လေးရဲ့ အခြေအနေက အလွန်ခက်ခဲသွားမှာဖြစ်သလို၊ သူတို့ ညီအစ်ကိုနှစ်ယောက်လည်း အတူတူ ဒုက္ခရောက်ကြရမည် မဟုတ်လား။
သူတို့ ဤကိစ္စကို ဆွေးနွေးနေကြစဉ်အတွင်း ဖန့်ချန်သည် သူ၏ စိတ်ဝိညာဉ်ကို ခန္ဓာကိုယ်ထဲမှ ထုတ်လိုက်ပြီး ဤနေရာရှိ နတ်ဘုရားရင်းမြစ်ကျောက်တုံး အားလုံးကို အသေးစိတ် ကြည့်ရှုစစ်ဆေးပြီးသွားပြီ ဖြစ်သည်။
ထိုကျောက်တုံးများထဲမှ တစ်တုံး၏ အတွင်း၌... သူသည် မျက်လုံးတစ်စုံ ကို မြင်လိုက်ရသကဲ့သို့ ခံစားလိုက်ရလေသည်။
အခန်း (၁၆၄၂) - ယွမ်သခင်လေး၏ ရက်ရောမှု
ထိုမျက်လုံးတစ်စုံမှာ အလွန်ပင် အသက်ဝင်လှသဖြင့် ပထမတစ်ချက် ကြည့်လိုက်လျှင် လူသားတစ်ယောက်၏ မျက်လုံးကဲ့သို့ ထင်မှတ်ရသော်လည်း အသေအချာ စိုက်ကြည့်လိုက်သောအခါ ကျောက်ဖြစ်နေသည့် မျက်လုံးတစ်စုံမျှသာ ဖြစ်ကြောင်း တွေ့ရသည်။
ထိုမျက်လုံးများဆီမှ နှစ်ကာလများစွာကို ဖြတ်သန်းလာခဲ့သည့် ရှေးဟောင်းဆန်သော အငွေ့အသက်များကို ဖန့်ချန် ခံစားနေရသည်။
"နှစ်ကာလမျက်လုံး လား "
ဖန့်ချန်၏ စိတ်အာရုံမှာ လှုပ်ခတ်သွားသည်။
ဤမျက်လုံးများမှာ မှန်လေး ၏ ဖော်ပြချက်များ၊ ပြီးတော့ ကျိမျိုးနွယ်စုထံတွင် သူတွေ့ခဲ့ရသည့် ရှေးဟောင်းကျမ်းစာများထဲမှ နှစ်ကာလမျက်လုံးအကြောင်း ဖော်ပြချက်များနှင့် ဆင်တူနေသည်ဟု သူ ခံစားနေရသည်။
ဖန့်ချန်သည် ထိုနတ်ဘုရားရင်းမြစ်ကျောက်တုံးကို စိတ်ထဲတွင် မှတ်သားထားလိုက်ပြီး စိတ်ဝိညာဉ်ကို ခန္ဓာကိုယ်ထဲသို့ ပြန်သွင်းလိုက်ရာ၊ နားထဲတွင် ယွမ်သခင်လေး၏ အသံကို ကြားလိုက်ရသည်။
"ဖန့်မိတ်ဆွေ... ဒီနတ်ဘုရားရင်းမြစ်ကျောက်တုံးတွေက တစ်တုံးချင်းစီမှာ နောက်ခံသမိုင်းကြောင်းတွေ အသီးသီး ရှိကြတယ်။ အချို့က ရှေးဟောင်းမသေမျိုးတွေရဲ့ ဂူသင်္ချိုင်းတွေကနေ တူးဖော်ရရှိတာ၊ အချို့ကတော့ ရှေးဟောင်းစစ်တလင်းတွေထဲကနေ တူးဖော်ရရှိတာပဲ။ မိတ်ဆွေကြည့်ရတာ အရည်အသွေးက ဘယ်လိုရှိသလဲ "
"အရည်အသွေးကတော့ အတော်အသင့်ပါပဲ "
ဖန့်ချန်က ခေါင်းကို ခပ်ဖွဖွ ညိမ့်ပြလိုက်သည်။
"အတော့်ကို အသင့်ပါပဲ ဟုတ်လား"
ယွမ်သခင်လေးဘက်မှ ဘာတုံ့ပြန်မှုမျှ မပြရသေးမီ ဝမ်ပေ့က ဖန့်ချန်ကို သံသယမျက်လုံးဖြင့် ကြည့်ကာ ကြားဖြတ်မေးခွန်းထုတ်လာသည်။
"ဖန့်မိတ်ဆွေ... မင်းက ဒီကျောက်တုံးအားလုံးကို ကြည့်ပြီးသွားပြီလို့ ဆိုချင်တာလား လက်ဖက်ရည်တစ်ခွက်စာ အချိန်တောင် မပြည့်သေးဘူးနော်။ ယွမ်သခင်လေးရှေ့မှာ ငါတို့ ညီအစ်ကိုနှစ်ယောက်ထက် ပိုတော်သလိုမျိုး ဟန်ဆောင်ပြချင်လို့ တမင်တကာ လုပ်နေတာတော့ မဟုတ်ပါဘူးနော် "
"ညီလေး... ရိုင်းရိုင်းစိုင်းစိုင်း မလုပ်နဲ့။"
ဝမ်နန်က ဟန့်တားလိုက်သော်လည်း နောက်မှ ဆက်၍ လှောင်ပြုံးဖြင့် ဆိုသည်။
"ဖန့်မိတ်ဆွေက ကလေးမှ မဟုတ်တာ၊ ဒီလို ကလေးကလားကိစ္စမျိုးကို ဘယ်လုပ်ပါ့မလဲ။ ဒီတစ်ခါ လောင်းကစားပွဲက ယွမ်သခင်လေးအတွက် အလွန်အရေးကြီးတယ်။ တကယ်လို့ မိတ်ဆွေက ဒီလို ကစားစရာလို သဘောထားမျိုးနဲ့ လုပ်နေတာဆိုရင်တော့ ယွမ်သခင်လေးကလည်း သဘောတူမှာ မဟုတ်ဘူးလေ။"
ထိုညီအစ်ကိုနှစ်ယောက်က တစ်ယောက်တစ်ပေါက်နှင့် သူ့ကို နှိမ်ချနေသည်ကို မြင်သော်လည်း ဖန့်ချန်က စိတ်မဆိုးဘဲ ပြုံးလျက်သာ ဆိုသည်။
"ယွမ်သခင်လေး... ခင်ဗျားရဲ့ ဒီကျောက်တုံးတွေက တကယ်ပဲ အရည်အသွေး ကောင်းပါတယ်။ ဒီပွဲအတွက် ကျွန်တော့်ရဲ့ အခကြေးငွေအဖြစ် အဲဒီထဲက တစ်တုံးကို ယူခွင့်ပြုနိုင်မလား "
ဝမ်ညီအစ်ကိုနှစ်ယောက်မှာ ဖန့်ချန်က သူတို့ကို လုံးဝဥပေက္ခာပြုထားသည်ကို တွေ့ရသဖြင့် မျက်နှာများမှာ ချက်ချင်းပင် တင်းမာသွားကြသည်။
ဘေးနားရှိ အဆင့် ၄ မသေမျိုးက အေးစက်စက် ဆိုသည်။
"ငါတို့ သဘောတူထားပြီးသားလေ၊ မင်းရဲ့ အခကြေးငွေဆိုတာက နောင်ကို ဒီရှန်းယွမ်ဈေးမှာ သခင်လေးက မင်းကို လာမနှောင့်ယှက်ဖို့ပဲ မဟုတ်ဘူးလား "
"ကျွန်တော့် ဂိုဏ်းမှာ စည်းမျဉ်းတစ်ခု ရှိတယ်။ အခကြေးငွေ မရရင် ဘယ်တော့မှ လက်မလှုပ်ဘူး။ တကယ်လို့ ယွမ်သခင်လေးက ကျွန်တော့်ကို မျက်စိ စူးနေတယ်လို့ ထင်ရင်လည်း ကျွန်တော် ပစ္စည်းသိမ်းပြီး အခုချက်ချင်း လူကြီးမင်းတို့ ရှေ့ကနေ ပျောက်ကွယ်သွားပေးလို့ ရပါတယ်"
ဖန့်ချန်က အေးအေးဆေးဆေးပင် တုံ့ပြန်လိုက်သည်။
ဤစကားကြောင့် ဝမ်ညီအစ်ကိုနှစ်ယောက်နှင့် အဆင့် ၄ မသေမျိုး၏ မျက်လုံးများတွင် ရန်လိုသည့် အရိပ်အယောင်များ သိသိသာသာ ပေါ်လာတော့သည်။
ယွမ်သခင်လေးကတော့ ထိုစကားကို ကြားသော်လည်း စိတ်ဆိုးသည့် အရိပ်အယောင် မပြဘဲ ပြုံးလျက် ဆိုသည်။
"ဒါက ဖန့်မိတ်ဆွေရဲ့ ဂိုဏ်းစည်းမျဉ်းဖြစ်နေမှတော့ ငါလည်း ဖောက်ဖျက်ဖို့ မကောင်းပါဘူး။ ဖန့်မိတ်ဆွေ ပြောတဲ့အတိုင်းပဲ ဖြစ်စေရမယ်၊ ဒီထဲက နတ်ဘုရားရင်းမြစ်ကျောက်တုံး တစ်တုံးကို စိတ်ကြိုက် ရွေးယူပါ "
"ယွမ်သခင်လေးက တကယ့်ကို သဘောထားကြီး တာပဲ"
ဖန့်ချန်၏ မျက်နှာပေါ်တွင် ဝမ်းသာသည့် အရိပ်အယောင်များ ပေါ်လာပြီး ကျောက်တုံးတစ်တုံးကို လက်ညှိုးထိုးပြလိုက်သည်။
"ဒီတစ်တုံးပဲ "
ထိုစကားကို ကြားသည်နှင့် ယွမ်သခင်လေးက ရုတ်တရက် လက်ကို ဝေ့ယမ်းလိုက်ရာ၊ မသေမျိုးစွမ်းအား တစ်ခုက ဓားကဲ့သို့ ထွက်ပေါ်လာပြီး ထိုကျောက်တုံးကို နှစ်ခြမ်း ခွဲပစ်လိုက်သည်။ ကျောက်တုံးအတွင်း၌ နှစ်ခြမ်းကွဲသွားသော ဝိညာဉ်ဆေးပင် တစ်ပင် ပေါ်လာ၏။
ထိုဆေးပင်၏ အဆင့်မှာ သာမန်မျှသာဖြစ်ပြီး မသေမျိုးဆေးပင်လည်း မဟုတ်ပေ။ မသေမျိုးစွမ်းအား အချို့ကိုသာ ဖြည့်တင်းပေးနိုင်သည့် ဆေးပင်ဖြစ်ပြီး အရောင်းဈေးမှာ မသေမျိုးကျောက်တုံး ၅ တုံးခန့်သာ ရှိလိမ့်မည်။
ဖန့်ချန်၏ မျက်နှာပေါ်မှ ဝမ်းသာရိပ်များမှာ တဖြည်းဖြည်း ပျောက်ကွယ်သွားပြီး၊ ယွမ်သခင်လေးကို အမူအရာ ကင်းမဲ့စွာ တစ်ချက်ကြည့်ကာ နှာခေါင်းတစ်ချက် ရှုံ့လိုက်ရင်း ဘာမှ ဆက်မပြောတော့ချေ။
ဝမ်နန်တို့ သုံးယောက်မှာ ဦးစွာ ကြောင်အသွားကြသော်လည်း မကြာမီပင် အခြေအနေကို သဘောပေါက်သွားကြသည်။ ဝမ်ပေ့က မနေနိုင်ဘဲ လှောင်ပြောင်လိုက်သည်။
"ဖန့်မိတ်ဆွေ မျက်စိကျတဲ့ ကျောက်တုံးက မသေမျိုးကျောက်တုံး အနည်းငယ်ပဲ တန်တာပါလား "
"နတ်ဘုရားရင်းမြစ်ဆရာတိုင်းမှာ အမှား ရှိတတ်တာပဲ။ ယွမ်သခင်လေးက ပြတ်သားလို့သာ ကျွန်တော် ဒီတစ်ခါ အရှုံးပေါ်မယ့်ဘေးက လွတ်သွားတာပေါ့"
ဖန့်ချန်က ခပ်အေးအေး ပြုံးကာ ဆိုသည်။
ယွမ်သခင်လေးသည် ခဏမျှ တိတ်ဆိတ်သွားပြီးနောက် ဟားဟားတိုက် ရယ်မောလိုက်သည်။
"ဖန့်မိတ်ဆွေ... ခုနက ငါက ဖန့်မိတ်ဆွေ မျက်စိကျတဲ့ ကျောက်တုံးထဲမှာ ဘာပါမလဲဆိုတာ သိချင်စိတ်ကို မထိန်းနိုင်ဖြစ်သွားလို့ပါ၊ မိတ်ဆွေကို ရယ်စရာ ဖြစ်သွားစေခဲ့ပြီ။ ဖန့်မိတ်ဆွေ အနေနဲ့ ဒီတစ်ခါအတွက် အခကြေးငွေအဖြစ် နောက်ထပ် ကျောက်တုံးတစ်တုံးကို ထပ်ရွေးနိုင်ပါတယ်"
"ဪ... ဒီလိုကိုး၊ ကျွန်တော်က ယွမ်သခင်လေးကို အထင်မှားသွားတာပဲ "
ဖန့်ချန်က မရေမရာ ပြုံးပြလိုက်ပြီးနောက် ခန်းမဆောင်အတွင်း တစ်ပတ် လှည့်ပတ်ကြည့်ရှုနေသည်။ သူသည် နတ်ဘုရားရင်းမြစ်ကျောက်တုံး အတော်များများ ရှေ့တွင် ခေတ္တရပ်တန့်ကာ အကဲခတ်ဟန်ပြုပြီးမှ၊ နောက်ဆုံးတွင် ကျောက်ဖြစ်နေသည့် မျက်လုံးတစ်စုံ ပါဝင်သော ကျောက်တုံးကို ရွေးချယ်လိုက်သည်။
ထိုကျောက်တုံး၏ အပြင်ပန်း အနေအထားမှာ ကျောက်တုံးအားလုံးထဲတွင် အလယ်အလတ် အဆင့်မျှသာ ရှိသည်။ ခုနက ဝမ်ညီအစ်ကိုနှစ်ယောက် အကဲခတ်စဉ်ကလည်း ထိုကျောက်တုံးကို သိပ်ပြီး ဂရုမစိုက်ခဲ့ကြချေ။
"ယွမ်သခင်လေး... ဒီကျောက်တုံးလေးကိုပဲ ရွေးပါရစေ။ ခင်ဗျားအနေနဲ့ လက်လွှတ်ပေးနိုင်မလား "
ဖန့်ချန်က ပြုံးလျက် မေးလိုက်သည်။
"စည်းကမ်းတော့ နည်းနည်း သိသားပဲ။"
ဝမ်ညီအစ်ကို နှစ်ယောက်လုံးက စိတ်ထဲတွင် မှတ်ချက်ပြုလိုက်ကြသည်။
နတ်ဘုရားရင်းမြစ်ဆရာများ ဖြစ်ကြသည့်အတိုင်း မည်မျှပင် တော်သည့် ဆရာဖြစ်ပါစေ ကျောက်တုံးအတွင်း၌ ဘာရှိသည်ကို ၁၀၀ ရာခိုင်နှုန်း သေချာပေါက် မပြောနိုင်ကြောင်း သူတို့ နားလည်ကြသည်။
ကျောက်တုံးတစ်တုံးကို အကဲခတ်ရန်မှာ ၎င်း၏ ထွက်ရှိရာအရပ်မှ စတင်လေ့လာရပြီး၊ အခြားသော သတင်းအချက်အလက်များနှင့် ကျောက်တုံး၏ အပြင်ပန်း လက္ခဏာများ၊ ပြီးတော့ နှစ်ပေါင်းများစွာ လေ့လာခဲ့သည့် အတွေ့အကြုံများကို ပေါင်းစပ်မှသာ ခန့်မှန်းချက်တစ်ခု ထွက်ပေါ်လာခြင်း ဖြစ်သည်။
ထိုကျောက်တုံးမှာ မည်သို့ပင် ကြည့်ကြည့် အလယ်အလတ် အဆင့်မျှသာ ရှိသဖြင့် တန်ဖိုးမှာ အလွန်မကြီးနိုင်သလို၊ အလွန်လည်း နိမ့်ကျမည် မဟုတ်ပေ။
"ကောင်းပြီ... ဒီကျောက်တုံးကို ဖန့်မိတ်ဆွေအတွက် အခကြေးငွေအဖြစ် သတ်မှတ်ပေးလိုက်မယ်။ နောက်ရက်အနည်းငယ် ကြာရင်တော့ ကတိအတိုင်း ရောက်လာပေးဖို့ မျှော်လင့်ပါတယ်"
ယွမ်သခင်လေးက ပြုံးလျက် ခေါင်းညိမ့်ပြသည်
"တခြား ကိစ္စမရှိတော့ရင် မိတ်ဆွေ ပြန်ပြီး နားနိုင်ပါပြီ။"
"ကျွန်တော်မျိုး ခွင့်ပြုပါဦး "
ဖန့်ချန်က ခေါင်းညိမ့်နှုတ်ဆက်ကာ ထိုနတ်ဘုရားရင်းမြစ်ကျောက်တုံးကို ယူပြီး ထွက်ခွာလာခဲ့သည်။
သူ ထွက်သွားသည်နှင့် အဆင့် ၄ မသေမျိုးက ချက်ချင်း စကားဆိုသည်။
"သခင်လေး... ဒီလူက အတော်ကို ရောင့်တက်နေတာပဲ။ နတ်ဘုရားရင်းမြစ်ကျောက်တုံးကိုတောင် တောင်းရဲသေးတယ်။ ကျွန်တော့်အမြင်ကတော့..."
"ဘာမှမဖြစ်ဘူး၊ ဒီလောင်းကစားပွဲကိုသာ အနိုင်ရမယ်ဆိုရင် သူ ဘာပဲတောင်းတောင်း အရေးမကြီးဘူး။ လောင်းကစားပွဲ ပြီးသွားလို့မှ သူက ငါ့လက်အောက်ကို ဝင်ဖို့ ဆန္ဒမရှိသေးဘူးဆိုရင်တော့... အဲဒီကျမှ ဘယ်လိုလုပ်မလဲဆိုတာ ဆုံးဖြတ်လည်း မနှောင်းပါဘူး"
ယွမ်သခင်လေးက တိုးတိုးလေး ပြုံးလျက် ဆိုသည်။
အဆင့် ၄ မသေမျိုးအရှင်နှင့် ဝမ်ညီအစ်ကို နှစ်ယောက်လုံး ထိုစကား၏ အဓိပ္ပာယ်ကို ချက်ချင်း သဘောပေါက်သွားကြပြီး၊ သူတို့၏ မျက်လုံးများတွင် အေးစက်သော လှောင်ပြုံးများ ပေါ်လာကြတော့သည်။
ဖန့်ချန် တည်းခိုခန်းသို့ ပြန်ရောက်သောအခါ ထူးခြားသော ကိုယ်ဟန်အမူအရာရှိသည့် ကျင့်ကြံသူတစ်စု တည်းခိုရန် ရောက်ရှိလာသည်ကို တွေ့လိုက်ရသည်။
သူတို့မှာ အမျိုးသားနှစ်ဦးနှင့် အမျိုးသမီးနှစ်ဦး ဖြစ်ပြီး၊ ကြည့်ရသည်မှာ စုံတွဲနှစ်တွဲကဲ့သို့ပင်။
ဖန့်ချန်သည် သူ၏ သီးသန့်ခန်းသို့ ပြန်ရောက်သောအခါ လက်ထဲမှ နတ်ဘုရားရင်းမြစ်ကျောက်တုံးကို အကဲခတ်နေမိသည်။ ခဏအကြာတွင် သူ၏ စိတ်ဝိညာဉ်ကို ခန္ဓာကိုယ်ထဲမှ ထုတ်ကာ ထိုစုံတွဲနှစ်တွဲ တည်းခိုရာ အခန်းသို့ သွားရောက် စူးစမ်းလိုက်သည်။
"စီနီယာအစ်ကို...တာပေ့စစ်တပ် က ကျွန်မတို့ကို စောင့်ကြည့်နေပုံရတယ်။ ဒီတစ်ခါ တကယ်ပဲ ကျဆုံးမသေမျိုး တစ်ပါးကို အရှင်ဖမ်းသွားနိုင်ပါ့မလား တကယ်လို့ ဆရာဦးကြီးတို့သာ လက်ချော်သွားရင် ကျွန်မတို့ရဲ့ အခြေအနေက စိုးရိမ်စရာပဲ "
အမျိုးသားတစ်ဦးနှင့် အမျိုးသမီးနှစ်ဦးမှာ လူကြီးလူကောင်းဆန်သော အမူအရာရှိသည့် အမျိုးသားကျင့်ကြံသူကို ကြည့်ကာ စိုးရိမ်တကြီး မေးလိုက်ကြသည်။
"ဘာကို ကြောက်နေတာလဲ၊ ဆရာဦးကြီးက ငါတို့နောက်မှာ အမြဲရှိနေတာပဲ။ သူရှိနေသရွေ့ ကျဆုံးမသေမျိုး ပေါ်လာတာနဲ့ ငါတို့ လက်လွှတ်ရမှာ မဟုတ်ဘူး "
ရည်မွန်သော အမူအရာရှိသည့် အမျိုးသားကျင့်ကြံသူက ခပ်ဖွဖွ ရယ်မောလိုက်ပြီး
"ဟို တာပေ့စစ်တပ်က လူတွေက တစ်ခုခု လုပ်ပြလိုက်ရုံနဲ့ သူတို့ ဒီနေရာကို ဂရုမစိုက်တော့ဘူးလို့ ငါ့ကို ထင်အောင်လုပ်နိုင်မယ်လို့ ယူဆနေကြတာ။ တကယ်တော့ သူတို့ ရထားတဲ့ သတင်းတွေဟာ ငါတို့ကိုယ်တိုင် ပင်ပင်ပန်းပန်းနဲ့ ထုတ်ပေးထားတဲ့ သတင်းတွေပဲ။ ဒီတစ်ခါ ဘာပဲဖြစ်ဖြစ် ကျဆုံးမသေမျိုး တစ်ပါးကိုတော့ ဖမ်းသွားရမယ် "
သူတို့သည် ခဏမျှ စကားစမြည် ပြောဆိုပြီးနောက် အကြောင်းအရာ ပြောင်းလိုက်ကြပြီး၊ အသီးသီး ထိုင်ကာ တိတ်ဆိတ်စွာ ကျင့်ကြံနေကြတော့သည်။
သူတို့သည် အစမှ အဆုံးအထိ သူတို့၏ မည်သူမည်ဝါဖြစ်ကြောင်း သို့မဟုတ် မည်သည့်နေရာမှ လာကြောင်းကို ထုတ်ဖော် ပြောဆိုခြင်း မရှိကြချေ။
"ကျဆုံးမသေမျိုးကို အရှင်ဖမ်းမယ် ဟုတ်လား ကျဆုံးမသေမျိုး ရှိနေတာကို သိတယ်ဆိုမှတော့ သူတို့ကလည်း အထက်သုံးဘုံ က လာတာပဲ ဖြစ်ရမယ်။ ဒါပေမဲ့ ဘယ်ဂိုဏ်းက တပည့်တွေလဲဆိုတာတော့ အတည်မပြုနိုင်သေးဘူး။ သူတို့ ကျဆုံးမသေမျိုးကို အရှင်ဖမ်းချင်ရတဲ့ ရည်ရွယ်ချက်က ဘာလဲ "
ဖန့်ချန်သည် ထိုလေးဦးကို တိတ်တဆိတ် အကဲခတ်နေရင်း မျက်လုံးများတွင် လေးနက်သော အရိပ်အယောင်များ ပေါ်လာသည်။
ကျဆုံးမသေမျိုးတွေဆီမှာ တစ်ခုတည်းသော တန်ဖိုးရှိတာကတော့ မိစ္ဆာမျိုးနွယ်တွေရဲ့ ကျင့်စဉ်တွေပဲ။ မသေမျိုးဆေးပင်တွေ မလိုသလို၊ မသေမျိုးလမ်းစဉ်ရဲ့ ကန့်သတ်ချက်တွေလည်း မရှိဘဲ အဆင့် ၉ အထိ တက်လှမ်းနိုင်တဲ့ နည်းလမ်း
တကယ်လို့ သူ့ရဲ့ ခန့်မှန်းချက်သာ မှန်ကန်မယ်ဆိုရင်တော့ အခုရှေ့မှာရှိနေတဲ့ လေးယောက်နဲ့ သူတို့နောက်ကွယ်က ဂိုဏ်းရဲ့ လုပ်ရပ်ဟာ သေချာပေါက် ခေါင်းဖြတ်ခံရမယ့် အမှုမျိုးပဲ။
"ကြည့်ရတာ အဆင့် ၈ ရှေးဟောင်းမသေမျိုး တစ်ယောက်ယောက်က အဆင့် ၉ ကို တက်လှမ်းဖို့ မျှော်လင့်ချက် မရှိတော့လို့ ကျဆုံးမသေမျိုး လမ်းစဉ်ကို လိုက်ပြီး အတင်းအကျပ် အဆင့်တက်ဖို့ ကြိုးစားနေတာများလား "
ထိုသို့ တွေးမိသည်နှင့် ဖန့်ချန်၏ ထိုလေးဦးအပေါ် ကြည့်သည့် အကြည့်များမှာ တဖြည်းဖြည်းနှင့် အေးစက်လာတော့သည်။