အခန်း (၁၆၄၅-၁၆၄၆)
Vol. 165 Ch. 1645-1646
အခန်း (၁၆၄၅) - သေတွင်းသို့ သက်ဆင်းမည့် ကစားကွက်
"ဖန့်မိတ်ဆွေက တကယ်ပဲ ကျွန်တော့်ကို မလိမ်ခဲ့ဘူးပဲ"
ယွမ်သခင်လေးသည် ဖန့်ချန်၏ ရှေ့သို့ ရောက်လာပြီး ပြုံးလျက် လက်အုပ်ချီ နှုတ်ဆက်လိုက်သည်။
ဘေးနားရှိ အဆင့် ၄ မသေမျိုးမှာမူ အံ့အားသင့်သွားပြီး အမူအရာမှာ အနည်းငယ် ထူးဆန်းသွား၏။ မိမိတို့သခင်လေး ဤမျှအထိ ပျော်ရွှင်နေသည်ကို သူ မြင်တွေ့ရခဲလှသည်။ တစ်ခါတရံ အမြတ်အစွန်း အကြီးအကျယ် ရရှိသည့်တိုင်အောင် သခင်လေးမှာ တည်ငြိမ်စွာ ပြုံးရုံသာ ပြုံးလေ့ရှိပြီး ဘာမှမဖြစ်သလို နေတတ်သူ ဖြစ်သည်။
သို့သော် ယခုတစ်ကြိမ်မှာမူ ယခင်ကနှင့် လုံးဝ မတူပေ။
ဖန့်ချန်သည် ဖြည်းညှင်းစွာ မျက်လုံးများကို ဖွင့်လိုက်ပြီး ယွမ်သခင်လေးကို ကြည့်ကာ ခပ်ဖွဖွ ပြုံးပြလိုက်သည်။
"ကြည့်ရတာ ယွမ်သခင်လေးအနေနဲ့ ကျွန်တော်ပြောတဲ့ သတင်းကို အတည်ပြုနိုင်ခဲ့ပုံပဲ။ အဲဒီမသေမျိုးကျောက်တုံးတွေကို ပေးလိုက်ရတာ မနှမြောတော့ဘူး မဟုတ်လား "
"မှန်ပါတယ်... တကယ်ကို မနှမြောပါဘူး"
ယွမ်သခင်လေးက ခေါင်းညိမ့်ပြပြီးနောက် အဆင့် ၄ မသေမျိုးဘက်သို့ လှည့်ကာ
"မင်း အရင်ဆင်းသွားဦး၊ ငါ ဖန့်မိတ်ဆွေနဲ့ ဆွေးနွေးစရာ အရေးကြီးကိစ္စတွေ ရှိသေးတယ် "
အဆင့် ၄ မသေမျိုးသည် ဘာမှထပ်မပြောဘဲ ထရပ်ကာ ထွက်ခွာသွားတော့သည်။ ထို့နောက် ခန်းမဆောင်ကြီးတစ်ခုလုံးကို လျှို့ဝှက်တားမြစ်ချက် စွမ်းအားတစ်ခုက လွှမ်းခြုံသွားလေသည်။
ဝမ်နန် ညီအစ်ကိုနှစ်ယောက်မှာ ဖန့်ချန် တစ်ဖန် ပြန်ရောက်လာပြီး သခင်လေးနှင့် အချိန်အတော်ကြာ စကားပြောနေကြောင်း ကြားသိရသဖြင့် သတင်းလာစုံစမ်းရန် ရောက်ရှိလာကြရာ၊ ခန်းမဆောင်ထဲမှ ထွက်လာသည့် အဆင့် ၄ မသေမျိုးနှင့် ကွက်တိ တိုးတော့သည်။
"မိတ်ဆွေတို့နှစ်ယောက်... သခင်လေးက ဖန့်မိတ်ဆွေနဲ့ စကားပြောလို့ သွားပြီး မနှောင့်ယှက်တာ ပိုကောင်းပါလိမ့်မယ်။"
အဆင့် ၄ မသေမျိုးက ခပ်ဖွဖွ ပြုံးလျက် ဆိုလိုက်သည်။ ထိုညီအစ်ကို နှစ်ယောက်မှာ သခင်လေး၏ မျက်နှာသာပေးမှု လျော့နည်းသွားမည်ကို စိုးရိမ်နေကြမှန်း သူ ကောင်းကောင်း သိနေသည်။
"စကားပြောလို့ ကောင်းနေကြတာ ဟုတ်လား"
သူတို့နှစ်ဦး၏ စိတ်ထဲတွင် အတွေးပေါင်းစုံ ဖြတ်ပြေးသွားပြီးနောက် နောက်ဆုံးတွင် မျက်နှာများ ပျက်ယွင်းလျက်ပင် လှည့်ထွက်သွားကြတော့သည်။
"ဖန့်မိတ်ဆွေ... တာပေ့စစ်တပ်က အထက်လူကြီးက ကျွန်တော့်ကို ဘာမှမဖြစ်ခဲ့သလိုမျိုး ဟန်ဆောင်နေဖို့ မှာထားတယ်။ ဒါကြောင့် နောက်ရက်အနည်းငယ်မှာရှိမယ့် လောင်းကစားပွဲကတော့ အရင်အတိုင်းပဲ ဆက်ရှိနေမှာပါ။ ဖန့်မိတ်ဆွေအနေနဲ့ ဒီသတင်းကို ပေါက်ကြားအောင် မလုပ်မိဖို့ မျှော်လင့်ပါတယ် "
ယွမ်သခင်လေးက လက်အုပ်ချီလျက် ပြုံး၍ ဆိုသည်။
"ဒါကတော့ သဘာဝပါပဲ၊ သူများဆီက ငွေယူထားရင် ဘေးဒုက္ခတွေကို ဖယ်ရှားပေးရမှာပေါ့။ ကျွန်တော်က ကျွန်တော့်အလုပ်ကိုပဲ လုပ်မှာပါ၊ ယွမ်သခင်လေး စိုးရိမ်စရာ မလိုပါဘူး "
ဖန့်ချန်က ခေါင်းညိမ့်ကာ ပြန်ပြောလိုက်သည်။
ထိုအချိန်တွင် ယွမ်သခင်လေးသည် ရုတ်တရက် မျက်လုံးများကို ဖွင့်လိုက်ရာ မျက်ဆုံနှစ်ခု ပြန်လည် ပေါ်လာပြီး သူ၏ အရှိန်အဝါမှာလည်း တဟုန်ထိုး မြင့်တက်လာကာ အဆင့် ၆ မသေမျိုး၏ ကျင့်ကြံခြင်းအဆင့်ကို အထင်အရှား ပြသလိုက်သည်။
ထိုအတောအတွင်း သူသည် ဖန့်ချန်၏ အမူအရာကို အမြဲစောင့်ကြည့်နေသော်လည်း၊ ဖန့်ချန်မှာ အလွန်ပင် တည်ငြိမ်နေသည်ကို တွေ့ရသဖြင့် သူ၏စိတ်ထဲတွင် လေးနက်မှုနှင့် စိုးရိမ်မှုများ ပိုမို တိုးပွားလာခဲ့သည်။
"အရင်က ဖန့်မိတ်ဆွေမှာ တာပေ့စစ်တပ်ရဲ့ အဆင့် ၇ ရှေးဟောင်းမသေမျိုး ပုန်းအောင်းနေတဲ့ နေရာကိုတောင် သိနိုင်တဲ့ စွမ်းရည်ရှိမှန်း ကျွန်တော် မသိခဲ့ဘူး။ မိတ်ဆွေကို အလေးမထားသလို ဖြစ်ခဲ့ရင်လည်း ခွင့်လွှတ်ပေးပါဦး "
ယွမ်သခင်လေးက ခပ်ဖွဖွ ပြုံးလိုက်ပြီး အပေါ်ဆုံးနေရာရှိ ခုံတွင် ဝင်ထိုင်လိုက်သည်။
"ယွမ်သခင်လေးက အားနာတတ်လွန်းပါတယ်၊ ကျွန်တော်က ဒီလိုကိစ္စတွေကို သိပ်ပြီး ဂရုမစိုက်တတ်ပါဘူး "
ဖန့်ချန်သည် ယွမ်သခင်လေးကို ကြည့်ကာ သူ၏ မျက်ဆုံနှစ်ခုနှင့် တည့်တည့် စိုက်ကြည့်လိုက်သည်။ သူ၏ မျက်လုံးများတွင် ချီးကျူးသည့် အရိပ်အယောင်သာ ရှိပြီး အံ့အားသင့်သည့် အရိပ်အယောင် လုံးဝ မရှိပေ။
ထိုအချက်က ယွမ်သခင်လေး၏ စိတ်ထဲတွင် စိုးရိမ်မှုကို ပိုမို ပြင်းထန်စေပြီး ကြောက်ရွံ့တုန်လှုပ်မှုပင် အနည်းငယ် ပါဝင်လာသဖြင့် စိတ်ထဲမှ ကြံစည်ထားသည့် အကြံအစည် အချို့ကိုပင် စွန့်လွှတ်လိုက်ရတော့သည်။
နှစ်ဦးသား စကားအနည်းငယ် ဆက်ပြောပြီးနောက် ယွမ်သခင်လေးသည် မျက်လုံးများကို ပြန်မှိတ်လိုက်ကာ ဖန့်ချန်ကို ကိုယ်တိုင်လိုက်လံ ပို့ဆောင်ပေးခဲ့သည်။
"နှမျောစရာပဲ၊ ဒီလူရဲ့ အစစ်အမှန် မည်သူမည်ဝါဖြစ်ကြောင်းကို လောလောဆယ် မသိနိုင်သေးဘူး။ ဒါပေမဲ့ ကိစ္စမရှိပါဘူး၊ ငါ တာပေ့စစ်တပ်နဲ့ အဆက်အသွယ်ရသွားရင် ဒီလူ့အကြောင်းကို စုံစမ်းဖို့ဆိုတာ လက်တစ်ဖျစ်စာပဲ ကြာမှာပါ "
ယွမ်သခင်လေးသည် ခဏမျှ ရပ်တန့်ကာ စဉ်းစားနေပြီးမှ ဖြည်းဖြည်းချင်း လှည့်ထွက်သွားသည်။
မိမိအပေါ် စူးစမ်းနေသည့် အကြည့်များ တဖြည်းဖြည်း ပျောက်ကွယ်သွားသည်ကို ခံစားလိုက်ရသဖြင့် ဖန့်ချန်၏ မျက်လုံးများတွင် အပြုံးရိပ်တစ်ခု ပေါ်လာသည်။
ခုနက ယွမ်သခင်လေးသည် မိမိ၏ ကျင့်ကြံခြင်းအဆင့်ကို တမင်တကာ ထုတ်ပြခဲ့ခြင်း ဖြစ်သည်။ တကယ်လို့ မိမိဘက်က ကြောက်လန့်တုန်လှုပ်သွားပါက တစ်ဖက်လူသည် သတင်းရင်းမြစ်ကို အတင်းအကျပ် မေးမြန်းပြီး နှုတ်ပိတ်သတ်ဖြတ်ပစ်နိုင်ခြေ ရှိသည်။
ခေါင်းဖြတ်ခံရလုနီးပါးပဲ
တကယ်လို့သာ အသတ်ခံလိုက်ရရင် နောက်ရက်အနည်းငယ်အတွင်းမှာ ဒီနေရာကို အချိန်မီ ပြန်ရောက်ဖို့ မလွယ်သလို၊ လာမယ့် ပွဲကောင်းကြီးကိုလည်း ကြည့်ရတော့မှာ မဟုတ်ဘူး။
"ဒါပေမဲ့ ဒီယွမ်သခင်လေးကတော့ သေလူ ဖြစ်နေပြီပဲ..."
ခုနက တပ်မှူးကြီးက အစိမ်းရောင်ဝတ် ကျင့်ကြံသူကို မှာကြားခဲ့သည့် စကားကို ပြန်တွေးမိပြီး ဖန့်ချန် စိတ်ထဲမှ သက်ပြင်းချမိသည်။
ထိုကိစ္စကို သူ အပြည့်အဝ နားမလည်သေးသော်လည်း အဆင့် ၆ မသေမျိုး တစ်ယောက်ကတော့ အရင်ဆုံး အသက်ပေးရတော့မည်။ သို့သော် ဤယွမ်သခင်လေးသည် မိမိအပေါ် အကြိမ်ကြိမ် ရန်လိုခဲ့သူ ဖြစ်သဖြင့် သေရခြင်းမှာလည်း မတန်တဆတော့ မဟုတ်ပေ။
"စီနီယာအစ်မကြီးနဲ့ ဆဋ္ဌမမြောက် ကြယ်တာရာမသေမျိုး တို့ သိထားတဲ့ သတင်းတွေက ငါ့ထက် အများကြီး ပိုများမှာပဲ။ တကယ်လို့ ဒီကိစ္စကို သူတို့ကို ပြောပြနိုင်ရင် အကြောင်းရင်းကို သူတို့ သိနိုင်ကောင်းရဲ့။ ဒါပေမဲ့ အချိန်ကတော့... မမီတော့ဘူး ထင်တယ်..."
တည်းခိုခန်းသို့ ပြန်ရောက်ပြီးနောက် ကျန်ရှိသည့် ရက်အနည်းငယ်တွင် ဖန့်ချန်သည် ပုံမှန်အတိုင်းပင် အပြင်ထွက်၍ သိုးမွေးနုတ် (ဈေးဝယ်) လေ့ ရှိသည်။
လောင်းကစားပွဲစတင်မည့် နေ့သို့ ရောက်သောအခါ သူသည် မိမိတွင်ရှိသမျှ မသေမျိုးကျောက်တုံးအားလုံးနှင့် နတ်ဘုရားရင်းမြစ်ကျောက်တုံးကိုပါ နောက်မှ လိုက်လာသည့် ဖန့်ထျန်းဇွန် ထံသို့ ပေးအပ်လိုက်သည်။
ဖန့်ထျန်းဇွန် ထွက်ခွာသွားပြီးနောက် ကိုယ်ပေါ်တွင် အဖိုးတန်ပစ္စည်း တစ်ခုမှ မကျန်တော့သည့် ဖန့်ချန်သည် တည်းခိုခန်းထဲမှ အေးအေးဆေးဆေး ထွက်လာခဲ့ရာ၊ စောင့်ဆိုင်းနေသည့် အဆင့် ၄ မသေမျိုးနှင့် တွေ့ဆုံလေသည်။
ထိုသူ၏ လမ်းပြမှုဖြင့် ဖန့်ချန်သည် လေးပြင်သြဇာ နတ်ဘုရားရင်းမြစ်ဆိုင် သို့ ရောက်ရှိလာခဲ့သည်။
ယနေ့မှာ အလွန်စည်ကားလှပြီး ရှန်းယွမ်ဈေးမှ အာဏာပိုင် အတော်များများလည်း ရောက်ရှိနေကြသည်။ ထိုအာဏာပိုင်များသည် ဖန့်ချန်ကို သိပ်မရင်းနှီးသော်လည်း ဖန့်ချန်ကမူ သူတို့တစ်ဦးချင်းစီ၏ အကြောင်းကို ကောင်းကောင်း သိထားသည်။ အကြောင်းမှာ ထိုကာလအတွင်း သူတို့ဆိုင်တွေဆီကနေ သိုးမွေး အတော်လေး နုတ်ခဲ့သောကြောင့်ပင်။
ဖန့်ချန်သည် ဝမ်နန် ညီအစ်ကိုနှစ်ယောက်၏ ဘေးတွင် သွားရပ်လိုက်သည့်အခါမှ ရှန်းယွမ်ဈေးမှ အာဏာပိုင်အချို့က သူ့ကို သေသေချာချာ ကြည့်လိုက်ကြပြီး တစ်နေရာရာမှာ မြင်ဖူးသလိုလို ခံစားလိုက်ရသည်။
သေသေချာချာ စဉ်းစားကြည့်မှ ထိုရက်ပိုင်းအတွင်း ဤလူကို ခဏခဏ တွေ့ဖူးကြောင်း သတိရသွားကြသည်။
"ဪ... နတ်ဘုရားရင်းမြစ်ဆရာ တစ်ယောက်ကိုး..." အာဏာပိုင် အချို့က တစ်ဦးကိုတစ်ဦး ကြည့်လိုက်ကြသည်။
ထိုအထဲမှ တစ်ဦးက တိုးတိုးလေး အသံလွှင့်ကာ
"ယွမ်သခင်လေး အလေးထားတဲ့ ဆရာဆိုတော့ လက်စွမ်းက မသေးလောက်ဘူး။ ဒီလူ ငါ့ဆိုင်ကို အကြိမ်အတော်များများ လာဖူးတယ်၊ အရည်အသွေးကောင်းတဲ့ ကျောက်တုံးတွေ အတော်များများ ဝယ်သွားလောက်တယ်ဗျ "
"ငါ့ဘက်ကိုလည်း ခဏခဏ လာတယ်။ တော်တော်လေး ပုန်းလျှိုးကွယ်လျှိုး နေတတ်တာပဲ၊ ဒီနေ့ ဒီမှာသာ မတွေ့ရင် သာမန်ကျင့်ကြံသူ တစ်ယောက်လို့ပဲ ထင်နေမိမှာ "
အာဏာပိုင်ကြီးများမှာ သတင်းအချက်အလက်များကို အချင်းချင်း ဖလှယ်ရင်း စကားစမြည် ပြောဆိုနေကြသည်။
"ဖန့်မိတ်ဆွေ... ဒီနေ့ လောင်းကစားပွဲက အလွန်အရေးကြီးတယ်။ မင်း စိတ်ဓာတ်ကို တင်းတင်းထားပါ၊ ငါတို့ ညီအစ်ကိုနှစ်ယောက်ကို ဒုက္ခမပေးမိစေနဲ့။"
ဝမ်ပေ့က ဖန့်ချန်ကို တစ်ချက်စောင်းကြည့်ကာ အေးစက်စက် အသံလွှင့်၍ သတိပေးလိုက်သည်။
"မင်းတို့ ညီအစ်ကိုနှစ်ယောက် ပေါင်းရင်တောင် ငါ့ကို မယှဉ်နိုင်ပါဘူး။ ဒါကြောင့် ငါ့ကို လာပြီး ရန်မစနေနဲ့။ ငါက မင်းတို့နဲ့ မတူဘူး၊ မင်းတို့က ခွေး ဖြစ်ချင်ပေမဲ့ ငါကတော့ မဖြစ်ချင်ဘူး"
ဖန့်ချန်က ပြုံးလျက် ပြန်လည် အသံလွှင့်လိုက်သည်။
ဝမ်ပေ့မှာ ခဏမျှ ကြောင်အသွားပြီးနောက် ချက်ချင်းပင် ဒေါသထွက်သွားသည်။ တစ်ဖက်လူက ယနေ့တွင် မိမိကို ပြန်လည် တုံ့ပြန်လိမ့်မည်ဟု သူ ထင်မထားခဲ့ပေ။
ထို့ထက် ပိုဆိုးသည်မှာ တစ်ဖက်လူ၏ သုံးနှုန်းလိုက်သည့် စကားလုံးများမှာ အလွန်ပင် စော်ကားလွန်းလှသည်။
ယနေ့သာ ထူးခြားသည့် အခြေအနေ မဟုတ်ခဲ့လျှင် သူသည် မည်သို့ပင်ဖြစ်စေ ဤလူကို ပညာပေးလိုက်မည်မှာ သေချာသည်။
ဒေါသကို အတင်းအကျပ် နှိမ်ချလိုက်ပြီး ဝမ်ပေ့က အသံကို အေးစက်စွာဖြင့်
"ဒီနေ့ပြီးသွားရင်တော့ မင်းက လူလား ခွေးလားဆိုတာ ငါ ကောင်းကောင်း ဆုံးမပေးရမှာပေါ့ "
"ငါက လူပါ၊ မင်းကမှ ခွေးပါ "
ဖန့်ချန်က ပြုံးလျက် ပြန်ပြောလိုက်သည်။
ဝမ်ပေ့မှာ ခုနက နှိမ်ချထားသည့် ဒေါသများ တစ်ကျော့ပြန် ပေါက်ကွဲထွက်လာပြီး သွားကို တင်းတင်းကြိတ်ထားလိုက်သည်။
တစ်ဖက်လူက ယနေ့တွင် ကောင်းသောစကား ပြောလိမ့်မည် မဟုတ်ကြောင်း သိထားသဖြင့် မိမိ၏ စိတ်ဓာတ်ကို မထိခိုက်စေရန်နှင့် လောင်းကစားပွဲကို မထိခိုက်စေရန်အတွက် သူသည် ထပ်မံ၍ အသံမလွှင့်တော့ဘဲ သည်းခံရန်သာ ရွေးချယ်လိုက်သည်။
စည်ကားနေသော လေးပြင်သြဇာ ဆိုင်အတွင်းသို့ ထိုလူလေးဦး ရောက်ရှိလာသည့်အခါတွင်တော့ တစ်ခန်းလုံး ရုတ်ချည်း ငြိမ်သက်သွားတော့သည်။
မရေမတွက်နိုင်သော မျက်လုံးများက ထိုလေးဦးအပေါ်သို့ ကျရောက်သွားပြီး အများစုမှာ ရန်လိုသည့် အကြည့်များ ဖြစ်ကြသည်။
ထိုလေးဦးထဲမှ ခေါင်းဆောင်ဖြစ်သူ ရည်မွန်သော ကျင့်ကြံသူ၏ မျက်နှာပေါ်တွင် အပြုံးတစ်ခု ပေါ်လာပြီး၊ ဝေးကွာသော နေရာမှပင် ယွမ်သခင်လေးကို လက်အုပ်ချီ နှုတ်ဆက်ကာ ဆိုသည်။
"ယွမ်သခင်လေး... ကျွန်တော်တို့ ရက်အနည်းငယ် ကြိုရောက်နေလို့ စုံစမ်းကြည့်လိုက်တော့ ခင်ဗျားက ဒီနေရာမှာ အတော်လေး နာမည်ကြီးတာပဲ။
ဒီနေ့ လောင်းကစားပွဲမှာ ကျွန်တော်တို့သာ ကံကောင်းလို့ နိုင်သွားရင် ယွမ်သခင်လေး အနေနဲ့ ကတိအတိုင်း တည်ပါ့မလား ခင်ဗျားရဲ့ အဆင့်အတန်းကို အသုံးချပြီး ကျွန်တော်တို့ လေးယောက်ကို နှိပ်ကွပ်မှာ မဟုတ်ဘူး မဟုတ်လား "
"ရယ်စရာပဲ "
ယွမ်သခင်လေး စကားမပြောရသေးမီမှာပင် ရှန်းယွမ်ဈေးမှ အာဏာပိုင်တစ်ဦးက နှာခေါင်းတစ်ချက် ရှုံ့ကာ လှောင်ပြောင်လိုက်သည်။
"ငါတို့ နတ်ဘုရားရင်းမြစ် စီးပွားရေးသမားတွေက သစ္စာရှိမှုကို အဓိကထားပြီး နာမည်ဂုဏ်သတင်းအတွက် လုပ်နေကြတာ။ မင်းတို့ လေးယောက်က အဲဒီအချက်ကို အသုံးချပြီး ငါတို့ကို လောင်းကစားပွဲ ဖြစ်အောင် ဖိအားပေးခဲ့ပြီးတော့မှ ငါတို့က ကတိပျက်မှာကို ကြောက်နေတာလား စိတ်ချပါ... ယွမ်သခင်လေး ရှုံးရင်တောင် ငါတို့ ရှိသေးတယ်။
မင်းတို့ရဲ့ နတ်ဘုရားရင်းမြစ်ပညာက တကယ်ပဲ အနိုင်မရနိုင်လောက်အောင် စွမ်းနေမလားဆိုတာ ကြည့်ကြသေးတာပေါ့ "
ယွမ်သခင်လေးသည် ထိုစေတနာကို လက်မခံသည့်အပြင် သူ၏မျက်နှာမှာ ပိုမို တင်းမာသွားခဲ့သည်။ ထို့နောက် သူက အေးအေးဆေးဆေးပင် ပြုံးလျက် ဆိုသည်။
"လေးယောက်စလုံး... အပိုစကားတွေ ပြောမနေပါနဲ့တော့။ ဒီနေ့ လောင်းကစားပွဲကို စလိုက်ကြရအောင်"
သူသည် မျက်လုံးများကို ဖွင့်လိုက်ရာ အရှိန်အဝါများ တရှိန်ထိုး မြင့်တက်လာပြီး၊ ထိုလေးဦးကို ကြည့်သည့် အကြည့်များမှာ အနည်းငယ် လှောင်ပြောင်ချင်သည့် သဘော ပါဝင်နေသည်။
လောင်းကစားပွဲ ဟုတ်လား
ဒါက လောင်းကစားပွဲ မဟုတ်ဘူး၊ သေတွင်းသို့ သက်ဆင်းမည့် ကစားကွက် သာ ဖြစ်သည်။
သူ၏ အမြင်တွင် ထိုလေးဦးမှာ အသတ်ခံရန် စောင့်နေရသည့် သိုးသူငယ်လေးများသာ ဖြစ်ပြီး၊ တာပေ့စစ်တပ်က မည်သည့်အချိန်တွင် ဝင်ရောက် ဖမ်းဆီးမည်ကိုသာ စောင့်ကြည့်ရန် ကျန်တော့သည်။
အခန်း (၁၆၄၆) - မကြောက်နဲ့
ယနေ့ အခြေအနေက မည်သို့ပင်ဖြစ်စေကာမူ ပြဇာတ်ကိုတော့ ဆက်ကရပေမည်။
ယွမ်သခင်လေးသည် တစ်ဖက်လူ လေးဦးနှင့် လောင်းကစားခြင်း လုပ်ငန်းစဉ်ကို အတည်ပြုလိုက်ပြီး၊ နတ်ဘုရားရင်းမြစ်ကျောက်တုံး တစ်တုံးကို စစ်ဆေးရန်အတွက် တစ်ဦးလျှင် ဆယ်စက္ကန့် သာ အချိန်ပေးမည်ဟု ကန့်သတ်ချက် ထုတ်ပြန်လိုက်သည်။
"ဆယ်စက္ကန့်ပဲလား "
နတ်ဘုရားရင်းမြစ်လောကမှ အာဏာပိုင်ကြီးများမှာ တစ်ဦးကိုတစ်ဦး ကြည့်လိုက်ကြပြီး၊ မျက်လုံးထဲတွင် လှောင်ပြောင်လိုသည့် အရိပ်အယောင်များဖြင့် ထိုလေးဦး မည်သို့ တုံ့ပြန်မည်နည်းဆိုသည်ကို စိုက်ကြည့်နေကြသည်။
ရည်မွန်သော ကျင့်ကြံသူက ခပ်ဖွဖွ ပြုံးလိုက်ပြီး ကျန်သုံးဦးကို တစ်ချက် ဝေ့ကြည့်ကာ
"မိတ်ဆွေတို့... သူတို့က ဆယ်စက္ကန့်ပဲ အချိန်ပေးမယ်တဲ့၊ လောက်ပါ့မလား "
"ဆယ်စက္ကန့်ဆိုရင်လည်း ဆယ်စက္ကန့်ပေါ့။ နည်းနည်းတော့ အရှက်မရှိတဲ့ လုပ်ရပ်ဖြစ်ပေမဲ့၊ ဒီလောက်အချိန်လေးနဲ့ ကျောက်တုံးအနည်းငယ်ကို ကြည့်ဖို့ကတော့ လုံလောက်ပါသေးတယ်"
တစ်ဦးက ခပ်အေးအေးပင် ရယ်မောလျက် ဆိုသည်။
ထိုလေးဦးမှာ အခြေအနေကို နားမလည်ဘဲ မိမိ၏ ကန့်သတ်ချက်ကို လက်ခံလိုက်သည်ကို မြင်သောအခါ ယွမ်သခင်လေး၏ စိတ်ထဲတွင် အေးစက်သော လှောင်ပြုံးတစ်ခု ပေါ်လာသည်။
ထို့နောက် သူသည် လူများကို အမိန့်ပေးကာ အမည်းရောင် အဝတ်စများဖြင့် ဖုံးအုပ်ထားသည့် နတ်ဘုရားရင်းမြစ်ကျောက်တုံးများကို တစ်တုံးပြီးတစ်တုံး သယ်ထုတ်လာစေသည်။
ပထမဆုံးပွဲတွင် သူသည် ဝမ်နန်ကို ယှဉ်ပြိုင်ရန် လွှတ်လိုက်၏။ ရည်မွန်သော ကျင့်ကြံသူဘက်မှလည်း အမျိုးသမီး ကျင့်ကြံသူတစ်ဦးကို လွှတ်လိုက်သည်။
နှစ်ဖက်စလုံးသည် ကျောက်တုံး အလုံး ၁၀၀ ထဲမှ ဆယ်စက္ကန့်အတွင်း ကျောက်တုံး တစ်တုံးကို ရွေးချယ်ရမည်ဖြစ်ပြီး၊ ထိုကျောက်တုံးအတွင်းမှ ပါရှိသည့် အရာဝတ္ထု တန်ဖိုးကို နှိုင်းယှဉ်ရမည် ဖြစ်သည်။ မည်သည့်ဘက်က တန်ဖိုးပိုမြင့်သနည်း၊ ထိုဘက်က အနိုင်ရမည်။ ၎င်းမှာ ရိုးရှင်းလှသော်လည်း နတ်ဘုရားရင်းမြစ်ဆရာ၏ မျက်စိအမြင်ကို အလွန်အမင်း စမ်းသပ်သည့် ပွဲမျိုး ဖြစ်သည်။
လူတိုင်း သိထားကြသည်မှာ ယနေ့မတိုင်မီကပင် ဝမ်နန်သည် ထိုကျောက်တုံးများကို အကြိမ်ကြိမ် အခါခါ စစ်ဆေးပြီးသား ဖြစ်နေမည်မှာ သေချာသည်။ ယခု ကြည့်ရမည်မှာ ဤလေးဦး၏ အစွမ်းက မည်သို့ရှိသနည်း ဆိုသည်ပင်။
တကယ်လို့ ဆယ်စက္ကန့်အတွင်း ဝမ်နန်ကို အနိုင်ယူနိုင်သည့် ကျောက်တုံးကို ရှာတွေ့သွားခဲ့လျှင်၊ ယခင်က ရှုံးနိမ့်ခဲ့သည့် ဆိုင်များမှာလည်း မခံချင်စရာ မရှိတော့ပေ။
ပြိုင်ပွဲ စတင်သည်နှင့်...
အမည်းရောင် အဝတ်စများကို တစ်ခုပြီးတစ်ခု ဆွဲခွာလိုက်ကြသည်။
ဝမ်နန်သည် ဟန်ဆောင်ပန်ဆောင် စက္ကန့်အနည်းငယ် ကြည့်လိုက်ပြီးနောက် မိမိ ကြိုတင်မျက်စိကျထားသည့် ကျောက်တုံးကို ရွေးချယ်ရန် ပြင်လိုက်သည်။
သို့သော် တစ်ဖက်လူက သူ့ထက် လက်ဦးသွားခဲ့သည်။ ထိုအမျိုးသမီး ကျင့်ကြံသူသည် ကျောက်တုံးတစ်တုံး၏ ရှေ့သို့ တည့်တည့်သွားကာ
"ဒီတစ်တုံးပဲ "
ဝမ်နန်မှာ ကြောင်အသွားပြီး မျက်လုံးထဲတွင် မယုံကြည်နိုင်မှုများ လွှမ်းသွားသည်။ ယွမ်သခင်လေးပင်လျှင် အနည်းငယ် အံ့အားသင့်သွားရ၏။
"ဒီကျောက်တုံးက ဝမ်နန် အရင်ကတည်းက ရွေးထားတဲ့ ကျောက်တုံးပဲ။ တစ်ဖက်လူက တကယ်ကို အစွမ်းထက်တာပဲ"
"အရင်ဆိုင်တွေ ဘာလို့ ရှုံးခဲ့လဲဆိုတာ အံ့သြစရာ မရှိတော့ဘူး။ သူတို့က တကယ်တော့ ဘယ်ကလဲ "
"ကျိရှန်းအင်ပါယာထဲမှာ ဒီလောက် တော်တဲ့ နတ်ဘုရားရင်းမြစ်ဆရာ ရှိတယ်လို့ မကြားမိပါဘူး... ဒါမှမဟုတ်..."
အာဏာပိုင်ကြီးများမှာ စိတ်ထဲမှ တိတ်တဆိတ် ခန့်မှန်းနေကြသည်။ ဝမ်နန်၏ မျက်နှာမှာ ပျက်ယွင်းသွားပြီး ဒုတိယအကောင်းဆုံး ကျောက်တုံးကိုသာ ရွေးချယ်လိုက်ရတော့သည်။
ကျောက်တုံးခွဲသည့် ဖြစ်စဉ်မှာ ရင်ခုန်စရာ အကောင်းဆုံးပင်။ အားလုံးက အာရုံစူးစိုက်ကာ ကြည့်နေစဉ် ကျောက်တုံးနှစ်တုံးကို ဖြည်းဖြည်းချင်း ခွဲလိုက်ကြသည်။
ဖန့်ချန်၏ စိတ်ဝိညာဉ်မှာ ခန္ဓာကိုယ်ထဲမှ ထွက်ခွာပြီးသား ဖြစ်ကာ ဟင်းလင်းပြင်အတွင်းမှ ပတ်ဝန်းကျင်ကို စောင့်ကြည့်နေသည်။ ဟင်းလင်းပြင်၏ တစ်နေရာမှာ ထူးဆန်းသော ခံစားချက်ကို ပေးနေ၏။ တကယ်လို့ ဖန့်ချန်သာ စိတ်ဝိညာဉ် ထွက်မထားပါက ထိုအချက်ကို သတိထားမိလိမ့်မည် မဟုတ်ပေ။
"နတ်လမ်းစဉ်ဂိုဏ်းက အဆင့် ၈ ကျင့်ကြံသူလား"
ဖန့်ချန်၏ စိတ်ထဲတွင် လှုပ်ရှားသွားသည်။
အခြားတစ်ဖက်တွင်လည်း ပုံရိပ်အတော်များများမှာ ထိုနေရာသို့ တိတ်တဆိတ် စုရုံးလာနေကြသည်ကို သူ ရိပ်မိလိုက်သည်။ ထိုကျင့်ကြံသူများမှာ တာပေ့စစ်တပ်မှ လူများ ဖြစ်ကြသည်။
အစိမ်းရောင်ဝတ် ကျင့်ကြံသူနှင့် အဆင့် ၆ ကျဆုံးမသေမျိုး လေးဦးမှာတော့ အစကတည်းက လေးပြင်သြဇာ ဆိုင်ထဲတွင် ရှိနေကြပြီး၊ မည်သည့် အငွေ့အသက်မျှ ထုတ်မပြဘဲ ပုန်းအောင်းနေသည့် မြွေဟောက်များကဲ့သို့ သားကောင်ကို အချိန်မရွေး တိုက်ခိုက်ရန် ပြင်ဆင်နေကြသည်။
စိတ်ဝိညာဉ် ခန္ဓာကိုယ်ထဲ ပြန်ဝင်လာသည့်အခါ၊ ဝမ်နန် ညီအစ်ကိုနှစ်ယောက်၏ မျက်နှာမှာ ဒေါသကြောင့် စိမ်းပုပ်နေသည်ကို ဖန့်ချန် တွေ့လိုက်ရသည်။
"ဖန့်မိတ်ဆွေ... မင်းအလှည့် ရောက်ပြီ။"
ယွမ်သခင်လေး၏ မျက်နှာမှာ အုံ့မှိုင်းနေပြီး ဖန့်ချန်ကို ခေါင်းညိမ့်ပြလိုက်သည်။ သို့သော် သူ၏စိတ်ထဲတွင်တော့ တာပေ့စစ်တပ်က ဘာကြောင့် အခုထိ အရေးမယူသေးသလဲဆိုသည်ကို စိုးရိမ်နေမိသည်။
တကယ်လို့ လောင်းကစားပွဲပြီးလို့ သူ ရှုံးနိမ့်သွားမှ တာပေ့စစ်တပ်က ပေါ်လာလျှင် သူ၏ ဂုဏ်သိက္ခာမှာ ပြန်လည် ဆယ်ယူ၍ ရတော့မည် မဟုတ်ပေ။
"မိတ်ဆွေနှစ်ယောက်က ဒီလောက်တောင် မြန်မြန် ရှုံးသွားကြတာလား "
ဖန့်ချန်က ဝမ်နန် ညီအစ်ကိုကို ကြည့်ကာ အံ့အားသင့်ဟန်ဖြင့် မေးလိုက်သည်။ ထိုနှစ်ယောက်မှာ မျက်နှာများ အတော်လေး ပျက်နေပြီး ဤစကားကို ကြားသောအခါ ပေါက်ကွဲလုနီးပါး ဖြစ်သွားသော်လည်း၊ ယနေ့ အခြေအနေကို သိထားသဖြင့် အတင်းအကျပ် အောင့်အီးလိုက်ရသည်။
"ဖန့်မိတ်ဆွေ... တစ်ပွဲနိုင်ရင်တောင် ငါတို့ အနိုင်ပဲ။ ဒီတစ်ပွဲတော့... မင်း အစွမ်းကုန် ကြိုးစားပေးဖို့ မျှော်လင့်ပါတယ်"
ယွမ်သခင်လေးက ဖန့်ချန်ကို လေးနက်သောလေသံဖြင့် အသံလွှင့်ကာ ဆိုသည်။
ဖန့်ချန်က ဘာမှပြန်မပြောဘဲ ကျောက်တုံးများဆီသို့ ဖြည်းဖြည်းချင်း လျှောက်သွားလိုက်သည်။ သူ၏ပြိုင်ဘက်မှာ ဝမ်နန်တို့ကို အနိုင်ယူခဲ့သည့် ထိုအမျိုးသမီး ကျင့်ကြံသူပင် ဖြစ်သည်။
ဒါက နောက်ဆုံးပွဲ ဖြစ်သဖြင့် လူတိုင်းမှာ ရင်ခုန်နေကြသည်။ အချို့က ယွမ်သခင်လေးကို လှောင်ချင်ကြသော်လည်း၊ နှုတ်ခမ်းမရှိလျှင် သွားများ အေးရမည် ဟူသည့် စကားအတိုင်းပင် ဤမီးမှာ မိမိတို့ဆီသို့ ကူးစက်မလာစေရန် ယွမ်သခင်လေး တစ်ပွဲလောက်တော့ နိုင်သွားစေချင်နေကြသည်။
နောက်ဆုံးပွဲ စတင်ရန် ပြင်နေစဉ်မှာပင်၊ လေထုထဲ၌ ဟိန်းထွက်လာသော၊ အာဏာစက်ပြည့်ဝသည့် အသံတစ်သံ ထွက်ပေါ်လာသည်။
"တာပေ့စစ်တပ်က အလုပ်လုပ်နေတယ် မသက်ဆိုင်တဲ့သူတွေ ဝေးဝေးက ရှောင်ကြ "
တာပေ့စစ်တပ်က အလုပ်လုပ်နေတယ်
လူတိုင်း သတိမကပ်နိုင်မီမှာပင်၊ ကြမ်းတမ်းလှသော တာပေ့စစ်တပ်သားများမှာ လေးပြင်သြဇာ ဆိုင်ထဲသို့ ဝင်ရောက်လာပြီး ထိုလေးဦးကို ဝိုင်းရံထားလိုက်ကြတော့သည်။
တစ်ချိန်တည်းမှာပင်၊ အစိမ်းရောင်ဝတ် ကျင့်ကြံသူသည်လည်း အဆင့် ၆ ကျဆုံးမသေမျိုး လေးဦးကို ဦးဆောင်ကာ ဒုတိယထပ်မှ ဖြည်းဖြည်းချင်း ဆင်းလာခဲ့သည်။
သူသည် လက်ကို ဝတ်ရုံလက်စအတွင်း ဝှက်ထားပြီး၊ လျှောက်လှမ်းလာစဉ် ဝတ်ရုံစမှာ လေထဲ၌ လွင့်နေ၏။ အဆင့် ၇ ရှေးဟောင်းမသေမျိုး၏ အရှိန်အဝါမှာ တောင်ကြီးတစ်လုံးကဲ့သို့ လူတိုင်း၏ ရင်ဘတ်ပေါ်သို့ ဖိနှိပ်ထားသကဲ့သို့ ခံစားရစေသည်။
"အသက်ရှူရတာ ကျပ်လာတယ်... ဒါက... အဆင့် ၇ ရှေးဟောင်းမသေမျိုးလား "
လူတိုင်း၏ မျက်လုံးများတွင် ထိတ်လန့်တုန်လှုပ်မှုများ ပြည့်သွားကြသည်။ ဘာတွေဖြစ်နေသလဲဆိုသည်ကို မည်သူမျှ နားမလည်ကြချေ။
ယွမ်သခင်လေးမှာမူ အတိုင်းမသိ ဝမ်းသာသွားပြီး ချက်ချင်းပင် အပြုံးအပြည့်ဖြင့် အစိမ်းရောင်ဝတ် ကျင့်ကြံသူရှေ့သို့ သွားကာ ဂါရဝပြုလိုက်သည်။
"ကျွန်တော်မျိုး တာဝန်ကို အောင်မြင်စွာ ထမ်းဆောင်နိုင်ခဲ့ပါတယ်။ ဒီလေးယောက်ကို သေတွင်းထဲ ရောက်အောင် မျှားခေါ်နိုင်ခဲ့ပါပြီ "
"နေဦး ဒါဆိုရင် ဒီလူကြီးမင်းတွေက တာပေ့စစ်တပ်ရဲ့ အဆင့်မြင့် အရာရှိတွေပေါ့ "
လူတိုင်း သဘောပေါက်သွားကြပြီး စိတ်ထဲ၌ လှိုင်းလုံးကြီးများ ထသွားကြသည်။ ယနေ့ လောင်းကစားပွဲက ဘာကြောင့် တာပေ့စစ်တပ်ကို ဆွဲဆောင်နိုင်ရသနည်း ဤယွမ်သခင်လေးသည် တာပေ့စစ်တပ်နှင့် မည်သို့ ပတ်သက်နေသနည်း။
လူတိုင်းက မိမိကို လေးစားမှု၊ အံ့အားသင့်မှု၊ နှင့် ကြောက်ရွံ့မှုများဖြင့် ကြည့်နေကြသည်ကို မြင်သောအခါ ယွမ်သခင်လေး၏ နှုတ်ခမ်းစွန်းမှာ အပေါ်သို့ အနည်းငယ် ကွေးတက်သွားပြီး စိတ်ထဲ၌ အလွန်ပင် ကျေနပ်ပီတိ ဖြစ်နေတော့သည်။
အစိမ်းရောင်ဝတ် ကျင့်ကြံသူက ယွမ်သခင်လေးကို တည်ငြိမ်စွာ စိုက်ကြည့်လိုက်သည်။ သူ၏ မျက်ဝန်းအိမ် အနက်ပိုင်းတွင် လှောင်ပြောင်လိုသည့် အရိပ်အယောင်တစ်ခု ဖြတ်ပြေးသွားပြီးနောက် ခေါင်းကို ဖြည်းဖြည်းချင်း ညိမ့်ပြလိုက်သည်။
"အင်း... မင်းရဲ့ ပူးပေါင်းဆောင်ရွက်မှုကြောင့် ငါတို့ရဲ့ အစီအစဉ်က အတော်လေး ချောမွေ့သွားတယ်။ မင်း ဘေးမှာ ခဏရပ်နေဦး၊ ငါတို့ ဒီကိစ္စတွေကို ရှင်းပြီးတာနဲ့ မင်းကို ထိုက်တန်တဲ့ ဆုလာဘ်တွေ ပေးပါ့မယ် "
"ဟုတ်ကဲ့ပါ" ယွမ်သခင်လေးက ချက်ချင်းပင် ဘေးသို့ သွားရပ်လိုက်သည်။
ဝမ်နန် ညီအစ်ကိုနှစ်ယောက်နှင့် ထိုအဆင့် ၄ မသေမျိုးတို့မှာ တစ်ဦးကိုတစ်ဦး ကြည့်လိုက်ကြပြီး မျက်လုံးများတွင် ဝမ်းသာအားရမှုများ ပေါ်လာသည်။
ဒါဆိုရင် ယနေ့ လောင်းကစားပွဲရဲ့ နောက်ကွယ်မှာ တခြား ဇာတ်လမ်းတစ်ပုဒ် ရှိနေတာပေါ့ ဆိုလိုတာက... လောင်းကစားပွဲကို ဆက်လုပ်စရာ မလိုတော့သလို၊ သူတို့တွေ ရှုံးနိမ့်ခဲ့တယ်လို့လည်း မသတ်မှတ်နိုင်တော့ဘူး။
ထိုလေးဦးမှာ တာပေ့စစ်တပ်က ဖမ်းဆီးမည့် ရာဇဝတ်သားများ ဖြစ်နေသည် မဟုတ်လား
လှိုင်းလုံးကြီးများကဲ့သို့ ဝင်ရောက်လာသော တာပေ့စစ်တပ်သားများက ထိုလေးဦးကို ပုရွက်ဆိတ်တစ်ကောင်မျှ ထွက်မရအောင် ပိတ်ဆို့ထားလိုက်ကြပြီ ဖြစ်သည်။
"ဒီနတ်ဆိုးကျင့်ကြံသူ လေးယောက်နဲ့ မသက်ဆိုင်တဲ့သူတွေ အားလုံး ထွက်သွားကြပါ။"
အစိမ်းရောင်ဝတ် ကျင့်ကြံသူက တည်ငြိမ်စွာ ဆိုသည်။
နတ်ဆိုးကျင့်ကြံသူတွေ
ဒီလေးယောက်က နတ်ဆိုးကျင့်ကြံသူတွေလား
အာဏာပိုင်ကြီးများမှာ နောက်ဆုံးတွင် သဘောပေါက်သွားကြပြီး၊ ထိုလေးဦးကို လှောင်ပြောင်သည့် အကြည့်ဖြင့် တစ်ချက်ကြည့်ကာ အမြန်ပင် ထွက်ခွာသွားကြတော့သည်။
ဖန့်ချန်သည်လည်း ထိုနေရာ၌ ဆက်မနေဘဲ လှည့်ထွက်သွားခဲ့သည်။ ခပ်လှမ်းလှမ်းရှိ လက်ဖက်ရည်ဆိုင်သို့ ရောက်သောအခါမှ သူ၏စိတ်ဝိညာဉ်ကို ထုတ်ပြီး အခြေအနေကို စောင့်ကြည့်လေသည်။
ယွမ်သခင်လေးသည် ဖန့်ချန် ထွက်သွားသည်ကို မြင်သော်လည်း ဘာမှထပ်မတွေးမိချေ။ ထိုသူ ဤနေရာမှာ မရှိတာကမှ ပိုကောင်းသေးသည်၊ မဟုတ်လျှင် စကားမှားသွားပြီး မိမိရမည့် ကျေးဇူးကို လုယူသွားနိုင်သည် မဟုတ်လား။
လေးပြင်သြဇာ ဆိုင်အတွင်း၌ မကြာမီမှာပင် နတ်လမ်းစဉ်ဂိုဏ်းသား လေးဦး၊ တာပေ့စစ်တပ်သားများ၊ ယွမ်သခင်လေးနှင့် သူ၏ လက်ပါးစေ သုံးဦးသာ ကျန်ရှိတော့သည်။
"လူကြီးမင်း... တစ်ခုခု အထင်မှားနေတာလား မသိဘူး"
ရည်မွန်သော ကျင့်ကြံသူက ပတ်ဝန်းကျင်ရှိ တာပေ့စစ်တပ်သားများကို တစ်ချက်ဝေ့ကြည့်ပြီး၊ အစိမ်းရောင်ဝတ် ကျင့်ကြံသူကို ကြည့်ကာ လက်အုပ်ချီ မေးလိုက်သည်။
အစိမ်းရောင်ဝတ် ကျင့်ကြံသူက ဘာမှပြန်မပြောဘဲ တိုးတိုးလေး ဆိုလိုက်သည်။
"ဖမ်းလိုက်"
အခြေအနေမှာ ချက်ချင်းပင် တင်းမာသွားခဲ့သည်။ မျက်တောင်တစ်ခတ်အတွင်းမှာပင် တစ်ခုလုံးမှာ ပြိုကွဲပျက်စီးသွားခဲ့သည်။
နတ်လမ်းစဉ်ဂိုဏ်းသား လေးဦးမှာ လေထဲသို့ ပျံတက်သွားကြပြီး သူတို့နောက်မှ တာပေ့စစ်တပ်သား အုပ်စုကြီး လိုက်ပါသွားကြသည်။
"မင်းတို့ လေးယောက်လည်း လိုက်သွားကြ၊ မကြောက်နဲ့... တပ်မှူးကြီးကိုယ်တိုင် ရောက်နေပြီ "
အစိမ်းရောင်ဝတ် ကျင့်ကြံသူက ခပ်အေးအေးပင် အမိန့်ပေးလိုက်သည်။
ထိုအဆင့် ၆ ကျဆုံးမသေမျိုး လေးဦးမှာ တစ်ဦးကိုတစ်ဦး ကြည့်လိုက်ကြပြီးနောက်၊ ရက်စက်သည့် လှောင်ပြုံးတစ်ခုဖြင့် နတ်လမ်းစဉ်ဂိုဏ်းသား လေးဦးနောက်သို့ လိုက်လံ ဖမ်းဆီးကြလေတော့သည်။