← Chapters

အခန်း (၁၆၄၇-၁၆၄၈)

Vol. 165 Ch. 1647-1648

အခန်း (၁၆၄၇-၁၆၄၈)

Vol. 165 Ch. 1647-1648

အခန်း (၁၆၄၇) - အသားကတော့ တကယ်ကို မွှေးမှာပဲ

"ဒီနတ်ဆိုးကျင့်ကြံသူတွေကတော့ လွတ်လမ်းမရှိတော့ဘူး ထင်တယ်"

"ဟူး... နတ်ဆိုးကျင့်ကြံသူ ဖြစ်နေတာတောင် ကျိရှန်းအင်ပါယာမှာ ဒီလောက် အထင်ကရ လုပ်ဝံ့တယ်ဆိုတော့ ရှန်းယွမ်ဈေးတွေဆီကနေ အကျိုးအမြတ်တွေ အများကြီး ယူထားခဲ့မှာပဲ"

"ဘယ်လောက်ပဲ ယူထားယူထား... ဒီတစ်ခါတော့ အကုန်လုံး နိုင်ငံတော်ဘဏ္ဍာအဖြစ် အသိမ်းခံရတော့မှာပေါ့"

"တာပေ့စစ်တပ်က တကယ်ကို ချီးကျူးစရာပဲ။ နတ်ဆိုးကျင့်ကြံသူတွေကို အကွက်ချပြီး သေတွင်းထဲ မျှားခေါ်နိုင်ခဲ့တာကိုး။ ဒါပေမဲ့ အဆင့်သတ်မှတ်ချက် ထိပ်တန်း ၁၀ ယောက်ထဲက နတ်ဆိုးကျင့်ကြံသူကြီးတွေကိုရော ဘယ်တော့လောက် ဖမ်းပြနိုင်မလဲ မသိဘူး"

"မကြာသေးခင်ကမှ ဟန်စန်းကျောင်းတော်က ကျောင်းထိုင်ဆရာတော်ကြီးကို ဒဏ်ရာအပြင်းအထန်ရအောင် တိုက်ခိုက်ပြီး ထွက်ပြေးသွားတဲ့ ရှဲ့ဝူတီ ဆိုရင် အခုထိ အရိပ်အယောင်တောင် မတွေ့ရသေးဘူး"

"ငါ့အမြင်တော့ တာပေ့စစ်တပ်က နတ်ဆိုးကျင့်ကြံသူ အသေးအဖွဲလေးတွေကိုပဲ ဖမ်းတတ်တာ။ ခေါင်းဆောင်ကြီးတွေကိုကျတော့ ဘာမှမတတ်နိုင်ကြဘူး"

"ဟေ့လူ... လျှောက်မပြောနဲ့ဦး။ ကိုယ့်ဆီ ဒုက္ခရောက်လာလိမ့်မယ်"

"ငါက မဟုတ်တာ ဘာမှမလုပ်ထားဘူးပဲ... ဘာကြောက်စရာ ရှိလဲ "

လက်ဖက်ရည်ဆိုင်အတွင်းရှိ လူများမှာ ကောင်းကင်ယံမှ တိုက်ပွဲကို ခေါင်းမော့ကြည့်ရင်း ဝေဖန်နေကြသည်။ အချို့က တာပေ့စစ်တပ်အပေါ် မကျေနပ်ချက်များကို ဤအခွင့်အရေးတွင် ဖောက်သည်ချနေကြခြင်း ဖြစ်သည်။

'မဟုတ်တာ ဘာမှမလုပ်ထားဘူး' ဟုတ်လား

ဖန့်ချန်သည် ထိုသူကို တစ်ချက်ကြည့်ကာ စိတ်ထဲမှ သက်ပြင်းချမိသည်။ တကယ်လို့ တာပေ့စစ်တပ်က မင်းကို အရေးယူချင်ရင် ဒါတွေက အရေးမပါတော့ပေ။

ကျဆုံးမသေမျိုး တွေက လူသားကျင့်ကြံသူတွေကို စားသုံးတာဟာ ဘာအကြောင်းပြချက်မှ မရှိဘူး။

နတ်ဘုရားလောကမှာ ဖြူဖြူဖွေးဖွေးနှင့် ဝဖြိုးသော သာမန်ကျင့်ကြံသူတွေ အဆက်မပြတ် ရှိနေသရွေ့တော့ ကျဆုံးမသေမျိုးတွေက သူတို့အချင်းချင်းကို ပစ်မှတ်ထားဖို့ အကြောင်းပြချက် မရှိပေ။

ကောင်းကင်ယံမှ တိုက်ပွဲမှာ အဆုံးသတ်သို့ ရောက်ရှိလာပုံရသည်။

အဆင့် ၆ ကျဆုံးမသေမျိုး လေးဦးမှာလည်း နတ်လမ်းစဉ်ဂိုဏ်းမှ အဆင့် ၈ ရှေးဟောင်းမသေမျိုး၏ တိုက်ခိုက်မှုကို အမြဲသတိထားနေကြရသည်။ ဘေးနားတွင် တပ်မှူးကြီးကိုယ်တိုင် ရှိနေသော်လည်း တိုက်ပွဲ၏ အရှိန်အဝါ ကြောင့် ထိခိုက်မိမှာကို စိုးရိမ်နေကြခြင်း ဖြစ်သည်။

အဆင့် ၈ ကျင့်ကြံသူ၏ စွမ်းအားအရှိန်မှာ အဆင့် ၆ တစ်ယောက်အတွက် အနည်းငယ် ထိမိရုံနှင့်ပင် အပြင်းအထန် ဒဏ်ရာရနိုင်သလို၊ ဆိုးဝါးပါက အသက်ပျောက်သွားနိုင်သည်။

"နတ်ဆိုးကျင့်ကြံသူ အဆင့်လေးနဲ့ ငါ့ဆီမှာ အမြတ်ထုတ်ချင်သေးတယ်၊ အခုလို အခြေအနေ ရောက်သွားတာ မင်းတို့ ထိုက်နဲ့တာပဲ"

ယွမ်သခင်လေးသည် လက်ကိုနောက်ပစ်ကာ မတ်တတ်ရပ်လျက်၊ သူ၏ မျက်ဆုံနှစ်ခုဖြင့် ရှူခွန်း ကို စိုက်ကြည့်ကာ နှုတ်ခမ်းစွန်းတွင် လှောင်ပြုံးတစ်ခု ပေါ်နေသည်။

ဝမ်နန် ညီအစ်ကိုနှစ်ယောက်မှာလည်း အလွန်ပင် ကြည်ညိုလေးစားသော အမူအရာဖြင့်၊ အစိမ်းရောင်ဝတ် ကျင့်ကြံသူကို တစ်ချက် ခိုးကြည့်လိုက်ပြီးနောက် တိုးတိုးလေး ဆိုသည်။

"ယွမ်သခင်လေး... ခင်ဗျားက တကယ်ကို အကွက်စေ့တာပဲ။ ဒီလေးယောက်ရဲ့ နောက်ကြောင်းကိုတောင် ခင်ဗျားရဲ့ မျက်လုံးတွေကနေ ဖုံးကွယ်လို့ မရဘူးပဲ"

"ဒါက ဘာမှမဟုတ်ပါဘူး"

ယွမ်သခင်လေးက ခပ်အေးအေးပင် ပြုံးလိုက်ကာ

"စကားမပြောနဲ့တော့။ ကြည့်စမ်း... ဒီလေးယောက် မကြာခင်မှာ အရှင်ဖမ်းခံရတော့မယ်"

နတ်လမ်းစဉ်ဂိုဏ်းမှ ကျင့်ကြံသူ လေးဦးမှာ အမှန်တကယ်ပင် ရှုံးနိမ့်တော့မည့် အသွင် ပေါ်လာသည်။ သို့သော် သူတို့ ရှုံးနိမ့်တော့မည့် အချိန်မှာပင်၊ ဟင်းလင်းပြင်အတွင်းမှ ကြီးမားသော လက်ကြီးတစ်ဖက် ရုတ်တရက် ထွက်ပေါ်လာပြီး ထိုအဆင့် ၆ ကျဆုံးမသေမျိုး လေးဦးကို လှမ်းဖမ်းလိုက်တော့သည်။

မျက်တောင်တစ်ခတ်အတွင်းမှာပင် အဆင့် ၆ ကျဆုံးမသေမျိုး လေးဦးမှာ ထိုလက်ကြီး၏ ဖမ်းဆီးခြင်းကို ခံလိုက်ရပြီး၊ နောက်ထပ် လက်ကြီးတစ်ဖက်ကလည်း နတ်လမ်းစဉ်ဂိုဏ်းသား လေးဦးကို ဖမ်းဆီးကာ ဟင်းလင်းပြင်အတွင်းသို့ ပျောက်ကွယ်သွားတော့သည်။

ထိုနေရာရှိ တာပေ့စစ်တပ်သားများမှာ တစ်ဦးကိုတစ်ဦး ကြည့်ကာ ကြောင်အကုန်ကြတော့သည်။ ယခုအခါ ရန်သူတွေ ပျောက်သွားရုံတင်မကဘဲ မိမိတို့၏ အဆင့်မြင့်အရာရှိ လေးဦးပါ ပြန်ပေးဆွဲခံလိုက်ရသည် မဟုတ်လား။

အခြေအနေက ဒီလိုမျိုး ဖြစ်မလာသင့်ဘူးလေ

ကျယ်ပြောလှသော ရှန်းယွမ်ဈေးတစ်ခုလုံးမှာ သေလူကဲ့သို့ ငြိမ်သက်သွားခဲ့သည်။

ယွမ်သခင်လေးမှာ မယုံကြည်နိုင်စွာဖြင့် အစိမ်းရောင်ဝတ် ကျင့်ကြံသူကို လှမ်းကြည့်လိုက်ရာ၊ ထိုသူမှာ လေထဲသို့ ပျံတက်သွားပြီး ဒေါသတကြီး ဟောက်လိုက်သည်ကို တွေ့ရသည်။

"ရှာစမ်း ဒီနတ်ဆိုးကျင့်ကြံသူတွေက တာပေ့စစ်တပ်ကိုတောင် အကွက်ဆင်ဝံ့တယ်ဆိုတော့ သူတို့ရဲ့ ဆွေခုနစ်ဆက် မျိုးခုနစ်ဆက်ကိုပါ အမြစ်ပြတ် သုတ်သင်ပစ်ရမယ် "

"ဟုတ်ကဲ့ပါ"

တာပေ့စစ်တပ်သား အမြောက်အမြားမှာ အရပ်မျက်နှာ အနှံ့အပြားသို့ ပြေးထွက်သွားကြပြီး ထိုသူတို့၏ အရိပ်အယောင်ကို ရှာဖွေကြတော့သည်။

"ဘာဖြစ်တာလဲ... သူတို့တွေ ဒီလေးယောက်မှာ ဝှက်ဖဲရှိမှန်း ကြိုသိနေတာ မဟုတ်ဘူးလား ဒါမှမဟုတ် တာပေ့စစ်တပ်က တစ်ဖက်လူရဲ့ အကွက်ကို သိသိကြီးနဲ့ အသုံးချဖို့ ပြင်နေတာလား "

ဤသို့ တွေးမိသောအခါ ယွမ်သခင်လေးမှာ သဘောပေါက်သွားသကဲ့သို့ ဖြစ်သွားသည်။ အစိမ်းရောင်ဝတ် ကျင့်ကြံသူ မိမိရှေ့သို့ ဆင်းလာသောအခါ သူက ချက်ချင်းပင် လက်အုပ်ချီကာ

"လူကြီးမင်းရဲ့ အစီအစဉ်က တကယ်ကို အမြော်အမြင် ကြီးမားလှပါတယ်"

"အင်း... ငါနဲ့ လိုက်ခဲ့ဦး။ မင်းကို မေးစရာလေးတွေ ရှိတယ်"

အစိမ်းရောင်ဝတ် ကျင့်ကြံသူက လက်ကို ခပ်ဖွဖွ ဝေ့ယမ်းလိုက်ရာ၊ ယွမ်သခင်လေးကို ခေါ်ဆောင်၍ ရှန်းယွမ်ဈေးမှ တိုက်ရိုက် ထွက်ခွာသွားတော့သည်။

ဖန့်ချန်၏ စိတ်ဝိညာဉ်မှာလည်း သူတို့နောက်မှ ချက်ချင်း လိုက်ပါသွားခဲ့သည်။

ယွမ်သခင်လေးမှာ အစပိုင်းတွင် အစိမ်းရောင်ဝတ် ကျင့်ကြံသူသည် မိမိအား လျှို့ဝှက်ချက် တစ်ခုခု ပြောပြလိမ့်မည်ဟု ထင်နေခဲ့သည်။ သို့သော် ပျံသန်းရင်းဖြင့် သူ၏စိတ်ထဲတွင် ရုတ်တရက် ထိတ်လန့်လာပြီး တစ်ခုခု မှားနေပြီဟု ခံစားလာရသည်။

"လူကြီးမင်း... ကျွန်တော်..."

သူ စကားစလိုက်ရုံ ရှိသေးသည်။

အစိမ်းရောင်ဝတ် ကျင့်ကြံသူမှာ ရုတ်တရက် ပုံစံပြောင်းလဲသွားသည်ကို သူ မြင်လိုက်ရ၏။

သူ၏ ခန္ဓာကိုယ်မှာ ကြီးထွားလာပြီး၊ အစိမ်းရောင် မျက်နှာနှင့် အစွယ်များ ထွက်ပေါ်လာသည်။ တစ်ကိုယ်လုံး၏ အရေပြားမှာ စိမ်းပုပ်ပုပ် အရောင် ပြောင်းသွားပြီး သူ၏ စွမ်းအား မှာလည်း ယုတ်မာညစ်ထေးသော အငွေ့အသက်များ ပါဝင်လာသည်။

သူ၏ အသံမှာလည်း မည်သည့် ခံစားချက်မျှ မပါရှိသော၊ အေးစက်လှသည့် စက်ရုပ်သံကဲ့သို့ ပြောင်းလဲသွားခဲ့သည်။

"မင်းမှာ မျက်ဆုံနှစ်ခု ပါတယ်နော်... မင်းရဲ့ အသားကတော့ တကယ်ကို မွှေးမှာပဲ"

နံစော်နေသော တံတွေးများမှာ အစွယ်များပေါ်မှ တစက်စက် ကျဆင်းနေသည်။

ယွမ်သခင်လေးမှာ အော်ဟစ်ဆဲဆိုရန် အချိန်မရလိုက်ဘဲ၊ ထိုသူ၏ တစ်လုပ်တည်း ဝါးစားခြင်းကို ခံလိုက်ရတော့သည်။

"မြုံ့... မြုံ့..."

ခဏမျှ ဝါးစားပြီးနောက်၊ အစိမ်းရောင်ဝတ် ကျင့်ကြံသူ၏ မျက်နှာတွင် ကျေနပ်သည့် အရိပ်အယောင် ပေါ်လာပြီး သူ၏ ကျင့်ကြံခြင်းအဆင့်မှာလည်း သိသိသာသာ မြင့်တက်လာခဲ့သည်။ သူက သဘောကျစွာ ရယ်မောလျက် ဆိုသည်။

"မျက်ဆုံနှစ်ခု ပါတဲ့ ကျင့်ကြံသူရဲ့ အသားက တကယ် မွှေးတာပဲ။ ဒီလို တစ်ယောက်ကို စားရတာက သာမန် အဆင့် ၆ ကျင့်ကြံသူ အယောက်တစ်ရာထက်တောင် ပိုတန်သေးတယ်။ နှမျောစရာကောင်းတာက ဒီလို ထူးခြားတဲ့ ခန္ဓာကိုယ်ပိုင်ရှင်တွေက အခုနောက်ပိုင်း တွေ့ရခဲလာတာပဲ"

ပြောပြီးနောက်၊ သူ၏ပုံစံမှာ မူလအတိုင်း ပြန်လည် ပြောင်းလဲသွားပြီး ရှန်းယွမ်ဈေးဘက်သို့ ပြန်လည် ပျံသန်းသွားတော့သည်။

"ဒီပုံစံက... မိစ္ဆာတွေရဲ့ အစစ်အမှန် ရုပ်သွင်လား"

ဖန့်ချန်၏ အမူအရာမှာ အနည်းငယ် ရှုပ်ထွေးသွားသည်။

တကယ့်ကို ရုပ်ဆိုးလွန်းလှသည်။ ဝမ်အိုကြီးနှင့် ကြာနီနတ်မိမယ် တို့၏ အရင်ဘဝ ရုပ်သွင်မှာလည်း ဤပုံစံနှင့် သိပ်မကွာလောက်ပေ။

ရှန်းယွမ်ဈေး

ဝမ်နန် ညီအစ်ကိုနှင့် ထိုအဆင့် ၄ မသေမျိုးတို့မှာ ယွမ်သခင်လေး ပြန်အလာကို စောင့်နေကြသော်လည်း၊ ယွမ်သခင်လေးကို မတွေ့ရဘဲ အစိမ်းရောင်ဝတ် ကျင့်ကြံသူက ကျန်ရှိသော တာပေ့စစ်တပ်ကို ခေါ်ဆောင်၍ ထွက်ခွာသွားသည်ကိုသာ တွေ့လိုက်ရတော့သည်။

ဖန့်ချန်သည် ဤနေရာအထိ မြင်တွေ့ပြီးနောက်၊ ထိုကိစ္စမှာ ဇာတ်သိမ်းသွားပြီဖြစ်ကြောင်း သိလိုက်ရသည်။ ယခုအခါ အရေးကြီးဆုံးမှာ ဤသတင်းကို ရှဲ့အာမန် ထံသို့ အကြောင်းကြားရန်ပင် ဖြစ်သည်။

ထိုကျဆုံးမသေမျိုးများနှင့် နတ်လမ်းစဉ်ဂိုဏ်းတို့ ပူးပေါင်းရသည့် အကြောင်းရင်းကို သူ သိရပေမည်။ တကယ်လို့ ကျဆုံးမသေမျိုးတွေရဲ့ လက်တံက လူသားဘုံ ကိုးခု အထိ ဆန့်တန်းလာနိုင်ပြီဆိုလျှင်၊ သွေးတံခါးနယ်စပ် ဆိုသည်မှာလည်း အမည်ခံသာ ရှိတော့မည် ဖြစ်သည်။

ရေရှည်တွင် လူသားကျင့်ကြံသူများသည် မိစ္ဆာတွေကိုသာမကဘဲ၊ ကျင့်ကြံသူတွေကို စားသုံးသည့် ထိုကျဆုံးမသေမျိုးတွေကိုပါ ရင်ဆိုင်ရတော့မည် ဖြစ်သည်။ သူတို့သည် မိစ္ဆာတွေထက်ပင် ပိုမို ရင်ဆိုင်ရ ခက်ခဲနိုင်ပေသည်။

ထျန်းရှန်းဝူတီဂိုဏ်း။

ဖန့်ချန်သည် ဖြည်းညှင်းစွာ မျက်လုံးများကို ဖွင့်လိုက်ပြီး၊ ကုတင်ပေါ်ရှိ ကြာနီနတ်မိမယ်ကို ကြည့်လိုက်သည်။ သူမမှာ အခုထိ နှစ်ခြိုက်စွာ အိပ်ပျော်နေဆဲဖြစ်ပြီး ဘာမှမထူးခြားပေ။

သူသည် သိလှောင်အိတ် ထဲရှိ မသေမျိုးကျောက်တုံး လေးသောင်းကျော်နှင့် အရေးကြီးဆုံးဖြစ်သော နတ်ဘုရားရင်းမြစ်ကျောက်တုံးကို တစ်ချက် ကြည့်လိုက်သည်။ ထိုကျောက်တုံးကိုတော့ သူ လောလောဆယ် ခွဲရန် စိတ်မကူးသေးဘဲ၊ နတ်ဘုရားလောကမှ ထွက်ခွာပြီးမှသာ လုပ်ဆောင်ရန် ဆုံးဖြတ်လိုက်သည်။

ဂူဗိမာန်ထဲမှ ထွက်လာသောအခါ ဖန့်ချန်သည် ဆဋ္ဌမမြောက် ကြယ်တာရာမသေမျိုး ကို တွေ့လိုက်ရသည်။

"ဆဋ္ဌမမြောက် ကြယ်တာရာ... စီနီယာအစ်မကြီးဆီက သတင်းရပြီလား "

"စီနီယာအာမန်ကတော့ အလုပ်ကိစ္စတွေ လုပ်နေတုန်းပဲ ဖြစ်လိမ့်မယ်၊ ငါတို့ ခဏ ထပ်စောင့်ကြည့်ရအောင်"

ဆဋ္ဌမမြောက် ကြယ်တာရာက ဆိုသည်။

ဖန့်ချန်က ခဏမျှ စဉ်းစားပြီးနောက်

"ခင်ဗျား နတ်လမ်းစဉ်ဂိုဏ်း အကြောင်း ကြားဖူးလား "

"နတ်လမ်းစဉ်ဂိုဏ်းလား ဒါက နတ်ဘုရားဘုရင်နယ်မြေ ရဲ့ ထိပ်တန်းဂိုဏ်းတွေထဲက တစ်ခုပဲ။ မင်းတို့ရဲ့ ကျွယ်မင်နန်းတော် နဲ့ အဆင့်အတန်း အတူတူလောက်ပဲပေါ့။ ဒါပေမဲ့ အဲဒီဂိုဏ်းက တော်တော်လေး ချမ်းသာတယ်။ သူတို့ဆီမှာ တွေ့ရခဲတဲ့ နတ်ဘုရားရင်းမြစ်ပညာ တွေ ရှိပြီး၊ အဲဒါက အကောင်းဆုံးပညာရပ်တွေထဲက တစ်ခုပဲ။ ဒါကြောင့် ရှန်းယွမ်ဈေးကြီးတွေမှာဆိုရင် နတ်လမ်းစဉ်ဂိုဏ်းသားတွေကို တွေ့ဖို့ အခွင့်အရေး ပိုများတယ်"

ဆဋ္ဌမမြောက် ကြယ်တာရာ၏ မျက်လုံးများတွင် အားကျသည့် အရိပ်အယောင် ပေါ်လာပြီး

"သူတို့က ဒီပညာနဲ့ မသေမျိုးကျောက်တုံး ဘယ်လောက်တောင် ရှာထားလဲ မသိဘူး။ အဲဒီဂိုဏ်းက တပည့်တွေဆိုရင် တစ်ယောက်ချင်းစီက ဆီပုံးထဲ ကျနေတဲ့ ကြွက်တွေလိုပဲ ကြွယ်ဝကြတာ"

သူက စကားကို ခေတ္တရပ်လိုက်ပြီးနောက် စပ်စုချင်စိတ်ဖြင့်

"မင်း ဘာလို့ နတ်လမ်းစဉ်ဂိုဏ်းအကြောင်း ရုတ်တရက် မေးတာလဲ "

"တကယ်လို့ ဒီနေရာမှာ ကျဆုံးမသေမျိုးတွေနဲ့ နတ်လမ်းစဉ်ဂိုဏ်းတို့ ပူးပေါင်းနေကြတယ်ဆိုရင်ရော ပြီးတော့ သူတို့က ကျဆုံးမသေမျိုး အချို့ကို အရှင်ဖမ်းခံခိုင်းပြီး လူသားဘုံ ကိုးခုကို ခိုးယူသွားဖို့ ကြံစည်နေတယ်ဆိုရင်..."

ဖန့်ချန် စကားမဆုံးသေးမီမှာပင် ဆဋ္ဌမမြောက် ကြယ်တာရာက မနေနိုင်ဘဲ ကြားဖြတ်ပြောလိုက်သည်။

"ဒါက မဖြစ်နိုင်တာ။ နတ်လမ်းစဉ်ဂိုဏ်းက ကျဆုံးမသေမျိုးတွေနဲ့ ဘယ်တော့မှ ပူးပေါင်းမှာ မဟုတ်ဘူး။ သူတို့က ကျဆုံးမသေမျိုးတွေရဲ့ သဘာဝကို ကောင်းကောင်း သိကြတာပဲ။

ကျဆုံးမသေမျိုးတွေကလည်း နတ်လမ်းစဉ်ဂိုဏ်းနဲ့ ပေါင်းပြီး ကိုယ့်လူအချင်းချင်း သစ္စာဖောက်မှာ မဟုတ်ဘူး။ လူသားဘုံ ကိုးခုကို ခေါ်သွားဖို့ ဆိုတာကတော့... သွေးတံခါးနယ်စပ်က ကျင့်ကြံသူတွေက ဒီလောက်အထိ သတ္တိကောင်းကြလိမ့်မယ် မထင်ဘူး"

"စီနီယာအစ်မကြီးကတော့ ရှောင်ကွမ်းယင် ဆိုတဲ့လူက ဟန်စန်းကျောင်းတော်က လာတာလို့ သံသယရှိနေတယ် မဟုတ်လား"

ဖန့်ချန်က ပြုံးလျက် ဆိုသည်။

"အဲဒါဆိုရင်လည်း သူက သာမန်ကျင့်ကြံသူပဲ ဖြစ်မှာပေါ့၊ ကျဆုံးမသေမျိုး မဟုတ်နိုင်ဘူး။ ငါတို့ သွေးတံခါးနယ်စပ်က ဒီကိစ္စမှာ အရမ်းတင်းကျပ်တယ်။ တကယ်လို့ ကျဆုံးမသေမျိုးသာ ဆိုရင် နယ်စပ်ကို ဘယ်လိုမှ ဖြတ်ကျော်လို့ မရဘူး"

ဆဋ္ဌမမြောက် ကြယ်တာရာက အပိုင်ပြောလိုက်သည်။

သို့သော် ပြောပြီးနောက်တွင် သူသည် တစ်ခုခု မှားနေပြီဟု ရိပ်မိသွားပုံရပြီး ဖန့်ချန်ကို လှမ်းကြည့်ကာ

"ဖန့်ချန်... မင်း အခုပြောလိုက်တဲ့ အချက်တွေက... တကယ်ကြီးလား "

အခန်း (၁၆၄၈) - မျိုးဖြုတ်သုတ်သင်ခြင်း

"မကြာခင်လေးတင်ကပဲ ရှန်းယွမ်ဈေးမှာ နတ်လမ်းစဉ်ဂိုဏ်းက ကျင့်ကြံသူ လေးယောက် ပေါ်လာခဲ့တယ်။ သူတို့က တာပေ့စစ်တပ်အုပ်စုကို မျှားခေါ်ခဲ့တာ။ အဲဒီအထဲမှာ တာပေ့စစ်တပ်က အဆင့် ၆ ကျင့်ကြံသူ လေးယောက်ပါဝင်ပြီး သူတို့ကို နတ်လမ်းစဉ်ဂိုဏ်းက အဆင့် ၈ ကျင့်ကြံသူတစ်ယောက်က ဖမ်းဆီးခေါ်ဆောင်သွားတယ်"

ဖန့်ချန်က အလွန်လေးနက်သော အမူအရာဖြင့် ခေါင်းညိမ့်ပြရင်း

"ဒီကိစ္စကို ခင်ဗျား ဘယ်လိုမြင်လဲ နတ်လမ်းစဉ်ဂိုဏ်းက ကျဆုံးမသေမျိုးတွေနဲ့ တကယ်ပဲ ပူးပေါင်းနေတာလား တကယ်လို့ သူတို့ ပူးပေါင်းနေတယ်ဆိုရင် သူတို့ရဲ့ ရည်ရွယ်ချက်က ဘာဖြစ်မလဲ "

"ငါ့ကို ခဏလောက်စောင့်ဦး"

ဆဋ္ဌမမြောက် ကြယ်တာရာက စကားအပိုမပြောဘဲ ကောင်းကင်မသေမျိုး ဆင်းသက်ခြင်း ပညာရပ်ကို ချက်ချင်း အသုံးပြုကာ ဖန့်ချန်ရှေ့မှ ပျောက်ကွယ်သွားတော့သည်။

လက်ဖက်ရည်တစ်ခွက်စာ အချိန်ခန့် ကြာပြီးနောက်တွင်တော့ အဖြူရောင်အလင်းတန်းတစ်ခု ဝင်းလက်လာပြီး ဆဋ္ဌမမြောက် ကြယ်တာရာ ပြန်လည်ပေါ်လာခဲ့သည်။

ဖန့်ချန်သည် ထိုပညာရပ်ကို အနည်းငယ် အားကျမိသွားသည်။ လောကီလောကရဲ့ ဖုန်မှုန့်တွေကြားမှာ အချိန်အတော်ကြာအောင် ရုန်းကန်ခဲ့ရတဲ့ သူမျိုးကရော ဒီ ကောင်းကင်မသေမျိုး ဆင်းသက်ခြင်း ပညာကို သင်ယူခွင့်ရနိုင်ပါ့မလားဟု တွေးတောနေမိသည်။ ဒါမှမဟုတ် ဒီပညာက ကောင်းကင်မသေမျိုး လမ်းစဉ် ကျင့်ကြံသူတွေပဲ သုံးနိုင်တာလား။

ဆဋ္ဌမမြောက် ကြယ်တာရာက ဖန့်ချန်ကို ထူးဆန်းသော အကြည့်ဖြင့် ကြည့်ကာ

"ဖန့်အမာခံတပည့်... မင်းရဲ့ ကျင့်ကြံခြင်းလမ်းစဉ်က ဘာလဲ "

"လူသားမသေမျိုး လမ်းစဉ်ပါ"

ဖန့်ချန်က ပြုံး၍ ဖြေလိုက်သည်။

"လူသားမသေမျိုး မင်းကလည်း ကောင်းကင်နတ်မသေမျိုး လမ်းစဉ်လို့ ငါထင်နေတာ။ ဒါပေမဲ့ မင်းက ကောင်းကင်မသေမျိုး လမ်းစဉ် ဖြစ်နေရင်တောင် ဒီပညာကို သုံးနိုင်ဦးမှာ မဟုတ်သေးဘူး"

ဆဋ္ဌမမြောက် ကြယ်တာရာက တိုးတိုးလေး ရေရွတ်လိုက်ပြီးနောက် အမူအရာမှာ လေးနက်သွားကာ

"ခုနက ငါ အဲဒီကို သွားကြည့်ခဲ့တယ်။ လူအချို့ကို မေးမြန်းကြည့်တော့ ဖြစ်ပျက်ခဲ့တဲ့ အခြေအနေက မင်းပြောသလိုပဲ။ ဒါပေမဲ့ အဲဒီလေးယောက်က နတ်လမ်းစဉ်ဂိုဏ်းကဆိုတာရယ်၊ သူတို့ကို ဖမ်းသွားတဲ့သူက နတ်လမ်းစဉ်ဂိုဏ်းကဆိုတာရယ်ကိုတော့ အတည်မပြုနိုင်သေးဘူး"

စကားဆုံးသည်နှင့် သူက မျက်နှာပျက်ပျက်ဖြင့် မေးလာ၏

"ဖန့်အမာခံတပည့်... ဒါတွေကို မင်းဘယ်လိုသိတာလဲ သူတို့က နတ်လမ်းစဉ်ဂိုဏ်းကဆိုတာကိုကော ဘယ်လိုလုပ် သိနေရတာလဲ "

"ဆဋ္ဌမမြောက် ကြယ်တာရာ... နောက်ဆိုရင် ဒီလိုကိစ္စမျိုးတွေကို အတင်းလိုက်မမေးပါနဲ့။ တော်သေးတာက ကျွန်တော်က ဒါကို အရေးမထားလို့ပေါ့။ တခြားသူသာဆိုရင် ခင်ဗျားကို အနည်းဆုံးတော့ အော်ဟစ်ငေါက်ငမ်းနေလောက်ပြီ"

ဖန့်ချန်က သက်ပြင်းတစ်ချက်ချကာ သတိပေးလိုက်သည်

"အခုလိုအချိန်မှာ လိုအပ်တာက အပြန်အလှန် နားလည်မှု ပဲ။ သဘောပေါက်လား ဥပမာ ကျွန်တော် ခင်ဗျားကို ကောင်းကင်မသေမျိုး ဆင်းသက်ခြင်း ပညာအကြောင်း တစ်ခါမှ မမေးခဲ့ဘူး မဟုတ်လား"

"မင်း မေးလို့ရပါတယ်"

ဆဋ္ဌမမြောက် ကြယ်တာရာက လွှတ်ခနဲ ပြောလိုက်ပြီးမှ သဘောပေါက်သွားကာ

"အော်... ဟုတ်သားပဲ။ ဒါက မင်းရဲ့ လျှို့ဝှက်ချက်ပဲကိုး။ ငါ တကယ်ကို အတင်းမမေးသင့်ဘူး"

သူက အားနာစွာဖြင့် ရယ်မောလိုက်သည်။

"ဒီပညာအကြောင်းကို နောက်မှ ထပ်ပြောကြတာပေါ့။ အခု လက်ရှိကိစ္စကိုပဲ အရင်ပြောရအောင်။ နတ်လမ်းစဉ်ဂိုဏ်းက ကျဆုံးမသေမျိုးတွေနဲ့ ပူးပေါင်းဖို့ တကယ်ပဲ ဖြစ်နိုင်ချေ ရှိလား"

ဖန့်ချန်က ပြုံး၍ မေးလိုက်သည်။

ဆဋ္ဌမမြောက် ကြယ်တာရာက အချိန်အတော်ကြာအောင် သေချာစဉ်းစားပြီးနောက် ခေါင်းခါလိုက်၏

"မဖြစ်နိုင်လောက်ဘူး။ တကယ်လို့ ပူးပေါင်းတယ်ဆိုရင်တောင် အဆင့် ၆ ကျဆုံးမသေမျိုး လေးယောက်ကို ဒီအတိုင်း လက်ဆောင်ပေးလိုက်ဖို့အထိတော့ မဖြစ်နိုင်ဘူး။ ကျဆုံးမသေမျိုးတွေကလည်း သူတို့ရဲ့ အမွေအနှစ်ကို အရမ်း ကာကွယ်ကြတာ၊ အပြင်ကို စီးထွက်သွားခွင့် မပေးကြဘူး"

"ဒါပေမဲ့..."

သူ့စကားက ရုတ်တရက် ဂငယ်ကွေ့ ကွေ့သွားပြီး အမူအရာမှာ လေးနက်ခက်ထန်သွားသည်။

"တကယ်လို့ ကျဆုံးမသေမျိုးတွေဘက်က နတ်လမ်းစဉ်ဂိုဏ်းနဲ့ မဖြစ်မနေ ပူးပေါင်းရမယ့် အကြောင်းရင်းတစ်ခု ရှိနေရင်ကော "

မဖြစ်မနေ ပူးပေါင်းရမယ့် အကြောင်းရင်း

ဖန့်ချန် စဉ်းစားခန်း ဝင်သွားသည်။ ကျဆုံးမသေမျိုးတွေရဲ့ ရန်သူက ဘယ်သူတွေလဲ

ဒါက လူသားဘုံ ကိုးခုနဲ့ မသေမျိုးလောကငယ်က လူသားကျင့်ကြံသူတွေပဲ ဖြစ်ရမယ်။ နောက်ပြီး... မိစ္ဆာတွေလား။

ဒါဆို မကြာသေးခင် နှစ်တွေအတွင်း မိစ္ဆာတွေရဲ့ လှုပ်ရှားမှုတွေက အရမ်းကြီးမားလာတာကြောင့် ကျဆုံးမသေမျိုးတွေ စိုးရိမ်ထိတ်လန့်သွားတာများလား။

"ဟုတ်ပြီ ကျဆုံးမသေမျိုးတွေက နတ်လမ်းစဉ်ဂိုဏ်းရဲ့ လက်ကို ငှားပြီး သူတို့နဲ့ မတူတဲ့ အုပ်စုတွေကို ရှင်းလင်းချင်တာ ဖြစ်နိုင်တယ်"

ဆဋ္ဌမမြောက် ကြယ်တာရာက ရုတ်တရက် ဝမ်းသာအားရ ဆိုလာသည်။

"ငါ သဘောပေါက်ပြီ။ ကျိရှန်းအင်ပါယာက ကျဆုံးမသေမျိုးတွေကြားမှာလည်း မတူညီတဲ့ ဂိုဏ်းဂဏတွေ ရှိကြတာပဲ။ အဲဒါကြောင့်လည်း နတ်ဘုရားလောကမှာ ကျိရှန်းအင်ပါယာ၊ ပေတင့်အင်ပါယာ၊ ယွီချန်အင်ပါယာနဲ့ ဇီဝေအင်ပါယာ ဆိုပြီး အုပ်ချုပ်ရေးနယ်မြေ လေးခု ကွဲပြားနေတာပေါ့။ သူတို့ရဲ့ မွေးရာပါ သဘာဝအရ သူတို့က စည်းစည်းလုံးလုံး ရှိကြမှာ မဟုတ်ဘူး"

"ဆိုလိုတာက... နတ်လမ်းစဉ်ဂိုဏ်းနဲ့ ပူးပေါင်းတဲ့ ကျဆုံးမသေမျိုးတွေဟာ သူတို့ရဲ့ ရန်သူတွေကို နှိမ်နင်းဖို့အတွက် နတ်လမ်းစဉ်ဂိုဏ်းကို အသုံးချနေတာပေါ့"

ဖန့်ချန်၏ မျက်လုံးများ လင်းလက်သွားသည်။

ဒါကလည်း ဖြစ်နိုင်ခြေတစ်ခုပင်။ သူသည် အစောပိုင်းက ထိုကိစ္စ၏ အဓိကအကြောင်းရင်းမှာ မိစ္ဆာများနှင့် သက်ဆိုင်သည်ဟုသာ တစ်ထောက်တည်း တွေးထားခဲ့ပြီး၊ ကျိရှန်းအင်ပါယာရှိ ကျဆုံးမသေမျိုးများမှာလည်း တစ်စုတစ်စည်းတည်း ရှိလိမ့်မည်ဟု ယူဆထားမိရာမှ ထိုအချက်ကို မေ့လျော့နေခြင်း ဖြစ်သည်။ ဆဋ္ဌမမြောက် ကြယ်တာရာ၏ သတိပေးမှုကြောင့် ဤအကြောင်းရင်းမှာ ပို၍ ဆီလျော်သည်ဟု သူ ခံစားလိုက်ရသည်။

ကျဆုံးမသေမျိုးတွေရဲ့ သဘာဝက ယုတ်မာတယ်၊ အတ္တကြီးတယ်၊ လောဘဇော တိုက်တယ်ဆိုရင် သူတို့ဟာ ရေရှည်အကျိုးစီးပွားထက် လက်ရှိ အကျိုးအမြတ်ကိုပဲ ကြည့်ကြပေလိမ့်မည်။

"ဖန့်အမာခံတပည့်... ကျိရှန်းအင်ပါယာရဲ့ အာဏာစက်ထဲမှာ အပြောင်းအလဲတစ်ခု ဖြစ်တော့မှာပဲ။ ဒါပေမဲ့ ငါ သိချင်တာက နတ်လမ်းစဉ်ဂိုဏ်းသားတွေက ဘယ်လိုနည်းလမ်းနဲ့ အဲဒီလူတွေကို နတ်ဘုရားလောက ကနေ ခိုးထုတ်သွားမှာလဲ ဆိုတာပဲ"

ဆဋ္ဌမမြောက် ကြယ်တာရာက စဉ်းစားရင်း ပြောလိုက်သည်။

"အဘိုးကြီး ဒီလိုကိစ္စတွေကို စီနီယာအစ်မကြီးတို့လို လူတွေကိုပဲ စဉ်းစားခိုင်းလိုက်တာ ပိုကောင်းပါတယ်။ သူတို့က အမြင်ကျယ်ပြီး ပိုပြီး မြော်မြင်နိုင်စွမ်း ရှိကြတာပဲ။ ကျွန်တော်တို့ ဒီလောက်အထိ လိုက်တွေးနေဖို့ မလိုပါဘူး"

ဖန့်ချန်က ရုတ်တရက် ပြုံး၍ ဆိုလိုက်သည်။

ဆဋ္ဌမမြောက် ကြယ်တာရာမှာ ဖန့်ချန်က မိမိကို ခေါ်ဝေါ်ပုံ ပြောင်းသွားသည်ကို သတိမထားမိဘဲ၊ သူပြောသည်မှာ အကျိုးအကြောင်း ရှိသည်ဟု ထင်သဖြင့် ခေါင်းညိမ့်လိုက်သည်။

"ဟုတ်တယ်၊ ဒီသတင်းကို စီနီယာအာမန်ကို ပြောပြလိုက်ရင် သူတို့ ဒါကို ဖြေရှင်းကြလိမ့်မယ်"

"အင်း... ဒါနဲ့ ခင်ဗျားရဲ့ အဲဒီ ကောင်းကင်မသေမျိုး ဆင်းသက်ခြင်း ပညာက ကောင်းကင်မသေမျိုးတွေပဲ ကျင့်လို့ရတာလား "

ဖန့်ချန်က မသိမသာ မေးလိုက်ပြန်သည်။

"ဟုတ်တယ်လေ၊ ကောင်းကင်မသေမျိုးတွေပဲ ကျင့်လို့ရတာ။ အနည်းဆုံးတော့ တခြားလမ်းစဉ်ကလူတွေ ဒီပညာကို တတ်မြောက်တယ်လို့ ငါ မကြားဖူးဘူး။ ကောင်းကင်မသေမျိုးတွေထဲမှာတောင် လူတိုင်း မတတ်နိုင်ကြဘူး။ လောကီအာရုံတွေ ကင်းစင်ဖို့ လိုသလို၊ နောက်ပြီး..."

ဆဋ္ဌမမြောက် ကြယ်တာရာသည် ထိုပညာရပ်နှင့် ပတ်သက်သမျှ အချက်အလက်များကို တစ်ရက်စပ်စပ် ပြောပြနေတော့သည်။

နောက်ဆုံးကျမှ သူ သတိဝင်လာပြီး ကြောင်အအဖြင့် မေးလာသည်။

"ဖန့်အမာခံတပည့်... မင်း ကောင်းကင်မသေမျိုး ဆင်းသက်ခြင်း ပညာကို သင်ချင်နေတာတော့ မဟုတ်ပါဘူးနော် ပထမအချက်က မင်းက ကောင်းကင်မသေမျိုး လမ်းစဉ် မဟုတ်ဘူး။ တကယ်လို့ ဖြစ်နေရင်တောင် ဒါက ငါတို့ ကောင်းကင်မသေမျိုး မျိုးနွယ်စုရဲ့ ကိုယ်ပိုင်ပညာဖြစ်လို့ အပြင်လူကို ပေးသင်လို့ မရဘူး"

"မဟုတ်ပါဘူး၊ ကျွန်တော်က သိချင်လို့ မေးကြည့်တာပါ"

ဖန့်ချန်က ချက်ချင်းပင် စကားလမ်းကြောင်း လွှဲလိုက်သည်။

"နတ်လမ်းစဉ်ဂိုဏ်းက ဒီက ကျဆုံးမသေမျိုးတွေနဲ့ ပူးပေါင်းနေနိုင်ပြီး၊ ကျိရှန်းအင်ပါယာရဲ့ အာဏာစက်ထဲမှာ အပြောင်းအလဲတွေ ဖြစ်လာနိုင်တယ်ဆိုတော့ ကျွန်တော်တို့ အခုပဲ စီနီယာအစ်မကြီးဆီကို သွားကြမလား "

"...ကောင်းပြီလေ။"

မကြာမီအချိန်အတွင်းမှာပင်...

ဖန့်ချန်သည် ကြာနီနတ်မိမယ်ကို ပွေ့ချီကာ၊ ဆဋ္ဌမမြောက် ကြယ်တာရာ၏ ကောင်းကင်မသေမျိုး ဆင်းသက်ခြင်း ပညာဖြင့် အတူတူ ပျောက်ကွယ်သွားကြသည်။

ပြန်လည် ပေါ်လာသည့်အချိန်တွင်တော့ ပြင်းထန်လှသော သွေးညှီနံ့ကြီးက နှာခေါင်းထဲသို့ တိုးဝင်လာခဲ့သည်။

ပတ်ဝန်းကျင် တစ်ခုလုံးတွင် အလောင်းများ ပြန့်ကျဲနေပြီး၊ မြေပြင်ပေါ်တွင် သွေးများမှာ စမ်းချောင်းသဖွယ် စီးဆင်းနေသည်။

ရှဲ့အာမန် တစ်ယောက်သာလျှင် သွေးစက် တစ်စက်မျှ မစွန်းထင်းဘဲ သန့်ရှင်းစင်ကြယ်စွာ ရှိနေ၏။ ဤကဲ့သို့သော အလောင်းတောင်ပုံ သွေးပင်လယ်ကြီးထဲတွင် ရပ်နေသော်လည်း သူမ၏ အရှိန်အဝါမှာ သန့်စင်နေဆဲ ဖြစ်သည်။

ဖန့်ချန် သတိထားမိလိုက်သည်မှာ ပတ်ဝန်းကျင်ရှိ အလောင်းများ အားလုံးမှာ ကတုံးများ ဖြစ်နေခြင်းပင်။

ဒါပေမဲ့ ဒီနေရာက ဟန်စန်းကျောင်းတော်တော့ လုံးဝ မဟုတ်ပေ။ အစောပိုင်းက သတင်းရထားသည်မှာ အချိန်အတော်ကြာခဲ့ပြီ ဖြစ်သဖြင့် တာပေ့စစ်တပ်မှာ ဟန်စန်းကျောင်းတော်ကို သွားရောက် စစ်ကူပေးနေလောက်ပြီ ဖြစ်သည်။

ရှဲ့အာမန်၏ အကြည့်မှာ ဖန့်ချန်တို့ သုံးဦးဆီသို့ ကျရောက်လာပြီး၊ အိပ်မောကျနေသော ကြာနီနတ်မိမယ်ကို ကြည့်ကာ သက်ပြင်းတစ်ချက် ခပ်ဖွဖွ ချလိုက်သည်။

"အဘိုးကြီး... မင်း သူတို့နှစ်ယောက်နဲ့အတူ ရောက်လာတယ်ဆိုတော့ သူတို့ကို တစ်ယောက်ယောက်က တိုက်ခိုက်ခဲ့တာလား ဘယ်သူလဲ "

ဖန့်ချန်က ရှူခွန်း အပါအဝင် လေးဦး၏ အမည်များကို ပြောပြလိုက်သည်။ အမာခံတပည့် လေးဦးတောင် ကျွယ်မင်နတ်ဘုံကို သစ္စာဖောက်သွားကြောင်း သိလိုက်ရသောအခါ ရှဲ့အာမန်၏ မျက်နှာမှာ စိမ်းပုပ်သွားတော့သည်။

သူမသည် လက်ထဲရှိ ဓားပျံကို ရုတ်တရက် ထုတ်ယူကာ ဘေးနားရှိ အလောင်းများကို ဒေါသတကြီး အချက်ပေါင်းများစွာ ထိုးနှက်လိုက်လေသည်။

"စီနီယာအာမန်... ဒါတွေက ဟန်စန်းကျောင်းတော်က ဘုန်းကြီးတွေလား "

ဆဋ္ဌမမြောက် ကြယ်တာရာက စပ်စုလိုက်သည်။

ရှဲ့အာမန်က ထိုမေးခွန်းကို ချက်ချင်း မဖြေပေ။ သူမသည် ကြာနီနတ်မိမယ်၏ အခြေအနေမှာ အသက်အန္တရာယ် မစိုးရိမ်ရကြောင်း အရင်ဆုံး အတည်ပြုပြီးမှသာ စကားပြောလာသည်။

"ဒီကတုံးတွေက ဟန်စန်းကျောင်းတော်က ဘုန်းကြီးတွေ မဟုတ်ဘူး။ ဟန်စန်းကျောင်းတော်ကိုတော့ ကျောင်းထိုင်ဆရာတော် အပါအဝင် တစ်ကျောင်းလုံးကို ငါ မျိုးဖြုတ်သုတ်သင် ပစ်ခဲ့ပြီ။ ဒီကတုံးတွေက ဟန်စန်းကျောင်းတော်နဲ့ ပတ်သက်မှု အနည်းငယ် ရှိနေတာကြောင့် ရောက်တုန်းရောက်ခိုက် သူတို့ကိုလည်း တစ်ပါတည်း လမ်းကြုံ ပို့ပေးလိုက်တာ"

"ဒါဆိုရင် စီနီယာအာမန်ဟာ ဟန်စန်းကျောင်းတော်နဲ့ ရှောင်ကွမ်းယင် တို့ ပတ်သက်နေတာကို အတည်ပြုနိုင်ခဲ့ပြီပေါ့ "

ဆဋ္ဌမမြောက် ကြယ်တာရာက အလျင်အမြန် မေးလိုက်သည်။

"ဟွန်း "

ရှဲ့အာမန်က နှာခေါင်းတစ်ချက် ရှုံ့လိုက်ကာ

"သူတို့ ပတ်သက်မှုက သာမန် မဟုတ်ဘူး။ ဒါပေမဲ့ ဒီကောင်တွေက ပါးစပ်အရမ်းလုံတယ်။ သူတို့တွေကို ခိုးထုတ်ပေးဖို့ ပူးပေါင်းပေးနေတဲ့ ကျင့်ကြံသူက ဘယ်သူလဲဆိုတာကိုတော့ ငါ မမေးလိုက်ရဘူး"

"ဟုတ်သားပဲ... နောက်ထပ် အရေးကြီးတဲ့ ကိစ္စတစ်ခု ရှိသေးတယ်။ ဖန့်အမာခံတပည့်... မင်းပဲ ပြောပြလိုက်ပါ"

ဆဋ္ဌမမြောက် ကြယ်တာရာက လေးနက်သော အမူအရာဖြင့် ဖန့်ချန်ကို လှမ်းကြည့်လိုက်သည်။

All Chapters