အခန်း (၆၃၁-၆၃၂)
Vol. 64 Ch. 631-632
အခန်း (၆၃၁) - အရုပ်ဆင့်ကစားနည်း ၊ ဒီယောက်ျားကို ငါပိုင်တယ် ၊ တိုက်ပွဲ ၊ လက်ဖဝါးထဲက ပစ္စည်း
“ဒါဆိုရင်တော့ ဖြစ်တာပေါ့၊ ငါ့ကို ခေါ်သွားပေးပါဦး”
လီယန်ချူး၏ မျက်လုံးများ ဝင်းခနဲ ဖြစ်သွားသည်။
ဒီသရဲမလေးက အသုံးဝင်လာလိမ့်မည်ဟု သူ ထင်မထားခဲ့ပါချေ။ မိန်းမပျိုလေးမှာ ခဏမျှ ကြောင်သွားကာ သဘောတူရန် ပြင်လိုက်သော်လည်း၊ ရုတ်တရက် အတွေးတစ်ခု ဝင်လာသည်။ အကယ်၍ ဤစာသင်သားကိုသာ ခေါ်သွားလိုက်လျှင် ညီမလေးများ လက်ထဲ ရောက်ဖို့မပြောနှင့်၊ ဘွားဘွားကပဲ အရင် စားပစ်လိုက်ပေလိမ့်မည်။
ထိုနှစ်ပေါင်းများစွာအတွင်း ဘွားဘွားကသာ အကောင်းဆုံးအပိုင်းကို အမြဲယူခဲ့ပြီး၊ သူတို့ကမူ ဝိညာဉ်အကြွင်းအကျန် အနည်းငယ်ကိုသာ ခွဲဝေရရှိကြခြင်း ဖြစ်သည်။ ဤစာသင်သား သေသွားမှာကို သူမ ဂရုမစိုက်သော်လည်း၊ အဓိကအချက်မှာ မသေခင်မှာ သူမနှင့် တကယ့်ကို နက်နက်ရှိုင်းရှိုင်းအပေးအယူ မလုပ်ရသေးခြင်းပင်။ နှမြောစရာ အင်မတန် ကောင်းလှသည်။
“မသွားတော့ပါဘူး၊ အပြင်မှာ သရဲမရှိတယ်၊ ဒီမှာပဲ နေတာက ပိုဘေးကင်းတယ်”
ဟု ထိုမိန်းမပျိုက စကားလမ်းကြောင်း ပြောင်းလိုက်သည်။
“မရဘူး၊ ငါ့ကို ခေါ်သွားပေး” လီယန်ချူးက တည်ကြည်စွာ ဆိုလိုက်၏။
မိန်းမပျိုလေးမှာ ကြောင်အသွားရပြန်သည်။ ထိုစာသင်သားက ကြည့်ရတာ နုနုနယ်နယ်လေးနှင့်၊ ဤမျှအထိ ဇောစောလိမ့်မည်ဟု သူမ ထင်မထားခဲ့။
‘အရမ်း သဘောကျဖို့ကောင်းတာပဲ’
သူမက ထိုစာသင်သားကို နောက်ပြောင်ကျီစယ်ရန် ပြင်နေစဉ်မှာပင်၊ တံခါးဝမှ နောက်ထပ် တံခါးခေါက်သံတစ်ခု ထွက်ပေါ်လာပြန်သည်။
ဒေါက်... ဒေါက်... ဒေါက်
“ကယ်ပါဦး အပြင်မှာ သရဲရှိလို့ပါ ကယ်ကြပါဦး”
နောက်ထပ် အမျိုးသမီးအသံတစ်ခု ထွက်ပေါ်လာပြန်သည်။ ဤအသံမှာ စောစောက မိန်းမပျိုလေး၏ အသံနှင့် မတူဘဲ အနည်းငယ် ပို၍ သြဇာပါကာ ဆွဲဆောင်မှုရှိသော အသံမျိုး ဖြစ်သည်။ လီယန်ချူးနှင့် ထိုမိန်းမပျိုလေးတို့ တစ်ယောက်ကိုတစ်ယောက် ကြည့်လိုက်ကြရာ၊ မိန်းမပျိုလေးမှာ အနည်းငယ် ဝေဝေဝါးဝါး ဖြစ်သွားသော်လည်း မျက်မှောင်ကြုတ်သွား၏။ အကြောင်းမှာ ဤသည်မှာ မည်သူ့အသံဖြစ်ကြောင်း သူမ သိလိုက်သောကြောင့်ပင်။
“ငါ အရင်သွားဖွင့်လိုက်ဦးမယ်” လီယန်ချူးက တည်ငြိမ်စွာ ဆိုကာ တံခါးဝသို့ လျှောက်သွားသည်။
“မလုပ်ပါနဲ့ သခင်လေး ဒါက ကျမနောက်ကို လိုက်နေတဲ့ သရဲမပဲ၊ သူက သခင်လေးကို လိမ်နေတာ ”
မိန်းမပျိုလေးက ထိတ်လန့်တကြား အော်ဟစ်လိုက်သော်လည်း၊ လီယန်ချူးကမူ မကြားချင်ယောင်ဆောင်ကာ တံခါးကို ဖွင့်လိုက်တော့သည်။ လရောင်အောက်တွင် မြင်တွေ့လိုက်ရသည်မှာ အရပ်အမောင်း မြင့်မားသော အမျိုးသမီးတစ်ဦးပင်။
ထိုအမျိုးသမီး၏ ဝတ်စားဆင်ယင်မှုမှာ စောစောက မိန်းမပျိုလေးထက်ပင် ပို၍ ရဲတင်းလှသည်။ အထူးသဖြင့် တစ်နေရာရာမှာ ရင်တုန်နေသလို ခံစားချက်မျိုး ပေးစွမ်းနိုင်သည်။
သူမသည် လီယန်ချူးကို မြင်သည်နှင့် တိုးဝင်လာပြန်သည်။
“သခင်လေး ကယ်ပါဦး၊ အပြင်က သရဲမက အရမ်းကြောက်ဖို့ကောင်းတယ်”
သူမ၏ အသံမှာ ချိုသာလွန်းလှသဖြင့် နားထဲတွင် ကပ်၍ တိုးတိုးလေး ပြောနေသလိုပင်။ လီယန်ချူးက သူမကို အသာတွန်းဖယ်လိုက်ကာ အခန်းထဲမှ မိန်းမပျိုလေးကို ညွှန်ပြလျက် ဆိုသည်။
“သူလည်း သရဲရှိတယ်လို့ ပြောတယ်...မင်းတို့ဆီမှာ....ဒါက မရဘူးလေ တကယ်တမ်းက ဘာဖြစ်တာလဲ အရင်ဆုံး ညှိနှိုင်းပြီးမှ လာလို့ မရဘူးလား ”
လီယန်ချူး၏ လေသံမှာ အားမလိုအားမရ ဖြစ်နေသော လေသံမျိုးပင်။ ဘာဖြစ်လို့ အလုပ်လုတဲ့သူတွေ ထပ်ပေါ်လာရတာလဲ။
“သခင်လေး... ဒါ စောစောက ကျမကို လိုက်ဖမ်းနေတဲ့ သရဲမပဲ၊ သတိထားဦးနော်”
ပို၍ ရင့်ကျက်ပုံရသော ထိုအမျိုးသမီးက အံ့ဩတကြီး အော်ဟစ်လိုက်သည်။
“နင် လိမ်နေတာ”
စောစောက မိန်းမပျိုလေးက စိတ်တိုတိုနှင့် ပြန်အော်လိုက်၏။ သူမ လုံးဝ ထင်မထားသည်မှာ နံပါတ်နှစ် က သူမကို နောက်ကျောက ဓားနဲ့ အခုလို လာထိုးလိမ့်မည်ဟူ၍ပင်။
“လူသူကင်းမဲ့တဲ့ တောတောင်ထဲမှာ၊ အလိုက်ခံနေရတဲ့ မိန်းကလေးနှစ်ယောက်က ဘယ်ကနေ ရောက်လာမှာလဲ ငါ ဘယ်လောက်ပဲ မျက်စိကန်းကန်း၊ မင်းတို့ နှစ်ယောက်လုံး သရဲဆိုတာ မြင်သာပါတယ် ”
လီယန်ချူး သက်ပြင်းတစ်ချက် ချလိုက်သည်။
ထိုစကားအဆုံးတွင် အမျိုးသမီးနှစ်ဦးစလုံး ကြောင်အသွားကာ လီယန်ချူးကို စိုက်ကြည့်နေကြတော့သည်။ ထိုစာသင်သားက ထိုသို့ပြောလိုက်သောအခါ၊ နောက်မှရောက်လာသည့် ရင့်ကျက်သော အမျိုးသမီးက ပါးစပ်ကလေးပိတ်ကာ တခိခိ ရယ်မောလိုက်ပြီး
“သခင်လေးလို စိတ်ဝင်စားဖို့ကောင်းတဲ့လူမျိုး မတွေ့ရတာ ကြာပြီပဲ၊ လာပါ ကျမက သခင်လေးကို အချစ်ပိုပေးပါ့မယ် ”
သို့သော် စောစောက မိန်းမပျိုလေးမှာမူ မကျေမနပ် ဖြစ်သွားသည်။
“နံပါတ်နှစ်... နင် ဒါ ဘာလုပ်တာလဲ ဒီစာသင်သားကို ငါ အရင်စုပ်မယ်လို့ ပြောထားတယ် မဟုတ်လား”
ရင့်ကျက်သောအမျိုးသမီးက လှောင်ပြုံးပြုံးကာ
“အကောင်းစားတွေရှိတိုင်း ဘာဖြစ်လို့ နင်ကပဲ အမြဲ အရင်လုပ်ရမှာလဲ ဒီစာသင်သားက ရုပ်ရည်ကလည်း ချော၊ ငါ့ တစ်သက်မှာ တစ်ခါမှ မမြင်ဖူးဘူး၊ ငါလည်း အရသာလေး နည်းနည်း မြည်းစမ်းပါရစေဦး”
အမျိုးသမီးနှစ်ဦး၏ မျက်ဝန်းများထဲတွင် ဒေါသမီးများ တောက်လောင်လာကာ လေထုမှာ တင်းမာသွားတော့သည်။
ထိုအချိန်မှာပင်
ဒေါက်... ဒေါက်... ဒေါက်
တံခါးခေါက်သံ ထပ်ထွက်လာပြန်သည်။
“ကယ်ပါဦး အပြင်မှာ သရဲရှိလို့ပါ”
ညှို့ယူလိုသော မိန်းမပျိုအသံ ထွက်ပေါ်လာသောအခါ၊ အမျိုးသမီးနှစ်ဦးစလုံး၏ မျက်နှာမှာ အင်မတန် ကြည့်ရဆိုးသွားတော့သည်။
လီယန်ချူးမှာမူ ရယ်ချင်သွားရသည်။
‘ခွေးမသားတွေ... မင်းတို့ ငါ့ကို အရုပ်ဆင့် ကစားနေကြတာလား ’
ငါက ဘယ်လောက်တောင် မိုက်မဲနေလို့ မင်းတို့ လှည့်စားတာ ခံရမှာလဲ လီယန်ချူးသည် အမျိုးသမီးနှစ်ဦးကို မလိုလားသော အကြည့်ဖြင့် ကြည့်လိုက်သည်။
ထိုသည်မှာ သူ၏ ဉာဏ်ရည်ကို စော်ကားနေခြင်းပင် ဝိညာဉ်မျက်စိအတတ် ကိုတောင် သုံးစရာမလိုဘဲ မင်းတို့မှာ ပြဿနာရှိတယ်ဆိုတာ မြင်သာလှသည်။
သူ အနည်းငယ် သိချင်မိသည်မှာ ဤဘုရားကျောင်းတွင် မျက်စိလည်လမ်းမှားခဲ့သော အမျိုးသားများမှာ မည်ကဲ့သို့သော လူမျိုးများ ဖြစ်ကြသနည်း ဟူ၍ပင်။ သရဲနဲ့ အတူနေတဲ့ စစ်သည်တော်တွေ က ဒီလောက်တောင် ရဲတင်းကြတာလား။
လီယန်ချူးမှာ ယခုတစ်ခေါက်တွင် အလွန်ပြတ်သားလှသည်။ သူ ကိုယ်တိုင် သွား၍ တံခါးဖွင့်ပေးလိုက်၏။ တံခါးဝတွင် ကိုယ်လုံးကိုယ်ပေါက် သေးသွယ်ကာ မျက်ဝန်းများမှာ ကာမဇောများဖြင့် ပြည့်နှက်နေသည့် အမျိုးသမီးတစ်ဦး ရပ်နေသည်။
“ရပြီ၊ ဘာမှ ထပ်မပြောနဲ့တော့၊ ငါ အကုန်နားလည်တယ်၊ ဝင်ခဲ့လိုက် ”
လီယန်ချူးက တိုက်ရိုက်ပင် လက်ယပ်ခေါ်လိုက်သည်။
ထိုအမျိုးသမီးမှာ ကြောင်သွားပြီး အခန်းထဲရှိ အမျိုးသမီးနှစ်ဦးကို မျက်တောင်တစ်ချက် ခတ်ကြည့်လိုက်သည်။ သူမသည် ဘာမှ ထပ်မရှင်းပြတော့ဘဲ ပြုံးလျက် ဝင်လာခဲ့သည်။
“နံပါတ်သုံး... နင်လည်း ဘာလို့ လာတာလဲ”
ခြေကျင်းဝတ်တွင် ကြေးခေါင်းလောင်း ချည်ထားသည့် မိန်းမပျိုလေးက အေးစက်စွာ မေးလိုက်သည်။
“အစ်မကြီးတောင် လာလို့ရရင်၊ ညီမလေးကကော ဘာလို့ လာလို့မရရမှာလဲ အဲဒီဓားသမားကိုလည်း အဝေးကို မျှားခေါ်သွားပြီဆိုတော့၊ ဒီစာသင်သားက ကျမတို့ လက်ဖဝါးထဲက အသားပဲလေ၊ ညီမလေး တစ်လုတ်လောက် စားတာ ဘာဖြစ်မှာလဲ ”
ကိုယ်လုံးသေးသွယ်သော မိန်းမပျိုလေးက ရယ်မောလျက် ပြန်ပြောလိုက်သည်။
“ကောင်းပြီလေ မင်းတို့တွေက ဘွားဘွားရှေ့မှာကျတော့ ဘာမှမပြောဘဲ၊ ငါ့ကိုပဲ ရှေ့ထွက်ခိုင်းပြီး ဘွားဘွားအငြိုငြင်ခံအောင် လုပ်ကြတယ်။ အခုကျတော့မှ ငါ့ယောက်ျားကို လာလုကြတယ်ပေါ့ မင်းတို့တွေ အတော်လေး ပုန်ကန်ချင်နေကြတာပဲ ”
ခေါင်းလောင်းချည်ထားသည့် မိန်းမပျိုလေးက ဒေါသတကြီး ကြိမ်းမောင်းလိုက်သည်။
“အစ်မကြီး စိတ်မဆိုးပါနဲ့၊ စောစောက အစ်မကြီးကိုယ်တိုင်ပဲ ညီမလေးတွေကို ခေါ်ပြီး ဒီစာသင်သားကို အတူတူ ပြုစုခိုင်းမယ်လို့ ပြောခဲ့တာ မဟုတ်လား ညီမလေး အခုလုပ်တာက အစ်မကြီးရဲ့ ဆန္ဒနဲ့ ထပ်တူကျနေတာပဲလေ”
ကိုယ်လုံးသေးသွယ်သော မိန်းမပျိုလေးက တည်ငြိမ်စွာ ဆိုသည်။
“ကောင်းပြီ... ကောင်းပြီ နင်တို့တွေ စောစောစီးစီး ရောက်လာကြတာပဲ ငါ အဲဒီစကား ပြောခဲ့တာ ဟုတ်တယ်၊ ဒါပေမဲ့ ဘာဖြစ်လဲ ”
“ငါက အစ်မကြီးပဲ၊ ငါ ကျွေးမှ နင်တို့ စားရမယ်၊ ငါ မကျွေးရင် နင်တို့ စောင့်နေရမှာပဲ ”
ဟု ခေါင်းလောင်းချည်ထားသည့် အမျိုးသမီးက အေးစက်စွာ ဆိုလိုက်သည်။
“ကျမတို့ထက် နှစ်အနည်းငယ် စောရောက်တာနဲ့တင် အခုလို လာပြီး ဆရာကြီးလုပ်မနေနဲ့၊ တကယ်တမ်း တိုက်ခိုက်ကြမယ်ဆိုရင် ဘယ်သူ့ကိုမှ မကြောက်ဘူး ”
“ဒီစာသင်သားက ဒီလောက် ချောတာ၊ ညီမလေးတို့အားလုံးလည်း တစ်လုတ်လောက်တော့ မြည်းစမ်းချင်ကြတာပဲ ”
ထိုအချိန်တွင် နောက်ထပ် မိန်းမပျို နှစ်ဦး ထပ်မံ ဝင်လာပြန်သည်။ တစ်ဦးမှာ အားမနာတမ်းပင် ပြောဆိုလိုက်ခြင်း ဖြစ်သည်။
“မင်းတို့တွေက ငါ့ကိုပဲ ရှေ့ထွက်ခိုင်းပြီး ဘွားဘွားနဲ့ အဆင်မပြေအောင် လုပ်ကြတယ်။ အခုကျမှ လာလုနေကြတယ်၊ ငါသာ မင်းတို့တွေကို မဆုံးမနိုင်ရင် အစ်မကြီး ဆိုတဲ့ ဂုဏ်ပုဒ်ကို ငါ အရှုံးပေးလိုက်မယ်”
ခေါင်းလောင်းချည်ထားသည့် မိန်းမပျိုလေး၏ အကြည့်မှာ အေးစက်သွားတော့သည်။
ခဏအတွင်းမှာပင် နောက်ထပ် မိန်းမပျို ၃ ယောက်၊ ၄ ယောက်ခန့် ထပ်မံ ဝင်လာပြန်သည်။ အားလုံးမှာ အဝတ်အစား ခပ်ပါးပါး ဝတ်ဆင်ထားကြပြီး အသားအရေ ဗလာကျင်းနေကြသည်။ ဤဘုရားကျောင်းငယ်လေးအတွင်း၌ ခဏချင်းမှာပင် အပျော်မယ်လေးများ၏ ရယ်မောသံများဖြင့် ပြည့်နှက်သွားတော့သည်။ မီးမထွန်းထားသော်လည်း လူ၏မျက်စိကို ကျိန်းစပ်သွားစေနိုင်လောက်သည့် မြင်ကွင်းမျိုးပင်။
ထိုအုပ်စုမှာ လီယန်ချူးကိုပင် ဂရုမစိုက်တော့ဘဲ သူ၏ရှေ့မှာတင် အငြင်းပွားနေကြတော့သည်။ လီယန်ချူးမှာ သူတို့၏ လက်ဖဝါးထဲက ပစ္စည်းတစ်ခု ဖြစ်နေပြီဟု သူတို့ ယူဆထားကြပုံရသည်။
ဘေးအခန်းတွင်မူ ရှင်းဟုန်ယဲ့သည် အစီရင်အတွင်း ထိုင်လျက် အာရုံစူးစိုက်နေသည်။ သူမသည် အစီရင်တစ်ခု ပြုလုပ်ထားသဖြင့် လီယန်ချူးဘက်မှ လှုပ်ရှားမှုမှန်သမျှကို ကြားနေရသည်။
စောစောက ခြေကျင်းဝတ်တွင် ခေါင်းလောင်းချည်ထားသည့် အမျိုးသမီး ရောက်လာစဉ်က ရှင်းဟုန်ယဲ့၏ လက်ထဲမှ အစီရင်ပြား မှာ အနည်းငယ် လှုပ်ခတ်သွားသဖြင့် သူမ အံ့ဩသွားရသည်။
ထိုအမျိုးသမီး၏ အရှိန်အဝါမှာ သရဲစစ်သူကြီး တစ်ဦးနှင့်ပင် ထပ်တူညီနေသည်။ ဤသည်မှာ သဘာဝနှင့် မကိုက်ညီလှပါချေ သူတို့မှာ သာမန် သရဲမလေးတွေသာ ဖြစ်သင့်သည်။
သို့သော် ထိုသရဲမမှာ အလွန်ပင် ထူးခြားစွာ အစွမ်းထက်နေသည်။ ရှင်းဟုန်ယဲ့သည် ထိုအရှိန်အဝါကို ခန့်မှန်းကြည့်ရာ၊ သူမပေါင်း အယောက် ၅၀၊ ၆၀ ခန့်ကို အသာလေး တိုက်နိုင်လောက်သည်။
သူမ ခေါင်းခါလိုက်မိသည်။ တစ်ဖက်လူက ဒုတိယအဆင့် ဝိညာဉ်သတ္တဝါ ဖြစ်နေပြီ။ မိမိမှာမူ စတင်လေ့ကျင့်စပြုသူ မျှသာ ရှိသေးသဖြင့် မိမိကိုယ်ကို အတိုင်းအတာတစ်ခုအဖြစ် သုံးစရာ မလိုတော့ပါချေ။
သို့သော် နောက်ပိုင်းတွင် ထိုသရဲမ၏ ချိုသာလှသော အသံနှင့် ရဲတင်းလှသော စကားများကြောင့် သူမ၏ မျက်နှာမှာ နီမြန်းလာရ၏။
နောက်ပိုင်းတွင် ထိုသရဲမများသည် တစ်ယောက်ပြီးတစ်ယောက် ညံ့ဖျင်းလှသော သရုပ်ဆောင်ချက်များဖြင့် ရောက်လာကြပြီး လီယန်ချူးကို လုယူရန်၊ သူ၏ အသက်ဓာတ်ကို ခွဲဝေစုပ်ယူရန် အချင်းချင်း ရန်ဖြစ်နေကြသည်ကို ကြားလိုက်ရသောအခါ ရှင်းဟုန်ယဲ့၏ ပါးစပ်မှာ အနည်းငယ် တွန့်သွားရသည်။
“နင်တို့တွေကတော့ ဓားနဲ့ အခုတ်ခံရတော့မယ် ”
သူမ ရုတ်တရက် အတွေးဝင်လာသည်မှာ လီယန်ချူးကို ခေါ်လာခဲ့ခြင်းမှာ မှန်ကန်လှသော ဆုံးဖြတ်ချက်ပင်။ အကယ်၍ အခြားလူသာဆိုလျှင် ဤမျှ အစွမ်းထက်သည့် သရဲမအုပ်စုရှေ့တွင် လုံးဝ ယှဉ်နိုင်လိမ့်မည် မဟုတ်ပါချေ။
ထိုဘက်အခန်းတွင်မူ အပျော်မယ်လေးများမှာ အငြင်းပွားနေကြဆဲ ဖြစ်သည်။ စောစောက သစ်ပင်မိစ္ဆာရှေ့တွင် ကြောက်ကြောက်ရွံ့ရွံ့ ဖြစ်နေကြသော်လည်း၊ ယခု ညီမများ ရှေ့မှာတော့ ဤယောက်ျားကို ရအောင်လုမည်ဟု အားမာန်အပြည့်ဖြင့် တိုက်ခိုက်ရန် ပြင်နေကြတော့သည်။
အခန်း (၆၃၂) - သံမဏိကဲ့သို့ အေးစက်သောနှလုံးသား ၊ အသက်မီးတစ်လုပ် ၊ ခန္ဓာကိုယ်တွင်း တားမြစ်ချက်
သူတို့ (သရဲမများ) ကြောက်ရွံ့ရသည်မှာ စောစောက ဓားသမားလူငယ် တစ်ဦးတည်းသာ ရှိသည်။ ဓားကျင့်ကြံသူများ၏ သတ်ဖြတ်လိုသော အရှိန်အဝါမှာ ပြင်းထန်လှသဖြင့် ဝိညာဉ်သရဲများအတွက် အလွန်ပင် အန္တရာယ်ကြီးမားလှ၏။ ၎င်းတို့သည် မတိုက်ခိုက်နိုင်ကြသည်မဟုတ်ဘဲ ထိုကဲ့သို့သော ဓားကျင့်ကြံသူနှင့် ထိပ်တိုက်ရင်ဆိုင်ပြီး အစွမ်းပြိုင်ရန် မစွန့်စားလိုကြခြင်းသာ ဖြစ်သည်။
“တော်ပြီ... တော်ပြီ ဒီအတိုင်းသာ ဆက်သွားရင် ညီအစ်မချင်း သံယောဇဉ်တွေလည်း ပျက်ကုန်မယ်၊ ဘွားဘွားပေးထားတဲ့ တာဝန်လည်း ပြီးမှာမဟုတ်ဘူး၊ အားလုံး တစ်ပြိုင်တည်း တက်ကြမယ်”
ခြေကျင်းဝတ်တွင် ရှစ်ထောင့်ကြေးခေါင်းလောင်း ချည်ထားသည့် မိန်းမပျိုလေးမှာ ဒေါသကို အသာအယာ ဖိနှိပ်လိုက်ရင်း မတတ်သာသည့်အဆုံး ပြောလိုက်ရသည်။ သူမသည် အစ်မကြီးဖြစ်ပြီး ကျင့်ကြံမှုအဆင့် ပို၍ မြင့်မားသော်လည်း၊ ဆူညံပွက်လောရိုက်နေသည့် ညီမငယ်များ အားလုံးကိုတော့ ယှဉ်နိုင်စွမ်း မရှိပါချေ။ ထို့ပြင် အစကတည်းက သူမသည်လည်း ဤစာသင်သားကို ခွဲဝေခံစားရန် စိတ်ကူးရှိပြီးသား ဖြစ်သည်။
“အစ်မကြီးက အကောင်းဆုံးပဲ နောက်ဆို ကျမတို့ အစ်မကြီးစကားကိုပဲ နားထောင်တော့မယ်”
“အစ်မကြီးက တကယ့်ကို စိတ်သဘောထား ကြီးမြတ်တာပဲ၊ ဒါကြောင့်လည်း အစ်မကြီး ဖြစ်နေတာပေါ့”
ထိုသရဲမလေးများမှာ ချွဲနွဲ့စွာ ပြောဆိုနေကြတော့သည်။ အမှန်ပင် အမျိုးသမီးများလေလေ ပြဿနာများလေလေပင်။
“အဲဒီ မိုးမခပင်မိစ္ဆာကကော ငါ့ကို သူ့ဆီ ခေါ်သွားပေးစမ်း”
လီယန်ချူးက လှောင်ပြုံးတစ်ချက် ပြုံးလိုက်သည်။ သူ၏ အရှိန်အဝါကြည့်အတတ် ဖြင့် ကြည့်လိုက်သောအခါ ဤသရဲမများ အားလုံး၏ ကိုယ်ပေါ်တွင် နာကျည်းနေသော ဝိညာဉ်များ ဝန်းရံနေသည်ကို မြင်နေရ၏။ တစ်ယောက်ချင်းစီမှာ မကောင်းမှုများစွာ ပြုလုပ်ထားကြသည်မှာ မနည်းလှပါချေ။
လူ့အသက်ကို တန်ဖိုးမထားဘဲ လျစ်လျူရှုထားသည့် သူတို့၏ အမူအရာကို ကြည့်ရုံဖြင့် ဤအုပ်စုမှာ ကောင်းမွန်သည့်အမျိုးအစားများ မဟုတ်ကြောင်း သိသာလှသည်။
“မိုးမခပင်မိစ္ဆာ ဘွားဘွားရဲ့ မူလကိုယ်ထည်က မိုးမခပင်ဆိုတာ ရှင် ဘယ်လိုသိတာလဲ ”
မိန်းမပျိုတစ်ဦးက သံသယဖြင့် မေးလိုက်သည်။
‘တကယ်ပဲ ဘွားဘွားလို့ ခေါ်တာကိုး...’ လီယန်ချူး မျက်မှောင်ကြုတ်လိုက်ကာ
“စကားအပိုတွေ ပြောမနေနဲ့၊ ငါ့ကို သူ့ဆီ ခေါ်သွားဖို့ပဲ ပြင်လိုက်တော့”
အဝတ်အစား ခပ်ပါးပါး ဝတ်ဆင်ထားသည့် အမျိုးသမီးတစ်ဦးက ပါးစပ်ကလေးပိတ်ကာ တခိခိ ရယ်မောလိုက်ပြီး
“ဒီစာသင်သားက စိတ်ရူးပေါက်နေတာ မဟုတ်ပါလား”
သူမသည် ညီအစ်မများထဲတွင် နံပါတ် ၅ ဖြစ်သည်။ လူ့ဘဝတုန်းက ပြည့်တန်ဆာမတစ်ဦး ဖြစ်ခဲ့ပြီး စာသင်သားတစ်ဦးနှင့် ချစ်ကြိုက်ကာ ကိုယ်ဝန်ရခဲ့သော်လည်း အစွန့်ပစ်ခံရသဖြင့် ကြိုးဆွဲချ သေဆုံးခဲ့သူ ဖြစ်သည်။
သေဆုံးပြီးနောက် ဤမိုးမခပင်မိစ္ဆာ၏ ဖမ်းချုပ်ခြင်းကို ခံခဲ့ရပြီး လက်အောက်ခံ ဝိညာဉ်တစ်ခု ဖြစ်လာခဲ့သည်။ ဤနှစ်များအတွင်း အမျိုးသားများ၏ အသက်ဓာတ်ကို စုပ်ယူရာတွင် သူမက အကြမ်းတမ်းဆုံး ဖြစ်သည်။
သူမ၏ နည်းလမ်းများမှာ အလွန်ပင် ရက်စက်လှ၏။ ညီအစ်မများကြားတွင် သူမသည် ထိုချောမောသော စာသင်သားကို ကြည့်သည့် အကြည့်မှာလည်း အင်မတန် မလိုလားအပ်သော အကြည့်မျိုး ဖြစ်သည်။ လီယန်ချူးက သူမကို မျက်စောင်းတစ်ချက် ထိုးကြည့်လိုက်ရာ အမူအရာမှာ အေးစက်နေတော့သည်။
ထိုအမျိုးသမီး၏ မျက်ဝန်းထဲတွင် ချက်ချင်းပင် သတ်ဖြတ်လိုသော အရှိန်အဝါများ ထွက်ပေါ်လာ၏ ဆံပင်အရှည်ကြီးများမှာ ဦးခေါင်းနောက်တွင် လွင့်ပျံလာကာ သူမ၏ အငွေ့အသက်များမှာလည်း ပို၍ ပြင်းထန်လာတော့သည်။
“ဘာကြည့်တာလဲ ငါကပဲ အရင်ဆုံး နင့်ရဲ့ ဒီမျက်လုံးတွေကို အရင် ဖောက်ထုတ်ပစ်မယ် ဒါမှ နင် နောက်တစ်ခါ မိန်းမတွေကို မဖြားယောင်းနိုင်တော့မှာ၊ ပြီးတော့မှ နင့်ကို အစဖျောက်ပစ်မယ် ”
အမျိုးသမီးက အော်ဟစ်ကြိမ်းမောင်းလိုက်ပြီး လီယန်ချူးထံသို့ ခုန်အုပ် တိုက်ခိုက်တော့သည်။ ဘေးပတ်ဝန်းကျင်မှ သရဲမများမှာပင် သတိမထားမိလိုက်ကြပါချေ။ ထိုအမျိုးသမီးမှာ လီယန်ချူး၏ ရှေ့သို့ ရောက်ရှိလာကာ လက်ချောင်းနှစ်ချောင်းကို ဆန့်ထုတ်လျက် လီယန်ချူး၏ မျက်လုံးများကို တိုက်ရိုက် ထိုးစိုက်တော့သည်။
အလွန်ပင် ရက်စက်လှသော အကွက်ပင်။
လီယန်ချူးက လက်ဝါးတစ်ချက် တွန်းထုတ်လိုက်သည်။ ရိုးရှင်းသော်လည်း လျင်မြန်လှ၏။ ပြင်းထန်လှသော လက်ဝါးလေလှိုင်းမှာ ထိုအမျိုးသမီး၏ ကိုယ်ပေါ်သို့ အားပါပါ ကျရောက်သွားတော့သည်။
တစ်ကိုယ်လုံးရှိ သွေးအရှိန်အဝါ များမှာလည်း တစ်ခဏအတွင်း ပေါက်ကွဲထွက်လာသည်။
ဒုန်း
ထိုသရဲမမှာ တုံ့ပြန်ရန်ပင် အချိန်မရလိုက်ဘဲ လက်ဝါးချက်ထိသည်နှင့် တစ်ခဏချင်းမှာပင် ဝိညာဉ်ပါ လွင့်စင်ကာ ပြာအဖြစ် ပျောက်ကွယ်သွားတော့သည်။
တိတ်ဆိတ်သွားသည် သေလူကဲ့သို့ ငြိမ်သက်သွားခြင်းပင်
သရဲမများ အားလုံးမှာ ကြောင်အသွားကြသည်။ ထိုမျှ ချောမောသော စာသင်သားလေးတစ်ဦးက ဤကဲ့သို့ ပြင်းထန်လှသော သွေးအရှိန်အဝါများကို ပိုင်ဆိုင်ထားလိမ့်မည်ဟု သူတို့ အိပ်မက်ပင် မက်ဖူးကြပါချေ။
“ကိုယ်ခံပညာရှင် ဒီလူက ကိုယ်ခံပညာရှင်ပဲ”
အမျိုးသမီးတစ်ဦးက ထိတ်လန့်တကြား အော်ဟစ်လိုက်သည်။
“ညီမလေးတို့... အားလုံးပေါင်းပြီး သူ့ကို သတ်ကြမယ်၊ နံပါတ် ၅ အတွက် လက်စားချေကြစို့ ”
ခေါင်းလောင်းချည်ထားသည့် အမျိုးသမီးက ကြိမ်းမောင်းလိုက်သည်။
ချက်ချင်းပင် သူမ၏ လက်ထဲမှ ဝိညာဉ်စွမ်းအင်များဖြင့် ဖွဲ့စည်းထားသော အလင်းတန်းတစ်ခု ထွက်ပေါ်လာကာ လီယန်ချူးထံသို့ အားပါပါ ပစ်လွှတ်လိုက်တော့သည်။ မိန်းမများ၏ မျက်နှာပြောင်းလဲပုံမှာ အမှန်ပင် လျင်မြန်လှ၏။ စောစောကပင် ထိုစာသင်သားကို ဘယ်သူ အရင်စားမလဲဆိုပြီး အလုအယက် ဖြစ်နေကြကာ ခေါင်းကွဲမတတ် ငြင်းခုံနေကြသော်လည်း၊ ယခုအခါမှာတော့ လီယန်ချူးကို အသေသတ်ရန်သာ ကြိုးစားကြတော့သည်။
သရဲမများအားလုံး ဆံပင်များ လွင့်ပျံလျက် ဝိုင်းဝန်း တိုက်ခိုက်လာကြသည်။ သူတို့အားလုံးမှာ မိုးမခပင်မိစ္ဆာ၏ လက်အောက်ခံ ဝိညာဉ်များ ဖြစ်ကြသဖြင့် မျက်နှာတွင် ပိုးလောက်လမ်းများ ထွက်နေခြင်း၊ အသားအရေ ပုပ်ပွနေခြင်း စသည့် ကြောက်မက်ဖွယ် ရုပ်သွင်မျိုး မရှိကြပါချေ။
သူတို့သည် မိုးမခပင်မိစ္ဆာ၏ မှော်အစွမ်းဖြင့် ပြုစုပျိုးထောင်ခြင်း ခံထားရသော နာမ်ဝိညာဉ်များ ဖြစ်ကြသဖြင့် လူဘဝတုန်းက ရုပ်သွင်အတိုင်းပင် ရှိနေကြသည်။
ယခုအချိန်တွင် ဝိညာဉ်အရှိန်အဝါများ ထုတ်ဖော်လိုက်သော်လည်း ရုပ်ပျက်ဆင်းပျက် မဖြစ်သွားကြပေ။
အကယ်၍ အခြားသော အောက်လမ်းမှော်ဆရာများ သို့မဟုတ် သရဲမွေးသည့် တာအိုဆရာများသာ ဆိုလျှင် ထိုလှပသော သရဲမအုပ်စုကို မိုးမခပင်မိစ္ဆာလက်မှ လုယူကာ အနားမှာ မွေးထားကောင်း မွေးထားပါလိမ့်မည်။
သို့သော် လီယန်ချူး၏ မျက်လုံးထဲတွင်မူ အားလုံးမှာ အတူတူပင် ဖြစ်သည်။ ဝိညာဉ်မိစ္ဆာက လူကို ဒုက္ခပေးနေလျှင် သတ်စရာရှိတာ သတ်ရုံသာ မည်မျှပင် လှပနေပါစေ အသုံးမဝင်ပါချေ။
ဟူး
သူသည် ပါးစပ်မှ မီးတောက်တစ်ခုကို မှုတ်ထုတ်လိုက်ရာ ထိုမီးတောက်မှာ အခန်းတစ်ခုလုံးကို ချက်ချင်း ဖုံးလွှမ်းသွားတော့သည်။ သရဲမများမှာ ထိုမီးတောက်နှင့် ထိတွေ့လိုက်သည်နှင့် တစ်ခဏချင်းမှာပင် လောင်ကျွမ်းသွားကြကာ ဝိညာဉ်များ လွင့်စင် ပျောက်ကွယ်သွားကြတော့သည်။
ဤသည်မှာ လီယန်ချူး အသစ်ရှာဖွေတွေ့ရှိထားသော မီးမှော်အတတ် ဖြစ်သည်။ ခန္ဓာကိုယ်တွင်းရှိ ယန်ဓာတ် ကို အခြေခံထားပြီး၊ ကျောက်ထျန်းတံဆိပ် နှင့် နဂါးငါးကောင်စက်ဝိုင်း ကဲ့သို့သော ဒဏ္ဍာရီလာ မီးလက်နက်များ၏ နတ်မီးလျှံ များကို ပေါင်းစပ်ထားခြင်း ဖြစ်သည်။
အသက်မီးတစ်လုပ် မှုတ်ထုတ်လိုက်ရုံဖြင့် မိစ္ဆာများကို လောင်ကျွမ်းစေနိုင်၏။ အထူးသဖြင့် ဝိညာဉ်သရဲများအတွက် ဤမီးမှာ အပြင်းထန်ဆုံးသော အဟန့်အတား ဖြစ်သည်။
ထိုမှော်အတတ်ကို နောက်တစ်ဆင့် တက်လှမ်းနိုင်ပါက တာအိုကျောင်းတော်များ၏ သမာဓိမီးစစ် အဖြစ် ကျင့်ကြံနိုင်မည် ဖြစ်ပြီး၊ ထိုအခါတွင် မိစ္ဆာများကို နှိမ်နင်းရာ၌ အစွမ်းကုန် အောင်မြင်နိုင်ပေလိမ့်မည်။
စောစောက အကျယ်လောင်ဆုံး အော်ဟစ်ခဲ့သည့် အစ်မကြီး (ခြေကျင်းဝတ်တွင် ခေါင်းလောင်းချည်ထားသည့် အမျိုးသမီး) မှာ လီယန်ချူးကို သတ်ရန် အော်ဟစ်ကာ ဝိညာဉ်အလင်းတန်းကို ပစ်လွှတ်လိုက်စဉ်က ရှေ့ဆုံးက တက်လာသယောင် ရှိသော်လည်း၊ အမှန်တကယ်တွင်မူ သူမ၏ ခန္ဓာကိုယ်မှာ နောက်သို့ ဆုတ်နေခြင်း ဖြစ်သည်။
သူမသည် တစ်စုံတစ်ခု မှားယွင်းနေကြောင်း ဗီဇအရ ခံစားမိသည်။ ယခုညသည် မြွေကို တွင်းထဲက ဆွဲထုတ်သည့်အလား ထိုဓားသမားလူငယ်ကို အဝေးသို့ မျှားခေါ်သွားပြီးမှ စာသင်သား၏ အသက်ဓာတ်ကို စုပ်ယူရန် လာခဲ့ခြင်း ဖြစ်သော်လည်း၊ ယခုမှ သူမ သတိဝင်လာတော့သည်။
ထိုစာသင်သားမှာ အမှန်တကယ်တွင်မူ ကြောက်မက်ဖွယ်ကောင်းလှသော ကျားရဲတစ်ကောင်သာ ဖြစ်ပြီး၊ သူတို့တစ်တွေ သူတို့ဘာသာ ပိုက်ကွန်ထဲ တိုးဝင်လာမည့်အချိန်ကို စောင့်နေခြင်းသာ ဖြစ်သည်။
အားလုံးပေါင်းပြီး သတ်မယ် ဟုတ်လား စိတ်ကူးမနေပါနဲ့၊ နံပါတ် ၅ ကို လက်ဝါးတစ်ချက်တည်းနဲ့ ရိုက်သတ်လိုက်တာ မမြင်ဘူးလား။
ထိုစာသင်သားသာ ဤအခန်းထဲက မည်သူ့ကိုမဆို သတ်ချင်လျှင် မည်သူမျှ သူ၏ လက်ဝါးတစ်ချက်ကို တောင့်ခံနိုင်မည် မဟုတ်ပါချေ ထို့ကြောင့် ထိုအမျိုးသမီးမှာ အပြင်းအထန် နောက်သို့ ဆုတ်ပြေးတော့သည်။
သို့သော် လီယန်ချူးက အသက်မီးတစ်လုပ် မှုတ်ထုတ်ရုံဖြင့် အခန်းထဲရှိ ညီမများအားလုံးကို ခြေမှုန်းပစ်လိုက်လိမ့်မည်ဟု သူမ အိပ်မက်ပင် မက်မထားခဲ့ပါ။
ထိုညှို့ယူလိုသော အမျိုးသမီးမှာ အတင်းအဓမ္မ နောက်သို့ ဆုတ်ပြေးနေစဉ်
“ရပ်စမ်း ”
လီယန်ချူးက ချုပ်နှောင်ခြင်းအတတ် ကို အသုံးပြုလိုက်ရာ၊ ခြေကျင်းဝတ်တွင် ခေါင်းလောင်းချည်ထားသည့် အမျိုးသမီးမှာ တစ်ခဏချင်းမှာပင် ငြိမ်ကျသွားတော့သည်။
အမျိုးသမီးမှာ ကြောင်အသွားရ၏။
နတ်ဘုရားများ၏ ချုပ်နှောင်ခြင်းအတတ် ဒီစာသင်သားက တကယ်တမ်း ဘယ်သူလဲ။
လီယန်ချူးက သူမ၏ အနားသို့ ရောက်ရှိလာကာ ရင်ဘက်ထဲမှ တရားသူကြီးကလောင်တံ တစ်ချောင်းကို ထုတ်ယူလိုက်သည်။ ထိုကလောင်မှ ထွက်ပေါ်လာသော ပြင်းထန်လှသော ဖိအားကြောင့် အမျိုးသမီး၏ မျက်ဝန်းထဲတွင် ထိတ်လန့်မှုများ ပြည့်နှက်သွားတော့သည်။
တရားသူကြီး ဆိုသည်မှာ ငရဲပြည် ၏ အဆင့်မြင့် အရာရှိကြီး ဖြစ်သည်။ တရားသူကြီးကလောင်မှာလည်း ငရဲပြည်၏ အစွမ်းထက်လှသော လက်နက်တစ်ခု ဖြစ်ရာ၊ သူတို့ကဲ့သို့ သာမန်သရဲလေးများမှာ ထိုကလောင်ကို မြင်လိုက်ရုံဖြင့် ဝိညာဉ်များ တုန်ရီသွားကာ ပြန်လည်ခုခံရန် စိတ်ကူးပင် မရှိတော့ပါချေ။
လီယန်ချူးက တရားသူကြီးကလောင်ကို သုံး၍ ထိုအမျိုးသမီး၏ အစွမ်းများကို ချိတ်ပိတ်လိုက်ပြီးနောက်၊ သူမ၏ ကိုယ်ပေါ်ရှိ ချုပ်နှောင်ခြင်းအတတ်ကို ဖြေလျှော့ပေးလိုက်သည်။ အမျိုးသမီးမှာ ခွေခနဲ လဲကျသွား၏။ သူမ၏ ပါးလွှာလှသော အဝတ်အစားများကြားတွင် ယခုအချိန်၌ အင်မတန် သနားစဖွယ်ကောင်းသော ပုံစံပေါက်နေကာ ရင်ခုန်စရာ ကောင်းလှသည်။
“ကျမကို မသတ်ပါနဲ့ သခင်လေး... မသတ်ပါနဲ့...သခင်လေး ခိုင်းတာမှန်သမျှ ကျမ အကုန်လုပ်ပါ့မယ်”
ခြေကျင်းဝတ်တွင် ခေါင်းလောင်းချည်ထားသည့် အမျိုးသမီးက တိုးလျှိုးတောင်းပန်နေတော့သည်။ အမှန်ပင် အမျိုးသားတို့ကို ညှို့ယူဖမ်းစားနိုင်သော အလှပိုင်ရှင်ပင်။
“ငါ တစ်ခါပဲ မေးမယ်၊ အဲဒီ မိုးမခပင်မိစ္ဆာ ဘယ်မှာလဲ”
လီယန်ချူး၏ မျက်နှာမှာ တည်ကြည်အေးစက်နေကာ အမျိုးသမီး၏ စကားကို အရေးပင် မစိုက်ပါချေ။
“ဒီနေရာကနေ ဆယ်မိုင်လောက်ဝေးတဲ့ တောနက်ထဲမှာ ရှိပါတယ်။ အဲဒီမှာ ကျိုးနေတဲ့ သစ်ပင်ငုတ်တို တစ်ခုရှိတယ်၊ အဲဒါကတော့...”
မိန်းမပျိုလေး၏ စကားမဆုံးခင်မှာပင် သူမ၏ မျက်လုံးများ ပြူးကျသွားကာ အလွန်အမင်း နာကျင်နေသည့် ပုံစံမျိုး ဖြစ်သွားသည်။ တစ်ခဏအတွင်းမှာပင် သူမ၏ ကိုယ်ခန္ဓာမှာ ပေါက်ကွဲထွက်သွားကာ ဘာမှမကျန်တော့ဘဲ ဝိညာဉ်အဖြစ် ပျောက်ကွယ်သွားတော့သည်။
“တားမြစ်ချက် လား”
လီယန်ချူး၏ မျက်ဝန်းများထဲတွင် စဉ်းစားခန်း ဝင်သွားသည်။
သူသည် ရှင်းဟုန်ယဲ့၏ အခန်းသို့ သွားလိုက်သည်။ ရှင်းဟုန်ယဲ့မှာ ယခုအချိန်တွင် အစီရင်ဗဟို၌ ထိုင်နေပြီး၊ သူမ၏ ကိုယ်ပေါ်တွင် ရွှေရောင်အလင်းတန်းများ မှိန်ပြပြ ထွက်ပေါ်နေကာ ဆန်းကြယ်လှသော အစီရင်များက သူမကို ကာကွယ်ပေးထားသည်။
“မိုးမခပင်မိစ္ဆာရဲ့ နေရာကို သိလိုက်ရပြီ။ ဒါပေမဲ့ သေချာ ထပ်မေးဖို့ အချိန်မရလိုက်ခင်မှာပဲ အစဖျောက်ခံလိုက်ရတယ်”
ဟု လီယန်ချူးက ပြောလိုက်သည်။
ရှင်းဟုန်ယဲ့သည် စောစောက လီယန်ချူး၏ အခန်းအတွင်းမှ ထွက်ပေါ်လာသော ကြောက်မက်ဖွယ်ကောင်းလှသည့် အသက်မီးအရှိန်အဝါ ကို ခံစားမိခဲ့သည်။ တကယ့်ကို တုန်လှုပ်စရာကောင်းလှ၏။
“ကျမ အစီရင်တွေ ချထားတော့ စောစောက အကုန်လုံး ကြားလိုက်ရပါတယ်။ ရှင် အခု ဘယ်လိုလုပ်ဖို့ စိတ်ကူးထားလဲ ”
ဟု ရှင်းဟုန်ယဲ့က မေးသည်။
လီယန်ချူးက တည်ငြိမ်စွာ ဆိုလိုက်သည်။
“ဒီမိုးမခပင်မိစ္ဆာက ဒီဘုရားကျောင်းထဲမှာ တစ်ခုခု ချန်ထားခဲ့တာ ဖြစ်ရမယ်၊ ဒါကြောင့် ငါတို့ရဲ့ လှုပ်ရှားမှုတွေကို စောင့်ကြည့်နေနိုင်တာ။ သူ့ကို ရှာပြီး သတ်ပစ်ရုံပဲ”
လန်ရော့ဘုရားကျောင်းမှ ဆယ်မိုင်အကွာရှိ ရေပေါ်ပြာသာဒ်ဆောင်အတွင်း၌...
အဘွားအိုပုံစံ ဖန်တီးထားသော မိုးမခပင်မိစ္ဆာသည် ရှေ့ရှိ ရေမှန်ကို ကြည့်နေရင်း လီယန်ချူး၏ အေးစက်လှသော လေသံနှင့် အကြည့်များကို မြင်တွေ့လိုက်ရသောအခါ ဒေါသကြောင့် ဆံပင်များပင် ထောင်ထသွားတော့သည်။
“မောက်မာလှချည်လား... ငါ့ရဲ့ ဒီရတနာနယ်မြေထဲကို မင်း တကယ်ပဲ ရှာတွေ့နိုင်မယ် ထင်နေတာလားတကယ်လို့ မင်း ရောက်လာခဲ့ရင်တောင်... ငါက မင်းကို အရှင်လတ်လတ် ပြန်မထွက်သွားနိုင်အောင် လုပ်ပစ်မယ် ”
သူမ၏ မျက်ဝန်းများထဲတွင် သတ်ဖြတ်လိုသော အရှိန်အဝါများ အတိုင်းသား ပေါ်လွင်နေတော့သည်။