အခန်း (၆၃၃-၆၃၄)
Vol. 64 Ch. 633-634
အခန်း (၆၃၃) - မွေးရာပါဓားနှလုံးသား ၊ လူရှာရန် အရှင်းဆုံးနည်းလမ်း ၊ အသက်ဝင်နေသော သစ်သားဓား ၊ လျှာ
ရှပ်... ရှပ်... ရှပ်
ဓားအလင်းတန်းများ ဝင်းခနဲ လက်သွားကာ လေထုကို ဖြတ်သန်းသွားသည့် ပြင်းထန်သော အသံများ ထွက်ပေါ်လာ၏။ အမည်းရောင် အရိပ်တစ်ခုမှာ အခုတ်ခံလိုက်ရသဖြင့် မြေပြင်ပေါ်သို့ ဘုတ်ခနဲ ပြုတ်ကျသွားတော့သည်။
ဒုန်း
ဝေဟန် သေချာကြည့်လိုက်မှ ယင်းမှာ သစ်ပင်အမြစ် တစ်ပိုင်းတစ်စ ဖြစ်နေသည်ကို မြင်လိုက်ရသည်။
“အရာဝတ္ထုကို အသက်သွင်းပြီး ပုံဖော်ထားတာလား”
ဝေဟန်သည် ထိုအမည်းရောင်အရိပ်ကို သတ်ဖြတ်ပြီးနောက်တွင် မိမိကိုယ်မိမိ အလိမ်ခံလိုက်ရပြီဖြစ်ကြောင်း သတိပြုမိသွားသည်။
“မကောင်းတော့ဘူး၊ ဒါက မြွေကို တွင်းထဲက ဆွဲထုတ်တဲ့ အကွက်ပဲ ”
ဝေဟန် နောက်ကြောင်းပြန်လှည့်ရန် ပြင်လိုက်သော်လည်း၊ မြေပြင်အောက်မှ ရုပ်ဆိုးလှသော သစ်မြစ်အချို့မှာ ရုတ်တရက် မြေကြီးကို ဖောက်ထွက်လာတော့သည်။ ဝေဟန်သည် သူ၏ သစ်သားဓားကို တင်းတင်းဆုပ်ကိုင်လိုက်ရာ ဓားအရှိန်အဝါ များမှာ ဟုန်းဟုန်းတောက် ထွက်ပေါ်လာသည်။
တစ်ခဏချင်းမှာပင် သစ်မြစ်အချို့ကို ဘာအတားအဆီးမှ မရှိဘဲ ပိုင်းဖြတ်ပစ်လိုက်သည်။ သူ၏ လက်ထဲမှ သာမန် သစ်သားဓားမှာ ထူးခြားလှသည့် နတ်ဘုရားလက်နက်တစ်ခုကဲ့သို့ပင် ဖြစ်နေတော့သည်။
ဝေဟန်၏ ကြည်လင်သော ဓားနှလုံးသား က ပြင်းထန်လှသော မိစ္ဆာအရှိန်အဝါတစ်ခုကို ခံစားလိုက်ရသည်။ သူ၏ ထူထဲသော မျက်မှောင်များမှာ ချက်ချင်းပင် တွန့်ချိုးသွား၏။
“မိစ္ဆာ... ငါ့ရှေ့မှာ အခုချက်ချင်း ကိုယ်ထင်ပြစမ်း”
ဝေဟန်သည် လက်ဖြင့် ဓားဂါထာ ကို ဖော်လိုက်ရာ၊ လက်ထဲမှ သစ်သားဓားမှာ မြေပြင်ပေါ်သို့ တိုက်ရိုက် စိုက်ဝင်သွားတော့သည်။
ဝုန်း... ဝုန်း... ဝုန်း
မြေပြင်မှာ ဟက်တက်ကွဲသွားကာ မြေအောက်ထဲတွင် မြေနဂါးတစ်ကောင် သွားလာနေသည့်အလား လှုပ်ခတ်သွား၏။ ဓားအရှိန်အဝါများမှာ ဟိုမှသည်သို့ ဖြတ်သန်းသွားကာ အလွန်ပင် ထက်ရှလှသည်။
သစ်သားဓားမှာ မြေကြီးထဲမှ ပြန်လည် ထွက်ပေါ်လာသောအခါ၊ ကြောက်မက်ဖွယ်ကောင်းပြီး ရုပ်ဆိုးလှသည့် သစ်ပင်လူသားတစ်ဦးကို ဓားဦးဖြင့် ထိုးမြှောက်လျက် ပါလာခဲ့သည်။ ထိုသစ်ပင်လူသားမှာ အသက်ဓာတ် ကင်းမဲ့သွားပြီဖြစ်သဖြင့် သေဆုံးသွားပြီ ဖြစ်သည်။
“ဒါလည်း အစစ်မဟုတ်ဘဲ ကိုယ်ပွား တစ်ခုပဲလား”
“သတ္တိရှိရင် ထွက်ခဲ့စမ်း မိစ္ဆာ... ထွက်လာပြီး အသေခံလှည့် ”
ဟု ဝေဟန်က ဆဲဆိုကြိမ်းမောင်းလိုက်သည်။
သူသည် ထိုသစ်သားဓားကို ကိုင်ထားသည်မှာ တောင်ပေါ်သား ရွာသားတစ်ဦးနှင့် တူလှသည်။ သို့သော် ထိုသစ်သားဓားမှာ အမှန်တကယ်ပင် အစွမ်းထက်လှပြီး သစ်ပင်အောက်ရှိ သစ်မြစ်များကို တိုက်ရိုက်ပင် သံမှိုရိုက်သကဲ့သို့ စိုက်သတ်ထားနိုင်၏။ ဝေဟန်သည် တာအိုကျောင်းတော်များ၏ ထောက်လှမ်းရေး မှော်အတတ်များကို နားမလည်ပါချေ။ သို့သော် သူ့တွင် ကိုယ်ပိုင်နည်းလမ်း ရှိပါသည်။
မည်သည့် လှုပ်ရှားမှုမျှ မရှိသည်ကို မြင်သောအခါ၊ သူသည် အတန်ကြာ စဉ်းစားလိုက်ပြီးမှ ဆဲဆိုတော့သည်။
“ရုပ်ဆိုးတဲ့ မိုးမခပင်မိစ္ဆာမ နင်က သာမန်လူတွေကိုပဲ ဒုက္ခပေးရဲတာလား ဘိုးဘိုးက ဒီမှာရှိတယ်၊ ဘိုးဘိုးရှေ့ကို ထွက်ခဲ့စမ်း နင့်ရဲ့ အီးတွေ၊ ဆီးတွေ ထွက်လာအောင် ငါ ရိုက်ပြမယ် ”
“မိုးမခပင်မိစ္ဆာတွေက ယောက်ျားလည်းမဟုတ်၊ မိန်းမလည်းမဟုတ် နပုလ္လိင် တွေလို့ ပြောကြတယ်၊ နင်လည်း အဲဒီလို အရာမျိုးပဲ ဖြစ်ရမယ် နင်က လိပ်လိုပဲ ခေါင်းကို အထဲသွင်းပြီး ပုန်းနေမှာလား ဒီလိုနဲ့များ မိစ္ဆာကြီး လုပ်နေသေးတယ်၊ ငါ နင့်ကို ပိုင်းဖြတ်ပြီး အိမ်သာ ဆောက်ပစ်လိုက်မယ် ”
ဝေဟန်သည် နည်းစနစ် တစ်စက်ကလေးမျှ မပါဘဲ စိတ်ပါလက်ပါကို သုံးမိနစ်၊ ငါးမိနစ်ခန့် ဆဲဆိုနေတော့သည်။ အကယ်၍ သူ၏ ဆရာဖြစ်သော ထိပ်တန်း ဓားသိုင်းပညာရှင်ကြီးသာ ထိုနေရာ၌ ရှိနေလျှင်၊ မျက်နှာကို လက်နှင့်အုပ်ကာ ထိုတပည့်မိုက်ကို သတ်ပြီး ဂိုဏ်းဝင်စာရင်းမှ ပယ်ထုတ်ပစ်မိပေလိမ့်မည်။
ဤမျှအထိ ဂိုဏ်းသိက္ခာကို ဖျက်ဆီးမည့် တပည့်ကို ရွေးချယ်မိသည်မှာ နောင်တရစရာပင်။
အခြားသူများမှာ မိစ္ဆာများကို နှိမ်နင်းရာတွင် တကယ့်အစွမ်းဖြင့် ထိပ်တိုက်ရင်ဆိုင်ကြသော်လည်း၊ ဤဝေဟန်မှာမူ လမ်းဘေးတွင် ရန်ဖြစ်သည့်အတိုင်း ဆဲဆိုနေခြင်း ဖြစ်သည်။ ဝေဟန်မှာ တရားရုံးချုပ် အရာရှိကြီး ဝမ်လောင်အာ မှ ရှာဖွေမတွေ့ရှိမှီက ရွာထဲတွင် ဘာအလုပ်မှမရှိဘဲ လေလွင့်နေသည့် လူငယ်တစ်ဦးသာ ဖြစ်သည်။
နေတိုင်း သစ်သားဓားတစ်ချောင်းကို ကိုင်ကာ အလုပ်မဟုတ်သည်များကို လုပ်နေပြီး၊ အမြဲတမ်း မိမိကိုယ်မိမိ လောက၌ နံပါတ်တစ် ဓားသမား ဖြစ်ရမည်ဟု အိပ်မက်မက်နေသူ ဖြစ်သည်။ သို့သော် ရွာထဲတွင် ဘယ်မှာလျှင် ကျော်ကြားသော ဓားသမား ရှိပါမည်နည်း သူ၏ အိမ်မှာလည်း အင်မတန် ဆင်းရဲလှသဖြင့် မိန်းမပင် မယူနိုင်ခဲ့ပါချေ။
ကံကောင်းထောက်မစွာဖြင့် ဝမ်လောင်အာက ထိုကောင်လေးတွင် မွေးရာပါ ဓားနှလုံးသား ရှိနေသည်ကို မြင်သွားသဖြင့်၊ တရားရုံးတော်ချုပ်သို့ ခေါ်လာကာ ဓားသိုင်းပညာရှင်ကြီးတစ်ဦးထံတွင် ဓားပညာ သင်ကြားစေခဲ့သည်။ ဝေဟန်ကလည်း ကြိုးစားအားထုတ်လှသဖြင့် သူ၏ မွေးရာပါ ဓားနှလုံးသား အရည်အချင်းကို အကျိုးရှိရှိ သုံးနိုင်ခဲ့သည်။
အမျိုးမျိုးသော ဓားသိုင်းပညာများကို လက်ဖဝါးပေါ်က ရေကဲ့သို့ ကျွမ်းကျင်ခဲ့၏။ တရားရုံးတော်ချုပ်၏ လူငယ်မျိုးဆက်များထဲတွင် လူတစ်ပိုင်း၊ မိစ္ဆာတစ်ပိုင်း ဖြစ်သော ကျန်းလီ တစ်ဦးတည်းသာလျှင် သူနှင့် အစွမ်းချင်း တူညီနိုင်ပြီး၊ သူတို့နှစ်ဦးမှာ ဒုတိယအဆင့်၏ အထွတ်အထိပ် စွမ်းအားရှင်များ ဖြစ်ကြသည်။ ဝါရင့် ကျင့်ကြံသူများစွာမှာပင် ထိုမွေးရာပါ ဓားနှလုံးသား ပိုင်ရှင်ကို ယှဉ်နိုင်စွမ်း မရှိကြပါချေ။
သူ့ကို ဝမ်လောင်အာက တရားရုံးတော်ချုပ်တွင် ယန်ဝိညာဉ်အဆင့်သို့ အမြန်ဆုံး တက်လှမ်းနိုင်မည့် ပါရမီရှင် လူငယ်တစ်ဦးအဖြစ် သတ်မှတ်ထားသည်။ သို့သော် ထိုပါရမီရှင်သည် သီးသန့်အချိန်တွင် မိစ္ဆာများကို နှိမ်နင်းသည့် ပုံစံမှာမူ တကယ့်ကို ခေါင်းကိုက်စရာပင်။
ဝေဟန်ကမူ ထိုအချက်ကို အရေးမစိုက်ပါချေ။ သူ၏ နည်းလမ်းမှာ တကယ်ပင် ထိရောက်သွားလိမ့်မည်ဟု မည်သူ ထင်ထားပါမည်နည်း။ ဤကဲ့သို့ ဈေးသည်မများ ရန်ဖြစ်သလို ဆဲဆိုလိုက်ခြင်းက မူလက ကိုယ်ထင်မပြလိုသော မိုးမခပင်မိစ္ဆာကို အမှန်တကယ်ပင် ဆွဲထုတ်လိုက်နိုင်တော့သည်။
အေးစက်လှသော လေပြင်းများ တိုက်ခတ်လာကာ မိစ္ဆာအရှိန်အဝါများ ဖုံးလွှမ်းသွားပြီးနောက်၊ ခန္ဓာကိုယ် ထွားကြိုင်းလှသည့် အဘွားအိုတစ်ဦး လျှောက်လာခဲ့သည်။ သူမ၏ ဘေးတွင် မိန်းမပျိုလေး အချို့က တွဲကူလာကြ၏။
“မျိုးမစစ်လေး... နင် ဘယ်သူ့ကို လာဆဲနေတာလဲ”
မိုးမခပင်မိစ္ဆာမှာ ဒေါသထွက်နေရသည်။ အထွတ်အထိပ် မိစ္ဆာကြီးတစ်ဦးအနေဖြင့် သူမအား ထိုကဲ့သို့ ဆဲဆိုခြင်းကို တစ်ခါမျှ မခံဖူးပါချေ အမှန်တကယ်တွင်မူ သူမသည် ဤဓားကျင့်ကြံသူနှင့် မတိုက်ခိုက်လိုသော်လည်း၊ ကြားရသည်မှာ ပို၍ ပို၍ ဒေါသထွက်စရာ ကောင်းလာသောကြောင့်ပင်။
သူမ အပင်ပန်းခံ ပြုစုပျိုးထောင်ထားသည့် ဝိညာဉ်သရဲများကို စာသင်သားတစ်ဦးက သတ်ပစ်ခဲ့သည်။ ထိုစာသင်သားက မောက်မာသည့် စကားများကို ပြောရုံတင်မက၊ သစ်သားဓားကို ကိုင်ထားသည့် ဒီကောင်စုတ်ကလည်း ဤနေရာမှာ လာ၍ ဆဲဆိုနေသေးသည်။
မိုးမခပင်မိစ္ဆာသည် များများစားစား စဉ်းစားမနေတော့ဘဲ၊ ဤဓားကျင့်ကြံသူကို အသက်ဓာတ်များ စုပ်ယူကာ လူခြောက်အဖြစ် ပြုလုပ်ပစ်ရန် ကိုယ်ထင်ပြလိုက်တော့သည်။
“နင့်ရဲ့ အသံကိုလည်း နားထောင်ဦး၊ နင့်ရုပ်ကိုလည်း ပြန်ကြည့်ဦး၊ ငါက နင့်ကို ဆဲနေတာ မဟုတ်ဘူး၊ ငါက အမှန်တရားကို ပြောနေတာ ”
ဝေဟန်က မထီမဲ့မြင် ဆိုလိုက်သည်။
မိုးမခပင်မိစ္ဆာက စကားအပို မပြောတော့ဘဲ ပါးစပ်ကို ဟလိုက်ရာ၊ အမည်းရောင် အရိပ်တစ်ခုမှာ အရှိန်အဟုန်ဖြင့် ပြေးထွက်လာတော့သည်။ မျက်စိတစ်မှိတ်အတွင်းမှာပင် ဝေဟန်၏ မျက်စိရှေ့သို့ ရောက်ရှိလာ၏။
ဝေဟန်က သစ်သားဓားကို ဝှေ့ယမ်းကာ တိုက်ရိုက် ပိုင်းဖြတ်လိုက်သည်။
ဒေါင်
မီးပွင့်သွားသည့် တစ်ခဏချင်းမှာပင် ထိုသစ်သားဓားမှာ အမည်းရောင်အရိပ်ကို မပိုင်းဖြတ်နိုင်ရုံတင်မက၊ ပြင်းထန်လှသော စွမ်းအားကြောင့် နောက်သို့ပင် လွင့်ထွက်သွားရသည်။ ထိုအမည်းရောင်အရိပ်မှာ အရိပ်တစ်ခုကဲ့သို့ပင် ထပ်ကြပ်မကွာ လိုက်လံ တိုက်ခိုက်နေတော့သည်။
ဝေဟန်သည် လေထဲတွင် ခိုနားစရာ နေရာမရှိသဖြင့်၊ လက်ထဲမှ သစ်သားဓားမှာ အသက်ရှိနေသည့်အလား သူ့ကို ဆွဲခေါ်ကာ တစ်ဖတ်သို့ လှည့်ထွက်သွားစေသည်။ ဤအကွက်မှာ မင်ဟော် ၏ ဓားပျံအတတ် နှင့် အနည်းငယ် ဆင်တူလှသည်။
အမည်းရောင်အရိပ်က ထပ်မံ ခုန်အုပ်လာပြန်သည်။
ဂျွတ်
ကြီးမားလှသော သစ်ပင်ကြီးတစ်ပင်ကို ခါးလယ်မှ ပိုင်းဖြတ်ပစ်လိုက်၏။ ဤမျှ ပြင်းထန်လှသော စွမ်းအားမှာ တုန်လှုပ်စရာပင်
ဝေဟန်က လက်ချောင်းများကို ဓားကဲ့သို့ ထားကာ သစ်သားဓားပေါ်သို့ ပွတ်ဆွဲလိုက်သည်။ သစ်သားဓားမှာ ချက်ချင်းပင် အလင်းတန်းများ ထွက်ပေါ်လာသည်။
အုန်
နဂါးဟိန်းသံတစ်ခု ထွက်ပေါ်လာပြီးနောက် ဓားဖြင့် တစ်ချက် ပိုင်းချလိုက်သည်။
တိန်
မီးပွင့်သွားပြန်သော်လည်း၊ သစ်သားဓား၏ စွမ်းအားကို အစွမ်းကုန် ထုတ်ဖော်လိုက်သည့်တိုင် ဝေဟန်မှာ ထိုအမည်းရောင်အရိပ်ကို မဖြိုခွဲနိုင်သေးပါချေ။ ဝေဟန်၏ ခန္ဓာကိုယ်မှာ လှုပ်ရှားသွားပြီး တစ်ခဏချင်းမှာပင် ဆယ်လံခန့် နောက်သို့ ဆုတ်လိုက်သည်။
“ဒါ ဘာသရဲသတ္တဝါလဲ”
သူသည် ထိုအရာကို အံ့ဩတကြီး ကြည့်လိုက်သည်။ သေချာပင် မမြင်ရသေးမီမှာပင် ထိုအမည်းရောင်အရိပ်မှာ ပုပ်စပ်ညှီဟောင်သော အနံ့အသက်များနှင့်အတူ ထပ်မံ ပျံသန်းလာပြန်သည်။ မြွေကြီးတစ်ကောင်နှင့် တူသော်လည်း ပြားချပ်ပြီး ကျယ်ပြန့်လှကာ၊ ဆီအလိမ်းလိမ်းနှင့် ပုပ်စပ်နေသည့် စောင်စုတ်ကြီး တစ်ထည်နှင့် တူလှသည်။
အနံ့မှာ အင်မတန် ပြင်းလှ၏ ဝေဟန်သည် ထိုအနံ့ကို ရှူမိလိုက်သည်နှင့် ဦးခေါင်းမှာ မူးနောက်သွားရသည်။
ဘုန်း
သူသည် ထိုအမည်းရောင်အရိပ်၏ ရိုက်ပုတ်ခြင်းကို ခံလိုက်ရသဖြင့် လွင့်ထွက်သွားကာ သစ်ပင်တစ်ပင်နှင့် အားပါပါ တိုက်မိတော့သည်။ သို့သော် ထိုသစ်ပင်ကြီး ကျိုးမသွားမီမှာပင် အမည်းရောင်အရိပ်မှာ ဝေဟန်နှင့် သစ်ပင်ကိုပါ ပတ်ချည်လိုက်တော့သည်။
ဝေဟန်၏ လက်မောင်းများမှာ အတင်းချည်နှောင်ခံထားရသဖြင့် လှုပ်ရှား၍ မရတော့ပါချေ။ ထိုအချိန်မှသာ သူ သိလိုက်ရသည်မှာ သူ၏ကိုယ်ပေါ်တွင် စေးကပ်နေသည့် အမည်းရောင်အရိပ်မှာ အခြားမဟုတ်ဘဲ မိုးမခပင်မိစ္ဆာ၏ လျှာ ပင် ဖြစ်သည် ကိုယ်ပေါ်မှ အရည်များမှာ အင်မတန် ရွံရှာဖွယ်ကောင်းလှပြီး အဆိပ်အတောက်များလည်း ပါရှိနေသည်။
ဝေဟန်၏ စိတ်မှာ ဝေဝေဝါးဝါး ဖြစ်လာတော့သည်။
“သွားစမ်း ”
ဝေဟန်က အော်ဟစ်လိုက်ရာ၊ လက်ထဲမှ သစ်သားဓားမှာ လက်ထဲမှ လွတ်ထွက်သွားပြီး ပျံသန်းသွားတော့သည်။
ဖတ်
သူ၏ကိုယ်ပေါ်ရှိ မိုးမခပင်မိစ္ဆာ၏ လျှာကို တိုက်ရိုက် ပိုင်းဖြတ်ပစ်လိုက်သည်။ ဝေဟန်၏ အငွေ့အသက်မှာ ချက်ချင်းပင် အနည်းငယ် ကျဆင်းသွားကာ မျက်နှာမှာလည်း စိမ်းဖန့်ဖန့် ဖြစ်သွားရသည်။
အငွေ့အသက် ကျဆင်းသွားရသည်မှာ သစ်သားဓား၏ အစွမ်းကို ထုတ်ဖော်ရန် စွမ်းအားများစွာ သုံးလိုက်ရသောကြောင့် ဖြစ်ပြီး၊ မျက်နှာ စိမ်းသွားရသည်မှာ မိုးမခပင်မိစ္ဆာ၏ အဆိပ်မိသွားသောကြောင့်ပင်။
မိုးမခပင်မိစ္ဆာမှာ နာကျင်လွန်းသဖြင့် အော်ဟစ်လိုက်သည်။
“သူ့ကို ဖမ်းခဲ့စမ်း၊ ငါ သူ့ကို အသက်ဓာတ်တွေ အကုန်စုပ်ယူပစ်မယ် ”
မိုးမခပင်မိစ္ဆာက ကြိမ်းမောင်းလိုက်ကာ ဘေးရှိ မိန်းမပျိုလေး လေးဦးကို အမိန့်ပေးလိုက်သည်။
ထိုမိန်းမပျိုလေးများသည်လည်း လူ၏ အသက်ဓာတ်ကို စုပ်ယူသည့် ဝိညာဉ်သရဲများ ဖြစ်ကြပြီး၊ အမိန့်ရသည်နှင့် တစ်ပြိုင်နက် ပျံသန်းသွားကြတော့သည်။
လှုပ်ရှားမှုမှာ လျင်မြန်လှကာ ဝိညာဉ်ကိုယ်ထည်မှာလည်း ခိုင်မာလှသဖြင့် သာမန် လေလွင့်သရဲများနှင့် မတူပါချေ။ အနည်းဆုံးတော့ ဒုတိယအဆင့် မှာ ရှိကြသည်။
“ဒီသရဲတွေက ဒီလောက်တောင် တိုက်နိုင်တာလား”
ဝေဟန်က သစ်သားဓားကို ဝှေ့ယမ်းကာ ပိုင်းဖြတ်လိုက်သော်လည်း သရဲမ လေးဦးလုံးကို တစ်ချက်တည်းနှင့် မသတ်နိုင်ခဲ့ပါချေ။ ထိုသရဲမလေးဦးမှာ လျင်မြန်စွာ ရှောင်တိမ်းသွားကြပြီးနောက်၊ ထူးဆန်းလှသော အစီရင်တစ်ခုဖြင့် ဝေဟန်ကို ဝိုင်းရံထားလိုက်ကြသည်။
ဖတ်
ဝေဟန်က ဓားအရှိန်အဝါကို သုံး၍ သရဲမတစ်ဦးကို အင်တိုက်အားတိုက် သတ်ဖြတ်လိုက်နိုင်သည်။ သို့သော် သူ၏ကိုယ်ပေါ်တွင်လည်း အခြားသရဲမတစ်ဦး၏ ကုတ်ခြစ်ခြင်းကို ခံလိုက်ရ၏။ သူသည် ချက်ချင်း လှည့်ကာ ထိုသရဲမ၏ ပါးစပ်ကို ဓားဖြင့် ထိုးသွင်းလိုက်သည်။
သစ်သားဓားကို သရဲမ၏ ပါးစပ်ထဲတွင် မွှေနှောက်လိုက်ကာ လည်ချောင်းထဲအထိ ထိုးထည့်လိုက်ရာ၊ သရဲမမှာ မျက်လုံးများ ပြူးသွားတော့သည်။ ဓားအရှိန်အဝါများ ပေါက်ကွဲထွက်သွားပြီးနောက် ထိုသရဲမမှာ တစ်ခဏချင်းမှာပင် ဝိညာဉ် လွင့်စင်သွားတော့သည်။
သို့သော် ကျန်ရှိနေသည့် သရဲမနှစ်ဦး၏ တိုက်ခိုက်မှုမှာလည်း ရောက်ရှိလာပြီ ဖြစ်သည်။ သူတို့၏ အရှိန်မှာ အလွန်ပင် လျင်မြန်လှပြီး၊ ထက်ရှလှသော ဝိညာဉ်လက်သည်းများဖြင့် ဝေဟန်၏ ကျောပြင်ကို တိုက်ရိုက် ကုတ်ခြစ်လိုက်တော့သည်။
ဝေဟန်သည် ဘာမှ စဉ်းစားမနေတော့ဘဲ နောက်ပြန်လှည့်ကာ ဓားဖြင့် ပိုင်းချလိုက်သည် ထက်ရှလှသော ဓားအရှိန်အဝါမှာ လေထဲတွင် လခြမ်းကွေးပုံသဏ္ဌာန် တစ်ခုကို ဖန်တီးလိုက်သည်။
လရောင်တစ်စကဲ့သို့ပင် ပြင်းထန်သော ဓားဆန္ဒ များ ပါဝင်နေတော့သည်။
အခန်း (၆၃၄) - ကိုယ်ပွားအတတ် ၊ ဓားအရှိန်အဝါ နဂါးအသွင်ပြောင်းလဲခြင်း ၊ အချည်းနှီးဖြစ်သွားသော တိုက်ကွက် ၊ ဒီကျောပြင်က တကယ့်ကို လန်းတာပဲ
ဖတ်
အရှိန်ပြင်းပြင်းဖြင့် တိုးဝင်လာသော သရဲမတစ်ကောင်မှာ ဓားအရှိန်အဝါဖြင့် တိုက်ရိုက် အပိုင်းခံလိုက်ရကာ ဝိညာဉ်လွင့်စင် ပျောက်ကွယ်သွားတော့သည်။ သို့သော် ကျန်ရှိနေသည့် သရဲမတစ်ဦးမှာမူ သူမ၏ ခန္ဓာကိုယ်ကို ဆန်းကြယ်စွာ တွန့်လိမ်လှုပ်ရှားလိုက်သည်။
ဓားအရှိန်အဝါမှာ တစ်ခဏမျှ အဟန့်အတား ဖြစ်သွားချိန်တွင် သူမသည် သစ်သားဓားကို ရှောင်တိမ်းကာ ဝေဟန်၏ ရှေ့မှောက်သို့ ရောက်ရှိလာတော့သည်။ ဝေဟန်၏ ရင်ထဲ ထိတ်ခနဲ ဖြစ်သွား၏ စောစောက သူ ရန်သူကို အထင်သေးမိသွားပုံရသည်။
ဤဘုရားကျောင်းအတွင်းရှိ မိစ္ဆာသတ္တဝါများမှာ သူထင်ထားသည်ထက် ပို၍ အစွမ်းထက်လှရုံတင်မက၊ လှည့်စားမှုလည်း အင်မတန် များလှသည်။ အပြင်ပန်းကြည့်လျှင် လူသားတို့၏ အသက်ဓာတ်ကို စုပ်ယူသည့် သာမန် လေလွင့်သရဲများကဲ့သို့ အပြစ်ကင်းစင်ပုံ ပေါက်သော်လည်း၊ အမှန်တကယ်တွင်မူ ဝိညာဉ်ကိုယ်ထည်မှာ အင်မတန် ခိုင်မာကျစ်လျစ်လှပြီး လှုပ်ရှားမှုနှင့် တိုက်ခိုက်မှုများမှာလည်း လျင်မြန်လွန်းလှသည်။
သို့သော် ဝေဟန်သည် ဓားကျင့်ကြံသူ တစ်ဦး ဖြစ်သည်။ သူ၏ လက်ထဲမှ သစ်သားဓားမှာ ချက်ချင်းပင် ဖြူဖွေးသော အလင်းတန်းတစ်ခုကို ဖန်တီးလိုက်၏။
ဖတ်
မျက်စိတစ်မှိတ်အတွင်းမှာပင် ထိုသရဲမ၏ လက်မောင်းကို ပိုင်းဖြတ်ပစ်လိုက်သည်။ သရဲမမှာ နာကျင်လွန်းသဖြင့် စူးစူးဝါးဝါး အော်ဟစ်လိုက်သော်လည်း၊ မိုးမခပင်မိစ္ဆာ၏ အရှိန်အဝါကို ကြောက်ရွံ့သဖြင့် ထပ်မံ၍ ခုန်အုပ် တိုက်ခိုက်လာပြန်သည်။
“သွားစမ်း ”
ဝေဟန်က အော်ဟစ်လိုက်ရာ၊ လက်ထဲမှ သစ်သားဓားမှာ လွတ်ထွက်သွားပြီး ထိုသရဲမကို မြေပြင်ပေါ်၌ သံမှိုရိုက်သကဲ့သို့ စိုက်သတ်ထားလိုက်တော့သည်။ သို့သော် သူ လှည့်ကြည့်လိုက်သောအခါ မိုးမခပင်မိစ္ဆာ၏ အရိပ်အယောင်ကိုပင် မတွေ့ရတော့ပါချေ။
သူ၏ မျက်နှာ အေးစက်သွားကာ သစ်သားဓားကို ပြန်လည် သိမ်းဆည်းလိုက်စဉ်
ဝုန်း... ဝုန်း... ဝုန်း
ကြီးမားလှသော လက်ကြီးတစ်ဖက်မှာ မြေကြီးကို ဖောက်ထွက်လာပြီး ဝေဟန်၏ ခြေသလုံးကို လှမ်းဖမ်းကာ မြေအောက်ထဲသို့ ဆွဲသွင်းရန် ကြိုးစားတော့သည်။ ထိုလက်ကြီးတွင် အလွန်ပြင်းထန်လှသော စွမ်းအားများ ပါရှိနေသဖြင့် တစ်ခဏချင်းမှာပင် ဝေဟန်၏ ခန္ဓာကိုယ်မှာ မြေထဲသို့ နစ်မြုပ်လုနီးပါး ဖြစ်သွား၏။
သူသည် သစ်သားဓားကို အစွမ်းကုန် လှုံ့ဆော်လိုက်ရာ၊ ထက်ရှလှသော ဓားအရှိန်အဝါတစ်ခုမှာ ဒိုင်းခနဲ ပြေးထွက်သွားတော့သည်။ လေထုထဲတွင် နဂါးဟိန်းသံတစ်ခု ပေါ်ထွက်လာကာ၊ ဖြူဖွေးသော အငွေ့အသက်များဖြင့် ဖွဲ့စည်းထားသည့် နဂါးတစ်ကောင်မှာ မြေကြီးကို ဖောက်ထွင်းပြီး မြေအောက်သို့ တိုးဝင်သွားသည်ကို မှိန်ပြပြ မြင်လိုက်ရ၏။
ဓားအရှိန်အဝါ နဂါးအသွင်ပြောင်းလဲခြင်း
ယင်းမှာ ဝေဟန် လက်ရှိ ထုတ်ဖော်နိုင်သည့် အစွမ်းထက်ဆုံးသော ဓားအတတ် ဖြစ်သည်။ ဤဓားချက်ကို ထုတ်ဖော်လိုက်လျှင် တတိယအဆင့် အောက်ရှိ မည်သည့်အရာမဆို သေချာပေါက် အသေသတ်နိုင်ပေသည်။
ဝုန်း... ဝုန်း... ဝုန်း
ဓားအရှိန်အဝါများမှာ မြန်ဆန်လှစွာ ပေါက်ကွဲထွက်သွားပြီး ထိုလက်ကြီးကို အပိုင်းပိုင်း အစစဖြစ်အောင် ချေဖျက်ပစ်လိုက်သည်။ ထို့အတူ ကြီးမားလှသော မိစ္ဆာသတ္တဝါကြီးကိုပါ တစ်ပါတည်း ကြိတ်ခြေပစ်လိုက်၏။ ဝေဟန်၏ ရင်ထဲတွင် သက်ပြင်းတစ်ချက် ချနိုင်သွားသည်။
သို့သော် မကြာမီမှာပင် သူ၏ မျက်နှာမှာ ပြန်လည် အေးစက်သွားကာ ကျောရိုးထဲအထိ စိမ့်တက်သွားသော အအေးဓာတ်တစ်ခုကို ခံစားလိုက်ရသည်။ အကြောင်းမှာ စောစောက အဘွားအိုမှာ ယခုအခါတွင် အေးအေးဆေးဆေးပင် ပြန်လည် လျှောက်လှမ်းလာသောကြောင့်ပင်။ သူမ၏ ပါးစပ်ထောင့်တွင် သွေးအချို့ စီးကျနေပြီး မျက်နှာပေါ်တွင်လည်း လှောင်ပြုံးတစ်ခု ချိတ်ဆွဲထားသည်။
“ဓားအရှိန်အဝါ နဂါးအသွင်ပြောင်းတာလား မျိုးမစစ်လေး... နင့်မှာ ဒီလို နည်းလမ်းမျိုး ရှိလိမ့်မယ်လို့ ငါ မထင်ထားမိဘူး”
မိုးမခပင်မိစ္ဆာက ပြုံးလျက် ပြောလိုက်သည်။
“ဒါ... ဒါ ဘယ်လိုဖြစ်တာလဲ နင် ဘာလို့ မသေတာလဲ”
ဝေဟန်မှာ အားအင်ကုန်ခမ်းနေပြီ ဖြစ်သည်။ ခန္ဓာကိုယ်ထဲရှိ ကျင့်စဉ်စွမ်းအားများမှာ မိစ္ဆာမ၏ အဆိပ်ငွေ့ကို မတောင့်ခံနိုင်တော့ဘဲ မျက်နှာမှာလည်း စိမ်းဖန့်ဖန့် ဖြစ်နေတော့သည်။ သူ၏ ဓားအတတ်ကို ထိုမိစ္ဆာမက မည်သို့ ခုခံနိုင်သွားသည်ကို သူ နားမလည်နိုင်ပါချေ။
“ငါ့ရဲ့ မူလခန္ဓာကိုယ်ကတော့ နင့်ရဲ့ ဓားအရှိန်အဝါကို တောင့်ခံနိုင်မှာ မဟုတ်ပါဘူး၊ ဒါပေမဲ့ ကံဆိုးတာက နင် ပိုင်းဖြတ်လိုက်တာက ငါ့ရဲ့ ကိုယ်ပွား တစ်ခုပဲလေ”
မိုးမခပင်မိစ္ဆာက မကောင်းဆိုးဝါးဆန်ဆန် တခိခိ ရယ်မောလိုက်သည်။ ပတ်ဝန်းကျင်ရှိ သစ်ပင်များမှာလည်း တရှဲရှဲ မြည်ဟည်းလာကာ သရဲများ ရယ်မောနေသည့်အလား ခံစားရသည်။
ကိုယ်ပွား
ဝေဟန်၏ စိတ်ထဲ လေးလံသွားသည်။ ဤမိစ္ဆာမသည် မိုးမခပင်အားလုံးကို သူမ၏ ကိုယ်ပွားအဖြစ် ကျင့်ကြံထားခြင်းလား အကယ်၍ ထိုသို့သာဆိုလျှင် သူသည် တတိယအဆင့်သို့ ရောက်သည့်တိုင် သူမကို သတ်ရန် အင်မတန် ခက်ခဲပေလိမ့်မည်။
မိုးမခပင်မိစ္ဆာက ဝေဟန်၏ ဖြူလျော့နေသော မျက်နှာကို ကြည့်ကာ လှောင်ပြောင်စွာ ဆိုလိုက်သည်။
“နောက်တစ်ကြိမ် ဓားအရှိန်အဝါ နဂါးအသွင်ပြောင်းတာကို ထုတ်ဖော်နိုင်ဦးမှာလား အကယ်၍ ထုတ်ဖော်နိုင်ရင် ငါ နင့်ကို တစ်ကွက် အသာပေးလိုက်မယ်လေ”
မိစ္ဆာမ၏ မျက်နှာတွင် ကဲ့ရဲ့လိုသော အမူအရာများ ပြည့်နှက်နေသည်။ ဓားကျင့်ကြံသူတစ်ဦးမှာ သတ်ဖြတ်လိုစိတ် မည်မျှပင် ပြင်းထန်ပါစေ၊ သူမ၏ များပြားလှသော ကိုယ်ပွားများကို အကုန် ပိုင်းဖြတ်နိုင်မည် မဟုတ်ပါချေ။
ဝေဟန်မှာ မျက်နှာဖြူလျော့နေသော်လည်း၊ သူ၏မာန်ကို မလျှော့ဘဲ မိစ္ဆာမရှိရာသို့ တံတွေးဖြင့် ထွေးလိုက်ကာ ဒေါသတကြီး ဆဲဆိုလိုက်သည်။
“မိစ္ဆာမ... နင် ငါ့ကို သတ်ရင်လည်း နင့်ကို နှိမ်နင်းမယ့်သူ သေချာပေါက် ပေါ်လာမှာပဲ၊ တရားရုံးတော်ချုပ်က နင့်ကို လွှတ်ထားမှာ မဟုတ်ဘူး ”
“တရားရုံးတော်ချုပ်ရဲ့ ကြောက်မက်ဖွယ် သတင်းစကားကိုတော့ ငါ ကြားဖူးပါတယ်၊ ဒါပေမဲ့ ငါက ဒီတောနက်ထဲမှာ ပုန်းအောင်းနေတာ၊ ကိုယ်ပွားတွေလည်း အများကြီး ရှိနေတာဆိုတော့ နင်တို့ တရားရုံးတော်ချုပ်လည်း ငါ့ကို ဘာမှ လုပ်နိုင်မှာ မဟုတ်ပါဘူး”
မိုးမခပင်မိစ္ဆာသည် ဝေဟန်၏ ခန္ဓာကိုယ်ထဲမှ အသက်သွေးဓာတ်များကို လောဘတကြီး ကြည့်နေတော့သည်။ ဓားကျင့်ကြံသူများသည် ကိုယ်ခံပညာရှင် များလောက် အသားအရေ မမာကြောသော်လည်း၊ ဓားအရှိန်အဝါဖြင့် ခန္ဓာကိုယ်ကို သွေးထားသဖြင့် သာမန်လူများထက် အဆပေါင်းများစွာ သာလွန်သည်။ အရသာမှာ ပို၍ စစ်မှန်ပေလိမ့်မည်။
ဝေဟန်၏ မျက်လုံးများမှာ ထူးခြားစွာ လက်သွားကာ မျက်မှောင်ကြုတ်လိုက်သည်။ ထို့နောက် ကောင်းကင်ယံမှ အလင်းတန်းတစ်ခုကို လှမ်းမြင်လိုက်ရသဖြင့် မိစ္ဆာမကို ကြည့်ကာ ပြုံးလိုက်၏။
“ငါ့မှာ ပြောစရာ နောက်ဆုံးစကား တစ်ခွန်း ရှိသေးတယ်၊ နင် ခဏလောက် မလှုပ်နဲ့ဦး”
မိုးမခပင်မိစ္ဆာ၏ နှုတ်ခမ်းထောင့်တွင် အေးစက်သော အပြုံးတစ်ခု ပေါ်လာသည်။
“မျိုးမစစ်လေး... နင် ဘာပြောချင်သေးလို့လဲ”
သူမသည် ဤဓားသမားငယ်၏ အသားကို စားကာ သွေးကို သောက်ချင်လှပြီ ဖြစ်သည်။ ကျင့်ကြံလာသည့် နှစ်ပေါင်းများစွာအတွင်း ဤမျှ ရက်စက်ကြမ်းတမ်းသော ဆဲဆိုမှုကို တစ်ခါမျှ မခံစားဖူးပါချေ။
ဘာတဲ့... ယောက်ျားလည်းမဟုတ်၊ မိန်းမလည်းမဟုတ် နပုလ္လိင် ဟုတ်လား သူမတွင် အဖော် ရှိသည်ကို သိထားသင့်သည်။ ဘယ်လိုလုပ်ပြီး နပုလ္လိင် ဖြစ်ရမှာလဲ။
ဝေဟန်သည် သူ၏ စကားတစ်ခွန်းက မိစ္ဆာမ၏ စိတ်ဒဏ်ရာကို တိုက်ရိုက်ထိမှန်သွားသည်ကို မသိပါချေ။ သူသည် ကောင်းကင်ယံမှ အလင်းတန်းကို ကြည့်ကာ အားကုန် အော်ဟစ်လိုက်တော့သည်။
“ကယ်ကြပါဦးဗျို့ ဒီမှာ မိစ္ဆာတွေ သောင်းကျန်းနေပါတယ် ”
ထိုအလင်းတန်းမှာ ကျင့်ကြံသူတစ်ဦး လေထဲတွင် ပျံသန်းလာခြင်းပင် ဖြစ်သည်။
ဝေဟန်သည် မည်သည့် ပညာရှင်ကြီး ဖြတ်သန်းသွားသည်ကို မသိသော်လည်း၊ တရားရုံးတော်ချုပ်မှ ရွှယ်ထိုက်ဖျင် ဆိုသည့် ကောင်မှာ ကံတရား အင်မတန် ကောင်းလှသဖြင့် တာဝန်သွားထမ်းဆောင်သည့်အခါတိုင်း အမြဲတမ်း ပညာရှင်များ၏ ကယ်ဆယ်မှုကို ခံရသည်ကို ဝေဟန် အမြဲ အားကျနေခဲ့သူ ဖြစ်သည်။
ထို့ကြောင့် ထိုနည်းလမ်းကို အတုယူကာ ကောင်းကင်မှ ပညာရှင်ကြီး ဆင်းလာပြီး မိမိကို ကယ်တင်ပေးရန် မျှော်လင့်ချက်ဖြင့် အသံကုန် အော်လိုက်ခြင်း ဖြစ်သည်။
မိစ္ဆာမမှာ ခဏမျှ ကြောင်သွားရ၏။ ထိုကောင်မှာ ဤမျှအထိ မျက်နှာပြောင်တိုက်လိမ့်မည်ဟု သူမ မထင်ထားမိပါချေ သူမသည် ပါးစပ်ကို ဟကာ ရှည်လျားပြီး ထူထဲလှသော လျှာကြီးဖြင့် ဝေဟန်ရှိရာသို့ လှမ်း၍ ပစ်လွှတ်လိုက်တော့သည်။
စောစောက ဝေဟန်သည် သူမ၏ လက်အောက်ခံ မိစ္ဆာမ၏ ပါးစပ်ထဲသို့ သစ်သားဓားကို ထိုးသွင်းခဲ့သဖြင့်၊ ယခု သူမကလည်း ထိုနည်းအတိုင်းပင် ပြန်လည် တုံ့ပြန်ရန် ပြင်လိုက်ခြင်း ဖြစ်သည်။
ဝေဟန်၏ မျက်လုံးများ မှေးကျသွားကာ
“ငါတော့ သေပြီပဲ” ဟု စိတ်ထဲက တွေးလိုက်မိသည်။ အကြောင်းမှာ ကောင်းကင်မှ ပျံသန်းသွားသော ပညာရှင်ကြီးမှာ မိမိ၏ အော်သံကို ကြားချင်မှ ကြားမည်ဖြစ်သလို၊ ကြားသည့်တိုင် လာရောက် ကူညီချင်မှ ကူညီပေလိမ့်မည်။
လေထဲတွင် ပျံသန်းနိုင်သူဟူသည် ယန်ဝိညာဉ် အဆင့်ရှိ ပညာရှင်ကြီးများသာ ဖြစ်ကြပြီး၊ လောကတွင် ရှားပါးလှသည့် ထိပ်တန်း ကျင့်ကြံသူများ ဖြစ်ကြသည်။ လမ်းဘေးမှ လူတစ်ယောက်ကို ကယ်ရန် အချိန်ဖြုန်းပါ့မလား။
“ရွှယ်ထိုက်ဖျင်... ဒီကောင် ငါ့ကို လိမ်တာပဲ”
ဝေဟန်သည် ရှေ့သို့ ရောက်လာသော လျှာကြီးကို ကြည့်ကာ ရွံရှာလွန်းသဖြင့် သွားများကို တင်းတင်းစေ့ထားလိုက်သည်။
ဝုန်း
သို့သော် သူ ထင်မှတ်ထားသကဲ့သို့ ကြောက်မက်ဖွယ်ရာများ ဖြစ်မလာခဲ့ပါချေ။ မိစ္ဆာမ၏ လျှာကြီးမှာ သူ၏ ခန္ဓာကိုယ်ထဲသို့ တိုးမဝင်လာနိုင်ဘဲ အလင်းတန်းတစ်ခု၏ ပိုင်းဖြတ်ခြင်းကို ခံလိုက်ရသည်။
ဝေဟန်သည် မွေးရာပါ ဓားနှလုံးသား ပိုင်ရှင်ဖြစ်သဖြင့် ဤကဲ့သို့သော သတ်ဖြတ်လိုသည့် အရှိန်အဝါမျိုးကို အင်မတန် သိလွယ်လှသည်။
“ဒါ... ဓားချက် ပဲ”
သူ လှမ်းကြည့်လိုက်သောအခါ၊ သူ၏ရှေ့တွင် ကျောပြင်ဖြောင့်ဖြောင့်နှင့် လူငယ်တာအိုဆရာတစ်ဦး ရပ်နေသည်ကို မြင်လိုက်ရသည်။ ခါးတွင်လည်း ရှေးဟောင်းဆန်လှသော ဓားရှည်တစ်ချောင်းကို ချိတ်ဆွဲထား၏။
ထိုကျောပြင်ကို ကြည့်ရုံဖြင့် ဤလူမှာ ထူးကဲလှသော အရှိန်အဝါရှိကြောင်း သိသာလှသည်။
တစ်ခါက ကြားဖူးသည့် အသက်အရွယ်ကို ပြန်လည် နုပျိုစေသည့် သို့မဟုတ် အမြဲတမ်း နုပျိုနေသည့် တာအိုပညာရှင်ကြီး တစ်ဦးလား။
“စီနီယာ... စီနီယာ ကျွန်တော့်ကို ကယ်ပါဦး ဒီမိစ္ဆာမက လူတွေရဲ့ အသက်ဓာတ်ကို စုပ်ပြီး သတ်နေတာပါ၊ ခွင့်မလွှတ်နိုင်စရာ အပြစ်တွေကို လုပ်ထားတာပါ စီနီယာ ”
ထိုလူငယ်တာအိုဆရာက နောက်သို့ လှည့်ကြည့်ကာ ဝေဟန်ကို နူးညံ့စွာ ပြုံးပြလိုက်သည်။
“အစ်ကိုဝေ... အားနာမနေပါနဲ့၊ ဒီမိစ္ဆာကို ကျုပ်သေချာပေါက် သတ်ပေးပါ့မယ်”
“...” ဝေဟန်မှာ ဆွံ့အသွားရ၏
သူ၏ ရင်ထဲတွင် လှိုင်းလုံးကြီးများ ပုတ်ခတ်နေသကဲ့သို့ပင်။ ဤမျှအထိ ချောမောလှပလွန်းသည့် မျက်နှာပိုင်ရှင်မှာ ရှင်းဟုန်ယဲ့ ခေါ်လာသည့် စာသင်သား မဟုတ်ပါလား။
သူက စာသင်သား မဟုတ်ဘူးလား တာအိုဆရာ တစ်ယောက်လား တရားရုံးတော်ချုပ်၏ ပါရမီရှင် ဝေဟန်၏ စိတ်မှာ တစ်ခဏချင်း ဗရဗွေ ဖြစ်သွားတော့သည်။
“အစ်ကိုလီ... ခင်ဗျား ဘယ်လိုလုပ် ဒီကို ရောက်နေတာလဲ”
ဟု ဝေဟန်က အံ့အားသင့်တကြီး အော်ဟစ်လိုက်မိသည်။
လီယန်ချူးက ဝေဟန်ကို တစ်ချက် ကြည့်လိုက်သောအခါ၊ ဤကောင်၏ မျက်နှာမှာ စိမ်းဖန့်ဖန့် ဖြစ်နေရုံတင်မက၊ ဦးခေါင်းထိပ်မှာပင် အစိမ်းရောင် အရှိန်အဝါများ ထွက်နေသည်ကို မြင်လိုက်ရသည်။ တစ်ကိုယ်လုံး စိမ်းဖန့်ဖန့်နှင့် အင်မတန် သနားစဖွယ်ကောင်းလှသည့် ပုံစံပင်။
သူသည် ရင်ဘက်ထဲမှ ကပ်ကျော်အဆောင် တစ်ခုကို ထုတ်ယူကာ ဝေဟန်၏ နဖူးပေါ်တွင် ကပ်လိုက်သည်။
ကပ်ရောဂါနှင့် အဆိပ်နှိမ်နင်းရေး အဆောင်
ယင်းမှာ အဆိပ်အတောက်နှင့် မှော်အတတ်အားလုံး၏ ရန်သူတော်ပင် ဖြစ်သည်။ ငါးကြိမ်တိုင်တိုင် အဆင့်မြှင့်ခံထားရသော ထိုအဆောင်ကြောင့် ဝေဟန်၏ ခန္ဓာကိုယ်အတွင်းရှိ အဆိပ်အများစုမှာ ချက်ချင်းပင် ကင်းစင်သွားတော့သည်။
သို့သော် ဦးခေါင်းထိပ်ရှိ အစိမ်းရောင် အစွန်းအထွက်လေးမှာမူ ခေါင်းမာလှစွာ ကျန်ရှိနေသေး၏။ ငါးကြိမ်တိုင်တိုင် အဆင့်မြှင့်ထားသည့် စွမ်းအားကိုပင် အံတုကာ သူ၏ဦးခေါင်းထိပ်တွင် ဝဲလည်နေဆဲ ဖြစ်သည်။ ထိုအချက်ကို ကြည့်ခြင်းဖြင့် မိုးမခပင်မိစ္ဆာသည် တကယ့်ကို အစွမ်းအစ ရှိကြောင်း သိသာလှသည်။
“အစ်ကိုဝေ... ကျုပ် ဒီမိစ္ဆာကို အရင် သတ်လိုက်ပါဦးမယ်၊ ပြီးမှ အစ်ကို့အတွက် အဆိပ်တွေကို အသေးစိတ် ဖယ်ရှားပေးပါ့မယ်”
ဟု လီယန်ချူးက ဆိုလိုက်သည်။
ဝေဟန်သည် သူ၏ ခန္ဓာကိုယ်အတွင်းရှိ ကျင့်စဉ်စွမ်းအားများ ပြန်လည် စီးဆင်းလာသည်ကို ခံစားမိကာ လက်ဖဝါးများကို ကြည့်လိုက်ရာ မူလအသားအရောင် ပြန်ရလာသဖြင့် အတိုင်းမသိ ဝမ်းသာသွားသည်။
လီယန်ချူး၏ စကားကို ကြားသောအခါ သူက အလျင်အမြန်ပင်
“ကျေးဇူးတင်ပါတယ် အစ်ကိုလီရာ၊ အားနာမနေပါနဲ့၊ ဒီမိစ္ဆာကို စိတ်ကြိုက်သာ သတ်ပစ်လိုက်ပါ ”
ဟု ပြန်ပြောလိုက်တော့သည်။