← Chapters

အခန်း (၆၃၅-၆၃၆)

Vol. 64 Ch. 635-636

အခန်း (၆၃၅-၆၃၆)

Vol. 64 Ch. 635-636

အခန်း (၆၃၅) - လောကအလယ် ကစားဖို့ထွက်လာသည့် စီနီယာ ၊ လက်ဝါးတစ်ချက် ၊ ပြန်လည်အသက်ဝင်လာခြင်း ၊ လှုပ်ရှားနေသောပုံရိပ် ၊ ခွေးစိတ်နဲ့ လူ

​ဝေဟန်သည် လီယန်ချူး၏ မည်သူမည်ဝါဖြစ်ကြောင်းကို စဉ်းစားရင်း အင်မတန် အံ့ဩနေမိသည်။ သူ၏ စိတ်ထဲတွင် ဗားရှင်း ခုနစ်မျိုး၊ ရှစ်မျိုးခန့် ပေါ်ပေါက်နေသော်လည်း အချက်တစ်ခုကတော့ အသေအချာပင်။

​ဤသူသည် လောကအလယ် ကစားဖို့ထွက်လာသည့် စီနီယာပညာရှင်ကြီး တစ်ဦး ဖြစ်ရမည်။ ထို့အပြင် နုပျိုမှုကို ထိန်းသိမ်းထားနိုင်သည့် အစွမ်းကို ကြည့်ခြင်းဖြင့် တာအိုပညာရှင်စစ်စစ် တစ်ဦး ဖြစ်ပေလိမ့်မည်။ တာအိုပညာရှင်ကြီးတစ်ဦးနှင့် ညီအစ်ကိုတမျှ ရင်းနှီးခွင့်ရသည်ကို တွေးမိရင်း ဝေဟန်တစ်ယောက် ရင်ခုန်စိတ်လှုပ်ရှားနေမိသည်။

​“ပြန်ရောက်ရင်တော့ ဆရာ့ကို ဒါနဲ့ပတ်သက်ပြီး အကြီးအကျယ် ကြွားရမယ်”

​မိုးမခပင်မိစ္ဆာသည် စကားပြောနေကြသည့် လူငယ်နှစ်ဦးကို အေးစက်သော မျက်လုံးများဖြင့် ကြည့်နေသည်။ အထူးသဖြင့် လီယန်ချူး၏ ရုပ်ရည်ကို သေချာမြင်လိုက်ရသောအခါ သတ်ဖြတ်လိုစိတ်များမှာ အထင်းသား ပေါ်ထွက်လာတော့သည်။

​“နင်လား... ဒါဆို နင်က အဲဒီ တာအိုကောင် ပေါ့လေ”

ဟု မိုးမခပင်မိစ္ဆာက ခက်ထန်စွာ ဆိုလိုက်သည်။

​“အစ်ကို... သတိထားဦး ဒီမိစ္ဆာမမှာ အရေအတွက် အကန့်အသတ်မရှိတဲ့ ကိုယ်ပွားတွေ ရှိနေတာ၊ သူမရဲ့ လှည့်ကွက်ထဲမှာ ကျင့်စဉ်စွမ်းအားတွေ အလဟဿ အကုန်မခံနဲ့ဦး”

​ဝေဟန်သည် စောစောကပင် မိစ္ဆာမ၏ ကိုယ်ပွားတစ်ခု၏ လှည့်စားမှုကို ခံရကာ သူ၏ ဝှက်ဖဲဖြစ်သော "ဓားအရှိန်အဝါ နဂါးအသွင်ပြောင်းလဲခြင်း" ဆိုသည့် တတိယအဆင့်အောက် မည်သည့်အရာကိုမဆို သတ်နိုင်သည့် အစွမ်းထက် ဓားအတတ်ကို သုံးလိုက်မိသဖြင့် သတိပေးလိုက်ခြင်း ဖြစ်သည်။

​ဘုန်း

​လီယန်ချူး၏ ခန္ဓာကိုယ်မှာ လျင်မြန်စွာ လှုပ်ရှားသွားပြီး မိုးမခပင်မိစ္ဆာ၏ ရှေ့မှောက်သို့ ရောက်ရှိသွားသည်။ ထို့နောက် လက်ဝါးဖြင့် တစ်ချက် ရိုက်ချလိုက်သည်။

​မိုးမခပင်မိစ္ဆာ၏ ဦးခေါင်းမှာ ဖရဲသီးတစ်လုံးကဲ့သို့ ချက်ချင်းပင် ပေါက်ကွဲထွက်သွားကာ သွေးမြူများအဖြစ် ပြောင်းလဲသွားတော့သည်။ သူမ၏ ခန္ဓာကိုယ်မှာလည်း ဖြည်းညှင်းစွာ လဲကျသွားသည်။

​လီယန်ချူး၏ လှုပ်ရှားမှုမှာ မြန်ဆန်လွန်းလှသဖြင့် ဝေဟန် ဘာပြောလိုက်သည်ကို သေချာပင် မကြားလိုက်ရပါချေ။ ထို့ကြောင့် ဝေဟန်ဘက်သို့ လှည့်ကာ

​“အစ်ကိုဝေ... ဘာပြောလိုက်တာလဲ ကျုပ် စောစောက သေချာမကြားလိုက်လို့”

​“...” ဝေဟန်မှာ ဆွံ့အသွားရပြန်သည်။

​လီယန်ချူး၏ လှုပ်ရှားမှုကို သူ မျက်စိဖြင့်ပင် လိုက်မကြည့်နိုင်ခဲ့ပါချေ။ မိုးမခပင်မိစ္ဆာမှာ သေဆုံးသွားပြီ ဖြစ်သည်။ ထို့အပြင် စောစောက ခံစားလိုက်ရသည့် ပွင့်ထွက်လာသော သွေးအရှိန်အဝါ က ဘာလဲ အစ်ကိုလီက ခန္ဓာကိုယ်ခွန်အားသက်သက်ကိုပဲ သုံးလိုက်တာလား။

​“အဲ... ဘာမှမဟုတ်ပါဘူး အစ်ကိုလီ... ခင်ဗျား စိတ်ကြိုက်သာ လုပ်ပါ”

ဟု ဝေဟန်က တောင့်တောင့်ကြီး ပြုံးပြလိုက်သည်။

​ရုတ်တရက်

​အရိပ်တစ်ခုမှာ ဖြည်းညှင်းစွာ ပြန်လည်ပေါ်ပေါက်လာကာ မျက်နှာပေါ်တွင် ထိတ်လန့်တုန်လှုပ်မှုနှင့်အတူ နာကျည်းမှုကိုပါ တွဲလျက် မြင်တွေ့လိုက်ရသည်။

ယင်းမှာ စောစောက မိုးမခပင်မိစ္ဆာပင် ဖြစ်သည်။ သူမသည် ကိုယ်ပွားအတတ်တွင် ကျွမ်းကျင်လှသဖြင့် လီယန်ချူး သတ်လိုက်သည့် တစ်ခဏအတွင်းမှာပင် မူလခန္ဓာကိုယ်ကို ကိုယ်ပွားတစ်ခုဆီသို့ ပြောင်းလဲလိုက်ခြင်း ဖြစ်သည်။

​“တာအိုကောင်လေးကတော့ အစွမ်းရှိသားပဲ...”

မိစ္ဆာမ၏ စကားမဆုံးမီမှာပင် လီယန်ချူးက မျက်မှောင်ကြုတ်ကာ သူမရှေ့သို့ တစ်ဖန် ရောက်သွားပြန်သည်။ လက်ဝါးဖြင့်ပင် ပြန်၍ ရိုက်ချလိုက်ပြန်သည်။

​ဒိုင်း

​မိုးမခပင်မိစ္ဆာ၏ ဦးခေါင်းမှာ ဒုတိယအကြိမ် ကြိတ်ခြေခံလိုက်ရပြန်သည်။ ယခုတစ်ကြိမ်တွင်မူ ခန္ဓာကိုယ် အပေါ်ပိုင်း တစ်ဝက်ခန့်ပါ ပေါက်ကွဲထွက်သွားကာ ချက်ချင်းပင် သေဆုံးသွားတော့သည်။ ဝေဟန်မှာ အကြီးအကျယ် အံ့အားသင့်သွားရသည်။

​ထိုအစ်ကိုလီမှာ တကယ့်ကို ပြင်းထန်လှပေစွ

​မကြာမီမှာပင် မိုးမခပင်မိစ္ဆာမှာ တတိယအကြိမ် ပြန်လည် ပေါ်ပေါက်လာပြန်သည်။ ယခုတစ်ခါတွင်မူ သူမ၏ မျက်နှာပေါ်၌ ထိတ်လန့်တုန်လှုပ်မှုများသာ ပြည့်နှက်နေတော့သည်။

သူမ အင်မတန် နားမလည်နိုင် ဖြစ်နေရ၏။ ရင်ဆိုင်နေရသောသူမှာ အသက်အရွယ်အားဖြင့် ငယ်ရွယ်လှသလို၊ ကိုယ်ပေါ်မှ အရှိန်အဝါမှာလည်း ထူးထူးခြားခြား ပြင်းထန်ခြင်းမရှိဘဲ သာမန်လူတစ်ယောက်နှင့် မခြားပါချေ။ ဘာကြောင့်များ တစ်ချက်တည်းနဲ့ မိမိကို အသေသတ်နိုင်ရတာလဲ။

​မိုးမခပင်မိစ္ဆာမှာ ခေါင်းကို ခါယမ်းလိုက်မိသည်။ မကြာသေးမီက လူတွေရဲ့ အသက်ဓာတ်ကို များများစားစား စုပ်ယူထားမိလို့ စိတ်ချောက်ချားနေတာလား။

​“နင့်ရဲ့ ကိုယ်ပွားအတတ်က စိတ်ဝင်စားဖို့ ကောင်းသားပဲ”

ဟု လီယန်ချူးက ပြုံးလျက် ဆိုသည်။

​ထိုစကားကို ကြားသောအခါ မိုးမခပင်မိစ္ဆာမှာ ခါးကို ပြန်ဆန့်ကာ မာန်ပြန်သွင်းလိုက်၏။

​“လူငယ်လေး... နင့်ကိုယ်နင် ဆင်ခြင်ဖို့ ငါ အကြံပေးပါရစေ၊ ငါ့ရဲ့ နောက်ခံက နင်ထင်ထားတာထက် ပိုပြီး ကြောက်စရာကောင်းတယ်၊ သာမန် တောတွင်းကျင့်ကြံသူ တစ်ယောက်က ငါ့ကို ယှဉ်နိုင်မှာ မဟုတ်ဘူး၊ အခုချက်ချင်း ဆုတ်ခွာသွားမယ်ဆိုရင် ငါ ဒါကို ဆက်ပြီး အရေးယူမှာ မဟုတ်ဘူး”

ဟု မိစ္ဆာမက တည်တည်ကြည်ကြည်ဖြင့် လေးလေးနက်နက် ပြောလိုက်သည်။

​လီယန်ချူးက အေးစက်စွာ ရယ်မောလိုက်ပြီးနောက် ခန္ဓာကိုယ်မှာ ထပ်မံ ပျောက်ကွယ်သွားကာ ဓားဖြင့် တစ်ချက် ပိုင်းချလိုက်ပြန်သည်။ ဓားအလင်းတန်း ဝင်းခနဲ လက်သွားပြီးနောက် မိုးမခပင်မိစ္ဆာ သေဆုံးသွားပြန်၏။ ဘာအတားအဆီးမှ မရှိဘဲ အင်မတန် ချောမွေ့လှသည့် တိုက်ကွက်ပင်။

​ဤမိုးမခပင်မိစ္ဆာမှာ အမှန်တကယ်ပင် ယင်ဝိညာဉ် အထွတ်အထိပ် အဆင့်တွင် ရှိနေပြီး ဆန်းကြယ်သော ကိုယ်ပွားအတတ်ကိုလည်း ပိုင်ဆိုင်ထားသည်။ သို့သော် လီယန်ချူး၏ လက်ရှိ သွေးအရှိန်အဝါမှာ တတိယအဆင့်နှင့်ပင် ယှဉ်နိုင်နေပြီ ဖြစ်သဖြင့် ထိုမိစ္ဆာမကို သတ်ရန်မှာ တစ်ကွက်တည်းနှင့်ပင် လုံလောက်လှသည်။

​နောက်တစ်ခဏတွင် မိုးမခပင်မိစ္ဆာ ထပ်မံ ပေါ်ပေါက်လာပြန်သည်။ လီယန်ချူးက မျက်ခုံးတစ်ချက် ပင့်လိုက်သည်။

​“ကျန့်ကျောင်းဓား ကတောင် ဒီမိစ္ဆာကို အပြတ်မဖြတ်နိုင်ဘူးလား ”

ဟု လီယန်ချူး စိတ်ထဲက ရေရွတ်လိုက်မိသည်။

​“တာအိုဆရာ... ကျွန်မတို့ကြားမှာ တစ်ခုခုများ လွဲမှားနေသလားရှင်”

မိုးမခပင်မိစ္ဆာမှာ အတင်းအကျပ် ပြုံးပြကာ စေတနာရှိဟန် ဆောင်လိုက်တော့သည်။

​“လွဲနေတာ ဘာမှမရှိဘူး” ဟု လီယန်ချူးက ခပ်အေးအေးပင် ပြောလိုက်သည်။

​လီယန်ချူးသည် မိုးမခပင်မိစ္ဆာရှေ့သို့ တစ်ဖန် ရောက်သွားကာ ဓားဖြင့် ပိုင်းချလိုက်ပြန်သည်။ မိုးမခပင်မိစ္ဆာမှာ သုံးကြိမ်တိုင်တိုင် သေဖူးသွားပြီ ဖြစ်သဖြင့် ယခုတစ်ကြိမ်တွင် အသင့်ပြင်ထား၏။

သူမသည် ခန္ဓာကိုယ်အတွင်းရှိ မိစ္ဆာစွမ်းအားများကို လှုံ့ဆော်ကာ ရှေ့တွင် ကြီးမားလှသော ကာကွယ်ရေး အစီရင်တစ်ခုကို တည်ဆောက်လိုက်ပြီး၊ တစ်ကိုယ်လုံးတွင်လည်း ရုပ်ဆိုးလှသော သစ်ပင်အခေါက် ချပ်ဝတ်တန်ဆာများကို ဖုံးလွှမ်းလိုက်သည်။

​သို့သော် လီယန်ချူး၏ လှုပ်ရှားမှုက မြန်ဆန်လွန်းလှသလို ဓားကလည်း အင်မတန် ထက်ရှလှသည်။ သူမ၏ ခုခံမှုမှာ တစ်ဝက်မျှပင် မရောက်သေးမီမှာပင် ဓားအလင်းတန်း ဖြတ်သွားကာ သူမ၏ အသိစိတ်များ ပျောက်ကွယ်သွားရပြန်သည်။

​ထိုမြင်ကွင်းကို မျက်မြင်တွေ့နေရသော ဝေဟန်မှာ အသက်ပင် ဝဝမရှူရဲတော့ပါချေ။

​“တကယ့်ကို မြန်လှတဲ့ ယောက်ျားပဲ”

​သူ အင်မတန် အံ့ဩနေမိသည်။ သူကိုယ်တိုင်ပင် မြန်လှပြီဟု ထင်ထားသော်လည်း သူ့ထက် ပိုမြန်သည့် ယောက်ျားတစ်ယောက် ရှိနေသေးသည် မဟုတ်ပါလား သို့သော် ဝေဟန်တစ်ယောက် စိတ်ထဲမှာတော့ အနည်းငယ် နှမြောမိသည်။

ထိုလူမှာ မြန်ရုံတင်မကဘဲ အချိန်ကြာကြာလည်း တောင့်ခံနိုင်စွမ်း ရှိနေသေးသည်။ ထိုအချက်မှာ သူနှင့် အင်မတန် ကွာခြားလှသည်။

​သူသည် သူ၏ စိမ်းဖန့်ဖန့်ဖြစ်နေသော ဦးခေါင်းကို စမ်းကြည့်ရင်း သက်ပြင်းချလိုက်မိသည်။

“ရပါတယ်လေ... သူက စီနီယာပညာရှင်ကြီးပဲဟာ ငါသာ နှစ်ပေါင်း ရာချီအောင် ကျင့်ကြံနိုင်ရင် သူ့ကို သေချာပေါက် ကျော်တက်နိုင်မှာပါ”

​ဝေဟန်သည် မိမိကိုယ်မိမိ ပြန်လည်နှစ်သိမ့်လိုက်ပြီးနောက် မျက်လုံးများမှာ ပြန်လည် တည်ကြည်လာသည်။ ငါ့မှာ တောင်ကိုရွှေ့နိုင်၊ မိစ္ဆာကို သတ်နိုင်တဲ့ ဓားတစ်ချောင်း ရှိတယ်၊ ငါတို့လို ဓားသမားတွေက ဘယ်တော့မှ နောက်မဆုတ်ဘူး။

​မိုးမခပင်မိစ္ဆာမှာမူ ကြောင်အမ်းအမ်း ဖြစ်နေရသည်။ နောက်တစ်ကြိမ် ပြန်ပေါ်လာသောအခါ သူမ အလျင်အမြန်ပင် အော်ဟစ်လိုက်တော့သည်။

​“တာအိုဆရာ... ခဏလောက် နေပါဦး ကျွန်မတို့ကြားမှာ အထင်လွဲတာ သေချာပေါက် ရှိမှာပါ၊ ကျွန်မ ရှင်းပြပါရစေ ”

​ထိုလူငယ်တာအိုဆရာမှာ အင်မတန် ကြမ်းတမ်းလှသည်။ ဘာမှမပြောဘဲ တစ်ချက်တည်းနဲ့ ပိုင်းဖြတ်နေတော့သည်။ သူ စွမ်းအားတွေ မကုန်ဘူးလား ဒီအတိုင်းသာ ဆက်သတ်နေရင် သူမရဲ့ ကိုယ်ပွားတွေပဲ အရင်ကုန်သွားပေလိမ့်မည် သူမသည် ဤတာအိုဆရာကို အရင် ထိန်းထားနိုင်ရန် ကြိုးစားလိုက်သည်။

​“ငါက လူလာရှာတာ၊ အဲဒီလူကို ငါ့လက်ထဲ အပ်လိုက်ရင် ငါ ထွက်သွားပေးမယ်၊ နင့်ရဲ့ ကိစ္စတွေကိုတော့ အစိုးရ ကပဲ လာပြီး စီမံလိမ့်မယ်”

ဟု လီယန်ချူးက ဆိုသည်။

​“လူလာရှာတာ ဟုတ်လား”

​“တာအိုဆရာ... ဒါကို စောစောက ပြောရမှာပေါ့ ဘယ်သူ့ကို ရှာချင်တာလဲ ကျွန်မမှာ ဒီပတ်ဝန်းကျင်မှာ အနည်းငယ်တော့ အစွမ်းရှိပါတယ်၊ ကျွန်မ ကူရှာပေးပါ့မယ် ”

ထိုစကားကို ကြားသောအခါ မိုးမခပင်မိစ္ဆာမှာ စိတ်သက်သာရာ ရသွားကာ အပြုံးနှင့် ဆိုလိုက်သည်။

​လီယန်ချူးက ရင်ဘက်ထဲမှ ပန်းချီကားတစ်ချပ်ကို ထုတ်လိုက်သည်။ ထိုပန်းချီကားထဲတွင် အသက် (၃၀) ကျော်ခန့်ရှိသော အလှပဂေးတစ်ဦး၏ ပုံ ရှိနေသည်။ သူမ၏ မျက်ဝန်းများမှာ လှုပ်ရှားနေသကဲ့သို့ ရှိပြီး ဆွဲဆောင်မှုရှိသော အငွေ့အသက်များ ပါရှိနေသည်။ ပန်းချီကားထဲမှ အမျိုးသမီးမှာ အသက်ရှင်နေသည့်အလားပင်။

​ယင်းမှာ ရှင်းဟုန်ယဲ့က သူ့ကို ပေးထားသည့် လူတစ်ယောက်၏ ရုပ်ရည်ကို အတိုင်းအတာတစ်ခုအထိ မှတ်သားထားနိုင်သော မှော်ဝင်ပန်းချီကား ဖြစ်သည်။ ထိုပန်းချီကားက လှုပ်ရှားနေသည့် ပုံရိပ် ကို ပြသနေခြင်းက တကယ့်ကို ထူးခြားလှသည်။

​ဝေဟန် ထိုပန်းချီကားကို မြင်လိုက်ရသောအခါ မျက်လုံးများမှာ ပြူးသွားတော့သည်။ ပန်းချီထဲက အမျိုးသမီး လှလွန်းလို့ မဟုတ်ဘဲ ပန်းချီကား၏ ဆန်းကြယ်မှုကို မြင်လိုက်ရသောကြောင့်ပင်။ သူ၏ စိတ်ထဲတွင် အတွေးပေါင်းစုံ ပေါ်ပေါက်လာတော့သည်။

​အကယ်၍ ဒါတွေအားလုံးသာ လှုပ်ရှားနေမယ်ဆိုရင်... ငါ စုဆောင်းထားတဲ့ အရာတွေက...

​ဝေဟန်သည် နောက်မှ ဤအစ်ကိုလီနှင့် သေချာ ဆွေးနွေးရမည်ဟု ဆုံးဖြတ်လိုက်သည်။ မိုးမခပင်မိစ္ဆာမှာမူ ထိုမှော်အတတ်ကို ဂရုမစိုက်ပါချေ။ သူမတွင်လည်း စောင့်ကြည့်ရေးမှော်အတတ်ဖြစ်သော "ရေမှန်ပြင်အတတ်" ရှိနေသောကြောင့်ပင်။ သူမ ပိုပြီး ဂရုစိုက်မိသည်မှာ ပန်းချီထဲက အမျိုးသမီး၏ ရုပ်ရည်ပင် ဖြစ်သည်။ သေချာကြည့်ပြီးနောက် မိုးမခပင်မိစ္ဆာမှာ ကြောင်သွားရ၏။

​“ဟယ်... ဘယ်လိုဖြစ်ပြီး သူ ဖြစ်နေရတာလဲ ”

​လီယန်ချူးက

“နင် သူ့ကို မြင်ဖူးတာလား သူ ဘယ်မှာလဲ ”

​မိုးမခပင်မိစ္ဆာက ခေါင်းခါယမ်းကာ

“ကျွန်မ ဒီအမျိုးသမီးကို မြင်ဖူးတာတော့ အမှန်ပါပဲ၊ ဒါပေမဲ့ အခု သူ ကျွန်မလက်ထဲမှာ မရှိတော့ဘူး”

​“နင် သူ့ကို သတ်လိုက်ပြီလား”

လီယန်ချူး၏ အသံမှာ ချက်ချင်းပင် အေးစက်သွားတော့သည်။

​“မဟုတ်ဘူး... မဟုတ်ဘူး တာအိုဆရာ... အထင်မလွဲပါနဲ့၊ ကျွန်မ ဆိုလိုတာက ဒီအမျိုးသမီးက လန်ရော့ဘုရားကျောင်းကို ဖြတ်သွားတာ၊ ကျွန်မ သူ့ကို ဖမ်းဖို့ ကြိုးစားပေမဲ့ နောက်ဆုံးတော့ သူ လွတ်သွားခဲ့တယ်”

​“လိမ်တာ သူက သာမန်လူတစ်ယောက်ပဲ၊ နင့်လက်ထဲကနေ ဘယ်လိုလုပ် လွတ်သွားမှာလဲ”

ဟု လီယန်ချူးက ဒေါသတကြီး ကြိမ်းမောင်းလိုက်သည်။

​ထို့နောက် လီယန်ချူးသည် မိုးမခပင်မိစ္ဆာကို ဓားဖြင့် တစ်ချက်တည်း ပိုင်းချလိုက်ပြန်သည်။ ဓားအလင်းတန်း ဖြတ်သွားပြီးနောက် မိုးမခပင်မိစ္ဆာမှာ နှစ်ခြမ်းကွဲကာ သေဆုံးသွားတော့သည်။

​ခေတ္တအကြာတွင် မိုးမခပင်မိစ္ဆာ ပြန်လည် အသက်ဝင်လာပြန်သည်။ သူမသည် ဤလူငယ်တာအိုဆရာကို အင်မတန် ကြောက်ရွံ့နေမိပြီ ဖြစ်သည်။

“တာအိုဆရာ... စိတ်မလောပါနဲ့ဦး ကျွန်မ ရှင်းပြတာကို အရင်နားထောင်ပါဦး ”

​သူမ၏ စိတ်ထဲတွင်မူ လီယန်ချူးကို အင်မတန် နာကျည်းနေမိပြီ ဖြစ်သည်။ ထိုလူငယ်တာအိုဆရာမှာ ဘယ်လိုတောင် ခွေးစိတ်နဲ့ လူ လည်းမသိ၊ ပြောတာကို အဆုံးထိ နားမထောင်ဘဲ ပိုင်းဖြတ်နေတော့သည်။

အကယ်၍ ငါသာ ပြန်မရှင်နိုင်တော့ရင် အလကား သေရမှာပေါ့။

အခန်း (၆၃၆) - ငရဲဘုံအက်ကြောင်း ၊ နတ်ရောင်ခြည် ၊ တာအိုဂိုဏ်း နတ်ပင့်ဂါထာ ၊ ဟော့တာအိုဆရာ ၊ ဟေးရှန်းတောင်နတ်မင်း

​“မြန်မြန်ပြောစမ်း ဒီနေ့သာ မင်း ငါ့ကို ကျေနပ်လောက်တဲ့ အဖြေတစ်ခု မပေးနိုင်ဘူးဆိုရင်၊ ဒီမှာရှိတဲ့ မိုးမခပင်တွေအားလုံးကို ငါ အကုန်ပိုင်းဖြတ်ပစ်မယ်။ မင်းရဲ့ ကိုယ်ပွားအတတ်က ဒီမိုးမခတောအုပ်ရှိနေမှ အသုံးဝင်တာမလား မဟုတ်ရင် မင်းက ထွက်ပြေးသွားတာ ကြာလှပြီ၊ ငါ့အနားမှာ ထပ်ခါထပ်ခါ ပြန်ပေါ်နေမှာ မဟုတ်ဘူး ”

​လီယန်ချူးက လေသံအေးအေးဖြင့် တည်ငြိမ်စွာ ဆိုလိုက်သည်။

​မိုးမခပင်မိစ္ဆာ၏ ခန္ဓာကိုယ်မှာ တုန်ရင်သွားပြီး ဤလူငယ်တာအိုဆရာကို အံ့ဩတကြီး ကြည့်နေမိသည်။

​“တာအိုဆရာက တကယ့်ကို ထက်မြက်လှပါတယ်။ ပန်းချီကားထဲက အမျိုးသမီးမှာတော့ နတ်ရောင်ခြည် အကာအကွယ် ပါနေတယ်၊ ဘယ်လို မှော်ဝင်ပစ္စည်းမျိုးလဲတော့ ကျွန်မ မသိဘူး။ ကျွန်မ သူမရဲ့ အစေခံကို သတ်လိုက်ပေမဲ့ အမျိုးသမီးဆီက ထွက်လာတဲ့ နတ်ရောင်ခြည်က ကျွန်မကို နောက်ပြန်ဆုတ်သွားအောင် တွန်းထုတ်လိုက်တယ်။ အဲဒီနောက်မှာတော့ အဲဒီအမျိုးသမီးဟာ ငရဲဘုံအက်ကြောင်းထဲကို အဆွဲခံလိုက်ရပြီး ပျောက်ကွယ်သွားတာပဲ ”

​မိုးမခပင်မိစ္ဆာ ပြောလိုက်သည့် စကားထဲတွင် အချက်အလက်များစွာ ပါဝင်နေသည်။

​ရှင်းဟုန်ယဲ့က သူမ၏ အဒေါ်ဖြစ်သူတွင် မည်သည့် အကာအကွယ်ပစ္စည်းမှ ပါဝင်ကြောင်း ပြောမထားခဲ့ပါချေ။ အဘယ်သို့သော မှော်ဝင်ပစ္စည်းမျိုးက ယင်ဝိညာဉ် အထွတ်အထိပ်ရှိသော သစ်ပင်မိစ္ဆာကိုပင် နောက်ဆုတ်သွားအောင် လုပ်နိုင်ပါသနည်း။

​လီယန်ချူး မျက်မှောင်ကြုတ်သွားကာ

“ငရဲဘုံအက်ကြောင်းဆိုတာက ဘာလဲ ”

​“တာအိုဆရာ... အမှန်အတိုင်း ပြောရရင် ဒီလန်ရော့ဘုရားကျောင်းဟာ မတည်ငြိမ်တဲ့ ငရဲဘုံအက်ကြောင်းတစ်ခုနဲ့ ဆက်သွယ်နေတာပါ။ အဲဒီအထဲကနေ ငရဲအငွေ့အသက် တွေကို အဆက်မပြတ် စုပ်ယူလို့ရတယ်။ အဲဒီအမျိုးသမီးဟာ ကျွန်မကို နတ်ရောင်ခြည်နဲ့ တွန်းထုတ်ပြီးတဲ့နောက် အဲဒီအက်ကြောင်းရဲ့ ဆွဲငင်ခြင်းကို ခံလိုက်ရတာပါ ”

​မိုးမခပင်မိစ္ဆာက အလျင်အမြန် ရှင်းပြလိုက်သည်။ လီယန်ချူး၏ မျက်နှာမှာ ပို၍ပင် အေးစက်သွား၏။

​သူ့တွင် မင်ဟော်ကဲ့သို့ မွေးရာပါစွမ်းအား မရှိသဖြင့် ဤမိစ္ဆာအိုမမှာ လိမ်နေသလား၊ အမှန်ပြောနေသလား ဆိုသည်ကို မသိနိုင်ပါချေ။ သူ ခေတ္တ စဉ်းစားလိုက်ပြီးမှ

​“အက်ကြောင်းကို ဘယ်လိုဖွင့်ရမလဲ ငရဲဘုံကိုရော ဘယ်လိုသွားရမလဲ ”

ဟု မေးလိုက်သည်။

​လီယန်ချူးသည် ငရဲဘုံနှင့် ပတ်သက်လျှင် မစိမ်းလှပါချေ။ သူသည် တစ်ခါက ဖုန်းတူးသရဲမြို့တော် သို့ ရောက်ဖူးခဲ့သည်။ သို့သော် ဤမိစ္ဆာမ ပြောသည့် ငရဲဘုံနှင့် ထိုနေရာမှာ တစ်နေရာတည်းလား ဆိုသည်ကိုမူ သူ မဝေခွဲနိုင်သေးပေ။

​“ငရဲဘုံဆိုတာ လူသေတွေ သွားတဲ့နေရာပါ၊ ကျွန်မကတော့ ဒီအက်ကြောင်းကို မတော်တဆ တွေ့ရှိခဲ့တာပဲ ရှိတာပါ၊ ဘယ်လိုသွားရမလဲဆိုတာတော့ မသိပါဘူး ”

​မိုးမခပင်မိစ္ဆာက ပြောလိုက်သည်။ ထိုစကားအဆုံးတွင်ပင် လီယန်ချူး အာရုံအနည်းငယ် လွတ်သွားသည့် ခဏလေးအတွင်းမှာပင် မိစ္ဆာမမှာ အဖြူရောင်အခိုးအငွေ့အဖြစ် ပြောင်းလဲကာ မြေကြီးထဲသို့ တိုးဝင်ပြီး ထွက်ပြေးသွားတော့သည်။

​“မကောင်းတော့ဘူး ဒီမိစ္ဆာက မြေအောက်မှာ အမြစ်တွေ အများကြီးရှိတာ၊ လွတ်သွားရင် ပြန်ဖမ်းဖို့ ခက်သွားပြီ ”

​ဝေဟန် မျက်နှာပျက်သွားကာ အလျင်အမြန် အော်ပြောလိုက်သည်။

​လီယန်ချူး၏ လက်ထဲတွင် အမည်းရောင် အရှိန်အဝါတစ်ခုမှာ မှိန်ပြပြ ပေါ်လာသည်။ ယင်းမှာ စောစောက မိစ္ဆာမ၏ ကိုယ်ပွားကို သတ်စဉ်က သူမ၏ ခန္ဓာကိုယ်မှ ထုတ်ယူ သိမ်းဆည်းထားသည့် အငွေ့အသက်ပင် ဖြစ်သည်။ သူသည် ခြေရာခံအတတ် ကို အသုံးပြုလိုက်ရာ ထိုအငွေ့အသက်မှာ တုံ့ပြန်လာတော့သည်။

​“အစ်ကိုဝေ... ဒီမှာ ခဏစောင့်နေပါ၊ ကျုပ် ခဏသွားလိုက်ဦးမယ် ”

လီယန်ချူး၏ စကားအဆုံးတွင် သူသည် မြေလျှိုးအတတ် ကို အသုံးပြုကာ မြေအောက်သို့ တစ်ခဏချင်း ပျောက်ကွယ်သွားတော့သည်။

​ဝေဟန်မှာ ကြောင်အမ်းအမ်း ကျန်ခဲ့ရ၏။ ဤအစ်ကိုလီက... တကယ့်ကို လန်း လွန်းလှသည်။

​လီယန်ချူးသည် ဓာတ်ငါးပါးမြေလျှိုးအတတ် ကို ကျွမ်းကျင်သဖြင့် မြေအောက်တွင် အင်မတန် မြန်ဆန်လှသည်။ မြေအောက်၌ ရှုပ်ထွေးလှသော အမြစ်ကွန်ရက်ကြီးကို သူ တွေ့လိုက်ရ၏။ ယင်းမှာ မိုးမခပင်မိစ္ဆာပင် ဖြစ်သည်။

​ထိုတောအုပ်တစ်ခုလုံးရှိ မိုးမခပင်များ၏ အမြစ်များမှာ တစ်ခုနှင့်တစ်ခု ဆက်နွှယ်နေကြသည်။ ထို့ကြောင့် မိစ္ဆာမသည် ဤအမြစ်များကြားတွင် အဆက်မပြတ် ကူးပြောင်းသွားလာနိုင်သဖြင့် ဖမ်းရခက်နေခြင်း ဖြစ်သည်။ တစ်နည်းအားဖြင့် ထိုတောအုပ်ထဲရှိ အမြစ်များအားလုံးမှာ သူမ၏ မျက်လုံးများ၊ သူမ၏ ခန္ဓာကိုယ်များ ဖြစ်နေကြသည်။

​ယင်းကြောင့်ပင် လန်ရော့ဘုရားကျောင်း ပတ်ဝန်းကျင်ရှိ မည်သည့် လှုပ်ရှားမှုကိုမဆို သူမ သိနေခြင်း ဖြစ်သည်။ ယင်းမှာပင် သူမ၏ ကိုယ်ပွားအတတ်အတွက် အခြေခံအုတ်မြစ် ဖြစ်နေတော့သည်။ အကယ်၍ ဤသို့ ဆက်စပ်နေသော တောအုပ်ကြီး မရှိပါက သူမ၏ ကိုယ်ပွားအတတ်မှာ ဤမျှ ဆန်းကြယ်ပြီး သတ်ရခက်နေမည် မဟုတ်ပါချေ။ ဂိမ်းထဲတွင် ပြန်လည်အသက်ဝင်ခြင်း ဘတ်ဂ် ကို သုံးနေသည့်အလားပင်။

​လီယန်ချူးသည် မြေလျှိုးအတတ်နှင့် သစ်လျှိုးအတတ်ကို အချိန်းအပြောင်း လုပ်ကာ ခြေရာခံလိုက်ရာ မကြာမီမှာပင် မိစ္ဆာမ၏ အရိပ်အယောင်ကို တွေ့ရှိသွားသည်။

သူသည် ရွှေရောင်ဦးဆောင်း ကို ဆောင်းကာ ကိုယ်ရောင်ဖျောက်လိုက်ပြီးနောက် မိစ္ဆာမ၏ နောက်သို့ တိတ်တဆိတ် ထပ်ကြပ်မကွာ လိုက်ပါသွားတော့သည်။

​ရေပေါ်ဆောင် တစ်ခုအတွင်း၌...

​လူရုပ်မပေါ်တော့လောက်အောင် နွမ်းနယ်နေသော အရိပ်တစ်ခု ပေါ်လာသည်။ လီယန်ချူး၏ လက်ချက်ဖြင့် အကြိမ်ကြိမ် အသတ်ခံခဲ့ရသဖြင့် ထိတ်လန့်တုန်လှုပ်နေသော မိုးမခပင်မိစ္ဆာပင် ဖြစ်သည်။ သူမ၏ မျက်နှာပေါ်တွင် နာကျည်းမှုများ ဖုံးလွှမ်းနေသလို၊ ရင်ထဲတွင်လည်း ကြောက်စိတ်က မပြယ်သေးပါချေ။

​“ဘယ်ကနေ ပေါ်လာတဲ့ တာအိုဆရာ လဲမသိဘူး တကယ့်ကို သတ်ဖြတ်ခြင်းနတ်ဘုရား အတိုင်းပဲ ”

​သူမသည် တိတ်ဆိတ်နေသော ရေပေါ်ဆောင်ကို ကြည့်ရင်း ရင်ထဲမှ ဒေါသကို မထိန်းချုပ်နိုင်တော့ပါချေ။ မူလက သူမသည် ငရဲအက်ကြောင်းမှ အငွေ့အသက်ကို စုပ်ယူကာ သရဲမများစွာကို မွေးမြူထားခဲ့ခြင်း ဖြစ်သည်။

အချိန်တန်လျှင် ထိုသရဲမအားလုံးကို ပြန်လည် ဝါးမြိုပြီး မိစ္ဆာနတ်ဘုရား သို့မဟုတ် သရဲနတ်ဘုရားအဖြစ် ကူးပြောင်းရန် ကြံစည်ထားခဲ့သည်။

​ယခုမူ လီယန်ချူးကြောင့် ထိုအစီအစဉ်အားလုံး ပျက်စီးသွားခဲ့ရပြီ။

​“နှမြောစရာပဲ... ငါသာ ငရဲဘုံတံခါးကို ဘယ်လိုဖွင့်ရမလဲဆိုတာ သိရင်၊ ဒီကောင်ကို ငရဲဘုံထဲ လှည့်ဖျားခေါ်သွားမှာ။ အဲဒီကျရင်တော့ သူ ငရဲက မိစ္ဆာတွေလက်ချက်နဲ့ သေမှာ သေချာတယ် ”

​မိုးမခပင်မိစ္ဆာ သက်ပြင်းချလိုက်သည်။ သူမသည် မိစ္ဆာမျိုးနွယ် ဖြစ်သဖြင့် ငရဲဘုံအကြောင်းကို အသေးစိတ် မသိပါချေ။ သို့သော် ငရဲဘုံ၏ အစွမ်းထက်ပုံကိုမူ သူမ ကြားဖူးနားဝ ရှိသည်။ ငရဲဘုံမှ ထွက်လာသည့် အငွေ့အသက် အနည်းငယ်ကပင် သူမ၏ ကျင့်စဉ်ကို အဆမတန် တိုးတက်စေခဲ့သည် မဟုတ်ပါလား။

​“မဖြစ်သေးဘူး... ဒီကိစ္စကို တောင်နတ်မင်းကြီး ကို တိုင်ကြားရမယ်။ တောင်နတ်မင်းကြီးကို အကူအညီတောင်းပြီး ဒီကောင်ကို သတ်ခိုင်းရမယ် ”

​မိုးမခပင်မိစ္ဆာ၏ စိတ်ထဲတွင် ဆုံးဖြတ်ချက် တစ်ခု ချလိုက်သည်။ သူမ ပြောသည့် တောင်နတ်မင်းဆိုသည်မှာ အနီးအနားရှိ ဟေးရှန်းတောင် ၏ တောင်နတ်မင်းပင် ဖြစ်သည်။

​ထိုဟေးရှန်းတောင်မှာ ကျောက်တုံးများမှာ မည်းနက်နေပြီး ကြည့်ရသည်မှာ သိပ်မကြီးလှသော်လည်း၊ အမှန်တကယ်တွင်မူ တောင်၏ အစိတ်အပိုင်း အများစုမှာ မြေအောက်တွင် နစ်မြုပ်နေခြင်း ဖြစ်သည်။

ဟေးရှန်းတောင်နတ်မင်း မှာ အစွမ်းထက်လှသလို နောက်ခံသမိုင်းကြောင်းမှာလည်း အင်မတန် ဆန်းကြယ်လှသည်။ မိုးမခပင်မိစ္ဆာသည်လည်း မတော်တဆ ကံကောင်းထောက်မစွာဖြင့်သာ ထိုတောင်နတ်မင်းနှင့် အဆက်အသွယ် ရခဲ့ခြင်း ဖြစ်သည်။ မဟုတ်ပါက ထိုပညာရှင်ကြီးက သူမကို အရေးစိုက်မည် မဟုတ်ပါချေ။

​သူမသည် ပစ္စည်းအချို့ကို ထုတ်ယူကာ ပလ္လင်ပြင်ဆင်ပြီး ဂါထာမန္တန်များ ရွတ်ဖတ်တော့သည်။ သူမ ထုတ်ဖော်လိုက်သည်မှာ တာအိုဂိုဏ်း၏ နတ်ပင့်အတတ် ပင် ဖြစ်သည်။

​“ငါ့ရဲ့ အိမ်ထောင်ဖက် က ငါ့ကို အစစ်အမှန်တွေ သင်ပေးခဲ့လို့ တော်သေးတာပေါ့၊ မဟုတ်ရင် တောင်နတ်မင်းကြီးနဲ့ ဘယ်လိုလုပ် ဆက်သွယ်နိုင်ပါ့မလဲ ”

​မိစ္ဆာမက ရေရွတ်လိုက်သည်။ သူမသည် ရေပေါ်ဆောင်ကို တစ်ချက်ကြည့်ကာ သက်ပြင်းချလိုက်မိ၏။

​“ထားလိုက်ပါတော့... တောင်နတ်မင်းကြီးကို အကူအညီတောင်းပြီးရင်၊ ဒီနေရာမှာ ဆက်နေလို့ မဖြစ်တော့ဘူး။ ဟိုကောင်က သတ်ဖြတ်လိုစိတ် အရမ်းပြင်းတာ၊ ခဏနေရင် သူ ဒီနေရာကို ရှာတွေ့လာမှာပဲ။ ငါ အမြန်ဆုံး ထွက်သွားမှ ဖြစ်မယ် ”

​မိစ္ဆာမက ဂါထာများကို ရွတ်ဖတ်လိုက်ရာ ခန္ဓာကိုယ်မှ အလင်းတန်းများ ထွက်ပေါ်လာသည်။ မကြာမီမှာပင် သူမသည် ကိုယ်လုံးကိုယ်ပေါက် အချိုးအစားကျလှသော အသက်လတ်ပိုင်း အမျိုးသမီးအလှလေးတစ်ဦးအဖြစ် ပြောင်းလဲသွားတော့သည်။

​မြေပြင်ပေါ်တွင် အစီရင်များ ပြင်ဆင်နေချိန်၌ သူမ၏ ခန္ဓာကိုယ်အလှမှာ တကယ့်ကို ထူးခြားလှသည်။ ယင်းမှာ လူငယ်များ မကြိုက်နိုင်သော်လည်း ရင့်ကျက်သည့် အမျိုးသားများ အင်မတန် စွဲမက်စေမည့် ကိုယ်လုံးကိုယ်ပေါက်မျိုးပင်။

​သူမသည် အစီရင်ကို အောင်မြင်စွာ ပြင်ဆင်ပြီးနောက် တာအိုဂိုဏ်း၏ နတ်ပင့်ဂါထာကို စတင် ရွတ်ဆိုတော့သည်။ ဤအတတ်မှာ ဝူဖုန်းတောင် မှ တောတွင်းကျင့်ကြံသူ ဟော့တာအိုဆရာ ဆီမှ ရရှိခဲ့ခြင်း ဖြစ်သည်။ ထိုဟော့တာအိုဆရာမှာ အစွမ်းထက်လှသလို ကာမအတတ် တွင်လည်း ကျွမ်းကျင်သူဖြစ်ပြီး မိုးမခပင်မိစ္ဆာ၏ အိမ်ထောင်ဖက် လည်း ဖြစ်သည်။

​သို့သော် သူတို့နှစ်ဦး လမ်းခွဲပြီးနောက် မိစ္ဆာမမှာ ဝဖြိုးသောအဘွားအိုအသွင်ဖြင့်သာ နေထိုင်ခဲ့ခြင်း ဖြစ်သည်။ သူတို့နှစ်ဦးမှာ စရိုက်ချင်း မတိုက်ဆိုင်ကြပါချေ။ တစ်ဦးက ယန်အသက်ဓာတ် ကို စုပ်ယူလိုပြီး၊ နောက်တစ်ဦးက ယင်အသက်ဓာတ် ကို စုပ်ယူလိုသဖြင့် အချိန်ကြာလာသည်နှင့်အမျှ အဆင်မပြေ ဖြစ်လာခဲ့ကြသည်။

​ဟော့တာအိုဆရာသည် မိုးမခပင်မိစ္ဆာအပေါ်တွင် သံယောဇဉ် ရှိလှသည်။ အကြောင်းမှာ သူမက သူ၏ အထူးဆန်းပြားသော ဝါသနာများကို ဖြည့်ဆည်းပေးနိုင်သောကြောင့်ပင်။ သို့သော် မိုးမခပင်မိစ္ဆာမှာမူ သူမ၏ ယင်ဓာတ် ကို အမြဲတမ်း စုပ်ယူရန် ချောင်းမြောင်းနေသည့် အပြုအမူကို မခံရပ်နိုင်ပါချေ။

​အထူးသဖြင့် မိုးမခပင်မိစ္ဆာမှာ နှစ်တစ်ထောင်သက်တမ်းရှိသော မိုးမခပင်ဖြစ်သဖြင့် သစ်သားဓာတ် များ ပြည့်နှက်နေသည်။ နှစ်ပေါင်းများစွာအတွင်း သူမသည် မိစ္ဆာလမ်းသို့ ရောက်ရှိကာ လူသတ်ပြီး ယန်ဓာတ် များကို စုပ်ယူခဲ့ခြင်းမှာ အမှန်တကယ်တော့ အောက်တန်းကျသော နည်းလမ်းပင် ဖြစ်သည်။

မဟုတ်ပါက နောက်ထပ် နှစ်ပေါင်း (၃၀၀) ခန့် ဆက်လက် ကျင့်ကြံလျှင် မိုးမခပင်၏ သက်တမ်းအရ ယန်ဝိညာဉ်အဆင့်သို့ ရောက်ရန်မှာ မခဲယဉ်ပါချေ။

​နှမြောစရာကောင်းသည်မှာ သူမသည် မစောင့်နိုင်ဘဲ မိစ္ဆာလမ်းသို့ ခြေစုံပစ်ဝင်ကာ ယခုအခါ ပိုင်ကျီမိစ္ဆာနိုင်ငံ နှင့်ပါ ပူးပေါင်းနေခဲ့ခြင်းပင် ဖြစ်သည်။

​သူမ၏ ဂါထာရွတ်ဆိုသံ အဆုံးတွင် ခံ့ညားထည်ဝါပြီး အရှိန်အဝါကြီးမားလှသော အငွေ့အသက်တစ်ခု ပေါ်ပေါက်လာသည်။

​“ငါ့ကို ဘာကိစ္စကြောင့် ခေါ်တာလဲ”

​ဟိန်းထွက်လာသော အသံတစ်ခုမှာ ရေပေါ်ဆောင်အတွင်း ဟိန်းထွက်သွားတော့သည်။

All Chapters