အခန်း (၆၃၇-၆၃၈)
Vol. 64 Ch. 637-638
အခန်း (၆၃၇) - ရှင်းလင်းချက် ၊ အားကိုးမရသော တောင်နတ်မင်း ၊ ငါ့တွင် ရှေးဟောင်းနတ်ဘုရား စာလွှာရှိသည် ၊ တာအိုဆရာကို လုပ်ကျွေးပြုစုပါရစေ
“တောင်နတ်မင်းကြီး... ဒီနေရာကို တာအိုဆရာတစ်ယောက် ရောက်လာပြီး ကျွန်မရဲ့ သရဲမတွေကို အကုန်သတ်ပစ်တဲ့အပြင် ကျွန်မကိုပါ သတ်ဖို့ ကြိုးစားနေပါတယ်၊ အဲဒီသူခိုးကောင်ကို သတ်ပေးဖို့ တောင်နတ်မင်းကြီးကို တောင်းပန်ပါတယ်ရှင်"
မိုးမခပင်မိစ္ဆာသည် မြေပြင်ပေါ်တွင် ဒူးထောက်ကာ ရိုသေကိုးကွယ်စွာ လျှောက်တင်လိုက်သည်။ ဤသရဲမများ စုပ်ယူလာသည့် ယန်အသက်ဓာတ် အချို့ကို ဟေးရှန်းတောင်နတ်မင်းကလည်း ခွဲဝေယူထားခြင်း ဖြစ်သည်။ ထို့ကြောင့် ဤကိစ္စသည် သူ၏ အကျိုးစီးပွားနှင့် တိုက်ရိုက်သက်ဆိုင်နေသည်ဟု ဆိုနိုင်သည်။
“ဒီလောက်တောင် မောက်မာတဲ့ တာအိုဆရာ ရှိနေတာလား၊ မင်းတောင် သူ့ကို မယှဉ်နိုင်ဘူးလား ”
တောင်နတ်မင်း၏ အသံမှာ ဟိန်းထွက်လာသည်။
“အဲဒီတာအိုဆရာဆီမှာ ထူးဆန်းတဲ့ ဓားရှည်တစ်ချောင်းရှိတယ်၊ အင်မတန် ထက်မြက်လှပါတယ်၊ ကျွန်မ သူ့ကို မယှဉ်နိုင်ပေမဲ့ အညံ့မခံဘဲ အဲဒီကောင်နဲ့ အကြိမ်သုံးရာလောက် အပြင်းအထန် တိုက်ခိုက်ခဲ့ပါတယ်၊ ကိုယ်ပွားတွေ အများကြီး အသတ်ခံလိုက်ရလို့ ဒီကို ဆုတ်ခွာလာခဲ့ရတာပါ ”
ဟု မိုးမခပင်မိစ္ဆာက လှည့်ဖျားကာ ရှင်းပြလိုက်သည်။
“ဪ... အဲဒီတာအိုဆရာက ဘယ်အဆင့်မှာလဲ အဲဒီဓားကရော ဘယ်လိုမျိုးလဲ ”
တောင်နတ်မင်းမှာ မိုးမခပင်မိစ္ဆာ၏ ကိုယ်ပွားများ အသတ်ခံရခြင်းကို ဂရုမစိုက်ပါချေ။ လီယန်ချူး၏ အကြောင်းကိုသာ ပို၍ စိတ်ဝင်စားနေပုံရသည်။
“အဲဒီဓားမှာ မီးတောက်တွေ၊ လေမုန်တိုင်းတွေ၊ ရေခဲတွေလို ဘာဓာတ်သတ္တိမှ ရှိနေတာ မတွေ့ရဘူး၊ ထက်တာ တစ်ခုပဲ သိသာတယ်၊ ဒါပေမဲ့ ကျွန်မရဲ့ မိစ္ဆာစွမ်းအားတွေနဲ့ သစ်ပင်အခေါက် ချပ်ဝတ်တန်ဆာတွေက အဲဒီဓားရှေ့မှာ ဘာမှမတိုးဘူး၊ ဓားထဲမှာ ဆန်းကြယ်တဲ့ တုန်ခါမှု အရှိန်အဝါတစ်ခု ကိန်းအောင်းနေတယ်၊ သာမန် နတ်လက်နက်ထက်ကို ပိုပြီး အစွမ်းထက်နိုင်မယ် ထင်ပါတယ်ရှင်”
“အဲဒီတာအိုဆရာကတော့ တိုက်ခိုက်တဲ့အခါ ကျင့်စဉ်အတတ်တွေ သုံးတာထက် စစ်သည်တော်တစ်ယောက်လိုပဲ၊ ဆန်းကြယ်တဲ့ မန္တန်တွေ မသုံးဘဲ ခန္ဓာကိုယ်ခွန်အားနဲ့တင် ကျွန်မကို တိုက်ရိုက် တိုက်ခိုက်တာပါ။”
မိုးမခပင်မိစ္ဆာက အသေးစိတ် ပြောပြလိုက်သည်။
“ခန္ဓာကိုယ်ခွန်အားနဲ့တင် မင်းကို သတ်နိုင်တယ်... ပြီးတော့ နတ်လက်နက်ထက် သာတဲ့ ဓားတစ်ချောင်းလည်း ရှိနေသေးတယ်... လူ့ပြည်မှာ သိုင်းနတ်ဘုရား တစ်ယောက် ထပ်ပေါ်လာတာလား ”
တောင်နတ်မင်း၏ အသံတွင် နားမလည်နိုင်မှုများ ပါဝင်နေပြီး ခေတ္တ တိတ်ဆိတ်သွားသည်။
“ငါ့ရဲ့ ကျင့်ကြံမှုက အရေးကြီးတဲ့ အလှည့်အပြောင်းကို ရောက်နေတယ်၊ ဒီကိစ္စကို ခဏလောက် ဘေးဖယ်ထားလိုက်ဦး၊ မင်း အရင်ဆုံး ရှောင်နေလိုက်၊ နောက်မှ အဲဒီကောင်ကို ငါ သေချာပေါက် သတ်ပေးမယ် ”
တောင်နတ်မင်းက ခဏအကြာတွင် တိတ်ဆိတ်စွာပင် ဆိုလိုက်သည်။
မိုးမခပင်မိစ္ဆာမှာ ဆွံ့အသွားရသည်။ ဤတောင်နတ်မင်းကြီးမှာ အမြဲတမ်း ဆန်းကြယ်နက်နဲပြီး အစွမ်းထက်လှသူ ဖြစ်သည်။ တစ်ခါက နတ်စွမ်းအား အနည်းငယ်ကို ငှားပေးလိုက်ရုံဖြင့် ပေ့ဖုန်း ခရိုင်ရှိ ဗုဒ္ဓဘာသာနှင့် တာအိုဘာသာမှ ထိပ်သီးပညာရှင် နှစ်ဦးကို ဒဏ်ရာရအောင် လုပ်နိုင်ခဲ့သည် မဟုတ်ပါလား။ ယခုမူ အဘယ်ကြောင့် အရေးကြီးသည့် ကျင့်ကြံမှုဟု အကြောင်းပြကာ ရှောင်လွှဲနေရသနည်း။
“နတ်မင်းကြီး... အဲဒီတာအိုဆရာက မကြာခင်မှာ ဒီကို ရောက်လာတော့မှာပါ၊ ကျွန်မ သေတာက အရေးမကြီးပေမဲ့ ဒီမှာရှိတဲ့ အခြေခံအုတ်မြစ်တွေ အကုန်ပျက်စီးသွားမှာကို နှမြောစရာ မကောင်းဘူးလားရှင်”
မိုးမခပင်မိစ္ဆာသည် လက်မလျှော့ဘဲ တောင်နတ်မင်းအား ကိုယ်တိုင် ဆင်းလာစေရန် ထပ်မံ တောင်းဆိုလိုက်ပြန်သည်။
“ငရဲဘုံမှာ ဆူပူလှုပ်ရှားမှုတွေ ရှိနေတယ်၊ လူ့ပြည်နဲ့ ဆက်သွယ်မှုတွေကလည်း ပိုများလာပြီ၊ ငါက ဒီအချိန်မှာ အခွင့်အရေးကို အရယူရမယ်၊ ဒီကိစ္စကို ထပ်မပြောနဲ့တော့ ”
ဟေးရှန်းတောင်နတ်မင်းက အသံမာမာဖြင့် ပြောလိုက်သည်။
ထိုစကားအဆုံးတွင်ပင် ဆက်သွယ်မှုကို အတင်းအကျပ် ဖြတ်တောက်လိုက်တော့သည်။
မိုးမခပင်မိစ္ဆာမှာ ကြောင်အမ်းအမ်း ကျန်ရစ်ရ၏။ ဤဟေးရှန်းတောင်နတ်မင်းမှာ အရေးကြုံလာလျှင် ဤမျှအထိ အားကိုးမရ ဖြစ်လိမ့်မည်ဟု သူမ မထင်ထားခဲ့ပါချေ။
“ဒီတောင်နတ်မင်းက ဟိုတာအိုဆရာကို ကြောက်နေတာများလား ”
မိုးမခပင်မိစ္ဆာ စိတ်ပျက်သွားသည်။ သူမ ခဏရှောင်နေမှ ဖြစ်တော့မည်။ အဆိုးဆုံးဖြစ်လာလျှင် ဟော့တာအိုဆရာ ဆီမှာ သွားခိုလှုံမည်။ ဟော့တာအိုဆရာသည် သူမ၏ ခန္ဓာကိုယ်ထဲရှိ စင်ကြယ်သော သစ်သားဓာတ် ကို အမြဲတမ်း မက်မောနေသူ ဖြစ်သဖြင့် ထိုလူငယ်တာအိုဆရာက သူမကို သတ်သွားသည်ကို ကြည့်နေမည် မဟုတ်ပါချေ။
“ဟင်း... ငါက လူအနည်းငယ်ကိုပဲ သတ်ခဲ့တာပါ၊ ပိုင်ကျီမိစ္ဆာနိုင်ငံ က လူတွေ သတ်တာနဲ့ယှဉ်ရင် ဘာမှမဟုတ်ပါဘူး၊ ဘာလို့ ငါမှ ဒီလို လူသတ်ဘုရားနဲ့ လာတိုးရတာလဲ”
မိုးမခပင်မိစ္ဆာက သက်ပြင်းချလိုက်သည်။
သူမသည်လည်း အကြီးအကျယ် သတ်ဖြတ်လိုသော်လည်း ဤနေရာမှာ ပေ့ဖုန်း ခရိုင်မြို့တော်နှင့် အင်မတန် နီးကပ်လွန်းလှသည်။ သူမသည် ငရဲဘုံအက်ကြောင်းကိုလည်း မစွန့်လွှတ်နိုင်သလို၊ ဟေးရှန်းတောင်နတ်မင်း ဆိုသည့် အားကိုးရာကိုလည်း မစွန့်နိုင်ပါချေ။
ထို့ကြောင့် ဤနေရာတွင် ကျင့်ကြံရင်း လူသိမခံချင်သဖြင့် ခရီးသွားတွေကို တိတ်တဆိတ်သာ ဖြားယောင်းခဲ့ခြင်း ဖြစ်သည်။ ယခုလို ဖြစ်လာမည်ကို သိခဲ့လျှင် အကြီးအကျယ် သတ်ဖြတ်ပြီး ရသမျှ အမြတ်ထုတ်ကာ အဝေးသို့ ထွက်ပြေးသွားရမည် ဖြစ်သည်။
“မင်း ပင့်လိုက်တဲ့ တောင်နတ်မင်းက သိပ်ပြီး အားကိုးရပုံမပေါ်ဘူးနော် ”
အသံတစ်ခုမှာ ရုတ်တရက် ပေါ်ထွက်လာသည်။
မိုးမခပင်မိစ္ဆာက ပြန်တုံ့ပြန်ရန် ပြင်လိုက်စဉ်မှာပင် တစ်ကိုယ်လုံးရှိ အမွေးအမျှင်များ ထောင်ထလာကာ အေးစက်သော အငွေ့အသက်တစ်ခုက သူမ၏ ဦးခေါင်းထိပ်အထိ စိမ့်တက်သွားတော့သည်။
ယင်းမှာ ထိုတာအိုဆရာ၏ အသံ မဟုတ်ပါလား
သူမ ပတ်ပတ်လည်ကို ကြည့်လိုက်သော်လည်း မည်သူ့ကိုမျှ မတွေ့ရပါချေ။ သူမ၏ ခန္ဓာကိုယ်မှ မိစ္ဆာစွမ်းအားများကို ထုတ်လွှတ်ကာ သစ်ပင်အခေါက်များဖြင့် ကာရံလိုက်ပြီး၊ ချက်ချင်းပင် ၁၂ ပေ ခန့်ရှိသော ရုပ်ဆိုးအကျည်းတန်သည့် သစ်ပင်လူသားကြီးအဖြစ် ပြောင်းလဲလိုက်သည်။ သစ်ပင်လူသား၏ ရင်ဘတ်တွင်မူ လှပသော အမျိုးသမီးမျက်နှာတစ်ခု ပါရှိနေ၏။
သရဲခြောက်နေတာလား သူမ၏ စိတ်ထဲတွင် ထိုသို့သော မရေရာသည့် အတွေးတစ်ခု ပေါ်လာသည်။ သို့သော် ချက်ချင်းပင် သတိဝင်လာသည်။
ကိုယ်ရောင်ဖျောက်အတတ်
ထို့နောက်တွင် လူငယ်တာအိုဆရာမှာ ကိုယ်ထင်ရှားလာပြီး သူမကို ပြုံးစစဖြင့် ကြည့်နေသည်ကို တွေ့လိုက်ရသည်။
“မိပြီ ”
လူငယ်တာအိုဆရာ၏ စကားကြောင့် သူမသည် ရေခဲတွင်းထဲသို့ ကျသွားသကဲ့သို့ ခံစားလိုက်ရသည်။
“တာအိုဆရာ... ဘယ်လိုဖြစ်ပြီး ဒီကို ရောက်လာတာလဲရှင် ကျွန်မက တာအိုဆရာအတွက် ရတနာတစ်ခု လက်ဆောင်ပေးဖို့ ပြန်လာတာပါ”
ဟု မိုးမခပင်မိစ္ဆာက ပြုံးလျက် ဆိုလိုက်သည်။
“ဒါဆိုရင် ငါကပဲ မင်းကို အထင်လွဲခဲ့တာပေါ့”
လီယန်ချူးက ခပ်အေးအေးပင် ဆိုသည်။
“ကျွန်မ မှားသွားပါတယ် တာအိုဆရာ... စောစောက ဟိုကောင်ကို ပြောခဲ့တာတွေက အကုန် လေလုံးထွားတာတွေပါ၊ အဲဒီကောင်က ဟေးရှန်းတောင်နတ်မင်းပါ၊ ဒီနေရာနဲ့ မိုင် (၃၀) လောက်ပဲ ဝေးတာ၊ ကျွန်မက ဒီမှာ အပျော်အပါးလောက်ပဲ လုပ်တာပါ၊ သူကတော့ အဲဒီမှာ မြေငလျင်တွေ ဖန်တီးပြီး ရွာလုံးကျွတ် လူတွေကို ဒုက္ခပေးနေတာ၊ တာအိုဆရာ သူ့ကို သေချာပေါက် မလွှတ်ပေးသင့်ဘူးနော်”
မိုးမခပင်မိစ္ဆာက အင်မတန် ဒေါသထွက်နေသည့်အလား တည်တည်ကြည်ကြည်ဖြင့် ပြောလိုက်သည်။
“ဟေးရှန်းတောင်နတ်မင်း ကိစ္စကို ငါ မဝင်ပါချင်ဘူး၊ ငါက လူလာရှာတာ၊ အဲဒီလူကို အပ်လိုက်ရင် မင်းကို ငါ လွှတ်ပေးမယ် ”
လီယန်ချူးက ခေါင်းခါယမ်းကာ ပြောလိုက်သည်။
“တာအိုဆရာ... ကျွန်မ တကယ် မလိမ်ပါဘူး၊ အဲဒီအမျိုးသမီးဆီက နတ်ရောင်ခြည်တွေ ထွက်လာပြီး ငရဲဘုံအက်ကြောင်းထဲကို အဆွဲခံလိုက်ရတာပါ ”
မိုးမခပင်မိစ္ဆာက အလျင်အမြန် ရှင်းပြပြန်သည်။
ယခုတစ်ခါတွင် သူမ အမှန်အတိုင်း ပြောနေခြင်း ဖြစ်သော်လည်း လီယန်ချူးကမူ အေးစက်စွာပင်
“ငါ မယုံဘူး၊ မင်းပဲ သူ့ကို သတ်လိုက်တာ ဖြစ်ရမယ် ”
ဟု ဆိုလိုက်သည်။
မိုးမခပင်မိစ္ဆာမှာ အကြီးအကျယ် ထိတ်လန့်သွားသည်။ နှစ်ပေါင်းများစွာ လူတွေကို လိမ်ညာလှည့်ဖျားခဲ့သော်လည်း အမှန်အတိုင်း ပြောလိုက်သည့် တစ်ကြိမ်တည်းမှာပင် အလိမ်အညာအဖြစ် အယူခံလိုက်ရသည်။ သူမ ရှင်းပြချင်သော်လည်း လူငယ်တာအိုဆရာ၏ ဓားကဲ့သို့ အေးစက်သော မျက်လုံးများကို ကြည့်ကာ ရင်ထဲမှာ စိုးရိမ်စိတ်တွေ ပြည့်နှက်လာသည်။
“ဒီတာအိုဆရာက ငါ့ကို အကွက်ဆင်နေတာလား ငါ ဘာပြောပြော သူက ငါ့ကို သတ်မှာပဲ မဟုတ်လား”
မိုးမခပင်မိစ္ဆာ၏ စိတ်ထဲတွင် အတွေးပေါင်းစုံ လှည့်ပတ်နေသည်။
“တာအိုဆရာ... ကျွန်မမှာ ပိုင်ကျီမိစ္ဆာနိုင်ငံ ရဲ့ သတင်းတွေ ရှိပါတယ်၊ သူတို့က ကျွန်မကို အဖွဲ့ထဲဝင်ဖို့ ဖိတ်ခေါ်ထားတာ၊ သူတို့ရဲ့ စခန်းအချို့ကိုလည်း ကျွန်မ သိပါတယ်၊ တာအိုဆရာကို အကုန် ပြောပြနိုင်ပါတယ် ”
လီယန်ချူး ဘာမှပြန်မပြောပါချေ။ သို့သော် သူ၏ လက်မှာ ဓားရိုးပေါ်မှ လျော့ကျသွားသည်။ မိုးမခပင်မိစ္ဆာ၏ မျက်လုံးများ ဝင်းခနဲ ဖြစ်သွားပြီး အခွင့်အရေးရှိပြီဟု တွေးလိုက်သည်။ သူမသည် ပိုင်ကျီမိစ္ဆာနိုင်ငံ၏ စခန်းအချို့ကို အသေးစိတ် ပြောပြလိုက်သည်။ သို့သော် လီယန်ချူးမှာမူ လွှတ်ပေးမည့် အရိပ်အယောင် မပြသေးပါချေ။
“တာအိုဆရာ... ကျွန်မမှာ ငရဲဘုံရဲ့ သတင်းတွေလည်း ရှိပါသေးတယ်၊ အခု ငရဲဘုံနဲ့ လူ့ပြည် ဆက်သွယ်မှုတွေ ပိုများလာပြီး ငရဲဘုံက ကျူးကျော်လာတာမျိုးတောင် ဖြစ်နိုင်ပါတယ်၊ အဲဒီအခါကျရင် တောင်တွေ၊ မြစ်တွေ ပြောင်းလဲကုန်ပြီး ငရဲဘုံက မြင်ကွင်းတွေ လူ့ပြည်မှာ ပေါ်လာလိမ့်မယ်၊ အဲဒါအတွက် ကြိုတင်ပြင်ဆင်ထားဖို့ လိုပါလိမ့်မယ် ”
လီယန်ချူးမှာ မလှုပ်မယှက်ဘဲ သူမကို အေးစက်စွာသာ ကြည့်နေမြဲပင်။
“တာအိုဆရာ... ကျွန်မလက်ထဲမှာ မြင့်မြတ်တဲ့ တာအိုကျင့်စဉ်တွေ ပါဝင်တဲ့ ယုစာလွှာ တစ်ခု ရှိပါတယ်၊ အဲဒါကို တာအိုဆရာကို ဆက်သပါရစေ ”
မိုးမခပင်မိစ္ဆာ၏ စကားအဆုံးတွင် သူမ၏ ရုပ်ဆိုးအကျည်းတန်သော သစ်ပင်လူသား ခန္ဓာကိုယ်ကို ရုပ်သိမ်းလိုက်ပြီး အချိုးအစားကျလှသော အလှပဂေးတစ်ဦးအဖြစ် ပြန်လည် ပြောင်းလဲလိုက်သည်။ သူမသည် ရေပေါ်ဆောင်ရှိ တစ်နေရာသို့ သွားကာ လက်ဖြင့် တစ်ချက် ဝေ့ယမ်းလိုက်ရာ ရှေးဟောင်း ယုစာလွှာ တစ်ခု ထွက်ပေါ်လာသည်။
ထို့နောက် လီယန်ချူးအား ကမ်းပေးလိုက်သည်။ သူမ သိသည်မှာ လီယန်ချူး၏ ဓားမှာ အင်မတန် ကြမ်းတမ်းလှသဖြင့် သူမ မိစ္ဆာစွမ်းအားတွေ သုံးပြီး ခုခံလည်း ယှဉ်နိုင်မည် မဟုတ်ပါချေ။ ထို့ကြောင့် လျှို့ဝှက်ချက်များကို ထုတ်ပေးကာ အသက်ရှင်ခွင့်ကို ဝယ်ယူရန် ဆုံးဖြတ်လိုက်ခြင်း ဖြစ်သည်။
လီယန်ချူးသည် ယုစာလွှာကို ယူကာ ကြည့်လိုက်ရာ ထိုနေရာတွင် မည်သည့် မိစ္ဆာအငွေ့အသက်မျှ မရှိဘဲ စင်ကြယ်လှသော တာအိုအရှိန်အဝါများနှင့် နတ်ဘုရားအငွေ့အသက် အချို့ ကိန်းအောင်းနေသည်ကို တွေ့လိုက်ရသည်။
“ဒါကို မင်း ဘယ်က ရတာလဲ” လီယန်ချူး အနည်းငယ် သိချင်စိတ် ဖြစ်သွားသည်။
“အမှန်အတိုင်း ပြောရရင် ဒီယုစာလွှာက ကျွန်မရဲ့ အိမ်ထောင်ဖက် လက်ထဲကနေ ရခဲ့တာပါ ”
ဟု မိုးမခပင်မိစ္ဆာက ဆိုသည်။
“အိမ်ထောင်ဖက် ဟုတ်လား မင်းမှာ အိမ်ထောင်ဖက် ရှိသေးတာလား ”
လီယန်ချူး မျက်မှောင်ကြုတ်သွားသည်။ ယခု ပြောင်းလဲထားသော အလှပဂေးပုံမှာ အင်မတန် ဆွဲဆောင်မှု ရှိသော်လည်း စောစောက ဝဖြိုးသောအဘွားအိုပုံစံနှင့် ရုပ်ဆိုးလှသော သစ်ပင်လူသားပုံစံတို့က လီယန်ချူး၏ စိတ်ထဲတွင် ဖျောက်ဖျက်မရအောင် ရှိနေသည်။ ဒီလိုပုံစံမျိုးကိုတောင် အိမ်ထောင်ဖက် ရှိနိုင်သေးတယ်ပေါ့။
“ကျွန်မက ရုပ်ဖျက်အတတ်မှာ ကျွမ်းကျင်ပါတယ်၊ ဘယ်လိုပုံစံမဆို ပြောင်းလဲနိုင်ပါတယ်၊ ဒါပေမဲ့ အခု ဒီပုံစံကတော့ ကျွန်မရဲ့ မူလပုံစံ အစစ်အမှန်ပါပဲ။ တာအိုဆရာသာ နှစ်သက်မယ်ဆိုရင် ကျွန်မ တာအိုဆရာကို လုပ်ကျွေးပြုစုပါရစေရှင်၊ ဟိုသရဲမတွေကို သင်ပေးထားတာတွေ အကုန်လုံးကို ကျွန်မလည်း တတ်ပါတယ်၊ သူတို့ မတတ်တာတွေကိုလည်း ကျွန်မ တတ်ပါသေးတယ်၊ ပြီးတော့ ကျွန်မက တခြားသူရဲ့ ဇနီးလည်း ဖြစ်နေတော့ တာအိုဆရာသာ သဘောတူမယ်ဆိုရင် ကျွန်မ တာအိုဆရာရဲ့ အနားမှာပဲ အမြဲ နေပါရစေတော့ ”
အခန်း (၆၃၈) - ဘဝလမ်းခရီး၊ ချင်းနွီယို့ဟွန်းရဲ့ အရိပ်မည်း ၊ အမြစ်ပါမကျန် နှုတ်ပစ်ခြင်း ၊ ဖာထျန်းရှန့်တီ
မိုးမခပင်မိစ္ဆာသည် မည်သည့် ဖြားယောင်းမှုအတတ်ကိုမျှ အထူးတလည် သုံးနေရန် မလိုပါချေ။
သူမကိုယ်တိုင်က ယန်ဓာတ်ဖြည့်တင်းခြင်း နှင့် ကာမအတတ် တို့တွင် ကျွမ်းကျင်သူဖြစ်ပြီး သူမလက်အောက်တွင်လည်း အင်မတန် လှပညှို့ယူနိုင်သော သရဲမများစွာ ရှိခဲ့ဖူးသဖြင့်၊ ထိုသို့သော မိန်းမပျိုတို့၏ အမူအရာနှင့် စွဲမက်ဖွယ်အဟန်မှာ သူမ၏ အရိုးထဲအထိ စိမ့်ဝင်နေပြီးသား ဖြစ်သည်။
ယခု သူမ ပြောင်းလဲထားသော အမျိုးသမီးအလှမှာ ကိုယ်လုံးကိုယ်ပေါက် အင်မတန် ဆွဲဆောင်မှုရှိလှပြီး ရင်သားနှင့် တင်ပါးမှာ အချိုးအစားကျကာ ခါးမှာလည်း သေးသိမ်လှသည်။ အထူးသဖြင့် သွေးသားဆူဖြိုးသော လူငယ်လေးများအတွက်မူ ဤအလှမှာ အသက်အန္တရာယ် ပေးနိုင်လောက်အောင်ပင် ပြင်းထန်လှသည်။
နှမြောစရာကောင်းသည်မှာ...
လီတာအိုဆရာသည် ယခင်ကလို လူပျိုပေါက်လေး မဟုတ်တော့ပါချေ။ ရင့်ကျက်တည်ငြိမ်သော အလှတရားနှင့် ပတ်သက်လျှင် ဆိုင်ရှင်မ မှာသာ အမြင့်ဆုံးအတားအဆီး ဖြစ်သည်။
အထူးသဖြင့် ဤမိစ္ဆာမမှာ သစ်ပင်မိစ္ဆာ ဖြစ်နေခြင်းနှင့် စောစောက ရုပ်ဆိုးလှသော အဘွားအိုအသွင်ဖြင့် မြင်ခဲ့ရခြင်းတို့ကြောင့် လီယန်ချူး၏ နားထဲတွင် သီချင်းတစ်ပုဒ်ပင် လွင့်ပျံလာတော့သည်။
ဘဝလမ်းခရီး... လှပတဲ့ အိပ်မက်ဟာ အိပ်မက်လိုပဲ ရှည်လျားလို့... (ချင်းနွီယို့ဟွန်း ဇာတ်ကားထဲမှ သီချင်းကို ရည်ညွှန်းခြင်း)
ထိုသို့သော အခြေအနေမျိုးတွင် မိုးမခပင်မိစ္ဆာက သူမကိုယ်သူမ ဆက်သရန် ကြံစည်လိုက်ခြင်းမှာ လီယန်ချူးကို ပို၍ပင် ဒေါသထွက်စေခဲ့သည်။
“မင်းကတော့ သေတွင်းကို တည့်တည့်တိုးနေတာပဲ...”
လီယန်ချူး၏ မျက်နှာမှာ အေးစက်သွားကာ မျက်လုံးထဲတွင် သတ်ဖြတ်လိုစိတ်များ အထင်းသား ပေါ်လာတော့သည်။
“...” မိုးမခပင်မိစ္ဆာမှာ ဆွံ့အသွား၏။
ဒီလူငယ်တာအိုဆရာက ဘာဖြစ်နေတာလဲ မိန်းမ မကြိုက်တာလား ဒါမှမဟုတ် သူများမိန်းမမို့လို့ မကြိုက်တာလား။
လီယန်ချူး၏ ခါးကြားမှ ကျန့်ကျောင်းဓား မှာ ဓားအိမ်ထဲမှ ထွက်ပေါ်လာပြီး လက်မြှောက်ကာ ခုတ်ချလိုက်လေသည်။
ရွှပ်
ဓားတစ်ချက်တည်းဖြင့်ပင် မိုးမခပင်မိစ္ဆာကို ပိုင်းဖြတ်ပစ်လိုက်သည်။ မိုးမခပင်မိစ္ဆာ၏ ထိပ်ဆုံးမှစ၍ အောက်ခြေအထိ လူတစ်ကိုယ်လုံးကို ဒေါင်လိုက် နှစ်ခြမ်း ကွဲသွားစေ၏။ ဘယ်လောက်ပင် လှပသော ကိုယ်လုံးကိုယ်ပေါက် ဖြစ်နေပါစေ၊ ဤသို့ ပိုင်းဖြတ်ခံလိုက်ရလျှင် ကြည့်မကောင်းတော့ပါချေ။
ထူထပ်သော တောအုပ်အတွင်း၌...
မိုးမခပင်မိစ္ဆာ၏ အရိပ်မှာ တစ်ဖန် ပြန်လည်ပေါ်ပေါက်လာပြန်သည်။
လီယန်ချူး မြင်ခဲ့သည်မှာ မမှားပါချေ။ သူမ၏ ကိုယ်ပွားအတတ်မှာ ဤမိုးမခတောအုပ်နှင့် တိုက်ရိုက်ဆက်စပ်နေသည်။ အသတ်ခံရတိုင်း ဤနေရာတွင်သာ ပြန်လည်အသက်ဝင်လာ တတ်သဖြင့် သူမသည် အဝေးသို့ ထွက်မပြေးနိုင်ဘဲ ဖြစ်နေခြင်းပင်။
မိုးမခပင်မိစ္ဆာသည် ယခုတိုင် အသက်လတ်ပိုင်း အမျိုးသမီးအလှအသွင်ဖြင့်သာ ရှိနေသေး၏။ သူမ၏ မျက်နှာပေါ်တွင် နားမလည်နိုင်မှုနှင့် အံ့ဩတုန်လှုပ်မှုများ ဖုံးလွှမ်းနေသည်။
“ဘယ်နေရာမှာများ မှားသွားတာလဲ”
“ပြီးတော့ ဒီတာအိုဆရာက တကယ့်ကို ခွေးစိတ်ရှိတဲ့ကောင်ပဲ စကားပြောနေရင်းတန်းလန်း တန်းခုတ်တာလား ”
မိုးမခပင်မိစ္ဆာ၏ ရင်ထဲတွင် ဒေါသများ ပေါက်ကွဲလာသည်။ သူမသည် သူမနေထိုင်ရာ ရေပေါ်ဆောင် ရှိရာသို့ လှည့်ကြည့်လိုက်သည်။
ဝုန်း
မီးခိုးနှင့် မီးတောက်များ ကောင်းကင်သို့ ထိုးတက်သွားတော့သည်။
နှစ်မီတာနီးပါး မြင့်သော သစ်ပင်ငုတ်တိုကြီးပေါ်မှ အရိပ်တစ်ခုသည် အစီရင်များနှင့် အတားအဆီးများကို ချိုးဖျက်ကာ ပျံသန်းထွက်ပေါ်လာသည်။ လက်တစ်ဝါးစာခန့်သာရှိသော ထိုအရိပ်မှာ တစ်ခဏချင်းမှာပင် ကြီးမားလာကာ ရှေးဟောင်းဓားရှည်ကို ကိုင်ဆောင်ထားသော လူငယ်တာအိုဆရာ ဖြစ်သွားတော့သည်။
သူ၏ တာအိုဝတ်ရုံမှာ လေထဲတွင် တဖျပ်ဖျပ် လှုပ်ခါနေပြီး တစ်ကိုယ်လုံးမှာ မီးတောက်များ ဝန်းရံနေသဖြင့် နတ်ဘုံနတ်နန်းမှ ဆင်းသက်လာသည့် နတ်ဘုရားတစ်ပါးအလားပင်။
ရှူး
မိုးမခပင်မိစ္ဆာမှာ အသက်ကို ပြင်းပြင်းရှူလိုက်မိကာ မျက်နှာတွင် ဝမ်းနည်းရိပ်များ ဖြတ်ပြေးသွားသည်။ အိုးအိမ်မဲ့ ဖြစ်သွားရပြီ...။
သူမသည် ထိုတာအိုဆရာထံမှ ထွက်ပေါ်နေသော အင်အားကြီးမားလှသည့် အရှိန်အဝါကို ခံစားလိုက်ရသဖြင့် ချက်ချင်းပင် ထွက်ပြေးရန် ပြင်လိုက်သည်။ ထိုတာအိုဆရာသည် အင်မတန် အန္တရာယ်များလှသဖြင့် ဤနေရာမှာ ဆက်မနေသင့်တော့ပါချေ။
စောစောကသာ ထိုတာအိုဆရာက သူမကို ချက်ချင်း ဓားဖြင့်ပိုင်းပြီး မသတ်ခဲ့လျှင်၊ သူမအနေဖြင့် ကိုယ်ပွားအတတ်ကို သုံးပြီး သူ၏ လက်ခုပ်ထဲမှ လွတ်မြောက်နိုင်ရန်မှာ ခက်ခဲပေလိမ့်မည်။
မိုးမခပင်မိစ္ဆာသည် လျှင်မြန်စွာ ပြေးလွှားလိုက်ရာ သူမ၏ အရှိန်အဝါမှာ ပတ်ဝန်းကျင်ရှိ မိုးမခပင်များနှင့် တစ်ထပ်တည်း ကျနေသဖြင့် အင်မတန် လုံခြုံလှသည်။ သူမသည် တောအုပ်အတွင်း အင်မတန် မြန်ဆန်စွာပင် လျှိုးဝင်ထွက်ပြေးသွားတော့သည်။ သူမ၏ မူလကိုယ်ထည်မှာ အင်မတန် ကြီးမားလှပြီး ယခင်က သစ်ပင်ငုတ်တိုကြီးနှင့် မြေအောက်မှ ကြီးမားလှသော အမြစ်ကွန်ရက်ကြီးပင် ဖြစ်သည်။
သူမသည် တစ်ခါက အမည်မသိ ပညာရှင်တစ်ဦး၏ ဓားချက်ဖြင့် ပိုင်းဖြတ်ခံခဲ့ရဖူးသဖြင့် အစွမ်းများ များစွာ လျော့နည်းသွားခဲ့သည်။ နောက်ပိုင်းတွင်မှ မိစ္ဆာလမ်းသို့ ခြေစုံပစ်ဝင်ကာ လူသတ်ပြီး ပူဇော်မှုများ ပြုလုပ်ခဲ့သဖြင့် ဒဏ်ရာများမှာ ပြန်လည်သက်သာလာခဲ့ခြင်း ဖြစ်သည်။ ဤနေရာမှသာ လွတ်မြောက်သွားလျှင် သူမအနေဖြင့် အင်အားပြန်လည် စုဆောင်းရန်မှာ မခက်ပါချေ။
ထိုသစ်ပင်ငုတ်တိုကြီးနှင့် ပတ်သက်လျှင်မူ...
မြေအောက်တွင် ကြီးမားလှသော အမြစ်ကွန်ရက်ကြီး ရှိနေသဖြင့် တာအိုဆရာအနေဖြင့် သူမကို ဘာမှလုပ်နိုင်မည်မဟုတ်ဟု သူမ တွေးထားသည်။
မိုးမခပင်မိစ္ဆာမှာ လွတ်မြောက်ရန် ကြိုးစားနေစဉ် ရုတ်တရက် နားထဲ၌ ပြင်းထန်သော မြေလှုပ်သံကြီးများ ကြားလိုက်ရသည် မြေပြင်မှာ အက်ကွဲသွားပြီး မြေနဂါးကြီး တစ်ကောင် လူးလွန့်နေသည့်အလားပင်။
သူမမှာ ကြောင်အမ်းသွားပြီး လှည့်ကြည့်လိုက်ရာ တောင်နတ်မင်းကြီး ဆင်းသက်လာသည်ဟု ထင်မှတ်လိုက်မိ၏။ သို့သော် သူမ မြင်လိုက်ရသည်မှာ ကောင်းကင်ယံတစ်ခုလုံးကို သွေးရောင်အရှိန်အဝါများက နီရဲသွားအောင် ဖုံးလွှမ်းသွားခြင်းပင်။
ကြီးမားလှသော သွေးအရှိန်အဝါ များမှာ ပွက်ပွက်ဆူနေသည့် သမုဒ္ဒရာကြီးအလား ပေါက်ကွဲထွက်လာတော့သည် လူငယ်တာအိုဆရာသည် သစ်ပင်ငုတ်တိုကြီးကို လက်နှစ်ဖက်ဖြင့် ဖက်ကာ အမြစ်ပါမကျန် နှုတ်ပစ်ရန် ကြိုးစားနေခြင်း ဖြစ်သည်။
“...” မိုးမခပင်မိစ္ဆာ။
ဒီတာအိုဆရာ ရူးသွားတာလား
သူမသည် နှစ်တစ်ထောင်သက်တမ်းရှိသော မိုးမခပင်ဖြစ်သလို ဤမိုးမခတောအုပ်ကြီး တစ်ခုလုံးကိုလည်း သူမကပင် မွေးမြူထားခဲ့ခြင်း ဖြစ်သည်။ မြေအောက်ရှိ အမြစ်ကွန်ရက်ကြီးမှာ တကယ့်ကို ဧရာမ သတ္တဝါကြီးတစ်ကောင်အလား ကြီးမားလှသည် မဟုတ်ပါလား လူတစ်ယောက်က ဘယ်လိုလုပ်ပြီး အတင်းအကျပ် နှုတ်ယူနိုင်ပါ့မလဲ။
လီယန်ချူးသည် ကျန့်ကျောင်းဓား ကို ဓားအိမ်ထဲ ပြန်ထည့်လိုက်သည်။ သူ၏ တစ်ကိုယ်လုံးရှိ ကြွက်သားများမှာ တင်းမာသွားပြီး ပြင်းထန်လှသော သွေးအရှိန်အဝါများမှာ ခန္ဓာကိုယ်အတွင်း စီးဆင်းသွားကာ အဓိက အချက်အချာနေရာတိုင်းတွင် ပေါက်ကွဲထွက်လာတော့သည်။
ဝုန်း ဝုန်း
မိုးမခပင်မိစ္ဆာ၏ ကြီးမားလှသော အမြစ်ကွန်ရက်ကြီးမှာ သူ၏ လက်ချက်ဖြင့် တကယ်ပင် တစ်စတစ်စနှင့် အထက်သို့ ကြွတက်လာတော့သည် မြေပြင်မှာလည်း ဟိန်းခနဲ အက်ကွဲသွားသည်။
မိုးမခပင်မိစ္ဆာသည်လည်း သူမ၏ လှုပ်ရှားမှုကို ထိခိုက်စေသည့် ထူးဆန်းသော ဆွဲငင်အားတစ်ခုကို ခံစားလိုက်ရသည်။
“ဒါ... ဒါက တကယ်ပဲ တာအိုဆရာလား”
မိုးမခပင်မိစ္ဆာမှာ မျက်လုံးပြူးသွားတော့သည်။ အကယ်၍ သူမ၏ မူလကိုယ်ထည်သာ အမြစ်ပါမကျန် အနှုတ်ခံလိုက်ရလျှင် သူမပါ ပြန်လည် အဆွဲခံရမည်မှာ သေချာလှသည်။
လီယန်ချူး၏ ခွန်အားမှာ မည်မျှပင် ကြီးမားပါစေ၊ သူသည် သစ်ပင်ငုတ်တိုနှင့် အင်မတန် နီးကပ်လွန်းသဖြင့် အားယူရန် နေရာမရှိသလို ဖြစ်နေသည်။ မြေပြင်မှာ အက်ကွဲနေသော်လည်း အမြစ်အားလုံးကိနှုတ်ယူရန် အတွက်မူ ယင်းမှာ မလုံလောက်သေးပါချေ။ အဓိကမှာ အမြင့်မလုံလောက်ခြင်း ဖြစ်သည်။
“တောက် အနံ့နံတဲ့ တာအိုကောင်က ငါ့ကို လန့်သွားအောင် လုပ်နိုင်သားပဲ ”
မိုးမခပင်မိစ္ဆာမှာ ဆက်မနေဝံ့တော့ဘဲ ဆက်လက် ထွက်ပြေးတော့သည်။ ဤအမြစ်ကြီးသာ လုံးဝ အနှုတ်မခံရသရွေ့ သူမအနေဖြင့် ဤနေရာမှ လွတ်မြောက်နိုင်ပါသေးသည်။ မိုးမခပင်မိစ္ဆာ၏ အရှိန်မှာ အင်မတန် မြန်ဆန်လှသည်။ သူမသည် ယုစာလွှာ ထဲမှ ဆန်းကြယ်သော နတ်အတတ်ကို သင်ယူထားသူ ဖြစ်သည် မဟုတ်ပါလား။
မျက်တောင်တစ်ခတ်အတွင်းမှာပင် ပေပေါင်း သုံးရာကျော် ခန့် ရောက်သွားပြီး သူမ၏ မျက်နှာပေါ်တွင် လွတ်လပ်မှု၏ လေညင်းကို ခံစားလိုက်ရပြီ။ ယနေ့တွင် ထိုလူငယ်တာအိုဆရာကြောင့် အိုးအိမ်ဖျက်ဆီးခံလိုက်ရပြီး ထိုအမြစ်ကြီးလည်း နဂိုအတိုင်း ကျန်ရစ်တော့မည် မဟုတ်သော်လည်း၊ သူမအနေဖြင့်မူ လွတ်မြောက်သွားပြီ ဖြစ်သည်။ တခြားတစ်နေရာတွင် အခြေပြန်ချရန်မှာ သူမအတွက် မခက်ခဲပါချေ။
မိုးမခပင်မိစ္ဆာက သူမကိုယ်သူမ နှစ်သိမ့်လိုက်သည်။ သို့သော် ထိုခဏမှာပင်
သူမ၏ ခန္ဓာကိုယ်မှာ ရုတ်တရက် ရပ်တန့်သွားတော့သည် ထို့နောက် ထိန်းချုပ်မရဘဲ နောက်သို့ ပြန်လည် ဆွဲခေါ်ခြင်း ခံလိုက်ရသည်။
သူမသည် မိစ္ဆာစွမ်းအားများကို အစွမ်းကုန် ထုတ်ဖော်ကာ အတတ်ပေါင်းစုံဖြင့် ရုန်းကန်သော်လည်း ဘာမှ မထူးခြားပါချေ။
ဤအမြစ်ကွန်ရက်ကြီးမှာ သူမ၏ မူလကိုယ်ထည် ဖြစ်သဖြင့် မည်သို့ပင်ဖြစ်စေ လုံးဝ သတ်ဖြတ်ခံရမည် မဟုတ်ဟု သူမ တွေးထားသော်လည်း၊ အမြစ်ကြီး တစ်ခုလုံးကိုသာ တစ်စုံတစ်ယောက်က ထိန်းချုပ်လိုက်လျှင် သူမပါ ပြန်လည် အဖမ်းခံရမည်မှာ ရှောင်လွှဲမရသော အချက်ပင် ဖြစ်သည်။
မိုးမခပင်မိစ္ဆာ လှည့်ကြည့်လိုက်ရာ ပေပေါင်း ရာနှင့်ချီ၍ မြင့်မားသော တာအိုဝတ်ရုံဝတ် ဧရာမ လူသားကြီးတစ်ဦးကို တွေ့လိုက်ရသည်။ ထိုလူသားကြီးသည် သူမ၏ အမြစ်များကို မြက်ပင်တစ်ပင်လိုပင် လက်ဖြင့် ဆွဲကိုင်ထားတော့သည်။
“ထွက်ခဲ့စမ်း”
လီယန်ချူး၏ အသံမှာ မိုးကြိုးပစ်သည့်အလား ဟိန်းထွက်သွားသည်။ သူ၌ ဝိညာဥ်မျက်စိအတတ် ရှိသဖြင့် ထိုမိုးမခပင်မိစ္ဆာ၏ မူလကိုယ်ထည်မှာ မည်သည့်နေရာတွင် ရှိသည်ကို မြင်နေရပြီးသား ဖြစ်သည်။
ဝုန်း ဝုန်း
ထိုမိုးမခတောအုပ်ကြီး တစ်ခုလုံးမှာ သူ၏ လက်ချက်ဖြင့် အပေါ်သို့ မြောက်တက်လာတော့သည်။
“ဒါ... ဒါက ဖာထျန်းရှန့်တီ လား”
မိုးမခပင်မိစ္ဆာမှာ အသံကုန် အော်ဟစ်လိုက်မိကာ မျက်နှာမှာ ပြာနှမ်းသွားတော့သည်။ လီယန်ချူးသည် သူမ၏ ကြီးမားလှသော အမြစ်ကွန်ရက်ကြီးကို နှုတ်ယူလိုက်ရာ မြေပြင်ပေါ်တွင် ဧရာမ ကျင်းကြီးတစ်ခု ဖြစ်ပေါ်သွားတော့သည်။ ထိုအမြစ်များမှာ ရုပ်ဆိုးအကျည်းတန်လှပြီး အင်မတန် နက်ရှိုင်းလှသလို၊ အမြစ်များကြားတွင်လည်း လူအရိုးစုများစွာနှင့် လတ်တလော သေဆုံးထားသော အလောင်းများစွာ ကပ်ငြိပါလာတော့သည်...။
“ဟာ... သွားပြီ”
ဝေဟန်မှာ စောစောက ထိုတောအုပ်အတွင်းမှာ ရှိနေခြင်း ဖြစ်သည်။
မြေပြင်မှာ ရုတ်တရက် တုန်ခါသွားသဖြင့် သူသည် အစွမ်းကုန် အမြန်နှုန်းဖြင့် လွတ်ရာသို့ ပြေးခဲ့ရသည်။ သူ လှည့်ကြည့်လိုက်ရာ ပေပေါင်း ရာနှင့်ချီ မြင့်မားသော ဧရာမ လူသားကြီးတစ်ဦးက မိုးမခတောအုပ်ကြီး တစ်ခုလုံးကို အမြစ်ပါမကျန် နှုတ်ယူနေသည် ကို မြင်လိုက်ရသဖြင့် အင်မတန် အံ့ဩသွားရတော့သည်။
သူသည် ထိုလူသားကြီး၏ မျက်နှာကို ရှင်းရှင်းလင်းလင်း မမြင်ရသော်လည်း၊ စဉ်းစားကြည့်ရုံဖြင့်ပင် ယင်းမှာ သူ၏ အစ်ကိုလီ ဖြစ်ကြောင်း သိလိုက်သည်။
“ဖာထျန်းရှန့်တီ ဒီလို ထိပ်တန်းနတ်စွမ်းအားကို တကယ်ပဲ ကျင့်ကြံအောင်မြင်တဲ့သူ ရှိတာပဲ ”
ဝေဟန် ရင်ထဲမှာ အံ့ဩခြင်းများစွာ ဖြစ်ပေါ်နေသည်။
မိုးမခပင်မိစ္ဆာသည် ထိုမြင်ကွင်းကို ကြည့်ရင်း ထိတ်လန့်ဒေါသထွက်သွားကာ
“ကောင်းပြီ... မင်းက ငါ့ကို အသက်ရှင်ခွင့် မပေးဘူးဆိုရင်လည်း မင်းလည်း သက်သာမယ် မမှတ်နဲ့”
ဟု အော်ဟစ်လိုက်ပြီး အလင်းတန်းတစ်ခုအဖြစ် ပြောင်းလဲကာ ထိုကြီးမားလှသော အမြစ်ကြီးအတွင်းသို့ တိုးဝင်သွားတော့သည်။
လီယန်ချူးသည် မိုးမခပင်၏ အမြစ်များကို ကိုင်ထားစဉ် လက်ထဲတွင် လေးလံလာသည်ကို ခံစားလိုက်ရပြီး ပြင်းထန်သော မိစ္ဆာအငွေ့အသက်များ ပေါက်ကွဲထွက်လာသည်ကို တွေ့လိုက်ရသည်။ သူသည် သူ၏ လက်ထဲမှ ကျောက်ထျန်းတံဆိပ် ၊ နဂါးငါးကောင်စက်ဝိုင်း ၊ မီးကျီးကန်းတစ်သောင်းအိုးဟူသော ပြင်းထန်သည့် မီးနတ်လက်နက် သုံးခုကို ထုတ်ဖော်လိုက်သည်။
ကောင်းကင်တစ်ခုလုံးမှာ နတ်မီးများဖြင့် ပြည့်နှက်သွားကာ မိုးမခပင်မိစ္ဆာ၏ မူလကိုယ်ထည်ကို တဟုန်းဟုန်း တောက်လောင်စေတော့သည် မီးနဂါးကြီးများမှာ ဟိန်းဟောက်ကာ လီယန်ချူး၏ ပတ်ပတ်လည်တွင် ဝန်းရံနေကြပြီး၊ မရေမတွက်နိုင်သော မီးကျီးကန်းများမှာလည်း အပူရှိန်ပြင်းပြင်းဖြင့် ကောင်းကင်အနှံ့ ပျံသန်းနေကြတော့သည်။
“...” မိုးမခပင်မိစ္ဆာ။
ဒီကောင့်ရဲ့ မီးမန္တန်က တကယ့်ကို ရက်စက်ကြမ်းကြုတ်လွန်းတာပဲ...။
သူမ၏ စိတ်ထဲတွင် ရှိနေသော မာန်များမှာ တစ်ခဏချင်းမှာပင် လျော့ပါးသွားတော့သည်။
ယခု သူမ၏ အသေခံ တိုက်ခိုက်မည့် အပြုအမူမှာ ကိုယ့်သေတွင်းကိုယ် တူးလိုက်သလို ဖြစ်သွားတာလား။