မင်းက ရန်လာစနေတာပဲ
Vol. 38 Ch. 371
“ပြင်းလိုက်တဲ့ မိစ္ဆာအရှိန်အဝါပဲ။ သူတို့ ဒီက မိစ္ဆာတွေကို အခုထိ မရှင်းရသေးဘူးလား။”
နှုတ်ခမ်းမွှေးပါးပါးနှင့် လူငယ်တစ်ယောက်က C ပြည်နယ် မိစ္ဆာနှိမ်နင်းသူဗျူရိုရှေ့သို့ ဆင်းသက်လာခဲ့သည်။ သူ၏ခြေထောက်များ မြေပြင်ပေါ်သို့ ကျရောက်ပြီး တစ်စက္ကန့် မပြည့်မီမှာပင် လက်အောက်ငယ်သား သုံးယောက်သည်လည်း ကောင်းကင်ယံမှ ဆင်းသက်လာပြီး သူ၏နောက်တွင် ရပ်တန့်လိုက်ကြသည်။
သူ၏အမည်မှာ လီပုယီ ဖြစ်သည်။ သူက ခွန်းလွန် အင်မော်တယ်နန်းတော်မှ တပည့်တစ်ဦးဖြစ်ပြီး ဝမ်ရှိုယီ၏ စီနီယာအစ်ကို ဖြစ်သည်။ သူတို့နှစ်ဦးစလုံးသည် လွန်ခဲ့သော ဆယ်နှစ်ခန့်က ခွန်းလွန်နန်းတော်သို့ အတူတူ ဝင်ရောက်ခဲ့ကြခြင်း ဖြစ်သည်။ သို့သော် ဝမ်ရှိုယီနှင့် မတူသည်မှာ သူက မိဘမဲ့တစ်ဦး မဟုတ်ဘဲ မိဘ အရင်းအချာများ၏ ရောင်းစားခြင်းကို ခံခဲ့ရသူ ဖြစ်သည်။
သူ၏ အမည်အရင်းမှာ လီပုယီ (မလွယ်ကူခြင်း) ဖြစ်သော်လည်း သူ၏မိဘများက ကြွေးဆပ်ရန်အတွက် လူကုန်ကူးသူများထံ ရောင်းစားလိုက်ပြီးနောက် သူက အမည်ကို လီပုယီ (မတရားမှု) ဟု ပြောင်းလဲခဲ့သည်။ ခွန်းလွန်နန်းတော်သို့ ရောက်ရှိသွားခြင်းမှာ သူ၏ ကံကြမ္မာကြောင့်သာဖြစ်ပြီး သူ့ကို မွေးဖွားခဲ့သူများနှင့် ဘာမှမသက်ဆိုင်ဟု သူက ယုံကြည်ထားသည်။ ထို့ကြောင့် လွန်ခဲ့သော တစ်လက တောင်ပေါ်မှ ဆင်းလာပြီးနောက် သူ ပထမဆုံး လုပ်ဆောင်ခဲ့သည့်အရာမှာ ယခုအခါ ချမ်းသာနေပြီဖြစ်သော သူ၏ မိဘ အရင်းများကို ရှာဖွေကာ နောက်မှမွေးသည့် ကလေးများ၊ အိမ်မွေးကြောင်နှင့် ခွေးအဆုံး တစ်မိသားစုလုံးကို သတ်ဖြတ်လိုက်ခြင်းပင်။
ခွန်းလွန် အင်မော်တယ်နန်းတော်၏ တပည့်သစ်မျိုးဆက်များထဲတွင် သူက ရက်စက်မှု၊ သွေးအေးမှုနှင့် ညှာတာမှု ကင်းမဲ့မှုတို့ကြောင့် နာမည်ကျော်ကြားသည်။ သို့သော် ဝမ်ရှိုယီကဲ့သို့ပင် သူသည်လည်း အရှင်မ၏ အလေးပေးခြင်းကို ခံရသူ ဖြစ်သည်။
“C ပြည်နယ် မိစ္ဆာနှိမ်နင်းသူဗျူရို။”
လီပုယီက ဝင်ပေါက်အထက်ရှိ စာလုံးများကို မထီမဲ့မြင် ပြုံးကာ ကြည့်လိုက်သည်။
“ဝမ်ရှိုယီ။ မင်းဝင်ထားတဲ့ အဖွဲ့အစည်းက ဒါလား။ မိစ္ဆာတွေကိုတောင် ထိန်းမထားနိုင်ဘူး၊ တော်တော်လေး သနားစရာကောင်းတာပဲ။”
“သွားကြစို့။” သူက လက်အောက်ငယ်သားများကို အမိန့်ပေးလိုက်သည်။ “ဝမ်ရှိုယီက ငါ့ရဲ့ ဂျူနီယာ ဖြစ်သလို မင်းတို့ရဲ့ စီနီယာအစ်ကိုလည်း ဟုတ်တယ်။ သူက မိစ္ဆာတွေကို မကိုင်တွယ်နိုင်ဘူးဆိုရင် ငါတို့က ဝင်ကူပေးရမှာပေါ့၊ ဟုတ်တယ်မလား။”
“စီနီယာလီ ပြောတာ လုံးဝမှန်ပါတယ်။” လက်အောက်ငယ်သားများက ဆိုကြသည်။ “မိစ္ဆာတွေကို နှိမ်နင်းဖို့က ကျွန်တော်တို့ရဲ့ တာဝန်ပဲ။ ဝမ်ရှိုယီ မလုပ်နိုင်တာကို ကျွန်တော်တို့ အပြတ်ရှင်းပေးရမှာပေါ့။”
လက်အောက်ငယ်သား သုံးယောက်သည်လည်း အားတက်သရော ထောက်ခံကာ သူ၏ နောက်မှ မိစ္ဆာနှိမ်နင်းသူဗျူရိုအတွင်းသို့ လိုက်ပါသွားကြသည်။
“မင်းရဲ့ စီနီယာအစ်ကို လီပုယီ ဟုတ်လား။ သူက အတိအကျပြောရရင် ဘာကောင်လဲ။”
ချန်ဟွိုက်အန်က မျက်ခုံးတစ်ချက် ပင့်လိုက်ပြီး မထီမဲ့မြင် ပြုလိုက်သည်။ ဝမ်ရှိုယီ၏ နှုတ်ခမ်းများ တွန့်သွားသည်။ သူက အနေခက်စွာ ချောင်းတစ်ချက်ဟန့်လိုက်သည်။ “ဟို... ပြောရရင်တော့ သူက မနာလိုဝန်တိုတတ်တဲ့၊ မိစ္ဆာဆိုရင် လုံးဝသည်းမခံနိုင်တဲ့၊ ပြဿနာရှာရတာ ဝါသနာပါတဲ့၊ သွေးအေးတဲ့ အရူးတစ်ယောက်ပါ။ ပါရမီနဲ့ ခွန်အား ကတော့ အသင့်အတင့် ရှိတယ်။ အမှန်အတိုင်း ပြောရရင်တော့ ကျွန်တော်လည်း သူ့ကို ကြည့်မရဘူး။”
“အိုး…” ချန်ဟွိုက်အန်က ခေါင်းညိတ်လိုက်သည်။ ထို့နောက် မေးလိုက်သည်။ “အဲဒါဆိုရင်တော့ အတော်ပဲပေါ့။ သူက ငါ့နယ်မြေထဲ ရောက်လာမှတော့ ပြဿနာရှာရင် ငါ သူ့ကို သတ်လိုက်မယ်။ မင်းအတွက် ပြိုင်ဘက်တစ်ယောက် လျော့သွားတာပေါ့။ ဘယ်လိုလဲ။”
ဝမ်ရှိုယီ၏ မျက်နှာ ပျက်သွား၏။ သူက “မဖြစ်ဘူး” ဟု ပြောရန် ပြင်လိုက်စဉ်မှာပင်…
မည်သို့ဆိုစေ လီပုယီက ခွန်းလွန်တပည့်တစ်ဦး ဖြစ်သည်။ သူ့ကို သတ်လိုက်ခြင်းမှာ ခွန်းလွန်ကို စစ်ကြေညာခြင်းနှင့် တူညီသည်။ အကယ်၍ အရှင်မ ဒေါသထွက်လာပါက စီနီယာကို ကာကွယ်ပေးနိုင်မည်ဟု ဝမ်ရှိုယီ လုံးဝ ယုံကြည်မှု မရှိပေ။ သို့သော်လည်း သူ စကားမပြောရသေးမီမှာပင် သူတို့၏ အနောက်မှ အသံတစ်သံ ထွက်ပေါ်လာသည်။ ထိုအသံက နိမ့်သော်လည်း စူးရှကာ ဒေါသများ ပြည့်နှက်နေ၏။
“ဪ။ ငါ့ကို သတ်မလို့လား။ ဘယ်သူက ဒီလောက်တောင် လေလုံးထွားနေတာလဲ။”
လီပုယီက သုံးလှမ်းတည်းနှင့် မီတာ တစ်ရာခန့်ကို ဖြတ်ကျော်ကာ လူအုပ်ရှေ့တွင် ရပ်လိုက်သည်။ မိစ္ဆာနှိမ်နင်းသူဗျူရို၏ ဝန်ထမ်းများမှာ သူ့ကို တားဆီးရန်ပင် မတတ်နိုင်ခဲ့ကြ။ သူ၏ ဝတ်ရုံစကိုပင် မထိနိုင်ခဲ့ကြပေ။ သူ၏ မျက်လုံးများက ချန်ဟွိုက်အန်ကို ခဏမျှ ကြည့်လိုက်ပြီးနောက် ဘေးတွင်ရှိနေသည့် ပြင်းထန်သော မိစ္ဆာအရှိန်အဝါများ ထွက်ပေါ်နေသည့် သားရဲကြီးဆီသို့ ကျရောက်သွားသည်။
“ဟားဟား။ မင်းတို့ မရှင်းရသေးတဲ့ မိစ္ဆာတစ်ကောင် ရှိနေသေးတာပဲ။”
ပါ့ကျီထံမှ ထွက်ပေါ်လာသည့် ဖိအားကြောင့် လီပုယီ၏ ရင်ထဲတွင် တင်းကျပ်သွားသည်။ သို့သော် တစ်ချိန်တည်းမှာပင် သူ၏ ရင်ထဲတွင် လောဘဇောများ ထကြွလာသည်။
ဒီလောက် ပြင်းထန်သည့် မိစ္ဆာအရှိန်အဝါဆိုရင် ဒါက မြင့်မားတဲ့ သွေးမျိုးဆက်ရှိတဲ့ သားရဲ ဖြစ်ရမယ်။ ပြီးတော့ ဒီကောင်က အတော် ယဉ်ပါးနေပြီးတော့ ငြိမ်ငြိမ်လေး ထိုင်နေတယ်။ ဒီလို သားရဲမျိုးက တန်ဖိုးဖြတ်မရနိုင်ဘူး။ ဥပမာ ပြောရရင် အဲဒီ အနက်ရောင် ချိုကွေးကြီးများကိုကြည့်။ အဲဒါတွေနှင့်တင် အဆင့်မြင့် မှော်လက်နက်များ လုပ်လို့ရတယ်။
သူက အကြောင်းပြချက်တစ်ခုကို အလွယ်တကူ ဖန်တီးလိုက်၏။ “ဒီသားရဲက အန္တရာယ် ရှိတယ်။ သတ်ပစ်လိုက်။”
C ပြည်နယ် မိစ္ဆာနှိမ်နင်းသူဗျူရိုက ကြိုက်သည်ဖြစ်စေ၊ မကြိုက်သည်ဖြစ်စေ သူ ဂရုမစိုက်။ သူ့နောက်တွင် ခွန်းလွန် အင်မော်တယ်နန်းတော် ရှိနေသည်။ ခွန်းလွန်၏ စကားသည် အမိန့်ပင်။ သားရဲကို သတ်လိုက်မည်။ ပြီးလျှင် ထွက်သွားမည်။ သူတို့ကပင် သူ့ကို ကျေးဇူးတင်ကြဦးမည် ဖြစ်သည်။
ဆုံးဖြတ်ချက် ချပြီးနောက် လီပုယီသည် တရားမျှတဟန်ဆောင်သည့် မျက်နှာပေးဖြင့် ပါ့ကျီကို လက်ညှိုးထိုးလိုက်သည်။ “ဂျူနီယာဝမ်၊ ဒါက ဘာဖြစ်နေတာလဲ။ အရှင်မက မိစ္ဆာတွေဟာ လှည့်ဖြားတတ်ပြီး ယုတ်မာတယ်၊ အမြစ်ပြတ် ချေမှုန်းရမယ်လို့ ပြောထားတယ်လေ။ ဒါပေမဲ့ မင်းက ဒီလိုမျိုး အစွမ်းထက်တဲ့ ကောင်ကို မိစ္ဆာနှိမ်နင်းသူဗျူရိုရဲ့ လက်အောက်မှာ ခိုလှုံခွင့် ပေးထားတာလား။”
ဝမ်ရှိုယီ မျက်မှောင်ကြုတ်လိုက်သည်။ လီပုယီ၏ ဟန်ဆောင်ကောင်းမှုများကို သူ ရွံရှာသော်လည်း သူပြောသည့်အရာ တစ်ခုမှ မမှားပါ။ အရင်းအမြစ်များ ရရှိရန်အတွက် သားရဲများကို သတ်ဖြတ်ရမည်ဟု အရှင်မက အမိန့်ထုတ်ထားသည်။ ကောင်းသည့် မိစ္ဆာဆိုသည်မှာ မရှိဘူးဟုလည်း အရှင်မက ပြောခဲ့သည်။ အကယ်၍ ရှိခဲ့လျှင်ပင် တက်လှမ်းသူများအနေဖြင့် သူတို့နှင့် မဟာမိတ် မဖွဲ့သင့်။
အတိုချုပ်ပြောရရင် ငါတို့မျိုးနွယ်မဟုတ်ရင် သတ်ပစ်ရမယ်။ ဆွေးနွေးနေစရာ မလိုဘူး။ သစ္စာဖောက်ခံရမှာကိုလည်း စိုးရိမ်စရာ မလိုဘူး။
ဝမ်ရှိုယီက ပါ့ကျီနှင့် လီပုယီ အကြားတွင် ဝင်ရပ်လိုက်သည်။ သူက အတင်းအကျပ် ပြုံးလိုက်ပြီး ပြောသည်။ “စီနီယာအစ်ကို၊ အရာရာတိုင်းမှာ ခြွင်းချက်ဆိုတာ ရှိပါတယ်။ ဒီမိစ္ဆာက တောရိုင်းသားရဲ မဟုတ်ပါဘူး။ ဒါက ကျွန်တော့် စီနီယာ ငယ်ငယ်လေး ကတည်းက မွေးထားတဲ့ အိမ်မွေးကြောင်လေးပါ။ ဝိညာဉ်စွမ်းအားတွေ ပြန်လည်နိုးထ လာပြီးနောက်မှာ သူ့ရဲ့ သွေးမျိုးဆက်က နိုးထလာခဲ့တာ။ သူက အရမ်းကို လိမ္မာပြီး စာချုပ်လည်း ချုပ်ထားပြီးသားမို့လို့ ဘာအန္တရာယ်မှ မရှိပါဘူး။”
“ဂျူနီယာဝမ်၊ မင်း စိတ်ထိန်းချုပ်ခံထားရတာလား။” လီပုယီ လှောင်ပြုံးပြုံးလိုက်သည်။ “မင်း တကယ်ပဲ ဒီလို အဓိပ္ပာယ်မရှိတာတွေကို ပြောနေတာလား။ အရှင်မရဲ့ သွန်သင်ချက်တွေကို မေ့သွားပြီလား။ အန္တရာယ်မရှိတဲ့ မိစ္ဆာဆိုတာ မရှိဘူးဆိုတာကော။ အဲဒီစကားရဲ့ နောက်က ငါတို့မျိုးနွယ်မဟုတ်ရင်... ဆိုတဲ့နောက်မှာ ဘာလာလဲဆိုတာ မင်း မှတ်မိသေးရဲ့လား။”
ဝမ်ရှိုယီ ပြန်ပြောရန် ပြင်လိုက်သော်လည်း ချန်ဟွိုက်အန်က သူ့ကို လက်ကာပြ လိုက်သည်။
“တော်တော့။ မင်း ဘာတွေ အာပေါက်မတတ် ပြောနေတာလဲ။ ဒီကောင်က ရန်လာစတာ မဟုတ်လား။” သူ၏ လေသံမှာ ပေါ့ပေါ့ပါးပါးပင်။ “မင်းက ရန်လာစတာဆိုရင်လည်း ငါတို့ တိုက်ကြတာပေါ့။ ရန်ဖြစ်ရုံနဲ့ မပြီးရင် လူနည်းနည်း သတ်ပစ်လိုက်မယ်။ အဲဒါဆိုရင်တော့ ခေါင်းပူနေတဲ့ ကောင်တွေ ငြိမ်သွားတတ်ကြတာပဲ။”
ထိုစကားများမှာ ကျောက်တုံးကြီး တစ်လုံး ကျလာသကဲ့သို့ လေးလံလှ၏။ ဝမ်ရှိုယီနှင့် လီပုယီတို့ နှစ်ဦးစလုံး တစ်ခဏမျှ ဆွံ့အသွားကြသည်။ ဝမ်ရှိုယီက ချန်ဟွိုက်အန်ကို အားကိုးတကြီး ကြည့်လိုက်သည်။ သူ၏ ရင်ထဲတွင် ထိတ်လန့်နေမိသည်။
ငါ စီနီယာ့ကို ကူညီဖို့ ကြိုးစားနေတာကို စီနီယာက ဘာလို့ မီးလောင်ရာ လေပင့်နေရတာလဲ။
လီပုယီက ချန်ဟွိုက်အန်ကို မျက်မှောင်ကြုတ်ကာ ကြည့်လိုက်ပြီး ရယ်မောလိုက်သည်။ “မိစ္ဆာနှိမ်နင်းသူဗျူရိုထဲမှာ ဒီလောက်တောင် မောက်မာနေတာဆိုတော့... မင်းက နာမည်ကြီးနေတဲ့ C ပြည်နယ်ရဲ့ အုပ်ချုပ်ရေးမှူး ချန်ဟွိုက်အန် ဖြစ်ရမယ်။”
“တိုက်မှာလား မတိုက်ဘူးလား။” ချန်ဟွိုက်အန်က ပြတ်ပြတ်သားသား မေးလိုက်သည်။
လီပုယီ၏ အပြုံးများ ပျောက်ကွယ်သွားပြီး မျက်နှာမှာ အေးစက်သွားသည်။
ကိုယ့်ခွန်အားကိုယ် တော်တော် ယုံကြည်မှု ရှိနေတာပေါ့။
ချန်ဟွိုက်အန်၏ ကျင့်စဉ်အဆင့်မှာ အခြေခံအုတ်မြစ်တအဆင့် နှောင်းပိုင်း ဖြစ်သည်ကို သူ အာရုံခံမိသည်။ ဤနေရာတွင် ရွှေရောင်အနှစ်သာရအဆင့် ကျင့်ကြံသူ လေးယောက် ရှိသည်။
သူကိုယ်တိုင်နှင့် သူ၏ လက်အောက်ငယ်သား တစ်ယောက်။
ကျန်နှစ်ယောက်မှာ ဝမ်ရှိုယီနှင့် ထိုသားရဲကြီး ဖြစ်သည်။
ဝမ်ရှိုယီက ဂိုဏ်းတူညီလေး ဖြစ်ရာ ဝင်စွက်ဖက်မည် မဟုတ်။ ဝင်စွက်ဖက်လျှင်ပင် အကန့်အသတ် ရှိလိမ့်မည်။
ထို့ကြောင့် မိစ္ဆာနှိမ်နင်းသူဗျူရိုတွင် တိုက်ခိုက်မည့်သူမှာ သားရဲ တစ်ကောင်တည်းသာ ရှိသည်။ သူ၏ လက်အောက်တွင် ရွှေရောင်အနှစ်သာရအဆင့် အလယ်အလတ် ကျင့်ကြံသူ နှစ်ယောက်နှင့် အခြေခံအုတ်မြစ်တအဆင့် အထွတ်အထိပ် ကျင့်ကြံသူ နှစ်ယောက် ရှိသည်။
ဘယ်လို ကြည့်ကြည့် သားရဲတစ်ကောင်တည်းကို သူတို့ ကိုင်တွယ်နိုင်သည်။ ထို့ပြင် ထိုအုပ်ချုပ်ရေးမှူးဆိုသည့် လူကို နှိပ်ကွပ်လိုက်ခြင်းဖြင့် သူ၏ ဂုဏ်သိက္ခာကို ပြသမည် ဖြစ်သည်။ တက်လှမ်းသူများကို ရိုသေရမည်၊ မေးခွန်းမထုတ်ရဟု သင်ကြားပေး လိုက်ပေမည်။
“ငါက ခွန်းလွန် အင်မော်တယ်နန်းတော်က လီပုယီ…” သူက ယဉ်ကျေးဟန်ဖြင့် လက်ယှက်ကာ နှုတ်ဆက်လိုက်သည်။ သို့သော် သူ၏ စကားများမှာ ယဉ်ကျေးမှု လုံးဝမရှိနေပေ။ “အုပ်ချုပ်ရေးမှူးချန်က အဲဒီသားရဲကို ဆက်ပြီး ကာကွယ်ထားမယ် ဆိုရင်တော့ ငါ့ဘက်က ပြင်းထန်တဲ့ အရေးယူမှုတွေ လုပ်ရပါလိမ့်မယ်။”
ထိုသို့ပြောပြီးနောက် သူက ဓားကို ဆွဲထုတ်ကာ ချန်ဟွိုက်အန်ကို ချိန်လိုက်သည်။ “အုပ်ချုပ်ရေးမှူးချန်။ ဓားထုတ်လိုက်။”
လီပုယီ၏ ခေါင်းပေါ်တွင် ဝမ်ရှိုယီထက်ပင် ပိုမိုထူထပ်သော မီးခိုးရောင် မြူခိုးများကို ချန်ဟွိုက်အန် တစ်ချက် ကြည့်လိုက်သည်။ သူက သူ့ဘာသာ ပြုံးလိုက်မိသည်။ “မင်းလိုကောင်ကို ကိုင်တွယ်ဖို့ ဓားတောင် မလိုဘူး။”
သူ၏ နှုတ်ခမ်းများ တွန့်သွား၏။ လက်တစ်ဖက်ကို ဘောင်းဘီအိတ်ထဲသို့ ထည့်ထားပြီး ကျန်လက်တစ်ဖက်က ဖုန်းမျက်နှာပြင်ပေါ်တွင် နှစ်ချက် နှိပ်လိုက်ရာ သူ၏အရှေ့တွင် သိမ်မွေ့သော ဟင်းလင်းပြင် လှိုင်းတွန့်များ ထွက်ပေါ်လာတော့သည်။
….