ရင်းနှီးနေသော မျက်နှာ
Vol. 38 Ch. 373
ဝမ်ရှိုယီ၏ ထပ်ခါတလဲလဲ အော်ဟစ်တောင်းဆိုမှုများ အကြားတွင် တိုက်ပွဲက နောက်ဆုံး၌ ပြီးဆုံးသွားခဲ့သည်။
“တော်ကြပါတော့၊ အားလုံးပဲ တော်ကြပါတော့…”
လီပုယီနှင့်အတူ ပါလာသော တက်လှမ်းသူ သုံးဦးစလုံးမှာ လီချင်းရန် တစ်ယောက်တည်း၏ လက်ချက်ဖြင့် ဒဏ်ရာများ အပြင်းအထန် ရရှိသွားကြသည်။ ပထမဆုံး လွင့်စင်သွားသော လီပုယီမှာ သားရဲအလောင်းပုံကြားမှ ပြန်တက်မလာနိုင်သေးပေ။
အဆုံးသတ်သို့ ရောက်မှသာ ဖုန်များနှင့် ပြာများ ပေကျံလျက် လေးဘက်ထောက်ကာ တွားသွားပြီး ထွက်လာနိုင်တော့သည်။
သူ အမှန်တကယ် သတိလစ်သွားသည်လား သို့မဟုတ် ဟန်ဆောင် နေသည်လား ဆိုသည်ကိုတော့ မည်သူမျှ မသိနိုင်ချေ။
“ဆရာ၊ တပည့်က ဆရာ့ရဲ့ ညွှန်ကြားချက်အတိုင်းပဲ သာမန်ပဲ ရိုက်နှက်ပေးလိုက်တာပါ။ အသေအပျောက်တော့ မဖြစ်စေခဲ့ပါဘူး။” လီချင်းရန်က ချန်ဟွိုက်အန်အနား ပျံဝဲကာ ဂုဏ်ယူဝင့်ကြွားစွာဖြင့် သတင်းပို့လိုက်သည်။ “ကျွန်မရဲ့ ဓားပညာကို ဘာမှတ်ချက်မှတောင် မပေးသေးဘူးနော်။ အခုမှ ဒီဓားကွက်ကို ကျွမ်းကျင်ခါစပဲ ရှိသေးတာလေ။”
“အင်း။ မဆိုးပါဘူး။ ဒါပေမဲ့ မာနတော့ မကြီးနဲ့ဦး။ မင်းက တတိယမြောက် ဓားသိုင်းကွက် အထိပဲ ရောက်သေးတာ…”
“သိပါတယ်…” လီချင်းရန်က ဖြတ်ပြောလိုက်သည်။ “ဆရာက ကြာစိမ်းဓားသိုင်းကျမ်းကို ကျွမ်းကျင်ပိုင်နိုင်ထားတဲ့ ထူးချွန်တဲ့ ပါရမီရှင်လေ။ ကျွန်မကတော့ ခရီးအများကြီး ဆက်လျှောက်ရ ဦးမှာပါ။ ဒါပေမဲ့ ခရီးစဉ်တိုင်းက ခြေလှမ်းတစ်လှမ်း ကနေပဲ စတင်ရတာ မဟုတ်လား။”
“အင်း နားလည်ရင် ပြီးတာပါပဲ။”
ချန်ဟွိုက်အန်က နှာခေါင်းကို တစ်ချက် ပွတ်သပ်လိုက်သည်။
သူ အနည်းငယ်တော့ ရှက်သွားမိသည်။ သူ့အနေဖြင့် ဓားသိုင်းများ ပိုမိုကျွမ်းကျင်နေသည်မှာ မှန်သော်လည်း ၎င်းမှာ မူလတာအိုခ န္ဓာကြောင့်သာ ဖြစ်သည်။ ထို့အပြင် သူ၏ ကျင့်စဉ်အဆင့်ကလည်း လီချင်းရန်ထက် အဆင့်ကြီး တစ်ခုစာမျှ ပိုမြင့်နေသည်။
ထို့ကြောင့် လီချင်းရန်၏ အရှေ့တွင် သူ သိပ်ပြီး မပြောဖြစ်ပေ။ စကားများလေ အမှားပါလေ ဖြစ်နိုင်သောကြောင့် မွန်မြတ်သော ပညာရှင်တစ်ဦး၏ ပုံရိပ်ကို ထိန်းသိမ်းထားခြင်းက ပိုကောင်းသည်။
ဝမ်ရှိုယီက လီချင်းရန်ကို ယခင်ကတည်းက တွေ့ဖူးပြီး ဖြစ်သည်။
သို့သော်လည်း လီချင်းရန်၏ ခွန်အားကို ထပ်မံ မြင်တွေ့ရချိန်တွင် အံ့သြတုန်လှုပ်နေဆဲ ဖြစ်သည်။
ပထမဆုံး သူတို့ တွေ့ဆုံစဉ်ကတည်းက လီချင်းရန်သည် သူ့ထက် ပိုမို သန်မာနေခဲ့သည်။
ထိုစဉ်က သူ ကြီးမားလှသော ဖိအားကို ခံစားခဲ့ရသည်။
ယခု သူ၏ ခွန်အားများ တိုးတက်လာသော်လည်း ထိုဖိအားမှာ အနည်းငယ်မျှ လျော့ကျသွားခြင်း မရှိပေ။ သူက လီချင်းရန်၏ ပြိုင်ဘက် မဟုတ်သေးကြောင်း သူ သေချာ သိနေသည်။
ပါ့ကျီအတွက်တော့ လုံးဝကို စိတ်ပျက်အားငယ်နေပြီ ဖြစ်သည်။
ဝိညာဉ်အသွင်ပြောင်းအဆင့်ရှိ အကြီးအကဲတစ်ဦးက ဆရာကြီးကို "ဘိုးဘေး"လို့ ခေါ်နေတာတောင် အထင်ကြီးလောက်စရာ ဖြစ်နေပြီ။
အခု ဒီရွှေရောင်အနှစ်သာရ အလယ်အလတ်အဆင့် တပည့်က ပြင်းထန်လှတဲ့ ဓားပညာရပ်များကို သုံးနိုင်ရုံသာမက မြင့်မြတ်တဲ့ အလင်းရောင်တွေပါ ဖြာထွက်နေတယ်ဆိုတော့ ထိပ်တန်း ပါရမီရှင် တစ်ဦး ဖြစ်တာ အသိအသာပဲ။
ဆရာကြီး၏ ဂုဏ်သတင်းမှက ပိုပြီး မြင့်တက်လာနေတယ်။
မည်သို့ပင်ဆိုစေ ထိပ်တန်း အင်အားကြီးသူ တစ်ဦးသာလျှင် လီချင်းရန်ကဲ့သို့ ပါရမီရှင်မျိုးကို တပည့်အဖြစ် လက်ခံနိုင်မည် ဖြစ်သည်။ သို့မဟုတ်ပါက မည်သို့ ပညာသင်ပေးနိုင်မည်နည်း။
“ညီလေးဝမ်။ ဒီရှုပ်ပွနေတာတွေကို ကြည့်ပါဦး။” ချန်ဟွိုက်အန်က ခေါင်းခါကာ တောင်းပန်သည့်ဟန်ဖြင့် သက်ပြင်းချလိုက်သည်။ “မင်းရဲ့ စီနီယာအစ်ကိုက မင်းနဲ့ ဆွေးနွေးစရာတစ်ခုခု ရှိလို့ ဖြစ်မယ်။ အိမ်ရှင်အနေနဲ့ သူ့ကို ငါက ဧည့်ခံကျွေးမွေးရမှာကို အခုတော့ ဓားနဲ့ ဧည့်ခံလိုက်ရသလို ဖြစ်သွားတယ်။ မင်းတို့ရဲ့ ခွန်းလွန် အင်မော်တယ် နန်းတော်က လူတွေက အခြေအနေကို နားလည်ပေးနိုင်မယ်လို့ မျှော်လင့်ပါတယ်။ မင်း အရှင်မဆီကို သွားမတိုင်ဘူး မဟုတ်လား။”
ဝမ်ရှိုယီ - ...
လီပုယီက သေချာပေါက် သွားတိုင်မည်ကို သူ ကောင်းကောင်း သိသည်။
ထိုလူက သဘောထားသေးသိမ်သူ ဖြစ်သည်။ သူက တိုင်ရုံတင်မက အားလုံးကို ချဲ့ကားပြောဆိုဦးမည် ဖြစ်သည်။ စီနီယာချန်နှင့် သူ၏ သားရဲကို ဆိုးရွားသော ရာဇဝတ်ကောင်များအဖြစ် ဖော်ပြပေလိမ့်မည်။
သို့သော် ယခုအချိန်တွင် သူ လုပ်နိုင်သည်မှာ အတင်းအကျပ် ပြုံးကာ ပြောရန်သာ ရှိတော့သည်။
“စိတ်ချပါ စီနီယာ။ ကျွန်တော် အရှင်မကို အားလုံး ရှင်းပြပါ့မယ်။ အရှင်မက ပညာရှိပြီး တရားမျှတမှုကို တန်ဖိုးထားပါတယ်။ ကျွန်တော့် စီနီယာအစ်ကိုရဲ့ တစ်ဖက်သတ် ပြောစကားတွေကို လွယ်လွယ်နဲ့ယုံမှာ မဟုတ်ပါဘူး။”
“ကြားရတာ ဝမ်းသာပါတယ်၊ ဝမ်းသာပါတယ်။” ချန်ဟွိုက်အန်က နွေးထွေးစွာ ပြုံးလိုက်သည်။
အတွင်းလူ တစ်ယောက် ရှိနေခြင်းက အရာရာကို ပိုမို လွယ်ကူစေသည်။ မလိုအပ်သော ခေါင်းကိုက်မှုများကို သက်သာစေ၏။
လီပုယီက နောက်ပိုင်းတွင် ပြဿနာရှာကောင်း ရှာနိုင်သော်လည်း ဝမ်ရှိုယီက သူ့ဘက်တွင် ရှိနေသရွေ့ အားလုံး အဆင်ပြေမည် ဖြစ်သည်။
လက်ရှိအချိန်တွင် သူ၏ အဓိက ချဉ်းကပ်မှုမှာ အေးအေးဆေးဆေး နေထိုင်ရန်နှင့် တက်လှမ်းသူများနှင့် ကြီးမားသော ပဋိပက္ခများကို ရှောင်ရှားရန်သာ။
“ဪ ဟုတ်သားပဲ စီနီယာ၊ ကျွန်တော်က စီနီယာ့ကို မိစ္ဆာချိပ်ပိတ် မျှော်စင် တန်ပြန်တိုက်ခိုက်ရေးမှာ ပါဝင်ဖို့ လာဖိတ်တာပါ။”
ချန်ဟွိုက်အန် ငြင်းဆိုမည်ကို စိုးရိမ်သဖြင့် ဝမ်ရှိုယီက အကျိုးကျေးဇူး အားလုံးကို စာရင်းချပြရန် ပြင်လိုက်စဉ်…
ချန်ဟွိုက်အန်နှင့် လီချင်းရန်တို့၏ မျက်လုံးများ ရုတ်တရက် တောက်ပသွားသည်ကို သူ သတိထားမိလိုက်သည်။ သူတို့ကြားရှိ သားရဲကြီး ပါ့ကျီပင်လျှင် မျက်လုံးများ အရောင်လက်သွားခဲ့သည်။
တောက်ပနေသော မျက်လုံးသုံးစုံက သူ့ထံသို့ လှည့်လာသဖြင့် သူ၏ စကားများ လမ်းခုလတ်တွင် ရပ်တန့်သွားခဲ့သည်။
“အာ...”
ဝမ်ရှိုယီက အစမ်းသဘော မေးလိုက်သည်။ “စီနီယာတို့က... ပါဝင်ချင်လို့လား။”
“မိစ္ဆာတွေနဲ့ မကောင်းဆိုးဝါးတွေကို နှိမ်နင်းတာက ကျင့်ကြံသူတွေရဲ့ တာဝန်ပဲလေ။” ချန်ဟွိုက်အန်က မျက်မှောင်ကို နှိမ့်ကာ ချောင်းတစ်ချက် ဟန့်ပြီး တမင်သက်သက် တရားဝင်ဟန်ဖမ်းကာ လက်နောက်ပစ်လိုက်သည်။ “မိစ္ဆာနှိမ်နင်းသူဗျူရိုရဲ့ အုပ်ချုပ်ရေးမှူး အနေနဲ့ ငါ့ရဲ့ တာဝန်က မကောင်းဆိုးဝါးတွေကို နှိမ်နင်းဖို့၊ တစ်တိုင်းပြည်လုံး တရားမျှတမှုကို ကာကွယ်ဖို့၊ ပြည်သူတွေကို ငြိမ်းချမ်းရေး ဆောင်ကြဉ်းပေးဖို့ပဲ။ ဒါကြောင့် သေချာပေါက် သွားရမှာပေါ့။ ဒါပေမဲ့...”
မှန်ပေသည်။ ဤသည်ကား ပြီးပြည့်စုံသော စကားပြောဟန်ပင် ဖြစ်သည်။
လီချင်းရန်၏ ကြည်ညိုလေးစားသော အကြည့်ကို သူ ခံစာရှိနိုင်ပြီ ဖြစ်သည်။
သူ့ဘေးရှိ ပါ့ကျီကို တစ်ချက် ကြည့်လိုက်ပြီး အနည်းငယ် တုံ့ဆိုင်းသွားမိသည်။ အမှန်အတိုင်းပြောရလျှင် သူက ပါ့ကျီကို စီးပြီး သွားချင်မိသည်။
အဘယ်ကြောင့်ဆိုသော် လီချင်းရန်ကို တင်ကာ ပါ့ကျီကို စီးနင်းခြင်းင လန်ဘော်ဂီနီကားပေါ်တွင် နတ်သမီးတစ်ပါးကို ဘေးခုံတွင်တင်ပြီး မောင်းနှင်ရသကဲ့သို့ အလွန် ခမ်းနားသော လုပ်ရပ်တစ်ခု ဖြစ်သောကြောင့်ပင်။
ကျင့်ကြံသူများ၏ လောကတွင် ဤသည်မှာ ယောက်ျား တစ်ယောက်ကို ဘုရင်များ၏ ဘုရင်အဖြစ် သတ်မှတ်စေသည့် အရာပင် ဖြစ်သည်။
ပါ့ကျီက ချန်ဟွိုက်အန်ကို သနားစရာကောင်းသော အကြည့်ဖြင့် ကြည့်လိုက်သည်။
[ ဆရာကြီး ကျွန်တော် တောင်းပန်ပါတယ် ]
ပါ့ကျီ၏ အသံက ချန်ဟွိုက်အန်၏ စိတ်ထဲတွင် ပဲ့တင်ထပ်သွား၏။
“မင်း တကယ် သွားချင်တာလား။”
[ လောကကြီးက အရမ်းကျယ်ပြောတယ်၊ ကျွန်တော် အဲဒါကို မြင်ချင်တယ် ]
“...ကောင်းပြီလေ။”
ချန်ဟွိုက်အန် ဆုံးဖြတ်ချက်ချပြီး ဝမ်ရှိုယီထံသို့ လှည့်လိုက်သည်။
“ငါ့ရဲ့ ဒီသားရဲက အများကြီး အကူအညီ ဖြစ်နိုင်တယ်။ သူ့ကို ခေါ်သွားရင် ဘယ်လိုလဲ။”
သူ စကားပြောရင်း ပါ့ကျီ၏ ခေါင်းကို သပ်ပေးကာ ပြုံးလျက် ထပ်ပြောလိုက်သည်။
“သူ ဘယ်လောက် လိမ္မာလဲကြည့်။ ငါ ရှိနေသရွေ့ သူ ဘယ်သူ့ကိုမှ ဒုက္ခမပေးပါဘူး။ ပြီးတော့ ငါ့မှာ တပည့်လည်း ရှိသေးတယ်။ သူက ရွှေရောင်အနှစ်သာရ အလယ်အလတ်အဆင့်ဆိုတော့ ဒီကြောင်မိုက်လေးကို ထိန်းချုပ်ဖို့ လုံလောက်ပါတယ်။”
“အဲ...” ဝမ်ရှိုယီ တုံ့ဆိုင်းသွားသည်။
သူတို့က မိစ္ဆာတွေကို သတ်ဖြတ်ဖို့ တက်လှမ်းသူတွေကို စုစည်းနေတာဆိုတော့ မိစ္ဆာတစ်ကောင်ကိုပါ ခေါ်သွားမယ်ဆိုတော့ သိပ်ပြီး အဆင်မပြေသလိုပဲ...
ပါ့ကျီက လက်ဖဝါးကို လျက်ကာ ဝမ်ရှိုယီကို အော်ပြလိုက်သည်။
ဝမ်ရှိုယီ - ...
သူက အံတင်းတင်းကြိတ်ကာ ချက်ချင်း ဆုံးဖြတ်ချက်ချလိုက်သည်။ “ကောင်းပါပြီ၊ ဒါပေမဲ့ စီနီယာရော စီနီယာ့တပည့်ပါ သူ့ကို သေချာ စောင့်ကြည့်ပေးဖို့ လိုပါမယ်။ မိစ္ဆာချိပ်ပိတ်မျှော်စင်ကို တိုက်ခိုက်ဖို့ တက်လှမ်းသူတွေ အများကြီး ရှိနေလိမ့်မယ်။ အဲဒီကောင်ရဲ့ ခွန်အားက သူတို့ထဲက ၉၀% ကို ခြိမ်းခြောက်ဖို့ လုံလောက်နေပြီ။ သူသာ ပေါ်လာရင် အားလုံးက သတိထားမိကြလိမ့်မယ်။”
ပါ့ကျီကို ခေါ်သွားခြင်းအပေါ် သူ စိတ်မသက်မသာ ဖြစ်မိသည်မှာ အမှန်ပင်။ ၎င်းက စည်းကမ်းနှင့် ဆန့်ကျင်နေပြီး အန္တရာယ်လည်း အလွန်များသည်။
သို့သော် ၎င်းက စီနီယာတစ်ဦး၏ ကိုယ်ပိုင် တောင်းဆိုချက် ဖြစ်နေရာ …
အရှင်မနှင့် အခြားသော တက်လှမ်းသူများကို ဖြေရှင်းရန်မှာ သူ၏ တာဝန်သာ ဖြစ်လာမည်။ ထိုအရာက ဂျူနီယာတစ်ယောက် အနေဖြင့် သူ လုပ်ဆောင်ရမည့် အလုပ်ပင် ဖြစ်သည်။
သူ မသိခဲ့သည်မှာ... ထိုဆုံးဖြတ်ချက်က အနာဂတ်တွင် သူ စိတ်ကူးမယဉ် နိုင်လောက်အောင် ကြီးမားသော ပြဿနာများကို ယူဆောင်လာပေးမည် ဆိုသည်ကိုပင်။
C ပြည်နယ်ရှိ မိစ္ဆာနှိမ်နင်းသူဗျူရိုနှင့် အနီးဆုံး မိစ္ဆာချိပ်ပိတ် မျှော်စင်မှာ ချင်လင်းတောင်တန်းတွင် တည်ရှိသည်။
ဝမ်ရှိုယီက အရာအားလုံးကို ညှိနှိုင်းဆောင်ရွက်ရန် ထိုညက တစ်ရေးမျှပင် မအိပ်ခဲ့ရပေ။
ချန်ဟွိုက်အန်အတွက် အဆင်ပြေစေရန် သူက မူလအစီအစဉ်ကို လုံးဝ ပြင်ဆင်ခဲ့ပြီး ဝေးလံသော နေရာများမှ တက်လှမ်းသူအချို့ကို C ပြည်နယ်သို့ ပြောင်းရွှေ့တာဝန်ချထားခဲ့သည်။ ချန်ဟွိုက်အန် အတွက် မိုးပျံယာဉ်တစ်စီး ပြင်ဆင်ပေးခဲ့သည်။ ချန်ဟွိုက်အန် ကိုယ်တိုင် ပျံသန်းနိုင်သော်လည်း မိစ္ဆာနှိမ်နင်းသူဗျူရိုမှ အခြားသော သူများကမူ မပျံသန်းနိုင်ကြချေ။ မည်သို့ပင်ဖြစ်စေ ယာဉ်က ပို၍ မြန်ဆန်သည်။
နောက်တစ်နေ့ နံနက်၌။
နံနက်စာ စားပြီးနောက် ချန်ဟွိုက်အန်နှင့် လီချင်းရန်တို့က ယာဉ်ပေါ်သို့ တက်ကာ C ပြည်နယ် မိစ္ဆာနှိမ်နင်းသူဗျူနှင့်အတူ အခြား တက်လှမ်းသူများ ရောက်ရှိလာမည့်အချိန်ကို စောင့်ဆိုင်း နေခဲ့ကြသည်။
ပါ့ကျီက အနက်ရောင် ကြောင်ကလေးအဖြစ် ပြောင်းလဲသွားပြီး စားပွဲတစ်ခုပေါ်တွင် ပျင်းရိစွာ လှဲလျောင်းနေသည်။
ထိုအချိန် ချန်ဟွိုက်အန်နှင့် လီချင်းရန်တို့က ထောင့်တစ်နေရာတွင် တိတ်ဆိတ်စွာ ထိုင်ကာ ကိတ်မုန့် စားနေကြသည်။
“ဆရာ၊ ဒါ... ဒါက အရမ်းကို ကောင်းတာပဲ။”
လီချင်းရန်က နူးညံ့စွာ စားနေသော်လည်း လက်ချောင်းများကမူ လျှပ်စီးလက်သကဲ့သို့ လျင်မြန်စွာ လှုပ်ရှားနေ၏။
ချန်ဟွိုက်အန်က သူ့ကို စိုက်ကြည့်နေသည်ကို သတိထားမိရာ ပါးပြင်များ ပန်းရောင်သန်းသွားသော်လည်း ချိုမြိန်ပြီး နူးညံ့သော မုန့်များကို ဆက်စားနေခြင်းမှ မရပ်တန့်နိုင်ခဲ့ပေ။ ပါးစပ်ထဲတွင် ပလုတ်ပလောင်းနှင့်ပင် လီချင်းရန်က ရေရွတ်လိုက်သည်။ “ဆရာ၊ ဆရာ ဘာလို့ ဒီလောကကြီးကို ဒီလောက် သဘောကျရတာလဲ ဆိုတာကို ကျွန်မ နားလည်သွားပြီ။ ဒီက အစားအသောက်တွေက တကယ့်ကို အံ့မခန်းပဲ။”
“အဲဒါကလည်း အကြောင်းရင်း တစ်စိတ်တစ်ပိုင်းပေါ့။”
ချန်ဟွိုက်အန် ရယ်မောလိုက်သည်။
လီချင်းရန် ကိတ်မုန့်စားနေပုံက ဟမ်းစတားလေး တစ်ကောင်နှင့် အတိအကျ တူနေ၏။
လက်ရှိ လီချင်းရန်၏ ပုံစံက ဝိညာဉ်လွှင့်ခြင်းမှ ယူဆောင်လာသော ကိုယ်ပွားတစ်ခုသာ ဖြစ်နေသည်မှာ နှမြောစရာပင်။ သို့မဟုတ်ပါက ထိုဖောင်းမို့နေသော ပါးပြင်လေးများကို သူက သေချာပေါက် ဆွဲညှစ်မိမည် ဖြစ်သည်။
တစ်ခါလုပ်ဖူးသွားလျှင် နောက်တစ်ခါ ထပ်လုပ်ရန် လွယ်ကူသွားတတ်၏။
ယနေ့မနက်ခင်းက အေးချမ်းလိမ့်မည်ဟု သူ တွေးထားခဲ့သည်။
တက်လှမ်းသူအားလုံး ရောက်ရှိလာသည်နှင့် သူတို့က ယာဉ်ဖြင့် မိစ္ဆာချိပ်ပိတ်မျှော်စင်သို့ သွားကြမည် ဖြစ်သည်။
သို့သော် မမျှော်လင့်ဘဲ အနီးနားမှ အသံတစ်သံ ထွက်ပေါ်လာခဲ့၏။
“ကျွတ် ကျွတ်။ ဒါက ဘယ်လို တောသူမမျိုးလဲ။ ကိတ်မုန့်တောင် မစားဖူးဘူးလား။ ဧကန္တ… စိတ်ဝိညာဉ်ချီစွမ်းအားတွေ ပြန်မနိုးထလာခင် တစ်ရွာရွာက လာတာများလား။”
ချန်ဟွိုက်အန် မျက်ခုံးပင့်လိုက်သည်။
ထိုသို့သော စူးရှပြီး ခနဲ့တဲ့တဲ့ အသံမျိုးကို မကြားရသည်မှာ ကြာပြီ ဖြစ်သည်။
မိစ္ဆာနှိမ်နင်းသူဗျူရို၏ အုပ်ချုပ်ရေးမှူး ဖြစ်လာကတည်းက ယင်ကောင်များကဲ့သို့ ဆူညံသော အသံများက သူ၏ ဘဝထဲမှ ပျောက်ကွယ်သွားခဲ့သည်။
သူက အသံလာရာဆီသို့ ခေါင်းလှည့်လိုက်သည်။
ထိုအခါ အလွန် ရင်းနှီးနေသောသူ တစ်ယောက်ကို မြင်လိုက်ရ၏။
…