နောက်ထပ် ရင်းနှီးနေတဲ့ မျက်နှာတစ်ခုလား
Vol. 38 Ch. 374
ချန်ဟွိုက်အန်က ထိုသူကို အံ့သြစွာ စိုက်ကြည့်နေသည်။
မည်သို့ဆိုစေ ထိုနေရာမျိုးတွင် သူနှင့် ဆုံရလိမ့်မည်ဟု လုံးဝ မထင်ထားခဲ့ပေ။
ပွင့်ပွင့်လင်းလင်း ပြောရလျှင် ၎င်းမှာ ရယ်စရာကောင်းလှသည်။ ထိုသူက သူ၏ရည်းစားဟောင်း ရန်ရှောင်ကျောက် ဖြစ်နေ၏။
သို့သော် လက်ရှိ ရန်ရှောင်ကျောက်က အတိတ်က ရန်ရှောင်ကျောက်နှင့် လုံးဝကို ကွဲပြားနေသည်။ သူက ချီစွမ်းအင် နိုးထလာသူ တစ်ယောက်ဖြစ်လာရုံသာမက သူ၏ ခေါင်းပေါ်တွင် မီးခိုးရောင်ချီစွမ်းအင်များ ဝဲလှည့်နေသည်။ ၎င်းက လျှို့ဝှက်ဂိုဏ်း တစ်ခုကို ဝင်ရောက်ပြီး သူတို့၏ ပညာရပ်များကို ကျင့်ကြံ၊ သူတို့၏ ဆေးလုံးများကို စားသုံးပြီး သူတို့၏ တက်လှမ်းခြင်းတိုင်များကို အသုံးပြုခဲ့သည့် သေချာသော လက္ခဏာဖြစ်ကာ ဤကဲ့သို့ မကောင်းသော ချီစွမ်းအင်များ စုပုံလာခြင်း ဖြစ်သည်။
"ဘာကြည့်နေတာလဲ။ နတ်သမီးကို တစ်ခါမှ မမြင်ဖူးဘူးလား။"
ရန်ရှောင်ကျောက်က မျက်လုံးကို လှန်လိုက်ပြီး မျက်နှာပေါ်တွင် အထင်အမြင်သေးမှုများ ပြည့်နှက်နေသည်။
သူက ချန်ဟွိုက်အန်ကို မမှတ်မိခဲ့ပေ။
ရင်းနှီးနေသည်ဟုသာ သူ ထင်ခဲ့ခြင်း ဖြစ်သည်။
အဓိကမှာ ချန်ဟွိုက်အန် အများကြီး ပြောင်းလဲသွား၍ပင်။ ကျင့်ကြံသူတစ်ယောက် ဖြစ်လာပြီးနောက် သူ၏ခန္ဓာကိုယ်က အညစ်အကြေးများ လုံးဝကို စင်ကြယ်သွားခဲ့သည်။ ထို့နောက် အစစ်အမှန် နဂါးခန္ဓာနှင့် ကောင်းကင်မိစ္ဆာအတတ်တို့၏ ပြောင်းလဲမှုများကြောင့် သူ၏အရပ်က ၁.၇၈မီတာမှ ၁.၉မီတာ အထိ အပြည့်အဝ မြင့်တက်လာခဲ့သည်။ သူ၏ခန္ဓာကိုယ်တွင် အဆီပို တစ်စက်မျှ မကျန်တော့ဘဲ ဆဲလ်တိုင်းက စွမ်းအင်အတွက် သီးသန့်တည်ရှိနေပြီး ကြွက်သားလက်မတိုင်းက စွမ်းအားများနှင့် ပြည့်နှက်နေသည်။
သူ့ကို နေ့တိုင်း မြင်တွေ့နေရသူများပင် တဖြည်းဖြည်း ပြောင်းလဲ လာသည်ကို သတိမထားမိခဲ့ကြပေ။
သို့သော် ယခုအချိန်တွင်တော့ သူက အရင်နှင့် လုံးဝကို မှတ်မိစရာ မရှိအောင် ပြောင်းလဲနေပြီ ဖြစ်သည်။
ထို့အပြင် သူက မျက်နှာကို အရိပ်ကျစေသော ဘေ့စ်ဘောဦးထုပ်ကို ဆောင်းထားရာ သူ့ကို မှတ်မိရန် ပိုလို့တောင် ခက်ခဲနေသေးသည်။
ချန်ဟွိုက်အန် ထိုက်ဆန်းတောင်ကို တက်စဉ် တိုက်ရိုက်ထုတ်လွှင့်ခဲ့ ချိန်ကတည်းက သူ၏ ရည်းစားဟောင်း ပြောင်းလဲသွားသည်ကို သူ သတိထားမိခဲ့သည်။
ထိုထုတ်လွှင့်မှုများမှ သူ ပိုက်ဆံအများကြီး ရခဲ့သောကြောင့် သူက ပြန်တွဲရန်ပင် စဉ်းစားခဲ့သေးသည်။
သိုသော် ချန်ဟွိုက်အန်က ကင်ဆာလူနာဖြစ်ကြောင်း သိထား၍ သူ တွန့်ဆုတ်နေခဲ့သည်။
သူက သာမန်လူတစ်ယောက်ဆိုလျှင် ဖြစ်ကောင်းဖြစ်နိုင်သည်။ သို့သော် ကင်ဆာလူနာဆိုလျှင်လား။ ၎င်းက လမ်းလျှောက်နေသော ကပ်ဘေးကြီးပင်။ ပတ်သက်လို့ရမည့်လူ မဟုတ်ပေ။
စိတ်ဝိညာဉ်ချီစွမ်းအင် ပြန်လည်နိုးထလာမှုက ငြင်းမရနိုင်အောင် ဖြစ်လာပြီး အစိုးရက သတင်းများကို လူသိရှင်ကြား ထုတ်ပြန် လိုက်ချိန်တွင်တော့ အင်တာနက်ပေါ်၌ ခန့်မှန်းချက်များနှင့် ကမ္ဘာပျက်မည့် သီအိုရီများ ပေါက်ကွဲထွက်လာခဲ့သည်။ အထူးသဖြင့် ချန်ဟွိုက်အန်က အလောင်းကောင်ဘုရင် ဧကရာဇ်ကျန်းကို တစ်ယောက်တည်း မောင်းထုတ်ခဲ့ပြီး ထျန်ဖူခရိုင်၏ သူရဲကောင်း တစ်ယောက် ဖြစ်လာသည်ဆိုသော သတင်းထွက်လာချိန်တွင် ထိုအချိန်၌ သူ၏ကင်ဆာကလည်း ပျောက်ကင်းနေပြီ ဖြစ်သည်။ ရန်ရှောင်ကျောက်က ဆက်သွယ်ပြီး ပြန်လည်၍ ပတ်သက်ရန် ကြိုးစားခဲ့သော်လည်း...
သူ့တွင် ထိုအခွင့်အရေး မရှိတော့ပေ။
သူက ယခု စွမ်းအားနိုးထလာ သူတစ်ယောက်၊ ကမ္ဘာသစ်၏ ရွေးချယ်ခံရသူ တစ်ယောက် ဖြစ်နေလေပြီ။
ရန်ရှောင်ကျောက်က သာမန်လူ တစ်ယောက်သာ။ သူ့ကို လိုက်မရှာခြင်းကပင် ကျေးဇူးတင်စရာ ဖြစ်နေပြီ။
သို့သော် သဏ္ဌာန်မဲ့ဂိုဏ်းမှ ကျင့်ကြံသူတစ်ယောက် သူ့ကို တွေ့ရှိသွားချိန်တွင်တော့ အရာအားလုံး ပြောင်းလဲသွားခဲ့သည်။
ထိုသူက သူ့တွင် မွေးရာပါ စိတ်ဝိညာဉ်အမြစ်များရှိပြီး ကျင့်ကြံရန် သင့်တော်သည်ဟု ပြောခဲ့သည်။ ထို့ကြောင့် သူက ဂိုဏ်း၏ အပြင်စည်းသို့ ဝင်ရောက်ခဲ့သည်။
ထိုအခွင့်အရေးမှတစ်ဆင့် သူက တက်လှမ်းသူများနှင့် ဂုဏ်သရေရှိ မိသားစုများ၏ ဆွေမျိုး အများအပြားနှင့် တွေ့ဆုံခဲ့ရသည်။
သူ၏ ကိုယ်ပိုင်စွမ်းအားက အမှိုက်လို ဖြစ်နေသော်လည်း သူ၏ အပေါင်းအသင်းများက သန်မာကြသည်။ ထို့ကြောင့် သူတို့နှင့် ပေါင်းသင်းရသဖြင့် သူ့ကိုယ်သူလည်း သန်မာသည်ဟု ခံစားလာရသည်။
သူ၏ ကျင့်စဉ်အဆင့်က ချီစုစည်းခြင်းအဆင့်သာ ရှိသေးသော်လည်း သူ့ကိုယ်သူ အခြားသူများထက် သာလွန်သော နတ်သမီးတစ်ပါးဟု ထင်နေပြီ ဖြစ်သည်။
ထို့ကြောင့် အရာအားလုံးထက် သာလွန်ပြီး တောက်ပနေသော စိတ်ဝိညာဉ်ချီစွမ်းအင်ရှိပြီး သူ၏ ချိုသာမှုက ဘေးနားရှိ စီနီယာ အစ်ကိုများ၏ ဝိညာဉ်ကိုပင် ခိုးယူလုမတတ် ဖြစ်နေသော လီချင်းရန်ကို မြင်လိုက်ရချိန်တွင် သူ၏ ယခင်က မနာလိုမှုများ ပြန်လည် တောက်လောင်လာခဲ့သည်။
ထိုသို့ဖြစ်လာသည့်အတွင် သူ၏ ထုံးစံအတိုင်း မနာလိုဝန်တိုသော အပြောအဆိုများ အလိုလို ထွက်လာတော့သည်။
"တောသူမ နတ်သမီး ဟတ်ုလား။" လီချင်းရန်က အနည်းငယ် ဇဝေဇဝါဖြစ်လျက် မျက်တောင်ခတ်လိုက်သည်။
သူ၏ နှုတ်ခမ်းမှ ကိတ်မုန့်အစအနလေးတစ်ခု ကျသွားပြီး ကြမ်းပြင်နှင့် ထိလိုက်သည်နှင့် သန့်စင်သော ချီစွမ်းအင်အဖြစ် ပျောက်ကွယ်သွားခဲ့သည်။ သူ၏ မျက်လုံးဝိုင်းဝိုင်းကြီးများက ဆရာဖြစ်သူဆီသို့ လှည့်ကြည့်လိုက်ပြီး သူ့ကိုယ်သူ လက်ညှိုးထိုး ပြလိုက်သည်။ "သူ... သူက ကျွန်မကို ပြောနေတာလား။"
ချန်ဟွိုက်အန်က တပည့်ဖြစ်သူ၏ ကြောင်တောင်တောင် အမူအရာကြောင့် အတော်လေး သဘောကျသွားခဲ့သည်။ သူက ရယ်မောပြီး ခေါင်းညိတ်ပြလိုက်သည်။
"အင်း၊ နတ်သမီးက မင်း။ တောသူမကတော့ သူပေါ့။"
"ဘယ်သူ ပြောလဲ။ အဲဒါ လွန်လွန်းတယ်။" ရန်ရှောင်ကျောက်က ဒေါသတကြီး အော်လိုက်သည်။
သူက ချန်ဟွိုက်အန်နှင့် လီချင်းရန်တို့ဆီသို့ ဒေါသတကြီး လျှောက်သွားပြီး ချန်ဟွိုက်အန်၏ မျက်နှာကို ရိုက်ရန် လက်ကို မြှောက်လိုက်သည်။ သို့သော် သူ၏လက် မကျလာခင်မှာပင် ကြီးမားလှသော အင်အားတစ်ခုက သူ့ကို ရပ်တန့်သွားစေခဲ့သည်။
လွန်ခဲ့သည့် စက္ကန့်အနည်းငယ်က စိတ်ဝိညာဉ်ဖိအား မပြသခဲ့သော လူနှစ်ယောက်က ယခုတော့ သူ့ကို တောင်ကြီးတစ်လုံးလို ဖိချေလိုက်သည့် ကြောက်မက်ဖွယ်ယ် အငွေ့အသက်များကို ထုတ်လွှတ်လိုက်သည်။
ရန်ရှောင်ကျောက်အတွက် ထောင့်တစ်နေရာတွင် တိတ်ဆိတ်စွာ ထိုင်နေပြီး သင်္ဘော သန့်ရှင်းရေးသမားများလို ပုံစံပေါက်နေသော အမျိုးသားနှင့် မိန်းကလေးက ရုတ်တရက် သတ္တဝါဆိုးကြီးများ အဖြစ်သို့ ပြောင်းလဲသွားခဲ့သည်။
အထူးသဖြင့် ချန်ဟွိုက်အန်က မော့ကြည့်လိုက်ပြီး ဘေ့စ်ဘော ဦးထုပ်အောက်မှ မျက်နှာကို ဖော်ပြလိုက်ချိန်မှာပင်။
ရန်ရှောင်ကျောက် ဆွံ့အသွားခဲ့သည်။
"နင်…နင်က ချန်ဟွိုက်အန်လား။"
သူ ပြန်မဖြေခင်မှာပင် အရပ်ရှည်ရှည် ပုံရိပ်တစ်ခုက သူတို့ကြားသို့ ဝင်ရောက်လာခဲ့ပြီ ဖြစ်သည်။
သိမ်မွေ့သော သတ်ဖြတ်လိုစိတ်များ ရောယှက်နေသည့် အေးစက်စက် အသံတစ်သံ ထွက်ပေါ်လာသည်။ ငွေခေါင်းလောင်းလေးလို သာယာနေဆဲ ဖြစ်သော်လည်း ကျောရိုးအထိ စိမ့်သွားလောက်အောင် ကြက်သီးထစေသည်။
"ဘယ်လို လမ်းဘေးခွေးက ငါ့ဆရာရဲ့ နာမည်ကို ခေါ်ရဲတာလဲ။"
လီချင်းရန်က ရှေ့သို့ တစ်လှမ်းတိုးလိုက်ရာ ရန်ရှောင်ကျောက်သည် မမြင်ရသော ဖိအားကြောင့် နောက်သို့ တစ်လှမ်း ဆုတ်သွားရသည်။ မြှောက်ထားသော လက်က အနောက်သို့ ပိုတွန်းပို့ခံလိုက်ရသည်။ ခြေဆယ်လှမ်းအတွင်းမှာပင် သူ၏ လက်မောင်းက နောက်သို့ ကွေးသွားပြီ တစ်စုံတစ်ယောက်က နောက်မှ ဆွဲဆောင့်လိုက်သလို နာကျင်မှုလှိုင်းများက သူ့ဆီသို့ ဖြတ်သန်းသွားကာ ထိန်းမရအောင် အော်ဟစ်မိစေခဲ့သည်။
"စီနီယာအစ်ကို... စီနီယာအစ်ကို၊ ကျွန်မကို ကယ်ပါဦး..."
သဏ္ဌာန်မဲ့ဂိုဏ်းမှ အခြားကျင့်ကြံသူများက နောက်ဆုံး သတိဝင် လာကြသည်။ သို့သော် သူတို့က သူ့ကို ကာကွယ်ရန် ချက်ချင်း ခုန်ထွက်မလာကြပေ။
"အာ... မိန်းကလေး၊ ကျွန်တော်တို့ရဲ့ ဂျူနီယာ ညီမလေးကို လွှတ်ပေးလို့ ရမလား။ သူက တမင်သက်သက် ရည်ရွယ်ပြီး လုပ်တာ မဟုတ်ပါဘူး။"
"ဟုတ်ပါတယ်။ ကျွန်တော်တို့အားလုံးက ကျင့်ကြံသူ အချင်းချင်းတွေပဲ။ ကိုယ်ထိလက်ရောက် လုပ်စရာ မလိုပါဘူး။ စကားနဲ့ပဲ ဖြေရှင်းလို့ မရဘူးလား။"
"မိန်းကလေး၊ မင်းက အရမ်း ပါရမီပါတာကို ငါ သိပါတယ်။ ငါတို့ သဏ္ဌာန်မဲ့ဂိုဏ်းကို ဝင်ပါလား။ ငါတို့ဆီမှာ အကောင်းဆုံး အရင်းအမြစ်တွေ၊ အစွမ်းအထက်ဆုံး ပညာရပ်တွေ ရှိတယ်။ မင်းက ကမ္ဘာပေါ်မှာ နာမည်အကြီးဆုံး တက်လှမ်းသူတွေထဲက တစ်ယောက် ဖြစ်လာနိုင်တယ်။"
ပထမနှစ်ယောက်က အကြောင်းပြချက်ပေးရန် ကြိုးစားနေဆဲ ဖြစ်သော်လည်း တတိယ တစ်ယောက်ကတော့ ဟန်ဆောင်ခြင်းကို စွန့်လွှတ်လိုက်ပြီး ချက်ချင်းပင် လူသစ်စုဆောင်းတော့သည်။
လီချင်းရန်က ပုံမှန်အားဖြင့် နူးညံ့သိမ်မွေ့သည့် ပုံစံပေါက်သည်။ သို့သော် သူ၏ဆရာနှင့် ပတ်သက်လာလျှင်တော့ သူက လုံးဝကို ကွဲပြားခြားနားသော လူတစ်ယောက် ဖြစ်သွား၏။
သူ၏ အေးစက်သော အကြည့်များက သူတို့ကို ဖြတ်ပြေးသွားပြီး စကားတစ်ခွန်းကို တံတွေးထွေးသလို ပြောလိုက်သည်။
"ထွက်သွား။"
"ဟေး။ အဲဒါ ဘယ်လို အချိုးမျိုးလဲ။ ကောင်းကောင်းပြောတာကို မကြိုက်ဘူးလား။ အခြေခံအုတ်မြစ် အဆင့်သစ်လေးကများ ဘာလို့ ဒီလောက်တောင် မောက်မာနေရတာလဲ။"
"မှန်တယ်။ ငါတို့ရဲ့ ဂျူနီယာညီမလေးကို အခုချက်ချင်း လွှတ်လိုက်။"
"ထွက်သွားစမ်း" ဆိုသည့် စကားတစ်ခွန်းကြောင့် နာကျင်သွားသော တက်လှမ်းသူ သုံးယောက်က ဒေါသတကြီး အော်ဟစ်လိုက်သည်။
"အခု ရှောင်ကျောက်ကို မလွှတ်ပေးဘူးဆိုရင် စီနီယာအစ်ကိုဝမ် ရောက်လာတဲ့အခါ နောင်တရလိမ့်မယ်။"
လီချင်းရန်က ဘာမှမပြောပေ။
သူ၏ အမူအရာက ရေခဲလို အေးစက်နေပြီး ရှေ့သို့ သုံးလှမ်း တက်လာခဲ့သည်။ သူ၏ ကျင့်စဉ်အဆင့်က အခြေခံအုတ်မြစ်အဆင့် ကနဦးပိုင်းမှ အထွတ်အထိပ်အဆင့်အထိ လောင်ကျွမ်းသွားပြီး သူတို့ကို လုံးဝ ဖိနှိပ်ထားလိုက်သည်။
ရန်ရှောင်ကျောက်၏ လက်မောင်းက ပို၍ပင် ပြင်းထန်စွာ လိမ်ကောက်သွားပြီး အသားနှင့် အရိုးများ ပွတ်တိုက်သံကိုပါ ကြားနေရသည်။
သူ၏ ဆရာသာ အေးအေးဆေးဆေး နေရန် မပြောထားဘူးဆိုလျှင် သူ အကုန်လုံး ထုတ်သုံးပြီးနေလောက်ပြီ ဖြစ်သည်။ ထိုကဲ့သို့ စိတ်အနှောင့်အယှက် ဖြစ်စရာ ယင်ကောင်များက သူ၏ စိတ်ခံစားချက်ကို တကယ်ပင် ဖျက်ဆီးနေကြသည်။
"သောက်ကျိုးနည်း။ သူက အခြေခံအုတ်မြစ် အထွတ်အထိပ် အဆင့်ပဲ။"
"ညီမရှောင်ကျောက်၊ တောင့်ခံထား။ ငါတို့ အခု စီနီယာအစ်ကိုဝမ်ကို သွားခေါ်လိုက်မယ်။"
သူတို့ သုံးယောက်လုံးက ရန်ရှောင်ကျောက်ကို ပစ်ထားခဲ့ပြီး ချက်ချင်းပင် ထွက်ပြေးသွားကြသည်။
လီချင်းရန်က လက်မတွန့်ခဲ့ပေ။ သူ့တွင် မည်သူ့ကိုမှ သတ်ရန် ရည်ရွယ်ချက် မရှိသော်လည်း နာကျင်မှုလား။ နာကျင်မှုကမူ အခမဲ့ပင်။
သူက လက်ကို အောက်ဘက်သို့ ညင်သာစွာ လွှဲချလိုက်သည်။
ခွပ်…
ဆိုးရွားလှသော ကျိုးသံနှင့်အတူ ဝက်တစ်ကောင် အသတ်ခံရသလို အော်ဟစ်သံထွက်ပေါ်လာပြီး ရန်ရှောင်ကျောက်၏ လက်မောင်းက အဆစ်ပြုတ်သွားခဲ့သည်။ ယခု ထိုလက်က ပခုံးမှ စုတ်ပြတ်နေသော အဝတ်စ တစ်ခုလို တွဲလောင်းကျနေပြီး အရေပြားနှင့် အရွတ်များကသာ တွဲဆက်ထားပေးသည်။
"ဝမ်မိသားစုက လူတစ်ယောက်ကို ဘယ်သူ အနိုင်ကျင့်ရဲတာလဲ။"
လီချင်းရန်က ရန်ရှောင်ကျောက်၏ ပခုံးကို ဖြုတ်ချလိုက်သည်နှင့် တစ်ပြိုင်နက်...
အဝေးမှ အသံတစ်သံ ထွက်ပေါ်လာခဲ့၏။
ထွက်ပြေးသွားသော တက်လှမ်းသူ သုံးယောက်က ပန်းထိုးဝတ်ရုံ ဝတ်ဆင်ထားသည့် လူငယ်တစ်ယောက်ကို ခြံရံလျက် ပြန်ရောက် လာကြသည်။
ထိုလူက စွမ်းအားများ ဖြာထွက်နေပြီး ရွှေရောင်အနှစ်သာရ ကနဦးပိုင်းသို့ ရောက်ရှိနေသည်မှာ သိသာလှသည်။ သူ၏ မျက်လုံးများက လင်းယုန်လို စူးရှပြီး ထိုးဖောက်နိုင်စွမ်းရှိကာ ရန်လိုနေသည်။ သူက အမြင်အာရုံကို မြှင့်တင်ပေးသည့် ကျင့်စဉ် တစ်မျိုးမျိုးကို ကျင့်ကြံထားခြင်း ဖြစ်နိုင်သည်။
ချန်ဟွိုက်အန်က တပည့်ဖြစ်သူ၏ ကာကွယ်ပေးမှုကို ခံရသည့် စိတ်လှုပ်ရှားမှုထဲတွင် နစ်မြောနေဆဲ ဖြစ်သည်။
သို့သော် ထိုအသံကို ကြားလိုက်ရသည့်အခါ သူ၏ နှုတ်ခမ်းများ တွန့်ကွေးသွားခဲ့သည်။
ဒီနေ့ ဘာတွေဖြစ်နေတာလဲ။
နောက်ထပ် ရင်းနှီးနေတဲ့ မျက်နှာတစ်ခုလား။
…