← Chapters

သူတို့ ရောက်လာကြပြီ

Vol. 38 Ch. 376

သူတို့ ရောက်လာကြပြီ

Vol. 38 Ch. 376

ဝမ်ရှိုယီက ရန်ရှောင်ကျောက်ကို သတ်ပစ်ရန် အကြံပြုခဲ့သည်။ သို့သော် လီချင်းရန်က မလိုအပ်ဟု ထင်သလို ချန်ဟွိုက်အန်ကလည်း ထိုနည်းတူပင်။

ထို့ကြောင့် ဝမ်ရှိုယီက ရန်ရှောင်ကျောက်ကို မိုးပျံယာဉ်ပေါ်မှ တွန်းချလိုက်ပြီး ဝမ်တယ်ပြောင်ကလည်း ထိုအမျိုးသမီးကို သဏ္ဌာန်မဲ့ဂိုဏ်းမှ ထုတ်ပယ်လိုက်ကြောင်း ကြေညာခဲ့သည်။

မည်သို့ဆိုစေ ရန်ရှောင်ကျောက်ကို သဏ္ဌာန်မဲ့ဂိုဏ်းထဲ ခေါ်လာသူမှာ ဝမ်တယ်ပြောင် ဖြစ်သဖြင့် သူ့ကို ဂိုဏ်းမှ မောင်းထုတ်ရန် အခွင့်အာဏာ ရှိနေဆဲပင်။

မိုးပျံယာဉ်ကြီးမှာ ပြန်လည်၍ တိတ်ဆိတ်သွားခဲ့သည်။ ဤကိစ္စလေးမှာ ကြီးကြီးမားမား မဟုတ်သော်လည်း ချန်ဟွိုက်အန်နှင့် လီချင်းရန်တို့အပေါ် လူတိုင်း၏ အကြည့်များမှာ သိမ်မွေ့စွာ ပြောင်းလဲသွားခဲ့သည်။

ဝမ်တယ်ပြောင်၏ မြှောက်ပင့်မှုနှင့် အဖွဲ့ခေါင်းဆောင် ဝမ်ရှိုယီ၏ ရိုသေလေးစားမှုတို့ကြောင့် ချန်ဟွိုက်အန်တွင် တစ်ခုခုသော ဖုံးကွယ်ထားသည့် အဆင့်အတန်း ရှိနေမလားဟု သူတို့ စတင်၍ တွေးတောလာကြသည်။

ဥပမာအားဖြင့်... ခွန်းလွန်အင်မော်တယ်နန်းတော်မှ တိုက်ရိုက်တပည့်တစ်ဦး ဖြစ်မလား ဟူ၍ပင်။ သို့မဟုတ် ခွန်းလွန်အင်မော်တယ်နန်းတော် တိုက်ရိုက်တပည့် တစ်ဦးဦး၏ အပျော်ယောက်ျား ဖြစ်နေမလားဟုလည်း ထင်ကြသည်။

အချို့လူများက အပေါ်ယံတွင် ရိုသေဟန်ပြသော်လည်း စိတ်ထဲတွင်တော့ မနာလို ဖြစ်နေကြသည်။

ငါတို့အားလုံးကတော့ အင်မော်တယ် လမ်းစဉ်ကို ခက်ခက်ခဲခဲ ကျင့်ကြံနေရတာ။ ဒီကောင်ကတော့ သူ့မျက်နှာလေးနဲ့ပဲ အသက်မွေးနေတာ။ တကယ့်ကို လက်သီးတွေကို တင်းတင်းဆုပ်ထားရလောက်တဲ့ ကောင်ပဲ။

သို့သော် ချန်ဟွိုက်အန်၏ အာရုံက သူတို့ဆီမှာ မရှိပေ။ သူက ရန်ရှောင်ကျောက် အကြောင်းကိုသာ စဉ်းစားနေခဲ့သည်။ ၎င်းမှာ သူက ရန်ရှောင်ကျောက်ကို မမေ့နိုင်၍ သို့မဟုတ် သံယောဇဉ်ဟောင်းများ ပြန်ပေါ်လာ၍ မဟုတ်ပေ။

သူက အနှိပ်စက်ခံရခြင်းကို ကြိုက်သောလူစားမျိုး မဟုတ်။ သူ့တွင် နူးညံ့ပြီး ချိုသာကာ နားထောင်တတ်သည့် တပည့်လေး ရှိနေပြီ မဟုတ်ပါလား။ အဘယ်ကြောင့် ထိုသို့ ပြဿနာရှာတတ်သော မိန်းမကို လွမ်းနေရမည်နည်း။

သူ့ကို အာရုံစိုက်မိစေသည့် အရာမှာ ဝမ်ရှိုယီက ရန်ရှောင်ကျောက်ကို မိုးပျံယာဉ်ပေါ်မှ နှင်ချလိုက်ကြောင်း ကြေညာသည့် အခိုက်အတန့်မှာပင်။

ရန်ရှောင်ကျောက်၏ ခေါင်းပေါ်ရှိ မီးခိုးရောင်ချီစွမ်းအင်များမှာ ချက်ချင်းပင် တစ်ဝက်ခန့် လျော့ကျသွားခဲ့သည်။

ထို့နောက် ဝမ်တယ်ပြောင်က သူ့ကို သဏ္ဌာန်မဲ့ဂိုဏ်းမှ ထုတ်ပယ်လိုက်ကြောင်းနှင့် သူ့ကို ပေးထားသော ကျင့်စဉ်များနှင့် အရင်းအမြစ်အားလုံးကို ပြန်သိမ်းမည်ဟု ပြောလိုက်ချိန်တွင်တော့ ရန်ရှောင်ကျောက်၏ ခေါင်းပေါ်ရှိ မီးခိုးရောင် ချီစွမ်းအင်မှာ လုံးဝနီးပါး ကွယ်ပျောက်သွားခဲ့သည်။

ဒါက... တော်တော်လေး စိတ်ဝင်စားစရာ ကောင်းတာပဲ။

သူက ထိုမီးခိုးရော င်ချီစွမ်းအင်ကို မကောင်းတဲ့အရာဟု ထင်ခဲ့ခြင်း ဖြစ်သည်။ ၎င်းကွယ်ပျောက်သွားခြင်းမှာ ကောင်းသည့် လက္ခဏာ ဖြစ်သင့်သော်လည်း ရန်ရှောင်ကျောက် အတွက်မူ ကျင့်ကြံခြင်းလမ်းစဉ်ကို ဆက်လက်လျှောက်လှမ်းနိုင်မည့် လမ်းကြောင်း ပျောက်ဆုံးသွားခြင်းကို ဆိုလို၏။

သဏ္ဌာန်မဲ့ဂိုဏ်းမှ အနှင်ခံရခြင်းက သူ၏ အနာဂတ်ကို ဖြတ်တောက်လိုက်ခြင်းဖြစ်ပြီး တစ်ချိန်တည်းမှာပင် မီးခိုးရောင်ချီစွမ်းအင်မှာလည်း ကွယ်ပျောက်သွားခဲ့သည်။

တက်လှမ်းသူတွေအတွက် ဒီမီးခိုးရောင်ချီစွမ်းအင်ဆိုတာ သူတို့ရဲ့ "ကံတရား" များလား။ အရှေ့ဘက်က လာတဲ့ ခရမ်းရောင်ချီ သို့မဟုတ် ရွှေရောင်နဂါးချီတွေလို မဟုတ်ဘဲ အင်မော်တယ်လမ်းစဉ် တက်လှမ်းသူတွေအတွက် သီးသန့်ဖြစ်နေတဲ့ ကံတရား တစ်မျိုးလား။

ဒါပေမဲ့ အားလုံးက ကံတရားတွေဆိုရင် ဘာလို့ ဒီတစ်ခုက တကယ့် ကောင်းကင်တာအိုရဲ့ ချီစွမ်းအင်တွေနဲ့ ကွဲပြားနေရတာလဲ။

ချန်ဟွိုက်အန်က မိုးပျံယာဉ် အောက်ခြေတွင် ရှိုက်ကြီးတငင် ငိုကြွေးနေသော ရန်ရှောင်ကျောက်ကို ကြည့်ရင်း လုံးဝ ဇဝေဇဝါ ဖြစ်နေခဲ့သည်။

“ဆရာရေ…”

စိတ်ပျက်လက်ပျက်ဖြစ်နေသော အသံတစ်သံ ချန်ဟွိုက်အန်၏ နားထဲတွင် ပဲ့တင်ထပ် သွားခဲ့သည်။ သူ လှည့်ကြည့်လိုက်သောအခါ ဖောင်းကြွနေသော "ငါးပူတင်းလေး" တစ်ကောင်ကို မြင်လိုက်ရ၏။

“ဟွန့်။” လီချင်းရန်က ခါးကိုလက်ထောက်ကာ စိတ်ပျက်ဟန်ဖြင့် ပါးဖောင်းထားသည်။ “အခုထိ ကြည့်နေတုန်းပဲလား။ သူက အဲဒီလောက်တောင် လှလို့လား။ ကျွန်မ ခုနက လုပ်တာ အရမ်းပြင်းထန်သွားတယ်လို့ ထင်နေတာလား။ အဲဒီမိန်းကလေးရဲ့ လက်ကို မချိုးခဲ့သင့်ဘူးလို့ ထင်လား။ ဆရာ အဲဒီလို ထင်နေရင်လည်း ပြောလိုက်လေ။ ကျွန်မရဲ့ လက်တစ်ဖက်ကို ကိုယ့်ဘာသာ ချိုးပြီး သူ့ကို ပြန်ပေးလိုက်မယ်။”

လေထုထဲမှာပင် သဝန်တိုမှုများ လွှမ်းနေခဲ့သည်။

ချန်ဟွိုက်အန် ရယ်လိုက်မိသည်။ သူက ရန်ရှောင်ကျောက်ထံမှ အကြည့်ကို လွှဲလိုက်ပြီး လီချင်းရန်ဘက်သို့ လှည့်လိုက်သည်။ သူ လှည့်ကြည့်လိုက်သည်နှင့် လီချင်းရန်က မျက်နှာကို ချက်ချင်း လွှဲသွားခဲ့သော်လည်း သူ၏ မျက်တောင်လေးများ လှုပ်ခတ်နေပုံက သူ့ကို ခိုးကြည့်နေဆဲဖြစ်ကြောင်း သိသာလှသည်။

သူ့ကို ဆူမှာ ကြောက်နေတာလား။။

“ငါ သူ့ကို ကြည့်နေတာ မဟုတ်ပါဘူး။”

ချန်ဟွိုက်အန်က ခေါင်းခါလိုက်ပြီး ကောင်းကင်ယံကို မော့ကြည့်လိုက်ရာ သူ၏ မျက်လုံးများထဲတွင် လွမ်းဆွတ်တမ်းတမှု အရိပ်အယောင်လေးများ ပါဝင်နေသည်။

“ငါက... အတိတ်ကို နှုတ်ဆက်နေတာပါ။”

ထိုစကားပြောပြီးနောက် သူက လူကြီးတစ်ယောက်လိုမျိုး သက်ပြင်းရှည်ကြီး တစ်ချက် ချလိုက်သည်။

“အတိတ်ကို နှုတ်ဆက်နေတာ ဟုတ်လား။”

သေချာပေါက်ပင် လီချင်းရန်က ထိုလွမ်းဆွတ်တမ်းတမှု အငွေ့အသက်များကြောင့် ချက်ချင်းပင် စိတ်လှုပ်ရှားသွားခဲ့သည်။ သူက ချန်ဟွိုက်အန် အနားသို့ တိုးကပ်လာပြီး မျက်လုံးဝိုင်းကြီးများဖြင့် စူးစမ်းစွာ ကြည့်လိုက်သည်။ “ဒါဆိုရင် ဆရာက သူ့နာမည်ကို ခေါ်နိုင်တယ်ဆိုတော့... အရင်က သူ့ကို သိခဲ့တာပေါ့ ဟုတ်လား။ အရင်က မိစ္ဆာသားရဲတွေကို တိုက်ခိုက်နေတုန်း တွေ့ခဲ့တာလား။ ဆရာတို့က ဘာတွေ ပတ်သက်ခဲ့ကြတာလဲ။”

မေးခွန်း တသီတတန်းကြီးကြောင့် ချန်ဟွိုက်အန် ခေတ္တမျှ မှင်သက်သွားခဲ့သည်။

“အဟမ်း။” သူက ချောင်းတစ်ချက်ဟန့်လိုက်ပြီး အမှန်တစ်ဝက်လောက် ပါအောင် ပြောလိုက်သည်။

“မင်း တစ်ခါက ငါ့မှာ တာအိုအဖော် ရှိဖူးလားလို့ မေးခဲ့တာ မှတ်မိလား။ တိတိကျကျ ပြောရရင် ရန်ရှောင်ကျောက်က အတိတ်မှာ ငါ့ရဲ့ တာအိုအဖော် ဖြစ်ခဲ့ဖူးတယ်။ ဒါပေမဲ့ အခုတော့ မဟုတ်တော့ဘူး။ သူ့ကို အခု ကြည့်နေတာက အရာအားလုံးကို အဆုံးသတ် လိုက်တာပဲ။”

ရန်ရှောင်ကျောက်၏ ခေါင်းပေါ်မှ မီးခိုးရောင်ချီစွမ်းအင် ပြောင်းလဲမှုများ အကြောင်းကိုတော့ လီချင်းရန်ကို သူ မပြောပြနိုင်။ ယခင်က သူ အရိပ်အမြွက် ပြောပြခဲ့ဖူးသော်လည်း လီချင်းရန်က လုံးဝ မမြင်နိုင်ခဲ့ပေ။

သူ အများကြီး ပြောပြလိုက်လျှင် လီချင်းရန် စိုးရိမ်သွားမည်ကို သူ ကြောက်မိသည်။ သူက ဤကမ္ဘာကို ခဏခဏ လာနိုင်သည်လည်း မဟုတ်ပေ။ အကယ်၍ သူက ဤကမ္ဘာတွင် ဖြစ်နေသည်များကို အရမ်း စိတ်စွဲလမ်းသွားလျှင် သူ၏ ကျင့်စဉ်အပေါ် ထိခိုက်သွားနိုင်သည်။

“ဪ မှတ်မိပြီ။”

လီချင်းရန်၏ မျက်လုံးများထဲတွင် သတ်ဖြတ်လိုသော အရိပ်အယောင်များ ဖြတ်ပြေး သွားခဲ့သည်။ သူက တိုးတိုးလေး ရေရွတ်လိုက်သည်။ “အာ။ သူ့ကို တစ်ချက်တည်းနဲ့ သတ်ပစ်ခဲ့သင့်တာ...”

“ဘာပြောလိုက်တယ်။”

“အာ... ဘာမှမဟုတ်ပါဘူး။”

လီချင်းရန်က ပြုံးလိုက်ပြီး စကားလမ်းကြောင်း ပြောင်းလိုက်သည်။ “ဒါဆိုရင် အဲဒီတာအိုအဖော်က ဆရာ့ကို စွန့်ပစ်သွားခဲ့တာပေါ့ ဟုတ်လား။ ဆရာက အတိတ်ကို နှုတ်ဆက်လိုက်ပြီဆိုတော့... အဲဒီမိန်းမနဲ့ နောက်ထပ် ဘာမှ မပတ်သက်တော့ဘူးလို့ ဆိုလိုတာလား။ အဲဒီလိုလား။”

“အတိအကျပဲ။”

ချန်ဟွိုက်အန်က သူ့ကို "ဉာဏ်အကောင်းဆုံးဆု" ပေးချင်စိတ် ပေါက်သွားသည်။ သူက သူ၏ တန်ဖိုးထားရသော တပည့်လေးဖြစ်ရခြင်းမှာ အံ့ဩစရာ မဟုတ်ပေ၊ သူက အမြဲတမ်း လိုရင်းကို ထိထိမိမိ သိရှိတတ်သည်။

“ငါ့ရဲ့ လမ်းစဉ်က ကြည်လင်ပြတ်သားမှု၊ ဟန်ချက်ညီမှုနဲ့ သဘာဝအတိုင်း စီးမျောခြင်းပဲ။ နှလုံးသားနဲ့ ကိုက်ညီတဲ့ အရာမှန်သမျှက ငါ့ရဲ့ တာအိုပါပဲ။”

ချန်ဟွိုက်အန်က လက်ကို နောက်ပစ်ကာ ပွင့်လွင့်နေသော တိမ်တိုက်များကို ကြည့်ရင်း သက်ပြင်းချလိုက်သည်။

“ငါ တစ်ချိန်က အဲဒီမိန်းမအတွက်နဲ့ ကိုယ့်ကိုယ်ကိုယ် ပျောက်ဆုံးခဲ့ဖူးတယ်။ ဒါပေမဲ့ အခုကစပြီး ငါက ငါပဲ။ ငါ့ကိုယ်ငါ ဘယ်တော့မှ ထပ်ပြီး အပျောက်မခံတော့ဘူး။”

သူက လီချင်းရန်၏ မျက်လုံးများကို စိုက်ကြည့်လိုက်သည်။

“တစ်စုံတစ်ယောက်ကို ချစ်ဖို့ဆိုရင် ကိုယ့်ကိုယ်ကိုယ် အရင် ချစ်တတ်ရမယ်။ တခြား တစ်ယောက်အတွက် မင်း ပွင့်လန်းပေးတဲ့အခါ မင်းကိုယ်တိုင်ကလည်း ပွင့်လန်းဖို့ စောင့်နေတဲ့ ပန်းတစ်ပွင့်ဆိုတာကို မမေ့နဲ့။ ဘယ်သူမှ တခြားတစ်ယောက်ရဲ့ ဇာတ်ပို့ သို့မဟုတ် တခြားတစ်ယောက်ရဲ့ အရိပ် မဟုတ်ပါဘူး။ မင်းနဲ့ ငါ၊ ငါတို့နှစ်ယောက်လုံးက ဒီလောကရဲ့ ရှားပါးတဲ့ ပန်းကလေးတွေ။ နွေဦးကို စိန်ခေါ်ပြီး ကောင်းကင်ယံကို ဆန့်ကျင်နိုင်မှ ငါတို့တွေ တကယ်ကို ပွင့်လန်းနိုင်မှာ။”

လီချင်းရန် မှင်သက်သွားခဲ့သည်။

ဆရာ၏ နက်ရှိုင်းသော မျက်လုံးများထဲတွင် သူ့မျက်နှာပုံရိပ်လေး ထင်ဟပ်နေသည်။

သူ၏ စကားများထဲက "အရိပ်" ဆိုသည်မှာ... တစ်ချိန်က သူကိုယ်တိုင် ဖြစ်ခဲ့ဖူးသည် မဟုတ်ပါလား။ မိုရှုမိန် တစ်ခါက သူ့ကို အကြံပေးခဲ့သလိုပင်။ ကိုယ့်ဘာသာကိုယ်ပဲနေ။ တခြားတစ်ယောက်ရဲ့ မျက်လုံးထဲမှာ ပြီးပြည့်စုံတဲ့လူ ဖြစ်နေဖို့အတွက်ပဲ အမြဲတမ်း ပေးဆပ်နေတာမျိုး၊ ကိုယ့်ကိုယ်ကိုယ် အတင်းအကျပ် လုပ်နေတာမျိုး မလုပ်နဲ့တဲ့။

ကိုယ်ကိုယ်တိုင် ဖြစ်နေခြင်းကပင် သူ ဖြစ်နိုင်မည့် အကောင်းဆုံး အခြေအနေ ဖြစ်နေပေလိမ့်မည်။ ကျန်သော အရာများကတော့... အပိုပင်။

“တပည့် အခု နားလည်သွားပါပြီ။”

လီချင်းရန်က ချန်ဟွိုက်အန်၏ ကိုယ်ဟန်အတိုင်း လိုက်လုပ်ကာ လက်ကို နောက်ပစ်ပြီး မိုးပျံယာဉ်၏ အစွန်းတွင် သူ့ဘေးတွင် ရပ်လိုက်သည်။ ထို့နောက် လွင့်မျောနေသော တိမ်တိုက်များကို ကြည့်နေခဲ့သည်။

ရုတ်တရက် သူက ခေါင်းလေးကို စောင်းလိုက်ပြီး ချန်ဟွိုက်အန်၏ ပုခုံးပေါ်သို့ မှီလိုက်သည်။ သူ၏ နူးညံ့ချောမွတ်သော ဆံပင်အနက်ရောင်များက ချန်ဟွိုက်အန်၏ ပုခုံးပေါ်သို့ ဝဲကျလာခဲ့သည်။ သူက လူကြီးတစ်ယောက်လို အသံဖြင့် ပြောလိုက်သည်။ “ဒါဆိုရင် ဆရာက လောကရဲ့ ပန်းကြီး၊ သမီးက လောကရဲ့ ပန်းကလေးပေါ့။ ပန်းကြီးက ပန်းကလေးကို သူ့ဘေးမှာ ပွင့်လန်းခွင့် ပေးနိုင်မလား။”

ချန်ဟွိုက်အန်က ကျယ်လောင်စွာ ရယ်မောလိုက်သည်။ “ဘာလို့ မရရမှာလဲ။”

လီချင်းရန်က မျက်မှောင်လေးကြုတ်ပြီး သူ့ကို ပြန်ရယ်ပြလိုက်သည်။ သူ၏ မျက်လုံးထဲတွင် ဘေးနားမှလူ တစ်ယောက်တည်းသာ ရှိနေခဲ့သည်။ သူ၏ လက်ချောင်းလေးများဖြင့် ဆံပင်များကို ကစားရင်း စိတ်ထဲမှ တိုးတိုးလေး ရေရွတ်နေခဲ့သည်။

ငါ ပွင့်လန်းရင် လေပြေက ရောက်လာလိမ့်မယ်။

ဆရာ ရှိနေရင် မွှေးရနံ့က ပျောက်ကွယ်သွားမှာ မဟုတ်ဘူး။

...

ချင်လင်းတောင်တန်း။

မိုင်ရှစ်ရာ ကျယ်ဝန်းသော ချင်လင်းတောင်တန်းတွင် တိမ်ပင်လယ်များက တောင်ထွတ် ထောင်နှင့်ချီကို ပိတ်ဆို့ထားသည်။ တောင်ထွတ်များက ရုတ်တရက် ရွာချသော မိုးရေကို လက်ခံနေပြီး သစ်ရွက်တစ်ရွက်ကပင် သေခြင်း ရှင်ခြင်းကို ပြသနေသည်။

နွေနှောင်းနှင့် ဆောင်းဦးအစ ကာလတွင် ချင်လင်းတောင်တန်းသည် စိုပြည်စိမ်းလန်း နေသင့်သည်။ သို့သော် ယခုအချိန်တွင်မူ မိစ္ဆာချီစွမ်းအင်များ မြင့်တက်နေသဖြင့် အနက်ရောင် တိမ်တိုက်များကသာ ကောင်းကင်ယံကို ဖုံးလွှမ်းထား၏။

အနက်ရောင် တိမ်တိုက်များ၏ အလယ်တွင် ပေတစ်ရာကျော် မြင့်မားသော မျှော်စင်ကြီးတစ်ခု တစ်ဝက်တစ်ပျက် ပုန်းကွယ်နေသည်။ တိမ်တိုက်များကြားတွင် လျှပ်စီးများနှင့် မိုးကြိုးသံများ ဟိန်းဟောက်နေသော်လည်း ထိုမြင့်မားလှသော အနက်ရောင် အဆောက်အအုံကြီးကိုမူ မည်သည့်အရာကမျှ မလှုပ်ခါနိုင်ပေ။

အနက်ရောင် မျှော်စင်ကြီး၏ အောက်ဘက်၊ ပထမထပ် ဝင်ပေါက်တွင်မူ…

သံတံခါးကြီးများမှာ တင်းကျပ်စွာ ပိတ်ထားသည်။ တံခါးကွင်းများမှာ လေထဲတွင် လွင့်ထွက်နေပြီး ရံဖန်ရံခါ ကျယ်လောင်စွာ မြည်ဟည်းနေခဲ့သည်။ တံခါးရှေ့တွင်မူ တောင်တစ်တောင်ခန့် ကြီးမားသော အနက်ရောင်ကျားကြီးတစ်ကောင် ခွေနေခဲ့သည်။

ကျားပေါက်လေး နှစ်ကောင်မှာ သူ၏ ဒူးပေါ်တွင် အနားယူနေကြသည်။ ကျားဘုရင်မှာ လူသားပုံသဏ္ဌာန် တစ်ဝက်ခန့်ကို ကျင့်ကြံထားပြီး ဖြစ်သည်။ သူက တရားထိုင်နေခဲ့ခြင်း ဖြစ်သည်။

ရုတ်တရက် သူ၏ မျက်လုံးများ ပွင့်လာခဲ့သည်။ ထိုနီရဲနေသော မျက်လုံးများထဲရှိ တည်ငြိမ်မှုများ ပျောက်ကွယ်သွားပြီး ထုံထိုင်းမှုနှင့် မုန်းတီးမှုများ အစားထိုး ဝင်ရောက် လာခဲ့သည်။ ကျားပေါက်လေး နှစ်ကောင်၏ ဇဝေဇဝါ အကြည့်များအောက်တွင် သူက ဖြည်းဖြည်းချင်း ထရပ်လိုက်ပြီး တောင်ဘက် ကောင်းကင်ပြင်ကို ကြည့်ကာ ကိုယ်လက်ဆန့်လိုက်သည်။

သူက အမြဲတမ်း လုပ်နေကျအတိုင်း ကိုယ်လက်ဆန့်လိုက်ခြင်း ဖြစ်သည်။ သို့သော် ဒီနေ့တွင်မူ သူက လေထဲမှ အနံ့ကို ပြင်းပြင်းရှူလိုက်၏။

“သူတို့တွေ ရောက်လာကြပြီ။”

သူက အသံ အက်ရှရှဖြင့် တိုးတိုးလေး ရေရွတ်လိုက်သည်။

...

All Chapters