မင်းရဲ့ဆရာကမြင်ခဲ့ဖူးတယ်
Vol. 23 Ch. 321
အခန်း (၃၂၁) မင်းရဲ့ဆရာကမြင်ခဲ့ဖူးတယ်
ခွန်လွန်တောင် ၊ အဓိကခန်းမဆောင်မှ ရင်ဆိုင်တိုက်ပွဲကို ကျန်းလန် အချိန်ကြာမြင့်စွာ ကြည့်နေခဲ့သည်။ သို့သော် သူ မည်သည့်အရာကိုမှ အတိအကျ မခန့်မှန်းနိုင်ခဲ့ပေ။
မည်သို့ပင်ဖြစ်စေ အဋ္ဌမမင်းသား ခွန်လွန်တောင်တွင် ရှိနေလျှင် သူသည်လည်း နတ်ဘုရားရာထူးကို ထိန်းချုပ်ရာတွင် အထောက်အကူ ဖြစ်လေသည်။
နတ်ဘုရားများအလယ် သူက အားနည်းသည်ဟု ယူဆရသော်လည်း ဧကရာဇ်ရှီးဟယ်နှင့် အထွတ်ထိပ်ချန်ယွမ်နဂါးမင်းတို့ကတော့ အလွန်တန်ခိုးစွမ်းအားမြင့်မားသည်။
သူတို့ဆိုလျှင် သူကဲ့သို့ နတ်ဘုရားရာထူးကို ထိန်းချုပ်ရာတွင် အခက်အခဲများ မရှိနိုင်ပေ။ သို့ဆိုလျှင် သူတို့အတွက်လည်း အဋ္ဌမမင်းသားက အဘယ့်ကြောင့် အသုံးဝင်နေရပါသနည်း။
ကျန်းလန် ဆက်မတွေးတော့ဘဲ ခေါင်းခါယမ်းလိုက်သည်။
တန်ခိုးစွမ်းအား လုံလောက်အောင် မြင့်မားခြင်း မရှိသေးသရွေ့ အကြီးအကဲများ၏အတွေးများ မည်သို့ရှိမည်ကို ကျန်းလန် နားလည်နိုင်မည် မဟုတ်ပေ။
ညဘက်တွင်တော့ သူ မရဏဂူသို့ ပြန်လာပြီး ကျင့်ကြံခြင်းကို ဆက်လက်ပြုလုပ်သည်။
သူ၏ ကျင့်ကြံခြင်းက တဖြည်းဖြည်း အားကောင်းလာသည့်တိင် မဟာတာအိုကို နားလည်နိုင်စွမ်းမှာ သိသိသာသာ တိုးတက်မလာပေ။
သို့သော် သူ့စိတ်များက တည်ငြိလျှက်ရှိသည်။ သူ့ဘဝတွင် ဘယ်တုန်းကမှလည်း စိတ်မပူပန်တတ်ခဲ့ပေ။
***
ထိုသို့ဖြင့်…
အချိန် (၄)နှစ် ကုန်ဆုံးသွားခဲ့သည်။
နဂါးမျိုးနွယ်များသည်လည်း ခွန်လွန်တောင်မှ ပြန်သွားကြပြီ ဖြစ်သည်။ သို့သော် အဋ္ဌမမင်းသားမှာတော့ နဂါးနန်းတော်သို့ ပြန်လိုက်မသွားနိုင်ခဲ့ပေ။
သူက ခွန်လွန်တောင်တွင်ပင် နေထိုင်နေရဆဲဖြစ်ပြီး နဝမတောင်ထွတ်သို့ မကြာခဏ လာရောက်လည်ပတ်ရင်း သေရည်ဆိုင်မှ အဖြစ်အပျက်များကို မကြာခဏ ပြောပြတတ်လေ့ ရှိသည်။
သူက သေရည်ဆိုင်မှ ကောင်ငယ်လေးကို ကူညီပြီး ဇာမဏီကောင်မလေး သဘောကျလာအောင် မည်သို့လုပ်ရမည်ဆိုသည့် မေးခွန်းမျိုးကို ကျန်းလန်ကို မေးလေသည်။
ကျန်းလန်လည်း ဘာပြန်ဖြေရမှန်း မသိလေရာ ကောင်ငယ်လေးကို ကျင့်ကြံခြင်းသာ ပြုလုပ်သင့်သည်ဟု အကြံပေးလိုက်သည်။
"တန်ခိုးစွမ်းအားမြင့်မားလာအောင် ကျင့်ကြံတာက အကောင်းဆုံးပဲ"
ခွန်လွန်တောင်နှင့် နဂါးမျိုးနွယ်များ၏ အပေးအယူနှင့်ပတ်သက်ပြီးဆိုရသော် ညှိနှိုင်းမှုက အဆုံးသတ်လုနီးနေပြီး သူသည်လည်း နဂါးနန်းတော်သို့ ပြန်ရခါနီး အခြေအနေဖြစ်ခဲ့သည်ဟု အဋ္ဌမမင်းသားက ဆိုသည်။
သို့သော် ဘာကြောင့်မှန်းမသိ နဂါးမျိုးနွယ်များဘက်မှ ထိပ်တန်းအကြီးအကဲများက နောက်ဆုံးအချိန်ခဏတွင် သူ့ကို ပြန်ခေါ်ရန် လက်လျှော့ခဲ့ကြသည်။
ဘာကြောင့် ထိုသို့ဖြစ်ရသည်ကို အဋ္ဌမမင်းသားလည်း မသိရှိသလို ကျန်းလန်လည်း မသိရှိပေ။
နဂါးမျိုးနွယ်များသည် လမ်းတစ်ဝက်တွင် တစ်စုံတစ်ခုကို ရှာဖွေတွေ့ရှိသွားခြင်း ဖြစ်နိုင်သည်။
ယနေ့တော့…
ကျန်းလန် နဝမတောင်ထွတ်စာကြည့်တိုက်သို့ ထွက်လာခဲ့သည်။
မှော်ဝင်တိမ်တိုက်တောင်စုဝေးပွဲ ပြီးဆုံးသွားသည်မှာ အချိန် (၇)နှစ်တိတိပင် ကြာခဲ့ပေပြီ။ခွန်လွန်တောင်တွင် မည်သူမှ ထိုအကြောင်းကို ပြောဆိုကြခြင်း မရှိကြတော့ပေ။
ကျန်းလန်သည်လည်း မှော်ဝင်တိမ်တိုက်တောင်စုဝေးပွဲတွင် အခြားသူများ အာရုံစိုက်နိုင်မည့် ထူးထူးခြားခြားကိစ္စများကို မလုပ်ခဲ့သဖြင့် နဝမတောင်ထွတ်တွင် ဂူအောင်းနေရန် မလိုအပ်ခဲ့ပေ။
သူက မှော်ဝင်တိမ်တိုက်တောင်စုဝေးပွဲမှ ကျန်ရစ်ခဲ့မည့် အန္တရယ်များကိုသာ သူ စိတ်ပူနေခြင်း ဖြစ်သည်။
အဋ္ဌမမင်းသား၏ စကားအရဆိုလျှင်တော့ သေရည်ဆိုင်အနီးပတ်ဝန်းကျင်တွင် မည်သည့်ထူးခြားချက်မှ မရှိခဲ့ပေ။ ရံဖန်ရံခါ တိုက်ပွဲငယ်လေးများ ဖြစ်ပွားတတ်သော်လည်း အများစုမှာ ခွန်လွန်တောင်မှ တပည့်များအချင်းချင်း ပြဿနာဖြစ်ကြခြင်းသာ ဖြစ်သည်။
သို့သော် သူ့ကို အံ့အားသင့်စေသည့် တစ်ခုတည်းသောသတင်းမှာ ချီလင်မျိုးနွယ်မှ ပျောက်ဆုံးနေသည့် မိန်းကလေးတစ်ယောက် သေရည်ဆိုင်နားသို့ ရောက်လာသည့် သတင်းဖြစ်သည်။
သူမခမျာ အချိန် (၇)နှစ်တိုင်တိုင် လမ်းပျောက်နေခဲ့ပြီး ယခုအချိန်ထိ ခွန်လွန်တောင်မှ ပြန်နိုင်ခြင်း မရှိသေးပေ။
သို့ရာတွင် ကျန်းလန်က ထိုကိစ္စကို သတိထားရမည် ဖြစ်သည်။ တစ်ခါတစ်ရံ ရန်သူများက ထိုသို့ အသွင်ယူနေတတ်သည်။
သူက ပုံမှန်မဟုတ်သည့်အရာအားလုံးကို သတိထားလေ့ရှိသလို ရန်သူကိုလည်း အထင်မသေးတတ်ပေ။ မဟုတ်ပါက ပေးဆပ်ရသည့်တန်ဖိုးက များပြားပေလိမ့်မည်။
ရန်သူကို အထင်သေးမိသောကြောင့် ပေးဆပ်လိုက်ရသူများစွာကို ကျန်းလန် အရင်က တွေ့မြင်ခဲ့ဖူးသည်။ သူ့ကို သတိလက်လွတ်ဖြင့် အထင်သေးခဲ့ကြသူများအားလုံး အသက်ပျောက်ခဲ့ရသည်ချည်းပင် မဟုတ်ပါလား။
သို့ဖြစ်ရာ သူကတော့ ထိုသို့သောအမှားမျိုး ကျူးလွန်မည် မဟုတ်ပေ။
စာကြည့်တိုက်သို့ရောက်သည်နှင့် ကျန်းလန်က အစီအရင်ပညာနှင့်ပတ်သက်သည့် စာအုပ်တစ်အုပ်ကို ထုတ်ယူကာ ဖတ်ရှုလိုက်သည်။
အချိန် (၇)နှစ် ကြာမြင့်ခဲ့ပြီ ဖြစ်လေရာ အသစ်သောအစီအရင်များ ဖန်တီးပြုလုပ်ရန်အတွက် အစီအရင်ပညာကို ပြန်လည်လေ့လာရန် အချိန်တန်ပြီ ဖြစ်၏။
သို့သော် သူက ယခုတစ်ကြိမ်တော့ တောင်ပေါ်လမ်းထက်သို့ သွားရောက်ပြီး စာဖတ်ရန် မရည်ရွယ်ခဲ့ပေ။
သူက စာဖတ်နေရင်း မြက်ရှင်းရန် ကြံစည်ထားခဲ့သည်။ သူက စာဖတ်ရင်း လမ်းတစ်လျှောက် လမ်းလျှောက်သွားသည်။ ကျန်းလန် ခြေတစ်လှမ်းလှမ်းလိုက်တိုင်း သူ့ခြေထောက်အောက်မှ မြက်ပင်များ ကျွတ်ထွက်ကုန်သည်။
ဤသည်က တွန်းကန်ခြင်းအစီအရင်နှင့် ခပ်ဆင်ဆင်တူသည့် အစီအရင်တစ်ခုသာ ဖြစ်သည်။ ထိုအစီအရင်က မြေပြင်ထက်မှ မြက်ပင်ပေါင်းပင်များကို ဆွဲနှုတ်နိုင်စွမ်း ရှိသည်။
အမှန်တော့ ကျန်းလန်က နဝမတောင်ထွတ်မှ မြက်ပင်များကို ရှင်းလင်းရန်အတွက် ရိုးရှင်းသည့် အစီအရင်ပညာတစ်ခုကို အသုံးပြုနေခြင်းသာ ဖြစ်သည်။
သူ တစ်ရက်နှစ်ရက်အတွင်း မြက်များရှင်းလင်းပြီးသွားပေလိမ့်မည်။
ကျန်းလန် လမ်းလျှောက်ရင်းဖြင့် အစီအရင်အကြောင်းရေးသားထားသည့်စာအုပ်ကိုဖတ်နေကာ မြက်ပင်ပေါင်းပင်များကို တစ်နေကုန် ရှင်းပစ်နေသည်။
မြက်ပင်ပေါင်းပင်များကို ရှင်းလင်းပစ်မှသာလျှင် နဝမတောင်ထွတ်သို့ လာရောက်ရာတောင်ပေါ်လမ်းကို သာမန်လမ်းတစ်လမ်းဟု အထင်ခံရမည် ဖြစ်သည်။ မဟုတ်ပါက မြက်ပများဖုံးလွှမ်းကာ လမ်းပျောက်နေပေလိမ့်မည်။
ညနေပိုင်းတွင်တော့ ကျန်းလန် မရဏဂူသို့ပြန်ပြီး ကျင့်ကြံရန်ဟန်ပြင်လိုက်စဉ် ဆရာဖြစ်သူထံမှ စာတစ်စောင်ပို့လာသည်။
စာကို ဖတ်ပြီးနောက် ကျန်းလန်မျက်နှာထက် ထူးဆန်းသည့် အမူအရာများ ထွက်ပေါ်လာသည်။
"ပဉ္စမတောင်ထွတ်က ဆရာဒေါ်လေးက ငါ့ကို တွေ့ချင်တယ်တဲ့လား ၊ ပြီးတာ့ သူ့မှာ ငါ့ကို အရေးတကြီးကိစ္စတစ်ခု ပြောစရာရှိတယ်တဲ့"
ကျန်းလန် ချက်ချင်းပင် သတိအနေအထားဖြစ်သွားသည်။
ပဉ္စမတောင်ထွတ်မှ ဆရာဒေါ်လေးက တစ်ခုခု ကြံစည်နေခြင်း ဖြစ်နိုင်သည်။ မည်သို့ပင်ဖြစ်စေ ဆရာဖြစ်သူက သူ့ကိုသွားခိုင်းသည်ဖြစ်ရာ ဆိုးဆိုးရွားရွားတော့ ဖြစ်စရာ အကြောင်းမရှိပေ။
မည်သို့မှ မတတ်နိုင်စွာပင် ကျန်းလန် စာအုပ်ကို သိမ်းဆည်းလိုက်ပြီး မြက်ပင်များ ရှင်းလင်းခြင်းကို ရပ်တန့်လိုက်သည်။ ထို့နောက် ဓားကိုစီးနှင်ပြီး ပဉ္စမတေင်ထွတ်သို့ ထွက်ခွာသွားလေတော့၏။
မိုးချုပ်လုနီးပြီ ဖြစ်သည်။
မမှောင်ခင် နဝမတောင်ထွတ်သို့ ပြန်လာနိုင်လျှင်တော့ အကောင်းဆုံးပင်။
ခွန်လွန်တောင်၏ တောင်ထွတ်များဆီသို့ ညနေခင်းနေရောင်ခြည်က ဖြာကျနေလေသည်။ ကျးန်လန် ဓားကိုစီးနှင်ပျံသန်းလာရင်း နဝမတောင်ထွတ်သို့ မမှောင်ခင် ပြန်မရောက်နိုင်ကြောင်း သဘောပေါက်လိုက်သည်။
မပြင်းထန်သည့် လေပြေအေးတစ်ချက်က သူ့အင်္ကျီအနားစများကို ဖြတ်သန်းတိုက်ခတ်သွားသည်။ ဤသည်က အေးစိမ့်မှုအငွေ့အသက်လေးကို ခံစားရစေသည့် ဆောင်းဦးလေပြေဖြစ်သည်။
အတန်ကြာပြီးနောက်...
ပဉ္စမတောင်ထွတ် ၊ ခန်းမဆောင်ရှေ့သို့ ကျန်းလန် ရောက်ရှိလာသည်။
ပဉ္စမတောင်ထွတ်က နဝမတောင်ထွတ်နှင့် လုံး၀ မတူညီပေ။ ကောင်းကင်ထက် ဓားများစီးနှင်ကာ ပျံသန်းနေကြသည့် တပည့်များကို နေရာတိုင်းတွင် တွေ့မြင်နေရသည်။
အစီအရင်တောင်ကုန်းရှေ့တွင်လည်း တပည့်များစွာ စုရုံးလျှက် မြင်ကွင်းက အလွန်အသက်ဝင်လှသည်။
နဝမတောင်ထွတ်က ပဉ္စမတောင်ထွတ်နှင့် ခြားနားလွန်းသည်။
နဝမတောင်ထွတ်တွင် နေထိုင်ခြင်းက တောင်ထွတ်တစ်ခုလုံးတွင် သူတစ်ယောက်တည်းသာ ရှိသည်ဆိုသည့် ခံစားချက်ကို ပေးစွမ်းသည်။
ဆရာဖြစ်သူသည်လည်း သူနှင့်အတူတူပင် ခံစားရကောင်းနိုင်သည်။
"ဂိုဏ်းတူအစ်ကို ၊ ခန်းမဆောင်ထဲ ဝင်လို့ရပါပြီရှင်"
"ကျေးဇူးတင်ပါတယ် ဂိုဏ်းတူညီမလေး"
သူ ရောက်ရှိကြောင်းကို တောင်သခင်မထံ သတင်းပို့ပေးသည့် ရွှေပြဒါးအမြုတေအဆင့် ဂိုဏ်းတူညီမလေးကို ကျန်းလန်က ကျေးဇူးတင်စကားဆိုလိုက်သည်။
ခန်းမဆောင်ထဲ ရောက်သည်နှင့် ကျန်းလန်က ခေါင်းကိုအသာငုံ့ကာ လေးလေးစားစားဖြင့်ပင် မြောင်ယွဲ့ကို နှုတ်ခန်းဆက်စကားဆိုလိုက်သည်။
"ဆရာဒေါ်လေးကို ဂါရဝပြုပါတယ်"
ခန်းမဆောင်ထိပ်တွင်တော့ ပဉ္စမတောင်ထွတ်၏တောင်သခင်မ"မြောင်ယွဲ့"က ထိုင်ခုံတစ်ခုထက်တွင် ထိုင်လျှက်ရှိ၏။ မြောင်ယွဲ့က ကျန်းလန်ကို လှမ်းကြည့်လိုက်သည်။
မျက်နှာထက်တွင် အဖြူရောင်ပုဝါစဖုံးကွယ်ထားသည့်တိုင် သူမမျက်ဝန်းများကတော့ အပြုံးရိပ်များ ယှက်သန်းနေသည်။
"ဒီခန်းမဆောင်ထဲမှာပဲ ငါ မင်းကို ပြောခဲ့တဲ့စကားကို မှတ်မိသေးလား"
သူမက ကိုယ်ကိုအသာကိုင်းကာ ကျန်းလန်ကို လှမ်းကြည့်ရင်း မေးမြန်းလာသည်။
ကျန်းလန်က ခေါင်းငုံ့လိုက်ရင်း...
"ဘာစကားများလဲ ၊ ဆရာဒေါ်လေး ကျေးဇူးပြုပြီး ရှင်းပြပေးပါ"
အရင်က သူ၏ဆရာဒေါ်လေး စကားများစွာ ပြောခဲ့သည်ဖြစ်လေရာ ယခု မည်သည့်စကားကို ရည်ညွှန်းကြောင်း ကျန်းလန်လည်း အတိအကျ မသိနိုင်ပေ။
သူ ခန့်မှန်းကြည့်မိသော်လည်း ဆရာဒေါ်လေးမြောင်ယွဲ့ပြောခဲ့သည့် ထိုစကားကို သူ မယုံကြည်ပေ။ ထို့ကြောင့်လည်း ယခုအချိန်ထိ ဆရာဖြစ်သူနှင့် အောင်သွယ်မပေးသေးခြင်း ဖြစ်၏။
မြောင်ယွဲ့က ရယ်မောလိုက်သော်လည်း ကျန်းလန် မေးသည့်မေးခွန်းကို မဖြေခဲ့ပေ။
သူမက…
"ကျောက်စိမ်းရေကန်နတ်ဘုရားမက အခုဆိုရင် မရှိမှုအာကာသအဆင့် အောင်မြင်သွားပြီလေ ၊ သူ အင်မော်တယ်အဖြစ် အဆင့်တက်ဖို့ အတော်လေး နီးကပ်လာပြီ ၊ ဆိုတော့… သူ မိုးကောင်းကင်စမ်းသပ်ခံရခြင်းကို ရင်ဆိုင်ဖို့ အစီအရင်တစ်ခု လိုအပ်တယ် ၊ အဲဒီအကြောင်း မင်းသိတယ်မဟုတ်လား"
ကျန်းလန်က ခေါင်းညိတ်လိုက်ရင်း...
"မိုးကောင်းကင်စမ်းသပ်ခံရခြင်းအစီအရင်တွေအကြောင်း ကျွန်တော် စာအုပ်ထဲမှာ ဖတ်ဖူးပါတယ်"
ထိုအစီအရင်များအကြောင်း ကျန်းလန် အနည်းငယ် နားလည်လေသည်။
သူ အင်မော်တယ်အဖြစ် အဆင့်တက်စဉ်က ထိုသို့သောအစီအရင်များကို များစွာ ပြုလုပ်ခဲ့သေးသည်။ သို့သော် နောက်ဆုံးမှာတော့ သူ ထိုအစီအရင်များကို အသုံးမပြုခဲ့ရပေ။
သူ အင်မော်တယ်အဖြစ် အဆင့်တက်ရောက်စဉ်က ထိုအစီအရင်များကို အသုံးပြုရန် အချိန်ပင်မရလိုက်ဘဲ သွေးနီရောင်နဂါးကို လက်သီးဖြင့် တန်းတန်းမတ်မတ် ထိုးနှက်လိုက်ရသည် မဟုတ်ပါလား။
လုန်ယွိ မိုးကောင်းကင်စမ်းသပ်ခံရခြင်းကို ရင်ဆိုင်မည်ဆိုလျှင် သူမအနေဖြင့် ထိုအစီအရင်များကို အသုံးပြုသင့်လေသည်။
မြောင်ယွဲ့က...
"ဒါနဲ့ မင်း ကျောက်စိမ်းရေကန်ကို ဝင်ရောက်လို့ရတယ်လို့ ငါ သတင်းကြားတယ် ၊ အဲဒါ ဟုတ်တယ်မလား"
ဖုံးကွယ်ထားစရာမလိုသောကိစ္စဖြစ်သောကြောင့် ကျန်းလန် ဝန်ခံစကားဆိုလိုက်သည်။
"ဟုတ်ပါတယ်"
မြောင်ယွဲ့က ကျန်းလန်ကို အပြုံးရိပ်သန်းသည့် မျက်ဝန်းများဖြင့် ကြည့်လိုက်ရင်း…
"ဒါဖြင့် ကျောက်စိမ်းရေကန်ထဲမှာ ကျောက်စိမ်းရေကန်နတ်ဘုရားမ ရေချိုးနေတဲ့မြင်ကွင်းမျိုးကို မင်း မြင်ဖူးသလား"
ကျန်းလန် တိတ်ဆိတ်ငြိမ်သက်သွား၏။
ကျောက်စိမ်းရေကန်ထဲတွင် လုန်ယွိ ရေချိုးနေသည့် မြင်ကွင်းကို သူ မတွေ့မြင်ဖူးသော်လည်း မှတ်တမ်းတင်မှော်ဝင်ပစ္စည်းလေးထဲမှ လုန်ယွိရေချိုးနေသည့်မြင်ကွင်းကိုတော့ သူ တွေ့မြင်ဖူးသည် မဟုတ်ပါလား။
ကျန်းလန် မေးခွန်းကို မဖြေခဲ့ပေ။
မသင့်တော်သည့်မေးခွန်းများကို လျစ်လျူရှုလိုက်ခြင်းက အဆင်ပြေလေသည်။
"မင်းကတော့ သိမှာမဟုတ်ဘူး ၊ ဒါပေမဲ့ မင်းရဲ့ဆရာကတော့ ငါ ရေချိုးနေတာကို တွေ့မြင်ခဲ့ဖူးတယ်လေ"
မြောင်ယွဲ့က ရုတ်တရက် ပြောလိုက်လေရာ ကျန်းလန် အံ့သြမှင်တက်သွားရသည်။ သူ ဆရာဒေါ်လေးမြောင်ယွဲ့ကို မယုံကြည်နိုင်စွာဖြင့် ကြည့်လိုက်သည်။
မြောင်ယွဲ့က ရယ်မောလိုက်ရင်း စကားဆက်ပြောသည်။
"ကဲ… ကဲ… အလုပ်စလိုက်ကြရအောင်"
ကျန်းလန် ခေါင်းညိတ်လိုက်သည်။
သူ အံ့အားသင့်ပြီး ပဟေဠိလည်း ဖြစ်နေသည်။ ဆရဒေါ်လေးမြောင်ယွဲ့ ပြောသည့်စကားများက မှန်သည်လား ၊ မှားသည်လား သူ မသိရှိပေ။
ဆရာဒေါ်လေးမြောင်ယွဲ့က ဆရာဖြစ်သူမော့ကျန်းသုန့်ကို သဘောကျနေသူဖြစ်ပြီး ဆရာကလည်း သူမ ရေချိုးသည့်မြင်ကွင်းကိုတောင် မြင်ဖူးသည်တဲ့လား။
ဤသည်က…
မဟုတ်ပေ။ ဤကိစ္စက မည်သည့်နည်းနှင့်မှ ဖြစ်နိုင်ခြေမရှိပေ။
မည်သို့ပင်ဖြစ်စေ ဆရာဖြစ်သူ အိမ်ထောင်ပြုမည်ဆိုလျှင်တော့ သူက ဆရာဒေါ်လေးမြောင်ယွဲ့ကို နံပါတ် (၁) ဇနီးလောင်းအဖြစ် ရွေးချယ်ရမည် ဖြစ်သည်။
သူမက အနည်းငယ် အန္တရယ်များသူတစ်ယောက် ဖြစ်သည့်တိုင် ကျန်းလန်ကတော့ လက်ခံပေးမည်ပင်။
သို့ရာတွင် ဆရာဒေါ်လေးမြောင်ယွဲ့၏စကားများက သူ့ကို ကျီစယ်နောက်ပြောင်နေသည့် ဟန်ဆောင်စကားများဖြစ်နေလျှင် မည်သို့ရှိမည်နည်း။
"ကျောက်စိမ်းရေကန်နတ်ဘုရားမက အင်မော်တယ်အဖြစ် အဆင့်တက်ဖို့ မိုးကောင်းကင်စမ်းသပ်ခံရခြင်းကို ကျော်ဖြတ်ရတော့မယ် ၊ သူ စမ်းသပ်ခံရခြင်းကို ရင်ဆိုင်ဖို့ အကောင်းဆုံးနေရာကတော့ ကျောက်စိမ်းရေကန်ပါပဲ ၊ အဲဒီနေရာမှာ စမ်းသပ်ခံရခြင်းကို ရင်ဆိုင်ဖို့အတွက် မိုးကောင်းကင်စမ်းသပ်ခံရခြင်းအစီအရင်က အတော်လေး အသုံးဝင်လိမ့်မယ်"
မြောင်ယွဲ့က ကျန်းလန်ကို ကြည့်ပြီး ဆက်ပြောသည်။
"ဆိုတော့ မင်းလုပ်ရမယ့်အလုပ် (၂)ခု ရှိတယ် ၊ ကျောက်စိမ်းရေကန်မှာ သင့်တော်တဲ့အစီအရင် ပြုလုပ်နိုင်ဖို့ ရေကန်ရဲ့ မြေပြင်အနေအထားကို မင်း စစ်ဆေးကြည့်ဖို့လိုတယ်"
"ဒုတိယတစ်ခုကတော့ မင်း စစ်ဆေးကြည့်တဲ့အဖြေအပေါ်မူတည်ပြီး အစီအရင်တစ်ခု ရေးဆွဲရမယ် ၊ လိုအပ်တာတွေကို ငါ ထပ်ဖြည့်ပေးမယ် ၊ ပြဿနာမရှိနိုင်ပါဘူးလေ ၊ ဟုတ်တယ်မလား"
"ဟုတ်ကဲ့ ပြဿနာမရှိပါဘူး"
ကျန်းလန်က ချက်ချင်း ပြန်ဖြေသည်။
သူ စာအုပ်ဖတ်မည့်အချိန်နှင့် ရှောင်ယွိနှင့်အဖော်ပြုပေးရမည့်အချိန်များကို အစီအရင်ပြုလုပ်ရန်အတွက် အသုံးပြုရန် ကျန်းလန် ဆုံးဖြတ်လိုက်လေသည်။