ဧကရာဇ်ရှီးဟယ်ကခွန်လွန်တောင်ကမထွက်ခွာနိုင်ဘူးလား
Vol. 23 Ch. 322
အခန်း (၃၂၂) ဧကရာဇ်ရှီးဟယ်ကခွန်လွန်တောင်ကမထွက်ခွာနိုင်ဘူးလား
ပဉ္စမတောင်ထွတ် ၊ ခန်းမဆောင်။
မြောင်ယွဲ့ပြောပြချက်ဖြင့် ကျန်းလန် သူလုပ်ဆောင်ရမည့် တာဝန်များကို အကြမ်းဖျင်းနားလည်ပြီး ဖြစ်သည်။
သူကလည်း ထိုတာဝန်ကို မငြင်းဆန်ခဲ့ပေ။
သူ၏ဂိုဏ်းတူအစ်မအတွက် အစီအရင်တစ်ခု လုပ်ပေးရမည်ကို သူ ဝမ်းသာမိသည်။
"ကျောက်စိမ်းရေကန်နတ်ဘုရားမက မိုးကောင်းကင်စမ်းသပ်ခံရဖို့ ဆယ်စုနှစ်နည်းနည်းလောက် လိုသေးတယ် ၊ ဒီဆယ်စုနှစ်အတွင်း မင်းက ပြုလုပ်ရမယ့်အစီအရင်တွေကို စဉ်းစားထားပေါ့ ၊ ဒါပေမဲ့ မင်း သတိထားရမယ့် တစ်ချက်ရှိတယ်"
မြောင်ယွဲ့၏အသံ ထွက်ပေါ်လာသည်။
"နဂါးမျိုးနွယ်တွေက လူသားတွေနဲ့မတူတဲ့အပြင် ကျောက်စိမ်းရေကန်ကလည်း ထူးခြားတဲ့ နေရာတစ်ခု ဖြစ်တယ် ၊ ဒါကြောင့် မင်းရဲ့အစီအရင်ပညာကျွမ်းကျင်မှုက ကျောက်စိမ်းရေကန်မှာ အစီအရင်တွေလုပ်တဲ့အခါ အသုံးဝင်မယ်မထင်ဘူး ၊ ဒါကြောင့် အချိန်တော့ သိပ်မဆွဲစေချင်ဘူး ၊ သိတယ်မလား"
ကျန်းလန် အာရုံစိုက်ကာ နားထောင်နေသည်။
သူက အစီအရင်ပညာတွင် အောင်မြင်မှုအချို့ ရရှိထားသူတစ်ယောက် ဖြစ်သည်။ သို့သော် ယုံကြည်မှုလွန်ကဲခြင်းက သူ့အတွက်ရော ၊ ရှောင်ယွိအတွက်ပါ အန္တရယ်ဖြစ်စေနိုင်သည်။
သူက အရာအားလုံး၏ အကျိုးအပြစ်များကို သတိထားပြီး ချိန်ဆနေသည်။
ကျောက်စိမ်းရေကန်ကိုရော လုန်ယွိ၏ ကျင့်ကြံခြင်းကိုပါ သေသေချာချာ စစ်ဆေးပြီးမှ ဆရာဒေါ်လေးကို ကူညီပေးပါရန် သွားခေါ်ရမည်ဖြစ်သည်။ သို့မှသာ သူလည်း စိတ်သက်သာရာရမည် ဖြစ်၏။
"ဆရာဒေါ်လေး ညွှန်ကြားတဲ့အတိုင်း လိုက်နာပါ့မယ်"
ကျန်းလန် အလေးအနက်ထားကာ ပြောလိုက်သည်။
မြောင်ယွဲ့က...
"ဒါနဲ့ ဒီကိစ္စက မင်းရဲ့ ကျင့်ကြံခြင်းကို အနှောက်အယှက် ဖြစ်နိုင်သလား"
ကျန်းလန်က ခေါင်းခါယမ်းရင်း...
"မဖြစ်ပါဘူး"
မြောင်ယွဲ့က ကျန်းလန်ကိုကြည့်ရင်း သဲ့သဲ့ပြုံးသည်။
"မင်းက ငါ မျှော်လင့်ထားတာထက် ကျင့်ကြံတဲ့အချိန် နည်းနေတာပဲ"
ကျန်းလန် ခေါင်းညိတ်ရင်း...
"ဟုတ်တယ်... ကျွန်တော်က ညဘက်ပဲ ကျင့်ကြံတာပါ ၊ နေ့ဘက်ဆို စာဖတ်နေတာ"
မြောင်ယွဲ့က...
"မင်းက နှစ်ပေါင်းတစ်ရာကို တစ်ရက်လို့ ယူဆထားတာမလား"
ကျန်းလန်က ခေါင်းခါယမ်းလိုက်ရင်း...
"အဲဒီလောက်ကြီးလည်း မဟုတ်ပါဘူး"
နှစ်စဉ်နှစ်တိုင်း သူက ရှောင်ယွိကို (၄)ရက်ခန့် အဖော်ပြုပေးရသည်။
ထိုနေ့ရက်များတွင် သူက ရှောင်ယွိ၏ သစ်သားဓားလေးအတွင်းသို့ နဂါးသုတ်သင်ဓားဝိညာဉ် ထည့်သွင်းပေးရလေ့ ရှိသည်။
အကြမ်ဖျင်းတွက်ကြည့်လျှင် တစ်နှစ်လျှင် (၄)ရက် ၊ (၃)လလျှင် (၁)ရက်ဟု ယူဆနိုင်သည်။
မြောင်ယွဲ့က ကျန်းလန်ကို ကြည့်လိုက်ရင်း...
"ကဲ… ဒါဖြင့် မင်း ဘာမေးစရာ ရှိသေးလဲ"
သူမက ဆက်ပြောသည်။
"ဥပမာကွာ… မင်းဆရာငယ်ငယ်က ဘာတွေကြိုက်တယ်သလဲ ဘာညာ ဆိုတာတွေ မင်း မသိချင်ဘူးလား"
ထိုးစကားကြားသည့်အခါ ကျန်းလန် သိချင်စိတ်ဖြစ်သွားမိသည်။
သို့သော် မေးမြန်းလိုက်မည်ဆိုလျှင် ဆရာဒေါ်လေးမြောင်ယွဲ့၏ ထောင်ချောက်ထဲ တန်းဝင်သွားမည်ဖြစ်ကြောင်း သိနေ၏။
နောက်ဆုံးတော့ သူ ခေါင်းခါယမ်းလိုက်ရင်း…
"ဆရာ့ကို နားလည်ဖို့အတွက် ပိုပြီးတန်ခိုးစွမ်းအားမြင့်မားတဲ့အချိန်ထိ စောင့်ချင်ပါသေးတယ်"
***
ပဉ္စမတောင်ထွတ် ၊ ခန်းမဆောင်မှ ပြန်လာပြီးနောက် အနောက်ဘက်သို့ ငုပ်လျိုးပျောက်ကွယ်လုနီးပြီဖြစ်သော နေမင်းကြီးကို ကျန်းလန် တစ်ချက်လှမ်းကြည့်လိုက်သည်။
"ဒါကို မမှောင်ခင်ပြန်နိုင်တယ်လို့ မခေါ်နိုင်တော့ဘူး"
အတွေးနှင့်အတူ ကျန်းလန် တောင်အောက်သို့ဆင်းရန် ဦးတည်လိုက်သည်။
သူက ဓားစီးပြီး ပျံသန်းခြင်း မပြုတော့ဘဲ လမ်းလျှောက်ပြန်ရန် စိတ်ကူးလိုက်သည်။
လမ်းလျှောက်ခြင်းအားဖြင့် လွန်ခဲ့သည့် (၇)နှစ်ကာလအတွင်း ပျက်သုဉ်းတစ်စပြင်လောကကြီးတွင် ထူးခြားမှုတစ်စုံတစ်ရာ ရှိ မရှိ သတင်းများစုံစမ်းနိုင်မည် ဖြစ်သည်။
ကျန်းလန် ကျင့်ကြံခြင်းအဆင့်မြင့်တက်လာသည်နှင့်အမျှ အထီးကျန်မန္တန်ကို ပိုပြီးကျွမ်းကျင်စွာ အသုံးပြုလာနိုင်သည်။ ထို့ကြောင့် လူသားအင်မော်တယ်များပင် သူ့ကို ရုတ်တရက် တွေ့မြင်နိုင်မည် မဟုတ်ပေ။
သို့ရာတွင် ထူးခြားစွမ်းရည်ရှိသူ အချို့ကတော့ အထီးကျန်မန္တန်ကို ချိုးဖျက်ပြီး သူ့ကို တွေ့မြင်နိုင်မည်ပင်။
ဥပမာဆိုရသော် တောင်သခင် (၂)ယောက်ကိုယ်တိုင် သတ်ဖြတ်ပစ်လိုက်သည့် ရွှေပြဒါးအမြုတေအဆင့် သူလျှိုတစ်ယောက်နှင့် အဋ္ဌမတောင်ထွတ်မှ ပါရမီရှင် ဓားသိုင်းကျင့်ကြံသူလူငယ်လေးတို့ဆိုလျှင် သူ့ကို တွေ့မြင်နိုင်စွမ်းရှိခဲ့ကြသည် မဟုတ်လား။
ထိုဓားသိုင်းကျင့်ကြံသူလူငယ်လေးက မွေးရာပါဓားခန္ဓာဖြင့် မွေးဖွားလာခဲ့သူဖြစ်ပြီး ပါရမီထက်မြက်သူဖြစ်သော်လည်း ပင်ကိုယ်စရိုက်မကောင်းလှပေ။
ထိုလူငယ်လေး ယခုအချိန်ထိ အသက်ရှင်သန်နေပါဦးမည်လားဟု ကျန်းလန် သိချင်မိသည်။ လောကတွင် ထက်မြက်ဝင်းကြွားလွန်းနေပြန်လျှင်လည်း သေဖို့လမ်းများသည် မဟုတ်ပါလား။
ကျန်းလန်ကတော့ သူ့ကို စောင့်ကြည့်သူများစွာရှိနေသလို သူ့ကိုသတ်ဖြတ်ချင်သူများစွာ ရှိနေကြောင်း သိရှိထားသည်။
နတ်လူသားမျိုးနွယ် ၊ နတ်မိစ္ဆာများနှင့် နဂါးမျိုးနွယ်များသည် သူ့ကို မျက်စိဒေါက်ထောက် ကြည့်နေခဲ့ကြသည်။ သို့သော် အခြေအနေများ တိုးတက်လာသည်နှင့်အမျှ နဂါးမျိုးနွယ်များနှင့် နတ်မိစ္ဆာများက သူ့အပေါ်သဘောထား ပြောင်းလဲသွားကြသည်။
မပြောင်းမလဲ တည်ရှိနေသည်ကတော့ နတ်လူသားမျိုးနွယ်များသာလျှင် ဖြစ်သည်။ ကျန်းလန်ကလည်း သူတို့ကို မပြောင်းလဲစေချင်မိပေ။
နတ်လူသားမျိုးနွယ်များအားလုံးကိုငရဲသို့ပို့ပေးမည်ဟု သူ ဖုန်းကျီကို ကတိပေးခဲ့သည်။ ဖုန်းကျီတစ်ယောက်တော့ ယခုအချိန် မရဏလောကတွင် သူ့လူများကို စောင့်မျှော်နေမည်လား မပြောတတ်ပေ။
မျိုးနွယ်တူတစ်ပြုံလုံးကြီး ငရဲရောက်သွားလျှင် ပို၍ ပျော်စရာကောင်းကြမည် ဖြစ်၏။
မကြာမီ ကျန်းလန်တစ်ယောက် နဝမတောင်ထွတ်သွားရာလမ်းပေါ်ရှိ တောအုပ်ငယ်ဆီသို့ ရောက်ရှိလာသည်။
ယခင်က ဤတောအုပ်ထဲတွင် ရန်သူအနည်းငယ်ဖြင့် ကြုံတွေ့ခဲ့ရဖူးသည်။ ထိုစဉ်က သူ၏ ကျင့်ကြံခြင်းက မြင့်မားခြင်း မရှိသေးပေ။
ယခု…
ရန်သူများ ရောက်လာပါစေဟု သူ ဆုတော်းလိုက်မိသည်။
ဤသည်မှာ တန်ခိုးစွမ်းအားမြင့်မားလာခြင်းကြောင့် ဖြစ်ပေါ်လာသည့် စိတ်ပိုင်းဆိုင်ရာ ပြောင်းလဲမှု ဖြစ်နိုင်သည်။ ကျင့်ကြံခြင်းအဆင့် မြင့်တက်လာခြင်းက အနည်းနှင့်အများ သူ့ကို သက်ရောက်မှု ရှိသည်။
သို့ရာတွင်…
ယခုတော့ သူ့ကို မည်သူမှ ပြဿနာလာမရှာရဲကြပေ။
နတ်လူသားမျိုးနွယ် သူလျှိုများဖြစ်စေ ၊ နတ်မိစ္ဆာသူလျှိုများဖြစ်စေ မည်သူမှ သူ့ကို လာရောက်တိုက်ခိုက်ရဲကြမည် မဟုတ်ပေ။
အကြောင်းမှာ လူသားအင်မော်တယ်အဆင့်ရှိသည့် သူလျှိုဆိုသည်က ရှားပါးသောကြောင့် ဖြစ်၏။
သူက အများအမြင်တွင် မရှိမှုအာကာသ ၊ ကနဦးအဆင့် ဖြစ်လေရာ သူလျှိုများက သူ့ကို ယှဉ်ပြိုင်နိုင်မည် မဟုတ်ပေ။ ထို့ကြောင့် ယနေ့ သူ့ကို မည်သူမှ လာရောက်တိုက်ခိုက်ကြခြင်း မရှိပေ။
သူ နဝမတောင်ထွတ်သို့ အန္တရယ်ကင်းစွာပင် ပြန်လာခဲ့ပြီး လမ်းတစ်လျှောက် သူ့ကို စောင့်ကြည့်သူ တစ်ယောက်မှ မတွေ့ခဲ့ရပေ။
အပြန်လမ်းတွင် တပည့်များစကားပြောဆိုနေကြသည်ကို တွေ့ရသော်လည်း သူ ရှင်းရှင်းလင်းလင်း မကြားရပေ။ ပျက်သုဉ်းတစ်စပြင်လောကကြီးမှ အင်အားကြီးအုပ်စုများကတော့ တိုက်ခိုက်နေကြဆဲဖြစ်ကြောင်း သိခဲ့ရသည်။
နတ်လူသားမျိုးနွယ်များမှလွဲပြီး အခြားအင်အားကြီးအုပ်စုများကတော့ ဆက်လက်တိုက်ခိုက်နေကြဆဲ ဖြစ်၏တစ္ဆေတိုင်းပြည်နှင့် နတ်မိစ္ဆာများ၏တိုက်ပွဲသည်လည်း ပြီးဆုံးခြင်း မရှိသေးပေ။
"အဲဒါက နည်းနည်းတော့ ထူးဆန်းတယ်လို့ ခံစားနေရတယ်"
ကျန်းလန် တွေးလိုက်သည်။
သူ မရဏဂူသို့ ပြန်ရောက်လာပြီးနောက် အတွေးနယ်ချဲ့မိလျှက် ရှိသည်။
"နတ်မိစ္ဆာတွေက အားနည်းသူတွေ မဟုတ်ကြဘူး ၊ သူတို့တွေလည်း လွန်ခဲ့တဲ့နှစ်ပေါင်း (၁၀၀) လောက်က နတ်ဘုရားရာထူးတစ်ခု ရရှိခဲ့တာပဲ ၊ ပုံမှန်ဆိုရင် တစ္ဆေတိုင်းပြည်နဲ့ တိုက်ပွဲမှာ သူတို့ဘက်က အားသာချက်ရှိသင့်နေပြီ ၊ ဒါပေမဲ့ အခုတော့ ရှုံးတောင်ရှုံးနေသလိုပဲ"
"ကြည့်ရတာ နတ်ဘုရားရာထူးရရှိတာက အခြားအခြေအနေတွေကို သက်ရောက်မှုမရှိဘူးလား ၊ ဒါမှမဟုတ် နတ်ဘုရားရာထူးရရှိပြီးတာနဲ့ တိုက်ပွဲမှာ ပါဝင်လို့ မရတော့တာလား"
ထိုအကြောင်းများကို သေသေချာချာ စဉ်းစားပြီးနောက် ကျန်းလန် တစ်စုံတစ်ခုကို နားလည်သွားသည်။
သူအမြဲသတိထားနေရသော ဧကရာဇ်ရှီးဟယ်အကြောင်း တွေးလိုက်မိ၏။
"ငါ ဧကရာဇ်ရှီးဟယ်ကို တွေ့ရတိုင်း သူက ရောင်ဝါတစ်ခုအသွင်ပဲ ရှိနေတတ်တယ် ၊ ပြီးတော့ သူက တစ်ချက်တည်းနဲ့ ပျောက်ကွယ်သွားတတ်တယ်"
"ပြီးတော့ နတ်ဘုရားရာထူးနဲ့ပတ်သက်တဲ့ သူ့ရဲ့နားလည်မှုတွေက အခြားသူတွေထက်သာတယ် ၊ သူ့မှာရှိတဲ့ ထိန်းချုပ်နိုင်စွမ်းကလည်း အခြားသူတွေနဲ့ ယှဉ်လို့မရနိုင်ဘူး ၊ ဒါဆိုရင်… သူက ဘာလို့ ရောင်ဝါတစ်ုအသွင်နဲ့ပဲ ပေါ်လာလေ့ ရှိရတာလဲ"
အတွေးများနှင့်အတူ ကျန်းလန် ခန့်မှန်းမှုများကို စတင်ပြုလုပ်လိုက်သည်။
"ဧကရာဇ်ရှီးဟယ်က ခွန်လွန်တောင်ကနေ ထွက်ခွာလို့ မရဘူးလား ၊ ဧကရာဇ်ရှီးဟယ်မှ မဟုတ်ဘူး ၊ ဧကရာဇ်ချုန်းကိုးတို့ ၊ အထွတ်ထိပ်ချန်ယွမ်နဂါးမင်းတို့လည်း သူတို့နေတဲ့နေရာတွေကနေ စွန့်ခွာလို့ မရဘူးလား မသိဘူး"
ထိုကိစ္စများကို ကျန်းလန် သေသေချာချာ မသိပေ။
သူကျတော့ ထိုသို့ နယ်မြေကန့်သတ်ထားခြင်း မခံရဘဲ သူသွားလိုရာသို့ သွားနိုင်လေသည်။ ကြည့်ရသည်မှာ သူ၏ နတ်ဘုရားရာထူးက အားနည်းသောကြောင့် ဖြစ်နိုင်သလို ရရှိထားသည့် နတ်ဘုရားရာထူးကို သူကိုယ်တိုင် နားမလည်သောကြောင့်လည်း ဖြစ်နိုင်သည်။
"နောက်တစ်ခု ဖြစ်နိုင်ခြေရှိသေးတယ် ၊ သူတို့က တစ်ခုခုလုပ်ဖို့အတွက် နတ်ဘုရားရာထူးတွေကို အသုံးပြုနေတာလည်း ဖြစ်နိုင်တယ် ၊ ကျင့်ကြံခြင်းအဆင့်တက်ဖို့ ဘာညာတွေအတွက်များလား မသိဘူး"
ကျန်းလန် မှန်းဆချက်များစွာ ပြုလုပ်နေသော်လည်း ထိုကိစ္စများက သူနှင့်အလှမ်းဝေးလွန်းလှသည်။
ယခုအချိန် သူလုပ်နိုင်သည့်တစ်ခုတည်းသောအလုပ်မှာ ထိုနတ်ဘုရားများကို သတိထားနေရန် ဖြစ်သည်။ အဘယ်ကြောင့်ဆိုသော် ကျန်းလန်သည်လည်း နတ်ဘုရားတစ်ပါးဖြစ်နေလေရာ သူ့တွင် လုံလောက်သော တန်ဖိုးတစ်ခု ရှိနေသောကြောင့် ဖြစ်၏။
ထို့နောက် ကျန်းလန် ဆက်လက်ကျင့်ကြံရန် ဆုံးဖြတ်လိုက်သည်။
သူ့အနေဖြင့် တန်ခိုးစွမ်းအားမြင့်မားနေရန်သာ လိုအပ်သည်။ သို့မှသာ အခြားသူများက သူ့ကို ထိန်းချုပ်နိုင်မည် မဟုတ်တော့ပေ။
မဟာတာအိုက သူ့ခန္ဓာကိုယ်ထဲ စတင်လှည့်ပတ်လာသည်။
သေရည်ဆိုင်တွင် ရရှိခဲ့သည့် ထူးခြားသည့်အခွင့်ကောင်းတစ်ခုက မဟာတာအိုကို နားလည်ရန် ပိုမိုလွယ်ကူစေသည်။ လက်ရှိတွင် သူ ဉာဏ်အလင်းမပွင့်သေးသည့်တိုင် အချိန်ကုန်လာသည်နှင့်အမျှ ဖြည်းဖြည်းချင်း ဉာဏ်အလင်းပွင့်လာမည် ဖြစ်သည်။
***
နောက်တစ်နေ့။
ကျန်းလန် သားရဲဥလေးနှင့် ရေသဖန်းပင်လေးကို ဝိညာဉ်ဆေးရည်များ လေင်းပေးလိုက်သည်။
ထို့နောက် ဓားကိုစီးနှင်ကာ ကျောက်စိမ်းရေကန်ဆီသို့ ထွက်ခွာလာခဲ့သည်။ ဆောင်းဦးလေပြေအေးက တိုက်ခတ်နေလေရာ အေးစိမ့်မှုအငွေ့အသက်လေးများကို ကျန်းလန် ခံစားရလေသည်။
သူက ကျောက်စိမ်းရေကန်၏ မြေမျက်နှာသွင်ပြင်နှင့် လုန်ယွိကျင့်ကြံသည့် ကျင့်စဉ်များကို နားလည်အောင် ပြုလုပ်ရမည် ဖြစ်သည်။
တစ်ရက်တည်းဖြင့် မည်သည့်နည်းနှင့်မှ အချိန်မလုံလောက်နိုင်လေရာ လုန်ယွိကို ရက်ပေါင်းများစွ အနှောက်အယှက် ပေးရတော့မည် ဖြစ်လေ၏။
သူ ကျောက်စိမ်းရေကန်တွင် နေ့ရက်များစွာ နေထိုင်မည်ကို လုန်ယွိ သဘောကျမည်လား ၊ သဘောမကျဘူးလားဆိုသည်ကိုတော့ သူလည်း မသိရှိပေ။
***
"ကျွန်မ အဆင်မပြေဘူး"
ရှောင်ယွိအသွင်ဖြင့်ရှိနေသည့် ဂိုဏ်းတူအစ်မလေးက ကျန်းလန်ကို တစ်ချက်လှမ်းကြည့်ရင်းဆိုသည်။
"ဒီမှာ ဂိုဏ်းတူမောင်လေး ရက်အကြာကြီးနေမယ်ဆိုရင် ကျွန်မ ရေကန်ထဲက ထွက်လာတဲ့ မြင်ကွင်းကို နေ့တိုင်းမြင်နေရမှာပေါ့"
ကျန်းလန် မျက်လုံးများကို မှိတ်လိုက်ပြီး စဉ်းစားလိုက်သည်။
"ကြည့်စရာလည်း ဘာမှ မရှိပါဘဲနဲ့"
ရှောင်ယွိက ချစ်စရာကောင်းသည့်တိုင် ကြည့်စရာတော့ ဘာမှ မရှိပေ။
"ဒါဖြင့် ဒီရက်တွေ ဂိုဏ်းတူအစ်မ ရေထဲမဆင်းနဲ့လေ ၊ ဒါမှမဟုတ် ဂိုဏ်းတူအစ်မ ရေထဲကထွက်လာတဲ့အချိန် ကိုယ်က ကျောက်စိမ်းရေကန်အပြင်ဘက်သွားပြီး ရှောင်ပေးမယ်လေ"
ကျန်းလန်က သိမ်မွေ့စွာဆိုသည်။
ရှောင်ယွိက ခေါင်းခါယမ်းရင်း...
"ဒါကတော့ ဘယ်ကောင်းမလဲ"
သူမ အတန်ကြာစဉ်းစားပြီးနောက်…
"ဂိုဏ်းတူအစ်မတစ်ယောက်အနေနဲ့ ဂိုဏ်းတူမောင်လေးကို အလျှော့ပေးလိုက်ပါ့မယ်လေ ၊ ကျွန်မဘက်က နစ်နာတယ်ဆိုပေမယ့် ကျွန်မ ရေထဲက ထွက်လာတဲ့အချိန် ဂိုဏ်းတူမောင်လေးက ရှောင်ပေးစရာ မလိုပါဘူး ၊ ဒါပေမဲ့ မျက်လုံးတွေကိုတော့ မှိတ်ထားရမယ်"
ကျန်းလန်က…
"ဒါဖြင့် ကိုယ် ကျောခိုင်းနေပေးမယ်လေ ၊ မရဘူးလား"
"မရဘူး ၊ နောက်ကျောပေးထားချင်ယောင်ဆောင်ပြီး ရှင် ကျွန်မကို ခိုးကြည့်ရင် ဘယ်လိုလုပ်မလဲ"
"……"
သူ့ရဲ့ဂိုဏ်းတူအစ်မကတော့ တကယ့်ကို ရွှေဉာဏ်တောင် စူးရောက်ပေတာပဲ။
"ဒါဖြင့် ဂိုဏ်းတူအစ်မ ဒီရက်ပိုင်းအတွင်းတော့ ကျောက်စိမ်းရေကန်ထဲ မဝင်နဲ့လေ"
"ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ ၊ ပြီးတော့ ကျွန်မက ဂိုဏ်းတူမောင်လေးပြောတဲ့အတိုင်း ဘာကိစ္စလိုက်လုပ်ရမှာလဲ ၊ ကျွန်မက ဂိုဏ်းတူအစ်မပဲကို"
"……"
"အရင်ကတော့ နှစ်ပေါင်း (၁၀၀)လုံး ငါ့စကားနားထောင်မလေး ဘာလေးနဲ့ ၊ ဘယ်လောက်တောင် စိတ်ပုတ်ရှိလိုက်တဲ့ နဂါးလဲ"
ကျန်းလန် တွေးလိုက်လေတော့၏။
***
ကျန်းလန်စာစဉ်မှ ကျင့်ကြံခြင်းအဆင့်များ
အင်မော်တယ်မဖြစ်ခင်ကျင့်ကြံခြင်းအဆင့်များ
ချီစွမ်းအားသန့်စင်ခြင်းအဆင့် (ကနဦးအဆင့် ၊ အလယ်ဆင့် ၊ နောက်ဆုံးအဆင့် ၊ အောင်မြင်ပြီးအဆင့်)
အခြေခံတည်ဆောက်ခြင်းအဆင့် (ကနဦးအဆင့် ၊ အလယ်ဆင့် ၊ နောက်ဆုံးအဆင့် ၊ အောင်မြင်ပြီးအဆင့်)
ရွှေပြဒါးအမြုတေအဆင့် (ကနဦးအဆင့် ၊ အလယ်ဆင့် ၊ နောက်ဆုံးအဆင့် ၊ အောင်မြင်ပြီးအဆင့်)
မူလဝိညာဉ်အဆင့် (ကနဦးအဆင့် ၊ အလယ်ဆင့် ၊ နောက်ဆုံးအဆင့် ၊ အောင်မြင်ပြီးအဆင့်)
မရှိမှုအာကာသအဆင့် (ကနဦးအဆင့် ၊ အလယ်ဆင့် ၊ နောက်ဆုံးအဆင့် ၊ အောင်မြင်ပြီးအဆင့်)
အင်မော်တယ်အဆင့်များ
လူသားအင်မော်တယ် (ကနဦးအဆင့် ၊ အလယ်ဆင့် ၊ နောက်ဆုံးအဆင့် ၊ အောင်မြင်ပြီးအဆင့်)
အစစ်အမှန်အင်မော်တယ် (ကနဦးအဆင့် ၊ အလယ်ဆင့် ၊ နောက်ဆုံးအဆင့် ၊ အောင်မြင်ပြီးအဆင့်)
မိုးကောင်းကင်အင်မော်တယ် (ကနဦးအဆင့် ၊ အလယ်ဆင့် ၊ နောက်ဆုံးအဆင့် ၊ အောင်မြင်ပြီးအဆင့်)
တာ့လော်အင်မော်တယ် (ကနဦးအဆင့် ၊ အလယ်ဆင့် ၊ နောက်ဆုံးအဆင့် ၊ အောင်မြင်ပြီးအဆင့်)
တာအိုအင်မော်တယ် (ကနဦးအဆင့် ၊ အလယ်ဆင့် ၊ နောက်ဆုံးအဆင့် ၊ အောင်မြင်ပြီးအဆင့်)