အခန်း (၁၃၉-၁၄၁)
Vol. 10 Ch. 139-141
139 01
Ch 139
ဘာ။
လုကျိုးမြို့က နာမည်ကျော် ကျောင်းတော်သား ကောယွမ်ဟွားက သူ့တပည့်တွေကို သူတို့ ဇနီးတွေကို ရောင်းစားဖို့ မြူဆွယ် ချိန်းခြောက်တာတွေ လုပ်သတဲ့ ဟုတ်လား။
ယွီဝိန်းလန်မှာ မျက်မှောင် ကြုတ်လိုက်ပြီး အံ့ဩစွာ ပြောလိုက်လေသည်။
“ဒီလို အဖြစ်မျိုးတွေ လောကကြီးမှာ တကယ်ရှိသလား”
ယန်ရှုက ခေါင်းညိတ်လိုက်ကာ ပြောသည်။
“ဒီစာထဲမှာ ရေးထားတာပဲ… မယုံရင် ဖတ်ကြည့်…”
ပြောပြီး သူမက စာကို ကမ်းပေးလေသည်။
ယွီဝိန်းလန်က စာကို ယူလိုက်ပြီး ဖတ်ကြည့်လိုက်တော့မှ အဖြူအမဲ သဲကွဲသွားတော့သည်။
“လုကျိုးမြို့ ဂုဏ်ဆောင် ကျောင်းတော်သား ကောယွမ်ဟွား နာမည်ကြီးသည် ဆိုသည်မှာ တလွဲနာမည်ကြီးခြင်းသာ ဖြစ်သည်။ သူသည် အပေါ်ယံတွင် ဂုဏ်သိက္ခာ ရှိသယောင် ထင်ရသော်လည်း အတွင်း၌ တဏှာကြီးပြီး ရွံရှာဖွယ်ရာ ကောင်းသူဖြစ်သည်။ သူ၏ အိမ်တွင် ဟူစန်းနျန်ဟု ခေါ်သည့် ကိုယ်လုပ်တော် တစ်ယောက်ရှိသည်။ ထိုကိုယ်လုပ်တော်မှာ အမှန်တကယ်တော့ သူ၏ တပည့်တစ်ယောက်ဖြစ်သူ ဝမ်ရှန်းလီ၏ ဇနီးဖြစ်ပေသည်။ လွန်ခဲ့သည့် နှစ်နှစ်ခန့်က ကောယွမ်ဟွားမှာ ထိုအမျိုးသမီးကို တွေ့ရှိ နှစ်သက် သဘောကျခဲ့သည်။ သူမ၏ အလှကြောင့် သူက တပည့်ဖြစ်သူ ဝမ်ရှန်းလီအား ချိန်းခြောက်ကာ ဇနီးသည်အား သူ၏ ကိုယ်လုပ်တော်အဖြစ် ရောင်းစားစေရန် ဖိအားပေး ဆွယ်ခဲ့သည်။ ထို့နောက်တွင် ဟူမိသားစုက တရားစွဲသည့်အခါ ကောယွမ်ဟွားက သူ့ နာမည် ဂုဏ်သတင်းကို အကာအကွယ်ယူ၍ ရှောင်လွှဲခဲ့သည်။ ဤသည်မှာ နတ်လူ အမျက်ထွက်ချင်ဖွယ်ရာ ကောင်းသည့် အဖြစ်မျိုးပင် ဖြစ်သည်။ ယခုမူ အမှန်တရား ပေါ်လာချေပြီ”
အောက်ဆုံးတွင်
“မတရားမှုကို မမြင်ရက်သူ လုကျိုးမြို့နေ သာမန် လူတန်းစား တစ်ဦး”
ဟု ရေးထားလေသည်။
ယွီဝိန်းလန် - “...”
တော်လိုက်တဲ့ “လုကျိုးမြို့နေ သာမန် လူတန်းစား”
ယန်ရှု၏ စာထဲတွင် ယခုကဲ့သို့ အကြောင်းအရာများ ပါလာလိမ့်မည်ဟု သူ မထင်မိလိုက်ချေ။ မည်သို့ပင် ဖြစ်စေ… မည်သူ ရေးသည် ဖြစ်စေ… အရေးကြီးသည်မှာ ကောယွမ်ဟွားမှာ အမှန်တကယ်ပင် မကောင်းမှု ကျူးလွန်ထားလေသလော။
ထိုအချိန်၌ပင် ယန်ရှုကလည်း စစ်စတန်အား မေးမြန်းနေသည်။
[ဟေ့ စစ်စတန်ရေ… ဘယ်လိုဖြစ်ရတာလဲ။ နင်ငါ့ကို ဒီလောက်ကြီးတဲ့ ဖရဲသီးကြီး အကြောင်း ပြောလည်း မပြောပြဘူးနော်]
စစ်စတန် -[ အမ်… ငါ့ကို အပြစ်မပြောနဲ့နော်… လောကကြီးမှာ တစ်နေ့ တစ်နေ့ ဖရဲသီးပေါင်းများစွာ သီးနေတာ…။ နင်နဲ့ ဘာမှမဆိုင်တဲ့ ဖရဲသီးအကြောင်း ငါက ပြောတော့ရော… ဖရဲသီးနဲ့ ပတ်သက်တဲ့ ကာယကံရှင်က ဘယ်သူမှန်း နင်လည်း မသိဘဲနဲ့… နင်က စားမလို့လား]
ယန်ရှု - [...]
အင်း … အဲလိုတော့လည်း ဟုတ်တာပဲ။
ဖရဲသီးနဲ့ ပတ်သက်နေတဲ့သူက ဘယ်သူမှန်းမသိရင် စားရတာ ဘယ်အရသာရှိမလဲနော့်။
အခုတော့ ပတ်သက်နေတဲ့သူ ဘယ်သူဆိုတာကို သူမ သိနေပြီ။
ဒီကောယွမ်ဟွားဆိုတဲ့ ပုဂ္ဂိုလ်ဟာ လုကျိုးမြို့ရဲ့ ဂုဏ်ဆောင်တစ်ယောက်တဲ့… ဘာလို့များ ဒီလောက် ရွံရှာဖို့ကောင်းပြီး အရှက်ကင်းမဲ့တဲ့ လုပ်ရက်တွေ သူ လုပ်ရတာလဲ။
စစ်စတန်က ထိုအခြင်းအရာသည် ဘာမျှမထူးဆန်းသကဲ့သို့ လေသံဖြင့် ပြောသည်။
139 02
[နင်တို့က လူတစ်ယောက်ကို အမြင်နဲ့ပဲ သိကြတာများပြီး သူတို့ အတွင်းစိတ်မှာ ဘယ်လိုရှိတယ်ဆိုတာကိုတော့ မသိနိုင်ဘူးလေ…။ နင်က ဒီစစ်စတန်ကနေ ဖရဲသီးတွေ စားထားတာ ဒီလောက် များနေတာတောင်… ဒီလို အပေါ်ယံပဲ တန်ဖိုးရှိတဲ့ ခွေးကောင်တွေ ရှိတယ်ဆိုတာ မသိသေးဘူးပေါ့]
ယန်ရှု - [...]
စစ်စတန်ပြောတာ မှန်သည်…။ သို့သော်လည်း ယခု ကိစ္စကို သူမ လုံးဝ စိတ်ဝင်စားနေပြီ။
ထို့ကြောင့် စစ်စတန်က အသေးစိတ် အချက်အလက်များကို ချပြလေတော့သည်။
–[ကောယွမ်ဟွားဆိုတဲ့ ဘိုးတော်က တကယ်လည်း အရည်အချင်းရှိတဲ့သူပါ… ဒါပေမဲ့ ပြသနာက အဲဒီလူက အရမ်း တဏှာကြီးနေတာ…။ သူ့မိန်းမ စောစော သေသွားတာကလည်း သူ ကွယ်ရာမှာ တခြား မိန်းမတွေနဲ့ ဖောက်ပြန်နေလို့ စိတ်ဒဏ်ရာ ရပြီး သေသွားရတာ…။ အခု ကိစ္စမှာပါတဲ့ ဝမ်ရှန်းလီဆိုတဲ့ စာသင်သားက ဒီလူ့ လက်အောက်မှာ စာပေ လေ့လာနေတဲ့သူပေါ့…။ တစ်နေ့ သူ့မိန်းမက ဆောင်းရာသီအတွက် ဝတ်စရာတွေ လာပို့တော့ ကောယွမ်ဟွားက မြင်သွားတယ်… ဝမ်ရှန်းလီရဲ့ ဇနီးဖြစ်သူ ဟူစန်းနျန်က အင်မတန်မှ လှပြီး ငယ်ရွယ်တဲ့ အမျိုးသမီးလေး ဖြစ်တယ်…။ ဝမ်ရှန်းလီနဲ့ လက်ထပ်ထားတာတောင် သိပ်မကြာသေးဘူး…။ ဒီကောင်မလေးကို ကောယွမ်ဟွားဆိုတဲ့ ဘိုးတော် တော်တော် သဘောကျသွားတယ် … အဲဒါနဲ့ အနေ့နေ့ အညည ဒီကောင်မလေးကို သူ့လက်ထဲ ရောက်လာအောင် ဘယ်လို လုပ်ရမလဲ စဉ်းစားပြီး အကြံဆိုးတွေ ထုတ်နေတော့တယ် ]
[ဒီလိုနဲ့ တနေ့မှာ ဝမ်ရှန်းလီရဲ့ ဖခင် အပြင်းအထန် နာမကျန်းဖြစ်တော့ သူတို့ မိသားစုက ပိုက်ဆံလည်း မချမ်းသာတော့ သူ့မှာ ပူပင်သောကတွေ ရောက်ပြီး စိတ်တွေ ဖိစီးတော့တာပေါ့… အဲဒီမှာ ကောဘိုးတော်က ဒီအခြေအနေကို အခွင့်ကောင်း ယူပါလေရော… သူက ဝမ်ရှန်းလီကို သူ့ဖခင်ကို ဆေးကုဖို့ ငွေရဖို့အတွက် ဇနီးဖြစ်သူကို သူ့ဆီ ရောင်းဖို့ဆွယ်တော့တယ်…။ အစကတော့ ဝမ်ရှန်းလီက တွန့်ဆုတ်နေတယ်…။ ဒါပေမဲ့ ဟူစန်းနျန်က အရမ်း စိတ်ဓါတ် နုလွန်းတဲ့အတွက် နောင်တစ်ချိန် ဒုက္ခရောက်လိမ့်မယ်ဆိုပြီး သူ့အမေကိုယ်တိုင်ကပါ ဝင်ပြောတဲ့အခါ စိတ်ပါလာတယ်…။ အဲဒါတွေတင် မကဘူး။ ကောဘိုးတော်က သူ့ကို ပေကျင်းမှာ စာပေ သင်ကြားနိုင်အောင် ထောက်ခံပေးမယ်ဆိုပြီး ဆွယ်နည်းမျိုးစုံသုံးပြီး ဆွယ်တဲ့အခါမှာကျတော့ ဝမ်ရှန်းလီ လုံးဝ ပါသွားတော့တယ်]
ယန်ရှုမှာ မျက်မှောင် ကြုတ်လိုက်မိသည်။
[ဒါပေမဲ့ ဇနီးမယားကို အကြောင်းမဲ့ ရောင်းစားတယ်ဆိုတာ တရားဥပဒေနဲ့ မညီညွတ်ဘူးမဟုတ်လား။ ပြီးတော့ ဇနီးဖြစ်သူကိုယ်တိုင်ကလည်း လက်မခံရင် ရောင်းစားလို့ မရဘူးလေ…။ အဲဒီတော့ ဟူစန်းနျန်က မငြင်းဘူးလား]
စစ်စတန် - [ဘယ့်နှယ် ဟူစန်းနျန်က လက်ခံပါ့မလဲ… ဒါပေမဲ့ သူမသိလိုက်တာက ကော ဘိုးတော်က ဝမ်ရှန်းလီကို အကြံပေးတယ်… သူ့ဇနီးကို ဆေးခပ်ပြီး အိပ်ပျော်နေတဲ့အချိန် သူ့ စံအိမ်ကို ပို့ဖို့ပေါ့… ဒီလိုနဲ့ ဟူစန်းနျန် နိုးလာတဲ့အခါ အရာ အားလုံးက ဖြစ်ပြီးသွားပြီ… သူ့အနေနဲ့ အရှက်ကွဲ အကျိုးနည်းရတာကို အံကျိတ်ခံပြီး ကောဘိုးတော်ကြီးရဲ့ ကိုယ်လုပ်တော် အဖြစ်နဲ့ နေရတော့တာပေါ့ ]
ယန်ရှုမှာ သွေးပင် အန်မိတော့ မတတ် ခံစားလိုက်ရသည်။
[ဝမ်ရှန်းလီဆိုတဲ့ ငိုးမ… ဇနီးမယားကို ကစားစရာ အရုပ်လောက်ပဲ တန်ဖိုးထားတာလား…။ ဟား… ဟူစန်းနျန်ရဲ့ မိသားစုကရော မသိဘူးလား။ သူတို့ သမီး အဘိုးကြီးတစ်ယောက်ရဲ့ ကိုယ်လုပ်တော် ဖြစ်သွားပြီလေ…။]
စစ်စတန် - [ဟူ မိသားစုက ဒီကိစ္စကို တားဆီးချင်တာပေါ့…။ ဟူအမေကြီးဆိုရင် ဒီသတင်းကို ကြားတာနဲ့ တန်းပြီး ဝမ်ရှန်းလီနဲ့ ကောဘိုးတော်ကို ရုံးတော်မှာ တက်တိုင်တော့တာပဲ…။ ဝမ်ရှန်းလီကတော့ ဖြေရှင်းတာပေါ့… သူ့မိသားစုမှာ ဖခင်ကြီး ဆေးဖိုးအတွက် အခက်အခဲရှိနေလို့ ဇနီးကို အလိုတူ အလိုပါ ရောင်းရတာပါပေါ့…။ ဟို အဘိုးကြီး ကောကကျတော့ မြို့မျက်နှာဖုံး ဖြစ်နေလို့ တရားရုံးတော်က ဘက်လိုက်တာပေါ့…။ အဲဒါနဲ့ အမှုကို အလျင်စလို ပိတ်ပစ်လိုက်ကြပြီး ဟူ အမျိုးသမီးကြီးကို အိမ်အတင်း ပြန်ပို့လိုက်ကြတယ်]
ထိုသို့ ကြားလိုက်ရသည့်အခါ ယန်ရှုမှာ အော့အန်ချင်စိတ်များ ပို၍ ဖြစ်လာမိတော့သည်။
ဒေါသဖြစ်နေသည့် ယန်ရှုက အလျင်အမြန်ပင် ယွီဝိန်းလန်ကို ဖောက်သည်ချတော့သည်။
“အရှင်မင်းကြီး… ကိုယ်လုပ်တော် ဒီကိစ္စနဲ့ ပတ်သက်လို့ သိသင့် သလောက် သိရပြီ… ကြည့်ရတာ ကောယွမ်ဟွားက အလှအပကို ယစ်မူးသူဖြစ်ပြီး သူ့တပည့်ကကျတော့ ကိုယ့်ကျိုးအတွက်ဆိုရင် စောင့်ထိန်းရမဲ့ စည်းကမ်းကိုတောင် မျက်ကွယ်ပြုတဲ့သူမျိုးပါ…။ အဲဒီတော့ သူတို့ နှစ်ယောက်ပေါင်းပြီး မိန်းကလေး ဟူစန်းနျန်ကို အဘိုးကြီးရဲ့ ကိုယ်လုပ်တော် ဖြစ်အောင် အတင်းအကျပ် ကြံစည်ကြတာဖြစ်ပါတယ်…။ ဒီလို လုပ်ရပ်မျိုးဟာ အဘိုးကြီးရဲ့ ကျောင်းတော်သားဆိုတဲ့ ဂုဏ်သိက္ခာနဲ့ လုံးဝ မအပ်စပ် ပါဘူး…။ ဒီလို လူမျိုးဟာ စုန့်ဟယ် ကျောင်းတော်ရဲ့ ကျောင်းအုပ် မဖြစ်ထိုက်ဘူး… ။မဟုတ်ရင် စုန့်ဟယ် ကျောင်းတော်ဟာ သူ့လက်အောက်မှာ အရင်တစ်ခေါက်တုန်းကလို အလဲလဲ အပြိုပြို ထပ်ဖြစ်သွားလိမ့်မယ်”
ယွီဝိန်းလန်က ခေါင်းကို ညိတ်လိုက်ပြီး “ဒီကိစ္စက အမှန်ပဲဆိုရင် ဒီလူ ကျောင်းအုပ် မဖြစ်သင့်ဘူး”
139 03
ထိုသို့ ပြောပြီးနောက် သူက မတ်တပ် ရပ်လိုက်ကာ ဆက်ပြောသည်။
“ငါကိုယ်တော် တစ်ယောက်ယောက် လွှတ်ပြီး စုံစမ်းခိုင်းလိုက်မယ်”
သူ့အနေနှင့် ယန်ရှု နှုတ်မှ ထွက်လာသည့် စကားများကို အပြည့်အဝ ယုံသော်လည်း လူအားလုံးက လက်ခံရန်မှာမူ သက်သေ အခိုင်အမာ လိုအပ်ပေသည်။
ယန်ရှုကလည်း ခေါင်းညိတ် ထောက်ခံလိုက်ပြီး မင်းကြီးအား အပေါက်ဝအထိ လိုက်ပို့သည်။
ပြီးစီးသည့်အခါ သူမ၏ စားပွဲသို့ ပြန်လာပြီး ဝတ္ထုတစ်ပုဒ်ကို စတင် ရေးသားလေတော့သည်။
— ဟွန်း… ဒီလို အကျင့်ပျက်တဲ့ ကောင်မျိုးအတွက် မျက်နှာပျက်မှာ အားနာ နေစရာ မလိုဘူး။
သူတို့ ဖုံးကွယ် ကာဆီးထားလေလေ သူမက ထို အတားအဆီးများကို ဆုတ်ဖြဲကာ သူတို့၏ မျက်နှာ အမှန်ကို တစ်တိုင်းပြည်လုံးကို ချပြချင်လေလေ ဖြစ်သည်။
~~
ဤသို့ဖြင့် ဒုတိယမြောက်နေ့တွင် ပေကျင်း မြို့တော်ရှိ ပြည်သူပြည်သားတို့မှာ သခင်လေး ရှောင်ယောင်း၏ စာအုပ်အသစ်နှင့် မိတ်ဆက်ခြင်း ခံရလေတော့သည်။ စာအုပ်၏ အမည်မှာ ‘မြေခွေးအိုကြီးနှင့် တပည့်ကျော် အပြစ်ဒဏ်ကျခြင်း’ ဟူ၍ ဖြစ်လေသည်။
ဒီတစ်ခေါက်နာမည်က ခါတိုင်းနဲ့ မတူဘူးဘဲ။
စာဖတ်သူတို့မှာ တအံ့တဩနှင့် ဝယ်ယူ ဖတ်ရှုကြရာ စာပေ ဖြန့်ချီရေး လုပ်သားများ ပင်ပန်းသည်အထိ အလုပ် လုပ်ရလေတော့သည်။
သခင်လေး ရှောင်ယောင်း၏ ပရိတ်သတ်ဖြစ်သူ မယ်တော်ကြီးကလည်း ဤစာအုပ်ကို မည်သည့်နည်းနှင့်မျှ လက်လွှတ်ခံမည် မဟုတ်။ ထို့ကြောင့် အစေခံ တစ်ယောက်ကို နန်းပြင်သို့ လွှတ်၍ ဝယ်ယူခိုင်းလေသည်။
ထိုအစေခံ ပြန်ရောက်မလာမီပင် ယန်ရှုကပင် ဦးစွာ ဝတ္ထုစာအုပ်တစ်အုပ်ကို ယူဆောင်၍ မယ်တော်ကြီးထံ အခစား ဝင်လေသည်။
ယန်ရှုက မျက်နှာတွင် ဝေဝေစာစာ ပြုံးပြီး ပြောသည်။
“သခင်လေး ရှောင်ယောင်းရဲ့ စာအုပ်အသစ်ထွက်တယ်ဆိုလို့ ချက်ခြင်း တစ်အုပ် ဝယ်ပြီး မယ်တော်ကြီးကို ဖတ်ပြဖို့ ကိုယ်လုပ်တော် ရောက်လာတာပါ”
– သခင်လေး ရှောင်ယောင်းက မယ်တော်ကြီး၏ စာရင်းတွင် ထိပ်ဆုံးက ပါသူဖြစ်သည်။ ထို့ကြောင့် သူ ကိုယ်တိုင် လာဖတ်ပြလည်း ဘာမှမဖြစ်။
တသက်လုံး သူ့စာအုပ်များကို ဖတ်နေရလျှင် ကျေနပ်သည်။
မယ်တော်ကြီးမှာ စာအုပ်ကို စောင့်နေစဉ် ထိုသို့ ယန်ရှုက ပြောလိုက်သဖြင့် အလွန် ကျေနပ်သွားလေသည်။ ထို့ကြောင့် ခေါင်းကို ညိတ်လိုက်ပြီး ပြောလိုက်သည်။
“အဆင်ပြေတာပေါ့… ပြောစမ်းပါဦး… ဒီတစ်ခေါက် ဇာတ်လမ်းကရော ဘာအကြောင်းလဲ”
ထိုအခါ ယန်ရှုက ယမန်နေ့ညက ခံစားချက် အပြည့်ဖြင့် ရေးသားထားသည့် ဇာတ်လမ်းကို ထိထိမိမိရှိအောင် အတတ်နိုင်ဆုံး ဖတ်ပြလေတော့သည်။
သူမ ဇာတ်လမ်းကို ဖတ်ပြရင်း သက်ပြင်းချမိသည်။ စာအရေးအသား မြန်နှုန်းသည် အရေးပါကြောင်း သူသိလိုက်ရသည်။ ယမန်နေ့က တနေ့လုံး စာရေးသားရာတွင် ဇာတ်လမ်း တစ်ခုလုံး ပြီးစီးသွားရုံသာမက အချောပင် သပ်နိုင်ခဲ့သည်။ ထို့ကြောင့် သူမ၏ အရေးအသားမှာ အတော်တိုးတက်လာပြီဟု ဆိုရပေမည်။
ဇာတ်လမ်းအား နားထောင်ပြီးသည့်အခါ မယ်တော်ကြီးမှာလည်း ဒေါသဖြစ်စွာဖြင့် ပြောလိုက်သည်။
“လောကကြီးမှာ ဒီလောက် ရွံဖို့ကောင်းတဲ့ လုပ်ရပ်တွေက ရှိနေတုန်းပဲလား။ ဆရာတစ်ယောက် ဖြစ်နေပြီးတော့ တပည့်ရဲ့ ဇနီးကို ကြံစည်ရသလား။ လူတဖက်သားက ပြန် အာခံတာမျိုး မလုပ်နိုင်အောင် ဒီလို အောက်တန်းကျတဲ့ နည်းလမ်းတွေ သုံးတယ်တဲ့လား။ တပည့် လုပ်တဲ့သူကလည်း ဒီလောက် ငွေကြေးလေးအတွက်နဲ့ ခင်ပွန်းသည်နဲ့ ဇနီးသည်ရဲ့ ကြားက ကြိုးကို ဖြတ်တောက်ပစ်ရဲတယ်တဲ့လား။ ပြီးတော့ ဟို ယောက္ခမ အမျိုးသမီးကလည်း ချွေးမ လှတာကို မနာလိုရင် ဘာလို့ အစကတည်းက သားဖြစ်သူနဲ့ လက်ထပ်ပေးသေးတုန်း။ ဒါ တပါးသူကို တမင် ချောက်တွန်းနေသလိုပဲ”
139 04
ယန်ရှုက မယ်တော်ကြီး၏ စကားကို ထောက်ခံလိုက်ပြီး စိတ်ပြေအောင် ပြောပြသည်။
“အမျက်တော် မထွက်ပါနဲ့ မယ်တော်ကြီး…။ လူဆိုး လူမိုက်တွေရဲ့ သွားရာလမ်းက နောက်ဆုံးတော့လည်း တစ်လမ်းတည်းပါပဲ…။ ဒီဇာတ်လမ်းမှာကိုပဲ ကြည့်လေ…။ နောက်ဆုံးမှာ အမှန်တရားကို သမာသမတ်ကျကျ ဆုံးဖြတ်ပေးတဲ့ တရားသူကြီးနဲ့တွေ့တော့ သူတို့ရဲ့ မကောင်းမှုတွေကို အများသိအောင် ချပြလိုက်တယ်…။ သူတို့လည်း တည်ဆောက်ထားသမျှ ဂုဏ်သိက္ခာတွေ သဲထဲ ရေသွန်သလို ဖြစ်သွားတာပေါ့”
မယ်တော်ကြီးမှာ မကျေနပ်နိုင်သေးဘဲ ရှိနေသည်။ သူမက ခဏမျှ တွေးနေပြီးနောက် ရုတ်တရက် ထမေးသည်။
“ဒီဇာတ်လမ်းမှာပါတဲ့သူက အပြင်မှာ ဘယ်သူကို ရည်ရွယ်တာလဲ။ နောက်ဆုံးမှာ သူတို့ ဘယ်လို ဖြစ်သွားလဲ”
ယန်ရှုမှာ တစ်ချက် ငြိမ်သွားသည်။
သူမက ဘေးဘီ ဝဲယာကို ကြည့်လိုက်ပြီး တီးတိုး ပြောလိုက်သည်။
“ကျွန်တော်မျိုးမ ကောလဟလ သဲ့သဲ့ ကြားထားတာပဲ ရှိသေးတာပါ မယ်တော်ကြီး… အခုကိစ္စက အများ မသိသေးပါဘူး…။ အဲဒါကြောင့် အခုလို တိတ်တိတ်လေးပဲ ပြောပြရတာပါ”
ထိုအခါ မယ်တော်ကြီးက လက်ကို ထောင်ပြလိုက်ပြီး ခန်းဆောင်ထဲရှိ လူများအားလုံးကို ပြောလိုက်သည်။
“မင်းတို့ အားလုံး အပြင်ကို ထွက်သွားကြ”
အစေခံများအားလုံး အမိန့်ကို နာခံလိုက်ကြပြီး ထွက်သွားကြသည်။
ခန်းဆောင်၏ တံခါးမကြီး ပိတ်သွားသည့်အခါ ယန်ရှုက ပြောလိုက်သည်။
“ဒီဇာတ်လမ်းမှာပါတဲ့ လူဆိုးက အပြင်မှာ ပေကျင်းကို ရောက်လာမဲ့ နာမည်ကြီး ကျောင်းတော်သား တစ်ယောက်ကို ရည်ရွယ်ထားတာပါ မယ်တော်ကြီး… ”
မယ်တော်ကြီးက မျက်ခုံးကို မြှင့်လျက် မေးတော့သည်။
“ဟုတ်လား။ အဲဒါ ဘယ်သူတုန်း။ ငါ့ကို မစောင့်ခိုင်းဘဲ အမြန်ပြောပြစမ်းပါအေ”
ယန်ရှုက ချောင်းတချက် ဟန့်လိုက်သည်။
“လုကျိုးက လာမဲ့ နာမည်ကြီး ကျောင်းတော်သားပဲ… မယ်တော်ကြီး… နာမည်က ကောယွမ်ဟွားတဲ့… သူ့မှာ ဝမ်ဆိုတဲ့ တပည့်ဆီကနေ လွန်ခဲ့တဲ့ နှစ်နှစ်လောက်က ဝယ်ထားတဲ့ ဟူစန်းနျန်ဆိုတဲ့ ကိုယ်လုပ်တော် တစ်ယောက်ရှိတယ်”
ထိုသို့ ကြားလိုက်သည့်အခါ မယ်တော်ကြီးက ခေါင်းကို ခါရမ်း၍ သက်ပြင်းချကာ ပြောလိုက်သည်။
“ဒီကျောင်းတော်သားတွေကလည်းဟာ… လူ့ အတ္တအကြောင်း၊ သိက္ခာသမာဓိတွေ အကြောင်း ပိုနားလည် သလိုလိုနဲ့ တကယ်တန်းကျတော့ မဟုတ်တာ လုပ်တဲ့အခါ သူတို့က ပိုဆိုးပြီး အရှက်မဲ့ကြသလား မမေးနဲ့…”
ထိုသို့ မယ်တော်ကြီးမှာ သက်ပြင်းချပြီးနောက် တချက် တွေးမိသွားပြီး အလျင်အမြန်ပင် မေးလေသည်။
“ဒါဆိုရင် အခုကိစ္စ အမှန်ကို လူတွေ မသိကြသေးဘူးပေါ့”
ယန်ရှုက ခေါင်းကို အားပါးတရ ညိတ်လိုက်သည်။
“ဟုတ်တယ် မယ်တော်ကြီး… ဘယ်သူမှ မသိသေးလို့ဖြစ်မယ်…။ မဟုတ်ရင် ဒီလူ ပေကျင်းကို အခုလို ပေါ်ပေါ်ထင်ထင် လာရဲမှာ မဟုတ်ဘူး…။ ကျွန်တော်မျိုးမ ကြားမိတာ တချို့ ဝန်ကြီးတွေ အမတ်ကြီးတွေက ဒီလူ့ကို စုန့်ဟယ်ကျောင်းတော်အတွက် ကျောင်းအုပ်အဖြစ် သင့်လျော်တယ်လို့ ယူဆနေကြတယ်”
“ဟုတ်လား… အဲဒါဆို ဘယ်လို လုပ်ကြမတုန်း”
ထိုသို့ ပြောပြီးနောက် မယ်တော်ကြီးက စားပွဲကို လက်ဖြင့် ထုလိုက်ပြီး မတ်တပ်ထကာ ပြောလိုက်သည်။
“ဒီလို လူမျိုးကို ဒီလို အခွင့်အရေးပေးတာ တရားမျှတမှု ဘယ်ရှိတော့မလဲ”
139 05
ယန်ရှုက ခေါင်းညိတ် ထောက်ခံလိုက်သည်။
“မှန်တာပေါ့ မယ်တော်ကြီး”
မယ်တော်ကြီးက တခဏမျှ တွေးလိုက်ပြီး မေးသည်။
“အရှင်မင်းကြီးက ဘာလုပ်မယ်လို့ ပြောလဲ။ သူ တစ်ခုခုတော့ လုပ်မယ် မဟုတ်လား”
ယန်ရှုက အလျင်အမြန်ပင် ပြောပြသည်။
“အရှင်မင်းကြီးကတော့ အဲဒီ သတင်းကြားတာနဲ့ လူလွှတ်ပြီး စုံစမ်းခိုင်းထားပါတယ်…။ ကျွန်တော်မျိုးမ ကြားမိတာကတော့ ဟူစန်းနျန်ရဲ့ မိသားစုကလည်း တရားရုံးမှာ တိုင်ဖို့ ကြိုးစားဖူးတယ်တဲ့…။ သူတို့လည်း သူတို့ သမီးကို ကိုယ်လုပ်တော် အဖြစ်မခံချင်ကြဘူး။ ထင်ပါတယ်…။ သူတို့ ထပ်ပြီး တရားရုံး တက်တိုင်မယ်ဆိုရင်တော့ ဖြေရှင်းဖို့ နည်းလမ်း ပွင့်လာနိုင်တယ်… ။ဒါပေမဲ့ လုကျိုးက ဝေးတော့ ရက်နည်းနည်းတော့ ထပ်စောင့်ရလိမ့်မယ် ထင်တယ်”
“ဒါပေမဲ့လည်း စာအုပ်တောင် ထွက်ပြီးပြီဆိုမှတော့ ကောဘိုးတော်လည်း သွေးပျက် နောင်တရပြီး ဝန်ခံချင် ဝန်ခံလောက်မှာပါ”
မယ်တော်ကြီးက နှာခေါင်းကို ရှုံ့လိုက်လေသည်။
“အမလေး အဲဒီလောက် လွယ်နေရင်တော့ကွယ်…။ ဒီလို လူမျိုးတွေက သူတို့ နာမည်ပျက်မှာ သိပ်ကြောက်တာ…။ အဲဒါကြောင့် တိုက်ရိုက် မရင်ဆိုင်သေးသရွေ့ ဝန်ခံကြမဲ့ လူမျိုးတွေ မဟုတ်ဘူး…။ ပြီးတော့ ဇနီးမယားကို ရောင်းစားတဲ့ ကိစ္စက အကြီးကြီးလည်း ဖြစ်သွားနိုင်သလို ဘာမဟုတ်သလိုလေးလည်း ဖြစ်သွားနိုင်သေးတာပဲ…။ ဟူမိသားစု ကိုယ်တိုင်က စပြီး တရားလိုပြု မတိုင်ကြားသေးရင် အစိုးရမင်းလည်း ကိုင်တွယ်ဖို့ ခက်တယ်…။ တကယ်လို့ သူက ဝန်ခံရင်တောင် ဟူစန်းနျန်က သူ့ကိုယ်လုပ်တော် ဖြစ်ပြီးတာ နှစ်နှစ်တောင် ရှိနေပြီလေ…။ ထမင်းတောင် ကျက်နေပြီ။ မကျက်အောင် ပြန်လုပ်လို့ မရတော့ဘူး”
ယန်ရှုမှာ သက်ပြင်း ချလိုက်မိသည်။
“အဲဒါဆို ဒီကိစ္စကို ဖြေရှင်းဖို့ဆိုရင် ဟူမိသားစု တရားလိုပြု တိုင်ကြားတာကိုပဲ စောင့်ရတော့မှာပေါ့နော်… ကံမကောင်းတာက ခရီးက လှမ်းတော့ ရက်နည်းနည်း ကြာကြာ စောင့်ရမယ် ထင်တယ်”
မယ်တော်ကြီးကလည်း သက်ပြင်းကို ချလိုက်သည်။
“အဲဒီလို စောင့်နေတုန်း ဝန်ကြီး မတ်ရာတွေက ဒီလူ့ကို ကျောင်းအုပ်အဖြစ် ရွေးလိုက်ရင် ဘယ်လိုလုပ်မလဲ။ စိတ်ညစ်ဖို့ ကောင်းလိုက်တာ”
ယန်ရှုက ခေါင်းကို ညိတ်လိုက်သည်။
“ဒီလို လူယုတ်မာတွေ လွတ်လွတ်လပ်လပ် ဖြစ်နေပြီး နာမည်တွေ ကြီးသထက် ကြီးနေတာ မြင်ရတာ ဒေါသထွက်စရာ ကောင်းလိုက်တာ”
ထိုစကားပြောပြီးသည့်အခါ မယ်တော်ကြီးက တခုခုကို တွေးလိုက်ပြီး ပြောလေသည်။
“ဒီ လူယုတ်မာ ကော ဘိုးတော်က သူ့ ကိုယ်လုပ်တော် ဟူစန်းနျန်ကိုများ နေပြည်တော်အထိ ခေါ်လာမယ် ထင်သလား”
ယန်ရှုက အလျင်အမြန်ပင် ပြောလိုက်သည်။
“ခေါ်လာတယ်လို့ ကြားမိတယ် မယ်တော်ကြီး…။ ဟူစန်းနျန်က မလိုက်ချင်ရင်တောင် ကောဘိုးတော်က သူ့ကို သိပ်သဘောကျတော့ ဘယ်သွားသွား ခေါ်သွားတယ်လို့ ပြောကြတယ်…။ ပြောရရင် ဝမ်ရှန်းလီကလည်း လုကျိုးမှာ ရှိနေသေးတော့ ဒီအဘိုးကြီးက စိတ်မချဘူးလေ…။ ဟိုကောင်နဲ့ ဟူစန်းနျန် နောက်ကွယ်မှာ ပြန်ချိန်းတွေ့နေမှာ ကြောက်မှာပေါ့”
ထိုအခါ မယ်တော်ကြီးက ပြုံးလိုက်ပြီး ပြောလေသည်။
“ဒီလိုဆို သိပ်အဆင်ပြေတာပေါ့”
ထို့နောက် အပြင်တွင်ရှိနေသည့် အစေခံ များကို ခေါ်ကာ ပြောလိုက်သည်။
“လုကျိုးမြို့က ကျောင်းတော်သား ကောယွမ်ဟွားရဲ့ ကိုယ်လုပ်တော် ဟူစန်းနျန်ကို စီအန်းနန်းဆောင်မှာ အခစား ဝင်ဖို့ ဆင့်ခေါ်လိုက်ပါ”
******-
140 01
Chapter 140
ယန်ရှုမှာ မယ်တော်ကြီးထံသို့ အောက်ပါအတိုင်း အသေအချာ စဉ်းစား အစီအစဉ်ချပြီးမှ လာခြင်း ဖြစ်သည်။
– သူမ အမြင်တွင် မင်းကြီး လုပ်နိုင်သည်မှာ ဝမ်ရှန်းလီနှင့် ကောဘိုးတော်အား တရားရုံးတွင် တိုင်ကြားရာတွင် အဓိကကျသည့် ဟူမိသားစုအား ရှာဖွေရန်အတွက် နန်းမြို့တော်နှင့် မိုင်ပေါင်း ထောင်ပေါင်းများစွာ ကွာဝေးသည့် လုကျိုးသို့ လူလွှတ်ရန်သာ လုပ်နိုင်သည်။
ပြဿနာမှာ သူမ ခုဏက မယ်တော်ကြီးအား ပြောခဲ့သလိုပင်။ ယခုကိစ္စတွင် အချိန် အကန့်အသတ် ရှိသည်။ နန်းတော်စောင့် ရဲမတ်များ မည်မျှ မြန်မြန် သွားပါစေ။ လုကျိုးသို့ ရောက်ရှိရန် ငါးရက် ခြောက်ရက်ခန့် ကြာမြင့်မည်ဖြစ်သည်။ ထိုအချိန်၌ ကောဘိုးတော်မှာ နေပြည်တော်တွင် ဆက်လက် လှုပ်ရှားနေမည် ဖြစ်သည်။ ဟူမိသားစု အနေဖြင့် လုကျိုး၌ တရားလိုပြု တိုင်ကြားပြီး နေပြည်တော်သို့ အကြောင်းကြားသည်ဖြစ်စေ၊ ဟူမိသားစု ကိုယ်တိုင် မင်းနေပြည်တော်အထိ လိုက်လာပြီး တိုက်ရိုက် တရားစွဲသည်ဖြစ်စေ ပြုလုပ်နိုင်ရန် အချိန်က ကြာဦးမည်ဖြစ်သည်။
ထိုမျှ အချိန်အကြာကြီး စောင့်နေလျှင် အခွင့်ကောင်းများ လွတ်သွားနိုင်သည်။
ကံကောင်းထောက်မစွာဖြင့် ဟူစန်းနျန်မှာ နေပြည်တော်အထိ ပါလာသည်ဟု ကြားသိရသဖြင့် သူမကိုယ်တိုင် တရားရုံးတွင် တရားလိုပြု တိုင်ကြားနိုင်လျှင် စောစော အကောင်အထည် ပေါ်မည်ဟု ယန်ရှု ယူဆမိသည်။
သို့ရာတွင် ဟူစန်းနျန်အား ကိုယ်တိုင် တရားစွဲဆိုအောင် ယန်ရှုအနေနှင့် မည်သို့ တိုက်တွန်းနိုင်ပါမည်နည်း။
ဤတွင် မယ်တော်ကြီး၏ အကူအညီအား လိုအပ်လာပြီ ဖြစ်သည်။
ထို့ကြောင့် မယ်တော်ကြီးအား ဤပြဿနာကို အသိပေးနိုင်ရန်မှာ ဝတ္ထု ဇာတ်လမ်းအဖြစ် ရေးသားကာ စာအုပ် ထုတ်ဝေသည့် နည်းလမ်းသာရှိသည်။
စာအုပ် ထုတ်ဝေရသည်မှာလည်း သူမကိုယ်တိုင် စာမူကြမ်းကို ယူလာပြီး ဖတ်ပြ၍ မဖြစ်သောကြောင့် ဖြစ်သည်။
ထို့ကြောင့် ယမန်နေ့က တနေ့လုံး ကြိုးစား ရေးသားခဲ့ပြီး မနက်ရောက်သည်နှင့် စာအုပ်ဆိုင် အရှေ့တွင် အစေခံတစ်ယောက်အား စောင့်ခိုင်းကာ ဖွင့်သည်နှင့် တန်းဝယ်လာခိုင်းလိုက်ခြင်း ဖြစ်လေသည်။
မယ်တော်ကြီးအား ဤဇာတ်လမ်းကို သိစေချင်စိတ် များနေသဖြင့် သူမမှာ ညကလည်း မအိပ်နိုင် … မနက်စာလည်း ကောင်းကောင်း မစားနိုင် ဖြစ်ခဲ့ရသည်။
ကံကောင်းသည်မှာ မယ်တော်ကြီးက ဇာတ်လမ်းကို ကြားသည်နှင့် ဖြစ်စေချင်သည့်အတိုင်း ဆုံးဖြတ်ချက် ချလိုက်သဖြင့် ပင်ပန်းခဲ့သမျှ တန်သည်ဟု ဆိုနိုင်ပေပြီ။
ယခုမူ သူမအနေဖြင့် ဟူစန်းနျန် နန်းတွင်းသို့ ရောက်လာချိန်ကို စောင့်ရန်သာ ကျန်တော့သည်။
~~
ယနေ့ မနက်အစောအချိန်တွင် ဝမ်ယွမ် နားနေဆောင်၌ ကျောင်းတော်သား အစည်းအဝေးပွဲရှိသဖြင့် ကောယွမ်ဟွားမှာ စောစောထကာ အခြားသူများနှင့် အတူ နန်းတွင်းသို့ ဝင်ရလေသည်။
ထို့ကြောင့် သခင်လေး ရှောင်ယောင်း၏ စာအုပ်များ ရောင်းကောင်းနေသည်ကို သူနှင့်အတူ အခြားသော ကျောင်းတော်သားများ မသိကြချေ။
ထို့အပြင် ကောဘိုးတော်သည် သူ့အား ကိုယ်လုပ်တော် ဟူစန်းနျန်က မနှစ်သက်သည်ကို သိသောကြောင့် နေပြည်တော်ရှိ စံအိမ်တော်သို့ သူမ ရောက်သည်နှင့် သူက လူယုံတော် အမျိုးသမီးကြီး တစ်ဦးကို နောက်ယောင်ခံလိုက်စေကာ သူမ တစ်နေ့တာ လုပ်သမျှကို စောင့်ကြည့် စေလေသည်။
ဤသို့ဖြင့် မယ်တော်ကြီး၏ သံတော်ဆင့် အမျိုးသမီးက ဟူစန်းနျန်အား လာရောက် ဆင့်ခေါ်သည့်အခါ လူယုံတော် အမျိုးသမီးမှာ အံ့အားသင့်သွားရကာ ပြောလာလေသည်။
140 02
“မယ်တော်ကြီးက ငါတို့ စန်းနျန်ကို ဘာလို့ ဆင့်ခေါ်ရတာလဲ။ သခင်ကြီးလည်း မရှိသေးတော့ သခင်ကြီး ပြန်လာမှ မယ်တော်ကြီးဆီ အတူ လာခိုင်းလိုက်ပါမယ်”
သို့ရာတွင် မယ်တော်ကြီး၏ သံတော်ဆင့် အမျိုးသမီးမှာ ညှိနှိုင်းရခက်သူ ဖြစ်ပြီး လူယုံတော် အမျိုးသမီးကြီး၏ စကားကို ကြားသောအခါ သူမက
“တယ်လည်း မိုက်လိုက်တဲ့ အမျိုးသမီး… မယ်တော်ကြီးက ဘယ်သူ့ကို ဆင့်ခေါ်ပါတယ်… ဘာကြောင့် ဆင့်ခေါ်ရပါတယ်ဆိုပြီး နင်တို့ကို အကျိုးအကြောင်း ရှင်းပြပေးရမယ်ပေါ့ ဟုတ်လား”
ထိုအခါ လူယုံတော် အမျိုးသမီးကြီးမှာ တုန်လှုပ်သွားပြီး ပြောလေတော့သည်။
“ကျွန်တော်မျိုးမ မှားမိပါတယ်… အမျက်မထွက်ပါနဲ့ သခင်မရယ်”
သို့ရာတွင် မယ်တော်ကြီး၏ သံတော်ဆင့် အမျိုးသမီးက သူမကို ဂရုပင် မစိုက်တော့ဘဲ ဟူစန်းနျန်အား ကြည့်ကာ ပြောသည်။
“ဒီက မိန်းခလေးက ကျွန်မတို့နဲ့ အတူ လိုက်ခဲ့ပါ…။ ဘာမှ မစိုးရိမ်ပါနဲ့… မယ်တော်ကြီးက နားလည် ခွင့်လွှတ်ပေးတတ်တဲ့သူမျိုးပါ…။ အလွယ်တကူ ပြစ်တင် ကျိန်းမောင်းတတ်သူ မဟုတ်ပါဘူး”
ဟူစန်းနျန်မှာ လက်ခံလိုက်ပြီး နန်းတွင်း အစေခံများနှင့်အတူ လိုက်ပါလာသည်။
မကြာမီ စီအန်းနန်းဆောင်တွင် ရှိနေကြသည့် မယ်တော်ကြီးနှင့် ယန်ရှုတို့မှာ ဇာတ်လမ်းအတွင်း၌ပါသည့် အမျိုးသမီးအား ယခုမှ လူကိုယ်တိုင် ဆုံတွေ့လိုက်ရတော့သည်။
အသေအချာ အကဲခတ်ကြည့်လိုက်သောအခါ ဟူစန်းနျန်မှာ အသက် နှစ်ဆယ် အရွယ် ခန့်ရှိပြီး အမှန်တကယ်လည်း ချောမော လှပသူ ဖြစ်ကြောင်း တွေ့ရသည်။ သို့ရာတွင် သူမ၏ မျက်ဝန်းများမှာ ရွှင်ပျမနေဘဲ သူမ၏ ဘဝကို သူမ စိတ်ပျက်နေသည်မှာ သိသာပေသည်။
ယန်ရှုမှာ သူမကို ကြည့်ပြီး တိတ်တဆိတ် သက်ပြင်းချလိုက်မိတော့သည်။
သူ့လို မိသားစု ကောင်းကောင်းကနေလာပြီး လူယုတ်မာ အဘိုးကြီးရဲ့ ကစားစရာ အရုပ်လို ဖြစ်နေတဲ့ဘဝမှာ ဘယ်သူက ပျော်မှာလဲနော့်။
ထိုသို့ တွေးနေစဉ်ပင် ဟူစန်းနျန်က မယ်တော်ကြီးနှင့် သူမအား အရိုအသေ ပေးလိုက်သည်ကို ကြားလိုက်ရသည်။ ထို့ကြောင့် ယန်ရှုက
“ဟူ မိန်းကလေး မအံ့ဩနဲ့နော်…။ မယ်တော်ကြီးက မိန်းကလေးကို ခေါ်လိုက်ရတဲ့ အကြောင်းအရင်းက ပြီးခဲ့တဲ့ နန်းတွင်း ညစာ တည်ခင်း ဧည့်ခံပွဲမှာ မိန်းကလေးတို့ အိမ်က ဘယ်သူမှ ရောက်မလာလို့ပါ…။ အဲဒါနဲ့ မေးမြန်းကြည့်တော့ အိမ်ရှင်အမျိုးသမီးက ဆုံးသွားပြီဆိုတာ သိလိုက်ရတယ်…။ ပြီးတော့ အခု မိန်းကလေးကလည်း ကောသခင်ကြီးနဲ့ အတူ နန်းမြို့တော်ကို လိုက်လာတာဆိုတော့ သတင်းမေးချင်တာနဲ့ လူကိုယ်တိုင် ဆင့်ခေါ်လိုက်တာပါ”
ထိုသို့ ကြားလိုက်သည့်အခါ ဟူစန်းနျန်က ပျာပျာသလဲ ပြောသည်။
“ကျေးဇူး အထူးတင်လှပါတယ်…။ မယ်တော်ကြီးနဲ့ ကိုယ်လုပ်တော်ယီ… ကျွန်တော်မျိုးမက ကောသခင်ကြီးရဲ့ ကိုယ်လုပ်တော်အဆင့်သာ ရှိတာပါ…။ မယ်တော်ကြီးရဲ့ အခုလို အရေးတယူ လုပ်မှုကို မခံယူရဲပါဘူး”
သူမ၏ အပြောအဆိုများကို ကြားရုံနှင့် မိမိကိုယ်ကို နှိမ့်ချတတ်သူ ဖြစ်ကြောင်း သိသာသည်။
မယ်တော်ကြီးက ပြောသည်။
“ဘာမှ မဖြစ်ပါဘူး…။ မယ်တော်ကြီးအတွက်ကတော့ လူတစ်ယောက်ဟာ စိတ်နှလုံး မြင့်မြတ်သူ ဖြစ်ရင် ရာထူးတွေ အဆင့်အတန်းတွေက သိပ်အရေးမကြီးတော့ပါဘူး”
“ဒါနဲ့… အမျိုးသမီးဟူက ဘယ်ကလဲ။ မိသားစုက ဘာလုပ်ကြတာလဲ။ အခု အသက်ကရော ဘယ်လောက်ရှိပြီလဲ။ ကလေးတွေ ဘာတွေရော ရှိပြီလား”
ဆက်တိုက် မေးလေတော့သည်။
ထိုအခါ ဟူစန်းနျန်က ထိုမေးခွန်းများကို တစ်ခုစီ ဖြေသည်။
140 03
“အသက်က တစ်ဆယ့်ကိုးနှစ် ရှိပါပြီ…။ နေတာကတော့ လုကျိုးမြို့မှာပါ… မိသားစုက အဲဒီ ဒေသမှာပဲ လယ်အလုပ်ကို လုပ်ပါတယ်… ပြီးတော့ ကျွန်တော်မျိုးမမှာ ကလေး မရှိပါဘူး”
ထိုအဖြေများကို ကြားလိုက်ရသည့်အခါ မယ်တော်ကြီးနှင့် ယန်ရှုတို့ တစ်ယောက်ကို တစ်ယောက် ကြည့်လိုက်မိသည်။ ကလေး မရှိလျှင် ပို၍ အဆင်ပြေသည် မဟုတ်လား။
ယန်ရှုက ချောင်းတစ်ချက် ဟန့်လိုက်ပြီး မေးလိုက်သည်။
“အခု ဒီခန်းဆောင်ထဲမှာ တခြားလူ မရှိတဲ့အတွက် အရမ်း ထိန်းထိန်းသိမ်းသိမ်း ပြောစရာ မလိုဘူးနော်…။ မေးတာကို ပွင့်ပွင့်လင်းလင်း ဖြေလို့ရတယ်…။ သိချင်တာက မိန်းကလေးက မိန်းမကောင်းလေး ဖြစ်ရဲ့သားနဲ့ ဘာကြောင့် ကိုယ်လုပ်တော် ဖြစ်နေရတာလဲ”
ထိုမေးခွန်းကို ကြားလိုက်သည့်အခါ ဟူစန်းနျန်က နှုတ်ခမ်းကို ကိုက်လိုက်မိပြီး ခက်ခက်ခဲခဲ ပြန်ဖြေသည်။
“ကျွန်တော်မျိုးမ အရင်တစ်ကြိမ် အိမ်ထောင်ကျဖူးပါတယ်…။ ဒါပေမဲ့ ခင်ပွန်းဖြစ်သူက ငွေကြေး အခက်အခဲ ဖြစ်နေတာနဲ့ ကျွန်မကို အခု သခင်ကြီးဆီကို ရောင်းလိုက်တာပါ”
ယန်ရှုက အလွန်အမင်း အံ့အားသင့်သွား ဟန်ဆောင်လိုက်သည်။
“အရင် ခင်ပွန်းက ကောယွမ်ဟွားရဲ့ တပည့်လား”
ထိုစကားအား ကြားသောအခါ ဟူစန်းနျန်မှာ အံ့ဩသွားပြီး မော့ကြည့်လေသည်။
“ကိုယ်လုပ်တော်ယီက ဘယ်လိုလုပ် သိတာလဲ”
ထိုအခါ ယန်ရှုက ပြောလိုက်သည်။
“တိုက်ဆိုင်တာကို ပြောပြမယ်…။ ဒီနေ့ ဈေးထဲမှာ ဝတ္ထု စာအုပ်သစ်တစ်အုပ် နာမည်ကြီးနေတယ်…။ အဲဒီ စာအုပ်ထဲမှာ မင်းရဲ့ ဘဝ ဇာတ်ကြောင်းနဲ့ ဆင်တူတဲ့ ဇာတ်လမ်း တစ်ပုဒ်ပါတယ်…။ ဇာတ်လမ်းက မိန်းမကောင်းလေးတစ်ယောက်ကို လောဘကြီးတဲ့ သူခင်ပွန်းနဲ့ ရက်စက်တဲ့ ယောက္ခမဖြစ်သူတို့က ရောင်းစားလိုက်တဲ့ အကြောင်း”
ဟူစန်းနျန်မှာ ထပ်မံ အံ့အားသင့်သွားပြီး မေးလိုက်မိသည်။
“အဲဒါ တကယ်ကြီးလား…”
ယန်ရှုက ခေါင်းညိတ်ပြလိုက်ပြီး ပြောသည်။
“အမှန်အတိုင်း ပြောရရင် မယ်တော်ကြီးက အဲဒီ ဇာတ်လမ်းကို ဖတ်ပြီး အရမ်း ဒေါသထွက်သွားတာ…။ အဲဒီတော့ မင်းရဲ့ ဘဝ အဖြစ်အပျက်ကို မယ်တော်ကြီးလည်း သိထားတယ်လို့ ပြောလို့ရတာပေါ့…။ မင်းလို မိန်းမကောင်းလေးတစ်ယောက် ကိုယ်လုပ်တော် ဖြစ်ရတာကိုလည်း စိတ်မကောင်းဖြစ်နေတယ်…။ မင်းရဲ့ အကြောင်းကို လူလွှတ်ပြီး စုံစမ်းခိုင်းတဲ့အခါ ထင်မထားဘဲ ဝတ္ထုထဲက ဇာတ်လမ်းနဲ့ တကယ်ကို တူနေတာကို တွေ့တဲ့အခါ ပိုလို့တောင် စိတ်မကောင်းဖြစ်ရတယ်”
“အဲဒီတော့ မင်းရဲ့ နှုတ်ကထွက်တဲ့ စကားကို ကြားချင်တယ်…။ ဒီဇာတ်လမ်းက အမှန်ပဲလား။ ဇာတ်လမ်းထဲက မိန်းကလေးလိုပဲ မင်းကလည်း ယောက်ျားဖြစ်သူနဲ့ ကောယွမ်ဟွားတို့ အတင်းအကျပ် ဖိအားပေးတာကို ခံခဲ့ရသလား”
ထိုစကားများ ကြားသည့်အခါ ဟူစန်းနျန်မှာ အတိတ်ကို ပြန်တွေးမိရင်း မျက်ရည်များပင် ထိန်းမနိုင်အောင် ကျလာလေတော့သည်။
ယန်ရှုက ရှေ့သို့ ထွက်လာပြီး သူမအား လက်ကိုင်ပုဝါ တစ်ထည် ပေးကာ ချော့မော့ ပြောဆိုလိုက်သည်။
“မိန်းကလေး ဘာမှ မပူနဲ့…။ မယ်တော်ကြီးက အင်မတန် တရားမျှတတဲ့သူ…။ မင်းမှာ ဝမ်းနည်းစရာတွေ ရှိနေရင် ဒီနေ့ မယ်တော်ကြီးရှေ့မှာ အကုန်ဖွင့်ချလိုက်”
မယ်တော်ကြီးက ယန်ရှုအား ကြည့်ပြီးနောက် ဟူစန်းနျန်အား တိုက်ရိုက် ပြောလေသည်။
“အမှန်တိုင်းပြောရမယ်ဆိုရင် မိန်းကလေးရဲ့ ယောက်ျားက မိန်းကလေးကို ကောယွမ်ဟွားဆီ ရောင်းစားလိုက်တယ်ဆိုတာကိုလည်း သိရတယ်…။ အဲဒါက တကယ်ဆို တရားမဝင်ဘူး…။ မိန်းကလေးအနေနဲ့ တရားမျှတမှုကို လိုချင်တယ်ဆိုရင် မယ်တော်ကြီး ဆောင်ကျဉ်းပေးလို့ရတယ်…။ ဒါပေမဲ့ မိန်းကလေးက မလိုချင်ဘူးဆိုရင်လည်း မယ်တော်ကြီး ဘာမှ ထပ်မမေးတော့ပါဘူး”
140 04
ထိုသို့ ကြားလိုက်သည့်အခါ ဟူစန်းနျန်မှာ မယ်တော်ကြီးရှေ့ ဒူးထောက်ကာ ငိုယိုလျက် ပြောလိုက်လေတော့သည်။
“မယ်တော်ကြီး… ကျွန်တော်မျိုးမကို ကူညီပေးပါ…”
~~
ထိုအချိန်တွင် ဝမ်ယွမ် နားနေဆောင်၌ ထင်ရှား ကျော်ကြားသည့် ကျောင်းတော်သားများနှင့် ဓလေ့ထုံးတမ်း ရေးရာ မူးမတ်များမှာ အစည်းအဝေးပွဲ ထိုင်နေကြသည်။
ယခင် နှစ်ကြိမ် ဆွေးနွေးကြစဉ်က စုန့်ဟယ်ကျောင်းတော်အတွက် သင်ကြားမည့် ဘာသာရပ်များနှင့် သင်ရိုး ဖတ်စာအုပ်များကို ရွေးချယ် ဆုံးဖြတ်ခဲ့ကြသည်။ ယနေ့တွင် ကျောင်းတော်အတွက် သင့်လျော်မည့် စည်းမျဉ်း စည်းကမ်းများနှင့် ပတ်သက်၍ ဆွေးနွေးကြသည်။ ဆွေးနွေးချက်များတွင် ဆုပေး ဒဏ်ပေး စနစ်များ၊ ကျောင်းဝင်ခွင့် သတ်မှတ်ချက်များ စသည်တို့ ပါဝင်သည်။
ယခင် နှစ်ကြိမ်တုန်းက ကဲ့သို့ပင် ယနေ့၌လည်း မင်းကြီးက ဦးဆောင် တာဝန်ယူရသဖြင့် အားလုံးမှာ လှုပ်လှုပ်ရှားရှား ဆွေးနွေးနေကြပြီး မြင်ကွင်းမှာလည်း တက်ကြွလန်းဆန်းနေသည်။
ပိုင်ဟယ် ကျောင်းတော်၏ ကျောင်းအုပ်ဖြစ်သူ ကျီကျိုက်ယွီက ပြောသည်။
“လူတွေကို ပညာသင်ပေးတယ်ဆိုတာ သူတို့ရဲ့ အကျင့်စာရိတ္တကို ပြင်ပေးခြင်းဖြစ်တယ်… အဲဒါကြောင့် ကျောင်းတော်ကို ဝင်ရောက်လာတဲ့ စာသင်သားတွေအတွက် မိသားစု နောက်ခံကောင်းဖို့က အရေးအကြီးဆုံး မဟုတ်ဘူး… အရည်အချင်းနဲ့ လုံ့လ ဝီရိယ ရှိမှုကို လိုချင်ရင် အကျင့်စာရိတ္တ ကောင်းမွန်မှုက ပို အရေးကြီးတယ်”
ထိုအခါ နန်ယန်မြို့မှ လူကြီးမင်း ယွီကျင်းဝေ့က ခေါင်းညိမ့် ထောက်ခံလိုက်ပြီး ပြောသည်။
“အကျင့် စာရိတ္တကောင်းမွန်တဲ့သူက စာပေ လေ့လာ ဖတ်ရှုရင် အားလုံးကို အကျိုးရှိစေပေမဲ့ အကျင့်စာရိတ္တ ပျက်ပြားသူက စာအုပ်ပေါင်း များစွာ လေ့လာထားရင် ပျက်စီးခြင်းကို ဖြစ်စေတတ်တယ်”
ထိုအခါ လုကျိုးမြို့မှ ကောယွမ်ဟွားကလည်း သူ၏ မုတ်ဆိတ်ကို ပွတ်သပ်လိုက်ပြီး ပြောလေသည်။
“အကျင့်စာရိတ္တလို့ ပြောရင် နှစ်မျိုးခွဲခြားနိုင်တယ်… တစ်ခုက အများဆိုင် စာရိတ္တနဲ့ နောက်တစ်ခုက တစ်ကိုယ်ရေ စာရိတ္တလို့ ခေါ်တယ်”
ထို့နောက် မန့်စီယေ့က ပြောသည်။
“တကယ်လို့ မင်းက ဆင်းရဲနေရင် ကိုယ့်ကိုယ်ကို တိုးတက်အောင် လုပ်ဆောင်သင့်တယ်… တကယ်လို့ မင်းက ချမ်းသာနေရင် လောက အကျိုးကို ဆောင်ရွက်သင့်တယ်… အဲဒီမှာ… မိမိကိုယ်ကို တိုးတက်အောင် လုပ်ခြင်းက ‘တကိုယ်ရေ စာရိတ္တ’ ဖြစ်ပြီး လောကအကျိုးဆောင်ရွက်တာက ‘အများဆိုင် စာရိတ္တ’ ဖြစ်တယ်”
ထိုစကားများကို နားထောင်နေသည့် ယွီဝိန်းလန်က မျက်ခုံးကို ပင့်လိုက်မိသည်။
ဒီလောက် ‘တစ်ကိုယ်ရေ စာရိတ္တ’ ညံ့ဖျင်းတဲ့သူက အပေါ်ယံမှာကျ အတည်ပေါက်ကြီး နေနိုင်သားပဲ…။
ထိုသို့ ဆွေးနွေးနေကြစဉ် စီအန်းနန်းတော်မှ အစေခံ အမျိုးသမီးတစ်ယောက် ခန်းဆောင်အတွင်းသို့ စာအုပ် တစ်ထပ်ဖြင့် ဝင်ရောက်လာသည်။ သူမက ယွီဝိန်းလန်အား ပြောသည်။
“အရှင်မင်းကြီး… မယ်တော်ကြီးက ဝမ်ယွမ် နားနေဆောင်မှာ အစည်းအဝေးပွဲရှိတာကို ကြားတဲ့အခါ ဒီက လူကြီးမင်းများကို စမ်းသပ် မေးခွန်းတွေ ပေးလိုတဲ့အတွက် ကျွန်တော်မျိုးမကို လွှတ်လိုက်တာပါ”
စမ်းသပ် မေးခွန်း။
နားနေဆောင်အတွင်းရှိ လူအားလုံး တွေဝေသွားကာ သိလိုစိတ်ဖြင့် မေးမြန်းကြသည်။
“မယ်တော်ကြီးက ဘယ်လို မေးခွန်းတွေများ ပေးလိုက်ပါလိမ့်”
140 05
ထိုအခါ အစေခံ အမျိုးသမီးက ဦးကိုညွတ်လိုက်ပြီး မေးသူ၏ လက်ထဲသို့ စာအုပ်တစ်အုပ် ပေးလိုက်သည်။
“ဒီ စာအုပ်ကို ဖတ်ကြည့်လိုက်ပါ လူကြီးမင်း”
ယွီဝိန်းလန်က စာအုပ်ကို လှမ်းကြည့်လိုက်သည့်အခါ ယန်ရှု ရေးသားထားသည့် ဝတ္ထု အသစ် ဖြစ်နေကြောင်း တွေ့ရလေသည်။
‘မြေခွေး ဆရာနှင့် တပည့် အပြစ်ကျခံရခြင်း’
“...”
ကြည့်ရတာ မယ်တော်ကြီးက စပြီး လှုပ်ရှားနေပြီ ထင်သည်။
အင်း… မယ်တော် ဘာတွေ ကြံထားလဲ ကြည့်ရသေးတာပေါ့…။
သူက ခေါင်းညိတ်ပြလိုက်သည်။
“အဲဒါဆိုရင် စာအုပ်တွေကို လူကြီးမင်းတို့ အားလုံးကို ပေးလိုက်ပါ”
အစေခံ အမျိုးသမီးက နာခံလိုက်ပြီး ဝတ္ထုစာအုပ်များကို ဝေပေးလိုက်သည်။
ထို့နောက် အားလုံးက စာအုပ်များကို စတင် ဖတ်ရှုကြတော့သည်။
ယွီဝိန်းလန်က နားနေဆောင် တစ်ခုလုံးကို ဝေ့၍ အကဲခတ်ကြည့်လိုက်ရာ ဖတ်ရှုသူများ၏ မျက်ဝန်းများမှာ ပြူးကျယ်သွားလိုက် မျက်မှောင် ကြုတ်သွားလိုက် ဖြစ်နေကြသည်ကို မြင်လိုက်ရသည်။
ထိုလူများထဲမှ တစ်ယောက်မှာ မျက်ဝန်းများ အရောင်တောက်လာပြီး တွေးလိုက်သည်ကို သူကြားလိုက်ရသည်။
[သခင်လေး ရှောင်ယောင်းက တော်လိုက်တာ… ချက်ခြင်းကို ဝတ္ထုရေးပြီးသွားပြီ… အခု ဟို ခွေးသူခိုးကြီး ကောယွမ်ဟွား ဘယ်လို တုံ့ပြန်လာမလဲဆိုတာ ငါ စောင့်ကြည့်ရမယ်]
– ယွီဝိန်းလန် သိလိုက်ပြီ။ ဟိုတနေ့က ယန်ရှုထံ စာရေးပို့သူမှာ ဟွိုင်အန်း ကျောင်းတော် မှ ကျောင်းအုပ်ကြီး လျူကျိန်းရှင်း ဖြစ်နေသည်ကိုး။
ကောယွမ်ဟွားကို ကြည့်လိုက်သည့်အခါ ၎င်းမှာ စာအုပ်ကို ကိုင်ထားရင်း မျက်နှာ အမူအရာမှာ တွေဝေ ထိတ်လန့် လာသည်ကို မြင်နေရသည်။
စာအုပ် ပြီးဆုံးခါနီး ရောက်လာလေလေ သူ၏ မျက်နှာမှာ သွေးဆုတ် ဖြူရော် လာလေလေ ဖြစ်လာတော့သည်။
မကြာမီ တံခါးဝထံမှ ကြေညာသံကို ကြားလိုက်ရသည်။
“မယ်တော်ကြီး ကြွချီလာပါပြီ…”
ယွီဝိန်းလန်မှာ တချက်တွန့်သွားသည်။ သူ မတ်တပ်ပင် မရပ်ရသေးမီ မယ်တော်ကြီးမှာ နားနေဆောင်အတွင်းသို့ ဝင်ရောက်လာပြီ ဖြစ်လေသည်။
ထိုအခါ အားလုံးက ထရပ်လိုက်ကြပြီး အရိုအသေပြုလိုက်ကြသည်။
“ကျွန်တော်မျိုးတို့ မယ်တော်ကြီးအား အရိုအသေပြုပါတယ်”
ယွီဝိန်းလန်က ရှေ့သို့ အမြန်ထွက်လာပြီး ကြိုဆိုလိုက်သည်။
“မယ်တော်က ဒီကို ဘာကိစ္စနဲ့ လာတာပါလဲ”
မယ်တော်ကြီးက ခပ်ဖွဖွ ပြုံးလိုက်ပြီး ပြောသည်။
“ခုဏက မေးခွန်းပို့တယ်… အခု အဖြေလွှာ လာကောက်တာပေါ့ အရှင်မင်းကြီးရဲ့”
ပြီးနောက် သူမက အားလုံးကို ကြည့်ပြီး ပြောလိုက်သည်။
“ဝတ္ထုကို ဖတ်ပြီးကြပြီလို့ ယူဆပါတယ်… ဘယ်လို ထင်ကြပါသလဲ”
အားလုံးက မကျေမချမ်း ဖြစ်နေသည့် လေသံများဖြင့် ပြောကြသည်။
“ဒီ ဇာတ်လမ်းထဲက ဆရာတပည့်နှစ်ယောက်ဟာ ဖြူစင် မြင့်မြတ်တဲ့ ဆရာတပည့် ဂုဏ်ပုဒ်ကို စော်ကားသလိုပါပဲ… တလောကလုံးက သူတို့ကို ရွံရှာထိုက်တယ်!”
“ဒီလို အဖြစ်မျိုးဟာ တကယ့် အပြင်မှာ ဖြစ်ပျက်ခဲ့လို့ကတော့ ဒီဆရာနဲ့ တပည့်ဟာ လောကမှာ မျက်နှာတောင် ဖော်လို့ မရတော့လောက်အောင် ဖြစ်သွားလိမ့်မယ်!”
“ဒါပေါ့ … ဒါပေါ့…”
…
140 05
အားလုံးမှာ ခံစားချက်များ အပြည့်ဖြင့် ပြောဆိုနေကြပြီး နားနေဆောင် တစ်ခုလုံး မကျေမနပ် ရေရွတ်သံများ ကျိန်းမောင်းသံများဖြင့် ပြည့်နေတော့သည်။
မယ်တော်ကြီးက ခေါင်းကို ညိတ်လိုက်ပြီး ပြောသည်။
“အမှန်အတိုင်း ပြောရရင်… ဒီနေ့ မနက်ခင်းမှာ အဲဒီ ဇာတ်လမ်းထဲမှာ ပါတဲ့ အမျိုးသမီးငယ်လေးက မယ်တော်ကြီးကို တိုင်ကြားလာတယ်…။ ပြီးတော့ ဇာတ်လမ်းထဲက ဆရာဟာလည်း လူကြီးမင်းတို့ ကြားထဲမှာပဲ ရှိနေတယ်”
ထိုသို့ ပြောလိုက်သည့်အခါ အားလုံးက အံ့ဩသွားပြီး ပြောလိုက်သည်။
“အဲဒါ တကယ်လား။ အဲဒီဆရာက ဘယ်သူလဲ”
မယ်တော်ကြီးက ဘာမျှ မပြောဘဲ တစ်ယောက်သောသူကို ကြည့်လိုက်လေသည်။
အကြည့်ခံရသူ ကောယွမ်ဟွားမှာ တုန်ယင်လျက်ရှိနေပြီး မျက်နှာမှာလည်း သွေးဆုတ် ဖြူရော်နေတော့သည်။
တခဏနေသော်အခါ သူက ရှေ့သို့ ထွက်ပြီး ဒူးထောက်ချက ပြောလိုက်သည်။
“အားလုံး စိတ်လျှော့ထားကြပါ… ဇာတ်လမ်းထဲက ဆရာက ကျုပ်ဖြစ်နိုင်ပါတယ်”
ဟင်… သူက အဲဒီ ဆရာလား။
လက်ထောက်ချသူ လျူကျိန်းရှင်းမှ လွဲလျှင် အားလုံးမှာ အံ့အားသင့်ကုန်ကြသည်။
မယ်တော်ကြီးမှ ဘာမျှ မပြောရသေးမီ ကောယွမ်ဟွားက ဆက်၍
“ဒါပေမဲ့ တစ်ခုတော့ ပြောပါရစေ မယ်တော်ကြီး… အခုကိစ္စက နားလည်မှု လွဲမှားတာပါ… ဒီကိစ္စ အခုလို ဖြစ်ရတာ ကျွန်တော်မျိုးရဲ့ တပည့် ဝမ်ရှန်းလီ ကြောင့်ပါ…။ သူ့ မိသားစု ကံဆိုးမိုးမှောင်ကျလို့ အခုလို ဖြစ်သွားရတာပါ…။ သူက ကျွန်တော်မျိုးကို အသည်းအသန် အကူအညီတောင်းလို့ပါ…။ ကျွန်တော်မျိုးလည်း အစက တွန့်ဆုတ်နေခဲ့ပါတယ်… ။ပြီးကျမှ သနားလို့ ကူညီဖို့ သဘောတူလိုက်ရတာပါ… သူ့ဇနီးကို ရောင်းဖို့ သူ့ကို လှည့်ဖြား မြူဆွယ်ခဲ့ရတာ လုံးဝ မဟုတ်ပါဘူး”
အစက တွန့်ဆုတ်နေခဲ့တယ် ဆိုပါလား။
မယ်တော်ကြီးက နှာခေါင်းကို ရှုံ့လိုက်ပြီး ပြောလေသည်။
“တွန့်ဆုတ်ခဲ့တယ် ဟုတ်လား။ ဘယ်အချိန်ထိ တွန့်ဆုတ်နေဦးမှာလဲ တစ်သက်လုံးလား။ ဒီနေ့နဲ့ဆို နေ့ပေါင်း ညပေါင်း ခုနှစ်ရာရှိပြီ အခုအချိန်ထိ တွန့်ဆုတ်နေတယ်ပေါ့။ အမျိုးသမီးကောင်းလေး တစ်ယောက်ကို နင့်ဆီ ကိုယ်လုပ်တော် အဖြစ် ရောင်းစားတာ… နောက် သူ့မိဘတွေက တရားရုံးတော်မှာ တက်တိုင်တာကို နင်က နာမည် ဂုဏ်သတင်းကျော်ဇောမှုကို အသုံးချပြီး သူတို့ကို ဖိနှိပ်ခဲ့တာ…။ ဒါတွေ အားလုံးက နင် တွန့်ဆုတ်နေခဲ့တာလား”
ထိုသို့ ပြောလိုက်သည့်အခါ ကောယွမ်ဟွားမှာ ဘာမျှ ပြန်မပြောနိုင်ဘဲ ရှိနေတော့သည်။ ထို့ကြောင့် သူက ဒူးထောက်ကာ တောင်းပန်လိုက်သည်။
“ကျွန်တော်မျိုးရဲ့ အပြစ်ကို သိပါတယ်… သက်ညှာပေးတော်မူပါ အရှင်မင်းကြီး”
ဤသို့ မြင်လိုက်ရသည့်သူ အားလုံးမှာ ခေါင်းကို ခါယမ်းလိုက်ကြသည်။
မယ်တော်ကြီးက အားလုံးကို မသိယောင် ပြုထားလိုက်ပြီး ခန်းဆောင်အတွင်းရှိ လူတစ်ဦးကို ကြည့်၍ ပြောလိုက်သည်။
“ဒီက လူကြီးမင်း ချီက နန်းတွင်း ခုံရုံးက အမတ်တစ်ယောက်ဖြစ်တဲ့အတွက် တရားရေးရာ နှံ့နှံ့စပ်စပ် သိမယ် ထင်ပါတယ်…။ အခုကိစ္စကို ဘယ်လို ဆုံးဖြတ်သင့်သလဲ”
မယ်တော်ကြီးမှာ တည်ငြိမ်စွာ ပြောလိုက်ခြင်း ဖြစ်ပြီး မလိုမုန်းထားမှုများ မပါဘဲ တည်ကြည်နေသည်။
အားလုံးကလည်း ကျောင်းတော်သားကြီး ချီကို ဝိုင်းကြည့်လိုက်ကြသည်။
ယွီဝိန်းလန်လည်း သူဘာပြောမလဲ စောင့်ကြည့်မိသည်။
ဒီအဆင့်ထိ ရောက်နေမှတောင် မယ်တော်ကြီးက သူ့ကို မေးနေသေးလား။
တခြား ဘာရည်ရွယ်ချက်များ ရှိနေသေးတာလဲ။
အားလုံး ဝိုင်းကြည့်သည်ကို ခံနေရသည့် ချီရှုကွမ်းက ဦးခေါင်းကို ညွတ်လိုက်ပြီး ပြောလေသည်။
“မယ်တော်ကြီး ဘုရား… ဆရာတစ်ယောက်အနေနဲ့ တပည့်တစ်ယောက်ရဲ့ မိသားစု ဒုက္ခရောက်နေတဲ့အခါ သူတို့ကို ကူညီပြီး အခက်အခဲကို ကျော်လွှားနိုင်အောင် လုပ်ပေးရပါမယ်… ‘ဆရာ တခဏ… အဖ တသက်’ ဆိုတဲ့ အဓိပ္ပာယ်ပါပဲ… ဒါပေမဲ့ ဖိအားပေး မြူဆွယ်ပြီး ကိုယ့်စိတ်ဆန္ဒကို ဦးစားပေးမယ်ဆိုရင်တော့ တပည့်အတွက်လည်း မတရားမှုကို ဖြစ်စေရုံသာမက အပြစ်မဲ့တဲ့ မိန်းကလေးအတွက်လည်း နစ်နာ စေပါတယ်… ဒါမျိုးဟာ ဂုဏ်သတင်းကြီးနေတဲ့ ဆရာတစ်ယောက်ရဲ့ လုပ်ပုံနဲ့ တခြားစီပါပဲ…”
140 06
“အခုကိစ္စကို လူအများ သိအောင် ချပြပြီးဖြစ်တဲ့အတွက်… တရားရုံးတော်က မျှမျှတတ ကိုင်တွယ်ပြီး မတရားခံရသူနဲ့ အများပြည်သူ စိတ်လုံခြုံမှုရှိသွားအောင် ရလဒ်ကို ပြည်သူထံ ချပြသင့်ပါတယ်”
ထိုစကားကို ကြားလိုက်သည့်အခါ အားလုံးက ထောက်ခံကြသည်။
“ချီ လူကြီးမင်း ပြောတာ မှန်တယ်… ဒါမှ ပညာရည်ပြည့်ဝတဲ့ ဆရာ အစစ်အမှန်ဖြစ်မှာ”
ယွီဝိန်းလန်လည်း ခေါင်းညိတ်လိုက်မိလေသည်။
ကျောင်းတော်သားကြီး ချီမှာ စိတ်ထား ပွင့်လင်းစွာဖြင့် အတွေးကို ရှင်းရှင်းထားကာ ပြောပြသွားသဖြင့် သဘောကျမိသည်။
မယ်တော်ကြီးက ခေါင်းကို ညိတ်၍ ပြောသည်။
“ဒီမှာရှိနေတဲ့ လူကြီးမင်းတို့ရဲ့ အကြံဉာဏ်ကို ယူပြီး အရှင်မင်းကြီးက ဒီကိစ္စကို မျှမျှတတ ဆုံးဖြတ်ပေးမယ်လို့ မယ်တော်ကြီး ယုံကြည်ပါတယ်။”
ယွီဝိန်းလန်က ခေါင်းကို ညိတ်၍ ပြောလိုက်သည်။
“မယ်တော် စိတ်ချပါ… ကျွန်တော် ဒီကိစ္စမှာ ပါဝင်ပတ်သက်နေတဲ့ သူတွေကို နေပြည်တော် အထိ ဆင့်ခေါ်ပြီး ဓလေ့ထုံးတမ်းရေးရာ ဌာနနဲ့ တာ့လီ ဘုရားကျောင်းမှာ ဒီအမှုကို စစ်ဆေးပါမယ်”
မယ်တော်ကြီးက သဘောတူလိုက်ပြီး ပြောသည်။
“အရှင်မင်းကြီးက ဉာဏ်အမျှော်အမြင် ကြီးမားပါပေတယ်”
ထို့နောက် ခန်းဆောင်အတွင်းမှ ထွက်သွားတော့သည်။
အားလုံးကလည်း မယ်တော်ကြီးအား ဦးညွတ်ကာ ပြောလိုက်ကြသည်။
“မယ်တော်ကြီးကို နှုတ်ဆက်ပါတယ်”
~~
မယ်တော်ကြီး၏ ရိုးရှင်းပြီး ထိရောက်သည့် လုပ်ဆောင်ချက်များအပြီးတွင် ဝတ္ထုအတွင်းမှ ပါဝင်သူတို့၏ အမည်များကို တလောကလုံး သိသွားကြလေသည်။
နန်းတွင်း ခုံရုံးရှိ မူးမတ်များ၊ မြို့တော် အတွင်း အပြင်မှ ပြည်သူများအားလုံး ကော အဘိုးကြီးကို ကျိန်ဆဲကြလေတော့သည်။
ဟူစန်းနျန်မှာ လုံခြုံသည့် တနေရာတွင် နေထိုင်ရပြီး ဓလေ့ထုံးတမ်းရေးရာ ဌာနနှင့် တာ့လီ ဘုရားကျောင်းတွင် ပြန်လည် အမှုဖွင့် တရားလိုပြု တိုင်ကြားနိုင်ရန် သူမ၏ မိသားစုကို စောင့်ဆိုင်းနေတော့သည်။
တရားစွဲတဲ့ နေ့ကျရင်တော့ ဟိုလောဘသား ဝမ်ရှန်းလီနဲ့ သူ့အမေလည်း ညီတူမျှတူ အပြစ်ပေးခံရလောက်မယ်ထင်တယ်…။
ယန်ရှု တွေးရင်း ကျေနပ်မိသည်။
သို့သော်လည်း မနေနိုင်ဘဲ စစ်စတန်အား မေးလိုက်သည်။
[နေပါဦး … မေးပါဦးမယ်… ပစ်စာကို ဘယ်သူရေးတာလဲ။]
စစ်စတန် - [ပစ်စာကို ရေးတဲ့သူက ဒီခေတ်ရဲ့ နာမည်ကြီး ပုဂ္ဂိုလ်တစ်ယောက်ပဲ… နာမည်က လျူကျိန်းရှင်း တဲ့… သူက ဟွိုင်အန်း ကျောင်းတော်ရဲ့ ကျောင်းအုပ်]
ယန်ရှု မျက်ခုံးကို ပင့်လိုက်သည်။
[သူက ဒီကိစ္စကို ဘယ်လိုသိတာလဲ။]
စစ်စတန် - [ဟွိုင်အန်းက လုကျိုးနဲ့ သိပ်မဝေးဘူး… စာသင်သားတွေ ကိစ္စနဲ့ ပတ်သက်ပြီး ဟွိုင်အန်း ကျောင်းတော်နဲ့ ကောဘိုးတော်ရဲ့ ကျောင်းတော်တို့ ငြိဖူးတယ်… အဲဒါကို လျူကျိန်းရှင်းက တေးမှတ်ထားတာ… ကောဘိုးတော်ရဲ့ ကိုယ်ရေးကိုယ်တာ အခြေအနေတွေကို သူက ကျိတ်ပြီး စုံစမ်းနေတာ ကြာလှပြီ… အခုလို ကလဲ့စားချေနိုင်မဲ့ အခွင့်အရေးကို စောင့်နေတာပေါ့… နောက်တော့ လူတော်တော်များများက ကောဘိုးတော်ကို နန်းမြို့တော်က ကျောင်းအုပ် ရာထူးနေရာအတွက် ရွေးကြတော့ သူဘယ်နှယ့် ကျေနပ်မလဲ… ဒါပေမဲ့ ကံကောင်းချင်တော့ နင့်ရဲ့ ဝတ္ထုတွေ အကြောင်း သိသွားပြီး စာရေး လှမ်းအကြောင်းကြားလိုက်တာပဲ]
ယန်ရှု သဘောပေါက်သွားသည်။
[အဲဒီလိုကိုး…]
ထို့နောက် ယန်ရှု တချက် တွန့်သွားမိသည်။ အခုလို လမ်းကြောင်း ပွင့်သွားပြီဆိုတော့ နောက်ထပ် ပစ်စာတွေ ထပ်လာဦးမှာလား။
ဘယ်သူမှ ကြိုမပြောနိုင်…။
သို့သော် ရက်အနည်းငယ်ကြာသည့်အခါ သူမ ထင်ထားသည်မှာ မှန်ကြောင်း သိလိုက်ရသည်။
စာဖတ်သူ ပရိတ်သက်များထံမှ ပို့လာသည့် စာများအထဲတွင် နောက်ထပ် ပစ်စာ တစ်စောင် ပါလာလေသည်။
ယခုတကြိမ် ပစ်စာထဲတွင် အတိုင်ခံရသည့် ပုဂ္ဂိုလ်မှာ ကောဘိုးတော်အား ဖော်ခဲ့သည့် ဟွိုင်အန်း ကျောင်းတော် ကျောင်းအုပ် လျူကျိန်းရှင်းပင် ဖြစ်ချေတော့သည်။
စာထဲတွင် လျူကျိန်းရှင်းအကြောင်းကို ဤသို့ ရေးထားသည်။
သူသည် ငယ်စဉ်က တရားရှေ့နေတစ်ယောက် ဖြစ်ခဲ့သည်။ အပေါ်ယံတွင် သူကိုင်တွယ်သည့် အမှုအားလုံးကို အောင်နိုင်သူ တစ်ယောက်အဖြစ် ဟွိုင်အန်းတွင် နာမည်ကျော်ကြားသည့် သူအဖြစ် မြင်တွေ့ရမည်ဖြစ်သည်။
သို့သော် အမှန်တကယ်တွင် လျူကျိန်းရှင်းသည် သူ့အား အမှုအပ်သူများထံမှ ငွေကို ယူကာ တရားရေးရာ မူးမတ်များအား လာဘ်ထိုး စည်းရုံးခြင်းဖြင့် အမှုများကို အောင်နိုင်အောင် ပြုလုပ်သူ ဖြစ်သည်။
ယန်ရှု - “...”
ဒီလို မတရားမှုတွေက ပြီးရော ပြီးဦးမှာလားဟယ်။
******
141 01
အခန်း 141
ယန်ရှုမှာ စာရေးရသည်မှာ ပင်ပန်းသော်လည်း ဖရဲသီးစားချင်စိတ်မှာမူ အဆုံးမသတ်နိုင်သေးချေ။
ထို့ကြောင့် ယခုလို ပစ်စာ ကို ရရှိလိုက်သည့်အခါ စစ်စတန်အား ခေါ်လိုက်လေသည်။
[ဟဲ့ ဘာတွေ ဖြစ်ကုန်ပြီလဲ မသိဘူး။ အခု လျူကျိန်းရှင်းရဲ့ ဇာတ်လမ်းကရော အမှန်ပဲလား။]
စစ်စတန်က ပြန်ပြောသည်။
[အင်း အမှန်ပဲ… လျူကျိန်းရှင်း ငယ်ငယ်တုန်းက နန်းတွင်း စာစစ်ပွဲကို အောင်မြင်ခဲ့ပြီး ဟွိုင်အန်းမှာ အရာရှိငယ်လေးတစ်ယောက် ဖြစ်ခဲ့ဖူးတယ်… ဒီပုဂ္ဂိုလ်က အင်မတန်မှ ပိုက်ဆံ မက်တဲ့သူဖြစ်တော့ အရာရှိငယ် ဘဝဟာ ပိုက်ဆံဝင်လမ်း မရှိလို့ သူ့အတွက် စိတ်ကုန်စရာဖြစ်ခဲ့တာပေါ့ ]
[ဒါပေမဲ့ မင်းစေခံ မူးမတ်ဘဝမှာ အမျိုးမျိုး အတွေ့အကြုံတွေ ရခဲ့ပြီး ရှေ့နေအလုပ်ဟာ ထောတယ်ဆိုတာကို သူလေ့လာ သိရှိလိုက်ရတယ်… အဲဒါကြောင့် ရာထူးကနေ နှုတ်ထွက်ပြီး ရှေ့နေအဖြစ် အလုပ် လုပ်တော့တယ်… သူက လူချမ်းသာတွေရဲ့ အမှုကိုပဲ လက်ခံတယ်… အမှုလိုက်ခကို များများတောင်းတယ်… ပြီးရင် သူ့မှာရှိတဲ့ အချိတ်အဆက်တွေကို အသုံးချပြီး နယ်မြို့ဝန်တွေကို သူရထားတဲ့ ပိုက်ဆံတွေထဲက တချို့ကို လာဘ်ထိုးတယ်… အဲဒီလိုလုပ်တော့ သူ့အမှုတွေက မနိုင်တော့ဘဲ ဘယ်နေပါ့မလဲ။ သူက ဒီလိုမျိုးတွေကို ဆက်တိုက် လုပ်ခဲ့တာ… သူ အခုလို အောင်မြင်သူဖြစ်လာတာ မယုံနိုင်စရာပဲ… နောက်တော့ လူချမ်းသာတွေက အမှုအပ်ချင်ရင် သူ့ဆီပဲ သွားကြတော့တယ်]
ယန်ရှုက မျက်မှောင် ကြုတ်လိုက်ပြီး ပြောသည်။
[အဲဒီ လူချမ်းသာတွေက အမှားလုပ်ထားရင်ရော သူက ကာကွယ်တာပဲလား။]
စစ်စတန်က သက်ပြင်း ချလိုက်သည်။
[သူက လူချမ်းသာတွေ အမှားလုပ်လုပ် အမှန်လုပ်လုပ် ဂရုမစိုက်ဘူး… ပိုက်ဆံရဖို့ပဲ ဂရုစိုက်တာ…။ ပြီးတော့ မတရားခံရတဲ့သူတွေက စိတ်ဆိုးရင် အပြစ်တင်ရင် နယ်မြို့ဝန်ကိုပဲ အပြစ်တင်ကြတာ… ဘယ်သူ့လက်ချက်ဆိုတာကို မသိကြတော့ သူ့ကို သိပ်အပြစ်မတင်ကြဘူး…။]
ယန်ရှုက မဲ့လိုက်ကာ
[လက်စသတ်တော့ ဒီလူကလည်း တပါးသူအပေါ် ကိုယ်ချင်း မစာတတ်ပါလား! ဒီလိုလူမျိုးက ပညာရှင်တွေရဲ့ စာအုပ်တွေကို ဖတ်နေ သင်ကြားနေတာ အလကားပဲ… ဒါနဲ့ နေပါဦး… သူက ဘယ်ကနေ ဘယ်လို ကျောင်းထောင်လိုက်တာလဲ။]
စစ်စတန်က
[အဲဒီ နယ်က နယ်ဝန်တွေ တစ်ယောက်ပြီး တစ်ယောက် အကြိမ်ကြိမ်ပြောင်းရင်း နောက်ဆုံးမှာ ဖြောင့်မတ်မှန်ကန်တဲ့ နယ်ဝန်တစ်ယောက်နဲ့ တိုးပါလေရော… လျူကျိန်းရှင်းက အဲဒီ နယ်ဝန်ရဲ့ အကြောင်းကို ကြိုသိထားတော့ သူ့အလုပ်က အဆင်မပြေနိုင်လောက်တော့ဘူးဆိုပြီး လုပ်ငန်း ပြောင်းလိုက်တာ… အစကတော့ ကိုယ်ပိုင် ကျောင်းလေး တစ်ကျောင်း ထောင်တာပေါ့… နောက်ကျတော့ သူ့ရဲ့ ဉာဏ်နီဉာဏ်နက်တွေကြောင့် တဖြည်းဖြည်း နာမည်ကြီးလာပြီး ကျောင်းတော် အဆင့်ထိ ထောင်နိုင်သွားတာ]
ယန်ရှုမှာ နားမလည်သလို ဖြစ်နေသည်။
[ဒါပေမဲ့ ကျောင်းတော် ဆိုတာမျိုးက ဖွင့်ချင်တိုင်း ဖွင့်လို့ မရဘူးမဟုတ်လား။ ကျောင်းတော်ဖွင့်ရလောက်တဲ့အထိ အောင်မြင်ချင်ရင် ဆရာကောင်းတွေလည်း ငှားရမယ်… စာသင်သားတွေကလည်း ပညာရည် အဆင့်အတန်း မြင့်ရမယ်မဟုတ်လား။]
ထိုအခါ စစ်စတန် က ပြောသည်။
[အဲဒါတွေထက် သူနားလည်တာက လမ်းကြောင်းသိရင်လည်း ရတယ်ဆိုတာပဲ… သူက နှစ်ပေါင်းများစွာ အမှုတွေကို နိုင်အောင် လိုက်ထားတော့ ပိုက်ဆံတွေ မနည်းမနော ရှိနေပြီလေ… အဲဒီ ပိုက်ဆံတွေကို သုံးပြီး နာမည်ကြီး ကျောင်းတော်သားတွေကို ငှားတယ်… ပြီးရင် တော်ပြီးသား စာသင်သားတွေကို လိုက်ရှာတယ် ရအောင် ဆွယ်တယ် ခေါ်တယ်… ဒီလိုလုပ်မှတော့ မအောင်မြင်ဘဲ နေမလား။]
ယန်ရှု တွေးမိလိုက်သည်။
141 02
[အဲဒါကြောင့်လည်း ကောယွမ်ဟွားနဲ့ စာသင်သားပြိုင်လုရင်း ငြိတာ ဖြစ်မယ်]
ကိစ္စအရပ်ရပ်မှာ ရှင်းသွားလေပြီ။ သို့သော် ယန်ရှုမှာ သိချင်တာ ရှိနေသေးသည်။
[ဒါနဲ့… အခု ဒီစာကိုကျတော့ ဘယ်သူရေးပြီး ပို့တာလဲ။]
စစ်စတန်က [ကျီယွမ်ကျိုး လို့ခေါ်တဲ့ ကျင်းလင်က သခင်ကြီး တစ်ယောက်ပဲ]
ယန်ရှု မျက်လုံးများ ပြူးသွားမိသည်။
[အဲဒီ သခင်ကြီးကရော ဘာလို့ ဒီစာကို ရေးရတာလဲ။]
စစ်စတန် [ဪ… ကျင်းလင်ကလည်း ဟွိုင်အန်းနဲ့ သိပ်မဝေးဘူးလေ… လျူကျိန်းရှင်းက အဲဒီနယ်တဝိုက်မှာ စာသင်သားတွေကို ငွေသုံးပြီး ဆွယ်နေလိုက်တာ… အခုနှစ် ပိုင်းမှာဆို တော်တော်များနေပြီ… ကိုယ့်တပည့်ကောင်းတွေကို ပိုက်ဆံသုံးပြီး ဆွယ်သွားတာ ခံရတဲ့အခါ ဘယ်ဆရာမဆို စိတ်တိုတာပေါ့ ပြီးတော့ ဒီလူရဲ့ မကောင်းသတင်းကို ကိုယ်တိုင်ဖော်ရင် မနာလိုလို့ လုပ်သလို လူတွေမြင်မှာလည်း စိုးတယ်… အခု ကောယွမ်ဟွားရဲ့ မကောင်းမှုကို နင်က ဖော်ထုတ်လိုက်တော့ သူကလည်း နင့်ရဲ့ အကူအညီကို ယူပြီး လျူကျိန်းရှင်းရဲ့ မကောင်းသတင်းကို ဖော်ထုတ်ချင်တယ်]
ယခုမှ ယန်ရှု နားလည်တော့သည်။
လျူကျိန်းရှင်းကဲ့သို့ ပုဂ္ဂိုလ်မျိုးသည်လည်း စုန့်ဟယ်ကျောင်းတော်အုပ်အဖြစ် မထိုက်တန်ချေ။ သို့သော် ဤကိစ္စမှာ စာအုပ်ထဲ ထည့်ရေး၍ ဖော်ထုတ်နိုင်ရန် မလုံလောက်သေးချေ။ အဘယ့်ကြောင့်ဆိုသော် လျူကျိန်းရှင်း၏ လာဘ်ပေး လာဘ်ယူမှုများမှာ ကြာခဲ့ပြီ ဖြစ်ပြီး နေပြည်တော်နှင့် ဝေးသော အရပ်၌ ဖြစ်ပျက်ခဲ့သောကြောင့် မတရားခံရသူများမှာ နီးနီးနားနား၌ ရှိမနေပေ။ သူမ ဇာတ်လမ်းထဲ ထည့်ရေးလျှင်ပင် မည်သူမှန်း ခန့်မှန်းနိုင်ကြမည် မဟုတ်ပေ။
မည်သို့ပင်ဆိုစေ… လာဘ်ပေး လာဘ်ယူမှုဆိုသည်မှာ တရားဥပဒေကို ချိုးဖောက်ခြင်း ဖြစ်သည်။ ထို့ကြောင့် ပြည့်ရှင်မင်းကြီးကို တိုက်ရိုက် ကိုင်တွယ်ခိုင်းသည်က ပို၍ ထိရောက်ပေလိမ့်မည်။
ထို့နောက် ယန်ရှုက ရန်တုန်းအား စာတစ်စောင် ပေး၍ ပြောသည်။
“ဒီစာကို ချန်မင် နန်းဆောင်ကို သွားပြီး ပို့ပေး… ပြီးရင် မင်းကြီးကို လျှောက်တင်ပါ… ဒီထဲမှာ ရေးထားတာတွေက ကိုယ်လုပ်တော်ယီ ကိုယ်တိုင် ဟုတ်မှန်ကြောင်း အတည်ပြုထားတဲ့ အကြောင်းအရာတွေ ဖြစ်ကြောင်း လျှောက်ပေးပါ”
ရန်တုန်းက နာခံလိုက်ပြီး ချန်မင်နန်းဆောင်သို့ စာကို ပို့ရန် ထွက်သွားလေသည်။
များမကြာမီ ချန်မင်နန်းဆောင်ရှိ ဧကရာဇ် မင်းကြီးမှာ သူ၏ ချစ်လှစွာသော ကိုယ်လုပ်တော်ယီ ပို့လိုက်သည့် ပစ်စာကို ဖတ်ရလေသည်။
“...”
နောက်ထပ် တစ်စောင် ထပ်ရောက်လာပြန်ပြီပေါ့။
ဒီလို လူမျိုးတွေ ဘယ်လိုလုပ်များ ဒီလို အဆင့် ဒီလို နေရာကို ရောက်လာကြတာလဲ။
နန်းတွင်း ဝမ်ယွမ် နားနေဆောင်ကိုတောင် ဒီလူတွေက ဂုဏ်တွေ မာန်တွေ ဝင့်ချီပြီး ဝင်လာရဲသေး… ပြည့်ရှင် မင်းကြီးဖြစ်သည့် သူ့ရှေ့မှာ အကျင့် သိက္ခာ သမာဓိတွေ အကြောင်း ကြီးကြီးကျယ်ကျယ်တွေလည်း ဟောရဲကြသေး… တော်တော် မျက်နှာပြောင်တဲ့ လူတွေ…။
141 03
ယွီဝိန်းလန်မှာ ဒေါသဖြစ်စွာဖြင့် တော်ဝင် အထူးစုံစမ်း စစ်ဆေးရေးဌာနမှ အကြီးအကဲအား ဆင့်ခေါ်ကာ စာပါ အကြောင်းအရာများနှင့် စပ်လျဉ်း၍ စုံစမ်း စေသည်။
ဆယ်နှစ် မကလို့ အနှစ် နှစ်ဆယ် ကြာပြီးရင်တောင် တရားဥပဒေအား လက်တလုံးခြားလုပ် ပြက်ရယ်ပြုသူများအား သူ အေးဆေး လွှတ်ထားမည်မဟုတ်ပေ။
သူ့အတွက် အဆင်ပြေသွားသည်မှာ လျူကျိန်းရှင်းသည် ထင်သလောက် အရည်အချင်း ပြည့်မှီမှု မရှိသဖြင့် ကျောင်းတော်အုပ် အဖြစ် ရွေးချယ်ရန် ထည့်မစဉ်းစားထားချေ။
သို့သော်လည်း…
ပစ်စာများ တစ်စောင်ပြီး တစ်စောင် အဘယ့်ကြောင့် ရောက်လာရသနည်း။
သခင်လေး ရှောင်ယောင်းကို အထူးစုံစမ်း စစ်ဆေးရေးဌာနမှ အရာရှိဟု သူတို့က ယူဆနေကြသလော။
~~
သူ့အထင် မှန်ပုံ ရသည်။
အဘယ့်ကြောင့်ဆိုသော် ရက်အနည်းငယ် အကြာတွင် ချစ်လှစွာသော ကိုယ်လုပ်တော်ယီထံမှ နောက်ထပ် ပစ်စာ တစ်စောင် ထပ်ရောက်လာပြန်သည်။
စုန့်ရှန်း မြို့မှ နာမည်ကျော်ကြားသည့် ကျောင်းတော်သား လုကောင်းကျီမှာ သူ၏ နာမည်ကို အသုံးချ၍ နယ်မှလာသည့် စာသင်သားများထံမှ ငွေကို လိမ်ယူခဲ့သည်။ ထိုအခါ နယ်ခံ ရွာသူ ရွာသားများက စိတ်ဆိုး ဒေါသထွက်၍ ရုံးတော်သို့ တိုင်ကြားလေသည်။ ဖြောင့်မတ် မှန်ကန်သည့် နယ်ဝန်က သူ့အား ရုံးတော်၌ ဆူပူ ကြိမ်းမောင်းလိုက်သည်။ သူက အရှက်ကွဲသွားသည့်အတွက် နယ်ဝန်၏ အထက် အရာရှိအား လာဘ်ထိုးကာ မကောင်းသွေးထိုးလေရာ ထိုနယ်ဝန်မှာ ရာထူးမှ အကြောင်းမဲ့ နှုတ်ခြင်း ခံရလေသည်။
ယွီဝိန်းလန် - “...”
သူ ဒေါသ ဖြစ်လွန်းသဖြင့် စားပွဲကိုပင် ထုလိုက်မိသည်။
ထိုသို့ ဒေါသ ဖြစ်ပြီးသည်နှင့် ချက်ခြင်းပင် စုံစမ်း စစ်ဆေးရန် လူချက်ခြင်း လွှတ်လိုက်သည်။ ကံကောင်းသည်မှာ အခင်းဖြစ်ပွားရာ ဒေသမှာ သိပ်မဝေးသဖြင့် ရက်အနည်းငယ် အကြာ၌ပင် အကြောင်းစုံကို သိရလေသည်။
သူက အထူး စုံစမ်း စစ်ဆေးရေး မူးမတ်များအား စစ်ဆေးပြီးသည်နှင့် တန်းအပြစ်ပေးရန် မှာလိုက်သဖြင့် မူးမတ်တို့က တရားခံနှင့် လာဘ်စားသူ မင်းမှုထမ်းများအား ထိုဒေသ၌ပင် အပြစ်ပေး အရေးယူခဲ့ကြသည်။
ထို့အပြင် မင်းကြီးက ဓလေ့ထုံးတမ်းရေးရာ ဌာနမှ အကြီးအကဲအား သေချာ စစ်ဆေးမှု မရှိဘဲ ဤကွန်းဖြူရှပ် ကျောင်းတော်သားများအား ဖိတ်ကြားမှုဖြင့် ဆူပူလိုက်ပြီး နောက်ထပ် မည်သူများအား ပေကျင်းသို့ ဆင့်ခေါ်ထားသည်ကို မေးမြန်း စစ်ဆေးရသည်။
ထိုနေ့ညတွင်တော့ ယွီဝိန်းလန်တစ်ယောက် ကန်လုနန်းဆောင်သို့ လှည့်လာသည်။
ယန်ရှုမှာ အခုရက်ပိုင်း ဖရဲသီးများ ဆက်တိုက် စားနေရသဖြင့် မင်းကြီး အခုတလော စိတ်ဆိုးနေသည်ကို ခံစားမိသည်။ ထို့ကြောင့် ရောက်လာသည်နှင့် စိတ်ငြိမ်စေသည့် လက်ဖက်ရည်ကြမ်းဖြင့် တည်ခင်း ဧည့်ခံလေသည်။
141 04
“နည်းနည်းတော့ ပူပါလိမ့်မယ် အရှင်မင်းကြီး… ဒီ လက်ဖက်ခြောက်က စိတ်ကိုငြိမ်စေတယ်… သောက်လိုက်ရင် အရှင်မင်းကြီးရဲ့ သောကတွေ ငြိမ်းလာပါလိမ့်မယ်”
ယွီဝိန်းလန်က ညည်းလိုက်ပြီး လက်ဖက်ရည်ကြမ်း တစ်ခွက်လုံးကို တကျိုက်တည်း သောက်ချလိုက်သည်။
ယန်ရှု - “...”
မင်းကြီး၏ မျက်နှာထားမှာ အေးစက်နေဆဲပင် ဖြစ်သည်။
ယန်ရှုမှာ မင်းကြီး၏ ဝတ်ရုံတော်အား ကူချွတ်ပေးသည်။ ပြီးနောက် နောက်မှီထိုင်ခုံတွင် အေးအေးသာသာ ထိုင်စေပြီး အားပေးသည်။
“အရှင်မင်းကြီးရယ်… ဟိုး ရှေးယခင်ကတည်းက ဒီလို မျက်နှာနှစ်ဖက်နဲ့ လူတွေ ရှိခဲ့တာပဲလေ… အခုလူတွေ တခြားလူတွေကို ဆက်ပြီး ဒုက္ခမပေးနိုင်ခင် ကိုယ်က သူတို့ကို မြင်တွေ့လိုက်ရတာက ပိုကောင်းတာပေါ့… အရှင်မင်းကြီး အရမ်းလည်း စိတ်ဆိုးမနေပါနဲ့… အရှင်မင်းကြီးကိုယ်တိုင် အရင်တုန်းကတောင် ဒီလောကမှာ လူဆိုးတွေ မရှိဘူးလို့ မငြင်းနိုင်ဘူးမဟုတ်လား”
ယွီဝိန်းလန် သက်ပြင်းချမိသည်။
ယန်ရှုပြောသည်မှာ မှန်သော်လည်း မိမိမှာ ပြည့်ရှင် မင်းကြီးတစ်ယောက် အနေဖြင့် စိတ်ကတော့ ဆိုးမိသည်။ ဤသည်ကို တွေ့မြင်ရသည့်အခါ ယန်ရှုက စုန့်ဟယ်ကျောင်းတော်အတွက် လူရွေးရခက်နေသည်ဟု ထင်သဖြင့် အားပေးလိုက်သည်။
“ဘယ်ဟာမှ ထင်သလောက်ကြီး အရေးမကြီးပါဘူး အရှင်မင်းကြီးရဲ့… အခု ကျောင်းအုပ်လောင်းရွေးတဲ့သူတွေထဲက လူလေးယောက်လောက် လျော့သွားပေမဲ့ နောက်မှာ အများကြီး ကျန်ပါသေးတယ်… အဲဒါကြောင့် သင့်တော်တဲ့သူကို အေးအေးဆေးဆေး ရွေးလို့ရပါသေးတယ်”
ထိုသို့ပြောလိုက်သော်လည်း လူဘယ်နှယောက်ကျန်ကျန် သူမအမြင်တွင် ချီလူကြီးမင်း သာလျှင် ကျောင်းတော်အုပ်အဖြစ် အသင့်တော်ဆုံးဟု ယူဆသည်။
အရည်အချင်း အစစ်အမှန်ရှိပြီး ဗဟုသုတ ပြည့်စုံသည့်အပြင် အကျင့်စာရိတ္တနှင့် ပတ်သက်၍လည်း အပြစ်ပြောစရာမရှိပေ။ အရေးကြီးဆုံးအချက်မှာ မယ်တော်ကြီးနှင့်လည်း အရင်ကတည်းက ရင်းနှီးသူဖြစ်နေခြင်း ဖြစ်သည်။
သူသာ မြို့တော်တွင် နေဖြစ်လျှင် မယ်တော်ကြီးနှင့် မပေါင်းဖက်ရသည့်တိုင် တစ်ယောက် အကြောင်း တစ်ယောက် စုံစမ်းရန် မခက်ခဲတော့သည့်အပြင် မကြာ မကြာ ဆုံတွေ့ခွင့်လည်း ရမည်ဖြစ်သည်။ ဤသည်မှာ ဝေးနေသည်ထက် ပို၍ ကောင်းသည် မဟုတ်ပါလား။
ယန်ရှုမှာ ထိုသို့ တွေးလိုက်သည့်အခါ ကြေကွဲ ဝမ်းနည်းလာသလို ခံစားရပြီး ငိုချင်လာလေသည်။
တိတ်တဆိတ်နားထောင်နေသည့် ယွီဝိန်လန်း - “...”
သူမကတော့လေ… ဝတ္ထုတွေ နင်းကန်ရေး… ဖရဲသီးတွေ နေ့တိုင်းစားပြီး မအားမလပ်ဖြစ်နေတာတောင် သူများအတွက် ငိုဖို့ အချိန်ရသေးတာလား…။
အားတဲ့အချိန်လေး သူ့အကြောင်း တွေးဖို့တောင် သတိရရဲ့လား။
သူမ ဘာမျှ မပြောရသေးခင် သူက ပြောလိုက်သည်။
“တကယ်က ငါကိုယ်တော် အဆင်ပြေဆုံး ဖြစ်မဲ့ နာမည်ကျော် ကျောင်းတော်သားလေးယောက်ကို ရွေးထားပြီးသားပါ…။ သူတို့က ကျင်းလင်က လူကြီးမင်း ကျီ… လန်းလင် က သခင် ကု… နန်ယန်က သခင်ယွိ နဲ့ လန်ယာက သခင် ချီ တို့ လေးယောက်ပေါ့”
ချီ၏ နာမည်ကြားလိုက်သောအခါ သူမက ချောင်းကို တမင်ဆိုးလိုက်၍
“အဲဒီ ချီဆိုတဲ့ လူကြီးမင်းက အရမ်းတော်တာပဲနော်…။ သူစကားပြောရင် အရမ်း တည်ငြိမ်ပြီး ကျက်သရေ ရှိတာပဲ…။ ကြည့်ရုံနဲ့တင် နောက်ကြောင်းခိုင်မဲ့ လူမျိုးမှန်း သိသာတယ်…။ ကျွန်မကြားဖူးတာ သူက အရင်ကလည်း ကျုံးကျိ နန်းဆောင်က တက္ကသိုလ် ကျောင်းတော်သားတဲ့ ဟုတ်လား။ သူဆိုရင် ကျောင်းတော်အုပ်အဖြစ် တော်တော်ကြီးကို သင့်တော်မယ်ထင်တယ်နော်”
သူမက ပြောရင်း သူ့ဖက်ကို မကြာမကြာ မျှော်လင့်တကြီးဖြင့် ကြည့်နေသည်။
“အရှင်မင်းကြီးရော သူ့ကို သဘောမကျဘူးလားဟင်”
ယွီဝိန်းလန်က ဘာမျှ မှတ်ချက်မပေးဘဲ ပြောသည်။
141 05
“သူက ကျောင်းအုပ် လုပ်ဖို့ စိတ်ကူးမရှိဘူးလို့ ကြားတယ်…။ ပြီးတာနဲ့ နယ်ဖက်ကို ပြန်မယ် ပြောတာပဲ”
ယန်ရှုက အထွန့်တက်လိုက်သည်။
“အဲဒီလိုကတော့ တခြားသူတွေလည်း ပြန်ရမှာပဲလေ…။ တခြားသူတွေမှာက သူတို့ စောင့်ရှောက်ရမဲ့ အိမ်ထောင်တွေနဲ့… လူကြီးမင်းချီက တစ်ယောက်တည်းသမားပဲကို… သူက ဒီမှာနေဖို့ ပိုတောင် သင့်တော်တာ မဟုတ်လား”
ယွီဝိန်းလန်က အခုထိ ဘာမျှ မှတ်ချက်မပြုသေး။ သူတွေးကြည့်သည်။ ချီရှုကွမ်းမှာ နှစ်ပေါင်းကြာနေသည့်တိုင် အိမ်ထောင် မပြုဘဲ ရှိနေသေးသဖြင့် မယ်တော်ကြီးအား သတိရနေသေးသောကြောင့် ဖြစ်နိုင်မလားဟု တွေးမိသည်။
ယောက်ျားတစ်ယောက်ဟာ သူမမှီနိုင်တဲ့ မိန်းမတစ်ယောက်အတွက် တကယ်ပဲ အချိန်တွေ အများကြီး စောင့်နိုင်သလား။
ဤအတွေးများကို ထုတ်မပြောတော့ဘဲ သိမ်းထားလိုက်တော့သည်။
တကယ်လို့သာ ယန်ရှုကရော ငါ့ဇနီး မဖြစ်ခဲ့ရင်…
အိုး… တွေးတောင် မတွေးချင်…။
ဒီလောက် ချစ်စရာကောင်းသည့် သူမကို သူများလက်ထဲ ရောက်သွားမှာကို စိတ်ကူးနှင့်တောင် မတွေးနိုင်ပေ။
ထို့ကြောင့် ဘာမျှ မတွေးတော့ပဲ သူမအား လက်မောင်းအတွင်းသို့ ဆွဲယူ ပွေ့ဖက်လိုက်ကာ နမ်းလိုက်မိလေတော့သည်။
ငါ့ကို အကျင့်မကောင်းတဲ့သူလို့ ထင်ချင်လည်း ထင်ပေါ့ … ဒီလို ညမျိုးတော့ အလကား အဖြစ်မခံနိုင်ဘူး…။
ထင်မှတ်မထားသည့် အနမ်းများကြောင့် ယန်ရှု မျော့သွားမတတ် ခံစားလိုက်ရသည်။
မကြာမီ သူမကိုယ်တိုင်ကလည်း ကျေနပ်စွာ ပြန်လက်ခံမိတော့သည်။
အဟဲ… ငါ့မှာ အခုတလော ဖရဲသီးတွေချည်း စားနေတော့ အသားဟင်းလည်း စားကောင်းတယ်ဆိုတာ မေ့တော့မလိုဖြစ်နေပြီ…။
ဟီဟီ…။
~~
ညက ချစ်ကြည်နူးခဲ့ပြီးသည့်နောက် ယန်ရှုမှာ နောက်တစ်နေ့ မွန်းတည့်ချိန်အထိ အိပ်ကောင်းနေတော့သည်။
နိုးလာသည့်အခါ မျက်နှာသစ် ဆေးကြောသန့်စင်ပြီး ဖွယ်ဖွယ်ရာရာ ပို့လာသည့် မနက်စာကို စားသောက်လေသည်။ ထို့နောက် ဖုဟိုင်က ပို့စာများ ယူလာသည့်အခါ ဒီနေ့အဖို့ ဘာတွေ လုပ်ရမလဲ တွေးလိုက်မိသည်။
ဟင်း…
အခုတလော သူ့ စာအုပ် အသစ်တွေ အထွက်များတော့ စာဖတ်သူတွေကလည်း စိတ်အား တက်ကြွနေကြသည်။ ထို့ကြောင့် ပို့စာများမှာလည်း ယခင်လကထက် နှစ်ဆ ပိုများလာသည်။
ထိုစာများ အကြားတွင် သူမထံ တိုင်ကြားလာသည့် စာများလည်း ပါလာတတ်သည်။
ထို့ကြောင့် သူမမှာ အလွန် စိတ်အား တက်ကြွလာပြီး စာများကို အမြန်ပင် ဖတ်ရှုလေတော့သည်။
တထိုင်တည်းနှင့်ပင် ဆယ့်နှစ်စောင်ခန့် ဖတ်ပစ်လိုက်သည်။ အားလုံးမှာ သာမန် စာဖတ် ပရိတ်သက်များမှ ရေးသည့် စာများ ဖြစ်ကြသည်။
နောက်ဆုံးတစ်စောင်ပြီးလျှင် ခြေဆန့် လက်ဆန့်လုပ်မည်ဟု တွေးကာ ဖွင့်လိုက်သည့်အခါ သူမမှာ ပါးစပ် အဟောင်းသားဖြစ်သွားရတော့သည်။
ထိုစာမှာ ပစ်စာ တစ်စောင် ဖြစ်သည်။
141 06
ပစ်စာထဲတွင် တိုင်ကြားခံထားရသူမှာ အခြားသူမဟုတ် သူမ အထင်ကြီး လေးစားရသူ ချီရှုကွမ်းပင် ဖြစ်လေတော့သည်။
စာထဲတွင် ရေးထားသည်မှာ - ချီရှုကွမ်းသည် လွန်ခဲ့သည့် နှစ် နှစ်ခန့်က သူချမ်းသာတစ်ယောက်ထံမှ ကိုယ်လုပ်တော် တစ်ယောက်ကို ဝယ်ခဲ့သည် ဟူ၍ ဖြစ်သည်။
ယန်ရှု - “…”
မဟုတ်သေးပါဘူး…။ လူကြီးမင်း ချီက လူလွတ်တစ်ယောက်ပါ…။ သူက ဘာလို့ ကိုယ်လုပ်တော်ကို ဝယ်ရမှာလဲ။
သူမ စစ်စတန်ကို ခေါ်လိုက်သည်။
[တန်တန်ရေ… ဒီစာက ဘာသဘောတုန်း။ ငါ့ အိုင်ဒေါကို အခြောက်တိုက် စွပ်စွဲနေတာလား။]
ထိုအခါ စစ်စတန်က ပြောသည်။
[အခြောက်တိုက် စွပ်စွဲတယ်လို့တော့ ပြောလို့မရဘူး… ချီရှုကွမ်က တကယ်လည်း သူဋ္ဌေးတစ်ယောက်ဆီကနေ ကိုယ်လုပ်တော်တစ်ယောက်ကို ဝယ်ထားတာ… ဖုန်းချွေ့မှာ လွန်ခဲ့တဲ့ နှစ်နှစ်လောက်ကပေါ့…။ ဒါပေမဲ့ အဲဒီကောင်မလေးက သူ့မိတ်ဆွေတစ်ယောက်ရဲ့ သမီးပါ… သူက တမင် တဏှာစိတ်နဲ့ ဝယ်တာ မဟုတ်ဘူး]
ယန်ရှုက အသဲအသန် မေးလိုက်သည်။
[အဲဒါက ဘာတွေ ဘယ်လို ဖြစ်ထားလို့လဲ။ ငါ့ကို အသေးစိတ် အမြန် ပြောပြစမ်းပါအေ… တန်းလန်း မထားပါနဲ့]
စစ်စတန်က ဆက်ရှင်းပြသည်။
[စာသင်သားဘဝတုန်းက လူကြီးမင်း ချီမှာ သူငယ်ချင်းတစ်ယောက် ရှိခဲ့ဖူးတယ်…။ သူ့နာမည်က ပီဇစ်မော့ လို့ ခေါ်တယ်…။ သူတို့နှစ်ယောက် နန်းတွင်း စာစစ်ပွဲကို အတူဝင်ဖြေကြရာမှာ ချီ ကအဆင့် ဒုတိယနဲ့ အောင်ပြီး ဟန်လင်း ကျောင်းတော်ကို ရောက်သွားတယ်… သူ့အတန်းဖော်ပီလည်း အောင်သွားပြီး ဖုန်းချွေ့ မှာ မူးမတ်ငယ် အဖြစ် တာဝန်ကျသွားတယ်… အတန်းဖော်ပီက လူကောင်းတစ်ယောက်… ဒါပေမဲ့ အသက်တော့ မရှည်ရှာဘူး… ဆယ်နှစ်လောက် တာဝန်ထမ်းဆောင်ပြီးတဲ့အခါ နယ်မှာပဲ ဆုံးသွားခဲ့တယ်… သူဆုံးသွားတော့ သူ့ကလေးတွေနဲ့ ဇနီး ကျန်ခဲ့တာပေါ့]
[ပီဇစ်မော့ က ရိုးသားတဲ့ မူးမတ်တစ်ယောက် ဖြစ်တဲ့အတွက် တာဝန်ကျနေတဲ့အချိန်မှာ အပိုငွေ မရှာလို့ စုမိ ဆောင်းမိ မရှိဘူး… သူ့မိသားစုကလည်း ဆင်းရဲသထက် ဆင်းရဲလာတယ်… သူ့သားကလည်း ပညာရည် မချွန်ဘူး… အဲဒါကြောင့် အရွယ်ရောက်လာတဲ့အခါ မိန်းမယူဖို့တောင် တင်တောင်းဖို့ ပိုက်ဆံ မရှိရှာဘူး]
[ဒါပေမဲ့ အငယ်ဆုံး သမီးမိန်းကလေးကတော့ တော်တော် လှရှာတယ်… အဲဒီ ကောင်မလေးလည်း အရွယ်ရောက်လာရော ဖုန်းချွေ့ နယ်ခံ သူဋ္ဌေးတစ်ယောက်က မျက်စိကျသွားတယ်… အဲဒီ သူဋ္ဌေးက ပီဇစ်မော့ရဲ့ သားဖြစ်သူနဲ့ ညှိပြီးတော့ ငွေသား ငါးရာပေးပြီး အဲဒီမိန်းခလေးကို ကိုယ်လုပ်တော်အဖြစ် ဝယ်လိုက်တယ်]
ထိုသို့ ကြားလိုက်သည့်အခါ ယန်ရှုမှာ ရွံသွားမိသည်။
[ဘယ်လို အစ်ကိုလဲဟာ…။ မိန်းမ ယူဖို့လည်း ပိုက်ဆံ မစုနိုင်တဲ့အပြင် ကိုယ့်အတွက်ကိုတောင် ပိုက်ဆံမရှာနိုင်တဲ့ ယောက်ျား… ညီမ ဖြစ်သူကိုကျ ရောင်းစားသတဲ့လား။]
စစ်စတန် - [ဟုတ်ပအေ… အထူးသဖြင့် သူဋ္ဌေးဆိုတဲ့ လူက အသက် လေးဆယ် အရွယ်… သူ့အဖေနဲ့ အရွယ်တူနီးပါးပဲ… သူ့ညီမက ဘယ်ယူချင်ပါ့မလဲ။ ဒါပေမဲ့ ဘာမှ မတတ်နိုင်ဘူးလေ… တနေ့ကျတော့ ချီ လူကြီးမင်းက အဲဒီနယ်ဖက် ကိစ္စတစ်ခုနဲ့ ရောက်သွားတဲ့အချိန် ပီမိသားစုကိုပါ ဝင်တွေ့တာပေါ့… အဲဒီမှာ အခုလို ကိစ္စတွေကို သိသွားတော့ သူ့ သူငယ်ချင်း ကိုယ်စား တော်တော် စိတ်မကောင်းဖြစ်သွားရတယ်]
[ပီ မိန်းကလေးကလည်း သူလာမဲ့သတင်းကို ကြားလိုက်ရတော့ ကယ်တင်ပေးဖို့ အကူအညီတောင်းတာပေါ့…။ အဲဒီမှာ ချီ လူကြီးမင်းက သူဋ္ဌေးဖြစ်သူနဲ့ ဆွေးနွေးကြည့်တယ်…။ အစကတော့ လူ တဖက်သားကို စာနာဖို့ သနားဖို့ အကျိုးအကြောင်း ပြောပြ စည်းရုံးဖို့ ကြိုးစားတာပဲ။ ဒါပေမဲ့ သူဋ္ဌေးဆိုတဲ့ ပုဂ္ဂိုလ်က ငွေသား ရှစ်ရာပေးမှ ရမယ်ဆိုပြီးပြောတယ်…။ ငွေသား ရှစ်ရာ ရရင် မိန်းကလေးကို လွတ်လပ်ခွင့် ပေးမယ်လို့ ပြောလာတယ်]
ယန်ရှုမှာ ထိုသူ၏ လောဘကို ရွံရှာမိလေသည်။
“ရှစ်ရာတောင် တောင်းတယ် ဟုတ်လား။ တော်တော် အမြတ်ထုတ်တဲ့ လူပဲ… တကယ် စိတ်ပျက်စရာကြီးပါကွာ… အဲဒါနဲ့ လူကြီးမင်းချီက ပေးလိုက်ရောလား”
ဟု သူမက နည်းနည်း စိတ်ပူသလို ဖြစ်ကာ မေးလိုက်မိသည်။ အဘယ့်ကြောင့်ဆိုသော် သူမ၏ အိုင်ဒေါဖြစ်သူ ချီ လူကြီးမင်းမှာ ချမ်းသာပုံ မရသောကြောင့် ဖြစ်သည်။
141 07
စစ်စတန်က ပြောသည်။
[ချီလူကြီးမင်းမှာက အဲဒီလောက် ပိုက်ဆံ မရှိဘူးလေ… ဒါပေမဲ့ သူ ကယ်မှ ဖြစ်မှာဆိုတော့ ဟိုနား ဒီနားက လူတွေဆီကနေ ငွေလေး အလှူခံပြီးစု… ပြီးတော့ သူ ဟိုးအရင်ကတည်းက သိမ်းထားတဲ့ နာမည်ကြီး ပန်းချီကားနှစ်ချပ်ကို ထုတ်ရောင်း စသဖြင့် စုလိုက်တာ ရှစ်ရာပြည့်သွားရော… အဲဒါနဲ့ ပီ မိန်းကလေးကို ပြန်ဝယ်လိုက်တယ်]
[ဒါပေမဲ့ သူက တကိုယ်တည်းသမားဆိုတော့ မိန်းကလေးကို ခေါ်ထားလို့ မဖြစ်ဘူး… အဲဒါနဲ့ သူနဲ့အတူ ပိုက်ဆံ ကူစုပေးတဲ့ ကျေးတောသားတစ်ယောက်ဆီ အပ်ခဲ့လိုက်တယ်… အဲဒီ ကျေးတောသားကိုတော့ သူဟာ မိန်းကလေးရဲ့ မွေးစား အဖေလို့ အသိပေးထားခဲ့တယ်… နောက်တော့ အဲဒီကျေးတောသားက အားကိုးလို့ ထိုက်မဲ့သူကို လိုက်ရှာပေးပြီး လူကြီးမင်း ချီကလည်း သူ့ရဲ့ မွေးစားသမီး လက်ထပ်ချင်စိတ် ရှိတဲ့အခါ အဲဒီကောင်လေးနဲ့ လက်ထပ်ပေးလိုက်တယ်။ အခုဆိုရင် နှစ်နှစ်တောင် ရှိပြီ… အဲဒီ စုံတွဲမှာ အဆင်ပြေပြေနဲ့ ပျော်လို့… သားလေးတစ်ယောက်လည်း ရထားပြီ… သူတို့ ဘဝက သာသာယာယာပဲ။]
ယန်ရှုမှာ အခုမှ စိတ်သက်သာရာ ရသွားပြီး သက်ပြင်းချလိုက်မိသည်။ သူမ ပို၍ပင် လေးစားလာမိသည်။
[ငါ့ အိုင်ဒေါရဲ့ စိတ်ဓါတ်က တကယ့်ကို လေးစားစရာပဲ]
တချို့နေရာများတွင် သူမ၏ အိုင်ဒေါသည် သူမ၏ [ခပ်ရိုးရိုး ခပ်အအ အဖေ]နှင့်ပင် တူသည်ဟုပင် ထင်မိသည်။
ဒါနဲ့ ဒီစာကို ဘယ်သူ ရေးပြီး ပို့တာလဲ။
ရေးတဲ့သူက ဒီအကြောင်းတွေကိုရော သိရဲ့လား။ နည်းနည်းပဲ သိပြီး ဒီလို ရေးတာလား။
ဘာလို့ ဇာတ်ကြောင်းတစ်ခုလုံး မရေးထားရတာလဲ။
စစ်စတန်
[ဒီစာကို ရေးတဲ့သူက ပိုင်းမာ ကျောင်းတော်က အန်ဟုန်ရှန်း ဆိုတဲ့ ကျောင်းတော်သားက ရေးပို့လာတာ… ဒီလူက ဖုန်းချွေ့က မဟုတ်ဘူး… ချီလူကြီးမင်း ပိုက်ဆံ စုတဲ့ ရည်ရွယ်ချက်ကိုလည်း သူ သိပုံရတယ်… အခုလို သူ ရေးပို့တာက ချီ လူကြီးမင်းရဲ့ ဂုဏ်သိက္ခာ ထိခိုက်အောင် လုပ်ချင်လို့ ဖြစ်ပုံရတယ်… ဟုတ်တယ်လေ… အခုအချိန်မှာ ချီ လူကြီးမင်းက ကျောင်းတော်အုပ်နေရာ အသင့်တော်ဆုံး ဖြစ်နေတာကိုး]
ယန်ရှုမှာ ဒေါသထွက်သွားရသည်။
[အကြောင်းစုံ သိရဲ့သားနဲ့တောင် ဒီလို ရေးရသလား… မကူညီချင်နေပေါ့ သူတပါး သိက္ခာကျအောင် ကြံစည်ရသလားဟ။]
ဒီလို အကျင့်ပုတ်တဲ့သူကို ငါ ခွင့်လွှတ်မှာ မဟုတ်ဘူး!!!
******