အခန်း (၁၆၀-၁၆၂)
Vol. 11 Ch. 160-162
160 01
Chapter 160
ဘာ...။
မင်းသား ကောင်းလိ အလုပ်ကြံခံရတယ်။
ယွီဝိန်းလန်မှာ ထိုသို့ ကြားလိုက်ရသည့်အခါ အိပ်နေရာမှ ထထိုင်လိုက်မိသည်။ ထို့နောက် အိပ်ယာပေါ်မှ ဆင်းကာ အပြင် အခန်းဆောင်ဖက်သို့ ထွက်လာသည်။ ထို့နောက် ပြောလိုက်သည်။
“ဘာတွေ ဖြစ်ကုန်တာလဲ။ အထဲကို ဝင်လာပြီး သတင်းပို့စမ်း”
ထိုအခါ ဖုဟိုင်က တံခါးကို ဖွင့်ကာ ခန်းဆောင်အတွင်းသို့ ဝင်လာပြီး စိုးရိမ်စွာဖြင့် ပြောတော့သည်။
“အရှင်မင်းကြီး... သံတမန် ဧည့်ဂေဟာ ကာကွယ်ရေး လက်ထောက် တပ်မှူးကြီးရဲ့ သတင်းပို့ချက်အရ အထူးကိုယ်စားလှယ် ဧည့်ဂေဟာမှာ ဒီည သွေးစွန်းတဲ့ ဖြစ်ရပ် ဖြစ်သွားခဲ့ပါတယ်...။ ညစောင့် ရဲမတ်တွေ ကင်းလှည့်အပြီးမှာ အော်သံ ဟစ်သံတွေ ကြားလိုက်လို့ စစ်ဆေးကြည့်တဲ့အခါမှာ မင်းသား ကောင်းလိရဲ့ ဝမ်းဗိုက်မှာ ဓါးဒဏ်ရာနဲ့ တွေ့လိုက်ကြပါတယ်...။ ကြမ်းပြင်ပေါ်မှာလည်း သွေးတွေရွှဲနေပါတယ်”
ဗိုက်မှာ ဓါးဒဏ်ရာနဲ့။
ယွီဝိန်းလန်က ပူပန်စွာဖြင့် မေးလိုက်သည်။
“အခု သူဘယ်လို နေသေးလဲ”
ဖုဟိုင်က အလျင်အမြန်ပင် ပြန်ဖြေသည်။
“စခန်းမှာ တာဝန်ကျတဲ့ သမားတော်က အခု ကုသပေးနေပါတယ်..။. ဒါပေမဲ့ သွေးထွက်တာ နည်းနည်းများနေတော့ အသက်ဘေး ထိခိုက်နိုင်ချေ များနေပါတယ်”
အသက်ဘေးတောင် ထိခိုက်နိုင်တယ် ဟုတ်လား။
ယွီဝိန်းလန် မျက်မှောင် ကြုတ်လိုက်မိသည်။
...
ထိုအချိန်၌ပင် အတွင်း ခန်းဆောင်ရှိ သားမွှေးခုံရှည်ပေါ်၌ ယန်ရှုမှာ အိပ်ချင်မူးတူးဖြင့် ရှိနေသည်။ သူမက တဖက်ကို လှည့်၍ ပြန်အိပ်ရန်ကြံလိုက်စဉ် စစ်စတန်ထံမှ ဒင် ဟူသည့် အသံကို ကြားလိုက်ရသည်။
[ဟဲ့... မင်းသား ကောင်းလိ ဓါးထိုးခံရတယ်တဲ့... ဖရဲသီးစားချင်စိတ် မပေါက်ဘူးလား]
ဘာ... ဘာ...မင်းသား ကောင်းလိ ဓါးထိုးခံရတယ်>
ထိုသို့ ကြားလိုက်သည့်အခါ သူမမှာ ငေါက်ခနဲ ထထိုင်လေသည်။ ထို့နောက် မျက်လုံးမှာလည်း ပြူးသွားပြီး ပြောတော့သည်။
[အဟေး... စားမယ်... စားမယ်... စားမယ်... ပြောစမ်း... ဘယ်လို ဖြစ်သွားတာလဲ]
---- ကောင်းလိမင်းသမီးက အစေခံကို ပြန်လွှတ်လို့ မရတော့ ဒဲ့ဖြေရှင်းတဲ့ အနေနဲ့ သူ့ယောက်ျားကို ဓါးနဲ့ ထိုးပစ်တာလား။
သို့သော် စစ်စတန်က
[အဲလို ဘယ်လုပ်လို့ ရမှာလဲ... ကောင်းလိမင်းသမီးက သေချင်စိတ် ပေါက်နေမှ အဲဒီလို ထလုပ်လိမ့်မယ်... အဲဒါတင် မကဘူး အနားမှာ ရှိနေတဲ့သူတွေကလည်း မင်းသမီးအပေါ် သိပ်ပြီး သစ္စာရှိကြတာ မဟုတ်တော့ မင်းသမီးအတွက် အိမ်ရှေ့မင်းသားကို ဘယ်သူမှ ဓါးနဲ့ ထိုးပေးမှာ မဟုတ်ဘူး။ ပြီးတော့ မတော်တဆ ဓါးနဲ့ ထိုးကာမှ သေသွားရင် မုဆိုးမ ဖြစ်သွားမှာပေါ့ မဟုတ်ဘူးလား]
စစ်စတန်ပြောတာ သဘာဝ ကျသည်။ သို့သော် ယန်ရှုမှာ နားမလည်နိုင်သေးဘဲ ရှိနေသည်။
[အဲဒါဆို အခုက ဘယ်သူ့ လက်ချက်လဲ။ ကြေးစား လူသတ်သမား လက်ချက်တော့ မဟုတ်လောက်ပါဘူးနော်။]
စစ်စတန် - [တုန်းဝေါ်က လာတဲ့ ‘ကျားတပိုင်း မတပိုင်း’ နှစ်ယောက်ရဲ့ လက်ချက်... ကြေးစား လူသတ်သမားတွေ မဟုတ်ဘူး]
ဘာ။
‘ကျားတပိုင်း မတပိုင်း’ တွေရဲ့ လက်ချက် ဟုတ်လား။
ယန်ရှုမှာ ဆွံ့အသွားမိသည်။
[ဘာလို့ သူတို့က ကောင်းလိမင်းသားကို ဓါးနဲ့ ထိုးချင်ရတာလဲ။ သူတို့က ဘယ်လို တစ်ယောက်နဲ့ တစ်ယောက် ရင်းနှီးသွားကြတာလဲ။]
စစ်စတန် - [အဲဒီလူက တဏှာရူးပါဆို... နင်လည်း သိတာပဲ... မေးဖို့ လိုနေသေးလို့လား။]
ယန်ရှုမှာ ဘာမျှပင် မပြောနိုင်ပေ။
[ဒီ တဏှာရူး မင်းသားက ဟို ကျားတပိုင်း မတပိုင်းတွေကို သဘောကျနေတာလား။ အဲဒါကို အခွင့်ကောင်းယူပြီးတော့ အရှေ့တိုင်းပြည် ဂျပန်က ပြဿနာ တက်အောင်လို့ ဓါးနဲ့ ထိုးခိုင်းတာလား။]
စစ်စတန် [ဟုတ်တယ်... အဲဒီလိုပဲ... လီမင်းသားက အရင်နေ့ညက ဆုံလိုက်ရတဲ့ ကျားတပိုင်း မတပိုင်း နှစ်ယောက်ကို သဘောကျသွားတယ်...။ ဒါပေမဲ့ အရှင်မင်းကြီးကတော့ အဲဒီ နှစ်ယောက်ကို မခေါ်ဘူး။... အဲဒီမှာ မင်းသားက ဟိုနှစ်ယောက်ကို မြူဆွယ်ပြီးတော့ ဘယ်သူမှ မသိအောင် လူလစ်တဲ့အချိန် သူ့ နားနေတဲ့ တဲကို ခေါ်လိုက်တယ်..။. ပြီးတော့ သူက ဘာမှတောင် မလုပ်ရသေးဘူး။ ဟိုနှစ်ယောက်က မူမမှန်တာကို မင်းသားက ရိပ်မိသွားပြီး ကြောက်ပြီး အော်တာ..။. အဲဒါကို ဟို ကျားတပိုင်း မတပိုင်းတွေက ဓါးနဲ့ ထိုးလိုက်တာ...။ ကံကောင်းလို့ ကင်းစောင့်တဲက အစောင့်တွေ အသံကြားတာနဲ့ ချက်ခြင်း ရောက်လာလို့ သက်သာသွားတာ... မဟုတ်ရင် အဲဒီနေရာမှာတင် အသေ ဓါးနဲ့ ထိုးသတ်ခံလိုက်ရပြီ...]
ယန်ရှု - [.......]
ဟားဟား... အဲဒီကောင်က ကြောက်ပြီး ထအော်တယ် ဟုတ်လား။
စိတ်ထဲမှာတောင် ပုံပေါ်လာပြီ... အဟက် အဟက်။
160 02
သူမအနေနှင့် တွေးမိသည်မှာ ကောင်းလိမင်းသားမှာ ယခုလို အဖြစ်အပျက်ကို ပထမဆုံး ကြုံဖူးခြင်း ဖြစ်သဖြင့် အချိန်အတော်ကြာအထိ ထိတ်လန့်နေလောက်မည်ဟု တွေးမိသည်။
တော်သေးသည်မှာ သူမ၏ အရှင်မင်းကြီးမှာ ကံကောင်း၍ ကပ်လွတ်သွားခြင်း ဖြစ်ပေသည်။
ယန်ရှုက သက်ပြင်းချလိုက်ပြီး စစ်စတန်ကို မေးလိုက်သည်။
[ပြီးတော့ရော... ဘာဆက်ဖြစ်သေးလဲ။]
စစ်စတန် - [အခုတော့ ဒီလောက်ပဲ... ဟို မိစ္ဆာနှစ်ကောင်က လျင်တော့ အစောင့်တွေ အသံကြားတာနဲ့ ချက်ခြင်းပဲ ထွက်ပြေးသွားတာ...။ အစောင့် ရဲမတ်တွေက ဘယ်သူ့ လက်ချက်မှန်း ချက်ခြင်းမသိဘူး... အပြင်က ဝင်လာတဲ့ ကြေးစား လူသတ်သမား လို့ပဲ ထင်နေတာ]
ယန်ရှုမှာ လေပူတစ်ချက် မှုတ်ထုတ်လိုက်ပြီး ကောင်းတော့ မကောင်းဟု တွေးမိသည်။ မည်သို့ပင် ဆိုစေ ထိုတဏှာရူးမှာ မင်းသားတစ်ပါး ဖြစ်နေသောကြောင့် သူသာ တာ့လျန်ပြည်မှာ သေသွားခဲ့လျှင် ပြဿနာ အကြီးကြီး တက်သွားနိုင်သည် မဟုတ်ပါလား။
ထို့ကြောင့် သူမက စစ်စတန်အား မေးလိုက်သည်။
[အခု လီမင်းသား အခြေအနေက ဘယ်လိုရှိလဲ။]
စစ်စတန်က ပြန်ဖြေသည်။
[သွေးတွေကတော့ ထွက်နေတုန်းပဲ... မြန်မြန် မလုပ်ရင် သေသွားနိုင်လောက်တယ်]
ယန်ရှုမှာ ထိတ်လန့်သွားမိသည်။ ထို့ကြောင့် အိပ်ရာမှ ချက်ခြင်းထ၍ အပြင်ဖက် ခန်းဆောင်သို့ ပြေးထွက်လာမိသည်။ ထို့နောက် ယွီဝိန်းလန်အား အမြန် ပြောလိုက်သည်။
“အရှင်မင်းကြီး ... ကောင်းလိမင်းသား သေလို့ မဖြစ်ဘူး... လိုလိုမယ်မယ် သမားတော်ကျန်းကိုပါ သွားပြီး ကြည့်ခိုင်းလိုက်မှ ဖြစ်လိမ့်မယ်”
သူကလည်း ထိုကဲ့သို့ တွေးမိပြီးသားဖြစ်သည်...။ ထို့ကြောင့် ယွီဝိန်းလန်က ပြန်ပြောသည်။
“ငါကိုယ်တော်လည်း ခုဏကတင် လူလွှတ်ပြီး သမားတော်ကျန်းကို ခေါ်ခိုင်းထားလိုက်ပြီ”
ထိုအခါ ယန်ရှုက စိတ်သက်သာသွားသဖြင့် သက်ပြင်းချလိုက်တော့သည်။ သို့သော် ယွီဝိန်းလန်က အတွင်းခန်းဆောင်သို့ ပြန်ဝင်သွားပြီးနောက် သူမအား ဆက်ပြောသည်။
“ဒီကိစ္စက အင်မတန် အရေးကြီးတယ်... ငါကိုယ်တော် ချန်းမင်နန်းဆောင်ကို သွားမှ ဖြစ်မယ်”
ယန်ရှုက သူ့နောက်မှ အမြန်လိုက်ပြီး အသံတိုးတိုးဖြင့် ပြောပြသည်။
“ကျွန်တော်မျိုးမ မေးမြန်းကြည့်ပြီးပြီ..။. ဒီကိစ္စက အပြင်က လာတဲ့ လူသတ်သမားတွေရဲ့ လက်ချက် မဟုတ်ဘူး”
ထိုအခါ ယွီဝိန်းလန်မှာ တစ်ချက်တုံ့ခနဲ ဖြစ်သွားပြီး သူမကိုကြည့်ကာ မေးလေသည်။
“ဟုတ်လား... အဲဒါဆို ဘယ်လို ဖြစ်တာလဲ”
ယန်ရှုက ချောင်းတချက် ဟန့်က အသံတိုးတိုးဖြင့် ဆက်ပြောလေသည်။
“တုန်းဝေါ်က လာတဲ့ ကျားတပိုင်း မတပိုင်း နှစ်ယောက်ရဲ့ လက်ချက်ပါ...။ ကောင်းလိမင်းသားက တဏှာစိတ်ကြီးတော့ ကိုယ့်အနားက မိန်းမတွေကို ထိရရုံနဲ့တင် မကျေနပ်ဘူး... အဲဒီ ကျားတပိုင်း မတပိုင်း နှစ်ယောက်ကို မြင်တော့လည်း စိတ်ဝင်စားသွားပြီး သူတို့ကို ညဖက် လူလစ်ချိန် သူ့အခန်းထဲကို ခေါ်တာ...။ အဲဒီ ကျားတပိုင်း မတပိုင်း နှစ်ယောက်က တာ့လျန်ပြည်ကို ပြဿနာတက်အောင်လို့ အဲဒီမင်းသားကို ဓါးနဲ့ ထိုးလိုက်တာ”
ယွီဝိန်းလန်က မျက်မှောင်ကြုတ်လိုက်ပြီး ပြောလေသည်။
“လက်စသတ်တော့ ဒီလိုလား”
ယန်ရှုက ခေါင်းညိတ်ပြလိုက်သည်။
“အဲဒီ ဖြစ်ရပ်က အမှန်ပဲ... မဟုတ်ရင် ဧည်သည်တော် စခန်းမှာ ဒီလောက် အစောင့်တွေ များနေတာ ဘယ်လိုလုပ် လူသတ် လုပ်ကြံမဲ့သူက ဝင်ဖို့ လွယ်မှာတုန်း။ ဝင်လာလို့ ရရင်တောင် ဂုဏ်သရေရှိ ကောင်းလိမင်းသားကြီးကို ဘယ်လိုလုပ် တန်းတွေ့မတုန်း ဟုတ်တယ် မဟုတ်လား”
ယန်ရှုကိုယ်တိုင်က ပြောနေလျှင် အမှန်ဖြစ်သည်ဟု သိသဖြင့် ယွီဝိန်းလန်က ခေါင်းညိတ် ထောက်ခံလေသည်။
ထိုသို့ ပြောပြီးနောက် သူမမှာ ခေါင်းထဲ၌ တခုခုကို တွေးရင်း လူဆိုးဆန်ဆန် ပြုံးလိုက်သည်ကို မြင်လိုက်ရတော့သည်။
“ကောင်းလိမင်းသားက ဟို ကျားတပိုင်း မတပိုင်း နှစ်ကောင်ကို ကြောက်ပြီး အကျယ်ကြီးအော်တာတဲ့...။ အခုလောက်ဆို သူ့မှာ ပြန်တွေးမိတိုင်း စိတ်ဖောက်ပြန်နေလောက်ပြီ... ဟီဟီဟီ”
ယွီဝိန်းလန် - “...”
အမလေး... အခုလို အချိန်မှာတောင် ဒီလိုတွေ တွေးနိုင်နေသေးတယ်နော်... အံ့ဩပ...။
သူက သူမအား မျက်မှောင် ကြုတ်ကြည့်လိုက်ပြီး ပြောလိုက်သည်။
“ဒီကိစ္စတွေကို ခေါင်းထဲ အရမ်းထည့်မထားနဲ့..။. ငါကိုယ်တော့ ချန်းမင်နန်းဆောင်ကိုတော့ သွားလိုက်မှ ဖြစ်မယ်... အချိန်စောနေသေးတော့ တော်ဝင်ကိုယ်လုပ်တော်ကတော့ ပြန်အိပ်လိုက်ဦး”
ယန်ရှုက ခေါင်းညိတ် နာခံလိုက်ပြီး စပ်စုလိုစိတ်ဖြင့် မေးလေသည်။
“အရှင်မင်းကြီးက ဒီကိစ္စကို ဘယ်လို ကိုင်တွယ်မှာလဲ”
----- ပြောရလျှင် လုပ်ကြံသည့် မိစ္ဆာနှစ်ကောင်အား ဖမ်းချင်တိုင်း ထဖမ်းလိုက်၍ မရပေ။ ပုံမှန်အတိုင်း အရင်ဆုံး တဦးဦးအား စုံစမ်း စစ်ဆေး ခိုင်းရမည်... ပြီးလျှင် ကျန်ရှိနေသည့် လုပ်ဆောင် စရာများကို တဆင့်ပြီး တဆင့်သွားရဦးမည်။
ယွီဝိန်းလန်က ပြောသည်။
160 03
“အခု လောလောဆယ်မှာ အရေးအကြီးဆုံးက ကောင်းလိမင်းသားရဲ့ အသက်ကို ကယ်ဖို့ပဲ။ လုပ်ကြံသူတွေကတော့ အပြင်က လာတဲ့သူတွေ မဟုတ်လို့ နောက်မှ အေးအေးဆေးဆေး ကိုင်တွယ်လို့ ရတယ်။ အဲဒီ တုန်းဝေါ်က လူတွေ ထွက်မပြေးသွားအောင်တော့ ဂရုစိုက်ရမယ်... ငါကိုယ်တော် တာ့လီ ဘုရားကျောင်းနဲ့ တရားရေးရာ ဌာနကလူတွေကို စုံစမ်းဖို့ အရင်ဆုံး ခိုင်းလိုက်မယ်”
--- သူ၏ ချစ်လှစွာသော ကိုယ်လုပ်တော်မှာ ဤကိစ္စကို ဖြေရှင်းနိုင်သည့် သဘာဝလွန် အစွမ်းများ ပိုင်ဆိုင်ထားသော်လည်း နန်းတွင်းအမှုတော်ထမ်းများအတွက် လက်တွေ့ အတွေ့အကြုံ လေ့ကျင့်ခန်းများ ပေးရန် လိုအပ်နေသေးသည်။ မဟုတ်လျှင် သူတို့အား ခန့်ထားသည်မှာ အလကားဖြစ်တော့မည် မဟုတ်ပါလား။
သူက ထိုသို့ပြောလိုက်သည့်အခါ ယန်ရှုက ခေါင်းကို ညိတ်လိုက်သည်။ ထို့နောက် သူ၏ ဝတ်ရုံကို ဝတ်ရန် ကူညီပေးပြီးနောက် အပြင်သို့ လိုက်ပို့လေသည်။ ပြီးနောက် အတွင်းသို့ ပြန်ဝင်သွားကာ ဆက်အိပ်လိုက်တော့သည်။
အခုတော့ အားကို ဆက်ဖြည့်ထားဦးမယ်... အဲဒါမှ မနက်ဖြန်ကျရင် ဖရဲသီးတွေ စားနိုင်မှာ။
~~
နာရီ အနည်းငယ်ခန့် အကြာတွင် ယွီဝိန်းလန်မှာ တော်ဝင် စာကြည့်ခန်းအတွင်း၌ တာ့လီ ဘုရားကျောင်း အငယ်တန်း အတွင်းဝန်အမတ်၊ ဟုန်လု ဘုရားကျောင်း အတွင်းဝန် အမတ်၊ နှင့် နန်းတွင်း ကိုယ်ရံတော် တပ်မှူးတို့နှင့် အတူ ဆွေးနွေးနေသည်။
ထိုအချိန်တွင် သူစိတ်ပူအနေဆုံး အရာမှာ လိမင်းသား၏ အသက်ဘေး အခြေအနေပင် ဖြစ်သည်။ ထို့ကြောင့် သူက ထိုမှူးမတ်များအား မေးလိုက်သည်။
“မင်းသားကောင်းလိရဲ့ အခြေအနေက ဘယ်လိုရှိလဲ”
ဟုန်လု ဘုရားကျောင်း အတွင်းဝန်အမတ်က ပြန်ဖြေသည်။
“အရှင်မင်းကြီး မနေ့ညကပဲ သမားတော်ကျန်း ရောက်လာပြီး မင်းသားကို ချက်ခြင်း ကုသပေးပါတယ်... အခုအချိန်မှာတော့ မင်းသားရဲ့ သွေးထွက်နှုန်းက ရပ်တန့်သွားပေမဲ့ ခန္ဓာကိုယ်ကတော့ အားအင် ချိနဲ့ နေတုန်းပါပဲ...။ သမားတော်ကျန်းက အခုထိ ဧည့်ဂေဟာ တဲအိမ်မှာ ရှိနေပြီး ကြည့်ရှုပေးနေပါတယ်”
ကြည့်ရတာ သေတော့ မသေသေးပုံ ရသည်။ ယွီဝိန်းလန်မှာ အခုမှ စိတ်သက်သာရာ ရသွားသည်။ ထို့နောက် သူက တာ့လီ ဘုရားကျောင်း အတွင်းဝန်အား မေးလိုက်သည်။
“စုံစမ်း စစ်ဆေးတာကရော ဘယ်အဆင့်ထိ ရောက်ပြီလဲ”
ထိုအခါ တာ့လီ ဘုရားကျောင်း အတွင်းဝန်က ပြန်ဖြေသည်။
“အရှင်မင်းကြီး... ဧည့်ဂေဟာ တဲအိမ် အတွင်းအပြင်ကို စစ်ဆေးကြည့်တဲ့အခါ အခင်းဖြစ်တဲ့ အခန်းရဲ့ တံခါးတွေ ပြတင်းပေါက်တွေကို ဖွင့်ထားတဲ့ လက္ခဏာ မတွေ့ရပါဘူး... အဲဒါကြောင့် လုပ်ကြံသူဟာ အပြင်က ဝင်လာတာ မဟုတ်လောက်ဘူး... ဧည့်ဂေဟာ တဲအိမ်ထဲမှာပဲ ရှိနေဦးမယ် ထင်ပါတယ်... ကျွန်တော်တို့ ဧည့်ဂေဟာ တဲအိမ်ကို အသေအချာ စစ်ဆေးရမယ် ထင်ပါတယ်”
ထိုအခါ ယွီဝိန်းလန်က အမိန့်ပေးလိုက်သည်။
“အဲဒါဆို သွားပြီး အသေအချာ စစ်ဆေးစေ”
ထိုသို့ အမိန့်ပေးလိုက်သည့်အခါ နန်းတွင်း ကိုယ်ရံတော် တပ်မှူးက မျက်နှာပျက်လျက် ပြောသည်။
“အရှင်မင်းကြီး... ကျွန်တော်မျိုး လျှောက်တင် ပါရစေ... မနေ့ည အမှုအခင်းဖြစ်ကတည်းက တဲအိမ်ကို စစ်ဆေးချင်ခဲ့တာပါ... ဒါပေမဲ့ တချို့လူတွေက ကျွန်တော်မျိုးတို့ကို ဝင်ခွင့်မပေးကြဘူး... နန်ကျောက်က မုဘုရင်ကတော့ အစကတည်းက ကျွန်တော်မျိုးတို့ စစ်ဆေးတာကို လက်ခံလို့ သူကလွဲရင် တခြား တုန်းဝေါ်ကရော တန့်ရှားကလူတွေရော နောက်ဆုံး မင်းသား ကောင်းလိရဲ့ လူတွေက အစ အခန်းထဲ ဝင်ခွင့် မပြုကြပါဘူး... အထူးသဖြင့် ကောင်းလိ မင်းသမီးကဆိုရင် သူ့ခင်ပွန်း အခုလို လုပ်ကြံခံရတာ ကာကွယ်ရေး တပ်သားတွေ ပေါ့ဆလို့ဆိုပြီး အပြစ်တင် စွပ်စွဲပြီး ဝင်ရောက်စစ်ဆေးမှာကို လက်မခံဘဲ လုပ်နေပါတယ်”
ယွီဝိန်းလန်က ထိုသို့ ကြားရသည့်အခါ မျက်မှောင်ကြုတ်လိုက်မိသည်။
---- မနက်အစောပိုင်း ယန်ရှုပြောပုံအရ ကောင်းလိမင်းသားမှာ တုန်းဝေါ်မှ မိစ္ဆာနှစ်ကောင်နဲ့ ချိန်းတွေ့သည့်ကိစ္စ သူ့ အနီးအနားမှ လူများ သိကို သိရမည်ဖြစ်သည်။ ထို့ကြောင့် သူမ ခင်ပွန်း၏ လုပ်ရက်ကို ဖုံးကွယ်လို၍ ကောင်းလိမင်းသမီးမှာ ရှေ့မှ ကာဆီး ကာဆီး လုပ်နေသလား။
သူမမှာ အထူးဧည့်သည်တော် ဖြစ်သည့်အပြင် မင်းသမီးတစ်ပါး ဖြစ်နေသဖြင့် အစောင့်ရဲမတ်တို့မှာ ဇွတ် မလုပ်နိုင်ဘဲ ဖြစ်နေနိုင်သည်။
ထိုသို့ တွေးနေစဉ် နန်းဆောင် အဝင်ဝမှ သတင်းပို့သံကို ကြားလိုက်ရသည်။
“အရှင်မင်းကြီး... တော်ဝင်ကိုယ်လုပ်တော်က တွေ့ချင်လို့ အပြင်မှာ စောင့်နေပါတယ်”
160 04
ဟင်...။ သူက ဘာကိစ္စ ဒီကိုလာရတာလဲ။
ယွီဝိန်းလန်မှာ အတွေးပျက်သွားပြီး ဝင်လာခဲ့ရန် မိန့်လိုက်သည်။
“ဝင်လာစေ”
မကြာမီ ယန်ရှုမှာ သူ၏ အရှေ့တွင် ရောက်လာတော့သည်။ သူမက အရိုအသေ ပေးပြီးနောက် လျှောက်တင်လေသည်။
“အရှင်မင်းကြီး... မနေ့ညက ဧည့်သည်တော် စခန်းမှာ ဖြစ်သွားတဲ့ သတင်းကို မယ်တော်ကြီး အခုပဲ ကြားသိလိုက်ရလို့ စိတ်ပူနေပါတယ်...။ အဲဒါကြောင့် ကောင်းလိမင်းသမီးကို အားပေးဖို့ ကျွန်တော်မျိုးမကို လွှတ်လိုက်ပါတယ်”
ထိုအခါ ယွီဝိန်းလန်က မျက်ခုံးကို ပင့်လိုက်သည်။
“မယ်တော်ကြီးက ကောင်းလိ မင်းသမီးကို အားပေးဖို့ တော်ဝင်ကိုယ်လုပ်တော်ကို လွှတ်တယ်”
“သူ့ရဲ့ ခင်ပွန်း အခုလို ဖြစ်သွားတော့ မင်းသမီးလည်း ထိတ်လန့်နေလောက်မယ် ထင်ပါတယ်။ အဲဒါကြောင့် အခုလို ကောင်းကောင်းမတွေးနိုင်ဘဲ ထင်ရာတွေ လုပ်နေတာ ဖြစ်ပါလိမ့်မယ်။ ဒါ့ကြောင့် အရှင်မင်းကြီး ကျွန်တော်မျိုးမကို စိတ်ချပါ... မင်းသမီးရဲ့ စိတ်ခံစားချက်တွေ တည်ငြိမ်သွားအောင် အကျိုးအကြောင်း ပြောပြပြီး ဖျောင်းဖြပေးပါ့မယ်... အဲဒီတော့မှပဲ မင်းသမီးလည်း နန်းတွင်းရဲ့ စုံစမ်း စစ်ဆေးရေးတွေကို လက်ခံ ပူးပေါင်းပါလိမ့်မယ်”
သို့ရာတွင် သူမ၏ စိတ်ထဲ၌ တွေးလိုက်လေသည်။
[မြန်မြန် သဘောတူလိုက်စမ်းပါအေ... မင်းသမီးကို ငါ ကိုင်တွယ်မှ ဖြစ်မယ်... မင်းသမီး ငါ့စကားကို နားထောင်လာမှာ သေချာတယ်]
ယန်ရှု၏ အစောပိုင်းက စကားကို ကြားလိုက်သည့်အခါ နန်းတွင်း ကိုယ်ရံတော် တပ်မှူးကြီးက အလျင်အမြန်ပင် ထောက်ခံသည်။
“အရှင်မင်းကြီး... ဒီအကြံက သိပ်ကောင်းတယ်။ တော်ဝင်ကိုယ်လုပ်တော်ယီကသာ အားပေး ဖျောင်းဖြလိုက်ရင် ကောင်းလိမင်းသမီးလည်း တွေးနိုင်လာပြီး ကျွန်တော်မျိုးတို့ရဲ့ စုံစမ်းစစ်ဆေးမှုကို လက်ခံလာလိမ့်မယ်”
“ဟုတ်ပါတယ် အရှင်မင်းကြီး”
ထိုသို့ ထောက်ခံ ကြသည့်အခါ ယွီဝိန်းလန်လည်း ငြင်းဆန်၍ မရတော့ချေ။ ထို့ကြောင့် ယန်ရှုအား ခွင့်ပြုလိုက်ရတော့သည်။
“ဒါဆိုလည်း ငါကိုယ်တော်မြတ်ကိုယ်တိုင် လိုက်ခဲ့မယ်... တော်ဝင်ကိုယ်လုပ်တော်က ကိုယ်ဝန်ကြီးနဲ့ဆိုတော့ အသွားအလာ ဂရုစိုက်မှ ဖြစ်မယ်”
ထိုအခါ ယန်ရှုက ချက်ခြင်း လက်ခံသည်။
ယွီဝိန်းလန်က မင်းမှုထမ်း အစေခံများအား မြင်းရထားကို ပြင်ခိုင်းလိုက်သည်။ မကြာမီ သူနှင့် ယန်ရှုတို့မှာ မြင်းရထားပေါ်တက်ကာ နန်းတော် တံခါးဝမှ ထွက်လာကြပြီး သံတမန် ဧည့်ဂေဟာဖက်သို့ ဦးတည်လိုက်ကြသည်။
~~
သံတမန် ဧည့်ဂေဟာမှာ မင်း နေပြည်တွင် အရေးကြီးသည့် နေရာတစ်ခု ဖြစ်သည်။ နန်းတော်နှင့်လည်း သိပ်မဝေးပေ။ ထို့ကြောင့် မကြာမီပင် သူတို့ ရောက်သွားကြသည်။
မြင်းရထားပေါ်မှ ယန်ရှုက အရင်ဆင်းလိုက်ပြီး အပေါ်သို့ ပြန်မော့ကြည့်လိုက်သည်။ သံတမန် ဧည့်ဂေဟာအား အစောင့်ရဲမတ်များကို အတွင်းရော အပြင်၌ပါ တင်းတင်းကျပ်ကျပ် ချထားသည်ကို မြင်လိုက်ရသည်။ ထို့ကြောင့် ယင်ကောင်တစ်ကောင်ပင် လွတ်အောင် ပျံဝင် ပျံထွက် လုပ်နိုင်မည်ဟု မထင်ပေ။
သူတို့နှစ်ယောက် ဧည့်ဂေဟာအတွင်းသို့ ဝင်လာကြသည်။ သူတို့ ကြွချီလာသည့် ကြေညာသံကို ကြားလိုက်ရသည့်အခါ ဧည့်ဂေဟာ အတွင်းရှိ လူများအားလုံး ထွက်လာကြပြီး အရိုအသေပေးကာ ကြိုဆိုကြတော့သည်။
ယွီဝိန်းလန်က နန်ကျောက်ဘုရင် မုကျန်းဖင်းကို အရင် နှုတ်ဆက်လိုက်သည်။
“မုဘုရင် မနေ့ညက အဆင်ပြေပါရဲ့လား”
ထိုအခါ မုကျန်းဖင်းက ခေါင်းကို ညိတ်ပြလေသည်။
“အဆင်ပြေပါတယ်... အခုလို မေးလို့ ကျေးဇူးတင်ပါတယ် အရှင်မင်းကြီး”
ထိုသို့ ပြောပြီးသည်နှင့် ဘေးမှ လူတစ်ယောက်က မကျေနပ်သံဖြင့် ပြောသည်။
160 05
“ဒီတစ်ခါတော့ ကျုပ်တို့ကိုယ်တိုင် မျက်မြင် ကိုယ်တွေ့ ကြုံလိုက်ရပြီ... ကောင်းလိမင်းသားဟာ အဓိပ္ပာယ် မရှိဘဲ လုပ်ကြံခံရတာပါ... အဲဒါကိုတောင် လုပ်ကြံတဲ့သူကို သွားမဖမ်းဘဲ အခန်းထဲကို ဝင်စစ်ဆေးမယ် လုပ်နေတယ်... ဒါ အရှင်မင်းကြီးတို့ရဲ့ ဧည့်ဝန် ကျေတဲ့ပုံလား”
ယန်ရှုက လှည့်ကြည့်လိုက်ရာ ထိုသို့ ပြောနေသူကို မြင်လိုက်ရသည်။ ထိုသူမှာ လူပိန်လေး တစ်ယောက် ဖြစ်သည်။ ထိုသူမှာ တန့်ရှားပြည် သံတမန် တစ်ယောက် ဖြစ်မှန်း သူမ ခပ်ရေးရေး မှတ်မိလိုက်သည်။
ထိုသူ ပြောပြီးသည့်အခါ တုပေါ်ပြည်နှင့် ရော့ရမ်ပြည်မှ သံတမန်တို့ကလည်း သံယောင်လိုက်၍ ထောက်ခံလေသည်။
“အမှန်ပဲ... အရှင်မင်းကြီးတို့ရဲ့ တာ့လျန် ရဲမတ်တွေဟာ တော်တော်ကို ပေါ့လျော့တာပဲ။ အဲဒါကို ဘာလို့ ကျွန်ုပ်တို့ကို စစ်ဆေးချင်ရတာလဲ။ ကျုပ်တို့က မင်းသား ကောင်းလိကို ဓါးနဲ့ ထိုးမယ် ထင်လို့လား”
“သိပ်ဟုတ်တာပေါ့... အရှင်မင်းကြီး အဲဒါဘာသဘောလဲဆိုတာ ရှင်းပါ”
အထူးသဖြင့် တုန်းဝေါ်ပြည်မှ သံတမန်မှာ သံယောင်လိုက်ရုံမက အော်၍ပင် ပြောလေသည်။ သူ၏ အသံမှာ ကျယ်လွန်းလှသည်။
ယန်ရှုမှာ ဤအချင်းအရာများကို မြင်လိုက်ရပြီး စိတ်ထဲ၌ နှာခေါင်းရှုံ့လိုက်မိလေသည်။
--- အောင်မလေးဟဲ့... သရုပ်ဆောင် ကောင်းနေလိုက်တာ... နင် သတိထားနေ... သောက်ရှက်ကွဲအောင် နင့်ရဲ့ အကြံတွေကို ဘောင်းဘီ ဆွဲချွတ်သလိုကို ချွတ်ပြဦးမှာ...။
ယွီဝိန်းလန် - “ဟ...”
သူ့မှာ ဘာမှ ပြောစရာပင် မလိုလိုက်ပေ...။ ဓလေ့ထုံးတမ်းရေးရာ အမတ်ကြီးက ဝင်၍ ပြောလေသည်။
“သံအမတ်ကြီးများ စိတ်ရှည်ရှည်ထားပေးကြပါ... အရှင်မင်းကြီးက မနေ့ညက ဖြစ်သွားတဲ့ အဖြစ်အပျက်ကြောင့် စိတ်ပူနေတာပါ... အဲဒါကြောင့် အခုလို ကိုယ်တိုင်လာပြီး အခြေအနေ လာမေးတာပါ”
ယွီဝိန်းလန်က အားလုံးကို မသိကျိုးကျွန် ပြုလိုက်ပြီး သူ့အား အရိုအသေ လာပေးသည့် နန်းတွင်း သမားတော်ကျန်းတစ်ယောက်တည်းကိုသာ ကြည့်ကာ မေးလိုက်သည်။
“ကောင်းလိမင်းသား အခု ဘယ်လိုနေသေးလဲ”
ထိုအခါ သမားတော် ကျန်းက ပြန်ဖြေလေသည်။
“အရှင်မင်းကြီး... ကောင်းလိမင်းသား သတိ ပြန်လည်လာပါပြီ... သူ့ဒဏ်ရာတွေက လောလောဆယ်တော့ သက်သာသွားပါပြီ.... ဒါပေမဲ့ ရှင်းရှင်းပျောက်ချင်ရင်တော့ နောက်ထပ် ရက်နည်းနည်းတော့ အနားယူရဦးမှာပါ”
ယွီဝိန်းလန်က ခေါင်းညိတ် အသိအမှတ်ပြုလိုက်သည်။
“ဒါဆို... ငါကိုယ်တော် ဝင်ကြည့်လိုက်ဦးမယ်”
အားလုံးကလည်း နာခံလိုက်ပြီး ဓလေ့ထုံးတမ်းရေးရာ အမတ်ကြီးက ကိုယ်တိုင် တော်ဝင် မြင်းရထား ရှေ့မှ ဦးဆောင်ကာ ကောင်းလိမင်းသား နားနေရာ အဆောင်သို့ လမ်းပြပေးသည်။
မကြာမီ သူတို့အားလုံး နားနေဆောင်သို့ ရောက်ရှိသွားကြသည်။
ယန်ရှုမှာ ကုတင်အား ကာ၍ စောင့်နေသည့် ကောင်းလိ မင်းသမီးကို မြင်လိုက်ရသည်။ ကောင်းလိမင်းသားမှာမူ အိပ်ယာပေါ်တွင် လဲနေသည်။ သူ၏ မျက်နှာမှာ ဖြူဖက်ဖြူရော် ဖြစ်နေသည်။ နှုတ်ကလည်း ကောင်းလိ ဘာသာစကားဖြင့် တခုခုကို ရေရွတ်နေပြီး ထိတ်လန့်နေပုံ ရပေသည်။
ယွီဝိန်းလန်က ခေါ်လာသည့် စကားပြန်အား လှည့်ကြည့်လိုက်ရာ စကားပြန်က လျှောက်တင်လေသည်။
“အရှင်မင်းကြီး... ကောင်းလိမင်းသား ရေရွတ်နေတာက မိစ္ဆာတို့ မှင်စာတို့ ဖြစ်ပါတယ်”
မိစ္ဆာတွေ... မှင်စာတွေ။
ထိုသို့ ကြားလိုက်သည့်အခါ ယွီဝိန်းလန်က အများမသိအောင် မျက်ခုံးကို ပင့်လိုက်မိသည်။ ကြည့်ရတာ မင်းသားမှာ တုန်းဝေါ်ပြည်မှ ‘လူ့မှင်စာ’ တွေကို ထိတ်လန့်နေခြင်း ဖြစ်ပေလိမ့်မည်။
သူက ယန်ရှုအား အမှတ်မထင် ကြည့်မိလိုက်ရာ ဤသို့ တွေးနေသည်ကို ကြားလိုက်ရသည်။
[အဟမ်း... ဒီတဏှာရူးတော့ နောက်ပိုင်း ပန်းပါ သေသွားမယ် ထင်တယ်...]
160 06
ယွီဝိန်းလန် - “ဟမ့်...”
အဲဒီ စကားလုံးကြီး သူ မကြားချင်။
ထိုအခါ သူက စကားပြန်အား မိန့်လိုက်သည်။
“ကောင်းလိ မင်းသမီးကို ပြောလိုက်ပါ...။ ငါကိုယ်တော်လည်း စိတ်ပူနေတာပါလို့။ နန်းတွင်း သမားတော်က အခုလေးတင် မင်းသား အသက်အန္တရာယ် မရှိတော့ဘူး ပြောလို့ ရက်အနည်းငယ် နားပြီးရင် ရပါပြီ လို့ ပြောလိုက်ပါ... အဲဒါကြောင့် မင်းသမီး အနေနဲ့ စုံစမ်း စစ်ဆေးမှုကို လက်ခံ ပေးပါလို့ အဲဒါမှ လုပ်ကြံသူတွေကို အမြန် ဖမ်းနိုင်မှာပါလို့ အဲဒါတွေကို ပြောလိုက်ပါ”
စကားပြန်ကလည်း နာခံလိုက်ပြီး ကောင်းလိ ဘာသာစကားဖြင့် မင်းသမီးအား ပြောပြလိုက်သည်။
ထိုစကားများကို ကြားလိုက်သည့်အခါ မင်းသမီးက ဝမ်းနည်းစွာဖြင့် ပြန်ပြောလေသည်။
“ငါ့ ခင်ပွန်း အခုလို ဖြစ်ရတာ တာ့လျန်ပြည်ရဲ့ ပေါ့ဆမှုကြောင့်ပဲ...! အဲဒါကို ဘာလို့ ငါတို့ကို လာစစ်မေးနေရတာလဲ။ တာ့လျန်က တော်တော် စိတ်ပျက်ဖို့ ကောင်းတာပဲ”
ယခုအချိန်ထိ သူမမှာ စစ်ဆေးရေးကို လက်ခံချင်ပုံ မရသေးချေ။
ယွီဝိန်းလန်က ထပ်၍ စည်းရုံးရန် ပြင်လိုက်စဉ် ယန်ရှုက ရှေ့သို့ ထွက်လာပြီး ပြောတော့သည်။
“မင်းသမီးရဲ့ ခင်ပွန်းက အထိတ်အလန့် လွန်ပြီး အခုဆို စိတ်နဲ့ လူနဲ့ မကပ်တော့ဘူး... အဲဒီတော့ မင်းသမီး ဘယ်လောက်ပဲ ကြိုးစားပြီးတော့ စိုးရိမ်ဟန်ဆောင်နေပါစေ သူက အသိအမှတ်ပြုမှာ မဟုတ်ဘူး...။ ပြီးတော့ ထပ်ပြောရရင် တာ့လျန်ပြည်နဲ့ ကောင်းလိ ပြည်ဟာ အမြဲတန်း ချစ်ခင်ရင်းနှီးလာခဲ့တာပါ... အခုလို လုပ်နေတာ မင်းသမီးအတွက် မတန်ပါဘူး... မင်းသမီးရဲ့ ခင်ပွန်းက အရမ်း မိန်းမပွေလို့ မင်းသမီးလည်း ကလဲ့စားချေချင်နေမှန်း သိပါတယ်... အဲဒါကြောင့် အစေခံ နှစ်ယောက်ကို မင်းကြီးဆီ ပို့လိုက်တာကိုလည်း သဘောပေါက်ပါတယ်... အဲဒီတော့ စုံစမ်း စစ်ဆေးမှုကို ရှေ့ကနေ ဆက်ပြီး ကာဆီးနေဦးမယ်ဆိုရင် ခင်ပွန်းသည်ကို လုပ်ကြံဖို့ ကြိုးစားနေတာ မင်းသမီးပါလို့ ကျွန်မတို့က သံသယ ဝင်ရပါလိမ့်မယ်”
******
161 01
Chapter 161
ထိုသို့ ကြားလိုက်သည့်အခါ အားလုံးမှာ နားမလည်နိုင်ဖြစ်သွားကြသည်။
ကောင်းလိပြည်သားများဖြစ်ကြသည့် မင်းသမီးနှင့် သစ္စာမဲ့ မင်းသားတို့သာ တရုတ်လို အနည်းငယ် နားလည်ကြသည်။ အစေခံများမှာမူ နားမလည် သလောက် ဖြစ်သည်။ သစ္စာမဲ့သည့် မင်းသားမှာ ယခုမူ စိတ်နှင့် လူနှင့် မကပ်သည့် အခြေအနေ ဖြစ်နေသည်။ ထို့ကြောင့် ယန်ရှု၏ စကားများကို ကြားလိုက်သူမှာ ကောင်းလိ မင်းသမီးသာ ရှိသည်။
“ရှင်… ရှင် ဘာပြောလိုက်တယ်”
ယန်ရှုက မိုက်ကျစ်ကျစ် ပြုံးလိုက်သည်။
“နားမလည်လိုက်ဘူးလား။ စကားပြန်ကို ဘာသာပြန်ခိုင်းလိုက်ရမလား”
ပြီးနောက် အခန်းအတွင်းရှိ တခြားသူများကို ဝေ့ကြည့်ပြီး ဆက်ပြောသည်။
“သူတို့ရော ကြားသွားမှာ မကြောက်ဘူးလား”
ကောင်းလိ မင်းသမီးမှာ ထိတ်လန့်သွားသည်။ ထို့ကြောင့် တရုတ်လို မပီကလာ ပီကလာနှင့် ပြောသည်။
“ခုဏကလို မဖြစ်နိုင်တာ မပြောပါနဲ့… ကျွန်မက ဘာလို့ အရှင်မင်းသားကို ထိခိုက်အောင် လုပ်ရမှာလဲ”
ကြည့်ရတာ မင်းသမီးမှာ ထိတ်လန့်နေပုံရသည်။ မနေ့ကလောက် တရုတ်လို ခပ်သွက်သွက် မပြောနိုင်ချေ။
ယန်ရှုက ပြုံးပြီး ပြောသည်။
“ကျွန်မ ပြောပြော မပြောပြော… ရှင့်ကိုယ်ရှင် သိပြီးသားပါ… အခု မင်းသားကို ရှင် လုပ်ကြံတာ မဟုတ်ရင် ကျွန်မတို့ရဲ့ တာ့လျန် မင်းမှုထမ်းတွေကို စစ်ဆေးခွင့် ပြုလိုက်ပါလား။ ရှင့်ရဲ့ ခင်ပွန်း အခုလို ဒဏ်ရာကြီးနဲ့ ခံစားနေရတာကို စိတ်မဆိုးဘူးလား။ လုပ်ကြံတဲ့သူ အစစ်က ဘယ်သူဆိုတာ မသိချင်ဘူးလား”
ထိုသို့ ပြောလိုက်သည့်အခါ မင်းသမီးမှာ ချက်ခြင်း ဘာမျှ ပြန်မပြောဘဲ တချက် ငြိမ်ကျသွားသည်။
ယန်ရှုက တံခါး၏ အပြင်ဘက်ကို ကြည့်၍ ထပ်ပြောလိုက်သည်။
“ရှင့်ရဲ့ မှူးမတ်တွေကရော တရုတ်လို နားလည်တဲ့သူပါလား။ ပြီးရင် ကျွန်မ သူတို့ကိုလည်း ပြောပြမလို့… အဲဒီတော့ နားလည်လည် မလည်လည် ကိစ္စတော့ မရှိပါဘူး။ ဒီမှာ စကားပြန်ပါလာတော့ သူ့ကိုပဲ အားလုံးကို ပြန်ပြောခိုင်းလိုက်မှာ”
ထိုသို့ ပြောလိုက်သည့်အခါ ကောင်းလိ မင်းသမီးက မျက်မှောင်ကို အကြိမ်ကြိမ် ကြုတ်လိုက်ပြီး ပြောသည်။
“ကျွန်မနဲ့ ရှင်တို့ အကြားမှာ ပြဿနာလည်း မရှိဘဲနဲ့ ဘာလို့ အခုလို တိုက်ခိုက် စွပ်စွဲနေတာလဲ”
ယန်ရှုက ပြုံး၍ ပြန်ပြောသည်။
“မပူပါနဲ့… ကျွန်မတို့က တာ့လျန်ပြည် နာမည် မပျက်စေဖို့ တရားခံ အစစ်ကို ရှာဖို့ပဲ စိတ်ဝင်စားတာပါ…။ ရှင်တို့ လင်မယား နှစ်ယောက်အကြောင်းကို ကျွန်မတို့ အဲဒီလောက်ကြီး စိတ်မဝင်စားပါဘူး”
ထိုအခါ မင်းသမီးက တချက် တွန့်ဆုတ်သွားပြီးနောက် ပြောလေသည်။
“ကောင်းပြီလေ… ကျွန်မတို့ကို သိက္ခာချဖို့ အစီအစဉ် မရှိဘူးဆိုရင်… တရားခံ အစစ်ကို ရှာပါတော့”
ထိုသို့ လက်ခံလိုက်သည့်အခါ ယန်ရှုက အလျင်အမြန်ပင် ပြန်ပြောလိုက်သည်။
“ရှင် ဘာမှ မပူပါနဲ့… ကျွန်မတို့ တာ့လျန်ပြည်က ကတိကို မတည်နိုင်ဘဲ မပေးဘူး”
ယွီဝိန်းလန်မှာ စိတ်ထဲ၌ ဆုံးဖြတ်ချက်တစ်ခု ချလိုက်ပြီး မိန့်လိုက်သည်။
“တာ့လီ ဘုရားကျောင်းတော်က သက်ဆိုင်ရာ လူတွေကို ဒီထဲကို ခေါ်လိုက်စမ်း”
ထို့နောက် သူက စကားပြန်အား အမိန့်ပေးလိုက်သည်။
“မောင်မင်းက မှူးမတ်တွေနဲ့ လိုက်သွားပြီး လိုအပ်ရင် လိုအပ်သလို ဘာသာပြန်ပေးလိုက်ပါ”
စကားပြန်က နာခံလိုက်သည်။ မကြာမီ တာ့လီ ဘုရားကျောင်းမှ လူများ ရောက်လာသည့်အခါ အတူတကွ စတင်၍ စုံစမ်း စစ်ဆေး မေးမြန်းကြသည်။
ကောင်းလိမင်းသားမှာ သူနှင့်အတူ လူအင်အား များများ ခေါ်လာခဲ့သည်။ ထို့ကြောင့် တစ်ယောက်မကျန် စစ်မေးရန် အချိန်တော်တော် ယူလိုက်ရသည်။ ထို့အပြင် သစ္စာမဲ့သည့် မင်းသားမှာ အိပ်ယာပေါ်တွင် စိတ်လွတ် နေသဖြင့် မေးမြန်ရန် ခက်ခဲနေသည်။ ယန်ရှုမှာ ယွီဝိန်းလန်နှင့် အတူ ခြံဝန်းအတွင်း၌ စောင့်နေလိုက်သည်။
ပြည်နယ်အရပ်ရပ်မှ လာသည့် အခြားသော သံတမန်များမှာ အခြေအနေများကို စောင့်ကြည့်ရင်း လည်ပင်းများပင် ရှည်လာသလို မြင်နေရသည်။ ဤဖြစ်ရပ်ကြီးနှင့် ပတ်သက်၍ သူတို့ လွန်စွာသိချင်နေကြပေသည်။
ယန်ရှုက အားလုံးကို ခြုံ၍ သေချာစွာကြည့်လိုက်သည့်အခါ အရှေ့ ဂျပန်ပြည်မှ လာသည့် သံတမန်မှာ စိုးရိမ်မှု ကင်းမဲ့သည့် မျက်နှာထားဖြင့် ရှုပ်ထွေးနေသည့် အဖြစ်အပျက်များကို ကျေနပ်စွာ ကြည့်နေသည်ကို တွေ့လိုက်ရသည်။
ဪ… ရှင်က ကျေနပ်နေတယ်ပေါ့ ဟုတ်လား။
161 02
သူမ ရင်ထဲတွင် ကျိတ်ရယ်လိုက်သည်။ မကြာခင် တခြားသူတွေလည်း စိတ်ဝင်စားစရာတွေကို မြင်ရတော့မှာပါ။
တိုက်ဆိုင်စွာဖြင့် ထိုအချိန်ကို သူမ ကြာကြာ မစောင့်လိုက်ရချေ။ အဘယ့်ကြောင့်ဆိုသော် စစ်ဆေးမှု ပြီးစီးသွားပြီ ဖြစ်သဖြင့် တာ့လီ ဘုရားကျောင်းမှ မှူးမတ်များ အပြင်သို့ ပြန်လည် ရောက်ရှိလာသောကြောင့် ဖြစ်ချေသည်။ သူတို့က အရှင်မင်းကြီးထံ အပြေးလာကြပြီး လျှောက်တင်လေသည်။
“အရှင်မင်းကြီး ကောင်းလိမင်းသားရဲ့ အစေခံ တစ်ယောက်က အခုလို ပြောပါတယ်…။ မနေ့ညတုန်းက မင်းသားက အရှေ့ ဂျပန်ပြည် သံတမန်က ခေါ်လာတဲ့ အမျိုးသမီးနှစ်ဦးကို ဝိုင်သောက်ဖို့ ဒီကို ဖိတ်လာတယ်တဲ့…။ အဲဒီအချိန်မှာ အခန်းထဲမှာ ကောင်းလိမင်းသားရယ် အမျိုးသမီး နှစ်ဦးရယ်ကလွဲရင် တခြား ဘယ်သူမှ မရှိကြဘူး…။ မကြာပါဘူး မင်းသား ဒဏ်ရာရသွားပြီး အမျိုးသမီး နှစ်ယောက်ကတော့ အခန်းထဲမှာ မရှိတော့ဘူးတဲ့“
ထိုစကားကို ကြားလိုက်သည့်အခါ စိတ်ဝင်တစား စောင့်ကြည့်နေကြသည့် သူများမှာ ၎င်းတို့၏ မျက်ခုံးများကို မြှင့်ကာ တွေးလိုက်မိကြသည်။
ကောင်းလိမင်းသားက အရှေ့ ဂျပန်က အမျိုးသမီးတွေကို ဝိုင်သောက်ဖို့ ဖိတ်တယ်။ ဒါ ဘာသဘောလဲ။
ယွီဝိန်းလန်က မိန့်လိုက်သည်။
“ဒီလိုဆိုရင်… အရှေ့ဂျပန်ပြည်ရဲ့ သံတမန်နဲ့ အမျိုးသမီး နှစ်ဦးကို စစ်မေးပါ”
သို့ရာတွင် တာ့လီ ဘုရားကျောင်းမှ အမတ်ဝန်က ဘာမျှ ပြန်မပြောရသေးမီ အရှေ့ ဂျပန်ပြည် သံတမန်က စိုးရိမ်သွားဟန်ဖြင့် ထအော်ပြောလေသည်။
“ဒီကိစ္စက ကျုပ်တို့နဲ့ ဘာဆိုင်လို့တုန်း။ အခုကိစ္စက တာ့လျန်ပြည်ရဲ့ ကာကွယ်ရေးဌာနက ပေါ့တာ မဟုတ်ဘူးလား။ အရှင်မင်းကြီး ကျုပ်တို့ကို မတရား မစွပ်စွဲပါနဲ့!”
ထိုသို့ ပြောလိုက်ပြီးသည့်အခါ အခြား ပုဂ္ဂိုလ်တစ်ယောက်ကလည်း ဝင်ပြောသည်။
“ဒါပေါ့… ဒီကိစ္စက အရှေ့ဂျပန်ပြည်နဲ့ ဘာများဆိုင်နေလို့လဲ။ ကြည့်ရတာ တာ့လျန်က လုပ်ကြံရေးသမား အစစ်ကို မရှာနိုင်တော့လို့ အပြစ်လွှဲချလို့ရမဲ့သူ တစ်ယောက်ယောက်ကို ရှာနေတာလား”
ယန်ရှုမှာ ထိုသို့ ပြောသူကို လှမ်းကြည့်လိုက်ရာ တန့်ရှားပြည်၏ သံတမန်ဖြစ်နေသည်ကို တွေ့လိုက်ရသည်။
ယနေ့ ဧကရာဇ်မင်းကြီးကိုယ်တိုင် ကြွရောက်နေသဖြင့် တာ့လျန်၏ မှူးမတ်များမှာ ယုံကြည်ချက် အပြည့်ဖြင့် ရှိနေကြသည်။ ထို့ကြောင့် ဤသို့ စွပ်စွဲချက်များကို ကြားလိုက်သည့်အခါ တာ့လီ ဘုရားကျောင်းမှ အမတ်ဝန်ကြီးက ချက်ခြင်း ထ၍ ချေပတော့သည်။
“သံအမတ်ကြီးတို့ နှစ်ယောက် စိတ်မဆိုးကြပါနဲ့…။ စုံစမ်း စစ်ဆေးနေချိန်ကာလမှာ ကျွန်တော်တို့ ဘယ်သူ့ကိုမှ စွပ်စွဲမှာ မဟုတ်ပါဘူး…။ အရာအားလုံးက သက်သေအပေါ်မှာ မူတည်နေတာပါ…. အဲဒါကြောင့် ကောင်းလိမင်းသားရဲ့ အစေခံကိုယ်တိုင်က မင်းသားဟာ အမျိုးသမီးနှစ်ယောက်ကို မနေ့ညက ခေါ်လာတယ်လို့ ပြောလာတဲ့အတွက် အဲဒီ အမျိုးသမီးတွေကို စစ်ဆေးဖို့ ရှာမှာပါ။ သူတို့လည်း ဒီကိစ္စမှာ အပြစ်မရှိဘူးဆိုရင် ခေါင်းခံစရာ အကြောင်းမရှိပါဘူး…။ လူကြီးမင်းတို့အားလုံးက တာ့လျန်ပြည်မှာ ရောက်နေတာမို့ တာ့လျန် ဧကရာဇ်မင်းကြီးကို လေးစားပေးကြပါ”
လေသံက အတန်ငယ် မာကျောသဖြင့် စောဒကတက်နေသူ နှစ်ဦးမှာ မငြင်းရဲတော့ချေ။
ယွီဝိန်းလန်မှာလည်း စိတ်မရှည်တော့သဖြင့် တပ်မှူးအား အမိန့်ပေးလိုက်တော့သည်။
“အဲဒီ သက်ဆိုင်တဲ့ အမျိုးသမီး နှစ်ယောက်ကို ရှာထုတ်လာခဲ့…။ ပြီးရင် သူ့တို့ရဲ့ အခန်းတွေနဲ့ အဆောင်ပတ်ဝန်းကျင်ကို အသေအချာ စစ်ဆေးစေ”
တပ်မှူးက နာခံလိုက်ပြီး အခြား အစောင့် ရဲမတ်များကို ခေါ်ဆောင်ကာ အရှေ့ ဂျပန်ပြည် သံတမန်များ နားနေဆောင် အဝန်းသို့ ဝင်ရောက် စစ်ဆေးတော့သည်။ မကြာမီ အမျိုးသမီး နှစ်ယောက်အား ဆွဲထုတ်လာတော့သည်။
တာ့လီ ဘုရားကျောင်း အမတ်ဝန်ကြီးက ရှေ့သို့ထွက်၍ မေးခွန်းများ မေးလေတော့သည်။
သို့ရာတွင် မည်မျှ မေးမြန်းသည် ဖြစ်စေ… စကားပြန်က အရှေ့ဂျပန် ဘာသာဖြင့် မည်မျှ ဘာသာပြန်ပေးသည်ဖြစ်စေ… ထိုနှစ်ဦးမှာ ခေါင်းသာ ခါရမ်းနေတော့သည်။
ထိုသို့ အားလုံးက မြင်လိုက်ရသည့်အခါ အားလုံးမှာ တွေးမိသွားကြသည်။ အရှေ့ဂျပန်က နန်းမြို့တော်အထိ စွန့်အနေတဲ့ နှစ်ယောက်ကို အစေခံအဖြစ် ဘာလို့ ပို့လိုက်တာလဲ။
ယန်ရှု တစ်ယောက်သာ သူတို့ ဟန်ဆောင်နေမှန်းသိသည်။ မကြာမီ သူမသည်လည်း သည်းမခံနိုင်တော့သဖြင့် ယွီဝိန်းလန်အား လျှောက်တင်လိုက်သည်။
161 03
“အရှင်မင်းကြီး… ကောင်းလိမင်းသားလည်း သတိပြန်ရလာပြီဆိုတော့ ဒီနှစ်ယောက်ကို မင်းသားဆီ ခေါ်သွားပြီး မင်းသားနဲ့ အပါးတော် အစေခံတွေကို မှတ်မိလား မေးကြည့်ကြတာပေါ့”
ယွီဝိန်းလန်ကလည်း နောက်ထပ် အချိန်မကုန်လိုတော့သဖြင့် ခေါင်းညိတ်ကာ လက်ခံလိုက်သည်။
“ကောင်းပြီ… ဒီနှစ်ယောက်ကို မင်းသားဆီ ခေါ်သွားကြ”
နန်းတွင်း ကိုယ်ရံတော် တပ်မှူးက နာခံလိုက်ပြီး ထိုနှစ်ယောက်အား ဆွဲခေါ်သွားလေသည်။
အရှေ့ ဂျပန်ပြည် သံတမန်မှာလည်း စိုးရိမ် ပူပန်စွာဖြင့် နောက်က လိုက်လာသည်။
ကျန်သော သူများမှာ တိတ်ဆိတ်စွာဖြင့် လိုက်ကြသည်။
ယန်ရှုမှာ အစက နောက်က လိုက်သွားရန် တွေးလိုက်မိသော်လည်း ယွီဝိန်းလန် တစ်ယောက်တည်း ကျန်ခဲ့မည်ကို အားနာသဖြင့်…
သူမကလည်း နောက်တွင် ချန်ရစ် နေခဲ့ရသည်။ ဟား လိုက်ကြည့်ချင်ပါတယ်ဆိုမှ…။
မကြာမီ ကောင်းလိမင်းသား၏ နားနေဆောင် အဝန်းအတွင်းမှ အော်သံများ ထွက်လာသည်မှာ ကြောက်စရာပင် ကောင်းတော့သည်။
ယန်ရှုတို့ နှစ်ဦးမှာ ကျောက်ရုပ်များကဲ့သို့ တောင့်တောင့်ကြီး ဖြစ်သွားကြသည်။ ထိုအခါ ယန်ရှုက ပြောလိုက်သည်။
“အရှင်မင်းကြီး… သွားကြည့် ကြရအောင်”
ယွီဝိန်းလန်မှာလည်း မတတ်သာတော့ဘဲ ထရပ်လိုက်ကာ သူမနောက် လိုက်သွားလိုက်သည်။
သူတို့ အထဲသို့ ရောက်သွားချိန်တွင် ကောင်းလိမင်းသားမှာ မျက်နှာတွင် သွေးမရှိတော့သကဲ့သို့ ဖြစ်နေပြီး ကုတင်ပေါ်တွင် ပုန်းနေသည်။ နှုတ်ကမူ တခုခုကို ဆက်တိုက် ရေရွတ်နေတော့သည်။
ထိုအခါ စကားပြန်က အားလုံးအတွက် ဘာသာပြန်ပေးတော့သည်။
“အရှင်မင်းသားက သူတို့ကို မိစ္ဆာတွေလို့ ခေါ်နေတာပါ… ပြီးတော့ အပြင် ထွက်သွားဖို့ ပြောနေတယ်”
ထိုသို့ ပြောလိုက်သည့်အခါ ကောင်းလိ မင်းသမီးက အလျင်အမြန်ပင် ဝင်ပြောတော့သည်။
“အရှင်မင်းသားက သူတို့ နှစ်ယောက်ကို အတော် ထိတ်လန့်နေပုံ ရပါတယ်…။ အဲဒါကြောင့် အပြင်ကို ခေါ်သွားပေးကြပါ… အရှင်မင်းသားကို စိတ်ဒုက္ခ ထပ်မပေးကြပါနဲ့တော့!”
ဤမြင်ကွင်းကို မြင်လိုက်ရသောအခါ အားလုံးမှာ စိတ်ထဲ၌ ကိုယ်စီ တွေးလိုက်ကြသည်။ ယမန်နေ့ညက ဤနှစ်ယောက်မှာ မင်းသားနှင့် တွေ့ခဲ့သူများ ဖြစ်ပေလိမ့်မည်။ ထို့ကြောင့် ဤနှစ်ယောက်သည် မင်းသားအား လုပ်ကြံသူများ ဖြစ်လိမ့်မည်။
ဒါပေမဲ့ ဘာလို့ မင်းသားက သူတို့ကို ဘာလို့ မိစ္ဆာတွေလို့ ခေါ်ရတာလဲ။
ထိုသို့ တွေးမိလိုက်ကြပြီး တရားခံ နှစ်ယောက်ကို ကြည့်မိလိုက်ကြသည်။
ထိုစဉ် အရှင်မင်းကြီးက ဝင်ပြောတော့သည်။
“ဒီနှစ်ယောက်က ဝန်ခံမဲ့ပုံ မပေါ်တဲ့အတွက် ခေါ်သွားပြီး အပြစ်ဒဏ် ပေးလိုက်ကြစမ်း”
အစောင့်ရဲမတ်များက နာခံလိုက်ပြီး ထိုသူနှစ်ဦးအား ဆွဲခေါ်မည် ပြုစဉ်
အရှေ့ဂျပန် သံအမတ်က စိုးရိမ်စွာဖြင့် ရှေ့မှ ဝင်ရပ်ကာ ပြောလေသည်။
“အရှင်မင်းကြီးက သူတို့ကို ဝန်ခံအောင် နှိပ်စက်မလို့ ကြံနေတာလား။ ကောင်းလိမင်းသားက သူတို့ နှစ်ယောက်ကို မနေ့ညက ခေါ်တွေ့ရင်တောင် သူတို့က အားနွဲ့တဲ့ မိန်းမသားတွေပါ…။ ယောက်ျားသားဖြစ်တဲ့ မင်းသားကို သူတို့က ဘာလုပ်နိုင်မှာလဲ”
ထိုအခါ ယန်ရှုက မနေနိုင်ဘဲ ဝင်ပြောလိုက်သည်။
“ရှင်တို့ တိုင်းပြည်က အမျိုးသမီးတွေက တခြား ပုံမှန် အမျိုးသမီးတွေနဲ့ မတူကြဘူး ထင်တယ်နော်”
အရှေ့ ဂျပန် သံအမတ်က ထိုသို့ ကြားလိုက်သည့်အခါ တွန့်ဆုတ်သွားပြီး သူမအား မသင်္ကာစွာဖြင့် ကြည့်လိုက်လေသည်။
“တော်ဝင်ကိုယ်လုပ်တော်က ဘာကို ပြောချင်တာလဲ”
161 04
ယန်ရှုမှာ သူပြောသည်ကို အဖက်လုပ်မနေတော့ဘဲ အစောင့် ရဲမတ်များအား တိုက်ရိုက် အမိန့် ပေးလိုက်တော့သ်ည။
“အချိန် ဖြုန်းမနေကြနဲ့တော့။ လုပ်စရာ ရှိတာ ဆက်လုပ်ကြ”
အစောင့် ရဲမတ်များက နာခံလိုက်ပြီး တရားခံ နှစ်ဦးအား ကြိုးဖြင့် ချည်တုတ်ရန်အတွက် ရှေ့သို့ တိုးလိုက်ကြသည်။
အရှေ့ဂျပန် သံအမတ်မှာ မနေသာတော့ဘဲ ဘေးသို့ ဖယ်လိုက်ရသည်။
“ခင်ဗျားတို့ ကျုပ်တို့ ဆီက အမျိုးသမီးတွေကို ဘယ်လို ဆက်ဆံရတာလဲ။ ဒီ မိန်းမလှ နှစ်ယောက်ကို ကျုပ်တို့ ဘုရင်က အသေအချာ ရွေးထားတာ… အရှင်မင်းကြီးက သူတို့ကို မနှစ်သက်ရင်တောင် သူတို့တွေလည်း လူတွေပဲ… လူလို ဆက်ဆံပါ”
ယန်ရှုက သည်းမခံဘဲ ပြန်ပြောလိုက်သည်။
“အင်း … အဲဒါ သိပ်ဟုတ်တာပေါ့… ရှင်က သူတို့ကို လူသားတွေမှန်း သိရဲ့သားနဲ့ ဘုရင်ရဲ့ အလိုကျ စေလိုရာစေ သေလိုရာသေ ခိုင်းလို့ရတဲ့ အသုံးတော်ခံ ဖြစ်အောင် ဘာလို့ လုပ်ကြတာလဲ”
ထိုစဉ် အားနွဲ့ မိန်းမသားများဟု ဆိုနေကြသည့် တရားခံ နှစ်ဦးမှာ စ၍ လှုပ်ရှားတော့သည်။ သူတို့က အာရုံလွင့်နေသည့် အစောင့်ရဲမတ်များ၏ သတိမထားမိမှုကို အခွင့်ကောင်းယူကာ ရဲမတ် သုံးလေးဦးခန့်ကို မြေပြင်ပေါ်သို့ မေ့လဲသွားအောင် လျှပ်တစ်ပြက် တိုက်ခိုက်လိုက်ကြသည်။
အားလုံးမှာ အံ့အားသင့်သွားကြပြီး ကွယ်ရာတွင် ပြေးပုန်းကြတော့သည်။ ယွီဝိန်းလန်မှာလည်း မသိစိတ်က စေသောကြောင့် ယန်ရှုအား သူ့နောက်တွင် ဆွဲယူ ကာကွယ်လိုက်ပြီးနောက် အခြားသော အစောင့်ရဲမတ်တို့အား အမိန့်ပေးလေသည်။
“သူတို့ကို အမိ ဖမ်းကြစမ်း!”
အစောင့်ရဲမတ်များက အမိန့်ကို နာခံလိုက်ကြပြီး ရှေ့သို့ အပြေးထွက်လာကြသည်။
ရဲမတ်သုံးယောက်နှင့် တရားခံ နှစ်ယောက်… သုံးယောက်နှစ်ယောက် ဖြစ်သဖြင့် မကြာမီပင် နှစ်ယောက်လုံးကို ချုပ်မိသွားကြသည်။
ယခုအချိန်အထိ အားလုံးမှာ တုန်လှုပ်နေကြဆဲ ဖြစ်ပြီး ပြောကြသည်။
“အရှေ့ ဂျပန်က ဒီမိန်းမတွေ သိုင်းပညာ တတ်မှန်းသိသားနဲ့ ပို့လိုက်တယ်… အဲဒါ ဘာသဘောလဲ”
ယန်ရှုက အခုမှ အစပဲ ရှိသေးတယ်ဟု တွေးလိုက်သည်။ သူတို့သာ ဒီနှစ်ယောက်ကို မိန်းမ အစစ်တွေ မဟုတ်မှန်း သိသွားကြလျှင်…
အဟမ်း… အားလုံး အဖြစ်မှန်တွေကို သိသွားကြတဲ့အခါ ဟိုခပ်ပျော့ပျော့ တဏှာရူး ကောင်းလိမင်းသားလို့ ရှော့မရသွားကြပါစေနဲ့လို့သာ ဆုတောင်းတယ်။
ထိုသို့ တွေးရင်း ကြိုးဖြင့် ချည်နေကြသည့် အစောင့်ရဲမတ်များအား ပြောလိုက်သည်။
“ဒီနှစ်ယောက် ခါးအောက်ပိုင်းမှာ ဖုဖု လုံးလုံး ဖြစ်နေပါလား… လက်နက်တွေများ ဝှက်ထားသလား မသိဘူး”
ဟင်။ လက်နက်တွေ ဟုတ်လား။
အားလုံးက သူတို့ကို ကြည့်လိုက်သည်။
ထိုအခါ ကိုယ်ရံတော် တပ်မှူးကလည်း အမိန့်ပေးလိုက်သည်။
“သူတို့ ခန္ဓာကိုယ်ကို စစ်ဆေးစမ်း”
ဘုရား ဘုရား… အခြေအနေက ဆိုးသထက် ဆိုးလာပြီ… ဒီ လုပ်ကြံရေးသမား နှစ်ယောက်သာ အရှင်မင်းကြီးကို တိုက်ခိုက်ဖို့ ကြိုးစားရင် ငါ့ ခေါင်းနဲ့ ကိုယ်နဲ့ အိုးစားကွဲတော့မယ်…။
ဤအချိန်တွင် တပ်မှူးကြီး၏ စိတ်ထဲ၌ အန္တရာယ်ဟူသမျှကို ချက်ခြင်း ရှင်းထုတ်ပစ်ရန်သာ တွေးနေမိသည်။
သူ့အနေနှင့် အမျိုးသမီး ဖြစ်စေ အမျိုးသား ဖြစ်စေ… လုပ်ကြံ သတ်ဖြတ်ရေး သမားမှန်လျှင် ခေါင်းဖြတ်သတ်ပစ်ဖို့သာ တွေးထားသည်။
တပ်မှူးကြီး၏ အမိန့်ကို ရသည်နှင့် ရဲမတ်တို့ကလည်း စတင် စစ်ဆေးတော့သည်။
သို့သော် မကြာမီပင် ရဲမတ် အားလုံးမှာ တုန်လှုပ်သွားကြသည်။
ဒါ… ဒါ… ဒါ…
ဒါက ဘာကြီးလဲ။
161 05
ရဲမတ်များ ဖြစ်နေပုံကို မြင်လိုက်ရသည့် အားလုံးမှာ သိချင်စိတ်များ ဖြစ်ကုန်ကြသည်။
ရဲမတ်တွေ ဘာကို တွေ့သွားတာလဲ။ ဘာလို့ တုန်လှုပ်ကုန်ကြတာလဲ။။
ကိုယ်ရံတော် တပ်မှူးကြီးမှာ စိတ်မရှည်တော့ချေ ထို့ကြောင့် အားလုံးကို ဖယ်ခိုင်းပြီး သူကိုယ်တိုင် စစ်ဆေးတော့သည်။
သို့သော် မကြာမီ သူလည်း တုန်လှုပ်သွားတော့သည်။ ထို့ကြောင့် အဝတ်အစားများကို ဓါးဖြင့် ခွဲဖြတ်ပစ်လိုက်သည်။
ထိုအခါ ယန်ရှုက ချက်ခြင်းပင် သူမ၏ လက်ဖဝါးဖြင့် ယွီဝိန်းလန်၏ မျက်စိကို ယောင်ပြီး အုပ်လိုက်တော့သည်။
ထိုအချိန်၌ပင် အခြား လက်ဖဝါးကြီး တစ်ခုကလည်း သူမ၏ မျက်လုံးများကို လာအုပ်လေသည်။
ထို့ကြောင့် အားလုံး အမှောင်ကျသွားပြီး ဘာမျှ မမြင်ရတော့ချေ။
သို့သော် သူမ၏ နားထဲ၌ အံ့ဩ ထိတ်လန့်စွာ အော်လိုက်သံကို ကြားလိုက်ရတော့သည်။
“မိစ္ဆာကောင်… မိစ္ဆာကောင်တွေ”
ထိုအသံမှာ တပ်မှူးကြီး၏ အသံမှန်း သူမ သိလိုက်ရသည်။
သူမမှာ တပ်မှူးကြီးကို ရင်ထဲမှ သနားသွားမိသည်။ တပ်မှူးကြီး စိတ်ဖောက်ပြန် ပစ်လဲပြီး သေမသွားပါစေနဲ့…။
ထိုအချိန်၌ပင် သူမ၏ ဧကရာဇ်လေးမှာ သူမ၏ မျက်လုံးများကို ပိုဖိ၍ ပိတ်ထားတော့သည်။
သူက သူမရဲ့ တစ်ဦးတည်းသော လူ… ဒါကြောင့် သူမရဲ့ ဘဝမှာ အရိပ်မဲကြီး မကျစေဖို့ ကာကွယ်ရမှာ သူ့ တာဝန်လေ… ။
ယွီဝိန်းလန် - “...”
ဤသို့ဖြင့် နှစ်ယောက်သား တစ်ယောက်မျက်စိကို တစ်ယောက် အပြန်အလှန် ဖိပြီး ပိတ်ထားကြတော့သည်။
ကံကောင်းထောက်မစွာဖြင့် ကိုယ်ရံတော် တပ်မှူးကြီး၏ စိတ်အားမှာ ခိုင်မာလှသဖြင့် ပစ်လဲမသွားချေ။ ထို့ကြောင့် ထိတ်လန့်စွာ အော်ပြီးသည်နှင့် သူက အစောင့်ရဲမတ်တို့အား အမိန့်ပေးလေသည်။
“ဒီကောင်တွေကို အမြန်ချုပ်ထားလိုက်ကြစမ်း”
ထိုသို့ အမိန့်ပေးပြီးနောက် သူက အရှင်မင်းကြီးဖက်သို့လှည့်ကာ လျှောက်တင်လေသည်။
“အရှင်မင်းကြီး ဒီလူနှစ်ယောက်က တကယ်တန်းကျတော့ ဒွိလိင်တွေပါ”
ချစ်လှစွာသော တော်ဝင်ကိုယ်လုပ်တော်၏ မျက်လုံးပိတ်ခြင်းကို ခံထားရသည့် မင်းကြီးက ပြန်ပြောသည်။
“ဘာပြောတယ်။ အရှေ့ဂျပန်က ငါကိုယ်တော်မြတ်ကို စော်ကားလှချေလား။အဲဒါတင်မကဘူး တိုင်းပြည်နှစ်ပြည် ပဋိပက္ခဖြစ်အောင် ကောင်းလိမင်းသားကိုပါ ထိခိုက်အောင် လုပ်သေးတယ်။ အကုန်လုံးကို ဖမ်းပြီး အချုပ်ချထားစေ”
ထိုသို့ မိန့်ကြားလိုက်သည်နှင့် ရဲမတ်အားလုံးက တညီတညွတ်တည်း နာခံလိုက်ပြီး ချက်ခြင်း လုပ်ဆောင်ကြတော့သည်။
ယွီဝိန်းလန်က ထိုအချိန်ကျမှ သူ့တော်ဝင်ကိုယ်လုပ်တော်၏ လက်သွယ်သွယ်လေးများကို ဖယ်ရှားလိုက်သည်။
“ကဲ… ငါကိုယ်တော်တို့ ဒီမှာ ဆက်နေဖို့ မသင့်တော့ဘူး… နန်းဆောင်ကို ပြန်ကြရအောင်”
ပြောပြီးနောက် သူမအား လှစ်ခနဲဆွဲခေါ်ကာ ထွက်သွားတော့သည်။
******
162 01
Chapter 162
ထိုနေ့လည်ခင်းတွင် သံတမန် ဧည့်ဂေဟာ၌ ဖြစ်ပျက်ခဲ့သည့် သတင်းသည် နန်းမြို့တော်တဝှမ်းသို့ ပြန့်နှံ့သွားလေသည်။ မင်းမှုထမ်းများနှင့် တိုင်းသူ ပြည်သားများ အပါအဝင် ကြားရသူအပေါင်း အံ့ဩကုန်ကြသည်။
ဒုတိယနေ့တွင် နန်းတွင်းသူ နန်းတွင်းသားတို့ တုန်လှုပ်ကုန်ကြပြီး အားလုံးကလည်း အနိုင်ကျင့် စော်ကားတတ်သည့် အရှေ့ဂျပန်ပြည့်ရှင် ဘုရင်အား ဝေဖန်ကဲ့ရဲ့ ကြသည်။
အချို့သော စစ်သူကြီးများမှာ စစ်ထိုးရန်အတွက် မင်းကြီထံမှ စစ်သည်များ တောင်းဆိုသည်အထိပင် ဖြစ်ကုန်ကြသည်။ ဒေါသဖြင့် နိုင်ငံငယ်လေးအား ပြာချပစ်ရန်အထိ ပြောဆိုကုန်ကြတော့သည်။
သို့ရာတွင် ထိုသို့ ပြုလုပ်ရန်ဆိုသည်မှာ အဓိပ္ပာယ် မရှိလှပေ။ ထိုအကြောင်းကို ဧကရာဇ် မင်းကြီးက ပြောစရာပင် မလိုလိုက်ဘဲ အမတ်တစ်ယောက်က ဝင်ရောက်၍ ကန့်ကွက်လိုက်လေသည်။
“အရှေ့ဂျပန်ပြည်ဟာ အမုန်းတရားကြီးတာ၊ စော်ကားတတ်တာကတော့ အမှန်ပါ… ဒါပေမဲ့ စစ်ဆိုတာမျိုးက အင်မတန်မှ ကုန်ကျစရိတ်များပြီး အလုပ်ရှုပ်တဲ့ ကိစ္စမျိုးဆိုတာကို မမေ့ဖို့ လိုပါတယ်… ပြီးတော့ အရှေ့ဂျပန်နဲ့ ကျွန်ုပ်တို့ တာ့လျန်ပြည်နဲ့ အကြားမှာ အရှေ့တရုတ်ပင်လယ်ကြီး ကာဆီးထားပါတယ်… အဲဒီတော့ ကျွန်ုပ်တို့အနေနဲ့ တပ်ကြီး ချီဖို့ ဆုံးဖြတ်လိုက်ရင်တောင် နိုင်ဖို့ မလွယ်လှပါဘူး”
“အဲဒီတော့… စစ်ပွဲ တစ်ပွဲဟာ နိုင်ချေ မရှိဘူးဆိုရင် လက်လွတ်စပယ် မတိုက်တာက အကောင်းဆုံးပဲ… ပြီးတော့ ကောင်းလိမင်းသားကို လုပ်ကြံတာ အရှေ့ဂျပန်ဖြစ်နေတဲ့အတွက် ဒီသတင်းသာ သူတို့ တိုင်းပြည်တွေဆီ ပြန်ရောက်သွားရင် ဒီနှစ်ပြည်ထောင်ဟာ ငြိမ်းချမ်းတော့မယ် မထင်ဘူး… ကျွန်ုပ်တို့အနေနဲ့ မြစ်တဖက်က လောင်နေတဲ့ မီးအခြေအနေကို အရင် စောင့်ကြည့်ပြီးမှ အချိန်ကျတဲ့အခါ တဖက်ကမ်းကို ကူးပြီး အကျိုးကျေးဇူးများတာကို ခူးခပ်ယူလိုက်ရုံပါပဲ”
ထိုအကြံပြုချက်ကို မှူးမတ်အတော်များများက ချီးကျူး ထောပနာ ပြုကြသည်။ သို့ရာတွင် အချို့မှာ ဒေါသဖြင့် စောဒက တက်ကြသည်။
“ဒီလိုဆို ကျုပ်တို့က သူတို့ စော်ကားတာကို ဒီအတိုင်း ထိုင်ကြည့်နေရမယ်ပေါ့”
ယခုအကြိမ်တွင်တော့ ပုလ္လင်ထက်မှ မင်းကြီးကပါ ဝင်ပြောတော့သည်။
“တဖက်သားက အလွန်တရာ မုန်းတီး ခက်ထန်နေရင် ကိုယ့်ဖက်က ထိန်းရတယ်… အခုလက်ရှိ ငါကိုယ်တော်မြတ် ဆုံးဖြတ်ထားတဲ့ အစီအစဉ်က ရေတပ်ရဲ့ စစ်ရေးလေ့ကျင့်မှုကို ပိုပြီး ပြင်းပြင်းထန်ထန် လုပ်ရမယ်… ရေကျောတလျှောက် ခုခံ ကာကွယ်ရေးကို အားစိုက်ရမယ်… စစ်မဖြစ်လာသေးရင်တောင် စစ်အတွက် အသင့်ဖြစ်နေအောင် လေ့ကျင့်ရမယ်… ဒီ ဂျပန်ပြည်သားတွေ ထပ်ပြီး ဒုစရိုက်မှုကို ကျူးလွန်ပြီး ရန်စလာရင်တော့ ငါတို့က ဆက်ပြီး ငဲ့ညှာမနေတော့ဘဲ ချက်ခြင်းတုန့်ပြန် ချေမှုန်းကြရမယ်”
ထိုသို့ ပြောကြားလိုက်သည့်အခါ အားလုံးက တညီတညွတ်တည်း ထောက်ခံကြသည်။
ထို့နောက် မင်းကြီးက ဆက်၍ ပြောသည်။
“ဟုန်လုဘုရားကျောင်းက ကောင်းလိပြည်နဲ့ တုန်းဝေါ်ပြည်ကို စာတစ်စောင်စီပို့ပြီး အခြေအနေကို အကြောင်းကြားလိုက်ပါ… စာထဲမှာ တုန်းဝေါ်ပြည်ကို အပြင်းအထန် ရှုံ့ချပါ… ဖြစ်နိုင်ရင် အဲဒီတိုင်းပြည်က ပြည်သူတွေပါ သူတို့ရဲ့ ဘုရင်ဟာ ဘယ်လောက် သိက္ခာမဲ့တယ်ဆိုတာကိုပါ သိအောင် လုပ်ခဲ့ရမယ်”
ဟုန်လု ဘုရားကျောင်းမှ မှူးမတ်များက ရှေ့သို့ ထွက်လာပြီး နာခံကြသည်။
တိုင်းပြည် နှစ်ပြည်ထံသို့ စာပို့ရသည်မှာ လွယ်သည်။ သို့သော် ပြဿနာက မင်းကြီး ပြောလိုက်သည့် နောက်ဆုံးအချက်က နည်းနည်း ပြဿနာရှိသည်…။
ဟင်း… တုန်းဝေါ် ပြည်သူတွေ ဒီအကြောင်းကို သိအောင် ဘယ်လိုလုပ်နိုင်မှာလဲ။
ထိုစဉ် ဟန်လင်းပညာရှိ ကျိုးမိုကျုံးက အကြံပြုသည်။
“ကျွန်တော့်မှာ အကြံတစ်ခုရှိပါတယ်… သခင်လေး ရှောင်ယောင်းရဲ့ နောက်ဆုံးထွက် စာအုပ်ပါ ဇာတ်လမ်းက တုန်းဝေါ်ပြည်က လူတွေရဲ့ လုပ်ရပ်နဲ့ ဆင်တူနေပါတယ်…။ ဟုန်လုဘုရားကျောင်းက အမတ်မင်းများ အဲဒီ ဇာတ်လမ်းကို တုန်းဝေါ် ဘာသာစကားအဖြစ် ပြန်ဆိုပြီး တုန်းဝေါ်ကုန်သည်တွေကို ပြလိုက်ပါ… ပြီးရင် သူတို့ကနေ တစ်ဆင့် ပြန်ယူသွားပြီး တုန်းဝေါ်မှာ ဖြန့်လိုက်ရင်ရော အဆင်ပြေမလား”
အိုး… ဒီ အကြံက မဆိုးဘူးဘဲ။
ထိုအခါ တစ်ယောက်က ထ ပြောသည်။
“ပညာရှိကျိုး ပြောတာ သိပ်မှန်တာပဲ။ တုန်းဝေါ်မှာ ဇာတ်လမ်းကနေတစ်ဆင့် သတင်းဖြန့်လိုက်တာမျိုးက ပိုကောင်းတယ်…။ မြေပြင်မှာလည်း ပြဇာတ်သဖွယ် ကသင့်တယ်…။ အဲဒါဆို လူတွေ အကြားမှာ ပိုလို့တောင် နာမည်ကြီးဦးမယ်”
— တကယ်လို့ သူတို့ ဘုရင်ဟာ ပြည်သူတွေရဲ့ ဆန္ဒကို ထည့်မတွက်ဘဲ သူ့ရဲ့ ရူးပေါပေါ စိတ်ဆန္ဒတွေကို အာသာဖြေနေတယ်ဆိုတာ တုန်းဝေါ်ပြည်က ပြည်သူတွေ သိသွားရင်… အဲဒီ မင်းဆက် သိပ်ကြာကြာခံမယ် မထင်ဘူး။
အားလုံးကလည်း ထိုအကြံကို ကောင်းသည်ဟု ယူဆကြသဖြင့် မကြာမီပင် ခန်းဆောင်အတွင်း၌ အားလုံး၏ ထောက်ခံသံများဖြင့် ပြည့်သွားလေသည်။
ထိုအခါ ဧကရာဇ်မင်းကြီးက ခေါင်းကို ညိတ်ကာ မိန့်လိုက်သည်။
162 02
“ဒါ သိပ်ကောင်းတဲ့ အကြံပဲ… ဟုန်လုဘုရားကျောင်းက ဒီကိစ္စကို တာဝန်ယူပြီး ကိုင်တွယ်လိုက်ပါ… တကယ်လို့ လိုအပ်တာရှိရင် ပညာရှိကျိုးကို မေးမြန်းကြပါ”
ထိုသို့ မိန့်လိုက်ပြီးသည့်အခါ ဟုန်လု ဘုရားကျောင်း တာဝန်ခံ မှူးမတ်များက တရိုတသေ နာခံလိုက်ကြသည်။ အခြားသူများကလည်း ဧကရာဇ်မင်းကြီးအား ချီးကျူးလိုက်ကြသည်။
“အရှင်မင်းကြီး ဉာဏ်ပညာနဲ့ ပြည့်စုံပါပေတယ်”
ဝန်မင်းများ အကြားထဲမှ အလုပ်အကိုင် ရေးရာ အမတ်ဝန်ကြီး လုခိုင်းဟယ်မှာ အထူးကျေနပ်နေသည်။
သိပ်ကောင်းတယ်။ ငါ့အကြိုက်ဆုံး စာရေးဆရာ သခင်လေး ရှောင်ယောင်းရဲ့ စာအုပ်တွေ တခြား တိုင်းပြည်တွေ အထိတောင် ပြန့်တော့မယ်။
ယခုလို စိတ်လှုပ်ရှား ကျေနပ်နေသကဲ့သို့ စိတ်လည်း ပူနေသည်။ သူမနက်က မင်းညီလာခံသို့ အမြန်ထွက်လာခဲ့မိသဖြင့် သခင်လေး ရှောင်ယောင်း၏ စာအုပ်အသစ် ထွက်နေတာကို မသိလိုက်ပေ။
ညီလာခံကနေ အပြန်ကျရင် ဝင် ဝယ်ဦးမှပါ။
~~
ထိုအချိန် စီအန်း နန်းဆောင်၌ ယန်ရှုမှာ စာအုပ်အသစ်ကို ကိုင်ထားလျက် စာရင်းထိပ်ဆုံးရှိ ပုဂ္ဂိုလ်ဖြစ်သည့် မယ်တော်ကြီးနှင့် အတွေးအခေါ်များ ဖလှယ်နေတော့သည်။
ဇာတ်လမ်းကို နားထောင်ပြီးသည့်အခါ မယ်တော်ကြီးက ခေါင်းကို ညိတ်လိုက်ပြီး ပြောသည်။
“ဒီလောက် ယုတ္တိတန်တဲ့ ကိစ္စကြီးကို တော်ဝင်ကိုယ်လုပ်တော် ကိုင်တွယ်ပုံက သပ်ရပ်တယ်…။ ပြည်သူတွေ ဒီစာကို ဖတ်ပြီး ကြောက်ကုန်ကြမှာ အသေအချာပဲ…။ သရဲ ပုံပြင်တွေကမှ သက်သာဦးမယ်…။ အဓိက ကြိုးကိုင်သူက အရှေ့ ဂျပန်က ဘုရင် ဖြစ်နေတော့ လျှော့ရေးရတာမို့ သူ့နာမည်ကို မပါဘဲ ဖြစ်နေတာလေး တစ်ခုပဲ ဆိုးတာ”
ထိုအခါ ယန်ရှုက ပြန်ပြောသည်။
“အဲဒါလည်း ခဏပါပဲ မယ်တော်ကြီး… ပြည်သူကို မငဲ့တဲ့ သူ့လုပ်ရက်ကို ပြည်သူတွေ သိသွားကြရင် ပုလ္လင်ပေါ် ကြာကြာထိုင်လို့ မရပါဘူး…။ ပြီးတော့ ဖြစ်ရပ်မှန်ကို အားလုံး သိသွားတဲ့အချိန်မှာ သူတို့ ကောင်းလိပြည်အပေါ် စော်ကားထားတာ လူသိပြီလေ…။ ရှေ့လျှောက် ဘာတွေ ဖြစ်မလဲ ဇိမ်နဲ့ ထိုင်ကြည့်ရုံပဲ”
မယ်တော်ကြီးက ခေါင်းညိတ် ထောက်ခံလေသည်။
“ကောင်းလိမင်းသား အခုလို ဖြစ်တာ တန်တော့ တန်တယ်…။ အဲဒီလူက သူများ တိုင်းပြည်မှာ ရောက်နေတာတောင် ရိုးသားမှုက မရှိဘူး…။ ဒီလူ အခုလို အကြောက်လွန်ပြီး စိတ်ဖောက်ပြန်တာကနေ ပြန်သက်သာတော့မယ်လို့တောင် မယ်တော်ကြီးတော့ မထင်ဘူး ”
ယန်ရှုက ပြောပြသည်။
“သမားတော်ကျန်း မနေ့တုန်းက ပြောလိုက်တာ ကြားလိုက်တယ်…။ နောက်ဆို မင်းသားက သူ့ကို စိတ်ထစေမဲ့ အရာတွေ မလုပ်ရင် ပြန်သက်သာလာနိုင်ချေ ရှိတယ်တဲ့…။ ဒါပေမဲ့ နှစ်ပေါင်းများစွာ ကြာမယ်လို့ ပြောတယ်”
ထို့နောက် သူမက အသံကို နှိမ့်၍ ဆက်ပြောသည်။
“မယ်တော်ကြီးကို ပြောပြဦးမယ်…။ အဲဒီကောင် အခု မိန်းမတွေကို နည်းနည်းလေး အမြင်ဆန်းရင်တောင် မကြည့်ရဲတော့ဘူးတဲ့…။ တွေ့ရင်လည်း မိစ္ဆာကောင်တွေလို့ အော်ပြီး ထွက်ပြေးသတဲ့…။ အခုတော့ သူမိန်းမ ကောင်းလိမင်းသမီးကိုပဲ အနားမှာ ခေါ်ထားတယ်လို့ ကြားမိတယ်”
ထိုအခါ မယ်တော်ကြီးမှာ ထ ရယ်မိတော့သည်။
“မင်းသမီးကလည်း ဒီလိုပဲ ဖြစ်စေချင်မှာပေါ့…။ သူယောက်ျား ဖောက်ပြန်မှာကို အခု စိတ်ပူစရာ မလိုတော့ဘူးလေ”
ယန်ရှုကလည်း ရယ်လိုက်သည်။
“သူလည်း ဒီလိုပဲ သိပ်ဖြစ်ချင်တာပေါ့…။ အဲဒါကြောင့်လည်း ဒီကိုယ်လုပ်တော်တို့နဲ့ သူက ပူးပေါင်းနေတာ…။ မနေ့ကဆိုရင်လည်း ကောင်းလိကို စာပို့ဖို့အတွက် သူ့ သံအမတ်တွေကိုပဲ ရေးခိုင်းလိုက်တာ…။ စာထဲမှာ တုန်းဝေါ်က ရန်လိုတယ် စော်ကားတယ်လို့ပါ ထည့်ကို ရေးသေးတာ…။ ဧကရာဇ်မင်းကြီးကို လုပ်ကြံမဲ့ အကြံမအောင်မြင်တော့ သူခင်ပွန်း ကောင်းလိမင်းသားကို ပြောင်းလုပ်ကြံတယ်လို့ ထည့်ရေးထားတယ်…။ ဒါပေမဲ့ အဲဒီ ‘လူနှစ်ယောက်’ ကို သူ့ခင်ပွန်းက အရင်ချဉ်းကပ်တာတော့ ထည့်မရေးထားဘူး”
မယ်တော်ကြီးက သဘောကျစွာ ရယ်လေသည်။
“မင်းသမီးက အဲဒီလို ရေးလို့ ဘယ်ဖြစ်မတုန်း… ဟုတ်တယ် မဟုတ်လား။ သူက သူ့ယောက်ျားကို စိတ်ပျက်လို့ ညည်းကောင်း ညည်းပေမဲ့ ရာထူးနဲ့ ဂုဏ်ကိုတော့ လိုချင်နေသေးတာကိုး… အင်း… အာဏာ ဂုဏ် မက်တဲ့ သူတွေ ပျော်နိုင်ဖို့ ခက်တယ်”
ဂရု မစိုက်ရင်လည်း တကယ် ဂရုမစိုက်ဘဲ နေလိုက်ပေါ့…။ ရာထူး အာဏာလည်း မက်လို့ မကြိုက်ပေမဲ့ အောင့်ခါ နမ်းနေရတဲ့ ဘဝက ဘာအဓိပ္ပာယ် ရှိမလဲ။
ထိုသို့ ပြောပြီးသည့်အခါ မယ်တော်ကြီး၏ စိတ်ထဲတွင် ဝမ်းနည်းသွားသလို ခံစားနေရသည်။ ထိုသို့ တွေးပြီးနောက် ယန်ရှုအား ပြောလိုက်သည်။
“အခု ကိစ္စတွေကို စိတ်ရော ကိုယ်ပါ နှစ်ပြီး လုပ်နေရတာ ပင်ပန်းရောပေါ့…။ အခု ဝတ္ထုလည်း ရေးပြီးပြီဆိုတော့ ပြန်ပြီး အနားယူလိုက်ဦး”
ယန်ရှုက သဘောတူလိုက်ပြီး ထကာ ထွက်လာခဲ့သည်။
သူမ၏ စိတ်ထဲတွင် မယ်တော်ကြီးက သူ့ဘဝကိုသူ မရည်ရွယ်ဘဲ ချပြမိသွားတာလား ဟု တွေးနေမိသည်။
မယ်တော်ကြီးမှာ လွန်လေပြီးသော ဧကရာဇ်မင်းကြီးအပေါ် လက်လျှော့လိုက်ပြီးမှ စိတ်လွတ်လပ် ပေါ့ပါးစွာ နေနိုင်သွားပုံ ရသည်။
ယန်ရှုက တံခါးကို တွန်းဖွင့်၍ ထွက်လိုက်သည့်အခါ ရန်တုန်းအား မြင်လိုက်ရသည်။ မယ်တော်ကြီးအား ခစားရသည့် ကျူးရှုနှင့် အမျိုးသမီးကျွမ်းတို့ အပြင် အခြားသော နန်းတွင်း အစေခံများမှာလည်း အပြင်တွင် တန်းစီ၍ စောင့်ဆိုင်းနေကြသည်။ သူမ အပြင်သို့ ထွက်လာသည်ကို မြင်လိုက်သည့်အခါ အားလုံးက အရိုအသေ ပေးလိုက်ကြသည်။
162 03
ယန်ရှုက ခေါင်းညိတ် အသိအမှတ်ပြုလိုက်ပြီး ရန်တုန်း၏ အကူအညီဖြင့် မြင်းရထားပေါ်သို့ တက်လိုက်သည်။
ဘေးမှ ကြည့်နေကြသည့် ကျူးရှုနှင့် အမျိုးသမီး ကျွမ်းတို့မှာ ယန်ရှု လက်ထဲမှ ဝတ္ထုစာအုပ်ကို လှမ်းကြည့်လိုက်ကြပြီးနောက် နန်းဆောင်အတွင်းသို့ ဝင်သွားကြလေသည်။
~~
သံတမန် ဧည့်ဂေဟာရှိ သံအမတ်များ၏ ကိစ္စကို ဖြေရှင်းခြင်း၊ ဝတ္ထုဇာတ်လမ်းကို ရေးခြင်း စသည်ဖြင့် ယန်ရှုမှာ အားလုံးကို ကူညီပေးခဲ့ပြီး ဖြစ်သည်။
ယခုမူ သူမအနေဖြင့် စာဖတ်သူတို့၏ အမြင်ကို စောင့်ကြည့်ရပေဦးမည်။
— ယခု တစ်ကြိမ် သူမရေးမည့် ဇာတ်လမ်းမှာ အလွန် ထူးဆန်းလှပြီး အခန်းဆက်လည်း ဖြစ်သဖြင့် သူမ၏ စာဖတ် ပရိတ်သက်များ ကြိုက် မကြိုက် မပြောတတ်သေးပေ။
နောက် နှစ်ရက်ခန့် အကြာတွင် စာဖတ်သူတို့ထံမှ ပေးစားများကို အိတ်လိုက် သယ်လာသူမှာ ကျိကုံး မဟုတ်ဘဲ ဖုဟိုင် ဖြစ်နေသည်ကို သူမ မြင်လိုက်ရသည်။ ပြောရလျှင် အခုနောက်ပိုင်း ကိုယ်ဝန်ကြောင့် သူမမှာ စာအုပ် များများ မထုတ်နိုင်သဖြင့် စာဖတ်သူတို့ထံမှ စာအဝင်လည်း နည်းနေသည်။ ယခုမူ စာအုပ် အသစ်တစ်အုပ် ထပ်ထွက်ထားသဖြင့် ပေးစာများ အများအပြား ရရှိထားလေသည်။ စာဖတ်သူတို့ သူမအား သတိရနေသည်မှာ သိသာလှသည်။ ယန်ရှုကလည်း ပျော်ရွှင်စွာဖြင့် ဖွင့် ဖတ်လေတော့သည်။
စာအများစုမှာ အဘယ့်ကြောင့် စာအုပ် အထွက်နှေးနေရသည်ကို မေးထားကြသည်။ သူမ၏ ကျန်းမာရေးနှင့် ဘဝ အနေအထိုင် အဆင်ပြေ မပြေကို ပူပင်နေကြသူများလည်း ရှိသည်။ ထိုစာများကို ဖတ်လိုက်ရသည့်အခါ သူမ ရင်ထဲ နွေးသွားသလို ခံစားရသည်။
ထို့အပြင် ဇာတ်လမ်းနှင့် ပတ်သက်သည့် အမြင်များကို ပြောပြထားသည့် စာများလည်း ပါပြီး အားလုံး၏ အမြင်မှာ အကောင်းဖက် ရောက်သည်။
သို့သော် အချို့သော စာများကိုတော့ သူမ အံ့ဩ မိသည်။
ထို စာများတွင် သူမသည် အမျိုးသမီး တစ်ယောက် ဟုတ် မဟုတ် ခပ်ရင့်ရင့် မေးခွန်းထုတ်ထားသည်။ အချို့စာများက သူမအား အမျိုးသမီးအခန်းတွင်း၌သာ ငြိမ်ငြိမ်နေရန်… လူအများ အထင်ကြီးအောင် စာများရေးပြီး လုပ်ပြမနေရန် သတိပေးထားသည်။
ယန်ရှု - “ဟင်”
ဒါ ဘယ်လို ဖြစ်ရတာလဲ။
နေပါဦး … ဘာလို့ သူ့ကို အမျိုးသမီး တစ်ယောက်လို့ ထင်ကြတာလဲ။
တစ်ခုခုများ ပေါ်သွားလို့လား။
ပြီးတော့ ဘာလို့ သူ့ကို စာမရေးစေချင်တာလဲ။
ထိုစဉ် စစ်စတန်က ဝင်ပြောလေသည်။
[အဲဒီ စာတွေ အကြောင်း ပြောရအောင်… ပထမ တစ်စောင်မှာ နင့်ကို ဘာလို့ အမျိုးသမီးလို့ ယူဆပြီး ပြောနေတာလဲ သိလား။ အဲဒါ ဘာလို့လဲဆိုတော့ နင် အခုတလော စာအုပ် မရေးတာကြာပြီ မဟုတ်လား။ အဲဒီမှာ စာရေးသူတွေက စောင့်ရတာ စိတ်မရှည်ကြတော့ဘဲနဲ့ တချို့သူတွေက နင့်ကို အတုခိုးပြီး စာလိုက်ရေးကြတယ်…။ ဒါပေမဲ့ အရေးအသား ရေးဟန်က တခြားစီပဲ… အဲဒီတော့ ထိရောက်မှု သိပ်မရှိဘူးပေါ့…။ အဲဒီမှာ အဲဒီ လူတွေက နင့်ရဲ့ စာအုပ်တွေကို စပြီး လေ့လာကြတဲ့အခါ ဇာတ်လမ်းထဲက လူဆိုး တော်တော်များများဟာ ယောက်ျားတွေ ဖြစ်နေတာကို တွေ့သွားကြတယ်…။ အမျိုးသမီး တော်တော်များများကကျတော့ ရိုးသားသူတွေ ဖြစ်နေကြတယ်… အဲဒီတော့ သူတို့က နင့်ကို ယောက်ျားတွေကို မုန်းတဲ့သူလို့ ယူဆကြတယ်… နောက်ဆုံး နင့်ကို မိန်းမတစ်ယောက်လို့ ခန့်မှန်းလိုက်ကြတယ်]
[အခု နောက်ဆုံး တစ်အုပ်မှာလည်း ဇာတ်လိုက်က အမျိုးသမီး ဖြစ်နေတော့…။ နင်က သေချာပေါက် အမျိုးသမီး ဖြစ်ရမယ်လို့ သူတို့ တွက်လိုက်တာ]
ထိုအခါ ယန်ရှုက ဖြစ်ရပ်ကို သဘောပေါက်သွားသည်။[ဘာလို့ သူတို့က အဲလို ထင်ရတာလဲ။ ဒီလောကကြီးမှာ အမျိုးသမီးရော အမျိုးသားရော လူဆိုးတွေ ဖြစ်နိုင်ကြတာပဲ…။ ငါရေးတာကလည်း အမျိုးသားတွေချည်း လူဆိုး လုပ်ထားတာ မဟုတ်ပါဘူး… ငါ ယောက်ျားတွေကို မုန်းတယ်လို့ ဘာလို့များ ယူဆကြတာလဲ။]
ထိုအခါ စစ်စတန်က ပြန်ပြောပြသည်။[တကယ်က တိုက်ခိုက်လိုစိတ်ကြောင့်ပါ…။ စဉ်းစားကြည့် ဒီ ယူဆချက်တွေသာ ပြန့်သွားလို့ကတော့ လူတွေ နင့်အပေါ် သံသယ ဝင်လာကြတော့မှာ]
162 04
ယန်ရှု -[……]
ကြည့်ရတာ လက်ရှိ သူတို့ ရည်မှန်းချက် အထမြောက်သွားပြီ ထင်သည်…။ မဟုတ်လျှင် ဤမျှ ရင့်သီးသည့် စာမျိုး သူမထံ ရောက်လာစရာ အကြောင်းမရှိချေ။
ထို့ကြောင့် သူမက စိတ်ပျက်စွာဖြင့် ပြောလိုက်သည်။
[ငါ အမျိုးသမီး ဖြစ်နေတာကို သူတို့က ဘာလို့များ စိတ်ဆိုးရတာလဲနော်။ အရင်က ငါ့လက်ရာ စာအုပ်တွေ သူတို့ မကြိုက်တာ ကျနေတာပဲ…။ အဲဒါ ငါ ယောက်ျား ဖြစ်တာ မိန်းမ ဖြစ်တာနဲ့ ဆိုင်လို့လား။]
စစ်စတန်[နင်ပြောတာ အမှန်ပါပဲ…။ ဒါပေမဲ့ တချို့လူတွေက ခေါင်းမာတယ်…။ အထူးသဖြင့် အခု စာအုပ်မှာ အမျိုးသမီးတစ်ယောက်ကို ဇာတ်လိုက်နေရာ ထားလိုက်တော့ ပိုဆိုးတာပေါ့… ။နင်က မိစ္ဆာတွေကို နှိမ်နင်းဖို့ အမျိုးသမီး ဇာတ်လိုက်ကို တမင် ဖန်တီးတယ်လို့ မြင်ကြတယ်…။ နင်က အမျိုးသားတွေကို တဖက်လှည့်နဲ့ နှိမ်တယ်လို့ မြင်ကြတယ်]
ယန်ရှု[……]
သူမ နှုတ်ပင် ဆွံ့အ သွားမိသည်။ သမိုင်းတွင် အမျိုးသား သူရဲကောင်းများကို ဇာတ်လိုက်နေရာထား၍ ရေးခဲ့ကြပြီး ဖြစ်သည်။ ထို့ကြောင့် သူမက ခါတိုင်းနှင့် ကွဲပြားအောင် ရေးချင်ရုံသာ ဖြစ်သည်။ ထိုသို့ ရေးလိုက်ခြင်းက ယခုကဲ့သို့ အထင်လွဲမှုမျိုး ဖြစ်သွားလိမ့်မည်ဟု ထင်မထားမိချေ။
ပြောရလျှင် စွန်းရှင်ကျဲဆိုသည့် မိစ္ဆာများကို တိုက်ခိုက်အနိုင်ယူသည့် သူရဲကောင်း ဇာတ်လမ်းရှိသည်။ ဇာတ်လိုက်မှာ လူစင်စစ် မဟုတ်ချေ။ သို့သော် ထိုဇာတ်လမ်းသည် လူသားများကို နှိမ်သည့် ဇာတ်လမ်းဟု အဘယ့်ကြောင့် မပြောကြသနည်း။
စစ်စတန် [အဲဒါ သိပ်ဟုတ်တာပေါ့…တပါးသူကို ကဲ့ရဲ့ နှိမ်ချတတ်တဲ့သူတွေကတော့ ဒါကို မြင်မှာ မဟုတ်ဘူး]
ယန်ရှု [ဒါဆို သူတို့ ထင်ချင်သလို ထင်ကြပါစေတော့…။ ဒီလူတွေက လက်မခံနိုင်ရင်လည်း ဘယ်လို ရှင်းပြပြ လက်ခံမဲ့သူတွေ မဟုတ်ဘူး။ ပြီးတော့ ငါက အမျိုးသမီးတစ်ယောက်… သူတို့ လက်ခံဖို့အတွက်နဲ့ လိင်ပြောင်းလို့လည်း မရဘူးလေ ဟုတ်တယ် မဟုတ်လား။]
ထိုသို့ပြောပြီးနောက် သူမက ထိုကိစ္စကို ခေါင်းထဲမှ ထုတ်ပစ်လိုက်တော့သည်။ သူမက ဝမ်းဗိုက်ကို လက်ဖြင့် ခပ်ဖွဖွ ပွတ်သပ်လိုက်ပြီး ပြောလိုက်သည်။
“ကဲ ကလေး အမေရေ… ကလေးလေးကို ကြာဖူးတွေ ခူးဖို့ ခေါ်သွားရအောင်!”
ထို့နောက် ထိုင်ရာမှ ထကာ ထွက်လာခဲ့လိုက်သည်။
နွေရာသီ လွန်လာပြီ ဆိုတော့ ရာသီဥတုက အေးစ ပြုလာပြီ။ ထိုက်ယီရေကန်ထဲက ကြာပန်းတွေလည်း ပွင့်ပြီးလို့ မျိုးတောင် ကုန်တော့မယ်။ ကြာဖူးတွေ ခူးဖို့ အကောင်းဆုံး ရာသီမျိုးပေါ့။ ပြီးခဲ့တဲ့ တစ်ရက် နှစ်ရက်ကနေ စပြီး နန်းတွင်းက လူတွေ ကြာရိုး ကြာစွယ်တွေ တလှုပ်လှုပ်နဲ့ ခူးနေကြတာ ပျားပန်းခတ်နေသလိုပဲ။
အဆိုးများကို တွေးနေမည့်အစား ယခုလို အေးဆေး အနားယူနေတာမှ ပိုကောင်းပေတော့မည်။
******