← Chapters

အခန်း (၁၆၃-၁၆၅)

Vol. 11 Ch. 163-165

အခန်း (၁၆၃-၁၆၅)

Vol. 11 Ch. 163-165

163 01

Chapter 163

နေ့စဉ် နေ့လည်ခင်းတိုင်းတွင် မယ်တော်ကြီးမှာ တရေးတမော အိပ်လေ့ ရှိသည်။

အိပ်သည့်အခါတွင်လည်း အနားတွင် လူရှိနေသည်ကို မကြိုက်ပေ။ ထို့ကြောင့် အပါးတော်မြဲဖြစ်သည့် အမျိုးသမီးကျွမ်းမှာ အားလပ်နေတော့သည်။ ထို့ကြောင့် သူမက သူမ၏ အစေခံများ နားနေခန်းသို့ ပြန်လာလိုက်သည်။

အခန်းအတွင်းသို့ ဝင်လိုက်သည့်အခါ စာအုပ်တစ်အုပ်ကို ဖတ်နေသည့် ကျူးရှုကို တွေ့လိုက်ရသည်။ ထိုစာအုပ်မှာ မယ်တော်ကြီး သိပ်ကြိုက်သည့် သခင်လေး ရှောင်ယောင်း၏ စာအုပ်ပင် ဖြစ်ချေတော့သည်။

ထိုသို့ မြင်လိုက်သည့်အခါ သူမမှာ မထိန်းနိုင်ဘဲ နှာခေါင်းကို ရှုံ့၍ ထ ရယ်လိုက်သည်။

“မယ်တော်ကြီးမှာ ဖတ်ပြမဲ့ တော်ဝင်ကိုယ်လုပ်တော်ယီ ရှိနေပြီလေ… နင်က ဘာစိတ်ကူးပေါက်လို့ ထ ဖတ်နေတာလဲ”

ကျူးရှုမှာ စိတ်အနှောင့်အယှက် ဖြစ်သွားသော်လည်း ထိန်း၍ ပြန်ပြောသည်။

“ဒီစာအုပ်ကို ရေးတဲ့သူက မိန်းမတစ်ယောက်လို့ လူတွေ ပြောပြောနေကြတာ ကြားမိလို့ သေချာအောင် ဖတ်ပြီး အကဲခတ်ကြည့်နေတာပါ”

ထိုသို့ ကြားလိုက်သည့်အခါ အမျိုးသမီးကျွမ်းက တစ်ခုခုကို သတိရသွားပြီး ကျူးရှုကို ပြောလိုက်သည်။

“စကားမစပ် ဟိုးအရင်တုန်းက တော်ဝင်ကိုယ်လုပ်တော်ယီက မယ်တော်ကြီးကို စာအုပ်လာဖတ်ပြရင် လူရှေ့မှာပဲ ဖတ်ပြပြီးတော့ အခု နောက်ပိုင်းမှာကျ ဘာလို့ ပုန်းလျှိုး ကွယ်လျှိုး လုပ်နေတာလဲ မသိဘူး…။ ငါ ဘုရားကျောင်းမှာ သုံးရက်လောက် အပြစ်ဒဏ်ကျနေတုန်း ငါ မသိလိုက်တာ ဘာတွေများ ဖြစ်သွားသေးလဲ”

ကျူးရှုလည်း အခုမှ တွေးမိလိုက်သည်။ ထို့ကြောင့် ဖတ်လက်စ စာအုပ်ကို ဘေးတွင် ချ၍ ပြောသည်။

“အဲဒီ ရက်ပိုင်းတုန်းက မယ်တော်ကြီးက တော်ဝင်ကိုယ်လုပ်တော်ယီအတွက် လက်ဆောင် ပို့ခိုင်းလိုက်လို့ ကျွန်မ သွားပို့တာ…။ အဲဒီမှာ သခင်လေး ရှောင်ယောင်းကို မယ်တော်ကြီး ဆုချဖူးတဲ့ ဟူစုတ်တံကို တော်ဝင်ကိုယ်လုပ်တော် သုံးနေတာကို ကျွန်မ တွေ့လိုက်ရော… အဲဒါကို မယ်တော်ကြီးဆီ ပြန်လျှောက်တင်နေတုန်း မကြာဘူး တော်ဝင်ကိုယ်လုပ်တော်ယီ ရောက်လာပြီး မယ်တော်ကြီးနဲ့ သီးသန့် စကားပြောတယ်…။ အဲဒီအချိန်က စလို့ တော်ဝင်ကိုယ်လုပ်တော် ရောက်လာတိုင်း မယ်တော်ကြီးက အစေခံတွေ အားလုံးကို အပြင်ထွက်ခိုင်းတော့တာပဲ”

ထိုသို့ ကြားလိုက်သည့်အခါ အမျိုးသမီး ကျွမ်းက မျက်မှောင် ကြုတ်မိလိုက်လေသည်။

“နင် လျှောက်တင်ပြီးတာနဲ့ မကြာဘူး တော်ဝင်ကိုယ်လုပ်တော် ရောက်လာတယ် ဟုတ်လား။ သူ့ကိုယ်သူ အပြစ် ရှိမှန်း သိလို့ လိုက်လာတာများလား။ နင် တိုင်လိုက်မှာ စိုးလို့ သူက အရင် ကြိုလိုက်လာပြီး တောင်းပန်တာမျိုးလား”

ထိုအခါ ကျူးရှုက ပြောသည်။

“အဲဒီလို ကျွန်မလည်း တွေးဖူးတယ်…။ ဒါပေမဲ့ သခင်လေး ရှောင်ယောင်းကို ပေးထားတဲ့ ဆုကို သူက ဖြတ်ယူတာကို မယ်တော်ကြီးက စိတ်မဆိုးဘူးလား။ စိတ်မဆိုးတဲ့ အပြင် အခုဆို ပိုပြီးတောင် ဂရုစိုက်နေသလိုပဲ…။ မယ်တော်ကြီးက အခုလို တခြားသူတွေ အပေါ် ဒီလောက် စေတနာ ထားတာမျိုး မြင်ဖူးလား”

ထိုမျှသာမက တမြန်နေ့တုန်းကပင် ကိုယ်လုပ်တော်အသစ်များ ထပ်မရှာဖို့ မယ်တော်ကြီးက လူအများရှေ့တွင် ပြောသေးသည်။ ကျူးရှုမှာ ဤအကြောင်းကို တွေးရင်း စိတ်ထဲတွင် မကျေမနပ် ဖြစ်လာမိသည်။

ဟိုး ရှေးယခင် ကာလကတည်းက ဘုရင်မင်းမြတ်တွေမှာ တော်ဝင်ကိုယ်လုပ်တော်ခေါင်ကြီး မယ်တော်ကြီးတို့အတွက် နန်းဆောင်ကြီး သုံးခု၊ ကိုယ်လုပ်တော်တွေအတွက် နန်းဆောင်ငယ် ခြောက်ခု ရှိတာ ထုံးစံ မဟုတ်ဘူးလား။ အရှင်မင်းကြီးကို မောင်ပိုင်စီးချင်တာ ထားပါတော့။ မယ်တော်ကြီးကိုပါ အခုလို သူ့ဖက်လိုက်ပြီး ပြောအောင် ဆွယ်တာကျ မလွန်လွန်းဘူးလား။

သူမ ထိုသို့ တွေးနေစဉ် အမျိုးသမီးကျွမ်းက ပြောလေသည်။

“နင်ပြောတာ အမှန်ပဲ… မယ်တော်ကြီးရဲ့ အနားမှာ ငါ ခစားလာတာ နှစ်ပေါင်းများစွာ ကြာပြီ…။ မယ်တော်ကြီးက လူတစ်ယောက်မှာ စိတ်ဓါတ်ကို အရမ်း တန်ဖိုးထားတာ…။ တော်ဝင်ကိုယ်လုပ်တော်ယီသာ မဟုတ်တာ လုပ်ရင်တော့ မယ်တော်ကြီးက သူ့ကို အသိအမှတ် ပြုတော့မှာ မဟုတ်ဘူး။ ကြည့်ရတာ ဟူစုတ်တံအတွက်နဲ့ တော်ဝင်ကိုယ်လုပ်တော်ယီ ပြဿနာ မတက်လောက်တော့ဘူး ထင်ပါတယ်”

ကျူးရှုက ခေါင်းညိတ် ထောက်ခံလိုက်သည်။ ဟူစုတ်တံ နှစ်စုံရှိသည်ကို သူမလည်း နောက်မှ သိရသည်။ နှစ်စုံလုံးကို ကျန်းနန် မြို့စားမှ ဆက်သလာခြင်းဖြစ်သည်။ တစ်စုံကို ဧကရာဇ် မင်းကြီးထံ ဆက်သပြီးနောက် တစ်စုံကို မယ်တော်ကြီးထံ ဆက်သခြင်း ဖြစ်လေသည်။ တော်ဝင်ကိုယ်လုပ်တော်ယီ၏ စုတ်တံမှာ မင်းကြီး၏ စုတ်တံ ဖြစ်ပုံရသည်။ သို့သော် မင်းကြီးက ဤမျှ အဖိုးတန်သည့် စုတ်တံကို တော်ဝင်ကိုယ်လုပ်တော်ယီအား ပေးကာ လက်ရေး လေ့ကျင့်စေသည်က ကျူးရှု၏ ရင်ထဲတွင် မနာလိုမှုကို ဖြစ်စေသည်။ ထိုစဉ် အမျိုးသမီးကျွမ်းက ပြောလာသည်။

163 02

“ကြည့်ရတာ အဲဒီ စုတ်တံကို အရှင်မင်းကြီးက ပေးတာထင်တယ်”

ကျူးရှုမှာ ရုတ်တရက်မို့ နားမလည်သလို ဖြစ်သွားသော်လည်း အမျိုးသမီးကျွမ်းက ဆက်ပြောသည်။

“အရှင်မင်းကြီးရဲ့ အနားမှာ အပြောကောင်းတဲ့ သူတွေ ဝိုင်းနေတာ ကြာပြီ…။ နင်က ကိုယ်လုပ်တော်အန်းလောက် တော်နေရင်တောင် တစ်ချက်လေး မှားသွားတာနဲ့ အပယ်ခံရပြီ…။ မယ်တော်ကြီးကလည်း မျက်စိရှေ့ မြင်ချင်တော့မှာ မဟုတ်ဘူး…။ အခု တော်ဝင်ကိုယ်လုပ်တော်ယီကို မယ်တော်ကြီး တော်တော် သဘောကျနေတယ်ဆိုတာ သူ့မှာလည်း အရည်အချင်း တစ်ခုခုတော့ ရှိနေလို့ပေါ့”

ထိုအခါ ကျူးရှုက လက်မခံနိုင်သေးဘဲ ပြောသည်။

“အခု တော်ဝင်ကိုယ်လုပ်တော်မှာက မင်းကြီးရဲ့ ကိုယ်ဝန်ရှိနေလို့ မျက်နှာသာ ပေးနေတာရော မဖြစ်နိုင်ဘူးလား”

ထိုအခါ အမျိုးသမီးကျွမ်းက ပုံမှန်အတိုင်း ဘာမျှမထူးသလို ဆက်ပြောသည်။

“ဟင်း… တော်ဝင်ကိုယ်လုပ်တော်ယီမှာ မင်းကြီးရဲ့ ကိုယ်ဝန်ရှိရုံနဲ့တင် မယ်တော်ကြီးက အခုလို ပြောင်းလဲသွားမယ် ထင်သလား”

ကျူးရှု တစ်ချက် တွေးမိသည်။

ဟုတ်သည်။

ကိုယ်လုပ်တော်ကျိုးကဲ့သို့ လူမျိုးဆိုလျှင် မင်းကြီး၏ ကိုယ်ဝန် ရှိနေလျှင်တောင် မယ်တော်ကြီးက အဖက်လုပ်မည့်ပုံ မပေါ်ချေ။

ဤသို့ဆိုလျှင် တော်ဝင်ကိုယ်လုပ်တော်ယီတွင် ရှိသည့် မည်သည့်အရည်အသွေးက မယ်တော်ကြီးအတွက် အထင်ကြီးစရာ ဖြစ်နေသနည်း။

ထိုစဉ် အမျိုးသမီး ကျွမ်းက ပြောသည်။

“မယ်တော်ကြီးကို စာလာဖတ်ပြတိုင်း တခြားလူတွေကို အပြင်ထုတ်ထားတယ်ဆိုတော့ မယ်တော်ကြီးနဲ့ သူ့ကြားမှာ စာအုပ်ဖတ်ပြတာထက် ပိုတဲ့ လူသိမခံနိုင်တဲ့ ကိစ္စများ ရှိနေသလား”

ကျူးရှု သိချင်နေသည်မှာလည်း ထိုကိစ္စပင် ဖြစ်သည်။ ထိုသို့ အမျိုးသမီး ကျွမ်းက ပြောလိုက်သည့်အခါ သူမက မျက်မှောင်ကြုတ်၍ ပြောလေသည်။

“ကျွန်မတော့ စဉ်းစားလို့ မရဘူး… မယ်တော်ကြီးက အခုလို စာအုပ် ဖတ်ပြခိုင်းတယ်ဆိုတာက တော်ဝင်ကိုယ်လုပ်တော်ဆီကနေ သခင်လေး ရှောင်ယောင်းအကြောင်းကို အစ်အောက် မေးမြန်းချင်တာက အဓိက…”

ထိုသို့ ပြောပြီးနောက် တစ်ချက် တုံ့ခနဲ ဖြစ်သွားလေသည်။

အမျိုးသမီးကျွမ်းကလည်း ပြောသည်။

“အင်း… ဟုတ်တယ်နော်… အရင်က မယ်တော်ကြီးက သခင်လေး ရှောင်ယောင်းကို မြင်ဖူးချင်တယ်လို့ တဖွဖွ ပြောနေတာ… အခုနောက်ပိုင်း အဲဒီလို မပြောတော့တာ ကြာပြီ”

ထိုအခါ ကျူးရှုက မသေချာ မရေရာဖြင့် ပြောလိုက်သည်။

“တော်ဝင်ကိုယ်လုပ်တော်က သခင်လေး ရှောင်ယောင်းများ ဖြစ်နေမလား”

~~

အခြားသူများ ကြာဖူး ကြာစွယ် ခူးနေသည်ကို ထိုက်ယီ ရေကန်ဘေးတွင် ရပ်ကြည့်နေသည့် ယန်ရှုမှာ သူကိုယ်တိုင်လည်း မနေနိုင်ဘဲ ဝင်ခူးပြီးနောက် နန်းဆောင်သို့ ပြန်လာလေသည်။

သို့သော် ခြေလှမ်း နှစ်လှမ်းခန့်မျှ လှမ်းရရုံ ရှိသေးသည် စစ်စတန်မှ သတိပေးသံကို ကြားလိုက်ရသည်။

[နားထောင်… ကျူးရှုနဲ့ အမျိုးသမီး ကျွမ်းတို့ သူတို့ နားနေခန်းမှာ စကားပြောကြရင်း နင်က သခင်လေး ရှောင်ယောင်း ဖြစ်နိုင်တာကို တွေးမိသွားကြပြီ…။ အခု အဲဒီ သတင်းကို အပြင်ကို ဖြန့်ဖို့ ကြံနေကြတယ်]

ယန်ရှု -[…]

အရေးမပါလိုက်တာ…။

ငါ ဘယ်သူဖြစ်ကြောင်းကို လူများသိအောင် ဖြန့်ဖို့ ဒီလောက်တောင် အ‌ရေးကြီးနေကြလား။

163 03

သို့သော် သူမ ကိုယ်တိုင် အများသိအောင် ကြေညာခြင်းက ပြဿနာမရှိသော်လည်း တခြားသူများက သတင်းဖြန့်ခြင်းမှာ နည်းနည်း အန္တရာယ်ရှိသည်ဟု ယူဆမိသည်။

ထို့ကြောင့် သူမက ဆုံးဖြတ်ချက်တစ်ခုကို ချလိုက်ပြီး ရန်တုန်းနှင့် လျန်ရှင်းတို့အား ခေါ်ကာ စေခိုင်းလိုက်သည်။

ထိုနှစ်ယောက်ကလည်း နာခံလိုက်ပြီး အသီးသီး တနေရာစီ ထွက်သွားကြသည်။

~~

မကြာမီ ကြာရိုးကြာစွယ်များ ယူပြီး ဝင်လာသည့် ယန်ရှုကို မယ်တော်ကြီး မြင်လိုက်ရသည်။

“ဧကရီမယ်တော်ကြီး… ဒီ ကြာရိုးကြာစွယ်တွေကို ထိုက်ယီကန်ကနေ ကိုယ်တိုင် ချိုးလာတာပါ…။ တော်တော် စားလို့ ကောင်းမဲ့ပုံပေါ်လို့ မယ်တော်ကြီးအတွက် ယူလာပေးတာပါ”

မယ်တော်ကြီးက အသေအချာ ကြည့်လိုက်ရာ ခြင်းတောင်း တစ်တောင်းစာ အပြည့်ဖြစ်နေသည်ကို တွေ့လိုက်ရသည်။ ထို့ကြောင့် သူမက သဘောကျစွာဖြင့် ရယ်လိုက်ပြီး မေးလေသည်။

“ဘာလို့ အဲဒီလောက်အများကြီး ယူလာရတာလဲ တော်ဝင်ကိုယ်လုပ်တော်ရဲ့”

တကယ်တန်းတော့ ယန်ရှု လောဘ အကြီးလွန်သွား၍ ဖြစ်သည်။ ခုဏက ရေကန်နားသို့ သွား၍ အပန်းဖြေသည့်အခါ ကြာဖူးများမှာ ထင်ထားသည်ထက် ကြီးပြီး လတ်ဆက်နေပုံ ပေါ်သဖြင့် မထိန်းနိုင်တော့ဘဲ အများကြီး ခူးလာမိခဲ့သည်။

သို့သော် သူမက သက်ပြင်းချလိုက်ပြီး ပြောသည်။

“တော်ဝင်ကိုယ်လုပ်တော်က အခု ရက်ပိုင်း စိတ်ပင်ပန်းပြီး စိတ်နည်းနည်း ညစ်နေတာပါ…။ အဲဒါနဲ့ နန်းတွင်း သမားတော်က ကြာစေ့ တွေစားရင် အပူသက်သာပြီး နှလုံးအားကောင်းတယ်ဆိုတာနဲ့ များများ ခူးပြီး တဖြည်းဖြည်းစီ စားမလို့ တွေးလိုက်တာပါ”

ထိုသို့ ကြားလိုက်သည့်အခါ မယ်တော်ကြီးက မျက်မှောင်ကြုတ်ကာ မေးလိုက်သည်။

“ငါ့ သမီးတော်က ဘာတွေများ အကြောင်းမဲ့ စိတ်ညစ်နေရတာတုန်း”

ယန်ရှုက မယ်တော်ကြီးအား ကြည့်၍ တခုခု ပြောမည် ကြံလိုက်ပြီးမှ မပြောတော့ဘဲ ရပ်သွားသည်။

ထိုအခါ မယ်တော်ကြီးက ခန်းဆောင်အတွင်းရှိ လူများအားလုံးကို လက်ဝှေ့ယမ်း ပြလိုက်ပြီး အမိန့်ပေးလိုက်သည်။

“အားလုံး အပြင်ထွက်သွားကြ”

ထိုအခါ မယ်တော်ကြီးဆီသို့ လျှောက်လာနေသည့် အမျိုးသမီးကျွမ်းမှာလည်း တုံ့ခနဲ ရပ်သွားပြီး အခြားသူများနှင့်အတူ အပြင်သို့ ထွက်သွားရလေသည်။

သို့သော် သူမ၏ စိတ်ထဲ၌မူ တွေးနေမိသည်။

ဒီတစ်ခါ တော်ဝင်ကိုယ်လုပ်တော်ယီမှာ စာအုပ်လည်း ပါမလာပါလား… မယ်တော်ကြီးနဲ့ ဘာတွေများ ပြောမလို့လဲ မသိဘူး။

မကြာမီ အားလုံး နန်းဆောင် အပြင်သို့ ရောက်သွားကြသည်။

မယ်တော်ကြီးက အသေအချာ မေးတော့သည်။

“ကဲ ပြောစမ်းပါဦး… တစ်ခုခုများ ဖြစ်ပြန်ပြီလား။ မယ်တော်ကြီးကို မဖုံးကွယ်ဘဲ ပြောစမ်း”

မယ်တော်ကြီး၏ ဂရုဏာအသံကို ကြားလိုက်ရသည့် ယန်ရှုမှာ ရင်ထဲတွင် နွေးသွားပြီးနောက် ပြောလိုက်သည်။

“အခုရက်ပိုင်း တစ်ခုခုတော့ ဖြစ်ပြီနဲ့တူပါတယ် မယ်တော်ကြီး… အဲဒါကြောင့် ဒီကိုယ်လုပ်တော် စိတ်နဲ့ လူနဲ့ မကပ်သလို ဖြစ်နေတယ်…။ ကျွန်တော်မျိုးမ အမျိုးသမီး သူရဲကောင်းတစ်ယောက်ကို ဖန်တီးပြီးတော့ စာအုပ်ထဲ ထည့်ရေးထားတာကို မယ်တော်ကြီးလည်း သိမှာပါ…။ အစကတော့ စျေးကွက်ထဲမှာ ခေတ်စားနေတဲ့ အမျိုးသား ဇာတ်ကောင်တွေအစား အပြောင်းအလဲလေး ဖြစ်သွားအောင်လို့ အဲဒီလို ရေးလိုက်တာပါ…။ ဒါပေမဲ့ လူတွေက အဲဒါကို မကျေနပ်ကြဘူး…။ တချို့တွေကဆိုရင် စာရေးသူကို မိန်းမလို့တောင် ခန့်မှန်းပြီး ဝေဖန်ကြတယ်…။ ပြီးတော့ စာတွေပို့ပြီး လှမ်းဆူကြတယ်…။ မိန်းမဆို မိန်းမလိုနေ… အခန်းထဲမှာ လိမ်လိမ်မာမာနေ… သူများတွေ စိတ်ဝင်စားအောင် လုပ်ဖို့ ကြိုးစားမနေနဲ့လို့ ပြောကြတယ်”

ထိုအခါ မယ်တော်ကြီးက မျက်မှောင်ကြုတ်ကာ ပြောလေသည်။

163 04

“ဒီလူတွေမှာ ဘယ်လို စိတ်ဓါတ်တွေ ရှိနေတာလဲ။ အရင်က‌ရော မိန်းမတွေ ရေးတဲ့စာကို သူတို့ မဖတ်ဖူးတာ ကျနေတာပဲ…။ စာတွေ ရေးပြီးတောင် လှမ်းဆူကြသေးတယ်ပေ့ါ။ လွန်လိုက်တာ”

ယန်ရှုက ခေါင်းကို ညိတ်ကာ ပြောလိုက်သည်။

“သူတို့ ဘာတွေ တွေးနေမှန်း ဒီကိုယ်လုပ်တော်လည်း မပြောတတ်တော့ပါဘူး…။ ဒါပေမဲ့ ဒီလောကကြီးကလေ အမျိုးသမီးတွေကို အရမ်း အထင်သေးကြတာပဲ…။ အရင်ကလည်း ဒီလိုတွေးဖူးပြီးတော့ တွန့်ဆုတ်ဖူးတယ်…။ အခုတော့ သူတို့ မကျေနပ်လည်း မကျေနပ်သလို နေပါစေတော့လို့ တွေးလိုက်တယ်…။ ပြီးတော့ ဒီထက် ပိုအရေးကြီးတာ တစ်ခုက… အခုတလောပိုင်း တော်ဝင်ကိုယ်လုပ်တော် စိုးရိမ်နေတာရှိတယ်…။ တော်ဝင်ကိုယ်လုပ်တော်ကို သခင်လေး ရှောင်ယောင်းလို့ ယူဆကြပြီးတော့ ပြဿနာရှာဖို့ ကြံနေတဲ့သူတွေ ရှိနေမှာ စိုးရိမ်နေပါတယ်”

မယ်တော်ကြီးကမူ မစိုးရိမ်သည့် အသံဖြင့် အေးဆေးစွာ ပြောသည်။

“တော်ဝင်ကိုယ်လုပ်တော်က ဘာကို ကြောက်နေတာလဲ။ ဒီစာအုပ်တွေကိုက အရှင်မင်းကြီး ရေးစေချင်တာကို တော်ဝင်ကိုယ်လုပ်တော်က ပြန်ရေးပေးတာလို့ ပြောထားပြီးသား မဟုတ်လား။ ကိုယ်လုပ်တော်တွေ၊ တော်ဝင်ကိုယ်လုပ်တော်တွေ စာအုပ် မရေးရဘူးလို့ တားမြစ်ထားတဲ့ ဥပဒေမျိုး နန်းတွင်းမှာ မရှိပါဘူး။ ဒီလောက် အသိဉာဏ်တိမ်တဲ့သူတွေ ပြဿနာ ရှာချင် ရှာပါစေပေါ့… အရှင်မင်းကြီးက တော်ဝင်ကိုယ်လုပ်တော်အတွက် တာဝန်ယူ ရှင်းပေးလိမ့်မယ်”

ထိုသို့ အားပေးစကားများကို ကြားလိုက်ရသည့်အခါ ယန်ရှုမှာ စိတ်ထဲတွင် ကျေနပ် နှစ်သိမ့်သလို ခံစားလိုက်ရပြီး ချက်ခြင်းပင် အရိုအသေ ပေးလိုက်တော့သည်။

“အခုလို အားပေး ကာကွယ်ပေးတဲ့အတွက် မယ်တော်ကြီးကို ဒီကိုယ်လုပ်တော် အထူး ကျေးဇူးတင်ပါတယ်”

မယ်တော်ကြီးကလည်း ပြန်ပြုံးပြလိုက်ပြီး ပြောလေသည်။

“ထပါ။အခုကိစ္စက ဘာမှ မဟုတ်ပါဘူး…။ အစက အရေးကြီးကိစ္စတစ်ခုခုများ ဖြစ်တာလားလို့ မယ်တော်ကြီးက စိတ်ပူနေမိတာ…”

ယန်ရှုက အခုမှ နည်းနည်း ရှက်သွားပြီး ပြုံးပြလေသည်။

ထိုစဉ် အပြင်ဖက်မှ လျှောက်တင်သံကို နှစ်ဦးလုံး ကြားလိုက်ရသည်။

“မယ်တော်ကြီး… ဖုဟိုင်က ဝင်ခွင့် တောင်းနေပါတယ်”

ဟင်… ဖုဟိုင်က ဘာကိစ္စရှိလို့ပါလိမ့်။

မယ်တော်ကြီးမှာ နည်းနည်း အံ့ဩသွားမိပြီး ပြောလိုက်သည်။

“ဝင်ခွင့် ပြုလိုက်ပါ”

အပြင်ဖက်မှ အစေခံက နာခံလိုက်ပြီး တံခါးကို ဖွင့်လိုက်သည်။ ထိုအခါ ဖုဟိုင်မှာ ခြင်းတောင်း တစ်တောင်းကို ကိုင်ဆွဲကာ ဝင်ရောက်လာလေသည်။ သူက မယ်တော်ကြီးအား အရိုအသေ ပေးပြီးနောက်

“မယ်တော်ကြီး… ဒီစပျစ်သီးတွေက ချင်းယွမ်ခရိုင်… ထိုက်ယွမ်စီရင်စုကနေ ပို့လာတာပါ…။ အလွန် လတ်ဆတ်တဲ့အတွက် အရှင်မင်းကြီးက တစ်ခြင်း ပို့ခိုင်းလိုက်တာပါ”

ပြော၍ စပျစ်ခြင်းကို ဆက်သလေသည်။ ခြင်းထဲတွင် လတ်လတ်ဆတ်ဆတ် စပျစ်ခိုင် အတော်များများ ပါလေသည်။ ပြည့်ပြည့်ဖြိုးဖြိုးနှင့် ခရမ်းရောင်လွှမ်းနေသည့် စပျစ်သီးများမှာ မြင်ရရုံနှင့် စားချင်စဖွယ် ဖြစ်နေတော့သည်။

မယ်တော်ကြီးက ခေါင်းကို ညိတ်လိုက်သည်။

“ချင်းယွမ်က လာတဲ့ စပျစ်သီးတွေက နာမည်ကြီးပဲ…။ အရှင်မင်းကြီးကို ကျေးဇူးတင်တယ်လို့ ပြောလိုက်ပါ… အဲဒီကို ပေးလိုက်”

ဖုဟိုင်က စပျစ်ခြင်းကို လာယူသည့် အစေခံ တစ်ယောက်ထံသို့ ပေးလိုက်သည်။

ထို့နောက် သူက နန်းဆောင်အတွင်းသို့ ဝေ့ကြည့်ဟန် ပြုလိုက်ပြီး မေးလေသည်။

“ဒါနဲ့… အပျိုတော် ကျူးရှုတစ်ယောက် အခုရက်ပိုင်းမှာ ဘာတွေများလုပ်နေသလဲဗျ”

ထိုအခါ မယ်တော်ကြီးက မေးလိုက်သည်။

“ဪ… ကျူးရှုကို တွေ့ချင်တာလား။ ဘာကိစ္စလဲ”

ဖုဟိုင်က ပြန်ဖြေသည်။

163 05

“နန်းမြို့ရိုး ဝင်ပေါက်မှာ အစောင့်ကျနေတဲ့ ရဲမတ်တွေက အခုလေးတင်ပဲ သတင်းပို့လာလို့ပါ…။ သူတို့ မိန်းမစိုးငယ် တစ်ယောက်ကို စာတစ်စောင် ငွေစတချို့နဲ့ အပေါက်ဝမှာ မိထားတယ်တဲ့…။ သူ့ပုံစံက မသင်္ကာစရာ ဖြစ်နေတော့ ဖမ်းစစ်လိုက်တာပေါ့… ဒီ မိန်းမစိုးငယ်က ပြောတယ်… အပျိုတော် ကျူးရှုက နန်းပြင်က သူ့အမျိုးတွေဆီ စာပို့ခိုင်းတာပါတဲ့”

ထိုအခါ မယ်တော်ကြီးက တစ်ချက် တုံ့ခနဲ ဖြစ်သွားပြီး ကျူးရှုကို ဆင့်ခေါ်လိုက်သည်။

“ဟဲ့… နင့် မိသားစုက လုကျိုးမှာ မဟုတ်လား။ နေပြည်တော်မှာ ဘယ်တုန်းက အမျိုးတွေ ရောက်နေလို့လဲ”

ထိုသို့ ကြားလိုက်သည့်အခါ ကျူးရှုမှာ စိုးရိမ်သည့် ဟန်ပေါ်လာတော့သည်။ ခေါင်းထဲတွင် အကြောင်းပြချက် ပေးရန် တွေးလိုက်ပြီး ပြောမည် ကြံလိုက်စဉ် ဖုဟိုင်က မယ်တော်ကြီးကို ဝင်ပြောလေသည်။

“ဟုတ်တယ်… အပျိုတော် ကျူးရှုက နန်းမြို့တော်သူ မဟုတ်ဘူးဆိုတာ ကျွန်တော်လည်း သိတယ်…။ အဲဒါကြောင့် ဒီ မိန်းမစိုးငယ်ကများ အပျိုတော်ရဲ့ ငွေတွေကို ခိုးလာတာလားလို့ ထင်လိုက်ပြီး လာမေးတာပါ”

ထိုသို့ ကြားလိုက်သည့်အခါ မယ်တော်ကြီး၏ မျက်လုံးထဲ၌ မသင်္ကာသည့် အရိပ်အယောင်များ ပြည့်လာတော့သည်။

ထိုအခါ ကျူးရှုမှာ ရင်ထဲ၌ တဖြည်းဖြည်း စိုးရိမ်မှုမြင့်တက်လာသဖြင့် အလျင်အမြန်ပင် ပြောလိုက်သည်။

“... အခိုးခံရတာ မဟုတ်ပါဘူး… ကျွန်မက သူ့ကို အပြင်မှာ ငွေစုခိုင်းလိုက်တာပါ…။ နန်းပြင်မှာ ငွေစုရင် အတိုးနှုန်း ပိုများတယ်လို့ ကြားမိထားလို့ အနာဂတ်အတွက် ကြိုပြီး ငွေစုထားရင် ကောင်းမယ်လို့ တွေးမိလိုက်လို့ပါ…။ စာကလည်း လုကျိုးက အိမ်အထိ အရောက်ပို့ပေးဖို့ မှာလိုက်တာပါ”

ထိုအခါ ဖုဟိုင်က ပြောလေသည်။

“ဟင်း… နန်းတွင်းမှာ အဲဒီလို စာပို့ဖို့အတွက် အထူး စာပို့ဌာန ရှိတယ် မဟုတ်လား။ သန်ဘက်ခါဆို သူတို့တွေ စာပို့ဖို့ စာတွေ လက်ခံတော့မှာ…။ အပျိုတော် တစ်ယောက်အတွက် ဘယ်လောက်တောင်များ အရေးကြီးတဲ့ ကိစ္စမို့လို့ အခုလို ပို့ရတာလဲ။ ပြီးတော့ မိန်းမစိုးငယ်လေး သွားဖို့ ပြင်နေတဲ့ နေရာကို ရဲမတ်တွေက စုံစမ်းကြည့်တော့ စာအုပ် ထုတ်ဝေတဲ့ နေရာ ဖြစ်နေတယ်…။ ငွေစုတဲ့ ဆိုင်မဟုတ်ဘူး… အပျိုတော် အလိမ်ခံလိုက်ရမှာ မကြောက်ဘူးလား”

ဘယ်လို။ စာအုပ် ထုတ်ဝေတဲ့ နေရာ။

မယ်တော်ကြီးမှာ ထိုသို့ ကြားလိုက်သည့်အခါ အေးစက်စက် လေသံဖြင့် ပြောတော့သည်။

“ကျူးရှု… အမှန်အတိုင်း ပြောစမ်း… နင် ဘာတွေ ကြံနေတာလဲ”

******

164 01

Chapter 164

ကျူးရှုမှာ နန်းတွင်းရေးရာ ဌာနမှ နန်းတွင်းနှင့် နန်းပြင် ဝင်လိုက် ထွက်လိုက် ဗာဟီရ အလုပ်များ လုပ်ပေးနေရသည့် ရှန်းဇီဆိုသည့် မိန်းမစိုးငယ်ကို အကူအညီ တောင်းမိရာမှ ယခုကဲ့သို့ အဖမ်းခံရအထိ ဖြစ်သွားလိမ့်မည်ဟု ထင်မထားမိပေ။ ထိုကောင်လေးမှာ တံခါးစောင့် ရဲမတ်များနှင့် ရင်းနှီးသောကြောင့် ပြဿနာမရှိလောက်ဟု ထင်ခဲ့မိသည်။ ဒီနေ့ ဘာကြောင့် ဒီလို လွယ်လွယ်နဲ့ အဖမ်းခံလိုက်ရတာလဲ။

ဒါမှမဟုတ် ရှန်းဇီကများ ငါ့ကို လက်ထောက်ချတာလား။

သူမက ရှန်းဇီအား စာပို့ပေးခအဖြစ် ပေးထားသည့် ငွေစ ၂၀ ဆိုသည်မှာ မနည်းလှသည့်အပြင် သူမ၏ အကြံအစည်များကို ရှန်းဇီ မသိသဖြင့် လက်ထောက်ချစရာ အကြောင်း မရှိဟု ထင်သည်။

မည်သို့ပင် ဖြစ်စေ မယ်တော်ကြီး ဘယ်လိုမေးမေး သူမ ဝန်မခံဖို့ ဆုံးဖြတ်ထားသည်။

သူမမှာ အကြောင်းပြချက် တစ်ခုခု ပေးရန် တွေးလိုက်စဉ် ယန်ရှုက ထ ပြောသည်။

“အပျိုတော် ကျူးရှုမှာ ချစ်သူ ရည်းစားများ ရှိနေလို့လား။ အဲဒီ ရည်းစားက စာအုပ်ဆိုင်က လူလား”

ဘာ။

ထိုသို့ ပြောလိုက်သည်ကို ကြားလိုက်ရသူများ အားလုံး အံ့ဩ တုန်လှုပ် ကုန်ကြသည်။

နန်းတွင်းတွင် နေထိုင်သည့် မည်သည့် အပျိုတော်မဆို ပြင်ပရှိ အမျိုးသား တစ်ဦးဦးနှင့် ဆက်သွယ်ခြင်းသည် ပြစ်မှုကြီး တစ်ခု ဖြစ်လေသည်။

ကျူးရှုမှာ အံ့ဩ တွေဝေ နေရာမှ သတိဝင်လာပြီး အလျင်အမြန် ရှင်းပြတော့သည်။

“မဟုတ်ရပါဘူး…။ စာအုပ်တိုက်က လူနဲ့ ကျွန်မနဲ့က တရွာတည်းသားတွေပါ…။ သူ ရွာပြန်တဲ့အခါ စာယူသွားဖို့ အကူအညီတောင်းချင်ရုံပါ…။ သူ့ကို အိမ်အတွက် ငွေစတွေလည်း ပို့ချင်တာလည်း ပါ ပါတယ်”

ဤသို့ ကြားလိုက်သည့်အခါ ယန်ရှုက မျက်ခုံးကို ပင့်၍ ပြောသည်။

“ကြည့်ရတာ စာအုပ်တိုက်ပိုင်ရှင်က တော်တော် သဘောကောင်းတယ် ထင်ပါရဲ့…။ အိမ်ကို ပို့ဖို့တောင် အပျိုတော် ကျူးရှုက ငွေစတွေ ပေးလိုက်တယ်ဆိုတော့… သူက ကြားထဲကနေ မသိအောင် လိမ်ယူထားမှာ မစိုးရိမ်ဘူးလား”

ကျူးရှု၏ စကားများကို မယ်တော်ကြီးကလည်း လုံးဝ မယုံချေ… ထို့ကြောင့် အေးစက်စက် ပြောလေသည်။

“ခုဏက ပြောတော့ မိန်းမစိုးလေးကို အကူအညီ တောင်းတာဆို…။ အခုကျတော့ စာအုပ်တိုက်ပိုင်ရှင်က ကူညီမယ် ဖြစ်သွားပြန်ပြီလား။ နင်က တသက်လုံး နန်းတွင်းမှာပဲ နေလာတာ…။ တရွာတည်းသား ဘယ်သူဆိုတာကို ဘယ်လိုလုပ် သိတုန်း”

ထို့နောက် သူမက ဖုဟိုင်အား အမိန့်ပေးလိုက်သည်။

“ကျူးရှုရဲ့ စာကို ယူလာခဲ့စမ်း”

ဖုဟိုင်က နာခံလိုက်ပြီး အင်္ကျီလက်ရှည်အတွင်းမှ စာတစ်စောင်ကို ထုတ်ယူကာ မယ်တော်ကြီးအား ဆက်သ လိုက်သည်။

မယ်တော်ကြီးက စာကို ယူ၍ကြည့်လိုက်ရာ စာအိတ်ပေါ်တွင် စာတစ်လုံးမျှ မရေးထားသည်ကို တွေ့လိုက်ရသည်။ ထို့ကြောင့် စာအိတ်ကို ဖြဲ၍ အတွင်းမှ စာကို ဖတ်ကြည့်လိုက်သည့်အခါ စာအနည်းငယ်မျှသာ ရေးထားသည်ကို ထပ်မံ တွေ့လိုက်ရတော့သည်။ ထိုစာကို အောက်ပါအတိုင်း ရေးထားလေသည်။

‘သခင်လေးရှောင်ယောင်းဆိုတာ နန်းတွင်းထဲမှာ ရှိတဲ့ အမျိုးသမီး တစ်ယောက် ဖြစ်လိမ့်မယ်’

ယန်ရှုမှာ စာထဲတွင် ဘာရေးထားသည်ကို သေသေချာချာ ကြိုသိသော်လည်း အံ့ဩသွားသည့် ပုံစံပြုလုပ်လျက် မယ်တော်ကြီးအား ကြည့်လိုက်လေသည်။

“ဟင်…။ မယ်တော်ကြီး… အပျိုတော် ကျူးရှုက သူ့အိမ်ကို ဘာလို့ ဒီလို ရေးပို့ချင်ရတာလဲ”

မယ်တော်ကြီး၏ မျက်နှာမှာ မှုန်မှိုင်းနေသည်။ သူမက ကျူးရှုအား ကြည့်၍ ပြောလိုက်သည်။

“ဒီစာကို ဘယ်သူ့ဆီ ရေးတာလဲ”

ကျူးရှု၏ မျက်နှာမှာ သွေးစုတ် ဖြူရော်နေပြီ။ သို့တိုင်အောင် နှုတ်ခမ်းကို တင်းတင်း ကိုက်၍ ဘာမျှ မပြောဘဲ နေနေသည်။

ထိုအခါ ဖုဟိုင်က ဝင်ပြောတော့သည်။

“မယ်တော်ကြီး ဘုရာ့… မိန်းမစိုးငယ်ရဲ့ ပြောစကားအရဆိုရင် ဒီစာကို ကုံးယွမ်လမ်း တောင်ဖက်အစွန်မှာ ရှိတဲ့ ပါးမြန် စာအုပ်တိုက်ကို ပို့ပေးရမှာ လို့ ပြောပါတယ်…။ ဒီစာအုပ်တိုက်က ပေကျင်းမှာ ဖွင့်လာတာ နှစ်ပေါင်း ငါးဆယ်ကနေ ခြောက်ဆယ်လောက် ရှိပါပြီ…။နန်းမြို့တော်ရဲ့ အကြီးဆုံး စာပေတိုက်တွေထဲက တစ်တိုက်ဆိုလည်း မမှားပါဘူး…။ စာရေးပစ္စည်း ကိရိယာတွေ ရောင်းတဲ့အပြင် စာရေးဆရာတွေ ငှားပြီးတော့ စာအုပ်တွေ ရေးလည်း ရေးတယ် ထုတ်လည်း ထုတ်ဝေပါတယ်…။ ဒါပေမဲ့ သခင်လေး ရှောင်ယောင်းရဲ့ စာအုပ်တွေကိုတော့ တစ်ခါမှ မထုတ်ဝေဖူးပါဘူး”

ထိုစကားကို ကြားသည့်အခါ ယန်ရှုမှာ စိတ်ထဲမှနေ၍ ရေရွတ်မိလိုက်သည်။

Fu Zhongguan ဖုကျုံးကွမ်းက တကယ်တော်တာပဲ…။ အချိန်တိုလေးအတွင်းမှာ ဒီလောက်တောင် သိလာတယ်…။

သူမမှာ အခုကိစ္စကို ကိုင်တွယ်နိုင်မည့် နည်းလမ်းများကို ဖိစဉ်းစားနေသဖြင့် စစ်စတန်အား အသေးစိတ် မမေးမိသည်ကို သတိရသွားသည်။

ထိုစဉ် စစ်စတန်က ပြောလိုက်သည်ကို သူမ ကြားလိုက်ရသည်။

[ဖုကျုံးကွမ်က ပေကျင်းမှာ နေလာတာ နှစ်ပေါင်း မနည်းတော့ဘူး…။ သူက အရှင်မင်းကြီးရဲ့ အပါးတော်ကနေ အမြဲ ခစားလာတော့ မင်းကြီး မေးသမျှ ဖြေနိုင်အောင် လုပ်ထားရတာလေ… ဘာမဆိုသိနေအောင် ဂရုတစိုက် လေ့လာထားရတာ… သူ့ အရှင်သခင် သိချင်တာ မှန်သမျှကို ဖြေနိုင်အောင် လုပ်ထားရတယ်]

ယန်ရှု - [အေးပါ… ဖုဟိုင် အရမ်းစွမ်းတာ သိပါပြီ… အဲဒီတော့ ပြောပါဦး… ပါးမြန် စာအုပ်တိုက်နဲ့ ပတ်သက်ပြီး ဘာတွေ သိစရာရှိလဲ။]

164 02

စစ်စတန် - [ပြောပြရရင်တော့ ရှင်းပါတယ်… ပါးမြန် စာအုပ်တိုက်က နန်းမြို့တော်မှာ နာမည်ကြီး လူသိများတဲ့ စာအုပ်တိုက်ကြီးပဲ…။ ဒါပေမဲ့ တခြား စာပေတိုက်တွေ နင့်စာအုပ်တွေကို ရောင်းပြီး ထောနေတဲ့အချိန်မှာ သူတို့က ဘေးမှာ ရပ်ကြည့်နေရတာကို မကျေနပ်တာပေါ့… နင့်ကို လိုက်တုပြီး ရေးတဲ့ စာရေးဆရာတွေကိုလည်း သူတို့ကပဲ ငှားထားတာ…။ အခုကိစ္စမှာလည်း သူတို့က အဓိက ပါတယ်]

ယန်ရှုမှာ စိတ်ထဲမှနေ၍ ကျိတ်ရယ်လိုက်မိသည်။

[ပညာရှိကျိုးက ငါ့ကို အဲဒီမှာ စာအုပ်ထုတ်ဖို့ အကြံမပေးတာ တော်သေးတာပေါ့…။ ဒီလို အကျင့် မကောင်းတဲ့သူတွေ ငါကနေတစ်ဆင့် ပိုက်ဆံရဖို့ မထိုက်တန်ဘူး]

သို့သော် ယန်ရှု နားမလည်နိုင်တာ တစ်ခုရှိသည်။

[နန်းတွင်း အပျိုတော်တစ်ယောက် ဖြစ်တဲ့ ကျူးရှုက ဘာလို့ ဒီလောက်တောင် သိနေရတာလဲ။ ငါ့ အကြောင်း ရိပ်မိတာနဲ့ တန်းပြီး ပါးမြန်စာအုပ်တိုက်ကို သတင်းပေးဖို့ ဘယ်လိုတောင် တွေးလိုက်တာလဲ။]

စစ်စတန် [အဲဒါက… အဓိက ကတော့ ပါးမြန်စာအုပ်တိုက်ပိုင်ရှင်ရဲ့ လက်ချက်ပေါ့…သူ့နာမည်က ကျောင်းကျင်းရှီတဲ့ … အဲဒီလူက နင်နဲ့ ပတ်သက်တဲ့ သတင်းဆို ငွေ ပုံပေးပြီး ဝယ်မယ်ဆိုတဲ့ သဘောမျိုး စာတွေ ဖြန့်ထားတယ်…။ အဲဒီ စာဖြန့်ထားတဲ့ သတင်းကလည်း ဟိုးတလေး ကျော်ကျော်ပဲ… ဘယ်သူ့ မေးမေး သိတယ်]

ယန်ရှုမှာ အလွန် စိတ်ဝင်စားသွားသည်။

[ငွေ ပုံ ပေးမယ်။ ဟီး… သူက ဘယ်လောက်ထိ ပေးမှာတဲ့လဲ။]

အဟမ်း… ဈေးကွက်ထဲမှာ သူမ ဘယ်လောက်တန်လဲ သိချင်မိသည်လေ။

စစ်စတန်က ပြောသည်။

[နင့်ရဲ့ နာမည်ကို သိရင် ငွေ ၂၀… နင့်ရဲ့ အိမ်နေရာကို သိရင် ငွေ ၃၀… နင်ရဲ့ ကိုယ်ရေး အချက်အလက်တွေ သိရင် ငွေ ၅၀]

ယန်ရှု - “…”

အမလေး… အမလေး… ငါတို့သာ မမိရင် ကျူးရှုက ငွေ ၁၀၀ လောက် အသာလေး ရသွားမှာပေါ့လေ!

ဒီလောက် ပိုက်ဆံ ရှာရလွယ်မှန်းသိခဲ့ရင် ကိုယ့်အကြောင်းကို ကိုယ်တိုင်တောင် သွားရောင်းစားမိမယ်ထင်တယ်။

စစ်စတန် - [နင်က ကိုယ့်ကိုယ်ကို တော်ဝင်ကိုယ်လုပ်တော်ဆိုတာလည်း မမေ့နဲ့ဦး… အဲဒီလောက် ငွေ နည်းနည်းလေးနဲ့ ဘာလုပ်ရမှာ။]

ယန်ရှု - [ဪ… ဘယ်လောက်ပဲ ငြိမ်းချမ်းနေနေ အခက်အခဲ အန္တရာယ် ဆိုတာမျိုးက ကြုံနိုင်သေးတာပဲလေ… အခုပဲကြည့်… ငါ့ အကြောင်းကို သိဖို့ ပါးမြန်စာအုပ်တိုက်က ငွေတွေ သုံးပြီး အကြီးအကျယ် ရှာနေပြီ ဟုတ်တယ် မဟုတ်လား။]

သူမရဲ့ နာမည်… နေရပ်… ကိုယ်ရေး အချက်အလက်တွေ သူတို့က ရှာနေတယ်ပေါ့။

သိပြီးရင် လူသတ်သမား မလွှတ်ဘူးလို့ ဘယ်သူက အာမ ခံမှာ။

ဪ … ကြည့်ကြပါဦး လူသိများ နာမည်ကြီးလှပါချေရဲ့ ဆိုတဲ့ စာအုပ်တိုက်ကြီးရဲ့ လုပ်ပုံ။

ငွေလေး နည်းနည်း ရဖို့အရေး အဲဒီလောက် အရေးကြီးနေသလား။

အင်းပေါ့လေ… နောင်ခါလာ နောင်ခါဈေး သဘောထားပြီး လုပ်နေကြတဲ့သူတွေ အများကြီး။

ယန်ရှုမှာ ထိုသို့ တွေးနေစဉ် မယ်တော်ကြီးက ကျူးရှုအား မေးနေသည်။

“နင် ဒါဘာသဘောလဲ။ ဒီလို စာမျိုးကို နန်းပြင်ရောက်အောင် ပို့ရတဲ့ ရည်ရွယ်ချက်က ဘာလဲ”

ကျူးရှုက အမြန် ပြန်ဖြေသည်။

“ဧကရီမယ်တော်ကြီး… တကယ်တန်းကျတော့ အဲဒီ စာအုပ်တိုက်က ငွေသုံးပြီး သတင်းလိုက်နေတာပါ…။ အဲဒါကြောင့် ကျွန်တော်မျိုးမကလည်း ရလိုရငြား စမ်းကြည့်တာပါ… ကျွန်တော်မျိုးမ ရမ်းသမ်းပြီး ခန့်မှန်းရေးထားတာပါ”

ထိုသို့ ပြော၍ပင် မပြီးသေးခင် မယ်တော်ကြီးက မျက်လုံးကို မှိတ်လိုက်ပြီး မိန့်လိုက်တော့သည်။

“နင်က အခုထိတောင် အမှန်အတိုင်း မပြောချင်မှတော့ နန်းတွင်း ခုံရုံးကို တင်လိုက်တာပဲ ကောင်းတယ်”

ပြောပြီးနောက် ဖုဟိုင်အား ခေါ်လိုက်သည်။

ထိုအခါ ကျူးရှုမှာ ကြောက်လန့် တုန်လှုပ်သွားပြီး ငိုချလိုက်လေတော့သည်။

“သနား ငဲ့ညှာပေးပါ မယ်တော်ကြီး… ”

သို့သော် မယ်တော်ကြီးက နှာခေါင်းကို ရှုံ့လိုက်သည်။

“နင့် အသက်က လိမ်ရတာနဲ့ တန်တယ် ထင်ရင် ဆက်လိမ်ပေါ့”

ကျူးရှုမှာ ဆက်၍ တောင်းပန် တိုးလျှိုးလျှက်သာရှိနေတော့သည်။

“ကျွန်တော်မျိုးမ မှားမိပါတယ်… ကျွန်တော်မျိုးမ မှားပါတယ် မယ်တော်ကြီး…”

မယ်တော်ကြီးမှာ ကျူးရှုအား စကား ဆက်ပြောချင်စိတ် မရှိတော့သဖြင့် ဖုဟိုင်အား မိန့်လိုက်လေသည်။

“ဒီလောက်တောင် စကားများနေတာ…။ စကား မပြောနိုင်တော့အောင် ဆေးတိုက်ပြီး အရိုးကွဲအောင် အေးတဲ့ နယ်စပ် ဒေသကို နယ်နှင်ဒဏ် ပို့ပစ်မယ်…။ ငါ ဒီလောက် သူ့အပေါ် ကောင်းကောင်း စောင့်ရှောက်ပေးခဲ့တာကိုမှ မထောက်…။ နယ်မှာ တစ်သက်တာ အပြစ်ဒဏ် ခံနေပေတော့”

ဖုဟိုင်က နာခံလိုက်ပြီး ကျူးရှုအား ဆွဲထုတ်သွားရန် ထပ်ဆင့် အမိန့်ပေးလေသည်။

အတန်ကြာသည်အထိ စီအန်းနန်းဆောင်တွင် ထိတ်လန့်နေကြပြီး မည်သူမျှ စကားမပြောရဲကြချေ။

မယ်တော်ကြီး အနေနှင့် ကျူးရှုအား ဘယ်လောက် တန်ဖိုးထားသည်ကို လူတိုင်း သိကြသည်။

သို့သော်… ယခုမူ…

164 03

အင်း… သူ့ အပြစ်နှင့် သူ သွားပေတော့ပေါ့…။

ဤကိစ္စ ဖြစ်ပျက်ပြီးသည့်နောက် ယန်ရှုမှာ ကန်းလု နန်းဆောင်သို့ ပြန်လာသည်။

သူမ အနေနှင့် အမျိုးသမီးကျွမ်းလည်း ကြံစည်သည့်အထဲတွင် ပါဝင်မှန်း သိသော်လည်း ကျူးရှုက အရင် လာငြိသဖြင့် ကျူးရှု၏ ကိစ္စကို အရင် ကိုင်တွယ်လိုက်ရသည်။

သူမ စဉ်းစားမရတာ တစ်ခု ရှိသည်။ မယ်တော်ကြီးမှာ ကျူးရှုအား တလျှောက်လုံး တန်ဖိုးထားခဲ့သည်။ ကျူးရှုသာ အနေအထိုင် ဆင်ခြင်တတ်လျှင် နောင်နှစ်နှစ်ခန့် အကြာ၌ မယ်တော်ကြီးက သူမအတွက် ခင်ပွန်းကောင်း တစ်ယောက် တာဝန်ယူ ရှာပေးတော့မည် ဖြစ်သည်။

သို့သော် အဘယ့်ကြောင့် သူမက ယန်ရှုအား တိုက်ခိုက်ဖို့ လမ်းကြောင်းကို ရွေးချယ်ရလေသနည်း။

အခုလို ယန်ရှုကို အကြံအစည်တွေ ချပြီး ဝိုင်းတိုက်ခိုက်လိုက်ရင် အရှင်မင်းကြီးက သူ့ကို စိတ်ပြောင်း ဝင်စားမယ်လို့များ မျှော်လင့်နေတာလား။

ထိုသို့ တွေးနေစဉ် အပြင်မှ လျှောက်တင်သံကို ကြားလိုက်ရသည်။

“ဧကရာဇ်မင်းကြီး ကြွချီလာပါပြီ…”

ဟင်… အရှင်မင်းကြီး ကြွလာတာလား။

ထိုသို့ ကြားလိုက်မှ ယန်ရှုလည်း အရှင်မင်းကြီးနှင့် စကားပြောချင်နေသည်ကို သတိရလာတော့သည်။ ထို့ကြောင့် အပေါက်ဝထိ သွားကာ မင်းကြီးအား ကြိုဆိုလေသည်။

“အရှင်မင်းကြီးကို အရိုအသေ ပေးပါတယ်”

သူမ ဦးမညွတ်ရမီပင် ယွီဝိန်းလန်က အတွင်းသို့ အမြန်ဝင်လာပြီး စိုးရိမ်စွာဖြင့် မေးတော့သည်။

“မင်း နေကောင်းရဲ့လား။ အဆင်ပြေရဲ့လား”

ယန်ရှုက မျက်မှောင် ကြုတ်လိုက်ပြီး နှုတ်ခမ်းကို စူလိုက်သည်။ ထို့နောက် သူမက စိတ်ဆိုးစွာဖြင့် ပြောတော့သည်။

“ဘယ်လိုလုပ် အဆင်ပြေမှာလဲ”

ယွီဝိန်းလန်မှာ နားမလည်သလို ဖြစ်သွားသည်။

“ငါကိုယ်တော် ခုနက ဖုဟိုင်ဆီကနေ ကြားလိုက်တာ…။ မယ်တော်ကြီးက ကျူးရှုကို စကား မပြောနိုင်တော့အောင် ဆေးတိုက်ပြီး နယ်စပ်ကို နယ်နှင်ဒဏ်ချဖို့ အမိန့်ပေးလိုက်တယ်တဲ့…။ ကိုယ်လုပ်တော်က ဘာတွေများ မကျေနပ်စရာ ရှိလို့ သွားတိုင်လိုက်တာတုန်း”

ထိုသို့ မေးလိုက်သည့်အခါ ယန်ရှုက မကျေနပ်စွာဖြင့် ပြန်ပြောလေသည်။

“မယ်တော်ကြီး ချလိုက်တဲ့ အပြစ်ဒဏ်က တန်တယ်လေ…ဒီကိုယ်လုပ်တော်တောင် အဲဒီလောက် မတွေးနိုင်ဘူး”

ဟင်း… ဒီလူကြီး… စာရင်းထိပ်က မယ်တော်ကြီးက ငါ့အပေါ် ဒီလောက် ကာကွယ်ပေးတတ်တာကို ဘာထင်နေတုန်း။

ယွီဝိန်းလန် - “ဟမ်...”

သူက ဘာကို ထင်ရမှာတုန်း။

သူက မေးလိုက်သည်။

“ဘာတွေ ဖြစ်ကုန်တာလဲ”

ထိုအခါ သူမက မျက်ခုံးကို ပင့်လိုက်ပြီး သူ့အား ကြည့်လိုက်သည်။

“အရှင်မင်းကြီး… အခု ဖြစ်တဲ့ ပြဿနာတွေရဲ့ အဓိက အကြောင်းရင်းက ဘာလဲဆိုတာကို တွေးကြည့်ဖူးလား”

ယွီဝိန်းလန် က နားမလည်စွာဖြင့် ပြန်ပြောသည်။

“နေဦး… တော်ဝင်ကိုယ်လုပ်တော်က ကိုယ့်အရှင်သခင်ကို အသက်ဘေး ထိခိုက်အောင် မကြောင်း ကြံစည်တတ်တဲ့ အမျိုးသမီး အကြောင်းကို ပြောနေတာလား”

ယန်ရှုက မျက်ခုံးကို ထပ်ပင့်လိုက်ပြီး ပြောသည်။

“ကျူးရှုက ကျွန်မကို ဘာလို့ မကောင်းကြံချင်နေတာလဲ သိလား။ သူက အရှင်မင်းကြီးကို သဘောကျနေလို့ ကျွန်မကို ကြံစည်နေတယ်ဆိုတာ သိရဲ့လား။ သူ့အတွေးမှာ တကယ်လို့ ကျွန်မသာ မရှိတော့ရင် မင်းကြီးက သူ့ကို ကြိုက်မယ် ထင်နေတာ…။ အဲဒီတော့ ဒီပြဿနာရဲ့ အရင်းအမြစ်က အရှင်မင်းကြီးပဲ…”

ယွီဝိန်းလန် - “အမ်”

သူ့အား ယန်ရှုက နောက်နေတာလား… အတည်ပြောနေတာလားပင် မဝေခွဲတတ်တော့အောင် ဖြစ်နေသည်။

သို့ရာတွင် သူမက စိတ်ထဲတွင် တွေးနေသည်ကို သူ ကြားလိုက်ရသည်။

[ဟွန်း… ဟိုးအရင် ရှင့်ကြောင့် လူတိုင်း ငါ့ကို ပစ်မှတ်ထား လုပ်ကြံခဲ့ချိန်ကနေ စလို့ အခု ကလေးလွယ်ထားရတဲ့ အချိန်အထိ အေးအေးဆေးဆေးကို မနေရဘူး…။ ဟိုးအစ ကျောက်ချင်ဝမ်… ဝမ်ကျောက်ယီ… ကိုယ်လုပ်တော်အန်း… တော်ဝင်ကိုယ်လုပ်တော်ဖေး… တော်ဝင်ကိုယ်လုပ်တော်ကျိုး… အဲဒီလူတွေကနေ စပြီး အခု ကျူးရှုအထိ ငါ့ကို မနာလိုလို့ လုပ်ကြံချင်ခဲ့ကြတဲ့ သူတွေချည်းပဲ မဟုတ်ဘူးလား။ ဒီလောက် လူအများကြီးက လုပ်ကြံချင်နေတာ ဘယ်လို နေရမလဲတောင် မသိတော့ဘူး!]

ယွီဝိန်းလန် - “...”

အင်း… သူက ဒီလိုတွေ တွေးနေတယ်ပေါ့။

ဒါပေမဲ့ အဲဒီလူတွေက သူကိုယ်တိုင် ရွေးချယ်ထားတဲ့သူတွေမှ မဟုတ်တာ…။ အကုန်လုံး ဓလေ့ထုံးတမ်းရေးရာ ဌာနကနေ တဆင့် မယ်တော်ကြီးရဲ့ ခွင့်ပြုချက်နဲ့ ဝင်လာတဲ့သူတွေလေ။

ကျူးရှုကလည်း မယ်တော်ကြီးရဲ့ လူပဲဟာ။

164 04

သို့သော် သူ့အတွေးများကို ထုတ်ပြောလိုက်ပါက မယ်တော်ကြီးနှင့် သူမတို့ကြားက သံယောဇဉ်ကို မေးခွန်းထုတ်တယ်လို့ သူ့ကို ထပ်စွပ်စွဲနေဦးမည်။

ထို့ကြောင့် သူက ဘာမှ ထုတ်မပြောတော့ဘဲ သူမ ပြောသည့်အတိုင်း လိုက်ကာ ပြောလိုက်သည်။

“အင်းပါ… ကျူးရှု ငါကိုယ်တော်ကို ကြိုက်နေတာကို မသိလိုက်ပေမဲ့ … ကိုယ်တော်ပဲ မှားပါတယ်”

ထိုသို့ ပြောလိုက်သည့်အခါ သူမက နှုတ်ခမ်းကို တင်းတင်းစေ့ပြီးနောက် ပြောလေသည်။

“ဟာ… အဲလို ပြောစေချင်တာ မဟုတ်ဘူးလေ…”

ယန်ရှုလည်း ရှင်းမပြတတ်ချေ…။ အခုတလော ကိုယ်ဝန်ကြောင့်လားတော့ မသိ… စိတ်အလိုမကျဖြစ်ခြင်းများ မကြာ မကြာ ဖြစ်နေသည်။

အစက သူမ အနေနှင့် ဘာမျှ မခံစားရသော်လည်း အရှင်မင်းကြီးအား မြင်လိုက်သည့်အခါ အပြစ်တင်ချင်လာသောကြောင့် ထိုသို့ ရန်ထောင်နေခြင်း ဖြစ်လေသည်။

ထိုစဉ် စစ်စတန်က ပြောလာသည်ကို ကြားလိုက်ရသည်။

[ယေဘုယျအားဖြင့် အဲလို ဖြစ်နေတာမျိုးကို ရစ်တာလို့ ခေါ်တယ်… လေ့လာတွေ့ရှိမှုတွေ အရဆိုရင် ကိုယ်ဝန်ဆောင် အမျိုးသမီးတွေမှာ ဟော်မုန်း တစ်မျိုးထွက်တယ်… အဲဒီ ဟော်မုန်းတွေကြောင့် သူတို့ကို စောင့်ရှောက်နေတဲ့ ခင်ပွန်းအနားမှာ အဲဒီလို ရစ်ပြီး တွယ်ကပ်ချင်တဲ့ စိတ်မျိုးတွေ ဖြစ်နေတတ်တယ်]

ယန်ရှု - “...”

[အင်း… အဲဒါဆို အခု ငါက အရှင်မင်းကြီးကို ကလေးဆိုးကြီးလို ဆက်ဆံမိနေတာပေါ့။]

အား… ကိုယ်ဝန်ဆောင်နေရတဲ့ အချိန်က ပုံမှန်အချိန်နဲ့ လုံးဝ မတူဘူး… ဒါတွေက ဗိုက်ထဲမှာ ရှိနေတဲ့ ကလေးလေး ကြောင့် ဖြစ်နေတာလား။

သို့သော် ဘာမျှ မပြောဘဲ နားထောင်နေသည့် ယွီဝိန်းလန်မှာ အခုမှ သဘောပေါက်သွားသည်။

ဩ… အခု ယန်ရှုက သူ့ကို ကလေးဆိုးတစ်ယောက်လို ရစ်နေတာပေါ့။

သူ့အတွက် တော်တော် ထူးဆန်းနေသည်မှာ အမှန်…။ အမြဲ ငွေနှင့် အစားအသောက်သာ မက်နေတတ်သည့် ကောင်မလေး ယခုလို သူ အာရုံစိုက်လာအောင် ကလေးဆိုးလို လုပ်နေသည်က အင်မတန် ထူးခြားလှသည်။

သူ့မှာ စိတ်ဆိုးခြင်း လုံးဝ မရှိပေ။… နူးညံ့ ပျော့ပြောင်းနေသည့် စိတ်သာ ရှိနေသည်။ ထို့ကြောင့် သူမအား ထွေးပွေ့လိုက်ပြီး ပြောလိုက်တော့သည်။

“ကိုယ်တော် မှားတာပါ…။ ကျူးရှုမှာ အဲဒီလို စိတ်တွေရှိနေတာတွေ… အခုလို ဖြစ်မယ်ဆိုတာတွေ ကြိုသိခဲ့ရင် စောစောကတည်းက ပြဿနာမတက်အောင် လုပ်ခဲ့မိမှာပါ…။ အဲဒီလိုဆို တော်ဝင်ကိုယ်လုပ်တော်လည်း အခုလို စိတ်ပူနေရမှာ မဟုတ်တော့ဘူး”

ကိုယ်ဝန်ကြောင့် ထွက်လာသည့် ဟော်မုန်းများကြောင့်လားတော့ မပြောတတ်။ အခုနောက်ပိုင်း သူ အဲဒီလို ထွေးပွေ့ပေးတာမျိုးကို ယန်ရှု သဘောကျနေတာ ကြာပြီ…။ အခုလည်း သူမက သူ၏ လက်မောင်းများကြားတွင် ငြိမ်ငြိမ်လေး နေနေရင်း ပြောသည်။

“အင်းလေ… အရှင်မင်းကြီးက ကျူးရှုရဲ့ စိတ်ကို စောစောကတည်းက ဘယ်လိုလုပ် သိမှာလဲ။ မင်းကြီးမှာ စိတ်ကို ဖတ်နိုင်တဲ့ အစွမ်းမှ မရှိတာ…”

ယွီဝိန်းလန် - “အဲ…”

သူ တောင့်‌တောင့်ကြီး ဖြစ်သွားမိပြီး တွေးလိုက်သည်..။ ဒီကောင်မလေး အခုလို ပြောတာ လျှောက်ပြောနေတာလား သူ့ကို တမင် စမ်းသပ်နေတာလား။

သို့သော် နောက်မှ သူမ စိတ်ထဲရှိသည့်အတိုင်း ပြောနေမှန်း သဘောပေါက်သွားပြီး ထောက်ခံလိုက်သည်။

“ဒါပေါ့… ငါကိုယ်တော်က စိတ်မှ မဖတ်နိုင်တာကို…”

ပြောပြီးနောက် သက်ပြင်း ချလိုက်မိတော့သည်။ ယန်ရှုက ရိုးတယ်… မဟုတ်ရင် သူ့မှာ အစွမ်းရှိတာ ပေါ်နေတာကြာပေါ့။

ထိုစဉ် ယန်ရှုက ထ ပြောလိုက်သည်။

“ဪ… ပြောဖို့တောင် မေ့သွားတယ်… အရှင်မင်းကြီး…။ ကုံးယွမ်လမ်းရဲ့ တောင်ဖက်စွန်းမှာ ပါးမြန်ဆိုတဲ့ စာအုပ်တိုက်ရှိတယ်ဆိုတာ သိလား။ ပိုင်ရှင်က တခြား စာအုပ်တိုက်တွေဆီကနေ ကျွန်မ ငွေရနေတာကို မနာလို ဖြစ်နေတာ…။ ကျွန်မဘယ်သူလဲဆိုတာကို သိရဖို့ သူက ငွေပုံပြီး ကြိုးစားနေတယ်။ ကြည့်ရတာ ကျွန်မအပေါ် မကောင်းကြံဖို့ ကြိုးစားနေပုံရတယ်”

ယွီဝိန်းလန်က မျက်မှောင်ကြုတ်ကာ မေးလိုက်သည်။

“ဟုတ်လား”

******

165 01

Chapter 165

စိတ်စေတနာ ကောင်းကောင်းဖြင့် အလုပ်မလုပ်တတ်‌သော စာအုပ်တိုက်၊ ကောက်ကျစ်သော နည်းလမ်းများသာ တွေးတောတတ်သော စာအုပ်တိုက်မျိုးကို ကောင်းကောင်း ကိုင်တွယ်ရပေတော့မည်။

ယွီဝိန်းလန် ဘာမျှ မပြောရသေးမီ ယန်ရှုမှာ စစ်စတန်ထံမှ ပြောလာသံကို ကြားလိုက်ရသည်။

[ကျောက်ကျင်းရှီနဲ့ ပတ်သက်ပြီးတော့ ပြောရရင် ပြောစရာ ကျန်သေးတယ်]

ယန်ရှုမှာ ထိုသို့ ကြားလိုက်သည့်အခါ စိတ်ဝင်စားလာသဖြင့် မေးလိုက်သည်။ [ဘာပြောစရာ ကျန်သေးတာလဲ။]

ထိုအခါ စစ်စတန်က ပြောပြသည်။

[ဒီလူရဲ့ မိသားစုနာမည်က ကျောက်မျိုးရိုး မဟုတ်ဘူး… အစက ဝေ့မျိုးရိုး… ပြီးတော့ ပေကျင်းသားလည်း မဟုတ်ဘူး…။ ဟိုးစောစောပိုင်းမှာ ပါးမြန့်စာအုပ်တိုက်ကို ကျောက်ဟဲရုန်ဆိုတဲ့ ပုဂ္ဂိုလ်က တည်ထောင်ခဲ့တာ…။ ကျောက်ဟဲရုန်ကတော့ ပေကျင်း ဇာတိသားပေါ့…။ စာအုပ်ဖတ်ရတာ သိပ်ကြိုက်တဲ့သူမျိုး…။ ဒီလိုနဲ့ စာအုပ်စာပေနဲ့ အသက်မွေး ဝမ်းကြောင်း ပြုဖို့၊ ပိုက်ဆံရှာဖို့ ဆုံးဖြတ်ပြီးတဲ့အခါ ကုံးယွမ်လမ်း တောင်ဖက် အစွန်မှာ ရှိတဲ့ သူ့ရဲ့ အိမ်အဟောင်းကြီးကို စာအုပ်တိုက်အဖြစ် ပြောင်းလဲလိုက်တယ်… အဲဒီတုန်းက အဲဒီဝန်းကျင်မှာ စာအုပ်ဆိုင်ရယ်လို့ အများကြီး မရှိသေးဘူးပေါ့…။

ဒီကျောက်အဘိုးကြီးက အရမ်း သနားကြင်နာတတ်တာ…။ အဲဒီတော့ သူ့လုပ်ငန်းကလည်း အောင်မြင်တာပေါ့…။ ဒါပေမဲ့ ကျောက်အဘိုးကြီးမှာ သားသမီး မရှိဘူး… သမီးနှစ်ယောက်ပဲ ရှိတယ်…။ အဲဒီတော့ သူတို့က လုပ်ငန်းမှာ ဝင်မကူနိုင်ကြဘူးပေါ့…။ အဲဒါနဲ့ ကျောက်အဘိုးကြီးက တပည့်တပန်း တစ်ယောက်ကို လက်ခံလိုက်တယ်…။ အဲဒီ တပည့်ရဲ့ နာမည်က ဝေ့ကျင်းရှီတဲ့]

[ဝေ့ကျင်းရှီက အလုပ်ကိစ္စနဲ့ ပတ်သက်လာရင် လုပ်တတ် ကိုင်တတ်တယ်…။ ရောက်စက အရမ်း အားကိုးရတာပေါ့…။ ကျောက်အဘိုးကြီးက သူကို အရမ်းသဘောကျတာ…။ နောက်ပိုင်းရောက်တဲ့အခါကျတော့ သူ့တပည့်မှာ မိသားစုမရှိ တစ်ကောင်ကြွက်မှန်း သိသွားတော့ သားအဖြစ် မွေးစားပြီး ပေကျင်းမှာပဲ နောက်ထပ် အိမ်တစ်လုံး ဝယ်ပေးတယ်]

ယန်ရှုမှာ ထိုသို့ကြားလိုက်ရသည့်အခါ သက်ပြင်းချလိုက်မိသည်။

[ဪ… ကျောက်အဘိုးကြီးက သူ့မွေးစားသားကိုတောင် ဒီလောက်ထိတောင် စေတနာ ထားတယ်နော်…။]

စစ်စတန် [ဒါပေါ့… သူ စေတနာ ထားမိတဲ့ ပုဂ္ဂိုလ်က လူကောင်းတစ်ယောက် ဖြစ်မနေဘူး… ဝေ့ ဆိုတဲ့ နာမည်က သေချာကြည့်ကြည့်ရင် တောထဲက ဝံပုလွေ ဆိုတဲ့ အဓိပ္ပာယ် ရှိတယ်…။ ကျောက်အဘိုးကြီးရဲ့ ဇနီးက ဆုံးသွားတာ ကြာပြီ…။ သူ့ သမီးနှစ်ယောက်ကလည်း အိမ်ထောင်ပြုသွားပြီ…။ အဘိုးကြီးက တစ်ယောက်တည်း နေပြီး ဝိုင်သောက်ရတာ ကြိုက်တယ်…။ တနေ့ ဝိုင်အသောက်များပြီး မကျန်းမမာ ဖြစ်ပါလေရော…။ အဲဒီမှာ အသက် ၅၀ ကျော်ကျော် လောက်နဲ့တင် ဆုံးပါးသွားတယ်…။ အဲဒီမှာ သူ့သမီးနှစ်ယောက်က သူတို့ အဖေအတွက် နာရေး လုပ်ဖို့ ဝမ်းပန်းတနည်း ပြန်လာကြတယ်…။ အဲဒီမှာ သူတို့ တွေ့လိုက်ရတာက ဝေ့ကျင်းရှီက သူ့နာမည်ကို ကျောက်ကျင်းရှီလို့ ပြောင်းထားတာပဲ…။ နာရေး ဝတ်စုံတွေ ဝတ်ပြီး လူတွေရှေ့မှာ သူတို့ အဖေကို လွမ်းဆွတ်ပြနေတယ်…။ နှုတ်ကလည်း ကျောက်အဘိုးကြီးက သူ့ကို သားတစ်‌ယောက် အနေနဲ့ မွေးစားတာပါ ဆိုပြီး လူရှေ့မှာ ပြောတာပေါ့]

ထိုအခါ ယန်ရှုက မေးလိုက်သည်။

[ဒီလူက ကျောက်အဘိုးကြီးရဲ့ အိမ်ခြံမြေတွေကို လိုချင်လို့ အဲဒီလို လုပ်တာ မဟုတ်လား။ ကျောက်အဘိုးကြီးက သူ့ကို အဲဒီလောက် ပေးဖို့တော့ မရည်ရွယ်ထားဘူး မဟုတ်လား။]

စစ်စတန် - [ဟုတ်တယ်… အဲဒီလူက ဟန်ဆောင်နေတာ… ကျောက်အဘိုးကြီးက အဲဒီလောက်အထိ မအပါဘူး။ သူ့မှာ သမီးတွေ ရှိနေတာ… ဘာလို့ သူ့ မိသားစုပိုင် ပစ္စည်းတွေကို အပြင်လူကို ပေးချင်မှာလဲ။ ပြီးတော့ သူတကယ် ပေးချင်ရင်တောင် သူ့သမီးတွေကို အရင် ပြောပြမှာပေါ့…။ ဒီလောက် အရေးကြီးတဲ့ ကိစ္စကို အဘိုးကြီးက ဘယ်သူ့ကိုမှ မပြောဘဲ လုပ်ပါ့မလား။]

ယန်ရှုက ဆက်မေးလိုက်သည်။

[သူ အဲဒီလို လုပ်တော့ အဘိုးကြီးရဲ့သမီးနှစ်ယောက်က ယုံတာပဲလား။]

စစ်စတန် - [ဘယ်လိုလုပ် ယုံမှာလဲ… ဒါပေမဲ့ ဝေ့ကျင်းရှီက အစောကြီးကတည်းက အကြံဆိုးရှိနေပြီးသားဆိုတော့ သူ့မွေးစား အဖေ မသေခင်ကတည်းက စာရွက်စာတန်းတွေ ကြိုပြင်ထားတယ်…။ ညဖက် ကျောက်အဘိုးကြီးရဲ့ အိမ်ထဲကို ခိုးဝင်ပြီး အရက်မူးပြီး အိပ်ပျော်နေတဲ့ အဘိုးကြီးရဲ့လက်ဗွေရာကို စာချုပ်စာရွက်ပေါ်မှာ နှိပ်တယ်…။ ပြီးတော့ သက်ဆိုင်ရာ အုပ်ချုပ်ရေး အမတ်တွေကိုလည်း ကြိုပြီး လာဘ်ထိုးထားတယ်…။ အဲဒီလို စာရွက်စာတန်း အတုတွေအားလုံး ပြင်ဆင်ထားပြီး ကျောက်မိသားစုဝင် သမီးနှစ်ယောက် မကျေနပ်ရင် ရုံးတက်တိုင်ချင် တိုင်ဆိုပြီး ပြောလွှတ်လိုက်တယ်…။ ဟိုနှစ်ယောက်က တကယ်တိုင်တော့လည်း မအောင်မြင်ဘူးလေ…။ နောက်ဆုံးမှာတော့ သူတို့ အဖေအမေ ပိုင်တဲ့ အိမ်ကြီးက ဒီလူရဲ့လက်ထဲ ရောက်သွားတော့တယ်…။]

ယန်ရှုမှာ ခေါင်းကိုသာ ရမ်းလိုက်မိတော့သည်။

[သူလည်း နောက်ထပ် ကျုံးရှန် ဝံပုလွေ တစ်‌ကောင် ပါလား…။ ကျန်းရှန်ခန်းလို ကိုယ့်ဆရာကိုယ် သစ္စာဖောက်ပြီး ဘိုးဘေးဘီဘင်တွေကို ဖျက်ဆီးတတ်တဲ့ လူမျိုးပဲ…။ ငွေနောက်လိုက်ပြီး ကိုယ့်မျိုးရိုး နာမည်ကိုတောင် စွန့်ရက်တယ်…။ အင်းလေ ဒီလို လုပ်ရဲလို့လည်း ရွံစရာကောင်းတဲ့ အကြံမျိုး ထွက်တာပေါ့]

165 02

မရဘူး…။ ကောင်းကင်ဘုံရောက်နေတဲ့ သူ့ ဝေ့မျိုးရိုးရဲ့ ဘိုးဘေးတွေနဲ့ ကျောက်အဘိုးကြီးက ခွင့်လွှတ်ရင်တောင် ငါကတော့ ခွင့်မလွှတ်နိုင်ဘူး။ ထိုသို့တွေးပြီးနောက် သူမက ယွီဝိန်းလန်အား ပြောလိုက်သည်။

“အရှင်မင်းကြီး…ကျွန်မ ကြားမိတာက… အဲဒီ ပါးမြန့် စာအုပ်တိုက် ပိုင်ရှင်က မလုပ်သင့် မလုပ်ထိုက်တာတွေကို လုပ်ဖူးတယ်တဲ့…။ အဲဒါ‌ကြောင့် ကျွန်မ သူ့နောက်ကြောင်းကို အများသိအောင် ချပြပြီး သူ့ရဲ့ စရိုက်အမှန်ကို တလောကလုံးက ရွံသွားအောင် လုပ်ချင်‌နေတယ်”

ထိုသို့ ပြောပြီးသည်နှင့် သူမက လက်မောင်းနှစ်ဖက်ကြားမှ ထွက်ကာ စာရေးစာပွဲတွင် ထိုင်၍ စာကို ဒေါသတကြီး ရေးတော့သည်။

ယွီဝိန်းလန် - “...”

ကောက်ခါ ငင်ခါကြီးပါလား…။

ခုဏကလို ချစ်စဖွယ် ရစ်နေသည့် ပုံစံနှင့် လုံးဝမတူတော့ဘဲ အာရုံ အပြည့် စိုက်‌ကာ စာရေးနေသည်ကို မြင်လိုက်ရသဖြင့် သူ့မှာ မကျေမနပ်ဖြစ်သွားသည့် စိတ်ကို မြိုသိပ်လိုက်ရသည်။

“စိတ်လျှော့… စိတ်လျှော့… အရမ်း စိတ်မတိုနဲ့ အရမ်းလည်း အပင်ပန်း မခံနဲ့နော်… ဟုတ်ပြီလား”

ဟင်း… ငါ့ရဲ့ အချစ်တော် တော်ဝင်ကိုယ်လုပ်တော်ရဲ့ နာမည်ကို ဖျက်ပြီး ထိခိုက်အောင် လုပ်ချင်တဲ့ ဒီလောက် ရွံစရာကောင်းတဲ့ ပါးမြန့် စာအုပ်တိုက်ပိုင်ရှင်ကို လွယ်လွယ်နဲ့ ခွင့်လွှတ်မပေးနိုင်ဘူး။

~~

နောက်တစ်နေ့တွင် နန်းမြို့တော်ရှိ စာပေ ဝါသနာရှင်တို့မှာ အံ့ဩ ပျော်ရွှင်သွားကြသည်။ အဘယ့်ကြောင့်ဆိုသော် ယခင်စာအုပ် ထွက်ပြီးနောက် ခနတာမျှ ငြိမ်နေသည့် သခင်လေး ရှောင်ယောင်း၏ စာအုပ် အသစ်တစ်အုပ်မှာ ကြာကြာ မစောင့်ရဘဲ ထပ်ထွက်လာသောကြောင့် ဖြစ်လေသည်။

အားလုံးမှာ အပြေး ဝယ်ယူ ဖတ်ရှုကြတော့သည်။

သခင်လေး ရှောင်ယောင်းမှာ ယောက်ျားလား မိန်းမလား စသည့် မေးခွန်းများ ထွက်လာသည်မှာ မကြာသေးသဖြင့် အားလုံးမှာ သူမနှင့် ပတ်သက်သမျှကို သိချင်စိတ်များ ပြည့်နေကြသည်။ ထို့ကြောင့် စာအုပ် အသစ်ထွက်သည်နှင့် တပြိုင်နက် ဝယ်လိုက်ကြရာ ခါတိုင်းထက်ပင် ရောင်းအား တက်သွားလေတော့သည်။ သို့သော် ယခု စာအုပ်ကို ဖတ်ပြီးသူများမှာ အံ့ဩသွားကြတော့သည်။

ဇာတ်လမ်းထဲမှ ပုဂ္ဂိုလ်၏ နာမည်အတိအကျသာမက မျိုးရိုးနာမည်များ နေရပ်လိပ်စာများကအစ အကုန်ပါနေသည်။ ထို့ကြောင့် ရှည်ရှည်ဝေးဝေး မှန်းနေစရာ မလိုတော့ဘဲ ကုံးယွမ်လမ်း တောင်ဘက်အစွန်ရှိ ပါးမြန့်စာအုပ်တိုက်ပိုင်ရှင်၏ ဇာတ်လမ်းမှန်း သိလိုက်ကြရတော့သည်။

ဇာတ်လမ်းကို ကျောက်မိသားစု၏ အမွေစား ‌အမွေခံ မွေးစားသားဟု ကိုယ့်ကိုယ်ကို သတ်မှတ်ထားသည့် ကျောက်ကျင်းရှီ၏ အမွေခံကိစ္စနှင့် စ ထားသည်။ လွန်ခဲ့သည့် နှစ်ပေါင်းများစွာက ကျောက်မိသားစု၏ သမီးအရင်းနှစ်ယောက်နှင့် သူ၏ အမွေကိစ္စကို အသေးစိတ် ဖော်ကျူးထားသည်။ ကျောက်ကျင်းရှီမှာ ပေကျင်းမြို့သားမဟုတ်ဘဲ နယ်စွန်မှ လာသူဖြစ်ကြောင်း ဖော်ထုတ် ရေးသားထားသည်။ ထို့နောက်တွင် မည်သို့ တပည့်တပန်း အဆင့်မှ မွေးစားသား ဖြစ်လာကြောင်း… မျိုးရိုး အမည်ကို ဝေ့မှ ကျောက်သို့ မည်သို့ ပြောင်းလဲလိုက်ကြောင်း… နောက်ဆုံးတွင် ပါးမြန့် စာအုပ်တိုက်ကို မည်သို့ အမွေခံယူလိုက်ကြောင်း တစ်ခုပြီး တစ်ခု ရေးသားထားလေသည်။

ဖတ်ရှုပြီးသူတိုင်းမှာ မိမိတို့ သိထားသည့် အမွေကိစ္စမှာ မှားယွင်းနေကြောင်း ယခုမှပင် သဘောပေါက်သွားကြသည်။ ထို့အပြင် ကျောက်ကျင်းရှီမှာ အပေါ်ယံတွင် သဘောကောင်းသယောင် ဆောင်နေသော်လည်း အတွင်း၌ အကျင့် သိက္ခာမဲ့သူမှန်း သိရှိသွားကြပြီး လူတိုင်းက မုန်းတီးကြလေတော့သည်။ အချို့သော စိတ်မထိန်းနိုင်သူများက ပါးမြန့် စာအုပ်တိုက်အထိ သွားကာ ကျိန်ဆဲရန် ကြံကြကုန်သည်။

သို့သော် သူတို့ ရောက်သွားသည့်အခါ ပါးမြန့် စာအုပ်တိုက်မှာ ပိတ်ထားသည်ကို မြင်လိုက်ကြသည်။

အိုး… ဒီ ကျောက်ငနဲ… အင်း မဟုတ်ဘူး… ဒီ ဝေ့ငနဲ ကိုယ့်အပြစ်ကို သိပြီး ကြောက်နေပြီထင်တယ်…။

~~

မှန်ပါသည်… ကျောက်ကျင်းရှီမှာ ယခု အတော်ပင် ကြောက်နေပြီဖြစ်သည်။

ယနေ့မနက် သခင်လေး ရှောင်ယောင်း၏ စာအုပ်အသစ် ထွက်သည်ဟု ကြားသည်နှင့် တပြိုင်နက် သူက သွားဝယ်ကာ စာအုပ်တိုက်ရှိ အခြားသူများကို ရေးဟန်ကို နားလည်အောင် ဖတ်ရှုလေ့လာခိုင်းလေသည်။ ထိုသို့ ခိုင်းပြီးမှ ထိုဇာတ်လမ်းမှာ သူ့အကြောင်း ရေးထားသည့် ဇာတ်လမ်းဖြစ်နေကြောင်း သိသွားတော့သည်။

ထို့အပြင် သူ တပည့်တစ်ယောက်အနေနှင့် စာအုပ်တိုက်သို့ ရောက်လာချိန်၊ အိမ်ထောင်ကျချိန်အပြင် မင်္ဂလာဆောင်တွင် ငွေ မည်မျှ ဖြုန်းတီးပုံတို့ကိုပါ သခင်လေး ရှောင်ယောင်းက သိရှိနေသည်။

ပြောရလျှင် သူ့အတိတ်ကို တစ်ခုမကျန် ရှင်းရှင်း ဖော်ပြထားသလို ဖြစ်နေတော့သည်။

165 03

ကျောက်ကျင်းရှီမှာ ကြောက်လန့်သွားပြီး ချက်ခြင်းပင် စာအုပ်တိုက်ကို ပိတ်လိုက်တော့သည်။ ပြီးမှ ဤကိစ္စကို မည်သို့ ပြန်လည် ဖြေရှင်းရမည်ကို စဉ်းစားတော့သည်။

— ဘာတွေ ဖြစ်ကုန်တာလဲ။ သခင်လေး ရှောင်ယောင်းက သူ့နောက်ကြောင်းကို သိဖို့အတွက် တိတ်တိတ်လေး ငွေပေး စုံစမ်းထားတာလား။

ဒါပေမဲ့ ဒီလောက်ကြီးထိ သိတာ ဘယ်သူရှိလို့တုန်း။

…

နေ့တဝက်ခန့် ထိုင်စဉ်းစားခန်း ဖွင့်ပြီးတိုင် ကျောက်ကျင်းရှီမှာ မည်သို့ ဖြေရှင်းရမည် မသိသေးဘဲ ဖြစ်နေတော့သည်။ ဆိုင်ရှိ ဝန်ထမ်းများကလည်း သူ့အား မေးခွန်းထုတ်နေကြပြီ ဖြစ်သည်။ အုပ်စုလိုက် ကွယ်ရာတွင် သူ့အတင်း ပြောနေကြတော့သည်။

“ဆိုင်ရှင်ရဲ့ နာမည်အရင်းက ဝေ့တဲ့လား”

“ဟုတ်မှာပေါ့… စဉ်းစားကြည့်လေ…။ ချင်မင် ပွဲတော်နေ့တိုင်း သူ ရှိရှန်းကိုသွားပြီး ပိုင်ရှင်ဟောင်း သခင်ကြီးရဲ့ အုတ်ဂူကို အရိုအသေ သွားပေးတယ်… ပြီးတာနဲ့ ဖျင်လင်ကို သူ အမြဲသွားတယ်မဟုတ်လား။ ဖျင်လင်မှာက ဝေ့မျိုးရိုးက လူတွေ များတယ်… သူ့ ဘိုးဘေးတွေဆီ သွားကန်တော့တာ ဖြစ်မှာပေါ့”

“ဩ ဩ ဩ … သူက မျိုးရိုးနာမည်ကို ပြောင်းထားတော့ သူ ဘိုးဘေးတွေကို သွားကန်တော့တိုင်း သူ့ဘိုးဘေးတွေက သူ့ကို မကျိန်ဆဲကြဘူးလား မသိဘူး”

“အင်းနော်… အရင် သခင်ကြီးရဲ့ အုတ်ဂူဆီလည်း နှစ်တိုင်းသွားတော့ အရင် သခင်ကြီးကရော သူ့ကို ကျိန်ဆဲ‌ နေမလား”

“ဟုတ်ပ”

…

ထိုစကားများကို ကြားလိုက်ရသည့်အခါ ကျောက်ကျင်းရှီမှာ စိတ်တိုလွန်းသဖြင့် ပါးစပ်များကို ပိတ်ထားရန် သူ့ဝန်ထမ်းများကို ဆဲဆို ကျိန်းမောင်းတော့သည်။

သို့သော် အလွန် စိတ်ကြီးသည့် ဝန်ထမ်းတစ်ယောက်က သူ့စကားကို နားမထောင်ဘဲ ဒေါသတကြီး ပြန်အော်တော့သည်။

“ခင်ဗျားက ကျေးဇူးကန်းပြီး ကိုယ်ချင်းစာစိတ် မရှိတဲ့သူ…။ ခင်ဗျားလို လူမျိုးက တခြားသူကို အထက်ကနေ ခိုင်းချင်သေးတယ်ပေါ့။ အဟား… တော်ပြီ… ကျုပ် မလုပ်ချင်တော့ဘူး… အလုပ်ထွက်တယ်။ မြို့တော်ထဲမှာ တခြား စာအုပ်တိုက်တွေ ကျန်သေးတယ်… အဲဒီဆိုင်တွေမှာက လစာ ပိုတောင် ကောင်းသေးတယ်”

ထိုသို့ ပြောပြီးနောက် လက်ထဲတွင် ပွေ့ထားသည့် စာအုပ်များကို ပစ်ချကာ တံခါးကို တွန်းဖွင့်၍ ထွက်သွားတော့သည်။ ထိုအခြင်းအရာကို မြင်လိုက်ရသည့် ကျောက်ကျင်းရှီမှာ ဒေါသူပုန်ထလွန်း၍ နောက်မှ လိုက်၍ ဆဲဆိုရန် ပြင်လိုက်သည်။ သို့သော် သူ အပြင်ထွက်ပြီးပြီးချင်းပင် လမ်းပေါ်မှ သူ့အကြောင်း ပြောနေသည့် စကားသံများကို ကြားလိုက်ရတော့သည်။

“အဲဒါ ကိုယ်ချင်းစာစိတ် မရှိတဲ့ ကျောက်ကျင်းရှီပေါ့…”

ထိုသို့ ကြားလိုက်ရသည့်အခါ ကျောက်ကျင်းရှီမှာ တွန့်သွားတော့သည်။ သူ ဘာမှ မလုပ်နိုင်မီ လူများက ဟင်းသီး ဟင်းရွက် အပုပ်အသိုးများ၊ ကြက်ဥပုပ်များနှင့် အခြား ဘာမှန်းမသိသည့် အရာများဖြင့် သူ့အား ပစ်ပေါက်ကြသည်။ သူက ဆိုင်ထဲသို့ ပြန်ဝင်ရန် ကြိုးစားလိုက်သော်လည်း အတွင်းမှ တစ်ယောက်ယောက်က တံခါးကို ပိတ်ထားသဖြင့် ဝင်မရဘဲ ဖြစ်နေတော့သည်။

ကုံးယွမ်လမ်း၏ ဘေးတွင် မြစ်တစ်စင်းရှိပြီး ထိုမြစ်၏ ဘေးတွင် လက်ဖက်ရည်ဆိုင် ရှိသည်။ အထက်ပါ ဖြစ်ရပ်များ ဖြစ်ပျက်နေချိန် ယန်ရှုမှာ ထိုလက်ဖက်ရည်ဆိုင်၏ ဒုတိယထပ် အထူးဧည့်သည်တော် အခန်းမှနေ၍ မြင်ကွင်းကို အရသာရှိရှိ လဲကြည့်ကာ ခံစားနေတော့သည်။

“အိုး… ဟို အစ်ကိုကြီးရဲ့ လက်က တယ်ဖြောင့်… ကန်စွန်းဥပုပ်က ဟို ဝေ့သူခိုးရဲ့ ခေါင်းကို ထိတာ ဒုတ်ခနဲပဲ”

“အမယ် … ဟိုဖက်က အဒေါ်ကြီးရဲ့ လက်ကလည်း မခေဘူး… ကြက်ဥနှစ်လုံးလောက် ထိအောင် ပစ်နိုင်တယ်ဟ!”

“ဟို မောင်လေးက လူကသာ ပိန်တယ် ထင်တောင် မထင်ထားဘူး။ ပစ်ချက်က တကယ်ကောင်း… အားပါလိုက်တာ… ဖရဲသီးခွံတွေ ခြင်းတောင်း တဝက်တောင် ကုန်အောင် ပစ်နိုင်တယ်”

ထိုသို့ ပြောရင်း သူမက ယွီဝိန်းလန်ရှိရာ လက်ဖက်ရည် စားပွဲဖက်ကို လက်လှမ်းပြလိုက်သည်။

“ယောက်ျားရေ… ဒီမှာ အတူတူ လာကြည့်ပါလား။ ပျော်စရာကြီး”

165 04

ယွီဝိန်းလန် - “ကိုယ့်ဟာကို စိတ်ချမ်းသာသလို နေပါ”

သူမက ရေနွေးကြမ်းတစ်ခွက် ငှဲ့လိုက်ပြီး ထကာ ပြတင်းပေါက်ထံသို့ လျှောက်သွားလိုက်သည်။ ထို့နောက် မြစ်တဖက်သို့ လှမ်းကြည့်လိုက်ပြီး ပြောသည်။

“နာရီဝက်လောက်တောင် ရှိသွားပြီဆိုတော့ အချိန်ကျပြီထင်တယ်”

ထို့နောက် ဆက်၍ ပြောလိုက်သည်။

“ဒီထက်ပိုပြီး စိတ်ဝင်စားစရာ ကောင်းတာတွေ လာဦးမှာ”

ပြီးနောက် သူမက ယွီဝိန်းလန်ထံ ပြန်လာကာ ရေနွေးကြမ်းကို ဝေမျှ သောက်လေသည်။

ယွီဝိန်းလန်က မျက်ခုံးပင့်ကာကြည့်လိုက်ပြီး တစ်ခုခုကို ပြောမည်ကြံလိုက်စဉ် သူမက ပြတင်းပေါက်မှ အပြင်သို့ ပြန်ကြည့်လိုက်ပြီး စိတ်လှုပ်ရှားစွာဖြင့် ပြောတော့သည်။

“ဟော… လာပြီ… အုပ်လိုက်ကြီး လာပြီ!”

ယွီဝိန်းလန်ကလည်း စိတ်ဝင်စားသဖြင့် ကြည့်လိုက်ရာ ကုံးယွမ်လမ်း၏ တောင်နှင့် မြောက် တဖက်စီမှ လူအုပ်လိုက်ကြီး ထွက်လာသည်ကို မြင်လိုက်ရသည်။

အားလုံးမှာ ဒေါသ ထွက်နေပုံ ပေါက်နေကြသည်။ ပါးမြန့် စာအုပ်တိုက်ဆီသို့ ရောက်သောအခါ ဝေ့ကျင်းရှီကို ဟင်းရွက်ပုံ အပုပ်အသိုးများကြားတွင် တွေ့လိုက်ကြသည်။ သူတို့က သူ့ကို ဆွဲထုတ်လိုက်ပြီး လက်သီးဖြင့် ထိုးတော့သည်။

ထိုးကျိတ်ရင်း နှုတ်မှလည်း ကျိန်ဆဲကြသည်။

“ခင်ဗျား… ကျုပ်တို့ အဘိုးရဲ့ အိမ်ကိုလည်း မောင်ပိုင်စီးတယ်…။ ကျုပ်တို့ကိုလည်း နှစ်ပေါင်းများစွာ လိမ်တယ်”

ယွီဝိန်းလန်က အံ့ဩစွာ ရေရွတ်လိုက်ပြီး ပြောသည်။

“ဪ… ဒါ ကျောက်မိသားစုရဲ့ သမီးအရင်းရဲ့ ကလေးတွေလား”

ယန်ရှုက ခေါင်းညိတ်ပြသည်။

“ဟုတ်ပ…။ သမီးအကြီးမှာက သားနှစ်ယောက်၊ သမီးနှစ်ယောက်ရှိတယ်…။ သမီးအငယ်မှာကတော့ သားသုံးယောက်နဲ့ သမီး တစ်ယောက်ရှိတယ်…။ အခု အဲဒါ သမီးနှစ်ယောက်စလုံးရဲ့ မိသားစုတင် မဟုတ်ဘူး။ ခမည်းခမက်တွေရော အကုန်ပါတယ်”

မိသားစု နှစ်စုမှာ အရမ်း မချမ်းသာသော်လည်း ညီအစ်ကို မောင်နှမများ ဖြစ်ကြသဖြင့် သွေးစည်းကြသည်။ ဒီခွေးသူခိုးကို ဒီနေ့ အစွမ်းပြကြတော့မည် ဖြစ်သည်။

သူ့ထိုက်နှင့် သူ့ကံသာ ဖြစ်ပေတော့သည်။

ဟား… နင်လား။ ငါရဲ့ အတွင်းရေးကို ငွေနဲ့ နှိုက်ချင်တာ။ သူများတွေ ငါ့ဆီ စာရေးပြီး ဆူအောင် လုပ်တာ နင်လား။ သခင်လေး ရှောင်ယောင်းကို လာဆွရင် ဘယ်လိုဖြစ်သွားမယ်ဆိုတာ သိပြီမဟုတ်လား။

ယွီဝိန်းလန်က တိတ်တဆိတ် နားထောင်နေသည်။

ဒါပေါ့ သခင်လေး ရှောင်ယောင်းကို လာဆွ လို့မရဘူး…။ အဲ… ငါ့ တော်ဝင်ကိုယ်လုပ်တော်ကိုက ပိုဆွလို့တောင် မရသေး…။

သူတို့နှစ်ဦး ပြတင်းပေါက်မှ နေ၍ ၁၅ မိနစ်ခန့် ကြည့်နေကြသည်။ မကြာမီ ကျောက်ကျင်းရှီ၏ ဖက်မှ အမျိုးများက သတင်းကြားသည့်အခါ လူများ ခေါ်၍ ရောက်လာကြသဖြင့် အခြေအနေမှာ တင်းမာတော့မလို ဖြစ်လာလေသည်။ ထိုအခါ ယွီဝိန်းလန်က အစောင့်ရဲမတ်များကို ခေါ်လိုက်သည်။

“သွား ကျောက်မိသားစုဝင်တွေဆီကို သွားပြီးတော့ ကျင်းကျောက် အိမ်တော်မှာ တိုင်ကြားစာ တင်ခိုင်းလိုက်ပါ”

ရဲမတ်များကလည်း စာအုပ်တိုက်ဆီသို့ ထွက်သွားကြတော့သည်။

အချိန်အတော်ကြာအထိ ထိန်းသိမ်း ပြောဆိုပြီးသည့်အခါ ကျောက်မိသားစု၏ မြေးများ၊ သမက်များက အရိုက်အနှက် ခံထားရသဖြင့် နှာခေါင်းရိုးကျိုးနေသည့် ကျောက်ကျင်းရှီကို ဆွဲခေါ်ကာ ကျင်းကျောက် အိမ်တော်သို့ ထွက်သွားကြသည်။ သူ၏ မျက်နှာမှာလည်း ညိုမည်းနေပြီး မတ်တပ်လည်း မရပ်နိုင်ပေ။

စိတ်ဝင်တစား လာကြည့်နေသည့် လူအုပ်ကြီးကလည်း အနောက်မှ လိုက်သွားလေသည်။

မကြာမီ ဆူညံပွက်လောရိုက်နေသည့် စာအုပ်တိုက်မှာ ရှင်းလင်း ငြိမ်သက်သွားတော့သည်။

သို့သော်လည်း ဟင်းသီးဟင်းရွက်ပုပ်များ၊ ကြက်ဥပုပ်များကတော့ နေရာအနှံ့ ပြန့်ကျဲနေသည်။

ယွီဝိန်းလန်က ကြည့်ပြီး ပြောလိုက်သည်။

“အဲဒါတွေက ရှင်းရ တော်တော်ခက်မှာပဲ”

ထိုအခါ ယန်ရှုက ပြန်ပြောသည်။

“ကျောက်ကျင်းရှီရဲ့ မိန်းမနဲ့ ကလေးတွေကို ရှင်းခိုင်းလိုက်ပေါ့…။ သူတို့လည်း ကျောက်မိသားစုရဲ့ ပိုင်ဆိုင်မှုတွေ အပေါ်မှာ ဟိုခွေးသူခိုးနဲ့အတူတူ နှစ်ပေါင်းများစွာ ထိုင်စားလာတာပဲ…။ သန့်ရှင်းရေးလောက်လေး လုပ်ရတာ ဘာမှ မများပါဘူး”

ယွီဝိန်းလန်က ခေါင်းညိတ်လိုက်ပြီး ထောက်ခံသည်။

“ကောင်းသားပဲ”

ထို့နောက်သူက မျက်ခုံးကို ပင့်လိုက်ပြီး မေးလိုက်သည်။

“အခု ကျေနပ်သွားပြီလား။ ပြန်ကြတော့မလား”

ထိုအခါ သူမက မျက်လုံးကို လှန်ကြည့်ပြီးနောက် ရယ်လေသည်။

“နန်းတွင်းကနေ အပြင်ထွက်ဖို့ဆိုတာ လွယ်တာ မဟုတ်ဘူး…။ အခု အရှင်မင်းကြီးက ကျွန်မကို ချင်းကျိုး စားသောက်ဆိုင်ကို လိုက်ပို့ပေး…။ အဲဒီမှာ ထပ်စားကြမယ်”

ယွီဝိန်းလန် - “ရတယ်လေ”

သူ အခုလို လိုက်လာတာ သူမ စိတ်ချမ်းသာစေဖို့…

ယန်ရှု ပျော်နေရင် သူလည်း ပျော်တယ်။

******

All Chapters