← Chapters

အခန်း (၅၁-၅၂)

Vol. 6 Ch. 51-52

အခန်း (၅၁-၅၂)

Vol. 6 Ch. 51-52

Chapter 51+52

~

အခန်း ၅၁+၅၂ : ဧကရီ အင်တာဗျူး ခေါ်ခံရခြင်း

~

နောက်တစ်နေ့...

" တင်း..တောင်..."

တံခါးဆီမှ လူခေါ်ဘဲလ်သံ တစ်ချက်မြည်လာ၏ ။

လုံယွဲ့ တံခါးဖွင့်ကြည့်လိုက်သောအခါ ပါဆယ်ထုတ်တစ်ခုကို ပခုံးတွင် လွယ်ထားသည့် အမြန်ချောပို့သမားတစ်ဦး ရပ်နေသည်ကို တွေ့လိုက်ရသည်။

​'ဟမ် ..ဒီဧကရီက အခုတလော အွန်လိုင်းကနေ ဘာမှ ဝယ်မထားပါဘူး..'

​လုံယွဲ့၏ လှပသော စင်ယော်တောင် မျက်ခုံးလေးများ အနည်းငယ် တွန့်ကွေးသွားပြီး ဇဝေဇဝါ ဖြစ်ကာ သတိထားသည့် အမူအရာ ပေါ်လာသည်။ သူမ၏ အကြည့်အောက်တွင် ချောပို့သမားသည် ခါးအိတ်ထဲမှ သေချာစွာ ပိတ်ထားသော စာအိတ်တစ်အိတ်ကို ထုတ်ယူလိုက်၏။

​“ခွင့်ပြုပါဗျာ .. လင်းလုံယွဲ့ ဆိုတာ လားဗျ.. လူကိုယ်တိုင် လက်မှတ်ထိုးပြီး လက်ခံရမယ့် စာတိုက်ပါဆယ်တစ်ခု ရှိလို့ပါ..”

သူက ယဉ်ကျေးစွာ မေးလိုက်သည်။

​" လင်းလုံယွဲ့လား.. အာ . . . ဟုတ်တယ် ..အဲ့ဒါ ငါပဲ.."

​လုံယွဲ့ ခဏတာ မှင်တက်သွားပြီးမှ ချက်ချင်း သတိဝင်လာကာ ဘောပင်ကို ယူ၍ လက်မှတ်ထိုးပေးလိုက်သည်။ သူမတွင် ယခုအခါ နောက်ထပ် မျိုးရိုးအမည်တစ်ခု ရှိနေပြီ ဖြစ်ကြောင်း လုံးဝ မေ့လုနီးပါး ဖြစ်သွားနေခဲ့သည်။ ဤကမ္ဘာတွင် သူမ၏ မျိုးရိုးအမည်မှာ လင်း ဟု ပြောင်းလဲသွားခဲ့ပြီ မဟုတ်ပါလော။ လက်မှတ်ထိုးပြီးနောက် လုံယွဲ့သည် တံခါးပိတ်ကာ ပါဆယ်ကို ယူ၍ ဧည့်ခန်းသို့ ပြန်လာခဲ့သည်။

​​"ဧကရီ .မင်း တစ်ခုခု ထပ်ဝယ်လိုက်ပြန်ပြီလား.."

​လင်းဖန်သည် သူ၏ ဆုံလည်ထိုင်ခုံကို ခြေထောက်ဖြင့် တွန်းကာ အိပ်ခန်းထဲမှ လျှောထွက်လာပြီး ခေါင်းပြူကာ မေးလိုက်သည်။

​"ဒီဧကရီ ဘာမှ ဝယ်ထားတာ မရှိပါဘူး.."

​လုံယွဲ့သည် ခေါင်းခါလိုက်ပြီး လက်ထဲက စာအိတ်ကို အထပ်ထပ် စစ်ဆေးနေသည်။ လင်းဖန် သေချာ ကြည့်လိုက်ပြီးနောက် ထိုအရာမှာ ဘာဖြစ်နိုင်သည်ကို ချက်ချင်း ခန့်မှန်းမိသွား၏။

​"ဖွင့်ကြည့်လိုက်လေ.. အံ့သြစရာ တစ်ခု ဖြစ်မှာပါ.."

​"အံ့သြစရာလား.."

​လုံယွဲ့ စပ်စုချင်စိတ် ဖြစ်သွားသည်။ သူမ စာအိတ်ကို အမြန် ဆွဲဖောက်လိုက်ရာ ဘဏ်ကတ်ပြား အရွယ်အစားရှိသော ကတ်တစ်ခု ထွက်လာသည်။ ထိုကတ်ပေါ်တွင် သူမ၏ ဓာတ်ပုံ၊ အမည်နှင့် အခြား အချက်အလက်များ ပါရှိသည်။

​"အို . . . ဒါ . . . ဒါက . . . ဒီဧကရီရဲ့ မှတ်ပုံတင်ကတ်လား.."

​လုံယွဲ့၏ မျက်လုံးများမှာ လက်ထဲက မှတ်ပုံတင်ကို စိုက်ကြည့်ရင်း တောက်ပလာသည်။ ထိုကတ်ပြားလေးမှ ရောင်စုံ အလင်းတန်းများ ဖြာထွက်နေသည်ဟုပင် သူမ ထင်မှတ်မိနေ၏။ ဤသည်က သူမ၏ မှတ်ပုံတင် ဖြစ်ပြီး ဤကမ္ဘာတွင် သူမ မည်သူမည်ဝါ ဖြစ်ကြောင်း သက်သေပင်။

​ဤမှတ်ပုံတင် ရှိခြင်းဖြင့် ယခုမှစ၍ သူမသည် အထောက်အထားမဲ့သူ မဟုတ်တော့ဘဲ ဤကမ္ဘာ၊ ဤနိုင်ငံ၏ နိုင်ငံသားတစ်ဦး ဖြစ်လာခဲ့လေပြီ။ သူမအနေဖြင့် အနာဂတ်တွင် ကိစ္စရပ်များစွာကို ကိုယ်တိုင် ဆောင်ရွက်နိုင်တော့မည် ဖြစ်ပြီး ပိုက်ဆံရှာရန် အလုပ် စတင် လုပ်ကိုင်နိုင်ပြီ ဟုလည်း အဓိပ္ပာယ်ရပေသည်။

​“ဂုဏ်ယူပါတယ် ဧကရီ.. အခုကစပြီး မင်း ဒီကမ္ဘာရဲ့ တရားဝင် နိုင်ငံသားတစ်ယောက် ဖြစ်သွားပြီ..”

​လင်းဖန်သည် လုံယွဲ့အနားသို့ ဖြည်းဖြည်းချင်း လမ်းလျှောက်လာပြီး ပြုံးလျက် ဂုဏ်ယူစကား ပြောလိုက်သည်။

​“ဒါတွေအားလုံးက နင့်ကျေးဇူးကြောင့်ပါ နတ်ဆိုးအရှင်..”

​လုံယွဲ့ ဝမ်းသာအားရ ပြုံးလိုက်သော်လည်း သင့်တော်သည့် အလုပ် မရှာရသေးသည်ကို သတိရသွားကာ စိတ်မကောင်း ဖြစ်သွားပြန်သည်။ သူမ သက်ပြင်းရှည်ကြီး ချလိုက်ပြီး...

​" ဟူး..ငါ့မှာ မှတ်ပုံတင်တော့ ရှိပြီ.. ဒါပေမဲ့ ဒီဧကရီ အလုပ် မရသေးဘူး..”

​ဤကမ္ဘာသို့ ရောက်ရှိလာကတည်းက သူမသည် လူသား ခန္ဓာကိုယ်ဖြင့် တစ်ခါမှ မကြုံဖူးသည့် အရာများစွာကို ကြုံတွေ့ခဲ့ရသည်။ ထိုအထဲတွင် အလုပ်ရှာရခြင်းမှာ စိတ်အပျက်ရဆုံးနှင့် အပင်ပန်းဆုံး ဖြစ်သည်။ ဧကရီတစ်ပါး အနေဖြင့် သူမ၏ ဂုဏ်ဒြပ်နှင့် စွမ်းအားအရ အလုပ်ရှာရသည်မှာ လွယ်ကူမည်ဟု ထင်ခဲ့သော်လည်း ရက်အတော်ကြာသည်အထိ အင်တာဗျူးခေါ်စာ တစ်ခုပင်လျှင် မရခဲ့ပေ။

​"အလုပ်ရှာတာက အလောတကြီး လုပ်လို့ မရဘူး.. အခွင့်အရေး ကြုံလာတဲ့အခါ အလုပ်က သူ့အလိုလို ရောက်လာမှာပါ.."

လင်းဖန်က နှစ်သိမ့်လိုက်သည်။

​ဘာပဲဖြစ်ဖြစ် သူတို့၏ ငွေကြေး အခက်အခဲက ခေတ္တ ပြေလည်သွားပြီ ဖြစ်ရာ လုံယွဲ့ အလုပ်ရှာရန် အလောတကြီး မဖြစ်လည်း သူကတော့ ပြဿနာ မရှိဟု မြင်သည်။ အိမ်လခ တစ်ထောင် ဆိုသည်မှာလည်း သူမကို ဤနေရာတွင် စိတ်အေးလက်အေး နေနိုင်စေရန်သာ ပြောခဲ့ခြင်း ဖြစ်သည်။ သူမ ပေးနိုင်လျှင် ကောင်းသလို မပေးနိုင်လည်း ကိစ္စ မရှိပေ။

​“အင်း...”

​လုံယွဲ့သည် လင်းဖန်ကို ကျေးဇူးတင်သည့် အကြည့်ဖြင့် ခေါင်းညိတ်ပြလိုက်သည်။ ထိုအချိန်၌ပင် သူမ၏ ဖုန်းမှာ ရုတ်တရက် မြည်လာသည်။

​ဒီး . . . ဒီး . . . ဒီး

​“ဖုန်းလာနေပြီ.. တစ်ယောက်ယောက်က ဒီဧကရီဆီကို ဖုန်းခေါ်နေတယ် .”

​ဖုန်းမျက်နှာပြင်ပေါ်က နံပါတ်ကို ကြည့်ရင်း လုံယွဲ့၏ အမူအရာမှာ စိတ်လှုပ်ရှားသွားပြီး အမြန်ပင် လက်ခံ ဖြေဆိုလိုက်သည်။ သူမ အလုပ် စတင် ရှာဖွေကတည်းက ပထမဆုံး ရရှိသည့် ဖုန်းခေါ်ဆိုမှုပင်။

​“ဟယ်လို.. ဟယ်လို.. ဟုတ်ကဲ့.. အဲ့ဒါ ကျွန်မပါ..အင်တာဗျူး ခေါ်တာလား..ကောင်းပါပြီ.. ကောင်းပါပြီ..ဘယ်တော့လဲ.. မနက်ဖြန်လား..ပြဿနာ မရှိပါဘူး.. ကျွန်မ သေချာပေါက် အချိန်မှန် ရောက်လာပါ့မယ်.. ဟုတ်ကဲ့.. ကျေးဇူးတင်ပါတယ်ရှင့်..”

​ဖုန်းချပြီးနောက် လုံယွဲ့သည် စိတ်ထဲက စိတ်လှုပ်ရှားမှုကို မထိန်းနိုင်တော့ဘဲ ပျော်လွန်း၍ ထခုန်တော့သည်။

​“ဟားဟားဟား.. ဒီဧကရီ အင်တာဗျူး ခေါ်ခံရပြီ.. ဒီကမ္ဘာက လူသားတွေ အားလုံး မျက်စိ မကန်းကြသေးဘူးပဲ..ဒီဧကရီရဲ့ ထူးချွန်မှုနဲ့ အရည်အချင်းကို မြင်နိုင်တဲ့သူ ရှိနေသေးတာပဲ..”

​လင်းဖန်သည် ဘဝင်မြင့်နေသော လုံယွဲ့ကို ကြည့်ပြီး ရယ်လည်း ရယ်ချင်သလို စိတ်လည်း မသက်မသာ ဖြစ်ရသည်။ အင်တာဗျူးခေါ်စာ တစ်ခု ရရုံသာ ရှိသေးသည်။ အလုပ်ခန့် စာချုပ်တောင် မချုပ်ရသေးဘဲ သူမကတော့ အားလုံး၏ အထက်က ဧကရီ ဖြစ်ခဲ့ဖူးသည်ကိုပင် မေ့လျော့ကာ ပျော်မြူးနေတော့သည်။

​“ဒါနဲ့ ငါတို့ ဧကရီကို အသိအမှတ် ပြုနိုင်လောက်တဲ့ မျက်စိရှိတဲ့ ကုမ္ပဏီက ဘယ်ကုမ္ပဏီလဲ..”

လင်းဖန်က ရုတ်တရက် မေးလိုက်သည်။

​"အဲ . . . ဒီဧကရီ ပြန်စစ်ကြည့်လိုက်ဦးမယ်.."

​လုံယွဲ့ မှင်တက်သွားသည်။ သူမ အပျော်လွန်သွားသဖြင့် ကုမ္ပဏီနာမည် ကို မေးရန် မေ့သွားခဲ့၏။ သူမ ဖုန်းကို အမြန်ဖွင့်ကာ ခေါ်ဆိုမှု မှတ်တမ်းကို စစ်ဆေးလိုက်သည်။

" မာမီ မီဒီယာ ကုမ္ပဏီ လီမိတက် "

​"ဒီအရှင် အဲ့ကုမ္ပဏီ အကြောင်း တစ်ခါမှ မကြားဖူးဘူး.."

​လင်းဖန် စဉ်းစားလိုက်ပြီးနောက် အိပ်ခန်းထဲက ကွန်ပျူတာဆီသို့ ချက်ချင်း ပြန်သွားကာ ထိုကုမ္ပဏီ အကြောင်း ရှာဖွေကြည့်လိုက်သည်။ မာမီ မီဒီယာ ကုမ္ပဏီမှာ အကြီးကြီး မဟုတ်ပေ။ အဓိကအားဖြင့် အရင်းအနှီးနည်းသည့် ဇာတ်လမ်းတိုများ သို့မဟုတ် ဗီဒီယိုတိုများကို ထုတ်လုပ်သည့် ကုမ္ပဏီ ဖြစ်သည်။ သို့သော် ဈေးကွက်ထဲတွင် လူသိများသည့် လက်ရာမျိုးတော့ မရှိ။ ဆန့်ကျင်ဘက် အနေဖြင့် မကြာသေးခင် နှစ်များအတွင်း ဥပဒေကြောင်းအရ အငြင်းပွားမှု အချို့ ရှိခဲ့သည်။

​"နတ်ဆိုးအရှင်..ဒီကုမ္ပဏီက မကောင်းဘူးလား.."

​လုံယွဲ့သည် လင်းဖန်၏ ပခုံးပေါ်သို့ ကိုင်း၍ ကွန်ပျူတာ မျက်နှာပြင်ကို ကြည့်ရင်း မေးလိုက်သည်။

​"အင်း.. ကုမ္ပဏီ သေးသေးလေးပဲ.. သိပ်တော့ ယုံကြည်ရမယ့်ပုံ မရဘူး.."

လင်းဖန်က တဲ့တိုး ပြောလိုက်သည်။

​ထိုစကားကြောင့် လုံယွဲ့ စဉ်းစားခန်း ဝင်သွားရသည်။

' ဒါက ငါ ရက်အကြာကြီး စောင့်ခဲ့ရတဲ့ အင်တာဗျူးလေ.. ဒီအတိုင်း လက်လွှတ်လိုက်ရမှာ နှမျောစရာကြီး..ပြီးတော့ အိမ်လခလည်း ပေးရအုံးမယ်.. '

​လုံယွဲ့၏ ဝေခွဲမရ ဖြစ်နေမှုကို မြင်သောအခါ လင်းဖန်အနေဖြင့် သူမကို ထပ်ပြီး စိတ်မပျက်စေချင်တော့သဖြင့်...

​" ဧကရီ..မနက်ဖြန် သွားစမ်းကြည့်လိုက်လေ..အဆင်မပြေဘူးလို့ ခံစားရရင် လက်လျှော့ပြီး တခြားအလုပ် ဆက်ရှာပေါ့.. ဒါကို အင်တာဗျူး အတွေ့အကြုံ ယူတဲ့ အခွင့်အရေးလို့ပဲ သတ်မှတ်လိုက်.."

​"အင်း.."

​လုံယွဲ့ ခဏ စဉ်းစားပြီး သဘောတူ ခေါင်းညိတ်လိုက်သည်။ အလုပ်က ကောင်းမကောင်း ဆိုသည်က ကိုယ်တိုင် သွားကြည့်မှသာ သိပေမည်။ ခဲခဲယဉ်ယဉ် ရထားသော အခွင့်အရေး ဖြစ်ရာ ဒီအတိုင်း လက်လွှတ်လိုက်လျှင် သူမအနေဖြင့် မကျေမနပ် ဖြစ်နေပေလိမ့်မည်။

'ဘာပဲဖြစ်ဖြစ် ဒါက အင်တာဗျူးခေါ်စာပဲ ရှိသေးတာလေ.. စာချုပ် ချုပ်ရတာမှ မဟုတ်တာ..'

​ဆုံးဖြတ်ချက် ချပြီးနောက် လုံယွဲ့က လေးနက်စွာ မေးလိုက်သည်။

​"နတ်ဆိုးအရှင်..နင်လည်း ဒီကမ္ဘာမှာ အလုပ်လုပ်ဖူးတယ် မဟုတ်လား.."

​"အင်း..ဟုတ်တယ်..ဘာဖြစ်လို့လဲ.."

​"ဒါဆို နင်လည်း အင်တာဗျူးတွေ အများကြီး ဖြေဖူးမှာပေါ့.."

​"အတော်များများ ဖြေဖူးတာပေါ့.. ဒီအရှင်လည်း အဲ့ဒီတုန်းက အလုပ်ရဖို့ အကြာကြီး ရှာခဲ့ရတာ.."

​"ဒီဧကရီက အလုပ် တစ်ခါမှ မရှာဖူးဘူး..အင်တာဗျူးအတွက် ဘာတွေ ပြင်ဆင်ရမလဲ ဆိုတာ မသိဘူး.. ဒါကြောင့် .. ဒါကြောင့် နင့်ကို သင်ပေးဖို့ တောင်းဆိုချင်လို့ပါ.."

​လုံယွဲ့ ခေါင်းကို စောင်းကာ ပါးလေးများ အနည်းငယ် နီလျက် တောင်းဆိုလိုက်သည်။ ဤသည်က သူမ၏ ပထမဆုံး အင်တာဗျူး ဖြစ်သည်။ ဘာတွေ ပြင်ဆင်ရမည် သို့မဟုတ် ဘာတွေ မေးမည်ဆိုသည်ကို မသိသော်လည်း သူမ သေချာ ပြင်ဆင်လို၏။

​အင်တာဗျူးအပေါ် လုံယွဲ့၏ လေးနက်သည့် သဘောထားကို မြင်သောအခါ လင်းဖန်သည် သူ၏ ထိုင်ခုံကို သူမဘက်သို့ ဖြည်းဖြည်းချင်း လှည့်လိုက်သည်။

​" ကောင်းပြီလေ..အခုကစပြီး ဒီအရှင်က မင်းရဲ့ ရှေ့မှာ ထိုင်နေတဲ့ အင်တာဗျူး စစ်ဆေးသူလို့ သဘောထားပြီး ဖြေကြည့်.. လင်း..ဘာကြောင့် ကျွန်တော်တို့ ကုမ္ပဏီကို ရွေးချယ်ခဲ့တာလဲ.."

​လုံယွဲ့ ရှက်ကိုးရှက်ကန်းဖြင့် ပါးကို ပွတ်လိုက်ရင်း ...

"အဲ . . . ဘာလို့လဲဆိုတော့ တခြား ဘယ်ကုမ္ပဏီကမှ ဒီဧကရီကို ဆက်သွယ် မလာလို့ပါ.."

" ဘုတ်.."

​စကားဆုံးသည်နှင့် သူမ၏ ခေါင်းပေါ်သို့ ခပ်ပြင်းပြင်း ခေါက်ချက် တစ်ခု ကျရောက်လာတော့သည်။

​"ကျပြီ.. အဲ့ဒီလို အဖြေမျိုး ပေးလို့ မရဘူး.. ပြီးတော့ အင်တာဗျူး ဖြေနေတုန်း ဘယ်သူက ကိုယ့်ကိုယ်ကိုယ် ဒီဧကရီလို့ ခေါ်လို့လဲ.. ပြန်စမယ်.."

​လုံယွဲ့ ...." . . ."

All Chapters