အခန်း (၅၃-၅၄)
Vol. 6 Ch. 53-54
Chapter 53+54
~
အခန်း ၅၃+၅၄ : ထုတ်မပြောအပ်သည့် စည်းမျဉ်းများ နှင့် ကြုံတွေ့ရသော ဧကရီ
~
နောက်တစ်နေ့တွင် . . .
“ငါ သွားပြီနော်...”
တစ်နေ့တာလုံး အင်တာဗျူး လေ့ကျင့်ခန်းများ ပြုလုပ်ပြီးနောက် လုံယွဲ့မှာ ယုံကြည်မှုများ အပြည့်ရှိနေပေသည်။ သူမ၏ ဘဝတွင် ပထမဆုံးသော အင်တာဗျူးကို ရင်ဆိုင်ရန် စိတ်လှုပ်ရှားစွာဖြင့် အိမ်မှ ထွက်လာခဲ့သည်။
"လမ်းမှာ ဂရုစိုက်ဦးနော်.. လမ်းမမှားစေနဲ့ဦး .."
လင်းဖန်သည် တံခါးဝတွင် ရပ်ကာ သူမ ထွက်ခွာသွားသည်ကို ကြည့်နေမိသည်။ မိမိ၏ ကလေး အရွယ်ရောက်ပြီး တစ်ယောက်တည်း အပြင်ထွက်နိုင်သည်ကို မြင်ရသဖြင့် စိတ်အေးရသလို ရှိသော်လည်း အတွေ့အကြုံ မရှိသဖြင့် အပြင်မှာ အလိမ်ခံရမည်ကိုလည်း စိုးရိမ်နေမိ၏။
"ဟွန့် .. ဒီဧကရီကို လျှော့မတွက်စမ်းပါနဲ့.."
လုံယွဲ့က မကျေမနပ် နှာခေါင်းရှုံ့လိုက်ရင်း ခေါင်းကို အနည်းငယ် စောင်းကာ လှည့်ထွက်သွားသည်။ ထို့နောက် လှေကားထစ်များအတိုင်း ခပ်သွက်သွက် ဆင်းသွားပြီး လင်းဖန်၏ အကြည့်အောက်မှ ပျောက်ကွယ်သွားတော့သည်။
မကြာမီ သူမသည် ဖုန်းထဲက လမ်းညွှန်မြေပုံအတိုင်း ဘတ်စ်ကားများ အဆင့်ဆင့် ပြောင်းစီးကာ မီတာ ရာဂဏန်းခန့် လမ်းလျှောက်ပြီးနောက် ကုမ္ပဏီ အဆောက်အအုံတစ်ခုဆီသို့ တည့်တည့်မတ်မတ် ရောက်ရှိလာသည်။
“ဟူး . . . တက္ကစီအတွက် ယွမ် ဆယ်ဂဏန်းလောက်ကို နှမြောမနေဘဲ စီးလာခဲ့သင့်တာ..”
လုံယွဲ့သည် အောက်ထပ်တွင် ရပ်ကာ အမောဖြေရင်း အင်တာဗျူးရမည့် အထပ်ကို ဖုန်းဖြင့် အတည်ပြုလိုက်သည်။ ထို့နောက် စိတ်ကို ပြန်လည် စုစည်းကာ အထဲသို့ တည့်တည့်မတ်မတ် လျှောက်ဝင်သွားသည်။
အဆောက်အအုံ၏ ကိုးထပ်မြောက်တွင် ရုံးခန်းများမှာ အကုန်လုံး တိတ်ဆိတ် ခြောက်ကပ်နေပြီး လူရိပ်လူခြေလည်း မရှိ။ စင်္ကြံလမ်းတစ်ခုလုံးမှာလည်း မှောင်မှိန်ပြီး အထီးကျန်ဖွယ် ကောင်းလှ၏။ စနေ၊ တနင်္ဂနွေ အားလပ်ရက် ဖြစ်နေသဖြင့် ဘယ်သူမှ အလုပ်မဆင်းကြခြင်းလည်း ဖြစ်နိုင်ပေသည်။
လုံယွဲ့က ထိုအချက်ကို သိပ်ဂရုမစိုက်ဘဲ ဓာတ်လှေကားဖြင့် ကိုးထပ်သို့ တက်လာခဲ့သည်။ သူမသည် စင်္ကြံလမ်းအတိုင်း လျှောက်လာရင်း အခန်းနံပါတ် ၉၁၁ ကို တွေ့သောအခါ ရပ်လိုက်သည်။
"၉၁၁.. ဒီမှာပဲ.."
ဒေါက် . . . ဒေါက် . . . ဒေါက် . . .
လုံယွဲ့က ရုံးခန်းတံခါးကို အသာအယာ ခေါက်လိုက်သည်။
"မင်္ဂလာပါ.. ဘယ်သူရှိပါသလဲ..ကျွန်မ အင်တာဗျူး လာဖြေတာပါ.."
"ဝင်ခဲ့.."
အခန်းထဲမှ အလွန် မောက်မာလှသော အမျိုးသား အသံတစ်ခု ထွက်ပေါ်လာသည်။
လုံယွဲ့ တံခါးဖွင့်ဝင်လိုက်သောအခါ စားပွဲတွင် ထိုင်နေသော ဗိုက်ရွှဲရွှဲ ထိပ်ပြောင်ပြောင်နှင့် သက်လတ်ပိုင်း အရွယ်အမျိုးသားတစ်ဦးကို တွေ့လိုက်ရ၏။ ထိုသူ၏ ပါးစပ်တွင် ဆေးလိပ်တစ်လိပ် ခဲထားပြီး လုံယွဲ့၏ ရုပ်ရည်ကို မြင်လိုက်ရသောအခါ မျက်လုံးများမှာ ပြူးကျယ်သွားတော့သည်။
သူ အမျိုးသမီး အများအပြားကို အင်တာဗျူး စစ်ဖူးပြီး လှပသည်ဟု ဆိုသူများစွာကိုလည်း တွေ့ဖူးသော်လည်း ဤမျှ သဘာဝအတိုင်း လှပကျော့ရှင်းသော အမျိုးသမီးမျိုးကို တစ်ခါမှ မမြင်ဖူးခဲ့ပေ။ သူမနှင့် နှိုင်းယှဉ်လျှင် အရင်က ချောလှသည်ဟု ဆိုသော အမျိုးသမီးများမှာ ကောင်းကင်နှင့် မြေကြီးကဲ့သို့ ကွာခြားလှပြီး ကြည့်ရသည်မှာပင် ရွံစရာကောင်းလာတော့၏ ။
ထိုသူ၏ ရိုင်းစိုင်းသော အကြည့်ကို သတိပြုမိလိုက်သဖြင့် လုံယွဲ့၏ မျက်မှောင်လေးများ ကြုတ်သွားပြီး စိတ်မသက်မသာ ဖြစ်သွားသည်။ သူမ၏ ကျင့်စဉ် စွမ်းအားများ ကုန်ဆုံးနေပြီ ဖြစ်သော်လည်း လူပေါင်းစုံနှင့် ဆက်ဆံခဲ့ရသည့် အတွေ့အကြုံအရ လူတစ်ယောက်၏ စရိုက်ကို အကဲခတ်နိုင်ဆဲပင်။ ဤသူ၏ အမူအရာနှင့် အကြည့်များမှာ သူမကို အလွန်ပင် စိတ်အနှောင့်အယှက် ဖြစ်စေသည်။
"ဟီးဟီး..ကိုယ့်ကိုယ်ကိုယ် မိတ်ဆက်ပါရစေ..ကိုယ့်နာမည်က ဟိုင်ခွန်း ပါ..ဒီကုမ္ပဏီရဲ့ မန်နေဂျာပေါ့..လူတိုင်းကတော့ ချစ်စနိုးနဲ့ အစ်ကိုခွန်း လို့ပဲ ခေါ်ကြတယ်.."
ဟိုင်ခွန်းက လက်ထဲက ဆေးလိပ်ကို ငြှိမ်းလိုက်ပြီး စောစောက မောက်မာသော အမူအရာကို ဖျောက်ပစ်ကာ ရင်းနှီးဖော်ရွေသော အသွင်ဖြင့် သူမအနားသို့ ချဉ်းကပ်လာသည်။
“ညီမလေးက အင်တာဗျူး လာဖြေတာပေါ့..အစ်ကို စောင့်နေတာ ကြာပြီ..လာ လာ ထိုင်ပါ ..ရှက်မနေနဲ့..”
လုံယွဲ့သည် တွန့်ဆုတ်နေမိသော်လည်း ရောက်လာမှတော့ အခြေအနေကို ခဏလောက် စောင့်ကြည့်မည်ဟု တွေးကာ ထိုင်လိုက်သည်။
“ရော့.. လမ်းမှာ ရေဆာလာရောပေါ့.. အစ်ကို ရေနွေးကြမ်း ဖျော်ထားတယ်.. သောက်ပါဦး..”
လုံယွဲ့ ထိုင်လိုက်သည်နှင့် ဟိုင်ခွန်းကရေနွေးကြမ်းတစ်ခွက် ငှဲ့ပေးလိုက်သည်။
"ကျေးဇူးတင်ပါတယ်.."
လုံယွဲ့သည် ရေနွေးကြမ်းကို တစ်ငုံ သောက်လိုက်ပြီးနောက် ခွက်ကို စားပွဲပေါ်တင်ကာ လိုရင်းကို တိုက်ရိုက် ပြောလိုက်သည်။
"မင်္ဂလာပါ မန်နေဂျာဟိုင်.. ကျွန်မနာမည်က လင်းလုံယွဲ့ ပါ.. ဒီနေ့ သရုပ်ဆောင်ပိုင်းအတွက် အင်တာဗျူး လာဖြေတာပါ.."
"ကောင်းတာပေါ့.. အကိုတို့ကုမ္ပဏီက ညီမလေးတို့လို အမျိုးသမီး သရုပ်ဆောင်တွေကို တကယ် လိုအပ်နေတာ.. ညီမလေးရဲ့ အမူအရာနဲ့ ရုပ်ရည်မျိုးနဲ့ဆိုရင် အကိုတို့ မာမီ မီဒီယာ ကုမ္ပဏီမှာ အလုပ်လုပ်ရုံနဲ့ နာမည်ကြီး ကြယ်ပွင့် ဖြစ်လာမှာ သေချာပေါက်ပဲ.."
ဟိုင်ခွန်းသည် လုံယွဲ့၏ ရှေ့တွင် ထိုင်ကာ သူမ၏ ကိုယ်လုံးကိုယ်ပေါက်နှင့် ရုပ်ရည်ကို တစ်ကိုယ်လုံး အနှံ့ အငမ်းမရ ကြည့်ရင်း အံ့သြနေမိသည်။ ချောလှသည်ဆိုသော အမျိုးသမီး အများစုမှာ မိတ်ကပ်များဖြင့် ဖုံးကွယ်ထားကြခြင်း ဖြစ်သော်လည်း သူ့ရှေ့က လုံယွဲ့မှာမူ မိတ်ကပ်အစအနလေးတောင် မရှိပေ။ သဘာဝအတိုင်း ဤမျှ လှပစွဲမက်ဖွယ် ကောင်းသော အမျိုးသမီးမျိုးကို သူ ပထမဆုံး မြင်ဖူးခြင်း ဖြစ်သည်။
' ဒီနေ့တော့ ငါ့မုတ်ဆိတ် ပျားစွဲတာပဲ.. '
"ညီမလေးမှာ အရင်က သရုပ်ဆောင် အတွေ့အကြုံရော ရှိလား.."
"မရှိပါဘူး ...ဒါပေမဲ့ အစကနေ စပြီး ကြိုးစားသွားဖို့ အသင့်ပါပဲ.."
လုံယွဲ့၏ အကြည့်များမှာ ခိုင်မာနေပြီး မနေ့က လင်းဖန်နှင့် လေ့ကျင့်ထားသည့်အတိုင်း ဖြေလိုက်သည်။
"အတွေ့အကြုံ မရှိလည်း ကိစ္စ မရှိပါဘူး.. အကိုတို့က ကုမ္ပဏီ အငယ်စားလေး ဆိုတော့ လူသစ်တွေကို အခွင့်အရေး ပေးပါတယ်.. အနုပညာ အိပ်မက်ရှိတဲ့ လူငယ်တွေကို ဘယ်တော့မှ ချောင်ထိုး မထားဘူး.."
ဟိုင်ခွန်းက သူ၏ ရင်ဘတ်ကို ပုတ်ကာ ပြောလိုက်သည်။ လုံယွဲ့တွင် အတွေ့အကြုံ မရှိသည်ကို သူက ပို၍ပင် သဘောကျနေပုံ ရ၏။
"တကယ်လား.."
လုံယွဲ့၏ မျက်လုံးများ ဝင်းလက်သွားပြီး ဘဝ၏ ပထမဆုံး အလုပ်ကို ရတော့မည်ဟု ထင်ကာ ဝမ်းသာသွားသည်။
"တကယ်ပေါ့.. ဒါပေမဲ့ . . . ညီမငေးရဲ့ သရုပ်ဆောင် အရည်အချင်းနဲ့ အလုပ်အပေါ် ထားတဲ့ စိတ်ဓာတ်ကိုတော့ အကို နည်းနည်းလောက် စမ်းသပ်ကြည့်ရဦးမယ်နော်.."
ဟိုင်ခွန်းက စကားလမ်းကြောင်းကို ပြောင်းလိုက်ပြီး ထိုင်နေရာမှ ထကာ လုံယွဲ့၏ ဘေးတွင် ကပ်ထိုင်လိုက်သည်။ သူ၏ ယုတ်ညံ့သော ရည်ရွယ်ချက်ကို မဖုံးကွယ်တော့ဘဲ သူမကို ရမ္မက်ဇောဖြင့် စိုက်ကြည့်ရင်း လက်က လုံယွဲ့၏ ရင်ဘတ်ဆီသို့ ဦးတည်ကာ လှမ်းလိုက်သည်။
"ဟီးဟီးဟီးး..အရင်ဆုံး ရုံးခန်းထဲမှာ မင်းသားနဲ့ မင်းသမီးတို့ ရင်းရင်းနှီးနှီး ရှိတဲ့ အခန်းလေးကို တစ်ချက် သရုပ်ဆောင်ကြည့်ရအောင်.. မင်းမှာ အနုပညာ ပါရမီ ရှိမရှိ အကိုကြည့်ရအောင်လေ.."
လုံယွဲ့၏ မျက်ခုံးနှစ်ဖက်မှာ ထိလုနီးပါး ကြုတ်သွားပြီး သူမ၏ အမူအရာမှာ ခက်ထန်သွားတော့သည်။ သူမသည် ဟိုင်ခွန်း၏ လက်ကို ဖမ်းကိုင်ကာ နောက်သို့ လိမ်ချိုးပစ်လိုက်၏။
"အောက်တန်းစား. နင့်ရဲ့ ညစ်ပတ်တဲ့ လက်တွေနဲ့ ဒီဧကရီကို မထိနဲ့ .."
ပြောပြောဆိုဆိုနှင့်ပင် သူမသည် ထိုသူ၏ လက်ကို လွှင့်ပစ်လိုက်ကာ ထရပ်ပြီး အခန်းထဲမှ ထွက်ရန် ပြင်လိုက်သည်။ နောက်ကနေ နာကျင်လွန်း၍ အော်ဟစ်နေသော ဟိုင်ခွန်းကို သူမ လှည့်တောင် မကြည့်တော့ပေ။
ဤကဲ့သို့သော ဇာတ်လမ်းမျိုးကို သူမ တီဗီ ဇာတ်လမ်းတွဲများတွင် တွေ့ဖူးသည်။ အမျိုးသမီးများကို အင်တာဗျူး သို့မဟုတ် အလုပ်အကိုင် အခွင့်အလမ်းများဖြင့် ခြိမ်းခြောက်ကာ အမြတ်ထုတ်သည့် လုပ်ငန်းခွင်က မတော်မတရား စည်းမျဉ်းများပင် ဖြစ်သည်။ သူမ၏ ပထမဆုံး အင်တာဗျူးမှာပင် ဤကဲ့သို့သော ကိစ္စမျိုးနှင့် ကြုံရလိမ့်မည်ဟု သူမ ထင်မထားခဲ့ပေ။
အင်တာဗျူးကို အကြောင်းပြပြီး အမျိုးသမီးများကို အမြတ်ထုတ်သော မန်နေဂျာရှိသည့် ကုမ္ပဏီမျိုးမှာ ကုမ္ပဏီကောင်း မဖြစ်နိုင်သဖြင့် ထိုအလုပ်ကို မလုပ်ရလည်း ကိစ္စ မရှိဟု သူမ ဆုံးဖြတ်လိုက်သည်။
သို့သော် လုံယွဲ့ တံခါးဝသို့ မရောက်မီမှာပင် သူမ၏ ခေါင်းမှာ ရုတ်တရက် လေးလံလာပြီး တစ်ကိုယ်လုံး အင်အားကုန်ခမ်းသွားသလို ခံစားလိုက်ရသည်။ သူမသည် နံရံကို အားပြုကာ မနည်း ထိန်းရပ်လိုက်ရ၏။
'မဖြစ်နိုင်တာ.. စောစောက ရေနွေးကြမ်းထဲမှာ တစ်ခုခု ပါနေတာပဲ..'
"ဟင်းဟင်းဟင်းးး.. ဆေးရှိန် စတက်လာပြီ ထင်တယ်.."
ဟိုင်ခွန်းသည် ယုတ်မာသော အပြုံးဖြင့် လုံယွဲ့အနားသို့ လျှောက်လာရင်း သူ၏ နှုတ်ခမ်းကို လျှာဖြင့် သပ်နေသည်။ ဤနည်းလမ်းသည် သူ့အတွက် ဘယ်တော့မှ မမှားဖူးသော နည်းလမ်းပင် ။
အချို့သော အမျိုးသမီးများမှာ အနုပညာ အိပ်မက်အတွက် သူ့ကို တလိုတလား အညံ့ခံကြသော်လည်း လုံယွဲ့ကဲ့သို့ လက်မခံလိုသူများလည်း ရှိတတ်သည်။ သို့သော် ကိစ္စ မရှိ။ ရေနွေးကြမ်းထဲကို တစ်ခုခု ထည့်လိုက်ရုံဖြင့် သူမတို့ သဘောတူသည်ဖြစ်စေ ၊ မတူသည်ဖြစ်စေ သူ့လက်ထဲက လွတ်ရန် မလွယ်တော့ပေ။ နောက်ဆက်တွဲ ကိစ္စများအတွက်လည်း သူ စိုးရိမ်စရာ မရှိချေ။
ဤအမျိုးသမီးများမှာ မင်းသမီး ဖြစ်ချင်ကြသူများ ဖြစ်သဖြင့် ရဲတိုင်လျှင် သူမတို့၏ ဂုဏ်သိက္ခာကို ပို၍ ထိခိုက်မည် ဖြစ်ရာ များသောအားဖြင့် ရဲမတိုင်ကြပေ။ အဆိုးဆုံး အနေဖြင့် ဗီဒီယိုရိုက်ကာ ခြိမ်းခြောက်ထား၍ ရသလို ၊ ပိုက်ဆံပေးကာ နှုတ်ပိတ်ထား၍လည်း ရသည်။
"နင် ...နင်သာ ဒီဧကရီကို ထိရဲရင် ...ဒီဧကရီ နင့်ကို သေချာပေါက် သတ်ပစ်မယ်.."
လုံယွဲ့သည် နံရံကို အားပြုကာ အားနည်းစွာ မှီနေရသော်လည်း သူမ၏ အကြည့်များမှာ အေးစက်ပြီး လူသတ်ချင်စိတ်များဖြင့် ဟိုင်ခွန်းကို စိုက်ကြည့်နေသည်။ သူမ၏ ပေါ့ဆမှုကြောင့်ပင် ဖြစ်သည်။ လတ်တလော ငြိမ်းချမ်းသော ဘဝတွင် နေထိုင်နေရသဖြင့် လူသားများတွင်လည်း ကောင်းသူနှင့် ဆိုးသူ ရှိသည်ကို သူမ မေ့လျော့နေခဲ့လေသည်။
အရင်ကဆိုလျှင် ဤကဲ့သို့သော ဆေးမျိုးမှာ သူမကို ဘာမှ မလုပ်နိုင်သော်လည်း ယခုအခါ သူမ၏ နတ်ဘုရား ခန္ဓာကိုယ်မှာ စွမ်းအား မရှိတော့သဖြင့် ဆေးရှိန်ကို မတွန်းလှန်နိုင်တော့ချေ။
"ဟားဟားဟား .. ဧကရီ ဟုတ်လား..မင်းက ဧကရီ ဇာတ်လမ်းတွေကို သဘောကျတာပေါ့ .. ဒါဆိုရင်တော့ ငါက နတ်ဆိုးအရှင် လုပ်ပေးမယ်လေ.."
"နတ်ဆိုးအရှင်က ဧကရီကို အနိုင်ကျင့်တဲ့ အခန်းကလည်း တော်တော် ကြည့်ကောင်းမှာပါ.."
ဟိုင်ခွန်းသည် ငါးခူပြုံးဖြင့် လုံယွဲ့ထံသို့ လက်လှမ်းလိုက်သည်။
"ဧကရီ . . . ကိုယ်တော် မင်းရဲ့ အဝတ်အစားတွေကို လဲပေးပါရစေဦး.."
လုံယွဲ့သည် အံကို တင်းတင်းကြိတ်ထားပြီး သူမ၏ မျက်နှာမှာ ဒေါသများကြောင့် အေးစက်နေသော်လည်း စိတ်ထဲတွင်တော့ အားကိုးရာမဲ့သည့် ခံစားချက်ကို ခံစားနေရသည်။ ဤအခြေအနေတွင် သူမအနေဖြင့် ဘယ်လိုမှ မတွန်းလှန်နိုင်တော့ချေ။
ဂုဏ်သရေရှိလှသော ဂျီရှန်းထျန်းကုန်း၏ ဧကရီတစ်ပါးမှာ ဤကဲ့သို့သော အောက်တန်းစား လူသားတစ်ဦး၏ စော်ကားမှုကို ခံရတော့မည်ဟု သူမ ထင်မထားခဲ့ပေ။ ဤလူယုတ်မာထက်စာလျှင် နတ်ဆိုးအရှင်ကတောင် အဆပေါင်းများစွာ သာလွန်ပါသေးသည်။ အကယ်၍ ဤသို့ ဖြစ်မည်မှန်း သိလျှင် နတ်ဆိုးအရှင်၏ လက်ချက်နှင့် သေရသည်ကမှ ပို၍ မြင့်မြတ်ပါဦးမည်။
လုံယွဲ့သည် သူမ၏ မျက်လုံးများကို အသာမှိတ်လိုက်ပြီး လျှာကို ကိုက်ကာ ကိုယ့်ကိုယ်ကိုယ် သတ်သေရန် ပြင်လိုက်သည်။ ကျင့်စဉ် စွမ်းအားများ ကုန်ဆုံးနေစေကာမူ သူမသည် အင်မော်တယ် နယ်မြေ၏ ဧကရီတစ်ပါး ဖြစ်သည်။ ဧကရီ၏ ဂုဏ်သိက္ခာကို စော်ကား၍ မရဘဲ အညံ့ခံမည့်အစား အသေခံရန် ဆုံးဖြတ်လိုက်သည်။
ဟိုင်ခွန်း၏ လက်က လုံယွဲ့ကို ထိခါနီး အချိန်မှာပင်....
ဒုန်း . . .
အသံကျယ်ကြီးနှင့်အတူ ရုံးခန်းတံခါးမှာ ကန်ဖွင့်ခြင်း ခံလိုက်ရလေသည်။