အခန်း (၅၇-၅၈)
Vol. 6 Ch. 57-58
Chapter 57+58
~
အခန်း ၅၇+၅၈ : လူသတ်ချင်နေသော ဧကရီ
~
“ တင်း..တောင်...”
နံနက်စောစောစီးစီးမှာပင် ကျိုးယန်သည် လင်းဖန်၏ အိမ်ရှေ့သို့ ရောက်လာပြီး လူခေါ်ဘဲလ်ကို နှိပ်လိုက်သည်။
မနေ့ညက လင်းဖန်ထံမှ ရုတ်တရက် မက်ဆေ့ဂျ်တစ်ခု သူ ရရှိခဲ့သည်။ အားလျှင် ယနေ့ အိမ်သို့ ခဏလာခဲ့ပေးရန်နှင့် အကူအညီတောင်းစရာ ကိစ္စတစ်ခု ရှိသည်ဟု ဆိုသဖြင့် သူ နံနက်အစောကြီး အပြေးအလွှား ရောက်လာခဲ့ခြင်းပင်။
“ဂျောက်...”
တံခါးပွင့်လာသောအခါ ဖရိုဖရဲဖြစ်နေသော ဆံနွယ်များ၊ အိပ်ချင်မူးတူး မျက်လုံးလေးများကို ပွတ်သပ်ရင်း တံခါးဝက လူကို ဇဝေဇဝါဖြင့် ကြည့်နေသည့် လုံယွဲ့ကို တွေ့လိုက်ရ၏။
ချစ်စဖွယ် ညအိပ်ဝတ်စုံလေးနှင့် ထူးကဲလှပသော လုံယွဲ့ကို ကြည့်ပြီး ကျိုးယန်မှာ ကြောင်အမ်းအမ်းဖြင့် ငေးကြည့်နေမိသည်။ သူ လှပသော အမျိုးသမီးများစွာကို မြင်ဖူးပြီး စိတ်ကို ထိန်းချုပ်နိုင်သူဟု ကိုယ့်ကိုယ်ကိုယ် သတ်မှတ်ထားသော်လည်း ယခုတော့ ရှေ့က လူသားကို ကြည့်ပြီး ချက်ချင်းပင် မိန်းမောသွားရပေသည်။
ဤအမျိုးသမီးမှာ လူသားလောကမှ မဟုတ်ဘဲ နတ်သမီးတစ်ပါး ဆင်းသက်လာသည့်အလား အလွန်ပင် စင်ကြယ်လွန်းလှသည်။
"ဘယ်သူ့ကို ရှာတာလဲ.."
လုံယွဲ့က မေးလိုက်သည်။
ကျိုးယန် သတိပြန်ဝင်လာပြီး ရှက်ကိုးရှက်ကန်း ပြုံးပြကာ ခေါင်းငုံ့၍ တောင်းပန်လိုက်၏။
"တောင်းပန်ပါတယ်ဗျာ..ကျွန်တော် အိမ်မှားလာမိတယ် ထင်တယ် ..."
ပြောပြောဆိုဆိုနှင့် ကျိုးယန်သည် လှေကားအတိုင်း ပြန်ဆင်းသွားပြီး ခေါင်းကို ကုတ်ကာ တစ်ယောက်တည်း ရေရွတ်နေမိသည်။
"ငါ ဒီကိုမလာတာ ကြာလို့ လင်းဖန်အိမ်ကိုတောင် မှားသွားတာလား.."
သူ လင်းဖန်၏အိမ်ကို အကြိမ်ကြိမ် ရောက်ဖူးပြီး မျက်စိမှိတ်ထားလျှင်ပင် ရှာတတ်သူ ဖြစ်သည်။ ယနေ့တော့ တကယ့်ကို ထူးဆန်းနေသည်။
ခြေလှမ်းအနည်းငယ် လျှောက်ပြီးမှ တစ်ခုခု မှားနေသည်ကို သတိပြုမိသွားကာ သူ ရပ်လိုက်ပြီး ခုနက သူခေါက်ခဲ့သော အခန်းနံပါတ်ကို ပြန်ကြည့်လိုက်သည်။
"မဟုတ်သေးပါဘူး.. နံပါတ် ၅၂၀ . . . ဒါ မှန်ပဲဟာကို.."
ကျိုးယန်၏ အမူအရာမှာ အံ့သြသွားပြီး တံခါးဝသို့ ပြန်သွားကာ ထပ်ခါထပ်ခါ စစ်ဆေးကြည့်သည်။ သေချာစွာ ထပ်မံအတည်ပြုပြီးနောက် သူ လုံးဝမမှားကြောင်း၊ ဤအိမ်မှာ လင်းဖန်၏ အိမ် အစစ်အမှန်ဖြစ်ကြောင်း သူ တစ်ထောင်ရာခိုင်နှုန်း သေချာသွားသည်။
'ဒါဆို . . . ဘာလို့ အမျိုးသမီးတစ်ယောက်က တံခါးလာဖွင့်ရတာလဲ..'
"ခုနက ဘယ်သူ လာခေါက်တာလဲ.."
"မသိဘူး.. အိမ်မှားတဲ့သူ ထင်တာပဲ.."
" အိမ်မှားတာ ဟုတ်လား . . ."
ကျိုးယန်သည် တံခါးတွင် နားကပ်လိုက်ရာ အတွင်းမှ စကားပြောသံများကို ခပ်သဲ့သဲ့ ကြားလိုက်ရသည်။ အမျိုးသား၏ အသံမှာလည်း လင်းဖန်နှင့် အလွန် တူနေသည်။ သူ ခေတ္တ တွန့်ဆုတ်နေပြီးမှ ဘဲလ်ကို ထပ်နှိပ်လိုက်သည်။
"တင်း . . . တောင်"
"ဂျောက်.."
တံခါး ပြန်ပွင့်လာသောအခါ ယခုတစ်ကြိမ်တွင်တော့ လင်းဖန် ထွက်လာခြင်း ဖြစ်သည်။ ကျိုးယန် ဖြစ်နေသည်ကို မြင်သောအခါ လင်းဖန်က အသာဖယ်ပေးပြီး သူ့ကို ကြိုဆိုလိုက်သည်။
"ယန်ကျိ.. ခုနက လူက မင်းဖြစ်မယ်လို့ ငါ တွေးနေတာ..လာ . . . အထဲဝင်.."
ကျိုးယန် အခန်းထဲသို့ ဝင်လိုက်သည်နှင့် ထမင်းစားပွဲတွင် ထိုင်ကာ ကြက်ဥကြော် စားနေသော လုံယွဲ့ကို ချက်ချင်း မြင်လိုက်ရသည်။
လုံယွဲ့သည် ကြက်ဥကြော်တစ်ချပ်လုံးကို ပါးစပ်ထဲ ငုံထားပြီး သူမ၏ ကြည်လင်တောက်ပသော မျက်လုံးလေးများကို ပုတ်ခတ်ပုတ်ခတ် လုပ်ကာ ကြည့်နေသည်။ ကြည့်ရသည်မှာ ကြောင်အအပုံစံ ဖြစ်နေသော်လည်း အလွန် ချစ်စရာကောင်းလှ၏။
“လင်းဖန် . . . ဒီညီမလေးက ဘယ်သူလဲ...”
ကျိုးယန်က စပ်စုသည့်လေသံဖြင့် မေးလိုက်သည်။
"သူလား.. အော် . . . သူက ငါ့သူငယ်ချင်းပါ.."
"သူ့နာမည်က လင်းလုံယွဲ့ တဲ့.."
လင်းဖန်က ရှေ့သို့တိုးကာ မိတ်ဆက်ပေးလိုက်သည်။
လုံယွဲ့သည် ကြက်ဥကြော်ကို တစ်လုတ်တည်းနှင့် မျိုချလိုက်ပြီး ကျိုးယန်ကို ယဉ်ကျေးစွာ ခေါင်းညိတ်ပြလိုက်သည်။
"မင်္ဂလာပါ.."
"မင်္ဂလာပါဗျာ.. ငါက ကျိုးယန် ပါ.."
ကျိုးယန်က ယဉ်ကျေးစွာ ပြုံးပြလိုက်သော်လည်း သူ၏ အကြည့်များမှာ စူးရှသွားသည်။ သူသည် လင်းဖန်၏ ပုခုံးကို ဖက်ကာ ထောင့်တစ်နေရာသို့ ခပ်သွက်သွက် ဆွဲခေါ်သွားသည်။
"လင်းဖန်..ငါ့ကို အမှန်အတိုင်းပြောစမ်း.. သူနဲ့ မင်းနဲ့က ဘာတွေလဲ.."
"ရိုးရိုး သူငယ်ချင်းပါဆို . . ."
ကျိုးယန်က မျက်လုံးများကို မှေးစင်းလိုက်ပြီး မယုံသင်္ကာဟန်ဖြင့် ကြည့်လိုက်သည်။ ထို့နောက် ဧည့်ခန်းကို တစ်ချက်ဝေ့ကြည့်ပြီး အိပ်ခန်းထဲသို့ ခေါင်းပြူကာ ချောင်းကြည့်လိုက်သည်။
မြင်လိုက်ရသော မြင်ကွင်းကြောင့် သူ လန့်သွားသည်။ ၁ ဒသမ ၈ မီတာ ရှိသော ကုတင်ကြီးပေါ်တွင် ခေါင်းအုံး နှစ်လုံးက အထင်အရှား ရှိနေသည် မဟုတ်ပါလော။
" သူငယ်ချင်း . . . မင်း ပြောချင်တာက မင်းတို့နှစ်ယောက်က အိမ်တစ်အိမ်တည်းမှာ အတူနေတယ်.. အတူစားတယ်..ကုတင်တစ်လုံးတည်းမှာ အတူအိပ်တယ်.. သူကလည်း မင်းရဲ့ ညအိပ်ဝတ်စုံကို ဝတ်ထားတယ် . . . ဒါကိုမှ ရိုးရိုးသားသားသူငယ်ချင်းတွေ ဟုတ်လား.."
ကျိုးယန်က ရိုးရိုးသားသားဆိုသော စကားလုံးကို အလေးအနက် ပြောရင်း ငါ သိပါတယ်ဟူသော အဓိပ္ပါယ်ဖြင့် ကြည့်လိုက်၏ ။
လင်းဖန် ရှက်ကိုးရှက်ကန်းဖြင့် ဘာပြန်ပြောရမှန်း မသိဘဲ တိတ်ဆိတ်သွားသည်။ တကယ်တော့ အပြင်လူအမြင်တွင် သူတို့ အတူနေ၊ အတူစား၊ အတူအိပ်နေကြသည်မှာ ချစ်သူရည်းစားဟု မထင်ဘဲ နေရန် ခက်ခဲလှသည်။ ပြဿနာမှာ လောလောဆယ်တွင် သူတို့က ထိုသို့ မဟုတ်သေးခြင်းပင် ဖြစ်သည်။ ဧကရီနှင့် သူ၏ ဆက်ဆံရေးမှာ အလွန် ရှုပ်ထွေးလှသဖြင့် ရှင်းပြရန် ခဲယဉ်းလှ၏။
လင်းဖန် ဘာမှ ပြန်မပြောသည်ကို ကျိုးယန်က ဝန်ခံသည်ဟု မှတ်ယူလိုက်သည်။ သူသည် လင်းဖန်ကို ပို၍ တင်းတင်းဖက်ကာ ဝမ်းသာပေးသလိုလိုနှင့် မနာလိုဖြစ်သည့် လေသံဖြင့် ပြောလိုက်သည်။
"ခွာမသေး..ညီအကို ကို သစ္စာဖောက်ပြီး အလှလေးတစ်ယောက်ကို အိမ်မှာ တိတ်တိတ်လေး ဝှက်ထားတာပေါ့လေ.. ဒါက လွန်လွန်းတယ်..ငါတို့က လူပျိုကြီးတွေ အတူတူ လုပ်ကြမယ်လို့ ကတိပေးထားတာလေ.."
"ဒါပေမဲ့ ငါ နားလည်ပါတယ်လေ.. ငါ့ရဲ့ မရီးလောင်းက အရမ်း ဆွဲဆောင်မှု ရှိလွန်းတာကိုး.."
"မရီးက တကယ်ကို လှတာပဲ.. မင်းတော့ ကံကောင်းချက်ပဲကွာ.."
"သူက အဲ့ဒီလို မဟုတ်ပါဘူး . . ."
လင်းဖန်က အားနည်းစွာဖြင့် ပြန်ရှင်းပြရန် ကြိုးစားလိုက်သည်။
သို့သော် ကျိုးယန်ကတော့ လုံးဝမယုံဘဲ မျက်နှာတွင် အပြုံးကြီးဖြင့် လုံယွဲ့ဘက်သို့ ပြန်လှည့်ကာ အားတက်သရော နှုတ်ဆက်လိုက်ပြန်သည်။
"မင်္ဂလာပါ မရီးလောင်းလေး.."
"ဖြောင်း.."
ပျော်ပျော်ရွှင်ရွှင် စားသောက်နေသော လုံယွဲ့သည် ထိုစကားကို ကြားသည်နှင့် လက်ထဲက တူကို ဒေါသတကြီးဖြင့် ချိုးပစ်လိုက်ရာ သူမ၏ ပါးပြင်လေးများမှာ တုန်ခါသွားတော့သည်။ သူမသည် ခေါင်းကို ဖြည်းဖြည်းချင်း လှည့်ကြည့်လိုက်ရာ သူမ၏ မျက်လုံးများတွင် ကြောက်မက်ဖွယ်ကောင်းသော လူသတ်ချင်သည့် အရိပ်အယောင်များ ယှက်သန်းနေလေ၏။
"နင် . . . ဒီဧကရီကို ခုနက ဘယ်လို ခေါ်လိုက်တာလဲ.."
လူတွေက မည်သည့်အတွက်ကြောင့် သူမကို နတ်ဆိုးအရှင်၏ မိန်းမဟု ခဏခဏ မှားနေကြသလဲဆိုသည်ကို သူမ တကယ် နားမလည်နိုင်ပေ။ တွေ့တွေ့ချင်း လူကတောင် သူမကို မရီးဟု ခေါ်ရဲသေးသည်။ သူမ မည်သည့်နေရာတွင် နတ်ဆိုးအရှင်၏ မိန်းမနှင့် တူနေသနည်း ။
"အဲ . . . မရီး လို့လေ . . ."
ကျိုးယန်မှာ လန့်သွားပြီး ထိုစကားကို တုန်တုန်ရင်ရင်ဖြင့် ထပ်ပြောလိုက်သည်။ ထို့နောက် ဇဝေဇဝါ ဖြစ်နေသော အမူအရာဖြင့် လင်းဖန်ဘက် လှည့်ကာ တိုးတိုးလေး မေးလိုက်သည်။
"ဘာဖြစ်လို့ မရီးက ရုတ်တရက်ကြီး ဒီလောက် ကြောက်စရာ ကောင်းသွားတာလဲ..ဘာဖြစ်လို့လဲ.."
"ဘာမှ မဟုတ်ပါဘူး.. သူ့ရဲ့ ရာသီလာချိန်မို့ စိတ်မကြည်တာ ဖြစ်မှာပါ.."
လင်းဖန် ရှင်းပြရန် ခက်ခဲနေသဖြင့် အကြောင်းပြချက် တစ်ခုကိုသာ အမြန် လုပ်ကြံပြောလိုက်ရသည်။
မင်း သူ့ကို မရီးလို့ ခေါ်လိုက်လို့ သူ မင်းကို သတ်ချင်နေတာ ဟုတော့ သူ ဘယ်လိုမှ ပြော၍ မရပါချေ။
လင်းဖန်နှင့် ကျိုးယန်တို့ တိုးတိုးတိုးတိုး ပြောနေကြသော်လည်း သူတို့ပြောသမျှ စကားလုံးတိုင်းကို လုံယွဲ့ အကုန်ကြားနေရသည်။ လုံယွဲ့သည် ထိုင်နေရာမှ ဖြည်းဖြည်းချင်း ထလာပြီး မီးဖိုချောင်ထဲသို့ လျှောက်သွားတော့သည်။
ထိုအခြင်းအရာကို မြင်သောအခါ ကျိုးယန်က အားတက်သရောဖြင့်...
"မရီး ဘာလိုချင်လို့လဲ.. ငါ ကူညီပေးရအုံးမလား.."
သူ့စကားဆုံးလျှင် လုံယွဲ့၏ လူသတ်ချင်သော စိတ်မှာ ပို၍ ပြင်းထန်လာ၏။ ဒေါသကြောင့် သူမ တစ်ကိုယ်လုံး တုန်ခါနေပြီး မီးဖိုချောင်သုံး ဓားတစ်လက်၏ လက်ကိုင်ကို တင်းတင်း ဆုပ်ကိုင်လိုက်သည်။
ထိုသည်ကို မြင်လိုက်ရသော လင်းဖန်သည် မီးဖိုချောင်ထဲသို့ ချက်ချင်း ပြေးဝင်သွားပြီး ဓားကို ကိုင်ထားသော သူမ၏ လက်ကို အနောက်ကနေ လှမ်းဖမ်းလိုက်ရ၏။
"စိတ်လျှော့ပါဦး... စိတ်လျှော့ပါဦး ဧကရီရယ်.."
"ဒီမှာ လူသတ်ရင် ဥပဒေအရ အရေးယူခံရလိမ့်မယ်.. နင် သူ့ကို သတ်လိုက်ရင် ငါတို့ ဒီမှာ ဆက်နေလို့ မရတော့ဘူး.."
“လွှတ်စမ်း.. ဒီဧကရီ သူ့ကို သတ်မယ်.. ဒီလူသားက ဒီဧကရီကို ထပ်ခါထပ်ခါ စော်ကားနေတာ.."
"စိတ်မပူနဲ့.. ဒီဧကရီက သဲလွန်စဖျောက်တာ ကျွမ်းတယ်.. ဘယ်သူမှ သိမှာ မဟုတ်ဘူး.."
လုံယွဲ့သည် လင်းဖန်၏ လက်ထဲမှ အတင်း ရုန်းကန်နေသည်။ သူမ၏ ဒေါသတကြီး ဖြစ်နေပုံအရ တကယ်ပင် လူသတ်တော့မည့် အသွင် ရှိနေပေ၏။
"အဲ့ဒါက ပြဿနာ မဟုတ်ဘူးလေ.."
လင်းဖန်မှာ ဘာမှ လုပ်မရသည့်အဆုံး သူမ၏ ခါးကို လက်တစ်ဖက်ဖြင့် ဖက်ကာ ကျန်လက်တစ်ဖက်ဖြင့် သူမ ကိုင်ထားသည့် ဓားကို အောက်သို့ အတင်း ဖိချထားလိုက်ရသည်။ ဘေးအန္တရာယ် မဖြစ်စေရန်နှင့် သူ၏ သူငယ်ချင်း အသက်ကို ကယ်တင်ရန်အတွက် သူမကို လုံးဝ ခွင့်မပြုနိုင်ပါချေ။
သူတို့နှစ်ယောက်မှာ မီးဖိုချောင်ထဲတွင် ဓားတစ်လက်ကို လုရင်း တိတ်တဆိတ် ရုန်းကန်နေကြသော်လည်း ကျိုးယန်၏ အမြင်တွင်မူ လင်းဖန်က လုံယွဲ့ကို အနောက်ကနေ ဖက်ထားပြီး လက်ချင်းတွဲကာ ချစ်ချစ်ခင်ခင် ဟင်းသီးဟင်းရွက် လှီးပေးနေသည့် မြင်ကွင်းအဖြစ် မြင်နေရသည်။
"ဟူး . . . လင်းဖန်က မိန်းမချော့တဲ့ နေရာမှာ ဒီလောက် ကျွမ်းကျင်လာလိမ့်မယ်လို့ ငါ ထင်မထားခဲ့ဘူး.."
ကျိုးယန်က နှာခေါင်းကို ပွတ်ရင်း ပြုံးပျော်နေမိသည်။
' ဒီ သတောင်းစားက ငါ့ကို မနက်စောစော ခေါ်ပြီး ခွေးစာ ကျွေးနေတာပဲ ..'