အခန်း (၁၆၆-၁၆၈)
Vol. 12 Ch. 166-168
166 01
Chapter 166
သခင်လေး ရှောင်ယောင်း၏ နောက်ဆုံးထွက် ဇာတ်လမ်းနှင့် ပါးမြန့် စာအုပ်တိုက်ရှေ့တွင် ဖြစ်သွားသည့် ဖြစ်ရပ်များကြောင့် ဝေ့ကျင်းရှီ၏ ကျောက်မိသားစု အမွေ မောင်ပိုင်စီးမှုကို ပေကျင်းတစ်မြို့လုံး သိသွားကြတော့သည်။
မြို့တော်အတွင်းရှိ အချို့သူများ၏ စိတ်ဝင်တစား စောင့်ကြည့်နေမှုများကြောင့် ကျင်းကျောက် စီရင်စုမှာ ပေါ့ပေါ့ဆဆ မနေရဲဘဲ စုံစမ်းစစ်ဆေးရေးကို ချက်ခြင်း လုပ်ဆောင်ရတော့သည်။
လွန်ခဲ့သည့် နှစ်ပေါင်းများစွာက ဖြစ်ပျက်ခဲ့သည့် ကိစ္စဖြစ်သော်လည်း ထိုစဉ်က တာဝန်ယူခဲ့သည့် မှူးမတ်များမှာ တာဝန်ထမ်းဆောင်ဆဲ ရှိနေသေးသဖြင့် ကံကောင်းလှသည်။ အတော်အတန် စုံစမ်း စစ်ဆေးပြီးသည့်အခါ အဖြစ်မှန် ပေါ်လာတော့သည်။
ကျောက်ဟိုင်ရုန်၏ အမွေ ဆက်ခံရေးကိစ္စကို ဝေ့ကျင်းရှီ တစ်ယောက်တည်းက လှည့်ဖျား လုပ်ဆောင်သွားခြင်း ဖြစ်သည်။ အမွေလွှဲ စာရွက်စာတန်းပေါ်ရှိ တရားဝင် တံဆိပ်တုံးမှာ ထိုစဉ်က တာဝန်ကျနေခဲ့သည့် မင်းမှုထမ်း တစ်ဦးက လာဘ်စား၍ နှိပ်ပေးလိုက်ခြင်း ဖြစ်သည်။
ဤအခြေအနေကို ကြည့်၍ ကျင်းကျောက် စီရင်စုမှာ လွန်ခဲ့သည့် အနှစ် ၂၀ ခန့် ကတည်းက မှားယွင်းစွာ ဆုံးဖြတ်ပြီး ပိတ်ထားသည့် အမှုကို ပြန်လည် စစ်ဆေးရန် ပြန်ဖွင့်ရတော့သည်။
ထိုအချိန်၌ပင် ပါးမြန့် စာအုပ်တိုက် ဝန်ထမ်း နောက်တစ်ဦးကလည်း ဝေ့ကျင်းရှီ၏ သိက္ခာမဲ့ စီးပွား ပြိုင်ဆိုင်မှုများကို တိုင်တန်းလေတော့သည်။ သူက သခင်လေး ရှောင်ယောင်းအား တိုက်ခိုက်လိုသည့်အတွက် အမျိုးသမီးဖြစ်လေဟန် စာဖတ်သူများအကြား ကောလဟလဖြန့်သည်။ ထို့အပြင် သခင်လေး ရှောင်ယောင်းအား ပို၍ ဆိုးရွားစွာ တိုက်ခိုက်နိုင်ရန် သခင်လေး၏ ကိုယ်ရေးအချက်အလက်များကို ငွေအများအပြား ပေး၍ ဝယ်ယူရန် ကြိုးစားသည် စသည်ဖြင့် တိုင်ကြားလေသည်။
ထိုသို့ တိုင်ကြားမှု သတင်း ထွက်လာသည့်အခါ မြို့တော်အတွင်းရှိ လူအများမှာ ယခုမှ သတိထားမိသွားတော့သည်။ အဲဒါကြောင့် အခုတလော တချို့လူတွေ သခင်လေး ရှောင်ယောင်းဟာ မိန်းမတစ်ယောက်လို့ ပြော ပြောနေကြတာကိုး…။ လက်စသတ်တော့ ခွေးသူခိုးက နောက်ကနေ မကောင်းကြံနေတာကိုး။
ထိုသို့ သိသွားကြသည့်အခါ မြို့တော်အတွင်းမှ လူအများမှာ ဝေ့ကျင်းရှီကို မုန်းသထက် မုန်းလာကြတော့သည်။ သခင်လေး ရှောင်ယောင်း၏ ပရိတ်သတ်များမှာ ကျင်းကျောက် စီရင်စု ရုံးတော်အထိ လာ၍ မကျေနပ်ချက်များကို အော်ဟစ် ဆန္ဒပြကြတော့သည်။ အမှုစီရင်သူ တရားသူကြီးကိုလည်း လူယုတ်မာကို အပြစ်ဒဏ် ကြီးကြီး ချရန် တောင်းဆိုကြလေသည်။
ထိုသို့သော ဖိအားများကြောင့် ကျင်းကျောက် စီရင်စုမှာ အချိန်မဆိုင်းရဲတော့ဘဲ စီရင်ချက်ချတော့သည်။
ဝေ့ကျင်းရှီအား မူလ အမည်ရင်းသို့ ပြန်ပြောင်းရန်နှင့် ကျောက်မိသားစုထံမှ မောင်ပိုင်စီးထားသည့် ပိုင်ဆိုင်သမျှအားလုံးကို ပြန်ပေးရန်၊ စာရွက်စာတန်းအတု ပြုလုပ်မှုဖြင့် ကြိမ်ဒဏ် အချက် ၆၀ ကျခံရန်၊ မင်းမှုထမ်းများကို လာဘ်ထိုးမှု၊ မတရား စွပ်စွဲမှု စသည်တို့ အပါအဝင် အခြားသော ပြစ်မှုများကို အပြစ်ဒဏ် ချမှတ်လေသည်။ ထို့နောက် ကြိမ်ဒဏ် ရိုက်နှက်အပြီးတွင် နယ်စပ်သို့ နယ်နှင်ဒဏ် ခတ်လိုက်သည်။
လူယုတ်မာများ ဤသို့ အပြစ်ဒဏ်ကျခံလိုက်ရသဖြင့် လူအများကလည်း ကျေနပ်သွားကြသည်။
ကျင်းကျောက် စီရင်စု အုပ်ချုပ်ရေးမှူးမှာလည်း ယခုမှသာ သက်ပြင်းချနိုင်တော့သည်။ ထို့နောက် အလျင်အမြန် ပြင်ဆင်ကာ နန်းတွင်းသို့ သတင်းပို့တော့သည်။
အင်း… ဒီကျောက်မိသားစု အမှုကို ဦးဆောင်ပြီး လာဖွင့်တာကလည်း နန်းတွင်းကိုယ်ရံတော် တပ်သားတွေဆိုတော့ သူတို့ကို သတင်းပို့ရမှာပေါ့… အရှင်မင်းကြီးကိုယ်တော်တိုင်က ဒီကိစ္စကို အာရုံစိုက်နေပုံ ရတယ်။
ဤသို့ဖြင့် နန်းတွင်း ညီလာခံ ဒုတိယနေ့တွင် အချို့သော မှူးမတ်များက အမွေကိစ္စ အမှု ရလာဒ်ကို အရှင်မင်းကြီးထံ လျှောက်တင်လေသည်။ ထို့နောက် အခြားသော မှူးမတ်များကိုလည်း တာဝန်ကျရာ ဒေသရှိ ယခင်က မတရားစွာ သို့မဟုတ် မှားယွင်းစွာ ဆုံးဖြတ်ထားသည့် အမှုများကို ပြန်လည် စစ်ဆေးရန် အကြံပြုကြသည်။
ယွီဝိန်းလန်က ခေါင်းကို ညိတ်လိုက်ပြီး ပြောသည်။
“အင်း… အဲဒီလို လုပ်သင့်တယ်လို့ ငါကိုယ်တော်လည်း မြင်တယ်…။ ဒေသ အသီးသီးက အုပ်ချုပ်ရေးမှူးတွေကို ကိုယ့် ရုံးတော်ကို ပြန်စစ်ဆေးဖို့ စီစဉ်ခိုင်းလိုက်ပါ”
166 02
အားလုံးက နာခံလိုက်ကြသည်။ ထိုအခါ မင်းကြီးက ဆက်မေးသည်။
“အခုတလော သခင်လေး ရှောင်ယောင်းကို အမျိုးသမီးဖြစ်တယ်လို့ တချို့လူတွေက သတင်းဖြန့်ဖို့ ကြိုးစားနေတာကို သတိထားမိတယ်…၊ လူတွေကို မကျေနပ်အောင် ဆွပြီး ကာယကံရှင်ကို ထိခိုက်အောင် လုပ်ဖို့ ကြိုးစားနေကြတယ်လို့ မြင်တယ်…။ ဒီကိစ္စနဲ့ ပတ်သက်ပြီး အမတ်ဝန်မင်းတို့ ဘယ်လို မြင်ကြလဲ”
ဧကရာဇ်မင်းကြီး အနေနှင့် တော်ဝင်မိသားစုနှင့် မသက်ဆိုင်သည့်၊ တိုင်းရေး ပြည်ရေးနှင့် မသက်ဆိုင်သည့် ယခုကဲ့သို့ မေးခွန်းမျိုးကို ညီလာခံတွင် မေးတာ ရှားလှသည်။ ထိုသို့ မေးလိုက်သည်နှင့် မှူးမတ်များကလည်း မတုံ့မဆိုင်းပင် မိမိတို့ အမြင်ကို ပြောဆိုကြသည်။
“ဒီလို သတင်းဖြန့်ဖို့ ကြံနေတဲ့သူဟာ အင်မတန် ကောက်ကျစ်တတ်မယ် ထင်ပါတယ်… သူ့ကြောင့် သခင်လေး ရှောင်ယောင်းကို အထင်လွဲပြီး စော်ကားမိတဲ့သူတွေ ရှေ့ကို ထွက်လာပြီး သခင်လေးကို တောင်းပန်သင့်တယ်လို့ မြင်ပါတယ်။ ဒီလောက် အရည်အသွေး ပြည့်မှီတဲ့ စာတွေ ရေးနေတဲ့သူက ဘယ်လိုလုပ် အမျိုးသမီးတစ်ယောက် ဖြစ်နိုင်မှာလဲ။ ဘာလို့ ဒီလူတွေ ဒီလောက် အယုံလွယ်ကြရတာလဲ”
ထိုစကားကို ကြားလိုက်သည့်အခါ အားလုံးက ခေါင်းကိုယ်စီ ညိတ်လိုက်ကြသည်။
သခင်လေး ရှောင်ယောင်းမှာ နန်းတွင်း၌ အလွန်နာမည်ကြီးနေသည်ကို လူတိုင်း သိကြသည်။ မယ်တော်ကြီးကိုယ်တိုင်ပင် သူ၏ စာအုပ်များကို မလွတ်တန်း အားပေးနေသဖြင့် သခင်လေးမှာ မင်းကြီး၏ လက်အောက်တွင် ခိုင်းသည့်အတိုင်း စာများ ရေးသားနေခြင်း ဖြစ်ကြောင်း ယူဆကြသည်။
ထို့ကြောင့် သခင်လေး ရှောင်ယောင်းအား ကာကွယ်ပေးခြင်းသည် တော်ဝင် မိသားစုအား ကာကွယ်ပေးခြင်းနှင့် တူသည်ဟု အားလုံးက ယူဆကြသည်။
ထို့ကြောင့် ချီးမြှောက်စရာရှိတာကို ချီးမြှောက်ဖို့သာ ကျန်တော့သည်။
ထိုအချိန်တွင် ဟန်လင်း ပညာရှိကျိုးမိုကျုံးက ရှေ့သို့ထွက်လာပြီး ပြောလေသည်။
“အမတ်မင်းရဲ့ အတွေးကို မှားတယ်လို့ ကျွန်တော်ကတော့ မြင်ပါတယ်… အခုကိစ္စမှာ ယောက်ျားဖြစ်ခြင်း မိန်းမ ဖြစ်ခြင်း ဆိုတာ အရေးမကြီးပါဘူး…။ တကယ်လို့ သခင်လေး ရှောင်ယောင်းက အမှန်တကယ် အမျိုးသမီးဖြစ်နေရင်ရော… သူရေးတဲ့ စာက ပုံစံ ပြောင်းသွားမယ် ထင်လို့လား။ ဥပမာ ပြောရရင် သူ့ ဝတ္ထု ဇာတ်လမ်းတွေက ပုံမှန် အမျိုးသား စာရေးဆရာတွေ ရေးနေကြတဲ့ဟန်နဲ့ မတူတာတော့ အမှန်ပဲ…။ တချို့နေရာတွေဆို လုံးဝ အဓိပ္ပာယ် မရှိသလို ဖြစ်နေပေမဲ့ လက်တွေ့ လောကမှာ အဲဒီလို ဇာတ်လမ်းတွေ တကယ်ဖြစ်နေတာကို မြင်နိုင်တယ်…။ အဲဒီတော့ တချို့အရာတွေကို လက်တွေ့မှာ အကောင်အထည် ဖော်နိုင်ဖို့ ခက်ခဲတဲ့အတွက် သခင်လေး ရှောင်ယောင်းရဲ့ စာတွေက လူတွေကို စိတ်သက်သာစေတယ်…။ တကယ်လို့ ဒီလို စာမျိုးတွေကို ရေးနေတဲ့သူဟာ အမျိုးသမီး ဖြစ်နေရင် ကျွန်တော်ကတော့ ပိုလို့တောင် လေးစားမိမယ် ထင်တယ်”
ထိုသို့ ကြားလိုက်သည့်အခါ ဧကရာဇ် မင်းကြီးက မျက်ခုံးကို မြှင့်လိုက်ပြီး မေးလေသည်။
“အမျိုးသမီးဖြစ်နေရင် ပိုတောင် လေးစားမိမယ် ဟုတ်လား”
ထိုအခါ ကျိုးမိုကျုံးက ပြန်ဖြေသည်။
“မှန်လှပါ… အရှင်မင်းကြီး… ဟိုးရှေးယခင် အချိန်ကတည်းက အမျိုးသမီးတွေကို စာပေ မဖတ်ရှုနိုင်အောင် ထိန်းချုပ် ကန့်သတ်ခဲ့ကြပါတယ်…။ သူတို့အဖို့ သွားလာ လှုပ်ရှားခွင့် ရတာကလည်း အိမ်နောက်ဖေးနဲ့ သူတို့ အိပ်ခန်းပဲ ရှိပါတယ်…။ အဲဒီလို ပတ်ဝန်းကျင်မျိုးမှာ အမျိုးသမီးတစ်ယောက်အနေနဲ့ အခုလို အမြင်မျိုးရှိပြီး ရသ အစုံအလင်ပေးတဲ့ စာတွေ ရေးနိုင်တယ်ဆိုတာ တကယ် လေးစားစရာ မဟုတ်ဘူးလား”
ထိုအခါ ဧကရာဇ် မင်းကြီးသာမက မှူးမတ် အတော်များများကလည်း ခေါင်းညိတ် ထောက်ခံ ကြလေသည်။
အထူးသဖြင့် အလုပ်အကိုင်ရေးရာ အမတ်ကြီး လုခိုင်းဟယ်မှာ ပညာရှိကျိုး ပြောသည့်အတိုင်း နောက်မှလိုက်၍ သဘောတူ ထောက်ခံသည်။
“သခင်လေး ကျိုးပြောသွားတာတွေက ကျွန်တော်မျိုး စိတ်ထဲရှိတာတွေနဲ့ အတူတူပါပဲ…။ အရှင်မင်းကြီးကို ပွင့်ပွင့်လင်းလင်း လျှောက်တင်ရရင် ကျွန်တော်မျိုးလည်း သခင်လေး ရှောင်ယောင်းရဲ့ စာအုပ်တွေကို အလွန် နှစ်သက်မိပါတယ်…။ သူက ဖြစ်ရပ်အမှန်တွေကို ဖော်ထုတ်ရဲတယ် ရေးရဲတယ်…။ ကောင်းတာ လုပ်တဲ့သူဟာ ကောင်းတာ ခံစားရမယ်…။ မကောင်းတာလုပ်တဲ့သူဟာ မကောင်းတာ ခံစားရမယ်ဆိုတာကို လက်တွေ့ ကျကျ ချပြရဲတယ်…။ ကျွန်တော်မျိုးတို့ရဲ့ လောကကြီးမှာ မတရားမှုတွေက အမြဲရှိနေတာပါ…။ သခင်လေး ရှောင်ယောင်းသာ အခုလို ရေးသား မဖော်ပြခဲ့ရင် ဘယ်သူမှ သတိထားမိမှာတောင် မဟုတ်ပါဘူး”
166 03
“ဥပမာအားဖြင့် အခု ကျောက်မိသားစုရဲ့ အမွေကိစ္စမှာဆိုရင် အဓိက ကာယကံရှင်ဖြစ်တဲ့ ကျောက်ဟိုင်ရုန်ကို အသိမပေးဘဲ ခပ်နှိပ်လိုက်တဲ့ အမှုထမ်းငယ်လေးတစ်ယောက်ရဲ့ တံဆိပ်တုံးကြောင့် ကျင်းကျောက် စီရင်စုမှာ အမှုကို မှားယွင်းစီရင်တယ်ဆိုတဲ့ အမည်းစက်ကြီး ထင်သွားပါတယ်…။ ပြီးတော့ ကျောက်မိသားစုရဲ့ ပိုင်ဆိုင်မှုတွေကိုလည်း သူစိမ်းတစ်ယောက်က နှစ်ပေါင်းများစွာ မောင်ပိုင်စီးလိုက်တာကို ခံလိုက်ရတယ်…။ အခုလို မှားယွင်းစီရင်ထားတဲ့ အမှုကို သခင်လေး ရှောင်ယောင်းက ကလောင်အစွမ်းနဲ့ မဖော်ခဲ့ရင် ဒီကိစ္စကို ဘယ်သူမှ သိလိုက်မှာ မဟုတ်သလို ကျောက်မိသားစုရဲ့ ပိုင်ဆိုင်မှုတွေဟာလည်း ဝေ့မျိုးရိုးဝင် လူတစ်ယောက်ရဲ့ လက်အောက်မှာ တစ်သက်လုံး မြုပ်သွားတော့မှာ…။ အဲဒီတော့ သခင်လေးက တရားမျှတမှုကို ဖော်ဆောင်ပေးနေတာကို ကျေးဇူးမတင်ဘဲ မုန်းကြမှာလား”
“အဲဒါကြောင့် ဒီအမှုကိစ္စမှာဆိုရင် သခင်လေး ရှောင်ယောင်းဟာ ယောက်ျားဖြစ်ခြင်း မိန်းမဖြစ်ခြင်းနဲ့ ဘာမှ မဆိုင်တဲ့အပြင် ကျင်းကျောက် စီရင်စုဟာ သခင်လေးကို အမှန်တရား ဘက်တော်သားဘွဲ့ကို အပ်နှင်းပြီးတောင် ချီးမြှောက်သင့်တယ်လို့ ထင်ပါတယ်”
လုသခင်ကြီး၏ စကားပြီးဆုံးသည့်အခါ မှူးမတ်များက ဝိုင်းဝန်း ချီးကျူးကြလေသည်။
လုသခင်ကြီးမှာ ပုံမှန်အားဖြင့် စကားနည်းပြီး ယခုလို စိတ်ပါလက်ပါ ပြောကြားသည်ကို ကြားလိုက်ရသည်မှာ အားလုံးအတွက် အံ့ဩစရာလည်း ဖြစ်နေတော့သည်။
ယွီဝိန်းလန်မှာလည်း ယန်ရှုသာ လုခိုင်းဟယ်၏ စကားကို ကြားမိလျှင် အတော်ပျော်သွားလောက်မည်ဟု တွေးမိလိုက်သည်။
ဒီအမတ်ကြီးလည်း ယန်ရှုရဲ့ အမာခံ ပရိတ်သတ် ဖြစ်နိုင်လောက်တယ်။
သို့သော် ဂုဏ်ထူးဆောင်ဘွဲ့အပ်နှင်းခြင်းကတော့ ရှောင်မှ ဖြစ်မည်။ မဟုတ်လျှင် ကျင်းကျောက် စီရင်စုက ချီးမြှင့်သည့် ဘွဲ့ဂုဏ်ထူးကို ယန်ရှုက တက်ယူရတော့မည်။
သို့ဆိုလျှင် သခင်လေး ရှောင်ယောင်းမှာ ယန်ရှုဖြစ်မှန်း လူတိုင်း သိကုန်တော့မည်။
ထို့ကြောင့် သူက ပြောလိုက်သည်။
“အမတ်ကြီးလုရဲ့ စကားတွေက သဘာဝ ကျပါတယ်…။ ဒါပေမဲ့ သခင်လေး ရှောင်ယောင်းက အမှန်တရားဘက်တော်သား ဖြစ်ပြီးသားမို့ ဘွဲ့ထူး ပေးတာမျိုးတော့ မလိုအပ်လောက်ဘူး ထင်ပါတယ်”
ထိုအခါ လုခိုင်းဟယ်က သဘောပေါက်သွားပြီး ဦးညွတ်ကာ ပြောသည်။
“အရှင်မင်းကြီး ပြောတာ မှန်ပါတယ်… ကျွန်တော်မျိုး နည်းနည်း မစဉ်းစားမိသလို ဖြစ်သွားပါတယ်”
ယွီဝိန်းလန်က မိန့်လိုက်သည်။
“ကဲပါ… တခြား ကိစ္စ ဆွေးနွေးရအောင်…။ တုပေါ်ပြည်က ငြိမ်းချမ်းရေး ကမ်းလှမ်းချင်နေတယ်… အဲဒါကို ဘယ်လို မြင်ကြလဲ”
မကြာသေးမီက ဖြစ်သွားခဲ့သည့် နန်ကျောက် ထီးနန်းလုပွဲအပြီးတွင် အိမ်ရှေ့မင်းသားမှာ ပြီးခဲ့သည့် ဘုရင်၏ တာ့လျန် သွေးနှောသည့် အိမ်ရှေ့မင်းသားနှင့် လဲလှယ်ခြင်း ခံခဲ့ရသည်။ ထို့ကြောင့် နန်ကျောက်ဘုရင် မုကျန်းဖင်းမှာ နန်းမြို့တော်အထိ ကိုယ်တိုင်လာရောက်၍ တာ့လျန်ပြည်နှင့် နန်ကျောက်ပြည်တို့ မဟာမိတ်ဖွဲ့လိုသည့် သဘောထားကို ရှင်းရှင်းလင်းလင်း ချပြနေသည်။
တုပေါ်ပြည်မှာ အခြားသော တိုင်းပြည် နှစ်ခုနှင့် ထိစပ်နေပြီး နှစ်နိုင်ငံဆိုလျှင် ယှဉ်နိုင်ချေ မရှိဟု သူတို့ တိုင်းပြည်က ယူဆသည်။ ထို့ကြောင့် သူတို့ဖက်က စတင်၍ ငြိမ်းချမ်းရေးကို ကမ်းလှမ်းလာခြင်း ဖြစ်ပေတော့သည်။
ဘာပဲပြောပြော… မဟာမိတ် တစ်နိုင်ငံတိုးသည်က ရန်သူ တစ်နိုင်ငံ တိုးသည်ထက် ပိုကောင်းသည် မဟုတ်ပါလား။
ဧကရာဇ်မင်းကြီးက ထိုသို့ ပြောလိုက်သည့်အခါ မှူးမတ်အများစုက ထောက်ခံကြောင်း ပြောကြသည်။
တုံကော် တက္ကသိုလ် ပညာရှိကလည်း သူ၏ အမြင်ကို ပြောသည်။
“အရှင်မင်းကြီး… ဒီကိစ္စက သိပ်ကောင်းတဲ့ ကိစ္စပဲ…။ လက်ဆက်စရာ မလိုပေမဲ့ တစ်နိုင်ငံနဲ့ တစ်နိုင်ငံ အပြန်အလှန် ကုန်သွယ်မှုတွေ တိုးလိုက်လို့ရတယ်…။ ကျွန်တော်တို့ဖက်က သဘောကောင်းပြီး အများကြီး အလျှော့ပေးစရာတော့ မလိုဘူး…။ သူတို့ဖက်က ကောက်ပဲ သီးနှံတွေ… ပိုးထည်တွေ… လက်ဖက်တွေ လိုချင်ရင် သူတို့ဖက်က ကျွဲ၊ နွား၊ သိုးနဲ့ ရွှေတွေ ပြန်ပေးပြီး ကုန်သွယ်ခွင့် ပေးလို့ရတယ်…။ တာ့လျန်ပြည်က သူတို့ အပေါ် အမြတ်ထုတ်တာမျိုးလည်း မလုပ်သင့်သလို… အလျှော့ပေး လိုက်လျောစရာလည်း မလိုဘူး…။ မျှမျှတတ ဆက်ဆံမယ်ဆိုတာကို အသိပေးလိုက်ရင် လုံလောက်ပါတယ်”
ထိုစကားကို အားလုံးက ထောက်ခံကြသည်။
ထိုအခါ ယွီဝိန်းလန်က အမိန့်ပေးလိုက်သည်။
“ဘဏ္ဍာရေး ဝန်အမတ်ကြီးနဲ့ ဟုန်လုဘုရားကျောင်းက ကုန်သွယ်မှု ကိစ္စတွေကို ကိုင်တွယ်လိုက်ပါ…။ အသေးစိတ် လုပ်ဆောင်ရမဲ့ ကိစ္စတွေကို မြန်နိုင်သလောက် မြန်မြန် စီစဉ်ပါ”
သက်ဆိုင်ရာ မှူးမတ်များကလည်း နာခံလိုက်ကြသည်။ သို့သော် အခြားသော မှူးမတ်များ၏ စိတ်ထဲတွင် တွေးမိနေသည်များ ရှိနေသည်။
166 04
အခုတလော နန်းမြို့တော်သို့ ရောက်ရှိနေသည့် တခြားပြည်မှ သံတမန်များမှာ ၎င်းတို့ သက်ဆိုင်ရာ တိုင်းပြည်၏ သဘောထားကို ချပြပြီးကြပြီ ဖြစ်သည်။ သို့သော် ၎င်းတို့အထဲတွင် အရှေ့ဂျပန်ပြည်မှ သံအမတ်မှာ တာ့လျန်ပြည်နှင့် အဆင်ပြေလိုစိတ်ကို ပြသခြင်း မရှိချေ။ တာ့လျန်ပြည်နှင့် ငြိဖူးသည့် ရော့ရမ်ပြည်ပင် နှစ်ပြည်ထောင် အဆင်ပြေလိုသည့် စိတ်ဆန္ဒကို ချပြပြီး နှစ်ဖက် ပြည်သူများ အဆင်ပြေစေမည့် ကုန်သွယ် လမ်းကြောင်းကို ဖွင့်စေလိုနေသည်။
သို့ရာတွင် ရော့ရမ်ပြည်၏ အိမ်နီးချင်း တန့်ရှားပြည်ကမူ ၎င်းတို့၏ သဘောထားကို မဖော်ပြသေးပေ။
ထိုတိုင်းပြည်မှာ နန်ကျောက်ပြည်နည်းတူ တာ့လျန်ပြည်နှင့် ရှုန်းရုန်ပြည်ကြားတွင် ရှိသည်။ ဘုရင်အသစ် နန်းတက်ပြီးချိန်မှ စ၍ သံတမန် လွှတ်သည်မှာ ယခုအကြိမ်မှာ ပထမဆုံးဖြစ်သည်။ ထို့ကြောင့် ၎င်းတို့၏ လုပ်ပုံ ကိုင်ပုံများကို သတိထားနေကြသည်။
ထိုသို့ မှူးမတ်များက စဉ်းစားတွေးတောနေကြစဉ် ဧကရာဇ်မင်းကြီးက ပြောလေသည်။
“နန်ကျောက် ဘုရင်က မနက်ဖြန် နန်းမြို့တော်ကနေ ပြန်လိမ့်မယ်…၊ ဒီည သူ့အတွက် ကျီလင် ခန်းဆောင်မှာ ညစာ စားပွဲ ကျင်းပပြီး နှုတ်ဆက်မယ်…၊ ဒီပွဲဟာ တန့်ရှားပြည်အတွက် သူတို့ရဲ့ စိတ်သဘောထားကို ပြရမဲ့ နောက်ဆုံး အခွင့်အရေးတစ်ခုလည်း ဖြစ်တယ်…၊ တကယ်လို့ သူတို့အနေနဲ့ တာ့လျန်ပြည်နဲ့ အဆင်မပြေချင်ဘူးဆိုရင် ချက်ခြင်းပြန်ဖို့ ဖိအားပေးရမယ်”
ထိုအခါ မှူးမတ်များ အားလုံးက ထောက်ခံ သဘောတူကြလေသည်။
~~
ညအချိန်ရောက်သည့်အခါ ကျီလင်ခန်းဆောင်တွင် မီးများ ထိန်ထိန်ညီးနေတော့သည်။
ယနေ့တွင်လည်း ယန်ရှုမှာ ဧကရာဇ်မင်းကြီးနှင့် အတူ လိုက်ပါလာသည်။ အရေးပါ အရာရောက်သည့် ဝန်ကြီးမတ်ရာများကို မြင်တွေ့လိုက်ရသည့်အခါ သူမမှာ စိတ်ဝင်စား ပျော်ရွှင်နေတော့သည်။
ဒီနေ့ စစ်စတန်ဆီကနေ နန်းတွင်း ညီလာခံမှာ ပြောတဲ့ဟာတွေကို နားထောင်လိုက်ရတယ်…။ အဲဒါကြောင့် ပညာရှိကျိုးနဲ့ အမတ်ဝန်ကြီးလုတို့ ပြောတဲ့ စကားတွေကို ကြားလိုက်ရလို့… မှူးမတ်တွေက သူမကို မိန်းမမို့လို့ဆိုပြီး အထင်မသေးကြတော့ဘူးဆိုတာကို သိသွားပြီလေ…။
ဟေးဟေး… ဒီလောက် အရည်အချင်းကို မြင်တတ်တဲ့ ပညာရှိကျိုးက ငါ လေးစားအားကျရတဲ့ ဆရာအဖြစ်နဲ့ ထိုက်တန်ပါတယ်။ အမတ်ဝန်ကြီး လုကတော့ အမာခံ ပရိတ်သက်ပေါ့…။
ဒီလို အသိပညာကြွယ်တဲ့ ပုဂ္ဂိုလ်တွေရဲ့ လေးစားမှုကို ရလိုက်တာမို့ စာအုပ်တွေ ရေးရတဲ့ အချိန်တွေ အလကား ဖြစ်မသွားတော့ဘူးပေါ့…။
သို့သော် သူမ ပျင်းနေသဖြင့် စာမရေးဖြစ်သည့်အချိန်တွင် ပညာရှိကျိုးမှာ ဟန်လင်း ကျောင်းတော်တွင် ရက်အတော်ကြာကြာ အောင်းနေရပြီး စာဖတ်ပရိတ်သတ် အမတ်ကြီးလုကမူ အချိန်အတော်ကြာအထိ စာအုပ် မဖတ်ရဘဲ ရှိနေသည်ကို တွေးမိလိုက်သည့်အခါ အားနာသွားမိသည်။ ချက်ခြင်းပင် သူတို့အတွက် စာ ထရေးချင်စိတ်များ ပေါက်လာမိတော့သည်။
ထိုအတွေးများကို နားထောင်နေသည့် ယွီဝိန်းလန် - “...”
သူက သူမကို အဲဒီလောက် အပင်ပန်း ခံစရာ မလိုကြောင်း ပြောချင်နေသည်။ သူမ ဆက်တိုက် စာထိုင်ရေးနေလျှင် ဗိုက်ထဲမှ ကလေးမှာ ခံနိုင်ပါ့မလားဟု စိတ်ပူမိသည်။
သို့သော်လည်း ဒီနေ့တော့ သူ့မှာ တခြား အရေးကြီးတာ လုပ်ဖို့ ရှိနေသေးသည်။
ထိုအချိန်၌ပင် တီးလုံးသံ ဗုံသံများ ထွက်လာပြီး ကချေသည်များမှာ ၎င်းတို့၏ ချည်လွှာအရှည်များကို ဝှေ့ယမ်းကာ တာ့လျန်ပြည်၏ ရိုးရာအကကို ကပြကာ ပြန်ကြတော့မည့် ဧည့်သည်တော်များကို ဖျော်ဖြေကြသည်။
ယွီဝိန်းလန်က သူ၏ ဝိုင်ခွက်ကို မြှောက်ကာ မုကျန်းဖင်းကို လှမ်းပြောလေသည်။
“မုဘုရင်ကြီး ခရီးလမ်း သာယာ ဖြောင့်ဖြူးပါစေ…။ နောင် အခွင့်ကြုံရင် တာ့လျန်ပြည်ကို ဧည့်သည်တော် အဖြစ် ထပ်လာပါဦး”
နန်ကျောက်ပြည် ဘုရင်မင်းမြတ် အဆင်အယင်များကို ဝတ်ဆင်ထားသည့် မုကျန်းဖင်းကလည်း သူ၏ ဝိုင်ခွက်ကို မြှောက်ကာ ပြန်ပြောလိုက်သည်။
“အရှင်မင်းကြီးတို့ရဲ့ နွေးထွေးစွာ ကြိုဆိုမှုကို အရမ်း ကျေးဇူးတင်ပါတယ်…။ အခုအချိန်ကစပြီး တာ့လျန်ပြည်နဲ့ နန်ကျောက်ပြည်ဟာ ရှေ့တိုးအတူတူ နောက်ဆုတ်အတူတူ ညီအစ်ကို မောင်နှမတွေ ဖြစ်သွားပြီလို့ ကြေညာပါရစေ…”
ဤစကားသည် မုဘုရင်၏ နှုတ်ဖျားမှ လာသည့် စကားများ ဖြစ်သဖြင့် လွန်စွာမှ အရေးပါပြီး ခွန်အား ရှိလေသည်။
ထိုစကားအား တာ့လျန်ပြည်မှ မှူးမတ်များ၏ ချီးကျူးကြပြီး အခြားသော တိုင်းပြည်များမှ သံအမတ်တို့၏ နှလုံးကို တုန်လှုပ်သွားစေသည်။
တာ့လျန်ပြည်က ခွန်အားကြီးပြီးသား…။ အခု နောက်ထပ် မဟာမိတ်ထပ်ရသွားပြီဆိုတော့ ပိုလိုတောင် ခွန်အား ကြီးမသွားဘူးလား။
ထို့ကြောင့် အနာဂတ်တွင် ၎င်းတို့အား တိုက်ခိုက်ရန်မှာ မလွယ်လှပေ။
စိတ်သဘောထားကို ချမပြရသေးသည့် တန့်ရှားပြည်မှာ ထိုအချင်းအရာကို မြင်လိုက်ရသောအခါ ချက်ခြင်းပင် ထပြောတော့သည်။
“ကျုပ်တို့ တိုင်းပြည်ရဲ့ ခန်းခေါင်းဆောင် အသစ်ဟာ လွန်ခဲ့တဲ့ ငါးနှစ်လောက်ကတည်းက နန်းတက်လာပေမဲ့ အခုအကြိမ်က တာ့လျန်ကို သံတမန်လွှတ်တာ ပထမဦးဆုံး အကြိမ်ပါ…။ ခန်းခေါင်းဆောင်ရဲ့ မယ်တော်ကြီးကလည်း အရှင်မင်းကြီးရဲ့ အရည်အချင်းကို အင်မတန် လေးစားသူ ဖြစ်ပါတယ်…။ အဲဒါကြောင့် ခန်းမယ်တော်ကြီးက တာ့လျန်ပြည်နဲ့ အဆင်ပြေလိုတယ်လို့ မှာလိုက်ပါတယ်…။ ဒါပေမဲ့ အသင်တို့ တိုင်းပြည်က ဘယ်လို ကမ်းလှမ်းမှုမျိုးတွေ လုပ်နိုင်မလဲဆိုတာကို ကျုပ် မသိသေးဘူး”
ဟင်။
166 05
ထိုစကားများကို ကြားလိုက်ရသည့်အခါ ခန်းဆောင်အတွင်းရှိ မှူးမတ်များမှာ အံ့သြသွားကြသည်။
စိတ်သဘောထားကို လုံးဝ မပြတဲ့ တန့်ရှားပြည်က အခုမှပဲ အသံထွက်လာတော့တယ်။
ဒါပေမဲ့ ပြောပုံက အချိုးမပြေ…။
“တာ့လျန်ပြည်က ဘယ်လို ကမ်းလှမ်းမလဲ” ဆိုတာက ဘာသဘောလဲ။
မသိရင် တာ့လျန်က သူတို့ထက် နိမ့်နေသလိုလို…။
ယန်ရှုမှာလည်း ထိုသို့ တွေးမိလိုက်သည်။
ကောင်းလိမင်းသားကို တုန်းဝေါ်ပြည်က မိစ္ဆာနှစ်ကောင် ဓါးနဲ့ ထိုးတုန်းကလည်း ဒီပုဂ္ဂိုလ်က တုန်းဝေါ် သံအမတ် နောက်ကနေလိုက်ပြီး တာ့လျန်ကို မေးခွန်းထုတ်ဖူးသည်။
သူကို ကြည့်ရုံနှင့်ပင် ရွံရှာမိသလို ခံစားလိုက်ရသည်။
ထိုသို့ ပြောလာသည့်အခါ ယွီဝိန်းလန်က ပြောလိုက်သည်။
“ကျုပ်တို့ တာ့လျန်ပြည်ကနေ ဘယ်လို ကမ်းလှမ်းတာမျိုးကို လိုချင်တာလဲ”
ထိုအခါ တဖက်က ပုဂ္ဂိုလ်က ပြန်ပြောသည်။
“တာ့လျန်အနေနဲ့ တန့်ရှားပြည် နယ်စပ်မှာ ရှိတဲ့ လင်းချီ… ဟေးရွှေ… ဝေ့ကျိုး သုံးမြို့ကို တန့်ရှားပြည်ရဲ့ မိတ်ဖက် မြို့တွေအဖြစ် ကမ်းလှမ်းရပါမယ်…။ တန့်ရှားပြည်သူတွေ အဲဒီ သုံးမြို့မှာ စီးပွားရေး လုပ်တဲ့အခါ အခွန်အတောက်တွေကနေ ကင်းလွတ်ခွင့် ပေးရပါမယ်”
ထိုသို့ ပြောလိုက်သည့်အခါ ခန်းမတစ်ဆောင်လုံး တီးတိုး ပြောဆိုသံများ ထွက်လာတော့သည်။
ယန်ရှုမှာလည်း အံ့ဩ မင်သက် သွားမိသည်။
သူမမှာ စိတ်ထဲတွင် မထိန်းနိုင်ဘဲ ပြောလိုက်မိသည်။
ဒီ တန့်ရှားပြည်က ပုဂ္ဂိုလ်က အဆင်ပြေတာကို လိုချင်တာ မဟုတ်ဘူး…။ တာ့လျန်ပြည်ရဲ့ မွေးသဖခင်ကြီးလို အုပ်စိုးဆရာ လုပ်ချင်နေတာ။
ဒီ တန့်ရှားပြည်ရဲ့ ခန်းဘုရင်က ဘာလို့ ဒီလောက်ထိ ကိုယ့်ကိုယ်ကို အထင်ကြီးနေရတာလဲ။
ထိုအခါ စစ်စတန်က ပြောလေသည်။
[ဒီစကားတွေက တန့်ရှားပြည်ရဲ့ ခန်းဘုရင်ရဲ့ ဆန္ဒတွေ မဟုတ်ဘူး…။ ဒီလူက တမင် အပိုတွေ လျှောက်ထည့်ပြီး ပြောနေတာ…၊ သူက အခုကိစ္စမှာ သူလည်း ဝင်ပါပြီး ကြိုးစားထားတယ်ဆိုတာကို ပြချင်နေတာ…၊ ပြီးရင် သူ့ ယောက္ခမဟောင်း တန့်ရှား မယ်တော်ကြီးဆီကနေ မျက်နှာသာပေးမှုကို လိုချင်နေတာ…၊ အရေးကြီးတဲ့ ကိစ္စတွေ သူကို တာဝန်ပေးအောင် လုပ်ချင်နေတာ]
ထိုအခါ ယန်ရှုက မေးလိုက်မိသည်။
[ဟင်… ဒီလူက တန့်ရှားပြည်ရဲ့ သမက်တော်လား။]
စစ်စတန် [ဟုတ်ပ… ဒီလူက တန့်ရှား မင်းသမီးရဲ့ ယောက်ျားပေါ့…။ မနှစ်တုန်းက မင်းသမီးက ဒီလူနဲ့ အစေခံ အမျိုးသမီးတစ်ယောက်ကြောင့် ဒေါသထွက်လွန်းပြီး သေသွားတာ…။ အဲဒါကြောင့် အခုတော့ သမက်ဟောင်းလို့ပဲ ခေါ်ရမယ် ထင်တယ်]
ယန်ရှု - “…”
ဟား… ဖရဲသီးကြီးပါလား။
******
167 01
Chapter 167
ဖရဲသီးကြီး ကိုယ့်ရှေ့ ရောက်နေမှတော့ စားရတော့မှာပေါ့…။
ယန်ရှုက စစ်စတန်ကို မေးလိုက်သည်။
[အရင်က ဘာတွေ ဖြစ်ခဲ့တာလဲဆိုတာ အသေးစိတ် ငါ့ကို ပြောစမ်းပါဦး…]
ထိုအခါ စစ်စတန်က ပြောပြသည်။
[လွန်ခဲ့တဲ့ ငါးနှစ်လောက်က တန့်ရှားပြည်ရဲ့ အရင် ခန်းမင်းကြီး ကွယ်လွန်သွားတဲ့အခါ ဟူယွမ်မောင်း ဆိုတဲ့ ခန်းဘုရင်အသစ် နန်းတက်တယ်…။ အဲဒီ ခန်းဘုရင်အသစ် နန်းတက်ချိန်မှာ အသက်က ၁၈ နှစ်ပဲ ရှိသေးလို့ မသိနားမလည်သေးတဲ့ ကောင်လေးပေါ့…။ အဲဒါကြောင့် ဒီငါးနှစ်အတွင်းမှာ ခန်းဘုရင်ရဲ့ မယ်တော်ကြီးကပဲ တိုင်းပြည်ကို တာဝန်ယူ အုပ်ချုပ် စီမံပေးခဲ့ရတယ်]
[ရှောင်းမယ်တော်ကြီးမှာ သမီးတော် တစ်ပါးလည်း ရှိသေးတယ်… တန့်ရှားမင်းသမီးကြီးပေါ့… ရှောင်းမယ်တော်ကြီးက သူ့သမီးတော်ကို အရမ်းချစ်တာ…။ နင့်ရှေ့မှာ မြင်နေရတဲ့ ချဲ့ဟုန်တူး ဆိုတဲ့သူက ခန်းမယ်တော်ကြီးက သူ့သမက်အဖြစ် အသေအချာ ရွေးထားတဲ့သူပေါ့…။ အဲဒီမှာ မေးစရာရှိလာတယ်…။ ဘာလို့ ဒီလိုလူကို ရွေးတာလဲပေါ့။ ဘာလို့လဲဆိုတော့ သမီးတော်ကြီးက မွေးရာပါ ချွတ်ယွင်းချက်တစ်ခု ပါလာတယ်…။ မွေးကတည်းက ချူချာတယ်… အဲဒီအချိန်မှာ ဒီလူကို မြင်လိုက်တော့ ရှောင်းမယ်တော်ကြီးက ဒီလူဟာ ရိုးသားပုံပေါ်တယ်…။ သူ့သမီးတော်ကို အနိုင်မကျင့်လောက်ဘူးလို့ ထင်သွားလို့ပဲ]
ထိုသို့ ကြားလိုက်သည့်အခါ ယန်ရှုက မနေနိုင်ဘဲ ဖြတ်မေးမိတော့သည်။
[အခု ကြားနေရတဲ့ ပုံစံအတိုင်းဆိုရင် ဒီလူက ရိုးသားပုံလည်း မပေါ်ဘူး…။ ဒီလူလည်း ယွီဝိန်းလန်ရဲ့ ယောက်ဖတော် ကျောက်ချင်းဝမ်လိုမျိုး အပြင်မှာ ကိုယ်လုပ်တော်တွေ ထပ်ထားနေသလား။]
ထိုအခါ စစ်စတန်က ပြန်ပြောလေသည်။
[အဲဒီလိုတော့ မဟုတ်ဘူး…။ ဘာလို့လဲဆိုတော့ တန့်ရှားပြည်က ကျဉ်းတယ်… သူတို့ရဲ့ နန်းမြို့တော်ကလည်း ကျဉ်းကျဉ်းလေး…။ ဒီလူ အဲဒီလို ဖောက်ပြန်တာမျိုး လုပ်ချင်ရင်တောင် လုပ်နိုင်တဲ့ အစွမ်းမရှိဘူး…။ ဒါပေမဲ့ ချဲ့ဟုန်တူး ဆိုတဲ့ လူက တကယ် မရိုးသားတော့ အပေါ်ယံမှာတော့ မင်းသမီးကြီးကို ကောင်းကောင်းမွန်မွန် ဆက်ဆံတာပေါ့…။ ဒါပေမဲ့ ကွယ်ရာမှာကျတော့ မဟုတ်တာ ကြံတတ်တယ်။ နမူနာ ပြောရရင်… လက်ဆက်ပြီး နှစ် နှစ်လောက်ကြာတဲ့အခါ မင်းသမီးကြီး သားဦးလေး ဖွားမြင်တယ်…။ ကလေးမွေးပြီးနောက်မှာ ကျန်းမာရေးက ခါတိုင်းထက် ပိုဆိုးလာတယ်… အိပ်ယာထဲကနေ မထနိုင်လို့ အပြင်ကိုတောင် မထွက်နိုင်တော့လောက်အောင်ပဲ…။ ရှောင်းမယ်တော်ကြီးလည်း စိတ်ပူပြီး ဖိစီးတာပေါ့…။ သမီးတော်နားက လူတွေ သမီးတော်ကို ကောင်းကောင်း မစောင့်ရှောက်မှာကို အမြဲ စိတ်ပူနေတော့ သွက်သွက်လက်လက်ရှိတဲ့ အစေခံ အပျိုတော်တစ်ယောက်ကို စောင့်ရှောက်ဖို့ ပို့လိုက်တယ်။ မင်းသမီးကြီးရဲ့ စံအိမ်တော်ကို ဒီ အပျိုတော်ရောက်လာတဲ့အခါ ချဲ့ဟုန်တူး နဲ့ ဘယ်လိုတွေ ရှုပ်မယ်ဆိုတာကိုတော့ ဘယ်သူမှ မမှန်းနိုင်ခဲ့ဘူးလေ…။]
ယန်ရှုမှာ ဘာတွေ ဖြစ်နိုင်သည်ကို ကြုံဖူးပြီးဖြစ်သဖြင့် ဒီလူနှစ်ယောက်ကို သိက္ခာမရှိတဲ့သူတွေဟု မှတ်ချက်ပြုမိတော့သည်။
ဘာလို့ ဒီလို လုပ်ရက်တာလဲ။ တန့်ရှား မင်းသမီးက သူ့ရဲ့ သားတော်ကို မွေးပေးပြီး ကျန်းမာရေး ဆိုးဝါးနေရတာကို ကိုယ်ချင်းမစာ သူက ခန်းမယ်တော်ကြီးရဲ့ အစေခံ အပျိုတော်နဲ့ ငြိတယ်တဲ့လား။
ထို့ကြောင့် သူမက စစ်စတန်ကို အလျင်စလို မေးလိုက်သည်။
[အဲဒီတော့ မင်းသမီးက သူတို့ ဖောက်ပြန်နေတာကို မိသွားတော့ ဒေါသဖြစ်လွန်းပြီး ဆုံးသွားတာလား။]
စစ်စတန် - [အမှန်ပဲ… ဒီကိစ္စကို စပြီး သတိထားမိတဲ့သူက မင်းသမီးရဲ့ အပါးတော်မြဲ အစေခံတစ်ယောက်ပေါ့…။ အဲဒီအစေခံက ဟော့ဟော့ဒိုင်းဒိုင်း လုပ်တတ်တယ် ထင်ပါရဲ့…။ ဘာမှ မစဉ်းစားဘဲ မင်းသမီးကို သွားပြောလိုက်တာ…။ မင်းသမီးကြီးခမျာ အဲဒီ သတင်းကြားပြီးတော့ ဒေါသတွေ ဖြစ်လွန်းလို့ သွေးအန်ပြီး သေရော…။ ကယ်လို့တောင် မရလိုက်ဘူး…။]
ယန်ရှုမှာ ဘာမျှပင် မပြောနိုင်တော့ဘဲ သက်ပြင်းသာ ချမိလိုက်တော့သည်။
[အင်းပေါ့လေ… အိပ်ယာကနေ မထနိုင်လောက်အောင် အားအင်ချိနဲ့နေတဲ့သူက ဒီလို သတင်းမျိုးကို ကြားတော့ ဘယ်ခံနိုင်တော့မလဲ…။ ပြီးတော့ရော ဘာဆက်ဖြစ်သေးလဲ။ ရှောင်းမယ်တော်ကြီး ဘာလုပ်သလဲ။ ဒီလူနဲ့ အစေခံ အပျိုတော်ကို မိအောင် မလိုက်ဘူးလား။]
167 02
စစ်စတန် - [အင်း… ရှောင်းမယ်တော်ကြီးရဲ့ စိတ်ဓါတ်မျိုးနဲ့ဆိုရင် သူတို့နှစ်ယောက်စလုံးကို အပိုင်းပိုင်း အတစ်တစ် ခုတ်ဖြတ်ပစ်မယ် ထင်တယ်…။ ဒါပေမဲ့ ကံဆိုးသွားတာက ချဲ့ဟုန်တူးက သူတို့ လူမိသွားပြီဆိုတာ အရင် သိသွားတယ်။ သူက မင်းသမီးကို သွားပြောတဲ့ အစေခံကို ချက်ချင်း သတ်ပစ်လိုက်ပြီး ဒီ အစေခံကြောင့် မင်းသမီးကြီး သေသွားရပါတယ်ဆိုပြီး ရှောင်းမယ်တော်ကြီးကို လျှောက်တင်တယ်…။ မယ်တော်ကြီးရဲ့ ရှေ့မှာလည်း အသည်းအသန် ငိုပြတာပေါ့…။ သူ ဘယ်လောက်တောင် မင်းသမီးကို အရိပ်တကြည့်ကြည့် စောင့်လျှောက်ကြောင်း… မင်းသမီးနောက်ကို လိုက်သွားချင်ကြောင်း ငိုပြတာပေါ့…။]
ယန်ရှု - [ဒါဆို ရှောင်းမယ်တော်ကြီးက ဖြစ်ရပ်မှန်ကို မသိသွားဘူးပေါ့…။ ဒီလူ လှည့်စားတာ ခံလိုက်ရတယ်ပေါ့။]
စစ်စတန် - [သိပ်ဟုတ်တာပေါ့… မယ်တော်ကြီးမှာက နို့ဆာလို့ ငိုနေတဲ့ မြေးတော်လေးအတွက်လည်း ပူရသေးတယ်လေ။ ရှောင်းမယ်တော်ကြီးက သူ့သမီးတော် ကိစ္စမှာ ဒီလူ အပြစ်မကင်းဘူးလို့ သံသယ ဖြစ်မိပေမဲ့လည်း မြေးတော်လေးရဲ့ ဂုဏ်သိက္ခာအတွက် သံတမန်အဖြစ် ခန့်ပေးလိုက်တယ်။ ဒီလူ တာ့လျန်ပြည်နဲ့ ညှိနှိုင်းပြီး အောင်မြင်သွားရင် နောက်ထပ် ပိုအရေးကြီးတဲ့ နေရာတွေမှာ ခန့်အပ်ဖို့ အစီအစဉ်ရှိတယ်…။]
ယန်ရှု နားလည်သွားသည်။
[အဲဒီတော့ ဒီချဲ့ဟုန်တူး ဆိုတဲ့သူက အတော် လောဘကြီးတဲ့သူပဲ… သူ့အစွမ်းကို ပြချင်တယ်…။ ပြီးရင် ရှောင်းမယ်တော်ကြီးဆီကနေ ပိုကြီးတဲ့ ရာထူးတောင်းမယ် … အဲလိုပေါ့။]
စစ်စတန် - [ဒါပေါ့…။]
ယန်ရှုမှာ လှောင်ရယ်ချင်လာသလို ဖြစ်သွားမိသည်။
နင် ဆုတောင်းနေလိုက်…။ ရန်ဖက်နိုင်ငံဖြစ်တဲ့ ရှုန်းရုန်ပြည်တောင် အခြေအနေဆိုးအောင် မလုပ်ရဲတာ နင်တို့ တန့်ရှားပြည်လို တိုင်းပြည်ငယ်လေးက ဒီလိုလုပ်ရဲသလား…။
သူမ တင်မဟုတ် ခန်းဆောင်အတွင်းရှိ အခြားသောသူများကလည်း ထိုသို့ပင် တွေးကြသည်။
ချဲ့ဟုန်တူး ၏ စကားကို ကြားလိုက်ရသည့်အခါ တာ့လျန်ပြည် မှူးမတ်များမှာ ၎င်းတို့၏ ခေါင်းကိုပင် ရမ်းမိလိုက်ကြပြီး မှတ်ချက်ပြုကြသည်။
“ဒီသံအမတ်က မူးနေတာလား။ ဒီလို တောင်းဆိုမှုမျိုးကို သူဆိုရင်ရော ပေးမှာလား”
“ဟုတ်ပ… တာ့လျန်က တန့်ရှားရဲ့ လက်အောက်ခံ တိုင်းပြည်မှ မဟုတ်တာ…။ သူတို့နဲ့ မိတ်ဆွေဖွဲ့ဖို့ကို တောင်းပန်တိုးလျိုးရမှာလား။ မြို့သုံးမြို့တောင် တံခါးဖွင့်ပေးရမယ်တဲ့။ တစ်မြို့ဆိုရင်တောင် လွန်လွန်းနေပြီ…!”
“ဟုတ်ပဗျာ…။ အခွန်အကောက်လည်း မပေးဘူးဆိုဘဲ… အခုဟာက ငွေကို အလကား တောင်းယူနေသလို ဖြစ်နေပြီ…။ ဒီလို တောင်းဆိုနေတာ ဘာရည်ရွယ်ချက်တုန်း။ မြို့သုံးမြို့လည်း တံခါးဖွင့်ပေးရမယ်တဲ့… အခွန်လည်း မပေးဘူးတဲ့…”
ပြောရလျှင် တန့်ရှားပြည်မှာ လက်တစ်ဝါးစာ သာသာလောက် ရှိသည့် တိုင်းပြည်ငယ်လေး ဖြစ်သည်။ သူတို့အတွက် မြို့သုံးမြို့အား တံခါးဖွင့်လိုက်လျှင် သူတို့ နန်းမြို့တော်အထိပင် လှမ်းမြင်နေရသကဲ့သို့ ဖြစ်နေတော့မည်။
ထိုစကားများကြားလိုက်သည့်အခါ ချဲ့ဟုန်တူး က ခေါင်းကို မော့ကာ ပြောတော့သည်။
“တာ့လျန်ပြည်ဟာ တိုင်းပြည်ကြီးတစ်ခုပါ…။ လူဦးရေလည်း အများကြီး… ကျုပ်တို့ တန့်ရှားပြည်ထက် နယ်မြေလည်း ကျယ်တယ်… အဲဒီတော့ မတွန့်တိုပါနဲ့လား”
ထိုသို့ ပြောလိုက်သည့်အခါ လူအများမှာ မျက်ခုံးများကို ပင့်လိုက်မိကြသည်။
ဒီလူက ကိုယ်က ဘာမှ မပေးဘဲ အချောင် အကျိုးအမြတ် လိုချင်နေတာလား။
သူ ကံဆိုးသည်မှာ တာ့လျန်ပြည်မှ ခေါင်းဆောင်များက မအသောကြောင့် ဖြစ်သည်။ ယနေ့လို သံတမန်များ အရှေ့တွင် သူ့ တောင်းဆိုချက်များကို လက်ခံလိုက်ပါက အားလုံးအမြင်တွင် မည်သို့ ဖြစ်သွားမည်နည်း။
စိတ်ကူး ယဉ်နေလိုက်တာ…။
သလွန်ပေါ်မှ ဧကရာဇ်မင်းကြီးမှာ စိတ်မရှည်တော့သဖြင့် ပြောလိုက်တော့သည်။
“တစ်ခုခုကို လိုချင်ရင် တခုခုကို ပြန်ပေးရတယ်…။ ကျုပ်တို့ဆီက ရှေးပညာရှိကြီးတွေ ပြောခဲ့ကြတာရှိတယ် ‘မသွားဘဲနဲ့ လာလို့ မရဘူး… မလာဘဲနဲ့ သွားလို့ မရဘူး’ တဲ့…။ အခု ဒီသံအမတ် ပြောပုံ လေသံအရဆိုရင် မောင်မင်းတို့ ပြည်က ကျုပ်တို့ တာ့လျန်ပြည်နဲ့ အဆင်ပြေချင်ပုံ မရဘူးဘဲ…။ အဲဒီတော့ ကိုယ့်အိမ်ကို ပြန်ပြီး ကိုယ့်စကားကို ပြန်သုံးသပ်လိုက်ပါဦး”
ထိုစကားများကို ကြားလိုက်ရသည့်သူ အားလုံးမှာ ခေါင်းညိတ်ထောက်ခံလိုက်ကြသည်။
သို့သော် ချဲ့ဟုန်တူး က ပြုံးလိုက်ပြီး ပြောသည်။
“တကယ်က သေချာ သုံးသပ်သင့်တာက အရှင်မင်းကြီးပါ…။ ရှုန်းရုန် ပြည်ဟာ တာ့လျန်ပြည်ကို ကျူးကျော်ဖို့ အခုနောက်ပိုင်း နှစ်တွေမှာ ကြံစည်နေတာပါ။ အဲဒါကို ဟန့်တားပေးနေတာ ကျုပ်တို့ တန့်ရှားပြည်ပါ…။ဧကရာဇ်မင်းကြီးက ဒါကို မသိသေးဘူးထင်ပါရဲ့။ မသိသေးရင်တော့ ဒီနေ့ အရှင်မင်းကြီးကို ပြောပြလိုက်ပါမယ်… အခုနှစ်ပိုင်းအတွင်း ရှုန်းရုန် ပြည်ရဲ့ ခန်းမင်းကြီးဟာ ကျုပ်တို့ တန့်ရှားပြည်နဲ့ မိတ်ဖွဲ့ဖို့ လိုလားနေတယ်ဆိုတာ ပြောပါရစေ။ တကယ်လို့ ဒီနေ့ တန့်ရှားပြည်နဲ့ မဟာမိတ်ပြုဖို့ မရွေးချယ်မိရင် နောင်တစ်ချိန်မှာ တာ့လျန်ပြည်အနေနဲ့ နောင်တရမှာ စိုးမိပါတယ်”
ဘာ…။
ထိုစကားများကို ကြားလိုက်သည့်အခါ တာ့လျန်ပြည်၏ မှူးကြီး မတ်ရာများမှာ မျက်မှောင် ကြုတ်သွားကြသည်။ တန့်ရှားပြည်နဲ့ ဒီနေ့ သဘောတူညီမှု မရဘူးဆိုရင် သူတို့က ရှုန်းရုန် နဲ့ ပူးပေါင်းမယ်ပေါ့ ဟုတ်လား။
167 03
ရှုန်းရုန်မှာ တာ့လျန်၏ အကြီးမားဆုံး ရန်သူ ဖြစ်သည်။ သို့ဆိုလျှင် တန့်ရှားပြည်မှ ယခုတောင်းဆိုမှုမျိုးသည် အလဟဿ ချိန်းခြောက်မှုမျိုး မဟုတ်တော့ပေ…။
အားလုံးမှာ ဒေါသထွက်လာကြသည်။
ယွီဝိန်းလန်လည်း အတူတူပဲ ဖြစ်သည်။
သူ၏ မျက်နှာပေါ်တွင် အပြုံးတို့ မရှိတော့ပေ။ ချဲ့ဟုန်တူးအား ကြည့်၍ အေးစက်စက် ပြောလိုက်သည်။
“ငါကိုယ်တော် သိသလောက်ဆိုရင်… ပြီးခဲ့တဲ့ အနှစ် သုံးဆယ်အတွင်းမှာကိုပဲ ရှုန်းရုန် က မောင်မင်းတို့ တန့်ရှားပြည်ရဲ့ ခန်းဘုရင် သုံးပါး၊ စစ်သူကြီးတွေ ဆယ်ယောက်မက၊ ပြည်သူပေါင်း မြောက်မြားစွာကို သတ်ခဲ့တာ မဟုတ်ဘူးလား။ လူရိုင်းတွေဟာ လူရိုင်းလို ကျင့်မှာပဲ…။ မောင်မင်း ဘယ်လောက်ပဲ တန့်ရှားပြည်က ရှုန်းရုန်ပြည်ကို အရှေ့ကနေ တားဆီးပေးနေတယ်လို့ ပြောပြော ငါကိုယ်တော် စိတ်မဝင်စားဘူး။ ကိုယ့် တိုင်းပြည်အပေါ် ရန်လိုနေတဲ့… သွေးကြွေးတွေ ရှိနေတဲ့ ရှုန်းရုန် ပြည်နဲ့ မောင်မင်းတို့ တိုင်းပြည်က မဟာမိတ်ဖွဲ့ချင်သေးတယ်ဆိုလည်း ဖွဲ့ပေါ့…။ ကံကောင်းပါစေလို့ပဲ ငါကိုယ်တော် ဆုတောင်းပေးလိုက်မယ်”
မင်းကြီး၏ ထိုစကားကို နောက်မှလိုက်၍ အားလုံးက ထောက်ခံကြသည်။
“ဟုတ်တယ်… မဟာမိတ်သွားဖွဲ့ချင်လည်း ဖွဲ့လိုက်…။ ကျုပ်ကတော့ ဒီနေ့ တန့်ရှားပြည်က သတ္တိမဲ့တယ်ဆိုတာ သိလိုက်ရပြီ”
“ဟုတ်ပါ့ဗျာ… ဒီလောက် သွေးကြွေးတွေ ရှိနေတာကိုတောင် ခွင့်လွှတ်ပြီး မဟာမိတ် ဖွဲ့ဦးမယ်တဲ့… အဲဒါကြောင့်လည်း အရှက်မရှိတဲ့ ကမ်းလှမ်းချက်တွေနဲ့ တောင်းဆိုနေတာ”
“မဟာမိတ် မဖွဲ့နဲ့လို့ ဘယ်သူမှ မတားဘူး”
ထိုသို့သော တုံ့ပြန်မှုများကို ကြားလိုက်ရသည့်အခါ ချဲ့ဟုန်တူး မှာ ဆွံ့အသွားပြီး ၎င်း၏ မျက်လုံးများထဲတွင် တုန်လှုပ်မှုများကို မြင်လာရသည်။
ယန်ရှုမှာ စိတ်ထဲမှနေ၍ နှာခေါင်းကို ရှုံ့လိုက်မိသည်။ ဒီလူတော့ အမှားကြီး မှားပြီ…။
ငါ့ရဲ့ မင်းကြီးလေးကိုများ လာချိန်းခြောက်နေသေးတယ်…။ မပူနဲ့ စောင့်ကြည့်နေ… ဒီထက် ကောင်းတာတွေ လာဦးမယ်…။
~~
စားသောက်ပွဲတွင် ဒေါသထွက်လာသဖြင့် ယွီဝိန်းလန်၏ မျက်နှာမှာ ကန်းလုနန်းဆောင်သို့ ရောက်သည့်တိုင် အေးစက် တင်းမာနေဆဲ ဖြစ်သည်။
ယန်ရှုမှာ ထိုသို့ မြင်လိုက်ရသည့်အခါ အခြားသူများကို အပြင်သို့ ထွက်စေပြီး သူ့အား မေးလိုက်သည်။
“အရှင်မင်းကြီး… တန့်ရှားသံအမတ်ကြောင့် စိတ်ဆိုးနေသေးတာလား””
ယွီဝိန်းလန်က မငြင်းဘဲ နှာခေါင်းရှုံ့ကာ ပြောသည်။
“ဒီလို နိုင်ငံငယ်လေးက ဒီလောက်အရှက်မဲ့လိမ့်မယ်လို့ ထင်မထားလိုက်ဘူး”
ဟား… သူတို့ကများ ငါ့ကို ရှုန်းရုန် နဲ့ လာခြောက်ချင်သေးတယ်ပေါ့။
သူတို့ စမ်းကြည့်လိုက်ပေါ့ …။ ရှုန်းရုန် က သူတို့ကိုတောင် အကောင်လိုက် မြိုသွားဦးမယ်။
သူ တွေးလို့ မပြီးခင် ယန်ရှုက ပြောလေသည်။
“တကယ်ကလေ… ဒီကိစ္စရဲ့ နောက်ကွယ်မှာလည်း ဇာတ်လမ်းရှိသေးတယ်… ကျွန်မ သိထားတဲ့ အချက်အလက်တွေအရ တန့်ရှားပြည်ရဲ့ ရှောင်းမယ်တော်ကြီးက တာ့လျန်ပြည်နဲ့ မိတ်ဖွဲ့လိုတဲ့ ဆန္ဒရှိပါတယ်…။ ဒါပေမဲ့ ဒီ ချဲ့ ဆိုတဲ့ ပုဂ္ဂိုလ်ကြောင့် အခုလို ဖြစ်သွားရတာပါ…။ သူက သူ့အစွမ်းနဲ့ လုပ်တယ်ဆိုပြီး ဂုဏ်ဆာချင်လို့… ဆုလာဘ်တွေ တောင်းချင်လို့ အခုလို မောက်မောက်မာမာ ပြောနေတာပါ”
ထိုအခါ ယွီဝိန်းလန်က မျက်မှောင်ကြုတ်ပြီး မေးလေသည်။
“အဲဒီလိုလား”
ယန်ရှုက ခေါင်းကို ခပ်သွက်သွက် ညိတ်ပြလိုက်သည်။
“အဟုတ်ပဲ…။ ဒါနဲ့ တာ့လျန် နန်းမြို့တော်ကနေ တန့်ရှားနန်းမြို့တော်အထိ အမြန်ဆုံး သွားရင် ဘယ်နှရက်လောက် ကြာမလဲ”
ထိုမေးခွန်းကို ကြားလိုက်သည့်အခါ ယွီဝိန်းလန်က နားမလည်သလို ဖြစ်သွားသည်။
“ဘာလို့ မေးတာလဲ”
ယန်ရှုက ရှင်းပြသည်။
“ဒီ ချဲ့ ဆိုတဲ့ ပုဂ္ဂိုလ်က သူ့မိန်းမဖြစ်တဲ့ တန့်ရှားပြည် မင်းသမီးကြီးကို ဒေါသဖြစ်အောင်လုပ်ပြီး သွေးအန် သေစေခဲ့တာ…။ တန့်ရှားပြည်မှာ ဒီကိစ္စရဲ့ အဖြစ်မှန်ကို မသိကြသေးဘူး…။ ကျွန်မက အမှန်တရားကို မြတ်နိုးတဲ့သူတစ်ယောက် ဖြစ်နေတဲ့အတွက် လက်ပိုက်ပြီး ရပ်မကြည့်နေနိုင်ဘူး”
ယွီဝိန်းလန် - “...”
ဒီလို ကိစ္စမျိုး နောက်ကွယ်မှာ ရှိနေလိမ့်မည်ဟု သူ မထင်ထားမိပေ။
167 04
ချဲ့ဟုန်တူးက သောက်ရမ်း အရည်အချင်း ရှိချင်နေတော့လည်း သူ့အပြစ်နဲ့ သူ ခံပေတော့…။
~~
တာ့လျန်မှ တန့်ရှားသို့ မိုင်နှစ်ထောင်ခန့် ကွာဝေးလေသည်။
သို့သော် အမြန်သွားလျှင် လျှို့ဝှက် သဝဏ်လွှာမှာ လေး ငါးရက်ခန့် အတွင်း၌ ရောက်သွားနိုင်သည်။
ထို့ကြောင့် မကြာမီ တန့်ရှားပြည်ရှိ ခန်းမယ်တော်ကြီးမှာ အကြီးအကျယ် ဒေါသဖြစ်စရာ သတင်းကို ရသွားတော့သည်။
လက်စသတ်တော့ ငါ့သမီးတော် သေရတာ သူ့ကြင်ယာတော်ကြောင့်ကိုး…။
လျှို့ဝှက်သဝဏ်လွှာတွင် အသေးစိတ်ရေးထားသဖြင့် လုပ်ကြံရေးထားသည့်ပုံစံမျိုး မခံစားရပေ…။ သူမ၏ သမီးတော် ကွယ်လွန်သွားသည့် အချိန်နှင့် နေရာအတိအကျ၊ သမီးတော်အား ခစားနေသည့် အစေခံများ၏ အမည်များကိုပင် ထည့်ရေးထားသေးသည်။ ရှောင်းမယ်တော်ကြီး ခိုင်းစေထားသည့် အစေခံ အပျိုတော်က မင်းသမီး၏ စံအိမ်သို့ သွားသည့်အချိန် ချဲ့ဟုန်တူး နဲ့ ဖောက်ပြန်သည့် အချိန်… ချဲ့ဟုန်တူး က အစေခံ အပျိုတော်အား ချီးမြှင့်သည့် ရွှေ၊ ငွေ၊ ကျောက်သံ ပတ္တမြား လက်ဆောင်များလည်း စာရင်းနှင့်တကွ ပါဝင်သည်။
ဤအရာများကို ဖတ်လိုက်ရသည့်အခါ ရှောင်းမယ်တော်ကြီးမှာ ၇၀ ရာခိုင်နှုန်းခန့်သာ ယုံသဖြင့် လူလွှတ်၍ ပြန်လည် စုံစမ်းခိုင်းတော့သည်။
စုံစမ်း စစ်ဆေးသည့် ရလာဒ်များ ထွက်မလာမီ တာ့လျန် နန်းတော်မှ တရားဝင် နောက်ထပ် သဝဏ်လွှာ တစ်စောင်ကို လက်ခံ ရရှိလေသည်။
စာထဲတွင် သူမ လွှတ်လိုက်သည့် သံအမတ် ချဲ့ဟုန်တူး ၏ လေးစားမှု မရှိသည့် လုပ်ရက်များကို ဖော်ပြထားသည်။ ထို့အပြင် သွေးစွန်းထားသည့် အတိတ်ကို မေ့ပြီး လောဘကြီးသည့် ရန်လိုသည့် ရှုန်းရုန် ပြည်နှင့် မိတ်ဖွဲ့ရန် ကြံစည်သည့် တန့်ရှားပြည်အား နားလည်မှုမရှိသည့် တိုင်းပြည်၊ သတ္တိမရှိသည့် တိုင်းပြည်အဖြစ် ဝေဖန်ထားသည်။
ထိုသဝဏ်လွှာအား ဖတ်ပြီးသည့်အခါ ရှောင်းမယ်တော်ကြီးမှာ လွန်စွာ ဒေါသဖြစ်ပြီး တာ့လျန်ပြည်သို့ သံအဖွဲ့ နောက်တစ်ဖွဲ့ ထပ်လွှတ်လေတော့သည်။
…
ထိုအချိန်၌ တာ့လျန်ပြည် နန်းမြို့တော်တွင် သခင်လေး ရှောင်ယောင်း၏ စာအုပ်အသစ်တစ်အုပ် ထွက်လာလေသည်။
—- ယခင် ဇာတ်ကောင်၏ အမည်ကို အတိအကျ ဖော်ပြခဲ့သည့် ပါးမြန့် စာအုပ်တိုက် ဇာတ်လမ်းမှာ စာဖတ်သူတို့အား ဖတ်မဝ ဖြစ်စေခဲ့သဖြင့် ယခု ထွက်လာသည့် စာအုပ်ကို စိတ်ဝင်တစား ဖြစ်နေကြတော့သည်။ ဒီစာအုပ်ထဲမှာရော နာမည်တွေ ထည့်ထားမှာလား။
စာဖတ် ပရိတ်သက်များမှာ တိုးဝှေ့ ဝယ်ယူ ဖတ်ရှုကြတော့သည်။
ဖတ်ပြီးသည့်အခါ ဇာတ်လမ်းထဲတွင် အမည်များ မပါသည့်အပြင် အခြား တိုင်းပြည်မှ ဇာတ်လမ်း ဖြစ်နေသည်ကို တွေ့လိုက်ကြရသည်။
ဇာတ်လမ်းအတွင်းတွင် ပါသည့် မင်းသမီးမှာ နူးညံ့သိမ်မွေ့ပြီး ချစ်စဖွယ်ဖြစ်သည်။ ကလေးဘဝကတည်းက သူမ၏ မယ်တော်၏ ချစ်ခြင်းကိုလည်း ခံခဲ့ရသည်။ လက်ထက်ရန် အရွယ်ရောက်သည့်အခါ မယ်တော်ကြီးက ခင်ပွန်းဖြစ်သူကို အသေအချာ ရွေးပေးလေသည်။
သို့သော် ခင်ပွန်းဖြစ်သူမှာ ဖြောင့်မတ် မှန်ကန်သူဟု ထင်စရာရှိသော်လည်း အမှန်တကယ်တွင် တဏှာကြီး၍ ရွံစရာ စိတ်ဓါတ်ပိုင်ရှင် ဖြစ်လေသည်။ သူက တဖက်တွင် မင်းသမီး၏ နူးညံ့သည့် စကားလုံးများကို နားထောင်သယောင်ပြုပြီး အခြားတဖက်တွင် စံအိမ်တော်အတွင်းရှိ အစေခံ အပျိုတော်များဖြင့် ဖောက်ပြန်ကာ ရွံစရာ ကောင်းသည့် လုပ်ရပ်များကို လုပ်နေသည်။ တစ်နေ့တွင် ဖောက်ပြန်မှုကို လူမိ သွားတော့သည်။ မင်းသမီးမှာ သူမ ယုံကြည်ရသည့် ကြင်ယာတော်သည် အောက်တန်းစားတစ်ယောက် ဖြစ်နေသည်ကို မယုံကြည်နိုင်လောက်အောင် ဖြစ်မိလေသည်။ သူမမှာ ဒေါသဖြစ်လွန်းသဖြင့် မီးဖွားပြီးစ အခြေအနေကြီးဖြင့် သွေးအန်၍ သေဆုံးသွားရလေသည်။
သူမ၏ ကြင်ယာတော်ကမူ သူ၏ လုပ်ရက်ကို လူသတ်၍ ဖုံးကွယ်လေတော့သည်။
ကံကောင်းသည်မှာ မယ်တော်ကြီးက ဉာဏ်ပညာနှင့် ပြည့်စုံသဖြင့် သူ၏ အကြံကို ရိပ်မိသွားလေသည်။ ထိုကြောင့် သူမက ကောင်းကင်ဘုံရှိ သူ့သမီး စိတ်ကျေနပ်စေရန်အတွက် လူလိမ်ကောင်နှင့် အစေခံမအား ချက်ခြင်း သေဒဏ် ချလိုက်လေသည်။
ဤဇာတ်လမ်းကို ဖတ်ရှုပြီးသည့်အခါ အမှန်တရားကို မြတ်နိုးသူ စာဖတ်ပရိတ်သက်များမှာ သစ္စာမဲ့သည့် ကြင်ယာတော်အား ရွံရှာမှု ဖြစ်ကြပြီး အသက် ငယ်ငယ်ရွယ်ရွယ်နှင့် ကွယ်လွန်သွားရသည့် မင်းသမီး အပေါ် သနား စိတ်မကောင်း ဖြစ်ကြလေသည်။ ထို့နောက် အသိပညာကြွယ်ပြီး ဆုံးဖြတ်ချက် ချတတ်သည့် မယ်တော်ကြီးအား ချီးကျူးကြသည်။
167 05
မယ်တော်ကြီးမှာ ယန်ရှု၏ ဇာတ်လမ်းကို ဖတ်ပြီး နားမလည်သလို ဖြစ်နေသည်။
ယန်ရှု၏ စာရင်းထိပ်မှ ပုဂ္ဂိုလ်ဖြစ်သည့်အတွက် ဤဇာတ်လမ်းမှာ တန့်ရှားပြည်၏ တော်ဝင် မိသားစု အကြောင်း ရေးထားခြင်း ဖြစ်သည်ကို မယ်တော်ကြီး သိလေသည်။
မယ်တော်ကြီးက ပြောသည်။
“ရှောင်းမယ်တော်ကြီးကို ဒီသမက်တော်က အလှည့်စား ခံထားရတာ ကြာပြီမဟုတ်လား။ အရှင်မင်းကြီးကသာ သဝဏ်လွှာပို့ပြီး မပြောရင် အခုထိ သူ သိဦးမှာ မဟုတ်ဘူး… ဘာလို့ ဒီဇာတ်လမ်းထဲမှာ ဉာဏ်ပညာ ကြီးသယောင် ရေးထားတာလဲ”
ယန်ရှုက ပြုံးကာ ပြောလိုက်သည်။
“ဘာလို့လဲ ဆိုတော့ ဒီစာအုပ်ကို တန့်ရှားက ပြည်သူတွေကော ဖတ်စေချင်လို့ပေါ့ မယ်တော်ကြီးရဲ့… အဲဒါကြောင့် သူတို့ ရှောင်းမယ်တော်ကြီးကို ကောင်းအောင် ရေးပေးရမှာပေါ့…။ ပြီးတော့ ကလဲ့စားချေတာကို ရေးဖို့ဆိုတာ မြန်မှ ဖြစ်မှာ…။ အဲဒါမှ စာဖတ်သူတွေက စိတ်ချမ်းသာမှာ…။ ပြီးတော့ ရှောင်းမယ်တော်ကြီးသာ ဒီအကြောင်းတွေ သိသွားရင် သမီးတော်အတွက် အရမ်း စိတ်မကောင်းဖြစ်တော့မှာ…။ ဒီစာအုပ်ကို ဖတ်လိုက်ရင် သူ စိတ်သက်သာရာ ရသွားပြီး တာ့လျန်ပြည်နဲ့ တန့်ရှားပြည်တို့ ချစ်ကြည်ရင်းနှီးမှုကို ဖြစ်စေမှာ”
ထိုအခါ မယ်တော်ကြီးက နားလည်သွားသဖြင့် ခေါင်းညိတ် ထောက်ခံလိုက်တော့သည်။
“ဒီလိုကိုး… ရှောင်းမယ်တော်ကြီးကို ဖားချင်တာကိုး”
ယန်ရှုက ရယ်လိုက်ပြီး ပြောသည်။
“ဟုတ်ပါတယ် မယ်တော်ကြီး… မိတ်ဆွေ တစ်ယောက်တိုးတာက ရန်သူတစ်ယောက် တိုးတာထက် ပိုကောင်းတယ် မဟုတ်လား…”
မယ်တော်ကြီးကလည်း ရယ်လိုက်ပြီး ပြန်ပြောလေသည်။
“ဟုတ်ပါတယ်ကွယ်… ဒါပေမဲ့ အဲဒီ ချဲ့ဆိုတဲ့လူကို လက်ခံထားရတာ ဘဝင်မကျချင်စရာကြီး…။ သူတို့တိုင်းပြည်က လူတွေ ဘယ်တော့လောက် နန်းမြို့တော်ကို ရောက်လာမလဲ မသိဘူး…။ ဒီလူကို ထွက်မပြေးအောင် ဂရုစိုက်ကြဦး ”
ယန်ရှုက ပြန်ဖြေသည်။
“သူတို့ ရောက်လာကြတော့မှာပါ…။ အဖြစ်မှန်ကို သိပြီးတော့ သူတို့လည်း လောနေလောက်ပြီ…။ ဒီလူ့ကို ဖမ်းခေါ်သွားပြီး ဟိုမှာ ရုံးတင်ချင်နေကြမှာ”
လောလောဆယ်တော့ ချဲ့ဟုန်တူး ၏ ဧည့်နန်းဆောင်တွင် အစောင့်ရဲမတ်များ ချထားပြီး ထွက်မပြေးနိုင်အောင် စီစဉ်ထားဖို့ပဲ ရှိသည်။
~~
နောက်ထပ် ခြောက်ရက် ခုနှစ်ရက်ခန့် အကြာတွင် တန့်ရှားပြည်မှ ထပ်မံလွှတ်လိုက်သည့် သံအဖွဲ့ ရောက်လာတော့သည်။
သံအဖွဲ့သစ်၏ ခေါင်းဆောင်မှာ တန့်ရှားပြည်၏ သက်တော်ရှည် အမတ်ကြီး တစ်ပါး ဖြစ်လေသည်။ ထိုအမတ်ကြီးမှာ တရုတ်ပြည်သို့ ရောက်တိုင်း ချစ်ကြည်ရင်းနှီးမှုကို ဦးစားပေး တည်ဆောက်တတ်သူ ဖြစ်သည်။ အမတ်ကြီးက နန်းမြို့တော်ကို ရောက်သည်နှင့် ချဲ့ဟုန်တူး ၏ စကားများကို ဆန့်ကျင်ကာ တန့်ရှားပြည်၏ သဘောထား အစစ်အမှန်ကို တလေးတစား ချပြတော့သည်။
တာ့လျန်ကလည်း ဖော်ရွေစွာ ဆက်ဆံသည်။ အပြန်အလှန် အတော်ကြာမျှ ဆွေးနွေးကြပြီးနောက် ဆုံးဖြတ်ချက် ချကြသည်။ ထိုဆုံးဖြတ်ချက်မှာ နယ်စပ်မြို့များကို ဖွင့်လှစ်ပြီး အပြန်အလှန် ကုန်သွယ်ခွင့်ပေးခြင်း ဖြစ်သည်။ အပြန်အလှန် လေးစားမှုကို ပြသသည့် အနေဖြင့် နှစ်ဖက် ပြည်ထောင်မှ ပြည်သူများ စီးပွားရေးကို လွတ်လပ်စွာ လုပ်ခွင့်ပေးပြီး အခွန်အခကိုလည်း တဝက် လျှော့ချ ပေးသည်။
ထိုသတင်းထွက်လာသည့်အခါ နှစ်ပြည်ထောင် စိတ်ကျေနပ်သွားကြသည်။ အခြားပြည်များအတွက်လည်း တာ့လျန်ပြည် မျက်နှာ မလိုက်သည်ကို မြင်သွားရသဖြင့် ကန့်ကွက်ခြင်း မရှိကြချေ။ အားလုံး ကျေနပ်ကြသည်။
ထိုနောက် အနယ်နယ် အရပ်ရပ်မှ လာကြသည့် သံအမတ်တို့ သက်ဆိုင်ရာ ပြည်သို့ ပြန်ကြသည်။
တန့်ရှားပြည်မှ သံအဖွဲ့သည်လည်း အပြစ်သားဖြစ်သူ ချဲ့ဟုန်တူးအား ခေါ်ယူ၍ ပြန်သွားကြတော့သည်။ နန်းတွင်း အစောင့်ရဲမတ်တို့၏ ကြိုးစားမှုကြောင့် ချဲ့ဟုန်တူးမှာ ထွက်ပြေးရန် အကြိမ်ကြိမ် ကြံစည်ခဲ့သော်လည်း မအောင်မြင်ခဲ့ချေ။
ရှောင်းမယ်တော်ကြီးမှာ ဒေါသထွက်နေပြီကို ယန်ရှု သိထားသဖြင့် ချဲ့ဟုန်တူး၏ အဆုံးသတ်မှာ စာအုပ်ထဲကထက်ပင် ပိုဆိုးမည်ဟု တွက်ဆ မိတော့သည်။
ယန်ရှုမှာ ထိုပုဂ္ဂိုလ်အတွက် စိတ်ထဲမှနေ၍ ဆုတောင်းပေးလိုက်တော့သည်။
သူမအနေဖြင့် မကောင်းတာ လုပ်သည့် သူများကို မြင်ဖူးခဲ့သော်လည်း ထိုပုဂ္ဂိုလ်ကဲ့သို့ မကောင်းတာ လုပ်ပြီး မျက်နှာပြောင်သည့် သူမျိုးကို မတွေ့ဖူးပေ။
သူမအတွက် ဘုရားထိ တက်တိုင်စရာ မလိုသေး…။ မျက်စိရှေ့တွင် ရှိသမျှ မိစ္ဆာများအားလုံး ပုန်းစရာ နေရာ မရှိအောင် သူမ လုပ်မည်။
******
168 01
Chapter 168
လဝက်ခန့် ကြာသည့်အခါ ယန်ရှုမှာ တန့်ရှားပြည်၏ သတင်းကို စစ်စတန်ထံမှ ကြားလိုက်ရသည်။
ရှောင်းမယ်တော်ကြီးမှာ လျှို့ဝှက်သဝဏ်လွှာကို ရရှိပြီး ချဲ့ဟုန်တူး၏ ဒုစရိုက်မှုများကို သိရှိသွားခဲ့ပြီးနောက် ဒေါသူပုန်ထစွာဖြင့် ချဲ့ဟုန်တူးနှင့် အစေခံ အပျိုတော်တို့ နှစ်ယောက်လုံးကို သေမိန့်ချလိုက်သည်။
ချဲ့ဟုန်တူးနှင့် သမီးတော်တို့မှ ကျန်ရစ်ခဲ့သည့် မြေးတော်လေးကိုမူ နန်းတွင်းသို့ ပြန်လည် ခေါ်ယူလိုက်ပြီး ရှောင်းမယ်တော်ကြီး ကိုယ်တိုင် တာဝန်ယူ စောင့်ရှောက်ထားလိုက်သဖြင့် အားလုံး စိတ်အေးစရာ ဖြစ်ရသည်။
ထူးခြားသည်မှာ ရှောင်းမယ်တော်ကြီးသည် ယန်ရှု၏ စာအုပ်များကို နှစ်သက်သွားခြင်း ဖြစ်လေသည်။ သူမ၏ လက်ရာများကို ချီးကျူးကြောင်း သံတမန်များမှ တဆင့် သတင်းစကားပါးရုံသာမက ယန်ရှုအတွက် အဖိုးထိုက်လှသည့် ကျောက်စိမ်း လက်ဝတ်ရတနာနှစ်စုံနှင့် မြေခွေးသားမွှေးဝတ်ရုံ တစ်ထည်တို့ကို လက်ဆောင်အဖြစ် ထည့်ပေးလိုက်လေသည်။
စာရေးသူမှာ အမျိုးသားတစ်ယောက်ဟု ထင်သဖြင့် ကျောက်စိမ်းထည်နှင့် ဝတ်ရုံတို့အား အမျိုးသားနှင့် လိုက်ဖက်အောင် ချုပ်လုပ် ဖန်တီး၍ ပို့လိုက်ခြင်း ဖြစ်သည်။
ထို့အတွက် ယန်ရှုမှာ စိတ်ထဲ ဘယ်လိုမျှ မခံစားရပေ။ သူမမှာ ပျော်ပင် ပျော်နေသေးသည်။
သူမ၏ မူလရည်ရွယ်ချက်မှာ နှစ်ပြည်ထောင် ချစ်ကြည်ရင်းနှီးမှုကို တည်ဆောက်လိုခြင်းသာ ဖြစ်သည်။ သို့ရာတွင် ယခုကဲ့သို့ ချမ်းသာ ကြွယ်ဝပြီး သဒ္ဒါတရားကောင်းသည့် ပရိတ်သတ်မျိုး နောက်ထပ်ရလိုက်မည်ဟု ထင်မထားမိပေ…။ အထူးသဖြင့် ထိုပရိတ်သတ်မှာ ထူးခြား ထက်မြတ်သည့် မယ်တော်ကြီးတစ်ပါး ဖြစ်နေသဖြင့် ပို၍ ဘဝင်လေဟပ်မိလေတော့သည်။
“ပညာရှိစကား ပညာရှိကြား” တဲ့… ငါ့လက်ရာကို စိတ်ထားမှန်တဲ့လူက ကြိုက်မှာပေါ့…။
ထိုစဉ် ဒဏ်ရာမှ သက်သာလာသည့် ကောင်းလိမင်းသားပါဝင်သည့် ဧည်သည်တော် သံအမတ်များသည်လည်း ချန်ကျင်းပွဲတော်တွင် ပါဝင် ဆင်နွှဲပြီးနောက် မင်းနေပြည်တော်မှ ထွက်ခွာသွားကြတော့သည်။
နန်းမြို့တော်ရှိ ရာသီဥတုမှာ အေးစိမ့်စိမ့် ဖြစ်လာပြီးနောက် ရက်အနည်းငယ် အကြာတွင် ကျုံးယွမ်ပွဲတော်ရက်သို့ ရောက်လာတော့သည်။
ကျုံးယွမ်ပွဲတော်မှာ ဘိုးဘေးဘီဘင်တို့အား ကန်တော့ရန်အတွက် အဓိက အလုပ်နားပေးသည့် ရက်ဖြစ်သည်။ သာမန် ပြည်သူများမှာ မြစ်ထဲ မီးအိမ်များ ရေမျှောခြင်း၊ လှူးဒါန်းပစ္စည်းတို့ဖြင့် မီးရှို့ ပူဇော်ခြင်းတို့ ပြုလုပ်ပြီး နန်းတွင်း၌မူ ပွဲတော်ကြီးတစ်ခု ကျင်းပလေ့ရှိသည်။ မင်းမှုထမ်းများကို မြစ်ချောင်းများတွင် မီးအိမ်များ ရေမျှောစေပြီး မြို့တော်ထဲရှိ ဗုဒ္ဓ ဘုရားကျောင်းများနှင့် တာအို ဘုရားကျောင်းများတွင် ကျဆုံးသွားသည့် စစ်သည်တော်များနှင့် မကျွတ်မလွတ်သူတို့အတွက် ပူဇော်ပွဲများ ကျင်းပကြသည်။
သို့သော်… ဤမျှ ကြီးကျယ် ခမ်းနားလှသည့် ပွဲတော်ကြီးကို ယန်ရှု မကြည့်နိုင်ချေ။ သူမ၏ ကိုယ်ဝန်ကြောင့် အပြင်သို့ ထွက်ရန် မသင့်တော်တော့သဖြင့် နန်းတွင်း၌ ငြိမ်ငြိမ်လေး နေနေရတော့သည်။
ကံကောင်းသည်မှာ နန်းတွင်း၌လည်း အလုပ်နားသဖြင့် မနက်ပိုင်း ဖုန်းရှန်နန်းဆောင်တွင် ကျင်းပသည့် ဘိုးဘေး ကန်တော့ပွဲအချိန်ကလွဲလျှင် ဧကရာဇ်မင်းကြီး ယွီဝိန်းလန်မှာ သူမနှင့် တစ်နေကုန် ရှိနေတော့သည်။
သူတို့နှစ်ဦးမှာ နေ့လည်စာလည်း အတူစားကြသည်…။ တရေးတမောလည်း အတူအိပ်ကြသည်…။ ယန်ရှု တရေးအိပ်ရာမှ နိုးလာသည့်အခါ ယွီဝိန်းလန်မှာ ပုံမှန် ဝတ်နေကျ အနက်ရောင် ဝတ်ရုံကို ဝတ်နေသည်ကို မြင်လိုက်ရသည်။ သူက ဖုဟိုင်ကို အမွှေးတိုင်များ၊ ဖယောင်းတိုင်များ ပြင်ဆင်ခိုင်းနေသည်။
ထိုအခါ သူမက သိချင်သွားပြီး မေးလိုက်သည်။
“အရှင်မင်းကြီး ဖုန်းရှန်ခန်းဆောင်ကို ပြန်သွားမလိုလား”
ယွီဝိန်းလန်၏ မျက်နှာမှာ အနည်းငယ် မှိုင်းသွားပြီး ပြန်ပြောသည်။
“မဟုတ်ဘူး… ငါကိုယ်တော် ရုံဖူနန်းဆောင်ကို သွားမလို့”
ရုံဖူနန်းဆောင်။
168 02
ယန်ရှုမှာ ဘာကြောင့် ထိုနန်းဆောင်သို့သွားမည်ကို မသိဘဲဖြစ်နေစဉ် စစ်စတန်က ရှင်းပြသည်။
[ဧကရာဇ်မင်းကြီးရဲ့ မွေးသမိခင်က အဲဒီမှာ နေခဲ့တာလေ]
သို့မှ သူမလည်း နားလည်သွားတော့သည်…။ ဧကရာဇ်မင်းကြီးက သူ၏ မိခင်ကို သွားအရိုအသေ ပေးမလို့ကိုး…။
သူ သွားကန်တော့သည်ကို မယ်တော်ကြီး သိသွားပါက စိတ်ထဲ စနိုးစနောင့် ဖြစ်မည်စိုး၍ ယွီဝိန်းလန်မှာ မသိမသာ ဆောင်ရွက်နေခြင်းဖြစ်သည်။
ဟင်း… ကြည်ရတာ ငါလည်း ကိုယ်ဝန်ကြောင့်မို့ စိတ်ထဲ ပိုခံစားတတ်နေတာလားမသိဘူး…။
ဟုတ်တော့လည်း ဟုတ်သည်…။ သူမမှာ မင်းကြီးအား ကိုယ်ချင်းစာ သနားနေမိသည်။
“အရှင်မင်းကြီး ကျွန်မရော လိုက်ခဲ့ပေးရမလား”
သူမမှာ ကိုယ်ဝန်ကြီးနှင့် ဂူဗိမာန်သို့ မလိုက်လိုသော်လည်း နန်းဆောင်အတွင်းရှိ လွမ်းသူ အမှတ်တရ ခန်းဆောင်အထိတော့ လိုက်ပေးနိုင်ပါသည်။
သူမက ထိုသို့မေးလိုက်သဖြင့် ယွီဝိန်းလန်က အံ့ဩသွားပြီး ပြန်မေးသည်။
“လိုက်ချင်လို့လား”
ယန်ရှုက စိတ်ပါလက်ပါ ခေါင်းညိတ်ပြလိုက်သည်။
“အရှင်မင်းကြီးက လိုက်ခွင့်ပြုမှာလား”
[အမလေး အမလေး… ငါ့ရဲ့ မင်းကြီးလေးကို သနားလိုက်တာနော်။ သူ့ခမျာ ငယ်ငယ်ရွယ်ရွယ်နဲ့ မိခင်ကို ဆုံးရှုံးခဲ့ရရှာတယ်…။ ဒီမယ်တော်ကြီးရဲ့ရုပ် ဘယ်လို ရှိမယ်ဆိုတာတောင် မှတ်မိရဲ့လား မသိဘူး…။]
ယွီဝိန်းလန်မှာ ထိုသို့ ကြားလိုက်ရသည့်အခါ ဝမ်းနည်းသလိုလို ရယ်ချင်သလိုလို ခံစားမိလိုက်သည်။ သူ တစ်ခု နားမလည်သည်မှာ — အခုတလော ဘာလို့ ယန်ရှုက သူ့ကို မင်ကြီးလေး မင်းကြီးလေးနဲ့ ခေါ်နေရတာလဲ။
သို့သော်လည်း သူမ၏ ရိုသေ လေးစားတတ်မှုကို ခံစားလိုက်ရသဖြင့် ခေါင်းညိတ်ကာ လက်ခံလိုက်သည်။
“အင်း… ငါတို့ အတူတူ သွားရမယ်ဆိုရင် သိပ်ကောင်းတာပေါ့”
ဤသို့ဖြင့် သူက သူမ၏ လက်ကလေးကို ဆုပ်ကိုင်ကာ နှစ်ဦးသား အပြင်သို့ ထွက်လာခဲ့ကြတော့၏။
သူတို့နှစ်ယောက် နန်းဆောင်သို့ မကြာမီ ရောက်သွားကြသည်။
တော်ဝင်ကိုယ်လုပ်တော်ဟွေ့ ကွယ်လွန်သွားပြီးသည့်နောက် ရုံဖူနန်းဆောင်တွင် မည်သူမျှ မနေကြတော့ပေ။ ထို့ကြောင့် အသုံးအဆောင် ပစ္စည်းများမှာ နဂိုအတိုင်း ရှိနေတော့သည်။ ယွီဝိန်းလန် နန်းတက်သည့်အခါ အထူး ရဲမတ်များ ခန့်ကာ နန်းဆောင်ကို စောင့်ကြပ်စေသည်။
ဤကဲ့သို့ ကျုံးယွမ်ပွဲတော်နေ့မျိုးတွင် သူက အမွှေးတိုင် အနည်းငယ်မျှ လာရောက် ထွန်းညှိ၍ ဆုတောင်းပေးခြင်း လာလုပ်လေ့ ရှိသည်။
သူ့အနေနှင့် မွေးမိခင်၏ ရုပ်ရည်ကို မမှတ်မိသော်လည်း သူမက သူ့အား ဤလောကအတွင်းသို့ ခေါ်ဆောင်ပေးခဲ့သူ ဖြစ်သဖြင့် မေ့မပစ်နိုင်ပေ။
ယန်ရှု တွေးသလိုပင် သူ့တွင် ငယ်ကတည်းက စောင့်ရှောက်ပေးခဲ့သည့် မယ်တော်ကြီးလည်း ရှိသေးသည်။ သူ မည်မျှ မွေးမိခင်အား သတိရသည်ဖြစ်စေ စောင့်ရှောက်ပေးခဲ့သည့် မယ်တော်ကြီး၏ ခံစားချက်ကိုလည်း ထည့်တွက်ရသည်။ ထို့ကြောင့် လူမသိသာအောင် သာမန် အဝတ်အစားများ ဝတ်ကာ တိတ်တဆိတ် လာရောက်ရခြင်း ဖြစ်ပေသည်။
ခါတိုင်းဆိုလျှင် တစ်ယောက်တည်း လာရောက် ဆုတောင်းပြီး ပြန်လေ့ရှိသည်။
ယခုမူ အဖော်ပါလာပေပြီ…။
ရုံဖူနန်းဆောင်ရှေ့တွင် ယွီဝိန်းလန်က သူမအား သတိပေးသည်။
“ဒီနန်းဆောင်မှာ လူမနေတာ ကြာပြီမို့လို့ အငွေ့အသက်က ထိုင်းမှိုင်းနေသလို ဖြစ်နေလိမ့်မယ်…။ ငါကိုယ်တော် အထဲကို ဝင်သွားတဲ့အချိန် တော်ဝင်ကိုယ်လုပ်တော်က အပြင်မှာပဲ စောင့်နေလိုက်နော်”
မကျေနပ်ချင်သလိုလို ဖြစ်မိသော်လည်း ယန်ရှုက နားထောင်လိုက်ပြီး အပြင်၌ပင် နေခဲ့လိုက်သည်။ ဖုဟိုင်နှင့်အတူ ယွီဝိန်းလန် အတွင်းသို့ ဝင်သွားသောအခါ သူမက ရန်တုန်းနှင့်အတူ နန်းဆောင် အဝန်းအဝိုင်းအတွင်းသို့ လျှောက်သွားကြည့်တော့သည်။
လူသူကင်းမဲ့နေသည့် ပတ်ဝန်းကျင်မှာ သူမ၏ စိတ်ကို ထိခိုက်စေသည်။
[ဪ… ငါ့ရဲ့ မင်းကြီးလေး… သူ့အမေကို အခုလို အချိန်မျိုးမှာ သတိရနေရှာတယ်… မယ်တော်ကြီးကရော သူ့ရဲ့ ကွယ်လွန်သွားတဲ့ သားလေးကိုများ သတိရနေရှာမလား။]
ထိုသို့တွေးရင်း လက်က အလိုလို သူမ၏ ဝမ်းဗိုက်ကို ပွတ်သပ်လျက် လေသံဖြင့် ပြောလိုက်သည်။
“ကလေးလေးရေ… မင်း ကျန်းကျန်းမာမာ ရှိနေနော်… ပြီးရင် ဒီလောကကြီးထဲကို ဘေးကင်းကင်းနဲ့ ဝင်လာခဲ့…။ မေမေရော သားရော နှစ်ယောက်စလုံး ဘေးကင်းကင်းနဲ့ ကျန်းကျန်းမာမာ နေကြမယ်…!”
ထိုအခါ ရန်တုန်းက ဘေးမှ နေ၍ အားပေးသည်။
“သခင်မရော တော်ဝင် ရင်သွေးလေးရော နှစ်ယောက်စလုံးကို အားလုံးက ဆုတောင်းပေးနေတာပါ…။ အရာရာ အဆင်ပြေသွားမှာပါ”
ယန်ရှုက ခေါင်းညိတ်ပြလိုက်ပြီးနောက် ရုတ်တရက် တုန့်ခနဲ ရပ်သွားသည်။
သူမ၏ ဝမ်းထဲ၌ မသိမသာ လှုပ်ရှားမှု တစ်ခုကို ခံစားလိုက်ရသည်လေ…။
သူမ၏ တွေဝေသွားသည့် မျက်နှာကို မြင်လိုက်ရသည့် ရန်တုန်းက စိုးရိမ်စွာဖြင့် မေးလေသည်။
“သခင်မ… ဘာဖြစ်တာလဲ”
168 03
ယန်ရှုမှာ မယုံနိုင်စွာဖြင့် မျက်လုံးကို ပြူး၍ အသက်ကို ရဲရဲ မရှူရဲဘဲ ပြန်ပြောသည်။
“ငါ့… ကလေး… လှုပ်တယ် ထင်တယ်”
ရန်တုန်းမှာ ဆေးပညာ မတတ်သော်လည်း သမားတော်ကျန်းမှ သင်ပေးထားသဖြင့် ယခုလို ကြားလိုက်ရသည့်အခါ ပျော်သွားလေသည်။
“နန်းတွင်းသမားတော် ပြောဖူးတယ်…။ အဲဒီလို လှုပ်တတ်တဲ့ ကလေးက ကျန်းမာတယ်တဲ့… ပျော်လိုက်တော့ သခင်မ ရေ…”
ထိုစဉ်၌ပင် ယန်ရှုမှာ ရန်တုန်းပြောသည့် စကားကို ကြားလိုက်သည်။
[နန်းတွင်းသမားတော်က ပြောသေးတယ်… ကလေးလှုပ်တဲ့ အကြိမ်ရေကို နေ့တိုင်း ရေထားရမယ်တဲ့ … လွတ်သွားလို့ မဖြစ်ဘူး…]
ထိုစဉ် ယန်ရှုမှာ အံ့အားသင့်ကာ ကြောင်နေမိသည်။ “ပျော်လိုက်တော့ သခင်မရေ” ဟု ပြောပြီးနောက် ရန်တုန်း၏ ပါးစပ်မှာ ပိတ်ထားသည်ကို မြင်လိုက်ရသည်။ သို့ဆိုလျှင် ဘာကြောင့် သူမ ဆက်ပြောသည့် စကားများကို ထပ်ကြားနေရသနည်း။
ရန်တုန်းမှာ ပါးစပ်ပိတ်ထားသော်လည်း ယန်ရှု ကြားလိုက်ရသည့်အသံမှာ ရန်တုန်း၏ အသံဖြစ်ကြောင်း သေချာလေသည်။
ထိုသို့ တွေးကာ ကြောင်နေစဉ် ရန်တုန်း၏ စကားသံကို ဆက်ကြားရပြန်သည်။
[အိုး… ဒီနေ့က ကျုံးယွမ်ပွဲတော်ဆိုတော့ ငါ ထိုက်ယီ ရေကန်ကို ညဖက် သွားပြီး အဖေအမေတို့အတွက် မီးအိမ် သွားမျှောရင် ကောင်းမလား။ သခင်မကို ဘယ်လို ခွင့်တိုင်ရင် ကောင်းမလဲ။]
ယန်ရှု - “...”
အိပ်မက် မဟုတ်မှန်း သူမ ကိုယ် သူမ သေချာသိသည်။ ရန်တုန်း ပါးစပ် မဖွင့်တာလည်း သေချာသည်။
ဒါ ဘာဖြစ်တာလဲ။ ရန်တုန်းက ပါးစပ်မဖွင့်ဘဲ ရုပ်သေး သရုပ်ဆောင်တွေလို ပြောနေတာလား။
ဒီလောက် နှစ်တွေ အကြာကြီး အတူနေလာတာ…။ ရန်တုန်း ဒီလို လုပ်တတ်တာ သူလည်း မသိရပါလား။
စစ်စတန် - [နင် အခုလို ဖြစ်နေတာ သူများစိတ်တွေကို ဖတ်နိုင်နေလို့ လို့ မထင်ဘူးလား။]
ယန်ရှု - [ဘယ်လို။ စိတ်ဖတ်တယ်။ စစ်စတန်… ငါ သူများတွေရဲ့ စိတ်ကို ဖတ်နိုင်နေတယ်လို့ နင်ပြောချင်တာလား။]
စစ်စတန် - [ထင်တာပဲလေ… မဟုတ်ရင် နင်ဘယ်လိုလုပ် သူများတွေ စိတ်ထဲက ပြောနေတာကို နင်က ကြားရမလဲ။]
ယန်ရှု - [နေပါဦး… ကောက်ခါငင်ခါ ငါက ဘာဆိုင်လို့ စိတ်ဖတ်တဲ့ စွမ်းအင် လာရနေတာတုန်း။]
စစ်စတန် - [ငါလည်း အခုတော့ မပြောတတ်ဘူး… ဒါပေမဲ့ ထင်တာတော့ နင့်ရဲ့ ကိုယ်ဝန်ကြောင့်လို့ ထင်တာပဲ]
ယန်ရှုမှာ အံ့အားသင့်သွားမိသည်။ ကိုယ်ဝန်ကြောင့် ဟုတ်လား။
ပြန်တွေးကြည့်လိုက်သည့်အခါ ပထမဦးဆုံး ဗိုက်ထဲမှ ကလေးလေး လှုပ်သည်ကို ခံစားမိသည်…။ ပြီးနောက် စိတ်ဖတ်စွမ်းအင်က နောက်မှ ဆက်ပါလာသည်။ ကြည့်ရတာ ဗိုက်ထဲက ကလေးလေးနှင့် အပြည့်အဝ ပတ်သက်နေသည် ထင်သည်။
ထိုသို့ တွေးလိုက်သည့်အခါ သူမ၏ မျက်လုံးများ အရောင်တောက်လာပြီး သူမ၏ ဝမ်းကို ပွတ်သပ်လိုက်ကာ ပြောလိုက်သည်။
“ငါ့ သားလေးက တကယ့် ကံကောင်းမှုတွေ ဆောင်ယူလာမဲ့ ကလေးလေးပဲ!”
ရန်တုန်းမှာ ယန်ရှုအတွေးတွေကို မသိသဖြင့် ဘာကြောင့် ထိုသို့ ပြောမှန်း မသိသော်လည်း ထောက်ခံလေသည်။
“အမှန်ပါ့ … မင်းသားလေးက သခင်မလိုပဲ ကံကောင်းမှာပါ”
သို့သော် ယန်ရှု ဆက်ကာ ပြောလိုက်သည့် စကားကြောင့် ရန်တုန်းမှာ အံ့ဩ သွားရသည်။
“ညစာ စားပြီးရင် နင့် မိဘတွေအတွက် မီးအိမ် သွားမျှောချေ… လျန်ရှင်းကိုလည်း မေးလိုက်… တခြားသူတွေ လိုက်ချင်ရင်လည်း လိုက်ကြပါစေ…”
ထိုအခါ ရန်တုန်းက ကျေးဇူးတင်တော့သည်။
“ဟား… ကျေးဇူးပါ သခင်မ… ကျေးဇူးပါ သခင်မ…။ ကျွန်တော်မျိုးမ အလှည့်ကျ ဖြစ်အောင် စီစဉ်လိုက်ပါ့မယ်… သခင်မ နားမှာ ဘယ်သူမှ မကျန်လို့တော့ မဖြစ်ဘူး”
[ဟေး… ဒါမှ ငါတို့ သခင်မကွ… ငါတောင် ခွင့်တိုင်စရာ မလိုလိုက်ဘူး… သခင်မက ရိပ်များ ရိပ်မိသွားတာလား မသိဘူး… တော်လိုက်တာ]
ယန်ရှုမှာလည်း လွန်စွာ ကျေနပ်မိသည်။
ယခုလို စိတ်တွေကို ဖတ်နိုင်လျှင် သူမကို ဘယ်သူ ထိနိုင်ဦးမည်နည်း။
ထိုစဉ် ယွီဝိန်းလန်မှာ ဖုဟိုင်နှင့်အတူ ခန်းဆောင်အတွင်းမှ ပြန်ထွက်လာသည်။
ရန်တုန်း ပျော်နေသည်ကို မြင်လိုက်ရသဖြင့် သူက သိချင်စွာဖြင့် မေးလိုက်သည်။
“သူက ဘာဖြစ်နေတာတုန်း”
ယန်ရှုက သူမ၏ အစွမ်းနှင့် ကျေနပ်စိတ်ကို ဖုံးကွယ်လိုက်ပြီး ပြောလိုက်သည်။
“ဘာမှ မဟုတ်ပါဘူး… ကျွန်မက သူတို့လည်း ထိုက်ယီ ရေကန်မှာ မီးအိမ်မျှောချင်မှာပဲလို့ တွေးမိလို့ သူ့ ဆွေတော် မျိုးတော်တွေအတွက် ခွင့်ပြုလိုက်တာပါ… ဒီလောက်ထိ ပျော်သွားမယ်လို့ မထင်မိလိုက်ဘူး”
ထိုသို့ ကြားလိုက်သည့်အခါ ဖုဟိုင်က အလျင်အမြန် ဝင်ပြောသည်။
“တော်ဝင်ကိုယ်လုပ်တော်က အလွန် ကြင်နာတတ်ပါပေတယ်…။ အပျိုတော်ရန်တုန်းတော့ တကယ် ကံကောင်းတာပဲ”
168 04
သို့သော် ဖုဟိုင်၏ စိတ်ထဲတွင်မူ [အင်း… ပြောသာ ပြောရတာ… ငါလည်း မီးအိမ် မျှောချင်တာပဲ…။ အရှင်မင်းကြီးလည်း တော်ဝင်ကိုယ်လုပ်တော်ယီဆီကနေ နည်းယူလိုက်ရင် ကောင်းမှာ…]ဟု တွေးနေတော့သည်။
ယန်ရှုမှာ ထိုစကားများကို ကြားလိုက်မိသဖြင့် မနေနိုင်တော့ဘဲ မင်းကြီးကို ပြောတော့သည်။
“ဖုဟိုင်ရော သွားချင်နေမလား မသိဘူး…။ အရှင်မင်းကြီး ဖုဟိုင်ကိုလည်း ခွင့်ပြုပေးလိုက်ပါလား”
ဟီဟီဟီ… အခု ငါ့မှာ စိတ်ကို ဖတ်နိုင်နေပြီဆိုတော့ အားလုံးအတွက် အကောင်းဆုံး လုပ်ပေးနိုင်ပြီ…။ ဒီနေ့ အားလုံးကို သဘောကောင်းပစ်မယ်။
ယွီဝိန်းလန်မှာ အံ့ဩ တုန်လှုပ်သွားလေသည်။
သူ ဘာပြောလိုက်တယ်။
စိတ်ဖတ်တယ် ဟုတ်လား။
ဘာသဘောလဲ။ ဖုဟိုင် တွေးလိုက်တာကို ယန်ရှု ကြားတယ်ပေါ့။
ဒါဆို သူ တွေးနေတာတွေကိုရော။
ယန်ရှု အကုန်ကြားသလား။
ထိုသို့ တွေးရင်း ယွီဝိန်းလန်က ယန်ရှုအား မျက်လုံးပြူး၍ ကြည့်လိုက်မိလေသည်။
ထိုအခါ ယန်ရှုက သူ့အား မျက်လုံး မှိတ်ပြလိုက်သည်ကို တွေ့လိုက်ရသည်။ သူမ၏ စိတ်ထဲတွင်
[ဘာလုပ်နေတာလဲ။ ကျွန်မ ပြောတာ မကြားလိုက်ဘူးလား။ ခွင့်ပြုလိုက်တော့လေ…! မဟုတ်ရင် ဒီမှာ အရှက်ကွဲတော့မယ်…] ဟု တွေးနေသည်ကို ကြားလိုက်ရတော့သည်။
ယွီဝိန်းလန်မှာ စိတ်ထဲတွင် တွေးလိုက်မိသည်။ ထင်သည့်အတိုင်း သူ တွေးနေသည်ကိုတော့ ယန်ရှု မကြားရပေ။
ယခုမှ သူက အသိစိတ် ပြန်ဝင်လာပြီး ဖုဟိုင်အား ပြောလိုက်သည်။
“မောင်မင်းလည်း သွားချင်ရင် သွားပေါ့… ဒါပေမဲ့ လုပ်ရမဲ့ အလုပ်တွေကို မေ့ထားပြီး နှောင့်နှေးတာတွေ မဖြစ်စေနဲ့ဦး…”
ဖုဟိုင်၏ မျက်ဝန်းများတွင် အံ့ဩ ဝမ်းသာသွားသည်ကို သူ မြင်လိုက်ရသည်။
“အရှင်မင်းကြီးကို ကျွန်တော်မျိုး ကျေးဇူးတင်ပါတယ်”
[ဟား… ဒီနေ့တော့ တော်ဝင်ကိုယ်လုပ်တော်ရဲ့ ကျေးဇူးနဲ့ တောက်ပနေပြီ]
ယွီဝိန်းလန်မှာ ဘာမျှ မပြောနိုင်ဘဲ ယန်ရှုအား နောက်ထပ် ကြည့်မိလိုက်သည်။
သူမ၏ စိတ်ထဲတွင် တွေးနေသည်ကို ကြားလိုက်ရသည်။
[ဟီဟီ… ကိုယ်တွေကို အရမ်း လေးစားနေပြီ ထင်တယ်]
ထိုသို့ တွေးပြီးနောက် တဆက်တည်းပင် သူမက တွေးနေသည်။
[နေစမ်းပါဦး… အရှင်မင်းကြီး ဘာတွေ တွေးနေတယ်ကျတော့ ငါ မကြားရတာလဲ။]
ယွီဝိန်းလန် - [အမလေး… တော်ပါသေးရဲ့]
အခုမှပင် သူ့မှာ သက်ပြင်း ချမိတော့သည်။
ယန်ရှုမှာမူ စဉ်းစား မရဖြစ်နေတော့သည်။ သူမ နောက်တစ်ကြိမ် ထပ်ကြိုးစား နားထောင်ကြည့်သော်လည်း ယွီဝိန်းလန်၏ အတွေးများကို မကြားရပေ။
ထို့ကြောင့် စစ်စတန်အား ခေါ်၍ မေးကြည့်ရတော့သည်။
[ဘယ်လို ဖြစ်တာလဲ။ အရှင်မင်းကြီးရဲ့ အတွေးတွေကိုကျ ဘာလို့ ဖတ်မရတာလဲ။]
စစ်စတန် - [စစ်စတန်လည်း မတတ်နိုင်ပါ…။ ဧကရာဇ်မင်းကြီးကို ကိုယ်တွေလည်း ဘာမှ မလုပ်နိုင်တော့ဘူး ထင်ပါရဲ့…။ ကြည့်ရတာ သူက ကောင်းကင်ဘုံက ရွေးချယ်ထားတဲ့ ဧကရာဇ်မင်း စစ်စစ်မို့ သူ့ခန္ဓာကိုယ်ကို နဂါးမင်း အစွမ်းနဲ့ လွှမ်းခြုံ ကာကွယ် စောင့်ရှောက်ထားလို့များလား…]
ယန်ရှု - [...]
တကယ်ပဲ အဲဒီလောက်တောင် လျှို့ဝှက် ဆန်းကြယ်နေသလား။
သို့သော်လည်း သူမမှာ စစ်စတန် ပြောသလိုဖြစ်နိုင်သည်ဟု တွေးရုံကလွဲပြီး တခြားဘာမျှ မတွေးတတ်တော့ပေ။
ဟား… တော်သေးတာက အရှင်မင်းကြီးက စိတ်ချရတဲ့သူ ဖြစ်နေလို့ပဲ… မဟုတ်ရင်… စိတ်လည်း မချရဘူး။ နဂါးမင်း အစွမ်းကလည်း လွှမ်းခြုံ ကာကွယ်ထားသေးတယ်ဆိုရင် မလွယ်ဘူး…။
ယွီဝိန်းလန်မှာ စိတ်ထဲမှ နေ၍ ကျိတ် ခေါင်းညိတ်မိသည်။
ဒါပေါ့… ငါက ဘယ်သူလဲ… စိတ်ချ ရတဲ့ အားကိုးရတဲ့ ဧကရာဇ်မင်းကြီးပေါ့…။
~~
168 05
စိတ်ကို ဖတ်နိုင်သည့် အစွမ်းကြောင့် ယန်ရှုအဖို့ စာမျက်နှာ အသစ်များ ပွင့်သွားသလို ဖြစ်နေတော့သည်။
သူမ၏ နန်းဆောင်၌ပင် တညလုံး လက်တွေ့ စမ်းသပ်ကြည့်ပြီးနောက် နောက်တစ်နေ့တွင် စာရင်း၏ ထိပ်ဆုံးတွင် ရှိသည့် ဂိုဏ်းချုပ်ကြီးထံ သွားလည်တော့သည်။
နှစ်ယောက်သား ‘တော်ဝင်ကိုယ်လုပ်တော် ရှားကောင်း၏ မြင်းရထား’ ဟူသည့် ပန်းချီကားချပ်ကို ဝေဖန်သုံးသပ်ကြပြီးနောက် ယမန်နေ့က ကျုံးယွမ် ပွဲတော် အကြောင်း စကားစပ်မိပြီး ပြောကြလေသည်။
မယ်တော်ကြီးက သက်ပြင်းချ၍ ပြောသည်။
“အချိန်တွေ ကုန်တာ မြန်လိုက်တာ…။ မျက်စိတမှိတ်ပဲ ရှိသေးတယ်။ မကြာခင် ဆောင်းဦးရာသီတောင် ရောက်တော့မယ်…”
ယန်ရှုမှာ ခေါင်းကိုသာ ညိတ်ပြလိုက်သည်။ သူမက မယ်တော်ကြီး၏ စိတ်ထဲတွင် ပြောလိုက်သည့် စကားများကို ကြားလိုက်ရသည်။
[နန်းမြို့တော်ကြီးက လန်ယာထက် ပိုအေးတယ်…။ ဟိုလူ့မှာ အနွေးထည်ရော ရှိရဲ့လား မသိဘူး။ နွေရာသီတုန်းက လာပြီး သူ့ခမျာ ဒီမှာ နေဖို့ အစီအစဉ်မရှိဘဲ နေလိုက်ရရှာတာ]
ယန်ရှုမှာ တုံ့ခနဲ ဖြစ်သွားမိသည်။ ဟယ်… မယ်တော်ကြီးက ချီသခင်ကြီးအတွက် ပူနေတာလား။
အဟေးဟေး… ငါ့ရဲ့ စာရင်းထိပ်က ဆရာမကြီးနဲ့ ငါ့အိုင်ဒေါ… နေ့တိုင်းသာ မဆုံရတာ တစ်ယောက်နဲ့ တစ်ယောက်တော့ ပူပေးနေရှာသားပဲ…!
ထိုသို့ တွေးပြီးနောက် သူမက ခပ်သွက်သွက် ပြောလိုက်လေသည်။
“ဒါနဲ့ ကျွန်တော်မျိုးမ ကြားမိတာ ဒီနှစ် ဝါချည် အထွက်ကောင်းတယ်တဲ့…။ အဲဒါကြောင့် အရှင်မင်းကြီးက ဝါချည်တွေ ဈေးကျရင် တောင်သူ လယ်သမားတွေ နစ်နာမှာ စိတ်ပူလို့ နန်းတွင်းကနေ များများ ဝယ်ဖို့ အမိန့်ပေးထားပါတယ်…။ အဲဒီ ဝါချည်တွေထဲက တချို့ကို မင်းမှုထမ်း ဝတ်စုံတွေ ချုပ်ပြီး နန်းတွင်းထဲက လူတွေကို ခွဲဝေပေးနေပါတယ်…။ ကျန်တာတွေကိုလည်း အဝတ်အထည်ဌာနက တော်ဝင်ကျောင်းတော်နဲ့ သူ့လက်အောက်က ကျောင်းတော်တွေက ဆရာတွေနဲ့ ကျောင်းသားတွေ ဝတ်ဖို့ အနွေးအင်္ကျီတွေ ဆက်ချုပ်ပြီး ဖြန့်ဝေဖို့ စီစဉ်နေပါတယ်”
“ဟုတ်ပေတာပေါ့…”
မယ်တော်ကြီးမှာ မျက်နှာ ဝင်းပသွားပြီး ပြောလေသည်။
“အရှင်မင်းကြီးရဲ့ စိတ်ထားက ကောင်းလိုက်တာ… ဒီလိုလုပ်တာ သိပ်ကောင်းတာပဲ”
ယန်ရှုကလည်း ခေါင်းကို ခပ်သွက်သွက် ညိတ်ပြလိုက်သည်။ မယ်တော်ကြီး၏ စိတ်ထဲ၌မူ
[ဒီကောင်မလေးကတော့လေ… ငါ့ဗိုက်ထဲမှာ ရှိနေတဲ့ ပိုးကောင်ကျနေတာပဲ… ငါ တွေးနေသမျှကို အကုန် သိနေတော့တာလားဟဲ့…] ဟု တွေးနေသည်။
ယန်ရှုမှာ စိတ်ထဲမှ ပြန်ပြောလိုက်သည်။ အဲလိုတော့ မပြောပါနဲ့… ဗိုက်ထဲမှာ ပိုးကောင် ရှိနေတာ ဘယ်ကောင်းမှာလဲ။
ထိုသို့ တွေးပြီး ဆက်စဉ်းစားမိသည်။ သူမ၏ လုပ်နိုင်စွမ်းမှာ အကန့်အသတ် ရှိနေသဖြင့် သူမ၏ ဆရာမကြီးနှင့် အိုင်ဒေါတို့ နောက်တစ်ကြိမ် အမြန် ဆုံနိုင်အောင် လုပ်မှ ဖြစ်တော့မည်။
ထိုစဉ် သူမ၏ နားထဲတွင် အသံတစ်ခုကို ကြားလိုက်ရသည်။
[ဟင်း… ဒီကောင်မက မယ်တော်ကြီးကို လှည့်စားတဲ့ နေရာမှာ တော်တော်ကျွမ်းနေတဲ့ပုံပဲ…။ မနေ့တုန်းကလည်း အရှင်မင်းကြီးနဲ့အတူ တော်ဝင်ကိုယ်လုပ်တော် ဟွေ့ကို သွားကန်တော့တုန်းက လိုက်သွားသေးတယ်…။ ဒီနေ့ကျတော့ မယ်တော်ကြီးကို ဖားနေပြန်ပြီ…။ ဟန်ဆောင် ကောင်းချက်ကတော့…ပြောရရင် အရှင်မင်းကြီးကလည်း မယ်တော်ကြီးရဲ့ စေတနာ ဂရုဏာကို ထည့်မတွေးတတ်ဘူး…။ နှစ်ပေါင်း ဒီလောက်ကြာတာတောင် တော်ဝင်ကိုယ်လုပ်တော်ဟွေ့ဆီ သွားပြီး ဆုတောင်း ကန်တော့နေတုန်းပဲ…။ ဪ သနားစရာ မယ်တော်ကြီး… သူ့ခမျာ တသက်လုံး ဒီလိုပဲ နေသွားရတော့မယ် ထင်တယ်…။]
ယန်ရှုမှာ တုံ့ခနဲ ဖြစ်သွားပြီး အသံလာရာဖက်သို့ ကြည့်မိလိုက်ရာ မယ်တော်ကြီး၏ ဘေးတွင်ရပ်နေသည့် အမျိုးသမီးကျွမ်းကို မြင်လိုက်ရတော့သည်။
အမျိုးသမီးကျွမ်းမှာ သူမကို စိုက်ကြည့်နေသည်။
ယန်ရှုအနေဖြင့် အမျိုးသမီးကျွမ်းက သူမကို မနှစ်သက်နေတာ ကြာပြီမှန်းသိသော်လည်း စိတ်ဖတ်နိုင်သည့် စွမ်းအားကြောင့် စိတ်ထဲတွင် တကယ်ဖြစ်နေသည့် အတွေးများကို ယခုမှ ပထမဦးဆုံး ကြားဖူးတော့သည်။
အရှင်မင်းကြီးက သူ့မွေးမိခင်ကို မေ့မရတာ လူ့သဘာဝ မဟုတ်လားဟု စိတ်ထဲတွင် တွေးမိလိုက်သည်။ မယ်တော်ကြီးလည်း သူမ၏ လွန်လေပြီးသည့် ရင်နစ်သည်းခြာ သားတော်အား သတိရနေတာပဲ မဟုတ်လား။ သတိတရ တွေးမိတိုင်း မယ်တော်ကြီးလည်း ဝမ်းနည်းမိမှာ အမှန်ပင်…။
အဲဒီလို မွေးမိခင်ကို သတိရတာနဲ့ပဲ မယ်တော်ကြီးအပေါ် အရေးမစိုက်သည့်သူဟု မပြောသင့်ပေ။
တွေးရင်း သတိရလိုက်မိသည်။ အမျိုးသမီး ကျွမ်းမှာ မယ်တော်ကြီးအား အလွန် သစ္စာရှိသူဖြစ်သည့်အတွက် ဦးနှောက်ရှိသင့်သည် မဟုတ်လား…။
ထိုစဉ် စစ်စတန်က ဖြတ်ပြောလေသည်။
168 06
[တကယ်က သူက ကျိုးမိသားစုရဲ့ ချိန်အန်းကုန်း အပေါ် ပိုသစ္စာရှိတာ… အပေါ်ယံမှာတော့ သူက မယ်တော်ကြီးအတွက် စိတ်ပူသလို လုပ်နေပေမဲ့ သူ တကယ်ကြောက်နေတာက တခြားသူရဲ့ သားမြေးမြစ်တွေ အောင်မြင် ကြီးပွားလာမှာကို စိုးရိမ်နေတာ]
ယန်ရှု - [ ဘယ်လို။ ချိန်အန်းကုန်း ဆိုတဲ့ လူမိုက် အဘိုးကြီးလား။]
ထိုသို့ ယန်ရှု တွေးနေစဉ် အမျိုးသမီးကျွမ်းက ထပ်တွေးနေသည်။
[အရှင်မင်းကြီးက အခုထိ သူ့ကို နှစ်လလောက်ပဲ စောင့်ရှောက်သွားတဲ့ မအေကို သတိရနေတာ…။ တနေ့ကျရင် မယ်တော်ကြီးကို သူ ဂရုမစိုက်တော့ဘဲ နေလိမ့်မယ်… အဲဒီအခါကျရင် ကုံးသခင်ကြီးနဲ့ ကျိုးမိသားစုရဲ့ ဂုဏ်သိက္ခာဟာ နလန်ထူတော့မှာ မဟုတ်ဘူး… မယ်တော်ကြီးရယ်…။ ဘာကြောင့်များ ကိုယ့်အစ်ကိုအရင်းအတွက် မတွေးပေးရတာလဲ။]
ယန်ရှု - [...]
အဟက်… ငါ ထင်တောင် မထင်ထားဘူး…။ လူယုတ်ကြီး ချိန်အန်းကုန်း မှာ ဒီလောက် သစ္စာရှိနေတဲ့ နောက်လိုက် ရှိနေသေးတာကိုး…။
ထိုသို့ ပြောပြီးနောက် အမျိုးသမီးကျွမ်းက အဲဒီ အဘိုးကြီးကို ကြိုက်နေတာလား ဟု တွေးမိလိုက်သည်။
စစ်စတန် - [ဒါပေါ့… သူ့အတွက် ဒီဘိုးတော် တစ်ယောက်ပဲ ရင်ထဲမှာ ရှိနေတာ]
ယန်ရှု - “ဘယ်လို”
ဟဲ့… ဘယ်လို ခွေးဇာတ်တွေတုန်း။
******