အခန်း (၅၉-၆၀)
Vol. 6 Ch. 59-60
Chapter 59+60
~
အခန်း ၅၉+၆၀ : ကျောင်းမတက်ဖူးသော ဧကရီ...
~
ကျိုးယန်သည် သူတို့ကို ပိုက်ဆံချေးပေးထားသည့် ကျေးဇူးရှင်ဖြစ်ကြောင်း၊ သူမအတွက် အလုပ်ရှာပေးရန် တကူးတက ခေါ်ထားခြင်းဖြစ်ကြောင်း လင်းဖန်က အထပ်ထပ်အခါခါ ရှင်းပြပြီးနောက်မှသာ လုံယွဲ့သည် ထိုလူကို သတ်ပြီး အလောင်းဖျောက်မည့်အကြံကို လက်လျှော့ကာ ဧည့်ခန်း ဆိုဖာပေါ်တွင် ငြိမ်သက်စွာ ထိုင်လိုက်တော့သည်။
သူမ ထိုင်လိုက်သည်နှင့် ကျိုးယန်က မြူးကြွစွာဖြင့် ထပ်မံ အော်ဟစ်လိုက်ပြန်သည်။
" မရီးလောင်းလေး . . . မရီးနဲ့ လင်းဖန်က တကယ့်ကို လိုက်တာပဲ.."
လုံယွဲ့ .. " . . . "
လုံယွဲ့၏ ပါးပြင်လေးများ တုန်ခါသွားပြီး စိတ်ထဲတွင် ငြိမ်ကျသွားပြီဖြစ်သော လူသတ်ချင်သည့်စိတ်မှာ တဖန် ပြန်လည် တောက်လောင်လာပြန်သည်။ ဤသည်ကို မြင်လိုက်ရသသော လင်းဖန်က သူမ၏ လက်ကို အမြန်ပင် ဖိနှိပ်ထားလိုက်ရပြီး ကျိုးယန်ဘက်သို့ စကားလမ်းကြောင်း လွှဲလိုက်ရသည်။
"ဒါနဲ့ ယန်ကျိ . . . မင်းမှာ မိတ်ဆက်ပေးစရာ အလုပ်တစ်ခုခု ရှိလား.."
"အော် . . . မင်း အခုမှပဲ အမြင်မှန်ရတော့တယ်ပေါ့..ဝတ္ထုတွေ ဆက်မရေးတော့ဘူးလား.."
ကျိုးယန်က ဝမ်းသာအားရ မေးလိုက်သည်။ လင်းဖန်က ခေါင်းခါလိုက်ပြီး ..
" မင်း နားလည်မှု လွဲနေပြီ.. ငါ့အတွက် မဟုတ်ဘူး.. သူ့အတွက် သင့်တော်မယ့် အလုပ်တစ်ခုခု မိတ်ဆက်ပေးဖို့ ပြောတာ.."
ပြောပြောဆိုဆိုနှင့် လင်းဖန်က ဘေးနားက လုံယွဲ့ကို မေးထိုးပြလိုက်သည်။ ကျိုးယန်သည် လုံယွဲ့ကို ကြည့်ကာ သဘောပေါက်ပြီ ဆိုသည့် အမူအရာဖြင့် ရင်ဘတ်ကို ပုတ်ကာ အာမခံလိုက်သည်။
"မရီးအတွက် အလုပ်ရှာပေးဖို့လား.. စိတ်မပူနဲ့ .. ငါ့မှာ မိတ်ဆက်ပေးစရာ အလုပ်ကောင်းတွေ အများကြီး ရှိတယ်.."
ကျိုးယန်က မရီး ဟု တတွင်တွင် ခေါ်နေသဖြင့် လုံယွဲ့မှာ ဒေါသထွက်လွန်း၍ လက်သီးလေးများကို ကျစ်ကျစ်ပါအောင် ဆုပ်ထားမိသည်။ သို့သော်လည်း ဒီလူက ငါ့ကို အလုပ်ရှာပေးဖို့ လာတာ . . . သတ်လို့ မရသေးဘူး . . . လောလောဆယ်တော့ မသတ်သေးဘူး ဟု စိတ်ထဲတွင် အကြိမ်ကြိမ် အောက်မေ့ကာ အောင့်အည်း သည်းခံနေရ၏။
" အဲ . . . မရီးက ရုံးသုံး ဆော့ဖ်ဝဲလ်တွေ သုံးတတ်လား.. ဥပမာ ဇယားတွေဆွဲတာ.. အချက်အလက်တွေ စုစည်းတာမျိုးပေါ့.."
ကျိုးယန်က မေးလိုက်သည်။
"အမ်. . . ရုံးသုံး . . . "
လုံယွဲ့၏ မျက်နှာမှာ ဗလာနတ္ထိ ဖြစ်သွားပြီး လင်းဖန်ကို ဇဝေဇဝါဖြင့် လှည့်ကြည့်လိုက်သည်။ သူမသည် ဤကမ္ဘာအကြောင်း အတော်များများ သိပြီဟု ထင်ထားခဲ့သော်လည်း ကျိုးယန် စကားစလိုက်သည်နှင့် သူမ ဆွံ့အသွားရသည်။ ဤမျှ မြင့်မားသော ဝေါဟာရမျိုးကို သူမ တစ်ခါမှ မကြားဖူးပါချေ။
" ယန်ကျိ . . . သူက ကွန်ပျူတာတွေနဲ့ တစ်ခါမှ မထိတွေ့ဖူးဘူး.. ဒါတွေ သူ နားမလည်ဘူး.."
လင်းဖန်က လုံယွဲ့ကိုယ်စား ရှင်းပြလိုက်သည်။
ယခုခေတ် ကောလိပ်ကျောင်းသားများပင်လျှင် ရုံးသုံး ဆော့ဖ်ဝဲလ်များကို ကျွမ်းကျင်စွာ သုံးနိုင်သူ ရှားလှရာ သူမဆိုလျှင် ပြောနေစရာပင် မလိုတော့ချေ။ လောလောဆယ်တွင် သူမသည် ဖုန်းဖြင့် အစားအသောက် မှာယူတတ်ရုံနှင့် အွန်လိုင်းမှ ပစ္စည်းဝယ်တတ်ရုံသာ ရှိသေးသည်။ တခြား ဖုန်းအက်ပလီကေးရှင်းများကိုပင် အနည်းငယ်သာ နားလည်သေးရာ ကွန်ပျူတာဖြင့် အလုပ်လုပ်ရန် ဆိုသည်မှာ သူမအတွက် တကယ့်ကို ခက်ခဲသော ကိစ္စပင် ဖြစ်သည်။
"အော် . . . ဟုတ်သားပဲ.."
လုံယွဲ့ ကွန်ပျူတာ နားမလည်သည်ကို ကျိုးယန် သိပ်တော့ မအံ့သြပေ။ ယခုခေတ်တွင် ကွန်ပျူတာနှင့် သိပ်မထိတွေ့ဖူးသော မိန်းကလေးများစွာ ရှိတတ်သည်။ အချို့ဆိုလျှင် တက္ကသိုလ် ရောက်မှသာ ကွန်ပျူတာကို ပထမဆုံး ကိုင်ဖူးကြသူများလည်း ရှိရာ သူ သိပ်မထူးဆန်းတော့။
ကျိုးယန် ခဏ စဉ်းစားပြီးနောက် တစ်ခုခုကို သတိရသွားပုံရပြီး မျက်လုံးများ ဝင်းလက်လာကာ ထပ်မံ မိတ်ဆက်ပေးပြန်သည်။
"ငါ့ဦးလေး ကုမ္ပဏီမှာ အချက်အလက် ထိန်းသိမ်းရမယ့်သူ တစ်ယောက် လိုနေတယ်..မရီး လုပ်ရမှာက အချက်အလက် ဖိုင်တွေကို ပရင်တာ ထုတ်ပေးဖို့..အစည်းအဝေး မတိုင်ခင် စာရွက်စာတမ်းတွေ ဝေပေးဖို့.. ပရိုဂျက်တာ ကြိုဖွင့်ထားဖို့နဲ့ အစည်းအဝေးအတွက် ပြင်ဆင်စရာရှိတာတွေ ပြင်ဆင်ဖို့ပဲ.. ဘယ်လိုလဲ.."
"ပရင်တာ ထုတ်တာ . . . ပရိုဂျက်တာ . . . "
လုံယွဲ့ မျက်မှောင်လေး ကြုတ်သွားပြီး လင်းဖန်ကို အားကိုးတကြီး ပြန်ကြည့်ပြန်သည်။ လင်းဖန်မှာ မတတ်သာတော့ဘဲ ကျိုးယန်ကို ထပ်မံ ရှင်းပြရတော့သည်။
"ယန်ကျိ . . . ကွန်ပျူတာ တစ်ခုတည်း မဟုတ်ဘူး.. သူက တခြား အီလက်ထရွန်နစ် ပစ္စည်းတွေနဲ့ ပတ်သက်ရင်လည်း လုံးဝ ဗလာပဲ.. တီဗီကြည့်တာနဲ့ ဖုန်းသုံးတာကိုတောင် အခုမှ သင်နေရတုန်း . . ."
"တခြား ပိုလွယ်တဲ့ အလုပ်မျိုးရော မရှိဘူးလား.."
" ဟမ် . . . "
ကျိုးယန်မှာ ပါးစပ်အဟောင်းသားနှင့် လုံယွဲ့ကို မယုံကြည်နိုင်စွာ ကြည့်နေမိသည်။ ၂၁ ရာစု ရောက်နေပြီ ဖြစ်သော်လည်း ကလေးငယ်များပင် ဖုန်းဖြင့် ကစားတတ်နေကြလေပြီ။ တီဗီကြည့်တာနှင့် ဖုန်းသုံးတာကို ယခုမှ သင်နေရသည့် လူသား ရှိနေသေးသည်လော။
'မရီးသည် အရင်က တကယ့်ကို ခေါင်တဲ့ နေရာမှာ နေခဲ့တာ ဖြစ်ရမယ်..မရီးကို ကြည့်ရတာ စံပြ အရှေ့တိုင်း အလှလေးလည်းဖြစ်တယ်..တရုတ်စကားလည်း ပြောတက်တယ်ဆိုတော့ အာဖရိကတိုက် တောခေါင်ခေါင် တစ်နေရာကနေ ခိုးဝင်လာတဲ့သူနဲ့လည်း မတူဘူး..'
အီလက်ထရွန်နစ် ပစ္စည်းများ နားမလည်ခြင်းမှာ သက်သောင့်သက်သာရှိသော ရုံးအလုပ်များစွာကို လက်ပြနှုတ်ဆက်လိုက်ရခြင်းပင် ဖြစ်သည်။ သို့သော် မိမိ၏ မရီးလောင်းအတွက် အလုပ်ရှာပေးခြင်း ဖြစ်ရာ ပင်ပန်းလွန်းသည့် အလုပ်မျိုးကိုလည်း သူ မရှာပေးချင်ပေ။
ကျိုးယန် မျက်မှောင်ကြုတ်ကာ စဉ်းစားနေပြီးမှ တစ်ခုခုကို သတိရသွားကာ မေးလိုက်သည်။
"ဒါဆို မရီး . . . လက်ရေးရော လှလား.."
"ငါ့အမေတို့ဘက်မှာ တစ်ခါတလေ လူမလောက်လို့ စာရွက်စာတမ်းတွေ ကူရေးပေးဖို့ လူလိုနေတယ်..သိပ်တော့ မခက်ခဲဘူး ..လက်ရေးလှဖို့ပဲ လိုတာ.."
"ဒါဆိုရင်တော့ ငါ လုပ်နိုင်တယ်.."
လုံယွဲ့၏ မျက်လုံးများ ဝင်းလက်သွားပြီး ဧည့်ခန်းထဲတွင် ဘောပင်နှင့် စာရွက်အလွတ်ကို အမြန်ရှာကာ ကျွမ်းကျင်စွာဖြင့် စာရေးပြလိုက်သည်။ အကြာကြီး စောင့်ဆိုင်းပြီးနောက် သူမ ကျွမ်းကျင်သည့် နယ်ပယ်သို့ နောက်ဆုံးတွင် ရောက်ရှိလာပြီ မဟုတ်ပါလော။
ကျိုးယန်သည် မျှော်လင့်ချက်အပြည့်ဖြင့် ခေါင်းပြူကြည့်လိုက်သည်။ သို့သော် လုံယွဲ့က စာရွက်ပေါ်တွင် တစ်ချက်ချင်း ရေးခြစ်လိုက်သည်နှင့် သူ၏ မျက်နှာပေါ်က မျှော်လင့်ချက်များမှာ အံ့သြတုန်လှုပ်မှုအဖြစ်သို့ ချက်ချင်း ပြောင်းလဲသွားတော့သည်။
သူမ ရေးလိုက်သည့် စာသားများမှာ မလှပ၍ မဟုတ်ပေ။ ဆန့်ကျင်ဘက် အနေဖြင့် သူမ၏ လက်ရေးမှာ နဂါးပျံနေသကဲ့သို့၊ ဟင်္သာငှက်များကခုန်နေသကဲ့သို့ အလွန်ပင် ကျော့ရှင်းလှပလှသည်။ သို့သော် ပြဿနာမှာ . . . ထိုစာသားများမှာ တရုတ်စာလုံးများနှင့် လုံးဝ မတူခြင်းပင် ဖြစ်သည်။ ကောလိပ်ကျောင်းသား တစ်ယောက်အနေဖြင့် သူ တစ်လုံးမှ နားမလည်ပါချေ။
"ဘယ်လိုလဲ . . ."
လုံယွဲ့သည် စာရွက်ကို မြှောက်ပြကာ ယုံကြည်မှုအပြည့်ဖြင့် မေးလိုက်သည်။ တခြားအရာတွေကို သူမ မပြောရဲသော်လည်း လက်ရေးနှင့် ပတ်သက်လျှင်တော့ သူမ ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှု အပြည့်ရှိသည်။ ဂျီရှန်းထျန်းကုန်း၏ ဧကရီတစ်ပါးအနေဖြင့် စာရွက်စာတမ်းများကို စစ်ဆေးအတည်ပြုရလေ့ရှိရာ စာရေးခြင်းမှာ သူမအတွက် ဘာမှ မဟုတ်ပေ။ အင်မော်တယ် နယ်မြေတွင် သူမ၏ လက်ရေးကို မြင်ဖူးသူတိုင်းက ချီးကျူးခဲ့ကြသည် မဟုတ်ပါလော။
ကျိုးယန် အနားသို့ တိုးကြည့်ပြီးမှ စာရွက်ပေါ်က စာသားများကို လက်ညှိုးထိုးကာ အားနာနာဖြင့် ပြောလိုက်သည်။
"အဲ . . . မရီး လက်ရေးကတော့ တကယ်လှပါတယ်.. ဒါပေမဲ့ မရီး ရေးထားတာတွေကို ငါဘာလို့ တစ်လုံးမှ နားမလည်တာလဲ.."
"တရုတ်စာလုံးတွေနဲ့တော့ နည်းနည်း ဆင်သလိုလိုပဲ ..ဒါပေမဲ့ မဟုတ်ဘူး.. ဒါ ဘယ်ဒေသအသုံးလဲ.."
"အင်မော်တယ် အက္ခရာ လေ . . ."
လုံယွဲ့က ခေါင်းကို မော့ကာ ဂုဏ်ယူဝင့်ကြွားသော အမူအရာဖြင့် ဖြေလိုက်သည်။
၎င်းသည် ရှေးဟောင်း တရုတ်စာနှင့် ဆင်တူသော်လည်း ပို၍ ခက်ခဲနက်နဲကာ ရှုပ်ထွေးလှသည်။ သာမန်လူသားများ မရေးနိုင်ခြင်းမှာ အင်မော်တယ် မျိုးနွယ်၏ မြင့်မြတ်သော အဆင့်အတန်းကို ဖော်ပြခြင်းပင် ဖြစ်သည်။
"အင်မော်တယ် အက္ခရာ . . . "
ကျိုးယန် ကြောင်အမ်းအမ်း ဖြစ်သွားပြီး ဘာပြန်ပြောရမှန်း မသိတော့ပေ။ ငယ်စဉ်ကတည်းက သူ မြင်ဖူးသမျှမှာ ပုံမှန်စာလုံး၊ သီချင်းစာလုံး၊ ရုံးသုံးစာလုံး စသည်ဖြင့် ရှိသော်လည်း အင်မော်တယ် အက္ခရာ ဆိုသည်မှာ ယခုမှ ပထမဆုံး ကြားဖူးခြင်း ဖြစ်သည်။
လင်းဖန်ကတော့ သက်ပြင်းတစ်ချက်ကို အသာချလိုက်ရင်း ဒီလို ဖြစ်လာမယ်ဆိုတာ ငါ သိသားပဲ ဆိုသည့် အမူအရာမျိုး လုပ်လိုက်သည်။ အင်မော်တယ် နယ်မြေတွင် ကိုယ်ပိုင် အက္ခရာစနစ် ရှိသည်ကို သူ ကြားဖူးသည်မှာ ကြာပြီဖြစ်သည်။ လုံယွဲ့သည် ငယ်စဉ်ကတည်းက အင်မော်တယ် နယ်မြေတွင် ကြီးပြင်းခဲ့သူ ဖြစ်ရာ သူမ သင်ယူခဲ့သမျှမှာ အင်မော်တယ် အက္ခရာများသာ ဖြစ်ပေလိမ့်မည်။
သူမသည် ဤကမ္ဘာသို့ ရောက်လာသည်မှာ တစ်လသာ ရှိသေးရာ ဤကမ္ဘာအပေါ် သူမ၏ နားလည်မှုမှာ ကလေးသူငယ်တစ်ယောက် ကဲ့သို့ပင် ။ လောလောဆယ်တွင် သူမသည် သူဝယ်ပေးထားသော အဘိဓာန်ကို ကြည့်ကာ စာလုံးပေါင်းသတ်ပုံများကို သင်ယူနေရဆဲ ဖြစ်သည်။ စာတစ်လုံးကို ရိုက်နိုင်ရန်ပင် အချိန်အတော်ကြာအောင် စာလုံးပေါင်းနေရသူ ဖြစ်ရာ စာရွက်စာတမ်းတွေ ဘယ်လိုလုပ် ရေးနိုင်ပါမည်နည်း။
"ယန်ကျိ . . . တကယ်တော့ မင်းရဲ့ မရီးက ကျောင်းမနေဖူးဘူးကွာ.. သူ စာကို သေသေချာချာ မရေးတတ်သေးဘူး .. အခုမှ အခြေခံကို သင်နေတုန်းမို့လို့ပါ . . .”
လင်းဖန်က ကျိုးယန်၏ နားနားသို့ ကပ်ကာ တိုးတိုးလေး ရှင်းပြလိုက်သည်။
ကျိုးယန်...."..."
ကျိုးယန်မှာ ထပ်မံ အံ့အားသင့်သွားရပြန်သည်။ သူသည် လုံယွဲ့ကို ကြည့်လိုက်သောအခါ ရှားပါးမျိုးစိတ်တစ်ခုကို ကြည့်နေသကဲ့သို့ ဖြစ်နေသည်။
' မရီးက အီလက်ထရွန်နစ် ပစ္စည်းတွေ မသိရုံတင်မကဘဲ ကျောင်းတောင် မနေဖူးဘူးတဲ့လား...'
အွန်လိုင်းပေါ်တွင် စနောက်လေ့ရှိသော ကိုးနှစ်တာ မသင်မနေရ ပညာရေးကနေ လွတ်မြောက်သွားတဲ့ ငါး ဆိုသည့် စကားမှာ ဟာသသက်သက်ဟု သူ ထင်ခဲ့သော်လည်း ယခုတော့ လက်တွေ့တွင် တစ်ယောက် ရှိနေလေပြီ။ ထိုလူကလည်း မိမိ၏ မရီးလောင်း ဖြစ်နေပြန်၏။
ကျောင်းလည်း မနေဖူး၊ အီလက်ထရွန်နစ် ပစ္စည်းတွေလည်း လုံးဝ နားမလည် . . . ဒါဆို သူ ဘာအလုပ် လုပ်နိုင်မှာလဲ . . .။