← Chapters

အခန်း (၁၆၉-၁၇၁)

Vol. 12 Ch. 169-171

အခန်း (၁၆၉-၁၇၁)

Vol. 12 Ch. 169-171

169 01

Chapter 169

ဒီအမျိုးသမီးရဲ့ ဇာတ်လမ်းကို စိတ်ဝင်စားသော်လည်း နည်းနည်းတော့ ထူးဆန်းနေသလို ခံစားရသည်။

ယန်ရှုက စစ်စတန်ကို မေးလိုက်သည်။

[အဲဒါက ဘယ်လိုဖြစ်ရတာလဲ။ ဘာလို့ အမျိုးသမီးကျွမ်းက ချိန်အန်းကုန်းဆိုတဲ့ လူမိုက်ကြီးနဲ့ ငြိရတာလဲ။]

ထိုအခါ စစ်စတန်က ပြ‌န်ပြောလေသည်။

[ဒီအဖြစ်အပျက်တွေက လွန်ခဲ့တဲ့ အနှစ် ၃၀ လောက်က ဖြစ်ခဲ့တာတွေပါ… သိတဲ့အတိုင်းပဲ ကျိုးမိသားစု ဆိုတာက အကြီးကြီးလေ…။ ချိန်အန်းကုန်းက အမြဲ မကောင်းတဲ့ ကိစ္စတွေမှာ မွေ့လျော်တဲ့လူ… ဟိုးငယ်ငယ်လေးကတည်းက မိန်းမ လိုက်စားတာ…။ လက်ထပ်ရမဲ့ အရွယ်မရောက်ခင်မှာကိုပဲ အိမ်စေတွေ တော်တော်များများနဲ့ ရွခဲ့တာ… အဲဒါတောင်မှ အားမရသေးတော့ သူ့အစ်မရဲ့ အစေခံတွေနဲ့ပါ ရှုပ်ဖို့ ကြိုးစားသေးတာ… သူ့အစ်မဆိုတာက တခြားသူမဟုတ်ဘူး။ မယ်တော်ကြီးပေါ့… ဒါပေမဲ့ မယ်တော်ကြီးက သူ့ အစေခံတွေကို အမြဲ ထိန်းကွပ် သင်ကြားပေးတဲ့သူဆိုတော့ မယ်တော်ကြီးအနားက အိမ်စေတွေက တွေးတတ်ကြတယ်…]

[မယ်တော်ကြီးက အဲဒီလူကို ကဲချင်တိုင်း ကဲခွင့် ဘယ်ပေးမလဲ။ ဒီလူရဲ့ အချိုးတွေကို သိသွားတဲ့အခါ ပြင်းပြင်းထန်ထန် သတိပေးပြီး ထိန်းပေးဖို့ အဖေနဲ့ အမေကိုလည်း တိုင်တယ်…။ ဒါပေမဲ့လည်း ချိန်အန်းကုန်းဆိုတဲ့လူက အပေါ်ယံမှာသာ နားထောင်ချင်ယောင် ဆောင်တာ…။ အတွင်းမှာကျတော့ ကလန် ကဆန် လုပ်တတ်တယ်…။ သူ့အစ်မက တားလေလေ သူက ပိုလုပ်ချင်လေလေပဲ…။ တစ်နေ့ နေ့လည်ခင်း စံအိမ်တော်မှာ လူသိပ်မရှိတဲ့အချိန် အမျိုးသမီးကျွမ်းနဲ့ ငြိသွားတယ်…။]

ယန်ရှုမှာ အနည်းငယ် အံ့ဩသွားမိသည်။

[နေဦး… အမျိုးသမီးကျွမ်းက ကြောက်လို့ လက်ခံတာရော မဖြစ်နိုင်ဘူးလား။ သူ မယ်တော်ကြီးကို မတိုင်ဘူးလား။]

စစ်စတန် - [ဘယ့်နှယ်…။ မတိုင်ဘူးလေ… အဲဒီနေ့တွေမှာ သတိရှိတဲ့ မယ်တော်ကြီးက သူ့ဘာသာသူ ရိပ်မိပြီး သိသွားတာ…။ သိသွားတော့ အမျိုးသမီးကျွမ်းကို မေးရော… အဲဒီအမျိုးသမီးကလည်း ဟိုလူယုတ်ကို ကာပြီး ပြောတယ်…။ အဲဒီအချိန်ကနေ စပြီး ချိန်အန်းကုန်းကို ဒီမိန်းမက အရမ်းကို မွှန်သွားပြီး ဒီလူကြီးရဲ့ လက်ကနေ ရုန်းမထွက်နိုင်တော့ဘူး…။]

ယန်ရှု - [ ဘယ်လိုကြီးတုန်း။ ကိုယ့်ကို စော်ကားတဲ့သူကိုမှ ကြိုက်ရတယ်လို့… စတော့ဟုမ်း ရောဂါလိုပါပဲလား…]

စစ်စတန် - [အင်း… အဲဒီရောဂါလောက် နီးနီးပါပဲ]

ယန်ရှု အတွေးထဲတွင် ရှုပ်ယှက်ခက်နေသဖြင့် ထပ်မေးလိုက်သည်။

[နေပါဦး… အဲဒီ ချိန်အန်းကုန်းက ငယ်စဉ်တုန်းကနေ အခု အသက်ကြီးတဲ့အချိန်အထိ… မိန်းမတွေ အများကြီးနဲ့လည်း ငြိခဲ့မှာပေါ့… အဲဒါတောင် အမျိုးသမီးကျွမ်းက သူ့ကို မမုန်းဘူးလား။]

စစ်စတန် - [မမုန်းတာတော့ နင့် အမြင်ပဲ…။ အခုချိန်ထိ ဟိုလူယုတ် အဘိုးကြီးအတွက် ကြိုးစားနေတုန်း…။ မယ်တော်ကြီးကိုပါ သူ့ရောဂါထဲ ဆွဲသွင်းပြီး အဘိုးကြီးဖက် လိုက်စေချင်နေသေးတာ…။]

ယန်ရှု - [ကြည့်ရတာ အမျိုးသမီးကျွမ်းရဲ့ ရောဂါက ကျွမ်းနေပြီထင်ပါရဲ့]

ချစ်စရာရှားလို့ ချိန်အန်းကုန်းလို လူမျိုးကိုမှ ချစ်မိတယ်တဲ့… ပြီးတော့ တခြားသူတွေအတွက်တောင် ထည့်မစဉ်းစားတော့ဘဲ ဒီအဘိုးကြီးအတွက် သစ္စာရှိရှိ ကြိုးစားပေးနေလိုက်သေး…။

မယ်တော်ကြီးက သူတို့မိသားစုအတွက် အများကြီး လုပ်ပေးခဲ့တာ မဟုတ်လား။

အရှင်မင်းကြီးကလည်း ချိန်အန်း အိမ်တော်အတွက် မျက်နှာမပျက်အောင် ကူညီပေးတယ်မဟုတ်လား။

အဲဒါတောင် ယန်ရှု မင်းကြီးနဲ့အတူ သူ့မွေးမိခင်ကို သွားကန်တော့တာကို အပြစ်ပြောနေရတာလဲ။ ဒီလောက်တောင် မုန်းနေဖို့ လိုအပ်လို့လား။

ဒါနဲ့ နေစမ်းပါဦး… ယန်ရှု အရှင်မင်းကြီးနဲ့အတူ တော်ဝင်ကိုယ်လုပ်တော်ဟွေ့ကို သွားကန်တော့တာကို အမျိုးသမီးကျွမ်းက ဘယ်လိုလုပ် သိနေရတာလဲ။

စစ်စတန် - [နင် ခန့်မှန်းကြည့်လေ…]

ယန်ရှု - [အင်း… ဒီမိန်းမက ငါနဲ့ အရှင်မင်းကြီးနောက်ကို နောက်ကနေ လိုက်ကြည့်ဖို့ လူယုံတစ်ယောက် လွှတ်ထားတာလား။]

စစ်စတန် - [အင်းပေါ့… အဲဒီ နည်း တစ်နည်းပဲ ရှိတယ်…။]

ယန်ရှုမှာ ရွံရှာစိတ်ပင် ဖြစ်မိသည်။

အမျိုးသမီးကျွမ်းက ရူးပါ ရူးနေပြီလား။ ဘာလို့ ဒီလိုမျိုး လုပ်ရဲရတာလဲ။

ဒီကိစ္စတွေကို မယ်တော်ကြီး မသိအောင် ဖုံးကွယ်တတ်လိုက်တာနော်….။ ငါ့ရဲ့ ဖရဲသီးစားတဲ့ စစ်စတန်ကြောင့်သာ မဟုတ်ရင် စာရင်းထိပ်က မယ်တော်ကြီး ဒီဖြစ်ရပ်တွေကို သိဖို့ အခွင့်အရေး လုံးဝ ရှိတော့မှာမဟုတ်ဘူး…။

ယန်ရှုမှာ စိတ်ထဲအတွင် အတန်ငယ် ဒေါသ ဖြစ်မိသည်။ ထို့ကြောင့် လက်ဖက်ရည်ကြမ်းခွက်ကို ကောက်ကိုင်လိုက်ပြီး သောက်ရန် ပြင်လိုက်လေသည်။

ထိုအချိန်၌ပင် စစ်စတန် ထံမှ အချက်ပေးသံကို ကြားလိုက်ရသည်။

[အဲဒီ ခွက်ရဲ့ ထောင့်စွန်းတွေမှာ ကြက်ဆူဆီ သုတ်ထားတယ်… နင့်လို ကိုယ်ဝန်သည် သောက်မိရင် နေထိုင်မကောင်း ဖြစ်လိမ့်မယ်…။]

ဘာ။

ယန်ရှုမှာ ထိတ်လန့်သွားပြီး ငြိမ်သွားမိသည်။

169 02

သူမ ထိုသို့ဖြစ်သွားသည်မှာ သိသာသွားသဖြင့် မယ်တော်ကြီးက သတိထားမိသွားပြီး မေးလေသည်။

“ဘာဖြစ်တာလဲ… တော်ဝင်ကိုယ်လုပ်တော်”

ထိုအခါ ယန်ရှုက အကြံတစ်ခုရသွားသဖြင့် လက်ကိုဆန့်ကာ ပါးစပ်ကို အုပ်လိုက်ပြီး အော့အန်ချင်ယောင်ဆောင်ကာ ပြောလိုက်သည်။

“တော်ဝင်ကိုယ်လုပ်တော် ကောက်ခါငင်ခါ နေမကောင်းသလို ဖြစ်လာလို့ပါ…”

ထိုအခါ မယ်တော်ကြီးက အလျင်အမြန်ပင် ပြောတော့သည်။

“ဟယ်… သုံးလတောင် ရှိနေပြီ အခုထိ နေလို့ မကောင်းဖြစ်နေသေးတာလား။ နန်းတွင်း သမားတော်တွေ နေ့တိုင်း သွေးကြောလာစမ်းကြရဲ့လား”

ယန်ရှု ပြန်မပြောမီ ရန်တုန်းက ခေါင်းကိုညိတ်ကာ ခပ်သွက်သွက် ဝင်ဖြေလေသည်။

“မယ်တော်ကြီးကို လျှောက်တင်ပါတယ်… သမားတော် ကျန်းက နေ့တိုင်း သွေးကြော လာစမ်းပေးပါတယ်… မနေ့ကတင်ပဲ သခင်မရဲ့ ကလေးလှုပ်နေပါသေးတယ်… သမားတော်ကျန်းက အားလုံး ပုံမှန်ပဲ လို့ ပြောပါတယ်”

ထိုသို့ ကြားသည့်အခါ မယ်တော်ကြီးက ခေါင်းကို ညိတ်လိုက်သည်။ သို့သော် နည်းနည်း နားမလည်သလို ဖြစ်နေသေးသည်။

“ဒါဆို… အခုက ဘာဖြစ်တာလဲ”

ထိုသို့ မေးလိုက်သည့်အခါ ယန်ရှုက အတန်ငယ် သက်သာသွားသယောင် ဟန်ဆောင်လိုက်ပြီး ဝမ်းဗိုက်ကို လက်ဖြင့် သပ်ကာ တောင်းပန်သည့် လေသံဖြင့် ပြန်ဖြေသည်။

“ဘာဖြစ်သလဲတော့ တော်ဝင်ကိုယ်လုပ်တော်လည်း မသိပါဘူး… ခုနလေးတင် လက်ဖက်ရည်ကြမ်းကို သောက်လိုက်ရုံပဲ ရှိသေးတယ်…။ အနံ့မကောင်းသလို ခံစားရပြီး ထ ဖြစ်တာပဲ…။ တော်ဝင်ကိုယ်လုပ်တော်ကပဲ စိတ်ထဲ အလွန်အကျွန်တွေ တွေးမိနေလို့ မယ်တော်ကြီး စိတ်ပူအောင် လုပ်မိသလို ဖြစ်သွားတယ် ထင်ပါတယ်…”

အနံ့အသက် မကောင်းဘူး ဟုတ်လား။

မယ်တော်ကြီးမှာ ထိုသို့ ကြားလိုက်သည့်အခါ တုံ့ခနဲ ဖြစ်သွားသည်။ နှုတ်မှ ဘာမျှ မပြောသော်လည်း သူမ၏ စိတ်ထဲတွင် သံသယတချို့ ဝင်လာသည်။

[လက်ဖက်ရည်ကြမ်းက ဘာအနံ့ မကောင်းစရာ ရှိလဲ။ ဒါ တစ်ယောက်ယောက် လက်ချက်လား။]

ယန်ရှုက ကျိတ်နားထောင်ရင်း အဟုတ်ပဲဟု ထောက်ခံနေသည်။

ထိုစဉ် မယ်တော်ကြီးက ပြောသည်။

“ကဲပါလေ… တော်ဝင်ကိုယ်လုပ်တော်လည်း အပြင်ထွက်တာ ကြာနေလို့ နောက်တောင်ကျနေပြီ…။ နန်းဆောင်ကို ပြန်ပြီး အနားယူလိုက်ဦး”

သူမက နာခံလိုက်ပြီး မတ်တပ်ရပ်ရန်အတွက် ရန်တုန်းအား လာတွဲခိုင်းလိုက်သည်။ ထို့နောက် မယ်တော်ကြီးအား အရိုအသေပေးပြီးနောက် စီအန်းနန်းဆောင်မှ ပြန်လာလိုက်သည်။

လက်ဖက်ရည်ကြမ်းခွက်တွင် ကြက်ဆူဆီ သုတ်ထားသည်မှာ မည်သူ့ လက်ချက်ဟု အဝေးကြီး ခန့်မှန်းကြည့်စရာပင် မလိုချေ။

ခန်းဆောင် တံခါးဝသို့ ခြေချလိုက်ချိန်မှာပင် အမျိုးသမီးကျွမ်း၏ စိတ်ထဲမှ စိုးရိမ်စွာဖြင့် တွေးလိုက်သံကို လှမ်းကြားလိုက်ရသည်။

[ဒီကောင်မ တကယ် နေမကောင်းတာရော ဟုတ်ရဲ့လား။ ခွက်မှာ ငါနည်းနည်းပဲ သုတ်လိုက်တာကို သူက အနံ့ရသွားသေးတာလား။]

ယန်ရှုမှာ တိတ်တဆိတ် နားထောင်ရင်း စိတ်ထဲမှ တွေးလိုက်မိသည်။

ဒီမိန်းမကြီးတော့ သေချင်နေတာလားမသိဘူး…၊ ငါက တမင် နန်းဆောင်မှာ မနေဘဲ ရှောင်ထွက်လာပေးတာ…။ ပြောရရင် ငါသာ ဒီကိစ္စကို ကြီးကြီးကျယ်ကျယ် ထလုပ်လိုက်ရင် အရှင်မင်းကြီးက ဒီမိန်းမကြီးကို သေဒဏ်တောင် ချနိုင်လောက်တယ်။

မယ်တော်ကြီး၏ အပါးတော်မြဲ ဖြစ်နေ၍ ပို၍ စိတ်မကောင်းဖြစ်မိသည်။

ပြဿနာ အကြီးအကျယ် ဖြစ်လျှင် မယ်တော်ကြီး ထိခိုက်မှာကို စိုးမိသည်။

ထို့ကြောင့် သူမအနေဖြင့် မယ်တော်ကြီး သတိထားမိအောင်သာ အသိပေးလိုက်ပြီး ကိုယ်တိုင် စစ်ဆေးနိုင်ရန် လမ်းကြောင်း ဖွင့်ပေးလိုက်ခြင်းဖြစ်သည်။

ယန်ရှု ခန်းမဆောင် အပြင်သို့ ရောက်သွားသည့်အခါ အမျိုးသမီးကျွမ်းက အစေခံများကို ခေါ်ပြီး ယန်ရှု အသုံးပြုသွားသည့် ခွက်နှင့် ပန်းကန်တို့ကို ရှင်းခိုင်းသံကို ကြားလိုက်ရသည်။

ထိုစဉ် မယ်တော်ကြီးက ခွက်များကို မရှင်းရန် မိန့်လိုက်သံကို ကြားလိုက်ရသည်။

မယ်တော်ကြီးက ဒေါသကို ထိန်းကာ ပြောသည်။

“လက်ဖက်ရည်ခန်းထဲက တာဝန်ကျတဲ့သူတွေကို ခေါ်လိုက်စမ်း”

အမျိုးသမီးကျွမ်းမှာ တွန့်ဆုတ်မိသလို ဖြစ်သွားသော်လည်း မငြင်းဆန်နိုင်သဖြင့် သွားခေါ်ရလေသည်။

မကြာမီ နန်းတွင်း အစေခံ အပျိုတော်နှစ်ယောက် ဖြစ်သည့် မေ့ရွှယ်နှင့် တန်းရွှမ်တို့ ခန်းဆောင်မအတွင်းသို့ ဝင်လာကြသည်။

သူတို့ နှစ်ယောက် အရိုအသေးပေးပြီးသည့်အခါ မယ်တော်ကြီးက မေးလေသည်။

“ဒီနေ့ လက်ဖက်ရည်ကြမ်း ဘယ်သူပြင်တာလဲ”

မေ့ရွှမ်က အလျင်အမြန် ပြန်ဖြေသည်။

“မယ်တော်ကြီးကို လျှောက်တင်ပါတယ်… ကျွန်တော်မျိုးမ ဒီနေ့ လက်ဖက်ရည် ပြင်တာပါ”

မယ်တော်ကြီးက တည်တည်ငြိမ်ငြိမ်ဖြင့် ဆက်မေးသည်။

169 03

“တော်ဝင်ကိုယ်လုပ်တော်ယီအတွက် ဘယ်လို လက်ဖက်ရည်မျိုးကို ပြင်ပေးတာလဲ”

မေ့ရွှယ်က အလျင်အမြန် ပြန်ဖြေသည်။

“ကျွန်တော်မျိုးမတို့ တော်ဝင်ကိုယ်လုပ်တော်ယီအတွက် တော်ဝင်ကိုယ်လုပ်တော်ယီ ကြိုက်တတ်တဲ့ လျူအန်းလက်ဖက်ရည်မျိုး ပြင်ပေးတာပါ”

တန်းရွှမ် ကလည်း ခေါင်းညိတ်ကာ ထောက်ခံသည်။ သူမ၏ မျက်နှာထားမှာ အပြစ်ကင်းနေသည်။

ထိုအဖြေများကို ကြားလိုက်သည့်အခါ မယ်တော်ကြီးက ယန်ရှု ထိုင်သွားသည့်နေရာကို လှမ်းညွှန်ပြပြီး ပြောသည်။

“အဲဒီမှာ လက်ဖက်ရည်က ဘာဖြစ်နေတာလဲ သွားကြည့်ကြည့်ကြစမ်း”

အပျိုတော်နှစ်ယောက်အတူတူ မယ်တော်ကြီး ညွှန်ပြရာ နေရာသို့ သွားကြ၍ လက်ဖက်ရည်ခွက်ကို သေချာ စစ်ဆေးကြည့်ကြတော့သည်။

မကြာမီ မေ့ရွှယ်က ရုတ်တရက် ထပြောလေသည်။

“မယ်တော်ကြီး… ဒီခွက်ရဲ့ ထောင့်စွန်းနားမှာ ဆီတွေလားမသိဘူး… တွေ့ပါတယ်”

တန်းရွှမ်က သူမ၏ လက်ဖြင့် ခွက်ကို သုတ်ယူလိုက်ပြီးနောက် အသေအချာ စစ်ကြည့်ကာ ပြောလေသည်။

“ဟုတ်တယ် မယ်တော်ကြီး… ဆီတွေ”

ထိုအခါ မယ်တော်ကြီး၏ မျက်နှာထားမှာ တင်းမာလာပြီး ထပ်မေးလေသည်။

“ဒီ လက်ဖက်ရည်ခွက်ကို ယူလာတော့ တခြား ဘယ်သူကိုင်သေးလဲ”

မေ့ရွှယ်က အလျင်အမြန် ဒူးထောက် ကာ ပြန်ဖြေသည်။

“မယ်တော်ကြီးကို လျှောက်တင်ပါတယ်… ကျွန်တော်မျိုးမတို့ နှစ်ယောက်ကိုယ်တိုင် အမျိုးသမီးကျွမ်းရဲ့ လက်ထဲကို ခန်းဆောင် အဝမှာ ထည့်ပေးလိုက်တာပါ…။ တခြား ဘယ်သူမှ မကိုင်ပါဘူး…”

လက်ဖက်ရည်ခွက်များ ချပေးသူမှာ အမျိုးသမီးကျွမ်း ဖြစ်သည်ကို မယ်တော်ကြီးလည်း သိသည်။ ထို့ကြောင့် အပျိုတော်နှစ်ယောက် ထိုသို့ လျှောက်တင်သည်ကို ကြားလိုက်သည်နှင့် အမျိုးသမီးကျွမ်းဖက်သို့ ချက်ခြင်း လှည့်ကြည့်လိုက်တော့သည်။

ထိုအချိန်၌ ကြည့်သည့် သူမ၏ မျက်လုံးများမှာ ဓါးသွားတစ်လက်ကဲ့သို့ အေးစက် တင်းမာနေသည်။

အမျိုးသမီးကျွမ်းမှာ တခဏမျှ တွန့်ဆုတ်တွေဝေသွားပြီးနောက် ဒူးထောက်က ‌ပြောလေတော့သည်။

“ကျွန်တော်မျိုးမကို အထင်မလွဲပါနဲ့…”

မယ်တော်ကြီးက နှာခေါင်းကို ရှုံ့လိုက်ပြီး ပြောတော့သည်။

“အိုက်ကျားက နင့်ကို နှင်မထုတ်မိခဲ့တာ သိပ်မှားတာပဲ…။ ဒီနေ့ကစပြီး အိုက်ကျားအနေနဲ့ နင့်ကို ယုံကြည်ချင်စိတ် မရှိတော့ဘူး”

ထိုသို့ ပြောလိုက်သည်ကို ကြားလိုက်ရသည့်အခါ အမျိုးသမီးကျွမ်းမှာ မျက်ရည်များပင် ကျလာပြီး ပြောတော့သည်။

“မယ်တော်ကြီး ကျွန်တော်မျိုးမကို အထင်လွဲနေတာပါ…။ မယ်တော်ကြီးရဲ့ အနားမှာ ကျွန်တော်မျိုးမ အစဉ်အမြဲ ရှိနေပေးခဲ့တာပါ။ မနေ့က ရုန်ဖူ နန်းဆောင်မှာ တော်ဝင်ကိုယ်လုပ်တော်ဟွေ့ကို အရှင်မင်းကြီး သွားကန်တော့တော့ တော်ဝင်ကိုယ်လုပ်တော်ယီ လိုက်သွားတာကို မယ်တော်ကြီး သိပါရဲ့လား။ မယ်တော်ကြီးက တော်ဝင်ကိုယ်လုပ်တော်ယီကို ကိုယ်ဝန်နဲ့မို့ ညှာတာပြီး အနားယူခိုင်းနေပေမဲ့ ဟိုက အရှင်မင်းကြီးနဲ့အတူ ဟိုသွား ဒီသွား လုပ်နိုင်နေတယ်ဆိုတာ သိပါရဲ့လား။ ဒီမိန်းမ မယ်တော်ကြီးကို ဘယ်လိုတောင် သိမ်းသွင်းထားတာလဲ မသိတော့ပါဘူး…”

ထိုအခါ မယ်တော်ကြီးက မျက်မှောင်ကြုတ်လိုက်ပြီး ပြောလေသည်။

“အဲဒါနဲ့ပဲ နင်က အရှင်မင်းကြီးရဲ့ သားတော်ကို ထိခိုက်အောင် လုပ်တယ်ပေါ့။ နင် ရူးနေတာလား”

ထိုသို့ မေးခွန်းထုတ်လိုက်သော်လည်း အမျိုးသမီးကျွမ်းက သူ့အမှားကို လက်မခံချေ။

“မယ်တော်ကြီး သိအောင် လျှောက်တင်ပါရစေ…။ ကျွန်တော်မျိုးမ ခွက်အစွန်ထောင့်မှာ သုတ်လိုက်တဲ့ ကြက်ဆူဆီက နည်းနည်းလေးပါ…။ တော်ဝင်ကိုယ်လုပ်တော်ယီရဲ့ ပါးစပ်ထဲ ဝင်သွားရင်တောင် နည်းနည်းလေးပဲ ဝင်မှာပါ…။ အလွန်ဆုံး ဗိုက်နာ ရုံလောက်ပေါ့… အရှင်မင်းကြီးရဲ့ သားတော်လေးကို မထိခိုက်ပါဘူး”

ဘယ်လို… ဘယ်လို။

နည်းနည်းလေးတဲ့ ဟုတ်လား။

ထိုစကားများကို ကြားလိုက်သည့်အခါ မယ်တော်ကြီးမှာ ဒေါသူပုန် ထတော့သည်။

“တော်ဝင်ကိုယ်လုပ်တော်မှာ ကိုယ်ဝန်က တဖြည်းဖြည်းရင့်လာပြီ…။ နည်းနည်းလေး ဂရုမစိုက်လိုက်တာနဲ့ ထိလွယ်ရှလွယ်ဖြစ်နေပြီ…။ အဲဒါကိုတောင် နင်က ခပ်ပေါ့ပေါ့ ပြောထွက်ရဲတယ်ပေါ့… နင် တကယ်ရူးနေပြီလား”

ထိုအခါ အမျိုးသမီးကျွမ်းမှာ ထပ်မံ ငိုချလိုက်ပြန်သည်။

“ဟိုနန်းဆောင်ကို သွားလို့ တော်ဝင်ကိုယ်လုပ်တော်ယီကို ကျွန်တော်မျိုးမက ပညာပေးချင်ရုံ သက်သက်ပါ…။ မယ်တော်ကြီးကို ရှေ့လျှောက် ကြောက်ရွံ့ရိုသေနေအောင် လုပ်ပေးတာပါ…။ ရှေ့လျှောက် စကားနားမထောင်တာမျိုး လုပ်မလာအောင် ပညာပေးလိုက်တာပါ”

မယ်တော်ကြီးမှာ ဘာပြောရမယ်မှန်း မသိလောက်အောင်ပင် ဆွံ့အ နေမိတော့သည်။ သူမမှာ မျက်စိအစုံကို မှိတ်၍သာ သက်ပြင်းချလိုက်တော့သည်။

169 04

“သူတို့ အဲဒီကိုသွားတာ သဘာဝပဲ မဟုတ်ဘူးလား။ တော်ဝင်ကိုယ်လုပ်တော် ဟွေ့ဟာ အရှင်မင်းကြီးရဲ့ မွေးမိခင်ပဲလေ…။ အရှင်မင်းကြီးက သူ့မွေးမိခင်ကိုတောင် လေးစားမှု သတိရမှု မရှိဘူးဆိုရင် အိုက်ကျားကိုရော တလေးတစားရှိနေမယ် ဂရုစိုက်နေမယ်လို့ နင် ထင်သလား။ ပြီးတော့ တော်ဝင်ကိုယ်လုပ်တော်ယီက မင်းကြီးရဲ့ ဇနီးပဲ…။ ဇနီးဖြစ်သူက ကိုယ့်ခင်ပွန်းအပေါ် တလေးတစား ပြုမူတာကို နင်က လက်မခံဘူးလား။ နင့်အသက်ရှင် နေထိုင်လာတာ ဆယ်စုနှစ်ပေါင်း မနည်းတော့ဘူး။… ဘာတွေ တွေးပြီး ဘယ်လိုတွေ လုပ်နေတာလဲ”

အမျိုးသမီးကျွမ်းမှာ ငို၍ပင် မဆုံးတော့ချေ။

“ကျွန်တော်မျိုးမအတွက်ကတော့ အဲဒီဆယ်စုနှစ်တွေကလည်း တစ်ရက်လောက်ပဲ ကြာတယ်လို့ ခံစားရပါတယ်… ။အချိန်ပြည့် မယ်တော်ကြီးနဲ့ ကျိုးမိသားစု အကျိုးအတွက်ပဲ ရင်ထဲမှာ တွေးနေပါတယ်…”

မယ်တော်ကြီးက ခေါင်းကို ရမ်းလိုက်ပြီး ပြောသည်။

“နင်သာ အိုက်ကျားအတွက်ပဲ တကယ် တွေးပေးနေရင် ဒါမျိုး လုပ်မှာကို မဟုတ်ဘူး”

မယ်တော်ကြီးမှာ သက်ပြင်းကို နောက်တစ်ကြိမ် ထပ်ချလိုက်ပြီး ပြောလိုက်သည်။

“ကဲပါလေ… နင်က ကျိုးမိသားစုအကျိုးကို လုပ်ပေးချင်နေမှတော့ အဲဒီကိုပဲ ပြန်လိုက်ပါတော့”

ထိုသို့ ကြားလိုက်ရသည့်အခါ အမျိုးသမီးကျွမ်းမှာ မိမိနားကို မိမိ မယုံနိုင်လောက်အောင် ဖြစ်သွားလေတော့သတည်း။

~~~

ထိုနေ့ ညနေခင်းတွင် စစ်စတန်မှ အသိပေးလာသည်ကို ယန်ရှု ကြားလိုက်ရသည်။

မယ်တော်ကြီးမှာ အမျိုးသမီးကျွမ်း ကျန်းမာရေး ချို့ယွင်းလာသည်ဟု သတင်းလွှင့်၍ သူမကို ချိန်အန်း အိမ်တော်သို့ ပြန်လွှတ်လိုက်သည်တဲ့…။

ယန်ရှုမှာ မျက်ခုံးကို ပင့်လိုက်မိတော့သည်။ မယ်တော်ကြီး ဘယ်သူမှန်းတောင် သိသွားပြီပေါ့။

အမျိုးသမီးကျွမ်းကို ကျိုးအိမ်တော်သို့ ပြန်ပို့ရန်အတွက်ပင် မယ်တော်ကြီးအတွက် ခက်ခဲမည်ကို သူမ နားလည်မိသည်။

ပြောရလျှင် အမျိုးသမီးကျွမ်းမှာ မယ်တော်ကြီး အားကိုးရသည့် အပါးတော်မြဲဖြစ်သဖြင့် ကိစ္စကြီး တစ်ခုခု ဖြစ်သွားပါက လူတွေက သို့လော သို့လော တွေးကြတော့မည်ဖြစ်သည်။

မည်သို့ပင်ဖြစ်စေ ယခု ဒီမိန်းမလည်း နန်းတွင်းထဲရှိ သူမကို နှောင့်ယှက်နိုင်တော့မည် မဟုတ်ပေ။

နောက်ဆက်တွဲ ဖြစ်လာသမျှကိုလည်း ယန်ရှု အနေနှင့် ကောင်းသည်ဟု ထင်မိသည်။

အခုဆိုရင် စတော့ဟုမ်း ရောဂါသည် အမျိုးသမီးကျွမ်းလည်း သူ့ဘိုးတော်ကို နေ့တိုင်း မြင်နိုင်သွားပြီ…။ အဲဒီ လူယုတ်ကြီး ကိုယ်လုပ်တော်တွေနဲ့ ပျော်မြူးနေတာတွေ… ဧည့်ခန်းမထဲမှာ မူးရူးသောက်စားနေတာတွေ တစ်နေကုန် ထိုင်ကြည့်နေရတဲ့ ဒဏ်ကို ဘယ်လောက် သည်းခံနိုင်မလဲ ကြည့်သေးတာပေါ့…။

ပြောရရင် အဲဒီ မိန်းမ၏ အတွေး ခံယူချက်ကို နားကို မလည်ပေ။

ထိုသို့ တွေးတောနေစဉ် နန်းဆောင်အတွင်းမှ အစေခံများက ညစာ ပြင်ပြီးကြောင်း ပြောလာသည်။

ယန်ရှုမှာ ဗိုက်ဆာနေသဖြင့် လက်ကို ဆေးကြောပြီးနောက် စားရန် ပြင်လိုက်သည်။

ညစာ စားပွဲကို ကြည့်လိုက်သည့်အခါ သူမ စားချင်သည့် အစားအသောက်များချည်း ဖြစ်နေသည်ကို တွေ့လိုက်ရသည်။ ဂဏန်း အစပ်ဟင်း၊ ငရုတ်ကောင်းလှော် ကြက်ဥဟင်း၊ ပန်းအသားလွှာ ဟင်း၊ ဆိတ်သား အစပ်ချက် စသည်တို့ ဖြစ်လေသည်။

မနက်ခင်းပိုင်း ပျို့ချင် အန်ချင်သလို နည်းနည်းဖြစ်ပြီးနောက် သူမအနေဖြင့် အရသာ ပြင်းသည့် အစားအသောက်များ၊ ချဉ်ချဉ်စပ်စပ် ကြက်ဥ ဘဲဥဟင်းများကို စားချင်စိတ်ဖြစ်နေမိသည်။ ထိုသို့သော အရသာ မရှိလျှင် ဘာမျှ မစားချင်သလို ဖြစ်နေတော့သည်။

ဤသို့ဖြင့် ထမင်းစားပွဲတွင်ထိုင်၍ တူကိုကိုင်ကာ စတင်၍ ဗိုက်ဖြည့်ရန် ပြင်လိုက်စဉ် နန်းဆောင် အဝင်ဝမှ ကြေညာသံကို ကြားလိုက်ရသည်။

“အရှင်မင်းကြီး ကြွချီ လာပါပြီ”

ဟင်… မင်းကြီး လာတယ်။

ယန်ရှုမှာ သူမ၏ လက်ထဲမှ တူကို ချလိုက်ပြီး မတ်တပ် ထရပ်လိုက်သည်။ ပြီးနောက် တံခါးအဝသို့ သွားကာ ကြိုဆိုလိုက်သည်။

“တော်ဝင်ကိုယ်လုပ်တော် အရှင်မင်းကြီးကို ကြိုဆိုပါတယ်”

ယွီဝိန်းလန်က သက်ပြင်းကို ချလိုက်ပြီး ပြောလိုက်သည်။

169 05

“အရမ်း တရိုတသေ လုပ်နေစရာ မလိုပါဘူး။ တော်ဝင်ကိုယ်လုပ်တော်ရဲ့”

ထိုသို့ပြောပြီးနောက် နှစ်ဦးသား ထမင်းစားပွဲဆီသို့ အတူ လျှောက်လာကြသည်။

အခုမှပဲ စားရတော့မယ် ဟု ယန်ရှုက စိတ်ထဲ၌ ပြောလိုက်ပြီးနောက် ချထားသည့် တူကို ကောက်ကိုင်လိုက်သည်။

မင်းကြီးမှာ စားသောက်ခြင်း မရှိဘဲ စိုးရိမ်စိတ်ဖြင့် မေးလေသည်။

“မယ်တော်ကြီးက အမျိုးသမီး ကျွမ်းကို နန်းတော်ကနေ ထွက်ခိုင်းလိုက်တယ်လို့ ကြားတယ်…။ ဘာဖြစ်တာလဲ မင်းသိလား”

ယန်ရှုမှာ လက်ထဲမှ တူကို ပြန်ချလိုက်ရပြန်သည်။ ထို့နောက် သူ၏ နား အနားသို့ ကပ်ကာ ဖြစ်ပျက်သမျှ အလုံးစုံကို တီးတိုးပြောပြလိုက်သည်။

ထိုစကားများကို ကြားလိုက်သည့်အခါ ယွီဝိန်းလန်မှာ မျက်မှောင်ကို ကြုတ်လိုက်မိတော့သည်။

“ဒီလိုတွေတောင် ဖြစ်သွားတာလား။ အခုလို လုပ်တာက နည်းနည်း သက်ညှာပေးလိုက်သလို ဖြစ်မနေဘူးလား”

သို့သော် ထိုသို့ပြောလိုက်သည့်အခါ စူးစမ်းသည့် အသံများ သူတို့နှစ်ယောက်၏ နားထဲသို့ တိုးဝင်လာတော့သည်။

[ဘာကိစ္စ ဖြစ်တာလဲ။ ဘာတွေ ဖြစ်နေတာလဲ။ တော်ဝင်ကိုယ်လုပ်တော်က ကျယ်ကျယ်ပြောတာ မဟုတ်ဘူး…။ ငါတို့လည်း သိချင်တာပေါ့]

[ငါထင်သလို အမျိုးသမီးကျွမ်းက မဟုတ်တာ တစ်ခုခုများ လုပ်မိလို့ အနှင်ထုတ်ခံရတာများလား။ ဟား… ဘာတွေ မဟုတ်တာ လုပ်မိလို့လဲ။ အရှင်မရေ… ကြားရအောင် ကျယ်ကျယ်လေး ပြောပေးပါလား!]

ယွီဝိန်းလန် - “...”

ယန်ရှု - “...”

သူမမှာ အနားတွင် ရှိနေသည့် အစေခံများကို လက်ဝှေ့ယမ်းက အပြင်သို့ ထွက်စေဖို့သာ တတ်နိုင်တော့သည်။ စိတ်အတွင်း၌မူ နင်တို့ သိချင်စိတ် ဖြစ်သွားအောင် လုပ်မိတာ တောင်းပန်ပါတယ်ဟယ် ဟု ပြောနေမိတော့သည်။

ခန်းဆောင်အတွင်း၌ ဘယ်သူမှ မကျန်တော့သည့်အခါ သူမက ယွီဝိန်းလန်အား ပြောလိုက်သည်။

“ကျွန်မက တွေးလိုက်တာက… တကယ်လို့ ပြဿနာ အကြီးကြီး ဖြစ်သွားရင် မယ်တော်ကြီးကို ထိခိုက်သွားမှာ စိုးမိတယ်လေ…။ ဟုတ်တယ်လေ… အခုကိစ္စမှာ မယ်တော်ကြီးက အပြစ်မှ မရှိတာ”

ထိုအခါ ယွီဝိန်းလန်က သက်ပြင်းချလိုက်မိသည်။

“အမလေး… မင်းလေးလို ကြင်နာတတ်တဲ့ စိတ်ဓါတ်ပိုင်ရှင်မျိုးက တကယ်ရှားတာပဲ”

ပြီးတော့ သူမလို အစွမ်းရှိနေသည်ကလည်း တကယ်ရှားလှပေသည်။

ထိုသို့ပြောရင်း သူက လက်ကို ဆန့်တန်းလိုက်ပြီး သူမ၏ ဝမ်းဗိုက်ကို ကိုင်လိုက်မိသည်။

ပြောတောင် မပြောတတ်တော့ဘူး…။ မယ်တော်ကြီးရဲ့ အနားမှာ ဘယ်လို လူမျိုးတွေများ ဝိုင်းနေပါလိမ့်နော်။

ထိုသို့ တွေးမိလိုက်သည်ကို ကိုယ့်ကိုယ်ကို သတိတောင် မထားမိလိုက်ပေ…။ သို့သော် ယန်ရှု စိတ်ထဲမှ နေ၍ ပြောလိုက်သည်ကို သူ ကြားလိုက်ရတော့သည်။

[ဟယ်… ဟယ်… ငါကြားလိုက်တယ်…။ ငါကြားလိုက်တယ်… ။မင်းကြီး “မယ်တော်ကြီး အနားမှာ ဘယ်လိုလူတွေ ဝိုင်းနေတာလဲ မသိဘူး” လို့ပြောလိုက်တာ ငါ ကြားလိုက်တယ်ဟဲ့]

ယွီဝိန်းလန်မှာ လန့်သွားပြီး မသိမသာ လိုက်ကြည့်လိုက်ရာ သူမ၏ ဝမ်းဗိုက်ကို ထိထားသည့် သူ့လက်ကို သတိပြုမိသွားလေသည်။

ထို့ကြောင့် သူက လက်ကို လွှတ်လိုက်ပြီး ဆက်နားထောင်ကြည့်လိုက်သည်။

ထိုအခါ ယန်ရှုက ဆက်တွေးနေပြန်သည်။

[ဟင်… အခုကျတော့ ဘာလို့ မကြားရတော့ ပြန်တာလဲ…။]

ထိုအခါ သူက သက်ပြင်းတစ်ချက် ကျိတ်ချလိုက်မိသည်။ စိတ်ထဲ၌လည်း သူ့ရဲ့ ဗိုက်ကို ထိမိတာကြောင့် နားထောင်လို့ ရသွားတာလား ဟု တွေးမိလေသည်။

ဖြစ်နိုင်တယ်…။

ဒါပေမဲ့… ဘာလို့ အဲဒီလို ဖြစ်သွားရတာလဲ။

ဗိုက်ထဲက ကောင်လေးကြောင့်လား။

ဒီကောင်လေးက သူ့ရင်သွေး…။ အဲဒါကြောင့်မို့လို့ သူ့ရဲ့ စိတ်ဖတ်တဲ့ အစွမ်းကို အမွေ ရသွားတာလား။ အဲဒါကြောင့် ယန်ရှုကလည်း ကောင်လေးကနေ တဆင့် စိတ်ကို ဖတ်နိုင်နေတာလား။

အဲဒါဆို သူက ဗိုက်ကို ထိထားပြီး ယန်ရှု ကြားအောင် ပြောလို့ရပြီပေါ့ အဲဒီလိုလား။

ထိုသို့ တွေးမိပြီးသည့်အခါ ယွီဝိန်းလန်၏ စိတ်ထဲတွင် ဂုဏ်ယူမိသလိုလို သားတော်အား ချစ်စိတ် ဝင်မိသလိုလို ခံစားသွားရသဖြင့် မြူးသွားမိသည်။

သို့သော် မကြာမီ ဝမ်းနည်း စိတ် ဝင်လာမိပြန်သည်။

ဒါဆိုရင် နောက်ဆိုရင်တော့ ဗိုက်ကို ထိလည်း မကြားရတော့ဘူးလား။

ဒါဆို ဘယ်လိုလုပ်ရမလဲ။

ထိုသို့ တွေးရင်း စိတ်ဓါတ်ကျနေစဉ် ယန်ရှု စဉ်းစားနေသံကို ကြားလိုက်ရပြန်သည်။

[ဘာလို့ ခုဏတုန်းက တစ်ခါပဲ ကြားရတာလဲ။ ဘယ်လိုဖြစ်တာလဲ။ ဘယ်လို လုပ်မှ ကြားရတာလဲမသိ။]

ထိုအခါ ယွီဝိန်းလန်မှာ နည်းနည်း လန့်လာ၍ အလျင်အမြန်ပင် စကားလမ်းကြောင်း လွှဲလေတော့သည်။

169 06

“ကဲပါ… စားစရာတွေ အေးကုန်တာ့မယ်… စားရအောင်”

ထိုသို့ပြောရင်း သူမ၏ ပန်းကန်အတွင်းသို့ ဆိတ်သားဟင်းကို ယူ၍ ထည့်ပေးလိုက်သည်။

ယန်ရှုမှာမူ သက်ပြင်းကို ချလိုက်ရင်း တွေးနေသည်များကို မေ့လိုက်ပြီး အစားအသောက်ကိုသာ အာရုံစိုက်လိုက်တော့သည်။

အိုး… ဒီ ဆိတ်ခြေထောက်သားက အနံ့မွှေးပြီး စပ်ဖျဉ်းဖျဉ်းလေးဟ… စားလိုက်တာနဲ့ ပါးစပ်ထဲမှာ လျှာပေါ်မှာ ပျော်သွားသလိုပဲ…။ စားလို့ကောင်းလိုက်တာ… ငါစားချင်နေတာနဲ့ အတော်ပဲ!

ယွီဝိန်းလန်မှာ စားလို့ မပြီးချိန်၌ပင် သူမက ပန်းအသားလွှာတစ်ဖက်ကို သူ့အတွက် ယူထည့်ပေးလေသည်။

“ဒီဟာကို ပူနေတုန်းစားလိုက်… အေးသွားရင် သိပ်မကောင်းတော့ဘူး”

ထို့နောက် ယန်ရှုက တူကို ပြန်ကိုင်ကာ ဆက်စားနေသည်။

စားရင်း သူမက ခေါင်းညိတ်ကာ ပြောလိုက်သည်။

“အင်း… ပူနေမှ ဒါက စားလို့ တကယ်ကောင်းတာ… နူးညံ့ပြီး ခပ်ကျွပ်ကျွပ်လေး… ပြီးတော့ စပ်ဖျဉ်းဖျဉ်းနဲ့ အရသာရှိတယ်…။ အေးသွားရင် ညှီသလိုလိုနဲ့ စားလို့ သိပ်မကောင်းတော့ဘူး… အရှင်မင်းကြီး အဲဒါ စားကြည့်ကြည့်”

ကြည့်ရတာ ယန်ရှုမှာ ခုဏက ကိစ္စကို မေ့သွားပြီထင်သည်။

ယွီဝိန်းလန်မှာ တော်သေးတာပေါ့ ဟု စိတ်ထဲမှ တွေးလိုက်မိပြီး အေးအေးဆေးဆေး စားနိုင်တော့လေသတည်း။

~~~

နောက်နှစ်ရက်ခန့် အကြာတွင် ယန်ရှုမှာ စစ်စတန်ထံမှာ အသိပေးစကားကို ကြားလိုက်ရသည်။

ချိန်အန်း အိမ်တော်သို့ ပြန်ရောက်သွားသည့် အမျိုးသမီးကျွမ်းမှာ အိမ်တော်ရေးရာ ကိစ္စများကို ဝင်ရှုပ်သဖြင့် ချိန်အန်းကုန်းက နှင်ထုတ်ခြင်းကို ခံလိုက်ရသည်ဟူ၏။

ဟား… ဒီလို ဖြစ်လာမယ်လို့ ထင်တော့ ထင်သားပဲ…။

ထို့ကြောင့် ယန်ရှုမှာ အထူးတလည် ဆက်တွေးမနေတော့ပေ။

သူမ အနေဖြင့် မယ်တော်ကြီး စိတ်မကောင်းဖြစ်နေမည်ကိုသာ စိုးရိမ်မိသဖြင့် ပြောပြရန် ခွန်အား မရှိပေ။

အပါးတော်မြဲ နှစ်ဦး ဆက်တိုက် ဆုံးရှုံးထားရသဖြင့် မယ်တော်ကြီး စိတ်ညစ်နေမည်ကို ယန်ရှု သိသည်။ ထို့ကြောင့် မယ်တော်ကြီးနှင့် စကား ပြောဆို ဆွေးနွေး အဖော်လုပ်ပေးနိုင်ရန် စီအန်းနန်းဆောင်သို့ တတ်နိုင်သမျှ နေ့တိုင်း သွားတွေ့လေတော့သည်။

တစ်ခု ကံကောင်းသည်မှာ သူမ လေ့လာကြည့်မိသလောက် စီအန်းနန်းဆောင်ရှိ အခြားသော အစေခံများမှာ စိတ်ထား ပုပ်သူများ မပါပေ။ ၎င်းတို့ အားလုံး မယ်တော်ကြီးအပေါ် သစ္စာရှိ ကြသည်။

ထို့အတွက် သူမ အနေဖြင့် အတန်ငယ် စိတ်သက်သာမိသည်။

ယနေ့လည်း ယန်ရှုနှင့် မယ်တော်ကြီးတို့ စကားစမြည်ပြောနေကြစဉ် နန်းဆောင် အစေခံတစ်ယောက် ဝင်လာပြီး မယ်တော်ကြီးထံ လျှောက်တင်လာသည်။

“မယ်တော်ကြီးဘုရား… စစ်သူကြီး ဝူအန်းရဲ့ အိမ်တော်က အမျိုးသမီးရှောက်က တွေ့ခွင့်တောင်းနေပါတယ်”

စစ်သူကြီး ဝူအန်းရဲ့ အိမ်တော်က အမျိုးသမီးရှောက်။

ယန်ရှုမှာ ဒီနာမည်ကို ကြားနေကျ မဟုတ်သဖြင့် အနည်းငယ် ထူးဆန်းနေသည်ဟု ခံစားလိုက်ရသည်။

စစ်သူကြီး ဝူအန်းကို‌တော့ ယန်ရှုသိသည်။ ၎င်းမှာ ပထမ ဧကရာဇ်မင်းကြီး လက်ထက်တုန်းကတည်းက တာဝန်ထမ်းဆောင်ခဲ့ပြီး အလွန် နာမည်ကြီးသည့် စစ်သူကြီး ဖြစ်ကာ ယခုထိလည်း တာဝန်ထမ်းဆောင်နေဆဲ ဖြစ်လေသည်။ နန်းတွင်း ညီလာခံတွင် ခစားခဲ့ပြီး တိုက်ပွဲများ၌ အောင်ပွဲများ အလီလီရရှိခဲ့သူ ဖြစ်သည်။

ပြောရလျှင် ဤစစ်သူကြီးမှာ ယခုဆိုလျှင် အသက် ငါးဆယ် ခြောက်ဆယ်လောက် ရှိနေပြီဖြစ်သည်။

သို့သော် နန်းတွင်း ညစာစားပွဲများကို ကျင်းပသည့် အခါတိုင်း သူ၏ ချွေးမဖြစ်သူသာ တက်ရောက်လေ့ရှိသည်ကို မြင်ဖူးသည်။ ဤအမျိုးသမီးရှောက် ဆိုသည့်သူကို ယခုမှသာ ကြားဖူးခြင်းဖြစ်လေတော့သည်။

ထိုစဉ် စစ်စတန်က ပြောလာသည်။

[ဒီအမျိုးသမီးက စစ်သူကြီး ဝူအန်းရဲ့ ကိုယ်လုပ်တော်… သူ့အဆင့်နဲ့ ညစာ စားပွဲတွေကို တက်လို့ မရဘူးလေ… အဲဒါကြောင့် နင် မမြင်ဖူးတာ]

ယန်ရှုမှာ အနည်းငယ် အံ့အားသင့်နေစဉ် မယ်တော်ကြီးက အစေခံကို မေးလေသည်။

“ဒီအမျိုးသမီးက ဘာကိစ္စ ဒီနန်းဆောင်ကို လာရတာလဲ”

ထိုအခါ အစေခံက ပြန်ပြောသည်။

“ဒီအမျိုးသမီးပြောတာက စစ်သူကြီး ဝူအန်း အပြင်းအထန် နာမကျန်းဖြစ်နေပြီး နန်းပြင်က သမားတော်တွေလည်း မတတ်နိုင်ဖြစ်နေ‌တော့ သူက မယ်တော်ကြီးဆီ လာပြီး နန်းတွင်းသမားတော် တစ်ပါးပါး လွှတ်ပေးဖို့ လာတောင်းဆိုတာပါ လို့ ပြောပါတယ် မယ်တော်ကြီး”

ထိုအခါ မယ်တော်ကြီးမှာ အံ့အားသင့်သွားပြီး ပြောလေသည်။

“ဘယ်လို… စစ်သူကြီး ဝူအန်း နာမကျန်းဖြစ်နေတယ် ဟုတ်လား။ ဘာလို့ ငါ အိုက်ကျား မကြားမိရတာလဲ။ အထဲကို အမြန်ခေါ်လိုက်ပါ”

ထိုအခါ အစေခံက အမြန်ပြန်ထွက်သွားပြီး အသိပေးလေသည်။

169 07

မကြာမီ အသက်လေးဆယ်ခန့်ရှိမည်ဟု ထင်ရသည့် အမျိုးသမီးတစ်ဦး နန်းဆောင်အတွင်းသို့ ဝင်လာသည်။

သူမက မယ်တော်ကြီးအား အရိုအသေ ပေးပြီးနောက် ပြောသည်။

“မယ်တော်ကြီးကို တွေ့ဖို့ ကိုယ်လုပ်တော်မှာ မထိုက်တန်မှန်း သိပါတယ်…။ ဒါပေမဲ့ စစ်သူကြီး မကျန်းမမာ ဖြစ်နေတာ တစ်လလောက် ရှိပြီဖြစ်တဲ့အပြင် နန်းပြင်က သမားတော်တွေလည်း လက်လျှော့ကုန်ကြလို့ ကျွန်တော်မျိုးမ အရဲစွန့်ပြီး မယ်တော်ကြီးနဲ့ တွေ့ဖို့ ကြိုးစားမိတာပါ”

မယ်တော်ကြီးက သက်ပြင်းချကာ ပြန်ပြောသည်။

“အခုလို အချိန်မှာ အဲလိုတွေ တွေးမနေပါနဲ့…။ စစ်သူကြီး ဝူအန်းက တိုင်းပြည်အတွက် ရွတ်ရွတ်ချွန်ချွန် တိုက်ခိုက်ပေးခဲ့တာ…။ အခု နာမကျန်းဖြစ်နေတဲ့အခါ ငါ အိုက်ကျားအနေနဲ့ ဘေးကနေ လက်ပိုက် ကြည့်နေရမှာလား။ သမားတော်ကျန်းကို စံအိမ်တော်အထိ ထည့်ပေးလိုက်မယ်…။ ပြောစရာရှိရင်လည်း အိုက်ကျားဆီကို အချိန်မရွေး လူလွှတ်ပြီး ပြောလို့ရတယ်…”

ထိုသို့ပြောရင်း နန်းတွင်သူ အပျိုတော် ဟယ်ဖုန်းကို ခေါ်လိုက်ပြီး သမားတော်ရှိရာ ဆေးဌာနသို့ လိုက်ပြပေးရန် စေခိုင်းလိုက်သည်။

ထိုအမျိုးသမီးမှာ ကျေးဇူးတင်လွန်းသဖြင့် ဦးခေါင်းနှင့် ကြမ်းပြင်ကို ထိကာ ထိကာ အရိုအသေပေးပြီးနောက် အပျိုတော်နောက်မှ လိုက်သွားလေသည်။

မကြာမီ ခန်းဆောင်တွင် လူရှင်းသွားသည်။ သို့သော် ယန်ရှုမှာ အနည်းငယ် စိတ်ဝင်စားနေသေးသည်။ ထို့ကြောင့် မနေနိုင်ဘဲ မေးနေတော့သည်။

“ဘာလို့ အဲဒီအမျိုးသမီးက ကိုယ့်ကိုယ်ကို အဲဒီလောက် နှိမ့်ချပြီး ပြောနေရတာလဲ”

ထိုအခါ မယ်တော်ကြီးက သက်ပြင်းကို ချကာ ပြောပြသည်။

“ဒီအမျိုးသမီးက အရင်တုန်းက ပြည့်တန်ဆာအိမ်ကနေ လာတာလေ…။ နောက်ကျတော့ စစ်သူကြီး ဝူအန်းရဲ့ ကိုယ်လုပ်တော်ဖြစ်သွားတယ်…။ သူစိမ်းလူတွေက သူ့ကို အရမ်း ဝေဖန် ကဲ့ရဲ့ကြတယ်… အဲဒါကြောင့် အခုလို မပြောရဲ မဆိုရဲ ဖြစ်နေတာ”

ယန်ရှုမှာ ဘာမျှပင် မပြောနိုင်ဘဲ ဆွံ့အ နေမိသည်။

ပြည်တန်ဆာအိမ်ကနေ လာတဲ့ ကိုယ်လုပ်တော်တဲ့လား။

ဟား…

ကြားရတာ အင်မတန်မှ ထူးခြား ဆန်းကြယ်တဲ့ အချစ်ဇာတ်လမ်းလေး တစ်ပုဒ်လိုပါပဲလား…။

******

170 01

Chapter 170

အခြားသူများကလည်း တီးတိုး ပြောဆိုနေကြသည်။ ထိုသို့ မယ်တော်ကြီးက ပြောလိုက်သည့်အခါ ယန်ရှုက စိတ်ဝင်စားသွားပြီး မေးလိုက်မိသည်။

“ဒါပေမဲ့ ဒီအမျိုးသမီးရဲ့ စိတ်နေ စိတ်ထားကို ကြည့်ရတာ ပြည့်တန်ဆာအိမ်ကလို့ ထင်စရာ မရှိဘူးနော်”

ထိုအခါ မယ်တော်ကြီးက ရှင်းပြသည်။

“တကယ်တမ်းကျတော့ သူက အရင်တုန်းက မင်းမှုထမ်း အမျိုးသမီးတစ်ယောက်ပါပဲ… တနေ့မှာ သူ့အဘိုး ကျူးလွန်ခဲ့တဲ့ ပြစ်မှုတွေကြောင့် သူ့ကို မင်းမှုထမ်း ပြည့်တန်ဆာအဖြစ် ပြစ်ဒဏ် ချခံလိုက်ရတာလေ”

ယန်ရှု - “…”

မင်းမှုထမ်း အမျိုးသမီးကို မင်းမှုထမ်း ပြည့်တန်ဆာအဖြစ် အပြစ်ပေးတယ်။

တော်တော်ကို ရက်စက်ပြီး တလွဲကြီး ဖြစ်နေပါရောလား!

ယန်ရှု၏ ခေါင်းထဲတွင် ချစ်ခြင်း၊ မုန်းခြင်းတွေနှင့် ပြည့်နေသည့် စကားလုံးများ ဝတ္ထုတစ်ပုဒ်စာခန့် ပြည့်သွားတော့သည်။ သူမက သိချင်နေသေး၍ ဆက်မေးလေသည်။

“ဒါဆို ဒီစစ်သူကြီး ဝူအန်းက ဒီအမျိုးသမီးကို ဟိုးအရင်ကတည်းက သိနေမှာပေါ့။ အဲဒီမှာ ဒီအမျိုးသမီး ဒုက္ခရောက်နေတာကို စစ်သူကြီးက မြင်သွားတော့ အပြစ်ကျေအောင် သွားဆွေးနွေးတယ်ပေါ့။ ဒါပေမဲ့ သဘောတရားအရဆိုရင် မင်းမှုထမ်း ပြည့်တန်ဆာတစ်ယောက်က ကိုယ့်ဘာသာကို အပြစ်ကျေအောင် လုပ်လို့မရဘူး ဟုတ်တယ်မဟုတ်လား။ အဲဒီတော့ အမျိုးသမီး ရှောက်က စစ်သူကြီးရဲ့ အိမ်တော်မှာ ခိုလှုံပြီး အပြစ်ကနေ ကျေသွားတယ်ပေါ့။ အဲဒီလိုလား”

တရစပ် မေးလိုက်သည့် မေးခွန်းများကြောင့် မယ်တော်ကြီးမှာ အံ့ဩသလို ပြန်ကြည့်လေသည်။ ထို့နောက် စိတ်ရှည်လက်ရှည် ရှင်းပြတော့သည်။

“အိုက်ကျား အနေနဲ့ သိရသလောက်ကတော့ စစ်သူကြီး ဝူအန်းနဲ့ ဒီအမျိုးသမီး ဆုံတာ လျန်ကျိုးမှာ ထင်တယ်…။ အဲဒီတုန်းက စစ်သူကြီး ဝူအန်းက သူ့ရဲ့ တပ်ကို ဦးဆောင်ပြီး ရှုန်းရုန်ကို အောင်အောင်မြင်မြင် ဖောက်ထွက်ခဲ့တဲ့ အချိန်ပေါ့… နန်းတော်က သူ့ကို ဆုချချင်တာ… သူက ရွှေတွေ ငွေတွေကို မလိုချင်ဘူး… ဒီအမျိုးသမီးကိုပဲ လိုချင်တယ်လို့ တောင်းဆိုခဲ့တယ်…။ နောက်တော့ နန်းတွင်းက ခွင့်ပြုလိုက်ပြီး စစ်သူကြီး ဝူအန်းလည်း ဒီအမျိုးသမီးကို ခေါ်သွားတော့တယ်…။ ဒါပေမဲ့ ဒီအမျိုးသမီးက ပြည့်တန်ဆာ အပြစ်ဒဏ် ကျဖူးထားတော့ လူကြီးတွေက လက်ထပ်ဖို့ ခွင့်မပြုဘူး…၊ နည်းမျိုးစုံနဲ့ တားဆီးပိတ်ပင်ကြတယ်…။ မရတော့ သူတို့တွေ နောက်ဆုံးမှာ ကိုယ်လုပ်တော် အဆင့်လောက်တော့ လက်ခံပေးလိုက်ရတယ်”

“ဪ… အဲဒီလိုလား”

ယန်ရှုမှာ ခေါင်းကို တညိတ်ညိတ်လုပ်ပြီး ရေရွတ်မိတော့သည်။

“လက်စသတ်တော့ ဒီလိုကိုး… စစ်သူကြီးက ရွှေတွေ ငွေတွေထက် မိန်းမလှလေးကို ရွေးတယ်ပေါ့။ သူလည်း စိတ်ထားကောင်းတဲ့ လူမျိုးပဲ။ ဒါနဲ့ ဒီအမျိုးသမီးက ကိုယ်လုပ်တော်ဆိုတော့ စစ်သူကြီးက နောက်ထပ် တရားဝင် မိန်းမ ထပ်ယူသေးတာလား”

ထိုအခါ မယ်တော်ကြီးက ပြုံး၍ ပြန်ပြောသည်။

“သူသာ တရားဝင် မိန်းမ ထပ်ယူလိုက်ရင် ဒီအမျိုးသမီးက အိုက်ကျားဆီ လာပါ့မလား။ အဲဒီတုန်းက စစ်သူကြီးနဲ့ ဒီအမျိုးသမီးရဲ့ ဇာတ်လမ်းကို မြို့တော်ထဲမှာ မသိတဲ့သူ မရှိဘူး…။ အဲဒီတော့ ဘယ် မှူးမတ်မျိုးရိုးထဲက မိန်းမပျိုတွေက စစ်သူကြီးကို လက်ထပ် ယူချင်ကြမှာလဲ။ ပြီးတော့ စစ်သူကြီး ကိုယ်တိုင်ကလည်း တခြား ဘယ်မိန်းမမှ ယူချင်ပုံမရပါဘူး…။ အဲဒါကြောင့် သူ့မှာ တရားဝင် မိန်းမ မရှိဘူး”

ယန်ရှုမှာ ခေါင်းညိတ်လိုက်မိပြီး စိတ်ကူးထဲတွင် ချစ်တတ်ပြီး သစ္စာရှိသည့် သူရဲကောင်းကြီး တစ်ယောက်ကို စိတ်ကူးဖြင့် ပုံဖော်နေမိတော့သည်။

ထို့အပြင် ခုနက သူမ မြင်လိုက်ရသည့် အမျိုးသမီးရှောက်မှာ မငယ်တော့သည့် အရွယ်ရောက်နေပြီ ဖြစ်သော်လည်း သူမ၏ မျက်ခုံးမျက်ဖန် အတော်လှသည်ကို သတိပြုမိသည်။ ထို့ကြောင့် ငယ်ငယ်က ဆိုလျှင် ဤထက်မက ပို၍ လှပေလိမ့်မည်။ ဪ မိန်းမလှလေးနဲ့ သူရဲကောင်း စစ်သူကြီး… ဇာတ်လမ်းကတော့ အရောင်အသွေး စုံစုံလင်လင်နဲ့ ပုံပေါ်လာပြီ…။

မည်သို့ပင်ဆိုစေ လက်တွေ့ ဘဝတွင်တော့ အဆီးအတား အကန့်အသတ်များဖြင့် ပြည့်နေသေးသည်။ ယန်ရှုမှာ တခဏမျှ တွေးမိနေပြီး မယ်တော်ကြီးအား မေးလိုက်မိသည်။

“ဒီအမျိုးသမီး ရှောက်မှာ ကလေးရော ရှိလား။ တကယ်လို့ စစ်သူကြီးမှာ တခြား မိန်းမမရှိဘူးဆိုရင်ရော သူ့ ကလေးတွေရော မျိုးရိုးနိမ့်နေမှာပဲလား”

မယ်တော်ကြီးက ခေါင်းညိတ်ပြသည်။

“ဟုတ်တယ်… သူတို့မှာ သားတစ်ယောက်၊ သမီးတစ်ယောက်ရှိတယ်…။ ကလေးတွေရဲ့ နာမည်က မျိုးရိုးနိမ့် နာမည်တွေပဲ ပေးခွင့် ရှိတယ်…။ ပြောရရင် ရှောက်မျိုးရိုးက တော်တော်နိမ့်ပြီး အပြင်တောင် သိပ်မထွက်ရတဲ့ လူတွေ…။ ဒါပေမဲ့လည်း ဒီအမျိုးသမီးက မျိုးရိုးနိမ့်ပေမဲ့ သူ့သားနဲ့ သမီးကိုတော့ တော်တော်လေး သင်ပေးတတ်တယ်…။ သူရဲ့ သားအကြီး ဟန်ရှင်းချန် ဆိုရင် သူ့ကိုယ်ပိုင် အရည်အချင်းနဲ့သူ သိုင်းပညာရှင်ဖြစ်အောင် ကြိုးစားခဲ့တာ…။ အခုဆိုရင် လျန်ကျိုး က တပ်ခွဲမှာ တာဝန်ထမ်းဆောင်နေတယ်…။ သူ့အတိတ်ဘဝက နိမ့်ကျတဲ့ ဘဝကို လုံးဝ မမှုဘူး… အခုဆိုရင် သူ့အဖေရဲ့ နေရာကိုတောင် ဆက်ခံနိုင်လောက်တဲ့ အရည်အချင်းရှိနေပြီ…။ ပြဿနာက အငယ်မလေးပဲ… အဲဒီ ကလေးမ အိမ်ထောင်ကျဖို့တော့ တော်တော်ခက်မယ်…။ အခုလောက်ဆို အသက် တစ်ဆယ့်ခြောက် တစ်ဆယ့်ခွန်လောက် ရှိပြီထင်တယ်… အခုထိ လာကမ်းလှမ်းတဲ့ မိသားစုတွေ မရှိသေးဘူး”

170 02

ယန်ရှုမှာ ခေါင်းကို ညိတ်ပြလိုက်ပြီး ရင်ထဲမှနေ၍ သက်ပြင်းချလိုက်မိသည်။

အင်းပေါ့လေ… စစ်သူကြီးရဲ့ သမီးငယ်က မျိုးရိုးနိမ့်နေတာကိုး…။ အဲဒါတင်မကဘူး အမေဖြစ်တဲ့သူက ပြည့်တန်ဆာလည်း ဖြစ်ခဲ့သေးတော့ နန်းမြို့တော်ထဲက မျိုးရိုး ရာထူး အဆင့်အတန်း မြင့်တဲ့ မိသားစုတွေက နှစ်လိုမှု မရှိကြမှာတော့ အမှန်ပဲ။

ထို့ကြောင့် ယန်ရှုမှာ ဖြေသိမ့်သည့် စကားမျိုးသာ ပြောနိုင်တော့သည်။

“အင်း… အိမ်ထောင်ပြုဖို့ ဆိုတဲ့ ကိစ္စမျိုးက မလောတာ ကောင်းပါတယ်လေ…။ မတော်လို့ ဒီလို ကိစ္စတွေကို သည်းသည်းလှုပ်ဖြစ်တဲ့သူမျိုးနဲ့ အိမ်ထောင်ကျမိရင် အနိုင်ကျင့်ခံနေရဦးမယ်…။ အဲဒါကြောင့် စိတ်ရှည်ရှည်ထားပြီး ဒီကောင်မလေးရဲ့ မိသားစုနောက်ကြောင်းထက် အကျင့်စာရိတ္တအပေါ် တန်ဖိုးထားတဲ့သူမျိုးကို ရှာတာက ပိုကောင်းပါတယ်…”

မယ်တော်ကြီးကလည်း ထောက်ခံသည်။

“ဟုတ်တာပေါ့… အခု စစ်သူကြီး ဝူအန်း ကျန်းမာရေး ပြန်ကောင်းလာပါစေ…။ မဟုတ်ရင် ဒီကောင်မလေး နောက်သုံးနှစ်လောက် ထိန်းထိန်းသိမ်းသိမ်း နေရတော့မှာ… အဲဒီနောက်မှာ သူတို့ရဲ့ ဝမ်းကွဲတွေက အိမ်တော်ကို ထိန်းချုပ်ပြီး အစ်ကိုအရင်းကတော့ အပြင်လူ ဖြစ်သွားလိမ့်မယ်… အဲဒါဆို သူတို့ ထပ် ခံစားရတော့မှာ”

ဟင်။

ယန်ရှုမှာ အံ့ဩသွားသဖြင့် မေးလိုက်မိသည်။

“ဘာလို့ သွေးရင်းသားရင်း မဟုတ်တဲ့ မိသားစုဝင်တွေက အိမ်တော်ကို ထိန်းချုပ်သွားမှာလဲ”

စစ်သူကြီး ဝူအန်းမှာ တရားဝင် သားအရင်း မရှိရင်တောင် ကိုယ်လုပ်တော်ရဲ့ ကလေးတွေ ရှိသေးတယ်လေ။ စစ်သူကြီး မရှိတော့ရင် ကိုယ်လုပ်တော် မိသားစုက အိမ်တော်ကို ရသင့်တာ မဟုတ်ဘူးလား။

ထိုအခါ မယ်တော်ကြီးက သက်ပြင်းချလိုက်သည်ကို ယန်ရှု ကြားလိုက်ရသည်။

“အဲဒါက ဘာဖြစ်လို့လဲဆိုတော့ ဟိုးအစတုန်းက စစ်သူကြီး ဝူအန်းမှာ တရားဝင် ဇနီးမယား မရှိတဲ့အပြင် ကိုယ်လုပ်တော်ကလည်း မျိုးရိုးနိမ့်နေတော့ သူ့ရဲ့ တူတော်မောင်ကို တရားဝင် အမွေခံအဖြစ် ရွေးလိုက်တယ်…။ အဲဒါကြောင့် အနာဂတ်မှာ သူ့တူကပဲ အမွေတွေကို ယူရမှာ…”

ဘယ်လို။

ယန်ရှုမှာ အံ့ဩလွန်းသဖြင့် ကိုယ့်နားကိုယ်ပင် မယုံနိုင်ချေ။

စစ်သူကြီးမှာ သားတစ်ယောက်လုံး ရှိနေတာတောင် တူတော်တဲ့သူကို အမွေခံအဖြစ် ရွေးသေးတာလား။

ဘယ်လိုကြီးလဲဟာ။

စစ်သူကြီး ကိုယ်တိုင်ကလည်း မျိုးရိုးတွေကို ကြည့်တတ်တဲ့ သူဖြစ်နေတာလား။

ယန်ရှုမှာ ဤမေးခွန်းကို မယ်တော်ကြီးအား မေးလို့မရချေ…။ မယ်တော်ကြီး ကိုယ်တိုင်လည်း အဲဒီလောက် အသေးစိတ်တော့ သိမည်မထင်။

ထိုသို့ တွေးမရဖြစ်နေသည့်အချိန် စစ်စတန်မှ ဖြေကြားလိုက်သံကို ကြားလိုက်ရပြီး နားလည်သွားတော့သည်။

[ဒီကိစ္စကို ရှင်းပြရရင် အဲဒီတုန်းက စစ်သူကြီး ဝူအန်း ဟန်ကောင်းချူက အမျိုးသမီးရှောက်ကို အရမ်းမြတ်နိုးလွန်းလို့ တခြား တရားဝင် မိန်းမတောင် မယူခဲ့ဘူး…။ ဒါပေမဲ့ စစ်သူကြီးရဲ့ မိခင်ဖြစ်တဲ့ အိမ်တော် သခင်မကြီးကတော့ အမျိုးသမီးရှောက်ရဲ့ မျိုးရိုးကို အင်မတန်မှ အထင်သေးတယ်…။ အဲဒီ အမျိုးသမီးကြီးရဲ့ အမြင်မှာ ဒီမိန်းခလေးဟာ မင်းမှုထမ်း ပြည့်တန်ဆာလည်း လုပ်ဖူးတယ်…။ မွေးလာတဲ့ ခလေးတွေရဲ့ မျိုးရိုးကလည်း နိမ့်တယ်။. အဲဒီအတွက်ကြောင့် စစ်သူကြီး ဝူအန်းရဲ့ အမွေတွေကို ဆက်ခံဖို့ တူတော်မောင် ဟန်ရှင်းအန်းကို ရွေးချယ်သင့်တယ်ဆိုပြီး ဖိအားပေးတော့တယ်…။]

ယန်ရှု - “...”

လက်စသတ်တော့ သူ့အမေက ဖိအားပေးတာကိုး…။

သို့သော် သူမ နားမလည်သလို ဖြစ်နေသေးသည်။

[စစ်သူကြီးက အမျိုးသမီး ရှောက်ကို အရမ်း မြတ်နိုးတယ် မဟုတ်လား… အဲဒီလို ဖိအားပေးတာကို ငြင်းဆန်ဖို့ စိတ်ကူးလေးတောင် မရှိဘူးလား။ သူ့မှာ အမွေဆက်ခံမဲ့ သားလည်း ရှိနေတာပဲကို…။]

စစ်စတန် [ပြောရရင် ဒီခေတ်ကြီးမှာ မိဘစကားကို မငြင်းဆန်ဘဲ မြေဝယ်မကျ နားထောင်တာ မြတ်တယ်လို့ ယူဆတယ်…။ ပြီးတော့ ဒီဘက်ခေတ်က အဘွားကြီးတွေ စကားကြွယ်တာ နင်မသိသေးလို့နော်…။ အဲဒါတောင်မှ စစ်သူကြီးက အစာအငတ်ခံပြီး ဆန္ဒပြပြီး ငြင်းဆန်ခဲ့သေးတာ…။ နောက်ဆုံး အမျိုးသမီးရှောက်က သူ့အတွက်နဲ့ စစ်သူကြီး သေသွားမှာ မလိုလားတော့ စစ်သူကြီးကို စကား နားထောင်လိုက်ဖို့ ဘေးကနေ ဖျောင်းဖြတယ်…။ နောက်ဆုံးမှာ စစ်သူကြီးလည်း ရွေးရခက်ပြီး ဖျောင်းဖြတာကို လက်ခံလိုက်တယ်…။ အဲဒီလိုနဲ့ သူ့ရဲ့ သားအရင်းဖြစ်တဲ့ ဟန်ရှင်းချန် ဟာ မိသားစုအပေါ် အားကိုးလို့ မဖြစ်မှန်း သိသွားပြီး ငယ်ငယ်လေး ကတည်းက ဘာလုပ်လုပ် ကြိုးစားလုပ်ကိုင်တော့တယ်…။ နောက်တော့ သိုင်းပညာ ယှဉ်ပြိုင်ပွဲမှာ တခါတည်းနဲ့ တန်းပြီး ဗိုလ်စွဲတယ်… သူ့အကြောင်း မကောင်းပြောနေတဲ့ ဘေးလူတွေ ပါးစပ်ကို ပိတ်သွားတာပဲ…။]

ယန်ရှု - [...]

ဒီလို သားကောင်း တစ်ယောက်ရထားတာ တော်သေးပေမဲ့ အမေလုပ်တဲ့ အဘွားကြီးရဲ့ လုပ်ရပ်ကိုတော့ တကယ် အံ့ဩ မိတယ်။ အဘွားလုပ်တဲ့သူက မြေးဖြစ်တဲ့ ရှင်းချန်ကို မျက်နှာသာ ပေးတာ လက်ခံလို့ရသေးပေမဲ့ ဒီ ဟန်ရှင်းအန်း ဆိုတဲ့သူကို ဘာမှမဆိုင်ဘဲ ဦးလေးရဲ့ အမွေ ယူခိုင်းတာကျတော့ လွန်လွန်းတာပေါ့။

170 03

စစ်စတန် - [ပြောရဦးမယ်… ဦးလေးလုပ်သူရဲ့ အမွေကို ဆက်ခံရမဲ့ ဒီ ဟန်ရှင်းအန်း ဆိုတဲ့သူက အတော် ယှဉ်ပြိုင်လိုစိတ်နည်းတဲ့ သူမျိုးပဲ…။ သူ့မှာ ငယ်ငယ်လေးကတည်းက ထူးထူးခြားခြား အရည်အချင်းမရှိဘူး…။ အခုလို အမျိုးသမီးရှောက် မယ်တော်ကြီးဆီ လာတွေ့ပြီး တောင်းဆိုနေရတာ သူ့လက်ချက်လည်း ပါတယ်…။]

ယန်ရှုမှာ အံ့ဩစွာဖြင့် ရေရွတ်လိုက်မိတော့သည်။

[ဘာ… ဘယ်လို ဘယ်လို]

စစ်စတန် [စစ်သူကြီး ဝူအန်းက တိုင်းပြည် အကျိုးအတွက် အများကြီး လုပ်ဆောင်ပေးခဲ့ပြီးပြီလေ…။ နန်းတွင်းက သမားတော်တစ်ပါးလောက် ပင့်ဖို့ကတော့ ဘာမှ တွန့်ဆုတ်နေစရာ မလိုဘူး…။ ဒါပေမဲ့ ဘာလို့ အစောကြီးကတည်းက လာမပင့်ဘဲ အခုမှ လာပင့်ရတာလဲ စဉ်းစားမိလား။ အဲဒါ ဘာဖြစ်လို့လဲဆိုတော့ အဲဒီ ဟန်ရှင်းအန်း က ဝင်ရှုပ်လို့ပဲ…။ အသေအချာ တွေးကြည့်ရင် အမျိုးသမီးရှောက်က မျိုးရိုးနိမ့်တဲ့အပြင် သူ့ရဲ့ သားကလည်း လျန်ကျိုး မှာဆိုတော့ အမွေဆက်ခံမဲ့သူတစ်ယောက်အနေနဲ့ သူကိုယ်တိုင် နန်းတွင်းမှာ အရှင်မင်းကြီးကို လျှောက်တင်ပြီး သမားတော် ပင့်ရမှာ…။ ဒါပေမဲ့ လူရှေ့မှာ သူက မင်းကြီးနဲ့ တွေ့မယ်လို့ ပြောပေမဲ့ တကယ်တန်းကျ အရှင်မင်းကြီးနဲ့ လာမတွေ့ဘူး…။ သူက နန်းတော်အထိ မလာဘဲ လှည့်ပြန်ပြီး အိမ်တော်ကလူတွေကို မင်းကြီးနဲ့ သွားတွေ့ပြီးသလို ပြောတယ်…။ မင်းကြီးက သမားတော် လွှတ်ပေးဖို့ ငြင်းဆန်တယ်ဆိုပြီး လိမ်ပြောတယ်…။ အဲဒါနဲ့ပဲ သူ့ဦးလေးရဲ့ ကျန်းမာရေးက ပိုဆိုးသွားတာ…။ အမျိုးသမီးရှောက်က စစ်သူကြီးရဲ့ ကျန်းမာရေးကို စိုးရိမ်လာလွန်းလို့ မနေနိုင်တော့ဘဲ နန်းတွင်းကို သတ္တိရှိရှိ ဝင်လာပြီး မယ်တော်ကြီးဆီ လာတောင်းဆိုတော့တာ…။ မဟုတ်ရင် နန်းတွင်းက သမားတော် လွှတ်တာကို ကိုယ့်ဘာသာကို စောင့်နင့်နေရင် မှီတော့မှာကို မဟုတ်ဘူး…။]

ယန်ရှု [ဘာလို့ စစ်သူကြီးရဲ့ တူက အဲဒီလို လုပ်ရတာလဲ။ အရှင်မင်းကြီးက စိတ်သဘောဆိုးတဲ့ သူမှ မဟုတ်တာ…။ သမားတော် တောင်းဆိုဖို့ကို သူက ကြောက်နေတာလား။]

စစ်စတန် [သူက ဘာလို့ အဲဒီလိုလုပ်တာလဲ စဉ်းစားကြည့်ကြည့်…]

ယန်ရှု [...]

ဟား… ဒီစစ်စတန်ကတော့လေ… ငါ ခေါင်းမသုံးတော့ရင် တုံးသွားမယ် ထင်နေတာလား မသိ။ နေ့တိုင်းကို စဉ်းစားခိုင်းနေတော့တာပဲ…။

စစ်စတန် - [အမ်း… အဲဒီလို တွေးမိတာလည်း ဟုတ်တယ်… နင်က ငတုံးလေ… သုံးနှစ်လုံးလုံး ငါ့မှာ ကလေးကို ထမင်း ခွံ့ကျွေးသလို အဆင်သင့် ပြောပြပေးနေရတာ]

ယန်ရှု - [ဟ...]

ငါ့ကို ပြောရက်လိုက်တာ။

ဟွန်း… ထားပါတော့… ခန့်မှန်းတာများ ဘာခက်တာကျလို့…။

[ဒီလူက သူ့ဦးလေးအတွက် သမားတော် မပင့်တာက အခြေအနေ ပိုဆိုးလာပြီး မြန်မြန်သေသွားအောင်လို့…။ အဲဒါမှ အမွေတွေကို ရမှာလေ ဟုတ်တယ် မဟုတ်လား။]

စစ်စတန် - [ဒါပေါ့… ပြီးတော့ သူ့မှာ တခြား အကြံအစည်တွေလည်း ရှိနေသေးတယ်]

ယန်ရှုမှာ အရမ်းကို သိချင်နေမိတော့သည်။

[သူက တခြား ဘာတွေ ကြံနေသေးတာလဲ။]

စစ်စတန် [စစ်သူကြီး ဝူအန်း ကွယ်လွန်သွားရင် သူက တဆွေ တမျိုးလုံးကို စည်းရုံးပြီး အမျိုးသမီး ရှောက်ကိုပါ စစ်သူကြီးနဲ့အတူ မြေမြှုပ်ဖို့ လုပ်မှာ…။ အဲဒါမှ အမျိုးသမီးရှောက်ကို တရားဝင် ရှင်းထုတ်ပစ်လို့ရပြီး မိသားစုဂုဏ်သိက္ခာကို ဆယ်နိုင်မှာလေ…။ စစ်သူကြီးနဲ့ အမျိုးသမီးရှောက်တို့က အရမ်းချစ်ကြတဲ့ စုံတွဲတွေလို့ လူတိုင်းရဲ့ အမြင်မှာ ရှိနေတော့ သူက အမျိုးသမီးရှောက်ကိုယ်တိုင်က တောင်းဆိုတာပါလို့ သတင်းလွှင့်မှာ…။ အဲဒါဆို အပြင်က လူတွေက သူတို့ကို ဘာမှ သံသယဝင်မှာ မဟုတ်ဘူး။]

ဘုရားရေ…

ထိုစကားကို ကြားလိုက်ရသည့်အခါ ယန်ရှုမှာ ထိုင်ရာမှ ခုန်ထမိတော့ မတတ်ဖြစ်သွားရသည်။

[ဒီလူက ကိုယ့်ဦးလေး အရင်းရဲ့ အသက်ကိုတောင် တန်ဖိုးမထားတဲ့အပြင် အမျိုးသမီးရှောက်ကိုပါ သေအောင် ကြံစည်နေတယ်ပေါ့လေ။!!]

ဪ… ဒီပုဂ္ဂိုလ်က ရှောင်းအဘွားကြီး အရမ်း အထင်ကြီးနေတဲ့ မြေးတော်လေးပေါ့လေ…။ လူတွေရဲ့ ဂုတ်သွေးကို စုတ်တဲ့အပြင် အရှင်လတ်လတ် မြေမြှုပ်ဖို့ပါ ကြံနေတဲ့ ဒီကောင်… ဘယ်လို အောက်တန်းစားမျိုးလဲဟ။

အစကတည်းက အလျှော့ပေးခဲ့သည့်အတွက် ယခုမူ ရောင့်တက်လာလေပြီ…။ စစ်သူကြီး ဝူအန်း၏ မိခင် အမျိုးသမီး Xing က မျက်နှာသာပေးခဲ့မှုကြောင့် ယခုအခြေအနေတွင် စစ်သူကြီးတို့ ဇနီးမောင်နှံမှာ သေဖို့ စောင့်နေရသလို ဖြစ်နေလေပြီ။

ဒီတစ်ခေါက်ဖရဲသီးက စိတ်ညစ်စရာကြီး ဖြစ်သည်…။ သို့သော် ယန်ရှုမှာ အနည်းငယ် စိတ်ငြိမ်လာသဖြင့် အသေအချာ စဉ်းစားကြည့်လိုက်သည်။ ထို့နောက် ဤကိစ္စမှာ ကိုင်တွယ်ရန် ထင်သလောက် မခက်ဟု တွေးမိလေသည်။

ပြောရရင် စစ်သူကြီး ဝူအန်းက တာ့လျန်ပြည်ကြီးအတွက် လုပ်ပေးခဲ့တာတွေ အများကြီးမို့ နာမည်ကြီးပေမဲ့ သူချစ်တဲ့ မိန်းမရဲ့ နာမည်နဲ့ ဂုဏ်သိက္ခာကိုတော့ လူတွေသိမှာ မဟုတ်ဘူး…။ ဒါပေမဲ့ အခုဖြစ်နေတဲ့ ကိစ္စကြီး ပြည်သူအားလုံး သိသွားရင်တော့ ဘယ်သူမှ သည်းခံကြမယ် မထင်ဘူး။

ဒီအမျိုးသမီး မယ်တော်ကြီးကို လာတွေ့ပုံကို ထောက်ရရင် အရင်ကတည်းက မယ်တော်ကြီးနဲ့ သိပုံ ပေါ်တယ်…။ အခုလည်း မယ်တော်ကြီးကိုယ်တိုင် ပြောပြလို့ သူ့အကြောင်းကို သိရပြီး ကိုယ်ချင်းစာ နေမိတာလေ။

ထိုသို့ တွေးပြီးနောက် ယန်ရှုမှာ မယ်တော်ကြီးကို ပြောလိုက်သည်။

170 04

“စစ်သူကြီး ဝူအန်း နာမကျန်းဖြစ်နေတာ ကြာနေတာကို သူ့ကိုယ်လုပ်တော်က လာပြီး သမားတော် ပင့်နေရတယ်…။ အမွေဆက်ခံမဲ့သူကိုယ်တိုင်က အရှင်မင်းကြီးဆီ ဘာလို့ အကူအညီ လာမတောင်းရတာလဲ။ ဘာလို့ အမျိုးသမီးရှောက်ကို လွှတ်ရတာလဲ။ အခုလို အမျိုးသမီးရှောက်ရဲ့ အားငယ်နေတဲ့ စကားတွေကို ကြားလိုက်ရတာ စိတ်ထဲ မသက်သာလိုက်တာ”

ထိုအခါ မယ်တော်ကြီးလည်း တွေးမိသွားပြီး ခေါင်းကို ညိတ်လိုက်လေသည်။

“အင်း… အိုက်ကျားလည်း ထူးဆန်းတယ်လို့တော့ ထင်သား…။ အခုအခြေအနေကို ကြည့်ပြီး စစ်သူကြီး ဝူအန်း ဘာမှ မဖြစ်ပါစေနဲ့လို့ ဆုတောင်းမိတယ်…။ သူက မျိုးဆက် တစ်ဆက်စာလောက်အတွက် သူရဲကောင်းကြီးလေ…။ သူ ဘာမှ မဖြစ်ပါစေနဲ့”

ယန်ရှုမှာ ခေါင်းကို ခပ်သွက်သွက် ညိတ်ပြလိုက်ပြီး ပြောလိုက်သည်။

“ကြည့်ရတာ နောက်ကွယ်မှာ တခြား ကိစ္စတွေလည်း ရှိနေမယ်ထင်တယ်နော်။ ကျွန်တော်မျိုးမ နန်းဆောင်ကို ပြန်ပြီး အရှင်မင်းကြီးကို မေးမြန်းကြည့်လိုက်ဦးမယ်…။ အားလုံး သိရရင် မယ်တော်ကြီးဆီ ပြန်လာ ပြောပြပါမယ်”

ထိုအခါ မယ်တော်ကြီးမှာ စိတ်ဝင်စားသွားသဖြင့် မျက်လုံးများ အရောင်တောက်လာသလို ခံစားလိုက်ရသည်။ သူမ၏ အတွေးထဲတွင် တွေးမိလေသည်။

[အဲဒါ သိပ်ကောင်းတာပေါ့… ဒီကောင်မလေးကတော့လေ ငါ ဘာဖြစ်စေချင်တာလဲ သိပ်သိတာပဲ]

သို့သော် နှုတ်ကမူ မိန့်လိုက်လေသည်။

“အင်းပါ… တော်ဝင်ကိုယ်လုပ်တော် အရမ်းတော့ မလုပ်နဲ့နော်…။ အချိန်တွေ ရှိပါသေးတယ်… ကိုယ့်ကျန်းမာရေးလည်း ကိုယ် ဂရုစိုက်ဦး”

******

171 01

Chapter 171

ယန်ရှုမှာ မယ်တော်ကြီး၏ စကားကို နာခံလိုက်ပြီး စီအန်းနန်းဆောင်မှ ထွက်လာလိုက်သည်။

အပြန်လမ်းတွင် ယန်ရှုမှာ စစ်စတန်နှင့်အတူ ဖရဲသီးကို အသေအချာ ဆက်စားသည်။ ထို့နောက် ကန်းလု နန်းဆောင်သို့ ပြန်ရောက်သည့်အခါ ဝတ္ထုတစ်ပုဒ်ကို စ ရေးတော့သည်။

ဤသို့ဖြင့် ညမှောင်လာချိန်ရောက်သည့်အချိန်အထိ ထိုင်ရေးနေမိတော့၏။

ခန်းဆောင်အတွင်း၌ မီးများ စတင်ထွန်းညှိနေပြီး ယန်ရှုမှာလည်း ညစာ မစားရသေးသည်ကို သိနေ မြင်နေရသဖြင့် ရန်တုန်းမှာ မနေနိုင်တော့ဘဲ စာရေးနေသည့် စားပွဲခုံအထိ ရောက်လာကာ ပြောတော့သည်။

“သခင်မ… နားလည်း နားပါဦး…။ အဲဒီမှာ ထိုင်နေတာ တော်တော်ကြာနေပြီ… အရမ်း အပင်ပန်း မခံပါနဲ့”

သို့သော်လည်း ယန်ရှုက စာရေးနေသည်ကို မရပ်ဘဲ သက်ပြင်းသာချ၍ ပြန်ပြောလေသည်။

“ငါ ခဏလောက်နေရင် အပြီးသတ်တော့မှာပါ … အရမ်း စိတ်မပူပါနဲ့…”

ထိုသို့ ပြောပြီးသည့်အချိန်၌ပင် ဧကရာဇ်မင်းကြီး ခန်းဆောင်အတွင်းသို့ ဝင်လာသည်ကို မြင်လိုက်ကြရတော့သည်။

ယွီဝိန်းလန်မှာ သခင်မနှင့် အစေခံ နှစ်ယောက်သားပြောနေကြသည့် စကားများကို နားစွန်နားဖျား ကြားလိုက်ရသဖြင့် အရိုအသေပေးကြသည်ကိုပင် ဂရုမစိုက်အားဘဲ တန်းမေးလိုက်လေသည်။

“ဘာဖြစ်လို့လဲ။ ဘာလို့ ညစာ မစားရသေးတာလဲ”

ထိုအခါ ယန်ရှုက အမြန် ပြန်ဖြေရလေသည်။

“အရှင်မင်းကြီးကို လျှောက်တင်ပါတယ်…။ ဒီနေ့ ကျွန်မ တော်တော်ဆိုးရွားတဲ့ ဖြစ်ရပ်တစ်ခုအကြောင်းကို ကြားလိုက်ရပါတယ်…။ အဲဒါကြောင့် အဲဒီ ကိစ္စကို လူသိအောင်ဖော်ဖို့ လောနေတာနဲ့ နားဖို့ စိတ်မရဘဲ ဖြစ်နေတာပါ…”

ဘယ်လို။

ယန်ရှုစကားများကို ကြားလိုက်ရသည့်အခါ ယွီဝိန်းလန်သာမက ခန်းဆောင်အတွင်းရှိ အစေခံများ အားလုံးမှာလည်း သိချင်စိတ်များ ဖြစ်သွားကြတော့သည်။

အထူးသဖြင့် ဖုဟိုင်မှာ သိချင်လွန်း၍ စိတ်ထဲမှနေ၍ ပြောမိလေသည်။

[အိုး… ဘာများ ဖြစ်ပြန်တာလဲ မသိဘူး။ တော်ဝင်ကိုယ်လုပ်တော်ယီ ထပ်မရောင်းပါနဲ့တော့ … မြန်မြန် ပြောပါတော့ ကြားချင်နေပြီ…။]

ထို့ကြောင့် ယန်ရှုမှာ အားလုံးကို နားထောင်ကြရန် ပြောစရာပင် မလိုတော့ချေ။ ယခုမူ အရှင်မင်းကြီးကိုသာ ပြောလိုက်တော့သည်။

“စစ်သူကြီး ဝူအန်း အခု အပြင်းအထန် နာမကျန်း ဖြစ်နေပါတယ်…။ နန်းပြင်က သမားတော်တွေ တစ်လလုံးလုံး ကြိုးစားကုသပေမဲ့ မသက်သာပါဘူး…။ အဲဒါနဲ့ သူ့မိသားစုဝင်တစ်ယောက်က နန်းတွင်းကနေ သမားတော် လာပင့်ပါတယ်…။ ဒါပေမဲ့ ဟန်ရှင်းအန်း ဆိုတဲ့ စစ်သူကြီးရဲ့ အမွေကို ဆက်ခံမဲ့ တူတော်က သမားတော် မပင့်ဖြစ်အောင် အနှောင့်အယှက် ပေးပါတယ်…။ သူက သူ့မိသားစုကို လိမ်ပြောတယ်…။ သူက အရှင်မင်းကြီးကို တောင်းဆိုပြီးပြီပေါ့…။ ဒါပေမဲ့ မင်းကြီးက သမားတော် လွှတ်ပေးမယ် မထင်ဘူးဆိုပြီး လိမ်တယ်…။ စစ်သူကြီးရဲ့ ကိုယ်လုပ်တော်ရဲ့ ပြောစကားအရဆိုရင် ဒီလူက စစ်သူကြီးဝူအန်း သေချိန်အထိ စောင့်ပြီး အမွေတွေကို လိုချင်နေတာလို့ သိရပါတယ်… အမွေတွေ ရဖို့အတွက်နဲ့ အရှင်မင်းကြီးရဲ့ တိုင်းပြည်ကို ချစ်တဲ့စိတ် လက်အောက်ငယ်သားတွေကို စောင့်ရှောက်တတ်တဲ့ စိတ်ကို စော်ကားနေတာကို ကျွန်မ သည်းမခံနိုင်လို့ပါ”

ဘာ။

ထိုစကားများကို ကြားလိုက်ရသည့်အခါ ခန်းဆောင်အတွင်းမှ လူများအားလုံး အံ့ဩမင်သက်သွားကြသည်။

ယွီဝိန်းလန်မှာလည်း ကြားရသည့်အဖြစ်အပျက်ကို မယုံနိုင်လောက်အောင် ဖြစ်မိနေသည်။

“ဒီလိုတွေတောင် ဖြစ်နေတာလား”

ထိုအခါ ယန်ရှုက ခေါင်းကို ခပ်သွက်သွက်ညိတ်ပြသည်။

“ဒီလို ဖြစ်နေတာ အမှန်ပါ…။ ဒီနေ့ မယ်တော်ကြီးရဲ့ နန်းဆောင်မှာ တော်ဝင်ကိုယ်လုပ်တော်ကိုယ်တိုင် စစ်သူကြီးရဲ့ ကိုယ်လုပ်တော် အမျိုးသမီးနဲ့ စကားပြောဖြစ်ခဲ့တာပါ…။ အမျိုးသမီးရှောက်က မယ်တော်ကြီးဆီကနေ လာတောင်းဆိုတာ…။ စစ်သူကြီး ဝူအန်း နာမကျန်းဖြစ်နေတဲ့ အကြောင်း… သူကိုယ်တိုင် မယ်တော်ကြီးဆီကို လာအကူအညီ တောင်းရတဲ့အကြောင်း ပြောသွားပါတယ်…။ မယ်တော်ကြီးကလည်း စစ်သူကြီးရဲ့ လုပ်ရည်ကိုင်ရည်ကို တန်ဖိုးထားတဲ့သူဖြစ်တော့ ချက်ခြင်းပဲ သမားတော် ကျန်းကို လွှတ်လိုက်တယ်…။ ဒါနဲ့ အဲဒီ စစ်သူကြီးရဲ့ တူတော်တဲ့သူ မင်းကြီးဆီ တကယ်ဘဲ မလာဘူးလား”

ယွီဝိန်းလန်က ငြင်းလိုက်သည်။

“မလာပါဘူး…။ လာခဲ့ရင် ငါကိုယ်တော်က သမားတော် မလွှတ်ဘဲ ဒီတိုင်း ကြည့်နေပါ့မလား”

ထိုသို့ပြောလိုက်သည့်အခါ ဖုဟိုင်မှာ မနေနိုင်တော့ဘဲ ဝင်ပြောတော့သည်။

“ဟန် လူငယ်လေးက ဘာလို့ ဒီလို လုပ်ရတာလဲ။ စစ်သူကြီး ဝူအန်းက သူ့မိသားစုအတွက် သူ့ကို အမွေဆက်ခံမဲ့သူအဖြစ်တောင် ရွေးထားတာ…။ သားအရင်းကတောင် လျန်ကျိုးမှာ အစောင့်ရဲမတ်အနေနဲ့ တာဝန်ထမ်းဆောင်နေရတာ”

ထိုသို့ ကြားလိုက်ရသည့်အခါ ယွီဝိန်းလန်မှာ ဒေါသပင် ထွက်လာသဖြင့် မိန့်လိုက်လေသည်။

171 02

“ဖုဟိုင်… နန်းတွင်း ကိုယ်ရံတော် တပ်မှူးကို စစ်ရေး ဌာနက အကြီးအကဲနဲ့အတူ စစ်သူကြီး ဝူအန်းအိမ်ကို သွားခိုင်း…။ ဒီကိစ္စ အဖြစ်မှန်ကို စုံစမ်း…၊ ပြီးရင် သမားတော်ကျန်းကိုလည်း တတ်နိုင်သမျှ အစွမ်းကုန် ကုသပေးဖို့ မှာကြားပါ…။ စစ်သူကြီး ဝူအန်းဟာ တိုင်းပြည်အတွက် အများကြီး လုပ်ဆောင်ပေးခဲ့တာ…။ ငါ့လက်အောက်မှာ ဒီလို ပုဂ္ဂိုလ်မျိုးရဲ့ နှလုံး အကြောင်းမဲ့ ရပ်တန့် မသွားစေရဘူး…”

ဖုဟိုင်မှာ ချက်ခြင်း အမိန့်ကို နာခံလိုက်ပြီး သတင်းစကားပါးရန် ထွက်သွားလေတော့သည်။

ဤအချင်းအရာများကို မြင်လိုက်ရသည့် ယန်ရှုမှာ ယခုမှ စိတ်သက်သာရာ ရသွားတော့သည်။

သို့သော် သူမမှာ စာအုပ်မပြီးသေးခင် ယွီဝိန်းလန်အား ပြောပြနေခြင်းဖြစ်သဖြင့် စားပွဲတွင် ပြန်ထိုင်ကာ စာကို ဆက်ရေးလေတော့သည်။

ထိုအခါ ယွီဝိန်းလန်က ဖျောင်းဖျလေသည်။

“ငါကိုယ်တော် စစ်ဆေးဖို့ ခိုင်းပြီးပြီပဲဟာ… နားလိုက်ဦးလေ”

သို့သော် သူမက ပြန်ပြောလေသည်။

“စုံစမ်းဖို့ လူလွှတ်တာက အရှင်မင်းကြီးရဲ့ တာဝန်…။ ဒီ ဟန်ရှင်းအန်းရဲ့ လုပ်ရက်တွေကို တစ်လောကလုံးသိအောင် လုပ်ဖို့က တော်ဝင်ကိုယ်လုပ်တော်ရဲ့ တာဝန်လေ…။ မနက်ဖြန် မနက်မှာပဲ ဒီလူရဲ့ စိတ်ဓါတ်ကို လူသိသွားအောင် စာမူရေးပြီးတာနဲ့ ထုတ်ဖို့ စာအုပ်တိုက်ကို သွားပို့ပေးခိုင်းမှာ…”

အဟဲ… တကယ်တန်းက ငါ့ရဲ့ စာရင်းထိပ်က ဆရာမကြီးက ဇာတ်လမ်း နားထောင်ဖို့ စောင့်နေတာ… မြန်နိုင်သမျှ မြန်မြန် မယ်တော်ကြီးနဲ့ ဇာတ်လမ်းအကြောင်း လေသွားဖောမှ ဖြစ်မယ်…။

ယွီဝိန်းလန် - “...”

ထင်တော့ ထင်ပါတယ်…။ မယ်တော်ကြီးကို ပြောပြဖို့ လုပ်နေတယ်ဆိုတာ…။

ဟား… ဒီကောင်မလေး မယ်တော်ကြီးအပေါ် ဒီလောက် ရိုသေနေတာဆိုတော့ ငါ စိတ်ပူနေစရာ မလိုတော့ပါဘူးလေ…။

ထိုသို့တွေးလိုက်စဉ် ရန်တုန်းတစ်ယောက် စွပ်ပြုတ် တစ်ပန်းကန်ကို ကိုင်၍ စားပွဲရှိရာသို့ လျှောက်လာသည်ကို မြင်လိုက်ရလေသည်။

“သခင်မ … ဒါ ကြာစွယ် လုန်အန် စွပ်ပြုတ်ပါ… အခုလေးတင် ပြုတ်ထားတာ…။ တစ်ပန်းကန်လောက်တော့ စားလိုက်ပါဦး…။ ညစာလည်း ကောင်းကောင်း မစားရသေးတော့ ညကျရင် ဗိုက်ဆာနေပါလိမ့်မယ်…”

သို့သော် ယန်ရှုမှာ စာ စရေးနေပြီ ဖြစ်သဖြင့် မော့ပင် မကြည့်တော့ဘဲ ပြောလေသည်။

“အဲဒါဆိုလည်း ငါ့ကို ခွံ့…”

ထိုအခါ ရန်တုန်းက ဟုတ်ကဲ့ ဟု ပြောပြီးနောက် ဘေးမှ ထိုင်၍ သူမကို ခွံ့ကျွေးလေတော့သည်။

ထိုစဉထိုစဉ် ယွီဝိန်းလန်က ရန်တုန်းအား မျက်ရိပ်ပြလိုက်ပြီး ဘေးသို့ ဖယ်ခိုင်းလိုက်သည်။ ရန်တုန်း ဖယ်လိုက်သည့်အခါ သူက စွပ်ပြုတ် ပန်းကန်ကို ယူလိုက်ပြီး ယန်ရှုအား သူကိုယ်တိုင် ခွံ့ကျွေးလေတော့သည်။

ယန်ရှုမှာမူ လုန်အန် စွပ်ပြုတ်ကို ပါးစပ်အပြည့် စားရင်း စာကို မဲရေးနေတော့သည်။

ပြီးနောက် သူမက ထပြောလေသည်။

“ဟဲ့… အများကြီး မခွံ့နဲ့… ပူတယ်”

ထိုအခါ ယွီဝိန်းလန်မှာ သက်ပြင်းကို ချလိုက်ရင်း စွပ်ပြုတ်ကို လျှော့ခွံ့ရလေသည်။

သူမ၏ နှုတ်ခမ်းအတွင်းသို့ ထည့်ပေးလိုက်သည့်အခါ သူမက နှစ်ချက်ခန့် ဝါးပြီးနောက် မြိုချလိုက်သည်။ ထို့နောက် ချီးကျူးလေသည်။

“တော်တယ်… ဒီကလေးက သင်ရလွယ်လိုက်တာ…”

ယွီဝိန်းလန် - “...”

သူ့အား ယခုကဲ့သို့ပြောသူမှာ ယန်ရှု တစ်ယောက်သာလျှင်ရှိပေဦးမည်။

ဘေးမှ ရန်တုန်းကမူ ဘာမျှ မပြောရဲဘဲ ခေါင်းငုံ့ကာ မကြားချင်ယောင် ဆောင်နေတော့သည်။

ယွီဝိန်းလန်က ယန်ရှုအား စွပ်ပြုတ် ဆက်၍ခွံ့ပေးပြီး နောက်ဆုံးတွင် တစ်ပန်းကန်လုံး ကုန်သွားတော့သည်။

သူ ပန်းကန်နှင့် တူများကို ချလိုက်ချိန်၌ပင် ယန်ရှုက နှုတ်ခမ်း စူလိုက်သည်ကို မြင်လိုက်ရသည်။

ဟင်။

ဒီကောင်မလေးက ဘာလို့ နှုတ်ခမ်း စူနေတာလဲ။

171 03

ယွီဝိန်းလန်မှာ စဉ်းစားမ ရဖြစ်သွားသည်…။ ဒီကလေးမ နှုတ်ခမ်းထိုးပေးနေတာ အနမ်းခံချင်လို့လားမသိ။

ပြောရလျှင် သူမဖက်က စ၍ ယခုလို လုပ်သည်ကို သူအခုမှ မြင်ဖူးတော့သည်။

ထိုကြောင့် ယွီဝိန်းလန်မှာ ရင်တစ်ချက်ခုန်သွားပြီး နမ်းရန် ခါးကို ကုန်းလိုက်သည်။

ထိုစဉ် ယန်ရှုက စိတ်မရှည်သည့် လေသံဖြင့် ပြောတော့သည်။

“ဟဲ့… နှုတ်ခမ်း မသုတ်ပေးသေးဘူးလား…။ ဒီမှာ နေရခက်နေပြီ…”

ယွီဝိန်းလန် - “ဟမ်…”

ဪ… သူက နှုတ်ခမ်း သုတ်စေချင်တာကိုး…။

ထိုအခါ သူ့ဘေးမှ ရန်တုန်းက လက်သုတ်ပုဝါ တစ်ထည်ကို ကမ်းပေးလေသည်။

ယွီဝိန်းလန် - “...”

သူလည်း ဘာမျှ မပြောတော့ဘဲ ဘေးမှနေ၍ နှုတ်ခမ်းကို သုတ်ပေးလိုက်သည်။

သုတ်ပြီးသည့်အခါ သူက လက်ကို မြှောက်ပြလိုက်ရာ ရန်တုန်းက ရိုရိုကျိုးကျိုးဖြင့် နောက်သို့ ဆုတ်သွားတော့သည်။

နောက်ဆုံးတွင် ခန်းဆောင်အတွင်း၌ သူတို့ နှစ်ယောက်သာ ကျန်ခဲ့တော့သည်။

မကြာမီ ယန်ရှုက ပြောပြန်သည်။

“ရေနွေးကြမ်း တိုက်ဦး”

အခုလေးတင် စွပ်ပြုတ်သောက်ထားတော့ အဖန်လေး တည်းချင်သေးတယ်။

ယွီဝိန်းလန်မှာ ရေနွေကြမ်းတစ်ခွက်ကို ငှဲ့၍ သူမအား တိုက်ရလေသည်။

ဤသို့ဖြင့် နာရီဝက်ခန့် အကြာ၌ ယန်ရှုမှာ စာရေးနေသည့် စုတ်တံကို ချလိုက်တော့သည်။ ပြီးနောက် သက်ပြင်းဝဝ ရှူပြီးပြောလိုက်တော့သည်။

“ကဲ… ပြီးပါပြီ”

ယွီဝိန်းလန်လည်း စိတ်ချမ်းသာသွားသဖြင့် သက်ပြင်းချလိုက်သည်။

“အင်း အခုမှပဲ စာရေးပြီးတော့တယ်”

ထိုစကားကို ကြားလိုက်သည့်အခါ ယန်ရှုမှာ သူ့အား လှည့်ကြည့်လိုက်ပြီး တအံ့တဩ ပြောလေသည်။

“ဟယ်… အရှင်မင်းကြီးက ဒီမှာ ရှိနေသေးတာလား။ ကျွန်မက ရန်တုန်း ထင်နေတာ…”

ယွီဝိန်းလန် - “…”

ကောင်းရော… ဘေးနားမှာ တစ်ချိန်လုံး ရှိနေတာတောင် သူ့ကို သတိမထားမိဘူးတဲ့လား။

~~~

နောက်တစ်နေ့ မနက်စောစောတွင် သခင်လေး‌ ရှောင်ယောင်း၏ စာအုပ် အသစ် ထွက်လာသည်။

ဤသတင်းကို မထင်မှတ်ဘဲ ကြားလိုက်ရသည့် စာဖတ်ပရိတ်သတ်တို့မှာ အလျှိုအလျှို ပြေးဝယ်ကြပြီး ဖတ်ရှုကြတော့သည်။

ဇာတ်လမ်းကို ဖတ်ရှုပြီးသည့်အခါ စာဖတ်သူတို့မှာ ခါတိုင်းဇာတ်လမ်းများနှင့် မတူသည်ကို သိလိုက်ရလေသည်။ ဝတ္ထုထဲတွင် အမျိုးသားနှင့် အမျိုးသမီးတို့၏ ချစ်ခြင်းမေတ္တာကို ဖော်ကျူးထား၍ အမြင်ဆန်းကာ နှစ်သက်သွားကြသည်။

ဇာတ်လမ်းအစတွင် မင်းမှုထမ်း မိသားစုတစ်စုမှ ကံဆိုးမိုးမှောင်ကျရသည့် အမျိုးသမီးလေး တစ်ယောက် အကြောင်းကို ဖော်ပြ၍ စထားသည်။ ထိုအမျိုးသမီးလေးမှာ သူမ၏ နယ်နှင်ခံရသည့် အဘိုး ကျူးလွန်ခဲ့သည့် ပြစ်မှုကြောင့် နောင်တွင် မင်းမှုထမ်း ပြည့်တန်ဆာအဖြစ် အဆင့်အတန်း နိမ့်ကျသွားသည်။

ဤသို့ ရွှံ့နွံအတွင်း နစ်မွန်းလုဆဲဆဲ အခြေအနေတွင် ကောင်းကင်ဘုံမှ ဆင်းသက်လာသည့် လူပျို စစ်သူကြီးကြောင့် ကံကောင်းသွားရသည်။ စစ်သူကြီးက သူ့ စစ်ရေးအရည်အချင်းကို ပြသ တာဝန်ထမ်းဆောင်ခဲ့ပြီး မိန်းမပျိုလေးအား နန်းတွင်းမှူးမတ်များထံမှ လဲလှယ်ယူ၍ ပြစ်ဒဏ်မှ လွတ်မြောက်အောင် ဆောင်ကျဉ်းပေးတော့သည်။

သူတို့နှစ်ဦးမှာ တစ်ဦးအပေါ် တစ်ဦး ချစ်ခြင်းမေတ္တာအပြည့်ဖြင့် နေထိုင်ကြတော့သည်။ သို့သော် လောကကြီးက သတ်မှတ်ထားသည့် စည်းမျဉ်းစည်းကမ်းများကြောင့် တရားဝင် အကြင်လင်မယားအဖြစ် နေခွင့်မရှိကြချေ။

171 04

သို့သော် အမျိုးသမီးလေးက ကိုယ်လုပ်တော်အဖြစ်နှင့် နေရန် ရွေးချယ်လိုက်သည်။

ဤနေရာအထိ ဖတ်ပြီးသည့်အခါ ချစ်သူနှစ်ဦး အတူတကွ ရှိခွင့်ရသဖြင့် ပျော်စရာ ကောင်းသည်ဟု စာဖတ်သူတို့မှာ ရှုမြင်ကြပြီး မိမိတို့ကိုယ်တိုင် ချစ်ရသူနှင့် အတူ လက်ထပ်ခွင့်ရသကဲ့သို့ စိတ်ကူးယဉ် မိကြတော့သည်။ ဤနေရာတွင် ယန်ရှုက သူမ၏ ကလောင်အစွမ်းကို ပြတော့သည်။ သူမက ဤသို့ ဆက်ရေးသည်။ —-

သို့သော် စစ်သူကြီး၏ မိသားစုမှ လူကြီးများက နှစ်လိုမှု မရှိကြပေ။ သူတို့၏ ဖိအားပေးမှုကြောင့် စစ်သူကြီးနှင့် အမျိုးသမီးလေးတို့မှာ စစ်သူကြီး၏ တူဖြစ်သူကို သူတို့ မိသားစု၏ စည်းစိမ်ဥစ္စာများအား ဆက်ခံမည့် အမွေခံအဖြစ် သတ်မှတ်ပေးရလေသည်။ ထို့နောက်တွင် စစ်သူကြီးမှာ စစ်မြေပြင်သို့ ထွက်၍ စစ်ပွဲ သုံးပွဲ ဆက်တိုက် အနိုင်ရအောင် ဆောင်ကျဉ်းခဲ့ပြီး တိုင်းပြည်ကို အကျိုးပြုခဲ့သည်။ ချစ်ရသူနှင့် အတူရှိခွင့်ရရေး ဤသို့ ဒဏ်ရာ အမာရွတ်များ အပြည့်ဖြင့် ကြိုးစားအားထုတ်ခဲ့ရသော်လည်း လူအများက သူတို့အား ကဲ့ရဲ့ ဝေဖန်မှုများဖြင့်သာ ဆီးကြိုနေတော့သည်။

ဤသို့ဖြင့် သူတို့ ဘဝ နေဝင်ချိန်ဖက် ရောက်လာချိန်တွင် အမွေခံအဖြစ် သတ်မှတ်ထားသည့် တူတော်မောင်က ရန်ရှာလာတော့သည်။ စစ်သူကြီး၏ အမွေများကို စောစော ရနိုင်ရန် တူတော်သူက စစ်သူကြီး သေအောင် တမင် ကြံ‌တော့သည်။ ထိုမျှသာ မကသေး အမျိုးသမီးလေးကိုပါ စစ်သူကြီးနှင့်အတူ သေစေရန် ကြံစည်သည်။ ပြည့်တန်ဆာမကြောင့် သူတို့ မိသားစု အရှက်သိက္ခာကျခဲ့သမျှ အဖက်ဆယ်နိုင်မည်ဟု ယူဆပြီး သူ့ ပြုကျင့်သည့် ဒုစရိုက်မှုကို ဖုံးကွယ်နိုင်ရန်လည်း တစ်ပါတည်း ကြိုးစားလေသည်။

……..

ဤအထိ ဖတ်ရှုရသည့်အခါ အားလုံးမှ ဒေါသထွက်ကုန်ကြပြီး စစ်သူကြီး၏ တူမှာ မည်သူဖြစ်သနည်းဟု သိချင်ကုန်ကြတော့သည်။

သို့သော် စစ်သူကြီး ဝူအန်းနှင့် အမျိုးသမီးရှောက်တို့၏ ဇာတ်လမ်းမှာ လူအများသိပြီး ဖြစ်နေသဖြင့် တူဖြစ်သူ ဘယ်သူဆိုသည်ကို ခန့်မှန်းရန် သိပ်မခက်တော့ချေ။

စစ်သူကြီး ဝူအန်း၏ ဂုဏ်သိက္ခာကြောင့်သာ မဟုတ်လျှင် ခြေမြန် လက်မြန်ရှိသူတို့မှာ ပါးမြန့် စာအုပ်တိုက်ပိုင်ရှင်တုန်းကကဲ့သို့ အိမ်အထိသွားပြီး အသီးပုပ် အရွက်ပုပ်များဖြင့် ပစ်ချင်ကြသေးသည်။

ထိုအချိန်၌ပင် နန်းတွင်းရှိ အရှင်မင်းကြီးကလည်း နန်းတွင်း ကိုယ်ရံတော် တပ်မှူးနှင့် စစ်ရေး ဌာန အကြီးအကဲတို့ထံမှ သတင်းပို့လာသည်ကို နားထောင်နေသည်။

“အရှင်မင်းကြီးကို လျှောက်တင်ပါတယ်…။ ကျွန်တော်မျိုး မေးမြန်းကြည့်တော့ စစ်သူကြီး ဝူအန်း နာမကျန်းဖြစ်နေတာ တစ်လကျော်နေပြီဆိုတာ သိရပါတယ်…။ အစကတော့ အအေးမိတာလို့ ပြောပါတယ်…။ ဒါပေမဲ့ အဆုတ်က ဒဏ်ရာဟောင်းကြောင့် ပိုဆိုးသွားပါတယ်…။ ဒါကြောင့်မို့လို့ အပြင်က ဆေးတွေ မတိုးတော့တာပါ…။ နာမကျန်းဖြစ်တာ ရက်နည်းနည်း ကြာလာတော့ စစ်သူကြီးရဲ့ ကိုယ်လုပ်တော် အမျိုးသမီး ရှောက်က အမွေခံ ဟန်ရှင်းအန်းကို နန်းတွင်းကနေ သမားတော် ပင့်ဖို့ အကြိမ်ကြိမ် တောင်းပန်ပါတယ်…။ ဒါပေမဲ့ အရှင်မင်းကြီးက သမားတော် မလွှတ်ပေးဘူးပြောတယ်ဆိုပြီး အကြိမ်ကြိမ် ငြင်းဆန်ပါတယ်”

“နောက်ဆုံး မနေနိုင်တော့လို့ အမျိုးသမီးရှောက်က မနေ့က နန်းတွင်းကို ဝင်ပြီး မယ်တော်ကြီးဆီ ဝင်တောင်းပန်ပါတော့တယ်…။ အဲဒီတော့မှ စစ်သူကြီးဆီကို သမားတော်ကျန်း ‌ရောက်လာပါတော့တယ်။ သမားတော်ကျန်းလည်း အပင်ပန်းခံပြီး နေ့ရော ညပါ စစ်သူကြီးနားက မခွာဘဲ စောင့်ရှောက်ပေးနေပါတယ်။ အခုတော့ စစ်သူကြီးလည်း သက်သာလာပါပြီ…။ သမားတော်ကျန်းကတော့ အခြေအနေ ကောင်းလာပြီလို့ အတည်ပြုပါတယ်”

ထိုသတင်းကြားသည့်အခါ အရှင်မင်းကြီး၏ မျက်နှာမှာ တင်းမာလာပြီး ဒေါသဖြစ်စွာဖြင့် ကျိန်ဆဲလေသည်။

“ဒီငမိုက်သား”

“ကိုယ့် မိသားစုရဲ့ သက်ကြီးရွယ်အိုတွေကို ဂရုမစိုက်တဲ့အပြင် ငါကိုယ်တော်ကိုပါ စော်ကားသေးတယ်…။ ဒီ ဟန်ရှင်းအန်းဆိုတဲ့ ကောင်ကို ချက်ခြင်း ဖမ်းခေါ်ခဲ့စမ်း…!”

ဟား… ဒီလို ငမိုက်သားမျိုးဟာ စစ်သူကြီးအဆောင်အယောင် အဆင့်အတန်းမျိုး ဆက်ခံဖို့ မထိုက်တန်ဘူး…။

စစ်သူကြီးဝူအန်း ကျန်းမာလာတဲ့အခါ အမွေဆက်ခံမဲ့သူ အသစ် ထပ်ရွေးခိုင်းရမယ်။

******

All Chapters