← Chapters

အခန်း (၁၇၈-၁၈၀)

Vol. 12 Ch. 178-180

အခန်း (၁၇၈-၁၈၀)

Vol. 12 Ch. 178-180

178 01

အခန်း 178

ဆောင်းဦးရာသီပွဲတော် စားသောက်ပွဲ ပြီးသွားပြီး နောက်တစ်နေ့တွင် သခင်လေးရှောင်ယောင်၏ ဝတ္ထုနှစ်ပုဒ် ဆက်တိုက်ထွက်လာသည်ကို စာဖတ်ဝါသနာရှင်တို့ ကျေနပ်စွာ သိလိုက်ရသည်။

မြို့စားမင်းချီ၏ အမှုကိစ္စကို စစ်ဆေး စုံစမ်းနေသည့်အချိန်နှင့်လည်း တိုက်ဆိုင်နေရာ သခင်လေး ရှောင်ယောင်၏ စာအုပ်ကို ဖတ်လိုက်ရသည့် ပြည်သူတို့မှာ မည်သူမျှ မထိရဲသည့် တော်ဝင်မိသားစုတောင် ဒီအဆင့်အထိ အကျင့်ပျက်နေကြသလားဟု ဆက်စပ် နားလည်သွားကြလေသည်။

မြို့တော်တစ်ခုလုံးရှိ လူတိုင်းက ကဲ့ရဲ့ရှုံ့ချကြသည်။

ဤသတင်းမှာ နန်းမြို့တော်သာမက အခြားမြို့နယ်များအထိ ပြန့်နှံ့သွားသောအခါ မြို့စားမင်းချီ အိမ်တော်၏ ဖိနှိပ်မှုကို ခံခဲ့ရသူတိုင်းက သက်ဆိုင်ရာ ရုံးတော်များသို့ လာရောက် တိုင်တန်းကြလေတော့သည်။

အချို့က မြေနေရာများ အခိုးယူခံရသည်၊ စည်းစိမ်ဥစ္စာများ အခိုးယူခံရသည်။ အချို့သူတို့၏ ဇနီးမယား၊ သမီးဖြစ်သူများ အစော်ကားခံရသည် စသည်ဖြင့် စုစုပေါင်း အမှု (၁၀) မှုခန့် ထပ်တိုးလာသည်။

ယခုလို လှုပ်လှုပ်ရှားရှား ဖြစ်နေသည့်အချိန်မျိုးတွင် ဒေသခံ တရားရုံးတော်များကလည်း တိုင်တန်းမှုများကို မသိချင်ယောင် မဆောင်ရဲကြပေ။ ချက်ချင်းပင် တိုင်ကြားမှုတိုင်းကို မှတ်တမ်းတင်ကာ ပြစ်မှုရေးရာဌာနသို့ ပို့ပေးကြသည်။

ဤသို့ဖြင့် စစ်ဆေးစုံစမ်းမှုမှာ ပို၍ ကျယ်ပြန်လာတော့သည်။ ထို့ကြောင့် ပြစ်မှုရေးရာဌာနနှင့် နန်းတွင်း အထူးစစ်ဆေးရေးအဖွဲ့တို့မှာ ဧကရာဇ်မင်းကြီးထံသို့ စုံစမ်းစစ်ဆေးမှုများကို တင်ပြနိုင်ရန် လဝက်ခန့် အချိန်ယူလိုက်ရသည်။

လူ (၁၀) ယောက်ထက် မနည်း ထိခိုက်နစ်နာစေခဲ့သော ပြစ်မှုများကို စစ်ဆေးအတည်ပြုထားသည့် သက်သေများနှင့်တကွ သိရှိလိုက်ရသောအခါ ဧကရာဇ်မင်းကြီးမှာ အမျက်တော် ရှလေသည်။ ထို့ကြောင့် ချက်ချင်းပင် ကောကျန်းဟိုင်အား သေမိန့်ချရန် အမိန့်စာ ထုတ်လေတော့သည်။

သူ၏ ဒုစရိုက်မှုများတွင် ပါဝင်ခဲ့ကြသော အကြံပေးပုဂ္ဂိုလ်များနှင့် အစေခံများကိုလည်း ပြင်းထန်စွာ အပြစ်ပေး အရေးယူသည်။ နက်နက်နဲနဲ ပါဝင်သူတို့ကို သေဒဏ်ချသည်။ ခပ်ပါးပါး ပါဝင်သူတို့ကို နယ်နှင်ဒဏ်ပေးသည်။ သို့သော် တစ်ယောက်ကိုမျှ သက်ညှာခွင့်ပေးခြင်း မရှိပေ။

ကောကျန်းဟိုင်၏ ဇနီးနှင့် သားသမီးတို့ကို ကြံရာပါအဖြစ် သတ်မှတ်ပြီး နယ်စပ်ဒေသသို့ နယ်နှင်ဒဏ် ခတ်လိုက်သည်။ သို့သော် သားဖြစ်သူမှာ နန်းမြို့တော်အထွက် လီ ၅၀ အကွာတွင် ယခင်က ရရှိထားသည့် အဆိပ်ဒဏ်ကြောင့် ဆုံးပါးသွားခဲ့သည်။

တူဖြစ်သူနှင့် ယောက်ဖဖြစ်သူတို့အပေါ် သစ္စာ‌ဖောက်ခဲ့ပြီး ခမည်းခမက်မိသားစုဝင်များ၏ အသက်ကို ဆုံးရှုံးစေခဲ့သူ မြို့စားမင်းချီမှာ နန်းတွင်း၌ ကျင်းပသည့် ဆောင်းဦးရာသီပွဲတော် စားသောက်ပွဲအပြီး ညအချိန်တွင် လေဖြတ်ဝေဒနာကို ခံစားရပြီး နောက်သုံးရက်အကြာတွင် ကွယ်လွန်လေသည်။

ဤသို့ဖြင့် ဆယ်စုနှစ်ပေါင်းများစွာ အာဏာစက် ပြန့်နှံ့ခဲ့သည့် တော်ဝင်မိသားစုတစ်စုမှာ လုံးဝ ချုပ်ငြိမ်းအဆုံးသတ်သွားတော့သည်။ ထို့နောက်တွင် ဧကရာဇ်မင်းကြီးက ငဲ့ညှာသည့် အနေဖြင့် မင်းမှုထမ်းများကို ချီအိမ်တော်၏ ကိုယ်လုပ်တော်များနှင့် အစေခံများထံမှ ထွက်ဆိုချက်များကို ရယူစေသည်။ ထိုမိသားစု ကျူးလွန်ခဲ့သည့် ပြစ်မှုများတွင် မပါဝင်သူများကို လွတ်ငြိမ်းချမ်းသာခွင့် ပြုသည်။

ထို့ကြောင့် လင်းမိသားစု၏ အကြီးဆုံးသမီးဖြစ်သူမှာ လုကျိုးရှိ မိဘများထံသို့ ပြန်ခွင့်ရသွားသည်။

ချီမြို့စားမင်းအိမ်တော်အရေး ပြီးဆုံးသည့်အခါ ၉ လပိုင်းသို့ ဝင်နေပြီဖြစ်သောကြောင့် ရာသီဥတုမှာ နေ့ရော ညပါ အေးလာသည်။

ယန်ရှု၏ ဝမ်းဗိုက်မှာလည်း တဖြည်းဖြည်း သိသိသာသာ စူလာသဖြင့် နေ့ဝတ် ဝတ်ရုံထူထူ ဖုံးထားသည့်တိုင် ခပ်စူစူ မြင်နေရသည်။ ညဖက် ညအိပ်ဝတ်ရုံ ဝတ်ထားချိန်တွင် ပို၍ပင် သိသာလေသည်။

ယွီဝိန်းလန်က လဝက်ခန့် အလုပ်ရှုပ်နေသော်လည်း ယနေ့ညတွင်မူ စောစော ပြန်လာခဲ့သည်။ သူ ခန်းဆောင်အတွင်းသို့ ဝင်လာချိန်တွင် ယန်ရှုကလည်း ရေချိုးဆောင်အတွင်းမှ ပြန်ထွက်လာသည်ကို တိုးသည်။

ရန်တုန်းနှင့် လျန်ရှင်းတို့က ယန်ရှုဘေးမှ တွဲ၍ လိုက်ပါလာကြသည်။ ဧကရာဇ်မင်းကြီးကို မြင်လိုက်သောအခါ သူတို့က ဦးညွတ်ရန် ပြင်လိုက်ရာ မင်းကြီးက —

“ရတယ်… မင်းတို့ သွားလို့ ရပြီ” ဟု မိန့်လိုက်ပြီး ယန်ရှုအနားသို့ လာ၍ သူတို့အစား တွဲပေးလေသည်။

အပျိုတော်နှစ်ယောက်မှာလည်း အရိုအသေပေးပြီးနောက် ဦးခေါင်းများကို ညွတ်ကာ နောက်သို့ ဆုတ်သွားကြသည်။

အခန်းထဲတွင် မည်သူမျှ မကျန်တော့သည့်အခါ ယွီဝိန်းလန်က သူမကို ကြည့်၍ သက်ပြင်းချလိုက်သည်။

“ဗိုက်တောင် တော်တော် စူလာပြီ”

ယန်ရှုက ခေါင်းညိတ်၍ ပြောလိုက်သည်။

178 02

“ဟုတ်တယ်… ကိုယ်ဝန်က ငါးလတောင် ရှိနေပြီလေ… ဒါနဲ့… အရှင်မင်းကြီး မလာတာတောင် တော်တော်ကြာသွားပြီနော်”

ထိုသို့ ပြောလိုက်သောအခါ ယွီဝိန်းလန်က ခပ်သွက်သွက် ရှင်းပြသည်။

“အခုရက်ပိုင်း အလုပ်ပြီးတာ နောက်ကျတယ်လေ…။ အဲဒီတော့ နောက်ကျမှ လာရင် မင်းကို အနှောင့်အယှက်ပေးမိသလို ဖြစ်မှာစိုးလို့ ချန်းမင်နန်းဆောင်မှာပဲ အိပ်လိုက်တာ”

ပြောရင်း အားနာသလိုလည်း ဖြစ်မိနေသည်။ သူ့ရင်သွေးလေးကို လွယ်ထားသူကို တစ်ယောက်တည်း ပစ်ထားသလို ဖြစ်နေသည်လေ။

သို့သော် သူမက သူ့ကို အပြစ်မတင်ပေ။

“အရှင်မင်းကြီးလည်း တိုင်းရေးပြည်ရေးတွေချည်း ဖိလုပ်မနေပါနဲ့။ ကျန်းမာရေးလည်း ဂရုစိုက်ဦးနော်… အလုပ်တွေ ပိပြီး အိပ်ရေးမပျက်ပါစေနဲ့”

သို့သော် သူမ၏ စိတ်ထဲ၌မူ [ကလေးအဖေရေ အရမ်း အားနာမနေပါနဲ့…။ အိပ်ရာကြီးကြီးပေါ်မှာ တစ်ယောက်တည်း အိပ်ရတာမို့ သက်တောင့်သက်သာရှိပါတယ် - ဟိုဖက်လှိမ့်လိုက် ဒီဖက်လှိမ့်လိုက်နဲ့ ဇိမ်ပဲ ဟီဟိ] ဟု တွေးလိုက်သည်။

ယွီဝိန်းလန် - “…”

ဒါဆို သူက ငါ့ကို လွမ်းတောင် မလွမ်းဘူးပေါ့လေ။

ပြီးတော့ ဘာတဲ့ သူ့ကို “ကလေးအဖေ” တဲ့ ခေါ်လိုက်တာ ဟုတ်လား။

နေဦး… ကျန်သေးတယ်… သူ့ဗိုက်က ဒီလောက် စူနေတာကို ဟိုလှိမ့် ဒီလှိမ့်က လုပ်နိုင်သေးတယ်လား။

သူ့မှာ ပြောချင်စိတ်တွေ များလာသော်လည်း ရာသီဥတုက အေးလာပြီမို့ သူမ အအေးမိမှာ စိုးရိမ်နေသည်။ ထို့ကြောင့် သူမကို အိပ်ယာဖက်သို့ တွဲခေါ်လာပြီး စောင်အောက်တွင် သိပ်ပေးလိုက်သည်။

ထို့နောက် ခြေထောက်လက်ထောက်ဆေးကြော သန့်စင်ပြီးနောက် အိပ်ယာပေါ်သို့ တက်လာလေသည်။

အင်း… ကြည့်ရတာ အိပ်ရာအခင်းကို နေထုတ် လှမ်းထားပုံရတယ်။ အနံ့လေးကို သင်းနေတာပဲ။

ပိုကောင်းသည်မှာ ယခုလို အေးနေသည့် ရာသီမျိုးမှာ လဲလိုက်လျှင် ဇိမ်ကျနေသဖြင့် အနံ့ကလည်းမွှေး နူးနူးညံ့ညံ့လေးလည်းဖြစ်… တစ်နေကုန် အလုပ်ပင်ပန်းလာသော သူ့ကို သက်တောင့်သက်သာ ဖြစ်သွားစေသည်။

သို့သော် ယွီဝိန်းလန်က စောစောနက ယန်ရှု၏ အတွေးများကို ပြန်သတိရလိုက်သဖြင့် သူမကို ထွေးပွေ့လိုက်ကာ မေးလိုက်သည်။

“ကိုယ် ဒီလိုဖက်ထားရင် ဇိမ်ကျလား”

ယန်ရှုက ချက်ချင်း ခေါင်းညိတ်ပြလိုက်ပြီး ပြန်ဖြေသည်။

“ဇိမ်ကျတာပေါ့”

ယွီဝိန်းလန်က ဆက်မေးသည်။

“ဒါဆို… တစ်ယောက်တည်း အိပ်ရတာ ကြိုက်လား၊ ကိုယ်နဲ့ အိပ်ရတာ ကြိုက်လား”

ယန်ရှုက မဆိုင်းမတွ ပြန်ဖြေသည်။

“အရှင်မင်းကြီးနဲ့ အိပ်ရတာ ပိုကောင်းတာပေါ့”

ထိုသို့ ဖြေပြီးသည့်အခါ ယန်ရှု စိတ်ထဲတွင် တစ်မျိုးဖြစ်သွားသည်။

သူဘာလို့ ဒါတွေ လာမေးနေတာလဲ။

မသိရင် ခုဏက ငါတွေးလိုက်တာကို သိနေတဲ့အတိုင်းပဲ။

ဟင်း… သူ့စိတ်ထဲ ဘာတွေးနေတယ်ဆိုတာ သိရအောင် စမ်းကြည့်မှပဲ။

ထို့ကြောင့် သူမက သူ့လက်ကို ဆွဲယူလိုက်ပြီး ဝမ်းဗိုက်ပေါ်သို့ တင်ကာ ပြောလိုက်သည်။

“အရှင်မင်းကြီး … သားတော်လေးကို စမ်းကြည့်ပါဦး”

ယွီဝိန်းလန်က တွန့်ခနဲ ဖြစ်သွားပြီး သူမ မသိစေရန် အတွေးများကို ထိန်းလိုက်သည်။

သို့သော် သူ လက်တင်လိုက်သည်နှင့် ဗိုက်ထဲမှ ကလေးလေးကလည်း တိုက်တိုက်ဆိုင်ဆိုင် ပြန်တွန်းသဖြင့် သူလက်ဝါး ထိလိုက်ရာ နေရာတွင် ဘုတစ်ခုလို စူထွက်လာလေသည်။

ယွီဝိန်းလန်မှာ အံ့ဩသွားပြီး ရင်ထဲတွင်လည်း နွေးထွေးမှုတစ်ခုကို ခံစားလိုက်ရသည်။

[ဟား… ငါ့သားတော်လေးက တော်လိုက်တာ… ငါ့အတိုင်းပဲ]

ယန်ရှု - “...”

ဟင်း… ဧကရာဇ်မင်းကြီးက အပိုင်ကို တွက်ထားတာပါလား…။ ယောက်ျားတိုင်း ဒီလိုပါပဲလေ။

သို့သော် ထိုစဉ်၌ပင် ဗိုက်ထဲတွင် ရှိနေသည့် ကလေးလေးက စိတ်လှုပ်ရှားဟန်ဖြင့် ထပ်လှုပ်ပြန်သည်။ ထိုအခါ ယန်ရှုက ပေါက်စလေးက တကယ်ပဲ သူ့အဖေမှန်း သိလို့ ကျေနပ်နေတာလားဟု တွေးလိုက်မိသည်။

ထို့ကြောင့် သူမက ကြည်နူးစွာဖြင့် ယွီဝန်းလန်ကို ပြောလိုက်သည်။

178 03

“အရှင်မင်းကြီး သားတော်လေးကို စကား ပြောကြည့်… အရှင်မင်းကြီးရဲ့ အသံကို မှတ်မိသွားရင် မွေးပြီးတဲ့အခါ မင်းကြီးစကားကို နားထောင်လိမ့်မယ်”

ယွီဝိန်းလန်ကလည်း စိတ်ဝင်စားသွားသည်။

“အဲဒီလိုလား”

သူမက ခေါင်းညိတ်ပြသော်လည်း သူက ဘာပြောရမည်မှန်း မသိသဖြင့် ပြန်မေးလိုက်သည်။

“ငါက သားတော်လေးကို ဘာပြောရမှာလဲ”

သူ့ပုံစံက တစ်ခါမှ မလုပ်ဖူးသဖြင့် အူကြောင်ကြောင် ဖြစ်နေသည်။

ယန်ရှုက သူ့ကိုကြည့်၍ သဘောကျစွာ ပြုံးလိုက်ပြီး အကြံပေးသည်။

“အရှင်မင်းကြီးက ကိုယ့်အကြောင်းကို ပြောပြီး ကလေးလေးကို မိတ်ဆက်လိုက်လေ”

ယွီဝိန်းလန်က သဘောပေါက်သွားဟန်ဖြင့် “ဟုတ်သားပဲ” ဟု ပြောလိုက်ကာ လည်ချောင်းကို ရှင်း၍

“ပေါက်စလေးရေ… ငါက မင်းရဲ့ ခမည်းတော်ပါ” ဟု ပြောလိုက်သည်။

သူ ပြောပြီးသည်နှင့် ကလေးလေးကလည်း ဝမ်းဗိုက်ထဲတွင် လက်ဖြင့် တွန်းလိုက်လေသည်။

ဤသည်ကို မြင်လိုက်သောအခါ ယွီဝိန်းလန်က အလွန် သဘောကျသွားသည်။

ယန်ရှု၏ မျက်နှာမှာလည်း ဝင်းပသွားသည်။ ဪ… သူက “ပေါက်စလေး” လို့ ခေါ်တယ်ပေါ့။

သူမ ထပ်၍ တွေးမိလိုက်သည်။ လင်မယားချင်း အတွေးတူတယ်ဆိုတာ ဒါမျိုးလား။

သို့သော် သူမက သက်ပြင်းချလိုက်ပြီး ပြောလိုက်သည်။

“အရှင်မင်းကြီးကလည်း ပျော့လိုက်တာ”

ထိုအခါ သူက သူမ၏ မေးစေ့ကို ခပ်ဖွဖွ ဆွဲညှစ်လိုက်ပြီး ပြုံးလိုက်သည်။

“မင်းအပေါ်မှာလည်း ငါကိုယ်တော်က ပျော့ပျော့ပြောင်းပြောင်း ပါပဲနော်”

သူ့လက်ဖျားမှာ နူးညံ့လှသဖြင့် အထိခံလိုက်ရသည့် ယန်ရှုအဖို့ တွေဝေမိန်းမောသွားမိမတတ် ဖြစ်သွားမိသည်။

ဟင်း… ဒါပေမဲ့ သူတို့ နှစ်ယောက် အတူတူ အိပ်ဖြစ်တာ ပြီးခဲ့တဲ့ လဝက်လောက်တုန်းက နောက်ဆုံးပဲ။

နန်းတွင်းသမားတော်တွေကတော့ အိပ်လို့ရပေမဲ့ ခဏခဏတော့ မလုပ်သင့်ဘူးလို့ ပြောကြတာပဲ။

ထို့ကြောင့် သူက စိတ်ကို ထိန်းလိုက်ကာ မေးလိုက်သည်။

“ပေါက်စလေးက အခုဆို ဘယ်အရွယ်လောက် ရှိနေပြီလဲ”

ယန်ရှုက တစ်ချက် တွေးလိုက်ပြီး စပျစ်သီးတစ်ဆုပ်စာ လက်ဖြင့် လုပ်ပြပြီး ပြောလိုက်သည်။

“ဒီလောက် ကြီးပြီထင်တာပဲ”

ယွီဝိန်းလန်က အံ့ဩသွားကာ ထပ်မေးလိုက်သည်။ “အဲဒီလောက်ပဲ ရှိသေးတာလား။ ဒါဆို မွေးဖို့အထိဆို တော်တော်ကြာကြာ စောင့်ရဦးမှာပေါ့”

ယခုမှ ပထမဦးဆုံးအကြိမ် အဖေဖြစ်ရတော့မည့်အပြင် ကိုယ်ဝန်ဆောင်မိန်းမကိုလည်း ယခုမှ မြင်ဖူးသည်မို့ ကိုယ်ဝန်ကိစ္စနှင့် ပတ်သက်လျှင် ဘာမျှ မသိပေ။

ယန်ရှုကလည်း အတွေ့အကြုံမရှိဖူးသည့် အမေတစ်ယောက်ဖြစ်သောကြောင့် သူက ထိုသို့ မေးလိုက်သည့်အခါ ဖရဲသီးတစ်လုံးအရွယ်ခန့် တွေးကာ လက်ဖြင့် လုပ်ပြလိုက်ပြီး ပြန်ပြောလေသည်။

“မွေးတဲ့အခါကျရင်တော့ ဒီလောက်ကြီးလာမယ် ထင်တယ်”

“ဪ…” ယွီဝိန်းလန်က ခေါင်းညိတ်လိုက်ပြီး မျက်မှောင်ကြုတ်ကာ ထပ်မေးလိုက်သည်။

“အဲဒါကျတော့လည်း တော်တော်ကြီးတာပဲ - အဲဒီတော့ သူ့ကို ဘယ်လို မွေးမှာတုန်း”

ယန်ရှု - “...”

ယခုမှ ကလေးမွေးသည့်အရေးကို သူမ တွေးမိလိုက်သည်။

ဤလောကတွင်ရှိနေသော ယောက်ျားတိုင်း မိန်းမတွေရဲ့ မီးဖွားခြင်း ဒုက္ခကို သိနားလည်သင့်သော်လည်း သူတို့ တော်တော်များများက ယခုလို မေးခွန်းမျိုးကို မေးကြလေ့ မရှိသဖြင့် ဘာမှ မသိကြပေ။

ပို၍ကံဆိုးသည်မှာ ဤခေတ်တွင် ဖခင်လောင်းများအတွက် ကလေးနှင့် ပတ်သက်သည့် အသိပညာများ ပို့ချပေးသည့် သင်တန်းမရှိပေ။ ထို့အပြင် သူမကလည်း အသေအချာ မသိသောကြောင့် အလွန် နာကျင်ခံစားရမည်ဟုသာ သိထားသည်။

ထို့ကြောင့် သူမက —

“...အင်း… မွေးတဲ့အခါကျ တွေ့ရမှာပေါ့…။ အချိန်ကျလာရင်တော့ မိဖုရားလည်း တောင့်ခံနိုင်မယ် ထင်ပါတယ်” ဟု ပြောလိုက်သော်လည်း သူမ၏ စိတ်ထဲတွင် နည်းနည်း လန့်လာမိသည်။ ဒီဖက်ခေတ်တွင် ဆေးပညာမှာ အကန့်အသတ်ရှိသဖြင့် ကလေးမွေးသည့် အမျိုးသမီးများ အခက်အခဲကြုံရတတ်သည်ကို သူမ သိထားသည်။

178 04

ဘုရား… ဘုရား… အဲဒီလို ဖြစ်လာရင် ဘယ်လိုလုပ်မတုန်း။

ယွီဝိန်းလန်က သူမ၏ အတွေးများကို တိတ်တဆိတ် နားထောင်နေရင်း သူမကို ဆွဲကာ ဖက်လိုက်ပြီး အားပေးလိုက်သည်။

“ဘာမှ မကြောက်ပါနဲ့… နန်းတွင်း သမားတော်တွေက မင်း ဒုက္ခမတွေ့အောင် ဝိုင်းစောင့်ရှောက်ကြမှာပါ”

သူက နွေးထွေးစွာ ဖက်လိုက်ခြင်းကြောင့် သူမ၏ စိတ်ထဲတွင် လုံခြုံသွားသလို ခံစားလိုက်ရသဖြင့် ယန်ရှုက တည်ငြိမ်သွားပြီး ခေါင်းညိတ်ပြလိုက်သည်။

သို့သော် သူမ၏ စိတ်ထဲတွင် ဆက်၍ တွေးမိနေသေးသည်။ ဒီဖက်ခေတ် ယောက်ျားတော်တော်များများနှင့် ယှဉ်လျှင် မင်းကြီးက တော်တော် ကောင်းသည့် ယောက်ျားမျိုး ဖြစ်သည်။ မိဖုရားကြီး ဟွေ့၏ အဖြစ်အပျက်နှင့် ယှဉ်လျှင် သူမက ပို၍ အဆင်ပြေလိမ့်မည်ဟု ယုံကြည်သည်။

စကားမစပ် မြို့စားမင်းချီ အိမ်တော်ကို နှိမ်နင်းပြီးနောက် ဧကရာဇ်မင်းကြီးက မိဖုရားကြီးဟွေ့၏ မိသားစုဝင်ဆိုသူများကို မသိကျိုးကျွန်ပြုထားခြင်းဖြင့် မပတ်သက်ချင်ကြောင်း သူတို့ သိသာအောင် ဖော်ပြထားသည်။

ယခုလို ပြဿနာများကို ကြုံရသည့်အခါ ဤကဲ့သို့ ကိုယ်လုပ်တော်တစ်ပါး၏ သားကို အကျင့်စာရိတ္တကောင်းသည့် မင်းတစ်ပါး ဖြစ်လာအောင် ပျိုးထောင်ပေးနိုင်သည့် မယ်တော်ကြီး၏ သူမတူအောင် ထူးခြားသည့် အရည်အချင်းကို လေးစားမိသည်။

မယ်တော်ကြီးကို တစ်လောကလုံးရှိ အကောင်းဆုံး မိထွေးများထဲမှ တစ်ယောက်ဟု ညွှန်းဆို၍ပင် ရနိုင်‌လောက်ပေသည်။

ယွီဝိန်းလန်လည်း ထိုသို့ တွေးမိသဖြင့် စိတ်ထဲတွင် ဆင်ခြင်သုံးသပ်လိုက်ပြီးနောက် —

“ချုံယန်ပွဲတော်နီးလာပြီဆိုတော့ မယ်တော်ကြီးနဲ့အတူတူ ဘယ်လို နွှဲကြမလဲ စီစဉ်ကြမယ်လေ” ဟု ပြောလိုက်သည်။

ယန်ရှုက ‘အင်း’ ဟု ပြောလိုက်ပြီး အသေအချာ တွေးကြည့်လိုက်သည်။

ချုံယန်ပွဲတော်ကို နန်းတွင်း၌ ကျင်းပလျှင် စားသောက်ပွဲတစ်ခု စီစဉ်ပြီး ဂန္ဓမာဝိုင်အရက် သောက်ကာ ဆင်နွှဲလေ့ရှိသည်။

မယ်တော်ကြီးက သူမနှင့်မတူ… အစားအသောက် မမက်သဖြင့် စားသောက်ပွဲကျင်းပလျှင် အလကား ဖြစ်ပေမည်။

ပို၍ အရေးကြီးသည်မှာ အခုတလော ဘာ အတင်းအဖျင်း ပြဿနာမှ ဖြစ်‌မနေပေ။

စားသောက်ပွဲတစ်ခုမှာ ဘာမှ ပြောစရာမရှိလျှင် ပျင်းဖို့ကောင်းတာသာ အဖက်တင်ပေမည်။

ဪ… နေဦး… ကျောင်းတော်အုပ်ကြီးချီနဲ့ မယ်တော်ကြီးတို့ကို ချုံယန်ပွဲတော်ကို အတူတူ နွှဲခိုင်းလိုက်ရင် မကောင်းဘူးလား…

ယွီဝိန်းလန် - “...”

ဟင်… အဲဒီလို ဘယ်ဖြစ်မလဲ။ မယ်တော်ကြီးကဘုရင့် မယ်တော်ကြီး… ချီရှုကွမ်းက စုန့်ဟယ်ကျောင်းတော်အုပ်အဆင့်နဲ့ - ဘဝချင်းက တခြားစီ…။

ယန်ရှုကလည်း မဖြစ်နိုင်မှန်း သိသည်…။ ထို့ကြောင့် သူမက ထိုအတွေးများကို မေ့ထားလိုက်သည်။

သို့သော် ဆက်၍ တွေးနေရင်း သူမ၏ မျက်နှာ ဝင်းပသွားပြီး ပြောလိုက်သည်။

“ချုံယန်ပွဲတော်နေ့ကျရင် ပြည်သူတွေက တောင်ပေါ်တက်ကြတယ် မဟုတ်လား… မယ်တော်ကြီးလည်း လေကောင်းလေသန့် ရှူချင်ရှာမှာပဲ…။ အရှင်မင်းကြီးအနေနဲ့ မယ်တော်ကြီးကို တောင်ပေါ်တစ်နေရာရာမှာ လမ်းလျှောက်ဖို့ လိုက်ပို့ပေးလိုက်ပါလား”

ယွီဝိန်းလန်က တစ်ချက် တွန့်ဆုတ်သွားသလို ဖြစ်မိသည်။

“မယ်တော်ကြီးက နန်းပြင်ကို ထွက်ချင်ပါ့မလား”

ထိုအခါ ယန်ရှုက စိတ်ထဲတွင် ဘာလို့ မထွက်ချင်ရမှာလဲဟု တွေးလိုက်သည်။ နန်းတွင်းမှာ နေတဲ့ ငှက်ကလေးတွေတောင် အပြင်လောကကြီးကို ခံစားဖို့ ပျံသန်းထွက်ခွာတတ်ကြသေးတာပဲ။

မယ်တော်ကြီးက နန်းတွင်းထဲ၌ နှစ်ပေါင်းများစွာ ပိတ်လှောင်နေရသဖြင့် နန်းပြင်သို့ တစ်ခါတလေ မထွက်ချင်ဘဲ နေပါ့မလား။

သို့သော် ထိုအတွေးများကို နှုတ်က ထုတ်ပြော၍မဖြစ်သောကြောင့် အကြံတစ်ခုသာ ပြုလိုက်လေသည်။

“အရှင်မင်းကြီးက ပြည်သူတွေရဲ့ ဘဝကို လေ့လာဖို့ မကြာမကြာ နန်းပြင်ထွက်တယ် မဟုတ်လား…။ မယ်တော်ကြီးနေရာမှာ ဝင်ခံစားကြည့်ပေါ့…။ မယ်တော်ကြီးက နန်းတွင်းထဲမှာ နှစ်ပေါင်းများစွာ နေလာခဲ့တာ။ ကြာတော့ ပြည်သူတွေရဲ့ နေပုံထိုင်ပုံတွေကိုလည်း မြင်ချင်မိမှာ အမှန်ပဲလေ။ အရှင်မင်းကြီး ကျွန်မကို စားစရာတွေ လိုက်ကျွေးတုန်းက… အဲ… ပြည်သူတွေရဲ့ နေပုံထိုင်ပုံတွေကို လိုက်ပြတုန်းက ပျော်စရာ ကောင်းတယ်လို့ မထင်ဘူးလား”

ယွီဝိန်းလန် - “...”

အင်း… ဟုတ်လည်း ဟုတ်သည်။ သူကိုယ်တိုင်လည်း နန်းတွင်း၌ ပိတ်လှောင်နေသည်ထက် အပြင်သို့ ထွက်၍ လျှောက်သွားရသည်ကို နှစ်သက်သည်။

သို့သော် သူက သူမကို ကြည့်လိုက်ပြီး မေးလိုက်သည်။

“နန်းပြင်ထွက်တာကတော့ ဟုတ်ပါပြီ… ဒါပေမဲ့ မင်းက ဒီပုံစံကြီးနဲ့ တောင်ပေါ် တက်နိုင်ပါ့မလား”

ယန်ရှုက အဟား… မျှော်လင့်ချက်လေး ရှိလာပြီ ဟုတွေးလိုက်သည်။

သူမက စိတ်အားတက်လာပြီး ခပ်သွက်သွက် ခေါင်းညိတ်ပြလိုက်သည်။

“ကျွန်မအတွက်က‌တော့ ပူမနေပါနဲ့… နန်းတွင်းသမားတော်ကတောင် ကျွန်မကို လှုပ်ရှားမှုလေးဘာလေး လုပ်ခိုင်းနေတာ…။ အဲဒါမှ မွေးတဲ့အခါ အထောက်အကူ ဖြစ်မှာတဲ့”

ထို့နောက် သူက သဘောတူသည်ဟုပင် မပြောရသေးခင် သူမက အစီအစဉ် ထ,ဆွဲတော့သည်။

“ကျွန်မ အမြင်ကတော့ ရေမွှေးပန်း တောင်ကို သွားရင် မဆိုးဘူးလို့ ထင်တယ်။ ဒီလို ရာသီရောက်ရင် ရေမွှေးပန်းလေးတွေက မွှေးနေတာပဲ… ပြီးတော့ တောင်ကလည်း သိပ်လည်းမမြင့်တဲ့အပြင် လမ်း‌လေးတွေလည်း ဖြူးနေတာပဲ။ ကျွန်မ ကြားဖူးတာ မြင်းရထားတွေတောင် တောင်ပေါ် တက်ချင် တက်လို့ ရတယ်တဲ့”

178 05

“ဪ… ပြီးတော့ တောင်ပေါ်မှာလည်း ဘုရားကျောင်းတစ်ကျောင်းရှိတော့ ဆုပါ တစ်ခါတည်း‌ တောင်းခဲ့လို့ ရတယ်။ မနက်ဖြန် မယ်တော်ကြီးကို ကျွန်မ မေးကြည့်လိုက်မယ်… မယ်တော်ကြီး သဘောကျမှာ သေချာတယ်”

အဟေးဟေး… နောက်တစ်ကြိမ် အပြင်ထွက်ခွင့် ရတော့မယ်ကွ။

ယွီဝိန်းလန် - “...”

ဟ… နေစမ်းပါဦီး… ငါက သဘောတူတယ်လို့ တစ်ခွန်းမှတောင် ‌မပြောရသေးပါလား။

ငြင်းဖို့တောင် နောက်ကျသွားပြီ ထင်ပါရဲ့…။

ယန်ရှု ထင်ထားသည့်အတိုင်းပင် မယ်တော်ကြီးက တောင်တက်ရမည့် အစီအစဉ်ကို သဘောကျနေသည်။ ထို့ကြောင့် မေးလိုက်သည်နှင့် ချက်ချင်းပင် သဘောတူလေ၏။

ယခုတော့ ယွီဝိန်းလန်လည်း ဘာမှ စောဒကတက်မရတော့သဖြင့် နန်းတော်စောင့် ရဲမက်တို့ကို လမ်းကြောင်း၊ လုံခြုံရေး အစီအစဉ်များ ချခိုင်းလေသည်။ အစီအစဉ်များ ရေးဆွဲပြီးသည့်အခါ ချုံယန်ပွဲတော်နေ့ မနက်စောစောပိုင်းတွင် နန်းတော်မှ ထွက်ခွာကြသည်။

ယန်ရှုပြောသည့်အတိုင်း ရေမွှေးပန်းတောင်က သိပ်မမြင့်ပေ။ လမ်းကြောင်းလည်း သင့်သဖြင့် မြင်းရထားများမှာ တောင်ကလပ်အနားထိပင် တက်နိုင်ပေသည်။

မြင်းရထားပေါ်မှ ဆင်းကြသောအခါ အနီရောင်သန်းနေသည့် သစ်ရွက်များကို မြေပြင်ပေါ်တွင် တွေ့လိုက်ရသည်။ လေပြေလေညှင်း တစ်ချက်တိုက်လိုက်တိုင်း ရေမွှေးပန်းရနံ့လေးက သင်းပျံ့လာသည်မှာ အားလုံး စိတ်ကြည်နူးဖွယ်ဖြစ်ပေသည်။

မယ်တော်ကြီးမှာလည်း အလွန်ပင် ကျေနပ်နေပုံရသည်။ သူမ၏ စကားသံများ၊ အပြုအမူများမှာ သိသိသာသာ သွက်လက်နေသည်။

ယန်ရှုအတွက်ကမူ ခြေလှမ်းတိုင်း ပေါ့ပါးနေသလို ခံစားနေရပြီး ဘယ်လောက် လျှောက်လျှောက် မောသည်ဟု မခံစားရပေ။

သို့သော် ယွီဝန်းလန်ကတော့ စိတ်ပူသဖြင့် သူမ၏ လက်ကို တစ်လမ်းလုံး ကိုင်ထားသည်။

တောင်ပေါ်တွင် စေတီဖြူ ဘုရားကျောင်းတစ်ခု ရှိသဖြင့် အမွှေးတိုင်များ ကိုင်၍ လာရောက်ဆုတောင်းသူများကို လမ်းတွင် တွေ့ကြရသည်။ ထိုအခါ ဒီအထိရောက်အောင် လာလက်စနှင့် ဘုရားကျောင်းထဲသို့လည်း ဝင်ရန်ဆုံးဖြတ်လိုက်ကြသည်။

ဘုရားကျောင်းသို့ သွားသည့်လမ်းမှာ မြင်းရထားများ သွားလောက်သည်အထိ မ‌ပေါက်သော်လည်း အရမ်းမဝေးသဖြင့် တော်သေးသည်။ ရေနွေးကြမ်းတစ်ခွက် သောက်စာ အချိန်လောက်အတွင်း၌ သူတို့အားလုံး ဘုရားကျောင်းဆီသို့ ရောက်သွားကြသည်။

စေတီဖြူ ဘုရားကျောင်းမှာ သိပ်မကြီးသော်လည်း သက်တမ်းရင့်ပြီး သပ္ပာယ်သည့် ခံစားချက်ကို ရစေသဖြင့် လာရကျိုးနပ်ပေသည်။ မိသားစုသုံးယောက် အတူတကွ ဆုတောင်းကြပြီးနောက် အလှူအတန်းအနည်းငယ် လုပ်ကြသည်။

ထို့နောက် ဘုရားကျောင်းပတ်ဝန်းကျင်၏ သာယာလှပမှုကို ခံစားကြသည်။ ထို့နောက်တွင် ဘုရားကျောင်းဝင်းအတွင်းရှိ နားနေဆောင်ကလေးတွင် ခေတ္တ အနားယူကြသည်။

လိုက်ပါလာသည့် နန်းတွင်း အပျိုတော်များက လက်ဖက်ရည်ကြမ်း ပြင်ဆင်ပေး‌နေကြစဉ် ယွီဝိန်းလန်က မယ်တော်ကြီးကို မေးလိုက်သည်။

“မယ်တော်… ဒီနေ့ကို သဘောကျရဲ့လား”

မယ်တော်ကြီးက သူမ၏ မျက်နှာကွယ် ခမောက်အောက်မှ ကျေနပ်နေသည့် အသံဖြင့် ပြန်ပြောလေသည်။

“သိပ်ကို ကျေနပ်တာပါပဲ… သားတော်က တွေးလည်း တွေးတတ်ပါပေတယ်။ လမ်းမှာလည်း ပြည်သူတွေက ကော်မိသားစုအကြောင်းပြောပြီး အရှင်မင်းကြီးရဲ့ ဉာဏ်ပညာကြီးမားမှုကို ချီးကျူးနေရတာတွေ ကြားရတော့ မယ်တော်ကြီး ဂုဏ်ယူလိုက်တာ။ နောင်လည်း မလျှော့ဘဲ ဆက်ကြိုးစားပါနော် သားတော်”

ယွီဝိန်းလန်က ခေါင်းညိတ်ပြလိုက်ပြီး —

“သားတော် နားလည်ပါတယ် မယ်တော်… စိတ်ချပါ” ဟု အာမ,ခံလိုက်သည်။

သူ့စိတ်ထဲတွင်လည်း ကျေနပ်နေမိသည်။

ထို့နောက် သူက အဖန်ရည်ခွက်ကို ကိုင်၍ ဟိုဟိုဒီဒီ ကြည့်ရှု ခံစားနေရင်း သောက်ရန်ပြင်လိုက်စဉ် တစ်စုံတစ်ရာကို မြင်လိုက်သည့်အခါ တအံ့တဩဖြင့် စိုက်ကြည့်နေမိတော့သည်။

ယနေ့ ဘုရားကျောင်း အဝင်းထဲတွင် လူသိပ်မရှိပေ။ အကြောင်းမှာ လာရောက် ဆုတောင်းကြသူများသည် ဘုရားတွင်ဆုတောင်းပြီးနောက် ရှုခင်းကို ခဏတဖြုတ်ခံစားပြီးလျှင် တောင်အောက်သို့ ပြန်ဆင်းကြ‌သောကြောင့် ဖြစ်သည်။

ထို့ကြောင့် ယွီဝိန်းလန် ဝေ့ဝဲ ကြည့်လိုက်သည့်အခါ ဘုရားဝင်းအတွင်းသို့ တစ်ကိုယ်တည်း ဝင်လာသည့် လူတစ်ယောက်ကို ထင်းခနဲ မြင်လိုက်ရပေသည်။

သူ့အသက်အရွယ်က လေးဆယ်ဝန်းကျင်ခန့် ရှိပြီး အပြာရောင် ဝတ်စုံကို ဝတ်ဆင်ထားသည်။ အရပ်အမောင်းကလည်း ထင်းရှူးပင်သဖွယ် ထောင်ထောင်မောင်းမောင်း ရှိသည်။ ထိုသူမှာ တခြားမဟုတ် စုန့်ဟယ် ကျောင်းတော်အုပ်ကြီး ချီရှုကွမ်းပင် ဖြစ်လေတော့သည်။

သူက ဘာလို့ ဒီရောက်နေတာလဲ။

ယွီဝိန်းလန် တစ်ချက်ငြိမ်သက်နေစဉ် သူ့နားထဲသို့ အော်ဟစ်ပြောဆိုလိုက်သံကို ကြားလိုက်ရသည်။

178 06

[ဘုရားရေ… အဲဒါ ကျောင်းတော်အုပ်ကြီး ချီ မဟုတ်လား…။ တိုက်တိုက်ဆိုင်ဆိုင် ဒီမှာ လာဆုံနေပါ့လား… ဒါ ရေစက်ပဲ ဖြစ်ရမယ် ]

ယွီဝိန်းလန် - “...”

သူ့အနားမှာ အမျိုးသမီးနှစ်ယောက်သာ ထိုင်နေသဖြင့် ထိုသို့ အော်လိုက်သူမှာ ယန်ရှုကလွဲ၍ တခြားလူ မဖြစ်နိုင်ပေ။

ချီရှုကွမ်းကို မြင်လိုက်စက ယန်ရှု၏ အစီအစဉ်ဟု ထင်လိုက်မိသေးသည်။

သို့သော် သူမ၏ အော်ဟစ်သံကို ကြားလိုက်ရသည့်အခါ ထိုသို့မဟုတ်ကြောင်း သိလိုက်ရသည်။

ထိုစဉ် မယ်တော်ကြီး၏ အတွေးကိုလည်း ကြားလိုက်ရသည်။

[ ဟင်… သူ… သူက ဘာလို့ ဒီကို ရောက်နေတာလဲ။ ]

ယွီဝိန်းလန် - “...”

မယ်တော်ကြီးကိုယ်တိုင်လည်း ဤသို့ဖြစ်မည်ကို ကြိုသိထားပုံမရပေ။

ဟ… ဒီမှာ အမှတ်မထင် လာဆုံတယ်ဆိုတော့… တကယ်ပဲ ယန်ရှုပြောသလို ရေစက်ပဲလား။

ထိုစဉ် ရှုမျှော်ခင်းများကို ခံစားနေသည့် ချီရှုကွမ်းကလည်း သူ့ကို မြင်သွားသည်။ တအံ့တဩ ဖြစ်သွားပုံရပြီး အနားသို့ ခပ်သွက်သွက် လျှောက်လာကာ အရိုအသေ ပေးလေသည်။

“အရှင်မင်းကြီးကို ဒီမှာ တွေ့ရလိမ့်မယ်လို့ မထင်ထားတဲ့အတွက် ဂရုမပြုမိတာ ခွင့်လွှတ်ပါခင်ဗျာ”

ယခင်ကတည်းက သိသူများဖြစ်ကြသဖြင့် ယွီဝိန်းလန်က ခေါင်းညိတ်ပြကာ ပြောလိုက်သည်။

“ရပါတယ်… ငါကိုယ်တော်လည်း ရှုခင်းတွေ ခံစားဖို့သက်သက် ထွက်လာတာဆိုတော့ … အထူးတလည် တရိုတသေ ဆက်ဆံစရာ မလိုပါဘူး”

သူ ပြောပြီးသည့်အခါ ယန်ရှုကလည်း မျက်နှာကာ ခမောက်အောက်မှနေ၍ ချောင်းဟန့်ကာ ပြောလိုက်သည်။

“တိုက်ဆိုင်လိုက်တာနော်… သခင်ကြီးချီလည်း ဒီကို ရှုခင်းတွေ ကြည့်ဖို့ လာတာလား”

ချီရှုကွမ်းက အလျင်အမြန် ပြန်ဖြေသည်။

“ဟုတ်ပါတယ် အရှင်မ”

ထိုအခါ ချီရှုကွမ်း၏ စိတ်ထဲတွင် တွေးမိလိုက်သည်။ ဒီအသံက ကိုယ်လုပ်တော်ယီရဲ့ အသံဆိုတော့ ဟိုတစ်ယောက်က …. 'သူ' လား။

ယန်ရှုက ထိုအတွေးကို ကြားလိုက်သောအခါ ‘’ဒါပေါ့’ ဟု ထ,ဖြေလိုက်ချင်နေသဖြင့် တော်တော် စိတ်ထိန်းနေရသည်။ ထို့နောက် သူမက —

“ဒီနေ့ တော်တော် တိုက်ဆိုင်တာပဲ… ဪ… ဒါနဲ့ စကားမစပ်… ကျွန်မက စုန့်ဟယ်ကျောင်းတော်ကို ဂဏန်းတွေ ပို့လိုက်တာ စားကြည့်ပြီးပြီလား”

သူမ၏ အိုင်ဒေါက ပြန်ဖြေသည်။

“ကျောင်းသားတွေရော ဆရာတွေရော စားကြည့်ပြီး ကြိုက်လို့ အရှင်မရဲ့ စေတနာကို ကျေးဇူးတင်နေကြပါတယ်”

ယန်ရှုက ခေါင်းညိတ်လိုက်ပြီး ဆက်မေးသည်။

“လမုန့်တွေရော ကြိုက်ရဲ့လား။ ကျွန်မတို့ စိုက်ထားတဲ့ ကြာစေ့တွေကို သုံးပြီး နန်းဆောင်မှာ ကိုယ်တိုင် လုပ်ထားတာ”

သူမ၏ အိုင်ဒေါက ပြန်ဖြေသည်။

“ကျွန်တော်တို့ အားလုံးကြိုက်ကြပါတယ်…။ ကျောင်းတော်သားတွေနဲ့ သင်ကြားရေးဆရာတွေကလည်း အရှင်မရဲ့ စေတနာကို အထူးကျေးဇူးတင်နေကြပါတယ်”

ယန်ရှု စိတ်သက်သာရာ ရသွားပြီး ငါ့ဆရာမကြီး မုန့်တွေ လုပ်ရကျိုးနပ်တာ‌ပေါ့ဟု တွေးလိုက်သည်။

ဟား… ငါ့ အိုင်ဒေါကို အကုန်ပြောပြလို့ ရရင် သိပ်ကောင်းမှာပဲ… ဒါပေမဲ့ ပြောလို့ မဖြစ်ပြန်ဘူး။

သူမတွေး၍ မဆုံးသေးခင် အိုင်ဒေါဖြစ်သူ ပညာရှိချီက ပြန်တော့မည့်ဟန် ပြုလေသည်။ ထိုစဉ် မယ်တော်ကြီးက ရုတ်တရက် ထ,ပြောသည်။

“သခင်ကြီးက တောင်ပေါ်တက်လာရတာ ပင်ပန်းနေမှာပေါ့။ ရေနွေးကြမ်းလေး သောက်သွားပါဦးလား”

ယန်ရှု - “ဟယ်…”

ယွီဝိန်းလန် - “ဟင်…”

သူ ရေရွတ်လိုက်ချိန်မှာပင် အော်ဟစ် အားပေးလိုက်သံကို ကြားလိုက်ရတော့သည်။

[ အိုး… ဒါမှ ငါ့ဆရာမကြီးကွ။ လက်ခံလိုက် အိုင်ဒေါ… လက်ခံလိုက် ]

178 07

ထိုအသံမှာ ချစ်လှစွာသောသူမ၏ အသံဖြစ်ကြောင်း နှစ်ကြိမ်တွေးကြည့်ရန်ပင် မလိုချေ။

ချီရှုကွမ်းကို ကြည့်လိုက်သောအခါ သူလည်း အံ့ဩနေပုံပေါ်သည်။

တခဏမျှ ငြိမ်သွားပြီးနောက် သူက ဦးညွတ်ကာ ပြန်ပြောလေသည်။

“မယ်တော်ကြီးတို့ကို အားနာလို့ မသောက်တော့ပါဘူး”

သို့သော် မယ်တော်ကြီးက ဆက်၍ခေါ်သည်။

“ဒီ‌နေ့ ကျွန်မတို့က နန်းတွင်းမှာ မဟုတ်တဲ့အတွက် တရိုတသေ လုပ်နေစရာ မလိုပါဘူး။ လက်ဖက်ရည်ကြမ်းလေး တစ်ခွက်လောက် သောက်သွားတာက ကျောင်းတော်ကို ရေဆာဆာနဲ့ ပြန်သွားရတာထက်တော့ ပိုကောင်းတာပေါ့”

ယွီဝိန်းလန် - “...”

သူ့ချစ်လှစွာသော မိဖုရား ထ,မအော်ခင် သူ တစ်ခုခု ပြောမှဖြစ်တော့မည်။

“မယ်တော်ကတောင် ဖိတ်နေမှတော့ ဆရာကြီး အားနာမနေပါနဲ့တော့။ လာပါ လက်ဖက်ရည် သောက်သွားပါဦး”

လက်ဖက်ရည်လေး တစ်ခွက်လောက် သောက်တာလောက်ကတော့ ဘာမှ မထိခိုက်သွားပါဘူးလေ။

******

179 01

အခန်း 179

ဧကရာဇ်မင်းကြီး ကိုယ်တော်တိုင်က ဖိတ်ခေါ်နေပြီ ဖြစ်သောကြောင့် ချီရှုကွမ်းလည်း မငြင်းနိုင်တော့ဘဲ “ဟုတ်ကဲ့ပါ” ဟု ပြောကာ နာခံလိုက်ပြီး နားနေဆောင်လေးအတွင်းသို့ ဝင်၍ ထိုင်လိုက်သည်။

သို့သော် ယွီဝိန်းလန်က ချစ်လှစွာသောသူမ မအော်အောင် ပြုလုပ်လိုက်ခြင်း ဖြစ်သော်လည်း ချီရှုကွမ်း ထိုင်ချလိုက်သည်နှင့် ယန်ရှုက စိတ်ထဲတွင် အော်ပြန်လေတော့သည်။

[ အား… ငါ့ရဲ့ အိုင်ဒေါ ထိုင်နေပြီ… ငါ့ ဆရာမကြီးနဲ့ တစ်စားပွဲတည်း ထိုင်နေတာ! လက်ဖက်ရည်လည်း အတူတူ သောက်နေကြပြီ ]

ထိုသို့ အော်ဟစ် အားပေးပြီးနောက် စိတ်ထဲတွင် ဝမ်းနည်းလာသလို ဖြစ်သွားပြီး ငိုနေပြန်သည်။

[ အဟင့် အဟင့်… သူတို့ ဘဝက ခက်ခဲလိုက်တာ။ အခုလို အတူထိုင်ဖူးတာ ဒါ ပထမဆုံးလား မသိဘူး။ ငါ့အသည်းတွေတော့ ကြေကွဲပါပြီ… ]

ယွီဝိန်းလန် - “...”

ဒီကောင်မလေး ဘာလို့ ဒီလောက်တောင် အပိုတွေ တွေးနေရတာလဲ။

ဘုရား ဘုရား… ဒီလောက် စိတ်အပြောင်းအလဲ မြန်နေတာ စိတ်ကျန်းမာရေးရော ကောင်းရဲ့လား။

ကံကောင်းထောက်မစွာဖြင့် ငိုလိုက် ငြီးလိုက်နှင့် မကြာမီ ယန်ရှုမှာ ပြန်တည်ငြိမ်သွားတော့သည်။ ထိုစဉ် အပျိုတော်တစ်ဦးက ချီရှုကွမ်းအတွက် လက်ဖက်ရည် ယူလာသည်ကို မြင်လိုက်သည့်အခါ သူမက ပြောလိုက်သည်။

“ဪ… ဟုတ်သားပဲ… ဒီနေ့ မုန့်တွေလည်း ယူလာသေးတယ်… အတူတူ စားကြတာပေါ့”

အပျိုတော်များက နာခံလိုက်ပြီး မုန့်သေတ္တာများကို ယူလာကြသည်။ ထို့နောက် သူတို့က နားနေဆောင်လေးအတွင်းရှိ ကျောက်သား စားပွဲပေါ်တွင် မုန့်အမျိုးမျိုးကို အစီအရီ တင်လိုက်ကြသည်။ ချုံယန်ပွဲတော်မုန့်များ၊ မြေစာဥမုန့်များ၊ ကြာစေ့မုန့်များ၊ ရေမွှေးပန်းမုန့်များ အပြင် အခြားသော မုန့်များလည်း ပါဝင်ပြီး မုန့်အားလုံးကို အမြင်လှအောင် ပြုလုပ်ထားပေသည်။

အထူးသဖြင့် ချုံယန်ပွဲတော်မုန့်ကို ကောက်ညှင်းနှင့် ရိုးရိုးဆန်မှုန့်တို့ကို ရော၍ ပဲနီများ၊ အသီးခြောက်များဖြင့် ပြုလုပ်ထားလေရာ ဖြူဖြူဖွေးဖွေး၊ နူးနူးညံ့ညံ့၊ ချိုမြမြနှင့် စားချင်စဖွယ် ဖြစ်နေသည်။

ဒါတင် ဘယ်ကမလဲ… အဟဲ… ဒီမုန့်တွေကို စီအန်းနန်းဆောင် စားဖိုဆောင်ကနေ လုပ်ထားတာဆိုတော့ ဘယ်မှာမှ ဝယ်လို့မရဘူး။

ထို့ကြောင့် ယန်ရှုက —

“ဒီနေ့က ချုံယန် ပွဲတော်နေ့ဆိုတော့ ချုံယန်ပွဲတော်မုန့်ကို စားမှ ဖြစ်မှာ။ အားလုံး စားကြနော်” ဟု တိုက်တွန်းလိုက်သည်။

အဟဲ… ဒီလိုပြောရတာက ငါ့အိုင်ဒေါကြီး အားနာနေမှာစိုးလို့ ပြောလိုက်တာ… ဒီအခွင့်အရေးကို လက်လွှတ်ခံလို့ မဖြစ်ဘူး!

သူမ ပြောပြီးသည့်တိုင်အောင် ဧကရာဇ်မင်းကြီးနှင့် မယ်တော်ကြီးတို့က မုန့်ကို ကောက်ယူလိုက်သော်လည်း သခင်ကြီးချီကတော့ တုတ်တုတ်ပင် မလှုပ်ဝံ့သေးပေ။

ယန်ရှုက နည်းနည်း စိတ်ပျက်သွားသော်လည်း ထပ်မတိုက်တွန်းတော့ပေ။

ထိုစဉ်၌ပင် သူမ၏ သိပ်တော်သည့် ဆရာမကြီးက ဝင်ပြောလိုက်သည်။

“ဒီ ချုံယန်မုန့်တွေကို မယ်တော်ကြီးကိုယ်တိုင် လုပ်ထားတာပါ။ ဆရာကြီးလည်း မြည်းကြည့်ပါဦးလား”

ယန်ရှု - [ ဟယ်!!! ဒီမုန့်တွေကို မယ်တော်ကြီး ကိုယ်တိုင် လုပ်ထားတယ်ပေါ့လေ။။။ သခင်ကြီးချီရေ… ဒီအခွင့်အရေးကြီးကို လုံးဝ လက်လွှတ်ခံလို့ မဖြစ်ဘူးနော်!!! ]

ထိုစဉ် သခင်ကြီးချီက တွန့်ဆုတ်နေဟန်ဖြင့် ပြန်ပြောလေသည်။

“မယ်တော်ကြီးက အရမ်း စေတနာကောင်းလှပါတယ်… ဒါပေမဲ့ ကျွန်တော်မျိုး အားနာပါတယ်”

ထိုအခါ မယ်တော်ကြီးက သူမ၏ မျက်နှာကာ ခမောက်အောက်မှ ခပ်ပေါ့ပေါ့လေး ရယ်လိုက်ပြီး —

“ကျွန်မတို့နဲ့တောင် အတူထိုင်နေမှပဲ ကျွန်မတို့ပဲ စားနေပြီး ဆရာကြီးက မစားရင် ဘယ်ကောင်းမလဲ။ အရမ်း စိတ်ထဲ ဝန်လေးမနေပါနဲ့” ဟု တိုက်တွန်းလေသည်။

ယန်ရှု - [ အား… ငါ့ ဆရာမကြီးကတော့ ထိတယ်ကွာ။သူပြောတာ သိပ်ဟုတ်တာပဲ။ သခင်ကြီးချီ ဆက်ပြီးတော့ အားနာမနေပါနဲ့တော့]

မယ်တော်ကြီးက ထိုသို့ ပြောလိုက်သည့်အခါ သခင်ကြီးချီက နောက်ဆုံး လက်လျှော့လိုက်ပြီး ‘မှန်လှပါ’ ဟု ပြန်ပြောလိုက်ကာ ချုံယန်မုန့်ကို ကောက်ယူ၍ သုံးယောက်သား အတူ စားကြလေတော့သည်။

ယန်ရှုလည်း ယခုမှ စိတ်သက်သာသွားပြီး ချုံယန်မုန့်ကို ယူ၍ စားကြည့်လိုက်တော့သည်။

ယခုမှ ယွီဝိန်းလန်၏ နားများသည်လည်း နားညီး သက်သာသွားသဖြင့် မုန့်ကို အသေအချာ အရသာခံ စားနိုင်တော့သည်။

179 02

သူ မုန့်ကို စားနေစဉ် ယန်ရှုက မယ်တော်ကြီးကို ချီးကျူးလေသည်။

“ဒီမုန့်ကလေ တော်တော် နူးညံ့ပြီး ပျော့ပြောင်းတာပဲ…။ ချိုတယ်ဆိုပေမဲ့ အရမ်းလည်း မဟုတ်ဘူး… ချိုမြမြလေး… ပဲနီနဲ့ အသီးခြောက် ထည့်ထားတာကလည်း ပမာဏက ကွက်တိ။ မယ်တော်ကြီးရဲ့ လက်ရာကတော့ အံ့မခန်းနိုင်အောင်ပဲ”

ဤသို့ ကြားလိုက်သည့်အခါ မယ်တော်ကြီးက ရယ်လိုက်မိသည်။

“ဒီကောင်မလေးကတော့လေ… လူတွေကို ဘယ်လို မြှောက်ရမလဲ သိတယ်”

ယန်ရှုက မျက်နှာ ပြောင်ပြောင်ဖြင့် ဆက်ပြောလေသည်။

“သမီးတော်က အမှန်အတိုင်း ပြောတာပါ! မယုံရင် အရှင်မင်းကြီးကိုလည်း မေးကြည့်လေ - ဒီမုန့် တော်တော်ကောင်းတယ် မဟုတ်လား အရှင်မင်းကြီး”

ယွီဝိန်းလန်က ရုတ်တရက်ကြီး သူ့ဖက်လှည့်လာသဖြင့် - “ဟမ်...” ဟု ရေရွတ်လိုက်မိသည်။

သူ့ဘာသာသူ ချီးမွှန်းရုံနဲ့ မလုံလောက်သေးဘူးလား။ ငါ့ကိုပါ ဆွဲထည့်နေတယ်။

သို့သော် သူ့ကိုလည်း တည့်တည့်မေးနေပြီ ဖြစ်သောကြောင့် ပြန်ဖြေလိုက်ရသည်။

“ဟုတ်တာပေါ့… အရမ်းကောင်းတယ်။ မယ်တော်ရဲ့ လက်ရာက အရင်ကတည်းက အရမ်းကောင်းတာ”

ထိုသို့ပြောပြီးနောက် သူ စဉ်းစားနေမိသည်။ - မယ်တော်က ဒီချုံယန်မုန့်တွေကို ချီရှုကွမ်းအတွက်များ ရည်ရွယ်ပြီး ကိုယ်တိုင်လုပ်ထားတာလား။

သို့သော် ပြန်တွေးကြည့်လိုက်သည့်အခါ သူမကိုယ်တိုင်လည်း သူရောက်လာမည်ကို ကြိုသိပုံ မရသောကြောင့် မဖြစ်နိုင်ပေ။

ထိုသို့ တွေးနေရင် ချီရှုကွမ်းဖက်လည်း လှည့်၍ နားထောင်ကြည့်လိုက်ရာ သူက စိတ်ထဲတွင် သက်ပြင်းချ၍ တွေးလိုက်သံကို ကြားလိုက်ရသည်။

[ အင်း… ဒီမုန့်က တော်တော် စားကောင်းတာပဲ… သူကိုယ်တိုင် မုန့်လုပ်တာ ရှားတယ်… ကြည့်ရတာ အရှင်မင်းကြီးအတွက် ထင်ပါရဲ့…။ သားအမိ အခုလို တရင်းတနှီးဖြစ်နေတာ ကောင်းတယ် - အရင်တုန်းက ရုန်းကန်ခဲ့ရကျိုးနပ်တာပေါ့။ ]

ယွီဝိန်းလန် မသိမသာ မျက်ခုံးမြင့်လိုက်မိသည်။

ပွင့်ပွင့်လင်းလင်း ဝန်ခံရလျှင် ဒီလူ့ထံမှ မသင့်လျော်သည့် အတွေးမျိုး ယခုအချိန်အထိ တခါမှ မကြားရဖူးသေးချေ။

ချီရှုကွမ်း၏ အတွေးများကို ကြားရသူမှာ သူတစ်ယောက်တည်း မဟုတ်သဖြင့် ယန်ရှုကလည်း စိတ်ထဲမှနေ၍ အော်လိုက်သံကို သူကြားလိုက်ရသည်။

[ အိုးအိုးအိုး… ငါ့ အိုင်ဒေါက မယ်တော်ကြီးအကြောင်းပဲ အမြဲတွေးနေပြီးတော့ အမြဲတမ်း ကိုယ်ချင်းစာ ပေးနေတာပဲ… သူ့လောက် ကောင်းတဲ့သူ ကမ္ဘာပေါ်မှာ ရှိသေးရဲ့လား။ ]

ယွီဝိန်းလန် - “...အမ်”

အဲဒါဆို ငါကျတော့ သူ့လောက် မကောင်းဘူးပေါ့လေ။

သူက ဘာလို့ ချီရှုကွမ်းနဲ့ ယှဉ်လိုက်တိုင်း အမြဲ တစ်ဆင့်နိမ့်နေရတာလဲ။

သူစိတ်ထဲတွင် မနာလိုဖြစ်သွားသဖြင့် ချီရှုကွမ်းကို မေးလိုက်သည်။

“ဆရာကြီးက ရေမွှေးပန်းတောင်ပေါ်ကို ဘာကိစ္စနဲ့ လာတာလဲ”

ချီရှုကွမ်းက အလျင်အမြန်ပင် ပြန်ဖြေလေသည်။

“ကျွန်တော်မျိုးတို့ရဲ့ ဇာတိမြေမှာ ချုံယန်ပွဲတော်ရောက်ရင် အမြင့်တက်ကြတဲ့ ဓလေ့ရှိပါတယ်။ ကျွန်တော်မျိုးက ဒီ ရေမွှေးပန်းတောင်ဟာ သိပ်မမြင့်ဘူးလို့ ကြားဖူးတဲ့အတွက် တခါလောက် လာကြည့်မလားလို့ တွေးမိလိုက်တာပါ”

ထိုသို့ ကြားလိုက်ပြီးသည့်နောက် သူ့ထံမှ နောက်ထပ် ဘာအတွေးမှ မကြားရတော့ချေ။

သို့သော် ယန်ရှု၏ မကျေမနပ် ရေရွတ်သံကိုတော့ သူကြားလိုက်ရသည်။

[ ဟယ်… ငါ့အိုင်ဒေါကို ဘာလို့ ဒီလိုကြီး မေးရတာလဲ။ မယ်တော်ကြီးနဲ့ တွေ့ဖို့ တမင်လာတယ်လို့များ သံသယဝင်နေတာလား။ ငါ့ အိုင်ဒေါကြီးက အသက် လေးဆယ်တောင် ရှိနေပြီဆိုတော့ တောင်မြင့်မြင့်တွေ မတက်နိုင်တော့လို့ တောင်နိမ့်တာလေး ရွေးပြီး လာရတာပေါ့နော်။ သနားဖို့ကောင်းလိုက်တာ… ]

ယွီဝိန်းလန် - “...”

မေးခွန်းက ရိုးရိုးလေးပါ… ငါ့ကို ဘာလို့ စိတ်ဆိုးနေရတာလဲ…။

ထိုအချိန်၌ပင် မယ်တော်ကြီး၏ သက်ပြင်းချသံကို ကြားလိုက်ရသည်။

[ သူလည်း မငယ်တော့ဘူးလေ… ငါ့လိုပဲ… ခြေထောက်တွေ လေးနေရောပေါ့ ]

ယွီဝိန်းလန် - “...”

ဟုတ်တော့ ဟုတ်သည်။ မယ်တော်ကြီးလိုပဲ ချီရှုကွမ်းကလည်း အသက်ငယ်တော့သည် မဟုတ်။ တောင်ခပ်မြင့်မြင့်ကို တက်ရန် မစွမ်းသာသည်မှာ အမှန်ပင် ဖြစ်ပေလိမ့်မည်။

အချိန်များ ကုန်လွန်သွားသည်မှာ မြန်လှသည်။ သူ့စိတ်ထဲတွင် ချီရှုကွမ်း ငယ်စဉ်က နန်းတွင်း၌ တာဝန်ထမ်းဆောင်ခဲ့သည့် ကာလများကို ပြန်စဉ်းစားကြည့်လိုက်မိသည်။

မျက်တမှိတ်အတွင်း နှစ်ပေါင်းများစွာ ကုန်သွားခဲ့ပြီ…။

179 03

ယွီဝိန်းလန်က ဘာမှ ထပ်မပြောတော့ဘဲ နောက်ထပ် ရေမွှေးပန်းမုန့်တစ်ခုကို ကောက်ယူကာ စားလိုက်တော့သည်။

အနည်းငယ်ခန့် စားပြီးသည့်အခါ အတော်စားကောင်းသဖြင့် ယန်ရှုကို တစ်ခုပေးလိုက်ကာ ပြောလိုက်သည်။

“ဒါစားကြည့်… အနံ့ကလည်း မွှေးပြီး စားလို့ကောင်းတယ်”

ယန်ရှုက တစ်ကိုက်ကိုက်ကြည့်ပြီးသည့်အခါ မယ်တော်ကြီးကို ကြည့်၍ ချီးမွန်းပြန်သည်။

“ဒီဟာကိုလည်း မယ်တော်ကြီးလုပ်တာလား။ စားရတာ ကျွတ်ရွရွနဲ့ ရေမွှေးပန်းရနံ့လေးကလည်း သင်းနေတာပဲ”

ထိုအခါ မယ်တော်ကြီးက ရယ်လိုက်ပြီး ပြန်ပြောလေသည်။

“အင်း… ဒီတစ်ခါတော့ မိဖုရား ချီးကျူးတဲ့လူ မှားနေပြီ… အဲဒီမုန့်က စားဖိုဆောင်က လုပ်တာ”

သို့သော် ယန်ရှုက မလျှော့ဘဲ ဆက်၍ မျက်နှာပြောင်ပြောင်ဖြင့် ချီးကျူးလိုက်သည်။

“စားဖိုဆောင်က စားဖိုမှူးတွေကို မယ်တော်ကပဲ သင်ပေးရတာ မဟုတ်လား။ တခြား ဘယ်နေရာက အဲဒီ စားဖိုဆောင်ကို ယှဉ်နိုင်လို့လဲ”

ထိုအခါ မယ်တော်ကြီးက ထပ်ရယ်လိုက်မိပြန်သည်။

ချီရှုကွမ်းပင် မနေနိုင်တော့ဘဲ ပြုံးလိုက်မိတော့သည်။

ယွီဝိန်းလန် - “...”

ဩ… လက်စသတ်တော့ မယ်တော်ကြီး ချစ်နေအောင် သူက ဒီနည်းနဲ့ လုပ်တာကိုး။

သို့သော် မယ်တော်ကြီး ပျော်ရွှင်နေတာကို မြင်လိုက်ရသဖြင့် ဒီနေ့ နန်းပြင်သို့ ထွက်လာမိတာ တန်သည်ဟု တွေးလိုက်မိသည်။

သူတို့ ပြောလိုက် ရယ်လိုက်ဖြင့် လက်ဖက်ရည်နှစ်ခွက် သောက်ပြီးချိန်အထိ ကြာသွားတော့သည်။

ယခုအချိန်တွင် တောင်တက်သူများလည်း နည်းသွားသဖြင့် ဘုရားကျောင်းဝင်းထဲသို့ ဝင်လာသူလည်း နည်းသွားတော့သည်။

ယွီဝိန်းလန်က တောင်အောက်သို့ ပြန်ဆင်းရန် တွေးလိုက်ချိန်တွင် လူတချို့ ဘုရားကျောင်းဝင်းထဲသို့ ဝင်လာသည်ကို သတိပြုမိလိုက်သည်။

သူတို့ကို ဦးဆောင်လာသူနှစ်ဦးမှာ သားအမိဖြစ်ဟန်တူသည်။ သားဖြစ်သူက အသက် တစ်ဆယ့်ငါး တစ်ဆယ်ခြောက်အရွယ်ဟု ခန့်မှန်းနိုင်ပြီး အမေဖြစ်သူကတော့ အသက်လေးဆယ်ပင် ပြည့်သေးပုံမရချေ။

သူတို့နောက်မှ အမျိုးသားအစေခံတစ်ဦးနှင့် အမျိုးသမီး အစေခံတစ်ဦးတို့ လိုက်ပါလာကြသည်။

ထူးဆန်းသည်မှာ ထိုသားအမိနှစ်ယောက်၏ ဟန်ပန်မှာ အဆင့်အတန်းမြင့် လူတန်းစားဟု ထင်ရသော်လည်း အဝတ်အစားများက သူကြွယ်များ ဝတ်စားတတ်သကဲ့သို့ တောက်တောက်ပြောင်ပြောင် ဖြစ်မနေချေ။

ထို့အပြင် သူတို့ကို ကြည့်ရသည်မှာ ခရီးဝေးမှ လာရသည့်ဟန်ပေါက်နေတော့သည်။

ယွီဝိန်းလန်က သူတို့ကို စိတ်ဝင်စားမိသဖြင့် အသေအချာ ကြည့်မိလိုက်သည်။

ထိုစဉ် သားဖြစ်သူက ပြောလိုက်သည်ကို သူကြားလိုက်ရသည်။

“မေမေ… ဒီမှာ ခဏလောက် နားကြရအောင်”

သူ့ လေယူလေသိမ်းကို နားထောင်ကြည့်ပြီးသည့်နောက် နန်းမြို့တော်မှ လာသူ မဟုတ်မှန်း သေချာသွားလေသည်။

ထိုသို့ ပြောပြီးနောက် သူက ဘေးပတ်ပတ်လည်သို့ ကြည့်လိုက်ပြီးနောက် ဘုရားကျောင်းဝင်းထဲတွင် လူများရှိနေသည်ကို မြင်လိုက်ရသည်။ သူက အမေဖြစ်သူကို အနားတွင် ရှိသည့် ခုံပုပု တစ်လုံးပေါ်တွင် ထိုင်ခိုင်းလိုက်သည်။

အမျိုးသမီးအစေခံက သူမ၏ ကျောပေါ်မှ အိတ်ကို ဖြည်လိုက်ပြီး ရေထည့်သည့် အိတ်လေးတစ်လုံးကို ထုတ်ယူလိုက်သည်။ ထို့နောက် ထိုသားအမိနှစ်ယောက်ကို ရေအိတ်ထဲမှ ရေကို တိုက်မည်ဟု ထင်လိုက်သော်လည်း ထိုသို့ မဟုတ်ဘဲ အိတ်ထဲမှ နောက်ထပ် ဝါးခွက်လေးများကို ထုတ်ယူလိုက်သည်ကို မြင်လိုက်ရသည်။

ထိုဝါးခွက်လေးများထဲကို ရေအပြည့် မငှဲ့ခင် ရေအနည်းငယ်မျှ သွန်ထည့်လိုက်ပြီး ကျင်း၍ ဆေးလိုက်သည်။ ပြီးမှ ရေကို အပြည့်ထည့်ကာ သားအမိနှစ်ယောက်ကို တိုက်သည်။

တော်တော် ဆင်ဆင်ခြင်ခြင်ရှိတဲ့ သူတွေပဲ…

ယွီဝိန်းလန် အံ့ဩသွားမိသည် - ဒီလူတွေက သာမန် မိသားစုက လာတဲ့လူတွေမဟုတ်ဘူး။

သူတင်မက အခြားသူများကလည်း ထိုမိသားစုကို သတိထားမိသွားသည်။

မယ်တော်ကြီးက —

“အဲဒီ အမျိုးသမီးကို မြင်ဖူးကြလား။ အိုက်ကျားကတော့ သူတို့ကို မြင်ဖူးသလိုပဲ” ဟု ပြောလေသည်။

179 04

ထိုသို့ ကြားလိုက်သည့်အခါ ယန်ရှုကလည်း လှမ်းကြည့်လိုက်သည်။ သို့သော် ပြီးခဲ့သည့် ခြောက်လအတွင်း သူမ,တက်ခဲ့သည့် နန်းတွင်း စားသောက်ပွဲများတွင် ဒီသားအမိကို တစ်ခါမှ မမြင်ဖူးချေ။

သို့သော် သူတို့၏ လုပ်ပုံကိုင်ပုံများကို ကြည့်လိုက်လျှင် သာမန်မိသားစုက လာသူများ မဟုတ်ကြောင်း သိသာပေသည်။

သူမက စစ်စတန်ကို မေးရန် တွေးနေစဉ် ထိုသားအမိနှစ်ယောက်ထဲမှ သားဖြစ်သူက ဘုရားကျောင်းဝင်းကို ဝေ့ပတ်ကြည့်နေရင်း သူမ၏ အိုင်ဒေါဖြစ်သူကို မြင်သွားသည့်အခါ တုံ့ခနဲဖြစ်သွားသည်ကို သတိထားမိလိုက်သည်။ သူက အနားသို့ ရောက်လာပြီး နှုတ်ဆက်လေသည်။

“ဒီက မိတ်ဆွေကြီးက ဆရာကြီး ချီရှုကွမ်းလား”

အယ်။

ယန်ရှု အံ့အားသင့်သွားသည်။ ဒီကောင်လေးက ငါ့အိုင်ဒေါကို သိသလား။

ထိုသို့ မေးလိုက်သည့်အခါ သူမ၏ အိုင်ဒေါ ချီရှုကွမ်းက မတ်တပ် ထရပ်လိုက်ကာ —ပြန်မေးလိုက်လေသည်။

“ဟုတ်ပါတယ်… ကျုပ်က ချီရှုကွမ်းပါ…။ လူလေးကရော ဘယ်သူလဲ”

လူငယ်လေးက အလွန် ဝမ်းသာသွားဟန်ဖြင့် —

“ကျွန်တော်က ယန်ဖျင်နယ်စားမင်းအိမ်တော်က ရန့်ခိုင်းကျိပါ… ဆရာကြီး မှတ်မိမလား မသိဘူး” ဟု ပြောလေသည်။

ယန်ဖျင်နယ်စားအိမ်တော်။

ထိုစကားများကို ကြားလိုက်ရသည့်အခါ နားနေဆောင်အတွင်းရှိသူအားလုံး အံ့ဩ သွားကြသည်။ အပျိုတော် ဟုန်ယွိက မယ်တော်ကြီးနား ကပ်ကာ တီးတိုးပြောလေသည်။

“ကျွန်တော်မျိုးမ မှတ်မိပြီ မယ်တော်ကြီး… အဲဒီအမျိုးကောင်းသမီးက ယန်ဖျင်နယ်စားကတော် ဖြစ်လိမ့်မယ်ဘုရာ့”

မယ်တော်ကြီးက ထိုအမျိုးသမီးကို တချစ်က်ကြည့်ကြည့်လိုက်ပြီး ခေါင်းညိတ်လိုက်သည်။

“အင်း ဟုတ်တယ်… အိုက်ကျားလည်း အခုမှပဲ မှတ်မိတော့တယ်”

ကောင်လေးက သူ့ကိုယ်သူ ယန်ဖျင်နယ်စားအိမ်တော်ကလို့ ပြောတော့ ဟိုအမျိုးသမီးက သူ့အမေဆိုတော့ ယန်ဖျင်နယ်စားကတော် ဖြစ်နိုင်ချေများသည်ဟု ယန်ရှုက တစ်ယောက်တည်း တွေးမိလိုက်သည်။

ဤရာထူးသာ အမှန်ဆိုလျှင် ယန်ဖျင်နယ်စားအိမ်တော်သည် မင်ယွဲ့ဒေသတွင် ရှိပေလိမ့်မည်။ သို့ဆိုလျှင် သားအမိနှစ်ယောက်သား ဒီလောက်ဝေးသည့် နန်းမြို့တော်သို့ အဘယ့်ကြောင့် ထွက်လာကြသနည်း။

ယွီဝိန်းလန်လည်း ထူးဆန်းသလို ခံစားနေရသည်။ ယန်ဖျင်နယ်စားအိမ်တော်တွင် နေထိုင်သူများက ချီရှုကွမ်းကို ဘယ်လိုလုပ် သိနေကြသနည်း။

ထိုစဉ် ချီရှုကွမ်းက အလျင်အမြန်ပင် ပြန်ပြောလိုက်သည်။

“ဪ… သခင်လေးပါလား…။ ဘာကိစ္စများရှိလို့ ဒီအထိ ရောက်လာရတာလဲ”

ထိုသို့ မေးလိုက်သည့်အခါ လူငယ်လေးက ဝမ်းနည်းသွားပုံပေါက်သွားပြီး ပြောလိုက်သည်။

“ပြောရမှာ ရှည်ပါတယ်… ခဏလောက်စောင့်ပေးပါ… ကျွန်တော် အမေ့ကို အသိပေးလိုက်ဦးမယ်”

ထိုသို့ပြောပြီး သူက သူ့အမေအနားသို့ ထွက်သွားလေရာ ချီရှုကွမ်းကလည်း နောက်မှ လိုက်သွားလေသည်။

ခဏအကြာတွင် သူ့အမေကလည်း ချက်ချင်း မတ်တပ်ရပ်လိုက်ကာ ချီရှုကွမ်းကို ဝမ်းနည်းစွာဖြင့် စကားပြောနေသည်ကို မြင်လိုက်ကြရသည်။

နားနေဆောင်နှင့် အတန်ငယ်လှမ်းသဖြင့် အတွင်းမှလူများက ဘာတွေပြောနေသည်ကို အသေအချာ မကြားရဘဲ အမျိုးသမီး စိတ်ထိခိုက်ဝမ်းနည်းနေသည်ကိုသာ လှမ်းမြင်နေရသည်။

ထို့ကြောင့် အားလုံးက ပို၍ပင် သိချင်နေကြတော့သည်။

မကြာမီ ချီရှုကွမ်းက သူတို့ သုံးဦးထံ ပြန်ရောက်လာပြီး လျှောက်တင်လေသည်။

“အရှင်မင်းကြီး၊ မယ်တော်ကြီးနဲ့ တော်ဝင်ကိုယ်လုပ်တော်တို့ကို လျှောက်တင်လိုပါတယ်။ ကျွန်တော် လွန်ခဲ့တဲ့နှစ်ပေါင်းများစွာတုန်းက မင်ယွဲ့ပြည်နယ်ဖက်မှာ ခရီးထွက်နေတုန်း ဒီသခင်လေးကို ပညာသင်ကြားပေးဖို့ ယန်ဖျင်နယ်စားအိမ်တော်ရဲ့ တလေးတစား ဖိတ်ကြားမှုကို ခံခဲ့ရပါတယ်…။ အခုဒီမှာ တွေ့နေရတဲ့သူနှစ်ယောက်ကတော့ ယန်ဖျင်နယ်စားအိမ်တော်က သခင်မနဲ့ သခင်လေးတို့ပါပဲ”

သူက ထိုသို့ မိတ်ဆက်ပေးပြီးသည့်အခါ မယ်တော်ကြီးက မေးလိုက်သည်။

“သူတို့က ရုတ်တရက်ကြီး ဘာလို့ နန်းမြို့တော်ကို ရောက်လာကြတာလဲ”

ချီရှုကွမ်းက ပြန်ဖြေသည်။

“သူတို့ အဆိုအရဆိုရင် အိမ်တော်မှာ ပြဿနာဆိုးဆိုးဝါးဝါး တက်နေပုံရပါတယ်။ ကြည့်ရတာ နယ်စားမင်းကြီးက သူ့ဇနီးနဲ့ သားတို့ရဲ့ အသက်ကို ရန်နေပါတယ်။ သူတို့ ဘယ်ကို ပြေးရမယ် မသိတော့ နန်းမြို့တော်ကိုလာပြီး အရှင်မင်းကြီးထံ တရားလိုပြု တိုင်ကြားချင်နေကြတာပါ”

179 05

ဘယ်လို… ဘယ်လို။

ဇနီးနဲ့ သားရဲ့ အသက်ကို ရန်ရှာတယ်။

ထိုစကားကို ကြားလိုက်သည့်အခါ အားလုံး တုန်လှုပ်သွားကြသည်။

ယွီဝိန်းလန်က ရဲမက်တို့ကို အမိန့်ပေးလိုက်သည်။

“ဘုရားကျောင်းဝင်း ဝင်ပေါက်တွေ အားလုံးကို အသေအချာ စောင့်ကြပ်ကြ… အပြင်လူတွေ ဝင်မလာစေနဲ့”

ထို့နောက် သူက ချီရှုကွမ်းကိုလည်း အမိန့်ပေးလိုက်သည်။

“သားအမိနှစ်ယောက်စလုံးကို ဒီကိုလာပြီး လျှောက်တင်ဖို့ ပြောလိုက်ပါ”

အားလုံး မင်းကြီး စေခိုင်းသည့်အတိုင်း လုပ်ဆောင်ကြသည်။

မကြာမီ ဘုရားကျောင်းဝင်း ဝင်ပေါက်အားလုံးတွင် အစောင့်များ ကိုယ်စီဖြင့် စောင့်ကြပ်နေတော့သည်။ ယန်ဖျင်နယ်စားအိမ်တော်မှ သားအမိနှစ်ယောက်ကလည်း နားနေဆောင်သို့ လာရောက်ကာ ဒူးထောက်လျက် အရိုအသေပေးကြသည်။

“ကျွန်တော်မျိုးမ အမျိုးသမီး,ထောင် သားဖြစ်သူ ခိုင်းကျိနဲ့အတူ အရှင်မင်းကြီး၊ မယ်တော်ကြီးနဲ့ ကိုယ်လုပ်တော်ယီတို့ကို အရိုအသေပေးပါတယ်”

အရိုအသေပြုရင်း ငိုသံပင် ပါလာသလို ဖြစ်နေသည်။

ယွီဝိန်းလန်က မေးခွန်းမထုတ်ရသေးမှီ မယ်တော်ကြီးက ဦးစွာပြောလိုက်လေသည်။

“ထပါ… ထပါ… မယ်မင်းတို့ သားအမိက နန်းမြို့တော်အထိတောင် ဘာကိစ္စနဲ့ ရောက်လာကြတာလဲ။ ဘာတွေ ဖြစ်ခဲ့လို့လဲ”

ထိုအခါ ယန်ဖျင်နယ်စားကတော်က ငိုချလိုက်ပြီး —

“အခုလို ဂရုတစိုက်မေးတဲ့အတွက် မယ်တော်ကြီးကို ကျေးဇူးတင်ပါတယ်… ကျွန်တော်မျိုးမက အိမ်တော်မှာ ဆိုးဆိုးရွားရွား အဖြစ်အပျက်တွေ ဖြစ်ခဲ့လို့ ဒီကို ထွက်ပြေးလာခဲ့ကြတာပါ… ကျွန်တော်မျိုးမတို့ အသက်ဘေးကြုံနေရပါတယ်။ တလောက ကျွန်တော်မျိုးမရဲ့ ခင်ပွန်း နာမကျန်းဖြစ်တဲ့အခါ တာအိုဆရာတစ်ပါးကို ဖိတ်ပြီး မကောင်းဆိုးဝါးတွေကို နှင်ဖို့ ကြိုးစားခဲ့ပါတယ်။ ဒါပေမဲ့ အဲဒီ တာအိုဆရာက သားလေး ခိုင်းကျိကို ကံနိမ့်စေတဲ့သူဆိုပြီး စွပ်စွဲပါတယ်။ ကျွန်တော်မျိုးမရဲ့ ခင်ပွန်းကလည်း ယုံတဲ့အတွက် အစကတော့ နေ့တိုင်း သားလေးကို ဆူလိုက် ဆဲလိုက် လုပ်ပါတယ်။ နောက်ပိုင်းမှာ သားလေးကို မီးရှို့သတ်ဖို့ ကြိုးစားလာတော့ ကျွန်တော်မျိုးမလည်း မတတ်သာတော့ဘဲ အိမ်တော်ကနေ ထွက်ပြေးလာခဲ့ကြတာပါ။ ဒီအထိ ထွက်မလာခင်တုန်းက လူတွေကို အကူအညီတောင်းဖို့ ကြိုးစားခဲ့ပေမဲ့ ယန်ဖျင်က လူတွေက ဘယ်သူမှ ဝင်မကူရဲကြပါဘူး…။ နောက်ဆုံး ဘယ်သူ့ကိုမှ အကူအညီတောင်းလို့ မရတော့တဲ့အတွက် အရှင်မင်းကြီးတို့ဆီ လာပြီး အကူအညီ တောင်းရတာပါ”

ထိုအမျိုးသမီး၏ တိုင်ကြားမှုကို နားထောင်ပြီးသည့်အခါ မယ်တော်ကြီးမှာ မျက်မှောင်ကြုတ်မိလိုက်သည်။

“ဒီလောက်တောင် ဆိုးဆိုးရွားရွား ဖြစ်ခဲ့တာလား”

အလွန်တရာ ထိတ်လန့်စရာကောင်းသဖြင့် အခြားသူများလည်း မျက်လုံးပြူးကုန်ကြသည်။

ယန်ဖျင်နယ်စားကြီးက ကိုယ့်သားကို ဘာလို့ သတ်ဖို့ ကြိုးစားရက်ရတာလဲ။ သူက သားတောင်မှ အမွေဆက်ခံရမဲ့ သား… နန်းတွင်းကနေ အသိအမှတ်ပြုထားတဲ့ နယ်စား သခင်လေးလေ။

ဪ… အိမ်တော်ရဲ့ သခင်မကတောင် နန်းမြို့တော်အထိ ပြေးလာပြီး တိုင်ကြားနေရတယ်လား။

တော်တော်ဆိုးရွားတာပဲ။

ယန်ရှုကလည်း ထိုနည်းလည်းကောင်း တွေးမိပြီး မယုံနိုင်ဖြစ်နေမိသည်။ သူမက စစ်စတန်ကို တစ်ချက်မေးကြည့်လိုက်သည်။

[ တန်တန်… ဒီကိစ္စတွေ တကယ်ဖြစ်ခဲ့သလား။ ]

စစ်စတန်က ပြန်ဖြေသည်…။

[ အဲဒီအမျိုးသမီးပြောနေတာ ဘာတစ်ခုမှ အပိုမပါဘူးရယ်…။ နယ်စားကြီးက ခေါင်းမာတဲ့ ရောဂါ စွဲကပ်နေတာ… ရောဂါနာမည်က ‘ယောင်းချန်ဟော်လုံ’ လို့ခေါ်တယ်။ ဒီရောဂါက ကုဖို့ခက်တယ်… ဆေးသမားတော် တော်တော်များများနဲ့ ပြကြည့်တော့လည်း မပျောက်ဘူး… အဲဒါနဲ့ သူတို့က နာမည်ကြီးနေတဲ့ တာအိုဆရာကို ခေါ်ပြီး ပြကြည့်ကြတာ…။ အဲဒီဆရာက နယ်စားကြီးကို တစ်ချက်ကြည့်ပြီး အိမ်တော်ထဲမှာ မကောင်းဆိုးဝါးရှိနေတယ်ဆိုပြီး ပြောရော… အဲဒါနဲ့ သူက ပူဇော်ပ,သမှုတွေလုပ်တဲ့အခါ နယ်စားကြီးက ထူးထူးဆန်းဆန်း သက်သာလာတယ်…။ ]

[ ဒါပေမဲ့ အဲဒီဆရာလည်း ပြန်ရော ရောဂါက ပြန်ထ,လာပြီး အရင်ကထက်တောင် ပိုဆိုးလာတယ်။ အဲဒီမှာ နယ်စားကြီးသဘောကျတဲ့ ကိုယ်လုပ်တော်တစ်ယောက်က အဲဒီဆရာကို လာဘ်ထိုး ပိုက်ဆံပေးပြီး ပြန်ခေါ်တယ်။ အဲဒီဆရာလည်း ပြန်ရောက်လာရော အိမ်မှာ ရှိနေတဲ့ မကောင်းဆိုးဝါးက နယ်စားမင်းကြီးရဲ့ တရားဝင် သားအရင်းလို့ ပြောပါလေရော…။ သူက အမွေဆက်ခံမဲ့ နေရာကို သူ့သားအရင်းဆီကနေ ကိုယ်လုပ်တော်ရဲ့ သားဆီ လွှဲပေးမှ သက်သာမယ်ဆိုပြီး ပြောတယ်။ ]

[ အဲဒီနောက်ပိုင်း နယ်စားကြီးက သူ့သားအရင်းကို အမြင်မကြည် ဖြစ်တော့တာပဲ။ အစကတော့ ရိုက်လိုက်ပုတ်လိုက် ဆဲဆိုလိုက်ပေါ့… နောက်ကျတော့ အရှင်လတ်လတ် မီးရှို့လိုက်ရင် ကောင်းမယ်ဆိုပြီး ထ,တွေးတယ်။ အဲဒါကြီးကို ဘယ်အမေက လက်ပိုက်ကြည့်နေနိုင်မှာလဲ။ အဲဒါနဲ့ သားဖြစ်သူကို ခေါ်ပြီး ထွက်ပြေးလာတာ… ကံမကောင်းတာက နယ်စားမင်းက အဲဒီနယ်မှာ တန်ခိုးထွားတော့ ဘယ်သူမှ ဝင်မရှုပ်ရဲကြဘူးလေ…။ သားအမိနှစ်ယောက်စလုံး နန်းမြို့တော်ကို လာမှပဲ ရတော့မယ်ဆိုပြီး ဆုံးဖြတ်လိုက်ကြတာ…။ ရောက်လာတဲ့ ဒီနေ့က တိုက်ဆိုင်ချင်တော့ ချုံယန်ပွဲတော်နေ့ ဖြစ်နေတာနဲ့ ဘုရားကျောင်းမှာ လာဆုတောင်းကြရင်း နင့်ရဲ့ အိုင်ဒေါနဲ့ တိုးတာပဲ။ ပိုကံကောင်းသွားတာက ချီရှုကွမ်းက ကိုယ်ချင်းစာတတ်ပြီး ရိုးသားတော့ သူတို့ပြောသမျှကို ကောင်းကောင်းယုံတယ်… တခြားသူသာဆို ပေါက်တတ်ကရတွေ ပြောနေတယ်ဆိုပြီး လုပ်ဦးမှာ…။ ]

179 06

သူမ၏ အိုင်ဒေါ ရိုးသားတာကတော့ အမှန်ဖြစ်သည်။ သို့သော် ယန်ရှုက သိပ်မယုံနိုင်သေးပေ။[ အဲဒီ နယ်စားမင်းက အဲဒီလောက်တောင် တုံးသလား။ ဒီလောက် အဓိပ္ပာယ်မရှိတာကြီးကို လုပ်ဖို့ ယုံသလား။ ]

စစ်စတန်က ပြန်ပြောသည်။ [ တကယ်လည်း တုံးရင် တုံးမှာပေါ့… တခြား တစ်ဖက်ကကြည့်ရင်လည်း သူ့ရောဂါက တော်တော်ကို ဆိုးရွားနေလို့ ဖြစ်လိမ့်မယ်။ နယ်စားမင်းက နှစ်ပေါင်းများစွာ စည်းစိမ်ဥစ္စာတွေ ခံစားပြီး နေလာတော့ ဒီလို ရောဂါဝေဒနာကို မတောင့်ခံနိုင်ဘူးလေ…။ အဲဒီတော့ ဘာလုပ်လုပ် မသက်သာတော့ ဟိုဆရာရဲ့ အပ,နှင် ကုထုံးနဲ့ အဆင်ပြေသွားတော့ အခုလိုလုပ်ဖို့ ကြိုးစားတာ အံ့ဩစရာ မရှိပါဘူး။ ဆိုတော့… ဟိုဆရာရဲ့ လိမ်ဆင်တွေကို ယုံမှာပဲ။ ]

ယန်ရှုကလည်း တွေးကြည့်သည်။ - ‘ယောင်းချန်ဟော်လုံ’ ရောဂါဆိုတာ နောက်ပိုင်းမှာ ရေယုန်လို့ ခေါ်တဲ့ ရောဂါမျိုးဖြစ်လိမ့်မယ်… သူလည်း ကုရခက်တယ်လေ။

ဒါပေမဲ့ အဲဒီတာအိုဆရာရဲ့ အပ,နှင် ကုထုံးက ဘာလို့ အဆင်ပြေသွားရတာလဲ။

စစ်စတန်က အဓိကအချက်ကို ပြောပြသည်။ [ အဲဒီ တာအိုဆရာက ဆေးလည်း ကုတတ်လို့ အဆင်ပြေသွားတာ…။ ]

ယန်ရှု - [ ဘာ။ အဲဒီ ဆရာက ဆေးပညာလည်း တတ်တာလား။ အဲဒီလောက်တော်နေရင် ဘာလို့ ဆေးကုမစားဘဲ အဓိပ္ပာယ်မရှိတဲ့ မှော်အစွမ်းတွေကို လျှောက်လုပ်နေရတာလဲ။ ]

ထိုအခါ စစ်စတန်က ရှင်းပြသည်။[ ဪ… မှောင်အစွမ်း တတ်ချင်ယောင်ဆောင်ရင် ပိုက်ဆံ ပိုရတယ်လေ! ]

သို့သော်လည်း ယန်ရှုက နားမလည်သေးပေ။ [ ဟမ်။ ဘာသာရေးဆရာတစ်ယောက်က ဘာလုပ်ဖို့ ပိုက်ဆံ ပိုလိုချင်ရတာလဲ။ နေစမ်းပါဦး… သူက အိမ်ကြီးတစ်ဆောင်ဆောက်ပြီး ဇိမ်ခံ ပျော်ပါးဖို့တော့ မဟုတ်ပါဘူးနော်။ ]

စစ်စတန်က ပြောလေသည်။ [ ဒီတစ်ခါ ဉာဏ်နည်းတာ နင်ဖြစ်သွားပြီ… အဲဒီဆရာရဲ့ ရည်မှန်းချက်က အဲဒါတွေထက် ပိုကြီးတယ်! ဒါနဲ့ စကားမစပ် အဲဒီဆရာက မယ်တော်ကြီးနဲ့လည်း သိတယ်။ ]

ယန်ရှု - [ ဘာ။ မယ်တော်ကြီးနဲ့လည်း သိတယ် ဟုတ်လား။ ဘယ်သူတုန်း။ ]

စစ်စတန် - [ တာအိုဆရာ ပိုင်ဟယ်တဲ့… အရင် ဧကရာဇ်မင်းကြီးကို မသေဆေးရှာဖို့ ကူညီဖူးတယ်။ ]

ယန်ရှု မျက်လုံးပြူးသွားတော့သည်။ [ ဘာ… ဘာ။ အဲဒီဆရာက ချန်းမင်နန်းဆောင်မှာ ဆေးတွေ ထည့်ပြီးတော့ အရှင်မင်းကြီးကို မြုံသွားအောင် လုပ်တဲ့ ဘာသာရေးဆရာလား။]

စစ်စတန် - [ သိပ်ဟုတ်တာပေါ့… အဲဒါ သူပဲ။ ]

ထိုသို့ကြားလိုက်သည့်အခါ ယန်ရှုမှာ စိတ်တိုလွန်း၍ သွေးအန်ချင်စိတ်ပင် ပေါက်သွားမိသည်။

[ အဲဒီ လူယုတ်မာကြီးက မင်ယွဲ့ကို ထွက်ပြေးသွားတာပေါ့လေ။ ဧကရာဇ်မင်းကြီးရဲ့ ရဲမက်တွေက သူ့ကို မရှာနိုင်ကြဘူးပေါ့။ ]

ထိုစဉ် အနားတွင်ရှိနေသည့် ယွီဝိန်းလန်လည်း သတိအနေအထား ဖြစ်သွားမိသည်။

ယန်ရှု၏ အတွေးများမှတဆင့် သူလည်း တရားခံဖြစ်သူမှာ တာအိုဆရာ ပိုင်ဟယ်မှန်း သိသွားပြီလေ။

ဖခမည်းတော်ဧကရာဇ်မင်းကြီးနှင့် ပတ်သက်သည့် အဖြစ်မှန်များ ပေါ်လာသည့်အခါ သူလည်း တာအိုဆရာကို လူလွှတ်စုံစမ်းခိုင်းခဲ့ဖူးသည်။ သို့သော် ဘယ်သူမှ မရှာနိုင်ဘဲ ဖြစ်ခဲ့ရသည်။ အဲဒီလူ ယန်ဖျင်ဖက်သို့ ရောက်နေမည်ဟု မည်သူမျှ မထင်ထားချေ။

ယန်ရှုစိတ်ထဲတွင် နားမလည်သေးသည့် ကိစ္စများ ရှိနေသေးသည်။ သူမက စစ်စတန်ကို မေးရန် ပြင်လိုက်စဉ် မယ်တော်ကြီးက ပြောလိုက်သည်ကို ကြားလိုက်ရသည်။

“ယန်ဖျင်နယ်စားမင်းက ဒီလောက်တောင် မိုက်မဲသလား။ ကောက်ကျစ်တဲ့သူတွေ လှည့်စားသမျှကို ယုံနေတယ်ပေါ့”

ယန်ဖျင်နယ်စားကတော်က ခေါင်းကို ညိတ်၍ မျက်ရည်များဖြင့် ဆက်ပြောသည်။

“ကျွန်တော်မျိုးမ လိမ်ပြောတာတစ်ခုမှ မပါပါဘူး မယ်တော်ကြီး… အဲဒီဆရာဆိုတဲ့ ပုဂ္ဂိုလ်က အခုနှစ်ပိုင်း မင်ယွဲ့မှာ နာမည်ကြီးလာတော့ နောက်လိုက်ငယ်သား တော်တော်များများလည်း ရှိလာပါတယ်။ တချို့က သူ့ကို ကိုးကွယ်ဖို့ ဘုရားကျောင်းဆောင်ဆောက်ပြီး လှူကြပါသေးတယ်။ သူ့ရဲ့ မှော်အစွမ်းတွေကိုလည်း ချီးကျူးဂုဏ်ပြုကြတယ်”

“ဘာ”

မယ်တော်ကြီးမှာ တော်တော်ကို စိတ်ပျက်သွားဟန်ဖြင့် မျက်မှောင်ကို ကြုတ်လိုက်မိသည်။

လွန်ခဲ့သည့် နှစ်ပေါင်းများစွာက ထိုလူလိမ်ဆရာ၏ အကြောင်းကို တခဏမျှ ပြန်တွေးရင်း စိတ်နောက်ကျိနေတော့သည်။

ယွီဝိန်းလန်လည်း စိတ်ညစ်မိသည်။

ဒီတာအိုဆရာက ဒီလောက်တောင် လူတွေအပေါ်မှာ လွှမ်းမိုးနိုင်သလား။

179 07

ဘာလို့ ငါ့လူတွေ ဒီအကြောင်းကို မစုံစမ်းနိုင်ရတာလဲ။

ယန်ရှုက စစ်စတန်ကို မေးကြည့်လိုက်သည်။

[စစ်စတန်ရေ… ဘယ်လိုတွေ ဖြစ်ကုန်တာလဲ။ အရှင်မင်းကြီးက အဲဒီတာအိုဆရာကို ဖမ်းဖို့ ကြိုးစားဖူးတယ် မဟုတ်လား။ အဲဒါတောင်မှ ဒီတာအိုဆရာက ဒီလောက် လုပ်ကွက်ကြီးတွေ ဖန်တီးနိုင်နေသေးတယ်နော်။ နန်းတွင်းက လွှတ်ထားတဲ့ ရဲမက်တွေက အဲဒါကို မသိကြဘူးလား။ ]

စစ်စတန်က ပြန်ပြောပြသည်။ [ နန်းတော်ကနေ ထွက်ပြေးသွားပြီးတော့ သူက နာမည်ပြောင်းလိုက်တာလေ။ အခု သူက သူ့ကိုယ်သူ တာအိုဆရာ ယွမ်ချုံးဆိုပြီး ပြောင်းလိုက်တယ်။ ဖြစ်ချင်တော့ နန်းတွင်းက ရဲမက်တိုင်းကလည်း သူ့ကို မြင်ဖူးတဲ့သူ ရှားတာကိုး… အဲဒီတော့ ဘယ်သိကြမလဲ။ ]

ဪ… လက်စသတ်တော့ သူက နာမည် ပြောင်းလိုက်တာကိုး။

ယန်ရှုက သိချင်နေသေးသည်များ ရှိသဖြင့် —

[ ဒီလူမှာ ဘာအစွမ်းအစတွေရှိလို့များ လူတွေက သူ့လက်အောက်ငယ်သားအဖြစ် ခံယူရတာလဲ။ ]ဟု မေးလိုက်ရာ စစ်စတန်က —

[ ဒီလူက ဆေးပညာတတ်တယ်… တတ်တာမှ တစ်ဖက်ကမ်းခတ်အောင် တတ်တာ။ ပြီးတော့ အသက်သာကြီးလာတယ်။ ဆံပင်ဖြူ‌သွားပေမဲ့ ရုပ်က နုပျိုနေတုန်းပဲ။ ပြောရရင် သူကြွယ်ဆိုတဲ့ လူတွေက အမြဲတမ်း မသေဆေးကို ရှာနေကြတဲ့ သူတွေချည်းပဲဆိုတော့ သူ့ပုံစံ သူ့စကားတွေကို ယုံကြတော့တာပေါ့။ ဒီလိုနဲ့ ဒီ တာအိုဆရာ ယွမ်ချုံးက မင်ယွဲ့ဒေသမှာ နှစ်ပေါင်းမိားစွာ ကျင်လည်နေရင်း တော်တော်ကို ကြွယ်ဝ ချမ်းသာလာတယ်။ ဒီနောက်ပိုင်းနှစ်တွေကျမှ သူ့နောက်လိုက်တွေနဲ့ ပေါင်းပြီး ပိုင်ယွမ်ဂိုဏ်းဆိုပြီး ထူထောင်လိုက်တယ်။ ]

ယန်ရှုက ဆက်မေးသည်။

[ သူက အဲဒီလို ပိုက်ဆံတွေ ရှာပြီး ဘာလုပ်တာလဲ။ သူများတွေ ကိုးကွယ်ချင်လာအောင် စည်းရုံးဖို့အတွက် သုံးတာလား။ ]

စစ်စတန်က ပြန်ဖြေသည်။

[ မဟုတ်ဘူး… သူ့ရည်ရွယ်ချက်က ဟုန်လျန်အမှောင်ဂိုဏ်းက ပုန်ကန်ခြားနားတဲ့အခါ အထောက်အပံ့ ပေးဖို့ပဲ။ ]

ပုန်ကန်ခြားနားမယ်။

ယန်ရှု ထိတ်လန့်သွားမိသည်။

ဘုရား ဘုရား… ဒီ ဟုန်လျန်အမှောင်ဂိုဏ်းက ပေါ့သေးသေး မဟုတ်ပါလား။

ဒီလို ပုန်ကန်ခြားနားမှုတွေကြောင့် တိုင်းပြည်တွေ ပျက်သုန်းခဲ့တာကို နှစ်ထောင်ချီရှိခဲ့သည့် သမိုင်းကြောင်းများတွင် ရှာကြည့်နိုင်သည်။

အခြေအနေက တဖြည်းဖြည်း ဆိုးလာပြီ။

ဧကရာဇ်မင်းကြီးကို ချက်ချင်း အသိပေးမှ ဖြစ်တော့မယ်။

******

180 01

အခန်း 180

ယန်ရှု အသိမပေးသေးခင်ကတည်းက ယွီဝိန်းလန်က အမျိုးသမီး,ထောင်၏ စကားများကို နားထောင်ပြီး အခြေအနေကို ရိပ်မိနေပြီဖြစ်သည်။ သူက မယ်တော်ကြီးနှင့် ယန်ရှုတို့ကို ပြောလိုက်သည်။

“ငါကိုယ်တော်တို့ ဒီနေ့ အပြင်ထွက်လာတာလည်း ကြာပြီဆိုတော့ ပြန်ကြရင် ကောင်းမယ်ထင်တယ်”

မယ်တော်ကြီးက ခေါင်းညိတ်ပြသည်။ ယန်ရှုကလည်း သဘောတူသည်။

ထို့နောက် သူက အနားတွင် ရှိနေသည့် ရဲမက်များကို အမိန့်ပေးလိုက်သည်။

“အမျိုးသမီး,ထောင်နဲ့ ယန်ဖျင်နယ်စားလေးတို့ကို မြို့တော်ထဲ လိုက်ပို့ပေးပြီး နေစရာ စီစဉ်ပေးလိုက်ပါ။ လက်ဝဲ လက်ယာ ဘဏ္ဍာရေးဝန်မင်းနှစ်ပါးကို နန်းတွင်းညီလာခံကို တက်ဖို့ ဆင့်ခေါ်လိုက်ပါ”

သူ့အမိန့်ကို ကြည့်၍ ဤကိစ္စကို အကျေအလည်ဆွေးနွေးရန် ဆုံးဖြတ်ထားကြောင်း သိသာနေသည်။ ဤသည်ကို ကြားလိုက်ရသောအခါ အမျိုးသမီး,ထောင်က ဒူးတုပ် အရိုအသေပြုကာ ကျေးဇူးတင်‌လေသည်။ ထို့နောက် ယွီဝိန်းလန်က မတ်တပ်ရပ်လိုက်ပြီး ဘုရားကျောင်းဝင်းမှ ထွက်ရန်ပြင်ဆင်လိုက်သည်။

မယ်တော်ကြီးနှင့် ယန်ရှုတို့လည်း အသီးသီး ထ,ရပ်လိုက်ရာ ဘုရားကျောင်းဝင်းထဲရှိ လူအားလုံးကလည်း တိတ်ဆိတ်စွာ ဦးညွတ်အရိုအသေပေးလိုက်ကြသည်။

သူတို့အနားတွင် ရှိနေသူက ချီရှုကွမ်းဖြစ်သည်။ ယန်ရှုက သူမ၏ အိုင်ဒေါနှင့် မယ်တော်ကြီးတို့၏ မရည်ရွယ်ဘဲ တွေ့ဆုံမှုမှာ ပြီးဆုံးတော့မည်ဟု တွေးကာ ဝမ်းနည်းသွားသည်။

ထိုအချိန်၌ သူမ၏ အိုင်ဒေါက သူများနည်းတူ ဦးညွတ်၍ ရပ်နေခြင်းဖြစ်သည်။ မျက်နှာမှာလည်း တည်ကြည်နေပြီး မည်သည့်ခံစားချက် အရိပ်အယောင်မျှ မမြင်ရပေ။

ယန်ရှု စိတ်ထဲမှ ကျိတ်၍ သက်ပြင်းချမိလိုက်သည်။

မယ်တော်ကြီးက သူမ၏ အိုင်ဒေါအရှေ့မှ ဖြတ်သွားသည့်အခါ ရုတ်တရက် ရပ်လိုက်ပြီး ပြောလိုက်သည်။

“ဒီရှေ့လျှောက် ရာသီဥတုက ပိုအေးလာတော့မှာမို့ ကျန်းမာရေးကို ဂရုစိုက်ပါ ဆရာကြီးချီ”

သူတို့ နောက်တစ်ကြိမ် ဆုံနိုင်မည့် အချိန်ကို ဘယ်သူမှ ကြိုမသိနိုင်သဖြင့် ယခုလို နှုတ်ဆတ်လိုက်ခြင်းဖြစ်သည်။

ယန်ရှုက အံ့ဩသွားသလို ချီရှုကွမ်းလည်း တုံ့ခနဲဖြစ်သွားမိသည်။

“မှန်လှပါ”

သူက ဦးညွတ်၍ ပြန်ဖြေလိုက်သည်။

သူ၏ စိတ်ထဲ၌မူ —

“မင်းလည်း ကျန်းမာရေး ဂရုစိုက်ပါ” ဟု တိတ်တဆိတ် ပြောလိုက်လေသည်။

ယန်ရှု တွန့်ခနဲ ဖြစ်သွားမိပြီး ငိုချင်စိတ်ပင် ပေါက်လာသည်။

ဪ သူတို့နှစ်ယောက် ဘဝကလည်း ခက်ခဲလိုက်တာနော်…။

ထိုသို့ ကြားလိုက်ရသည့် ယွီဝိန်းလန်၏ ရင်ထဲမှာလည်း လေးလံသွားမိသည်။

သူက ရဲမက်များကို အမိန့်ပေးလိုက်သည်။

“ဆရာကြီးချီကိုလည်း ကျောင်းတော်အထိ လိုက်ပို့ပေးဖို့ အစောင့် ရဲမက်တွေ စီစဉ်ပေးလိုက်ပါ”

ရဲမက်များက နာခံလိုက်သည်။

ချီရှုကွမ်းက တစ်ချက် အံ့ဩသွားပြီး လျှောက်တင်လိုက်တော့သည်။

“ကျေးဇူးအထူးတင်ပါတယ် အရှင်မင်းကြီး”

ယွီဝိန်းလန်က ‘အင်း’ ဟု ပြောကာ အသိအမှတ်ပြုလိုက်ပြီးနောက် တောင်ပေါ်မှ ဆင်းရန် ရှေ့သို့ ဆက်လျှောက်သွားတော့သည်။

သူမ၏ ဆရာမကြီးတို့ စုံတွဲအတွက် ရင်ထဲတွင် မကောင်းသလို ဖြစ်နေသော်လည်း ပြဿနာရပ်ကြီးတစ်ခု လက်တစ်ကမ်းတွင် ရောက်နေသဖြင့် ဘာမှမတတ်နိုင်ဘဲ စိတ်လျှော့ကာ မြင်းရထားပေါ်သို့ တက်လိုက်ပြီး မင်းကြီးကို သံတော်ဦးတင်လေသည်။

“အရှင်မင်းကြီး အမျိုးသမီး,ထောင် တိုင်ကြားလာတဲ့ တာအိုဆရာနဲ့ ပတ်သက်တဲ့ အကြောင်းအပြည့်အစုံကို သိရပါပြီ။ အဲဒီဆရာတော်ရဲ့ နာမည် အစစ်အမှန်က တာအိုဆရာ ပိုင်ဟယ်ဖြစ်ပြီး အရင် ဧကရာဇ်မင်းကြီးကို လိမ်လည် လှည့်ဖျားသွားသူပါ။ နန်းတော်ကနေ ထွက်ပြေးသွားပြီးတဲ့နောက်မှာ နာမည်ပြောင်းပြီး သူ့ဆေးပညာကို အသုံးချပြီး မင်ယွဲ့ဒေသထဲက သူကြွယ်တွေဆီကနေ ပိုက်ဆံတွေ ခြူပြီး လုပ်စားနေပါတယ်။ အဲဒီ ခြူထားတဲ့ ငွေတွေကို အသုံးချပြီး ပိုင်ယွမ်ဆိုတဲ့ ကိုယ်ပိုင်ဂိုဏ်းလေးတစ်ခုကိုလည်း ထူထောင်ထားပါသေးတယ်။ တစ်နေ့ အဲဒီငွေတွေကို သူက ဟုန်လျန်အမှောင်ဂိုဏ်းကြီး ပုန်ကန်တဲ့အခါမှာ အသုံးပြုဖို့လည်း စီစဉ်ထားပါတယ်။ ဒီတိုင်းပြည် ပျက်သုဉ်းသွားအောင် လုပ်ဖို့ တော်တော်ကြံစည်ထားပုံပါပဲ”

“ဟုန်လျန် အမှောင်ဂိုဏ်းကြီး ဟုတ်လား”

ယန်ရှုပြောသည့် စကားများကို ကြားလိုက်သောအခါ ယွီဝိန်းလန် စိတ်နောက်ကျိသွားသည်။

“ဒါ ဟုန်လျန်အမှောင်ဂိုဏ်းရဲ့ လက်ချက်ဆိုတာ တကယ်ပဲလား”

သူက ယန်ရှု၏ အတွေးများမှတဆင့် ဤတာအိုဆရာမှာ ပိုင်ဟယ်ဖြစ်ကြောင်း သိထားသော်လည်း ဟုန်လျန် အမှောင်ဂိုဏ်းနှင့် ဆက်နွယ်နေသည်ကိုတော့ မသိလိုက်ပေ။

ထိုဂိုဏ်းမှာ ပြီးခဲ့သည့် မင်းဆက်လက်ထက်တွင် ပေါ်ပေါက်လာခဲ့ခြင်း ဖြစ်ပြီး နှစ်ပေါင်းရာနှင့်ချီ၍ ပြည်သူများကို ဒုက္ခပေးခဲ့သော အမှောင်ဂိုဏ်းကြီးဖြစ်သည်။

အပေါ်ယံတွင် အမှန်တရားနှင့် လူ့ဂုဏ်သိက္ခာတို့ကို အလေးထားသယောင်ပြုပြီး အမှန်တကယ်၌မူ လူအများကို ဆူပူထကြွရန် သွေးထိုးလှုံ့ဆော်လိုခြင်းဖြစ်သည်။

180 02

အထူးသဖြင့် ပြီးခဲ့သည့် မင်းဆက်ပျက်သုဉ်းခါနီးတွင် ဟုန်လျန်အမှောင်ဂိုဏ်းကြီးတွင် အင်အား တစ်သိန်းနီးပါးခန့် ရှိနေပြီဖြစ်သည်။ သူတို့က နေရာအနှံ့ ထကြွသောင်းကျန်းကြသဖြင့် ယခင်မင်းဆက်ကို အင်အားချိနဲ့စေခဲ့သည်။

နောက်ပိုင်းတွင် ပထမ ဧကရာဇ်မင်းကြီးက ခေါင်းငုံ့ မခံနိုင်တော့ဘဲ လက်နက်လူသူစုဆောင်းကာ တော်လှန်ပုန်ကန်ပြီးနောက် အောင်မြင်မှု အကြီးအကျယ် ရရှိခဲ့သည်။ ဟုန်လျန်အမှောင်ဂိုဏ်းကြီးက ဆက်လက်ဆူပူသောင်းကျန်းရန် ကြိုးစားသော်လည်း ပထမ ဧကရာဇ်မင်းကြီးက ယခင်မင်းဆက်ကို သင်ခန်းစာယူကာ ချက်ချင်းနှိမ်နင်းတော့သည်။ သို့သော် အတော်ကြိုးစား နှိမ်နင်းခဲ့ရသည်။ ဤသို့ဖြင့် ထို ဟုန်လျန် အမှောင်ဂိုဏ်းကြီးမှာ ဆယ်စုနှစ်ပေါင်းများစွာ မြုပ်သွားတော့သည်။

ဒီနေ့ကျမှ ထင်မှတ်မထားဘဲ ထိုအမည်ကို ပြန်ကြားရခြင်း ဖြစ်ပေသည်။

ဒီတာအိုဆရာတော် ပိုင်ဟယ်က ဟိုးရှေးရှေးတုန်းက ရှိခဲ့ဖူးတဲ့ ဟုန်လျန် အမှောင်ဂိုဏ်းနဲ့ ပတ်သက်နေတယ်ပေါ့လေ ဖြစ်နိုင်ပါ့မလား။

ယန်ရှုက သူအံ့အားသင့်သွားသည်ကို သိလိုက်သဖြင့် ဆက်၍ရှင်းပြလေသည်။

“ဒီလူက အဲဒီဂိုဏ်းရဲ့ လက်ကျန် ဂိုဏ်းသားတစ်ယောက်ပါ…။ သူက ပထမ ဧကရာဇ်မင်းကြီးရဲ့ နှိမ်နင်းမှုကို အခဲမကျေဖြစ်နေတော့ ဒီတိုင်းပြည်ရဲ့ မင်းဆက်တွေကို အမြဲ အညှိုးထားနေတာ။ အဲဒါကြောင့် တာအိုဆရာတော် အယောင်ဆောင်ပြီး အရှင်မင်းကြီးကို ကလေး မရအောင် လုပ်ခဲ့တာ သူပါပဲ။ အခုလည်း ပြည်သူတွေ ကြားမှာ မငြိမ်မသက်ဖြစ်အောင် လုပ်နေပြန်ပြီ”

ထိုသို့ကြားလိုက်သောအခါ ယွီဝိန်းလန်က ခေါင်းညိတ်လိုက်ပြီး စိတ်ထဲ မကြည်မလင် ဖြစ်သွားမိသည်။

“လက်စသတ်တော့ ဒီလိုကိုး”

ယခုမှ ထိုပုဂ္ဂိုလ် ဆောင်ရွက်နေသည့် လုပ်ရပ်များ၏ အကြောင်းရင်းကို သဘောပေါက်တော့သည်။

ဟုန်လျန် အမှောင်ဂိုဏ်းကြီးရဲ့ လက်ကျန် ဂိုဏ်းသားမို့ ဒီလို အခက်အခဲတွေကို ဖန်တီးနေတာပဲ။ အစက သူမြုံခဲ့ရသည်ကို မယ်တော်ကြီးအား သံသယဝင်မိခဲ့ဖူးသဖြင့် အားနာသွားမိသည်။

ထိုအကျပ်အတည်း သုံးနှစ်ကာလကို ပြန်တွေးကြည့်မိလျှင် အနှီပုဂ္ဂိုလ်ကို ပို၍ပင် ဒေါသထွက်မိသည်။

တွေးရင်း သူက ဒေါသသံဖြင့် ပြောလိုက်သည်။

“မင်းသာ အခုလို မပြောပြရင် အဲဒီလူ ဘာတွေ လုပ်မယ်၊ ဘာ့ကြောင့် လုပ်တယ်ဆိုတာတွေကို ငါကိုယ်တော် သိမှာကို မဟုတ်ဘူး”

ယန်ရှုက —

“အရှင်မင်းကြီး ဒေါသ မထွက်ပါနဲ့နော်။ နန်းတော်ကနေ အဲဒီလူ ထွက်ပြေးသွားတဲ့ အချိန်ကစလို့ အခုလို အဖြစ်မှန်တွေ ပေါ်တဲ့ အချိန်ကြားမှာ နှစ်ပေါင်းများစွာ ခြားသွားလို့ အခုလို ဝေဝေဝါးဝါးတွေ ဖြစ်ကုန်တာပါ။ သုံးနှစ်ကာလ အတောအတွင်း သူက နာမည်လည်းပြောင်း၊ ဆေးပညာကိုလည်း အသုံးချပြီး နေရာစုံမှာ ရှောင်ပုန်းနေတော့ နန်းတွင်းရဲမက်တော်တွေလည်း ရှာမတွေ့ဘူး ဖြစ်သွားရတာပေါ့။ ပြီးတော့ ရဲမက်အများစုကလည်း သူ့ကို မမြင်ဖူးတဲ့အပြင် ‌ပန်းချီဆရာက ပုံဖော်ပြီး ရေးဆွဲထားတဲ့ သူ့မျက်နှာကိုလည်း သူက ပုံစံပြောင်းပစ်တော့ ပိုဆိုးတာပေါ့။ ဒီလောက် ကျယ်တဲ့ ကမ္ဘာကြီးမှာ သူ့ကို လပိုင်းအတွင်း ဖမ်းမိဖို့ဆိုတာ ဘယ်လွယ်ပါ့မလဲ”

“ဒါပေမဲ့ မင်ယွဲ့ဒေသက အမှုထမ်းတွေက တာဝန်ကို ပေါ့ဆနေတာတော့ မကောင်းဘူးပေါ့။ ပြောရရင် အခုနှစ်တွေထဲမှာ ဒီလူက သူကြွယ်တွေဆီကနေ ပိုက်ဆံတွေ ခြူယူနေတာ သူတို့ သိသင့်တယ်။ အမျိုးသမီး,ထောင်ရဲ့ အဆိုအရဆိုရင် သူ့လုပ်ရပ်တွေဟာ လူတွေ တော်တော် သတိထားမိလောက်အောင် ကြီးနေပြီလေ။ မင်းမှုတော်ထမ်းတွေ လုပ်နေပြီး ဒါတွေကို မသိချင်ယောင် ဆောင်ပြီးနေတာ သိပ်မှားတယ်။ ကြည့်ရတာ တချို့ မင်းမှုထမ်းတွေကို သူက ဦးနှောက်ဆေးပစ်လိုက်လို့ သူ့ကို အရမ်းယုံကြည်နေပြီး တမင် ကာကွယ်ပေးထားပုံရတယ်”

ပြောပြီးမှ ခေတ်သစ်စကားလုံးကို မင်းကြီးနားမလည်မှာ စိုးသဖြင့် ကြားမှဖြတ်၍ ခပ်သွက်သွက် ရှင်းပြလိုက်ရသည်။

“အဲ… ဦးဏှောက်ဆေးတယ်ဆိုတာ သွေးဆောင်လှည့်ဖျားထားတာလို့ ပြောချင်တာပါ”

ယွီဝိန်းလန်က ခေါင်းညိတ်လိုက်သည်။

“အင်း… အဲဒီ အခေါ်အဝေါ်က သဘာဝကျပါတယ်”

ထို့နောက် သူက ဆက်တွေးကြည့်လိုက်သည်။

“ရုပ်ဖျက်ပြီး ပုန်းရှောင်နေတယ်ဆိုတာ ဖြစ်နိုင်တယ်။ အခုလို အမျိုးသမီး ,ထောင်ရော သူ့သားရော ရှိနေတုန်း အဲဒီဆရာရဲ့ပုံစံကို မေးပြီး အသစ် ထပ်ဆွဲခိုင်းထားရမယ်”

ယန်ရှုက ခေါင်းညိတ်ထောက်ခံသည်။

“အရှင်မင်းကြီး ဉာဏ်ပညာကြီးလှပါပေတယ်”

ထို့နောက် သူမက စိတ်ထဲတွင် —

[ ဪ… ငါ့မင်းကြီးလေး… ငါ့မင်းကြီးလေး… ငါသာမရှိရင် ဘယ်လောက်တောင်များ ရုန်းကန်နေရမလဲ မသိဘူးနော် ]ဟု‌ တွေးကာ သနားမိနေလေသည်။

ယွီဝိန်းလန် - “...”

သူ့ကို ဘုရင်လေးဟု ခေါ်နေသည်ကို အစာမ‌‌ကျေသော်လည်း သူမပြောသည်က ဟုတ်နေသည်။

အင်း… သူမ,မရှိလျှင် သူဘာမျှ တတ်နိုင်မည်မဟုတ်။

180 03

သူတို့ နန်းတော်သို့ ပြန်ရောက်ပြီးမကြာမီ ဆင့်ခေါ်ထားသည့် ဘဏ္ဍာရေးဝန်မင်းနှစ်ပါး အခစားဝင်လာသည်။

သို့သော် ဤကိစ္စတွင် ဟုန်လျန် အမှောင်ဂိုဏ်းကြီးပါ ပါဝင်ပတ်သက်လာပြီဖြစ်သဖြင့် ဘဏ္ဍာရေးဌာနတစ်ခုတည်းနှင့် မလုံလောက်ပေ။ ထို့ကြောင့် ယွီဝိန်းလန်က အကြံဉာဏ်များ တောင်းယူနိုင်ရန် စစ်ဘက်ရေးရာ ဒုဝန်မင်းနှင့် ပညာရှိ ကျောင်းတော်သားများကိုပါ နန်းတွင်းညီလာခံသို့ ဆင့်ခေါ်လိုက်သည်။

ဤသို့ အရေးတကြီး ပြုလုပ်သည်ကို မြင်လိုက်ရသောအခါ မယ်တော်ကြီးက နားမလည်သလို ဖြစ်နေသည်။ ထို့ကြောင့် နောက်တစ်နေ့ ယန်ရှု လာရောက် ဂါရဝပြုသည့်အခါ သူမက မေးကြည့်လိုက်သည်။

“ယန်ဖျင်နယ်စားအရေးက ပိုပြီးဆိုးလာလို့လား။ အရှင်မင်းကြီး မနေ့တုန်းက စစ်ဘက်ရေးရာ မင်းမှုထမ်းတွေတော်တော်များများကို ဘာလို့ ဆင့်ခေါ်တာလဲ”

ယန်ရှုက —

“အရှင်မင်းကြီး အခုလို လုပ်တာ သဘာဝကျပါတယ်။ ဘာလို့လဲဆိုတော့ အသေအချာ စုံစမ်းကြည့်လိုက်တဲ့အခါ အမျိုးသမီး, ထောင် ပြောပြတဲ့ တာအိုဆရာတော်ဆိုတာက တစ်ချိန်တုန်းက နန်းတော်ကနေ ထွက်ပြေးသွားတဲ့ တာအိုဆရာ ပိုင်ဟယ်ပါပဲ…။ အဲဒါတင် မကသေးဘူး… အဲဒီပုဂ္ဂိုလ်က ဟုန်လျန် အမှောင်ဂိုဏ်းကြီးနဲ့ပါ ပတ်သက်နေပါတယ်။ အခြေအနေ အတိမ်အနက်ကို သုံးသပ်ပြီးမှ မင်းကြီးက ဝန်မင်းတွေ တော်တော်များများကို ဆင့်ခေါ်လိုက်တာပါ…။ ကြည့်ရတာ နက်နက်နဲနဲ စုံစမ်းဖို့ ရည်ရွယ်ချက်ရှိပုံ ရတယ်”

“ဘယ်လို”

မယ်တော်ကြီး တုန်လှုပ်သွားမိသည်။

“တကယ်ပဲ အဲဒီတုန်းက လူလား။ သူက ဟုန်လျန် အမှောင်ဂိုဏ်းကြီးနဲ့ပါ ပတ်သက်နေတယ်ပေါ့လေ”

ယန်ရှုက ခေါင်းညိတ်ပြသည်။

“ဟုတ်… သူက ဟုန်လျန်အမှောင်ဂိုဏ်းကြီးရဲ့ လက်ကျန် ဂိုဏ်းဝင်လို့ ကြားမိတယ်။ သူက ဒီမင်းဆက်ကို လွန်ခဲ့တဲ့ နှစ်ပေါင်းများစွာကတည်းက အခဲမကျေဖြစ်နေတာမို့ ဘာလုပ်လုပ် ဒီမင်းဆက်ကို ထိခိုက်အောင် တမင်လုပ်နေတာ”

ထိုသို့ကြားလိုက်သည့်အခါ မယ်တော်ကြီး တစ်ချက်ငြိမ်သွားပြီး နှာခေါင်းရှုံ့လိုက်မိသည်။

“တော်တော် မိုက်ရိုင်းတာပဲ… ဒီလူ ဖျားယောင်း သွေးဆောင်လို့ လူပေါင်းများစွာ ထိခိုက်သေကြေ ပျက်စီးခဲ့ရဖူးတယ်”

ပြောရရင် ဟိုလူ ‘ယွီဝိန်းရှန့်’ က အဓိက လက်သည်ပဲ။ သူ့ဖခမည်းတော် ပထမ ဧကရာဇ်မင်းကြီးက ဒီဟုန်လျန် အမှောင်ဂိုဏ်းကြီးကို ဖြိုခွင်းဖို့ တော်တော်ကြိုးစားခဲ့ရတာ အခုတော့ သူကြောင့် ပြန်အသက်ဝင်လာပြီ။

အဲဒီတုန်းက သူက မသေးဆေးညလိုချင်နေတော့ အဲဒီ လူလိမ်ကို ငွေတွေအများကြီး ချီးမြှင့်ပြီး စေခိုင်းခဲ့တာ သူ့အပြစ်ပဲ။

ယန်ရှုက အနားမှနေ၍ တိတ်တဆိတ် နားထောင်နေရင်း ‘ယွီဝိန်းရှန့်’ ဆိုတာ ယွီဝိန်းလန်ရဲ့ ဖခမည်းတော် ပြီးခဲ့တဲ့ ဧကရာဇ်မင်းကြီး မဟုတ်လားဟု တွေးနေမိသည်။ ဒီမင်းကြီးက သိုးယောင်ဆောင်တဲ့ ဝံပုလွေတွေကို အိမ်ပေါ်အထိခေါ်ပြီး ရန်သူကို ပိုက်ဆံထောက်ပံ့သလိုတောင် ဖြစ်နေခဲ့တာဆိုတော့ မယ်တော်ကြီး သူ့ကို အပြစ်ပြောမယ်ဆိုရင် ပြောထိုက်ပါတယ်လေ။

သူမက ခေါင်းညိတ်ပြကာ ပြောလိုက်သည်။

“မယ်တော်ကြီးပြောတာ ဟုတ်တယ်။ အမျိုးသမီး, ထောင် အချိန်မှီ ရောက်လာတာ သိပ်ကောင်းတာပဲ။ ကြည့်ရတာ ဒီတာအိုဆရာနဲ့ ဟုန်လျန် လက်ကျန်ဂိုဏ်းသားတွေ ပုန်ကန်ဖို့ လုံလုံလောက်လောက် မပြင်ဆင်ရလောက်သေးဘူး။ အခုအချိန်မှာ နှိမ်နင်းနိုင်လိုက်ရင် ပိုပြီးလွယ်ကူလိမ့်မယ်”

မယ်တော်ကြီးက ခေါင်းကို ညိတ်၍ ပြန်ပြောသည်။

“ဒီလူက ဉာဏ်နီဉာဏ်နက်များတော့ လူအရောက်အပေါက်နည်းတဲ့ မင်ယွဲ့ဒေသကို ရွေးပြီး မတည်ငြိမ်အောင် တမင်ကို လုပ်နေတာပဲ။ လူတွေကို လိမ်လည် လှည့်ဖျားတဲ့ နေရာမှာလည်း အင်မတန်မှ တော်တယ်။ ဒီတစ်ခါတော့ အရှင်မင်းကြီး ဒီလူကို အပြီးသတ် ချေမှုန်းပစ်လိုက်နိုင်ရင် နောက်နောင် ဘာအန္တရာယ်မှ ရှိတော့မှာ မဟုတ်ဘူး”

ပြောရင်း ဟိုးရှေးယခင်တုန်းက ငရဲကျသလို စိတ်ဆင်းရဲခဲ့ရသည့် နေ့ရက်များကို ပြန်သတိရလိုက်မိသည်။ ဒီလို ဖြစ်ရပ်တွေ နောက်နောင် ထပ်မဖြစ်ပါရစေနဲ့တော့။

မယ်တော်ကြီးကို နှုတ်ဆက်ပြီးသည့်အခါ ယန်ရှု ကန်လုနန်းဆောင်သို့ ပြန်လာခဲ့သည်။ နေ့ခင်းဖက်ရောက်သည့်အခါ တာအိုဆရာ၏ ပုံအသစ်ကို ရေးဆွဲပြီးကြောင်း ကြားသိရလေသည်။

သူမက သိချင်နေသဖြင့် ချန်းမင်နန်းဆောင်တွင် လာကြည့်ကြည့်သည့်အခါ ထိုလူ၏ ပုံစံမှာ ယခင် နန်းတွင်းရဲမက်များကို ပေးထားသည့် ပုံစံနှင့် လုံးဝ ကွဲပြားနေသည်ကို တွေ့ရသည်။

နန်းတွင်း အစေခံများ မှတ်မိသလောက် ပထမပုံတွင် ပါရှိသည့် တာအိုဆရာတော်၏ အသက်အရွယ်မှာ ၆၀ ဝန်းကျင်ခန့်ဟု ထင်ရပြီး မျက်လုံးနှင့် နှုတ်ခမ်းထောင့်များတွင် တွဲကျနေပြီး ပါးရေနားရေများလည်း တွန့်နေပြီ ဖြစ်သည်။

ယခုသုံးနှစ်ခန့် ကြာပြီးပြီ ဖြစ်သဖြင့် သူ့အသက်အရွယ်မှာ ပို၍ပင် ကြီးနေရမည်ဖြစ်သည်။ သို့ရာတွင် ယန်ဖျင်နယ်စားမင်းကတော်၏ ပြောပုံအရဆိုလျှင် မျက်လုံးနှင့် ပါးစပ်ထောင့်များတွင် ပထမပုံကဲ့သို့ တွဲကျနေခြင်း မရှိဘဲ ပါးရေနားရေတွန့်နေခြင်းလည်း သိပ်မရှိပေ။

180 04

ထို့အပြင် ယန်ဖျင်နယ်စားမင်းကတော်၏ အဆိုအရဆိုလျှင် ထိုပုဂ္ဂိုလ်မှာ ဆံပင်ဖြူနေသည်က လွဲလျှင် အသက် လေးဆယ်ထက် မပိုလောက်သည့် ရုပ်ရည်ရှိသည်။ ကိုယ်ရောင်ကိုယ်ဝါလည်း ကောင်းသည်။ မသိလျှင် မသေမျိုး နတ်ဒေဝါအလား ထင်ရသည်ဟု ဆိုသည်။

သူ့ပုံကို မြင်လိုက်ရသူတိုင်း တအံ့တဩ ဖြစ်နေကြပြီး ပထမပုံကို ပြုပြင်၍ ဒုတိယပုံကို ရေးဆွဲထားသလားဟု ထင်နေကြသည်။

ထိုသို့မဟုတ်လျှင် ဤပုဂ္ဂိုလ်တွင် အသက်ကို ပြန်ငယ်အောင် လုပ်နိုင်သည့် အစွမ်း ရှိများ ရှိနေသလား။

ယန်ရှုမှာ မှော်ပညာ ရှိသည်ကို မယုံကြည်သဖြင့် ဒီပုဂ္ဂိုလ်သည် မိတ်ကပ်ပညာကောင်းကောင်း တတ်နေသလားဟု တွေးနေမိသည်။

မဟုတ်လျှင် ဒီလူ မည်သည့်နည်းဖြင့် အသက်နှစ်ဆယ်ခန့် ငယ်သွားအောင် လုပ်နိုင်မည်နည်း။

ထိုစဉ် စစ်စတန်က ပြောလာသည်။

[ မိတ်ကပ်ပညာလည်း ပါတော့ ပါပါတယ်… ဒါပေမဲ့ ဒီလူက ဆေးပညာမှာလည်း တဖက်ကမ်းခတ် တတ်တော့ သူတို့ရဲ့ တာအို အဂ္ဂိရပ်ပညာနဲ့ ပေါင်းစပ်ပြီး ဆေးဖော်သောက်လိုက်တာ။ အဲဒါကြောင့် ဒီလို အသက်ပြန်ငယ်နေတာပေါ့။ ]

ဟင်။

ယန်ရှုက စိတ်ဝင်စားသွားသဖြင့် မေးလိုက်သည်။

[ ဘယ်လိုဆေးတွေကများ အဲဒီလောက် အစွမ်းအာနိသင် ရှိလို့လဲ။ ]

ဒီဆေးဖော်မြူလာကိုသာ ရလိုက်လို့ကတော့ ငါ ထာဝရ နုပျိုနေအောင် လုပ်ပစ်လိုက်မှာ…။

သို့သော် စစ်စတန်က ပြောပြသည်။

[ အမလေး… စိတ်ကူးယဉ်မနေနဲ့… အဲဒီဆေးကို နင် သောက်နိုင်မှာ မဟုတ်ဘူး…။ ဘာလို့လဲဆိုတော့ အဲဒီဆေးနည်းက ဇီဟော်ချဲကို နေ့တိုင်းသောက်ဖို့ လိုတယ်။ ဇီဟော်ချဲဆိုတာ ဘာလဲ နင်သိတယ်မဟုတ်လား။ ]

ယန်ရှုက ယခင်ဘဝတုန်းက ဆေးဝါးဌာနကို မကြာမကြာ သွားရသူဖြစ်သောကြောင့် ဆေးနာမည်တော်တော်များများကို သိသည်။ သူမက ပြန်ဖြေသည်။

[ သန္ဓေသားကို ပြောတာလား။ ]

စစ်စတန်က မှန်ကြောင်း ပြန်ပြောသည်။

ထိုအခါ သူမ မျက်လုံးပြူးသွားသည်။

[ တာအိုဆရာတော် တစ်ပါးအနေနဲ့ ဒီလောက် သန္ဓေသားတွေ အများကြီး ဘယ်လို ရှာသလဲ။ ]

ထိုအခါ စစ်စတန်က ရှင်းပြသည်။

[ အစကတော့ လူတွေဆီကနေ ဝယ်တာပေါ့…။ သူ့မှာ ပိုက်ဆံလည်းရှိ တပည့်တပန်း အဆက်အသွယ်တွေကလည်း ရှိနေတဲ့အပြင် သူ့တပည့်တွေက သူကြွယ်တွေများတော့ စိတ်ပူစရာမလိုဘူးလေ။ တချို့လူတွေဆို သူ့တပည့် ဖြစ်ရဖို့အတွက် သူတို့ရဲ့ ကိုယ်လုပ်တော်တွေကို ကိုယ်ဝန် ပျက်ကျအောင် လုပ်ပြီး သန္ဓေသားကို လက်ဆောင်ပေးရတာ]

ယန်ရှုမှာ ဗိုက်ထဲတွင် ပျို့အန်ချင်လာသလို ဖြစ်လာတော့သည်။

[ လူတွေရော ဟုတ်သေးရဲ့လားဟယ်။ တကယ့်ကို အမှောင်ဂိုဏ်းပဲ! ]

စစ်စတန်က ထောက်ခံသည်။ [ သိပ်ဟုတ်တာပေါ့ ]

ယန်ရှုမှာ ရွံရှာလွန်းသဖြင့် ကျက်သီးများပင် ထလာမိသည်။ မိမိကလည်း ကိုယ်ဝန်သည်တစ်ယောက် ဖြစ်နေသောကြောင့် ပို၍ပင် ဒေါသထွက်မိနေသည်။

ထို့ကြောင့် အနားတွင် လူလစ်သည်နှင့် သူမက ယွီဝိန်းလန်ကို လျှောက်တင်လိုက်သည်။

“အရှင်မင်းကြီး… မိဖုရားကြားမိတာ… ဒီပုဂ္ဂိုလ်က သန္ဓေသားတွေကို သုံးပြီးတော့ ဆေးဖော်ပြီးစားလို့ အခုလို နုပျိုနေတာလို့ သိရပါတယ်။ တော်တော် နှလုံးသားမဲ့ပြီး ကြောက်ဖို့ကောင်းတာပဲ! ဒီတစ်ခါတော့ အဲဒီ ပုဂ္ဂိုလ်ကို အမိဖမ်းမှ ဖြစ်ပါလိမ့်မယ်”

ယွီဝိန်းလန်မှာလည်း တုန်လှုပ်သွားကာ မျက်မှောင် ကြုတ်လိုက်သည်။

“တော်တော် လူမဆန်တဲ့သူ”

ထို့ကြောင့် သူက ချက်ချင်းပင် ဖုဟိုင်ကို အမိန့်ပေးလိုက်သည်။

“ပန်းချီဆရာတစ်ယောက်ကို သူ့ပုံတွေ နောက်ထပ် ကူးဆွဲခိုင်းပြီး နေရာအနှံ့ဖြန့်လိုက်။ ဒီတစ်ခါ အဲဒီလူ လွတ်သွားလို့ မဖြစ်ဘူး”

ဖုဟိုင်က နာခံလိုက်ပြီး သက်ဆိုင်သည့်သူများကို ထပ်ဆင့် စေခိုင်းရန် ထွက်ခွာသွားသည်။

မကြာမီ သူက အလျင်အမြန်ပြန်လာပြီး သတင်းတစ်ခုကို ပြာယိပြာယာ လျှောက်တင်လေသည်။

“အရှင်မင်းကြီး… စီအန်းနန်းဆောင်ကနေ သတင်းတစ်ခု ရောက်လာပါတယ်…။ မယ်တော်ကြီးရဲ့ ရောဂါဟောင်း ပြန်ထ, လာလို့ပါတဲ့”

******

All Chapters