← Chapters

အခန်း (၁၈၄-၁၈၆)

Vol. 13 Ch. 184-186

အခန်း (၁၈၄-၁၈၆)

Vol. 13 Ch. 184-186

184 01

အပိုင်း 184

ကျန်းရှန်ခန်းတို့၏ သားအဖ အရှုပ်ထုပ်မှစ၍ အဘိုးကြီး၏ သရုပ်အမှန်ကို ဖော်ထုတ်သည့်အထိ တစ်ဆင့်ပြီး တစ်ဆင့်ဖြစ်လာသဖြင့် ယန်ရှု ခန့်မှန်းထားသည့်အတိုင်း မယ်တော်ကြီးမှာ အခြေအနေကို လက်ခံနိုင်သွားလေပြီ။ ဧကရာဇ်မင်းကြီးက ထိုအဘိုးကြီးအား ဖမ်းမိန့် ထုတ်ခိုင်းလိုက်သည့်အခါ မယ်တော်ကြီးမှာ ထူး၍ စိတ်အနှောင့်အယှက်ဖြစ်သွားဟန် မပြတော့ချေ။

သို့သော် ကျန်းရှန်ခန်း၏ ထောင်ကျနေသည့် တပည့်မှာ ဇနီးဖြစ်သူအပေါ် အမြတ်ထုတ် စော်ကားနေကြသည်ကို ကြားလိုက်ရသည့်အခါ လွန်စွာဒေါသဖြစ်နေတော့သည်။ ဆေးလဲလှယ်သည့် အဖြစ်မှန်ကို ဝန်ခံပြီးသည့်အခါ ကျန်းရှန်ခန်း ထင်မထားသည့် အခြားကိစ္စများကိုပါ ထည့်ပြောတော့သည်။ ဥပမာအားဖြင့် ပြောရလျှင် နှစ်ပေါင်းများစွာအတွင်း အဘိုးကြီးမှာ နန်းတွင်း သမားတော်ဂုဏ်ထူးကို အသုံးချကာ နန်းမြို့တော် တဝန်းရှိ တပည့်များထံမှ ငွေကို ညှစ်ယူသည်။ ထို့နောက် ထိုငွေများကို အသုံးပြု၍ ဆေးဆိုင်များစွာ ဖွင့်ပြီးနောက် ဆေးတင်သွင်းသူများနှင့် ပူးပေါင်းကာ အခြားဆေးဝါးဆိုင်ရာ အဖွဲ့များကို ဘေးသို့ဖယ်ထုတ်ပြီး နန်းမြို့တော်အတွင်းရှိ ဆေးဝါး ဈေးကွက်ကို ချယ်လှယ် ထိန်းချုပ်ထားသည်။ ထို့အပြင် သူ၏ ဆေးဆိုင်များတွင် သူဆင်းရဲ လူနာများ၏ ရှင်ခြင်း၊ သေခြင်းကို ထည့်မတွက်ဘဲ ဆေးဝါးများကို ဈေးတင်ရောင်းခြင်း၊ စမ်းသပ် စစ်ဆေးခကို အမြောက်အမြား တောင်းခြင်းစသဖြင့် သိက္ခာမဲ့သည့် အပြုအမူတို့ကို ပြုလုပ်သည်။

ဤအမှုကိစ္စမှာ အရှင်မင်းကြီးကိုယ်တိုင်က အသေအချာ ဂရုစိုက်နေသည်ဖြစ်ရာ တရားမှုရေးရာ ဌာနမှာ လေးလေးနက်နက် လုပ်ဆောင်ရလေသည်။ ဤသို့ ဝန်ခံစကားများကို ကြားရသည့်အခါ ချက်ခြင်းပင် လိုအပ်သည့် အချက်အလက်များကို ဆက်လက် မေးမြန်းခြင်း၊ စုဆောင်းခြင်းတို့ ဆက်လက် လုပ်ဆောင်တော့သည်။

ဤသို့ဖြင့် ရက်အနည်းငယ်ခန့်အကြာတွင် ကျန်းမိသားစု၏ ကိစ္စမှာ နန်းမြို့တော်အတွင်း ပြန့်နှံ့သွားတော့သည်။ မင်းမှုထမ်းများ၊ ပြည်သူများ အားလုံး ကျန်းရှန်ခန်း၏ သိက္ခာမဲ့သည့် လုပ်ရပ်များကို သိရှိသွားကြပြီး လှည်းနေ လှေအောင်း မြင်းစောင်းမကျန် လူပြောများနေတော့သည်။

ထိုအချိန်၌ ယန်ရှုမှာလည်း အလကား ထိုင်မနေဘဲ အခွင့်ကောင်းယူက ချီအန်းနန်းဆောင်သို့ ချက်ခြင်းသွားရောက်၍ ကျန်းရှန်ခန်း၏ ဖရဲသီးကြီးကို မယ်တော်ကြီးအား ချပြလေသည်။

ယန်ရှု ရောက်သွားချိန်တွင် မယ်တော်ကြီးမှာ အပ်စိုက် ကုထုံး၊ မဲတီတုတ်ရွက်အငွေ့လှုံသည့် ကုထုံးများ လုပ်ဆောင်ပြီးချိန်နှင့် တိုးနေသည်။ သမားတော်ကျန်းမှာ မယ်တော်ကြီး၏ ခေါင်းမှ ငွေအပ်များကို တစ်ချောင်းပြီးတစ်ချောင်း ဆွဲထုတ်နေသည်။

ယန်ရှုမှာ ငါရောက်လာတာ ကွက်တိပဲ ဟု စိတ်ထဲမှ တွေးလိုက်မိသည်။ ထို့ကြောင့် သူမက ခုံတန်းရှည်ပေါ်တွင် လဲနေသည့် မယ်တော်ကြီးကို လှမ်းလျှောက်တင်လိုက်သည်။

“မယ်တော်ကြီးကို လျှောက်တင်ပါတယ်… သခင်လေး ရှောင်ယောင်က စာအုပ်အသစ် ထပ်ထုတ်လာပါတယ်… ဒီကိုယ်လုပ်တော် အခုလေးတင် ဖတ်ပြီးလို့ မယ်တော်ကြီးဆီ လာဖတ်ပြတာပါ”

မယ်တော်ကြီးမှာ ပျင်းနေသဖြင့် ထိုစကားများကို ကြားလိုက်သည့်အခါ ချက်ခြင်းပင် ခွင့်ပြုတော့သည်။

“ကောင်းတာပေါ့… အိုက်ကျားကို ပြောပြစမ်း… အခုက ဘယ်လို ဇာတ်လမ်းမျိုးလဲ”

ယန်ရှုမှာ ခုံတန်းရှည်၏ အစွန်းတွင် ထိုင်လိုက်ပြီး သမားတော်ကျန်း လုပ်နေပုံကို တစ်ချက် ကြည့်လိုက်သည်။ ထို့နောက် ပြောပြလေသည်။

“တိုက်ဆိုင်တာက ဒီတစ်ခါ သခင်လေး ရှောင်ယောင် ရေးထားတဲ့ ဇာတ်လမ်းထဲမှာ သမားတော် တစ်ယောက်လည်းပါတယ်…။ ဟိုးအရင်တုန်းက နန်းမြို့တော်ထဲမှာ ဆေးပညာတော်လို့ အရမ်းနာမည်ကြီးတဲ့ သမားတော် တစ်ယောက်ရှိတယ်တဲ့…။ သူက မကုသနိုင်လောက်ဘူးလို့ ထင်ရတဲ့ ရောဂါတွေကိုတောင် ကုသနိုင်ပြီး လူ့အသက်ပေါင်းများစွာကို ကယ်တင်ခဲ့သတဲ့…။ ဒဏ်ရာ ဝေဒနာပေါင်းများစွာကို ပျောက်ကင်းစေခဲ့သတဲ့…။ အဲဒီတော့ သူ့ကို လူတွေက ပြည်သူ့သမားတော်လို့ နာမည်ပေးကြတာပေါ့…။ သမားတော်မှာ သားတစ်ယောက်နဲ့ တပည့်တစ်ယောက် ရှိတယ်…။ သားဖြစ်တဲ့သူက ငယ်ရွယ်တယ်… အရည်အချင်းရှိတယ်… ဒါပေမဲ့ နည်းနည်း ပေါ့ပေါ့ပါးပါးနေပြီး ပျော်တတ်တယ်…။ အဲ… နည်းနည်း အသက်ပိုကြီးတဲ့ တပည့်ကကျတော့ သူနဲ့ ဆန့်ကျင်ဖက်ပေါ့… တည်ငြိမ်တယ်… အေးချမ်းတယ်… အရမ်းလည်း အလုပ်ကြိုးစားတယ်တဲ့”

ထိုသို့ ပြောပြီးနောက် ယန်ရှုက တမင်ရပ်လိုက်ပြီး တခြားသူများကို တချက် အကဲခတ်ကြည့်လိုက်ရာ သမားတော်ကျန်းမှာ ငွေအပ်နှုတ်နေခြင်းကို တုံ့ခနဲ ရပ်လိုက်ကြောင်း မြင်လိုက်ရသည်။

သူ၏ စိတ်ထဲတွင် [ဒါ… ဒါ… ငါ့အဖေကို ပြောနေတာလား။]ဟု တွေးမိနေသည်။

ယန်ရှုမှာ ထိုသို့ ကြားလိုက်သည့်အခါ ဆက်၍ ဖတ်ပြလိုက်သည်။

“သမားတော်က အမြင်ကျယ်တော့ တပည့်နဲ့ သားကို တန်းတူ ဆက်ဆံတယ်…။ အရမ်းကြိုးစားတဲ့ တပည့်ကျော်ကိုလည်း ကောင်းကောင်း သင်ကြားပေးတယ်…။ ပြောရရင် တစ်ကိုယ်ကောင်း မဆန်ဘူးပေါ့…။ သူ့ မျှော်လင့်ချက်က ဒီတပည့်ကျော် ပညာတွေ သင်ပြီးသွားရင် လောကအကျိုးသယ်ပိုးပြီးတော့ လူတွေကို ကူညီနိုင်ပါစေ… သာမန် လူတန်းစားတွေကို ကယ်တင်နိုင်ပါစေလို့ အမြဲဆုတောင်းသတဲ့”

ထိုသို့ ကြားသည့်အခါ မယ်တော်ကြီးက ခေါင်းကို ညိတ်၍ မှတ်ချက်ပြုလေသည်။

“အင်း… ဒီပုဂ္ဂိုလ်က သမားတော်ကောင်း တစ်ယောက်တင် မဟုတ်ဘူး ဆရာကောင်းတစ်ယောက်ဆိုလည်း ဟုတ်နေတာပဲပေ့ါ”

184 02

ယန်ရှုက သမားတော်ကျန်းအား ကြည့်လိုက်ရာ အပ်ကို ဆက်နှုတ်နေသည်ကို မြင်လိုက်ရသည်။ သို့သော် သူ၏ စိတ်ထဲတွင် သက်ပြင်း တချချ ဖြစ်နေပေသည်။

အင်း… ငါ့အဖေက အဲဒီလို ပုဂ္ဂိုလ်မျိုးဆိုတာတော့ အမှန်ပဲ… အဲတုန်းက ကျန်းရှန်ခန်းကို အရမ်း ယုံကြည်နေခဲ့တာ…။ ငါ စိတ်တောင် မကောင်းဘူး…။

ထိုစဉ် ယန်ရှုက ဆက်ပြောလိုက်သည်ကို သူကြားလိုက်ရသည်။

“သနားဖို့ကောင်းတာက အဲဒီ သမားတော်ကြီးဟာ လူရွေးမှားသွားတာပဲ…။ သူ့ တပည့်က တကယ်တန်းကျတော့ လောဘကြီးပြီး ဂုဏ်မက်တဲ့ လူမျိုးဖြစ်နေတာပဲ… ပြောရရင် သူ့ဆရာကြီးရဲ့ အရည်အချင်းက သူ့ထက် ပိုမြင့်နေတာကို သိတော့ သူက မနာလိုဘူး… သူ့ဆရာက အကုန်မသင်ပေးဘူး ဆရာစားချန်တဲ့လို့ မြင်ပြီး မကျေနပ်ဘူး…”

“ဒီလိုနဲ့ ဆေးသင်တန်းပြီးသွားတော့ ချမ်းသာပြီး မိသားစုဝင်များတဲ့ အိမ်တော်တစ်ခုမှာ သူက လက်သုံးသမားတော်အဖြစ် အလုပ်လုပ်တယ်။ သူ့ဆရာရဲ့ သင်ကြားပြသမှုတွေကြောင့် သူ့ပညာကို အိမ်ကြီးရှင် သခင်ကြီးက သဘောကျသွားတယ်။ ဒါပေမဲ့ ဆရာကြီးရဲ့ ပညာက သူ့ထက် မြင့်နေသေးတာ သူသိတယ်။ တနေ့နေ့မှာ ဆရာကြီးက သူ့နေရာကို ယှဉ်လာမှာကို သူက ကြောက်တယ်…။ ဒီလိုနဲ့ သူက အဆိပ်ခတ်နည်းကို သုံးဖို့ တွေးလိုက်တယ်…။ ဆရာကြီးကို ခတ်တာတော့ မဟုတ်ပါဘူး… ပြောရရင် စစချင်း သူက ဆရာကြီးပေးတဲ့ ဆေးညွှန်းကို တိတ်တိတ်လေး ပြင်လိုက်ပြီး လူနာကို သောက်ဖို့ ညွှန်းပေးလိုက်တယ်။ အဲဒီလူနာက အဲ့ဆေးညွှန်းအတိုင်း သောက်လိုက်တော့ အပြင်းအထန် နာမကျန်းဖြစ်ပြီး သေရော…။ အဲဒီမှာ သူက လူနာရှင်ကို သူ့ဆရာကြီးရဲ့ ဆေးခန်းရှေ့မှာ အလောင်းသွားချပြီး ဆရာကြီးကို ပြစ်တင်ဖို့ ပြောတယ်… ဒီနည်းနဲ့ ဆရာကြီးရဲ့ နာမည်ကို ဖျက်တာပေါ့…”

ထိုသို့ ကြားလိုက်ရသည့်အခါ သမားတော်ကျန်းမှာ ဒေါသဖြစ်သွားဟန်ကို မြင်လိုက်ရသည်။ ထိုစဉ် မယ်တော်ကြီးမှာလည်း တုန်လှုပ်သွားပြီး ပြောတော့သည်။

“ဘုရား ဘုရား… ဘယ်လိုလူမျိုးက ဒီလောက်တောင် ရက်စက်တဲ့ လုပ်ရပ်ကို လုပ်ရတာလဲကွယ်။ သူ့အပေါ် ကျေးဇူးရှိနေတဲ့ ဆရာကြီးကိုမှ လုပ်ရက်တယ်”

ထိုအခါ ယန်ရှုက ဆက်ပြောလေသည်။

“ဒီပုဂ္ဂိုလ်ရဲ့ ရည်မှန်းချက်က ဒီရပ်ဝန်းမှာ ဆေးပညာ အတော်ဆုံးလို့ ဖြစ်ချင်တာလေ…။ အဲဒီတော့ ဆရာကြီးရဲ့ ပညာက သူ့ထက် အမြဲတမ်း နှာတဖျားသာနေမှာဆိုတော့ သူက မကျေနပ်ဘူး…။ ပြီးတော့ ဆရာကြီးက စည်းစိမ်ဥစ္စာ ဂုဏ်ပကာသနတွေကို မမက်ပေမဲ့ ဆရာကြီးရဲ့ လက်အောက်မှာ သူ့ရဲ့ တပည့်ညီနောင်တွေ ရှိသေးတယ်လေ…။ အဲဒီ တပည့် ညီနောင်တွေ တစ်နေ့ သင်တန်းပြီးလို့ သူ့ထက်သာနေရင် သူ့နေရာကို လုမှာ ကြောက်တယ်။ အဲဒီတော့ သူက ဆရာကြီးကို နန်းမြို့တော်ကနေ လွင့်သွားအောင် အခုလို ကြံတာပေါ့…”

ထိုစကားကို ကြားလိုက်သည့် သမားတော်ကျန်းမှာ စိတ်ထဲမှနေ၍ မကျေမနပ် ဖြစ်သွားသံ ပြုလိုက်မိသည်။ ဒီ ခွေးသူခိုးကြီးက လူတိုင်းကို သူ့လို ထင်နေတာလေ…။

မယ်တော်ကြီးကလည်း မနေနိုင်၍ ကျိန်ဆဲလိုက်မိလေသည်။

“ဒီပုဂ္ဂိုလ်က တကယ့်ကို စိတ်သဘောထား ယုတ်တာပဲ… ပြီးတော့ ဘာဆက်ဖြစ်သေးလဲ”

ယန်ရှုက “ဆေးသမားတော်ကြီးဟာ တစ်သက်လုံး လူတွေကို ကယ်တင်ပေးခဲ့တာ… အခုလို တပည့်ယုတ်တစ်ယောက်ရဲ့ လက်ချက်နဲ့ ဒုက္ခရောက်လိမ့်မယ်လို့ ထင်မထားခဲ့ဘူး…။ ဒီလိုတွေ ဖြစ်သွားတော့ ဆရာကြီးရဲ့ ရင်ထဲမှာ ဒေါသလည်း ထွက်တယ်… စိတ်လည်း မကောင်းဘူး…။ အဲဒါနဲ့ ဘာလုပ်ရမယ်မှန်း မသိ တော်တော်ကြာကြာ ဖြစ်နေတာပေါ့…။ နောက်ဆုံး စိတ်ဓါတ်တွေကျပြီး နန်းမြို့တော်ကနေ ခွာတယ်… လမ်းမှာ သွေးအန်ပြီး သေဆုံးသွားရရှာတယ်…”

“ဖခင်ဖြစ်တဲ့ ဆေးဆရာကြီး ဆုံးသွားတော့ သားဖြစ်တဲ့သူက ညတွင်းချင်း တည်ငြိမ် ရင့်ကျက်သွားတယ်… အတွေးတွေကို စုစည်းတယ်… အဖေ့အတွက် ကလဲ့စားချေဖို့ စဉ်းစားတယ်…။ သူက ဆေးပညာကို အသည်းအသန် ကြိုးစားတယ်… အဖေချန်ထားခဲ့တဲ့ ဆေးကျမ်းတွေကို အသေအချာ ဖတ်ရှုပြီး ကုထုံးတွေကို ပြန်သုံးသပ်တယ်… နည်းလမ်းသစ်တွေကို ရှာဖွေ ကြံဆတယ်…။ အဲဒီနောက်မှာ အနယ်နယ် အရပ်ရပ်ကို လှည့်လည်သွားလာတယ်…။ ကုသရခက်တဲ့ ကုမရတဲ့ ရောဂါတွေကို ကုသဖို့ ကြိုးစားတယ်…။ သူ့ရဲ့ ဆေးပညာ အမြင်ကို ချဲ့ထွင်ဖို့ အနယ်နယ် အရပ်ရပ်မှာ ရှိတဲ့ ဆေးလောက ညီနောင်တွေနဲ့လည်း ဆက်ဆံ ပေါင်းသင်းတယ်။ ဒီလိုနဲ့ နှစ်အနည်းငယ် အကြာမှာ နာမည်ရလာတဲ့ သမားတော် တစ်ယောက် ဖြစ်လာတော့တာပေါ့…”

ထိုသို့ ကြားလိုက်ရသည့်အခါ သမားတော်ကျန်းမှာ အတော် အံ့ဩ သွားမိသည်။

— သခင်လေး ရှောင်ယောင်က ဘာလို့ ဒီလောက်တောင် အ‌သေးစိတ် သိနေတာလဲ။

ထိုစဉ် ယန်ရှုက ဆက်၍ ပြောလေသည်။

184 03

“အဲဒီ အချိန်မှာ အကျင့် သိက္ခာမဲ့တဲ့ တပည့်ကတော့ ပိုပိုပြီး လောဘတက်လာတယ်… တစ်ကိုယ်ကောင်းလည်း ဆန်လာတယ်…။ သူတာဝန်ယူ အလုပ်လုပ်နေတဲ့ အိမ်တော်က သခင်ကြီး ရောဂါဖြစ်တဲ့အခါတိုင်း သူက ရောဂါကို ပျောက်အောင် ကုသနိုင်ပါရဲ့နဲ့ မကုဘဲ ချန်ချန်ထားတယ်…။ အဲဒီ သခင်ကြီး သူ့အပေါ် အမြဲ အားကိုးနေအောင် အဲဒီလို လုပ်တာပေါ့…။ အဲဒါတွေ တင်မဟုတ်ဘူး သူက သူ့ရဲ့ ဘုရင်က အပ်နှင်းတဲ့ ရာထူးဂုဏ်ကို အသုံးချပြီး ဆေးကုသခန်းတွေ ဖွင့်တယ်… ဆေးဝါး ဈေးနှုန်းတွေကို မြှင့်တယ်… အပြိုင်အဆိုင်တွေ အားလုံးကို ဖိနှိပ်တယ်…။ အသက်ကယ်ရမယ်၊ ဝေဒနာတွေကို ကုသရမယ်ဆိုတဲ့ သမားတော် တစ်ယောက် ကျင့်ကြံရမဲ့ သိက္ခာပုဒ်တွေကို ဥပက္ခောပြုထားတော့တယ်…။ ဒီလိုနဲ့ တနေ့စ်မှာတော့ သူတာဝန်ယူထားတဲ့ အိမ်တော်ရဲ့ သခင်ကြီးက သူ့လုပ်ရပ်တွေကို သိသွားပြီး အုပ်ချုပ်ရေးပိုင်းကို တိုင်တော့တယ်…”

ထိုသို့ ပြောပြီးသည့်အခါ မယ်တော်ကြီးမှာ မျက်ခုံးကို မြှင့်လိုက်သည်။ သို့သော် သူမ ဘာမျှ မပြောရသေးမှီ သမားတော်ကျန်းမှာ နောက်ဆုံး ငွေအပ်ကို ထုတ်ပြီးပြီ ဖြစ်သဖြင့် ခေါင်းကို နှိမ့်လိုက်ကာ ပြောလိုက်သည်ကို ကြားလိုက်ရသည်။

“မယ်တော်ကြီးအတွက် အပ်စိုက်ကုထုံးက ဒီနေ့အဖို့ ပြီးပါပြီ…။ ပြီးကျရင် ဆေးသောက်ဖို့သာ မမေ့ပါနဲ့…။ ကျွန်တော်မျိုး သွားလိုက်ပါဦးမယ်”

မယ်တော်ကြီးက ခေါင်းထဲဘာမျှ မတွေးမိဘဲ ခေါင်းကိုသာ ညိတ်ပြလိုက်ကာ နှုတ်ဆက်လိုက်ပြီး သွားခွင့်ပြုလိုက်လေသည်။

မကြာမီ ခန်းဆောင်အတွင်း၌ မည်သူမျှ မရှိတော့ချေ… ထိုအခါ မယ်တော်ကြီးက ယန်ရှုအား မေးသည်။

“ဒီဇာတ်လမ်းထဲက တပည့်ကျော်က ကျန်းရှန်ခန်း မဟုတ်လား”

ယန်ရှုမှာ အံ့ဩသွားပြီး “မယ်တော်ကြီးက ဘယ်လိုများတောင် ခန့်မှန်းနိုင်သွားတာလဲ” ဟု မေးလိုက်သည်။

မယ်တော်ကြီးက ပြုံးလိုက်ပြီး “ဇာတ်လမ်းအစမှာ ဆေးသမားတော်ကြီးကို နာမည်ဖျက်တဲ့ နည်းလမ်းက သမားတော်ကျန်းကို နာမည်ဖျက်တဲ့နည်းနဲ့ တပုံစံတည်းပဲလေ။ မဟုတ်ဘူးလား” ဟု ပြောလေသည်။

ယန်ရှုမှာ ခေါင်းကို ခပ်သွက်သွက် ညိတ်လိုက်ပြီး ချီးမွမ်းလေတော့သည်။

“မယ်တော်ကြီးက ဉာဏ်ပညာကြီးမားလှပါပေတယ်”

ထိုသို့ ချီးမွမ်းသံကို ကြားလိုက်ရသည့်အခါ မယ်တော်ကြီးက ခါးသက်သက် ပြုံးလိုက်ပြီး သက်ပြင်းချလိုက်သည်။

“ဒီလို အကျင့်ယုတ်တဲ့ လူမျိုးကိုမှ အိုက်ကျား ယုံမိခဲ့တယ်…။ အိုက်ကျား ဉာဏ်ပညာ မကြီးလှပါဘူး…”

ထိုသို့ ပြောလိုက်သည့်အခါ ယန်ရှုမှာ အလျင်အမြန် အားပေးရတော့သည်။

“အဲဒါက မယ်တော်ကြီးရဲ့ အပြစ်မဟုတ်လှပါဘူး… ကျန်းရှန်ခန်းက လှည့်စားလို့ပါ… မယ်တော်ကြီး စိတ်တော် မညှိုးပါနဲ့…”

ထိုအခါ မယ်တော်ကြီးက ထပ်မံ၍ သက်ပြင်းကို ချလိုက်ပြီး ပြောသည်။

“အိုက်ကျား စိတ်မညစ်ပါဘူး… ဒီလိုလူကြောင့် စိတ်ညစ်ရတာ မတန်ဘူး…။ ဒီကိစ္စကို ကိုင်တွယ်ဖို့ အရှင်မင်းကြီးကိုပဲ အားကိုးရတော့မယ်…။ အဲဒါကြောင့် လုပ်စရာရှိတာသာ လုပ်ကြပါ…။ ဒါနဲ့ နေပါဦး အဲဒီ ဆေးဆရာကြီးရဲ့ ကလေးက အခုဘယ်မှာလဲ။ ဘာတွေ လုပ်နေလဲ”

ယန်ရှုက တချက် တုံ့ခနဲ ဖြစ်သွားပြီး တည့်တည့် ပြန်မဖြေဘဲ ပြန်ပြောလိုက်သည်။

“ဒါက… အဲဒါနဲ့ ပတ်သက်ပြီး မယ်တော်ကြီး မကြာခင် သိရမှာပါ”

ထိုသို့ ပြောပြီးနောက် ယန်ရှုက စစ်စတန်အား မေးလိုက်သည်။ [ဟယ်လို … တန်တန်… သမားတော်ကျန်း အခု ဘယ်ရောက်နေလဲ။]

စစ်စတန်က ပြန်ပြောသည်။ [အခုလိုတွေ ကြားပြီးသွားမှတော့ ချန်းမင်နန်းဆောင်ကို သွားနေတာပေါ့]

ငါ့အလှည့်တော့ ပြီးပြီ ဒီတစ်ခါ အရှင်မင်းကြီးအလှည့်ဟု ယန်ရှု တွေးလိုက်သည်…။

~~

ချန်မင်းနန်းဆောင်တွင်…။

ထိုအချိန်၌ ယွီဝိန်းလန်မှာ အစီရင်ခံစာများကို သုံးသပ် ရေးသားနေချိန်ဖြစ်သည်။ ထိုစဉ် ဖုဟိုင်က ခန်းဆောင်အတွင်းသို့ ဝင်လာပြီး လျှောက်တင်လေသည်။

“အရှင်မင်းကြီး… သမားတော်ကျန်းက တွေ့ခွင့်တောင်းနေပါတယ်”

မင်းကြီးက စာရေးနေသည်ကို မရပ်ဘဲ ဒီအတိုင်းသာ ပြောလိုက်သည်။ “ဝင်စေ”

184 04

ထိုအခါ ဖုဟိုင်က နာခံလိုက်ပြီး အပြင်သို့ ထွက်သွားလေသည်။ မကြာမီ ခန်းဆောင်အတွင်းသို့ သမားတော်ကျန်း ဝင်လာသည်ကို မြင်လိုက်ရသည်။ သူက ဒူးကိုထောက်၍ အရိုအသေ ပေးသည်။

“အရှင်မင်းကြီးကို အရိုအသေ ပေးပါတယ်”

ယွီဝိန်းလန်က ပုံမှန် အသံဖြင့်သာ ပြန်မေးလိုက်သည်။

“ဒီနေ့ မယ်တော်ကြီးရဲ့ အခြေအနေ ဘယ်လိုရှိလဲ”

သမားတော်ကျန်းက ပြန်ဖြေသည်။

“အရှင်မင်းကြီးကို လျှောက်တင်ပါတယ်… မယ်တော်ကြီးအတွက် ပထမအဆင့် ကုထုံးတွေက ပြီးသွားပါပြီ…။ ခေါင်းကိုက်တာလည်း မရှိတော့ပါဘူး…။ ဒါပေမဲ့ နောက်တစ်လလောက်အထိတော့ ဆေးသောက်ရပါဦးမယ်…။ ပြီးသွားရင်တော့ အားလုံးကောင်းသွားပါပြီ”

ယွီဝိန်းလန်က ခေါင်းညိတ်ကာ ပြောလိုက်သည်။

“မောင်မင်းရဲ့ စွမ်းဆောင်မှုတွေကို ချီးကျူးပါတယ်”

ထိုသို့ ပြောလိုက်သည့်အခါ မတ်တပ်ရပ်ပြီးခါစ သမားတော်ကျန်းက ပြန်လည် ဒူးတုပ် ထိုင်ချလိုက်ပြီး ပြောတော့သည်။

“ကျွန်တော်မျိုး အရှက်ရမိပါတယ်… ကျွန်တော်မျိုးရဲ့ အပြစ်ကို လာဝန်ခံတာပါ”

ယွီဝိန်းလန်မှာ သက်ပြင်းချလိုက်မိသည်။ ထို့နောက် စာရေးနေသည်ကို ရပ်လိုက်ပြီး သူ့အား ကြည့်ကာ ပြောလိုက်သည်။

“မောင်မင်းက ဘာတွေများ ကျူးလွန်မိထားလို့တုန်း”

ထိုအခါ သမားတော်ကျန်းက “ကျွန်တော်မျိုးရဲ့ မျိုးရိုးနာမည်က ရွှမ်း ဖြစ်ပါတယ်… ကျွန်တော်မျိုးရဲ့ ဖခင် အမည်က ရွှမ်းကျီ ဖြစ်ပါတယ်။ ကျွန်တော်မျိုးတို့ မိသားစုက တချိန်တုန်းက နန်းမြို့တော်ရဲ့ တာ့မား လမ်းမှာ ဆေးကုသခန်း ဖွင့်ခဲ့ဖူးပါတယ်… ဒါပေမဲ့ နောက်ပိုင်းမှာတော့ ဖခင်ဟာ ကျန်းရှန်ခန်းရဲ့ အကောက်ကြံမှုကြောင့် နန်းမြို့တော်ကနေ စွန့်ခွာခဲ့ရပါတယ်…။ ဖခင် ကွယ်လွန်ပြီးတဲ့အခါ ကျွန်တော်မျိုးက ကျန်းရှန်ခန်းရဲ့ မျက်စိအောက်ကနေလွတ်အောင် နာမည်ကို ပြောင်းပြီး တခြားနေရာတွေကို ခရီးဆန့်ခဲ့ပါတယ်။ တနေ့တော့ နန်းတွင်း ဆေးကုသရုံရဲ့ အလုပ်ခေါ်စာကို မြင်မိပြီး ပြောင်းထားတဲ့ နာမည်နဲ့ပဲ စာစစ်ပွဲဝင်ဖြေခဲ့ပါတယ်။ ဒီကိစ္စကို ကျွန်တော်မျိုး အရှင်မင်းကြီးကို မပြောပြမိဘဲ ဖုံးကွယ်ထားသလို ဖြစ်မိတဲ့အတွက် ကျွန်တော်မျိုး သေသင့်ပါတယ်” ဟု ဝန်ချ တောင်းပန်လေသည်။

ထိုသို့ ကြားလိုက်သည့်အခါ ယွီဝိန်းလန်က ပြန်ပြောလိုက်သည်။ “နန်းတွင်းကို နာမည်အတုနဲ့ ဝင်တာက ပြည့်ရှင် မင်းကြီးကို လိမ်လည်ရာ ရောက်တဲ့အတွက် အပြစ်ရှိတာတော့ အမှန်ပဲ…။ ဒါပေမဲ့ မောင်မင်းရဲ့ ဆေးပညာနဲ့ တာဝန်ယူတတ်မှုကြောင့် အဲဒီ အပြစ်ကို ခွင့်လွှတ်လိုက်ပါပြီ”

ထိုအခါ သမားတော်ကျန်းမှာ အံ့ဩ ဝမ်းသာသွားပြီး အလျင်အမြန်ပင် “ကျေးဇူးအထူးတင်ပါတယ် အရှင်မင်းကြီး” ဟုပြောကာ ဒူးထောက် ဝပ်တွား အရိုအသေ ပေးတော့သည်။

ပြီးသည့်အခါ သူက ဆက်ပြောသည်။

“ဒါပေမဲ့ ကျွန်တော်မျိုး လျှောက်တင်စရာ တစ်ခုကျန်နေပါသေးတယ်”

ယွီဝိန်းလန်က ခွင့်ပြုလိုက်သည်။

“ပြောစေ”

ထိုအခါ သမားတော်ကျန်းက ဆက်ပြီး လျှောက်တင်သည်။

“ကျွန်တော်မျိုး ကျန်းရှန်ခန်းကို တိုင်ကြားချင်ပါတယ်…။ သူဟာ ကိုယ့်ဆရာကို လှည့်ဖျားလိမ်ညာတယ်… ကျွန်တော်မျိုးရဲ့ အဘိုးအဘေးတွေကို သိက္ခာချတယ်… ကျွန်တော်မျိုးဖခင်ရဲ့ နာမည် ဂုဏ်သိက္ခာကို စော်ကား ဖျက်ဆီးခဲ့ပါတယ် အရှင်မင်းကြီး”

ထိုတိုင်ကြားချက်ကို ယွီဝိန်းလန်က အေးဆေးစွာ ပြန်တုံ့ပြန်လိုက်လေသည်။

“ကျန်းရှန်ခန်းရဲ့ အမှုကိစ္စအတွက်ကတော့ တရားရေးရာ ဌာနကို တာဝန်ပေးပြီး တရားစွဲဆို စစ်ဆေးဖို့ ခိုင်းထားပြီးပါပြီ… မောင်မင်းအနေနဲ့ တရားရုံးတော်ကို သွားပြီး ကိုယ်တိုင် တိုင်ကြားချင်ရင်လည်း ငါကိုယ်တော်က ခွင့်ပြုလိုက်တာလို့ ပြောလိုက်ပါ”

ထိုအခါ သမားတော်ကျန်းမှာ အလျင်အမြန်ပင် ဝပ်တွား အရိုအသေပေးပြီးနောက် နေရာမှ ထကာ တရားရေးရာ ဌာနဖက်သို့ ထွက်သွားတော့သည်။

~~

ထိုအချိန်၌ ချီအန်းနန်းဆောင်တွင် ယန်ရှုမှာ စစ်စတန်မှ ပြောပြနေသည်များကို နားထောင်ရင်း အခြေအနေကို သိရှိလိုက်ရသဖြင့် စိတ်ကျေနပ်သွားသည်။

နေ့လည် မွန်းတည့်ချိန် ရောက်တော့မည် ဖြစ်သဖြင့် မယ်တော်ကြီးမှာ ဆေးသောက်ရတော့မည် ဖြစ်သည်။ ထို့ကြောင့် သူမလည်း ပြန်ဖို့ ပြင်လိုက်သည်။

184 05

သို့သော် သူမ ထိုင်ရာမှ မထရသေးခင် နန်းတွင်း အပျိုတော်တစ်ပါး ရောက်လာပြီး လျှောက်တင်သည်။

“မယ်တော်ကြီးကို လျှောက်တင်ပါတယ်… ဝမ်ကျောက်ယီက တွေ့ခွင့်တောင်းနေပါတယ်”

ဝမ်ကျောက်ယီ။

ယန်ရှုမှာ အံ့အားသင့်သွားသည်…။ ဒါ ဟိုးတစ်ခါတုန်းက အချိုးပြောင်းသွားတဲ့သူ မဟုတ်လား။

ဟား… ဒီတစ်ယောက်ကို မမြင်ရတာတောင် ကြာပေါ့…။

ထိုစဉ် မယ်တော်ကြီးက ခေါင်းညိတ်ပြလိုက်သည်။

“ဝင်လာခဲ့ဖို့ ပြောလိုက်ပါ”

နန်းတွင်း အပျိုတော်က နာခံလိုက်ပြီး နန်းဆောင် အပေါက်ဝမှ ထွက်သွားတောသည်။ မကြာမီ နန်းဆောင်အတွင်းသို့ ဝမ်ကျောက်ယီ ဝင်လာသည်ကို အားလုံးမြင်လိုက်ကြရသည်။

ပြောရလျှင် ယမန်နှစ်က အရှင်မင်းကြီးပင် စိတ်ဆိုးရလောက်အောင် အတိုက်အခိုက်များဖြစ်ခဲ့ပြီး ယခု ဝမ်ကျောက်ယီနှင့် သူမတို့ အချိန်အတော်ကြာ ကတောက်ကဆများ ဖြစ်ခဲ့ရသည်။ ဆောင်းရာသီမှ စ၍ နွေရာသီအထိပင် ကြားသွားသဖြင့် မယ်တော်ကြီးကပင် တားယူရသည်။

ထိုအချိန်မှစ၍ သူမသည် နန်းတွင်းရှိ ပွဲတော်များကို မတက်ရောက်တော့ပေ။ ယန်ရှုပင် သူမအား မမြင်ရသည်မှာ ကြာလှပြီ ဖြစ်သည်။

သူမမှာ နန်းဆောင်အတွင်းသို့ ဝင်လာပြီးနောက် မယ်တော်ကြီးနှင့် ယန်ရှုတို့အား အရိုအသေပေးသည်။

“ကိုယ်လုပ်တော် မယ်တော်ကြီးနဲ့ တော်ဝင်ကိုယ်လုပ်တော်ယီကို အရိုအသေပြုပါတယ်…။ အခု မယ်တော်ကြီးက ကျန်းမာရေး မကောင်းဘူးလို့ ကြားလို့ စိတ်ပူလို့ လာကြည့်တာပါ….။ ပြီးခဲ့တဲ့ ရက်တွေတုန်းက မယ်တော်ကြီး အနားယူနေတာ အနှောက်အယှက်ဖြစ်မှာ စိုးလို့ အခုမှ လာရတာပါ… အဲဒီအတွက် တောင်းပန်ပါတယ်… မယ်တော်ကြီး သက်သာပါရဲ့လား”

ထိုအခါ မယ်တော်ကြီးက ခေါင်းကို ညိတ်ပြလိုက်ပြီး ပြောသည်။

“အင်း မယ်မင်း… နောက်နှစ်ရက်လောက် နောက်ကျပြီးမှ ရောက်လာရင် အိုက်ကျားတောင် သက်သာနေလောက်ပြီ”

ယန်ရှု - “အဟိ…”

ငါ့ ဆရာမကြီးက နောက်တတ်သားပဲ…။

ဝမ်ကျောက်ယီမှာ မယ်တော်ကြီး၏ အဖြေကို ကြားလိုက်ရသည့်အခါ ရှက်သွားပြီး ပြောလေသည်။

“ကိုယ်လုပ်တော် အရှက်ရမိပါတယ်”

ယန်ရှုကမူ စိတ်ထဲ၌ ဘယ်တုန်းက ရှက်ဖူးလို့လဲ ဟု မေးလိုက်မိသည်။ မယ်တော်ကြီးမှာ အစက အိပ်ယာထဲလဲနေပြီး ပထမအဆင့် ကုထုံးကို ခံယူပြီးမှသာ ဒီနေရာတွင် ထိုင်နိုင်ခြင်းဖြစ်သည်။ ထို့ကြောင့် အစောပိုင်းကတည်းက လာမတွေ့သည့် သူမအား စိတ်ကြည်ပြစရာ အကြောင်းမရှိပေ…။

တော်ဝင် ညီအစ်မတော်များ ဖြစ်သဖြင့် ယန်ရှုက သူမအား ဘေးမှ နေ၍ ဖျောင်းဖြလိုက်သည်။

“စိတ်မပူပါနဲ့… သမားတော်ကျန်းက မယ်တော်ကြီး သက်သာလာပြီလို့ အတည်ပြုပါတယ်… နောက်တစ်လလောက် ‌ဆေးသောက်လိုက်ရင် ရှင်းရှင်းပျောက်ပါပြီ”

မယ်တော်ကြီးက ခေါင်းညိတ်ပြလိုက်သော်လည်း ဘာမျှ မပြောချေ။ ထိုစဉ် ဝမ်ကျောက်ယီ၏ အတွေး စကားများ ယန်ရှု နားထဲသို့ တိုးဝင်လာတော့သည်။

[အခု နေ့လည်တောင် ရောက်တော့မယ်… ဘာလို့ တော်ဝင်ကိုယ်လုပ်တော်ယီက အခုထိ ရှိနေသေးတာလဲ။ မိဖုရားတွေ ကိုယ်လုပ်တော်တွေ အကုန်လုံးလည်း သူသတ်လို့ သေပြီ…။ ငါ အခုအချိန်မှ လာတာတောင် သူနဲ့ တည့်တည့်လာတိုးနေတယ်…။ ငါ့မှာ လွတ်လမ်း မရှိတော့ဘူးလား။ ငါ့ကိုရော အသေသတ်မှာလား။ မလာချင်ဘူး… ဒါပေမဲ့ မလာလို့လည်း မဖြစ်ဘူး…။ မိုးနတ်ဘုရားက ငါ့ကို သေစေချင်နေတာလား။]

ယန်ရှု - “..”

ဘာလဲဟ… ငါက သူတို့ကို အကုန်သတ်တယ်ဆိုတာ။ ဒီ ဝမ်ကျောက်ယီဆိုတဲ့ မိန်းမက ကိုယ်လုပ်တော်ကျိုး၊ ကိုယ်လုပ်တော်နင်၊ ကိုယ်လုပ်တော်အန်းတို့ သူ့လမ်းသူ သွားရတာကို ငါ့ကို အပြစ်ပုံချနေတာလား။

ထိုအခါ သူမမှာ ဘာပြောရမည်တောင် မသိတော့ပေ။ သို့သော် စိတ်ထဲမှလည်း ရယ်ချင်စိတ် ဖြစ်လာမိပြန်သည်။

ထို့ကြောင့် သူမက ပြောလိုက်သည်။

“ဝမ်ကျောက်ယီကို မမြင်ရတာတောင် ကြာနေပြီနော်… အခုရက်ပိုင်း ကျန်းခန်းသာလို့ မာပါရဲ့လား”

ဝမ်ကျောက်ယီ တုန်သွားသည်ကို မြင်လိုက်ရသည်။ ပြီးနောက် သူမက

“အခုလို မေးတာ ကျေးဇူးတင်ပါတယ် တော်ဝင်ကိုယ်လုပ်တော် … ကိုယ်လုပ်တော် ကျန်းမာပါတယ်”

ဟု ပြန်ဖြေလေသည်။

သို့သော် သူမ၏ စိတ်ထဲ၌မူ [ဟား… သေပါပြီ… သေပါပြီ… သူက အရင် စကားလာ အောက်နေတယ်… ငါ့ကို ရှင်းတော့မယ် ထင်ပါရဲ့!!]

184 06

ယန်ရှုမှာ စိတ်ထဲမှ နားထောင်ရင်း သူမအပေါ် သနားစိတ်ပင် ဝင်လာမိတော့သည်။ ထို့ကြောင့်

“ကိုယ်လုပ်တော်က အခုတလော ဘာတွေ ကြိုးစားနေလဲမသိဘူး အလုပ်တွေ ကြိုးစားလုပ်နေတာ ကြားမိတယ်… ပြီးတော့ နေလို့ မကောင်းဖြစ်နေတယ်လို့လည်း ကြားမိတယ်… အရမ်း ကြိုးစား ကြံစည်နေလို့ ပင်ပန်းနေတာလား”

ထိုအခါ ဝမ်ကျောက်ယီမှာ တုန်လှုပ်စွာဖြင့် ပြန်ဖြေသည်။

“ကိုယ်လုပ်တော် မကြံစည်ရဲပါဘူး… ပြီးတော့ ကိုယ်လုပ်တော်က ငယ်ငယ်ကတည်းက ချူချာတာပါ…။ အခုရက်ပိုင်း လေအေးမိပြီး အစာမကြေဖြစ်နေတာပါ…။သူတပါးကို တိုက်ခိုက်ဖို့ ကြိုးစားနေလို့ ပင်ပန်းတာမျိုး မဟုတ်ရပါဘူး…”

သို့သော် သူမ၏ စိတ်ထဲ၌မူ [ဒီမိန်းမကြမ်းကြီးက ဘာတွေ ကြံနေတာလဲ။ မယ်တော်ကြီးရှေ့မှာ ငါ့ကို အမြင်စောင်းအောင် လုပ်နေတာလား။ ရှင်ကြီး မြန်မြန် သေလိုက်ပါလားဟယ်…။]

ယန်ရှုမှာ စိတ်ထဲမှ နားထောင်လိုက်ပြီး မျက်နှာတွင်မူ အပြုံးဖြင့် ပြောလိုက်သည်။

“ဒါဆိုရင်လည်း ဂရုစိုက်ပါကွယ်… အခု ဆောင်းရာသီက ကြမ်းမယ်… ရက်ရက်စက်စက် အေးတော့မယ် ထင်တယ်”

ဝမ်ကျောက်ယီမှာ ခေါင်းကိုသာ ခပ်သွက်သွက် ညိတ်ပြလိုက်သည်။ သို့သော် စိတ်ထဲ၌မူ အော်နေမိသည်။

[ဟာ… သူ ငါနဲ့ အသေအကြေ ရက်ရက်စက်စက် ရန်ဆက်ဖြစ်ချင်နေတာလား မသိဘူး။ ဒီမိန်းမက သွေးအေးလိုက်တာနော်…။]

ယန်ရှုမှာ သူမ၏ မျက်ခုံးများကို မြှင့်လိုက်မိသည်။ ငါက အဲ့သဘောနဲ့ ပြောနေတာမှ မဟုတ်တာ…။

ယခုပြသနာမှာ သူမကို ကိုယ်လုပ်တော် အသိုင်းအဝိုင်းတွင် လူဆိုးဟု မြင်နေကြပြီဖြစ်သဖြင့် သူဘာလုပ်လုပ် သက်ဆိုင်သူများက အဆိုးသာ မြင်နေကြတော့သည်။

ထို့ကြောင့် ဘာမျှ ထပ်မပြောချင်တော့သဖြင့် မယ်တော်ကြီးကိုသာ နှုတ်ဆက်လိုက်တော့သည်။

“နေ့ခင်းလည်း ရောက်တော့မှာမို့ ဒီက်ုယ်လုပ်တော် မယ်တော်ကြီးကို မနှောင့်ယှက်တော့ပါဘူး… ပြန်လိုက်ပါဦးမယ်”

မယ်တော်ကြီးကလည်း ခေါင်းညိတ်ကာ ခွင့်ပြုလေသည်။

“အင်း… အင်း… ပြန်ပြီး နားလိုက်ဦး”

ထို့နောက် မယ်တော်ကြီးက ဝမ်ကျောက်ယီအား ကြည့်ပြီး ပြောလိုက်သည်။

“အိုက်ကျားမှာလည်း တခြား ဘာမှ ပြောစရာ မရှိတော့လို့ မယ်မင်းလည်း ပြန်လိုက်တော့”

နှစ်ယောက်လုံး နာခံလိုက်ကြပြီး ခန်းဆောင်အတွင်းမှ ပြန်ထွက်လာကြတော့သည်။

~~

ပြန်အထွက်တွင် ယန်ရှုက ဝမ်ကျောက်ယီအား ဘာမျှမပြောတော့ဘဲ မြင်းရထားပေါ်သို့ တက်လိုက်ပြီး ကန်လုနန်းဆောင်သို့ ပြန်လာလိုက်သည်။ ထို့နောက် ရန်တုန်းအား ချန်မင်းနန်းဆောင်သို့ မယ်တော်ကြီးအား ဖတ်ပြထားသည့် စာအုပ်ကို ပို့ခိုင်လိုက်သည်။

—---- သူမ ယခုနက ပြောလိုက်သည့် စကားလုံးများမှာ သမားတော်ကျန်းအား တိုင်ချက်ဖွင့်စေရန် တွန်းအားပေးလိုရုံ သက်သက် ဖြစ်ပြီး စာမူကို ပို့ပင် မပို့ရသေးချ။

ယခုမူ အရှင်မင်းကြီးက သမားတော်ကျန်းအား ပြစ်မှုစာရင်းမှ ပယ်လိုက်ပြီ ဖြစ်သည့်အပြင် သမားတော်ကျန်းက ရုံးတော်တွင် တိုင်းချက်ဖွင့်ပြီ ဖြစ်သဖြင့် သူမမှာ စိတ်အရမ်းပူစရာ မလိုတော့ဘဲ စာဖတ်သူတို့အား ဇာတ်လမ်းကို မျှဝေနိုင်ပြီ ဖြစ်လေသည်။

သူမ ထင်ထားသည့်အတိုင်းပင် စာဖတ်သူတို့မှာ စာအုပ်ကို ဖတ်ပြီးသည့်အခါ မြို့တော်ထဲတွင် ပြန့်နေသည့် ကောလဟာလများနှင့် ပေါင်းစပ်တွေးတော့ကြည့်ပြီးနောက် ဇာတ်လမ်းထဲတွင် ပါသည့် လူဆိုးကြီးမှာ ကျန်းရှန်ခန်း ဖြစ်ကြောင်း ခန့်မှန်းသိရှိသွားကြတော့သည်၊

ဤသို့ အဖက်ဖက်မှ ရောက်လာသည့် ဖိအားများကြောင့် တရားရေးရာဌာနမှာ အချိန်မဆွဲရဲဘဲ အမှုကိစ္စကို ခပ်သွက်သွက် ကိုင်တွယ်ကြတော့သည်။

ယန်ရှုမှာလည်း အလွန် စိတ်ကျေနပ်နေမိသည်။

ဤသို့ဖြင့် နှစ်ရက်ခန့် ကြာပြီးသည့်နောက် ရန်တုန်းထံမှ သတင်းစကား ကြားရလေသည်။

“သခင်မ… ဝမ်ကျောက်ယီ နာမကျန်း ဖြစ်နေပြန်ပြီတဲ့”

ယန်ရှု - “ဟင်… ဖျားပြန်ပြီလား”

ဟင်း… အပြင်ထွက်ပြီး လာမတွေ့ရအောင် ဆင်ခြေ ပေးလို့ ရအောင် ကြံနေတာလားမသိ။

ရန်တုန်းမှ ပြန်လည် ဖြေကြားသည်ကို စောင့်မနေတော့ဘဲ စစ်စတန်အား မေးကြည့်လိုက်တော့သည်။ ထိုအခါ စစ်စတန်က

[အင်း တကယ် ဖျားနေတာအေ့…။ ကြည့်ရတာ နင့်ကြောင့် အကြောက်လွန်ပြီး ထပ်ဖျားတာနေမှာ] ဟု ပြန်ဖြေလေသည်။

ယန်ရှု - “ဟမ်”

ငါ ဘယ်တုန်းက ဘယ်သူ့ကို ကြောက်ဖျားဖျားအောင် လုပ်ဖူးလို့တုန်း။

ငါ အဲလောက်တောင် အာဏာစက် ပြင်းနေလို့လား။

ထိုအခါ စစ်စတန်က ပြောတော့သည်။ [အဲဒါကို စိတ်ကစဉ့် ကလျားရောဂါလို့ ပြောရမယ် ထင်တယ်…။ အဲဒီ လူတွေရဲ့ စိတ်ထဲမှာ လမ်းဘေးက သစ်ရွက်ခြောက်တွေကတောင် သူတို့ကို သတ်မဲ့ ဖြတ်မဲ့ အရာတွေလို့ မြင်နေတတ်တာ]

ယန်ရှု - [.......]

ဟား… ဘာလဲဒါက… သူနဲ့ ငါ့ရဲ့ ရန်ပွဲ နောက်ဆက်တွဲလား။

တော်ပါပြီ… ဒါတွေကို မတွေးချင်တော့ဘူး…။

ယခု သူမ ကျန်းရှန်ခန်း၏ ကိစ္စကိုပဲ ခေါင်းထဲ ထည့်ထားချင်တော့သည်။

184 07

ထိုစဉ် စစ်စတန်က အသိပေးတော့သည်။ [သတင်းထူးဟေ့]

ယန်ရှုမှာ ထိုအသံကို ကြားလိုက်သည့်အခါ မျက်လုံးများ ပြူးသွားပြီး အမြန် ပြောတော့သည်။

[ဟဲ့… ဟဲ့… ဘာထူးတာလဲ။]

ထိုအခါ စစ်စတန်က ပြောသည်။

[ကျန်းရှန်ခန်းကို သေဒဏ်ချလိုက်ပြီ… နောက် လဝက်လောက် နေရင် စီရင်လိမ့်မယ်…။ သူ့သားနဲ့ တပည့်ကိုတော့ ထောင်ဒဏ်ချလိုက်တယ်… ဒီမြို့တော်ထဲမှာ အဲဒီလူကြီး မဟုတ်တာတွေ လုပ်ဖို့ ကူညီလို့…။ အမေလုပ်တဲ့သူကတော့ ပြီးခဲ့တဲ့ နှစ်ရက်လုံးလုံး မာမကျန်း ဖြစ်နေတော့ ဒီသတင်းကြားရင် ခံနိုင်ပါ့မလား မသိဘူး…။ ချွေးမကတော့ ဧကရာဇ်မင်းကြီးရဲ့ ခွင့်ပြုချက်နဲ့ သူ့မိသားစု အိမ်ကို ပြန်ခွင့်ရသွားပြီ]

ယန်ရှုမှာ ထိုစကားများကို ကြားရသည့်အခါ ခေါင်းကို ညိတ်လိုက်သည်။

[ဒီ ရလာဒ်က စိတ်ကျေနပ်စရာပဲ…။ ခွေးသူခိုးကြီး တသက်လုံး မဟုတ်တာမှန်သမျှ လုပ်ချင်တာလုပ်နေတာ အခုမှပဲ သူ့အပြစ်သူ ခံရတော့တယ်]

အင်း အခုတော့ နောက်လဝက်လောက်ကျရင် ခွေးသူခိုးကြီး သေဒဏ်ကျမဲ့ အချိန်ကို စောင့်ရုံပဲ ကျန်တော့တာပေါ့…။

မယ်တော်ကြီးကိုယ်တိုင်တောင် မနှစ်သက်သည့် စကားမျိုး ပြောထားပြီးပြီ ဖြစ်သဖြင့် သူ့အား မည်သူမျှ ကယ်နိုင်တော့မည် မထင်ချေ။

~~~

ဤသို့ဖြင့် လတဝက်ခန့် ကြာပြီးသည့်အခါ…

မွန်းတည့်ချိန် ကျော်ပြီးသည်နှင့် ကျန်းရှန်ခန်းကို သေဒဏ်စီရင်လိုက်တော့သည်။ နဘေးမှ ရပ်ကြည့်နေသူများမှာလည်း ရွံရှာစိတ်များပြည့်နေကြပြီး အားလုံးပြီးသွားသည့်အခါ ကျေနပ်စွာဖြင့် နေရာမှ ခွာကြလေသည်။

အားလုံး ပြီးစီးသည့်နောက် ရဲမတ်များမှာ နန်းတွင်းသို့ ဝင်လာကြပြီး စာတစ်စောင်ကို ထုတ်ယူပြီးနောက် ဧကရာဇ်မင်းကြီးအား လျှောက်တင်ကြသည်။

“အရှင်မင်းကြီးကို လျှောက်တင်ပါတယ်… ကျန်းရှန်ခန်းကို သေဒဏ် စီရင်ရာ အရပ်ကို မခေါ်သွားခင် သူက ကျွန်တော်မျိုးတို့ကို စာတစ်စောင် ထုတ်ပေးပါတယ်… သမားတော် ရွှမ်းကို ပေးစေချင်ပါတယ် လို့ ပြောပါတယ်”

—- ကျန်းရှန်ခန်း၏ အမှုကိစ္စကြောင့် အမှန်တရားများလည်း တစ်ခုပြီး တစ်ခု ပေါ်လာကြသည်။ ထိုအထဲတွင် သမားတော်ကျန်းမှာ အမည်တုဖြင့် နှစ်ပေါင်းများစွာ ကျင်လည်နေပြီးမှ ယခုမူ မူရင်း နာမည်ဖြစ်သည့် ရွှမ်းလန် သို့ ပြန်ပြောင်းသွားတော့သည်…။

ထို့ကြောင့် သူ့အား နန်းတွင်း သမားတော် ရွှမ်းဟု ခေါ်ကြတော့သည်။

ရဲမတ်တို့ လျှောက်တင်သည်ကို ကြားလိုက်ရသည့်အခါ ယွီဝိန်းလန်က ကျန်းရှန်ခန်း မသေခင် နောင်တရပြီး သမားတော် ရွှမ်းအား တောင်းပန်သွားသည့်စာဟု ထင်လိုက်မိသည်။

သို့ရာတွင် သေချာတွေးကြည့်လိုက်သည့်အခါ မဖြစ်နိုင်ဟု တွေးမိပြန်သည်။

ကျန်းရှန်ခန်းလို့ လူမျိုးက လွယ်လွယ်ကူကူ အသိတရား ရပါ့မလား။

ထို့ကြောင့် စိတ်ဝင်စားမိ သဖြင့် စာကို ဖွင့်ကာ ဖတ်ကြည့်လိုက်သည်။

စာထဲတွင် စာကြောင်းရေ အနည်းငယ်မျှသာ ရေးထားလေသည်။

“ပထမ ဧကရာဇ်မင်းကြီး မကွယ်လွန်ခင် တာအို ကျင့်စဉ်တွေကို ရူးသွပ်နေပြီး ထမင်းနဲ့ ဟင်းတောင် မစားတော့ဘူး…။ ရေညှိ စွပ်ပြုတ်ကိုပဲ နေ့တိုင်း သောက်တယ်။ အဲဒီအချိန်မှာပဲ မယ်တော်ကြီးက ငါ့ကို စွပ်ပြုတ်ထဲကို ယွဲ့ပိုင်စန့် ထည့်ခိုင်းတယ်…။ လဝက်လောက်အကြာမှာ ဧကရာဇ်မင်းကြီး ကွယ်လွန်တယ်…။ အဲဒါ ဘာကြောင့်လို့ ထင်လဲ”

…….

ထိုစာကို ဖတ်ပြီးသည့်အခါ ယွီဝိန်းလန်မှာ နားမလည်သလို ဖြစ်မိနေသည်။

သူ သဘောပေါက်သည်မှာ ယွဲ့ပိုင်စန့်ကို အညောင်းအညာ အကိုက်အခဲ ပျောက်စေရန်နှင့် အရေပြား ယားယံမှုများကို သက်သာစေရန် အသုံးပြုကြောင်း သိထားသည်။

ဘာလို့ ဒီလူက ပထမ ဧကရာဇ်မင်းကြီး ကွယ်လွန်တဲ့ ကိစ္စကို ထည့်ပြောနေတာလဲ။

ဘာလို့ ဒီစာကို ရွှမ်းလန် ဆီကို ရေးတာလဲ။

တွေးလေလေ စိတ်ထဲတွင် တွေဝေလာ လေလေ ခံစားလာရသည်။

ထိုကြောင့် စာကို ဘေးသို့ ချထားလိုက်ပြီး ရွှမ်းလန် အား ဆင့်ခေါ်လိုက်သည်။

မကြာမီ နန်ဆောင်အတွင်းသို့ ရွှမ်းလန် ဝင်ရောက်လာသည်။

တစုံတယောက် နာမကျန်းဖြစ်၍ ပင့်သည် ထင်၍ လက်ထဲတွင် ဆေးအိတ်ကို ကိုင်ထားလေသည်။

ယွီဝိန်းလန်မှာ အချိန်အတော်ကြာသည်အထိ ဘာမျှ မပြောသေးဘဲ အနားရှိ အစေခံများကို လက်ဝှေ့ရမ်းကာ ထွက်သွားခိုင်းလိုက်သည်။ ထို့နောက် ရွှမ်းလန် အား မေးသည်။

“လွန်ခဲ့တဲ့ နှစ်ရက်လောက်က စာအုပ် တစ်အုပ် ဖတ်မိတာ… အဲဒီထဲမှာ တချို့ ဆေးပစ္စည်းတွေရဲ့ အာနိသင်ကို မရှင်းမလင်း ဖြစ်နေလို့ မောင်မင်းကို မေးချင်လာတာနဲ့ ဆင့်ခေါ်လိုက်တာ”

ထိုအခါ သမားတော် ရွှမ်းက ခေါင်းကို ငုံ့လိုက်ပြီး ပြောသည်။

“မေးပါ အရှင်မင်းကြီး”

ယွီဝိန်းလန်က “တကယ်လို့ ယွဲ့ပိုင်စန့်ကို ရေညှိနဲ့ စားရင် ဘာဖြစ်တတ်လဲ”

ထိုအခါ ရွှမ်းလန်က ရိုရိုကျိုးကျိုးဖြင့် ပြန်ဖြေသည်။

“အရှင်မင်းကြီး ယွဲ့ပိုင်စန့်က အပြင်မှာ လိမ်းဖို့အဓိက သုံးရတာပါ… ဝမ်းထဲ ဝင်လို့ မဖြစ်ပါဘူး…။ ဆေးထဲမှာ ပြဒါးပါလို့ ရေညှိနဲ့အတူ စားမိရင် အဆိပ်ဖြစ်တတ်ပါတယ်”

184 08

အဆိပ်ဖြစ်တယ်။

ယွီဝိန်းလန်မှာ တချက် တွေဝေသွားပြီးနောက် မေးလိုက်သည်။

“ဘယ်လို အဆိပ်မျိုးလဲ”

ရွှမ်းလန်က ပြန်ဖြေသည်။

“ပြဒါးအဆိပ်လိုမျိုးပါ… ရင်တွေ ပြည့်လာမယ်… အသက်ရှူကျပ်လာမယ်… အိပ်ချင် ငိုက်မျည်းလာပါလိမ့်မယ်…။ ဆေးအချိုးအဆများရင် တက်တာတွေ သတိလစ်တာတွေတောင် ဖြစ်နိုင်ပါတယ်…။ အဲဒါတင်မကဘူး သွားကြားကနေ သွေးထွက်မယ်… ဆီးထဲ သွေးပါမယ်… မသေမချင်း သွေးပါ အန်နိုင်ပါတယ်…”

ယွီဝိန်းလန်မှာ တုန်လှုပ်သွားမိသည်။

—-- ပထမ ဧကရာဇ်မင်းကြီး ကွယ်လွန်တုန်းကလည်း ဒီလို လက္ခဏာတွေ ဖြစ်တယ် မဟုတ်လား။

******

185 01

အခန်း 185

လွန်ခဲ့သည့် လေးနှစ်ကဖြစ်ရပ်ကို ယွီဝိန်းလန် ယနေ့အထိ မှတ်မိနေသေးသည်။ ထိုစဉ်က သူသည် ဘုရင့် တပ်မတော်ကြီးကို ဦးစီး၍ ရှုန်းရုန်ပြည်ကို ချေမှုန်းခဲ့သည်။ ထို့နောက် အောင်ပွဲသတင်းကို ဆောင်ယူကာ နန်းမြို့တော်သို့ ပြန်လာခဲ့သည်။ သူ Gyeonggi သို့ ရောက်သည့်အခါ နန်းမြို့တော်မှ သတင်းကို ရလိုက်သည်။ ဧကရာဇ်မင်းကြီး နာမကျန်းဖြစ်နေသည်တဲ့…။

ထိုအခါ သူ့မှာ လုံးဝ အနားမယူတော့ဘဲ နန်းမြို့‌တော်ဆီသို့ ညတွင်းချင်းပင် အရောက်ပြန်လာခဲ့တော့သည်။ ချန်းမင်နန်းဆောင်သို့ သူရောက်သွားသည့်အခါ ထိုမြင်ကွင်းကို မြင်ခဲ့ရတော့သည် —-

ဧကရာဇ် မင်းကြီးမှာ သွေးအန်ထားပြီး ဝတ်ရုံများတွင်ပင် သွေးများ စွန်းနေသည်။ သို့သော် အသက် မရှိတော့ပေ…။ —----

ထိုအခါ အားလုံးက ပထမ ဧကရာဇ်မင်းကြီးမှာ အားအင် ချိနဲ့နေသဖြင့် ကွယ်လွန်ခြင်းဖြစ်ကြောင်း လျှောက်တင်ကြသည်။ အဘယ့်ကြောင့်ဆိုသော် အရှင်မင်းကြီးမှာ နှစ်ပေါင်းများစွာ တာအို ကျင့်စဉ်ကို ကျင့်ခြင်း၊ အဂ္ဂိရပ် ထိုးခြင်းတို့အပေါ် ရူးသွပ်နေသဖြင့် အစာရေစာ သောက်စားဖို့ပင် စိတ်မဝင်စားတော့သောကြောင့် ဖြစ်သည်ဟု ပြောခဲ့ကြသည်။

ဒါပေမဲ့… အခု ပြန်တွေးကြည့်ရင်…

မဟုတ်ဘူး… မဟုတ်ဘူး… ဖြစ်နိုင်ချေကို တွေးမိလိုက်သော်လည်း သူ ချက်ခြင်း ခေါင်းထဲမှ လက်မခံဘဲ ပြန်ထုတ်ပစ်မိသည်။

—---- ဒီဖြစ်ရပ်ဟာ မယ်တော်ကြီးနဲ့ လုံးဝ မဆိုင်ဘူး… ဆိုင်လို့ လုံးဝ မဖြစ်ဘူး…။

ဟို ခွေးသူခိုးက အငြိုးထားပြီး တမင်တကာ သားအမိ သွေးကွဲအောင် လုပ်သွားတာ…။

ဟုတ်တယ်… ဒီလူက နဂိုကတည်းက ရိုးသားတဲ့သူမှ မဟုတ်တာ…။ အဲဒါကြောင့် မသေခင် ဒီစာကို တမင်ရေးတာ…။ တကယ်လို့သာ ရွှမ်းလန် ဖတ်မိလိုက်ရင် ဒီဖြစ်ရပ်ကြီးကြောင့် တသက်လုံး စိတ်လေးနေတော့မှာ…။ ထုတ်ပြောလည်း အပြစ်၊ ထုတ် မပြောလည်း အပြစ် ဖြစ်တော့မှာ…။

အဲဒီလိုဆိုရင် သမားတော်ရွှမ်း ရှေ့လျှောက် စိတ်ချမ်းချမ်းသာသာ နေရတော့မှာ မဟုတ်ဘူးလေ…။

အဲဒီတော့ အခုစာကို အမေနဲ့သား သွေးကွဲအောင် လုပ်ဖို့ ရည်ရွယ်ချက်လို့ပဲ မြင်လိုက်တာ ပိုကောင်းတယ်။

ခွေးသူခိုးကြီး…!

ယွီဝိန်းလန်မှာ တွေးရင်း မသိမသာ အန်ကျိတ်မိလိုက်သည်။ သို့သော် သမားတော် ရွှမ်းအား ပုံမှန်မျက်နှာထားဖြင့် ကြည့်လိုက်ပြီး မိန့်လိုက်သည်။

“ကဲပါ… မောင်မင်း သွားလို့ရပြီ… မယ်တော်ကြီးက နောက်လဝက်လောက်ဆို သက်သာပြီမဟုတ်လား… ကောင်းကောင်း ဆက်လုပ်ပေးပါ… အမှားအယွင်း မရှိစေနဲ့”

ဘာတွေ ဖြစ်နေသည်ကို မသိလိုက်သည့် သမားတော် ရွှမ်းကတော့ ခေါင်းကို နှိမ့်၍ အရိုအသေပေးပြီးနောက် ဆေးသေတ္တာကို ဆွဲကာ ခန်းဆောင်အတွင်းမှ ထွက်သွားတော့သည်။

ယွီဝိန်းလန်က စာရွက်ကို ဆီမီးအိမ်ထဲ ပစ်ထည့်လိုက်ပြီးနောက် ဖုဟိုင်အား အတွင်းသို့ ဝင်ခဲ့ရန် ခေါ်လိုက်ပြီး အမိန့်ပေးသည်။

“ကျန်းရှန်ခန်းဟာ ကြီးလေးတဲ့ ပြစ်မှုကြီးကို ကျူးလွန်ခဲ့သူလို့ ကြေညာပါ… ပြီးရင် သူ့အလောင်းကို သုံးရက်တိုင်တိုင် ကြိမ်နဲ့ရိုက်ပြီး တခြား အလောင်းတွေနဲ့ အတူမြေမြှုပ်လိုက်ပါ…။ အိမ်သားတွေ လာယူပြီး သဂြိုလ်ခွင့် မပေးနဲ့”

ဖုဟိုင်က နာခံလိုက်ပြီး အမိန့်တော်အတိုင်း ဆောင်ရွက်ရန် ထွက်လာရင်း လမ်း၌ တွေးနေမိသည်။ အရှင်မင်းကြီးက ဒီလိုအမိန့်ပေးတာ ကျန်းရှန်ခန်းရဲ့ မကောင်းမှုတွေကို တော်တော် ‌ဒေါသထွက်နေလို့များလား။

~~~

ကန်လု နန်းဆောင်…။

ယွီဝိန်းလန်မှာ ညနည်းနည်း နက်တော့မှ ရောက်လာသည်။ ထိုအချိန်၌ ယန်ရှုမှာ အိပ်ပျော်ခါနီးဖြစ်နေပြီး အပြင်မှ တံခါးသံကြားလိုက်ရသဖြင့် ထရန်ပြင်လိုက်သည်။

သို့သော် ယွီဝိန်းလန်မှာ အခန်းထဲသို့ ဝင်ရောက်လာပြီ ဖြစ်သည်။ သူမက မကြိုဆိုရသေးမီ သူက သူမကို ထွေးပွေ့ထားလေတော့သည်။

ယန်ရှုမှာ အနည်းငယ် အူကြောင်ကြောင်ဖြစ်နေပြီး သက်ပြင်းချကာ ပြောလိုက်သည်။

“မိဖုရားက အရှင်မင်းကြီး မအားလို့ နောက်နေ့မှ ပြန်လာမယ်ထင်နေတာ…။ ဒီနေ့ မလာတော့ဘူးထင်နေတာ…”

ယွီဝိန်းလန်မှာ အသံတိုးတိုးဖြင့် ပြောသည်။

“ငါကိုယ်တော်လည်း ညနက်တဲ့အထိ အလုပ်ရှုပ်နေတာနဲ့ အခုမှပဲ လာနိုင်တာပါ”

ထိုသို့ ပြောပြီး တခဏမျှ ငြိမ်သွားသည်။ ထို့နောက် သူက ဆက်မေးသည်။

“မိဖုရားရော ဒီနေ့ အဆင်ပြေရဲ့လား”

ထိုအခါ ယန်ရှုက အိပ်တဝက် နိုးတဝက်ဖြင့် ပြန်ဖြေသည်။

“အင်း ကောင်းပါတယ် အရှင်မင်းကြီး”

ဟို ခွေးသူခိုးကြီးကို ငရဲပို့လိုက်နိုင်လို့ ကျေနပ်နေတာ… သူသာ ဗိုက်ထဲမှာ ပေါက်စလေး မရှိရင် ဝိုင်အခွက်သုံးရာလောက် သောက်ပြီး အောင်ပွဲခံဖြစ်မယ်ထင်တယ်။

ယွီဝိန်းလန်က တိတ်တဆိတ်နားထောင်နေရင်း ပြောလိုက်သည်။ “အိပ်တော့ အိပ်တော့”

ယန်ရှုက သက်ပြင်းတစ်ချက်ချလိုက်ပြီး သူမ၏ ခန္ဓာကိုယ်ကို လက်မောင်းနှစ်ဖက်ကြားတွင် အဆင်ပြေအောင် နေရာယူလိုက်ပြီး မျက်လုံးကို မှိတ်လိုက်သည်။ မကြာမီ အိပ်ပျော်သွားတော့သည်။

ယွီဝိန်းလန်က ငုံ့ကြည့်ပြီး သူ၏လက်ဖြင့် သူမ၏ ခေါင်းကို ထိလိုက်သည်။

တခုခုသာလွဲနေရင် ဒီကောင်မလေး အစောကြီးကတည်းက သိနေလောက်ရောပေါ့ ဟုတ်တယ် မဟုတ်လား။

အိပ်ပျော်နေသည့် ယန်ရှုထံမှ မည်သည့် စကားသံမျှ သူမကြားရပေ။

185 02

ဒီလိုဆိုရင် ကျန်းရှန်ခန်းက တမင် အပုပ်ချ လုပ်ကြံတာ ဖြစ်ရမယ်။

သူလည်း အမှောင်ထဲတွင် မျက်လုံးကို ပိတ်လိုက်ပြီး အိပ်လိုက်တော့သည်။

ယွီဝိန်းလန်မှာ ကောင်းကောင်း အိပ်မပျော်နိုင်ဘဲ ဖြစ်နေပြီး နိုးလာသည့်အချိန်တွင် အာရုံပင် မတက်သေးချေ။

မနက်ခင်း ညီလာခံ မရှိသော်လည်း သူ့မှာ အိပ်ချင်စိတ်မရှိတော့ချေ။ ထို့ကြောင့် ထလိုက်ပြီး ဝတ်ရုံကို ဝတ်လိုက်ကာ ချန်းမင်နန်းဆောင်ဖက်သို့ ထွက်လာလိုက်သည်။

လမ်းတလျှောက် လေအေးအေးက လူကို နိုးကြားစေပြီး နောက်နာရီဝက်ခန့်အကြာတွင် တော်ဝင် စာကြည့်ခန်းသို့ သူရောက်သွားသည်။ ဤသို့ဖြင့် ကောင်းကင်ကြီးမှာ ရောင်နီသန်းချိန်ကို ကျော်ဖြတ်၍ ငါးတကောင်၏ ဝမ်းဗိုက်နှယ် အဖြူရောင် ပြောင်းလာတော့သည်။

ဖုဟိုင်မှာ ဧကရာဇ်မင်းကြီးအတွက် မနက်စာ စားချိန်ကျရောက်ပြီဟု ယူဆမိသဖြင့် အသိပေးရန် ဘေးတွင် စောင့်နေသည်။ သူက မင်းကြီးအား လျှောက်တင်ရန် ပြင်လိုက်စဉ် ရဲမတ်တစ်ဦး ရောက်လာပြီး သတင်းပို့သည်။

“အရှင်မင်းကြီး… မင်ယွဲ့ ပြည်က ဒီနေ့မနက် သတင်းပို့လာပါတယ်… တာအို ဝါဒီတစ်ယောက်ကို မိထားပါတယ်တဲ့… အဲဒီလူက တာအိုတစ်ယောက် ဖြစ်နိုင်ချေရှိပါတယ်…”

ယွီဝိန်းလန်က သက်ပြင်းတစ်ချက် ချလိုက်ပြီး အလျင်အမြန်မေးလိုက်သည်။

“အသက်ရှင်လျက် မိတာလား”

ရဲမတ်က “မင်ယွဲ့ ပြည်က လူတွေ ပြောတာက အဲဒီလူကို တောတွေ တောင်တွေ ရောက်တဲ့အထိ အနောက်ကနေ လိုက်ဖမ်းတာပါတဲ့… ပြေးလမ်းမရှိတော့ တောင်စောင်းပေါ်ကနေ ခုန်ချသွားတယ် ပြောတယ်… သေသလား ရှင်သလားတော့ အခုထိ မသိကြသေးပါဘူး”

တောင်စောင်းပေါ်ကနေ ခုန်ချတယ်။

“အဲဒီ ဂိုဏ်းသားတွေက ပါးနပ်တယ်… ဉာဏ်နီ ဉာဏ်နက်များတယ်… သတိထားရမယ်…။ အရင်ဆုံး အလောင်းကို ရှာခိုင်းပါ… တွေ့ရင် တာအို ပိုင်ဟယ် ဟုတ်မဟုတ် အသေအချာ စစ်ပါ… မောင်မင်းတို့ ကြာနီဂိုဏ်းကို အထင်မသေးပါနဲ့”

ရဲမတ်က နာခံလိုက်ပြီး ခန်းဆောင်အတွင်းမှ ထွက်သွားတော့သည်။

ထိုအခါ ယွီဝိန်းလန်ကလည်း တခဏမျှ စဉ်းစားလိုက်ပြီး သူ့ရှေ့မှ စာအုပ်တစ်အုပ်ကို ဖတ်ရှုရန် ကောက်ယူလိုက်သည်။

—----- လက်တလောမှာ ဒီလောက် အရေးကြီးတဲ့ ကိစ္စတွေနဲ့ ပြည့်နေတာ လွန်ခဲ့တဲ့ လေးနှစ်တုန်းက ကိစ္စကို တွေးပူမနေတော့ဘူး…။

ထိုမျှသာမဟုတ် သူကိုယ်တိုင်ကလည်း ထိုဖြစ်ရပ်ကို မယုံချင်ပေ။

~~~

ဤသို့ဖြင့် ရက်အနည်းကြာပြီးနောက် နိုဝင်ဘာလသို့ ရောက်လာတော့သည်။

နှင်းများလည်း စကျလာသည်။ ရာသီဥတုမှာလည်း အေးသထက် အေးလာသည်။

ချီအန်းနန်းဆောင်တွင် မြေနဂါး ဆေးခြောက်များရှိနေသေး၍ တော်သေးသည်။ မယ်တော်ကြီး အအေးမိမည်စိုးသဖြင့် နန်းဆောင်မှ အစေခံတို့သည် မြေနဂါးဆေးခြောက်ကို မီးရှို့၍ နွေးထွေးအောင် ပြင်ဆင်ပေးကြသည်။

ယနေ့မှာ မယ်တော်ကြီး၏ ကုထုံး‌ နောက်ဆုံးရက်ဖြစ်သည်။ ယန်ရှု၏ ဝမ်းဗိုက်မှာ ဘောလုံးကြီးကဲ့သို့ ဖြစ်နေသော်လည်း မယ်တော်ကြီးထံသို့ လာတွေ့မြဲဖြစ်သည်။ ယနေ့မူ သူမက သမားတော်ရွှမ်းအား သွေးကြောစစ်ပေးရန် ခိုင်းနေသည်။

သမားတော်ရွှမ်းက သွေးကြောကို စစ်ဆေးနေစဉ် သူမက မေးလိုက်သည်။

“အခြေအနေက ဘယ်လိုလဲ”

ထိုအခါ သမားတော်ရွှမ်းက “စိတ်မပူပါနဲ့… မယ်တော်ကြီးရဲ့ ဒဏ်ရာက သက်သာသွားပါပြီ… အဲဒါကြောင့် ရောဂါအဟောင်းတွေအတွက် စိတ်ပူစရာမလိုတော့ပါဘူး…။ ဒါပေမဲ့ အေးလာရင်တော့ လေအေးအေးနဲ့ မတိုးအောင် လေကာတွေ ဂရုတစိုက် ပိတ်ပေးဖို့ လိုပါမယ်…။

ထိုသို့ကြားလိုက်သည့်အခါ ယန်ရှုမှာ လုံးဝ စိတ်အေးသွားတော့သည်။ ထို့ကြောင့် မယ်တော်ကြီးအား လျှောက်တင်လိုက်သည်။

“မယ်တော်ကြီးအတွက် ဝမ်းသာပါတယ်… နောက်ထပ် စိတ်ပူစရာ မလိုတော့ဘူးတဲ့”

မယ်တော်ကြီးက ခေါင်းကို ညိတ်ပြလိုက်ပြီး သမားတော်ရွှမ်းအား ပြောသည်။

“မောင်မင်းက ဆေးကုသတဲ့နေရာမှာ အင်မတန်မှ တော်တာပဲ… အိုက်ကျား မောင်မင်းကို ဆုချရမယ်”

ထိုအခါ သမား‌တော်ရွှမ်းက ဒူးကို ထောက်ကာ ပြောလိုက်သည်။

“နာမကျန်း ဖြစ်နေသူတစ်ယောက်ကို ပြုစု ကုသပေးဖို့ဟာ သမားတော်တစ်ယောက်ရဲ့ တာဝန်ပါ… ပြီးတော့ တော်ဝင် မိသားစုက ကျွန်တော်မျိုးအတွက် လုပ်ပေးထားတာတွေဟာ တောင်ပုံ ယာပုံဖြစ်နေပါပြီ… ကျွန်တော်မျိုး ဆုလာဘ်ကို မမျှော်ကိုးပါဘူး…”

ထိုအခါ မယ်တော်ကြီးက ပြောလေသည်။

“ဆုလာဘ် မမျှော်ကိုးတာက မောင်မင်းရဲ့ သဘော… ဆုလာဘ်ပေးချင်တာက အိုက်ကျားရဲ့ ဆန္ဒ… အဲဒီတော့ အားနာ မနေပါနဲ့”

ထိုသို့ ပြောပြီးနောက် မယ်တော်ကြီးက နန်းဆောင် အစေခံတို့အား မိန့်လိုက်သည်။

“သမားတော်ကျန်းအတွက် ရွှေစ ငါးဆယ်… သမင်ရေ လက်အိတ် တစ်စုံ… တိမ်လွှာ ဖိနပ် တစ်ရံ မယ်တော်ကြီး ဆုချတယ်… အခုကာလက အေးနေတော့ ဒါတွေ သုံးလိုက်ရင် မောင်မင်း သွားသွားလာလာ လုပ်တဲ့အခါ နွေးနွေးထွေးထွေး ဖြစ်တာပေါ့”

မယ်တော်ကြီး၏ စေတနာ စကားကို ကြားလိုက်သည့်အခါ သမားတော် ရွှမ်းမှာ ဒူးထောက် အရိုအသေပြုကာ ကျေးဇူးတင်လိုက်သည်။ ယန်ရှုမှာ ထ၍ လက်ခုပ်ပင် တီးကာ အားပေးမိတော့ မတတ်ဖြစ်သွားသည်။

185 03

အဟား… ငါ့ရဲ့ ဆရာမကြီးက အရမ်း သဘောကောင်းတာပဲ…။ တယောက်ယောက်ကို သဘောကျတာနဲ့ ငွေတောင် မနှမျောတော့ဘဲ ချီးမြှင့်တတ်တာ… တကယ် ဆရာမကြီးပဲ…။

ထိုစဉ်၌ပင် မယ်တော်ကြီးက ပြောလိုက်သည်ကို ကြားလိုက်သည်။

“တော်ဝင်ကိုယ်လုပ်တော် သားတော်လေးကို မွေးတဲ့အခါကျရင်တော့ အိုက်ကျား စောင့်ပေးအလှည့်ပေါ့… ရေကြည့်ရင် နောက်လလောက်ဆို အချိန်ကျပြီ မဟုတ်လား”

ယန်ရှုပြန်မဖြေရသေးခင် သမားတော် ရွှမ်းက ခပ်သွက်သွက် ပြန်ဖြေသည်။

“မယ်တော်ကြီး ပြောတာ မှန်ပါတယ်… လဝက်လောက် ကြာရင်ကို အချိန်ကစေ့ပါပြီ… အဲဒီနောက်ပိုင်း ဘယ်နေ့ မဆို မွေးနိုင်ချေ ရှိပါတယ်…”

မယ်တော်ကြီးက ခေါင်းကို ညိတ်၍ ပြောသည်။

“အဲဒီအချိန်ကျရင် မောင်မင်းကိုပဲ ဆက်ပြီး စိတ်ပူခိုင်းရမှာပဲ… ကိုယ်လုပ်တော်ယီကို ဂရုစိုက်ပေးပါ”

သမားတော် ရွှမ်းကလည်း နာခံလိုက်လေသည်။

ထိုအချိန်၌ပင် ခန်းဆောင် တံခါးဝရှိ ဂွမ်းကပ်ခန်းစီးမှာ ပွင့်သွားပြီး အရပ်အမောင်းမြင့်မြင့် ကြိုးကြာ ဝတ်ရုံနှင့် လူတစ်ဦး ဝင်လာသည်။

ထိုအခါ အားလုံးက ဦးညွတ်အရိုအသေ ပေးလိုက်ကြပြီး မယ်တော်ကြီးကလည်း ကြိုဆိုလိုက်သည်။

“အရှင်မင်းကြီး… ဘာကိစ္စများရှိလို့ ကြွလာတာလဲ”

ယွီဝိန်းလန်က ပြောသည်။ “ဒီနေ့ မယ်တော်ကြီးရဲ့ ကုထုံး နောက်ဆုံးနေ့ဆိုတာ သတိရသွားတာနဲ့ ငါကိုယ်တော်လည်း အခြေအနေ လာကြည့်လိုက်တာ”

ထိုအခါ ယန်ရှုက ပြောလိုက်သည်။

“အရှင်မင်းကြီး… စိတ်မပူပါနဲ့… မယ်တော်ကြီးရဲ့ ရောဂါက ပျောက်ကင်းသွားပါပြီ”

ထိုအဖြေကို ကြားလိုက်သည့်အခါ ယွီဝိန်းလန်က စိတ်အေးသွားသဖြင့် သက်ပြင်းတစ်ချက်ကို ချလိုက်ပြီး ပြောလေသည်။ “တော်သေးတာပေါ့”

ထို့နောက် ယန်ရှုကပင် ဆက်၍ မေးလေသည်။ “အရှင်မင်းကြီးရဲ့ ပုခုံးက ဘာလို့ စိုနေတာလဲ”

ယွီဝိန်းလန် - “ဪ … အပြင်မှာ နှင်းတွေ ကျနေတာ”

နှင်းတွေ ကျနေတယ် ဟုတ်လား။ ယန်ရှု မျက်လုံးများ အရောင်တောက် သွားကြသည်။

သို့သော် မယ်တော်ကြီးက သက်ပြင်းချလိုက်ပြီး ပြောသည်။

“အရှင်မင်းကြီးက ကလေးကျနေတာပဲ… နှင်းထဲမှာ ထီးမပါဘဲ လာတာလား။ နေမကောင်းဖြစ်ရင် ဘယ်လိုလုပ်မတုန်း”

ယွီဝိန်းလန်က ပြုံးလိုက်ပြီး ပြန်ဖြေသည်။

“ဒီအထိကိုတော့ မြင်းရထားနဲ့ လာတာပါ… မြင်းရထားလုံးထဲကနေ အပြင်ထွက်လိုက်တဲ့အချိန်ကျမှ ရထားလုံးပေါ်က နှင်းတွေ ကျလာပြီး စိုသွားတာပါ… မယ်တော်ကြီး စိတ်မပူပါနဲ့”

ထိုအခါမှ မယ်တော်ကြီးက စိတ်ချသွားသည်။ သို့သော် ယန်ရှုက ပြောသည်။

“ဒီလိုနှင်းကျတဲ့ နေမျိုးမှာ ဟော့ပေါ့ စားရင် သိပ်ကောင်းတာ… ညကျရင် သိုးသား ဟော့ပေါ့ စားကြမလား”

အဟွန်း… ငါ အစားပုပ်တာ လူတိုင်းသိပြီးသားဆိုတော့ ဟန်ဆောင်မနေတော့ဘူး…။ ငါ့ရဲ့ ဆရာမကြီးလည်း ဒီနေ့ လုံးဝ သက်သာသွားပြီဆိုတော့ ပျော်ပွဲစားလေး ကျင်းပရမယ်…!

ယန်ရှုစကားကို မယ်တော်ကြီးက ကြားလိုက်သည့်အခါ ရယ်မောလိုက်လေသည်။

“အရှင်မင်းကြီးတို့ နှစ်ယောက်ပဲ စားကြပါ… အိုက်ကျားကတော့ သိပ်မကြိုက်လို့ မစားတော့ဘူး”

ယွီဝိန်းလန်ကလည်း ပြောပြသည်။ “ဟုတ်တယ်… မယ်တော်ကြီးက သိုးသား သိပ်မကြိုက်ဘူး”

ထိုအခါ ယန်ရှုမှာ မတတ်သာဘဲ နာခံရတော့သည်။ ငါ့ဆရာမကြီးက မကြိုက်တတ်မှတော့ အတင်းကျွေးလို့လည်း မဖြစ်ဘူး… အရှင်မင်းကြီးနဲ့ပဲ စားရတော့မှာပေါ့လေ…။

ထိုစဉ် မယ်တော်ကြီးက ဆက်ပြောလေသည်။ “အပြင်မှာ နှင်းတွေကျနေတော့ အေးတယ်… မနက်ဖြန်ဆို ခဲနေအောင် အေးလိမ့်မယ်…။ မနက်ဖြန် ကိုယ်လုပ်တော်ယီ ဒီကို မလာနဲ့တော့ … ကိုယ့်နန်းဆောင်မှာပဲ နေ… တစ်ခုခု အဖြစ်မခံနဲ့နော်”

ယန်ရှုကလည်း ခပ်သွက်သွက် နာခံလိုက်ပြီးနောက် ဧကရာဇ်မင်းကြီးနှင့်အတူ ထွက်လာလိုက်သည်။

နန်းဆောင်မှ ထွက်လာသည့်အခါ ကောင်းကင်ယံတွင် နှင်းမှုံများ လွင့်ဝဲနေသည်ကို မြင်လိုက်ကြရသည်။ တော်ဝင် မြင်းရထားဖြင့် နှစ်ဦးသား ထွက်လာကြပြီး ကန်းလု နန်းဆောင် ရောက်သည့်အခါ အတူ ဆင်းကြသည်။

ရောက်သည့်အခါ ယန်ရှုမှာ အတော် ဆာလောင်နေပြီ ဖြစ်သည်။ စိတ်ထဲတွင်လည်း အရသာရှိလှသည့် သိုးသားကို စိတ်ကူးယဉ်နေတော့သည်။ ထို့ကြောင့် သူမက မနေနိုင်တော့ဘဲ ပြောတော့သည်။

“ပြီးရင် နန်းတွင်း စားဖိုဆောင်ကို သိုးသား ခြောက်ပန်းကန်လောက် ပြင်ခိုင်းမယ်”

ယွီဝိန်းလန်မှာ မျက်လုံး ပြူးသွားသည်။ “ဟာ အများကြီး လိုလို့လား။ ငါကိုယ်တော်က နှစ်ပန်းကန်ဆို ရပြီ”

ထိုအခါ ယန်ရှုမှာလည်း မျက်လုံးပြူးသွားပြီး ပြောတော့သည်။ “ဩ… ဟုတ်သားပဲ… မင်းကြီးပါ ပါရင် ရှစ်ပန်းကန် မှာလိုက်မယ်”

ယွီဝိန်းလန် - “...”

ဩ ခုဏက ခြောက်ပန်းကန်က သူ့အတွက်တောင် မပါဘူးကိုး…။

~~~

185 04

စားပြီးသောက်ပြီးနောက် ရေချိုးကြသည်။ ထို့နောက် နှစ်ဦးသား ခုံတန်းရှည်ပေါ်တွင် အနားယူကြသည်။

ချည်ဝတ်ရုံ မလွှမ်းထားသဖြင့် ယန်ရှု၏ ဗိုက်မှာ အရှင်းသား ပေါ်နေသည်မှာ ကြည့်လိုက်လျှင် ဖရဲသီးကြီးနှင့်ပင် တူနေတော့သည်။

ယွီဝိန်းလန်မှာ ကြည့်လိုက်ပြီး မနေနိုင်သဖြင့် မေးလိုက်မိသည်။ “အဲလောက် ကြီးနေတာ… မနာဘူးလား”

ယန်ရှုက သက်ပြင်းချလိုက်သည်။ “အခုတော့ မနာသေးဘူး… မွေးတဲ့အခါကျရင်တော့ ဘယ်လောက်နာမလဲတော့ မပြောတတ်ဘူး”

ထိုသို့ ပြောလိုက်သည့်အခါ ဗိုက်အတွင်းမှ လှုပ်ရှားမှုတစ်ခုကို ခံစားလိုက်ရသည်။

ယန်ရှုမှာ မျက်လုံးပြူးသွားပြီးနောက် ပြုံးလိုက်မိသည်။ ထို့နောက် ဗိုက်ကို ကိုင်ကာ အတွင်းမှ ပေါက်စလေးကို ပြောလိုက်သည်။

“ဗိုက်ထဲက သားတော်လေးက ပြောနေတယ်… လိမ်လိမ်မာမာ နေမှာပါတဲ့…။ ဒါဆို ကြည့်ရတာ အကြာကြီးတော့ မနာလောက်ဘူးထင်ပါတယ်…”

ထိုသို့ ပြောလိုက်သည့်အခါ အတွင်းမှ နောက်တဖန် ထပ်၍ လှုပ်ရှားလာပြန်သည်။

—----- မွေးခါနီးလာလေလေ သားတော်လေးရဲ့ လှုပ်ရှားမှုက ပိုသိသာလာလေလေ ပုံစံအမျိုးမျိုး ဖြစ်လာလေလေပဲ…။ ဟိုလှိမ့် ဒီလှိမ့်တောင် မဟုတ်တော့ဘူး လက်တွေ ခြေထောက်တွေပါ သုံးပြီး လှုပ်ရှားလာတာလား မသိ… အပြင်ကလူတွေကတော့ သားတော်လေးကို မြင်ချင်နေလှပါပြီ…။

ယွီဝိန်းလန်က ကိုင်ချင်စိတ်ဖြစ်လာ၍ ဗိုက်ပေါ် လက်တင်လိုက်ပြီး ပြုံးလိုက်မိသည်။

“ဒီပေါက်စလေးက မယ်တော်ရဲ့ စကားကို နားထောင်မှာပါ”

ထိုအခါ ဗိုက်ထဲမှ ပေါက်စလေးက တုံ့ပြန်သည့်အလား နောက်တစ်ကြိမ် ထပ်လှုပ်ပြန်သည်…။

ယွီဝိန်းလန်မှာ ရင်ထဲနွေးသွားမိသည်။

“သားတော်လေးက လိမ္မာလိုက်တာ… ညတောင် နက်နေပြီ… အိပ်တော့ အိပ်တော့… ဒါမှ မင်းရဲ့ မယ်တော်လည်း ကောင်းကောင်း အိပ်လို့ ပျော်မှာ”

ဗိုက်ထဲမှ သားတော်လေးမှာ အသံကို နားလည်သည့်အလား တဖြည်းဖြည်း ငြိမ်သွားတော့သည်။

ယန်ရှုမှာ တအံ့တဩ ဖြစ်နေတော့သည်။

“ကြည့်ရတာ အရှင်မင်းကြီးရဲ့ အသံကို သူတကယ် သိပုံရတယ်… လုံးဝကို ငြိမ်ကျသွားတာပဲ”

ယွီဝိန်းလန်က မျက်ခုံးကို ပင့်၍ ဂုဏ်ယူဝံ့ကြွားစွာ ပြောလိုက်သည်။

“ဒါသဘာဝပဲလေ… ပေါက်စလေးက ကိုယ့်သားပဲ ကိုယ့်လို ဉာဏ်ကောင်းမှာပေါ့…”

ထိုသို့ပြောရင်း သူက သူမ၏ နှဖူးကို ခပ်ဖွဖွ နမ်းကာ ပြောလိုက်သည်။

“မင်းလည်း စောစော အိပ်တော့”

ယန်ရှုမှာ စိတ်ကို လျှော့ချလိုက်ဟန်ဖြင့် လေပူတစ်ချက် မှုတ်ထုတ်လိုက်ပြီး သူ့လက်မောင်းနှစ်ဖက်အကြားတွင် မျက်လုံးကို မှိတ်၍ အိပ်ပျော်သွားတော့သည်။

ထိုညက နှင်းပွင့်များ တိတ်တဆိတ် ကျဆင်းနေသည်ကို ပြတင်းတံခါးမှ လှမ်းကြည့်ပါက မြင်ရမည် ဖြစ်သည်။ ယွီဝိန်းလန်မှာ နောက်တစ်လတွင် သားတော်လေး ဖွားမြင်သည်ကို အိပ်မက် မက်နေတော့သည်။

သူက သားတော်လေးကို တင်းနေအောင် ဖက်ထားသည်။ သားတော်လေးက လက်ကို မြှောက်၍ သူ့ခြေထောက်ကို ကန်သည်။ မျက်နှာကလည်း အဆက်မပြတ် ပြုံးပျော်နေသည်။ ထို့နောက် သူ့အား ဖေဖေဟု ခေါ်နေတော့သည်။

အိပ်မက်ထဲတွင် ယွီဝိန်းလန်မှာ တွေးနေမိသည်။ ဒါ ငါ့သားတော် စစ်စစ်ပဲ… သာမန်လူတွေထက်တောင် စောပြီး စကားပြောနိုင်နေပြီ…။

~~

နောက်တစ်နေ့တွင် နန်းတွင်း၌ ညီလာခံတစ်ခု ရှိလေသည်။ ထို့ကြောင့် ယွီဝိန်းလန်မှာ ထုံးစံအတိုင်း စောစောထ၍ ချန်းမင် နန်းဆောင်ဖက်သို့ ထွက်သွားလေသည်။

နှင်းများက တစ်ညလုံးကျထားပြီး ယခုမူ ရပ်သွားလေပြီ… ရာသီဥတုကလည်း အလွန်အေးလှသည်။

ညီလာခံတွင် ဝန်ကြီးများက တစ်ဦးပြီး တစ်ဦး အရေးကြီးကိစ္စများအား တင်ပြ ဆွေးနွေးကြသည်။ ယွီဝိန်းလန်ကလည်း စိုးရိမ်စွာဖြင့် မေးမိသည်။

“မနေ့ညက နှင်းတွေ အကြီးအကျယ်ကျတာဆိုတော့ မြို့တော်ထဲ တစ်ခုခု ဖြစ်သေးလား။ အေးခဲပြီး အသက်ဘေး ထိခိုက်တဲ့ သူတွေ ဘာတွေ ရှိသေးလား”

အိမ်တော်အကြီးအကဲက ပြန်ဖြေသည်။ “အရှင်မင်းကြီး စိုးရိမ်တော်မမူပါနဲ့… မနေ့ညက နှင်းက အဲလောက်ကြီး မထူပါဘူး… အဲဒီတော့ ဆိုးဆိုးဝါးဝါးတွေ မဖြစ်ပါဘူး…။ ဒီမနက်မှာပဲ ကျင်းကျောက် စီရင်စုမှာ စွပ်ပြုတ် အလုပ်ရုံ သုံးခုနဲ့ အအေးခို အဆောင်တွေ မြို့တော်ထဲမှာ ဖွင့်ထားပေးလိုက်ပါတယ်…။ အဲဒါကြောင့်မို့လို့ ပြသနာတော့ ရှိမှာ မဟုတ်ပါဘူး”

ယွီဝိန်းလန်က ခေါင်းညိတ်ကာ ပြောသည်။ “မြို့တော်ထဲတင် မဟုတ်ဘူး… နှင်းကျတဲ့ အရပ်မှန်သမျှ ဒီလို လုပ်သင့်တယ်…။ ငွေစလိုရင် အိမ်တော်မှူးကို တင်ပြလိုက်ပါ… ဒါပေမဲ့ အလဟသပ် မဖြစ်အောင်တော့ ဂရုစိုက်ကြပါ…။ ချပေးငွေတွေကို ကြားထဲကနေ ဖြတ်စားမဲ့သူတွေ လက်ထဲ မရောက်သွားပါစေနဲ့…။ နန်းတွင်းက ပေးတဲ့ ငွေဟာ ပြည်သူတွေ လက်ထဲပဲ ရောက်ရမယ်”

ထို့နောက် အိမ်တော်မှူးမှာ မင်းကြီး၏ အမိန့်အတိုင်း လုပ်ဆောင်လေသည်။

ထိုစဉ် Dali Siqing က ရှေ့သို့ ထွက်လာပြီး လျှောက်တင်လေသည်။ “အရှင်မင်းကြီးကို လျှောက်တင်ပါတယ်… ကျွန်တော်မျိုး ကျင်းကျောက် စီရင်စုကနေ သတင်းပို့ချက် တစ်ခု ရလာပါတယ်… အခုတလော ကိုယ်ဝန်သည်တွေ ကိုယ်ဝန်ထိခိုက်နေကြပါတယ်… သမားတော် တစ်ဦးက တစ်ခုခုလွဲနေတာကို သတိထားမိပြီး ကျင်းကျောက် စီရင်စုကို သတင်းပို့လာတာပါ…”

185 05

ထိုသို့ကြားလိုက်သည့်အခါ အားလုံးမှာ အံ့အားသင့်သွားကြသည်။

“ရာသီဥတုက အေးခဲနေတော့ ခြေချော်လဲပြီး ကိုယ်ဝန် ထိခိုက်သွားတာလား”

ထိုအခါ Dali Siqing က ပြန်ဖြေသည်။ “သိပ် မဖြစ်နိုင်ဘူးလို့ ထင်ပါတယ်… ကျွန်တော်မျိုး သိရသလောက်ကတော့ အခုလို နှင်းကျတာ အခုမှ နှစ်ကြိမ်ပဲ ရှိပါသေးတယ်… နှစ်ကြိမ်လုံး ပြင်းပြင်းထန်ထန် မဟုတ်ပါဘူး… အဲဒီတော့ လမ်းတွေပေါ်မှာ ရေခဲ သိပ်မရှိပါဘူး… ပြီးတော့ ကိုယ်ဝန်ဆောင် အမျိုးသမီးတွေက အခုကာလမျိုးမှာ အိမ်မှာပဲ နေကြတာပါ… အအေးရှောင်တဲ့အနေနဲ့ အပြင်လည်း မထွက်ကြပါဘူး…။ အဲဒါကြောင့် အခုလို ဖြစ်နေတာ ထူးဆန်းပါတယ်”

ထိုသို့ ပြောလိုက်သည့်အခါ ယွီဝိန်းလန်လည်း အံ့ဩသဖြင့် မေးလိုက်သည်။

“အခုလိုမျိုး ဘယ်နှကြိမ် ဖြစ်သလဲ”

Dali Siqing က အလျင်အမြန် ပြန်ဖြေသည်။

“ကျင်းကျောက် စီရင်စုက သတင်းပို့ချက်အရဆိုရင် ပြီးခဲ့တဲ့ လဝက်လောက်မှာ ကိုယ်ဝန်ထိခိုက်တာမျိုး ဆယ်ကြိမ်ထပ်မနည်း ဖြစ်ခဲ့ပါတယ်…”

လတဝက်အတွင်း ကိုယ်ဝန်သည် ဆယ်ဦးထက် မနည်းထိခိုက်တယ်။

တွက်ကြည့်လိုက်ရင် နှစ်ရက် တစ်ကြိမ် ကိုယ်ဝန် ထိခိုက်နေတာပေါ့။

ထိုအခါ ယွီဝိန်းလန်မှာ တစုံတယောက်ကို တွေးမိသွားသည်။

—----- ယန်ရှု သူ့ကို ပြောဖူးတာ သတိရမိသည်။ တာအို ပိုင်ဟယ် တွေက အဂ္ဂိရပ် ဖိုထိုးဖို့အတွက် လူသား အစစ်ကို ကုန်ကြမ်းအနေနဲ့ သုံးတတ်တယ်တဲ့..။

ထို့အပြင် ပြီးခဲ့သည့် ရက်အနည်းငယ်တုန်းကလည်း ရဲမတ် တစ်ဦးက တောင်စောင်းပေါ်မှ ခုန်ချသွားသည့် တာအို ပိုင်ဟယ် အကြောင်း သတင်းပို့လာသေးသည်။ ထိုကိစ္စနှင့် ပတ်သက်၍ အခုထိ သတင်းအသစ် ထပ်မရသေးချေ။

သူ တချက်တွေဝေသွားပြီး မည်သို့ ကိုင်တွယ်သင့်သည်ကို မေးလိုက်သည်။

ထိုအခါ Dali Siqing က ပြောသည်။

“ကျွန်တော်မျိုး ဒီလို ဖြစ်ရပ်မျိုး လွန်ခဲ့တဲ့ လေးနှစ်လောက်က ဖြစ်ခဲ့တာကို မှတ်မိနေပါသေးတယ်…။ အချိန်ခနလေးအတွင်းမှာကိုပဲ ကိုယ်ဝန်သည်တွေ အများကြီး ထိခိုက်ကြတာပါ… အဲဒီတုန်းကတော့ နွေရာသီမှာ ဖြစ်တာပါ… အခုလို ဆောင်းရာသီတော့ မဟုတ်”

ထိုသို့ ကြားလိုက်သည့်အခါ ယွီဝိန်းလန်မှာ တုန်လှုပ်သွားမိသည်။

လွန်ခဲ့တဲ့ လေးနှစ် နွေရာသီတုန်းက…

ပထမ ဧကရာဇ်မင်းကြီး မကွယ်လွန်ခင်…

ထိုစဉ်က တာအို ပိုင်ဟယ် မှာ နန်းတွင်း၌ပင် ရှိနေသေးသည်။ ထိုသူက ဧကရာဇ်မင်းကြီးအား အဖော်ပြု၍ တာအို ကျင့်စဉ်များ ကျင့်ရန် လုပ်ဆောင်နေခဲ့သည်။

ဒါဆို အဲဒီတုန်းကတည်းက ဒီ ပိုင်ဟယ် က လူအစစ်သုံးတဲ့ အဂ္ဂိရပ်ထိုးနည်းကို သုံးနေပြီလား။

ဒါဆို ပထမ ဧကရာဇ်မင်းကြီးကရော အဲဒါကို သိသလား။

ထိုသို့ တွေးနေစဉ် Dali Siqing လျှောက်တင်သည်ကို ကြားလိုက်ရသည်။

“အရှင်မင်းကြီးကို လျှောက်တင်ပါတယ်… ကျွန်တော်မျိုးကတော့ ဒီဖြစ်ရပ်ရဲ့ နောက်ကွယ်မှာ တစ်ဦးဦးက မကောင်းတာလုပ်ဖို့ ကြိုးကိုင်နေတယ်လို့ ထင်ပါတယ်… ကျွန်တော်မျိုးတို့ မြန်မြန် စုံစမ်းမှ ဖြစ်ပါလိမ့်မယ်… မဟုတ်ရင် နောက်ထပ် ကိုယ်ဝန်ဆောင်တွေ ထိခိုက်ကုန်တော့မယ်”

ယွီဝိန်းလန်မှာ ထိုသို့ ကြားလိုက်တော့မှ အသိစိတ်ပြန်ဝင်လာပြီး ချက်ခြင်း မိန့်လိုက်သည်။

“သိပ်ဟုတ်တာပေါ့… ကျင်းကျောက် စီရင်စု၊ တာ့လီ ရုံးတော်နဲ့ တရားရေးရာ ဌာနကို ဒီကိစ္စ စုံစမ်း စစ်ဆေးဖို့ တာဝန်ပေးတယ်…။ ကိုယ်ရံတော် တပ်ခွဲကလည်း ရဲမတ်တွေ လွှတ်ပြီး နန်းမြို့တော်အတွင်းမှာ အသေအချာ စစ်ဆေး စုံစမ်းပါ…။ မြို့တော်ထဲမှာ အမည်မသိ တာအို ကျင့်သူတွေ တွေ့ရင် ချက်ခြင်း ဖမ်းလာခဲ့… ငါကိုယ်တော်ထင်တာကတော့ တာအို ပိုင်ဟယ် ဒီ မြို့တော်ထဲမှာ ရှိနေပြီထင်တယ်”

ထိုသို့ မိန့်လိုက်သည့်အခါ အားလုံးမှာ မငြင်းဆန်ဝံ့ဘဲ နာခံလိုက်ကြသည်။

Gyeonggi, ချန်းမင်, ပိုင်ဟယ်, မင်ယွဲ့, Dali Siqing

******

186 01

အခန်း 186

ယန်ရှုမှာ နိုးလာမှ မနက်ခင်း ညီလာခံတွင် ဆွေးနွေးခဲ့သည်များကို သိလိုက်ရသည်။

သူမလည်း ယွီဝိန်းလန်ကဲ့သို့ပင် အံ့ဩ ဒေါသထွက်မိပြီး ဤဖြစ်ရပ်များမှာ တာအိုဆရာ ပိုင်ဟယ်၏ လက်ချက်ဟု ထင်မြင်ယူဆမိသည်။

တစ်ခုပဲ နားမလည်တာ ရှိသည်။ ဒီမိစ္ဆာကောင်က မင်ယွဲ့မှာ ရှိနေတာမဟုတ်ဘူးလား။ ပြီးခဲ့သည့် ရက်အနည်းငယ်ခန့်က ရဲမတ်များ လိုက်ဖမ်းရင်း တောင်းစောင်းပေါ်မှ ခုန်ချသွားသည်ဟု သူမ ကြားမိလိုက်သည်။ သို့ဆိုလျှင် နန်းမြို့တော်သို့ ဘယ်လိုလုပ် ရောက်လာရသနည်း။

ထိုစဉ် စစ်စတန်က ထ ပြောလေသည်။

[ဘာလို့လဲဆိုတော့ တောင်စောင်းပေါ်ကနေ ခုန်ချသွားတာက ပိုင်ဟယ်မှ မဟုတ်တာ…။ သူ့ကိုယ်စား တခြားတစ်ယောက်က ခုန်ချသွားတာ…။ ရဲမတ်တွေက အဲဒီလူကို ပိုင်ဟယ်လို့ထင်ပြီး လိုက်ဖမ်းတဲ့အခါ ပိုင်ဟယ်အစစ်က မင်ယွဲ့ကနေ ထွက်ပြေးသွားတယ်… အဲဒီနောက်မှာ နန်းမြို့တော်ကို ရောက်လာတာပဲ…။ ]

ထိုအခါ ယန်ရှုမှာ မျက်လုံးပြူးသွားမိသည်။ [ဒီလို မိစ္ဆာကောင်မျိုးကိုယ်စား အစားထိုး သေပေးမဲ့သူ ရှိသေးတာလား။]

စစ်စတန် - [အမလေး… သူနေဖို့ ဘုရားကျောင်းတွေကို တလေးတစား အကုန်ကျခံ ဆောက်ပေးမဲ့ သူတွေတောင် ရှိသေးတယ်… အဲဒီလူရဲ့ ဖျားယောင်း သိမ်းသွင်းနိုင်စွမ်းကို အထင်မသေးနဲ့နော်…။]

ယန်ရှု - [အင်း… ဟုတ်တော့ ဟုတ်ပါတယ်လေ…။]

ဒီလိုဆိုလျှင် ကိုယ်ဝန်ပျက်ကျသည့် ဖြစ်ရပ်များမှာ တာအိုမိစ္ဆာကောင်၏ လက်ချက်ဆိုတာ သေချာသွားလေပြီ…။ တယောက်တည်းနဲ့တောင် ဒီလောက်များတဲ့ မကောင်းမှုတွေကို ကျူးလွန်နိုင်တယ်နော်! သတိမထားမိတဲ့ ပြည်သူတွေကို အတိ ဒုက္ခရောက်အောင် လုပ်နေတာ မနည်းတော့ဘူး… ဒီလိုလူမျိုး အစကတည်းက အသေလေး မွေးလာခဲ့ရမှာ…။

ယန်ရှုမှာ မည်သူ လက်ချက်မှန်း အသေအချာ သိနေပြီ ဖြစ်သဖြင့် လက်ပိုက်ကြည့်မနေနိုင်တော့ပေ။

ထို့ကြောင့် သူမက စစ်စတန်အား ထိုသူ ပုန်းနေသည့် နေရာကို ချက်ခြင်း မေးလိုက်သည်။ ထို့နောက် စာရေးစားပွဲသို့ သွားကာ စာ စရေးတော့သည်။ ရေးပြီးသည့်အခါ ရန်တုန်းအားပေး၍ ချန်းမင်နန်းဆောင်သို့ အပြေး ပို့ခိုင်းလိုက်တော့သည်။

ထိုသို့ စီစဉ်ဆောင်ရွက်ပြီးသွားသော်လည်း စိတ်မအေးနိုင်သေးဘဲ ဒေါသ ထွက်နေဆဲ ဖြစ်သည်။ သူမတောင် ဒီလောက် ဖြစ်နေတာ မယ်တော်ကြီးဆို ပိုတောင် စိတ်ဆိုးသွားလိမ့်မည် ဟု သူမတွေးမိသည်။

သို့သော် သူမ၏ ဆရာမကြီးမှာ မနေ့ကမှ ရောဂါ သက်သာလာစဖြစ်၍ အနာဟောင်းကြောင့် ရောဂါပြန်ထလာမည်ကို သူမ မလိုလားပေ။

ထို့ကြောင့် သူမက အစေခံများကို မြင်းရထား ပြင်ခိုင်းလိုက်သည်။ မနက်စာ စားပြီးသည့်အခါ ချီအန်းနန်းဆောင်ဖက်သို့ ထွက်လာတော့သည်။

ယန်ရှု ချီအန်းနန်းဆောင်ကို ရောက်သည့်အခါ မယ်တော်ကြီးမှာ အံ့ဩသွားပြီး မေးတော့သည်။

“ဟယ်… မနေ့က မလာနဲ့တော့လို့ မှာလိုက်ရဲ့သားနဲ့ … ဘာလို့ လာတာတုန်း”

ယန်ရှု “မနေ့ညက ကျတဲ့ နှင်းက အခု အရေပျော်သွားပြီဆိုတော့ လမ်းမချော်တော့မှန်း သိတာနဲ့ ထွက်လာခဲ့တာပါ…။ ပြီးတော့ မယ်တော်ကြီးလည်း တစ်ယောက်တည်း ပျင်းနေမှာစိုးလို့ လာစကားပြောတာပါ…”

မယ်တော်ကြီးက ခေါင်းညိတ်လိုက်သည်။

“အခုလို စိတ်ပူပေးနေရတာ ပင်ပန်းမှာပေါ့ မိဖုရားရဲ့… ဒါပေမဲ့လည်းလေ အိုက်ကျားကလည်း မေးရမဲ့ လူရှာနေတာနဲ့ အတော်ပဲ ဖြစ်သွားပြီ… အခုတလော နန်းမြို့တော်ထဲမှာ ကိုယ်ဝန်ဆောင် အမျိုးသမီးတွေ ကိုယ်ဝန်ပျက်ကျတာတွေ ဖြစ်နေတယ်ဆို။ အဲဒါ ဘယ်လိုဖြစ်တာလဲ သိသလား”

ယန်ရှု “ဟုတ်တယ်… အဲဒီလို ဖြစ်နေတာ အမှန်ပါပဲ မယ်တော်ကြီး… ဒီဖြစ်ရပ်တွေရဲ့ ၈၀ ရာခိုင်နှုန်းလောက်က မိစ္ဆာကောင် တာအိုဆရာ ပိုင်ဟယ်ရဲ့ လက်ချက်ပါ…။ အစကတော့ သူ့ကို မင်ယွဲ့မှာလို့ ထင်နေတာ… အဲဒီမှာ သူက လူသားတွေကို ဆေးဖော်ဖို့ အသုံးပြုတာကို အရှင်မင်းကြီး သိသွားတော့ ဒေါသတွေ ဖြစ်ပြီး ရဲမတ်တွေကို ဖမ်းခိုင်းလိုက်တာ…။ ဒါပေမဲ့ တောင်စောင်းပေါ်ကနေ ခုန်ချသွားလို့ မမိလိုက်ဘူး…။ ပြသနာက ခုန်ချသွားတဲ့သူက သူမဟုတ်ဘူး… သူ့အစားထိုးပြီး တခြားတစ်ယောက်က ခုန်ချသွားတာ…။ သူက အခု နန်းမြို့တော်ကို ထွက်ပြေးလာတယ်”

ထိုသို့ ပြောလိုက်သည့်အခါ မယ်တော်ကြီး၏ မျက်ဝန်းများမှာ ကြုတ်သွားမိတော့သည်။

“ဘယ်လို။ အဲဒါ အဲဒီမိစ္ဆာကောင်ရဲ့ လက်ချက်လား”

ယန်ရှုက ခေါင်းကို ခပ်သွက်သွက် ညိတ်ပြလေသည်။

“ဒီလူက အပေါ်ယံမှာသာ တာအိုကျင့်စဉ်ကို ကျင့်ပြနေတာ တကယ်တမ်းတော့ သူက တကယ် မိစ္ဆာကြီး…။ စိတ်ဓါတ်က ရက်စက် ကြမ်းတမ်းပြီး တော်တော် လှည့်စား ဖျားယောင်းတတ်တယ်။ မနက်တုန်းက နန်းတွင်း ညီလာခံမှာ ဝန်ကြီးတချို့ကပြောလိုက်တာ ဒီကိုယ်လုပ်တော် ကြားလိုက်တယ်…။ လွန်ခဲ့တဲ့ နှစ်အနည်းငယ်လောက်တုန်းကလည်း ဒီလို ဖြစ်ခဲ့ဖူးတယ်တဲ့…။ အဲဒီတုန်းကလည်း ဒီမိစ္ဆာကောင်က နန်းမြို့တော်မှာ ရှိနေဦးမယ်ထင်တယ်… အခုလည်း ဒီကိစ္စတွေ ဖြစ်နေတာ သူ့လက်ချက်ဆိုတာ သေချာတယ်”

ထိုသို့ ပြောလိုက်သည့်အခါ မယ်တော်ကြီးက ခေါင်းညိတ်ပြသော်လည်း ဘာမျှ မှတ်ချက် မပြုပေ။ သို့သော် အံကို ကျိတ်ထားပြီး စိတ်ထဲမှ တွေးလိုက်သည်။ [ဒီခွေးသူခိုးက အခုအချိန်အထိ ဒီလိုတွေ လုပ်နေတုန်းပဲကိုး! အဲဒီတုန်းက ငါ ဘာလို့ ဒီအကောင်ကို မသတ်လိုက်မိရတာလဲ! ဒီခွေးသား ဒီလို သောင်းကျန်းနေတာ… ငါ အသုံးမကျလို့ ဖြစ်တာ…!]

ထိုစကားများကို ကြားလိုက်သည့်အခါ ယန်ရှုမှာ နားမလည်သလို ဖြစ်သွားတော့သည်။

186 02

မယ်တော်ကြီးက ဘာလို့ “အခုထိ လုပ်နေတုန်းလား” လို့ ပြောတာလဲ။

ဒီလိုဆို ဒီတာအိုဆရာ အရင်တုန်းကလည်း ဒီလို လုပ်နေတာကို မယ်တော်ကြီး သိနေတာလား…။

ဒါဆို ပထမ ဧကရာဇ်မင်းကြီးလည်း သိမှာပဲ…။

ထိုစဉ် စစ်စတန်က ပြောလေသည်။ [မသိဘဲ မနေဘူး… အဲဒီတုန်းက ဧကရာဇ်မင်းကြီးရဲ့ ခွင့်ပြုချက် မပါဘဲ ဒီလို တာအိုဆရာတစ်ယောက်က နန်းမြို့တော်ထဲမှာ ဒီလို လုပ်ရပ်တွေ လုပ်ရဲပါ့မလား။]

ယန်ရှုမှာ အံ့ဩ ဆွံ့အ သွားမိသည်။ ထို့ကြောင့် မနေနိုင်တော့ဘဲ မေးလိုက်သည်။

[ပထမ ဧကရာဇ်မင်းကြီးက တိုင်းပြည်ကို အုပ်စိုးတဲ့ ပြည့်ရှင် အရှင်သခင်ကြီး မဟုတ်လား… ဘာလို့ သူ့ပြည်သူတွေကို ဒီလို မိစ္ဆာကောင် လုပ်ချင်တိုင်း လုပ်ခွင့် ပေးမှာလဲ။]

ထိုသို့ ပြောလိုက်ပြီးနောက် မသတီစရာ အတွေးတချို့ ဝင်လာမိသည်။

[ပထမ ဧကရာဇ်မင်းကြီးက အဲဒီလို လူသားနဲ့ ဖော်ထားတဲ့ဆေးကို စားသေးတာလား။]

စစ်စတန် [စားတာပေါ့… သူက ထာဝရ အသက်ရှင်ချင်တာလေ…။ ‘ဒီဆေးစားရင် ကောင်းတယ်’ လို့ ပြောမှတော့ မစားဘဲ နေမှာလား။]

“အော့…”

ထိုသို့ ကြားလိုက်သည့်အခါ ယန်ရှုမှာ ရွံရှာလာပြီး မထိန်းနိုင်တော့ဘဲ ထအန်မိတော့သည်။

ထိုအခါ မယ်တော်ကြီးမှာ အံ့ဩ သွားပြီး အလျင်အမြန် မေးတော့သည်။ “အဆင်ပြေရဲ့လား”

ယန်ရှုက သူမ၏ ရင်ဘတ်ကို လက်ဖြင့် ပွတ်ရင်း ပြောသည်။

“ဘယ်လိုဖြစ်မှန်းမသိဘူး… ရင်ထဲ နေလို့ မကောင်းသလို နည်းနည်းဖြစ်လာလို့ပါ”

မယ်တော်ကြီးက စိတ်ပူစွာဖြင့် ပြောသည်။ “ကဲ… ကဲ… အဲဒါဆို အမြန်ပြန်ပြီး နားလိုက်ဦး… သမားတော်ကျန်းကို ခေါ်လိုက်… အခုလို အရေးကြီးတဲ့ အချိန်မှာ သတိထားရတယ်ကွယ့်”

ယန်ရှုက နာခံလိုက်ပြီး မယ်တော်ကြီးကိုလည်း စိတ်မပူအောင် ပြောရတော့သည်။

“မယ်တော်ကြီးလည်း စိတ်မပူပါနဲ့နော်… ဒီ တာအိုမိစ္ဆာကောင် မြို့တော်ထဲ ရောက်နေတာ အန္တရာယ်ရှိပေမဲ့… အရှင်မင်းကြီးလို လက်ရုံးရည် နှလုံးရည်နဲ့ ပြည့်စုံတဲ့ မင်းကြီး ရှိနေတဲ့အပြင် နန်းမြို့တော်မှာလည်း အစောင့်အကြပ်တွေ ပြည့်ပြည့်ဝဝ ချထားပြီးသားမို့လို့ ဒီမိစ္ဆာကို မကြာခင် ဖမ်းမိပြီး တရားစီရင်နိုင်မှာပါ…။ ”

အားပေးရင်း တွေးမိသည်။ မယ်တော်ကြီးခမျာ ဒီလို အကျင့်ပျက်နေတဲ့ ဧကရာဇ်ဘုရင်တစ်ယောက်ကို သည်းခံနေရတာ တော်တော် မလွယ်ခဲ့မှာပဲ…။ မယ်တော်ကြီးလို တရားမျှတမှုကို မြတ်နိုးတဲ့သူတစ်ယောက်အနေနဲ့ တော်တော် နေရ ခက်ခဲ့မှာပဲနော်…။

ဘာပဲပြောပြော ဒီလို မလေးစားထိုက်တဲ့ ခွေးဧကရာဇ်ဘုရင်က သေပြီးပြီဆိုတော့ ငါ့ ဆရာမကြီးကိုတော့ ထပ်ပြီး မကျန်းမမာ မဖြစ်စေချင်တော့ဘူး…။

သူမ၏ စကားကို မယ်တော်ကြီးက ခေါင်းညိတ် ထောက်ခံပြီး သတိပေးသည်။

“အိုက်ကျားအတွက် ပူမနေပါနဲ့… အခုကိစ္စမှာ မိဖုရားအတွက် ပိုပူရမှာ…။ ကိုယ်က နန်းတွင်းမှာနေတာမို့လို့ တာအိုမိစ္ဆာရဲ့ အကြံအစည်တွေကနေ လွတ်မယ်လို့ လုံးဝ မထင်ထားပါနဲ့… ဒီလူကို အထင်သေးလို့ မဖြစ်ဘူး”

ထို့နောက် ယန်ရှုမှာ ပင်ပန်းလာပြီ ဖြစ်သဖြင့် ကန်းလု နန်းဆောင်သို့ ပြန်ကာ အနားယူတော့သည်။

~~

ပထမ ဧကရာဇ်မင်းကြီးနှင့် တာအိုမိစ္ဆာကောင်တို့၏ လုပ်ရပ်ကို ပြန်တွေးမိပြီး ရွံမိသဖြင့် ယန်ရှုမှာ နေ့လည်စာ စားချင်စိတ်ပင် မရှိချေ။ ထို့ကြောင့် စွပ်ပြုတ်နည်းနည်း သောက်လိုက်ပြီး အိပ်လိုက်တော့သည်။

ဤသို့ဖြင့် ညနေစောင်းချိန်ရောက်သည့်အခါ ကောင်းကင်ကြီးမှာ မှိုင်းမှောင်လာသည်။ ညစာ စားချိန် ရောက်လာလေပြီ…။

ထိုအချိန်တွင် ယန်ရှုမှာ အိပ်ရာမှ နိုးနေပြီဖြစ်ပြီး အခြေအနေကို သိချင်နေသဖြင့် စစ်စတန်အား မေးမြန်းနေတော့သည်။

[တာအိုမိစ္ဆာကောင်ကို မိကြပြီလား။]

စစ်စတန် - [မမိသေးဘူး]

ယန်ရှုက မျက်မှောင်ကြုတ်လိုက်မိသည်။ [ဘာလို့လဲ။ နင်ပြောတော့ စာ့ကျင်လမ်းဘေးက ပင်းကျီ တည်းခိုခန်းမှာဆို။ ငါဖြင့် ရဲမတ်တွေကိုတောင် အခန်းနံပါတ်ပါ ထည့်ပြောလိုက်သေးတယ်… အဲဒါတောင် ဘာလို့ မမိရတာလဲ။]

စစ်စတန် - [ငါပြောပါတယ်… တာအိုမိစ္ဆာက ဉာဏ်နီ ဉာဏ်နက် များပါတယ်ဆိုနေ… ရဲမတ်တွေ မရောက်ခင် သူက အဲဒီကနေတောင် ရွှေ့သွားပြီ]

ယန်ရှုမှာ ထိုသို့ ကြားလိုက်သည့်အခါ စိတ်အလွန်ပျက်သွားမိတော့သည်။ ဒီဖက်ခေတ်တွင် ဆက်သွယ်ရေး ကိရိယာများ မရှိသည်မှာ သူမအတွက် ခက်လှသည်။ ရဲမတ်များကို တိုက်ရိုက် ပြောဆိုစေခိုင်း၍ ဖမ်းခိုင်း၍ မရသောကြောင့် ဖြစ်သည်။ ယခု သူမတွင် ကိုယ်ဝန်လည်း ရင့်နေပြီ ဖြစ်သဖြင့် အရင်လို ကိုယ်တိုင် ကွင်းဆင်း လုပ်ဆောင်၍ မရပေ။ အချိန်သည် အသက် ဖြစ်နေပေပြီ… သို့သော် သူမ တာအိုမိစ္ဆာကောင်ကို မည်သို့ ဖမ်းရမည်နည်း။

ထိုအချိန်၌ပင် စစ်စတန်က ပြောသည်။ [အင်း… ငါ ဖမ်းနိုင်မဲ့နည်းလမ်းကို တွေးမိသလိုလိုပဲ…။]

ယန်ရှုမှာ အံ့ဩ စိတ်လှုပ်ရှားသွားမိသည်။ [ဘယ်လို။]

ထိုအခါ စစ်စတန်က ဆက်ပြောသည်။ [မပြောပြခင် အရင်ဆုံး အခန်းတံခါးတွေ… ပြတင်းပေါက်တွေ အကုန်ပိတ်လိုက်]

ယန်ရှု […]

သူမ ဘာမျှ မပြောရသေးမီ ခန်း‌ဆောင်အပြင်ဖက်မှ သမားတော် ရွှမ်း အသည်းအသန် ပြောလိုက်သည့် စကားသံကို ကြားလိုက်ရသည်။

186 03

“တော်ဝင်ကိုယ်လုပ်တော်ယီ… ကျေးဇူးပြုပြီး တံခါးပေါက်တွေ ပြတင်းတံခါးတွေကို ပိတ်ဖို့ အမိန့်ပေးပါ… ပြီးတော့ ဘယ်သူ့ကိုမှ အပြင် မထွက်ခိုင်းပါနဲ့”

ယန်ရှုမှာ ထိတ်လန့်သွားပြီး တွေးမိသည်… ဘာလို့ ပြတင်းပေါက်တွေ လာပိတ်ခိုင်းနေတာလဲ။

သမားတော် ရွှမ်းက ဆက်၍ ပြောသည်။

“အပြင်ဖက်မှာ ဆေးနံ့ တစ်မျိုး ရပါတယ်… ဒီဆေးနံ့က ကိုယ်ဝန်ဆောင်တွေ အတွက် ထိခိုက်စေနိုင်ပါတယ်”

ဘာ။

ထိုသို့ ကြားလိုက်သည့်အခါ ခန်းဆောင်အတွင်းရှိ အစေခံ အားလုံးမှာ အံ့ဩ ထိတ်လန့်သွားကြသည်။

ကံကောင်းသည်မှာ ရာသီဥတုက အေးသဖြင့် တံခါးများ အားလုံးမှာ အစကတည်းက ပိတ်ထားပြီးသား ဖြစ်နေလေသည်။ ရန်တုန်းမှာလည်း အစက သခင်မအတွက် အစားအသောက် သွားယူရန် တွေးထားသော်လည်း ယခုမူ လှုပ်တောင် မလှုပ်ရဲဘဲ ဖြစ်နေသည်။

ဤအချိန်၌ပင် အပြင်ဖက်မှ အသံတစ်ခုကို ကြားလိုက်ရသည်။

“ဘာတွေ ဖြစ်နေကြတာလဲ”

ယန်ရှုမှာ တံခါးကို မဖွင့်ရဲပေ… ထို့ကြောင့် သမားတော်ရွှမ်းက ဝင်ပြောတော့သည်။

“အရှင်မင်းကြီးကို လျှောက်တင်ပါတယ်… ကျွန်တော်မျိုး နန်းတွင်းထဲမှာ ဆေးနံ့ပြင်းပြင်း တစ်မျိုးကို ရလိုက်လို့ပါ…။ အဲဒီ အနံ့ထဲမှာ ကိုယ်ဝန်သည်တွေကို ထိခိုက်စေနိုင်တဲ့ ဆေးမျိုး ပါနေပါတယ်… အဲဒါကြောင့် ကျွန်တော်မျိုးက တော်ဝင်ကိုယ်လုပ်တော်အတွက် စိတ်ပူလို့ အမြန် လာသတိပေးတာပါ”

ပြောရလျှင် ယွီဝိန်းလန်လည်း ဒီကို လာစဉ်တုန်းက လမ်း၌ ထို ဆေးအနံ့ကို ရမိသော်လည်း ဒီလောက် အန္တရာယ် ရှိမည်ကို မတွေးမိခဲ့ပေ…။ ထို့ကြောင့် သူက ချက်ခြင်း ယန်ရှုအား သတိပေးလိုက်တော့သည်။

“ဒီလိုဆို ထွက်မလာနဲ့ဦး… တံခါးတွေ လုံအောင် သေချာ ပိတ်ထား”

ထိုသို့ပြောပြီးနောက် သမားတော် ရွှမ်းအား မေးသည်။

“ဒီဆေးနံ့ ဘယ်ကလာတယ်ဆိုတာ မောင်မင်း သိသလား”

သမားတော် ရွှမ်းက ပြန်လည် လျှောက်တင်သည်။

“ကျွန်တော်မျိုး နားနေခန်းဖက်ကနေ ဖြတ်ပြီး နန်းဆောင်ဘက် ရောက်လာတော့ ဒီအနံ့က ပိုပြင်းလာတာပါ… အဲဒါကြောင့် ဒီနားမှာပဲ ရှိပါလိမ့်မယ်”

ယွီဝိန်းလန်က ဖုဟိုင်ကို ချက်ခြင်း အမိန့်ပေးလိုက်သည်။

“ရဲမတ်တွေကို သမားတော် ရွှမ်းနောက် လိုက်ခိုင်းပြီး ဆေးမီးရှို့တဲ့ တရားခံကို လိုက်ရှာစမ်း… ဘယ်သူ့ကိုမှ လွတ်မသွားစေနဲ့”

ဖုဟိုင်က နာခံလိုက်ပြီး ရဲမတ် ဆယ်ယောက်ကျော်ကျော်လောက်ကို ခေါ်ကာ သမားတော် ရွှမ်းနောက်မှ လိုက်သွား‌တော့သည်။

နန်းတော်ရာ ဝန်းကျင်တွင် တခြား ဘယ်သူမှ မရှိတော့သောကြောင့် ဆေးငွေ့ လာရာ နေရာကို မကြာမီ ရှာတွေ့သွားတော့သည်။

ထိုနေရာမှာ တခြားမဟုတ် ဝမ်ကျောက်ယီနေထိုင်သည့် ချွေ့ဝေ့နန်းဆောင်ပင် ဖြစ်တော့သည်။

မကြာမီ ဖုဟိုင်၏ သတင်းပို့ချက်ကို ယွီဝိန်းလန် ကြားလိုက်သည့်အခါ ဒေါသထွက်သွားပြီး ကိုယ်တိုင် လိုက်လာပြီး မေးလေတော့သည်။

သို့ရာတွင် ဝမ်ကျောက်ယီမှာ အကြောက်အကန် ငြင်းဆန်သည်။

“အရှင်မင်းကြီးကို လျှောက်တင်ပါတယ်… ကိုယ်လုပ်တော်က နေမကောင်း ဖြစ်နေတာပါ… အဲဒါကြောင့် အိမ်က လူတွေကို နန်းပြင်မှာ မဲတီတုတ် အခြောက် ဝယ်ခိုင်းလိုက်ပြီး အခု ဒီမှာ ရှို့ခိုင်းတာပါ… အဲဒီဆေးက တော်ဝင်ကိုယ်လုပ်တော်ယီကို မထိခိုက်ပါဘူး”

သူမ၏ စိတ်ထဲတွင်လည်း တွေးနေတော့သည်။

[တော်ဝင်ကိုယ်လုပ်တော်ယီ ဖက်က စပြီး လှုပ်ရှားလာပြီပေါ့လေ…။ တကယ် ရက်စက်တဲ့ မိန်းမပဲ… ငါ့ကို စွပ်စွဲပြီး ချောက်ချဖို့ ကြံနေပြီ]

ထိုသို့ ကြားလိုက်သည့်အခါ ယွီဝိန်းလန်မှာ မယုံပေ။ ထို့ကြောင့် ရဲမတ်များကို အမိန့်ပေးလိုက်သည်။

“ကိုယ်လုပ်တော် မီးရှို့ခိုင်းတဲ့ ဆေးရွက်တွေကို ယူသွားပြီး သမားတော် ရွှမ်းကို ပြလိုက်ပါ”

ရဲမတ်များက နာခံလိုက်ပြီး ချွေ့ဝေ့နန်းဆောင်ထဲရှိ “မဲတီတုတ်” အရွက်ခြောက်အားလုံးကို သိမ်းဆည်းပြီး သမားတော် ရွှမ်းထံ လာပြလေသည်။

သမားတော် ရွှမ်းက ဆေးရွက်ခြောက်များကို လှန်လှော ဖြစ်ညှစ်ကြည့်ပြီးနောက် မြေပြင်ပေါ်သို့ ကျဲချလိုက်သည်။

ထို့နောက် တခဏမျှ ဆက်လက် စစ်‌ဆေးပြီးသည့်နောက် မှတ်ချက်ချလေသည်။

“အရှင်မင်းကြီးကို လျှောက်တင်ပါတယ်… ဒီဆေးရွက်တွေထဲမှာ ချိရှောင်အမြစ်၊ တန်းရှန်းအပွင့်၊ ဟုန်ဟွား ဆူးပန်း၊ ရှဲ့ရှန်းပန်း၊ နနွင်းတက်၊ ကျီရှင့်ဇီအပွင့်စတဲ့ သွေးခုန်နှုန်း မြင့်စေတဲ့ ပစ္စည်းတွေ ပါနေပါတယ်… ရှူကြည့်လိုက်ရင်ကို ကိုယ်ဝန်လျှောနိုင်ပါတယ်…။ အခု အေးနေလို့ တံခါးတွေ ပိတ်ထားပေမဲ့ ညစာ စားချိန်ရောက်ရင် ခန်းဆောင်ထဲက လူတွေ ထွက်လိုက်တာနဲ့ အငွေ့တွေ ခန်းဆောင်ထဲ ဝင်မှာပါ…။ အဲဒီလို ဖြစ်ရင် ကိုယ်လုပ်တော်ယီရဲ့ ကိုယ်ဝန်အန္တရာယ်ဖြစ်စေပြီး မင်းကြီးရဲ့ နန်းဆက်ကို ထိခိုက်စေပါလိမ့်မယ်”

ထိုသို့ ပြောလိုက်သည့်အခါ အားလုံးမှာ အံ့ဩ ထိတ်လန့်ကုန်ကြသည်။ ယွီဝိန်းလန်က ဝမ်ကျောက်ယီအား ကြည့်လိုက်ပြီး သွေးအေးအေးဖြင့် ပြောတော့သည်။

“ဒီဆေးကို ဘယ်က ဝယ်တာလဲ။ ဘယ်သူ ဝယ်ခိုင်းတာလဲ”

186 04

ထိုအခါ ဝမ်ကျောက်ယီမှာ ထပ်မံ ငိုချလိုက်တော့သည်။

“အရှင်မင်းကြီး… ဒီဆေးရွက်ခြောက်မှာ ဒါတွေ ပါမယ်လို့ ကိုယ်လုပ်တော် လုံးဝ မသိပါဘူး…။ ကိုယ်လုပ်တော်က နာမကျန်းဖြစ်နေတာ ကြာပါပြီ… အဲဒါကြောင့် ဆေးငွေ့လှုံဖို့ နန်းပြင်ကနေ မဲတီတုတ် ခြောက်တွေ ဝယ်ခိုင်းလိုက်တာပါ…။ အဲဒီဆေးရွက်ခြောက်ထဲမှာ အဆိပ်တွေ ပါလာမယ်လို့ ကိုယ်လုပ်တော် လုံးဝ မသိရပါဘူး…။ ”

[ဘုရားကယ်ပါ… ဘာတွေ ဖြစ်ကုန်တာလဲ။ မဲတီတုတ်ခြောက်ထဲမှာ ဘယ်လိုလုပ် ဒါတွေ ပါလာတာလဲ။ ကိုယ်လုပ်တော်ယီက သမားတော်ကျန်းကို တမင် ဒီလို လိမ်ပြောခိုင်းလိုက်တာလား။]

ယွီဝိန်းလန်မှာ စိတ်ရှည် သည်းခံလိုစိတ် လုံးဝ မရှိတော့ဘဲ ရဲမတ်တို့အား အမိန့်ပေးလိုက်တော့သည်။

“ဝမ်မိသားစု တစ်စုလုံးကို ဖမ်းထားလိုက်ကြစမ်း… ဘယ်သူ့ကိုမှ ဝမ်အိမ်တော်ထဲက မထွက်စေနဲ့ ဝင်လည်း မဝင်စေနဲ့… ဒီအဆိပ်လာရာ လမ်းကြောင်းကို ရအောင် စုံစမ်းကြစမ်း”

ရဲမတ်တို့ကလည်း အလျင်အမြန် နာခံလိုက်ကြပြီး ဝမ်ကျောက်ယီ၏ မိခင်ရှိရာ နန်းပြင်ဖက်သို့ ထွက်သွားကြလေသည်။

~~

ထိုအချိန်၌ ယန်ရှုမှာ စစ်စတန်ထံမှ ထိုအဖြစ်အပျက်တို့ကို တိုက်ရိုက်နားထောင်နေရသည်။

သူမ စိတ်ထဲ တွေးမိလိုက်သည်။ [ဝမ်ကျောက်ယီကို တာအိုမိစ္ဆာကောင်က အသုံးချလိုက်တာများ ဖြစ်နေမလား။]

စစ်စတန် [သိပ်ဟုတ်တာပေါ့… အဲဒီ မဲတီတုတ်ဆေးခြောက်က တာအိုမိစ္ဆာကောင်ဆီကနေ ဝယ်လိုက်တာလေ…။ ဒီလူက နန်းမြို့တော်ကို ဝင်တော့ ဆေးရွက် ကုန်သည်အဖြစ် ဟန်ဆောင်ထားတာ…။ ပြီးခဲ့တဲ့ ရက်နည်းနည်းတုန်းက ဝမ်ကျောက်ယီရဲ့ အဖေရဲ့ အစာအိမ် ရောဂါကို သူပဲ ကုပေးလိုက်တာ…။ အဲဒီတော့ ဝမ်မိသားစုက ဒီလူကို ဘုရားက ပေးတဲ့ သမားတော်လို့ မြင်သွားကြတာ…။ အဲဒါကြောင့် မဲတီတုတ်ခြောက်ကို သူ့ဆီကနေ ယုံလို့ ဝယ်ပြီး သူတို့သမီးဆီကို ပို့လိုက်တာ…။]

သဘောပေါက်သွားသဖြင့် ယန်ရှုက ခေါင်းညိတ်လိုက်သည်။ သို့သော် သူမ နားမလည်တာ ရှိနေသေးသည်။

[ဝမ်ကျောက်ယီက နေမကောင်းဖြစ်နေတာတောင် ဘာလို့ သမားတော် မခေါ်တာလဲ။ နေမကောင်းရင် မဲတီတုတ် ရှူနေရုံနဲ့ ဘယ်ရမလဲ။]

စစ်စတန် [သူက နင့်ကို ကြောက်နေတာကိုး…။ နန်းတွင်း သမားတော်တွေက နင်ဖက်က လိုက်ပြီး သူ့အသက်ကို လုပ်ကြံမှာ ကြောက်တော့ နန်းတွင်း သမားတော်တွေကို မခေါ်ရဲဘူး]

ယန်ရှု - [.......]

အေးပါကွာ… ဒီလောက်တောင် ဖြစ်နေတာ မတွေးတော့ဘူး… ဟို တာအိုမိစ္ဆာကောင် ကိစ္စပဲ တွေးတော့မယ်…။

[ဒါဆို နန်းမြို့တော်ထဲက ကိုယ်ဝန်သည်တွေ ကိုယ်ဝန် ပျက်ကျအောင် တာအို မိစ္ဆာကောင်က ဒီနည်းနဲ့ လုပ်တာလား။]

စစ်စတန် [အဲဒီလိုလည်း မဟုတ်ဘူး… ဒီနည်းလမ်းက အကုန်အကျများတော့ နင့်အတွက်ပဲ သုံးတာ…။ တခြား ကိုယ်ဝန်သည်တွေကိုကျတော့ သူက အရင် စုံစမ်းတယ်… ပြီးရင် အဲဒီအိမ်ရဲ့ ရေတွင်း၊ ရေကန်မှာ ဆေးခပ်တယ်… ပြီးရင် အနှိပ်သည်ကို ပိုက်ဆံကြိုပေးပြီး ဆွယ်ထားတယ်… ကလေး မွေးချိန်ကို စောင့်ပြီး ကလေးပျက်ကျတဲ့အခါ ကလေးအသေကို လာပို့ခိုင်းတယ်…။]

ထိုအခါ ယန်ရှုမှာ အန်မိတော့သည်။

ဒီတာအိုမိစ္ဆာကောင်ကို အရှင်မထားဘူး။ ဒီတစ်ခါ မိအောင် ကြိုးစားမယ်။

ထိုအခါ စစ်စတန် က ပြောသည်။ [ဒီတစ်ခေါက်ကတော့ လွယ်မှာပါ…။ အခု ဒီလူက ရုန်တင်း တံတားနားက ရှင်းယွမ် ဆေးဆိုင်ရဲ့ ဘယ်ဖက်အခြမ်းက ဒုတိယအခန်းမှာ အခု နေနေတယ်…။ ဆံပင်ကို အနက်ရောင် ပြောင်းဆိုးထားတယ်… ရုပ်ရည်က အသက် လေးဆယ်နဲ့ ငါးဆယ် အကြားမှာ ရှိတယ်… လှုပ်ရှားလိုက်တော့…။]

ဆံပင်ကို ဆေးဆိုးလိုက်တယ် ဟုတ်လား။

ယန်ရှုမှာ တခုခုကို တွေးမိလိုက်ပြီး မျက်ခုံးကို ပင့်လိုက်မိသည်။ သူမ သိသလောက် ဒီဖက်ခေတ် ဆံပင် ဆေးဆိုးနည်းမှာ ပဲနက်ကို ဆီ၊ ရှာလကာရည်၊ ဝိုင်တို့နှင့် စိမ်ပြီး ပြုတ်ရသည်။ ပြီးနောက် လိုအပ်သည့် အကူပစ္စည်းများ ထည့်ကာ ဆိုးရသည်။ ဒီလူမှာ နေ့လည်ခင်းတွင် ဆေးဆိုးထားသဖြင့် အခြောက်ခံရန် အချိန်ရမည် မထင်…။

ထိုအခါ သူမက အကြံတစ်ခု ရသွားပြီး ရေးနေသည့်စာကို ပြန်ပြင်လိုက်သည်။ ထို့နောက် အစေခံတစ်ယောက်အား ခေါ်၍ ချန်းမင် နန်းဆောင်သို့ ပို့ခိုင်းလိုက်သည်။

~~

ချီအန်း နန်းဆောင်တွင်…။

ကောင်ကင်းကြီးမှာ တဖြည်းဖြည်း မှောင်လာပြီ ဖြစ်သည်။ မယ်တော်ကြီးမှာလည်း သတင်းထူးကို စောင့်ဆိုင်းနေသည်။

မကြာမီ မီးရှို့၍ အဆိပ်ငွေ့ လွှတ်သူမှာ ဝမ်ကျောက်ယီဖြစ်ပြီး သူမကို ချက်ခြင်း ဖမ်းလိုက်သည်ကို ကြားလိုက်ရသည်။ ယန်ရှုမှာမူ ဘာမျှ မထိခိုက်ဟု သိလိုက်ရသဖြင့် စိတ်သက်သာရာ ရသွားတော့သည်။

ထိုစဉ် တန့်ရွှမ်းက ရှေ့သို့ထွက်လာပြီး လျှောက်တင်လေသည်။

“မယ်တော်ကြီး ညစာ မသုံးဆောင်ရသေးဘူး မဟုတ်လား။ အခု ကိုယ်လုပ်တော်ယီလည်း မထိခိုက်ဘူးဆိုတော့ တခုခု စားတော်မူပါ”

ထိုအခါ မယ်တော်ကြီးက သက်ပြင်းကို ချလိုက်သည်။

“အိုက်ကျား ဘာမှ မစားချင်သေးဘူး…။ ဒီ တာအိုဆရာ ပိုင်ဟယ်ကို မမိမချင်း စားချင်စိတ် ရှိမယ် မထင်ဘူးကွယ်”

—--- ဒီမိစ္ဆာကောင်ကို တစ်ရက် မမိသေးသရွေ့ အခြား ကိုယ်ဝန်သည်များ ထိခိုက်နိုင်ချေ တစ်ရက် ပိုရှိနေတော့မည်။

186 05

ထိုကလေးငယ်လေးများမှာ ဝမ်းတွင်းမှ မထွက်ရသေးသဖြင့် လူမဖြစ်သေးသော်လည်း သက်ရှိလေးများ ဖြစ်ကြသည်။ ထိုသို့ တွေးမိ၍ စိတ်ပူနေချိန်၌ သူမ ဘာစားစား စားနိုင်မည် မထင်ချေ…။

ပြောရလျှင် ဤသို့ ဖြစ်ပျက်နေရသည်မှာ သူမ၏ အမှားလည်း ပါသည်။

ဟိုလူကြီး သေသည့်အခါ ဒီတာအိုဆရာကိုပါ တခါတည်း ရှင်းပစ်ခဲ့မိလျှင် ယခုလို အန္တရာယ်များနှင့် ကြုံရမည် မဟုတ်ပေ။

ထိုသို့ တွေးနေပြီး မကြာမီ သူမ သတင်းစုံစမ်းခိုင်းထားသည့် မိန်းမစိုး ချောင်ဖုရွှမ်း ဝင်လာပြီး သတင်းပို့လေတော့သည်။ “မယ်တော်ကြီးကို လျှောက်တင်ပါတယ်… ချန်းမင်နန်းတော်ကနေ သတင်းရလာပါတယ်… တာအိုဆရာ ပိုင်ဟယ်ကို မိသွားပါပြီ”

ထိုအခါ မယ်တော်ကြီးမှာ အံ့ဩ ဝမ်းသာသွားပြီး အလျင်အမြန် မေးလေတော့သည်။

“တကယ် မိသွားပြီလား။ လူမှားတာတော့ မဟုတ်ပါဘူးနော်”

ချောင်ဖုရွှမ်း က မယ်တော်ကြီး၏ မေးခွန်းကို အားမန် ပါပါဖြင့် ပြန်ဖြေလေသည်။

“မယ်တော်ကြီး စိတ်ချပါ… ဒီလူ ဘယ်သူဆိုတာကို အသေအချာ စစ်ဆေးပြီးပါပြီ…။ ဒီတာအိုမိစ္ဆာက နေ့ခင်းပိုင်းလောက်မှာ ဆံပင်ဆေးဆိုးပြီး ဆေးရွက် ကုန်သည်ယောင်ဆောင်ပြီး ရုန်တင်း တံတားနားမှာ ပုန်းနေတာပါ… ရဲမတ် တပ်သားတွေ မသင်္ကာစရာရှိတာကို မေးမြန်း သတင်းနံ့ခံပြီး လိုက်လိုက်တာ ရုန်တင်း တံတားနားမှာ တန်းမိ‌တော့တာပဲ…။ သူတို့က အိမ်နဲ့ ဆိုင်တွေကို ဝိုင်းထားပြီး တစ်လွှာချင်း တလွှာချင်း တစ်ယောက်ချင်းစီ စစ်မေးတာပါ။ အဲဒီမှာ အနက်ရောင်အင်္ကျီ၊ အနက်ရောင် ဦးထုပ်ဆောင်းထားတဲ့သူကို မသင်္ကာတာနဲ့ သူ့‌ခေါင်းပေါ်ကို ရေနွေးလောင်းချပြီး စစ်လိုက်တာ ဆံပင်အနက်ရောင်ကနေ အဖြူရောင် ပြန်ဖြစ်သွားပါတယ်…။ အဲဒီလို အသေအချာ စစ်ပြီးတဲ့အခါ ဒီလူဟာ တာအိုမိစ္ဆာကောင်ဆိုတာ သေချာသွားပါပြီ”

နေစမ်းပါဦး။

မယ်တော်ကြီးမှာ ထိုသတင်းစကားကို ကြားလိုက်သည့်အခါ အံ့ဩသွားမိသည်။ ဒီလို စစ်တဲ့ နည်းလမ်းက နည်းနည်း လက်ဝင်သလို ဖြစ်မနေဘူးလား။ တယောက်ယောက်က စစ်နည်း ကြိုပြောလိုက်တဲ့ အတိုင်းပဲ…။

ဘာပဲပြောပြော ဒီမိစ္ဆာကောင်ကို မိပြီဆိုရင် ရပါပြီလေ…။

ယခုမှ ရင်ထဲမှ အလုံးကြီး ကျသွားသလို ခံစားလိုက်ရသည်။ သူမက လက်အုပ်ကို ချီလိုက်ပြီး ဘုရားမတာပဲဟု ဆုတောင်းမိလိုက်တော့သည်။

လူတိုင်းကလည်း စိတ်သက်သာသွားကြသည်။ တန့်ရွှမ်းက ရှေ့သို့ ထပ်ထွက်လာပြီး လျှောက်တင်သည်။

“မယ်တော်ကြီး အခု ညစာ စားနိုင်ပြီ ထင်ပါတယ်… အဖျားရောဂါလည်း သက်သာပြီဆိုတော့ ဗိုက်ဆာနေလောက်ပြီ ထင်ပါတယ်”

မယ်တော်ကြီး “စွပ်ပြုတ်တစ်ပွဲလောက်ပဲ ပြင်ဖို့ ပြောလိုက်ပါ”

တန့်ရွှမ်းက နာခံလိုက်ပြီး စာဖိုဆောင်သို့ သတင်းပို့လေသည်။

မယ်တော်ကြီးမှာ သားမွှေး ခုံတန်းရှည်ပေါ်တွင် တခဏမျှ ဆက်ထိုင်နေစဉ် ချောင်ဖုရွှမ်း လျှောက်တင်သည်။

“ဒါနဲ့ မယ်တော်ကြီးကို လျှောက်တင်စရာရှိပါသေးတယ်… ကျွန်တော်မျိုး ဒီကို ပြန်လာတဲ့အချိန် နန်းမြို့ရိုး ဝင်ပေါက်ကို စောင့်နေတဲ့ ရဲမတ်တွေဆီကနေ စာတစ်စောင်ကို ရလိုက်ပါတယ်… စာထဲမှာ ကျန်းရှန်ခန်းရဲ့ ဇနီး အမျိုးသမီး ရွှီ ဒီနေ့ ဆုံးသွားပြီလို့ ရေးထားပါတယ်”

ထိုအခါ မယ်တော်ကြီးမှာ မျက်နှာထား တင်းသွားသည်။

“သေတော့လည်း သေတယ်လို့ မှတ်ပေါ့… သူ့ယောက်ျားနဲ့ သားက မကောင်းမှုတွေ တသီကြီးလုပ်ထားတာ… အရှင်မင်းကြီးက သူ့ကိုပါ ဆွဲပြီး အပြစ်မပေးတာတောင် ကံကောင်း”

သို့သော် ချောင်ဖုရွှမ်း က အနည်းငယ် နားမလည်သလို ဖြစ်သွားပြီး လျှောက်တင်သည်။

“အမျိုးသမီးရွှီ ဆုံးသွားပြီးတဲ့အခါ လူတစ်ယောက်က နန်းမြို့ရိုးစောင့် ရဲမတ်တွေဆီ စာတစ်စောင်ပို့ခိုင်းပါတယ်… မယ်တော်ကြီးအတွက်လို့ ပြောပါတယ်…”

ထို့နောက် သူက စာတစ်စောင်ကို ဆက်သလေသည်။

မယ်တော်ကြီးမှာ အံ့ဩသွားပြီး လက်လှမ်းယူလိုက်ကာ ဖွင့်ဖတ်ကြည့်လိုက်သည်။

စာကို ဖတ်ပြီးသည့်အခါ မျက်နှာမှာ အံ့ဩ တုန်လှုပ်သွားသည်ကို မြင်လိုက်ကြရသည်။

ထိုစာထဲတွင် ရေးထားသည်မှာ အမျိုးသမီး ရွှီ ၏ လက်ရေး မဟုတ်ဘဲ ကျန်းရှန်ခန်း၏ လက်ရေး ဖြစ်နေသည်။

—--- ကျန်းရှန်ခန်းမှာ သူမအတွက် နှစ်ပေါင်းများစွာ ဆေးစာရေးပေးခဲ့ဖူးသဖြင့် မြင်လိုက်ရုံနှင့် မှတ်မိသည်။

စာထဲတွင် ကျန်းရှန်ခန်းက ဤသို့ ရေးထားသည်။

“ပထမ ဧကရာဇ်မင်းကြီးရဲ့ ရေညှိစွပ်ပြုတ်ကို ရွဲ့စန်း ရောတဲ့ကိစ္စ ကျွန်တော်မျိုး မသေခင် သမားတော်ရွှမ်းကို စာရေးပြီး ပြောပြလိုက်ပါတယ်… မယ်တော်ကြီး ဂရုစိုက်ပါ”

မယ်တော်ကြီးမှာ ရင်ထဲ လေးလံသွားသည်။

ကျန်းရှန်ခန်း … ခွေးသား!

~~

တာအိုဆရာ ပိုင်ဟယ်အား အကြိမ်ကြိမ် အဖန်ဖန် စစ်ဆေးပြီးသည့်အခါ ဟုတ်မှန်ကြောင်း အတည်ပြုလေသည်။ ထို့နောက် ရဲမတ်တို့က နန်းတွင်း အကျဉ်းထောင်အား ပို့လိုက်သည်။

ထိုအချိန်တွင် ညနက်ချိန် ရောက်နေလေပြီ…။ ယွီဝိန်းလန်မှာ ယခုမှ စိတ်အေးသွားသဖြင့် သက်ပြင်းချလိုက်မိသည်။ ထို့နောက် ကန်လုနန်းဆောင်သို့ သွား၍ အနားယူရန် တွေးလိုက်သည်။

186 06

—---- ဟို အူတူတူ အတတ ဝမ်ကျောက်ယီကိုလည်း ဖမ်းထားပြီးပြီ၊ အရေးပေါ် အန္တရာယ်ကြီးကိုလည်း ရှောင်လွှဲပြီးပြီဆိုတော့ ကန်လုနန်းဆောင်ကို ဝင်လို့ ထွက်လို့ ရပြီပေါ့…။

သူ ထိုင်ရာမှ မထရသေးမီ ရဲမတ်တစ်ယောက် ရောက်လာပြီး သတင်းပို့လေတော့သည်။

“အရှင်မင်းကြီး… တာအိုမိစ္ဆာကောင်က ပထမ ဧကရာဇ်မင်းကြီးနဲ့ ပတ်သက်တဲ့ ကိစ္စတစ်ခုကို ထုတ်ပြောချင်တယ်လို့ ပြောလာလို့ လာလျှောက်တင်တာပါ”

ထိုအခါ ယွီဝိန်းလန်မှာ တွေဝေသလို ဖြစ်သွားမိသည်။

ပြီးမှ သူက ခေါင်းကို ညိတ်ပြလိုက်ပြီး ပြောလိုက်သည်။

“ကောင်းပြီလေ… ငါကိုယ်တော်တိုင် ဒီလူနဲ့ စကားပြောမယ်”

သူကိုယ်တိုင်ကလည်း ပထမ ဧကရာဇ်မင်းကြီးကို အသက် အန္တရာယ် ကျရောက်စေခဲ့သည့် ဒီတာအိုဆရာကို မြင်ဖူးချင်နေတာ ကြာပြီ…။

ထိုသို့ မိန့်ပြီးသည့်အခါ သူက မတ်တပ်ထရပ်လိုက်ပြီး အပြင်သို့ ထွက်လာလိုက်သည်။

မကြာမီ ယွီဝိန်းလန်မှာ နန်းတွင်း အကျဉ်းထောင်ထဲရှိ တာအိုဆရာနှင့် တွေ့ရတော့သည်။

မြင်မြင်ချင်း၌ပင် ထိုသူ၏ မျက်နှာတွင် အရေးအကြောင်းများ မရှိသည်ကို သတိထားမိလိုက်သည်။ ဆေးများ ကျွတ်ထား၍ အမြင်မလှသည့် ဆံပင်ကြောင်ကြောင်ကျားကျား ဖြစ်နေခြင်းကလွဲလျှင် ထိုသူ၏ မျက်နှာမှာ ဟိုးရှေးယခင်ကထက်ပင် ပို၍ နုပျိုနေသယောင်ထင်ရသည်။

ထိုသူ၏ မျက်နှာကို မြင်ရသည့်အခါ သူ့အဖို့ ရွံရှာစိတ်သာ ဖြစ်မိသည်။

ပထမ ဧကရာဇ်မင်းကြီးက ဘာလို့ ဒီလို လူမျိုးကိုမှ ယုံခဲ့တာလဲ။

ထိုစဉ် သူဘာမှ မပြောရသေးမီ ထိုသူက ပြုံး၍ ပြောလေသည်။

“အရှင်မင်းကြီး ရောက်လာပြီကိုး…။ အရှင်မင်းကြီးက အခုလို စေတနာ ထားပြီး လာတွေ့တဲ့အတွက် လျှို့ဝှက်ချက်တစ်ခုကို ပြောပြပါမယ်”

ယွီဝိန်းလန်က မျက်နှာထား မပြောင်းလဲဘဲ မေးလိုက်သည်။

“ဘာလျှို့ဝှက်ချက်လဲ”

ထိုအခါ ပိုင်ဟယ်က ပြုံးလိုက်ကာ ပြောသည်။

“အရှင်မင်းကြီး အထင်မလွဲပါနဲ့… ပထမ ဧကရာဇ်မင်းကြီးကို သတ်တာ ကျွန်တော်မျိုး တာအိုဆရာ မဟုတ်ပါဘူး…။ အဲဒီအချိန်တုန်းက ကျွန်တော်မျိုးနဲ့ ဧကရာဇ်မင်းကြီးဟာ အတူတကွ နေထိုင်ခဲ့တာပါ… အဲဒီတော့ စားတော့လည်း အတူတူပါပဲ…။ ပိုတာက ဧကရာဇ်မင်းကြီးပါ… သူက နေ့တိုင်း ရေညှိစွပ်ပြုတ်တစ်ခွက် ပိုသောက်ပါတယ်…။ ဒါပေမဲ့ နောက်ကျတော့ ကျွန်တော်မျိုး တာအိုဆရာလေးက ဘာမှ မဖြစ်ဘဲ ဧကရာဇ်မင်းကြီးက သွေးအန်ပြီး သေပါလေရော…။ အဲဒါ ဘာဖြစ်လို့လဲ သိလား။ ပထမ ဧကရာဇ်မင်းကြီးကို ဒီနန်းတွင်းထဲက လူတွေကပဲ အဆိပ်ခတ်လိုက်တာကြောင့်ပါ…”

ထိုသို့ပြောလိုက်သည့်အခါ ယွီဝိန်းလန်မှာ တုန်လှုပ်သည့်ဟန် မပြဘဲ အေးအေးစက်စက် ပြန်ပြောလေသည်။

“မောင်မင်းနဲ့ ပထမ ဧကရာဇ်မင်းကြီးက အတူတူ နေခဲ့တာဆိုတော့ မောင်မင်းရဲ့ လူသားနဲ့ လုပ်တဲ့ ဆေးလုံးကိုလည်း သူက စားခဲ့တာလား”

ထိုအခါ တာအိုဆရာက တချက် တွန့်သွားပြီး ပြုံးလိုက်သည်။

“အရှင်မင်းကြီးက ဉာဏ်လည်း ကောင်းတာပဲ…။ ဟုတ်ပါတယ်… ကျွန်တော်မျိုး တာအိုဆရာလေးက ပထမ ဧကရာဇ်မင်းကြီးအပေါ် အင်မတန် ရိုသေ လေးစား မြတ်နိုးတာပါ… ဒီလို အဖိုးတန် ဆေးလုံးမျိုးဟာ ဧကရာဇ် မင်းကြီးကိုသာ အရင် ဆက်သ ရတာမျိုးပါ”

ယွီဝိန်းလန်မှာ ဒေါသ ဖြစ်သဖြင့် မျက်လုံးကို မှေး၍ ကြည့်လိုက်မိသည်။

ထိုစဉ် သူ့နောက်မှ အသံတစ်ခု ထွက်လာသည်။ “နင့် ပါးစပ် ပိတ်ထားစမ်း”

အသံလာရာသို့ အားလုံးကြည့်လိုက်သည့်အခါ မယ်တော်ကြီးအား တံခါးဝ၌ မြင်လိုက်ရတော့သည်။

အားလုံး အရိုအသေ မ‌ပေးရသေးမီ မယ်တော်ကြီးမှာ ယွီဝိန်းလန်၏ အနားသို့ ရောက်လာတော့သည်။

ထို့နောက် သူမက ပိုင်ဟယ်အား ကြည့်လိုက်ကာ ပြောလေသည်။

“မောင်မင်းက ပထမ ဧကရာဇ်မင်းကြီးကို ကိုယ့်ပြည်သူကို ဖိနှိပ် ရက်စက်အောင် လှည့်ဖျားတယ်…။ ကောင်းကင်ဘုံရဲ့ ခွင့်လွှတ်ငဲ့ညှာမှုကို စော်ကားတယ်…။ အခုလို သေရတော့မဲ့ အချိန်မှာတောင် တပါးသူကို ဂုဏ်သိက္ခာချ ဖျက်စီးဖို့ ကြိုးစားနေတုန်းပဲလား”

ထိုအခါ တာအိုဆရာ ပိုင်ဟယ်က တချက် တုံ့ခနဲ ဖြစ်သွားပြီး ဝိန်းလန်အား ပြောလေသည်။

“အရှင်မင်းကြီးက ပထမ ဧကရာဇ်မင်းကြီး သေသွားရတဲ့ အကြောင်းရင်းကို မစုံစမ်းဘဲ ဒီအတိုင်း လက်ပိုက် ကြည့်နေမှာလား”

“မောင်မင်းရဲ့ ပါးစပ်ကို ပိတ်ထားစမ်း”

ထိုစဉ် ယွီဝိန်းလန်က အေးစက်စက် အသံဖြင့် ပြောသည်။

“ဒီလောက် သေခါနီး ဖြစ်နေတာတောင် မောင်မင်းက စကားလုံးတွေနဲ့ သွေးခွဲ ဖျားယောင်းဖို့ ကြံနေသေးတယ်ပေါ့လေ…။ လာကြစမ်း… ဒီကောင့် လျှာကို ဖြတ် လက်နဲ့ ခြေထောက်တွေကို ရိုက်ချိုးပစ်ကြစမ်း…။ ပြီးရင် မနက်ဖြန် နေ့လည်မှာ တလောကလုံးကို ကြေညာပြီး ကွပ်မျက်စေ…”

ထိုသို့ အမိန့်ပေးပြီးနောက် သူက မယ်တော်ကြီးအား အရိုအသေပေးပြီးနောက် ပြောလိုက်သည်။

“မယ်တော်ကြီး နန်းတော်ကို ပြန်ပါ… ဒီမှာက သွေးညှီနံ့တွေနဲ့ မကောင်းပါဘူး”

မယ်တော်ကြီးမှာ တုံ့ခနဲ ဖြစ်သွားပြီး နာခံရန်သာ ရှိသဖြင့် နန်းတွင်း အကျဉ်းထောင်မှ မင်းကြီးနှင့်အတူ ထွက်လာရလေသည်။

အပြင်ဖက်တွင် ကြမ်းတမ်းလှသည့် ဆောင်းရာသီ၏ အေးခဲနေသည့် ညသန်းခေါင်အချိန်ကျရောက်နေပြီဖြစ်ပြီး အအေးဓါတ်မှာ လူအများ၏ နှလုံးကို ဆုပ်ကိုင်ထားပြီး အသက်ရှူရပင် ကျပ်စေတော့သည်။

186 07

အပြင်သို့ ထွက်လာသည့် မယ်တော်ကြီးမှာ မြင်းရထားပေါ်သို့ မတက်သေးဘဲ ယွီဝိန်းလန်အား ပြောလိုက်သည်။

“အိုက်ကျား အရှင်မင်းကြီးကို လျှောက်တင်စရာ တစ်ခုရှိတယ်”

ထိုအခါ ယွီဝိန်းလန်က အပြောမခံဘဲ “အခုအရမ်းနောက်ကျနေပြီ… မယ်တော်ကြီး နန်းဆောင်ကို ပြန်ပြီး အနားယူလိုက်ပါ… ပြောစရာ ရှိရင်လည်း မနက်ဖြန်မှ ပြောပြပေါ့” ဟု အေးဆေးနူးညံ့စွာ ပြောလိုက်တော့သည်။

******

All Chapters