အခန်း (၁၈၇-၁၈၉)
Vol. 13 Ch. 187-189
187 01
အပိုင်း 187
ထိုစာကို ကျန်းရှန်ခန်း အကြောင်းမဲ့ရေးခြင်း မဟုတ်ဟု မယ်တော်ကြီး သိသည်။
သမားတော် ရွှမ်းအကြောင်းပါ ထည့်ရေးထားသဖြင့် သမားတော်ထံလည်း စာပို့ထားပြီးပြီထင်သည်။
သို့သော် အခုရက်ပိုင်း ပြန်စဉ်းစားကြည့်ပါက သမားတော်ရွှမ်းတစ်ယောက် မူပျက်နေသည့် ပုံစံမျိုး ဖြစ်မနေပေ။
ပို၍ သေချာသိနိုင်ရန်အတွက် လူလွှတ်၍ စုံစမ်းကြည့်သည့်အခါ ကျန်းရှန်ခန်းမှာ သေဒဏ်မစီရင်မီ အကျဉ်းထောင် အရာရှိအား စာတစ်စောင်ပေးခဲ့ပြီး ထိုအကျဉ်းထောင်အရာရှိက ကိုယ်ရံတော် တပ်သားတစ်ဦးအား စာကို လွှဲပြောင်းပေးခဲ့ကြောင်း သိရသည်။
ကိုယ်ရံတော်တပ်သားမှာ ဧကရာဇ်မင်းကြီး၏ လူဖြစ်ကြောင်း ဘယ်သူမှ မပြောလည်း မယ်တော်ကြီးသိသည်။ တခုခု ထူးခြားပါက ထိုတပ်သားမှာ အရှင်မင်းကြီးအား သတင်းပို့မည်မှာ အသေအချာပင်ဖြစ်သည်။
ယခု တာအိုဆရာအပေါ် အရှင်မင်းကြီး၏ ပြုမူပုံနှင့် ပြောဆိုပုံများကို မြင်လိုက်ရပြီးနောက်… ကိုယ်ရံတော် တပ်သားမှာ စာကို သမားတော်ရွှမ်းအား မပေးဘဲ အရှင်မင်းကြီးအား ပေးလိုက်သည်ဟု မယ်တော်ကြီး သဘောပေါက်လိုက်သည်။
သို့ဆိုလျှင် အရှင်မင်းကြီးလည်း သိနေရောပေါ့…။
—----- သူမကိုယ်တိုင် စောင့်ရှောက် မွေးမြူခဲ့ရတဲ့ ကလေးမို့ အရှင်မင်းကြီး၏ ပြုမူပုံများကို ကြည့်ပြီး ဒီလောက်တော့ သူမ ခန့်မှန်းမိသည်။
အခုလို သူမအား မပြောဖို့ တားမြစ်သည်ကလည်း သူကိုယ်တိုင် အဖြစ်မှန်ကို မကြားချင်သောကြောင့် ဖြစ်ပေလိမ့်မည်။
သို့သော်လည်း ယခုလို အခြေအနေထိ ဖြစ်လာမှတော့ သူမအဖို့ တခြားလမ်းကို မရွေးချင်တော့ပေ…။
ထို့ကြောင့် မယ်တော်ကြီးမှာ ဆုံးဖြတ်ချက်ချလိုက်ပြီး လျှောက်တင်လေသည်။
“အခုကိစ္စက အရေးကြီးလို့ပါ အရှင်မင်းကြီး…။ ခုနက တာအိုမိစ္ဆာကောင် ပြောသွားတဲ့စကားကို အရှင်မင်းကြီး မယုံချင်ရင်တောင် တခြားသူတွေ ကြားသွားပါပြီ…။ အဲဒီတော့ မနက်ဖြန်အထိ အချိန်မဆွဲထားချင်တော့ပါဘူး”
ထိုစကားကို ကြားလိုက်ရသည့် ယွီဝိန်းလန်မှာ တွေဝေသွားပြီး မရေမရာ ပြန်ဖြေလေသည်။
“ဒါဆိုလည်း နန်းဆောင်အထိ အရင်ပြန်ပြီးမှ ဆွေးနွေးကြတာပေါ့”
မယ်တော်ကြီးက သဘောတူသဖြင့် ခေါင်းကို ညိတ်ပြလိုက်ပြီး မြင်းရထားပေါ်သို့ တက်လိုက်သည်။
ယွီဝိန်းလန်ကလည်း သူ့မြင်းရထားပေါ်သို့ တက်လိုက်တော့သည်။ မကြာမီ သားအမိနှစ်ဦး၏ မြင်းရထားများမှာ ချီအန်းနန်းဆောင်ဆီသို့ ထွက်သွားကြလေသည်။
~~
ကန်လု နန်းဆောင်…။
တာအိုမိစ္ဆာကောင်အား ဖမ်းမိသည့် သတင်းကြားလိုက်ရသည့်အခါ ယန်ရှုမှာ စိတ်သက်သာရာ ရသွားပြီး သက်ပြင်း ချလိုက်တော့သည်။
သို့သော် သူမ၏ စိတ်ထဲတွင် အဖြေရှာမရ ဖြစ်နေသည်များ ရှိနေသေးသည်။
—------ ဒီ တာအိုမိစ္ဆာကောင်ရဲ့ အရည်အချင်းနဲ့ဆို မင်ယွဲ့ကနေ အဝေးကို ပြေးသွားလို့ရရဲ့သားနဲ့ ဘာလို့ နန်းမြို့တော်ကို ပြန်လာပြီးတော့ ဒီလို ရန်စရတာလဲ။
ဒီလူ အဖမ်းခံရပြီး ခေါင်းဖြတ် ကွက်မျက်ခံရမှာ မကြောက်ဘူးလား။
ဒါမှ မဟုတ် နေရောင်အောက်က အရိပ် ပရိယာယ် သုံးချင်တာလား။ အန္တရာယ်အရှိဆုံး နေရာက အလုံခြုံဆုံး ဆိုသလိုပေါ့…။
ထိုအခါ စစ်စတန်က ထ ပြောလေသည်။
[အဝေးကြီးတွေ တွေးမနေနဲ့… ဒီလူက တော်ဝင် မိသားစုနဲ့ ပတ်သက်သမျှကို ပုန်ကန်ချင်တာ…။ သူက သေရမယ်ဆိုရင်လည်း အသေခံပြီး ဧကရာဇ်မင်းကြီးကို စိတ်ချမ်းချမ်းသာသာ အိပ်မရအောင် နန်းတွင်း အခြေအနေကို ရှုပ်ထွေးသွားအောင် လုပ်ချင်နေတာ…။ ကောလဟလ အသံတွေ ဆူအောင် လုပ်ပြီး တိုင်းပြည်ကို ယိုင်နဲ့သွားစေချင်တာ…။]
ယန်ရှု - [ဪ… ဟားဟား]
ဒီလို မကောင်းတာတွေ လုပ်တတ်တဲ့ ခွေးသား တာအိုဆရာတောင်မှ ရည်ရွယ်ချက်ကြီးနဲ့ပါလား…။ ဒါပေမဲ့ အခု သူ့နှုတ်က ထွက်သမျှတွေက ဘယ်လောက်တောင် ယုံချင်စရာကောင်းလို့တုန်း။
ထိုသို့ တွေးရင်း ဒီမိစ္ဆာကောင်က ဉာဏ်နီ ဉာဏ်နက် များတာမို့ နန်းတွင်း အကျဉ်းထောင်ကနေ လွတ်မသွားလောက်ပါဘူးနော်။ ဟု ပူလိုက်မိသည်။
ထိုအခါ စစ်စတန်က ပြောပြသည်။ [လွတ်ဖို့ကတော့ မဖြစ်နိုင်တော့ဘူး… အရှင်မင်းကြီးက ဒီလူ့ရဲ့ ခြေတွေ လက်တွေကို ချိုးပြီး လျှာကို ဖြတ်ပစ်ဖို့ အမိန့်ချလိုက်ပြီ…။ သူ့အနေနဲ့ ဘယ်လိုနည်းနဲ့မှ တခြားနည်းလမ်းကို ကြံလို့မရတော့ဘူး…။]
ယန်ရှုက စိတ်သက်သာရာရသွားပြီး သက်ပြင်းချလိုက်သည်။ [တော်ပါသေးရဲ့]
ပြောရင်း တွေးမိပြန်သည်…။ မပြေးနိုင်အောင် ခြေထောက် လက်ထောက် ချိုးပစ်တာထားပါတော့ ဘာလို့ လျှာပါဖြတ်ရတာလဲ။
187 02
စစ်စတန် [ဘာလို့လဲဆိုတော့ မင်းကြီးရဲ့ အဆိုအရ ဒီမိစ္ဆာက လျှာအရိုးမရှိတိုင်း မဟုတ်တဲ့ စကားတွေ ပြောပြီး လှည့်စားလို့တဲ့]
မဟုတ်တဲ့ စကားတွေ ပြောပြီး လှည့်စားတယ်။
ထိုအခါ ယန်ရှုက ပို၍ သိချင်လာသဖြင့် မေးလိုက်သည်။ [ဒီမိစ္ဆာကောင်က အခုလို အခြေအနေမှာ ဘာပြောနိုင်ဦးမှာမို့လဲ။ ဘာလှည့်စားနိုင်ဦးမှာလဲ။ သူ့စကားတွေက တကယ်ပဲ မိစ္ဆာကောင်တွေလို တန်ခိုးရှိနေလို့လား။]
စစ်စတန် [ဘာလို့လဲဆိုတော့ ဒီမိစ္ဆာကောင်က ပထမဧကရာဇ် မင်းကြီးကို သတ်တာ သူမဟုတ်ဘူး နန်းတွင်းထဲက လူတစ်ယောက်ယောက်က သတ်တာလို့ အရှင်မင်းကြီးကို ပြောလိုက်တာကိုး…။]
ထိုသို့ ကြားလိုက်သည့်အခါ ယန်ရှုက နှာခေါင်းရှုံ့လိုက်မိသည်။
[ရာရာစစ… နန်းတွင်းထဲက ဘယ်သူကများ ဧကရာဇ် ဘုရင်တစ်ပါးကို သတ်ရဲမှာတုန်း။]
စစ်စတန် [အင်း…….]
စစ်စတန်၏ လေသံကို ကြားလိုက်ရသည့် ယန်ရှုမှာ တွေဝေသွားပြီး သူမပြောတာ မှားလို့လားဟု တွေးမိလိုက်သည်။
[တန်တန်… ဘာလို့ သေချာ ပြန်မဖြေတာလဲ။ ပထမ ဧကရာဇ်မင်းကြီးကို နန်းတွင်းလူတစ်ယောက်ယောက်က လုပ်ကြံတာမို့လို့လား။]
စစ်စတန် [အဲဒီ အဖြေမှန်တယ်]
ယန်ရှု မျက်လုံးပြူးသွားမိသည်။ [ဟ… ဒါဆို… ဘယ်သူလုပ်တာလဲ။ ဘယ်သူက အဲဒီလောက်တောင် ရဲရတာလဲ။]
စစ်စတန် [နန်းတွင်းမှာ သတ္တိအရှိဆုံးက ဘယ်သူလို့ ထင်လို့တုန်း။]
ယန်ရှု တုန်လှုပ်သွားသည်။
…….. ငါ့ စာရင်းထိပ်က ဆရာမကြီးလား။
သူမလေးစားရသည့် ဆရာမကြီးဖြစ်သည့် မယ်တော်ကြီးက လွဲလျှင် တခြားသူ မရှိတော့…။
ထိုအခါ စစ်စတန်က ပြောပြန်သည်။ [မှန်ပြန်ပြီ]
ယန်ရှု [ဘာ]
~~
ချီအန်း နန်းဆောင်…။
အေးစိမ့်နေသည့် လေအေးအေးများကို ဖြတ်၍ သားအမိနှစ်ဦး နန်းဆောင်အတွင်းဖက်သို့ လျှောက်လာကြသည်။
အတွင်းသို့ ဝင်ပြီးသည့်အခါ ခန်းဆောင်တံခါးအား ပိတ်ပြီးနောက် ရှိသမျှ လူအားလုံးကို အပြင်သို့ ထွက်ခိုင်းလိုက်သည်။ ထို့နောက် မယ်တော်ကြီးက သက်ပြင်းကို ချလိုက်၍ ပြောသည်။
“ပထမ ဧကရာဇ်မင်းကြီး သေဆုံးပုံနဲ့ ပတ်သက်လို့ အဖြစ်မှန်ကို အရှင်မင်းကြီး နားစွန်နားဖျား ကြားမိလိမ့်မယ်ဆိုတာ အိုက်ကျား သိပါတယ်…။ ဒီတော့ တခြားသူတွေ အရှင်မင်းကြီးကို လာမပြောခင် အိုက်ကျား ကိုယ်တိုင် ပြောပြချင်ပါတယ်”
ယွီဝိန်းလန်က ပြန်ပြောသည်။ “ကိုယ်တော် နားလည်ပါတယ်… မယ်တော်ကြီး ဘာမှ ပြောပြစရာမလိုပါဘူး…”
သို့သော် သူ့စကားမဆုံးမီ မယ်တော်ကြီးက ငြင်းလေသည်။
“မဟုတ်သေးဘူး အရှင်မင်းကြီး… အိုက်ကျားကိုယ်တိုင် ဆက်ပြီး ဖုံးကွယ် မထားချင်တော့လို့ပါ…။ အခုလို ပြသနာတွေ စလာပြီဆိုမှတော့ အမှန်ကို ပြောလိုက်တာ ကောင်းပါတယ်လေ…။ အကြာကြီး မြိုသိပ်ထားပြီးနေလာရတာ အိုက်ကျား ပင်ပန်းလှပါပြီ…”
ယွီဝိန်းလန်မှာ နှုတ်ဆိတ်လျက်ရှိနေပြီး မယ်တော်ကြီး၏ စကားကို နားထောင်ပြီးသည့်အခါ ခေါင်းကို လေးပင်စွာ ညိတ်ပြလိုက်သည်။ “ဒါဆိုလည်း မယ်တော်ကြီး ပြောပါ”
ထိုအခါ မယ်တော်ကြီးက သက်ပြင်းကို ချလိုက်ပြီး သူမ၏ အတွေးများကို စုစည်းလိုက်ကာ ပြောတော့သည်။
“လွန်ခဲ့တဲ့ လေးနှစ်ကာလတုန်းက ပထမဧကရာဇ်မင်းကြီးက တာအိုမိစ္ဆာ ပိုင်ဟယ်ရဲ့ စကားတွေကို အလုံးစုံ ယုံနေပြီး ပြည်သူတွေရဲ့ အသက်အိုးအိမ် စည်းစိမ်ကို ချိန်းခြောက်နိုင်တဲ့ မသေဆေးဖော်ဖို့ကို စိတ်ဝင်စားနေခဲ့တယ်… အိုက်ကျားနဲ့ ဝန်ကြီးမတ်ရာတွေလည်း ဖျောင်းဖြပါသေးတယ်… မရဘူး…။ ပထမ ဧကရာဇ်မင်းကြီးက တိုင်းပြည်အရေးနဲ့ ပြည်သူတွေအရေးကို လုံးဝ မျက်ကွယ်ပြုထားတော့တယ်…။ အိုက်ကျားက သူ့ကိုယ်စား တာဝန် ဝင်ယူပေးခဲ့ပါသေးတယ်… ဒါပေမဲ့ တနေ့မှာတော့ တာအိုမိစ္ဆာကောင်က ပထမ ဧကရာဇ် မင်းကြီးကို သန္ဓေသားနဲ့ ဆေးဖော်ဖို့ အကြံပြုတယ်… ဧကရာဇ်မင်းကြီးကလည်း သဘောတူတယ်”
“ကံဆိုးတာက သန္ဓေသားဆိုတာမျိုးက ပေါပေါလောလော ရှိနေတာမျိုးမှ မဟုတ်တာ…။ ဒါပေမဲ့ ပြသနာက အဂ္ဂိရပ်ထိုးပြီး ဆေးဖော်တဲ့အခါ သန္ဓေသားကို များများထည့်ဖို့ လိုအပ်တာမို့ တာအိုမိစ္ဆာကောင်က လူမဆန်တဲ့ နည်းလမ်းကို သုံးပြီး ရှာတော့တယ်…။ အဲဒီကာလတုန်းက နန်းမြို့တော်နဲ့ အနီးအနား ဝန်းကျင်တွေမှာ တရက်ကို ကလေးတစ်ယောက်နှုံးမွေးတယ်…။ ပြောရရင် ဒါတွေဟာ လူ့အသက်… တိုင်းသူပြည်သားတို့ရဲ့ မျိုးဆက်တွေပဲ…”
ထိုသို့ပြောအပြီးတွင် မယ်တော်ကြီးမှာ စိတ်ခံစားချက်များ ပြင်းထန်လာသဖြင့် မျက်လုံးများတွင် မျက်ရည်များပင် ဝေ့နေတော့သည်။
“ဒါပေမဲ့ ပထမ ဧကရာဇ်မင်းကြီးဟာ မျက်ကွယ်ပြုပြီး တာအိုဆရာ လုပ်ချင်တာ လုပ်ဖို့ ခွင့်ပြုထားတယ်… အဲဒီလို မျက်ကွယ်ပြုထားတဲ့အပြင် နန်းတွင်း ကိုယ်ရံတော်တပ်သားတွေကိုတောင် ကိုယ်ဝန်သည်တွေရှိတဲ့ နေရာတွေကို စုံစမ်းခိုင်းထားတယ်…။ ပြောရရင် သူဟာ တာအိုမိစ္ဆာကောင်ရဲ့ နောက်လိုက် လုံးလုံး ဖြစ်နေပြီ… ဘုရင် အမည်ခံ သပ်သပ်ပဲ ကျန်တော့တယ်…”
187 03
“အိုက်ကျားလည်း မိခင်တစ်ယောက်ပဲ… မိခင်တောင်မှ ကိုယ့်ရင်ထဲက ဖြစ်လာတဲ့ အသွေးအသားကို ဆုံးရှုံးထားတဲ့ မိခင်တစ်ယောက်…။ ဒီတော့ ကိုယ်ဝန်သည် မိခင်တွေရဲ့ ကိုယ့်ရင်သွေးကို ဆုံးရှုံးရတဲ့ ပူဆွေးသောကကို နားလည်တာပေါ့…။ ဒါ့အပြင် အိုက်ကျားဟာ အားလုံးကို ဦးဆောင်နေရတဲ့ ဧကရီတစ်ယောက်ဖြစ်တဲ့အတွက် ဒီကိစ္စကို လက်ပိုက်ကြည့်မနေနိုင်တော့ဘူး…။ ဒါပေမဲ့ အိုက်ကျား ဘယ်လောက်ပဲ စည်းရုံးပါစေစေ ပထမဧကရာဇ်မင်းကြီးက လုံးဝ မလှုပ်ဘူး…။ နောက်ဆုံး တော်ဝင်မိသားစုရဲ့ ဂုဏ်သိက္ခာ မထိခိုက်အောင်ရယ်… နောက်လိုက်ငယ်သားတွေနဲ့ ပြည်သူတွေ မတုန်လှုပ်အောင်ရယ်… ယွီဝိန်းမင်းဆက် မယိုင်နဲ့သွားအောင်ရယ် ထိန်းသိမ်းရမဲ့ တာဝန်တွေကို တွေးမိလာတော့တယ်”
ထိုသို့ပြောပြီးနောက် မယ်တော်ကြီးမှာ မျက်လုံးအစုံကို မှိတ်လိုက်မိသည်။ ထို့နောက် သက်ပြင်းကို ချလိုက်ပြီး ဆက်ပြောသည်။ “ကံကောင်းချင်တော့ အဲဒီအချိန်မှာ အရှင်မင်းကြီးက အရွယ်ရောက်နေတာပဲ…။ အရှင်မင်းကြီးက တာဝန်ယူတတ်တယ်… မင့်ကျင့်တရားနဲ့ အညီ ကျင့်ကြံတတ်တယ်… အဲဒီတော့ တိုင်းပြည်အုပ်ချုပ်တဲ့ တာဝန်ကို ယူဖို့ ထိုက်တန်တယ်လို့ တွေးမိတော့ အိုက်ကျား ရာဇဒဏ်ထိုက်တဲ့ လုပ်ရပ်ကို လုပ်ပစ်လိုက်တာပဲ…။ တိုင်းပြည် တည်ငြိမ်ဖို့အတွက် ဒီလူရဲ့ အသက်တစ်ချောင်း ယူလိုက်ရတာ တန်တယ်လို့ မြင်တယ်။ အခုအချိန်အထိ အိုက်ကျား နောင်တရမိတာတစ်ခုက တာအို မိစ္ဆာကောင်ကို ခွင့်လွှတ်လိုက်ပြီး ထွက်သွားခွင့် ပြုမိတာပဲ… အခုနှစ်ပိုင်းတွေမှာ လူတွေ အများကြီးသေခဲ့တာကို အိုက်ကျား နောင်တရမိတယ်”
ထိုသို့ ကြားလိုက်သည့်အခါ ယွီဝိန်းလန်မှာ အလျင်အမြန် ပြောတော့သည်။
“ဒီကိစ္စအတွက် မယ်တော်ကြီးကို အပြစ်မတင်ပါဘူး…။ မယ်တော်ကြီးလည်း တတ်နိုင်တဲ့ ဖက်ကနေ တာဝန်ယူ လုပ်ဆောင်ခဲ့ရတာပဲ… ဒါကို မှားတယ်လို့ မဆိုထိုက်ပါဘူး”
မယ်တော်ကြီးက ခေါင်းကို ခါရမ်းလိုက်ပြီး ပြောသည်။
“အရှင်မင်းကြီး ဒီလို မဆုံးဖြတ်သင့်ဘူး…။ အိုက်ကျား ဟိုးအစကတည်းက ဒီလိုနေ့မျိုး ရောက်လာမယ်ဆိုတာ ကြိုတွေးမိပြီးသားပါ…။ အိုက်ကျားအနေနဲ့ ကျူးလွန်ထားတဲ့ ပြစ်မှုကို ဖုံးကွယ်ထားတာလည်း မလုပ်ချင်ခဲ့ဘူး… ပယ်ဖျက်လိုက်တာမျိုးကိုလည်း မလိုချင်ဘူး…။ အရှင်မင်းကြီးကို ဖွင့်ပြောဖို့ ဒီတိုင်းပြည်ကြီး တည်ငြိမ်အေးချမ်းမဲ့ အချိန်ကို စောင့်နေတာပါ”
ယွီဝိန်းလန်က ခေါင်းကို ရမ်းလိုက်ပြီး ထပ်ပြောသည်။
“မဟုတ်ဘူး မယ်တော်ကြီး… ခမည်းတော်က သေဖို့ ထိုက်တန်ပါတယ်… မယ်တော်ကြီးမှာ အပြစ်မရှိပါဘူး”
—---- ခမည်းတော်အနေနဲ့ ကိုယ့်အပေါ်မှာ အားကိုးနေတဲ့ ပြည်သူတွေရဲ့ ရင်သွေးတွေကို သတ်ဖြတ်ရန်ရှာတာဟာ ဘယ်လိုမှ သည်းမခံနိုင်စရာပဲလေ။ အခု ယွီဝိန်းလန်ကိုယ်တိုင် အဖေတစ်ယောက် ဖြစ်လာတော့မှာ ဆိုတော့ ပို၍ ခံစားမိသည်။
ထို့ကြောင့် မယ်တော်ကြီးထံမှ အမှန်ကို ကြားရသော်လည်း သူ့ဆုံးဖြတ်ချက်ကို ပြင်မည် မဟုတ်ပေ။
သူက ဆက်ပြောသည်။ “မင်းညီမင်းသားတွေလည်း ပြစ်မှုကျူးလွန်ရင် သာမန်လူနဲ့ ဘာမှမခြားဘူး…။ အခု တိုင်းပြည်က အားကိုးရမဲ့ ဧကရာဇ်မင်းကြီးက ကျူးလွန်တော့ ပိုတောင် ဆိုးသေးတယ်…။ အချုပ်အခြာ အာဏာကို အလွဲသုံးစားလုပ်တာ ပိုတောင်မှ ဆိုးရွားပါသေးတယ်…။ အဲဒါကြောင့် အခုလုပ်ရပ်ဟာ မယ်တော်ကြီးရဲ့ အပြစ်လုံးဝ မဟုတ်ပါဘူး”
ထိုသို့ ကြားလိုက်သည့်အခါ မယ်တော်ကြီးက သူ့အား ကြည့်၍ ပြောလိုက်သည်။
“အရှင်မင်းကြီး အခုလို အိုက်ကျားအပေါ် နားလည်ပေးတော့ အိုက်ကျား ပြုစု စောင့်ရှောက်ခဲ့ရတာတွေ အလကား မဖြစ်တော့ဘူးပေါ့…”
ထို့နောက် သက်ပြင်းချကာ ဆက်ပြောလေသည်။
“တကယ်က အိုက်ကျားက Liaodong ဘုရင်ရဲ့ သားတော်ကို မွေးစားမလို့ အစက တွေးလိုက်သေးတာ”
ယွီဝိန်းလန်က အလျင်အမြန် ရှင်းပြလေသည်။ “အဲဒီလို မွေးစားလည်း ဒီကိစ္စကို မယ်တော်ကြီးရဲ့ အမှားလို့ ကိုယ်တော် မြင်မိမှာ မဟုတ်ပါဘူး…။ ကိုယ်တော် ဒီကိစ္စကို အစကတည်းက သိနေတာကို မပြောမိခဲ့လို့ မယ်တော်ကြီးကို စိတ်ပူစေမိတာ တောင်းပန်ပါတယ်”
ပြောရလျှင် ဒီကိစ္စတွေက သူတို့ နှစ်ယောက်မှာ အပြစ်ရှိတာမဟုတ် ပထမ ဧကရာဇ်မင်းကြီးနှင့် တာအိုမိစ္ဆာတို့ နှစ်ဦး၏ အပြစ်သာဖြစ်သည်။
ထို့ကြောင့် သူက “အတိတ်ကို ပြန်ပြော မနေပါနဲ့တော့” ဟုသာ ပြောလိုက်တော့သည်။
မယ်တော်ကြီးက ခေါင်းညိတ်ပြသည်။
187 04
“ကောင်းပြီလေ… မပြောတော့ပါဘူး…။ အခု အားလုံး အဆင်ပြေသွားပြီပဲ ဥစ္စာ… အထူးသဖြင့် အခုလို ကိစ္စတွေမှာ မင်းကြီးရဲ့ နားလည်ပေးမှုအပေါ် အိုက်ကျား အရမ်း ကျေးဇူးတင်မိပါတယ်”
ထို့နောက် သူမက အသံတိုးတိုးဖြင့် ပြောသည်။
“ဒါပေမဲ့ အခုကိစ္စက ပြည့်ရှင် ဘုရင်တစ်ပါးကို သတ်တဲ့ အမှုနော်… ဟိုမိစ္ဆာကောင် ပြောတော့ ဘေးက လူတွေ အကုန် ကြားသွားပြီ”
ထိုအခါ ယွီဝိန်းလန်က ပြန်ပြောသည်။ “သူတို့က ပါးစပ် မဖွာပါဘူး… တကယ်လို့ မယ်တော်ကြီး စိုးရိမ်နေသေးတယ်ဆိုရင် ကိုယ်တော် တစ်ခုခု လုပ်လိုက်…”
“ဘာမှ လုပ်စရာမလိုပါဘူး မင်းကြီး”
မယ်တော်ကြီးမှာ လက်ကို ဝှေ့ယမ်း ငြင်းဆိုလိုက်ရသည်။ “သူတို့က အရှင်မင်းကြီးအပေါ် သစ္စာရှိတဲ့ နောက်လိုက် ငယ်သားတွေပါ…။ အိုက်ကျားအတွက်နဲ့ သူတို့ကို တခုခု မလုပ်လိုက်ပါနဲ့…။ ပြီးတော့ တခြားသူတွေကလည်း မင်းကြီးအပေါ် ရွံကြောက်ကြီး ကြောက်သွားကြလိမ့်မယ်…။ အရှင်မင်းကြီးအနေနဲ့ ပထမဧကရာဇ်မင်းကြီးရဲ့ အဖြစ်ကို သင်ခန်းစာယူပါ”
မယ်တော်ကြီးမှာ ပြောရင်း သက်ပြင်းချလိုက်မိသည်။
“အိုက်ကျားကတော့ အသက်လည်း ကြီးနေပါပြီ… သေမယ်ဆိုရင်လည်း သေလို့ ရပါပြီ”
အဲဒီလို မပြောပါနဲ့…
ယွီဝိန်းလန် ဘာမျှ မပြောရသေးမီ ကျွီခနဲ မြည်သံကြားလိုက်ရပြီး တံခါးကိုဖွင့်ကာ တစုံတယောက် ခန်းဆောင်အတွင်းသို့ ဝင်လာပြီး အော်လေသည်။ “အဲဒီလိုကြီး မပြောပါနဲ့…”
ထိုသူမှာ ယန်ရှုဖြစ်လေသည်။
လျှပ်တစ်ပြက်အတွင်း၌ပင် သူမမှာ မယ်တော်ကြီးနှင့် ယွီဝိန်းလန်တို့ ရှေ့သို့ ရောက်လာတော့သည်။
မယ်တော်ကြီးနှင့် ယွီဝိန်းလန်တို့မှာ အံ့အားသင့်နေကြသည်။
ထို့နောက် သူတို့နှစ်ယောက် ဘာမျှ မပြောနိုင်သေးမီ သူမက ဒူးထောက်ကာ မျက်ရည်များဖြင့် ငိုယို တောင်းပန်တော့သည်။
“အရှင်မင်းကြီး မယ်တော်ကြီးကို စိတ်မဆိုးပါနဲ့… အခုလိုဖြစ်ရတာ ပထမဧကရာဇ်မင်းကြီးကြောင့်ပါ… မယ်တော်ကြီးက ပြည်သူတွေ ထိခိုက်လာလို့ လုပ်ရတာပါ… မယ်တော်ကြီးက ပြည်သူတွေ အတွက်တင် မဟုတ်ဘူး အရှင်မင်းကြီးအတွက်ပါ စိတ်ပူပြီး လုပ်လိုက်တာပါ… အခု အရှင်မင်းကြီးက တာအိုမိစ္ဆာရဲ့ စကားတွေကြောင့် စိတ်ထဲ ဝေခွဲမရ ဖြစ်နေတာပါ… အရှင်မင်းကြီး တခုခုလုပ်လိုက်ရင် တသက်လုံး စိတ်ဒဏ်ရာတစ်ခု ဖြစ်သွားပါလိမ့်မယ်… ပြောရရင် မယ်တော်ကြီးကြောင့်သာ မဟုတ်ရင် အရှင်မင်းကြီး အခုလို ထီးနန်းကိုတောင် စံစားရမှာ မဟုတ်ပါဘူး”
ထိုစကားများကို ကြားလိုက်သည့်အခါ မယ်တော်ကြီးမှာ အံ့ဩတကြီး ဖြစ်စွာဖြင့် မေးတော့သည်။
“ကိုယ်လုပ်တော်ယီ… ဒါတွေကို ဘယ်လိုလုပ် သိနေတာလဲ”
ယွီဝိန်းလန်မှာ စကားပြောရန် ပြင်လိုက်စဉ် ယန်ရှုက ငိုယို၍ သူ့အား ပြောတော့သည်။
“မယ်တော်ကြီးရဲ့ ဘဝက အစကတည်းက ခက်ခဲနေခဲ့တာပါ… မယ်တော်ကြီးကို ရက်ရက်စက်စက် အပြစ်ဒဏ် မချပါနဲ့… မယ်တော်ကြီးက အရှင်မင်းကြီးရဲ့ မွေးမိခင် မဟုတ်ပေမဲ့ နှစ်ပေါင်းများစွာ အခက်အခဲ အနှောင့်အယှက်တွေ ကြားထဲကနေ မင်းကြီး နန်းတက်လာတဲ့အထိ စောင့်ရှောက်ပေးခဲ့တာပါ…။ ဒီလောက်နဲ့တင်ကို အင်မတန်မှ အကျိုးကျေးဇူးကြီးသူ ဖြစ်နေပါပြီ…။ အရှင်မင်းကြီးလည်း သိတာပါပဲ… အဲဒီတုန်းက အရှင်မင်းကြီး အနောက်မြောက်အရပ် စစ်ပွဲတွေကနေ ပြန်လာတဲ့အချိန်ကတည်းက ပထမ ဧကရာဇ်မင်းကြီး နာမကျန်းဖြစ်နေတာကို ကြားခဲ့ရတယ် မဟုတ်လား။ အဲဒါဘာကြောင့်လဲဆိုတော့ မယ်တော်ကြီးက အရှင်မင်းကြီး ရောက်တာနဲ့ ထီးနန်းဆက်ခံနိုင်အောင် ကြိုပြီး စီစဉ်ခဲ့တာမို့ပါ… ကြားထဲမှာ အနှောင့်အယှက် မဝင်အောင်လို့ ကြိုတင် ပြင်ဆင်ပေးခဲ့တာပါ…။ ပြောရရင် မယ်တော်ကြီးက အရှင်မင်းကြီးအတွက် အမြဲတမ်းတွေးပေးနေတဲ့သူလို့တောင် ပြောလို့ရပါတယ်… အဲဒါတောင် ဘာလို့ မယ်တော်ကြီးကို အခုလို ပြစ်ဒဏ်ချရတာလဲ”
ယန်ရှုမှာ မျက်လုံးထဲတွင် မျက်ရည်များ အပြည့်ဖြင့် ဝမ်းနည်းနေပုံရသည်။ မယ်တော်ကြီးမှာ စိတ်ထဲ ခံစားနေရသည်များကို ခဏ မေ့ပစ်လိုက်ပြီး အရှင်မင်းကြီးအား ပြောတော့သည်။
“အရှင်မင်းကြီး… ကိုယ်လုပ်တော်ယီကို ငိုအောင် မလုပ်ပါနဲ့… သူခံနိုင်ရည်ရှိမှာ မဟုတ်ဘူး”
ထိုသို့ပြောရင်း လက်ကို ဆန့်တန်းကာ ယန်ရှုအား ဖက်လိုက်ပြီး ချော့တော့သည်။
“လိမ္မာလိုက်တဲ့ ကလေး… ကလေး အိုက်ကျားအပေါ် အပြည့်အဝ သစ္စာရှိတာကို အိုက်ကျားသိပါတယ်… အရှင်မင်းကြီးကလည်း အိုက်ကျားအပေါ် နားလည်တဲ့သူပါ… စိတ်မကောင်းမဖြစ်ပါနဲ့”
ထိုအခါမှသာ ယွီဝိန်းလန်မှာ ပြောခွင့်ရတော့သည်။ သူက သက်ပြင်းချလိုက်ပြီး
“မယ်တော်ကြီးကို ငါကိုယ်တော် ဘာအပြစ်မှမပေးပါဘူး… ငိုမနေပါနဲ့တော့”
ယန်ရှုမှာ မယုံပေ…။ ထို့ကြောင့် မယ်တော်ကြီး၏ လက်မောင်းထဲမှနေ၍ သူ့အား မျက်ရည်များဝေ့နေသည့် မျက်လုံးများဖြင့် ပြန်ကြည့်နေတော့သည်။
“ဒါပေမဲ့ ကျွန်မ ဒီကိုရောက်လာတော့ ကြားလိုက်တာ မယ်တော်ကြီးက သေချင်ရင်တောင် သေလို့ရပြီဆို”
ထိုသို့ ကြားလိုက်သည့်အခါ ယွီဝိန်းလန်မှာ မယ်တော်ကြီးကိုသာ ကြည့်လိုက်မိသည်။
မယ်တော်ကြီးမှာလည်း အံ့ဩ ဆွံ့အ နေရာမှ သက်ပြင်းချကာ ပြောတော့သည်။
“အရှင်မင်းကြီးက အိုက်ကျားကို အပြစ်မပေးရင်တောင်မှ အိုက်ကျား အသက်ရှင်နေလာတာ ကြာပြီလေ… အဲဒီတော့ အိုက်ကျား ဒီဘဝမှာ ခါးခြင်း ချိုခြင်းစတဲ့ အတွေ့အကြုံအမျိုးမျိုးကို ကြုံခဲ့ပြီးပြီ… အဲဒီသဘောမျိုး ပြောတာပါ”
ထိုအခါ ယန်ရှုက ခေါင်းကို ခါယမ်း၍ ငိုရင်း ပြောလေသည်။
187 05
“ဒါပေမဲ့ မယ်တော်ကြီးက ချိုမြိန်တဲ့ ဘဝကို မရသေးဘူး… အတိတ်က ခါးသီးတာတွေကိုပဲ ကြုံသေးတာ”
မယ်တော်ကြီးမှာ သစ္စာစောင့်သိပေးခဲ့သော်လည်း ခင်ပွန်းသည်မှ အရေးမစိုက်ခြင်း… ရင်နှင့် လွယ်ခဲ့ရသည့် သားငယ်ကို သူတပါးလုပ်ကြံသဖြင့် ဆုံးရှုံးရခြင်း… ခင်ပွန်းယုတ်ကြောင့် မိမိမှာ ရှိသမျှ အားကို သုံး၍ တိုင်းပြည်နှင့် ပြည်သူတို့အတွက် ရုန်းကန်ပေးရခြင်း စသည့် မနိုင်ဝန်များကို ထမ်းခဲ့ရသည်။ ထိုသို့ မနိုင်ဝန်ထမ်းနေရသည့် သူမအား မစာမနာ ခင်ပွန်းဖြစ်သူက လူမဆန်သည့် အပြုအမူများကို ထပ်လုပ်ခဲ့သည်။
ထို့နောက်တွင် ချစ်ရသူနှင့်ဆုံရသော်လည်း အတူမနေရပေ… ချီသခင်ကြီးအား စကားပင် မပြောရဲ၍ အဝေးမှနေ၍ မျှော်ကြည့်နေခဲ့ရသည်။
ဒီလို စိတ်ပျက်စရာ ဘဝမျိုးတွင် ရှင်သန်နေရသည့် ယန်ရှု၏ ဆရာမကြီး၏ ဘဝမှာ ခါးသည်ဟု ပြောလျှင် မလွန်ပေ။
တွေးရင်း ယန်ရှုမှာ ဝမ်းနည်း ဒေါသဖြစ်နေသော်လည်း အသိစိတ်မပျောက်ပါ…။ ထို့ကြောင့် စိတ်ထဲ၌သာ ကျိန်ဆဲနေမိပြီး နှုတ်မှ ထုတ်မပြောဘဲ ငိုနေမိတော့သည်။
သို့သော် ထိုစကားများကို ယွီဝိန်းလန်ကတော့ အားလုံး ကြားလိုက်ရသည်။
ယခုလို အခြေအနေမျိုးတွင် သူ့စိတ်ထဲတွင်လည်း ခါးခါးသီးသီး ခံစားမိနေရသည်။
သူကိုယ်တိုင် ပြည့်ရှင် ဧကရာဇ်မင်းကြီးတစ်ပါး ဖြစ်လာသော်လည်း သူ့အား ပြုစုစောင့်ရှောက်ပေးခဲ့သည့် မယ်တော်ကြီးကို ပျော်အောင် မထားနိုင်ခဲ့ချေ။
မယ်တော်ကြီးမှာ ချည်သားဝတ်ရုံများ၊ အဖိုးတန် စားသောက်ဖွယ်ရာများကို မက်မောခြင်းမရှိ သူမ၏ အသက်ကိုပင် ပဓါန မထားဘဲ လုပ်ခဲ့သမျှ အားလုံးကို ဝန်ခံနေရှာသည်။
ယွီဝိန်းလန်မှာ စိတ်ထဲ လေးလံနေသမျှကို မြိုသိပ်လိုက်ပြီး ပြောလိုက်သည်။
“ကိုယ်တော်ရဲ့ အပြစ်တွေလည်း ပါပါတယ်…။ ပြီးခဲ့တဲ့ နှစ်တွေအများကြီးမှာ ကိုယ်တော် မယ်တော်ကြီးအတွက် ဘာမှ မလုပ်ပေးခဲ့မိပါဘူး… ပြောရရင် ကိုယ်တော်က ကလေးဘဝကတည်းကနေ မယ်တော်ကြီးရဲ့ ပြုစုစောင့်ရှောက်မှု အောက်မှာ ကြီးပြင်းလာခဲ့ရတာပါ… တကယ်လို့ မယ်တော်ကြီးက စွန့်ပစ်ခဲ့မယ်ဆိုရင် အမိမဲ့ အဖမဲ့ သားတစ်ယောက်အဖြစ်နဲ့ ပျောက်ကွယ်သွားခဲ့ရမှာပါ”
ထိုအခါ မယ်တော်ကြီးမှာ သက်ပြင်းချလိုက်ပြီး ပြောသည်။
“ဘယ်လိုပဲ ဖြစ်နေပါစေ… အခုအမှုက လူ့အသတ်ကို သတ်တဲ့ အမှုပဲလေ… နန်းတွင်းမှာ နေရင် အိုက်ကျားအတွက် အမြဲ နောင်တရနေမိတော့မယ်…။ အရှင်မင်းကြီးအနေနဲ့ အိုက်ကျားကို ပြစ်မှု ကြီးကြီး မပေးနိုင်ဘူးဆိုရင်တောင် ဂူဗိမာန်တစ်ခုခုကို စောင့်ရှောက်ဖို့ ဒါမှမဟုတ် ယွီကျန်းနန်းဆောင်မှာ တရားအားထုတ်ဖို့ အမိန့်ထုတ်သင့်ပါတယ်”
ထိုအခါ ယွီဝိန်းလန်က ခေါင်းရမ်းပြန်သည်။
သို့ရာတွင် သူဘာမျှ မပြောရသေးမီ ယန်ရှုက ငိုယိုပြီး ပြောတော့သည်။
“မယ်မယ်က ငယ်ပါသေးတယ်… ဘာလို့ ဒီလို ဘဝကို အဆုံးသတ်ခံရမှာလဲ။ ဂူဗိမာန်မှာ ဘာကို စောင့်ရှောက်ရမှာလဲ။ ယွီကျန်း နန်းဆောင်ကိုရော ဘာကိစ္စသွားရမှာလဲ။ တကယ်လို့ နန်းတွင်းဘဝကို မနှစ်သက်တော့ဘူးဆိုရင်တောင် နန်းပြင်မှာ ရှင်သန်နေထိုင်ရမှာပေါ့”
ထိုသို့ပြောရင်း မျက်ရည်များ ကျလာပြန်တော့သည်။ သို့သော် မယ်တော်ကြီး စိတ်မကောင်း မဖြစ်စေရန် သူမကိုယ်တိုင် မျက်ရည်များကို ပြန်သုတ်လိုက်တော့သည်။
ထိုစဉ် ယွီဝိန်းလန်က ဘေးမှနေ၍ ပြောလိုက်သည်။
“ဒီလိုဆိုရင် ကိုယ်တော် အမြင်မှာတော့ ချီရှုကွမ်းဟာ လူကောင်းတစ်ယောက်ပဲ… အဲဒီတော့ နန်းပြင်ထွက်မဲ့ မယ်တော်ကြီးကို စောင့်ရှောက်ဖို့ သူ့ကို တာဝန်ပေးရမယ်”
ဘယ်လို… ဘယ်လို။
ထိုစကားကို ကြားလိုက်သည့်အခါ ယောက္ခမဖြစ်သူ မယ်တော်ကြီးနှင့် ချွေးမဖြစ်သူ ယန်ရှုတို့ ကြက်သေ သေသွားကြသည်။
မယ်တော်ကြီးက သူ့အား စိုက်ကြည့်နေပြီး အတော်ကြာတော့မှ ပြောလေသည်။
“အရှင်မင်းကြီး … ဘယ်လို ပြောလိုက်တယ်”
ထိုအချိန်၌ ယန်ရှုမှာ စောစောနက ငိုနေသည်ကိုပင် လုံးဝ သတိမရတော့ဘဲ မျက်ရည်များ ကျနေသည်ကိုလည်း လုံးဝ မေ့သွားတော့သည်။
[ဘုရားရေ… ဟီး ဟီး ဟီး ဟီး ဟီး ဟီး ဟီး ဟီး ဟီး ဟီး]
Liaodong, ယွီကျန်း
******
188 01
အခန်း 188
“အရှင်မင်းကြီး ဘယ်လို ပြောလိုက်တယ်”
ယွီဝိန်းလန်၏ စကားကို ကြားလိုက်ရသည့်အခါ အမြဲတမ်း သိက္ခာထိန်းပြီး တည်ကြည်နေသည့် မယ်တော်ကြီး၏ မျက်နှာမှာ အံ့ဩမှုဖြင့် စိတ်လှုပ်ရှားသွားဟန်ကို မြင်နေရသည်။
ယန်ရှုမှာလည်း အံ့ဩ ဆွံ့အ နေတော့သည်။
ထိုအခါ ယွီဝိန်းလန်က အသေအချာ ဆက်ပြောသည်။ “မယ်တော်ကြီးက နန်းတွင်းဘဝကို ငြီးငွေ့နေပြီဆိုတော့ သင့်တော်တဲ့သူ ရှာပြီး လက်ကျန်ဘဝကို ပျော်ပျော်နေသင့်တယ် မဟုတ်ဘူးလား။ သခင်ကြီး ချီက ဟိုးအရင်က ငါကိုယ်တော်ကို ပညာသင်ပေးဖူးတယ်…။ အဲဒီကတည်းက သူ့အရည်အချင်းနဲ့ လက်တွေ့ ကျကျ လုပ်ဆောင်တတ်ပုံတွေကို အထင်ကြီးနေခဲ့တာ…။ မကြာသေးတဲ့ ကာလတွေတုန်းကလည်း သူနဲ့အတူတူ ဆွေးနွေး စကားပြောဆိုဖြစ်လိုက်တော့ သူ့ စရိုက်သဘာဝကို ပိုပိုပြီး တန်ဖိုးထားလာမိတယ်…။ ငါကိုယ်တော် ကြုံဖူးသမျှ လူတွေထဲမှာ သူတစ်ယောက်ပဲ မယ်တော်ကြီးနဲ့ သင့်လျော်တယ်…”
ထိုစကားကို ကြားရသည့် အမျိုးသမီးနှစ်ယောက်မှာ တအံ့တဩဖြစ်နေဆဲ ဖြစ်သည်။
ထိုစဉ် မယ်တော်ကြီးက တွေးလိုက်သည်။ [ငါ ချီရှုကွမ်းနဲ့ လိုက်ဖက်တယ်လို့ မင်းကြီးက တကယ် ထင်တာလား။]
ယန်ရှုကလည်း တွေးသည်။ [အရှင်မင်းကြီးက ချီသခင်ကြီးကို သင့်လျော်တဲ့သူလို့ မြင်တာလား။ အရင်ကတော့ သခင်ကြီးကို လက်မခံသလိုလို လုပ်နေပြီးတော့…]
ယွီဝိန်းလန် - [.......]
အဟမ့်… အဲဒါက အရင်က… အခုက အခု…
ထိုစဉ် ယန်ရှု ပြောလိုက်သည်ကို သူကြားလိုက်ရသည်။
“အရှင်မင်းကြီး ဉာဏ်ပညာကြီးမားပါပေတယ်။ ကိုယ်လုပ်တော်လည်း ချီသခင်ကြီးဟာ အကျင့်စာရိတ္တ မြင့်မြတ်ပြီး စိတ်ထား နူးညံ့သူလို့ မြင်ပါတယ်…။ ပြီးတော့ ကျောင်းတော်ရဲ့ တည်နေရာ ပတ်ဝန်းကျင်ကလည်း သင့်တင့် လျောက်ပတ်တဲ့ နေရာမျိုးပါပဲ…။ တကယ်လို့ သခင်ကြီးချီကသာ မယ်တော်ကြီးကို တာဝန်ယူ စောင့်ရှောက်ပေးနိုင်မယ်ဆိုရင် အရှင်မင်းကြီးလည်း စိတ်ချမ်းသာမယ်… ဒီကိုယ်လုပ်တော်လည်း စိတ်အေးမှာမို့ အသင့်တော်ဆုံးပါ ဘုရား”
ဟီးဟီးဟီး… အရှင်မင်းကြီး ဘယ်လိုတွေးနေနေ အခုလိုအခွင့်အရေးမျိုးက အင်မတန်မှ ရတောင့် ရခဲ အခွင့်အရေးမျိုးပဲ…။ ငါက CP အမာခံ ပရိတ်သတ်ဆိုတော့ မယ်တော်ကြီးနဲ့ ငါ့ရဲ့ အိုင်ဒေါကို အတူတူ နေဖြစ်အောင် လှော်ရမယ်…။
ပြောရလျှင် အခု အခွင့်အရေးက သူမအတွက် နောက်ဆုံးတောင် ဖြစ်ချင် ဖြစ်နိုင်သည်။
ယန်ရှု၏ စကားကို ကြားလိုက်သည့်အခါ မယ်တော်ကြီးမှာ တွန့်ခနဲ ဖြစ်သွားမိပြန်သည်။ ပြီးနောက် သူမက
“ဟယ်… ဒီကလေးမကတော့…” ဟု မန်မဲလေသည်။
သို့သော် စိတ်ထဲ၌မူ [ဒါဆို… ဒါဆို… ငါ သူနဲ့အတူ နေခွင့်ရတော့မှာလား။]
ထိုအတွေးကို ကြားလိုက်သည့်အခါ ယန်ရှု က ခေါင်းကို အားရပါးရ ညိတ်လိုက်မိလေသည်။ သို့သော် မယ်တော်ကြီး ခေါင်းခါရမ်းလိုက်သည်ကို မြင်လိုက်ရသည်။
“ဒါ မဖြစ်နိုင်လောက်ပါဘူး… အိုက်ကျားက ဘုရင့် မယ်တော်ကြီးပါ… ဘေးလူတွေ အတွက် အမြင် မသင့်တော်ပါဘူး…”
သူမ ပြော၍ မဆုံးမီ တုံ့ဆိုင်းသွားပြန်သည်။ ဘာလို့ ဒီလို ပြောရတာလဲ။
ထိုအခါ ယန်ရှုက အလျင်အမြန် ဝင်ပြောလေသည်။
“အဲဒါက ပြသနာ မဟုတ်ပါဘူး…။ နန်းတွင်းက ဧကရီ ဘုရင်မကြီးတွေ နန်းပြင်ထွက်တဲ့အခါ ချည်လွှာကာထားတဲ့ ဦးထုပ်တွေ ဆောင်းကြတယ် မဟုတ်လား… အဲဒါဆောင်းလိုက်ရင် ဘယ်သူမှ သိလိုက်မှာတောင် မဟုတ်ပါဘူး…။ ပြီးရင် မယ်တော်ကြီးအနေနဲ့ နာမည်ရော လူပါ ပြောင်းလိုက်ရင် ရပါပြီ”
ထိုစကားများကို ကြားလိုက်သောအခါ မယ်တော်ကြီးက နားမလည်သလို ဖြစ်သွားပြန်သည်။
“ဘယ်လို။ ဘယ်လို နာမည်နဲ့ လူ ပြောင်းရမှာလဲ”
ထိုအခါ ယွီဝိန်းလန်က ဝင်ပြောသည်။ “မယ်တော်ကြီး စိတ်ချမ်းသာဖို့ ကျန်တဲ့ ကိစ္စတွေ ကိုယ်တော် တာဝန်ထားလိုက်ပါ”
~~
188 02
နောက်တစ်နေ့တွင် တာအိုမိစ္ဆာ ပိုင်ဟယ်၏ သတင်းမှာ တလောကလုံး ပြန့်နှံ့သွားလေသည်။ ပြည်သူအားလုံးကလည်း ထိုမိစ္ဆာသည် မကောင်းမှုကို ကျူးလွန်ကာ ပုန်ကန်ရုံသာမက သာမန်လူတန်းစား ပြည်သူများ၏ အသက်အိုးအိမ်ကိုလည်း ရန်ရှာခဲ့သည်ကို သိရှိသွားကြသည်။ ထိုအပြင် ထိုမိစ္ဆာမှာ ဆေးရွက် ကုန်သည်ယောင်ဆောင်ပြီး ဝမ်ကျောက်ယီမိသားစုအား အသုံးချကာ နန်းတွင်းသို့ ဝင်သည်။ ထို့နောက် မယ်တော်ကြီးအား အဆိပ်ခတ်သည် ဟူသတတ်…။
ဧကရာဇ်မင်းကြီးမှာ လွန်စွာ ဒေါသဖြစ်သဖြင့် နောက်တစ်နေ့ နေ့လည်၌ မိစ္ဆာကောင်အား ကွက်မျက်လိုက်လေသည်။ ထိုသတင်းကို ကြားသည့်အခါ လူအများက ချီးကျူးကြတော့သည်။
သို့သော် မယ်တော်ကြီးမှာ ကျန်းမာရေး ပြန်မကောင်းလာနိုင်တော့ပေ။
တနေ့တခြား ကျန်းမာရေး ဆိုးရွားလာပြီး လူနတ်ဗြဟ္မာ ချီးကျူးရသည့် သမားတော်ရွှမ်းပင် မတတ်နိုင်တော့ဟု ပြည်သူတို့ ကြားသိရလေသည်။
ဤသို့ဖြင့် Yuanzheng နှစ်သစ်မကူးမီ နှစ်ဟောင်းနောက်ဆုံးရက် အကြိုနေ့၌ နန်းတွင်းသို့ ဝင်ရောက် အရိုအသေပြုကြသည့် ဧည့်သည်တော်တို့မှာ မယ်တော်ကြီး၏ ရွှေမျက်နှာတော်အား မဖူးတွေ့နိုင်ကြဘဲ နန်းဆောင်အတွင်း၌ ဆေးနံ့များဖြင့် ပြည့်နေသည်ကိုသာ ကြုံလိုက်ရသည်။
အားလုံးကလည်း မယ်တော်ကြီးအတွက် စိုးရိမ်စိတ်များ ဖြစ်ကြပြီး ကိုယ်လုပ်တော်ယီ သားတော်လေး မွေးဖွားမည့် ရက်ကိုသာ ကောင်းသတင်းအဖြစ် မျှော်လင့် စောင့်စား မိကြတော့သည်။
~~
ချီအန်း နန်းဆောင်…
ယနေ့မှာ နှစ်သစ်ကူးပြီး၍ တတိယမြောက်နေ့ ဖြစ်လေတော့သည်။ ဤနေ့တွင် နန်းတော်သို့ လာရောက် တောင်းဆုချွေကြသည့် ဧည့်သည်တော်များကို ဧည့်ခံကြရင်း ယန်ရှုနှင့် ယွီဝိန်းလန်တို့မှာ ချီအန်းနန်းဆောင်၌ ညရောက်သည့် အချိန်အထိ ရှိနေကြသည်။
စောင့်ဆိုင်းနေကြသည့် အစေခံများအား လက်ဝှေ့ယမ်းကာ အပြင်သို့ ထွက်စေပြီးနောက် ခန်းဆောင်အတွင်း၌ လူသုံးဦးသာ ကျန်တော့သည်။
ယန်ရှုနှင့် ယွီဝိန်းလန်တို့မှာ အရိုးကုထုံးကြောင့် မျက်နှာပုံစံ အနည်းငယ် ပြောင်းသွားသည့် မယ်တော်ကြီးအား ကြည့်နေကြသည်။
နန်းတွင်းသို့ ဝင်ထွက်သွားလာနေသည့် သူများ အနေဖြင့် သတိထားမိမည် မဟုတ်သော်လည်း အတန်ကြာမှ လာရောက်ဖြစ်သူများ ကြည့်ပါက မယ်တော်ကြီး၏ နှာခေါင်းရိုး၊ မေးရိုး၊ မျက်လုံး သဏ္ဍာန်တို့မှာ အတန်ငယ် ပြောင်းလဲသွားသည်ကို သတိထားမိကြပေလိမ့်မည်။
ထို့ကြောင့် အချိန်နည်းနည်း ထပ်ပေးပါက ယခင် အသိမိတ်ဆွေများပင် မယ်တော်ကြီးအား မှတ်မိတော့မည် မဟုတ်ပေ။
သို့သော်လည်း မယ်တော်ကြီးမှာ ယန်ရှု၏ ကိုယ်ဝန်သည်ဗိုက်ကြီးကို ကြည့်၍ စိုးရိမ်နေသည်။
“ဒီလောက် နောက်ကျနေတဲ့ အချိန်အထိ ဘာလို့ အပြင်ထွက်နေတာလဲ မိဖုရားရယ်…။ မတော်တဆ အခုနေများ ထ မွေးချင်လာရင် ဘယ်လိုလုပ်မတုန်း”
ယန်ရှုက သူမ၏ ဝမ်းဗိုက်ကိုသူ ကိုင်လိုက်ပြီး ပြုံးလိုက်မိသည်။
“အခုကာလမှာ လမ်းနည်းနည်း လျှောက်ပေးတာက မွေးဖွားတဲ့အခါ အထောက်အကူဖြစ်တယ်လို့ သမားတော်ကလည်း ပြောတာမို့ စိတ်မပူပါနဲ့…။ ပြီးတော့ နန်းတွင်းမှာ အားလုံးလည်း အဆင့်သင့်ရှိနေပြီလေ မယ်တော်ကြီးရဲ့… သားဖွားဆရာမတွေလည်း တွေ့ထားပြီးပါပြီ…။ တကယ်လို့ အခုနေ မွေးမယ်ဆိုလည်း မွေးချလိုက်ရုံပဲ”
ထိုသို့ ပြောလိုက်သည်ကို မယ်တော်ကြီးက သဘောကျသွားပြီး ပြုံးလိုက်သည်။
“မိဖုရားလို စိတ်နှလုံးဖြူစင်ပြီး တခြားသူအတွက် တွေးပေးတတ်တဲ့သူ ရှားတယ်…။ ဒီလို စိတ်သဘောကောင်းတဲ့သူတွေက အမြဲ ကံကောင်းမှာပါ”
ယန်ရှုကလည်း ပြုံးလိုက်ပြီး မယ်တော်ကြီးအား ကျေးဇူးတင်လိုက်သည်။ ထိုစဉ် ယွီဝိန်းလန်က မေးလေသည်။
“မယ်တော်ကြီးရော အခုရက်ပိုင်း အဆင်ပြေပါရဲ့လား။ အခုလို အရိုးကုထုံးကို လုပ်နေတာ ခံနိုင်ရဲ့လား”
ထိုအခါ မယ်တော်ကြီးက ပြန်ပြောသည်။
“အိုက်ကျားအတွက် အားလုံး အဆင်ပြေပါတယ်…။ အရှင်မင်းကြီး စိတ်မပူပါနဲ့…။ အခုအချိန်မှာ ကိုယ်လုပ်တော်ယီက အရေးအကြီးဆုံးပါ… သူ့ကို ဂရုစိုက်လိုက်ပါ…”
ယွီဝိန်းလန်က သဘောတူလေသည်။
“မယ်တော်ကြီးလည်း စိတ်မပူပါနဲ့… သားအမိ နှစ်ယောက်စလုံးကို ကျွန်တော် ကောင်းကောင်း ဂရုစိုက်မှာပါ”
မယ်တော်ကြီးက ခေါင်းကိုညိတ်၍ ပြောသည်။
“အခု နောက်တောင် ကျနေပြီ… ပြန်ပြီး စောစော နားချေ…။ အပြင်ဖက်မှာက အေးတော့ လမ်းမှာ ဂရုတစိုက် သွားကြဦး”
နှစ်ဦးစလုံး နာခံလိုက်ကြပြီး ချီအန်းနန်းဆောင်မှ ပြန်ထွက်လာကြတော့သည်။
ယန်ရှုမှာ မယ်တော်ကြီးအား ပြောလိုက်သလို ကလေးမွေးခါနီး လမ်းလျှောက်ပေးခြင်းမျိုး ပြုလုပ်ချင်သဖြင့် မြင်းရထားမစီးတော့ဘဲ ကန်းလု နန်းဆောင်အထိ လမ်းလျှောက်ပြန်ရန် ဆုံးဖြတ်လိုက်သည်။
ယွီဝိန်းလန်ကလည်း အဖော်ပြုပေးသည်။
ယနေ့ည လေထုမှာ အနည်းငယ် စိုထိုင်းထိုင်း ဖြစ်နေသလို ခံစားရသည်။ ယန်ရှုက ကောင်းကင်ကြီးအား မော့ကြည့်လိုက်ရာ ကြယ်များ ဝေ့နေသည့် ကောင်းကင်ကြီးကို မမြင်လိုက်ရဘဲ တိမ်ထူထူတချို့ကိုသာ မြင်လိုက်ရသည်။ သူမက စိတ်ရွှင်လန်းသွားသလို ဖြစ်သွားပြီး ပြောလေသည်။
“ကြည့်ရတာ နှင်းကျဦးမယ်နဲ့ တူတယ်နော်။ ဟဲဟဲ… အဲဒါဆို မနက်ဖြန်ညလောက် သိုးသား ဟော့ပေါ့ ထပ်စားရချေသေးရဲ့”
188 03
ယွီဝိန်းလန်က ရယ်ချင်သွားပြီး ပြောလိုက်သည်။ “စားချင်ရင် နေ့တိုင်း စားလို့ရနေတာကို ဘာလို့ နှင်းကျတာ စောင့်နေတာလဲ”
ယန်ရှုက ပြုံးလိုက်သည်။ “ဘာလို့လဲဆိုတော့ နှင်းကျမှ ဟော့ပေါ့ စားရတာ အရသာပိုရှိတာ”
ထိုသို့ပြောရင်း သူမမှာ တချက် တုံ့ခနဲ ဖြစ်သွားလေသည်။
ထိုအခါ ယွီဝိန်းလန်က စိုးရိမ်သွားပြီး မေးတော့သည်။ “ဘာဖြစ်တာလဲ။ ပြောနေရင်း ဘာလို့ ရပ်သွားတာလဲ”
ယန်ရှုမှာ တွေပြီး ရပ်နေသည်ကို သူမြင်လိုက်ရသည်။ ထို့နောက် သူ့အား မယုံနိုင်သလို မျက်နှာဖြင့် ကြည့်ပြီး ပြောတော့သည်။ “ကျွန်မ ကျွန်မ… မွေးတော့မယ်နဲ့ တူတယ်”
သူမ၏ ဝမ်းဗိုက်တွင် ပူနွေးနေသည့် လှိုင်းများ ဖြတ်ပြေးနေသလို ခံစားနေရသည်။ သူမ အနေဖြင့် အောင့်ထား တင်းထား၍ပင် မရသလို ဖြစ်နေမိသည်။ သူမ ကြားဖူးသလို ရေမွှာပေါက်ခြင်း ဖြစ်ပေလိမ့်မည်။
သူမ ပြောလိုက်သည်ကို ကြားလိုက်ရသည့်အခါ ယွီဝိန်းလန်မှာ အံ့ဩ စိုးရိမ်သွားပြီး အလျင်အမြန်ပင် ပြောတော့သည်။
“လာ လာ… မြင်းရထားပေါ်ပဲ တက်လိုက်တော့…”
သို့သော် ယန်ရှုက မလှုပ်ဘဲ ရပ်နေတော့သည်။ “မရွေ့နိုင်တော့ဘူး… လှုပ်လိုက်တိုင်း ရေတွေကျကုန်ရင် ကလေးလေး ထိခိုက်သွားမှာ စိုးတယ်”
“ဘာ”
ပြောပြီးနောက် ယွီဝိန်းလန်က သူမအား ပွေ့ချီကာ ကန်လုနန်းဆောင်ဖက်သို့ ပြေးလေတော့သည်။
~~~
ယန်ရှုမှာ စာများ ဖတ်ထားပြီး အသေအချာ ပြင်ဆင်ထားသော်လည်း တကယ်တန်း မွေးတော့မည့်အခါ၌ မပြောပြတတ်လောက်အောင် နာကျင်မှုကို ခံစားရလေတော့သည်။
အမေရေ… နာလိုက်တာ…။ ထိုအခါ စစ်စတန်က အရမ်း မအော်ရန်… အော်လိုက်လျှင် အားအင်ကုန်ခမ်းပြီး ကလေး အနေအထား ပုံစံပြောင်းကာ မွေးရခက်မည်ဖြစ်ကြောင်းနှင့် အခြား စိုးရိမ်စရာ ကိစ္စများကို တစ်ခုပြီး တစ်ခု သတိပေးနေသည့်အခါ ယန်ရှုမှာ ပိုကြောက်လာပြီး အော်လေတော့သည်။
ကံကောင်းသည်မှာ ယန်ရှုမှာ ညစာ ကောင်းကောင်းစားထားပြီးသည့်အပြင် အနားတွင် လက်သည် အမျိုးသမီး သုံးယောက်ခန့် အတူရှိနေသဖြင့် တော်ပါသေးသည်။ အစောပိုင်း လေ့ကျင့်ခန်းများလည်း လုပ်ထားသည်က အထောက်အကူ ဖြစ်စေသည်။ ဤသို့ဖြင့် နာကျင်ခံစားမှုကြီးကို တောင့်ခံထားပြီးနောက် ညသန်ခေါင်ယံအချိန်တွင် သားတော်လေးကို ဖွားမြင်လိုက်လေတော့သည်။
သားတော်လေး၏ အသားအရေမှာ ပန်းရောင်သန်းနေပြီး အော်ဟစ် ငိုယိုနေတော့သည်။ ကိုယ်အလေးချိန် တိုင်းကြည့်သည့်အခါ ခြောက်ပေါင် ခြောက်အောင်စခန့် ရှိသဖြင့် ကံကောင်းစေနိုင်သည့် ဂဏန်းဖြစ်လေသည်။
ယွီဝိန်းလန်မှာ အမေရော သားပါ ကျန်းမာသဖြင့် ပျော်မဆုံးဖြစ်နေတော့သည်။ လက်သည်အမျိုးသမီးက ကလေးငယ်အား အနှီးဖြင့်ပတ်၍ သူ့အား ပေးလိုက်သည့်အခါ ယွီဝိန်းလန်မှာ ပွေ့ပြီး မလှုပ်မယှက် ငြိမ်နေမိတော့သည်။
ဒါ… ငါ့ရဲ့ ပေါက်စလေး… ငါ့ရဲ့ ကလေးလေး… ငါနဲ့ ငါ့ရဲ့ ချစ်လှစွာသော သူမတို့ရဲ့ သွေး…။
ငါ့မှာ မျိုးဆက်ရပြီ…။
သူက ကုန်းကာ ယန်ရှု၏ ချွေးစို့နေသော နဖူးကို နမ်းလိုက်ပြီး သာသာယာယာ ပြောလိုက်သည်။
“အခုလို အပင်ပန်းခံပေးတာ ကျေးဇူးပါ”
ယန်ရှုမှာ နွမ်းနယ်နေသည့်ကြားမှ မျက်လုံးကို ဖွင့်လိုက်ပြီး မေးလေသည်။
“အခုက ဘယ်အချိန် ရောက်နေပြီလဲ”
ယွီဝိန်းလန်က သာသာယာယာ ပြောလိုက်သည်။ “အာရုဏ်တက်ချိန် ရောက်နေပြီ… အိပ်ရေး ဝ အောင် အိပ်လိုက်တော့… သားတော်လေးကို ငါကိုယ်တော် ဂရုစိုက်လိုက်မယ်”
ထိုအခါ ယန်ရှုမှာ ကျေကျေနပ်နပ် ပြုံးလိုက်ပြီး ယုံကြည်စိတ်ချစွာဖြင့် မျက်လုံးကို မှိတ်လိုက်တော့သည်။
သို့ရာတွင် ထူးဆန်းတာ တစ်ခုကို သတိထားမိလိုက်လေသည်။
ဗိုက်နာပြီးနောက် မွေးဖွားချိန် ရောက်သည့်အချိန်တွင် တခြားသူများ၏ အတွေးများကို သူမ မကြားရတော့ချေ။
အဲဒါ ဘယ်လိုဖြစ်ရတာလဲ။
စိတ်ဖတ်နိုင်တဲ့အစွမ်းက ပျောက်သွားတာလား။
ဒါမှမဟုတ် အရမ်း ပင်ပန်းနေလို့ မကြားရတာလား။
သို့ရာတွင် တစ်ညလုံး မအိပ်ရသေးသဖြင့် ကြာကြာမတွေးနိုင်တော့ဘဲ ပင်ပန်းလာသဖြင့် အိပ်လိုက်တော့သည်။
~~
ယန်ရှု အနားယူနေစဉ် ယွီဝိန်းလန်က သားတော်လေးအား ချီအန်းနန်းဆောင်သို့ ခေါ်သွားလေသည်။
ယန်ရှု ကလေးမီးဖွားသည့် သတင်းကို ကြားရသဖြင့် မယ်တော်ကြီးမှာလည်း တစ်ညလုံး မအိပ်နိုင်ဘဲ သတင်းနားစွန့်နေတော့သည်။ မကြာမီ အရှင်မင်းကြီးက မြေးတော်လေးအား ခေါ်လာသည်ကို မြင်လိုက်ရသောအခါ အတောမသတ်နိုင်လောက်အောင် ဝမ်းသာသွားတော့သည်။
ကလေးလေးကို ဂရုတစိုက် ထွေးပွေးလိုက်ပြီးနောက် မယ်တော်ကြီးမှာ မျက်နှာပင် မလွှဲနိုင်ဘဲ အသေအချာ ကြည့်နေမိတော့သည်။
188 04
“ကြည့်ပါဦး မြေးတော်လေးရဲ့ မျက်နှာက အရှင်မင်းကြီး ငယ်ငယ်တုန်းက အတိုင်းပဲ… မျက်လုံးနှစ်လုံးအကြား အကွာအဝေးကို ကြည့်လိုက်တာနဲ့ ကြီးလာရင် မျက်လုံးပြူးပြူးလေး ဖြစ်မှာ…။ နားပျဉ်းလေးကိုလည်း ကြည့်ပါဦး သူ့အမေနဲ့ တူလိုက်တာ… ကြီးလာရင် တကယ် ကံကောင်းမဲ့ ကောင်လေးပဲ”
ယွီဝိန်းလန်ကလည်း ကိုယ်ကို ကိုင်းကာ ကြည့်နေပြီး ခေါင်းညိတ် နားထောင်နေတော့သည်။
မယ်တော်ကြီး၏ စကားသံကို ကြားလိုက်သည့်အခါ အိပ်ပျော်နေသည့် ကလေးလေးမှာ မျက်လုံးပွင့်လာတော့သည်။
ပေါက်စလေးက ငိုတော့မည့်ပုံစံ ပေါက်လာသည့်အခါ သားအမိနှစ်ယောက်လုံး ပြာယာခပ်သွားကြသည်။
သို့သော် မငိုတော့ဘဲ သူတို့အား စူးစမ်းသလို ကြည့်နေလေသည်။
ထို့နောက် ကြည့်ရင်း ပင်ပန်းလာသည့်ဟန်ဖြင့် မျက်လုံးကို ပြန်ပိတ်လိုက်ပြီး အိပ်ပျော်သွားလေတော့သည်။
ထိုအခါမှ မယ်တော်ကြီးက ကလေးလေးကို ယွီဝိန်းလန်၏ လက်ထဲသို့ ဂရုတစိုက် ပြန်ထည့်ပေးလိုက်ပြီး ပြောလိုက်သည်။
“မြေးတော်လေးကို မြင်လိုက်ရမှပဲ အိုက်ကျား စိတ်အေးသွားပြီ… အရှင်မင်းကြီး ပြန်ခေါ်သွားလိုက်ပါတော့… ခဏနေ နိုးလာရင် သူ နို့ဆာတော့မှာ”
ယွီဝိန်းလန်က ခေါင်းကို ညိတ်ပြလိုက်ပြီး သားတော်လေး နိုးသွားမည်စိုးသဖြင့် အသံတိုးတိုးဖြင့် မယ်တော်ကြီး၏ စကားကို နားထောင်လိုက်သည်။
ထိုအခါ မယ်တော်ကြီးက ပြောသည်။
“ကိုယ်လုပ်တော်ယီက အရှင်မင်းကြီးရဲ့ အကျိုးကို ကြိမ်ဖန်များစွာ ဆောင်ပေးခဲ့ပြီးပြီနော်… အရှင်မင်းကြီး သူ့ကို ကောင်းကောင်း ဆုချသင့်တယ်…။ အိုက်ကျားရဲ့ သဘောအရဆိုရင် သူ့မှာ အရမ်း ကိုယ်ချင်းစာတတ်တဲ့ စိတ်ရှိတယ်…။ အမြင်လည်း ကျယ်တယ်… အမှားနဲ့ အမှန်ကိုလည်း ခွဲခြားတတ်တယ်…။ အခု အရှင်မင်းကြီးအတွက် သားတော်တစ်ပါး မွေးဖွားပေးပြီးပြီဆိုတော့ နန်းတွင်းမှာ နေရာကောင်းကောင်း ပေးသင့်နေပြီ”
ယွီဝိန်းလန်က ပြုံးလိုက်ပြီး ပြောသည်။
“မယ်တော်ကြီး စိတ်မပူပါနဲ့… လပြည့်နေ့မှာ သားအမိနှစ်ယောက်စလုံးကို အသိအမှတ်ပြု ချီးမြှောက်ပွဲကျင်းပဖို့ မနက်ဖြန်ပဲ ကျွန်တော် အမိန့်တော် ထုတ်ပြန်လိုက်ပါ့မယ်”
မယ်တော်ကြီးက ခေါင်းညိတ် သဘောတူလေသည်။
“ဒါဆိုရင် အိုက်ကျား စိတ်အေးပါပြီ”
သူမ ကိုယ်တိုင် ပြုစုစောင့်ရှောက် လာခဲ့ရသည့် အရှင်မင်းကြီးဟာ မည်သူကိုမဆို မေတ္တာစေတနာ ထားမှာ သေချာသည်။
~~
ဤသို့ဖြင့် နောက်တစ်နေ့ မနက်စောစောတွင် နန်းတွင်း ညီလာခံ၌ အမိန့်စာ တစ်စောင် ထွက်လာသည်။
ထိုအမိန့်စာထဲတွင် ကိုယ်လုပ်တော်ယီမှာ အရှင်မင်းကြီးအတွက် သားတော်တစ်ပါးကို အောင်အောင်မြင်မြင် မွေးဖွားပေးနိုင်သည့်အတွက် အလယ်နန်းဆောင်၏ မိဖုရား အဖြစ် ရာထူးအပ်နှင်းလိုက်ကြောင်း ပါဝင်လေသည်။
သူမ၏ ဖခင်ကို သစ္စာတရားဘွဲ့ခံ မင်းသားကြီးအဖြစ် ရာထူးချီးမြှင့်ပြီး မိခင်အား သစ္စာတရားဘွဲ့ခံ မင်းသမီးကြီး အဖြစ် လည်းကောင်း၊ မောင်ငယ်အားလည်း သစ္စာတရားဘွဲ့ခံ မင်းသားငယ် အဖြစ် အသီးသီး ချီးမြှင့်လိုက်လေသည်။
စားသောက်ပွဲ သုံးပွဲ ကျင်းပပြီးနောက် ဧကရာဇ်မင်းကြီး ကိုယ်တော်တိုင် သားတော်လေးအား ယွီဝိန်းဟန်ဟု အမည့်ကင်းပွန်းတပ်ပေးပြီး ယွီဝိန်း မျိုးဆက် ဘိုးဘေးတို့၏ ဘုန်းတန်ခိုးကို မြှင့်တင်ပေးနိုင်သူဟု အဓိပ္ပာယ် ရလေသည်။
တစ်ချိန်တည်းမှာပင် သားတော်လေးအား အိမ်ရှေ့စံမင်းသားအဖြစ် ရာထူးအပ်နှင်းလိုက်တော့သည်။
ဤသို့ဖြင့် တနေ့ပြီး တနေ့ ကုန်ဆုံးလာပြီးနောက် ပထမလအကုန်သို့ ရောက်လာတော့သည်။ နွေဦးရာသီ၏ လေပြေလေညှင်းလေးများမှာ နန်းမြို့တော်အတွင်းရှိ သစ်ခက်သစ်ရွက်လေးများ အကြားတိုးဝင် ပြေးလွှားလျက် ရှိနေတော့သည်။ ရာသီဥတုမှာလည်း နွေးထွေးလာသည်။
ဤသို့ နွေးထွေးလှသည့် နွေဦးလေပြေလေးများတိုက်ခတ်နေသည့်အချိန် လပြည့်နေ့၌ ဧကရာဇ်မင်းကြီးမှာ ဇနီးဖြစ်သူ တော်ဝင်ကိုယ်လုပ်တော်နှင့် သားတော်ဖြစ်သူ မင်းသားတို့အား မိဖုရားအရာနှင့် အိမ်ရှေ့စံမင်းသားအရာ အပ်နှင်းပွဲ ကျင်းပပေးလေသည်။
မိဖုရားတစ်ပါးနှင့် အိမ်ရှေ့စံမင်းသားတစ်ပါး ရှိလာပြီဖြစ်သဖြင့် နန်းတွင်းသူ နန်းတွင်းသားများနှင့် ပြည်သူအပေါင်းတို့မှာ စိတ်အားတက်ကြွ ပျော်ရွှင်နေကြပြီး နန်းတွင်း၌ လှုပ်ရှားတက်ကြွနေတော့သည်။
သို့သော် များမကြာမီ မယ်တော်ကြီး ကွယ်လွန်သည့် သတင်းထွက်လာပြီးနောက် အရှင်မင်းကြီးက မယ်တော်ကြီး၏ ဂုဏ်အား အောင့်မေ့ သတိရစေရန် တတိုင်းပြည်လုံးအား ကြေညာလိုက်သည်။
~~
ဤသို့ဖြင့် ဖေဖော်ဝါရီအလယ်ခန့် ရောက်သည့်အခါ နေရောင်ဖြာလျက်ရှိသည့် တောင်းတန်းများနှင့် အဖူးအပွင့်တို့ဖြင့် ပြည့်နေသည့် ကောက်ပဲသီးနှံခင်းများ ပွင့်လန်းနေသည်မှာ နွေဦးရာသီ၏ အလှကို တိုးစေတော့သည်။
ထိုအချိန်၌ ချီရှုကွမ်းမှာ သစ်ပင်တစ်ပင်၏ အောက်တွင် ရပ်လျက် ခပ်လှမ်းလှမ်းမှ လူတဦး အနီးသို့ ရောက်အလာကို စောင့်မျှော်နေသည်။ ထို့နောက် သူက စိတ်လှုပ်ရှားနေသည့် မျက်ဝန်းများကို ထိန်းလိုက်ပြီး ကြိုဆိုလိုက်သည်။
“ကြိုဆိုပါတယ် သခင်မကြီး”
မယ်တော်ကြီးက သူမ၏ မျက်နှာကို ကွယ်ထားသည့် ချည်လွှာကို ဖယ်လိုက်ပြီး သူ့အား ပြန်ကြည့်၍ ပြုံးလိုက်သည်.
“ကျွန်မတို့က တစ်မိသားစုတည်းလို ဖြစ်နေပြီပဲ တရိုတသေ လုပ်နေစရာမလိုပါဘူး”
188 05
ချီရှုကွမ်းကလည်း ပြုံးလိုက်ပြီး သူမ၏ လက်ကို ဆုပ်ကိုင်ကာ ရှန်ဟွားတွင် ချစ်သူ စုံတွဲတို့အတွက် နာမည်ကြီးသည့် နေရာသို့ ခေါ်ဆောင်သွားတော့သည်။
လူ့ဘဝ ဆိုသည်မှာ တောတောင်များ၊ ယာခင်းများ အကြားရှိ ပန်းပွင့်လေးများနှင့် တူလှပေသည်။ မိမိတို့ အသက်ရှိနေသရွေ့ ယခုကဲ့သို့ လှပ ဝေဆာသည့် ပန်းများ ပွင့်လန်းအောင် ကြိုးပန်းနေသင့်သည် မဟုတ်ပါလော့။
~~
ထိုအချိန်၌ နန်းတွင်းရှိ ယန်ရှုမှာ စစ်စတန်အား မေးမြန်းလျက် မယ်တော်ကြီးတို့ နှစ်ယောက်၏ အခြေအနေကို စိတ်ကူးယဉ် ပုံဖော်လျက်ရှိနေပြီး မျက်ရည်များ ဝေ့နေတော့သည်။
ဪ… ငါ့ ဆရာမကြီးနဲ့ အိုင်ဒေါကြီးတို့ နောက်ဆုံးတော့ ရွှေလက်တွဲနိုင်ကြပြီပေါ့… ဒီအဆင့်ထိ ရောက်ဖို့ ခက်ခဲခဲ့သလောက် မျက်ရည်ကျဖို့ကကျတော့ လွယ်လိုက်တာနော်!
ယန်ရှုမှာ တခဏမျှ ငိုလိုက်ပြီးနောက် မျက်ရည်များကို သုတ်ရန် အဝတ်စကို ယူရန် ငုံ့ကြည့်လိုက်သည့်အခါ သူမအား ကြောင်တောင်တောင် ကြည့်နေသော သားတော်လေးကို မြင်လိုက်ရတော့သည်။ ကလေးလေးမှာ သူမကို ကြည့်ပြီး မျက်ရည်များ ဝဲကာ ငိုတော့မည့် ပုံစံ ဖြစ်နေသည်။
ထိုအခါ ယန်ရှုက ပြာသွားပြီး ဘာဖြစ်တာလဲ ဟု တွေးလိုက်မိသည်။
ဒီကောင်လေး သေးထွက်ကျလို့လား။
သူမ အနှီးကို ကိုင်ကြည့်လိုက်သည့်အခါ ခြောက်သွေ့နေသည်ကို တွေ့လိုက်ရသည်။
ထိုမျှသာမက သားတော်လေးမှာ ခနကမှ နို့စို့ပြီးသည်ဖြစ်သဖြင့် ဗိုက်ဆာခြင်းလည်း မဟုတ်လောက်ပေ။
ထို့ကြောင့် သူမက မေးလိုက်မိသည်။
“သားလေး… မယ်တော်ကို ဘာလို့ အဲဒီလို ကြည့်နေတာလဲ”
ကလေးက ပိစိကွေးပဲရှိသေးသဖြင့် ပြန်မဖြေနိုင်။ ထို့ကြောင့် သူမအား မျက်ရည်များ ဝေ့နေသည့် မျက်လုံးများဖြင့်သာ ကြည့်နေတော့သည်။
ယန်ရှု - “....”
ဟား… အမေတစ်ယောက် လုပ်ရတာ မလွယ်လိုက်တာ… အခု စိတ်ဖတ်နိုင်တဲ့ အစွမ်းလည်း မရှိတော့ဘူးဆိုတော့ စကားမပြောတတ်တဲ့ ဒီပေါက်စလေး ဘာတွေ တွေးနေလဲဆိုတာ မခန့်မှန်းနိုင်တော့ဘူး။
ထားလိုက်ပါတော့ … ငိုနေတာလည်း မဟုတ်တော့ CP ဇာတ်လမ်းပဲ ပြန်ကြည့်လိုက်ဦးမယ်။
ခုဏက သူမမှာ ငိုတော့မည့်မတတ် ခံစားနေရပြီး ယခုမူ ပုံမှန်ပြန်ဖြစ်သွားလေပြီ။ ထို့အတူ မယ်တော်ကြီးမှာလည်း သူမ၏ အိုင်ဒေါနှင့် အဆင်ပြေနေပြီ… သူတို့နှစ်ဦး တစ်ဦးကို တစ်ဦး ဖေးမ ကူညီလျက် ဘဝကို လျှောက်လှမ်းကြတော့မည်။
ထို့ကြောင့် ယန်ရှုမှာ တွေးရင်း ပြုံးလိုက်မိပြီး အောက်သို့ ငုံ့ကြည့်လိုက်မိသည်။ တိုက်ဆိုင်စွာ သူမ၏ သားတော်လေးကလည်း ပြုံးကာ ကြည့်နေသည်ကို မြင်လိုက်ရတော့သည်။
ထိုအချင်းအရာကို မြင်လိုက်ရသည့် ယန်ရှုမှာ အံ့ဩသွားတော့သည်။
“အယ်… သားလေးက ရယ်ချင်နေပြန်ပြီလား”
ထိုသို့ ပြောလိုက်သည့်အခါ သားတော်လေးမှာ တွန့်ခနဲဖြစ်သွားပြီး ပြုံးပြတော့သည်။
ဤသို့ဖြင့် သားအမိ နှစ်ဦး သာသာယာယာဖြစ်နေစဉ် ယန်ရှုမှာ တစ်ခုခုကို တွေးမိလိုက်သည်။
သားလေးက ငါ့ ခံစားချက်တွေကို နားလည်နေတာမျိုးလား။
ထိုသို့ တွေးမိလိုက်သည့်အခါ ယန်ရှုမှာ မျက်ရည်ဝေ့သွားပြီး နှုတ်ခမ်းကို ပြုံးလိုက်မိသည်။ ထိုသို့ သူမ ပြုံးလိုက်သည့်အခါ သားတော်လေးကလည်း လိုက်ပြုံးလေသည်။
ဟယ်…! သူမ တစ်ခုခုကို သဘောပေါက်သွားသည်။ သူမဆီက စိတ်ဖတ်အစွမ်းက သားတော်လေးဆီ ရောက်သွားတာလား။
ထိုသို့တွေးလိုက်မိသည့်အခါ သူမမှာ အလွန် ဝမ်းသာသွားလေသည်။
“ဒီလိုဆို အရမ်းကောင်းတာပေါ့”
ထိုသို့ ရေရွတ်လိုက်သည့်အခါ သားတော်လေးကလည်း ပြုံးပြလေတော့သည်။
ထို့ကြောင့် ယန်ရှုမှာ ပိုသေချာသွားတော့သည်။
ဒီလိုပဲ ဖြစ်ရမှာပေါ့။
သားတော်လေးက ငယ်သေးသဖြင့် လူကြီးတွေ၏ ခံစားချက်ကို အပြည့်အဝ နားလည်ဦးမည်မဟုတ်… သို့သော် ပျော်ရွှင်မှုကိုတော့ ခံစားမိပုံ ပေါ်သည်။
ဤနည်းဖြင့် တဖြည်းဖြည်း အရွယ်ရောက်လာမှ လူဆိုး လူကောင်းတို့၏ စိတ်ဓါတ်များကို ခွဲခြားလာနိုင်ပေလိမ့်မည်။ ထိုအချိန်ရောက်လျှင် မိမိကိုယ်ကို ကာကွယ်နိုင်တော့မည်။
ကောင်းတယ်… ကောင်းတယ်!
ယန်ရှုမှာ အလွန်ပင် ကျေနပ်နေသဖြင့် သားတော်လေးအား ကောက်ချီကာ အားရပါးရ နမ်းပစ်လိုက်တော့သည်။
ထိုအချိန်၌ပင် ယွီဝိန်းလန်မှာလည်း ခန်းဆောင်အတွင်းသို့ ဝင်လာသည်။
ယန်ရှု လုပ်နေပုံကို မြင်လိုက်သည့်အခါ သူက သိချင်သွားသဖြင့် မေးလိုက်သည်။
“အလိုလေး… ဘယ်လိုတွေ ဖြစ်နေတာတုန်း”
ထိုအခါ သူမက ပြန်ဖြေလိုက်သည်။
“ဘာမှမဟုတ်ပါဘူး… သားတော်လေးက တော်လွန်းလို့ မိဖုရား မနေနိုင်ဘဲ နမ်းမိတာ”
188 06
အဟမ်း… မင်းကြီးကို သားတော်လေးမှာ စိတ်ဖတ် စွမ်းအင် ရှိနေတာ ပြောပြလို့မဖြစ်ဘူး…။ မဟုတ်ရင် ငါ့မှာ အရင်က စိတ်ဖတ်တဲ့ အစွမ်းရှိနေတာ သူ သိသွားလိမ့်မယ်…။
ယွီဝိန်းလန်မှာ ထိုသို့ ကြားလိုက်သည့်အခါ အံ့အားသင့်သွားမိသည်။ လက်စသတ်တော့ သူ့ရဲ့ စိတ်ဖတ်တဲ့အစွမ်းက မျိုးရိုးလိုက်လို့ ရတယ်ပေါ့လေ။
ထို့ကြောင့် သူက တမင်မေးလိုက်သည်။ “သားတော်လေးက ဘယ်လို တော်တာလဲ”
ယန်ရှုက ပြန်ဖြေသည်။ “သားတော်လေးက မိဖုရားရဲ့ စိတ်ကို နားလည်တယ်… မိဖုရားပျော်ရင် သူလည်း ပျော်တယ်လေ”
ထိုအခါ ယွီဝိန်းလန်က ခေါင်းညိတ်လိုက်သည်။ “ဟား… အရမ်း တော်တာပေါ့”
ထို့နောက် သူက သားတော်လေးအား လက်မောင်းနှစ်ဖက်ထဲတွင် ချီလိုက်ပြီး အပြုံးဖြင့် ပြောလိုက်သည်။
“ငါ့ရဲ့ မင်းသားလေးက တကယ် တော်တာလား”
ထိုအခါ သားတော်လေးက ပြုံးပြလေသည်။
ယွီဝိန်းလန်မှာ စိတ်ထဲ ကြည်နူးမိသဖြင့် ခေါင်းကို ငုံ့ကာ သားတော်လေး၏ မျက်နှာ ပြည့်ပြည့်ဖောင်းဖောင်းကို နမ်းလိုက်တော့သည်။
ယန်ရှုက ဘေးမှ နေ၍ ဂုဏ်ယူစွာဖြင့် ပြောလေသည်။ “မယ်တော်တို့ သားတော်လေးက အရမ်း တော်တာပဲဟေ့!”
ထိုအခါ ယွီဝိန်းလန်က သက်ပြင်းချလိုက်ပြီး ယန်ရှု၏ မျက်နှာ ပြည့်ပြည့်ဖောင်းဖောင်းကိုလည်း နမ်းကာ ပြောလိုက်တော့သည်။
“မင်းလေးလည်း အရမ်း တော်ပါတယ်ကွယ်”
******
189 01
အပိုင်း 189 ၊ မယ်တော်ကြီး၏ သင်ကြားပုံ အထူးနည်းစနစ် တစ်မျိုး
ဤသို့ဖြင့် တစ်ရက်ပြီး တစ်ရက် ကုန်ဆုံးသွားပြီးနောက် တာ့လျန်ပြည်ကြီး၏ အိမ်ရှေ့မင်းသားငယ်လေး ယွီဝိန်းဟန်မှာ တဖြည်းဖြည်း ကြီးပြင်းလာလေသည်။
အိမ်ရှေ့စံမင်းသားကလေးမှာ အလွန်ဉာဏ်ကောင်းပြီး အတတ်လွယ်သူဖြစ်သည်။ အသက် နှစ်လသားအရွယ်၌ပင် ပြုံးပြတတ်နေပြီ ဖြစ်ပြီး သုံးလသားအရွယ်ရောက်သည့်အခါ အခြားသူများကို တဝါးဝါးနှင့် စကား ပြန်ပြောတတ်နေပြီ ဖြစ်သည်။
ဤသို့ မင်းသားငယ်လေး အရွယ်နှင့် မလိုက်အောင် ဉာဏ်ရည်တိုးတက်လာသည်မှာ ယန်ရှုလက်ချက် ဖြစ်သည်။ မီးဖွားပြီးခါစ ဖြစ်သဖြင့် အပြင်ထွက်ခွင့် မရသည့်အခါ ပျင်းလာသည့်အတွက် ယန်ရှုမှာ သားတော်လေးနှင့်သာ စကားပြောစရာရှိသဖြင့် နေ့တိုင်း အတင်းတုပ်ဖြစ်တော့သည်။ အမေဖြစ်သူ၏ နှုတ်ခမ်းကို လိုက်ကြည့်နေရင်း သားတော်ငယ်လေးမှာ သူ့အလိုလို သိလာ တတ်လာတော့သည်။
နမူနာပြောရမည်ဆိုလျှင် ယနေ့ညတွင် ယွီဝိန်းလန် ရေချိုးဆောင်မှ ထွက်လာသည့်အခါ ကုတင်ပေါ်တွင် သားအမိနှစ်ယောက် တတွတ်တွတ် စကားပြောနေသည်ကို မြင်လိုက်ရသည်။
ယန်ရှုက “ငါ့သား… အမေပြောပြမယ်… ကျန်းနင် အမတ်ကြီးရဲ့ သားအငယ်က စာကောင်းကောင်း မလုပ်လို့ အဆင့် ဘိတ်ချေးရတယ်တဲ့ သိလား… ဆရာကြီးက ရိုက်ပြီး အပြစ်ပေးတာလည်း ခံလိုက်ရတယ်တဲ့…။ ရှက်စရာကြီးနော်… နောက် ကြီးလာရင် သားသား အဲဒီလို မဖြစ်စေနဲ့နော်” ဟု ပြောရာ ကလေးပေါက်စလေးက “အ… အ…” ဟု ပြန်ဖြေလေသည်။
ယန်ရှုက ဆက်၍ “ဝန်ထောက်မင်းရဲ့ သားတော်ကလည်း သူ့အမေကို ပြန်အော်သတဲ့… အဲဒါနဲ့ နောက်နေ့ သူလည်း အပြင်ထွက်ရော ချော်လဲပြီး ရှေ့သွားတစ်ချောင်း ကျွတ်သွားတယ်တဲ့… အခုကျတော့ ဖိုးရုပ်ဆိုး ဖြစ်သွားပြီ… နောက်ဆို သူ့ကို ယူမဲ့ မိန်းမ လှလှ ရှာရခက်သွားပြီ… သိလား…။ အဲဒါကြောင့် သားသားလည်း မယ်တော်ကို ပြန်မအော်ရဘူးနော်…” ဟု ပြောလေရာ ကလေးပေါက်စလေးက “အ…” ဟု ပြန်ပြောတော့သည်။
ယွီဝိန်းလန် - “...”
သားတော်လေးကဖြင့် ပေါက်စလေး ရှိသေးတယ် အမေလုပ်သူက နေ့တိုင်း ယခုလို အတင်းတုပ်နေတာလား။
သူက ထိုသို့ မေးရန် ကြံလိုက်စဉ် ယန်ရှုက သားတော်လေးကို သူ့လက်မောင်းပေါ်သို့ တင်ပေးလိုက်လေသည်။
“မိဖုရား ရေချိုးမလို့ အရှင်မင်းကြီး ထိန်းအလှည့်”
ထိုအခါ ယွီဝိန်းလန်ကလည်း သားတော် လုံးလုံးတုတ်တုတ်လေးအား ဂရုတစိုက် ပွေ့လိုက်ပြီး စိတ်ပါ လက်ပါ ခေါင်းညိတ်ပြလိုက်သည်။
ကဲ… အခုတော့ သားအဖနှစ်ယောက် စကားပြောအလှည့်ပေါ့…။
ယွီဝိန်းလန်မှာ လက်မောင်းနှစ်ဖက်ကြားမှ သားတော်ကို အသေအချာ ကြည့်လိုက်သည်။ သားတော်လေး၏ မျက်လုံးများမှာ သူနှင့်တူပြီး တောက်တောက်ပပ ရှိနေသည်။ ထို့အပြင် သူ တစ်ရက်လောက် မအားလိုက်သည်နှင့် သားတော်လေးမှာ သိသိသာသာ ပိုထွားလာသည်ကို မြင်နေရသည်။
သို့ရာတွင် ရုပ်ရည်မှာ အဓိက မကျဟု တွေးလိုက်ပြီး သားတော်လေးအား သင်ပေးတော့သည်။
“ဟန်… သားသားက တာ့လျန်ပြည်ကြီးရဲ့ အနာဂတ်မင်းကြီးဖြစ်မှာနော်… ရှေးဆရာကြီးတွေရဲ့ အဆို စကားတွေကို နားလည်အောင် လုပ်ရမယ် သိလား”
ထိုအခါ ကလေးငယ်လေးက သူ့အား မျက်လုံး နက်နက်များဖြင့် ကြည့်ကာ အားကြိုးမာန်တက် ပြန်ပြောတော့သည်။ “... အ… အ…”
ယွီဝိန်းလန်ကလည်း သဘောကျသွားပြီး ခေါင်းညိတ်ပြလိုက်သည်။
“လိမ္မာလိုက်တာ”
ထို့နောက် သူက လည်ချောင်းကို ရှင်းလိုက်ပြီး အဆိုစကားတစ်ခွန်းကို ရွတ်ပြလေသည်။
“ကောင်းကင်ဘုံရဲ့ သားတော်ဖြစ်တဲ့ မင်းကြီးဟာ စိတ်စေတနာစိတ်မွဲရင် သမုဒ္ဒရာလေးစင်းကို စောင့်ရှောက်နိုင်မှာ မဟုတ်ဘူး…။ မြို့စား နယ်စား မင်းညီမင်းသားတွေ စိတ်စေတနာမွဲရင် သူတို့ရဲ့ ဘိုးဘေးဘီဘင်တွေရဲ့ ဂုဏ်ကို စောင့်ရှောက်နိုင်မှာ မဟုတ်ဘူး…။ မင်းစေ အမှုထမ်းတွေ စိတ်စေတနာမွဲရင် သူတို့ မျိုးရိုးရဲ့ ဘုံဘုရားတွေကို စောင့်ရှောက်နိုင်မှာ မဟုတ်ဘူး…။ တိုင်းသူပြည်သားတွေ စိတ်စေတနာမွဲရင် သူတို့ရဲ့ ခြေဆစ် လက်ဆစ်တွေကို စောင့်ရှောက်နိုင်မှာ မဟုတ်ဘူး…”
ထိုအခါ မင်းသားငယ်လေးက တစ်ချက် ငြိမ်သွားပြီးနောက် ခဏအကြာတွင် ပြန်ပြောတော့သည်။ “အ… အ…”
ယွီဝိန်းလန်က ဆက်၍ ရွတ်လေသည်။
“လူတွေရဲ့ ပျော်ရွှင်မှုကို ဝေမျှ ခံစားတတ်သူဟာ ပျော်တတ်တဲ့ သူတွေနဲ့ တွေ့မယ်…။ လူတွေရဲ့ ပူဆွေးသောကကို ဝေမျှ ခံစားတတ်သူဟာ စိုးရိမ်သောကရောက်သူတွေနဲ့ တွေ့မယ်…။ လူအများရဲ့ ပျော်ရွှင်မှုကိုရော … လူအများရဲ့ ပူဆွေးသောကကိုရော ခံစားတတ်သူဟာ မင်းအဖြစ်ကို ရဖို့ ဘယ်တော့မှ မလွဲဘူး”
ထိုစာပိုဒ်အား ရွတ်ဆိုပြီးသည့်အခါ သားတော်အား ကြည့်လိုက်ရာ ဘာအသံမျှ မပြုဘဲ သူ့အား စိုက်ကြည့်နေသည်ကို တွေ့လိုက်ရသည်။
ယွီဝိန်းလန် - “...”
ဟမ်… ဘာလို့ ပြန်မပြောတာလဲ။
ခဏခန့် တွေးကြည့်လိုက်ပြီးမှ သားတော်၏ အပြုအမူကို သဘောပေါက်သွားတော့သည်။ ဟုတ်တယ်လေ… ယခု သူရွတ်နေတဲ့ စာတွေက ပညာရှိကြီးတွေရဲ့ အဆိုအမိန့်စကားတွေ ဆိုတော့ သေသေချာချာ နားထောင်သင့်တာလေ…။
ထို့ကြောင့် သူက ဆက်ရွတ်လိုက်သည်။
189 02
“လူကြီး လူကောင်းတွေက စိတ်နှလုံးထဲမှာ စေတနာ မေတ္တာကို ထိန်းသိမ်းတတ်တယ်… အမှန်အတိုင်း လုပ်ဆောင်တတ်ကြတယ်…။ စိတ်စေတနာကောင်းတဲ့သူဟာ တပါးသူအပေါ် မေတ္တာထားတတ်တယ်… ယဉ်ကျေးသူဟာ တပါးသူကို လေးစားတတ်တယ်…။ တပါးသူအပေါ် မေတ္တာထားတဲ့သူကို လူတိုင်းက ပြန်မေတ္တာထားကြပြီးတော့ တပါးသူအပေါ် လေးစားတတ်သူကို လူတိုင်းက ပြန်လေးစားကြတယ်”
ထိုစာပိုဒ်အား ရွတ်ပြီးသည့်အခါ အောက်သို့ ငုံ့ကြည့်လိုက်သည်။ ထိုအချိန်တွင် သားတော်လေးမှာ မျက်တောင် တဖျက်ဖျက်ခတ်နေပြီးနောက် မကြာမီ မျက်လုံးများကို မှိတ်သွားလေသည်။ သူ ခဏထပ်စောင့်ကြည့်နေသော်လည်း ပြန်မဖွင့်လာတော့ပေ…။
အိပ်ပျော်သွားရှာလေပြီ…။
ယွီဝိန်းလန် - “…”
ထိုအချိန်၌ပင် ယန်ရှုမှာ ရေမိုးချိုး၍ ပြီးစီးသဖြင့် ခန်းဆောင်ထဲသို့ ဝင်လာပြီး သားအဖ နှစ်ယောက်အား တချက် လှမ်းကြည့်လိုက်သည်။
“အရှင်မင်းကြီးက တော်လိုက်တာ… သားတော်လေးကို အိပ်ပျော်သွားအောင် ချော့သိပ်တတ်တယ်… ဟီဟီ… ဆရာကြီးတွေရဲ့ ကလေးထိန်းပညာကို ကောင်းကောင်း လေ့လာထားလို့ ဖြစ်မယ်”
ယွီဝိန်းလန် - “...”
ဟမ်… ငါ့ကို နန်းတွင်း ကျောင်းတော်က ပညာရှင်ကြီးတွေ၊ ကျောင်းတော်သားကြီးတွေ သင်ပေးတဲ့ ကလေးထိန်းပညာက တကယ်တန်းကျတော့ ကလေးချော့သိပ်ရုံလောက် အသုံးဝင်တာလား။
ဪ… ဘာပဲဖြစ်ဖြစ် ဒါတွေက အဖေတစ်ယောက်ရဲ့ တာဝန်တွေပါပဲလေ…။
အခုတော့ သားတော်လေး အိပ်ပျော်သွားပြီဆိုတော့လည်း ကောင်းပါတယ်…။
သူက တွေးရင်း သားတော်လေးကို သူတို့ ကုတင်ဘေးရှိ ကလေးအိပ်ရာပေါ်သို့ ဖြေညှင်းသက်သာစွာ ချလိုက်သည်။ ထို့နောက် သားတော်လေး နွေးထွေးနေစေရန် စောင်ကို အသေအချာ ပြင်ပေးလိုက်ပြီးနောက် လက်ဖြင့် နွေးသွားစေရန် ဗိုက်ကို ပွတ်ပေးလိုက်သည်။ သားတော်လေး ပြန်မနိုးလာမှန်း သေချာမှသာ လက်ကို ပြန်ရုတ်သိမ်းလိုက်သည်။
ထို့နောက် သူက ယန်ရှုအား ခါးမှ ကိုင်၍ ပွေ့လိုက်ပြီး ကုတင်ပေါ်သို့ ချီသွားလိုက်သည်။
ယန်ရှုမှာ ရုတ်တရက်မို့ ကြောင်သွားပြီး အော်ရန် ပြင်လိုက်စဉ် အနမ်းများက သူမအပေါ်သို့ တရစက် ကျလာတော့သည်။
ဟင်း…
အခုတော့ သူတို့နှစ်ယောက် ချစ်ကြည်နူးအလှည့်ရောက်လာပြီလေ…။
ဤသို့ဖြင့် နောက်ထပ် ရက်ပေါင်းများစွာ ကြာသွားပြီးနောက် နွေဦးရာသီ တဖန်ပြန်ရောက်လာတော့သည်။ သားတော်လေးမှာလည်း အသက် ရက်တစ်ရာ ပြည့်သွားပြီ ဖြစ်သည်။
ရက်ပေါင်း တစ်ရာအတွင်း သားတော်လေးမှာ နှစ်ဆ ပိုထွားလာတော့သည်။ အသားဖြူ၍ ဝဝကစ်ကစ်လေး ဖြစ်နေပုံမှာ ဆောင်းဖရဲသီးကဲ့သို့ ဖြစ်နေတော့သည်။
အဲ… ဖရဲသီးထက်တော့ သားတော်လေးက ပို၍ လှုပ်လှုပ်ရှားရှား ရှိပါသည်။ ပြောရလျှင် စိတ်ပျော်နေပါက သားတော်လေးမှာ အသံသေးသေးဖြင့် အော်ဟစ်လျက် သူ၏ လက်ကို ဝှေ့ယမ်းနေတတ်ပြီး ခြေကို အားရ ပါးရ ကန်တတ်လေသည်။
သို့သော်လည်း မယ်တော်ကြီး ကွယ်လွန်သွားပြီဟု ကြေညာထားသည့် ကာလဖြစ်သဖြင့် ဧကရာဇ် မင်းကြီးမှာ သားတော်လေး ရက်တစ်ရာပြည့်ကို တရားဝင် ဂုဏ်ပြုပွဲ မကျင်းပတော့ဘဲ နေလိုက်သည်။ မည်သို့ပင်ဆိုစေ ရက်တစ်ရာ ပြည့်ခြင်းဆိုသည်မှာ ကောင်းချီးတစ်ခုဟု ဆိုရပေမည်။ ထို့ကြောင့် ဆွေမျိုးရင်းခြာ အနည်းငယ်မျှသာ ဖိတ်လိုက်ပြီး အတိုချုပ် ကျင်းပရန် ဆုံးဖြတ်လိုက်သည်။
ဂုဏ်ပြုပွဲသို့ အစောဆုံး တက်ရောက်လာကြသူများမှာ မယ်တော်ကြီးဖက်မှ အမျိုးများ ဖြစ်ကြသည့် ကျုံးယီ အမတ်ကြီး၏ အိမ်တော်မှ မိသားစုဝင်များ၊ အိမ်ရှေ့စံ မင်းသားလေး၏ အဘွားတော်စပ်သူ အမျိုးသမီးရှုနှင့် အဘေးမ တော်စပ်သူ အမျိုးသမီးကြီးလီတို့ ဖြစ်ကြသည်။
အမျိုးသမီးရှုအတွက် ယခုအကြိမ်မှာ မြေးတော်လေးအား အချိန်အတန်ကြာမှ ဒုတိယအကြိမ် ထပ်တွေ့ရခြင်းဖြစ်ပြီး၊ အဘေးမ ဖြစ်သူ အမျိုးသမီးကြီးလီအတွက်မူ ပထမဆုံး တွေ့ရခြင်းဖြစ်သည်။ ခန်းဆောင်အတွင်းသို့ ဝင်လိုက်သည်နှင့် သူမတို့ နှစ်ဦးစလုံးမှာ မြေးတော်လေးဆီသို့သာ ပြေးသွားမိကြတော့သည်။
မင်းသားငယ်လေးမှာ သူ အဘွားနှင့် အဘေးမတို့အား ကြည်ကြည်ဖြူဖြူ လက်ခံပုံရသည်။ အဘယ့်ကြောင့်ဆိုသော် သူမတို့ နှစ်ဦးအား မြင်လိုက်သည်နှင့် ရွှင်လန်းစွာ ပြုံးပြလိုက်ပြီး အဘွားဖြစ်သူက ချီသည့်အခါ မငြင်းဆန်ဘဲ လိုက်သွားတော့သည်။ ပုံမှန်ဆိုလျှင် အမေဖြစ်သူနှင့် ကလေးထိန်းအကူ ဆေးဝန်ထမ်း အမျိုးသမီးတို့ ပွေ့ချီပါက လိုလိုချင်ချင် လိုက်သွားတတ်သော်လည်း နန်းတွင်းအပျိုတော်များ ဖြစ်ကြသည့် ရန်တုန်းနှင့် လျန်ရှင်းတို့ ပွေ့ချီချင်ပါက ကံကောင်းမှသာ ရတတ်သည်။ ကံမကောင်းသည့်အခါမျိုး၌ အမှားနည်းနည်း လုပ်မိသည်နှင့် မင်းသားလေးက ထ ငိုတတ်လေသည်။
ယခုမူ အမျိုးသမီးရှုက သူမ၏ မြေးဖြစ်သူကို လက်တွင် ပွေ့ချီလျက် ချီးကျူးနေတော့သည်။
“အိမ်ရှေ့စံမင်းသားလေးက ထွားလာလိုက်တာနော်… အစားကောင်းကောင်း စားပုံပဲ”
သူမက ထိုသို့ ပြောလိုက်သည့်အခါ မင်းသားငယ်လေးက အဘွားဖြစ်သူအား ကြည့်လိုက်ကာ “အ…” ဟု ပြန်ပြောလိုက်ပုံမှာ ချစ်စရာ ကောင်းလှသည်။
ထိုအခါ အဘွားဖြစ်သူမှာ လွန်စွာ ကျေနပ်သွားလျက် “ဪ… မင်းသားလေးက ဘွားဘွားကို စကားပြန်ပြောနေတာလား” ဟု အံ့ဩလျက် ပြောလိုက်သည်။
ထိုအခါ မင်းသားငယ်လေးက “အ…” ဟု ပြောလိုက်ပုံမှာ မသိလျှင် စကားပြောတတ်နေသည့် ကလေးလေးနှင့် တူနေတော့သည်။
အမျိုးသမီးကြီးလီမှာ ဘေးမှ ကြည့်ရင်း ဝဝကစ်ကစ် သားတော်လေး၏ လက်ကို ဆုပ်ကိုင်လိုက်ကာ သက်ပြင်းချလိုက်သည်။
189 03
“အိမ်ရှေ့စံမင်းသားလေးနဲ့ အခုလို တွေ့ခွင့်ရတာ ကျွန်တော်မျိုးမရဲ့ ဘဝက သေပျော်ပါပြီ”
ထိုအခါ ယန်ရှုက အလျင်အမြန် ဝင်ပြောတော့သည်။
“အဘွားကလည်း အဲလို မပြောပါနဲ့… ဟန်က အဘွားရဲ့ မြစ်ပဲလေ… အရမ်း ရိုသေပြစရာ မလိုပါဘူး ”
ထိုသို့ သူမပြောလိုက်သည့်အခါ မင်းသားငယ်လေးမှာ “အ…အူး…အဲ…” ဟု အော်၍ ထောက်ခံလေသည်။
ယခုအကြိမ်၌မူ မင်းသားလေးက အသံ တစ်သံတည်း မဟုတ်ဘဲ သုံး လေးသံ လုပ်ကာ စကားပြောလေသည်။
ယန်ရှုမှာ မျက်လုံးများ အရောင်တောက်လာပြီး ရယ်လိုက်တော့သည်။ “အဘွား… ကြည့်… ဟန်က အဘွားနဲ့ စကားပြောချင်နေတယ်”
ထိုအခါ အမျိုးသမီးကြီးလီမှာ လွန်စွာ ဝမ်းမြောက်ဂုဏ်ယူသွားမိပြီး အလျင်အမြန်ပင် ပြန်ပြောလေတော့သည်။
“ကောင်းလှပါပြီ… ကောင်းလှပါပြီ… ဒီအမျိုးသမီးအိုကြီးလီ အရှင်မင်းသားလေးရဲ့ အမိန့်ကို နာခံပါ့မယ်”
ထိုအခါ အဘေးမဖြစ်သူနှင့် မြစ်ဖြစ်သူတို့ အပြန်အလှန် ပြောနေကြပုံကို ကြည့်၍ ခန်းဆောင်အတွင်းရှိသူ အားလုံးမှာ ရယ်မောမိလိုက်ကြတော့သည်။
ရယ်မောသံများ ဆုံးသွားချိန် အန်ကန်းနယ် အရှင်သခင်မဖြစ်သည့် မင်းသမီးကြီးနှင့်အတူ အခြားသော တော်ဝင် ဆွေတော်မျိုးတော်များ ရောက်လာသည့်အခါ အမျိုးသမီးကြီးလီနှင့် အမျိုးသမီးရှုတို့မှာ အလှည့်ပေးရန်အတွက် တရိုတသေ နောက်ဆုတ်ပေးလိုက်ကြသည်။
ယနေ့မှာ မင်းသားလေးအတွက် အားလုံး၏ ဂရုစိုက်ခြင်းကို ခံရသည့်နေ့ ဖြစ်သည်။ အဘယ့်ကြောင့်ဆိုသော် မင်းသမီးကြီးနှင့် သူမ၏ သမီးတော်တို့က ဆွေတော်မျိုးတော်တို့အား ဦးဆောင်၍ ယန်ရှုအား အရိုအသေပြုပြီးသည်နှင့် အားလုံးမှာ အိမ်ရှေ့စံမင်းသားလေး၏ အနားတွင် ဝိုင်းအုံနေကြတော့သည်။
အိမ်ရှေ့စံမင်းသားလေး၏ အမေဖက်မှ အဘွားဖြစ်သူ အမျိုးသမီးရှုကဲ့သို့ပင် မင်းသမီးကြီးမှာလည်း တူတော်လေးကို မြင်သည့်အခါ မနေနိုင်ဘဲ ချီးကျူးစကား ပြောမိတော့သည်။
“အမလေး… ကြည့်စမ်းပါဦး…။ အိမ်ရှေ့စံမင်းသားလေးက အစားကို ကောင်းကောင်း စားတယ်နဲ့တူတယ်…။ ခန္ဓာကိုယ်လေးက လုံးနေတာပဲ…။ အမလေး မနာလိုလိုက်တာနော်!”
သားတော်လေးမှာ အဒေါ်ဖြစ်သူကိုလည်း ကြည်ဖြူပုံရပြီး “အ…” ဟု အသံပြုကာ ပြန်ပြောလေသည်။
ထိုအခါ မင်းသမီးကြီးမှာ ထပ်၍ ချီးကျူးမိပြန်တော့သည်။ “အမလေး တော်လိုက်တဲ့ အိမ်ရှေ့စံမင်းသားလေး… လူကြီးတွေနဲ့တောင် စကားပြန်ပြောတတ်နေပြီလား”
အားလုံးကလည်း သဘောတကျဖြင့် ချီးကျူးကြတော့သည်။
ထိုသို့ ကြည်နူးနေကြရင်း မင်းသမီးကြီးက သက်ပြင်းချလိုက်မိသည်။
“ဟင်း… အခုနေ မယ်တော်ကြီးသာ ရှိနေသေးရင် သိပ်ကောင်းမှာပဲ…။ အိမ်ရှေ့စံမင်းသားလေး ဒီလောက် ဉာဏ်ကောင်းပြီး တော်နေတာကို မြင်ရရင် သူ သိပ်ပျော်နေမှာ”
ထိုစကားကို ကြားလိုက်သည့်အခါ အားလုံးမှာ ငြိမ်သက်သွားကြတော့သည်။ ယန်ရှုကမူ စိတ်မကောင်းသည့်ဟန် ဆောင်ထားရတော့သည်။
မကြာမီပင် မင်းသမီးကြီးကပင် စိတ်ကို ပြန်တင်း၍ အားပေးစကား ပြောလေသည်။
“ဘာပဲ ပြောပြောလေ… မယ်တော်ကြီးရဲ့ ဝိဉာဉ်က ကောင်းကင်ဘုံကနေ အရှင်မင်းကြီးကိုရော၊ မိဖုရားခေါင်ကြီးကိုရော… အိမ်ရှေ့စံမင်းသားလေးကိုရော စောင့်ရှောက်နေမှာပါ”
ထိုစကားကို အားလုံးကလည်း ထောက်ခံကြသည်။
ထိုအချိန်တွင် ခန်းဆောင်အတွင်းသို့ ဖုဟိုင် ဝင်ရောက်လာလေသည်။ သူ၏ လက်ထဲတွင်လည်း ကြေးသေတ္တာ တစ်လုံး သယ်လာပြီး လျှောက်ထားတော့သည်။
“အရှင်မိဖုရား…အိမ်ရှေ့စံမင်းသားလေးအတွက် စုန့်ဟယ် ကျောင်းတော်က လက်ဆောင် ဆက်သလာပါတယ်…။ စစ်ဆေးကြည့်ဖို့ မိဖုရားကို ဆက်သပါတယ်…”
စုန့်ဟယ် ကျောင်းတော်။
ယန်ရှုမှာ စိတ်ထဲတွင် လှုပ်ရှားသွားမိသော်လည်း မျက်နှာထားကိုမူ ပုံမှန်ဖြစ်နေအောင် ထိန်းထားလိုက်သည်။
“ကျေးဇူးတင်ပါတယ် ဖုဟိုင်”
ထိုသို့ ပြောရင်း ရန်တုန်းအား လက်ဆင့်ကမ်း ယူခိုင်းလိုက်သည်။
ယခု ကျင်းပနေသည့် ရက်တစ်ရာပြည့် မွေးနေ့ပွဲမှာ တရားဝင် ကျင်းပခြင်းမျိုး မဟုတ်သော်လည်း နန်းတွင်း မှူးကြီး မတ်ရာများမှာ အိမ်ရှေ့စံမင်းသားလေး၏ မွေးနေ့ကို မှတ်မိနေကြသဖြင့် ဂုဏ်ပြု လက်ဆောင်ပဏ္ဍာများ အသီးသီး ဆက်သကြသည်။ ထို့ကြောင့် စုန့်ဟယ် ကျောင်းတော်မှ လာသည့် လက်ဆောင်မှာလည်း အခြားသူများအတွက် အထူးအဆန်း ဖြစ်မနေချေ။
သို့သော် အိမ်ရှေ့စံ မင်းသားလေးအတွက် စုန့်ဟယ်လို ဂုဏ်သရေရှိ ကျောင်းတော်ကြီးက ဘာများ လက်ဆောင် ပေးလေမလဲဟု လူများ စိတ်ဝင်စားနေကြသည်။
ယန်ရှုမှာ သိလိုသူများ စိတ်မပျက်စေရန် ချက်ခြင်းပင် လက်ဆောင် သေတ္တာအား ဖွင့်ကြည့်လိုက်တော့သည်။
သေတ္တာအတွင်းတွင် မက်မွန်သီးစေ့ကို အသေးစိတ် လက်ရာမြောက်စွာ ထွင်းထုထားပြီး အနီရောင်ချည်ကြိုးဖြင့် ချည်ထားသည့် အဆောင်တစ်ခုကို မြင်လိုက်ရသည်။ အိမ်ရှေ့စံမင်းသားလေးအတွက် ဘေးကင်းစေရန် ရည်ရွယ်၍ ပြုလုပ်ထားခြင်း ဖြစ်ပေလိမ့်မည်။
ထို့အပြင် “မန်စီရေ့” ရေးသားထားသည့် အဆိုအမိန့် စာအုပ်တစ်အုပ်လည်း အတူတွဲ၍ ပါလေသည်။
ယန်ရှုက စာအုပ်ကို ယူကာ ဖွင့်ကြည့်လိုက်ရာ ဆေးမှင်အနံ့ကို ရလိုက်သဖြင့် စာများမှာ ရိုက်နှိပ် ထုတ်ဝေထားခြင်းမျိုး မဟုတ်ဘဲ ကိုယ်တိုင်ရေးသားထားကြောင်း သိလိုက်ရသည်။ ရေးသားသူ၏ လက်ရေးမှာ လွန်စွာ သေသပ်လှသဖြင့် အသေအချာ အားစိုက်ထုတ်ထားမှန်း သိသာ လှသည်။
189 04
မယ်တော်ကြီးများ ကိုယ်တိုင် ရေးပေးလိုက်တာလား ဟု ယန်ရှု တွေးမိလိုက်သည်။
ထိုအခါ စစ်စတန်က [ဒါပေါ့…။ ဒီစာအုပ်ကို မယ်တော်ကြီး ကိုယ်တိုင် အပင်ပန်းခံပြီး ရေးထားတာ… မက်မွန်စေ့ကကျတော့ နင့်ရဲ့ အိုင်ဒေါ ကိုယ်တိုင် ထွင်းထုပေးထားတာ…။ ကြိုးနီ အဆောင်ကလည်း မယ်တော်ကြီးကိုယ်တိုင် အသေအချာ ချည်ပေးလိုက်တာ] ဟု ပြောလေသည်။
အိုး… ဒါတွေကြောင့်လည်း လူတွေက မသေခြင်းတရားထက် ချစ်ခြင်းတရားကို ပိုမက်မောကြတာ… ကြည့်ရတာ သူတို့ နှစ်ယောက်လုံး ပျော်နေကြပုံ ရတယ်။
ဘေးအနားတွင် ရှိနေကြသည့်သူများမှာလည်း လက်ဆောင်များကို မြင်လိုက်သည့်အခါ ပေးပို့သူတို့၏ ဖန်တီးနိုင်စွမ်းအားနှင့် အဓိပ္ပာယ်ရှိရှိ တွေးတောတတ်ပုံတို့ကို ချီးကျူးကြလေသည်။ ယန်ရှုကမူ သားတော်လေးအား မျက်စိ မှိတ်ပြလိုက်ကာ စိတ်ထဲမှ ပြောလိုက်လေသည်။
“ကြည့်… ဒီမှာ အဘွားတော်နဲ့ အဘိုးတော်တို့ဆီက သားတော်လေးအတွက် ဆိုပြီး ပို့လိုက်တာ… ဘယ်အချိန်ကတည်းက ကြိုစီစဉ်ထားကြလဲ မသိဘူး”
သားတော်လေးမှာ မိခင်ဖြစ်သူ၏ စကားကို ကြားလိုက်ရပြီး သိပ်နားမလည်သော်လည်း လက်ကို ဝှေ့ယမ်းကာ ခြေထောက်များကို ကန်ရင်း မြူးပျော်နေတော့သည်။
အိမ်ရှေ့စံမင်းသားလေး ရက်တစ်ရာပြည့် မွေးနေ့ပွဲ အပြီး နောက်တစ်နေ့တွင် နွေဦးရာသီ စတင်တော့သည်။ ဧကရာဇ်မင်းကြီးနှင့် မိဖုရားတို့မှာ သာမန် ဝတ်ရုံများကို ဝတ်ဆင်လျက် သားတော်လေးကို နန်းပြင်သို့ ခေါ်လာကြသည်။
မြင်းရထားမှာ မြို့စွန်ဖက်နားရှိ စုန့်ဟယ်ကျောင်းတော်သို့ ဦးတည်နေသည်။ လှုပ်လီ လှုပ်လဲ့ မြင်းရထားကို စီးရင်း မြူးပျော်နေသည့် မင်းသားငယ်လေးမှာ တဖြည်းဖြည်း အိပ်ပျော်သွားတော့သည်။
မကြာမီ ပြန်နိုးလာသည့်အခါ သူ့အဖို့ တစ်ခါမှ မရောက်ဖူးသည့် နေရာကို မြင်လိုက်ရသည်။
ဤနေရာတွင် ခမ်းနားလှသည့် နန်းဆောင်ကြီးများ မရှိသော်လည်း သပ်ရပ်လှပသည့် အဆောင်များရှိသည်။ နန်းတွင်း ပန်းဥယျာဉ်ကဲ့သို့ ရှားပါး သစ်ပင် ပန်းမန်များ မရှိသော်လည်း စနစ်တကျ ပျိုးထားသည့် ပန်းပင်လေးများ၊ မြက်ခင်းပြင်များ ရှိနေသည်။
ထိုအရာများထက် အရေးကြီးသည့်အချက်မှာ သူ့အား အဘွားဖြစ်သူက ပွေ့ထားခြင်း ဖြစ်သည်။ အဘွား၏ မျက်လုံးများမှာ ချစ်သည့်စိတ်များနှင့် ပြည့်နေပြီး သူ့အား နူးညံ့စွာ ခေါ်လိုက်လေသည်။
“ဟန်ကလေး နိုးလာပြီလား”
ဤလောကတွင် သူ့အား “ဟန်ကလေး” ဟု ခေါ်ရဲသူ သိပ်မရှိမှန်း မင်းသားလေး မသိပေ။
သို့သော် ဤအသံမှာ ယခင်က ကြားဖူးသလိုလို ရင်းနီးမှု ရှိနေသည်။ ထိုအသံကို ကြားလိုက်သည်နှင့် မင်းသားလေး၏ စိတ်ထဲတွင် ဖော်မပြတတ်အောင် လုံခြုံမှုတစ်မျိုးကို ခံစားလိုက်ရသည်။
ထို့ကြောင့် မင်းသားငယ်လေးက ပန်းနုရောင် ခံတွင်းကို မြင်ရလောက်အောင် ပါးစပ်ကို ဟ၍ အဘွားဖြစ်သူကို နှုတ်ဆက်လိုက်လေသည်။
“အ… အ…”
ထိုအခါ အဘွားဖြစ်သူမှာ သဘောကျလွန်းသဖြင့် နှဖူးကို ဖိနမ်းပစ်လိုက်မိတော့သည်။
“လိမ္မာလိုက်တဲ့ ကလေးလေး… မင်းရဲ့ ဖေဖေ ငယ်ငယ်တုန်းက အတိုင်း တစ်ပုံစံတည်းပဲ”
အဘွားပြောလိုက်သည့် စကားများကို နားမလည်သော်လည်း သူ့အား ပြောနေမှန်း သိသည်။
သူ့အား လူတွေ စကားလာပြောရင် အလွန်သဘောကျသည်။ အထူးသဖြင့် စကားလာပြောသူများ ပြုံးနေလျှင် ပို၍ သဘောကျသည်။
ထို့ကြောင့် သူက ပါးစပ်ကို ဖွင့်၍ ထပ်ပြုံးပြလေတော့သည်။
သို့ရာတွင် အပြုံးလွန်သွားပြီး ရယ်မောသံ ထွက်သွားတော့သည်။ အနားမှာရှိနေသည့် လူကြီးများ အားလုံးကလည်း သဘောကျသွားကြပြီး အနားသို့လာကာ ဖက်ကြ နမ်းကြတော့သည်။
ဒီနေရာမှာ ရှိနေသူအားလုံး၏ ချစ်ခြင်း မေတ္တာများမှာ သူ့အပေါ်သို့ နေရောင်ဖြာကျသကဲ့သို့ နွေးထွေးစေသဖြင့် ဒီနေရာကို သဘောကျသည်ဟု မင်းသားလေး တွေးမိလိုက်သည်။
ဒီနေရာမှာ နေရတာ အရမ်း စိတ်ချမ်းသာတယ်…။
******