အခန်း (၁၉၀-၁၉၂)
Vol. 13 Ch. 190-192
190 01
Chapter 190
နန်းတွင်း၌ ကလေးထိန်း အမျိုးသမီးများ ရှိသော်လည်း ယန်ရှုမှာ သားတော်ကို ကိုယ်တိုင် နို့တိုက်ပြီး ထိန်းရသည်ကိုသာ ကြိုက်သည်။
ဤသို့ဖြင့် အမေနှင့် သားအကြားရှိသည့် သံယောဇဉ်ကြိုးမှာ တနေ့ထက် တနေ့ ပိုမို ခိုင်မာလာပြီး သားတော်အား နို့တိုက်ချိန်သည့် သားအမိ နှစ်ယောက်အတွက် ကြည်နူးစရာ အကောင်းဆုံး အချိန်များ ဖြစ်လာတော့သည်။
ထို့ကြောင့် ယန်ရှုမှာ အစားအသောက်ကို ဂရုစိုက်ရသည်။ သားတော်အတွက် ခံရခက်စေမည့် ပူစပ်သော အစားအစာများ အအေးဓါတ်လွန်ကဲသော အစားအစာများကို ရှောင်ကြဉ်ရသည်။
ယန်ရှု စားသည့် အစားအသောက်များမှာ ယခင်နှင့်ယှဉ်လျှင် ရိုးရိုးတန်းတန်း ပိုဖြစ်လာသည်။
သားတော်လေး ကောင်းကောင်း ရှင်သန်ကြီးထွားလာစေဖို့အတွက်ဆိုလျှင် ယခုလို အစားရှောင်ရတာ ဘာမှမဖြစ်ဟု ခံယူထားသည်။ သို့သော်လည်း သားတော်လေးမှာ တနေ့ထက် တနေ့ အစားအသောက်အပေါ် ပိုပို၍ စိတ်ဝင်စားလာသည်ကို တွေ့ရသည်။ ကြာလာသည်နှင့်အမျှ နို့ချည်းစို့နေရသည်ကို မကြိုက်တော့ဟန် ပြတတ်လာပြီး လူကြီးများ စားသည့် အစာကို မျက်စောင်းထိုးလာတော့သည်။
အထူးသဖြင့် လူကြီးများ သူ့အနီးအနားတွင် စားသောက်နေသည်ကို မြင်ရသည့်အခါမျိုး၌ မင်းသားငယ်မှာ အလွန် စိတ်ဝင်စားသလို ဟန်မျိုး ပြသတတ်လေသည်။ လူကြီးများ စားနေသည်ကို စိုက်ကြည့်နေတတ်ပြီး တခါတရံ သွားရည်များပင် ကျနေတတ်သည်။
ယခုအရွယ်ကတည်းက အစားသောင်းကျန်းမည့်ပုံစံ ပြနေသည်မှာ ရယ်ချင်စဖွယ် ကောင်းနေတော့သည်။ သို့သော်လည်း အရွယ်ငယ်လွန်းနေသေးသဖြင့် ယခုတော့ နို့ကိုသာ အဓိက စို့ရဦးမည် ဖြစ်ချေတော့သည်။
ဤသို့ဖြင့် တစ်နေ့ပြီး တစ်နေ့ ထွားသထက် ထွားလာပြီးနောက် သားတော်လေး၏ လုပ်နိုင်စွမ်းမှာလည်း တိုးတက်လာတော့သည်။ ပျော်မြူးနေချိန်တွင် ယခင်က ကန်ရုံသာ ကန်တတ်သော်လည်း ယခုမူ အနားရှိ ပစ္စည်းများကိုပါ ဆွဲယူတတ်လာပြီဖြစ်သည်။
ဥပမာဆိုရလျှင် ယနေ့လို သားအမိနှစ်ဦး အတူရှိနေချိန်တွင် ယန်ရှုက သီချင်းတစ်ပုဒ်ကို ညည်းဆိုပြီး ချော့သိပ်နေသည်။ ထိုသို့ ညည်းဆိုနေရင်း ရေဆာလာသဖြင့် လည်ချောင်း စွတ်ရုံ ရေနွေးကြမ်း တစ်ငုံကို သောက်ရန် ပြင်လိုက်သည်။ သို့သော် လက်ဖက်ရည်ကြမ်းခွက် သူမနှုတ်ခမ်းနား မရောက်မီ သားတော်လေးက လှမ်းဆွဲလေသည်။
သူမက လက်ကို အမြန်ဘေးသို့ ရှောင်လိုက်သဖြင့် သူမ၏ ဝတ်ရုံပေါ်သို့သာ လက်ဖက်ရည်ကြမ်းအချို့ ဖိတ်စင်သွား၍ တော်တော့သည်။ မဟုတ်ပါက သားတော်လေး၏ လက်မှာ ရေနွေးပူပူထဲသို့ ရောက်သွားပေလိမ့်မည်။
ရန်တုန်းနှင့် အခြားသူများမှာ ရုတ်တရက်မို့ ပြာယာခတ်သွားကြပြီး အရှေ့သို့ လာ၍ မေးလေသည်။
“မိဖုရား… အပူလောင်သွားသေးလား”
ယန်ရှုက ပြန်ပြောရန် ပြင်နေစဉ် သားတော်လေးက သူ့လုပ်ရပ်သူ မကောင်းမှန်း နားမလည်ဘဲ တခစ်ခစ် ရယ်လေသည်။
ယန်ရှုမှာ ရယ်လည်း ရယ်ချင်… စိတ်လည်း ညစ်ချင် ဖြစ်သွားတော့သည်။
သူမက ရန်တုန်းအား ဘာမှမဖြစ်ကြောင်းပြောပြီးနောက် လက်ဖက်ရည်ကြမ်းခွက်ကို ဘေးတွင် ချကာ သားတော်လေးအား မျက်နှာထား တည်တည်ဖြင့် ဆူလိုက်သည်။
“သားသား… မယ်တော် ဆီက ခွက်ကို အဲဒီလို မကိုင်ရဘူး… အရမ်းပူတယ်”
သားတော်လေးမှာ သူ့အမေက စကားပြောနေသည်ကို ကြည့်ပြီး အပူအပင်မဲ့စွာဖြင့် “အ… ဝူး…” ဟု ပြန်ပြောပြီး ပြုံးနေတော့သည်။
ယန်ရှုမှာ ခေါင်းကို ရမ်းလိုက်ပြီး သားတော်လေးအား ဆုံးမရန် တွေးလိုက်သည်။
“ပြောပြမယ်… တခါတုန်းက သားတော်လေးလို အရမ်းဆော့တဲ့ ကလေးလေးတစ်ယောက် ရှိတယ်တဲ့… အဲဒီ ကလေးလေးက သူ့အမေရဲ့ လက်ဖက်ရည်ခွက်ကို လှမ်းကိုင်လိုက်တော့ သူ့ရဲ့ လက်ကလေး အပူလောင်သွားပြီး အပူဖုတွေ ထွက်သွားသတဲ့… အဲဒီမှာ ကလေးလေးက နာလို့ အရမ်းအော်ငိုရရောတဲ့”
ဇာတ်လမ်းမှာ အနည်းငယ် ရှည်သွားသဖြင့် သားတော်လေးက တခဏခန့် ငြိမ်သွားပြီးနောက် “အ… အူး… ဝူး…” ဟု ပြန်ပြောလေသည်။
ယန်ရှု - “...”
ယန်ရှုက ဤဇာတ်လမ်းမှာ သိပ်မထိရောက်သေးဟု ယူဆလိုက်ပြီး မျက်နှာထားတည်တည်ဖြင့် ဆက်ပြောတော့သည်။
“ပြီးတော့ လူကြီးတွေ စားနေတာကို လိုက်ပြီး ဆွဲတတ်တဲ့ ကောင်လေးနောက်တစ်ယောက်လည်း ရှိသေးတယ်တဲ့… တနေ့ကျတော့ အဲ့ကောင်လေးက ဗိုက်တွေနာပြီး ဗိုက်ထဲကနေ ဝဝတွေ ထွက်သွားလို့ ပိန်သွားပြီး ချစ်စရာမကောင်းတော့ဘူးတဲ့… အဲဒီအချိန်ကစပြီး ဒေါ်ဒေါ်တွေရော၊ မမတွေရော… ဘွားဘွားတို့ကရော အဲ့ကောင်လေးကို မချစ်ကြတော့ဘူးတဲ့”
ထိုစကားကို ကြားလိုက်သည့်အခါ သားတော်လေးက သူမကို တခဏမျှ ငြိမ်ပြီး ကြည့်နေသည်။ ထို့နောက် ပါးစပ်မှ တဝူးဝူးဖြင့် လက်ကလေးများကို ရမ်းကာ ပြောလေသည်။
ထိုသို့ ပြောနေသည့်ပုံစံမှာ “မယ်တော် စိတ်မပူနဲ့… သားသားရဲ့ ဝဝတွေက အထဲမှာ ပိတ်ထားတာ အပြင်ကို ထွက်သွားလို့မရဘူး” ဟု ပြောနေသလို ထင်ရတော့သည်။
ယန်ရှု - “...”
190 02
ကြည့်ရတာ ချောက်လို့မရဘူး ထင်ပါရဲ့…။ ထို့ကြောင့် သူမက ချော့ပြောသည့် နည်းကို သုံးကြည့်ရန် ကြိုးစားလိုက်သည်။ သူမက သက်ပြင်းချလိုက်ပြီး
“မယ်တော်က အခုနက လက်ဖက်ရည်ကြမ်း သောက်နေတာ… လက်ဖက်ရည်ကြမ်းက ခါးတယ်…. သားသား ကြိုက်မှာ မဟုတ်ဘူး…။ မယ်တော်က သားသားကို နို့တိုက်ရတော့ အစားအသောက်ဆို အပူအစပ်အငန်ရှောင်ပြီး စားနေတာ… အဲဒါတွေက အရသာမရှိဘူး…။ မယ်တော် ဘယ်လောက် ဆင်ခြင်နေရတယ်ဆိုတာ သားသား မသိပါဘူးကွယ်” ဟု ပြောလိုက်သည်။
ပြောပြီးသည့်အခါ သားတော်လေးအားကြည့်လိုက်ရာ ပြုံးမနေတော့သည်ကို သတိထားမိလိုက်သည်။ ထို့နောက် ကလေးလေးက ငြိမ်ပြီး ကြည့်နေပြီးနောက် “အ…” ဟု အသံတစ်ချက်ပြုကာ သူမအား လှမ်းချော့လေသည်။
အိုး… ချော့ပြောရင်ကျ ရသားပဲ။
ယန်ရှုမှာ အားတက်သွားပြီး သားတော်လေးအား ဆက်၍ ပြောပြလေသည်။
“သားသားသိလား… အရှေ့ဖက်လမ်းမှာ သိုးသား အကင်ဆိုင်အသစ် ဖွင့်တယ်တဲ့… သိုးတွေကို မြောက်ပိုင်း သိုးခြံကနေ ဝယ်တာလို့ ကြားတယ်…။ အသားက နူးညံ့ပြီး မညှီဘူးတဲ့… လတ်လတ်ဆတ်ဆတ် ရှိပြီး နေတိုင်း အသေအချာ ကင်ပေးတယ်တဲ့…။ ပြောရရင် သိုးသားက မီးဖိုပေါ်မှာ ရဲနေပြီးတော့ နံနံစေ့ရယ်၊ ဆားရယ်၊ ငရုတ်သီးမှုန့်ရယ် ဖြူးထားတာဆိုတော့ အရမ်းအရသာရှိမှာ… မယ်တော်သာ စားခွင့်ရလိုက်ရင်တော့ ပေါင်တစ်ချောင်းရယ်… တုတ်ထိုးကင် အချောင်း ၂၀ လောက်တော့ အသာလေးပဲ…။ ဂျုံပြားမီးဖုတ် နှစ်ချပ်လောက်နဲ့သာ စားလိုက်ရရင် ပိုတောင် ကောင်းသေး… ဘာလို့လဲဆိုတော့ အဲဒီ ဂျုံပြားတွေက သိုးသား အဆီတွေနဲ့ လူးထားပြီး ရွှေဝါရောင် ဖြစ်လာတဲ့အထိ မီးဖုတ်ထားတာ အတွင်းသားက ကျွတ်ကျွတ်လေး… ပြီးရင် မီးကင်ထားတဲ့ ဂျုံမုန့်ပြားကို ဓါးနဲ့ ခွဲ… နည်းနည်းလောက် ဆွဲဟလိုက်ပြီးရင် အထဲမှာ သိုးသားကင်တွေ အစာသွပ်ပြီး လုပ်ထားတာ…။ တကိုက်လောက် ကိုက်လိုက်ရုံနဲ့တင်ကို အပြင်က ကျွတ်ကျွတ်ရွရွအရသာရော အတွင်းသား မွှေးမွှေးလေးကိုရော သိုးသားကင် အရသာလေးရော သုံးမျိုးလုံး ခံစားလို့ရတယ်… အရမ်း ကောင်းတာ!”
သူမ ထိုသို့ ပြောလိုက်သည့်အခါ သားတော်လေးမှာ ခါတိုင်းလို “အ…” ဟု အသံမပြုနိုင်လောက်အောင်ပင် စိတ်ဝင်စားပြီး ငြိမ်နေသည်ကို သတိထားမိလိုက်သည်။
သို့သော် ယန်ရှုမှာ စိတ်ကူးယဉ်ကောင်းနေပြီ ဖြစ်သဖြင့် ဆက်၍ ပြောလေသည်။
“ဪ… ပြီးတော့ ဂွမ်းဈေးလမ်းက ဓါးလှီးခေါက်ဆွဲဆိုင်လည်း ရှိသေးတယ်… ခေါက်ဆွဲဖက်လေးတွေက ပါးပါးသွယ်သွယ် ချောချောလေးတွေ… ဝါးလို့ကောင်းတယ်… အပေါ်မှာက အသားပြုတ်ရည်အနှစ်တွေ စမ်းထားပြီးတော့ ရောမွှေထားတာ… စားလို့ ကောင်းမှ ကောင်း! မယ်တော်ဆို တခါစားရင် သုံးပန်းကန်ပဲ”
ဤတစ်ကြိမ်တွင်တော့ သားတော်လေးမှာ စိတ်ပြန်ဝင်လာပြီ ဖြစ်သဖြင့် ဝူးဝူးဝါးဝါးလုပ်ကာ ပြန်ပြောလေသည်။
သူ့မယ်တော်က ဆက်၍ ပြောနေသည်။
“သားသားလည်း စားကြည့်ချင်တယ် မဟုတ်လား။ နောက်ကျရင် အတူတူ သွားစားကြတာပေါ့”
ထိုအခါ သားတော်လေးက “အ…” ဟူသည့် အသံကို အားရပါးရ ပြုလေသည်။ လက်နှစ်ဖက်ကိုလည်း ဝှေ့ရမ်းကာ ခြေနှစ်ဖက်ကိုလည်း မြူးတူးစွာ ကန်နေတော့သည်။
ထိုစဉ် ယန်ရှုက စကားပြောနေသည်ကို တုံ့ခနဲ ရပ်ကာ တခဏမျှ တွေးနေမိပြီးနောက် ဆက်ပြောလေသည်။
“ဟုတ်သားပဲ… သားသားက အသားတို့ ခေါက်ဆွဲတို့ စားလို့မှ မရသေးတာ… အဲကျတော့ စားလို့ ရတဲ့ အချိန်အထိ စောင့်ပေဦးပေါ့”
သူမမှာ စိတ်ကူးယဉ်ကောင်းပြီးခါမှ နင်သွားသလို ခံစားလိုက်ရသည်။ သားသား မစားနိုင်သေးလျှင် သူမလည်း စားလို့ မရသေးပေ။
သူမ၏ စိတ်ခံစားချက်များကို သတိထားမိသွားသည့် သားတော်လေးက တချက်ငြိမ်သွားပြီးနောက် နှုတ်ခမ်းကို စူကာ မကျေနပ်သံ ပြုလေတော့သည်။
ယန်ရှုက သက်ပြင်းကို ချလိုက်ပြီး “အမလေး… သားသား မကျေနပ်လည်း မယ်တော် ဘာမှ မတတ်နိုင်ဘူးလေ… သားသား အနည်းဆုံး အသက် တစ်နှစ်လောက် ပြည့်ပြီးမှ အဖက်ကျွေးမှာ… အဲဒီအချိန်လောက်ဆို ရပြီ…။ နောက် ရှစ်လလောက်ပဲ လိုတော့တာ ဘာမှမပူနဲ့”
ဘယ်လို။ ရှစ်လ ကြီးတောင်။
ထိုစကားကို ကြားလိုက်သည့်အခါ ခန်းဆောင်ထဲရှိ လူအားလုံးမှာ အိမ်ရှေ့စံမင်းသားလေးအတွက် သနားသွားကြသည်။
ဟုတ်လည်း ဟုတ်သည်လေ… အိမ်ရှေ့စံမင်းသားလေးမှာ ယခုမှ အသက် လေးလသာရှိသေးသဖြင့် ရှစ်လ အချိန်အတိုင်းအတာဆိုသည်မှာ သူ့အသက် နှစ်ဆခန့် ဖြစ်နေပေတော့သည်။ ထိုကြောင့် အိမ်ရှေ့စံ မင်းသားလေးအဖို့ စောင့်ရပေဦးမည်။
သူတို့ ထိုသို့ တွေးနေစဉ် အိမ်ရှေ့စံမင်းသားလေးမှာ ရုတ်တရက် ထငိုလိုက်ပြီး မကျေနပ်မှုကို ပြသ လေတော့သည်။
သို့သော် နို့တိုက်ချိန်ရောက်နေပြီ ဖြစ်သဖြင့် ယန်ရှုက အစေခံများ အားလုံးကို အပြင်သို့ ထွက်ခိုင်းလိုက်တော့သည်။ ထို့နောက် အဝတ်ကို လှပ်ကာ နို့တိုက်လိုက်ပြီး ချော့နေမိသည်။
“မလောပါနဲ့ သားသားရဲ့ … ။ ရှေးလူကြီးတွေ ပြောဖူးတယ်… မျှော်လင့်ချက်ရှိရင် စိတ်အားရှိတယ်တဲ့…။ အခုတော့ နို့ပဲ သောက်ဦး… အဲဒါမှ အားရှိပြီး မြန်မြန် ကြီးလာမှာ… ပြီးရင် သိုးသားကင်တွေ ဓါးလှီးခေါက်ဆွဲတွေ စားလို့ရပြီ”
သားတော်လေးမှာ နို့စို့နေရင်း တအင်းအင်းလုပ်ပြီး မကျေနပ်သံကို ပြုနေသေးသည်။
~~
190 03
ဤသို့ဖြင့် အချိန်များ တရွေ့ရွေ့ကုန်လာပြီး မင်းသားလေးမှာ အသက် ခြောက်လ အရွယ်သို့ ရောက်လာသည့်အခါ အချို့သော ဆန်ပြုတ် အမျိုးအစားများကို သောက်နိုင်လာလေပြီ။
ပထမ အကြိမ် သောက်ရသည့်အခါ သားတော်လေးမှာ အလွန်ပင် ရွှင်မြူးနေတော့သည်။ ပန်းကန် တစ်ဝက်ခန့်ကို တထိုင်တည်းနှင့် သောက်ပစ်ပြီး “အ… အ…” ဟု အသံပြုကာ သူ့အမေနှင့် စကားလှမ်းပြောနေတော့သည်။ “သောက်လို့ ကောင်းလိုက်တာ… မနက်ဖြန်လည်း သောက်ဦးမယ်” ဟု ပြောနေဟန် ရှိလေသည်။
ဤသို့ ဆန်ပြုတ်ကို နေ့အတော်ကြာ ငြီးငြူခြင်းမရှိဘဲ ဆက်တိုက်သောက်နိုင်ခြင်းကြောင့် အတော် စားနိုင် သောက်နိုင်မည့်သူ ဖြစ်ကြောင်း သိနိုင်ပေသည်။
ဒီလို ကောင်းကောင်းစားတတ်သည့် ကလေးတွေ အထွားမြန်သည်ဟူ၍ ကလေးထိန်း အမျိုးသမီးများနှင့် နန်းတွင်း အပျိုတော်များမှာ ချီးကျူးမဆုံး ဖြစ်နေတော့သည်။ ဤသို့ စားပုံ သောက်ပုံမျိုးနှင့်ဆိုလျှင် အိမ်ရှေ့စံမှာ တနေ့နေ့ ကျန်းမာ သန်စွမ်းသည့် မင်းသားလေးအဖြစ်သို့ ကြီးပြင်းလာလိမ့်မည်ဟု ထင်ကြေးပေးကြသည်။
မင်းသားလေးမှာလည်း အကျေနပ်ကြီး ကျေနပ်လျက်ရှိနေတော့သည်။ နောက်ပိုင်း တစ်ရက်ပြီး တစ်ရက် ကြာလာသည့်အခါ ဖြည့်စွက်အစာ တစ်မျိုးပြီး တစ်မျိုးကို စမ်းစားကြည့်လာတော့သည်။ ဤသို့ဖြင့် အများခန့်မှန်းထားသည့်အတိုင်း ထွားသထက် ထွားလာပြီး ချစ်စရာလည်း ပိုကောင်းလာတော့သည်။
ဖခမည်းတော် ဧကရာဇ်မင်းကြီးမှာလည်း တစ်နေ့ တစ်နေ့ မည်မျှ အလုပ်ရှုပ်သည်ဖြစ်စေ ညနေတိုင်း ဗဟို နန်းမဆောင်သို့ စောစော ပြန်လာလေ့ရှိပြီး သားတော်လေးကို ထွေးပွေ့လေ့ ရှိသည်။
မင်းကြီးလာလျှင် ယန်ရှုလည်း အလွန်ပျော်လေသည်။
အဘယ့်ကြောင့်ဆိုသော် အရှင်မင်းကြီးမှာ သားတော်လေး အိပ်ပျော်အောင် စွမ်းဆောင်ရာတွင် ဆရာတစ်ဆူ ဖြစ်နေသောကြောင့် ဖြစ်သည်။
ယခုနောက်ပိုင်း မင်းသားလေးမှာ တဖြည်းဖြည်း ကြီးပြင်းလာသလို ခွန်အားကလည်း အင်မတန် ကောင်းလာသဖြင့် နေ့ခင်းဖက်တွင် အိပ်အောင် မနည်း ချော့သိပ်နေရသည်။ ယန်ရှုမှာ ပုံမှန်အားဖြင့် သားတော်လေးအား အိပ်ပျော်အောင် နေ့တဝက်လောက်အချိန်ယူမှ အောင်မြင်သည်။
သို့သော် အရှင်မင်းကြီးနှင့်ကျတော့ တစ်မျိုးဖြစ်သည်။ သားတော်လေးအား မင်းကြီးထံ ပေးလိုက်သည်နှင့် လက်ဖက်ရည်ကြမ်း တစ်ခွက် သောက်စာ အချိန်လောက်နှင့်ပင် အိပ်ပျော်သွားအောင် စွမ်းဆောင်နိုင်သည်။ အိပ်ပျော်ပုံမှာလည်း မိုးချိန်ပင်လျှင် မနိုးနိုင်လောက်အောင် နှစ်နှစ်ခြိုက်ခြိုက် အိပ်ပုံမျိုးဖြစ်သဖြင့် အံ့စရာပင် ကောင်းတော့သည်။
နမူနာ ပြောရလျှင် ယနေ့ညနေခင်း ယွီဝိန်းလန် ခန်းဆောင်အတွင်းသို့ ရောက်ရောက်ချင်း ယန်ရှုက သားတော်လေးအား မင်းကြီးလက်ထဲထည့်၍ “အရှင်မင်းကြီးဘုရား… မိဖုရားက မျှော်နေတာ… ရော့ သားတော်လေးကို ယူပါဦး… မိဖုရား ရေချိုး သန့်စင်လိုက်ဦးမယ်”
ထိုသို့ပြောပြီး သူမက ရေချိုးခန်းသို့ ဝင်ကာ ပန်းပွင့်စိမ်ရေကို ဇိမ်နှင့် ချိုးနေလိုက်သည်။
ယွီဝိန်းလန် - “...”
သူက လက်မောင်းထဲရှိ သားတော်လေးအား ငုံ့ကြည့်လိုက်ကာ “ဟန်ကလေးက မယ်တော်ကို ဘယ်လောက်တောင် ပင်ပန်းသွားအောင် လုပ်လိုက်တာလဲ… ဟိုမှာ ထွက်ကို ပြေးတော့တာပဲ” ဟု ပြောလိုက်လေရာ သားတော်လေးက “အ…” ဟု အသံပြုလိုက်ပြီး ရွှင်ရွှင်မြူးမြူး ပြုံးပြလိုက်သဖြင့် သွားဖုံးပေါ်၌ ထွက်ခါစ သွားငုတ်တို ဖြူဖြူလေးများကို မြင်လိုက်ရသည်။
ယွီဝိန်းလန်မှာ အလွန် အူယားသွားမိတော့သည်။ ထို့ကြောင့် ခါးကို ကိုင်းလိုက်ပြီး သားတော်လေးအား နမ်းလိုက်ကာပြောလိုက်သည်။
“ဟန်ကလေးက ပိုတောင် ထွားလာပြီပဲ… အခုတလော အများကြီး စားတယ်နဲ့ တူတယ်”
သားတော်လေးက “ဝူး… ဝါး…” ဟု လုပ်ကာ ပြန်ပြောသည်။
ယွီဝိန်းလန်က ခေါင်းကို ညိတ်လိုက်ကာ ပြန်ပြောလိုက်သည်။ “ဒါပေါ့… လူသားတစ်ယောက်ရဲ့ အကျင့်သိက္ခာကို အစားအသောက်ကို ကြည့်ပြီး ဆုံးဖြတ်လို့ ဘယ်ရမလဲ…။ စာပေပညာ တတ်မတတ်ကြည့်မှ ပြည့်စုံမှာပေါ့”
ထိုအခါ သားတော်လေးက ဘာပြောမှန်းမသိသည့် စကားများဖြင့် ပြောပြန်သည်။
“အ… အင်း… အ…”
သူ၏ ဖခမည်းတော်က နောက်ထပ် သင်ခန်းစာတစ်ခု ပို့ချရန် စကားလမ်းကျောင်းနေသည်ကို ကလေးပေါက်စလေး မသိချေ။
ဟိုးအစတုန်းက ယွီဝိန်းလန်က ရှေးပညာရှိကြီးတစ်ဦး၏ အဆိုအမိန့် ရွတ်ပြလိုက်သည်နှင့် မကြာမီ သားတော်လေးမှာ အိပ်ပျော်သွားလေ့ရှိသည်။ ထိုသို့ ပညာပေးနေစဉ် အိပ်ပျော်သွားသော်လည်း ယွီဝိန်းလန်မှာ စိတ်ဆိုးခြင်း အလျင်း မရှိချေ။ ထပ်ခါ ထပ်ခါ ပြုလုပ်ပေးလျှင် အောင်မြင်မည်ကို သူယုံကြည်သည်…။ အကယ်၍ သားတော်လေးမှာ သူပြောသမျှကို နားမလည်လျှင်တောင် ထပ်ခါ ထပ်ခါ ပြောပေးခြင်းဖြင့် လွှမ်းမိုး သင်ကြားပေးနိုင်သည်ဟု ယူဆသည်။ ဤသည်မှာ နွေဦးရာသီတွင် ကျသည့် မိုးနှင့်တူသည်။ ကမ္ဘာမြေကြီး စိမ်းလန်းစိုပြေသွားစေရန် မိုးအကြိမ်ကြိမ်ရွာ၍ ပြုပြင်ပေးရသည် မဟုတ်ပါလား…။
ပြောရလျှင် ပညာရှိကြီး ‘မန်စီရေ့’ မှ စလိုက်သည်မှာ ယခုဆိုလျှင် ပညာရှိကြီး ‘Han Feizi’ အလှည့်ပင် ရောက်နေပြီလေ။
ထို့ကြောင့် သူ့မှာ ယုံကြည်ချက်အပြည့်ရှိနေသည်။
လည်ချောင်းကို တချက် ရှင်းလိုက်ပြီး စ၍ ရွတ်လိုက်သည်။
190 04
“လူတစ်ယောက်အတွက် လုံခြုံခြင်းနဲ့ မလုံခြုံခြင်းကို ဆုံးဖြတ်ပေးတာ အဲဒီလူ ခွန်အားကြီးခြင်း၊ ခွန်အားနည်းခြင်းနဲ့ မဟုတ်ဘူး… အဲဒီလူရဲ့ လုပ်ရပ်ဟာ မှန်သလား မှားသလားနဲ့ ဆုံးဖြတ်တယ်…။ လူတစ်ယောက် အသက်ရှင် အောင်မြင်ဖို့ အရည်အချင်းအပေါ်မူတည်တယ်… လုပ်နိုင်တဲ့ အလုပ် အရေအတွက်အပေါ် မမူတည်ဘူး”
သားတော်လေးက “အ… အူး…” ဟု ပြန်ပြောသည်။
မျက်နှာထားမှာလည်း တည်တည်ငြိမ်ငြိမ်ရှိနေသည်။
ယွီဝိန်းလန်က ဆက်ပြောသည်။
“ကိုယ့်စိတ်ကို တော်ဖို့ တတ်ဖို့ တစ်ခုတည်းနဲ့ မချုပ်နှောင်ထားနဲ့… တကိုယ်ကောင်းစိတ်တွေနဲ့လည်း မချုပ်နှောင်ထားနဲ့…။ တည်ငြိမ်အေးချမ်းဖို့ သို့မဟုတ် ယိုယွင်း ပြိုလဲမဲ့ ကိစ္စတွေကို တရားဥပဒေတွေ… နည်းလမ်း ဗျူဟာတွေ သုံးပြီး ကိုင်တွယ်ရတယ်…။ အမှန်နဲ့ အမှားကို ထိန်းညှိဖို့ ဆုပေးခြင်း၊ ဒဏ်ပေးခြင်း နည်းလမ်းတွေနဲ့ ကိုင်တွယ်ရတယ်”
သားတော်လေးက တအင့်အင့်ဖြင့် ထောက်ခံသည်။
အသံကတော့ နည်းနည်း တိမ်ဝင်သွားသည်။
ယွီဝိန်းလန်က ထက်ဖိပြီး ရွတ်ဆိုပြသည်။
“အများအားနဲ့ ဘယ်အရာမဆို ဆောင်ရွက်နိုင်တယ်။ အနေနီးသူတွေဟာ လေးစားမှုနဲ့ အချင်းချင်း ဆက်နွယ်ကြတယ်… အနေဝေးတဲ့သူတွေက ကောင်းသတင်း ဂုဏ်နဲ့ ဆက်နွယ်ကြတယ်။ လူလေးစားခံရသူက ဦးဆောင်သူ အစစ်အမှန်ပဲ…”
ဒီတစ်ခါတွင်တော့ သားတော်လေးထံမှ ဘာသံမျှ ထွက်မလာချေ… မျက်ခွံများ လေးနေချေပြီ။
ယွီဝိန်းလန်က နောက်ထပ် တစ်ပုဒ်လောက် ဆက်၍ ရွတ်ပြလိုက်သည်။
“အရည်အချင်း ဘယ်လောက်ရှိရှိ ဩဇာမရှိလျှင်… ဦးဆောင်ရန် ထိုက်တန်သူ ဖြစ်သော်လည်း မထိုက်တန်သူတို့ကို ထိန်းကျောင်းနိုင်မည်မဟုတ်…။ အဲဒါကြောင့် တောင်အမြင့်ကြီးပေါ်မှာ ရှိနေတဲ့ တစ်ပေလောက်ရှည်တဲ့ သစ်သားဟာ ပေတစ်ထောင် ရှည်တဲ့ နွယ်ပန်းထက် ပိုမြင့်နေတယ်…။ တကယ်က သစ်သားက ဘယ်လောက်မှ မရှည်ပေမဲ့ နေတဲ့အရပ်က မြင့်နေလို့ ဖြစ်တယ်”
သားတော်လေးမှာ လုံးဝ အိပ်ပျော်သွားချေပြီ…။
ယွီဝိန်းလန်က ခေါင်းကို ညိတ်လိုက်ပြီး သူ့ကြိုးစားမှုများ အရာထင်သည်ဟု တွေးကာ ကျေနပ်မိနေတော့သည်။
ဟုတ်လည်း ဟုတ်သည်… ခါတိုင်း စာသုံးပိုဒ် ဖြင့် အိပ်ပျော်တတ်သည့် သားတော်မောင်က ယခု လေးပိုဒ်အထိ နားထောင်နိုင်လာပြီလေ…။
သားတော်လေးဟာ တကယ် အရည်အချင်းရှိလာမဲ့ ပုဂ္ဂိုလ်လေးပဲ။
~~
ဤသို့ဖြင့် တနေ့ပြီး တနေ့ ကုန်ဆုံးခဲ့ပြီးနောက် မင်းသားလေးမှာ အသက် ဆယ်လခန့် ရှိလာပြီး ခန္ဓာကိုယ်လည်း အတော်ထွားလာပြီ ဖြစ်သဖြင့် ယန်ရှုက နို့မတိုက်တော့ချေ…။
သားတော်လေးမှာ အဖက်များ တော်တော် စားနိုင်လာပြီ ဖြစ်သဖြင့် ကလေးထိန်း အမျိုးသမီးကလည်း နို့တိုက်ရန် မတိုက်တွန်းတော့ပေ။
ဆောင်းဦး ရာသီသို့ ရောက်ပြီဖြစ်သဖြင့် ရာသီဥတုလည်း အေးလာပြီဖြစ်သည်။ ထို့ကြောင့် အပြင်သို့ မထွက်နိုင်တော့ဘဲ နန်းတွင်း စားဖိုဆောင်ကိုသာ သိုးပေါင်သား ကင်ရန် ခိုင်းလိုက်တော့သည်။
ဟီဟီ… ဆယ်လလောက် အောင့်ထားခဲ့ရတာ… အခုမှပဲ အရင်လို စိတ်ရှိတိုင်း စားရတော့မယ်!
နန်းတွင်း စားဖိုမှူးတို့၏ လက်ရာမှာ ပြောစရာမလိုလှအောင် ကောင်းပေသည်။
လတ်လတ်ဆတ်ဆတ် ကင်ထားသည့် သိုးပေါင်သားကို ရှာလကာရည်ဖြင့် ကြိုစိမ်ထားပြီး နံနံစေ့… ငရုတ်မှုန့်တို့ဖြင့် ဖြူးထားသည်…။ အပြင်သားမှာ ကျွတ်ရွနေပြီး ပျားရည်လိုလို ချိုမြမြအရသာကို ခံစားရသည်မှာ နှစ်သက်ဖွယ်ရာကောင်းလှသည်။
သူမ အငမ်းမရစားနေချိန်တွင် ဘေးတွင်ရှိနေသည့် မင်းသားလေးမှာ တဖြည်းဖြည်း မကျေမနပ် ဖြစ်လာတော့သည်။ မိခင်ဖြစ်သူက အားရပါးရစားနေသည်ကို ကြည့်ပြီး သူ့မှာ ဗိုက်ပင် ဆာလာတော့သည်။ ထို့ကြောင့် “အ… အ…” ဟု အော်လိုက်ပြီး သူ့အတွက် လုပ်ပေးထားသည့် ခုံပေါ်တွင် မတ်တပ် ထရပ်တော့ မတတ် ဖြစ်နေသည်။
သူ့ခမျာ ရှိသမျှ အားကို ထုတ်လျက် “မယ်တော်… အဲဒီဟာက စားလို့ ကောင်းမဲ့ပုံပဲ… ဘာကြီးလဲ။ သားသားလည်း မြည်းကြည့်ချင်တယ်” ဟု ပြောနေသယောင် ရှိနေတော့သည်။
ဤသည်ကို ကြည့်၍ ယန်ရှုမှာ စိတ်မကောင်းသလို ဖြစ်လာသော်လည်း သိုးသားမှာ ကင်ထားခြင်းဖြစ်ပြီး ဆန်ပြုတ်ထဲတွင် ထည့်သလို ထုထောင်းထားခြင်းမျိုး မဟုတ်သည့်အတွက် ကျွေး၍ မဖြစ်နိုင်ပေ။ ထို့ကြောင့် အရိုးတစ်ချောင်းကိုသာ စိတ်ကျေနပ်အောင် ပေးလိုက်ရသည်။
ဘာမျှ မသိသေးသော မင်းသားလေးမှာ အရိုးကိုပင် ကျေကျေနပ်နပ် စ၍ ကိုက်ကြည့်နေတော့သည်။
ထိုသို့ ကိုက်ရန် ကြိုးစားရင်း… ပါးစပ်ကလည်း တအူးအူး လုပ်နေရင်း တွေးနေတော့သည်။
ဒီ မာနေတဲ့ဟာကြီးက တော်တော် အရသာရှိမဲ့ ပုံပဲ…။
ဒါပေမဲ့ ငါ ဘယ်လောက် ကိုက်ကိုက် ဘာလို့ စားလို့ မရသေးတာလဲ။
လူကြီးတွေ စားတဲ့ အစားအသောက်က တယ်ထူးဆန်းပါလား။
******
191 01
အပိုင်း 191
ဤသို့ဖြင့် တစ်နေ့ပြီးတစ်နေ့ ကုန်ဆုံးသွားပြီးနောက် တာ့လျန်ပြည်ကြီ’၏ အိမ်ရှေ့စံမင်းသားလေးမှာ အသက်တစ်နှစ် ပြည့်သွားလေပြီ။ မင်းသားလေးမှာ လမ်းလည်း လျှောက်တတ်လာပြီး ‘ခမည်းတော်’ ‘မယ်တော်’ ဟု ပီပီသသ ပြောတတ်လာသည်။
အရပ်လည်း ရှည်လာပြီး ယခင်က ခန္ဓာကိုယ်တွင်ရှိနေသည့် ကလေးအဆီပျော့ပျော့လေးများမှာ ယခု မာလာသဖြင့် ကြည့်လိုက်လျှင် ရွှေဖရုံသီးလေး တစ်လုံးနှင့် တူနေတော့သည်။
ရာသီဥတုကလည်း နွေးထွေးလာသဖြင့် နွေရာသီ ဝင်စပြုနေကြောင်း သိနိုင်ပေသည်။ ဤသို့ နွေးထွေးသည့် ရာသီဥတုကြောင့် ယန်ရှုနှင့် ယွီဝိန်းလန်တို့မှာ သားတော်လေးအား ခေါ်ကာ အဘွားဖြစ်သူထံ အလည်အပတ်သွားကြသည်။
သားတော်လေးမှာ ယခင်တစ်ကြိမ်ကအတိုင်း မြင်းရထားပေါ်တွင် အိပ်လျက် ပါလာသည်။ ယခင်ကအတိုင်း မြင်းရထားရပ်လိုက်သည်နှင့် နိုးလာတော့သည်။
ရထားပေါ်မှ ဆင်းလိုက်သည့်အခါ အိမ်ရှေ့စံမင်းသားလေးမှာ ယခင်က တရင်းတနီးဖြစ်ခဲ့ဖူးသည့် ခြံဝန်းတစ်ခုကို မြင်လိုက်ရသည်။ ထို့အပြင် ခြံဝန်းအဝင်ပေါက်၌ သူ၏ ချစ်လှစွာသော အဘွားတော်မှာ အပြုံးနှင့် စောင့်ကြိုနေလေသည်။
အမေဖြစ်သူက ပြုံးလျက် သူ့အား ဘေးမှနေ၍ တိုက်တွန်းနေသည်။
“ဟန်ကလေး… အဘွားဆီကို ကိုယ့်ဖာသာကို လမ်းလျှောက်သွားလိုက်…”
မင်းသားလေးက ခေါင်းညိတ်ပြလိုက်ပြီး ဘွားအေရှိရာဖက်သို့ ခပ်သွက်သွက် လျှောက်သွားရင်း နှုတ်မှလည်း “ဘွားတော်… ဘွားတော်…” ဟု ကလေးအသံလေး တစာစာဖြင့် အော်နေတော့သည်။
အိမ်ရှေ့စံမင်းသားလေး၏ အသံကို ကြားလိုက်ရသူများမှာ ရင်ထဲပင် နွေးသွားသလို ခံစားနေကြရသည်။
အဘွားဖြစ်သူမှာ ပျော်မဆုံး ပြုံးမဆုံးဖြစ်နေတော့သည်။ သူမက အနားရောက်လာသည့် အိမ်ရှေ့စံမင်းသားလေးအား ကောက်ချီလိုက်ပြီး ပြောလိုက်သည်။
“ဟန်ကလေးက လိမ္မာလိုက်တာ… ဟန်ကလေးက အရမ်း တော်တာပဲ”
ထိုအခါ ဟန်ကလေးက တခစ်ခစ်ရယ်လိုက်ပြီး ဘွားအေ ပြောသည့်အတိုင်း လိုက်ပြောလေသည်။ “တော်တာပဲ…”
ထိုအခါ အဘွားဖြစ်သူမှာ သဘောတွေကျပြီး ရယ်ပြီးရင်း ရယ်နေမိတော့သည်။ ထို့နောက် မနေနိုင်တော့ဘဲ မင်းသားလေး၏ ပါးဖောင်းဖောင်းကို အိခနဲ နမ်းလိုက်တော့သည်။
ထိုအခါ အိမ်ရှေ့စံမင်းသားလေးက သူ့ရင်ဘတ်ရှိ အိတ်ကပ်ကို နှိုက်လိုက်ပြီး မွှေနှောက်ရှာဖွေတော့သည်။ မကြာမီ အိတ်ထဲမှ ကစွန်းဥ ချိုချဉ်တစ်လုံးကို ဆွဲထုတ်လိုက်ပြီး အဘွားဖြစ်သူအား ပေးတော့သည်။
“ဘွားဘွား… ချိုချဉ်…”
အဘွားဖြစ်သူမှာ အံ့ဩသွားပြီး ပြန်မေးလိုက်သည်။
“ဒါ ဘွားတော် အတွက်လား”
ထိုအခါ ဟန်ကလေးက ခပ်သွက်သွက် ခေါင်းညိတ်ပြလေသည်။
ယန်ရှုကလည်း ဘေးမှ နေ၍ ပြောပြတော့သည်။
“ဒီနေ့မနက် အဘွားတော်ဆီ လာလည်မယ်လို့ ပြောလိုက်တော့ ဘွားဘွားကို ပေးမလို့ဆိုပြီး ဟန်ကလေးက ချိုချဉ်ကို အိတ်ကပ်ထဲ ကောက်ထည့်တော့တာပဲ…”
ထိုသို့ ကြားလိုက်သည့်အခါ မယ်တော်ကြီးမှာ ရင်ထဲတွင် နွေးခနဲ ဖြစ်သွားမိသည်။ သူမက ချိုချဉ်ကို ယူလိုက်ပြီး မြေးတော်လေးအား ပြုံးပြလိုက်သည်။
“ဘွားတော်က ဟန်ကလေးကို ကျေးဇူးတင်ပါတယ်… ဘွားတော် ဒီချိုချဉ်ကို သိမ်းထားပြီး နောက်မှ တဖြည်းဖြည်းစီ စားလိုက်မယ်နော်”
ဟန်ကလေးက သဘောတူသည့် ဟန်ဖြင့် အသံပြုလိုက်ပြီး အိတ်ကပ်အတွင်းသို့ ထပ်နှိုက်လိုက်ပြန်သည်။ ထို့နောက် နို့သစ်သီး ချိုချဉ်နှစ်လုံး ထပ်ထွက်လာပြီး သူ့အဘိုးဖြစ်သူအား ပေးလေသည်။
“ဘိုးတော်… စား…”
ချီရှုကွမ်းမှာလည်း ထင်မထားသဖြင့် အံ့ဩသွားကာ ဂုဏ်ယူသွားမိတော့သည်။
“ဪ… ဘိုးတော် အတွက်ကော ပါတာလား”
ယန်ရှုက ပြုံးကာ ပြောပြသည်။
“အဘိုးနဲ့ အဘွားက အတူတူရှိနေတာဆိုတော့ အဘွားအတွက် ယူရင် အဘိုးအတွက်လည်း တစ်ခါတည်း ပါလာတာပေါ့”
ချီရှုကွမ်းကလည်း ချိုချဉ်များကို လက်ခံယူလိုက်တော့သည်။
ချိုချဉ်များ ပေးလိုက်ပြီးသဖြင့် မင်းသားငယ်လေးမှာ အပျော်ကြီး ပျော်နေတော့သည်။ ထို့နောက် အဘွား၏ လက်ထဲမှ လူးလှိမ့်ဆင်းလိုက်ပြီး ခြံထဲတွင် လျှောက်သွားတော့သည်။
191 02
လူကြီးများ စကားဖလှယ်နေကြစဉ် ဟန်ကလေးမှာ ခြံဝန်းထဲ လှည့်လည် စပ်စုနေရင်း ခြံထောင့် တစ်နေရာတွင် လှောင်အိမ်ဖြင့် မွေးထားသည့် ဖြူဖြူဖွေးဖွေး ယုန်ကလေးများနှင့် တိုးတော့သည်။
မင်းသားလေးမှာ ငယ်ငယ်ရွယ်ရွယ်နှင့် ဗဟုသုတ ကြွယ်သဖြင့် ယုန်များကို လက်ညှိုးဖြင့် ထိုးကာ “ယုန်… ယုန်…” ဟု ပြောတော့သည်။
ထိုသို့ ပြောလိုက်သည်ကို ကြားလိုက်ရသည့် အဘွားဖြစ်သူမှာ အံ့ဩသွားပြီး အာမေဋိတ်ပြုမိတော့သည်။ “ဟန်ကလေးက ယုန်တွေကို တောင် သိနေပြီလား”
ဤသည်ကိုလည်း ယန်ရှုက အပြုံးနှင့် ရှင်းပြသည်။
“မိဖုရားက စာအုပ်တိုက်ကနေ ကလေးအတွက် ရုပ်ပုံစာအုပ်တစ်အုပ် ဆွဲခိုင်းလိုက်တာလေ… ဟန်ကလေးကတော့ အဲဒီစာအုပ်ကို နေ့တိုင်း ထိုင်ကြည့်နေတော့တာ… ပြီးတော့ နန်းတွင်း ဥယျာဉ်ထဲမှာ ဟန်ကလေးနဲ့အတူ ဆော့နေတဲ့ ယုန်တွေ ကြောင်တွေလည်း ရှိတယ်လေ… အဲဒါကြောင့် သူက သိနေတာ”
မယ်တော်ကြီးက ခေါင်းကို ညိတ်လိုက်သည်။
“သိပ်ကောင်းတာပေါ့”
ထိုနောက် ဟန်ကလေးက ခြံထောင့် တနေရာသို့ တတောက်တောက်ဖြင့် ထွက်သွားပြီး မြက်ပင်စိမ်းတချို့ကို ဆွဲဖြတ်လိုက်ပြီး လက်ဖြင့်ကိုင်ကာ ပြောတော့သည်။
“ယုန်ကလေး… ကျွေး…”
ထိုသို့ ကြားရသည့်အခါ မယ်တော်ကြီးမှာ ရယ်မိတော့သည်။
“ဟန်ကလေးက ယုန်တွေကို အစာကျွေးဖို့ပါ သိနေပြီပေါ့လေ။ တော်လိုက်တာကွယ်”
ဟန်ကလေးမှာ ယုန်တွေကို အစာကျွေးချင်သဖြင့် ယုန်ကလေးများရှိရာ လှောင်အိမ်များဖက်သို့ တတောက်တောက်ဖြင့် ပြေးသွားတော့သည်။
သူ့နောက်မှ ယန်ရှုနှင့် ယွီဝိန်းလန်တို့က လိုက်သွားကြသည်။
ပြောရလျှင် ယုန်ဖြူဖြူလေးများကို သူတို့ကလည်း အစာကျွေးချင်သောကြောင့် ဖြစ်သည်။
သားအမိသားအဖ သုံးယောက်လုံး ယုန်များကို အစာကျွေးနေစဉ် မယ်တော်ကြီးက ခြံထဲမှ ဟင်းသီးဟင်းရွက်တချို့ကို လတ်လတ်ဆတ်ဆတ် ခူးယူပြီး စမ်းရေဖြင့် စင်ကြယ်အောင် ဆေးလိုက်သည်။ ထို့နောက် ယုန်ကလေးများကို အားလုံး အတူတူ ကျွေးကြသည်။
လတ်လတ်ဆတ်ဆတ် ခူးယူလာသည့် သခွားသီးများမှာ ချို၍ ကျွတ်ကျွတ်ရွရွရှိသည်။ ဆီးချိုသီးများမှာလည်း နူးညံ့ပြီး ရနံ့ မွှေးလှသည်။ ယန်ရှုမှာ စားကြည့်ပြီး သဘောတွေကျနေတော့သည်။
“မယ်မယ်က အသီးအရွက်တွေ စိုက်တဲ့နေရာမှာ တကယ် ဆရာကျတာပဲ…။ ဒီက အသီးအနှံတွေက တော်တော် စားလို့ အရသာရှိတယ်နော်…ကောင်းလိုက်တာ”
မယ်တော်ကြီးက ပြုံးလျက် “ဒီက အသီးအရွက်တွေက တောင်ကျ စမ်းရေသုံးပြီး သဘာဝကျကျ စိုက်ထားတာဆိုတော့ အရသာက ကွဲပြားနေတာပေါ့…။ ဒါပေမဲ့ မယ်တော်ကြီးက အခုမှ စစိုက်ဖူးတာပါ… တကယ်တမ်း တာဝန်ယူပြီး အကုန်လုပ်တာက သူ…။ မယ်တော်ကြီးက တချက်တချက် ဝင်ကူရုံပဲ ကူရတာ” ဟု ပြောလေသည်။
ယန်ရှုက ချက်ခြင်းပင် ချီးကျူးလိုက်တော့သည်။ “ချီသခင်ကြီးက တကယ်ကို ဘက်စုံ တော်တာပဲနော်… အံ့ဩဖို့တောင် ကောင်းတယ်”
ဟီဟီ… ဘာလိုလိုနဲ့ ဒီနှစ်ယောက် နန်းတော်ကနေ ထွက်လာတာ တစ်နှစ်ခွဲလောက်တောင် ရှိတော့မယ်…။ မယ်တော်ကြီးရဲ့ အသားအရေက သိသိသာသာ ပိုကောင်းလာတယ်… ဘဝ က စိတ်ချမ်းသာစရာ ကောင်းနေလို့ ဖြစ်မယ်…။
ဤမြင်ကွင်းက CP အမာခံ ပရိတ်သတ် ယန်ရှု အဖို့ အလွန် ကျေနပ်စရာ ကောင်းလှသည်။
သူမက ကြည်နူးနေစဉ် အဘိုးဖြစ်သူနှင့် ဆော့ကစားနေသည့် သားတော်လေးက ပန်းတစ်ပွင့်ကို ကိုင်လျက် သူမထံသို့ ပြေးလာလေသည်။
“မယ်တော်… ပန်း…”
ယန်ရှုမှာ အလွန် သဘောခွေ့သွားပြီး ပန်းပွင့်ကို ယူလိုက်ကာ သားတော်လေး၏ ပါးကို ဖိနမ်းပစ်လိုက်သည်။
“ကျေးဇူးပါ သားသားရေ… မယ်တော် အသည်းကျော်လေး”
ထိုသို့ ပြောလိုက်သည့်အခါ ဟန်ကလေးက တခစ်ခစ် ရယ်လေသည်။
ထိုစဉ် ယွီဝိန်းလန်က ဘေးမှ လှမ်းပြောတော့သည်။
“ဟန်ကလေး… ခမည်းတော်ကိုရော မေ့နေပြီလား”
သားတော်လေးက တခြားသူအားလုံးအား တခုမဟုတ် တခု ပေးနေသော်လည်း သူ့အား ယခုအထိ ဘာမျှ မပေးသေးပေ။
သားတော်လေးက သူ့ကို သတိရော ရရဲ့လား။
ထိုစကားကို ကြားလိုက်သည့်အခါ ဟန်ကလေးမှာ တချက် ငြိမ်သွားသည်။
သို့သော် အသက် တစ်နှစ်ခွဲခန့် အရွယ်ရှိသည့် မင်းသားငယ်မှာ ထိုမေးခွန်းကို နားမလည်ဘဲ ဖြစ်နေတော့သည်။
ထိုအခါ ယန်ရှုက ဘေးမှ နေ၍ သားတော်လေးအား တွန်းအားပေးလေသည်။
“ဟန်ကလေးက ခမည်းတော်ကိုရော ဘာပေးမှာလဲ”
ထိုအခါမှ ဟန်ကလေးက သဘောပေါက်သွားပြီး သူ့အဖေဆီသို့ ပြေးသွားကာ လက်နှစ်ဖက်ကို ဆန့်တန်းလိုက်ပြီး “ဖက်…” ဟု ပြောတော့သည်။
ယွီဝိန်းလန်မှာ အံ့အားသင့်သွားသည်။ တခြားသူတွေကျ လက်ဆောင်ရပြီး သူကကျတော့ ဖက်ရုံပဲ ဖက်ရမှာလား။
သို့သော် ချစ်စရာကောင်းလှသည့် သားတော်လေးက ဖက်ခိုင်းသည်ကို မငြင်းဆန်နိုင်ပေ…။ ထို့ကြောင့် သူက ခါးကို ကိုင်းလိုက်ကာ ကောက်ချီလိုက်သည်။
ထိုအခါ သားတော်လေးက သူ့ခေါင်းကို သိုင်းဖက်လိုက်ပြီး သူ့ပါးကို နမ်းလေသည်။
ယွီဝိန်းလန်မှာ အံ့ဩပြီး ငြိမ်သွားမိသည်။ ယန်ရှုက ရယ်၍ ပြောတော့သည်။
191 03
“ဟယ်… သားသားက ခမည်းတော်ကို အနမ်းပေးတယ်ပေါ့”
မယ်တော်ကြီးကလည်း အတူရယ်မိလိုက်သည်။ “တော်တော် လည်တဲ့ ကောင်ကလေးပဲ”
ဟန်ကလေးမှာလည်း တခစ်ခစ်နှင့် ရယ်မဆုံးဖြစ်နေတော့သည်။
မင်းသားလေး၏ ရယ်သံမှာ ကြားရသူ လူကြီးများအဖို့ တောင်ကျ စမ်းရေ စီးဆင်းနေသည့် အသံကဲ့သို့ သာယာလှပေသည်။
ယွီဝိန်းလန်ကလည်း ပြုံးလျက် သားတော်လေးအား ပြန်၍ နမ်းလိုက်တော့သည်။
သူ့အမေကျနေတာပဲ တကယ် လည်တဲ့ ကောင်လေး။
သားအမိ သားအဖ သုံးယောက်လုံး တညနေခင်းလုံး တောင်ပေါ်၌ အေးဆေးသက်သာစွာ နေကြပြီး ညစာ စားပြီးသည့်အခါ နှုတ်ဆက်ကာ ပြန်လာကြသည်။
ခြံဝန်းမှာ ပြန်လည် ငြိမ်သက်သွားပြီး မယ်တော်ကြီးမှာ ပန်းကန်များကို ဆေးကြောရန် ထွက်လာစဉ် ရေကန်၌ ချီရှုကွမ်းက ဦးစွာရောက်နေပြီး အိုးခွက် ပန်းကန်များကို ဆေးကြောနေသည်ကို မြင်လိုက်ရသည်။
ထိုအခါ သူမက အလျင်အမြန်လျှောက်သွားလိုက်ပြီး ပြောရတော့သည်။ “ဒီနေ့ စားစရာကို ရှင်ပြင်တာဆိုတော့ ကျွန်မ ပန်းကန်တွေ ဆေးပေးမယ်လေ”
ထိုအခါ “လက်က နုနုဖက်ဖက်လေးနဲ့ မလုပ်ပါနဲ့… ကိုယ်ပဲ လုပ်ပါ့မယ်” ဟု ငြင်းတော့သည်။
မယ်တော်ကြီးက ပြုံးလျက် “ဘာတွေ နုနုဖက်ဖက် ဖြစ်နေလို့လဲ။ အခုက အရင်လိုမှ မဟုတ်တော့တာ” ဟု ပြန်ပြောလိုက်သည်။
ချီရှုကွမ်းက “အရင်ကနေနေ အခုနေနေ မင်းက ကိုယ့်ရဲ့ ရင်ထဲမှာ ဘယ်တော့မှ မပြောင်းလဲဘူး… ဒီလို အလုပ်ကြမ်းတွေကို ကိုယ်ပဲ လုပ်လိုက်ပါ့မယ်ကွယ်” ဟု ပြောကာ ငြင်းဆန်လေသည်။
မယ်တော်ကြီးက တချက်ငြိမ်သွားပြီး သက်ပြင်းကိုချလိုက်ကာ ပြန်ပြောလိုက်သည်။ “အမလေး ရှင်က ကျွန်မကို မြှောက်နေပြန်ပါပြီ… ကျွန်မက ငယ်တော့တာလည်း မဟုတ်”
ထိုအခါ သူက ပြန်ပြောလေသည်။ “ပေါက်တတ်ကရ… မင်းက မအိုသေးပါဘူး… ကိုယ့် ရင်ထဲမှာ ငယ်ငယ်တုန်းက လိုပဲ”
ဒီလူကတော့လေ… တဖက်လူ ရှက်လာအောင် ပြောတဲ့နေရာမှာတော့ တနေ့ထက် တနေ့ ပိုပို တော်လာတယ်။
မယ်တော်ကြီးက ပြုံးပြီးနောက် “တော်တော် အပြောကောင်းတယ်” ဟု ပြောလိုက်တော့သည်။
ချီရှုကွမ်းကလည်း ဘာမှ ပြန်မပြောတော့ဘဲ တဖက်သို့လှည့်ကာ အိုးခွက်ပန်းကန်များကို ပြုံးလျက် ဆေးနေတော့သည်။
အတန်ကြာလာသည့်အခါ မယ်တော်ကြီးက “ဒါနဲ့ ကျောင်းတော်ကြီးက လယ်ယာစိုက်ပျိုးရေးကာလ ပိတ်ဦးမှာ မဟုတ်လား… အဲဒီအချိန်ကျရင် လန်ယာ နယ်ဖက်ကို ခနလောက် ပြန်ကြမယ်လေ” ဟု အကြံပြုလိုက်သည်။
ထိုအခါ ချီရှုကွမ်းက တချက် တွေသွားပြီး မေးလိုက်သည်။ “ဘာလို့ လန်ယာကို သွားချင်တာလဲ”
မယ်တော်ကြီးက သက်ပြင်းချကာ ပြောလေသည်။ “ရှင် အဲဒီကနေ ထွက်လာတာ နှစ်နှစ်တောင် ရှိနေပြီလေ… မိဘတွေကို ကန်တော့ဖို့ ခဏလောက် ပြန်ပါဦးလား… ပြီးတော့ လန်ယာက သိပ်ဝေးတာလည်း မဟုတ်ဘူး… မြန်မြန်သွားရင် အသွားအပြန် လဝက်လောက်ပဲ ကြာမယ် ထင်တယ်”
သူက ပြောတော့သည်။ “လဝက်လောက်နဲ့ အသွားအပြန်လုပ်မယ်ဆိုရင် မယ်မင်း အတော် ပင်ပန်းမှာပေါ့”
မယ်တော်ကြီးက လက်မခံပေ။ “ဘာလို့ ပင်ပန်းရမှာလဲ။ ခုဏက ပြောတော့ ကျွန်မ မအိုသေးဘူးဆို။ ဒါမှမဟုတ် ရှင်က ရှင့်မိဘတွေနဲ့ ကျွန်မကို မတွေ့ပေးချင်လို့လား” ဟု မေးလေတော့သည်။
ထိုအခါ ချီရှုကွမ်းက ပြာပြာသလဲ ငြင်းရလေသည်။ “အဲဒီလိုလည်း မဟုတ်ရပါဘူးကွယ်”
မယ်တော်ကြီးက ပြောသည်။ “ဒါဆိုလည်း သွားမယ်… ကျွန်မက ဒီမြို့တော်ကြီးမှာ နေလာတာ အတော်ကြာနေပြီဆိုတော့ အပြင်လောကထဲလည်း ထွက်ကြည့်ချင်သေးတယ်”
နောက်ဆုံးတွင် ချီရှုကွမ်းက ခေါင်းညိတ်ကာ သဘောတူလိုက်ရတော့သည်။
“အင်းပါ… ပြန်ကြတာပေါ့… မနက်ဖြန် ပြင်ဆင်စရာရှိတာတွေ ပြင်ဆင်ကြရအောင်”
ထိုသို့ ဆုံးဖြတ်လိုက်ပြီးနောက် ရက်အနည်းငယ် ကြာသည့်အခါ ကျောင်းတော်ကြီးမှာ လယ်ယာစိုက်ပျိုးရေး ကာလ ခေတ္တခဏ ပိတ်လေသည်။ လင်မယားနှစ်ယောက်မှာလည်း လန်ယာသို့ ခရီးနှင်တော့သည်။
ခရီးလမ်းတလျှောက် လုံခြုံစေရန် ယွီဝိန်းလန်က ကိုယ်ရံတော်တပ်သားတချို့ကို နောက်မှ ထည့်လိုက်ပြီး ချီရှုကွမ်းက မြင်းလှည်းကို ကိုယ်တိုင်မောင်းသည်။ လမ်းတွင် ရှုခင်းများကို ခံစားခြင်း၊ ဒေသထွက် အစားအသောက်များကို မြည်းစမ်းခြင်း စသည်တို့ ပြုလုပ်ကာ အလျင်မလိုဘဲ အေးအေးဆေးဆေး ခရီးနှင်ကြသည်။
ယန်ရှုမှာ မယ်တော်ကြီးတို့ ခရီးထွက်သည်ကို ကြားရသောအခါ အားကျနေတော့သည်။ သူမလည်း ခရီးတွေ ထွက်ပြီး ကမ္ဘာလောကကြီးကို ခံစားကြည့်ချင်သည်လေ။
ထို့ကြောင့် ညနေ မိသားစု ဆုံချိန် ရောက်သည့်အခါ သူမက သားတော်လေးအား အတည်ပေါက် တိုက်တွန်းတော့သည်။
“သားသား… စာပေ ပညာတွေ အများကြီး ကြိုးစားပြီး တော်လာအောင် လုပ်… နောက်ကျရင် မယ်မယ်တို့ ကိုယ်စား နန်းတော်ကြီးကို စောင့်ရှောက်ပေး… မယ်မယ်က သားသားရဲ့ ခမည်းတော်နဲ့အတူ ခရီးတွေ ထွက်မယ်”
အမေ့နားတွင် လဲနေသည့် ဟန်ကလေးမှာ ခေါင်းကို ညိတ်လိုက်ပြီး “အင်း… အင်း…” ဟု ပြန်ပြောလေသည်။
ထိုအချိန်၌ ကုတင်အား မှီ၍ စာဖတ်နေသည့် ယွီဝိန်းလန်က တော်ပါသေးရဲ့ဟု တွေးရင်း သက်ပြင်းတချက် ချလိုက်သည်။
ဒီတစ်ခါတော့ ငါ့ကို ခရီးထွက်ရင် ခေါ်သွားဖို့တော့ သတိရသေးသားပဲ!
191 04
ထို့နောက် မသိချင်ယောင်ဆောင်၍ မေးလိုက်သည်။ “မိဖုရားက ငါကိုယ်တော်ကို ခေါ်ဖို့ သတိရတယ်ပေါ့”
“ဒါပေါ့… မိဖုရားက မြင်းရထားမှ မမောင်းတတ်တာ…”
ယန်ရှု၏ စကားကြောင့် သူ နင်သွားသည်။
ယွီဝိန်းလန်မှာ ဘာပြောရမှန်းမသိ ဖြစ်သွားတော့သည်။ “…”
ဪ… သူ့ကို ခေါ်ဖို့ သတိရတယ်ဆိုတာ မြင်းလှည်းမောင်းခိုင်း မလို့ကိုး…။
~~
တာ့လျန်ပြည်၏ အိမ်ရှေ့မင်းသားငယ်မှာ တစ်နေ့ထက် တစ်နေ့ ပိုပို ထွားလာပြီး ပိုသိ ပိုတတ်လာ တော့သည်။
ဥပမာဆိုရလျှင် လက်တွေ့ စမ်းကြည့်… စားကြည့်… လေ့လာကြည့်ပြီးနောက် အရိုးများမှာ အသားလောက် စားမကောင်းဆိုတာကို သူသိလာသည်။ ထို့ကြောင့် သူ့အမေ သိုးသားကင်စားသည့်အခါ အရိုးကိုက်ရရုံနှင့် သူမကျေနပ်တော့ပေ။
ယခုမူ မင်းသားလေးမှာ သွား ဆယ်ချောင်းမက ပေါက်နေပြီ ဖြစ်သဖြင့် အသား စ၍ စားလို့ ရနေပြီဖြစ်သည်။ အစာစားချိန်ရောက်လျှင် အသားထောင်းနှင့် ရောနယ်ထားသည့် ထမင်း၊ ပုစွန်ထောင်း၊ ငါးထောင်း၊ ခေါက်ဆွဲ ဖြတ် စသည်တို့သည် သူ့အကြိုက်များ ဖြစ်နေတော့သည်။
ယခုနောက်ပိုင်း မင်းသားလေးမှာ လူကြီးများနှင့်အတူ ထမင်းသုံးကြိမ် အတူတူ စားနိုင်ပြီ ဖြစ်သည်။
ထို့အပြင် မင်းသားလေးမှာ သူ့ဘာသာသူ ဇွန်းဖြင့် ကော်၍ စမ်းစားကြည့်နေပြီး စစားခါစက မျက်နှာများ ပေပွနေသော်လည်း တစ်လခန့် စမ်းစားကြည့်ပြီးသည့်အခါ ပါးစပ်သို့ တည့်အောင် ထည့်တတ်လာပြီ ဖြစ်သည်။
တကယ့် အစားပါရမီရှင်လေး ဖြစ်သည်။
မင်းသားလေး၏ အရွယ်မှာ လွန်စွာ စပ်စုတတ်သော အရွယ်ဖြစ်သဖြင့် မစားဖူးသေးသော အစားအစာများကိုလည်း သိချင်စိတ်များ ဖြစ်နေတော့သည်။
ဥပမာအားဖြင့် တနေ့ နေ့လည်စာ စားချိန်တွင် ယန်ရှု အထူးမှာထားသည့် ငါးပြုတ်ဟင်း တစ်ပွဲပါလာသည်။ ဟင်းပွဲကို ချပြီးသည့်အခါ မင်းသားလေး၏ မျက်လုံးမှာ ထိုဟင်းပွဲမှ မခွာနိုင်ဘဲ ဖြစ်နေတော့သည်။
“အဲဒီဟင်းက အရောင်စုံပြီး လှလိုက်တာ… အနံ့ကလည်း မွှေးသေး… တော်တော် စားကောင်းမဲ့ ပုံပဲ” ဟု တွေးနေမိသည်။
ဒါပေမဲ့ အမေက သူပဲစားပြီး ဘာလို့ သားသားကိုကျ မကျွေးရတာလဲ။
ထိုအခါ မင်းသားလေးက လက်ကလေးကို ဆန့်တန်းပြီး ငါးပြုတ်ဟင်းကို လက်ညှိုးဖြင့် ထိုးကာ “ငါး…” ဟု ပြောလေသည်။
သူ့မိခင်က ပြန်ပြောလိုက်သည်။ “ဒီဟင်းက စပ်တယ်… သားသားစားလို့ မရသေးဘူး…။ ပန်းကန်ထဲမှာ ထည့်ပေးထားတာပဲ စားနော်…။ ဒီနေ့ အသားထောင်းကလည်း ငါးနဲ့ပဲ လုပ်ထားတာ”
မင်းသားလေးမှာ တချက်ငြိမ်သွားပြီး သူ့ပန်းကန် မကုန်သေးကြောင်း သတိရသွားသဖြင့် ဆက်၍စားနေတော့သည်။
သို့သော် မကြာမီ ငါးဟင်းကို ပြန်ကြည့်လိုက်ပြီး ပြန်တွေးမိပြန်သည်။
တော်တော်မွှေးတဲ့ ငါး… အဲဒီငါးကိုလည်း စားကြည့်ချင်တယ်…။
ဒါပေမဲ့ မယ်တော်က ငါ့ကိုမှ မကျွေးတာ… ဘယ်လိုလုပ်ရမလဲ။
ထိုသို့ မင်းသားလေး အကြံထုတ်နေစဉ် ယန်ရှုမှာ ရန်တုန်းအား စကားလှမ်းပြောနေ၍ သူ့အား အာရုံမစိုက်မိတော့ချေ။ ထိုအခါ မင်းသားလေးက အခွင့်ကောင်းယူ၍ အမေ့ ပန်းကန်ထဲမှ ငါးဟင်းကို ဇွန်းလေးဖြင့် လှမ်းနှိုက်ယူလိုက်တော့သည်။
အမြဲ သတိထားနေတတ်သည့် ရန်တုန်းမှာ ထိုအချင်းအရာကို မြင်သွားပြီး အော်လိုက်မိတော့သည်။
“ဟယ်… အိမ်ရှေ့စံမင်းသားလေး…!”
အော်ရင်း အိမ်ရှေ့စံမင်းသားလေးအား တားရန် ကြိုးစားလိုက်သည်။
ယန်ရှုကလည်း နောက်သို့ လှည့်ကြည့်လိုက်သည့်အခါ ဟင်းရည်စပ်စပ်ကို ဇွန်းလေးနှင့် ကော်ပြီး ပါးစပ်ထဲ ထည့်ရန် ပြင်နေသည့် သားတော်လေးကို မြင်လိုက်ရတော့သည်။
သူမက တားရန် ပြင်လိုက်ပြီးမှ တစ်ခုတွေးမိသွားပြီး ပြောလိုက်သည်။ “အင်း… သူ စားကြည့်ပါစေ…”
ထိုအခါ အစေခံတို့ကလည်း မတားတော့ဘဲ စောင့်ကြည့်နေကြသည်။
အိမ်ရှေ့စံမင်းသားလေးမှာ ဇွန်းကို ပါးစပ် အနားထိ ယူပြီး လျှာလေးဖြင့် လျက်ကြည့်လေသည်။
အချိန်အနည်းငယ်ကြာပြီးသည့်အခါ ကျယ်လောင်စွာ အော်ငိုလိုက်သည့်အသံကို ခန်းဆောင်တစ်ခုလုံး ကြားလိုက်ရလေတော့သတည်း။
ငါ့လျှာ… ငါ့လျှာ…!
အိမ်ရှေ့စံမင်းသားလေးမှာ လျှာတစ်ချောင်းလုံး ပူလောင်နေသလို ခံစားနေရသည်။
အဟင့်… အဟင့်… ဟင့်… အမေပြောတာ မှန်လိုက်တာ… လူကြီးတွေ စားတဲ့ စားစရာတွေက ကြောက်စရာကြီး…
******
192 01
အပိုင်း 192
လမ်းတလျှောက် ရှုခင်းများကို ခံစားရင်း၊ ဒေသထွက် အစားအသောက်များကို မြည်းစမ်းကြည့်ရင်း မယ်တော်ကြီးနှင့် ချီရှုကွမ်းတို့မှာ နန်းမြို့တော်၏ တောင်ဖက်အရပ်သို့ ခရီးနှင်လာရာ နောက်ဆုံးတွင် လန်ယာသို့ ရောက်သွားတော့သည်။
နှစ်ယောက်စလုံး ခရီးထွက်လာကြသည့် ရည်ရွယ်ချက်ကို မမေ့လျော့ဘဲ ရောက်သည်နှင့် ချက်ခြင်း မိဘများ၏ အုတ်ဂူများထံ သွား၍ ကန်တော့ကြလေသည်။
ချီမျိုးရိုး ဘိုးဘေးဘီဘင်တို့၏ ဂူသင်္ချိုင်းမှာ တောင်တစ်တောင်ပေါ်သို့ တက်ရသည့် ခရီးလမ်း တဝက်တွင် ရှိပြီး တောင်ခြေတွင် မိသားစုပိုင် အိမ်အဟောင်းတစ်လုံးရှိသည်။ ချီရှုကွမ်း နေထိုင် ကြီးပြင်းလာသည့် အိမ်လည်းဖြစ်သည်။
လန်ယာသို့ ရောက်လက်စနှင့် ထိုအိမ်ဟောင်းသို့ ဝင်ကြည့်ရန် မယ်တော်ကြီးက အကြံပြူလေသည်။ “အချိန်လည်း ရသေးတာပဲ… ကျွန်မတို့ ရှင် ငယ်ငယ်တုန်းက နေခဲ့တဲ့ အိမ်မှာ ရက်နည်းနည်းလောက် နေကြမလား”
သို့သော် ချီရှုကွမ်းမှာ တွန့်ဆုတ်နေပုံရသည်။
မယ်တော်ကြီးက သတိထားမိသွားပြီး မေးလိုက်သည်။ “ဘာဖြစ်လို့လဲ။ အိမ်နီးနားချင်းတွေ ရှေ့မှာ ကျွန်မကြောင့် ရှင်ရှက်ရမယ် ထင်လို့လား”
ချီရှုကွမ်းက မချိပြုံး ပြုံးလိုက်ပြီး ပြန်ပြောသည်။ “မဟုတ်တာ… တကယ်က ကိုယ့်ကြောင့် မင်း ရှက်သွားမှာ စိုးနေတာပါ”
“အိုး…” ဟု ရေရွတ်လိုက်ရင်း မယ်တော်ကြီးမှာ အံ့ဩသွားမိသည်။ “ဘာ့ကြောင့် ကျွန်မက ရှက်ရမှာတုန်း”
ထိုအခါ သူက ရှင်းပြသည်။ “လွန်ခဲ့တဲ့ နှစ်ပေါင်းများစွာတုန်းက ကိုယ် ရာထူးကို စွန့်ပြီး အိမ်ကို ပြန်လာတုန်းက အိမ်နီးနားချင်းတွေက ကိုယ် မဟုတ်တာလုပ်မိလို့ ရာထူးက ပြုတ်လာတာလို့ ယူဆကြတာ…။ ပြီးတော့ အိမ်ထောင် မပြုဘဲ နှစ်တွေ အကြာကြီး နေတော့လည်း မိဘအပေါ် တာဝန်မကျေတဲ့သားလို့ မြင်ကြပြန်တယ်…။ အတိုချုပ် ပြောရရင် ကိုယ့်ကို ရွာက လူတွေက သိပ် အမြင်မကြည်ကြပါဘူး”
ထိုသို့ ကြားလိုက်ရသည့်အခါ မယ်တော်ကြီးက တစ်ချက် ငြိမ်သက်သွားပြီး သူ့အား ခံစားချက်များ ရောထွေးနေသည့် မျက်နှာနှင့် ကြည်လိုက်သည်။ “လက်စသတ်တော့ ကျွန်မကြောင့် ဖြစ်ခဲ့ရတဲ့ ကိစ္စတွေပဲကိုး”
ထိုအခါ ချီရှုကွမ်းမှာ မဟုတ်ကြောင်း ငြင်းဆန်ရန် ပြင်လိုက်စဉ် သူမက သူ့လက်ကို ဆုပ်ကိုင်လိုက်ပြီး ပြောသည်။ “ရှင့်ရဲ့အမှား တစ်ခုမှ မပါလို့ အရင်အိမ်ကို မပြန်နိုင်စရာ အကြောင်း ဘာမှမရှိဘူး…။ ဘာမှ စိတ်ပူမနေနဲ့”
ထိုသို့ ပြောပြီးနောက် သူမက ဦးဆောင်၍ တောင်ပေါ်မှ ပြန်ဆင်းလိုက်သည်။
ချီမိသားစု အိမ်ဟောင်းသို့ ရောက်သည့်အခါ မယ်တော်ကြီးက ခြံဝန်းကို အကဲခတ်ကြည့်လိုက်သည်။ အိမ်အဆောင်များကို အုတ်ခဲညိုများဖြင့် တည်ဆောက်ထားပြီး ခြံဝန်းမှာ ကျယ်ဝန်းသဖြင့် ချီမိသားစုမှာ အလယ်အလတ် လူတန်းစားမျိုး ဖြစ်ရမည်ဟု ကောက်ချက်ချမိသည်။
လူမနေသည်မှာ ကြာပြီ ဖြစ်သော်လည်း ခြံဝန်းထဲတွင် ခြုံနွယ် ပေါက်ပန်းများ ထူထည်းမနေဘဲ ရှင်းလင်း သပ်ရပ်နေသည်။
ချီရှုကွမ်းက ဘေးမှ ရှင်းပြသည်။ “ဒီနယ်က ကျောင်းတော်မှာ စာသင်နေတုန်းက ပိတ်ရက်တွေဆို ကိုယ်က ဒီအိမ်ကို ပြန်လာပြီး သန့်ရှင်းရေး လုပ်လေ့ရှိတယ်…။ အခုကျတော့ နန်းမြို့တော်မှာ ရောက်နေတာ နှစ်နှစ်လောက် ရှိသွားပြီဆိုတော့ ကိုယ့်အပေါင်းအသင်းတွေနဲ့ ကျောင်းသားတွေက ကူပြီး ရှင်းလင်းပေးထားတယ်”
မယ်တော်ကြီးက ခေါင်းညိတ်ပြကာ စ လိုက်သည်။ “ဪ… ဒီလိုဆိုတော့လည်း အိမ်နီးနားချင်းတွေ ထင်သလို ရှင်က လူဆိုးကြီးလည်း မဟုတ်ပါလား”
ချီရှုကွမ်းက သဘောကျစွာ ရယ်လိုက်မိသည်။ “ကိုယ့် ဇနီးမယားက ကိုယ့်အပေါ် အခုလို အကောင်းမြင်တာကိုပဲ ကျေးဇူးတင်လှပါပြီ”
ထိုသို့ အပြန်အလှန် ခပ်မြူးမြူးလေး ပြောဆိုကြပြီးနောက် အိမ်အတွင်း အပြင် သန့်ရှင်းရေး လုပ်ကြသည်။
ခြံဝန်းမှာ ရှေးဆန်ပြီး တည်ငြိမ်အေးချမ်းသည့် အလှတမျိုးပိုင်ဆိုင်ထားသည်။ အဆောက်အဦးများကို သစ်ပင်များ ဝန်းရံထားသဖြင့် အေးမြနေပြီး သာယာနေသည်။ ထို့ကြောင့် ဤနေရာတွင် ရက်အနည်းငယ်လောက် နေထိုင်ခြင်းသည် နွေရာသီ အပန်းဖြေခြင်းတမျိုးဟုပင် ခေါ်ဆိုနိုင်လောက်သည်။
သူတို့ သန့်ရှင်းရေး လုပ်ရန် ပြင်ဆင်နေစဉ် ခြံပေါက်ဝ၌ အမျိုးသမီးတစ်ယောက် ရောက်လာပြီး စပ်စုလေသည်။ သူမက ချီရှုကွမ်းအား မြင်လိုက်သောအခါ အံ့အားသင့်သွားသည်။ “ဟယ်… ငါက ပစ္စည်းခိုးမဲ့သူတွေ ထင်နေတာ… ငါ့ရဲ့ မတ်တော်မောင် နံပါတ် (၄) ပါလား…။ ငါ့မောင်ကို နန်းမြို့တော်မှာ ရှိနေတယ် ထင်တာ… ဘယ်လိုလုပ် ကောက်ခါ ငင်ခါ ပြန်ရောက်နေတာလဲ”
ထိုအသံကို ကြားလိုက်သည့်အခါ ချီရှုကွမ်းမှာ တချက် အံ့ဩသွားပြီး မရီး နံပါတ် (၃) ကို နှုတ်ဆက်လိုက်သည်။ “ကျောင်းတော်က နွေရာသီ ကျောင်းပိတ်လို့ အဖေနဲ့ အမေတို့ အုတ်ဂူကို လာကန်တော့တာပါ”
ထိုအခါ မရီး နံပါတ် (၃) က ခေါင်းညိတ်လိုက်ပြီး မယ်တော်ကြီးအား စပ်စုသလို ကြည့်လိုက်သည်။ “ဒါနဲ့… သူက ရော ဘယ်သူပါလိမ့်”
192 02
ချီရှုကွမ်းက လည်ချောင်းကို ရှင်းလိုက်ပြီး “ကျွန်တော့် ဇနီးပါ” ဟု ပြုံး၍ ပြန်ဖြေလိုက်သည်။
မယ်တော်ကြီးကလည်း ပြုံး၍ မရီးတော်ကို နှုတ်ဆက်လိုက်သည်။ “ဟုတ်ပါတယ် မရီး… ကျွန်မက သူ့ဇနီးပါ… မျိုးရိုးကတော့ ကွမ်မျိုးရိုးပါ”
မယ်တော်ကြီးမှာ နန်းတွင်းမှ ထွက်လာပြီးသည့် နောက်ပိုင်း သူမ၏ မျိုးရိုးအမှန်ဖြစ်သည့် ကျိုးကို အသုံးပြု၍မရပေ…။ ထို့ကြောင့် နန်းတွင်း၌လည်း တခါတရံ သုံးတတ်သည့် အမေ့ဖက်မှ မျိုးရိုးအမည်ကိုသာ အသုံးပြုလိုက်သည်။
မရီး နံပါတ် (၃) ၏ မျက်နှာမှာ ရွှင်လန်းသွားသည်။ “ဟယ်… ဒါဆို ညီမက ငါ့ယောက်မလေးပေါ့…! ကြည့်စမ်းပါဦး… ငါတို့ရဲ့ မတ်တော်မောင် နံပါတ် (၄) က မိန်းမရတာတောင် ငါတို့ကို အကြောင်းမကြားဘူး…”
ချီရှုကွမ်း ဘာမျှ ပြန်မပြောရသေးမီ မယ်တော်ကြီးကပဲ ကြားထဲမှ ဝင်ပြောတော့သည်။ “အဲဒါက ကျွန်မတို့ဖက်က အားနည်းသွားတာပါ… မိသားစုကို လှမ်းအကြောင်းကြားချင်ပေမဲ့ နန်းမြို့တော်နဲ့က နည်းနည်း လှမ်းနေတော့ မလုပ်ဖြစ်ခဲ့ပါဘူး…။ အဲဒါကြောင့် အခုလို နွေရာသီ ပိတ်ရက်ကို အခွင့်ကောင်းယူပြီး ပြန်လာခဲ့ကြတာပါ”
မရီး နံပါတ် (၃) က ခေါင်းညိတ်ပြသည်။ “ဒါဆို ယောက်မလေးကလည်း နန်းမြို့တော်ကပဲပေါ့။ တယ်ဟုတ်ပါလား!”
သူမက စိတ်ရွှင်လန်းစွာဖြင့် ဆက်ပြောလေသည်။ “ငါတို့ရဲ့ မတ်တော်မောင် နံပါတ် (၄) မိန်းမရသွားတာ တကယ့် သတင်းကောင်းပဲဟယ်… ငါတို့ ဂုဏ်ပြုပွဲလေး ကောင်းကောင်း ကျင်းပရမယ်”
မယ်တော်ကြီးကလည်း စိတ်အားထက်သန်စွာဖြင့် ထောက်ခံလိုက်သည်။ “သိပ်ဟုတ်တာပေါ့… ကျွန်မတို့လည်း အဲဒီလိုပဲ တွေးနေကြတာ…။ အခုလို အချိန်လောက် ပျော်ပွဲစားလို့ ကောင်းတဲ့ အချိန်မရှိတော့ဘူး… ဒီညပဲ အားလုံးကို ဖိတ်ပြီး သောက်ပွဲလေး ကျင်းပလိုက်ရင် မကောင်းဘူးလား”
ထိုအခါ မရီး နံပါတ် (၃) က ရွှင်မြူးစွာဖြင့် သဘောတူလေသည်။ “သိပ်ကောင်းတာပေါ့… ငါ အကုန်လုံးကို သွားဖိတ်လိုက်မယ်”
ထို့နောက် သူမကပဲ ဆက်၍ ပြောသည်။ “ဒါနဲ့… ငါ့ယောက်မလေး အလုပ်ရှုပ်မှာ စိတ်မပူနဲ့နော်… ငါ တခြား မရီးတွေ ယောက်မတွေကိုရော… တူမတွေကိုရော ခေါ်ပြီး လာကူခိုင်းလိုက်မယ်”
ထိုသို့ ပြောပြီးနောက် ပြုံးရွှင်နေသည့် မျက်နှာဖြင့် အလျင်အမြန် ထွက်သွားတော့သည်။
ဤသည်ကို ကြည့်ရင်း ချီရှုကွမ်းမှာ သူတောင် ဘာမှ ပြောစရာမလိုလိုက်သဖြင့် ပြုံးနေမိတော့သည်။ “မင်းက ကိုယ့်ထက်တောင် မရီးနဲ့ အဆင်ပြေသားပဲ”
မယ်တော်ကြီးက မျက်ခုံးကို ပင့်ကာ ပြန်ကြည့်လိုက်ပြီး ပြောလိုက်တော့သည်။ “ဒီလိုပဲ ဒေသခံတွေနဲ့ အသားကျအောင် နေရတယ်လေ”
~~
ရွာသူရွာသားများ၏ အကူအညီဖြင့် တချိန်က ငြိမ်သက် တိတ်ဆိတ်နေသော ချီမိသားစု ဂေဟာမှာ လှုပ်ရှားတက်ကြွနေတော့သည်။
စားပွဲများပေါ်တွင် အိမ်နီးနားချင်းများထံမှ ဝယ်ယူထားသည့် အိမ်လက်ရာ ထမင်းဟင်းများ၊ လက်လုပ် ဝိုင်များဖြင့် ပြည့်နေတော့သည်။ ဟင်းလျာများမှာ ရိုးရိုးတန်းတန်းသာ ဖြစ်သော်လည်း စေတနာပါသဖြင့် အရသာ အစုံအလင်လည်း ပါဝင်နေသည်။
ဧည့်သည် အားလုံးမှာ ချီမိသားစုဝင် သူတို့သမီးအသစ်၏ နောက်ကြောင်းကို သိချင်နေကြသဖြင့် စားသောက်ပွဲကို အခွင့်ကောင်းယူကာ အလျှိုအလျှို လာရောက် စပ်စုကြတော့သည်။
“ယောက်မလေးတို့ မိသားစုက နန်းမြို့တော်မှာ ဘာအလုပ် လုပ်ကြတာလဲ”
“ဟန်ပန် အမူအရာကို ကြည့်ရတာ မှူးမတ်မျိုးရိုးကပဲ ဖြစ်ရမယ် မဟုတ်လား”
မယ်တော်ကြီးကလည်း တည်တည်ကြည်ကြည်ဖြင့် ပြန်ဖြေသည်။ “အခုလို အထင်ကြီးတာ ကျေးဇူးတင်ပါတယ်… ဟုတ်ပါတယ်… ကျွန်မရဲ့ ဖခင်က မှူးမတ်တစ်ယောက်ပါ…။ ဒါပေမဲ့ ဆုံးသွားတာ ကြာလှပါပြီ…။ အခုတော့ မိသားစုဝင်ရယ်လို့ မကျန်တော့ပါဘူး…။ အရင်က တစ်ခါ အိမ်ထောင်ကျဖူးပြီး မုဆိုးမ ဖြစ်နေတာ နှစ်ပေါင်းများစွာ ကြာလှပါပြီ…။ အိမ်ထောင်ဖက်ရှာပေးတဲ့ ကိုယ်စားလှယ်ကနေတဆင့် သူနဲ့ဆုံမိပြီး အခုလို အတူနေဖြစ်တာပါ”
ထိုသို့ ကြားလိုက်ရသည့်အခါ အားလုံးက ချီမိသားစုဝင် သူတို့သမီးအသစ်ဟာ မုဆိုးမဟု မှတ်ထားလိုက်ကြသည်။
သို့ရာတွင် ရွာသူရွာသားများမှာ မုဆိုးမ ဖြစ်ခြင်း မဖြစ်ခြင်းကို စိတ်မဝင်စားကြပေ။ ထို့အပြင် သူတို့သမီး အသစ်မှာ လှလည်းလှ တင့်လည်း တင့်တယ် သဖြင့် သဘောကျနေကြသည်။
ဒီလို ပြည့်စုံနေတဲ့ မိန်းမမျိုး မုဆိုးမ ဖြစ်နေတော့ရော ဘာဖြစ်တုန်း… ဟုတ်တယ် မဟုတ်လား။
အဓိက အချက်က သူတို့ရွာရဲ့ လူပျိုသိုးကြီး စွံသွားပြီလေ… အဲဒါက အရေးအကြီးဆုံးပဲ…။
အားလုံးမှာ သဘောခွေ့နေကြတော့သည်။ ယောက်မများ မရီးများက မယ်တော်ကြီးအတွက် ဆုတောင်းပေးကြသည်။ “သိပ်ကောင်းတာပဲ… ရှေ့လျှောက် အဆင်ပြေပြေ နေနိုင်ဖို့ ကြိုးစားကြပေါ့…။ ချီမိသားစုအတွက်လည်း မျိုးဆက်လေးရအောင် ကြိုးစားကြဦး… အဲဒါမှ ဦးလေးနဲ့ အဒေါ်တို့ရဲ့ ဝိဉာဉ်က တမလွန်မှာ စိတ်အေးရမှာ”
ထိုအခါ ချီရှုကွမ်းမှာ စိတ်ထဲ တင်းကျပ်သွားသလို ဖြစ်သွားပြီး တစ်ခုခု ပြောရန် ကြံလိုက်စဉ် မယ်တော်ကြီးက ရှေ့မှနေ၍ အဆင်ပြေပြေ ပြောပြလိုက်သည်။ “စိတ်မကောင်းစရာက ကျွန်မက မရီးတော်တို့ ယောက်မတော်တို့လို ကံမကောင်းဘူး… အသက်လည်း ကြီးနေပြီမို့လို့ ကလေး မရနိုင်တော့ပါဘူး”
ထိုအခါ မရီးများ ယောက်မများက ခေါင်းတညိတ်ညိတ် ဖြစ်ကုန်ကြပြီး အနည်းငယ် စိတ်ပျက်သွားကြသည်။
“အရင်ကရော ကလေးတွေ ဘာတွေ ရဖူးလား”
192 03
မယ်တော်ကြီးက ပြုံးကာ ပြန်ဖြေသည်။ “ကျွန်မမှာ မိဘအပေါ် တာဝန်ကျေတဲ့ သားတစ်ယောက်တော့ ရှိပါတယ်”
ချီရှုကွမ်းကလည်း ဘေးမှ နေ၍ ဝင်ပြောသည်။ “အဲဒီကောင်လေးက ကျွန်တော့်ကိုလည်း အရမ်း ရိုသေတယ်”
မရီးများ ယောက်မများက ခေါင်းတဆတ်ဆတ် ညိတ်လိုက်ကြပြီး ဆက်၍ မမေးကြတော့ပေ။
ဟုတ်လည်း ဟုတ်သည်လေ… မိန်းမများ အရွယ်တစ်ခုရောက်လျှင် ကလေး လိုချင်လျှင်တောင် ယူ၍ မရနိုင်တော့သည်ကို အားလုံးသိထားကြသည်။ ထို့အပြင် ယနေ့ည စားသောက်ပွဲအတွက် အိမ်နီးနားချင်းများထံမှ ဟင်းလျာများ အားလုံးကို သူတို့သမီး၏ ပိုက်ဆံဖြင့် ဝယ်ထားခြင်း ဖြစ်သောကြောင့် အလွန် ချမ်းသာမှန်း သိသာသည်။ သူတို့၏ မတ်တော်မောင် နံပါတ် (၄) အဖို့ ရှေ့လျှောက် အဆင်ပြေမှာလည်း သေချာသည်။
ထိုအချိန်၌ပင် အတန်ငယ် မူးနေသော အစ်ကို (၃) က ချီရှုကွမ်းအား ဆူတော့သည်။
“မင်းကွာ… အိမ်ထောင်ပြုတော့လည်း ငယ်တာလေးတောင် မရှာ…”
ထိုသို့ ပြောနေစဉ် သူ့မိန်းမဖြစ်သူ မရီး နံပါတ် (၃) က အော်တော့သည်။ “ဘာပြောတယ်။ ငယ်တာလေး ရှာယူရမယ် ဟုတ်လား။ ငယ်တာလေးတွေက နင်တို့လို အသက်ကြီးကြီးတွေကို ယူပြီးရင် စောစောသေအောင် ထိုင်ဆုတောင်းနေကြမှာဟဲ့ သိလား”
သူမ၏ စကားကြောင့် အစ်ကို (၃) မှာ ခေါင်းပုကာ ပါးစပ်ပိတ်သွားသဖြင့် ကျန်သူများမှာလည်း သူ့ကို ကြည့်ကာ ထ ရယ်မိတော့သည်။
မယ်တော်ကြီးကလည်း မရီးဖြစ်သူ၏ ပြောပုံကို သဘောကျစွာ ရယ်လိုက်မိသည်။ “ငယ်လင် ငယ်မယား အိုတဲ့အထိ တစိတ်တည်း တဉာဏ်တည်းတဲ့… အစ်ကို (၃) နဲ့ မရီး နံပါတ် (၃) တို့က ရှင်းရှင်းဘွင်းဘွင်း ပြောတတ်ကြတယ် ထင်ပါရဲ့…”
မရီး နံပါတ် (၃) က သူမ၏ ယောက်ျားအား ဆက်၍ ကလော်တုတ်လေသည်။ “နင့်မှာ ပိုက်ဆံလည်း မရှိ… အရည်အချင်းလည်း မရှိဆိုတော့ လယ်ပဲ လုပ်နေရလို့ တော်သေးတာ… မတ်တော်မောင် (၃) လိုသာ အရည်အချင်းရှိနေရင် နင် နောက်ထပ် မိန်းမ ငယ်ငယ်လေး ထပ်ယူဖို့ စိတ်ကူးယဉ်နေမယ် ထင်တယ်… ဟုတ်တယ် မဟုတ်လား”
ထိုစကားကို ကြားသောအခါ အစ်ကို (၃) မှာ လန့်သွားပြီး ခေါင်းကို ပြာပြာသလဲ ရမ်း၍ ငြင်းလေတော့သည်။ “ဟာ… ဟာ… အဲဒီလို မလုပ်ရဲပါဘူး”
အားလုံးမှာလည်း သူတို့ နှစ်ဦးကို ကြည့်၍ သဘောတွေကျပြီး ရယ်မောမိကြလေသည်။ ဤသို့ဖြင့် စားသောက်ပွဲမှာ ရယ်သံမောသံများဖြင့် စည်ကားသိုက်မြိုက်စွာ ရှိနေတော့သည်။
ဤသို့ဖြင့် ညနက်လာပြီး ကောင်းကင်ယံတွင် ကြယ်များ တလက်လက် ရှိနေသည့်အချိန်၌ စားသောက်ပွဲကြီး ပြီးဆုံးသွားတော့သည်။
အားလုံးကို ရှင်းလင်းသန့်စင် ပြီးသွားသည့်အခါ ချီရှုကွမ်းနှင့် မယ်တော်ကြီးတို့မှာ ခြံဝန်းထဲ၌ တဦးကို တဦးဖက်၍ ညခင်း လေပြေ အေးအေးကို ခံစားနေကြသည်။
ဝိုင်အရက်ကြောင့် မယ်တော်ကြီးမှာ စိတ်ထဲတွင် နူးညံ့ ပျော့ပြောင်းသလို ဖြစ်နေပြီး ချီရှုကွမ်း၏ ပုခုံးပေါ်တွင် ခေါင်းတင်၍ မှီထားသည်။ သူကလည်း ပြန်၍ဖက်ထားသည်။
ထိုအချိန်၌ လေပြေ အေးအေးကို ဖြတ်၍ ရနံ့မွှေးမွှေးတစ်မျိုးကို ရလိုက်သဖြင့် မေးလိုက်လေသည်။ “အဲဒါ ဘာအနံ့လဲ”
ချီရှုကွမ်းက “ကောက်ရိတ်သိမ်းတဲ့ အနံ့” ဟု ပြန်ဖြေသည်။
မယ်တော်ကြီးက ခေါင်းကို ညိတ်၍ မှတ်ချက် ပြုလိုက်မိသည်။ “မွှေးလိုက်တာ”
တခဏအကြာ ငြိမ်သွားပြီး ချီရှုကွမ်းက “ရွာသူ ရွာသားတွေက တောင်သူလယ်သမားတွေ ဆိုတော့ စကားကို ရှင်းရှင်းဘွင်းဘွင်းကြီးတွေ ပြောတတ်တယ်…။ မင်း စိတ်မဆိုးနဲ့နော်” ဟု ပြောလေသည်။
ထိုအခါ မယ်တော်ကြီးက သဘောကျစွာ ရယ်လိုက်ပြီး “ဘာလို့ စိတ်ဆိုးရမှာလဲ။ အဲဒီလို ဟန်မဆောင်တတ်ကြတော့ ပေါင်းလို့တောင် ပို အဆင်ပြေသေး” ဟု ပြန်ပြောလိုက်သည်။
ထို့နောက် သူမက သက်ပြင်းချ၍ ပြောလေသည်။ “တခြားယောက်ျားတွေက မိန်းမ ငယ်ငယ်လေးတွေကို လိုချင်နေကြတဲ့ အချိန်မှာ ရှင်ကတော့ တသက်လုံး တစ်ယောက်တည်းနေခဲ့တယ်… မိဘအပေါ် တာဝန်မကျေတဲ့သား ဆိုပြီးတော့လည်း တံဆိပ်အကပ်ခံရတယ်… နောက်ဆုံးကျတော့လည်း ကျွန်မလို မုဆိုးမ တစ်ယောက်နဲ့ပဲ အချိန်ကုန်ရတော့မယ်”
ထိုအခါ သူက သူ့မ၏ နှဖူးနှင့် ပါးတို့အား နှာထိပ်ဖျားဖြင့် တို့လိုက်ပြီး ပြန်ပြောတော့သည်။ “မယ်မင်းကသာ အံ့ဩဖို့ကောင်းတာ… ကိုယ့်လို လူမျိုးကိုမှ ယူရဲတယ်… ကိုယ့်မှာ အသက် လေးဆယ်သာ ကျော်လာတာ ပိုင်ဆိုင်မှုရယ်ဆိုလို့ တောက ဒီအိမ်တစ်လုံးပဲ ရှိတယ်”
သူမက ပြုံးလိုက်မိလေသည်။ “အံမယ်… ဒီအိမ်ကိုများ တောအိမ်ဆိုပြီး နှိမ်ရဲတယ်ပေါ့လေ။ ဒီလောက် သာယာတာ… ကျွန်မတော့ ဒီမှာ နေရတာကို သိပ်ကြိုက်တာပဲ…။ နောက်ဆို နှစ်တိုင်း ပြန်လာပြီး ခဏတဖြုတ်ဖြစ်ဖြစ် နေကြရအောင်လေ”
သူက ခေါင်းညိတ် ထောက်ခံလေသည်။ “ကောင်းတာပေါ့”
မယ်မင်း ဘာကြိုက်ကြိုက် ကိုယ်ကတော့ ကြိုက်ပြီးသားပဲ…။
~~
နန်းမြို့တော် နန်းတွင်းထဲတွင်…
ငရုတ်သီးဒဏ်ကို ခံလိုက်ရပြီးနောက် မင်းသားလေးမှာ ရက်အတော်ကြာသည်အထိ လိမ္မာသွားလေသည်။ အစားအသောက် စားချိန်တွင် လူကြီးများ၏ ဟင်းလျာများကို မျက်လုံးပင် စွေ၍ မကြည့်ရဲတော့ပေ။ မိမိအတွက် ပေးထားသည့် ပန်းကန်ကိုသာ ကုန်အောင် စိတ်ပါလက်ပါ စားတော့သည်။
သို့သော် မင်းသားလေးမှာ အရွယ်နှင့် မလိုက်အောင် ကိုယ်ချင်းစာတတ်သူ ဖြစ်လေသည်။
ဥပမာပြောရလျှင် တညနေ၌ ညစာစားနေကြစဉ် ဖခမည်းတော်မှာ စောစော ပြန်လာဖြစ်လေသည်။ မိခင်ဖြစ်သူက နန်းတွင်း စားဖိုဆောင်မှ ညစာအတွက် ဖခင်ဖြစ်သူ အကြိုက် ငရှဉ့်အစပ်ဟင်းလျာတစ်ပွဲ ပြင်ခိုင်းလိုက်သည်။
192 04
ထိုဟင်းလျာရောက်လာသည့်အခါ မင်းသားလေးမှာ ငရုတ်သီးဖက်များကို လှမ်းမြင်လိုက်ရသည်။
ထိုအခါ သူ့စိတ်ထဲတွင် သူ ငရုတ်သီးဒဏ် ခံခဲ့ရသည့် ညကို ပြန်အမှတ်ရသွားတော့သည်။
မင်းသားလေးမှာ ထိတ်လန့်သွားပြီး လက်ထဲမှာ ဇွန်းကို ဝှေ့ယမ်းကာ ဖခင် ဖြစ်သူအား သတိပေးတော့သည်။
“နာ… နာ…”
ယွီဝိန်းလန်က နားမလည်သလို ဖြစ်သွားပြီး မေးလိုက်သည်။ “ဘာဖြစ်တာလဲ ဟန်ကလေး။ ဘယ်နား နာလို့လဲ”
ထိုအခါ သားတော်လေးက သူ့လျှာကို ထုတ်ပြပြီး ပြောလေသည်။ “ပါးစပ်… နာ…”
ဟမ်။
ယွီဝိန်းလန်မှာ ပို၍ပင် နားမလည်သလို ဖြစ်လာသဖြင့် ခါးကို ကိုင်းလိုက်ပြီး သားတော်လေး၏ ပါးစပ်ကို အသေအချာ ကြည့်လိုက်ပြီး စိုးရိမ်စွာဖြင့် မေးလိုက်သည်။ “ဟန်ကလေး… ပါးစပ် ဘာဖြစ်လို့လဲ”
ထိုအခါ ယန်ရှုက ဘေးမှ ကြည့်၍ သဘောကျစွာ ရယ်လိုက်မိပြီး ရှင်းပြတော့သည်။ “ဘာမှ မဖြစ်ပါဘူး…။ ဟိုတစ်နေ့က မိဖုရားက ငါးပြုတ်ဟင်းရည်ကို စပ်စပ်လေး သောက်နေတာ…။ အဲဒါကို သူက အရမ်းမြည်းကြည့်ချင်တာ။ မိဖုရားက ပြောပါတယ် စပ်တယ်လို့… ဒါပေမဲ့ သူက မယုံဘူးလေ…။ အဲဒီမှာ မိဖုရား သတိမထားမိတုန်း နှိုက်ပြီး သောက်လိုက်တာ အခုတော့ ဘယ်လို အရသာရှိလဲ သူသိသွားပြီ”
အကြောင်းစုံကို နားလည်သွားသဖြင့် ယွီဝိန်းလန်မှာ မနေနိုင်ဘဲ ပြုံးလိုက်မိတော့သည်။
“ဪ… မပူပါနဲ့… ခမည်းတော်က စပ်တဲ့ ဟင်းတွေကို မကြောက်တတ်ဘူး”
ထို့နောက် သားတော်လေး၏ ခေါင်းကို ညင်ညင်သာသာ ပုတ်လိုက်ပြီး နူးညံ့စွာ ပြောလိုက်သည်။
“လိမ္မာလိုက်တဲ့ ကောင်လေး”
မကြာမီ ယွီဝိန်းလန်က ငါးရှဉ့်အား တူဖြင့် နှိုက်လိုက်သည်ကို မြင်လိုက်သောအခါ မင်းသားလေးမှာ ငိုချလိုက်ပြီး ခေါင်းကို ရမ်းပြတော့သည်။ “ဖေဖေ… စပ်… စပ်… ဟင့်အင်း”
ယွီဝိန်းလန်မှာ ဘာပြောရမည် မသိအောင် ဖြစ်နေတော့သည်။
သူ့သားက ငရုတ်သီးကြောင့် သူစပ်နေမှာကို စိုးရိမ်နေရှာတာ။
စိတ်ထဲ၌ နွေးထွေးသွားသလို ခံစားလိုက်ရပြီး တူကို လက်မှ ချလိုက်ကာ ချော့လိုက်တော့သည်။ “အေးပါ… မငိုနဲ့တော့နော်… ဖေဖေ မစားတော့ဘူး”
ထိုသို့ ကြားလိုက်သည့်အခါ မင်းသားလေးမှာ ငြိမ်သွားပြီး အငိုရပ်သွားတော့သည်။
အဖေလုပ်သူကလည်း စိတ်ထဲ ကြည်နူးလှသဖြင့် သားတော်လေး၏ နှဖူးကို ခပ်ဖွဖွ နမ်းလိုက်တော့သည်။
သို့သော်လည်း သူနောက်ပြန်လှည့်လိုက်သည့်အခါ ချစ်လှစွာသော ဇနီးမှာ သူ့ ငါးရှဉ့်ဟင်းကို အားရပါးရ စားနေသည်ကို မြင်လိုက်ရတော့သည်။
ယွီဝိန်းလန်က အူကြောင်ကြောင် ဖြစ်သွားတော့သည်။ “မိဖုရားစားတော့ကျတော့ သူက ဘာလို့ မငိုတာလဲ။ သူက မိဖုရားကိုကျတော့ စပ်မှာ စိတ်မပူဘူးလား”
ယန်ရှုက အားရပါးရ စားရင်း ပြန်ဖြေသည်။ “ဪ… အဲဒါက…။ အဲဒီနေ့တုန်းက မိဖုရားက ငရုတ်သီးတွေ အကုန်စားပစ်ပြီး သားတော်နဲ့ ခမည်းတော်ကို ကာကွယ်မယ်လို့ ကတိပေးလိုက်တာလေ…”
ယွီဝိန်းလန် - “…”
ထိုအချိန်၌ မျက်နှာ လုံးလုံးနှင့် သားတော်လေးမှာ ပြုံးလိုက်လေသည်။ ထို့နောက် လက်ထဲမှ ဇွန်းကို ရမ်း၍ အားပေးတော့သည်။ “မယ်တော်… တော်တယ်”
ယွီဝိန်းလန် - “ဟင်…”
******