← Chapters

အခန်း (၁၉၃-၁၉၅)

Vol. 13 Ch. 193-195

အခန်း (၁၉၃-၁၉၅)

Vol. 13 Ch. 193-195

193 01

အခန်း 193

နွေရာသီ ရောက်လာသည့်အခါ ရာသီဥတုမှာ သိသိသာသာပူလာသဖြင့် နန်းတွင်းသူ နန်းတွင်းသားများမှာ နွေရာသီဝတ် အထည်များကို စတင် ဝတ်ဆင်လာကြတော့သည်။

အထူးသဖြင့် ကလေးငယ်များမှာ အပူဒဏ်ကို မခံနိုင်သဖြင့် ယန်ရှုမှာ အထည်ချုပ်ဋ္ဌာနအား သားတော်လေးအတွက် အသားကို အေးမြစေသည့် နွေရာသီဝတ် အထည်များ ချုပ်လုပ်စေသည်။

နွေရာသီဝတ် ဝတ်ရုံအတိုလေးများကြောင့် သားတော်လေး၏ ခြေကလေး လက်ကလေးများမှာ အပြင်သို့ ထွက်နေပြီး အပူဒဏ်မှ သက်သာသွားကာ နေသာထိုင်သာရှိနေတော့သည်။

ဤဝတ်ရုံများကြောင့် သားတော်လေးမှာ ဝဝကစ်ကစ်ကလေး ဖြစ်နေသည်ကို သိသာစေပြီး ပိုချစ်စရာကောင်းနေတော့သည်။

သို့သော်လည်း အရွယ်ရောက်လာသည်နှင့်အမျှ လုပ်နိုင်စွမ်းမှာလည်း ပိုပို တိုးလာပြီး အလွန်ကဲချင်နေသဖြင့် ငြိမ်ငြိမ်မနေတော့ပေ။ နန်းတွင်း၌ တွေ့ကရာ လျှောက်တက်နေသည့် သားတော်လေးကြောင့် ယန်ရှုမှာ မောနေအောင် ထိန်းရတော့သည်။

နန်းတွင်းထဲ၌ အကူတော်များ လုံလုံလောက်လောက်ရှိနေ၍သာ တော်တော့သည်။ ယန်ရှုမှာ သားတော်လေးလည်း ကြီးသင့်သလောက် ကြီးလာပြီ ဖြစ်သဖြင့် စာရေးဆရာမအလုပ်ကို ဆက်လုပ်ရန် တွေးမိလေသည်။

အမလေး… သားတော်လေးကို မွေးပြီးကတည်းက သူ့မှာ နှစ်လ တစ်အုပ်ပဲ စာအုပ် ရေးနိုင်တော့တယ်။ စာဖတ်သူတွေကိုတောင် အားနာလာပြီ…။

သို့သော်လည်း သားတော်လေးမှာ ငယ်သေးသဖြင့် သူ့အား အဖော်လုပ်ပေးမည့် ကလေးထိန်းအကူများ၊ အပါးတော်မြဲများ ရှိနေသော်လည်း မကျေနပ်နိုင်ဘဲ တစ်ခုခုလိုချင်သည့်အခါ သို့မဟုတ် အချီခံချင်သည့်အခါ သူမအနားသို့ ပြေးလာနေဆဲ ဖြစ်နေတော့သည်။ နောက်ဆုံးတွင် ယန်ရှုက မနိုင်တော့သဖြင့် ကလေးထိန်းအကူများနှင့်အတူ ရန်တုန်းအား ထည့်လိုက်ပြီး သားတော်လေးအား နန်းတွင်း ဥယျာဉ်တော်သို့ ပို့ကာ ကစားခိုင်းထားရတော့သည်။

ထိုသို့ မင်းသားလေးတို့ တစ်အုပ်စုလုံး ထွက်သွားပြီး မကြာမီ ချန်းမင်နန်းဆောင်တွင် ရှိနေသည့် ဧကရာဇ်မင်းကြီးမှာ နန်းဆောင် အနီးအနား၌ ကလေးသံ တစာစာကို ကြားမိလေတော့သည်။

အရေးကြီး လုပ်ဆောင်စရာများ မရှိသေးသောကြောင့် မင်းကြီးကလည်း ထိုအသံလေးကို အူယားသလိုလိုဖြစ်လာသဖြင့် အပြင်သို့ ထွက်ကြည့်လိုက်မိသည်။

ထင်သည့်အတိုင်းပင် သူ၏ သားတော်လေးမှာ ကလေးထိန်းအကူ၏ လက်ကို ဆွဲကိုင်လျက် နန်းဆောင်အတွင်းသို့ ဝင်ရန် ကြိုးစားနေသည်ကို မြင်လိုက်ရသည်။ ကလေးထိန်းအကူနှင့် ရန်တုန်းတို့မှာမူ ချွေးပြန်နေကြပြီး မင်းကြီးအား အနှောင့်အယှက် မဖြစ်စေရန် မင်းသားလေးအား ကြိုးစား၍ ချော့နေကြသည်။

မကြာမီ သားတော်လေးက သူ့အား မြင်သွားသည့်အခါ ရန်တုန်းတို့ နှစ်ယောက်လုံး တား၍ မရတော့ချေ။ “ခမည်းတော်” ဟု အားရပါးရ အော်လိုက်ရင်း တခစ်ခစ်နှင့် ပြေးလာတော့သည်။

ယွီဝိန်းလန်မှာ သားတော်လေးအား ပြုံးရွှင်စွာ ကြိုလိုက်ရင်း ခါးကို ကုန်းလိုက်ကာ ပွေ့ချီလိုက်တော့သည်။

“ဟန်ကလေးက ဘာလို့ ဒီကို ရောက်နေတာလဲ”

ရန်တုန်းက အလျင်အမြန် လျှောက်တင်သည်။ “အရှင်မင်းကြီး … မိဖုရားက အရေးကြီးကိစ္စလုပ်စရာ ရှိနေလို့ ကျွန်တော်မျိုးမတို့ကို မင်းသားလေးကို ထိန်းဖို့ နန်းတွင်းဥယျာဉ်မှာ ဆော့ခိုင်းဖို့ ထည့်ပေးလိုက်တာပါ…။ ဒါပေမဲ့ ထွက်လာလို့ ဘယ်လောက်မှ မကြာသေးဘူး မင်းသားလေးက အရှင်မင်းကြီးနဲ့ တွေ့ချင်တယ်ဆိုပြီး ဒီဖက်ကို အတင်းထွက်လာတာပါ…။ ချန်းမင်နန်းဆောင်ဖက်ကို လက်ညှိုးထိုးပြီး အတင်းလိုက်ပို့ခိုင်းနေလို့ ရောက်လာတာပါ”

ဟုတ်တော့လည်း ဟုတ်သည်…။ မင်းသားလေးမှာ အသက်သာငယ်သော်လည်း အတော်များများကို သိနေပြီ ဖြစ်သည်။ ပင်မ နန်းဆောင်၊ ချန်းမင်နန်းဆောင်၊ နန်းတွင်း ဥယျာဉ် စသဖြင့် ဘယ်နားရှိသည်ကို သိနေပြီ ဖြစ်သည်။ အကယ်၍ သူ တနေရာရာသွားချင်နေပြီး လူကြီးများက လိုက်မပို့လျှင် စိတ်ဆိုးတတ်နေပြီ ဖြစ်သည်။

193 02

ယွီဝိန်းလန်မှာ ဤသည်ကို သိထားသဖြင့် ရန်တုန်းနှင့် တခြားသူများကို အပြစ်မတင်ပေ။ ထို့ကြောင့် သူက သားတော်လေးကိုသာ မေးလိုက်သည်။ “ဟန်ကလေးက ခမည်းတော်ကို လွမ်းလို့ လာတွေ့တာလား”

မင်းသားလေးက ခေါင်းကို တဆတ်ဆတ်ညိတ်လိုက်ပြီး “လွမ်း… ခမည်းတော်… ဆော့…” ဟု ပြောကာ နန်းတွင်း ဥယျာဉ်ဖက်ကို လက်ညှိုးထိုးပြတော့သည်။

မင်းသားလေး၏ အသံစာစာလေးကို ကြားရသူတို့မှာ စိတ်ထဲ သာယာမိသလို ခံစားလိုက်ကြရသည်။ ယွီဝိန်းလန်မှာ သားတော်လေး၏ တောင်းဆိုချက်ကို မငြင်းနိုင်သဖြင့် ချက်ချင်း သဘောတူလိုက်သည်။ “ကောင်းပြီလေ… နန်းတွင်း ဥယျာဉ်မှာ ဟန်ကလေးနဲ့ ခမည်းတော်နဲ့ သွားဆော့ကြတာပေါ့”

ထိုသို့ ပြောပြီး သူက သားတော်လေးအား ချီလျက် နန်းတွင်း ဥယျာဉ်ဖက်သို့ ထွက်လာလိုက်သည်။

ရာသီဥတုမှာ ပူလှပြီး နေရာတော်တော်များများမှာလည်း နေပူလွန်းသဖြင့် ယွီဝိန်းလန်က သားတော်လေးအား ထိုက်ယီရေကန်ဘေးသို့ ခေါ်လာလိုက်သည်။

ကျယ်ပြောလှသည့် ရေမျက်နှာပြင်… မျောနေသည့် မိုးမခကိုင်းများ… နူးနူးညံ့ညံ့ တိုက်ခတ်နေသည့် လေပြေလေညှင်းကလေးများက ပတ်ဝန်းကျင်ကို အေးမြစေသည်။

ထို့အပြင် ပဒုမ္မာ ကြာပန်းများလည်း ပွင့်နေသဖြင့် ကြည့်ရသည်မှာ အလွန်သာယာလှပနေတော့သည်။

သားတော်လေးမှာ ရောက်သည်နှင့် ရေကန်ထဲရှိ ကြာပန်းပွင့်များကို စိတ်ဝင်စားနေပြီး လက်ညှိုးတထိုးထိုးဖြင့် “ပန်း… မယ်တော်…” ဟု ပြောနေတော့သည်။

သားတော်လေးက ကြာပန်းကို သူ့အမေအတွက် ခူးချင်နေသည်ဟု ယွီဝိန်းလန်ကလည်း သဘောပေါက်လိုက်သည်။

ဤသို့ ငယ်ငယ်ရွယ်ရွယ်နှင့် မိဘအပေါ် သိတတ်နေသည့် သားမျိုးမှာ အလွန်ရှားလှသည်။ မိမိမှာ အဖေတစ်ယောက်အနေနှင့် သားတော်လေး၏ စိတ်ဓါတ်ကို အားပေးရန်သာ ဆုံးဖြတ်လိုက်မိသည်။ ထို့ကြောင့် သူက အပါးတော်မြဲများကို အမိန့်ပေးလိုက်သည်။ “ကြာပွင့် တစ်ပွင့်လောက် သွားခူးလိုက်ပါ”

အပါးတော်မြဲများက ချက်ချင်း နာခံလိုက်ကြပြီး လှေတစင်းဖြင့် ကန်လယ်သို့ သွားကာ အလှဆုံးဖြစ်သည့် ကြာပွင့် တစ်ပွင့်ကို ခူးယူပေးကြသည်။

ယွီဝိန်းလန်က သားတော်လေးအား ကြားပန်းကို ပေးလိုက်ရာ သွားဖြူဖြူလေးများ ပေါ်နေအောင် ပြန်ပြုံးပြတော့သည်။

ယွီဝိန်းလန်က သားတော်လေးအား နမ်းလိုက်ပြီး မေးလိုက်သည်။ “ဟန်ကလေးက ခမည်းတော်ကိုရော ဘာပေးမှာလဲ”

မေးရင်း အရင်တစ်ခေါက် မယ်တော်ကြီးတို့ထံ အလည်သွားတုန်းက အနမ်းပေးသည်ကို ပြန်သတိရလိုက်လေသည်။

ယခုတစ်ခေါက်လည်း ထိုသို့ အနမ်းပေးမည်ဟု ထင်လိုက်သော်လည်း သားတော်လေးက ကြာပွင့်ဆီမှ ပွင့်ဖက် တစ်ဖက်ကို ဖြုတ်ယူလိုက်ပြီး သူ့လက်ထဲသို့ ပေးတော့သည်။ ထို့နောက် သူက မျက်နှာထား တည်တည်နှင့်

“ခမည်းတော်… ဒါ” ဟု ပြောလေသည်။

ယွီဝိန်းလန် - “...”

သူ့အမေကိုကျ တစ်ပွင့်လုံး… သူ့ကိုကျ ပွင့်ဖက် တစ်ဖက်တည်းလား။

ထို့ကြောင့် သူက နားမလည်သဖြင့် မေးလိုက်သည်။ “ခမည်းတော်ကို ဘာလို့ အနမ်း မပေးတာလဲ”

ထိုအခါ သားတော်လေးက ပြန်ဖြေသည်။ “ယောက်ျား… နမ်း… မိန်းမ”

ဟင်…။

ယွီဝိန်းလန်မှာ မျက်လုံးပြူးသွားပြီး ပြန်မေးလိုက်သည်။ “ဟန်ကလေး ဘာပြောတယ်”

ထိုအခါ သားတော်လေးက မျက်နှာထား တည်တည်ဖြင့် “ယောက်ျား… နမ်း… မိန်းမ” ဟု ဖြေလေသည်။

193 03

ယွီဝိန်းလန်မှာ နားမလည်နိုင်ဖြစ်နေစဉ် ရန်တုန်းနှင့် အခြား အပျိုတော်များမှာ ချွေးပြန်နေကြသည်။ ရန်တုန်းက “အရှင်မင်းကြီး… မင်းသားလေးပြောချင်တာက ယောက်ျားဆိုရင် သူ့မိန်းမကိုပဲ နမ်းရမယ်လို့ ပြောချင်တာ ထင်ပါတယ်” ဟု ရှင်းပြသည်။

【ဒုက္ခပဲ… မင်းသားလေးက မိဖုရားပြောပြတာတွေကို လိုက်ပြောနေတယ်… အရှင်မင်းကြီးတော့ စိတ်ဆိုးတော့မှာပဲ…】

ယွီဝိန်းလန် - “...”

သူအခုမှ သားတော်လေး၏ စကားကို သဘောပေါက်တော့သည်။

လက်စသတ်တော့ ချစ်လှစွာသော မိဖုရားက သင်ထားတာကိုး…။

… ဒါပေမဲ့ ဘာလို့ သားတော်လေးက ဒီလောက် အရွယ်လေးနဲ့ ဒီလို ထ ပြောရတာလဲ။

ထိုအခါ လက်မောင်းပေါ်ရှိ သားတော်လေးက “ခမည်းတော်… ယောက်ျား…” ဟု ပြောလိုက်သည်။

ယွီဝိန်းလန် - “...”

ဒီတစ်ခါတော့ ရန်တုန်း ဝင်ရှင်းပြစရာ မလိုဘဲ သူ နားလည်သွားလေပြီ…။

သားတော်လေး ပြောချင်သည့် အဓိပ္ပာယ်မှာ သားတော်လေးရော သူရော ယောက်ျားဖြစ်သည်ဟု ဆိုချင်ပုံရသည်။

…မဆိုးပါဘူး… သားတော်လေးက ယောက်ျား၊ မိန်းမတော့ ခွဲတတ်နေပြီပဲ…။

သူက ပုံမှန် မျက်နှာထားဖြင့် ပြန်ဖြေလိုက်သည်။ “ဟုတ်တယ် … ခမည်းတော်လည်း ယောက်ျားပဲ… အဲဒီတော့ ခမည်းတော်က ခမည်းတော်ရဲ့ မိန်းမဖြစ်တဲ့ မယ်တော်ကို နမ်းတယ်”

ထိုသို့ ကြားလိုက်သည့်အခါ ရန်တုန်းနှင့် ကလေးထိန်းအကူများမှာ စိတ်တွင်းမှ ရေရွတ်လိုက်ကြသည်။

【မိန်းမကို ချစ်တတ်တဲ့ အရှင်မင်းကြီးလို ယောက်ျားမျိုးက ယောက်ျားပီသပြီး ရှားလိုက်တာ… ယောက်ျားတိုင်း အတုယူစရာ ကောင်းတဲ့‌ ယောက်ျားမျိုးပဲ】

သူ့လက်မောင်းပေါ်ရှိ သားတော်လေးက ခေါင်းကို ညိတ်လိုက်ပြီး သူ့အမေ လုပ်သည့်ပုံစံအတိုင်း လက်မ ထောင်ပြရန် ကြိုးစားလိုက်သည်။ သို့သော် လက်ချောင်းတစ်ချောင်းတည်း ကွက်ပြီး မထောင်တတ်သဖြင့် လက်တစ်ဖက်လုံး မြှောက်လိုက်ပြီး ပြောတော့သည်။ “ခမည်းတော်… တော်တယ်”

ယွီဝိန်းလန်က တည်တည်ကြည်ကြည် မျက်နှာထားဖြင့် ခေါင်းညိတ်ပြလိုက်ပြီး ပြောလိုက်သည်။ “ ဟန်ကလေးက ခမည်းတော်ဆီကလည်း ပညာယူသင့်တယ်နော်…။ ဒါနဲ့ မနေ့က ခမည်းတော် ရွတ်ပြတဲ့ အဆိုအမိန့်ကို မှတ်မိသေးလား”

သားတော်လေးက ခေါင်းညိတ်ပြသည်။

ယွီဝိန်းလန်က အံ့ဩသွားပြီး စိတ်အားတက်စွာဖြင့် မေးလိုက်သည်။ “ဘယ်တစ်ခုကို မှတ်မိတာလဲ”

သားတော်လေးက ပြောသည်။ “မိန်းမ… မရိုက်…”

ယွီဝိန်းလန် - “...”

ကိုယ့်မိန်းမကို မရိုက်နဲ့လို့ ပြန်ဖြေတာလားမသိ။

193 04

နေစမ်းပါဦး… မိဖုရားက သားတော်လေးကို ဘာတွေ သင်ပေးနေတာပါလိမ့်။

သူ့မှာ သိချင်စိတ်ကို မြိုသိပ်လိုက်ရပြီး သားတော်လေးအား စိတ်လျှော့ပြီး မေးလိုက်သည်။ “ဟန်ကလေးကို ခမည်းတော် သင်ပေးထားတဲ့ဟာကို ပြောတာလေ… ‘နည်းလမ်းကိုရှာ… သိက္ခာကို ဖက်တွယ်… စိတ်ကောင်း စေတနာကို အားကိုး… အနုပညာကို ခံစား’ ဆိုတာလေ မှတ်မိဘူးလား”

ထိုအခါ သားတော်လေးက တစ်ချက် ငြိမ်သွားသည်။

ယွီဝိန်းလန်က ဆက်၍ ရွတ်ဆိုလေသည်။ “လူသုံးယောက် လမ်းလျှောက်လာတာကို မြင်ရရင်… အဲဒီထဲက တစ်ယောက်လောက်က ငါ့ကို တစ်ခုခု သင်ပေးနိုင်တယ်လို့ မှတ်ယူထား… ကောင်းတဲ့လမ်းကို ရွေး… ကောင်းတဲ့ လမ်းကို လျှောက် … အမှားကို ပြုပြင်…”

သူရွတ်ဆို၍ မဆုံးသေးမှီ သားတော်လေး၏ မျက်ခွံများမှာ မှိတ်သွားပြီး အိပ်ပျော်တော့မည်ပုံစံ ပြနေတော့သည်။

ယွီဝိန်းလန် - “...”

သူတစ်နှစ်ပတ်လုံး သင်ပေးလာရင်း သတိထားမိတာ ဂန္တဝင်စာတွေကို ရွတ်လိုက်ရင် သားတော်လေးက တန်းအိပ်တော့တာပဲ…။

ထို့ကြောင့် သူက စကားလမ်းကြောင်း ပြောင်းလိုက်သည်။ “ထားပါတော့… အခုက အစောကြီး ရှိသေးတယ် မအိပ်နဲ့ဦး…။ ဟန်ကလေး ခမည်းတော်နဲ့ ဆော့မှာ မဟုတ်လား…”

ယခု အိပ်သွားလျှင် ညကျ မအိပ်တော့မှာ သူ စိတ်ပူမိသည်။

ထို့နောက် သူက ရေပြင်ကြီးကို လက်ညှိုးထိုးပြလိုက်ပြီး ပြောလိုက်သည်။ “ဟန်ကလေး ဟိုမှာ ကြည့်စမ်းပါဦး… ဘာကြီးလဲ”

မင်းသားလေးက လက်ညှိုးညွှန်ရာဖက်သို့ လိုက်ကြည့်ပြီး ပြောလေသည်။ “ငါး”

ယွီဝိန်းလန်က ပြုံးလျက် မေးလိုက်သည်။ “ငါးက ရေထဲမှာ ကူးနေတာ ပျော်စရာ မကောင်းဘူးလား”

သားတော်လေးက ခပ်တည်တည်ဖြင့် ပြန်ပြောသည်။ “အရသာရှိတယ်”

ယွီဝိန်းလန် - “...”

ငါကလေ… နေ့တိုင်း သားတော်လေးကို ကိုယ်တိုင် ထိန်းကျောင်းနေတဲ့ စံပြ အဖေ ဖြစ်နေတာတောင် သားတော်လေးက “အရသာရှိတယ်” လို့ ပြောလိုက်တဲ့ အဓိပ္ပာယ်ကို ဘာလို့ နားမလည် ရတာလဲ။

သားတော်လေးက ရေထဲသို့ လက်ညှိုးထိုးပြ၍ မျက်နှာတည်တည်ဖြင့် ပြောသည်။ “ငါးစား… သားသား… ငါးစား”

ယွီဝိန်းလန် - “...”

အင်း… ဂန္တဝင်စာပေတွေ အလှည့်ရောက်ရင် ထိုးအိပ်တတ်ပေမဲ့ သားတော်လေးက ဉာဏ်တော့ ကောင်းသေးလို့ တော်ပါသေးတယ်…။

အင်း အင်း… ဟုတ်ပါတယ်… တကယ့် အမေတူလေးပါ…။

193 05

~~

မွေးရပ်ဇာတိတွင် ရက်အနည်းငယ်ခန့် နေထိုင်ရင်း ကျောင်းတော်ရှိ လုပ်ဖော်ကိုင်ဖက်များ၊ ကျောင်းသားဟောင်းများနှင့် လိုက်လံ တွေ့ဆုံပြီးနောက်တွင် နွေရာသီပိတ်ရက်များ ကုန်ဆုံးချိန် နီးလာတော့သည်။

ချီရှုကွမ်းနှင့် သူ့ဇနီးတို့မှာ နန်းမြို့တော်သို့ ပြန်ရန် ပြင်ဆင်ကြသည်။

အလာတုန်းကအတိုင်း လမ်းတွင် တွေ့သည့် စားစရာများ စားကာ… ရှုခင်းများ ခံစားကာ ပြန်ရန် ဆုံးဖြတ်ထားကြသည်။

ဇနီးဖြစ်သူ မြင်ကွင်းအသစ်များ ခံစားစေနိုင်ရန် ချီရှုကွမ်းက တခြား လမ်းကြောင်း တစ်ခုကို ရွေးချယ်ထားသည်။

ထိုသို့ ပြန်နေရင်း လန်လင်ဖက်မှ ဖြတ်သည့်အခါ ချီရှုကွမ်းက ဇနီးသည်ကိုခေါ်ကာ မိတ်ဆွေဟောင်းကြီး ကုဟုန်ပိုင်နှင့် ဝင်တွေ့ကြသည်။ သခင်ကြီးကုမှာ တစ်ခါက နန်းတွင်း ကျောင်းတော်သားများ ဆွေးနွေးပွဲသို့ တက်ရောက်ဖူးသူ ဖြစ်သည်။

သူ့အား မြင်လိုက်ကြသည့်အခါ ကုဟုန်ပိုင်နှင့် ဇနီးဖြစ်သူတို့မှာ ဝမ်းသာအားရ ကြိုဆိုကြသည်။ အထူးသဖြင့် သူအိမ်ထောင်ကျသွားပြီး ဇနီးဖြစ်သူကိုပါ ခေါ်လာသည်ကို ကြားလိုက်ရသောအခါ ပို၍ပင် ကျေနပ်နေကြတော့သည်။

လင်မယားနှစ်ယောက်စလုံးက သူတို့အား ဧည့်ခံရန် စားသောက်ပွဲ ပြင်ဆင်ကြတော့သည်။

ယခုလို အချိန်မျိုးတွင် တစ်တိုင်းပြည်လုံးရှိ ကျောင်းတော်များမှာ အနားပေးကြသဖြင့် ကုဟုန်ပိုင်၏ ကျောင်းခန်းမှာလည်း လူရှင်းနေပြီး လေးယောက်သား ဝိုင်းဖွဲ့ စားသောက်ရန် အတော်အသင့် ဖြစ်နေတော့သည်။

သခင်မကုမှာ တည့်တိုး ပြောတတ်သူဖြစ်သည်။ သုံးလေးခွက်ခန့် သောက်ပြီးသည့်အခါ ချီရှုကွမ်းနှင့် ဇနီးဖြစ်သူတို့အား စိတ်ပါ လက်ပါ ဂုဏ်ပြုလိုက်သည်။ “ချီလူကြီးမင်း… နှလုံးသားစေရာကို တစ်သက်လုံး လျှောက်လာလို့ အခုတော့ ကောင်းကင်ဘုံက ရှင့်ကို ဆုချလိုက်ပြီ”

ချီရှုကွမ်းက ခေါင်းကို ညိတ်ပြလိုက်သည်။ “ကျေးဇူးပါ သခင်မကု… မင်း ပြောတာလည်း အမှန်ပဲ…။ ကောင်းကင်ဘုံက ငါ့ကို ဆုချလိုက်တာ”

ပြောရင်း မယ်တော်ကြီးအား ချစ်စိတ်များ ပြည့်နေသည့် မျက်ဝန်းများဖြင့် ကြည့်လိုက်လေသည်။

ဘေးမှာ ထိုင်နေသည့် ကုဟုန်ပိုင်က ရယ်လိုက်ပြီး ပြောလေသည်။ “ရောင်းရင်းချီ… မပူနဲ့…။ ငါ တွက်ကြည့်သလောက် မင်းအတွက် သာယာမဲ့ အချိန်တွေက မကုန်သေးဘူး… ကျန်းမာရေးသာ ဂရုစိုက် အသက် ရှစ်ဆယ် ကိုးဆယ်လောက်ထိ ရောက်လိမ့်မယ်… အဲဒါဆို နောက်ထပ် အနှစ် လေးဆယ် ငါးဆယ်လောက် ပျော်ဖို့ ရှိသေးတယ်”

ထိုသို့ ကြားလိုက်သည့်အခါ မယ်တော်ကြီးက အံ့ဩသွားပြီး မေးလိုက်သည်။ “ဪ… သခင်ကြီးကုက အခုထိ ဗေဒင် တွက်သေးတာလား”

ကုဟုန်ပိုင်က ပြန်မပြောရသေးမီ သခင်မကုက ဝင်ဖြေသည်။ “သူက လျှောက်ပြောနေတာ။ သူ ပြောသမျှ အတည်ယူမနေနဲ့…။ ဒါပေမဲ့လည်းလေ ချီလူကြီးမင်းက ကောင်းတာတွေ အများကြီးလုပ်ထားတာ ဆိုတော့ ကံကောင်းဖို့ ထိုက်တန်ပါတယ်”

ထိုစကားကို ကြားသောအခါ ချီရှုကွမ်းက မယ်တော်ကြီးဖက် လှည့်၍ နှစ်နှစ်ကာကာကြည့်ပြီး ပြောလိုက်သည်။ “အရှင်မက ကိုယ့်အတွက်တော့ ကံကောင်းခြင်းပါပဲ”

ထိုအခါ မယ်တော်ကြီးမှာ ရှက်သွားပြီး ငေါက်ပြော ပြောတော့သည်။ “ရှင်ကလည်းလေ… သခင်ကြီးကုနဲ့ သခင်မကုတို့က ကြည့်ပြီး ရယ်ချင်နေတော့မှာပဲ”

193 06

သခင်မကုက ခေါင်းကို ရမ်းလိုက်ပြီး ပြောလေတော့သည်။ “မရယ်ပါဘူး… ကျွန်မတို့က မိတ်ဆွေးအရင်းကြီးတွေပဲ… ဘာမှ ရှက်မနေနဲ့”

ထို့နောက် သူမက သူ့ယောက်ျားဖက် လှည့်ကာ ပြောလိုက်သည်။ “ရှင်ကြည့်… ဟိုမှာ ချီလူကြီးမင်းက စကားတွေ တတ်နေတာ ရှင်မြင်ရဲ့လား”

ကုဟုန်ပိုင်က မျက်ခုံးကို ပင့်လိုက်ပြီး “ဪ… ဟုတ်သလား။ သူက တစ်ကြောင်းတည်း ပြောတာနော်… ငါ့တုန်းက မင်းဆီ ကဗျာတွေ ဘယ်နှပုဒ်တောင်လဲမသိ ရေးပြီးပို့တာ မမှတ်မိဘူးလား။ မင်းသာ အဲ့ကဗျာစာရွက်တွေကို ကြိုးနဲ့ သီလိုက်ရင် တောင်ကြီး တစ်တောင်ကို တစ်ပတ်လောက် ပတ်ချည်လို့ ရတယ်…။ အခုတောင် နောက်တစ်ပုဒ် ထပ်ရေးပြလိုက်ရမလား”

ထိုအခါ သခင်မကုက ရှက်သွားပြီး ငေါက်လေတော့သည်။ “ရှင်မူးနေတာလား။ အဲဒါကြောင့် ကျောင်းသားတွေကလည်း အခုတလော ရှင့်ကို ကဲနေတယ်လို့ ပြောပြောနေကြတာ…။ ဟွန်း… ဒီအရွယ်ကြီးနဲ့များ အချစ်ကဗျာအကြောင်း လာပြောနေတယ်”

ဝိုင်အရက်ကလေးက အစွမ်းပြလာသောကြောင့် ကုဟုန်ပိုင်မှာ အာသွက် လျှာသွက် ဖြစ်နေသဖြင့် ပြန်ပြောလေသည်။ “ဘာလဲ… ‘ဒီအရွယ်ကြီး’ ဆိုတာ…။ ဒီမှာဟေ့… ငါတို့က ငယ်ငယ်လေးရှိသေးတယ်”

ထို့နောက် တဟားဟား ထရယ်လေသည်။ “ဒီလောက် သာယာတဲ့ ဘဝမျိုးမှာ ဘယ်သူက အိုမှာတုန်း”

သခင်မကုမှာ ပြောမနိုင်တော့သဖြင့် ရှက်လာပြီး ဟင်းတစ်တုံးကို သူမယောက်ျား၏ ပါးစပ်ထဲ ထိုးထည့်ကာ “ဘာမှ မပြောနဲ့တော့ စား” ဟု ငေါက်လိုက်တော့သည်။

သူတို့ ဘေးတွင် ရှိနေသည့် ချီရှုကွမ်းနှင့် မယ်တော်ကြီးတို့ကလည်း အချင်းချင်း အပြုံးချင်း ဖလှယ်လိုက်ကြပြီး သူ့အကြိုက် ကိုယ့်အကြိုက် ဟင်းများကို ခပ်ထည့်ပေးလိုက်ကြတော့သည်။

အင်း… ဒီလို သာယာတဲ့ ဘဝမျိုး ပိုင်ဆိုင်ထားတာ… ဘယ်သူက အိုသွားမှာလဲ။

နောက်ထပ် လာမဲ့ နှစ်တွေကို အပြုံးနဲ့ ကြိုဆိုထားလိုက်မယ်…။

တကယ်လို့များ ဘဝကို နောက်တစ်ကြိမ် ပြန်စနိုင်ရင်တော့ မင်းလေးနဲ့ ငယ်ဘဝမှာ ပြန်ဆုံတွေ့ချင်လိုက်တာ။

အဲဒါမှ ငါတို့ အချိန်ကြာကြာ ပိုဆုံတွေ့ခွင့်ရမှာလေ…။

*******

194 01

အခန်း 194

လန်လင် မြို့…။

နွေရာသီ မနက်ခင်း အစောပိုင်း တစ်နေ့တွင် နေမင်းကြီးမှာ ကောင်းကင်ထက်၌ ထိန်ထိန်လင်းနေတော့သည်။ ပုစဉ်းရင်ကွဲတို့မှာလည်း သစ်ပင်များ အကြား တစီစီအော်နေပြီး လမ်းပေါ်၌ လမ်းသွားလမ်းလာ ကျို့တို့ ကျဲတဲ ရှိနေသည်။

နေ့လည်စာ စားချိန်ရောက်ပြီဖြစ်သဖြင့် စားသောက်ဆိုင်များနှင့် လူနေအိမ်များထံမှ ထွက်လာသည့် ဟင်းလျာနံ့များမှာ လမ်းပေါ်သို့ လျှံကျနေတော့သည်။

အထူးသဖြင့် “ကြိုဆိုပါ၏” စားသောက်ဆိုင် အနောက်ဖက်ရှိ စားဖိုဆောင်မှာ ရှုပ်ယှက်ခတ်နေအောင် အလုပ်များနေပြီး မီးခိုးခေါင်းတိုင်မှ အခိုးအငွေ့များ တလူလူ ထွက်နေသည်။

“အဟင်း… ကြက်သား တောက်တောက်ကြော်၊ ဝက်မိုးခိုသား ကျွတ်ကျွတ်ကြော်၊ တုန့်အန်း ကြက်သား၊ ငါးချိုချဉ်၊ ဝက်သားနှပ်၊ ထိုင်ပိုင် ဘဲသား…”

အသက် တစ်ဆယ့်ရှစ်နှစ်အရွယ် ကုဟုန်ပိုင်မှာ ဟင်းလျာစာရင်းကို တိတ်တဆိတ် ရွတ်ဆို၍ မှတ်သားနေသည်။ စိတ်ထဲတွင်လည်း စားဖိုဆောင်က ဒီနေ့မှ အတော် အလုပ်ရှုပ်နေပါလား ဟုတွေးနေမိပြီး ဟင်းလျာများမှာလည်း သွားရည်ကျစရာ ကောင်းလောက်အောင် အကောင်းဆုံး ချက်ပြုတ်ထားသည်ကို လှမ်းမြင်လိုက်ရသည်။

သူ့အကြံအစည် အောင်မြင်သွားပါက ဒီမှာလာပြီး ပွဲတော်တည်မည်ဟု စိတ်ထဲမှ ကျုံးဝါးနေမိသည်။

ထို့နောက် ထိုအတွေးများကို မြိုချလိုက်ပြီး သူ့ဗေဒင်ဟောစားပွဲကို ဘေးသို့ မ၍ ရွှေ့လိုက်သည်။

သူ ဒီကိုလာတာ အရေးကြီးတဲ့ ကိစ္စတစ်ခု လုပ်ဖို့ဟာကို ဘာလို့ တခြားဟာတွေကို အာရုံရောက်နေတာလဲ။

ယနေ့မှာ ကုဟုန်ပိုင်၏ ဗေဒင်ဟောဆိုင်ဖွင့်ရက် ငါးရက်မြောက်နေ့ဖြစ်သည်။

စဖွင့်သည့် ရက်မှ စ၍ ယနေ့အထိ သူ ဗေဒင်ဟောပေးရသည့်သူ တစ်ယောက်မှ မရှိသေးပေ။

ဤသို့ဖြစ်ရသည်မှာ တစ်ယောက်မှ လာမမေးသောကြောင့် မဟုတ် လာမေးသမျှ လူတိုင်းကို အကြောင်းအမျိုးမျိုးပြ၍ ငြင်းလွှတ်နေသောကြောင့် ဖြစ်ပေသည်။

သူဘာကြောင့် ဒီလိုလုပ်ရတာလဲဆိုတော့

ပထမ တစ်ချက်က သူ ဗေဒင် မဟောတတ်သောကြောင့် ဖြစ်သည်။

ဒုတိယတစ်ချက်က အရေး အကြီးဆုံး ဖြစ်သည်။ သူ ဒီဗေဒင်ဟောဆိုင်ကို ဖွင့်ရသည့် အကြောင်းရင်းမှာ လွန်ခဲ့သည့် ငါးရက်က သူ့ဘေးမှ ဖြတ်၍ မြင်းကို ဒုန်းဆိုင်း စီးသွားသည့် အနီရောင်ဝတ် မိန်းမပျိုလေးကို ပြန်တွေ့လို၍ ဖြစ်သည်။

သူ့အနေနှင့် ဗေဒင်ကိစ္စ အလုပ်ရှုပ်နေစဉ် မိန်းမပျိုလေးအား လွတ်သွားမည်စိုးသောကြောင့် ငြင်းလွှတ်နေခြင်း ဖြစ်ပေတော့သည်။

ဝမ်းထဲ ဘာအစာမှ မရှိလည်း ကိစ္စမရှိ။ အပူဒဏ်ကြောင့် ပစ်လဲသွားရင်လည်း မဖြုံ… မိမိ၏ နေရာတွင် မာမာထန်ထန် ရပ်၍ အနီရောင် မိန်းမပျိုလေးကို မတွေ့ရမချင်း စောင့်ဆိုင်းနေဦးမည်ဖြစ်သည်။

သို့သော် ယနေ့ကျမှ ကောင်းကင်ဘုံက ပို၍ ရက်ရက်စက်စက် ဒဏ်ခတ်နေသလို ခံစားနေရသည်။ ခါတိုင်းနေ့များနှင့်မတူ ပို၍ပူနေသည်…။ လမ်းဘေးရှိ မိုးမခရွက်များမှာလည်း အပူရှိန်ကြောင့် ကော့နေ ကောက်နေတော့မတတ် ဖြစ်နေတော့သည်။

ဒီနေ့လို ဆက်ပူနေပါက သူ့ခေါင်းပေါ်ရှိ ဆံပင်များပင် ကောက်ကုန်တော့မည်ဟု ကုဟုန်ပိုင် တွေးနေမိတော့သည်။

ဆံပင်တွေ ကောက်ကုန်လည်း မမှု… သူ လက်လျှော့မည် မဟုတ်။

နောက်ဆုံးတွင် သူ့ကြိုးစားအားထုတ်မှု အရာထင်လာတော့သည်။ နောက်ထပ် နာရီဝက်ခန့် အကြာ နေပူရှိန် အပြင်းဆုံး အချိန်၌ လမ်းတစ်ဖက်မှ မြင်းခွာသံများကို ကြားလိုက်ရတော့သည်။

194 02

ကုဟုန်ပိုင် အလျင်အမြန် ကြည့်လိုက်သည့်အခါ မြင်းကုန်းနီးပေါ်တွင် သူစောင်ဆိုင်းနေသည့် အမျိုးသမီးပျိုလေးကို လှမ်းတွေ့လိုက်ရတော့သည်။ သူမ၏ ကျက်သရေရှိလှသည့် ပုံရိပ်ကလေးမှာ သူ့အိပ်မက်အတွင်း၌ ရက်ပေါင်းများစွာ လွှမ်းမိုးနေသည့် ပုံရိပ်ကလေးနှင့် တစ်ထပ်တည်း ဖြစ်နေတော့သည်။

ထိုတစ်ချိန်တည်း၌ပင် သူ့ကိုယ်တွင် ဖြစ်ပျက်နေသည့် ဆာလောင်မှုများ၊ ပူပြင်းမှုဒဏ်များမှာ ကြက်ပျောက် ငှက်ပျောက် ပျောက်ကုန်တော့သည်။ သို့သော် သူ့အဖို့ အလွန်အရေးကြီးသည့် ကိစ္စတစ်ခုကို တွေးမိလိုက်သည်။ ဒီကောင်မလေးနဲ့ ခင်မင်ခွင့်ရအောင် ဘယ်လို ကြံရမှာလဲ။

ပြောရလျှင် သူမအား ပထမဆုံး အကြိမ် မြင်လိုက်စဉ်ကတည်းက ဒီအမျိုးသမီးလေး ဘယ်သူဖြစ်မှန်း စုံစမ်းပြီးပြီ ဖြစ်သည်။ သူမမှာ ချန်းမိသားစု၏ သမီးဖြစ်ပြီး လန်လင်းမြို့၌ သိုင်းပညာသင်တန်းကျောင်း ဖွင့်ထားသည့် အိမ်တော်တွင် နေထိုင်ကြသည်။

ထို့အပြင် လန်လင်တွင် မြင်းစီးတတ်သည့် မိန်းကလေးဟူ၍ အခြားသော မိသားစုများတွင် မရှိပေ။

သို့ရာတွင် ချန်းမိသားစုသည် အခြားသော သိုင်းပညာသင်တန်းကျောင်းများနှင့် ဆက်နွယ်နေပြီး ကျန်းဟူသူရဲကောင်းများနှင့်လည်း တစ်ဖွဲ့တည်းဖြစ်သည်။ ပို၍ကံဆိုးသည်မှာ ကျောင်းတော်ရှိ ဆရာများပင် ထိုသင်တန်းကျောင်းများနှင့် ပတ်သက်မှု မရှိသည့်အတွက် သူ့လို ဘာမဟုတ်သည့် ပညာသင် ကျောင်းသားလေးတစ်ယောက်အနေနှင့်ဆို ပို၍ အလှမ်း ဝေးနေတော့သည်။ ထို့အပြင် သခင်ကြီးချန်းတွင် သမီးလေး မရခင် သားငါးယောက် ရထားပြီဖြစ်သဖြင့် သူ့သမီးထွေးလေးကို ဖူးဖူး မှုတ်ထားမတတ် ချစ်ပြီး အလိုလိုက်သည်။ အကယ်၍ ကုဟုန်ပိုင်အနေနှင့် ဘာမှ မစဉ်းစားဘဲ အိမ်တံခါးရှေ့သွားကာ သူ့သမီးကို နှစ်သက်ကြောင်း သွားပြောလိုက်လျှင် ကိုင်ပေါက် ခံလိုက်ရတာပဲ အဖက်တင်ပေလိမ့်မည်။

ထို့ကြောင့် နည်းလမ်းမျိုးစုံ စဉ်းစားပြီးနောက် ယခုအချိန်သည် သူမနှင့် တိုက်ရိုက် ရင်းနှီးခွင့်ရအောင် လုပ်ရန် အကောင်းဆုံး အချိန်ဟု ဆုံးဖြတ်လိုက်တော့သည်။

သူ ရက်ပေါင်းများစွာ စောင့်စားခဲ့ရသည့် အခွင့်အရေးမှာ သူ့ရှေ့သို့ ဆိုက်ဆိုက်မြိုက်မြိုက် ရောက်လာလေပြီ။ သို့သော် သူမက မြင်းပေါ်တွင် ရှိနေသည်။

ယခုလို အရှိန်မျိုးနှင့် ဆက်သွားပါက တခဏလေးအတွင်း သူ့ကို ကျော်တက်သွားတော့မည်…။

ဤသို့ အလွန် အရေးကြီးနေသည့်အချိန်တွင် စားသောက်ဆိုင်အတွင်းမှ လူများ ထွက်လာသည်ကို သူ မြင်လိုက်ရသည်။ ထိုသူများကို ဦးဆောင်လာသူမှာ ဒီရပ်ကွက်အတွင်း လူမိုက်လုပ်နေသည့် ဖန်စန်းဖြစ်သည်။ ပြီးခဲ့သည့် နှစ်ရက်လောက်က သူ့ဆီမှ ဆက်ကြေး လာတောင်းသွားသေးသည်။

သူက ဖြတ်ခနဲ အကြံတစ်ခု ရလာပြီး ဖန်စန်းဆီသို့ အမြန် လျှောက်သွားလိုက်ကာ တမင် ဝင်တိုက်ပစ်လိုက်သည်။

အားကုန်သုံး၍ တိုက်ပစ်လိုက်ခြင်း ဖြစ်သဖြင့် ဖန်စန်းမှာ ရက်ဘက်ပင် အောင့်သွားပြီး အော်ဆဲလေတော့သည်။

“ဘယ်လို ခွေးမသားက ငါ သခင်ကြီး ဖန်စန်းကို ဝင်တိုက်ရဲတာလဲကွ”

ဝင်တိုက်သူကို မြင်လိုက်သောအခါ ပို၍ ဆဲလေတော့သည်။ “လက်စသတ်တော့ သောက်သုံးမကျတဲ့ ဗေဒင်ဆရာပါလား… ပြီးခဲ့တဲ့ နှစ်ရက်တုန်းကလို သင်ခန်းစာ လိုချင်နေတာလား။ သခင်ကြီး ဖန်ရဲ့ လက်သီးစာ မြည်းချင်နေတဲ့ကောင် သေပေတော့…!”

ထိုသို့ အော်ဟစ်ပြီးနောက် ကုဟုန်ပိုင်၏ အင်္ကျီကို ဆွဲကာ ထိုးရန် လက်ရွယ်လိုက်သည်။

ထိုအချိန်၌ အနီရောင် ပုံရိပ်တစ်ခု ကောင်းကင်မှ ထိုးဆင်းလာသကဲ့သို့ ရိပ်ခနဲ မြင်လိုက်ရပြီး ဖန်စန်း၏ ရင်ဘက်မှာ ဆောင့်ကန်ခံလိုက်ရလေသည်။ မျက်စိ တဖြတ်အတွင်း၌ပင် ဖန်စန်းမှာ မြေပြင်ပေါ်၌ ဖင်ထိုင်ရက်သားကျသွားပြီး မြေကြီးများပင် တုန်သွားသလို ခံစားလိုက်ရသည်။

“ဪ… ဪ… လက်စသတ်တော့ ဖန်စန်းကိုး…။ နင့်ကို ပညာမပေးရတာ ရက်နည်းနည်းလောက် ကြာသွားတာနဲ့… အားနည်းသူကို ထပ်အနိုင်ကျင့်ဖို့ ကြိုးစားနေပြန်တယ်ပေါ့လေ”

ကုဟုန်ပိုင်၏ မျက်စိရှေ့တွင် မိုးရေစွတ်ထားသည့် ကြာပန်းလေးသဖွယ် ဖြူစင် လှပနေသည့် မျက်နှာပိုင်ရှင် မိန်းမပျိုလေးကို မြင်လိုက်ရသည်။ သူမ၏ အသံမှာ ကြည်လင် ပြတ်သားပြီး နားထောင်၍ ကောင်းလှသည်။

194 03

နောက်နောင် အားနည်းသူကို အနိုင်မကျင့်တော့ပါဘူးဟု ဖန်စန်းက သုံးကြိမ် ဝပ်တွား တောင်းပန်ပြီးနောက် လက်တစ်ဖက်က ခေါင်းကိုအုပ် နောက်တစ်ဖက်က ခါးကို ပွတ်ရင်း ထွက်သွားမှသာ ကုဟုန်ပိုင်က အသိစိတ် ပြန်ဝင်လာတော့သည်။

ကောင်းကင်ဘုံမှ စေလွှတ်လိုက်သည့် နတ်သမီးလေးသဖွယ် မျက်နှာပိုင်ရှင်လေးက သူ့အား စိတ်ပူစွာဖြင့် ကြည့်ရင်း မေးလေသည်။ “ဒီက သခင်လေး… အဆင်ပြေပါရဲ့လား”

ကုဟုန်ပိုင်က ခေါင်းကို နှစ်ချက် သုံးချက်ခန့် ရမ်းခါလိုက်ပြီး ပြောသည်။ “အချိန်မှီ ရောက်လာပေးတဲ့အတွက် အရမ်း ကျေးဇူးတင်ပါတယ်… ဒီလို လူမိုက်လက်ထဲကနေ ကယ်တင်ပေးတဲ့အတွက် လှိုက်လှိုက်လဲလဲကျေးဇူးတင်မိပြီး ဒီကျေးဇူးကို ဘယ်တော့မှ ကျွန်တော် မမေ့ပါဘူး…။ ဒီက မိန်းကလေးက ဘယ်မှာနေတာပါလဲ ခင်ဗျာ။ နောက်တစ်နေ့ လက်ဆောင် ပဏ္ဍာနဲ့ သီးသန့် လာကျေးဇူးတင်ချင်လို့ပါ”

မိန်းမပျိုလေးက တင့်တယ်လှပစွာ ပြုံးလိုက်ပြီး ပြန်ပြောလေသည်။ “အခုလို သိတတ်တာ ဝမ်းသာပါတယ်… ကျွန်မရဲ့ မျိုးရိုးနာမည်က ချန်းပါ… အိမ်အမည်က ရူယွိ… မြို့အရှေ့ဖက်က ချန်းအိမ်တော်မှာ နေပါတယ်…။ သခင်လေး ဘာမှ မထိခိုက်သွားရင်ကို ကျွန်မ ကျေနပ်ပါပြီ… အထူးတလည် ကျေးဇူးတင်စရာ မလိုပါဘူး”

ထိုသို့ ပြောဆိုပြီးနောက် မြင်းပေါ်သို့ ပြန်တက်လိုက်ကာ ရှေ့သို့ ဆက်စီးသွားတော့သည်။

~~

မြို့အရှေ့ ချန်းအိမ်တော်… ချန်းရူယွိ…။

ကုဟုန်ပိုင်က နာမည်လေးကို တသသ ရွတ်မိလိုက်ပြီး သူသိထားသည့်အချက်အလက်များ မှန်ကန်ကြောင်း တွေးလိုက်သည်။

အဆင်ပြေပြီ…။

ထို့နောက် သူက ခါးကို ဆန့်လိုက်ပြီး ဗေဒင်စားပွဲကို ထုတ်ပိုးလိုက်ကာ ကျောင်းတော်ဖက်သို့ ရင်ကော့ ခေါင်းမော့ကာ ပြန်သွားတော့သည်။

~~

ထိုနေ့ ညခင်း၌ တိုက်ခတ်နေသည့် လေပြေလေညှင်းများမှာ အေးမြနေသည်။ ကုဟုန်ပိုင်က အိပ်ယာထက်တွင် လှဲလျောင်းရင်း မိန်းမပျိုလေးအား မည်သို့ တင်တောင်းလျှင် ကောင်းမလဲဟု စိတ်ကူးယဉ်နေစဉ် အခန်းဖော်များမှာ မြို့အရှေ့ ချန်းအိမ်တော်အကြောင်း ပြောနေကြသည်ကို ကြားလိုက်ရသည်။

“ချန်းအိမ်တော်က အခုတလော မင်္ဂလာကမ်းလှမ်းတာတွေ လက်ခံနေတယ်တဲ့ကွ”

“ဟိုနာမည်ကြီး ချန်းမိသားစုကို ပြောတာလား။ ဒီဒေသမှာ သူတို့က ထိပ်တန်း သိုင်းပညာရှင်မိသားစု မဟုတ်လား။ ငါကြားဖူးတာ သူတို့မိသားစုမှာ သားငါးယောက် အရင်မွေးပြီးမှ သမီးဖြစ်သူကို နောက်ဆုံး မွေးတာတဲ့… အဲဒီ ကောင်မလေးကို သားတွေထက်တောင် ပိုချစ်တာလို့ ပြောတယ်…။ သူတို့သားလောင်းရွေးရင် ဘယ်လို နည်းတွေနဲ့များ ရွေးမလဲ မသိဘူး”

“ဪ… သိုင်းပညာရှင် မိသားစုပါဆိုမှ သိုင်းပြိုင်ခိုင်းမှာပေါ့။ သူတို့ လူရွေးမဲ့ စနစ်ကို ကြေညာထားတာတောင် မကြာသေးဘူး…။ ဘာတဲ့… ကောင်မလေးရဲ့ အစ်ကို ငါးယောက်ကို အနိုင် တိုက်ရမယ်ဆိုလားပဲ”

ကုဟုန်ပိုင်က တိတ်တဆိတ် နားထောင်နေရင်း ရင်ထဲ လေးသွားမိသည်။

သူ့အစ်ကို ငါးယောက်ကို အနိုင်တိုက်ရမယ် ဟုတ်လား။

သူ့ခန္ဓာကိုယ်ကို သူပြန်ကြည့်မိလိုက်ပြီး…

သူ့ယောက်ဖလောင်းတွေထဲက တစ်ယောက်လောက်နဲ့တင် သူ့ကို အေးဆေး တစစီ ဆွဲဖြဲပစ်လို့ရသည်… ဟုတွေးလိုက်မိသည်။

သူ့အခန်းဖော်များက မီးမှောင်မှောင်ထဲတွင် ဆက်၍ မေးနေ ပြောနေ ကြသည်။ “သားမက် သွားအရွေးခံတဲ့သူရော ရှိပြီလား”

ထိုအခါ တစ်ယောက်က ထပြောသည်။ “အင်း ရှိတယ်… ဒီလန်လင်က လူတွေတော့ မဟုတ်ဘူး…။ ကျန်းနန်၊ ကျင်းပေ့၊ ရှန်တုန်း၊ ရှန်ရှိတို့လို နယ်တွေက လာတဲ့လူတွေ… ဒီထက် ပိုဝေးတဲ့ မြောက်ပိုင်း နယ်စပ် ယူနန်ပြည်နယ်ကနေ လာတဲ့သူတွေတောင် ရှိသေး… ဒါပေမဲ့ ချန်းမိသားစုရဲ့ သားငါးယောက်ကို နိုင်တဲ့သူတော့ မရှိပါဘူး”

“ကောင်းတာပေါ့” ဟု အော်လိုက်သံကြောင့် အားလုံး အံ့အားသင့်သွားကြသည်။

194 04

ပါးစပ်မှ မထိန်းနိုင်ဘဲ အော်လိုက်မိသည့် ကုဟုန်ပိုင်က ပြာပြာသလဲ ရှင်းပြလိုက်သည်။ “ဒီလို ငါတို့ နယ်က ပြစ်မျိုးမဲ့ထင် အလှပိုင်ရှင် မိန်းမပျိုလေးကို နယ်ဝေးက လူက ယူသွားရင် ဘယ်ကောင်းမလဲ ဟုတ်တယ် မဟုတ်လား”

သို့သော် အခန်းဖော်များက သူ့စကားကို မယုံဘဲ စကြသည်။

“ဪ… ဪ… ညီနောင် ကုက ချန်းမိန်းကလေးကို သဘောကျနေတယ်ပေါ့လေ”

“အားတော့နာပါတယ်… မင်းရဲ့ ခန္ဓာကိုယ်နဲ့ဆို ချန်းညီအစ်ကိုတွေကို ယှဉ်နိုင်မှာ မဟုတ်ဘူး”

“အကြံပေးမယ်နော်… သိုင်းဆရာကြီးတစ်ယောက်ကို အမြန်ရှာလိုက်ပြီး လေ့ကျင့်လိုက်… အချိန်မှီရင် မှီလိမ့်မယ်”

ကုဟုန်ပိုင်က ဘာမှ မပြောဘဲ ငြိမ်နေတော့သည်။

… သိုင်းပညာသင်ဖို့ မတွေးမိဘူးလို့များ ဒီကောင်တွေ ထင်နေတားလား။

သင်တိုင်း တတ်မည်ဟု သေချာလျှင် ဟိုးအစောကြီးကတည်းက သိုင်းဆရာကြီးတစ်ယောက်ထံ ပညာဆည်းပူးမိမှာ အမှန်ဖြစ်သည်။

သို့သော်… သိုင်းပညာရှင် ဆိုတဲ့သူတွေက ရူယွိကို သူချစ်သလို နက်နက်နဲနဲ ချစ်တတ်မည်မဟုတ်ဟု သူယူဆသည်။

ဤသို့ဖြင့် နောက်ထပ် ရက်အနည်းငယ်ခန့် စောင့်ကြည့်လေ့လာပြီးသည့်အခါ မည်သည့်အရပ်မှ လာသူဖြစ်ပါစေ ပြိုင်စံရှား ယောက်ဖလောင်း ငါးဦးအား နိုင်သူမရှိကြောင်း ကုဟုန်ပိုင် သတိထားမိသွားသည်။

သို့ဆိုလျှင် သူ့ယောက္ခမလောင်းများမှာ ယခုအချိန်အထိ သားမက်လောင်း မရွေးရသေးကြောင်း သေချာသည်။

ဘာပဲပြောပြော စိတ်သက်သာရာ ရမိသည်။ သူက နေ့ကောင်းရက်မြတ် တစ်ရက်ကို ရွေးလိုက်ကာ လက်ဆောင် ပစ္စည်းများကို အသေအချာ ရွေးဝယ်လိုက်သည်။ ဈေးကြီးခြင်းကို အဓိကမထားဘဲ အမှန်တကယ် လေးစားမှုကို ပြသသည့် လက်ဆောင်ပစ္စည်းများ ဖြစ်စေရန် အာရုံစိုက်ရွေးချယ်ပြီးနောက် မြို့အရှေ့ ချန်းအိမ်တော်သို့ ထွက်လာလိုက်သည်။

ချန်းမိသားစုသည် ဤအရပ်တွင် နာမည်ကျော် သိုင်းမိသားစု ဖြစ်သည့်အတွက် အမှန်တရားဖက်မှ မကြာခဏ ရပ်တည်တတ်ပြီး မတရားမှုများကို နှစ်ပေါင်းများစွာ ရှေ့မှရင်ဆိုင်ဖြေရှင်းပေးတတ်သူများအဖြစ် နာမည်ကြီးသည်။

ထို့ကြောင့် သူတို့ အိမ်တော်သို့ ကျေးဇူးဆပ်ချင်သူများ မကြာခဏ လာရောက်တတ်ကြသည်။

သို့သော် ထိုဧည့်သည်များတွင် ကုဟုန်ပိုင်ကဲ့သို့ ငယ်ရွယ်သော ကျောင်းတော်သားမျိုး တစ်ခါမှ မပါခဲ့ပေ။

အထူးသဖြင့် သူ့အဝတ်အစားများကို ကြည့်၍ စုံစမ်းလိုက်လျှင် လန်လင်မြို့ရှိ ဂုဏ်သိက္ခာအရှိဆုံး ကျောင်းတော်ဖြစ်သည့် ဟော့ဟူကျောင်းတော်မှ စာသင်သားမှန်း သိနိုင်ပေသည်။

ဟော့ဟူကျောင်းတော်မှာ တိုင်းပြည်၌ ထိပ်ဆုံးအဆင့်ထဲတွင် ပါဝင်သည့် ကျောင်းတော်ဖြစ်ပြီး စာသင်သားများမှာလည်း စာစစ်ပွဲအမျိုးမျိုးတွင် အမှတ်ကောင်းသည့် သူများဖြစ်ကြသဖြင့် ဤကောင်လေးမှာ ပညာတတ်တစ်ယောက် ဖြစ်လိမ့်မည်ဟု ယူဆနိုင်ပေသည်။

ဤသို့ တွေးတော ချိန်ဆပြီးနောက် အိမ်ရှင်သခင်မဖြစ်သူ အမျိုးသမီးချန်းသည် ပညာတတ်များကို လေးစားတတ်သူဖြစ်သည့်အလျောက် ကုဟုန်ပိုင်အား အခြားသူများနှင့် မတူဟု မြင်မိလေသည်။

သူ၏ ယဉ်ကျေးသည့် အပြောအဆို အမူအရာတို့အား မြင်လိုက်ရသည့်အခါ အမျိုးသမီးချန်းမှာ အထင်မကြီးဘဲ မနေနိုင်တော့သလို ဖြစ်နေမိသည်။

ကုဟုန်ပိုင်ကလည်း အရောဝင်ခြင်း မဖြစ်စေဘဲ ဆုတ်ခွာသည့် နည်းစနစ်ကို နားလည်သည်။ ထို့ကြောင့် ကျေးဇူးတင်ကြောင်း ပြောဆိုပြီးနောက် အိမ်တော်မှ ချက်ချင်း ပြန်ထွက်လာသည်။ ကျေးဇူးစကား ပြောနေစဉ်၌လည်း ချန်းမိသားစု၏ သမီးဖြစ်သူကို စိတ်ဝင်စားသည့် အမူအရာ တစ်ချက်မှ မပြမိစေရန်လည်း သတိထားခဲ့သည်။

ကံဆိုးသည်မှာ သူ့အိပ်မက်များကို ပိုင်စိုးထားသည့် ချန်းမိန်းကလေး၏ အရိပ်အယောင်ကိုမူ မမြင်ရခဲ့ပေ။

သို့သော် ဟော့ဟူကျောင်းတော်သို့ ပြန်ရန်ပြင်နေစဉ် ထင်မှတ်မထားဘဲ သူ့နောက်မှ ခေါ်လိုက်သံကို ကြားလိုက်ရသည်။

194 05

ကြည်လင်အေးမြလှသည့် အသံလေးကို သူမှတ်မိလိုက်သဖြင့် ကုဟုန်ပိုင်မှာ ချက်ချင်း လှည့်ကြည့်လိုက်ရာ သူမြင်ချင်လှသည့် မိန်းမပျိုလေးကို မြင်လိုက်ရတော့သည်။

အဟမ်း… ချန်းမိသားစုရဲ့ လူကြီးတွေက သူ့ကို သဘောကျလို့များ သမီးဖြစ်သူကို လိုက်ခေါ်ခိုင်းတာလား မသိ။

သို့သော် ကုဟုန်ပိုင်မှာ မိမိကိုယ်ကို ဆင်ခြင်တတ်သူဖြစ်သဖြင့် ထိုအတွေးမှာ စိတ်ကူးယဉ်ခြင်းသက်သက်သာ ဖြစ်သည်ဟု သဘာဝကျကျ တွေးလိုက်မိသည်။

ထို့ကြောင့် သူက ရပ်လျက် ပြန်မေးလိုက်သည်။ “ဘာပြောစရာ ကျန်သွားလို့လဲ ချန်းမိန်းကလေး”

ထိုအခါ ချန်းရူယွိက ပြန်ပြောသည်။ “အဲဒီနေ့တုန်းက ဖန်စန်းကို တွယ်လိုက်တာက အဲ့ကောင် တခြားသူကို အနိုင်ကျင့်လို့ ဆုံးမချင်ရုံ သက်သက်ပဲ… ရှင့်ဆီက ဘာမှ လိုချင်လို့ မဟုတ်ပါဘူး။ အဲဒါကို ဘာလို့ တကူးတက လာကျေးဇူးတင်ရတာလဲ”

အဟမ်း… ဒီမိန်းမလှလေးနဲ့ စကားပြောဖို့ အခွင့်အရေး ဒုတိယအကြိမ် ထပ်ရပြန်ပြီ…။

ကုဟုန်ပိုင်က စိတ်ထဲတွင် မြူးနေသည်ကို ထိန်းလိုက်ပြီး မျက်နှာထားတည်တည်ဖြင့် ပြန်ပြောသည်။

“အဲဒီနေ့တုန်းက မိန်းကလေးက သူများကိုယ်စား အနစ်နာခံပြီး လုပ်ပေးတာမှန်း နားလည်ပါတယ်…။ ဒါပေမဲ့ ကျွန်တော် လာပြီး ကျေးဇူးမတင်မိရင် ကျွန်တော်ဖက်က ညံ့ဖျင်းရာ ကျသွားမှာပေါ့ မဟုတ်ဘူးလား။ အဲဒီတော့ မိန်းကလေးကလည်း မိန်းကလေး လုပ်သင့်တာကို လုပ်တယ်…။ ကျွန်တော်ကလည်း ကျေးဇူးသိတတ်တဲ့ အလုပ်ကို လုပ်တယ်လေ…။ အဆင်ပြေတယ် မဟုတ်လား”

ထိုသို့ပြောပြီးနောက် သူက ရွှင်ပြစွာ ပြုံးလိုက်ပြီး ခန့်ညားသည့် အသွင်ကို ဆောင်လိုက်သည်။

မိန်းမပျိုလေးက သူ့အပြုံးကို မြင်လိုက်သည့်အခါ တစ်ချက် ငြိမ်သွားသည်ကို သတိထားမိလိုက်သည်။

အယ်…။

ကုဟုန်ပိုင် စိတ်ထဲ၌ တွေးနေမိသည်။ 【ကဲ… ဘယ်လိုလဲ မိန်းမလှလေး။ ငါ့ကို ကြွေသွားပြီလား။ လူတွေ ပြောကြတာရှိတယ်… ကျောင်းတော်သားပညာတတ်တွေရဲ့ ကိုယ်ရောင်ကိုယ်ဝါက သူမတူအောင် တောက်ပတယ်တဲ့… ဟို လူကြမ်းသိုင်းသမားကြီးတွေထက် ကိုယ်က အပုံကြီးသာတာ သေချာတယ်ကွယ်…။】

သူ့ဘာသာသူ စိတ်ကူးယဉ်ပြီး ကျေနပ်နေစဉ် မိန်းမလှလေးက ပြောလိုက်သည်ကို ကြားလိုက်ရသည်။

“ရှင်က ပညာရှာရင်း ဗေဒင်ဟောဆိုင်လေးဖွင့်ပြီး ပိုက်ဆံရှာနေရတာဆိုတော့ တော်တော်ခက်ခဲနေတဲ့ ပုံပဲ…။ အဲဒါကို ဘာလို့ အခုလို ပိုက်ဆံဖြုန်းရတာလဲ”

ကုဟုန်ပိုင် - “...”

အမှန်တကယ်တော့ သူက ပိုက်ဆံမရှိတာ မဟုတ်ပေ…။ သူ့အဖေမှာ နန်းတွင်း စာစစ်ပွဲများ၌ ထူးချွန်သည့် ကျောင်းတော်သားတစ်ဦးဖြစ်ပြီး စိုက်ပျိုးမြေကောင်းများကိုလည်း ဧက ရာနှင့်ချီ၍ ပိုင်ဆိုင်သူ ဖြစ်သည်။

သူဘာမှ မပြောရသေးမီ မိန်းမပျိုလေးက ပိုက်ဆံအိတ်ကလေးတစ်လုံးကို သူ့လက်ထဲ ထည့်ပေးကာ ပြုံးပြလေသည်။ “ဒါကို ယူသွား… ဗေဒင်အဟောဆိုင် ဖွင့်မနေနဲ့တော့…။ ဟော့ဟူကျောင်းတော်ကို တက်ခွင့်ရဖို့ဆိုတာ လွယ်တာမဟုတ်ဘူး။ ပညာကိုပဲ ဦးစားပေးရှာပြီးတော့ ထူးချွန်အောင်လုပ်…။ ပြီးရင် ဆရာသမားတွေနဲ့ မိဘတွေကို ကျေးဇူးဆပ်လိုက်ပါ”

ထို့နောက် ရယ်မော ရွှင်ပြစွာဖြင့် မြင်းပေါ်တက်ပြီး စီးနင်းထွက်ခွာသွားလေသည်။

ကုဟုန်ပိုင်မှာ နေရာတွင် တွေတွေကြီး ရပ်ပြီး ကျန်နေခဲ့သည်။ သူမ၏ အပြုံးအောက်တွင် မိန်းမောနေရင်း မြင်ကွင်းမှ ပျောက်သွားသည်အထိ ငိုင်ပြီး ကြည့်နေမိသည်။

အသိစိတ်ပြန်ဝင်လာသောအခါ လက်ထဲရှိ ပိုက်ဆံအိတ်ကလေးကို ငုံ့ကြည့်လိုက်ပြီး စိတ်ပူလာသည်။

အထင်ကြီးအောင် လုပ်ဖို့ လာတာကို သူမက ပိုက်ဆံ ပေးသွားတယ်တဲ့လား။

မဟုတ်ဘူး… မိန်းမလှလေးရေ… မင်းရဲ့ ခင်ပွန်းလောင်းက မိန်းမ ပိုက်ဆံ ခြူစားမဲ့သူမျိုး မဟုတ်ဘူး… အထင်မလွဲပါနဲ့။

******

195 01

အခန်း 195

သူ့ အိပ်မက်ထဲက မိန်းကလေးကို ဆုံတွေ့ခွင့်ရဖို့ ဒီလောက် အသေအချာ ကြံစည် အားထုတ်ထားရတာ အခုကျတော့ သူမက သူ့ကို လူတွေဆီကနေ ပိုက်ဆံခြူနေတဲ့ မျက်နှာမွဲ ကျောင်းတော်သားလို့ ထင်သွားချေပြီ။

ကုဟုန်ပိုင်တစ်ယောက် အခက်ကြုံနေသည်။

အဖြစ်မှန်ကို ဖုံးကွယ်ထားခြင်းက မှားကြောင်း သူသိသည်။ သို့သော် အခြေအနေ အစစ်အမှန်ကို ပြောပြလျှင်လည်း ချန်းအိမ်တော်ရှိ လူကြီးများ သူ့အပေါ် အထင်ကြီးနေသည်များ ပျောက်ကွယ်တော့မည်။

ဒါဆိုရင်…

အချိန်အတော်ကြာ စဉ်းစားချင့်ချန်ပြီးနောက် ကုဟုန်ပိုင်မှာ လောလောဆယ် ရေလိုက် ငါးလိုက် နေရန် ဆုံးဖြတ်လိုက်သည်။

ရက်အနည်းငယ်ခန့် အကြာတွင် သူ့ပုံစံမှာ ထူးထူးဆန်းဆန်းဖြစ်နေသည်ကို အခန်းဖော်သူငယ်ချင်းများက သတိပြုမိနေကြသည်။ ဟုတ်တော့လည်း ဟုတ်သည်… အစက တောင်ခြေ၌ ထူးထူးဆန်းဆန်း ဗေဒင်ဟောစားရန် အားထုတ်နေရာမှ ယခုမူ မှိုအကြီး၊ မှိုအသေးတို့မှ စ၍ ဆေးဖက်ဝင် လင်ဇီးမှိုများပါမချန် ရှာနေသည့် သူ့ကို မည်သူက ပုံမှန်ဟု ထင်မည်နည်း။

သူ့လုပ်နေသည့် ပုံစံကို ကြည့်၍ တဆောင်တည်းသား သူငယ်ချင်းများမှာ ဒီကောင့် မိသားစုက အခုတလော ငွေရေးကြေးရေး အခက်အခဲဖြစ်နေတာလားဟု စဉ်းစားရင်း နားမလည်ဖြစ်နေကြသည်။ ထို့ကြောင့် မသိအောင် ငွေစုလိုက်ကြပြီး သူ့အား ကူညီပေးကြလေသည်။

“ရော့… ဒီငွေတွေက သိပ်အများကြီးတော့ မဟုတ်ပေမဲ့ ညီနောင်ကုအတွက် လက်တလောစာအတွက်တော့ အဆင်ပြေမယ် ထင်ပါတယ်…။ ပြီးခဲ့တဲ့ ပြည်နယ်အဆင့်စာစစ်ပွဲမှာ ထိပ်တန်းအဆင့် ဖြေနိုင်ထားတော့ လာမဲ့ စာစစ်ပွဲကြီးမှာလည်း ကောင်းကောင်းဖြေလိုက်ရင် မင်းမှုထမ်းတစ်ယောက် ဖြစ်သွားမှာပါ…။ အဲဒီအချိန်ရောက်ရင် အခုလို ကြိုးစားပန်းစား ငွေရှာနေစရာ မလိုတော့ဘူး”

ကုဟုန်ပိုင် - “...”

သူ့ သူငယ်ချင်းများ၏ စေတနာထားမှုကို ကျေးဇူးတင်မိသော်လည်း ငြင်းလိုက်သည်။

“ရောင်းရင်းတို့အားလုံးရဲ့ စေတနာကိုတော့ ကျေးဇူးပဲ…။ ကျုပ်မှာ ပိုက်ဆံရှိပါသေးတယ်…။ တကယ်လို့ အားနေလို့ ကူချင်တယ် ဆိုရင်တော့ မှိုညိုတွေ… မှိုဖြူတွေ… လင်ဇီးတွေပါ ကူရှာပေးရင် ပိုကျေးဇူးတင်မိမှာ အမှန်ပဲ”

အားလုံး - “ဟမ်”

ရက်အနည်းငယ်ခန့် အကြာတွင် မြို့အရှေ့ ချန်းအိမ်တော်သည် တောင်ပေါ်ထွက် ပစ္စည်းများဖြစ်သည့် မှိုညိုများ၊ မှိုဖြူများအပြင် လင်ဇီးမှိုများကိုပါ လက်ခံရရှိလေတော့သည်။ ဤသို့ လက်ခံ ရရှိသည်မှာ ပထမဆုံးအကြိမ်တော့ မဟုတ်ပေ။

သို့ရာတွင် ဤမှိုများမှာ ဟော့ဟူကျောင်းတော် အနောက်ဖက်ရှိ တောင်တန်းများတွင်သာ ပေါက်သည့် မှိုမျိုးများ ဖြစ်သောကြောင့် ကျောင်းတော်၏ အငွေ့အသက်များ ပါဝင်နေသဖြင့် တမူထူးခြားနေသလို ခံစားရသည်။

ထိုမျှသာမကသေး ဤမှိုများကို ယူလာပေးသူမှာလည်း သူတို့ သိသည့် ကျောင်းတော်သားလေးပဲ ဖြစ်သည်။

ပို၍ ထူးခြားသည့် အချက်မှာ ဤမှိုများကို ချန်းရူယွိအတွက် ရည်ရွယ်၍ ပို့လိုက်သောကြောင့် ဖြစ်ပေသည်။ ကျောင်းတော်သားလေးကတော့ သူမ၏ စေတနာကို ရောင်ပြန်ဟပ်သည့် အနေဖြင့် ပေးခြင်းဟု ဆိုလေသည်။

ချန်ရူယွိကလည်း အစက အံ့အားသင့်သွားသော်လည်း နောက်တွင် ပြုံးလိုက်မိသည်။

ဒီကျောင်းတော်သားလေးက ဗေဒင်အဟောဆိုင် ဖွင့်ရာကနေ အခု မှိုတွေ ရှာနေပြန်ပါပြီ။ စာရော လုပ်သေးရဲ့လား။

သူမက ခေါင်းကို ခါရမ်းလိုက်ပြီး ဘာမျှ ထပ်မတွေးတော့ဘဲ မှိုများကို စားဖိုဆောင်သို့ ပေးလိုက်သည်။

195 02

သို့သော် ရက်အနည်းငယ်ခန့်အကြာတွင် ထိုကျောင်းတော်သားလေးအား လမ်းတွင် ဆုံမိပြန်တော့သည်။

ခါတိုင်းလိုပင် အပြာနုရောင် ဝတ်ရုံကို ဝတ်ထားပြီး သူ၏ ပိန်သွယ်သွယ် ခန္ဓာကိုယ် အချိုးအစားမှာ သူမ၏ အဖေ၊ အစ်ကို၊ ဆွေမျိုးများနှင့် ကွာခြားလှသည်။

ယခုတစ်ကြိမ်တွင်မူ ကုဟုန်ပိုင်အဖို့ ဘာအကြံအစည်မှ ထုတ်ရန် မလိုလိုက်ပေ။ အဘယ့်ကြောင့်ဆိုသော် ချန်းရူယွိက သူ့အား နှုတ်ဆက်ရန် သူမဘာသာ သူမ မြင်းကို ရပ်၍ ဆင်းလာသောကြောင့် ဖြစ်သည်။

“ရှင်က ဗေဒင်ဟောတုန်းပဲလား”

ရင်ထဲတွင် တဒိန်းဒိန်း ခုန်နေသော်လည်း ကုဟုန်ပိုင်က ဟန်ကို ဖို့လိုက်ပြီး အံ့အားသင့်ချင်ယောင်ဆောင်ကာ မမျှော်လင့်ဘဲ တွေ့လိုက်သယောင်ပြုလိုက်သည်။ “ဟာ… သခင်မလေး ရူယွိပါလား… အခုက ဗေဒင်ဟောမလို့ မဟုတ်ပါဘူး… အဝတ်အစား လာဝယ်တာပါ…။ အရင်တစ်ခေါက် သခင်မလေးရဲ့ စကားကို နားထောင်တဲ့အနေနဲ့ ဗေဒင် မဟောတော့ပါဘူး”

ထို့နောက် သူက ချောင်းတချက်ဟန့်လိုက်ပြီး ဆက်မေးသည်။ “သခင်မလေးက ဘာကိစ္စရှိလို့လဲ”

ချန်းရူယွိကလည်း ခါတိုင်းလို ပွင့်ပွင့်လင်းလင်း ပြန်ဖြေသည်။ “မြို့တောင်ပိုင်းက အမျိုးတွေဆီ သွားလည်ပြီး ပြန်လာတာပါ”

ထို့နောက် တစ်ဆက်တည်း သူမက မေးလိုက်သည်။ “ဟိုတစ်နေ့တုန်းက မှိုဖြူ၊ မှိုညိုတွေက ရှင်ပို့ပေးလိုက်တာလား”

ကုဟုန်ပိုင်က ခေါင်းညိတ်ပြလိုက်သည်။ “ဟုတ်ပါတယ်… သခင်မလေးရဲ့ စေတနာကို ပါးပါးလေး ဖြစ်ဖြစ် ပြန်ပြီး ကျေးဇူးဆပ်ချင်လို့ပါ”

ထို့နောက် သူက အရေးကြီးသည့် အချက်ကို တမင် ထည့်ပြောလိုက်သည်။ “အဲဒါတွေ အားလုံးကို ကျွန်တော်ကိုယ်တိုင် ရှာထားတာပါ”

သို့သော် သူမက ပြောလေတော့သည်။ “ဘာလို့ စာပေ မလေ့လာဘဲ ဒါတွေ ရှာနေရတာလဲ။ နောက်ထပ် ထပ်မပို့ပါနဲ့တော့”

ကုဟုန်ပိုင်ကလည်း နာခံလိုက်ပြီး ရင်ဘက်ထဲမှ ပိုက်ဆံအိတ်ကလေးကို ထုတ်ကာ သူမကို ပေးလိုက်သည်။ “ကျွန်တော် ဒီပိုက်ဆံအိတ်လေးကို သွားလေရာ ဆောင်သွားပါတယ်… မတော်တဆ ပြန်ဆုံတဲ့ အခါကျရင် ပြန်ပေးချင်လို့ပါ…။ အခု ပြန်ဆုံရပြီဆိုတော့ ပြန်ယူသွားပါ… တကယ်တော့ ကျွန်တော့်မှာ ပိုက်ဆံရှိပါတယ်”

ချန်းရူယွိက လက်မခံပေ… သူမက တခဏမျှ တွေးနေပြီး “ဒါဆိုလည်း မှိုတွေကို ဝယ်တယ်ဆိုတဲ့ သဘောမျိုး ထားလိုက်ပါလား… နောက်နောင် မှိုတွေ ထပ်မရှာတော့ဘဲ ပညာပဲ ရှာပါ…။ တကယ်လို့ ရှင် ကျွန်မကို ကျေးဇူး ပြန်ဆပ်ချင်တယ် ဆိုရင် ပညာရေးမှာ ထူးထူးချွန်ချွန် လုပ်ပြပြီး လန်လင်မြို့ဂုဏ်ကို ဆောင်ပေးပါ” ဟု ပြန်ပြောလိုက်သည်။

ထို့နောက် သူမက ကြည်လင်စွာ ပြုံးလိုက်ပြီး မြင်းပေါ်သို့ ပြန်တက်ကာ ထွက်ခွာသွားတော့သည်။

ထွက်ခွာသွားသည့် သူမအား ကြည့်၍ ကုဟုန်ပိုင်ကလည်း ရင်ထဲမှ နေ၍ ကြုံးဝါးလိုက်သည် —

ကျုပ်ကို စောင့်ကြည့်နေပါ… သခင်မလေး ဂုဏ်ယူရအောင် လုပ်ပြပါမယ်။

ဤသို့ဖြင့် နောက်ထပ် ရက်အနည်းငယ်တွင် ဗေဒင်လည်းမဟော၊ မှိုလည်းမရှာတော့သည့် ကုဟုန်ပိုင်ကို တဆောင်တည်းသား သူငယ်ချင်းများက သတိပြုမိနေကြတော့သည်။ ကြည့်ရတာ ကုအိမ်တော်တွင် ပိုက်ဆံ အကျပ်အတည်း မရှိတော့ဘူး ထင်သည်။

ယခုမူ ညနက်သည်အထိ မီးအိမ်ထွန်း၍ စာလုပ်သည်။ အိပ်ပျော်မည်စိုး၍ ဆံပင်ကို တိုင်နှင့် ချီထားသည်။ အိပ်ငိုက်လျှင် တင်ပါးကို အပ်ဖြင့် ထိုးသည်။ ဤသို့ဖြင့် အိပ်ယာမှ စောစောထ၊ ညနက်မှ အိပ်ယာဝင်ပြီး စာတကုပ်ကုပ် ကြိုးစားနေတော့သည်။

ဤသည်ကို မြင်ရသည့်အခါ တဆောင်တည်းသား ရောင်းရင်းများမှာ စိတ်သက်သာရာ ရသွားကြပြီး မှတ်ချက်ပြုကြတော့သည်။ “ဒီလိုပုံစံနဲ့ဆိုရင်တော့ ညီနောင်ကုက စာစစ်ပွဲကြီးမှာ ထိပ်တန်းအဆင့်နဲ့ အောင်ဖို့ သေချာပါပြီ”

ကုဟုန်ပိုင်ကလည်း ယုံကြည်စိတ်အပြည့်ဖြင့် ပြန်ပြောလိုက်တော့သည်။ “အခုလို အားပေးတာ ကျေးဇူးပဲ… တကယ်သာ ထိပ်တန်းအဆင့်နဲ့ အောင်ရင် ညီနောင်တို့ကို စားသောက်ဆိုင်မှာ အဝကျွေးမယ်”

195 03

အားလုံး - “စားရချေသေးရဲ့ဟေး… ညီနောင်ကုက ဘယ်နှစ်ယောက် ကျွေးမှာတုန်း။ တော်ကြာ မေ့သွားမှာစိုးလို့ စာအုပ်လေး ဘာလေးနဲ့ မှတ်ထားပါလား”

ထိုအခါ ကုဟုန်ပိုင်က လက်ကို ဝှေ့ရမ်းပြလိုက်ပြီး အာမ,ခံလေသည်။ “ဘာလို့ ဘယ်နှယောက်ကမှာတုန်း။ ကျွန်တော်သာ အောင်လို့ကတော့ ညီနောင်တို့ အားလုံးကို တစ်လလုံးလုံး ကျွေးပစ်မယ်ဗျာ”

ထိုစကားကို အားလုံးက လက်ခုပ်တီးကာ အားပေးလိုက်ကြတော့သည်။

ထိုစဉ် အတန်းဖော် တစ်ဦးက မေးလိုက်သည်။ “ဒါနဲ့… ချန်းမိသားစု သားမက်လောင်းရွေးဖို့ သိုင်းပညာစမ်းတဲ့ ကိစ္စနဲ့ ပတ်သက်တဲ့ သတင်းတစ်ခုကို ကြားပြီးပြီလား”

ဟင်။

ကုဟုန်ပိုင်က ချက်ချင်းပင် ပြန်မေးလိုက်သည်။ “ဘာထူးလို့လဲ”

ထိုကျောင်းတော်သားက ပြောပြသည်။ “ချန်းမိသားစုရဲ့ သားတွေက အရမ်းစွမ်းလို့ တစ်လလောက် ကြာပြီးတာတောင် သူတို့ကို နိုင်တဲ့သူ မတွေ့ဘူး…။ ပိုဆိုးတာက သူတို့ကြောင့် ဒဏ်ရာ ရတဲ့သူတွေ တစ်ယောက်ပြီး တစ်ယောက် များလာလို့ နောက်ဆုံး ချန်းသခင်ကြီးက သူ့သမီးကို တူတော်တဲ့သူနဲ့ လက်ဆက်ပေးဖို့ ဆုံးဖြတ်လိုက်ပြီ”

ဘာ… တူတော်တဲ့သူနဲ့။

ကုဟုန်ပိုင်မှာ ထိုကျောင်းတော်သားအား ရုတ်တရက် လက်ဖြင့် တွန်းကာ မေးလိုက်မိသည်။ “ဘာလို့ တူတော်တဲ့သူကို ရွေးလိုက်တာလဲ။ သူက ဘာအလုပ် လုပ်တာလဲ”

ထိုအခါ ကျောင်းတော်သားက “ကျောက်ခိုင်ဟုန်တဲ့… မြို့တောင်ဖက်က သက်တော်စောင့် ဝန်ဆောင်မှုလုပ်ငန်းလုပ်တဲ့ ကျောက်အိမ်တော်ရဲ့ ဒုတိယ သခင်လေး ထင်တယ်” ဟု ပြန်ဖြေသည်။

ထိုသို့ ကြားလိုက်သောအခါ တစ်ခုခုကို သတိရသွားသဖြင့် ကုဟုန်ပိုင် တစ်ယောက် မတုန်မလှုပ် ငြိမ်သက်သွားမိသည်။ ရူယွိနှင့် ဆုံဖြစ်သည့် တစ်နေ့က မြို့တောင်ပိုင်းဖက်က အမျိုးတွေဆီ သွားလည်ကြောင်း သူမ ပြောဖူးသည်။

အဲဒီ အမျိုးဆိုတာက ကျောက် ဆိတဲ့ လူရဲ့ အိမ်လား။

ဟာ… ဒီလိုဆို မဖြစ်ချေဘူး…။

ဘာလို့ ဒီလို ဆုံးဖြတ်လိုက်ကြတာလဲ။

~~

ရက်အနည်းငယ် အကြာတွင်… ချန်းရူယွိထံသို့ စာတစ်စောင်ရောက်လာသည်။

စာကို ဖွင့်ဖောက်ကြည့်လိုက်သည့်အခါ စာကြောင်း တစ်ကြောင်းတည်းကိုသာ မြင်လိုက်ရသည်။

“မြို့တောင်ဖက် ကျောက်မိသားစု သက်တော်စောင့် ဝန်ဆောင်မှုအိမ်တော်ရဲ့ ဒုတိယ သခင်လေး ကျောက်ခိုင်ဟုန်ဟာ ယိဟုန်အပျော်မယ်အိမ်မှာ ဝင်ထွက်သွားလာနေတဲ့ ဖောက်သည်တစ်ယောက်ဖြစ်လို့ ချန်းမိန်းကလေး အသေအချာ တွေးတော ဆင်ခြင်မိပါစေ”

ချန်း ရူယွိ - “….”

အမှန်အတိုင်းပြောရလျှင် ကျောက်ခိုင်ဟုန်ကို လက်ထပ်ဖို့ နေနေသာသာ သူမကိုယ်တိုင်ကလည်း သဘောကျသည်မဟုတ်ပေ။ သိုင်းပညာစမ်းပွဲ အဖြေမပေါ်၍သာ ဖခင်ဖြစ်သူက စိတ်ပူလာသဖြင့် ကျောက်အိမ်တော်နှင် ညှိကာ ယခုကဲ့သို့ စီစဉ်လိုက်ခြင်းဖြစ်သည်။

ကျောက်မိသားစုသည် သူမတို့နှင့် သွေးဝေးနေသည့်အပြင် တစ်ဖက်နှင့် တစ်ဖက် ရင်းနီးနေသောကြောင့် အဆင်ပြေသည်ဟု ဖခင်ကြီးက ထင်နေသည်။ သို့သော် သူမက ကျောက်ခိုင်ဟုန်နှင့်အတူ ကြီးပြင်းလာသောကြောင့် အဲဒီကောင်၏ တဇောက်ကန်း စိတ်ဓါတ်ကို သိသဖြင့် မနှစ်သက်ပေ။

ဤစာတွင် ပါသည့် အကြောင်းအရာသည် မှန်ကန်ပါက သူမအဖို့ ငြင်းဆန်၍ အကြောင်းပြချက် ရလေပြီ…

ဒါပေမဲ့… ဒီစာကို ဘယ်သူ ပို့တာလဲ။

195 04

ချန်းရူယွိက စာကို အသေအချာ အကဲခတ်ကြည့်လိုက်ရာ လက်ရေးမှာ ပန်းချီကောက်ကြောင်းများ သဖွယ် အလွန်လှကြောင်း သတိထားမိလိုက်သည်။

…ဟင်း… ငါတို့ မိသားစုနဲ့ ပတ်သက်နေတဲ့ အမျိုးတွေထဲမှာ ဒီလောက် လက်ရေးလှတဲ့သူ ရှားတယ်…

ထိုစဉ် သူမ တစ်စုံတစ်ယောက်ကို ဖြတ်ခနဲ တွေးမိသွားသည်။

…ဟို ကျောင်းတော်သားလေးလား။

ထိုသို့ တွေးမိပြီးနောက် ချန်းရူယွိတစ်ယောက် ဟော့ဟူကျောင်းတော်သို့ ပထမဆုံးအကြိမ် ရောက်ရှိလာတော့သည်။

သူမ ရောက်နေကြောင်း အကြောင်းကြားလိုက်ပြီးမကြာမီ ကျောင်းတော်သားလေး ထွက်လာသည်ကို မြင်လိုက်ရသည်။

ကျောင်းတော်သားလေးမှာ ယခင်တစ်ကြိမ် ဆုံလိုက်ချိန်ကထက် အတန်ငယ် ပိန်ကျသွားကြောင်း သတိထားမိလိုက်သည်။

ပိုက်ဆံ ပြတ်သွားပြန်သဖြင့် အစားအသောက်နည်းသွားပြီး ပိန်သွားသည်ဟု သူမ ထင်လိုက်မိသည်။

ထိုစဉ် ကျောင်းတော်သားလေးက သူမအား ဦးညွတ်အရိုအသေ ပေးလိုက်ပြီး ကြိုဆိုလေသည်။ “ချန်းမိန်းကလေး ဒီအထိ လာတွေ့တာ ဝမ်းသာမိပါတယ်”

ဟမ်…။ ငါ လာတွေ့တာကို ဒီကောင်လေးက အံ့ဩဟန်လည်း မပြပါလား။

ထို့နောက် သူမက တိုက်ရိုက်မေးတော့သည်။ “ကျွန်မ ရှင့်ကို မေးစရာ ရှိလို့လာတာပါ…။ ပြီးခဲ့တဲ့ ရက်အနည်းငယ်လောက်တုန်းက ကျွန်မ စာတစ်စောင် ရလိုက်တယ်။ အဲဒီစာထဲမှာ ကျောက်ခိုင်ဟုန်က ယိဟုန် အပျော်မယ်အိမ်နဲ့ ပတ်သက်နေတယ်လို့ ရေးထားတယ်… အဲဒါ ရှင်ရေးတာလား”

မေးသာ မေးရသည် ချန်းရူယွိကိုယ်တိုင်လည်း သေချာသည်မဟုတ်ပေ။

စာထဲတွင် ရေးထားသည့် လက်ရေးလောက် လှအောင် ရေးနိုင်သည့်သူမျိုး သူမအသိထဲတွင် သိပ်မရှိသဖြင့် ယခုကဲ့သို့ ထင်မြင်ရခြင်းဖြစ်သည်။

သူသာ ငြင်းလိုက်ပါက ရေးသူ ဘယ်သူမှန်း မခန့်မှန်းတတ်တော့ပေ။

သို့သော် သူက “ဟုတ်ပါတယ်” ဟု ချက်ချင်း ဝန်ခံလိုက်သဖြင့် အံ့ဩသွားမိသည်။

ချန်းရူယွိမှာ ဘာဆက်ပြောရမလဲ မသိ နှုတ်ဆွံ့အ,နေသည်။

တခဏကြာသည့်အခါ သူမက မေးလိုက်သည်။ “လူကြီးလူကောင်း ပီသသူ တစ်ယောက်ဟာ တပါးသူရဲ့ မကောင်းကြောင်းကို ကွယ်ရာမှာ မပြောသင့်ဘူးဆိုတာ ရှင်သိပါတယ်နော်”

သူက ခေါင်းကို ညိတ်ပြလိုက်ပြီး ပြောသည်။ “သိပါတယ်”

ချန်းရူယွိ နားမလည်သလို ဖြစ်နေသည်။ “ဒါဆို ဘာလို့ အဲဒီလို ရေးရတာလဲ”

သူက ပြန်ဖြေသည်။ “ကျွန်တော် လမ်းဘေးမှာ ဗေဒင် အဟောဆိုင်လေး ဖွင့်တုန်းက ဒီလူရဲ့ အကြောင်းတွေကို သူများတွေ ပြောလို့ ကြားဖူးထားပါတယ်…။ ပြီးခဲ့တဲ့ ရက်အနည်းငယ်တုန်းက သခင်မလေးရဲ့ ဖခင်က သူ့ကို သားမက်အဖြစ် ရွေးမယ်လို့ ကြားလိုက်တဲ့အခါ ကျွန်တော်က ဒီလူဟာ သခင်မလေးနဲ့ မထိုက်တန်ဘူးလို့ တွေးမိတာနဲ့ လူကြီး လူကောင်း မဆန်ဘဲ ပြုလုပ်လိုက်မိတာပါ”

ထိုစကားများကို ကြားလိုက်သည့်အခါ ချန်းရူယွိတစ်ယောက် ငြိမ်သွားမိသည်။

တခဏအကြာတွင် သူမက ဆက်မေးလိုက်သည်။ “ဘာလို့ သူ ကျွန်မရဲ့ ခင်ပွန်းဖြစ်လာမှာကို ရှင်က မလိုလားတာလဲ။ ဒီမင်္ဂလာပွဲက ရှင်နဲ့ ဘာဆိုင်လို့လဲ”

ထိုအခါ သူက “ဘာလို့လဲဆိုတော့ သခင်မလေးကို နှစ်နှစ်ကာကာ ချစ်နေတဲ့သူ ရှိနေလို့ပါ” ဟု ပြန်ဖြေလေသည်။

ထိုစကားကို ကြားလိုက်သည့်အခါ ချန်းရူယွိတစ်ယောက် ရှက်ရွံ့တုန်လှုပ်သွားကာ အထစ်ထစ် အငေါ့ငေါ့ ပြန်ပြောလိုက်သည်။ “ဘာ… ဘာပြောတယ်”

ကုဟုန်ပိုင်က ချောင်းတစ်ချက် ဟန့်လိုက်ပြီး ပြောလိုက်တော့သည်။ “လူကြီးလူကောင်းတစ်ယောက်ဆန်ချင်ရင် မယဉ်မကျေး ပြောလို့ မဖြစ်တဲ့အတွက် ကျွန်တော့်အနေနဲ့ ဆင်ခြင်နေရတာတွေ အများကြီး ရှိခဲ့ပါတယ်။ ဒါပေမဲ့ သခင်မလေးကို ပြောပြချင်တာက သခင်မလေး ပျော်နေတာကို မြင်ချင်တဲ့သူတွေထဲမှာ သခင်မလေးရဲ့ မိသားစုပြီးရင် ကျွန်တော်လည်း ရှိပါသေးတယ်”

195 05

ချန်းရူယွိမှာ ဆွံ့အ ငြိမ်သက်နေတော့သည်။

သူမ၏ ခေါင်းထဲတွင် ဘာကိုမှ မတွေးနိုင်တော့ဘဲ ဘာပြောရမည် မသိဖြစ်နေတော့သည်။

~~

ဤသို့ဖြင့် ရက်အနည်းငယ် အကြာတွင် မြို့ထဲ၌ မြို့အရှေ့ ချန်းအိမ်တော်နှင့် မြို့တောင်ဖက် ကျောက် သက်တော်စောင့် ဝန်ဆောင်မှု အိမ်တော်တို့၏ မင်္ဂလာအစီအစဉ်မှာ ပျက်ပြယ်သွားကြောင်း သတင်းများ ထွက်လာတော့သည်။

အကြောင်းရင်းကို သိသူ တချို့ ရှိသော်လည်း လူအများစုမှာ ချန်းအိမ်တော်၏ သမီးဖြစ်သူ ရူယွိအကြောင်း အတင်းအဖျင်း ပြောကုန်ကြသည်။

တချို့က မိန်းမပျိုလေးသည် ထက်မြတ်လွန်းပြီး သိုင်းပညာတတ်သောကြောင့် ယူရဲသူ မရှိဘဲ ဖြစ်နေသည်ဟု ပြောကြသည်။

တချို့က ချန်းမိသားစု၏ သိုင်းပညာစမ်းပွဲမှာ အလွန်ခက်ခဲသဖြင့် အချိန် တစ်လခန့် ကြာသည်အထိ သားမက်လောင်း ရှာမရဖြစ်နေသည့်အပြင် ယခုလို ကျောက်အိမ်တော်ကိစ္စ ဖြစ်သွားသည့်အခါ သမီးလေးအား သာမန်လူ မည်သူမှ မယူရဲလောက်တော့ ဟု ပြောနေကြသည်။

ထို့နောက် အားလုံးက ချန်းသခင်ကြီးအား အပြစ်တင်ကြသည်။ ဘာလို့ သမီးမိန်းကလေးကို သိုင်းသင်ပေးတာလဲ။ သမီးဖြစ်တဲ့သူသာ သိုင်းမတတ်ရင် ဟိုးအစောကြီးကတည်းက သင့်လျော်တဲ့သူနဲ့ တွေ့နေလောက်ပြီ။

အခုကျ ဘယ်လို ဆက်ဖြစ်မှာလဲ။ ဒီလောက်လှတဲ့ မိန်းမပျိုလေးဟာ ဘယ်တော့မှ လက်မထပ်တော့ဘူးလား။

ချန်းရူယွိကတော့ ထိုစကားများကို အဖက်ပင် မလုပ်ချေ… ဝတ်ကောင်းစားလှလေး ဝတ်ကာ မြင်းတစ်ကောင်ကို စီးရင်း ခါတိုင်းကဲ့သို့ ပြုံးပြုံးရွှင်ရွှင် နေ,နေဆဲ ဖြစ်သည်။

အမှန်မှာ ကျောက်မိသားစု ကိစ္စဖြစ်ပြီးနောက်တွင် လာရောက်တောင်းရမ်းသူများ ရှိသော်လည်း သူမက စိတ်မဝင်စားပေ။

အဘယ့်ကြောင့်ဆိုသော်…

သူမ အနေနှင့် ရှင်းမပြတတ်သော်လည်း ကျောင်းတော်သားလေး၏ မျက်နှာမှာ သူမ၏ စိတ်ထဲတွင် မကြာမကြာ ပေါ်လာတတ်သောကြောင့်ဖြစ်သည်။

ဟင်း… ငါ ဘာဖြစ်နေတာလဲ။

မကြာမီ သတင်းထူး တစ်ခု မြို့ထဲတွင် ပြန့်နှံ့လာပြန်သည်။

ဒီနှစ်ထဲ ပြည်နယ်အဆင့် စာစစ်ပွဲကြီးတွင် ထိပ်တန်းအဆင့် အောင်မြင်တဲ့သောသူမှာ ဟော့ဟူကျောင်းတော်က ဖြစ်သည်တဲ့…။

ထိုသတင်းမှာ မြို့ဂုဏ်ကို ဆောင်သည့် သတင်းဖြစ်သောကြောင့် လန်လင်တမြို့လုံး အလျင်အမြန် ပြန့်နှံ့ပြီး အားလုံးသိသွားကြတော့သည်။

ထိုသတင်းကို ချန်းရူယွိလည်း ကြားမိသည်။

သူမလည်း ဂုဏ်ယူမိသည်။ စိတ်ထဲ၌ ထိပ်တန်းအဆင့်‌ အောင်သွားတဲ့သူက ဟိုကျောင်းတော်သားလေးများလား ဟုလည်း တွေးမိနေသည်။

သူမ အိမ်သို့ ပြန်ရောက်သည့်အခါ မိဘများမှာ ခေါင်းချင်းတိုက် ဆွေးနွေးနေကြသည်ကို မြင်လိုက်ရသည်။ မိခင်ဖြစ်သူက သူမအား မြင်လိုက်သည့်အခါ “သမီးကို တိုက်ဆိုင်တာပြောဦးမယ်… ငါတို့ လန်လင်မြို့ရဲ့ ဂုဏ်ကို ဆောင်သွားတာ သမီး လမ်းပေါ်မှာ ကယ်တင်လိုက်တဲ့ ကျောင်းတော်သားလေးကွဲ့… သူနာမည်က ဘာတဲ့” ဟု ဝမ်းပန်းတသာ လှမ်းပြောပြလေသည်။

“ကုဟုန်ပိုင်”

သူမ၏ ဖခင်က စိတ်အားတက်ကြွစွာဖြင့် ပြောပြသည်။ “နာမည်က တကယ့် ပညာတတ်နာမည်မျိုးပဲ”

ချန်းရူယွိမှာမူ ဘာမှ ပြန်မပြောနိုင်ဘဲ နှုတ်နည်းနေမိသည်။

တကယ်ကြီး သူပဲလား။

195 06

စာစစ်ပွဲကြီးကို တကယ် အောင်သွားပြီပေါ့။

သူမမှာ အစက အံ့ဩသွားသဖြင့် ငြိမ်နေသော်လည်း မကြာမီ ကျေနပ်သော အပြုံးလေးတစ်ခုကို မထိန်းနိုင်တော့ဘဲ ပြုံးမိလိုက်သည်။

~~

ရက်အနည်းငယ်ခန့် အကြာတွင် ချန်းအိမ်တော်သို့ ထင်မထားသည့် ဧည့်သည်များ ရောက်လာလေသည်။

ချန်းသခင်ကြီးက ဧည့်သည်တော် နာမည်ကဒ်ပြားကို ကြည့်လိုက်သည့်အခါ မြို့အနောက်ဖက် နာမည်ကြီး ကျောင်းတော်သားကုသည် သားဖြစ်သူနှင့်အတူ လာရောက် လည်ပတ်ကြောင်း သိလိုက်ရသည်။

ကျောင်းတော်သားကြီးကုသည် ဤမြို့တွင် နာမည်ကြီးသူ ဖြစ်သောကြောင့် ချန်းသခင်ကြီးမှာ အံ့ဩနေမိသည်။ သူက ဧည့်သည်တော်များကို ကြိုဆိုရန် အစေခံများကို တစ်အိမ်လုံး ပြင်ဆင်ခိုင်းတော့သည်။

ဤသို့ဖြင့် ဧည့်သည်များနှင့် ဆုံသည့်အခါ ကျောင်းတော်သားကြီးကုက ချန်းသခင်ကြီးထက် ဦးစွာ ပြောလိုက်သည်။ “သခင်ကြီးရဲ့ သမီးဖြစ်သူက ကျွန်တော့ရဲ့ အ,လိမ္မာ သားလေးကို ကယ်ဆယ်ခဲ့တယ်လို့ ကြားမိလိုက်ပါတယ်…။ အခုလို နောက်ကျသိပြီးမှ လာကျေးဇူးတင်စကားပြောမိတဲ့အတွက် တောင်းပန်ပါတယ်…။ သခင်ကြီးတို့ ကျုပ်တို့ကို ခွင့်လွှတ်ပါခင်ဗျာ”

ဘယ်လို… ဘယ်လို။

ရူယွိက ကျောင်းတော်သားကြီးကုရဲ့ သားကို ကယ်လိုက်တယ် ဟုတ်လား။

ချန်းတစ်မိသားစုလုံး အံ့ဩ နေကြပြီး ကျောင်းတော်သားကြီးကု၏ နောက်တွင် ပါလာသည့် သားဖြစ်သူအား ကြည့်လိုက်ရာ သူတို့ထံ လာရောက်ဖူးသည့်၊ လန်လင်မြို့ ဂုဏ်ဆောင် ပြည်နယ်အဆင့် စာစစ်ပွဲကြီးကို ထိပ်တန်းအဆင့် အောင်မြင်ထားသူ ကျောင်းတော်သားလေး ကုဟုန်ပိုင် ဖြစ်ကြောင်း မြင်လိုက်ရတော့သည်။

ချန်းရူယွိမှာ လုံးဝ ဆွံ့အ တွေဝေနေမိတော့သည်။

ဘယ်လိုလုပ် ‘သူ’ ဖြစ်နေတာလဲ။

သူမ၏ မျက်လုံးများမှာ သူ့အပေါ်တွင် စိုက်ကြည့်နေမိသဖြင့် လူမှုရေးအရ ကြိုဆိုရမည်ကိုပင် မေ့လျော့နေတော့သည်။

ထိုအချိန်၌ လူကြီးများမှာမူ အပြန်အလှန် တရိုတသေ စကားပြောနေကြသည်။

ချန်းသခင်ကြီးက ပြောသည်။ “တကယ်ကလေ… ကျောင်းတော်သားကြီးရဲ့ သားက ကိုယ်တိုင် ကျေးဇူးတင်စကား လာပြောသွားပါသေးတယ်… အဲဒီတုန်းကတော့ ကျောင်းတော်သားကြီးရဲ့ သားဆိုတာကို ကျုပ်တို့ မသိလိုက်ပါဘူး…။ ကျုပ်တို့ဖက်က လိုအပ်သွားတဲ့အတွက် ပြန်တောင်းပန်ပါတယ်ဗျာ”

ကျောင်းတော်သားကြီးကုက ပြုံးလိုက်ပြီး အလျင်အမြန် ပြန်ပြောသည်။ “အင်း တော်သေးတာပေါ့… သခင်ကြီးကိုလည်း အခုလို နားလည်ပေးလို့ ကျေးဇူးတင်ပါတယ်…”

သူကပင် ဆက်၍ ပြောလိုက်သည်။ “စကားမစပ်… ကျုပ်ရဲ့ သားကို ဒီခေါ်လာတာ တခြားကိစ္စလည်း ရှိပါသေးတယ်”

သိချင်စိတ်ဖြင့် ချန်းမိသားစုက အလျင်အမြန်ပင် မေးလိုက်သည်။ “ဟုတ်လား… ပြောပါ ခင်ဗျာ… ဘာကိစ္စများလဲ”

ထိုအခါ ကျောင်းတော်သားကြီးကုက ပြောလိုက်တော့သည်။

“သခင်ကြီးတို့ သမီးရဲ့ စေတနာကို ကျုပ်တို့ လေးစားလို့ မဆုံးပါဘူး… အဲဒီတော့ ကျုပ်တို့ သားကိုယ်စား တရားဝင် မင်္ဂလာပွဲ ကမ်းလှမ်းလိုပြီး မိသားစုနှစ်ခုကို ပေါင်းစည်းချင်ပါတယ်”

ထိုစကားများကို ကြားလိုက်ရသည့် ချန်းရူယွိမှာ အံ့ဩ တုန်လှုပ်သွားပြီး ရှက်သွားမိသည်။

ဤသည်မှာ သူမ ဘဝတွင် ဒုတိယအကြိမ် ရှက်သွေးဖြာမိခြင်း ဖြစ်ပေတော့သည်။

~~

သူတို့နှစ်ဦး၏ မင်္ဂလာ ဧည့်ခံပွဲတွင် ဖယောင်းတိုင် အနီများကို ထိန်ထိန်ညီးနေအောင် ထွန်းညှိထားသည်။

ဆွေမျိုးသားချင်းများကို နှုတ်ဆက်ပြီးသည့်အခါ ကုဟုန်ပိုင်က သူတို့သမီး ခန်းဆောင်အတွင်းသို့ တစ်ကိုယ်တည်း ဝင်လာသည်။

195 07

တံခါးကို တွန်းဖွင့်လိုက်သည့်အခါ သူ အမြဲတမ်း အိပ်မက်မက်နေခဲ့ရသည့် မင်္ဂလာဝတ်စုံနီနှင့် မိန်းမပျိုလေးကို ကုတင်တဖက်စွန်းတွင် စောင့်ဆိုင်းနေသည်ကို မြင်လိုက်ရသည်။

သူက စိတ်လှုပ်ရှား ပျော်ရွှင်နေမှုကို ထိန်းလိုက်ပြီး တံခါးကို ပြန်ပိတ်လိုက်ကာ ကုတင်ဘေးသို့ အမြန် လျှောက်သွားလိုက်သည်။

ထို့နောက် လည်ချောင်းတစ်ချက် ရှင်းလိုက်ပြီး အသံကို အသာယာဆုံးဖြစ်အောင် ပြင်လိုက်ပြီး ခေါ်လိုက်သည်။

“ချစ်ဇနီး”

ထိုအသံကို ကြားလိုက်သည့်အခါ ကုတင်ထောင့်စွန်းရှိ သူတို့သမီးက မော့ကြည့်လိုက်သည်။

သူ ဆက်မပြောရသေးမီ သူမက အရင် ပြောသည်။ “ရှင့်ကို တစ်ခု မေးစရာ ရှိတယ်”

“ရှင်က ဒီလောက် လူသိထင်ရှား နာမည်ကြီးတဲ့ ကျောင်းတော်သားကြီးရဲ့ သားဖြစ်နေပြီးတော့ အရင်တုန်းက လမ်းဘေးမှာ ဘာလို့ ဗေဒင် အဟောဆိုင် ဖွင့်ရတာလဲ။ အဲဒါ ဘာသဘောလဲ”

ကုဟုန်ပိုင် - “...”

ဟ… မေ့တောင် မေ့နေပြီ ထင်နေတာ…။

အခု သူ ဘာလုပ်ရမလဲ။ ရှင်းပြရမှာလား။ ဖုံးကွယ်ထားရမှာလား။

ဒီည အိပ်ကော အိပ်ရတော့မှာလား။

******

All Chapters