အခန်း (၁၉၆-၁၉၈)
Vol. 14 Ch. 196-198
196 01
အခန်း 196
နန်းတွင်း၌ မင်းသားငယ်လေးကြောင့် အချိန်များ တရွေ့ရွေ့ ကုန်မှန်းမသိ ကုန်ဆုံးသွားချေသည်။
ပူပြင်းခြောက်သွေ့လှသည့် နွေရာသီနှင့် ရွှေအိုရောင် တောက်နေသည့် ဆောင်းဦးရာသီတို့ တဆက်တည်း ကုန်ဆုံးပြီးသွားချိန်တွင် တာ့လျန်ပြည်ကြီး၏ ပြည်သူတို့မှာ နှစ်သစ်ကို ကြိုဆိုရန် ပြင်နေကြပြီ ဖြစ်သည်။ အိမ်ရှေ့မင်းသားငယ်လေးမှာလည်း ယခုဆိုလျှင် အသက် နှစ်နှစ် ပြည့်ပြီဖြစ်သည်။
နှစ်နှစ်သား မင်းသားလေးမှာ ခန္ဓာကိုယ် သိသိသာသာ ထွားလာသည့်အပြင် မျက်နှာလုံးလုံးလေးမှာလည်း ကျစ်ကျစ်လစ်လစ်ဖြစ်လာသည်။ နန်းတွင်း အထည်ချုပ် ဋ္ဌာနက အထူးတလည် ချုပ်လုပ်ပေးထားသည့် နဂါးဝတ်ရုံကလေးကို ဝတ်ထားသည်မှာ ချစ်စရာ ကောင်းလှသည်။
မင်းသားငယ်လေး၏ ခြေထောက်များမှာ ယခုဆို အတော်ငြိမ်လာပြီဖြစ်သည်။ နန်းတွင်းထဲ၌လည်း ဟိုဟို သည်သည် မှောက်လဲခြင်းမရှိဘဲ ပြေးတတ်နေပြီဖြစ်သည်။ စကားကိုလည်း ရှင်းရှင်းလင်းလင်း ပြောတတ်လာပြီး လူကြီးများ နားလည်အောင် ပြောတတ်နေပြီဖြစ်သည်။
နှစ်သစ်ကူးနေ့ရောက်သည့်အခါ မင်းသားငယ်လေးမှာ မိဘများနှင့်အတူ တော်ဝင် ဆွေတော် မျိုးတော်တို့နှင့် တွေ့ဆုံနေသည်။ ဝန်ကြီးမတ်ရာများကလည်း နှစ်သစ်ကူး ဆုမွန်ကောင်းများ တောင်းပေးကြသည်။ မင်းသားလေးမှာ ချစ်စရာလည်းကောင်း၊ ကျက်သရေလည်း ရှိစွာဖြင့် ဆုတောင်းပေးကြသူများကို ယဉ်ယဉ်ကျေးကျေး နှုတ်ဆက်နေသည်မှာ သူအား ပြုစုပျိုးထောင်ပေးလိုက်သည့် မိဘများ၏ အသွန်အသင် ကောင်းမှုကို ပြသနေပေသည်။
ဤသို့ဖြင့် တနေ့ပြီး တနေ့ ကုန်ဆုံးလာပြီးနောက် နှစ်သစ်ကူး လေးရက်မြောက်နေ့တွင် မင်းသားလေး၏ နှစ်နှစ်ပြည့် မွေးနေ့နှင့် တိုက်ဆိုင်နေသည်။ နန်းတွင်း မင်းညီလာခံလည်း နားထားသည်ဖြစ်၍ ယွီဝိန်းလန်နှင့် ယန်ရှုတို့မှာ အားလပ်ချိန်တွင် မင်းသားလေးအား သူ့အဘိုးအဘွားတို့နှင့် တွေ့ပေးရန် ဆုံးဖြတ်လိုက်ကြသည်။
တမြန်နေ့တုန်းက နှင်းများ ကျထားသဖြင့် တောင်တက်လမ်းချော်မည်ကို ယန်ရှုက စိတ်ပူနေသည်။ သို့ရာတွင် တောင်တက်လမ်းသို့ ရောက်သည့်အခါ နှင်းများ ရှင်းလင်းထားသည်ကို မြင်လိုက်ရပြီး မြင်းရထားမှာ အဆင်ပြေ ချောမွေ့စွာ ခရီးဆက်နိုင်လေသည်။
သူမတို့ ရောက်နေသည့် နေရာမှာ စုန့်ဟယ်ကျောင်းတော်တည်ရှိသည့် တောင်၏ အနောက်ဖက်ခြမ်းဖြစ်သဖြင့် ဆရာမကြီးနှင့် အိုင်ဒေါတို့သာ နေထိုင်သည့်နေရာ ဖြစ်သည်။ ယခုအချိန်မှာ ကျောင်းတော်နားရက် ဖြစ်သောကြောင့် ဆရာများနှင့် စာသင်သားများမှာ အိမ်သို့ ပြန်ကြပြီဖြစ်၍ မည်သူမျှ မရှိပေ။
ထိုကြောင့် တစ်လမ်းလုံးရှိ နှင်းများကို ရှင်းထားသူမှာ မည်သူဖြစ်ကြောင်း ခန့်မှန်းနိုင်ပေသည်။
မြင်းရထားပေါ်မှ သားအမိ သားအဖ သုံးယောက် ဆင်းလိုက်သည့်အခါ အဝင်ဝတွင် ကြိုဆိုနေသည့် စုံတွဲ တစ်တွဲကို မြင်လိုက်ရသည်။ မင်းသားလေးက ထိုသူတို့အား ကြည့်ကာ အသံစူးစူးဖြင့် “အဘိုးတော်… အဘွားတော်” ဟု နှုတ်ဆက်လိုက်ပြီး မယ်တော်ကြီးထံသို့ ပြေးသွားတော့သည်။
ယန်ရှုက သူမ၏ အိုင်ဒေါအား မေးလိုက်သည်။ “ချီသခင်ကြီးက အရမ်းကြိုးစားလှချေလား… တောင်ပေါ်တက်လမ်း တလျှောက်လုံး နှင်းတွေ ရှင်းထားတယ်ပေါ့”
ချီရှုကွမ်းက ပြုံးလိုက်ပြီး ပြောသည်။ “ဒီနေ့ မနက်တုန်းက တောင်အောက်ဆင်းပြီး ဈေးသွားဝယ်ရင်း တခါတည်း နှင်းတွေ ရှင်းသွားလိုက်တာ… မဟုတ်ရင် မယ်တော်ကြီး ချော်လဲမှာ စိုးတယ်လေ”
ထိုသို့ ကြားလိုက်သည့်အခါ ယန်ရှုမှာ ရင်ထဲ နွေးသွားမိသည်။ ဪ… ငါ့ အိုင်ဒေါကြီးက ငါ့ဆရာမကြီးအပေါ် ဂရုစိုက်တတ်လိုက်တာနော်… မြင်ရတာ စိတ်ချမ်းသာလိုက်တာ။
သူတို့ ပြောဆိုနေကြစဉ် ကလေးလေးက “အဘွားတော်” ဟု အသံချိုချိုလေးနှင့် အော်ရင်း ဘွားအေဖြစ်သူ၏ လက်ထဲသို့ ပြေးဝင်သွားသည်။
မယ်တော်ကြီးက သဘောကျလွန်း၍ မျက်လုံးထောင့်စွန်းတွင် ကျီးကန်းခြေရာကဲ့သို့ အစင်းကြောင်းများ ပေါ်လာသည်အထိ ပြုံးလိုက်မိသည်။ သူမက မြေးတော်လေးကို လက်မောင်းအတွင်း သိမ်းဖက်လိုက်ပြီး နှစ်ကြိမ်ခန့် နမ်းလိုက်သည်။ ထို့နောက် “ဘယ်လောက်မှတောင် မကြာသေးဘူး ဟန်ကလေးက ပိုဝလာပြီး ပိုလေးလာသလိုပဲနော်။ နောက်ကျရင် ချီတောင် ချီနိုင်တော့မယ် မထင်ဘူး” ဟု မှတ်ချက်ပြုလိုက်သည်။
196 02
သူမက မင်းသားလေး ထွားလာသည်ကို ချစ်စိတ်ဖြင့် ပြောလိုက်သော်လည်း မင်းသားလေးက “ အဘွားတော် ချီစရာ မလိုတော့ဘူး… ဟန်ကလေး လမ်းလျှောက်တတ်တယ်” ဟု အသည်းအသန် ပြန်ဖြေပြီးနောက် အချီမခံတော့ဘဲ လမ်းလျှောက်သွားလေသည်။
မယ်တော်ကြီးက မင်းသားလေးဘာလို့ ထိုသို့ပြောသည်ကို သဘောမပေါက်သဖြင့် လက်ကလေးတစ်ဖက်ကို လှမ်းကိုင်ထားလိုက်သည်။
ထိုအခါ မင်းသားလေးက ပြောလေသည်။ “ဟန်ကလေး ဗိုက်ဆာတယ်… ဘာမှ စားရသေးဘူး”
ယွီဝိန်းလန် - “...”
ယန်ရှု - “...”
အမှန်တကယ်တော့ မင်းသားလေးမှာ အစားသောင်းကျန်းသဖြင့် ယန်ရှုက အလွန်ဝ,လာမည် စိုးသောကြောင့် အစားအသောက်ကို တမင် ကြီးကြပ်၍ ကျွေးနေခြင်းဖြစ်သည်။
မင်းသားလေးက ဘာလို့ များများ မစားရတော့တာလဲဟု မေးသည့်အခါတိုင်း ယန်ရှုက များများစားလျှင် ဝ,လာမည်ဖြစ်ပြီး ဝ,လာလျှင် ဘယ်သူမှ မချစ်တော့ဘူးဟု ပြောထားရသည်။
ယခုမူ သူ၏ အဘွားဖြစ်သူက သူ့အား ဝ,လာသည်ဟု ပြောသည့်အခါ ဘာမှ မစားရတော့မည် စိုးသဖြင့် ချီစရာ မလိုကြောင်း ပြောခြင်းဖြစ်ပေတော့သည်။
…ဪ… ဒီပေါက်စလေးကတော့လေ… လည်တာလား၊ အ,တာလား။
မယ်တော်ကြီးက မြေးတော်လေး လုပ်နေပုံကို ကြည့်၍ ရယ်ချင်လာသဖြင့် နှဖူးလေးကို နမ်းလိုက်ပြီး အားပေးလိုက်သည်။ “ဟန်ကလေး စားဖို့ အဘွားတော်မှာ စားစရာတွေ ရှိပါတယ်… ဘာမှ မပူနဲ့… မုန့်တွေ လုပ်ပေးထားတယ်… လာ… သွားစားကြစို့”
ထိုသို့ကြားလိုက်သည့်အခါ မင်းသားလေးမှာ ပျော်လွန်းသဖြင့် မျက်နှာ ဝင်းပသွားတော့သည်။ ထို့နောက် အဘွားဖြစ်သူ၏ လက်ကို ဆွဲ၍ အိမ်ထဲသို့ ခုန်ပေါက်ဝင်သွားတော့သည်။
ယန်ရှုနှင့် ယွီဝိန်းလန်တို့ တစ်ယောက်နှင့် တစ်ယောက် ကြည့်မိလိုက်ကြသည်။ စိတ်ထဲတွင်လည်း ရယ်ချင် သလိုလည်းဖြစ် သားတော်လေးအား မနိုင်ဘူးဟုလည်း တွေးမိလိုက်ကြပြီး နှစ်ဦးသား အိမ်ထဲသို့ လိုက်သွားကြသည်။
တောင်ပေါ် ရှုခင်းမှာ နှင်းများကြောင့် ဖြူဖွေးနေပြီး အအေးဓါတ်က လွှမ်းခြုံထားချိန်၌ အိမ်လေးထဲ၌မူ နွေးထွေးနေပြီး ရယ်မောသံများဖြင့် လွှမ်းခြုံနေတော့သည်။
အဘွားလုပ်ထားသည့် မုန့်များနှင့် အဘိုးလုပ်ပေးထားသည့် အစားအသောက်များကို တစ်ခုပြီး တစ်ခု စားကြည့်ပြီးနောက် ဗိုက်ပြည့်သွားသည့် မင်းသားလေးမှာ စိတ်ကြည်လင်နေတော့သည်။ ထို့နောက် အဘိုးအဘွားတို့အား နှုတ်ဆက်ကာ မိဘများနှင့်အတူ ပြန်လာတော့သည်။
မင်းသားလေးက မျက်နှာထား တည်တည်ဖြင့် “အဘိုးတော်…အဘွားတော်… ဟန်ကလေး နောက်ကျရင် ပြန်လာမယ်” ဟု အသံချိုချိုလေးနှင့် လှမ်းအော် နှုတ်ဆက်လိုက်သည်။
မယ်တော်ကြီးကလည်း ပြုံးလျက် ခေါင်းညိတ်ပြကာ ပြန်နှုတ်ဆက်သည်။ “အေး… အေး… နောက်တစ်ခါလည်း အဘွားတော်က ဟန်ကလေးအတွက် မုန့်တွေ လုပ်ထားပေးမယ်… အဘိုးတော်က ကြက်သားနဲ့ ငါးဟင်းရည် လုပ်ပေးမယ်”
မင်းသားလေးက “ဟုတ်ကဲ့” ဟု ပြန်အော်လိုက်ကာ ခေါင်းကို အားရပါးရ ညိတ်ပြလိုက်သည်။ ထို့နောက် မိဘများနှင့်အတူ မြင်းရထားပေါ် ပြန်တက်ကာ နန်းတော်သို့ ပြန်လာကြသည်။
အပြန်လမ်းတွင် မင်းသားလေး၏ လက်ထဲ၌ အဘွားလုပ်ပေးလိုက်သည့် သစ်ကြားသီးမုန့်ကို ကိုင်ထားဆဲဖြစ်သည်။
ဒီမုန့်က ဟန်ကလေးအတွက် အဘွားတော်ပေးထားတာ… ခမည်းတော်ရော မယ်တော်ရော အတွက် မဟုတ်ဘူး…။
~~
ဤသို့ဖြင့် နှစ်သစ်ကူး လေးရက်မြောက်နေ့တွင် မင်းသားလေးသည် အဘိုးအဘွားတို့ အိမ်၌ အဝအလင် စားသောက်ခဲ့ပြီးနောက် နောက်တစ်နေ့ ငါးရက်မြောက်နေ့တွင် မိခင်ဖက်မှ အဘိုးအဘွားများ နေထိုင်ကြသည့် ကျုံးယီမြို့စားကြီးစံအိမ်သို့ အလည်အပတ် ရောက်သွားတော့သည်။
196 03
တောင်တန်း သစ်သားအိမ်ကလေးနှင့် ယှဉ်လျှင် ယခု အဘွားတို့၏ အိမ်မှာ လူပိုများသည်။ အဘိုးနှင့် အဘွားသာမက ဆံပင် စွပ်စွပ်ဖြူနေသည့် အဘေးမနှင့် ရုပ်ရည် ခန့်ညားလှသည့် ဦးလေးတို့လည်း ရှိသည်။
ထို့ကြောင့် ပို၍ စည်ကားနေတော့သည်။
လူအများအာရုံစိုက်မည် စိုးသဖြင့် မိခင်ဖြစ်သူနှင့် မင်းသားလေးတို့မှာ သာမန် အဝတ်အစားများ ဝတ်ကာ ရောက်လာကြသဖြင့် ဆီးကြိုရန် အခန်းအနား ကျင်းပစရာလည်း မလိုတော့ပေ။
သူတို့အား အိမ်ထဲသို့ ဝင်စေပြီးနောက် အဘိုးဖြစ်သူက တံခါးမကြီးကို ပြန်ပိတ်လိုက်သည်။ ထို့နောက် မင်းသားလေးမှာ ဘွားအေဖြစ်သူ၏ အိမ်ဝန်းထဲ၌ ဟိုသည် ပြေးလွှားဆော့ကစားနေတော့သည်။
နေ့တစ်ဝက်ခန့် ကြာပြီးသည့်အခါ အဘိုးဖြစ်သူအား သူစားရန်အတွက် ကန်ထဲမှ ငါးမြှားခိုင်းလေရာ အဘေးမ မွေးထားသည့် ငါးနှစ်ကောင် ဖမ်းမိလေသည်။
ထိုနေ့၌လည်း မင်းသားလေးမှာ စားစရာများကို ဝ,နေအောင် စားရပြန်သည်။
မနေ့က သွားရေစာ မုန့်လုပ် ကျွမ်းကျင်သည့် အဘွားနှင့် မတူသည်မှာ ယခုအဘွားက ဂျုံဖြင့်လုပ်သော ပေါက်စီများ ဘိန်းမုန့်များ လုပ်ရာတွင် ကျွမ်းကျင်သည်။
မီးဖိုချောင်ထဲတွင် အငွေ့တလူလူထအောင် မုန့်အမျိုးမျိုး လုပ်၍ မင်းသားလေးအား လုပ်ကျွေးကြသော်လည်း သူအကြိုက်ဆုံးမှာ အဘွားလုပ်ပေးသည့် ပေါက်စီနှင့် စပါးလင် ဖက်ထုပ်များပင် ဖြစ်သည်။
လူကြီးများက သူ မေမေ့ ဗိုက်ထဲတွင် ရှိနေစဉ်က ထိုစားစရာများကို မယ်တော်က အရမ်းစားခဲ့သည်ဟု ပြောပြသည်။ သူကလည်း ဒီစားစရာများကို ကြိုက်သဖြင့် သူ့ကိုယ်ထဲတွင် မယ်တော်၏ ဇာတိမြေဖြစ်သော အန်းသယ်နယ်၏ သွေးများ တဝက်စီးဆင်းနေကြောင်း ပြောပြီး အံ့ဩ ကျေနပ်နေကြသည်။
သို့သော် မင်းသားလေးအဖို့ အန်းသယ်ဆိုသည်မှာ ဘာမှန်းမသိသော်လည်း အဘွားလုပ်ပေးသည့် ပေါက်စီနှင့် ဖက်ထုပ်များမှာ အကောင်းဆုံးဟု ယူဆသဖြင့် ဗိုက်ကားအောင် စားပစ်လိုက်တော့သည်။
ပြန်ချိန်ရောက်သည့်အခါ မင်းသားလေးက မနေ့တုန်းကအတိုင်း အဘွားအိမ်မှ လုပ်ပေးလိုက်သည့် စားစရာများကို အထုပ် တစ်ထုပ်စာ အပြည့်ထည့်ယူသွားသည်။
နန်းတော်သို့ ပြန်ရောက်သည့်အခါ စောင့်မျှော်နေသည့် ဖခမည်းတော် ဧကရာဇ်မင်းကြီးနှင့် ပြန်ဆုံကြသည်။
ယွီဝိန်းလန်က သားတော်လေးအား ဖက်လိုက်ပြီး “အဘွားတော်ရဲ့ အိမ်မှာ ပျော်ခဲ့ရဲ့လား ပေါက်စလေး” ဟု မေးလိုက်သည်။
သားတော်လေးကလည်း သွားသေးသေးလေးများ မြင်ရအောင် ပြုံးပြလိုက်ပြီး “ပျော်တယ်” ဟု ပြန်ဖြေလေသည်။
ယွီဝိန်းလန်မှာ အူယားသွားပြီး ထပ်မေးလိုက်သည်။ “အဘွားတော်ရဲ့ အိမ်မှာ ပေါက်စလေး ဘာတွေ လုပ်ခဲ့လဲ”
သားတော်လေးက အသံချိုချိုလေးဖြင့် “ပေါက်စီ ခုနှစ်လုံး” ဟု ပြန်ဖြေလေသည်။
ထိုသို့ ဖြေရင်း ဝမ်းဗိုက်ကို လက်ဖြင့် ပွတ်ပြသည်။ ထို့နောက် “အသားပေါက်စီ” ဟု ဆက်ဖြည့် ပြောလေသည်။
ယွီဝိန်းလန် - “...”
သားတော်လေး၏ ဗိုက်ကို ကြည့်ပြီး တော်တော်စားခဲ့တာပဲ ဟု တွေးမိလိုက်သည်။
နေစမ်းပါဦး ပေါက်စလေးက တနေကုန် စားဖို့ပဲ တွေးနေတာလား။
သူ ငယ်စဉ်တုန်းကနှင့် မတူ… သူက ငယ်စဉ်တုန်းက စာဖတ်ရန်သာ စိတ်ဝင်စားသည်။
ကြည့်ရတာ အမေဖက် ပိုလိုက်တာ ထင်ပါရဲ့။
ထိုသို့ တွေးနေရင်း သားတော်လေး၏ လက်ထဲမှ အထုပ်လေးကို မြင်လိုက်သဖြင့် မေးလိုက်သည်။
196 04
“အဲဒါက ဘာလေးလဲ”
အင်း… အထုပ်လေးက နွေးနွေးလေးနဲ့ မွှေးနေသလိုပဲ…။
သူ မေးပြီးသည်နှင့် သားတော်လေးက ထိုအထုပ်ကို သူ့လက်ထဲသို့ ထည့်ပြီး မျက်နှာထား တည်တည်ဖြင့် “ခမည်းတော် မင်းကြီးအတွက် … ပေါက်စီ… ပေါက်စီအကြီးကြီးတွေ” ဟု ပြောလေသည်။
ယွီဝိန်းလန်မှာ အံ့အားသင့်သွားပြီး “ဩ” ဟုသာ ပြောလိုက်မိသည်။ “ပေါက်စလေးက ခမည်းတော်အတွက်လည်း ယူလာတယ်ပေါ့”
ယန်ရှုက ဘေးမှ နေ၍ ရယ်ပြီး ပြောလိုက်သည်။ “ဒါပေါ့…အမေက အရှင်မင်းကြီး ဘာစားချင်လည်းဆိုတာ မမေ့ဘူးလေ…။ မပြန်ခင် အသီးအရွက် ပေါက်စီတွေ ပေါင်းပြီး အရှင်မင်းကြီးအကြိုက် စပါးလင်ရယ်၊ ကြက်ဥရယ်၊ ဖန်ခေါက်ဆွဲဖက်ရယ် ထည့်ပြီး လုပ်ထားတာ… ပုစွန်ခြောက်တောင် ပါသေး… ပူတုန်း အရှင်မင်းကြီး စားကြည့်ပါလား”
ယွီဝိန်းလန်က ခေါင်းညိတ်လိုက်သည်။ “အင်း”
ဒါတွေက သူ့အကြိုက်ဖြစ်သည်မှာ အမှန်ဖြစ်သည်။ ယောက္ခမကြီးက သူ့အတွက် သတိရပေးရှာသည်။
သူက ပေါက်စီအား လိပ်ထားသည့် အထုပ်ကို ဖြည်လိုက်ကာ ပူနေတုန်း စားလိုက်သည်။
အင်း… လက်ထဲမှာလည်း နူးနူးညံ့ညံ့လေး… တစ်ကိုက်,ကိုက်လိုက်တာနဲ့ ဂျုံနံ့လေးကို သင်းနေပြီး အရသာက ရှိလိုက်တာ။
သူက ခေါင်းကို ညိတ်လျက် ပြောသည်။ “သားတော်လေးရဲ့ အဘွားတော်က အချက်အပြုတ်မှာ တကယ်ကောင်းတာပဲ”
ယန်ရှုက ပြန်မပြောမီ ဘေး၌ရှိနေသည့် မင်းသားလေးက တခစ်ခစ် ရယ်လိုက်ပြီး “ကောင်း… ကောင်း” ဟု ပြောလေသည်။
ယောက္ခမကြီးရဲ့ ပေါက်စီတွေက စားလို့ အကောင်းဆုံးပဲ…။
~~
မျက်တမှိတ်အတွင်းမှာပင် နှစ်သစ်ကူး ခုနှစ်ရက်မှာ ကုန်ဆုံးသွားတော့သည်။ ဋ္ဌာနပေါင်းစုံမှာလည်း နောက်တစ်နှစ်အတွက် အရေးကြီးသည့်ကိစ္စများကို အစီအစဉ်များ ချလျက် ပုံမှန်အတိုင်း ဆက်လက် လည်ပတ်ကြသည်။
ယွီဝိန်းလန်မှာ တိုင်းရေး ပြည်ရေးများ လုပ်ဆောင်ရင်း သားတော်လေးအတွက်လည်း တွေးပူနေမိသည်။
သားတော်လေးမှာ တစ်နေ့ထက် တစ်နေ့ စားဖို့၊ သောက်ဖို့၊ ဆော့ကစား ပျော်ပါးဖို့သာ တွေးရင်း ကြီးပြင်းလာသည်ကို ကြည့်ရင်း အဆင်ပြေပါ့မလားဟု စဉ်းစားနေမိသည်။
သားတော်လေးမှာ အသက်နှစ်နှစ်သာ ရှိသေးသော်လည်း မင်းသားတို့ ထုံးစံအတိုင်း အသက် သုံးနှစ်အရွယ်တွင် စာပေ ပညာ စသင်ရတော့မည်။ ထို့ကြောင့် ကြားထဲတွင် အချိန် တစ်နှစ်သာ ကျန်တော့သည်။ ယခုအတိုင်း ဆက်ထားပါက အချိန်ကျသည့်အခါ ပညာသင်ယူနိုင်ပါ့မလားဟု စိတ်ပူနေမိသည်။
သားတော်လေးက အိမ်ရှေ့စံ မင်းသားမို့ အရေးကြီးသည်။
ဤသို့ အတွေးများ ပြည့်နေပြီး အလုပ်များ ပြီးစီးသည့်အခါ ယွီဝိန်းလန်တစ်ယောက် ပင်မ နန်းဆောင်သို့ စောစော ပြန်လာခဲ့လိုက်သည်။
ညစာ မစားမီ နန်းဆောင်သို့ ပြန်ရောက်လာသဖြင့် ခန်းဆောင်အတွင်းသို့ ဝင်လိုက်သည့်အခါ စာအုပ် တစ်အုပ်ကို အတူတူ ကြည့်လျက် ရှိနေသည့် သားအမိနှစ်ယောက်ကို မြင်လိုက်ရသည်။
မင်းသားလေးမှာ စာလုံးများကို မဖတ်နိုင်သေးသဖြင့် အမေဖြစ်သူက ဖတ်ပြနေသည်။ ယန်ရှုက ပေါက်စလေး ကြားအောင် ဘေးမှ စာလုံးများကို ရွတ်ပြနေသည်။
ထိုသို့ မြင်လိုက်ရသည့်အခါ ယွီဝိန်းလန် ကျေနပ်သွားမိသည်။
သူသာလျှင် လက်ရှိ အခြေအနေကို စိတ်ပူနေသည်မဟုတ် သူ့ဇနီးဖြစ်သူကလည်း သားတော်လေး စာဖတ်တတ်စေရန် ကြိုးစား သင်ပေးနေသည်ကို မြင်လိုက်ရ၍ဖြစ်သည်။
သို့ရာတွင် အတန်ငယ် နားထောင်ပြီးသည့်အခါ ဇနီးဖြစ်သူ ဖတ်ပြနေသည်မှာ ရှေးစာဆိုကြီးများ၏ အဆိုအမိန့်များ မဟုတ်သည်ကို သိလိုက်ရသည်။
196 05
ဝတ္ထုစာအုပ်များတွင် ပါသည့် ဇာတ်လမ်းမျိုးတွေ ဖြစ်နေသည်။
“လွန်ခဲ့တဲ့ နှစ်ပေါင်းများစွာတုန်းက ချင်းကျိုးမြို့မှာ အရမ်းချမ်းသာတဲ့ ဆိုးဆေး လုပ်ငန်းပိုင်ရှင်ကြီး တစ်ယောက်ရှိတယ်…”
ယွီဝိန်းလန် - “…”
သူက မျက်မှောင် ကြုတ်လိုက်ပြီး မေးလိုက်သည်။ “ဘာတွေ ဖတ်ပြနေတာတုန်း”
ယန်ရှု - “ဝတ္ထုလေ”
ယွီဝိန်းလန် - “မိဖုရား ရေးထားတာလား”
“မဟုတ်ပါဘူး…” ယန်ရှုက ခေါင်းကို ရမ်းလိုက်သည်။ “အခုတလော စာတွေ သိပ်မရေးဖြစ်ပါဘူး… နန်းမြို့တော်ထဲမှာ နာမည်ကြီးနေတဲ့ စာရေးဆရာတစ်ယောက် ရေးထားတာပါ… ဖတ်လို့ တော်တော်ကောင်းတယ်”
ယန်ရှုမှာ စာရေးဝါသနာထုံသူဖြစ်သည့်အပြင် စာဖတ်ရသည်လည်း နှစ်သက်သူဖြစ်သည်။ အားလပ်သည့် အချိန်မျိုးတွင် အခြားသော စာရေးဆရာများ၏ လက်ရာမွန်များကိုလည်း ဖတ်နေလေ့ရှိသည်။
သို့ရာတွင် ယွီဝိန်းလန်မှာ သူမ၏ ရည်ရွယ်ချက်ကို နားမလည်သဖြင့် မေးလိုက်သည်။ “သားတော်လေးကရော ဘေးကနေ ဘာလုပ်နေတာလဲ”
ယန်ရှု “မိဖုရားနဲ့ ဇာတ်လမ်း အတူတူ ဖတ်နေတာလေ”
မထင်ရလို့လား။
သို့သော် သူ မကျေနပ်… ထို့ကြောင့် သားတော်လေးအား ပွေ့ချီလိုက်ပြီး မျက်နှာထား တင်းတင်းဖြင့် ပြောလိုက်သည်။ “သားတော်က တာ့လျန်ပြည်ကြီးရဲ့ အိမ်ရှေ့မင်းသားနော်…။ အခု အသက် နှစ်နှစ် ရှိနေပြီဆိုတော့ ကလေးကြီးလို့ ခေါ်လို့ရနေပြီ… အရေးကြီးတာတွေကို လေ့လာချိန်တန်ပြီ… သိရဲ့လား”
သားတော်လေးကလည်း ခေါင်းကို ညိတ်ပြပြီး ရိုးသားစွာ ပြန်ဖြေသည်။ “သိပါတယ်”
ထိုအခါမှ ယွီဝိန်းလန်က နည်းနည်း ကျေနပ်သွားသလိုလို ဖြစ်သွားပြီး ဆက်ပြောလိုက်သည်။ “ဒါဆို အရင်နေ့က သင်ပေးထားတာကို ပြန်နွှေးနိုင်အောင်လို့ ခမည်းတော် ပြန်ရွတ်ပြမယ်… ပညာရှိဟာ ရေမှာ ပျော်တယ်… စေတနာသမားက…”
“တောင်တန်းတွေမှာ ပျော်တယ်”
သူ ရွတ်ဆို၍ မဆုံးမီ သားတော်လေးက ကလေးအသံလေးဖြင့် ဖြတ်ပြောလိုက်သည်။
ယွီဝိန်းလန် အံ့ဩ သွားသည်။
သားတော်လေး ဘာပြောလိုက်တယ်။
“တောင်တန်းတွေမှာ ပျော်တယ်” ဟုတ်လား။
ထို့ကြောင့် မသေချာသေးသဖြင့် နောက်တစ်ကြိမ် ထပ်ရွတ်ဆိုလိုက်သည်။ “ပညာရှိ…”
“ရွှေ့…”
“စေတနာသမား…”
“တွေက အခုထိ…”
“ပညာရှင်…”
“ပျော်တယ်…”
“စေတနာသမား…”
“အသက်ရှည်ကျန်းမာတယ်”
ဤသို့ဖြင့် သားအဖ နှစ်ဦး အပြန်အလှန် ရွတ်ဆိုပြီးနောက် သားတော်လေးက အကုန်လုံးကို မှန်ကန်အောင် ရွတ်ဆိုနိုင်နေသည်ကို သိလိုက်ရသည်။
ယွီဝိန်းလန်မှာ ကျေကျေနပ်နပ်ကြီး ဖြစ်နေတော့သည်။
ငါ့သားတော်လေးက ဒီလောက်တောင် တတ်နေပါ့လား…။
ယန်ရှုကလည်း ဘေးမှ နေ၍ တအံ့တဩ ဖြစ်နေတော့သည်။ “ဝိုး… ငါ့ သားတော်လေးက တကယ့် ဉာဏ်ကြီးရှင်ပဲ”
သူမက သားတော်လေး၏ ပါးဖောင်းဖောင်းကို အိခနဲ နေအောင် နမ်းလိုက်သည်။
သားတော်လေးကလည်း တခစ်ခစ်ရယ်၍ လိုက်ပြောလေသည်။ “ဉာဏ်ကြီးရှင်ပဲ”
******
197 01
အခန်း 197
အစက ပျော်နေသော်လည်း ယန်ရှုစိတ်ထဲ သံသယဝင်မိသည်။ သားတော်လေးက ရှေးစာဆိုကြီးတွေရဲ့ အဆိုအမိန့်တွေကို တကယ်တတ်နေတာလား ဒါမှမဟုတ်… သူ့ရဲ့ ‘အစွမ်း’ ကြောင့်လား။
အဟင်း… ပြောရလျှင် သူမ၏ သားတော်တွင် စိတ်ဖတ်နိုင်သည့် အစွမ်းရှိသည် မဟုတ်ပါလား…။
သူ့အဖေတွေးနေသည့် စကားလုံးများကို ကြားမိသဖြင့် သူက နှုတ်မှ ရွတ်ဆိုခြင်းလည်း ဖြစ်နိုင်သည်လေ…။
ထိုသို့ သံသယဝင်ပြီးသည့်အခါ နောက်တစ်နေ့ ယွီဝိန်းလန် မရှိချိန်၌ စမ်းသပ်ကြည့်ရန် ဆုံးဖြတ်လိုက်သည်။
သူမက သားတော်လေးအား ပြုံး၍ ကြည့်လိုက်ကာ “မယ်တော်နဲ့ ဆော့ရအောင်ဟေ့” ဟု ပြောလိုက်ရာ ဘာကိုမှ မသိရှာသည့် ပေါက်စလေးက ဖြူစင်စွာ ပြုံးလိုက်ပြီး “ဆော့မယ်…” ဟု ချစ်စရာအသံလေးနှင့် ပြန်ပြောလေသည်။
ယန်ရှုက အဆိုအမိန့်တစ်ခုကို ရွတ်ဆိုလိုက်သည်။
“ပညာရှိတွေက…”
သားတော်လေး၏ ဖခင်နှင့် မတူသည်မှာ သူမက ရှေးဂန္ဓဝင် အဆိုအမိန့်များနှင့် ပတ်သက်လာလျှင် နကန်းတစ်လုံးမျှ မသိသဖြင့် စာအုပ်များကို ကြို၍ ရှာထားပြီးနောက် ယခုလို ဖတ်ပြနေခြင်းဖြစ်ပေသည်။
သူမ၏ နှုတ်မှ စကားလုံးများမှာ ဖြေးညှင်းစွာထွက်နေစဉ် သားတော်လေးက ချက်ချင်းပင် “စိတ်မပူတတ်ဘူး…” ဟု ရွတ်ဆိုလိုက်သည်။
အိုး… မှန်တယ်ဟ…။
ယန်ရှု မျက်နှာ ဝင်းပသွားပြီး နောက်တစ်ခွန်းကို ဆက်၍ ရွတ်ဆိုလိုက်သည်။ “သတ္တိခဲတွေက…”
သားတော်လေးက “...မကြောက်တတ်ဘူး” ဟု ရွတ်ဆိုသည်။
သို့သော်လည်း သူမက လုံးဝ မပျော်ရဲသေးဘဲ နောက်တစ်အုပ်ကို ယူလိုက်ပြီး တွေ့ရာ စာကြောင်းတစ်ခုကို ရွေးလိုက်ကာ စာကြောင်းတစ်ဝက်ကို သူမ မမြင်ရအောင် လက်ဖြင့်ကွယ်ထားလိုက်သည်။ ထို့နောက် သားတော်လေးအား မေးလိုက်သည်။
“လူကြီးလူကောင်းတွေဟာ သဟဇာတ,မျှပေမဲ့… ဘာ မလုပ်တတ်တာလဲ”
ဟန်ကလေး - “ဘက်မလိုက်တတ်ဘူး”
ယန်ရှု - “လူနုံ လူဖျင်းတွေက ဘက်လိုက်တတ်ပေမဲ့ ဘာမဖြစ်တာလဲ”
ပေါက်စလေး - “သဟဇာတ, မဖြစ်ဘူး”
ယန်ရှု - “ဆင်းရဲမွဲတေမှုကြောင့် အမှန်တရားဟာ ပျောက်မသွားဘူး…”
ပေါက်စလေး - “ချမ်းသာကြွယ်ဝမှုတွေကလည်း နည်းစနစ်အမှန်ကို မဖုံးကွယ်နိုင်ဘူး”
ယန်ရှု - “…”
မှန်တယ်တော့…။
ပို၍ သေချာစေရန် နောက်ထပ်တစ်ကြောင်းလောက် စမ်းသပ်ကြည့်ရန် တွေးလိုက်သည်။
“တခြားသူတွေ အပေါ် မေတ္တာထားတတ်တဲ့သူတွေက ဘယ်သူတွေလဲ”
ပေါက်စလေး - “ကြက်သား ကြိုက်တဲ့သူတွေ”
ယန်ရှု - “တခြားသူတွေကို လေးစားတတ်သူတွေက ဘယ်သူတွေလဲ”
ပေါက်စလေး - “ကြက်သားကို လေးစားသူတွေ။”
ပြန်ဖြေသော စကားများမှာ မပီကလာ ပီကလာဖြင့် ပြောနေသော်လည်း ယန်ရှုက အကုန် မှန်သည်ဟု တွေးလိုက်မိသည်။
ဒါဆို သားတော်လေးက အဖေသင်ပေးသမျှကို တကယ် မှတ်မိနေတာပေါ့။ သားတော်လေးမှာ ရွတ်ဆိုပေးနေချိန်၌ အိပ်ပျော်သွားတတ်သော်လည်း တဖြည်းဖြည်း သင်ကြားပေးခြင်းနည်းလမ်းက ထိရောက်နေတာ အမှန်ဖြစ်သည်။
ယန်ရှုမှာ အလွန်ကျေနပ်နေပြီး ပျော်နေမိသည်။ သူမ၏ သားတော်လေးသည် အသက် နှစ်,နှစ်သာ ရှိသေးသော်လည်း အတော် တတ်နေပြီလေ…။
197 02
သူမဆီမှ ဉာဏ်ကြီးရှင်လေးတစ်ယောက် မွေးထုတ်လိုက်နိုင်မည်ကို ဘယ်တုန်းကမှ ထင်မထားမိချေ။ သူမက စာလုပ်ရန် ပျင်းပြီး ဝတ္ထုများသာ တစ်နေကုန် ဖတ်နေတတ်သူဖြစ်သဖြင့် ယခုလို အင်မတန် တော်သည့် သားတော်လေးအား ပိုင်ဆိုင်ရသည်မှာ အလွန်ပင် ကျေနပ်စရာကောင်းလှသည်။
“သားတော်လေးက တော်လိုက်တာနော်”
ချီးကျူးရင်း သူမ၏ ရတနာလေးကို ဖက်ကာ အကြိမ်ကြိမ် နမ်းလိုက် မိတော့သည်။
သားတော်လေးကလည်း တခစ်ခစ်ရယ်ကာ ပြန်နမ်းလေသည်။ ထို့နောက် သွားဖြူဖြူလေးများ ပေါ်အောင် ပြုံးလိုက်ပြီး “သားသား… တော်တော်” ဟု ပြောလေသည်။
သားအမိနှစ်ယောက် အတူတကွ ရယ်နေသည်ကို မြင်ရသူတိုင်း၏ ရင်ထဲတွင် နွေးသွားစေနိုင်သည်။
သို့ရာတွင် သားတော်လေးအတွက် ကြိုးစားပေးတတ်သည့် အမေတစ်ယောက်ဖြစ်သည့် ယန်ရှုက ယခုလို ကျေနပ်နေရုံနှင့် မလုံလောက်သေးဟု သဘောပေါက်သည်။ သားတော်လေးမှာ အရည်အချင်းရှိတာ အမှန်ဖြစ်သော်လည်း ရှေ့ဆက် ကြိုးစားနေမှ တော်ကာကျပေလိမ့်မည်။
ထို့ကြောင့် သူမက ကလေးများအား ထိထိရောက်ရောက် ဆုံးမနိုင်သည့် နည်းလမ်းကို သိသဖြင့် ဆုပေး၍ ချီးမြှောက်ရန် စီစဉ်လိုက်သည်။ “သားတော်လေးက တော်တော့ ခမည်းတော် သင်သမျှ အားလုံး မှတ်မိနေတယ်… အဲဒါကြောင့် နေ့လည်စာအတွက် သိုးသားကင် လုပ်ပြီး ဆုချရမယ်… ကျေနပ်လား”
“သိုးသားကင်!”
သားတော်လေးက လက်ခုပ်လက်ဝါးတီးကာ ပျော်ရွှင်စွာ ပြောနေတော့သည်။ “ဟန်ကလေး… သိုးသားကင် ကြိုက်တယ်”
ဤသို့ဖြင့် နေ့လည်စာ စားချိန်ရောက်သည့်အခါ ဗဟိုနန်းဆောင်၌ ဧကရီ ဘုရင်မကြီးနှင့် အိမ်ရှေ့စံ မင်းသားလေးတို့ နှစ်ဦးသား သိုးသားကင်ကို တဝကြီး စားကြလေသတည်း။
နေ့လည်စာကို တဝ တပြဲစားပြီးသည့်အခါ ယန်ရှုမှာ အခြားအရေးကြီးသည့် ကိစ္စတစ်ခုကို သတိရလိုက်သည်။
အသက် နှစ်,နှစ်အရွယ် သားတော်လေးသည် အနှီးနှင့် နေရစဉ်အချိန်က စိတ်ခံစားချက်များကို ခံစားနိုင်ခဲ့ပြီး ယခုအချိန်တွင် တခြားသူတို့၏ ပျော်ရွှင်မှု ဝမ်းနည်းမှုများကို အလိုလို သိနေသောကြောင့် စိတ်ဖတ်နိုင်စွမ်းရှိနေကြောင်း သိသာလာသည်။
သို့သော် အရွယ်ငယ်လွန်းနေသေးသဖြင့် သူ့ကိုယ်ပိုင် စွမ်းအားကို မခွဲခြားနိုင်လောက်သေးပေ။ ထို့ကြောင့် အမေတစ်ယောက်အနေဖြင့် ကောင်းကောင်း လမ်းပြ သင်ကြားပေးရန် တွေးလိုက်မိသည်။
သူမက သားတော်လေးအား “သားသားလေး” ဟု ခေါ်လိုက်သည်။
ကြိုးကွင်းများဖြင့် ဆော့ကစားနေသည့် သားတော်လေးက မော့ကြည့်ပြီး “ဟင်…” ဟု ပြန်ထူးသည်။
ယန်ရှုက “မယ်တော်ခေါ်လိုက်တာ ကြားလိုက်လား” ဟု စိတ်ထဲမှနေ၍ မေးလိုက်သည်။
သားတော်လေးက ခေါင်းညိတ်၍ ပြန်ဖြေသည်။ “အင်း… မယ်တော် သားသားလို့ ခေါ်တာ ကြားတယ်”
ယန်ရှုအဖို့ သေချာသွားလေပြီ။
သားတော်လေးမှာ စိတ်ဖတ်စွမ်းအင် သေချာပေါက် ရှိနေပြီဖြစ်သည်။ သို့သော် သားတော်လေးက နှုတ်မှ ပြောသည်လား၊ စိတ်မှ ပြောသည်လား မခွဲနိုင်သေးကြောင်းလည်း မြင်နေရသည်။
သူမက သားတော်လေးအား ပြောလိုက်သည်။
“မယ်တော်ကလွဲရင် တခြားသူတွေ ဘာပဲပြောပြော နားပဲထောင် ပြန်မပြောနဲ့နော် သိလား”
သားတော်လေးက နည်းနည်း နားမလည်သလို ဖြစ်သွားပြီး တခဏမျှ တွေးလိုက်ကာ ပြန်မေးလေသည်။ “ဘာလို့လဲ”
ယန်ရှုက ပြောပြလိုက်သည်။ “ဘာလို့လဲဆိုတော့ တခြားသူတွေက သားသားလို စိတ်ထဲက စကားသံတွေကို မကြားနိုင်ဘူးလေ… အဲဒါက သားသားရဲ့ အစွမ်းပဲ…။ တကယ်လို့ တခြားသူတွေ သိသွားရင် အဲဒီအစွမ်းကို သူတို့ ယူသွားကြလိမ့်မယ်”
197 03
အသက် နှစ်နှစ်အရွယ် သားတော်လေးမှာ ကလေးစိတ်သာ ရှိသေးသဖြင့် သူများက တစ်ခုခု ယူသွားမည်ကို မကြိုက်သဖြင့် ကိုယ့်ကိုယ်ကို ပြန်ဖက်လိုက်ပြီး “မယူရဘူး” ဟု ပြောလေသည်။
ထိုအခါ ယန်ရှုက အားပေးလိုက်သည်။
“ခမည်းတော်နဲ့ မယ်တော်က ကာကွယ်ပေးမှာပါ… အဲဒီအစွမ်းကို တခြားလူတွေ ယူလို့ မရအောင် တားပေးထားမှာ… သားသားကလည်း တခြားသူတွေ မသိအောင် နေနော်… ဟုတ်ပြီလား”
သားတော်လေးက ခေါင်းကို ညိတ်၍ နားထောင်လေသည်။
ယန်ရှုက သားတော်လေး၏ ခေါင်းကို ပွတ်လိုက်ပြီး စိတ်သက်သာသွားသဖြင့် သက်ပြင်းချလိုက်သည်။ ယခုလို ငယ်ငယ်ရွယ်ရွယ်ဖြင့် စွမ်းအားကြီးတစ်ခု ပိုင်ဆိုင်ထားရသည်မှာ မလွယ်ကူမှန်း ယန်ရှုသိသည်။
သားတော်လေးကို သူမက ကာကွယ်ပေးမှာ မှန်သော်လည်း မသမာသူတို့ သိသွားပါက သားတော်လေးအား အသုံးချသွားမှာ စိုးရိမ်ရသည်။
သို့သော် ယခုလက်ရှိ နန်းတွင်းသူ နန်းတွင်းသားတို့မှာ ရိုးသား ကြင်နာတတ်ကြသဖြင့်သာ တော်သေးသည်။
သားတော်လေး တဖြည်းဖြည်း ကြီးပြင်းလာပြီး အမှားအမှန် ခွဲခြားတတ်လာမှသာ အရာအားလုံး အဆင်ပြေနိုင်ပေလိမ့်မည်။
~~
သူ့ကြိုးစားချက်များ ထိရောက်ကြောင်း သိလိုက်ရသဖြင့် ယွီဝိန်းလန်က သားတော်ဖြစ်သူကို ပညာဆက်သင်ပေးရန် အားတက်နေမိတော့သည်။ သူက ‘တဖြည်းဖြည်း သင်ကြားသည့် စနစ်’ကို ဆက်လက် အသုံးပြုပြီး သားတော်လေးအား ပညာရှိကြီးများ၏ အဆိုအမိန့်များကို ညတိုင်း ရွတ်ဆိုပြပြီး ကလေးနားလည်အောင် ရှင်းပြသည်။
နန်းတွင်း ညီလာခံများကြောင့် အလုပ်က ရှုပ်နေသဖြင့် ညနေပိုင်းတွင်သာ သားတော်လေးနှင့် အချိန်ဖြုန်းခွင့်ရသည်။ ထို့ကြောင့် ညနေပိုင်း၌သာ ယမန်နေ့က သင်ထားသည်များကို ပြန်လည် စစ်ဆေးခြင်း၊ အဆိုအမိန့်အသစ်ကို ရွတ်ဆိုပြခြင်း စသည်တို့ ပြုလုပ်ရသည်။
ပေါက်စလေးကလည်း ခါတိုင်းလိုပင် စာကြောင်း ငါးကြောင်း ခြောက်ကြောင်းခန့် ရွတ်ဆိုပြီးချိန်၌ အိပ်မောကျသွားလေ့ရှိသည်။
ထိုသို့ ဖြစ်ရသည်မှာ နေ့ခင်းဖက်တွင် ပြေးလွှားဆော့ကစားထား၍ ပင်ပန်းနေသောကြောင့်ဟု ယွီဝိန်းလန်က ယူဆမိသည်။
ထိုအတွက်လည်း စိတ်ဆိုးခြင်း မဖြစ်မိပေ။ အဘယ့်ကြောင့်ဆိုသော် သားတော်လေးမှာ မွေးကတည်းက ယခုလို အိပ်တတ်သည့်အပြင် သူ သင်ကြားသမျှကိုလည်း မှတ်မိနေသောကြောင့် စိတ်မပူခြင်း ဖြစ်သည်။
မည်သို့ပင်ဆိုစေ… တစတစ သင်ကြားပေးသည့် နည်းလမ်း ဖြစ်သဖြင့် သားတော်လေး၏ တိုးတက်ပုံမှာ ကျေနပ်ဖွယ်ရာဖြစ်သည်။
ယွီဝိန်းလန်အနေနှင့် အခုတလော နောက်ထပ် စဉ်းစားမိသည်မှာ မယ်တော်ကြီး ကွယ်လွန်သည်ဟု လူအများသိထားသည်မှာ နှစ်နှစ်ကျော် ရှိနေပြီ ဖြစ်သဖြင့် လွမ်းဆွတ်တမ်းတ,ချိန်မှာလည်း ကုန်ဆုံးတော့မည်ဖြစ်သည်။ သားတော်လေးကလည်း အရွယ်ရောက်လာပြီ ဖြစ်သဖြင့်…
နောက်ထပ် တစ်ယောက် နှစ်ယောက်လောက် ထပ်ယူရင် ကောင်းမလားဟု တွေးမိနေသည်။
သို့သော် သားတော်ကို မွေးဖွားစဉ်ကာလကို ပြန်စဉ်းစားကြည့်လိုက်ပြီး ကလေးမွေးဖွားခြင်းသည် လွန်စွာ ခက်ခဲလှသဖြင့် နောက်တစ်ယောက် ထပ်ယူရန် ယန်ရှု သဘောထားက အဓိကကျသည်ဟု ယူဆမိသည်။
ညနေဖက်ရောက်သည့်အခါ ထိုအတွေးများကို ခေါင်းထဲထည့်၍ ဗဟိုနန်းဆောင်သို့ ပြန်လာခဲ့သည်။
သားတော်လေးနှင့် မိဖုရားဖြစ်သူတို့မှာ ထုံးစံအတိုင်း အိပ်ယာပေါ်တွင် ဝတ္ထုစာအုပ်တစ်အုပ်ကို အတူတူ ဖတ်နေကြသည်။
197 04
နှစ်ဦးစလုံး၏ မျက်နှာများမှာ ပန်းနုရောင် သန်းနေပြီး၊ ဆံပင်များမှာလည်း ဖွာနေသလို ဖြစ်နေသောကြောင့် ရေမိုးချိုး သန့်စင်ထားကြပုံ ပေါ်သည်။
အထူးသဖြင့် သားတော်လေး၏ အဝတ်အစားများမှာ သန့်စင်နေသဖြင့် ချစ်စရာကောင်းလှသည်။
သူ ခန်းဆောင်အတွင်းသို့ ဝင်လာသည်ကို မြင်လိုက်သောအခါ သားတော်လေးက ခုန်ပေါက်ကာ ပြေးလာပြီး နှုတ်ဆက်လေသည်။ “ဟန်ကလေး… ခမည်းတော်ကို ကြိုဆိုပါတယ်”
ယွီဝိန်းလန်မှာ သဘောကျသဖြင့် ပြုံးလိုက်မိပြီး ပေါက်စလေးကို ပွေ့ချီလိုက်သည်။
“ဒီနေ့ သားသားက ဘာတွေ လုပ်ဖြစ်လဲ။ ခမည်းတော်ကို လွမ်းနေသေးလား”
ပေါက်စလေးက ခေါင်းညိတ်၍ မျက်နှာထား တည်တည်ဖြင့် ပြန်ဖြေသည်။ “သားသား ခမည်းတော်ကိုလည်း လွမ်းတယ်… စားလည်း စားတယ်… ဆော့လည်း ဆော့တယ်”
ယွီဝိန်းလန်က ခေါင်းကို ညိတ်ပြလိုက်ပြီး ချီးကျူးလိုက်သည်။ “ခမည်းတော်ကို ထိပ်ဆုံးမှာ ထားတဲ့ သားသားက သိတတ်လိုက်တာ”
ထို့နောက် သူက တွေးမိလိုက်သည်။ သူတို့မှာ နောက်ထပ် ကလေးတစ်ယောက် ရလာရင် ပေါက်စ,လေးလို ချစ်စရာကောင်းနေမှာလား။
ပေါက်စလေးက ညီတော် လိုချင်တာလား၊ ညီမတော် လိုချင်တာလား။
ထိုသို့တွေးနေစဉ် သူ့လက်ထဲမှ ပေါက်စလေးက “ညီတော်လေး… ညီမတော်လေး…” ဟု ပြောလိုက်လေသည်။
ယွီဝိန်းလန် - “...”
သူတွေးနေတာကို ပေါက်စလေး ကြားသွားတာလား။
ဟုတ်သားပဲ… မေ့နေတာ… သားတော်လေးမှာလည်း သူ့လို စိတ်ဖတ်စွမ်းအင် ရှိတယ်လေ…။
ဟား… အရင်တုန်းက ယန်ရှုတောင် သူတွေးတာ မကြားရလို့ ဗိုက်ကို ထိထားမှ ကြားရတာ… ပေါက်စလေးကျတော့ ဘာမှ လုပ်စရာတောင် မလိုဘဲ ကြားနေရပါလား။
ဟင်း… တော်တော် တော်တဲ့ ပေါက်စလေး… ဒီအရွယ်လေးပဲ ရှိသေးတယ် စိတ်ဖတ်စွမ်းအားကို ကောင်းကောင်း အသုံးချတတ်နေပြီ။
သူက တိတ်တဆိတ် ဂုဏ်ယူ ကျေနပ်နေစဉ် ယန်ရှုကလည်း တိတ်တဆိတ် တွေးနေမိသည်။
ခုဏက သားတော်လေး ပြောလိုက်တာ ငါကြားလိုက်တယ်…ကြည့်ရတာ ကလေး နောက်တစ်ယောက် လိုချင်တဲ့သူ ရှိနေပြီ ထင်တယ်…။
ဟားဟား… ငါလည်း လိုချင်နေတာပဲလေ…။
နှစ်သစ်ကူးပွဲတော်ကာလ နန်းတွင်းသို့ လာရောက် ဆုမွန်ကောင်းတောင်းကြသည့် ဝန်ကြီးမတ်ရာများထဲမှ တစ်ဦးက မြေးမလေးအား ခေါ်လာရာ ထိုကလေးမလေးမှာ ပန်းနုရောင်သန်းနေပြီး နုနုနယ်နယ်လေး ဖြစ်သဖြင့် ယန်ရှုမှာ ကြည့်ပြီး ချစ်နေခဲ့မိသည်။
အကယ်၍သာ သူမတွင် သမီးတော်တစ်ယောက်ရှိခဲ့လျှင် နေ့တိုင်း အဝတ်အစား လှလှပပ ဆင်ယင်ပေးမိမည် ထင်သည်။ ဆံပင်ကိုလည်း ဖြီးပေးမည်… ဆံထုံးလည်း ထုံးပေးမည်… အဝတ်အစားများကိုလည်း လှလှပပ သေးသေးလေးတွေ ချုပ်ပေးမိမှာ အမှန်ပင် ဖြစ်သည်။
ထိုသို့ စိတ်ကူးယဉ်မိပြီးနောက် သမီးလိုချင်စိတ်များ တဖွားဖွားပေါ်ပေါက်နေတော့သည်။
ဤသည်ကို တိတ်တဆိတ်နားထောင်နေသည့် ယွီဝိန်းလန်ကလည်း စိတ်ထဲမှ ကျိတ်၍ ခေါင်းညိတ်မိလိုက်သည်။
အခု ငါတို့မှာ သားတစ်ယောက် ရှိပြီးပြီဆိုတော့ သမီးတစ်ယောက် ထပ်ရလာရင် သိပ်ကို ကောင်းသွားပြီ။
ထို့ကြောင့် သူက ပေါက်စလေးအား “သားသား… ညီလေးလိုချင်လား ညီမလေး လိုချင်လား” ဟု မေးလိုက်ပြီး လင်မယားနှစ်ယောက်လုံး သားတော်လေး ဘာပြောမလဲဟု စောင့်ကြည့်နေကြသည်။
ပေါက်စလေးက အချိန်အတန်ကြာ တွေးနေပြီးနောက် တခစ်ခစ် ရယ်လိုက်ကာ ဖြေလေတော့သည်။ “မမ, လိုချင်တယ်”
ယန်ရှု - “…”
ယွီဝိန်းလန် - “…”
ဘယ်လို… သားတော်လေးကလည်း မမ,လိုချင်တယ်တဲ့လား။
ထိုစဉ် မင်းသားလေးက မျက်နှာထားတည်တည်ဖြင့် “ဟန်ကလေး မမ,လိုချင်တယ်” ဟု ထပ်၍ ပြောလိုက်လေသည်။
ယန်ရှု - “...အင်း… အဲဒါတော့ မယ်တော် မတတ်နိုင်ဘူး”
ပြောရင်း သူမက ယွီဝိန်းလန်ကို အားကိုးတကြီး ကြည့်လိုက်ရာ “အင်း… ခမည်းတော်လည်း အာမ,မခံနိုင်ဘူး” ဟု အမြန် ပြောလိုက်ရလေသည်။
******
198 01
အခန်း 198
အိမ်ရှေ့မင်းသားလေး၏ ဆန္ဒကို ဖြည့်ဆည်းပေးရန်မှာ ဖခင်နှင့် မိခင်တို့အတွက် မလွယ်လှပေ။
အဘယ့်ကြောင့်ဆိုသော် အစ်မတစ်ယောက်ရဖို့ မဖြစ်နိုင်လှသော်လည်း ညီမလေးတစ်ယောက် ရဖို့တော့ ကြိုးစားနိုင်ပေသည်။
မွေးလာမည့် ကလေးကို ယောက်ျားလေး သို့မဟုတ် မိန်းကလေး ဖြစ်စေရန် စိတ်ဆန္ဒရှိရုံနှင့် မရဘဲ လူကိုယ်တိုင်က တနည်းနည်းဖြင့် တွန်းအားပေးမှ ရနိုင်မည်ကို ယန်ရှုက စဉ်းစားမိသဖြင့် သေသေချာချာ ပြင်ဆင်ရန် ဆုံးဖြတ်လိုက်သည်။
ထို့ကြောင့် သူမက စစ်စတန်အား အကူအညီတောင်းတော့သည်။
【တန်တန်ရေ… သမီးမိန်းကလေးရနိုင်ဖို့အတွက် လျှို့ဝှက်နည်းလမ်းလေး ဘာလေးများ မရှိဘူးလား။】
စစ်စတန် 【မွေးလာမဲ့ ကလေးရဲ့ ယောက်ျားလေး၊ မိန်းခလေး ဖြစ်နိုင်ချေက ခင်ပွန်းအပေါ်မှာ မူတည်တယ်တဲ့… မကြားဖူးဘူးလား…။ အဲဒါကြောင့် ငါတော့ မကူနိုင်ဘူး…။】
ယန်ရှု - 【တကယ်တော့ ဘဝဆိုတာ ပျင်းစရာကြီးပါဟာ… အဲဒါကြောင့် အပျင်းပြေအောင် တစ်ခုခု စမ်းကြည့်ချင်နေတာ…။ တချို့လူတွေ စာမေးပွဲမတိုင်ခင် အမွှေးတိုင်ထွန်းပြီး ဆုတောင်းကြသလိုပေါ့… ငါလည်း နည်းနည်းလောက် ဖြစ်ချင်တာလေးကို မေးကြည့်တာပါ】
ပြောရလျှင် သူမအဖို့ အချိန်ခရီးသွားတာကိုလည်း အောင်အောင်မြင်မြင်လုပ်ခဲ့ပြီ… အစွမ်းထက်သော စစ်စတန်တစ်ခုကိုလည်း ပိုင်ဆိုင်ထားသည်။ ပုံမှန်အတိုင်းဆိုလျှင် နိမိတ်တွေ နိမာတွေကို သိပ်မယုံတတ်ပေမဲ့ ယခုမူ ဖြစ်နိုင်ချေလေး နည်းနည်းလောက် မြှင့်နိုင်မလားဟု စမ်းကြည့်ချင်နေသည်။
စစ်စတန် - 【...အင်း… နင်ပြောတာလည်း ဟုတ်တော့ ဟုတ်ပါတယ်လေ…။ ဒါပေမဲ့ ငါ့မှာ တကယ် ဘာနည်းလမ်းမှကို မရှိတာပါ…။ နင်က အခုလို စကားတွေ တတ်နေတော့လည်း ငါ ငါးကျပ်ဖိုးလောက် ပြောပြရတာပေါ့။ ငါမှတ်မိသလောက်… မင်းသမီးကြီးက သူ့သမီးတော်ကို ကိုယ်ဝန်မဆောင်ခင်တုန်းက စပျစ်သီးတွေ အရမ်းစားတာ…။ အန်းခန်းမင်းသမီးကလည်း သူ့သမီးတော် မမွေးခင် မက်မွန်သီးတွေ အရမ်းစားတာ…။ အန်းခန်းမင်းသမီးရဲ့ မယ်တော်ကြီးကလည်း မင်းသမီးကို မမွေးခင် သခွားမွှေးသီးတွေ အရမ်းစားတာ】
ယန်ရှု - 【...】
စပျစ်သီး… မက်မွန်သီး… သခွားမွှေးသီး…။
အဲဒါတွေ အကုန်လုံးက နွေရာသီထွက် အသီးတွေ မဟုတ်လား။ အခုက နွေဦးရာသီလေ…။
ဒီဖက်ခေတ်မှာ ဖန်လုံစိုက်ခင်းတွေ မရှိတော့ နန်းတွင်း အစားအသောက်သိုလှောင်ရုံမှာ ပြီးခဲ့တဲ့ ဆောင်းဦး ရာသီတုန်းက လှောင်ထားတဲ့ လိမ္မော်သီးတွေ၊ ပန်းသီးတွေ၊ သစ်တော်သီးတွေပဲ ရှိတယ်။ အခုပြောတဲ့ အသီးတွေကို သူမက ဘယ်မှာ ရှာရမှာလဲ။
ယန်ရှုမှာ အနည်းငယ် စိတ်ဓါတ်ကျသွားမိသည်။ 【အဲဒီ အသီးတွေ မစားဘဲနဲ့ သမီးမိန်းကလေး ရနိုင်မဲ့ နည်းလမ်းရော မရှိဘူးလား။ ငါ့ကို နည်းနည်းလောက် အားတက်အောင် ပြောပြပါဦး】
စစ်စတန် - 【နင်ကလေ… တောင်းဆိုတာတွေ များလိုက်တာ…။ ဒါဆို လက်တွေ့ကျတာလေး တစ်ခု ပြောပြမယ်… နန်းတွင်း သမားတော်ကြီးကို အကူအညီ တောင်းကြည့်လိုက်…။】
ယန်ရှုမျက်နှာ ဝင်းပ,သွားသည်။ ဟုတ်ပေသားပဲ… ဘာလို့ သူမ အစက မတွေးမိလိုက်တာလဲ။
သူမ,မှာ ကိုယ်ဝန်အတွက် ပြင်ဆင်ရန် သမားတော်ကို အကူအညီတောင်း၍ ဆင်ခြင်စရာရှိသည်များ ဆင်ခြင်ရန် စီစဉ်ရပေမည်။
သူမက ချက်ချင်းပင် နန်းတွင်းသမားတော်ရွှမ်းအား ဆင့်ခေါ်လိုက်သည်။
မကြာမီ သမားတော်ရွှမ်းတစ်ယောက် ဆေးသေတ္တာနှင့်အတူ အပြေးကလေး ရောက်လာသည်။
ရုတ်တရက်ကြီး ဆင့်ခေါ်လိုက်သဖြင့် တစ်ခုခုများ ဖြစ်သလားဟု စိုးရိမ်သွားပြီး အမြန်ပြေးလာခြင်း ဖြစ်သည်။
198 02
“တစ်ခုခုများ ဖြစ်လို့လား မိဖုရား”
သူထင်ထားသလို မဟုတ်ဘဲ ယန်ရှုက ပြုံး၍ ပြောသည်။ “နေမကောင်းတာမျိုးတော့ မဟုတ်ပါဘူး… နောက်ထပ် ရင်သွေးလေးများ ထပ်ယူမလားလို့ တွေးမိလို့ မိဖုရားရဲ့ ခန္ဓာကိုယ်ကို စစ်ဆေးပေးဖို့ အကူအညီ တောင်းမလို့ပါ…။ စစ်ဆေးရင်း သမီးမိန်းကလေးရနိုင်အောင် လုပ်ပေးရင် ပိုတောင် ကောင်းသေးတယ်”
နန်းတွင်း သမားတော် ရွှမ်း - “...”
သူ့အနေနှင့် သားယောက်ျားလေး လိုချင်သူများကိုသာ မြင်ဖူးခဲ့သည်။ ယခုလို သမီးမိန်းကလေးလိုချင်၍ စိတ်အားထက်သန်နေသည့် မိဖုရားမျိုးကို ယခင်က မမြင်ဖူးခဲ့ပေ။
သူက အလျင်အမြန် နာခံလိုက်သည်။ “လိုက်နာပါတယ်… ဒါပေမဲ့ ယောက်ျားလေး၊ မိန်းကလေး အသေအချာ ရနိုင်ဖို့ကတော့ အာမခံနိုင်တဲ့ နည်းလမ်းရယ်လို့ မရှိပါဘူး…။ အဲဒီတော့ မိဖုရား စိတ်ရှည်ရပါမယ်”
ယန်ရှုက စိတ်အားထက်သန်စွာဖြင့် ခေါင်းညိတ်လိုက်သည်။ “အင်း… အင်း… နားလည်ပါတယ်”
ထိုစဉ် သူမ၏ ဘေးနားတွင် ရှိနေသည့် ပေါက်စလေးဖက်သို့ လှည့်၍ ပြောလိုက်သည်။ “တွေ့လား… သားသား… မယ်တော်က သားသားအတွက် ကြိုးစားပေးနေတယ်နော်… တကယ်လို့ ညီမလေး ရမလာဘဲ ညီလေး ရလာရင်လည်း စိတ်မဆိုးနဲ့နော်… ဟုတ်ပြီလား”
သို့သော် ပေါက်စလေးက “မမ, လိုချင်တယ်” ဟုသာ ပြန်ပြောလေသည်။
ယန်ရှု - “....”
နန်းတွင်း သမားတော် ရွှမ်း - “...”
မင်းသားလေးရေ… အဲဒါကတော့ မဖြစ်နိုင်ဘူး…။
သမားတော်ရွှမ်း၏ စမ်းသပ်စစ်ဆေးမှုအပြီးတွင် ယန်ရှုမှာ များသောအားဖြင့် ကျန်းမာနေကြောင်း သိရသည်။ သို့သော် ယင်-ဓါတ် အနည်းငယ် ချို့ယွင်းနေပြီး အအေးဓါတ်အနည်းငယ် များနေသည်။ ထို့ကြောင့် ယန်ရှုမှာ ဆေးများ ပြန်လည် မှီဝဲရလေသည်။
ဤတစ်ကြိမ်တွင် သူမသာ ဆေးသောက်ရသည်မဟုတ်ဘဲ ယွီဝိန်းလန်ကိုပါ သောက်စေရန် တိုက်တွန်းတော့သည်။
မွေးလာမည့် ကလေးသည် ယောက်ျား သို့မဟုတ် မိန်းကလေး ဖြစ်စေရန် လုပ်ဆောင်ရာတွင် ခင်ပွန်းသည်က ပို၍ အဓိကကျသောကြောင့်ဖြစ်သည်။
ယွီဝိန်းလန်က သူမ၏ အကြံအစည်ကို ရယ်ချင်မိသော်လည်း စိတ်အားထက်သန်နေသည်ကို မြင်လိုက်ရသောအခါ စကားနားထောင်ရန် ဆုံးဖြတ်လိုက်သည်။ ယခုလို လုပ်သည်မှာလည်း သူ့ အနာဂတ် ရင်သွေးလေးအတွက် ဖြစ်သောကြောင့် ဆေးခါးခါးဒဏ်ကို တောင့်ခံရန် တွေးလိုက်သည်။
အစားအသောက် မက်သူ ယန်ရှုမှာ အခါးဓါတ်ကို အလွန်မုန်းလှသည်။ သို့သော် သမီးချောလေး လိုချင်သဖြင့် နှာခေါင်းကို ပိတ်ကာ မြိုချလိုက်ရသည်။
အဖြစ်မှန်ကို မသိသည့် အစားအသောက်မက်သူ မင်းသားလေးက သူ့မိခင် သောက်ချလိုက်သည့် ဟင်းရည် မည်းမည်းကို ကြည့်၍ အရသာရှိသလားဟု သိချင်နေသည်။
သူက စားပွဲခုံဘေးမှ ခြေဖျားထောက်၍ စိတ်ဝင်စားစွာဖြင့် မေးလေသည်။ “မယ်တော်… ဘာသောက်”
အခါးဓါတ်ကြောင့် ရှုံ့မဲ့နေသည့် ယန်ရှုက ပြုံးလိုက်မိပြီး ပြန်ဖြေလိုက်သည်။ “မယ်တော်… ဆေးသောက်”
မင်းသားလေးက အသက်နှစ်,နှစ်ရှိပြီဖြစ်သော်လည်း မွေးကတည်းက ကျန်းမာရေးကောင်းသူဖြစ်သဖြင့် ‘ဆေး’ ဟူသည့် သဘောတရားကို နားမလည်ချေ။
သူ့အမေပြောသည်ကို ကြားလိုက်ရသောအခါ သိလိုစိတ်ဖြင့် ပြောလိုက်သည်။ “မြည်းကြည့်ချင်တယ်…”
ယန်ရှု - “...”
198 03
ဒီပေါက်စလေးကတော့လေ သူ့သားလို့ မပြောရဘူး… သောက်စရာတွေ့ရင် သောက်ချင်နေပြန်ပါပြီ။
သူမက မငြင်းဘဲ ပန်းကန်အတွင်း ကျန်နေသည့် ဆေးရည်နည်းနည်းကို ဇွန်းဖြင့် ခပ်လိုက်ပြီး “ရော့… မြည်းကြည့်” ဟု ပေးလိုက်သည်။
ပေါက်စလေးက တချက် တွန့်သွားပြီး လျှာဖြင့် လျက်ကြည့်လေသည်။
မကြာမီ သူ့မျက်နှာလေးမှာ ရှုံ့မဲ့သွားပြီး မျက်မှောင်ကြုတ်လျက် အော်လေတော့သည်။ “ခါး… ခါး…”
ယန်ရှုက ပါးလုပ်ကျင်းရန် ရေထည့်ပေးလိုက်သည်။ “ကဲ… ဆေးက ခါးခါးကြီးဆိုတာ သိပြီနော်… သားသား နောက်ဆို ဆေး မသောက်ရအောင် ကျန်းမာအောင် နေ… သိလား”
ပေါက်စလေးက ခေါင်းညိတ်ပြပြီး သူမအတွက် စိုးရိမ်သွားကာ ပြောလေသည်။ “မယ်တော်… ဆေး သောက်နဲ့”
သားတော်လေးက သူ့အတွက် ပူပေးနေသဖြင့် ယန်ရှု ရင်ထဲတွင် နွေးသွားသည်။ ထို့ကြောင့် သူမက သားတော်လေးအား နမ်းလိုက်ပြီး - ပြောလိုက်သည်။
“မယ်တော်က သားသားအတွက် ညီမလေးမွေးပေးမလို့ သောက်နေတာပါ… မယ်တော်က ခါးတာကို ခံနိုင်ပါတယ်”
သို့သော် သူမ ပြော၍ မပြီးသေးခင် ပေါက်စလေးက မျက်မှောင်ကြုတ်၍ - ပြောလေသည်။
“မမ လိုချင်တာ”
ယန်ရှု -
“...အဲဒါက… မယ်တော်လည်း မတတ်နိုင်ဘူးလေ… ဒါဆို ညီမလေး မွေးလာရင် ညီမလေးကို ပြောကြည့်… သားသားက မောင်လေးလုပ်မယ်… သူ့ကို မမ, လုပ်ခိုင်းလိုက်ပေါ့… ဟုတ်တယ် မဟုတ်လား”
ပေါက်စလေးက ခေါင်းနည်းနည်း ရှုပ်သွားသော်လည်း ခေါင်းညိတ်ပြသည်။ “အင်း… အင်း…”
ရန်တုန်း - “...”
ဒီ သားအမိ နှစ်ယောက်ကတော့လေ ကို့ယို့ကားယားတွေ တွေးတဲ့ နေရာမှာတော့ တပုံစံတည်းပဲ…။
ယန်ရှု ကြိုးစားမှုကြောင့် နွေရာသီရောက်လာသည့်အခါ နောက်ထပ် ရင်သွေးလေးတစ်ယောက် လွယ်ထားရလေပြီ။
ယခင်အကြိမ်နှင့် မတူသည်မှာ ပျို့အန်လိုစိတ် မရှိခြင်းဖြစ်ပြီး အစားအသောက်လည်း ကောင်းကောင်း စားနိုင်လေသည်။ ဤသို့ဖြင့် နွေရာသီထွက် အသီးအနှံများ ရလာသည့်အခါ သူမက ချယ်ရီသီးများ၊ လိုင်ချီးသီးများ၊ စပျစ်သီးများ စသည်ဖြင့် မျိုးစုံစားလေရာ သူမ၏ အသားအရေမှာ ဝင်းပ စိုပြေနေတော့သည်။
ပေါက်စလေးကလည်း အမေနှင့်အတူ လိုက်စားရင်း ကျေနပ်နေသည်။ သားအမိနှစ်ယောက်စလုံး၏ အသားအရေမှာလည်း စိုပြေနေကြတော့သည်။
ယခင်ကလိုပင် သူမ၏ ကိုယ်ဝန်သတင်းကို ကြားရသည့်အခါ ကျုံးယီမြို့စားအိမ်တော်မှ မိခင်ဖြစ်သူက နန်းတွင်းသို့ မကြာခဏလာရောက်ပြီး အိမ်လုပ် ပေါက်စီများ၊ အသီးအနှံများ ယူလာပေးသည်။ ယန်ရှုသာမက ပေါက်စလေးကလည်း ကျေနပ်နေသည်။ လွန်စွာ အရသာရှိလှသည့် အစားအသောက်များ စားနေရသဖြင့် သူ၏ ဝမ်းဗိုက်ကလေးမှာလည်း လုံးနေတော့သည်။
အမေ့၏ ဗိုက်တဖြည်းဖြည်းစူလာသည်ကို ကြည့်ရင်း ပေါက်စလေးမှာ ပျော်နေတော့သည်။ ထိုဝမ်းဗိုက်ထဲတွင် ကလေးလေးရှိနေမှန်း သိလာပြီး မမ,ရတော့မည်ဟု တွေးမိလာသည်။ ထို့ကြောင့် သူ့မိခင်၏ ဗိုက်ကို ကြည့်၍ - ခေါ်လိုက်သည်။
“မမ…”
ယန်ရှု - “...”
ယွီဝိန်းလန် - “...”
198 04
လင်မယားနှစ်ယောက်မှာ သားတော်လေးက မမ,လိုချင်သည့် ကိစ္စကို မေ့သွားလောက်ပြီဟု ထင်နေကြသော်လည်း လပေါင်းများစွာ ကြာသည့်တိုင်အောင် မမေ့သေးသည်ကို သိလိုက်ကြရသည်။
ပြဿနာပဲ…။ အကယ်၍ နောက်ထပ် မွေးလာမည့် ကလေးကို သားတော်လေးက မမ,ဟု ခေါ်နေလျှင် လူတိုင်းက မင်းသားလေးကို ရူးနေသည်ဟု မြင်ကုန်ကြတော့မည်။
ယန်ရှုက သူမ,စိတ်ပူနေသည့် အချက်ကို ခင်ပွန်းသည်အား ပြောပြလိုက်သည်။
ယွီဝိန်းလန်က ခေါင်းကို ညိတ်လိုက်ပြီး - ပြောလိုက်သည်။
“ဟုတ်တယ်… သားတော်လေးနဲ့ ဒီကိစ္စ အသေအချာ ပြောမှ ဖြစ်မယ်”
ထို့နောက် သူက သားတော်လေးအား ခေါ်၍ -
“သားသားက တဖြည်းဖြည်း ကြီးလာပြီ… အခု လူကလေး ဖြစ်နေပြီနော်… ဟုတ်တယ် မဟုတ်လား”
ဟု မေးလိုက်ရာ ပေါက်စလေးက ခေါင်းကို ညိတ်၍ -
“လူကလေး… မိန်းမကို မရိုက်နဲ့…”
ယွီဝိန်းလန် - “...”
ယန်ရှု - “...”
ပေါက်စလေး၏ ချိတ်ဆက် တွေးတောနိုင်သည့် အစွမ်းမှာ အံ့မခန်းပင် ဖြစ်သည်။
သို့သော် ယခုမူ ပိုအရေးကြီးသည့် ကိစ္စကို ဆွေးနွေးရန် ရှိနေသဖြင့် ဖခင်က သားတော်အား ဆက်၍ ရှင်းပြသည်။
“မိန်းမကိုလည်း မရိုက်တာအပြင်… တခြား အရေးကြီးတာတွေလည်း ရှိသေးတယ်…”
သားတော်လေးက မျက်လုံးပြူးသွားပြီး - မေးလေသည်။
“ဘာတွေလဲ”
ယွီဝိန်းလန်က -
“ဥပမာ… ဟန်ကလေးက ခမည်းတော်နဲ့ မယ်တော်တို့ရဲ့ ပထမဆုံးသားဆိုတော့ အစ်ကိုကြီးပေါ့” ဟု ပြောပြရာ ယန်ရှုက ကြားမှ ဖြတ်၍ - ဝင်ပြောလေသည်။
“ခမည်းတော်ပြောတာ အမှန်ပဲ… နောက်ကျရင် သားသားလေးက အစ်ကိုကြီး ဖြစ်လာမှာနော်… အစ်ကိုကြီး ဖြစ်ရင် တခြားသူတွေထက် သာမှာ… ညီလေး၊ ညီမလေးတွေနဲ့ ဆော့လို့ရတယ်”
ထိုသို့ ကြားလိုက်သည့်အခါ သားတော်လေးမှာ မျက်နှာဝင်းပ,သွားပြီး -ပြောလိုက်လေသည်။
“သစ်ပင်တက်မယ်… ငှက်ဖမ်းမယ်… ငါးမျှားမယ်…”
ယန်ရှုက ခေါင်းကို ညိတ်လိုက်ကာ -
“ဒါပေါ့… ဒါပေါ့… ညီ၊ ညီမလေးတွေနဲ့ အဲဒါတွေ လုပ်လို့ရတယ်…။ အစ်ကိုကြီး ဖြစ်ရတာ ကောင်းတယ် မဟုတ်လား” ဟု မေးလိုက်သည်။
သားတော်လေးက ခေါင်းကို ညိတ်၍ - ပြောလေသည်။
“အစ်ကိုကြီး ဖြစ်ချင်တယ်…”
ယွီဝိန်းလန်က ခေါင်းကို ညိတ်၍ - ပြောလိုက်သည်။
“သားသားက မကြာခင် အစ်ကိုကြီးဖြစ်တော့မှာ…၊ မေမေ့ ဗိုက်ထဲက ကလေးလေးထွက်လာရင် သားသားက အစ်ကိုကြီး ဖြစ်တော့မှာ”
ပေါက်စလေးက သူ့အမေ၏ ဖောင်းနေသည့် ဗိုက်ကို ကြည့်၍ သွားကလေးများပေါ်အောင် ပြုံးလိုက်ကာ ပြောလိုက်သည်။
“ကလေးလေး…”
198 05
ဟဲဟဲ… ဒီလို ပြောလိုက်တော့လည်း… သားတော်လေးက ညီငယ်၊ ညီမငယ်လေးတွေ ပိုင်ဆိုင်ရမှာကို သဘောကျသွားပြီ ထင်သည်။ မမ, လိုချင်သည့် ကိစ္စကို မပြောတော့ဘဲ သူ့အမေ၏ ဗိုက်ကို ကြည့်၍ “ရတနာလေး…” ဟု မျှော်လင့်တကြီး ခေါ်နေတော့သည်။
ဤသို့ဖြင့် ရက်များစွာ ကြာပြီးသည့်အခါ ယန်ရှု ဝမ်းဗိုက်မှ တလှုပ်လှုပ်ဖြစ်လာသည်။ အထူးသဖြင့် အစ်ကို ဖြစ်သူ၏ အသံကို ကြားလျှင် ကလေးလေးက ပို၍ လှုပ်လေသည်။
အိမ်ရှေ့မင်းသားလေးကလည်း မိခင်ဗိုက်ထဲမှ ကလေးလေးကို နှုတ်ဆက်ရသည်ကို ပို၍ ပို၍ နှစ်သက်လာဟန် ရှိသည်။ ဗိုက်ထဲမှ ကလေးလေး လှုပ်ပါက ပို၍ပင် စိတ်လှုပ်ရှားပြီး ပျော်ရွှင်နေတော့သည်။
ယန်ရှုက ဤသည်ကို အခွင့်ကောင်းယူ၍ သင်ပေးသည်။
“ကြည့်ရတာ ရတနာလေးက အိမ်ရှေ့စံ ကိုကို မင်းသားလေးကို ချစ်ပုံရတယ်…။ ကိုကို မင်းသားလေးက စကားလာပြောရင် သူက ပျော်နေတာ…”
ထိုသို့ ကြားရသည့်အခါ မင်းသားလေးမှာ ပို၍ ပျော်လာပြီး ဗိုက်ကို ကြည့်၍ ပြောလေသည်။
“ရတနာလေး… အပြင် ထွက်လာခဲ့ အတူဆော့မယ်”
ယန်ရှုက သားတော်၏ နဖူးကို နမ်းလိုက်ပြီး ပြုံးလိုက်သည်။
“မကြာခင် အေးလာတော့မယ်… အဲဒီအချိန်ကျရင် ရတနာလေး ထွက်လာပြီး သားသားနဲ့ အတူ လာဆော့လိမ့်မယ်”
ဤသို့ဖြင့် တစ်ရက်ပြီး တစ်ရက် ကုန်ဆုံးလာရာ (၁၁) လပိုင်း ကျော်လွန်သွားပြီးနောက် ဆောင်းရာသီသို့ ရောက်ရှိလာတော့သည်။ ယန်ရှုမှာလည်း မွေးရက် နီးလာလေပြီ။
အရင်တစ်ခေါက်က ကြုံဖူးပြီးသား ဖြစ်သဖြင့် နန်းတွင်း၌ အသေအချာ ပြင်ဆင်ထားကြသည်။ လက်သည်များ၊ ကလေးထိန်း အမျိုးသမီးများ၊ သမားတော် ရွှမ်းနှင့် သမားတော် ကျန်းတို့ကဲ့သို့ နန်းတွင်း သမားတော်များကို အဆင်သင့် ပြင်ထားသည်။ မိဖုရားခေါင်ကြီး မီးဖွားလိုဟန် ပြသည်နှင့် တပြိုင်နက် အားလုံးက စ၍ လှုပ်ရှားကြတော့သည်။
ဒုတိယအကြိမ် မွေးသော ကလေးသည် ပထမအကြိမ်ထက် ပိုမြန်လေ့ရှိသည်ဟု ယန်ရှု ကြားဖူးသည်။ သူမ ကြားဖူးသည့်အတိုင်းလည်း မှန်လေသည်။ သို့သော် ပထမအကြိမ်ထက် ပိုမြန်သလို နာကျင်မှု ဒဏ်ကိုလည်း နင့်နေအောင် ပိုခံစားရသည်။
အိမ်ရှေ့စံ မင်းသားလေးကို မွေးဖွားစဉ် ကာလကို သူမ သတိရမိလိုက်သည်။ ထိုနေ့ညက ညသန်ခေါင်းယံ အချိန် ရောက်သည်အထိ သူမက ရန်တုန်းနှင့် စကားပြောနိုင်ခဲ့သည်။ သို့သော် ယခုအကြိမ်၌မူ နာလွန်း၍ စကားပင် မပြောနိုင်ချေ။
မီးနေခန်း အပြင်၌ ယွီဝိန်းလန်က သားတော်လေးနှင့်အတူ စိုးရိမ် စိတ်လှုပ်ရှားစွာဖြင့် စောင့်ဆိုင်းနေသည်။
ယခုကာလမှာ နှစ် တစ်နှစ် ကုန်ဆုံးတော့မည် ဖြစ်သဖြင့် အိမ်ရှေ့မင်းသားလေးမှာ မကြာမီ အသက် သုံးနှစ် ပြည့်တော့မည်ဖြစ်သည်။
သားတော်လေးမှာ စိတ်လှုပ်ရှားနေသည့်ဟန်ဖြင့် ဖခင်၏ လက်ကို ခပ်တင်းတင်း ကိုင်ထားပြီး ဘာမျှ မပြောချေ။
သို့သော် ညနက်လာပြီ ဖြစ်သဖြင့် ကလေးထိန်းအမျိုးသမီး တစ်ယောက်က - အကြံပြုလေသည်။
“နောက်ကျနေပြီမို့ မင်းသားလေး အိပ်လိုက်ပါလား”
သို့သော် ပေါက်စလေးက ခေါင်းကို ခါရမ်းလိုက်ပြီး - ပြန်ပြောလေသည်။
“မေမေ့ကို စောင့်မယ်”
ယွီဝိန်းလန်က သားဖြစ်သူကို နူးနူးညံ့ညံ့ မေးလိုက်သည်။ “ဟန်ကလေးက မအိပ်ချင်သေးဘူးလား”
ပေါက်စလေးက ခေါင်းကို ခါရမ်းလိုက်သည်။
“မအိပ်သေးဘူး… မယ်တော်နဲ့ ရတနာလေးကို စောင့်မှာ”
ထိုအခါ ယွီဝိန်းလန်က ခေါင်းညိတ်လိုက်ပြီး ကလေးထိန်း အမျိုးသမီးအား ခေါင်းရမ်းပြလိုက်သည်။
198 06
ခန်းဆောင်အတွင်း၌ တိတ်ဆိတ်နေသည်။ ထိုစဉ် “မယ်တော် နာနေတယ်” ဟု သားတော်လေး ပြောလိုက်သံကို ယွီဝိန်းလန် ကြားလိုက်ရသည်။
ယွီဝိန်းလန်က သားတော်လေး၏ ခေါင်းကို ပွတ်လိုက်ပြီး သက်ပြင်းချလိုက်သည်။
“ဟုတ်တယ်… မယ်တော်က သားသားကို မွေးတုန်းကလိုပဲ နာနေတာ… အဲဒါကြောင့် မေမေ့ကို နားလည် စောင့်ရှောက်ပေးရမယ်နော် … ဟုတ်ပြီလား”
ပေါက်စလေးက ခေါင်းကို ညိတ်ပြလိုက်ပြီး သူက ဆက်ပြောသည်။ “ယောက်ျားက ဇနီးကို ချစ်တယ်”
ယွီဝိန်းလန် - “...အင်း”
ဇနီးဖြစ်သူ၏ ကလေးမွေးရသည့် ဒုက္ခမှာ ခက်ခဲလှသဖြင့် သူမကို ကျေးဇူးလည်းတင် တန်ဖိုးလည်း ထားမိသည်။
ဘာပဲပြောပြော ယောက်ျားလေးရသည်ဖြစ်စေ၊ မိန်းကလေးရသည်ဖြစ်စေ နောက်တစ်ကြိမ် ထပ်မမွေးတော့ရန် ဆုံးဖြတ်လိုက်သည်။
သားအဖနှစ်ယောက် သိပ်ကြာကြာ ထပ်မစောင့်ရတော့ချေ။ အဘယ့်ကြောင့်ဆိုသော် မီးနေခန်းအတွင်းမှ ငိုသံ သေးသေးလေးတစ်ကို ကြားလိုက်ရသောကြောင့် ဖြစ်သည်။ မကြာမီ လျန်ရှင်း ထွက်လာပြီး သတင်းကောင်းကို လျှောက်တင်လေသည်။
“အရှင်မင်းကြီးကို လျှောက်တင်ပါတယ်… မိဖုရားခေါင်ကြီးက သမီးတော်လေး တစ်ပါး မွေးပါတယ်… မိခင်ရော ကလေးပါ ကျန်းမာပါတယ်”
မိခင်ရော ကလေးပါ ကျန်းမာတယ်တဲ့။
ယွီဝိန်းလန်လည်း ယခုမှ စိတ်အေးသွားသဖြင့် သက်ပြင်းချလိုက်ကာ သားဖြစ်သူအား ပြောလိုက်သည်။ မင်းသားလေးက သူ့လက်ကို တင်းနေအောင် ကိုင်ထားသည်။
“မယ်တော် ကျန်းမာတယ်တဲ့… ဟန်ကလေး ညီမလေးတစ်ယောက်ရပြီ”
ပေါက်စလေးက ပြုံး၍ လက်ခုပ်တီးလိုက်သည်။ “ယောက်ျားတစ်ယောက်ဟာ သူ့ ညီမလေးကို ချစ်တယ်”
ထိုအခါ ယွီဝိန်းလန်က သားတော်လေး၏ နဖူးကို နမ်းလိုက်ကာ ‘အင်း…’ ဟု ဆို၍ ထောက်ခံလိုက်သည်။
ဒီမိသားစုဟာ သူ့အတွက် တန်ဖိုးထားရတဲ့သူတွေမို့ သူ ချစ်စိတ်တွေ အရမ်းဖြစ်နေမိသည်။
******