← Chapters

အခန်း (၁၉၉-၂၀၁)

Vol. 14 Ch. 199-201

အခန်း (၁၉၉-၂၀၁)

Vol. 14 Ch. 199-201

199 01

အခန်း 199 အသစ်တဖန် မွေးဖွားလာသူ (မယ်တော်ကြီး)

မနက် အာရုဏ်တက်ချိန် ရောက်သည့်အခါ ကာကွယ်ရေး စစ်သူကြီး စံအိမ်တော်၏ ခြံဝန်း အနောက်ဖက်တွင် လှုပ်လှုပ်ရှားရှား ဖြစ်နေသည်။

အသက် တစ်ဆယ့်ခြောက်နှစ်အရွယ် ကျိုးရော့လန်မှာ အိပ်ရာမှ နိုးလာတော့သည်။

သူမအဖို့ အိပ်မက်ရှည်ကြီးမှ နိုးလာသလို ခံစားနေရသည်။ မျက်တောင်တစ်ခတ်အတွင်း ငယ်စဉ် မိန်းမပျိုလေးဘဝသို့ ပြန်ရောက်သွားသလို ခံစားလိုက်ရသည်။

ဟုတ်ပေသည်… ယခုအချိန်တွင် သူမမှာ တာ့လျန်ပြည်ကြီး၏ ကွယ်လွန်လေပြီးသော မယ်တော်ကြီး မဟုတ်တော့ပေ…။

သူမသည် နာမည်အရင်းဖြစ်သည့် ကျိုးရော့လန်ဟုခေါ်သည့် ကာကွယ်ရေးစစ်သူကြီး မိသားစုရှိ အကြီးဆုံး သမီးတော်အဖြစ်သို့ ပြန်လည်ရောက်ရှိနေပေပြီ။

အပြင်ဖက်မှ ဆူညံဆူညံ အသံများကို ကြားလိုက်သည့်အခါ ပြန့်လွင့်နေသည့် အတွေးများကို ပြန်လည် စုစည်းလိုက်ပြီး အိပ်ယာပေါ်မှ ဆင်းကာ ခန်းစီးများကို ဖွင့်၍ အိမ်စေ အမျိုးသမီးကို ခေါ်ပြီး မေးလိုက်သည်။

“ဘာတွေ ဖြစ်နေကြတာလဲ”

အိမ်စေအမျိုးသမီးက -

“သခင်လေး ကျောင်းတော်ကနေ ခိုးထွက်ပြီး အရက်သွားသောက်တာကို မြို့စောင့် ရဲမတ်တွေက ဖမ်းမိပြီး အိမ်ကို ခေါ်လာတာပါ…။ နောက်ဖေး ခြံဝန်းထဲမှာ သခင်မကြီးက သူ့ကို အခု ဆူနေပါတယ်…။”

ဟော… ဟို အသုံးမကျတဲ့ ကျိုးယွိချန်… မဟုတ်တာ လုပ်ပြန်ပြီလား။

ကျိုးရော့လန်က အတွေးများကို ဘေးချိတ်လိုက်ပြီး အိပ်ယာပေါ်မှ ဆင်းကာ - ပြောလိုက်သည်။

“ငါ့ကို ဝတ်ရုံ ယူပေးပါ… တချက်သွားကြည့်လိုက်ဦးမယ်”

အိမ်စေ အမျိုးသမီးက နာခံလိုက်ပြီး အလျင်အမြန် လုပ်ဆောင်ပေးသည်။

ကျိုးရော့လန် အပြင်သို့ ထွက်လိုက်သည့်အခါ ကောင်းကင်ကြီးမှာ အတန်ငယ် လင်းနေပြီကို မြင်လိုက်ရသည်။

သို့သော် သူမ၏ မောင်ဖြစ်သူ ကျိုးယွိချန်မှာ အိမ်တော်ဝန်းထဲတွင် ဒူးထောက်လျက်ရှိနေပြီး မိခင်ဖြစ်သူ သခင်မကျိုးက ဘေးမှ ဆူလိုက် ငေါက်လိုက် ငိုလိုက်ရှိနေတော့သည်။

ကျိုးရော့လန်က သူတို့နားသို့ လျှောက်သွားလိုက်ပြီး ဘာမပြော ညာမပြောဖြင့် လက်ထဲတွင် ကိုင်ထားသည့် မြင်းကြာပွတ်ဖြင့် ကျိုးယွိချန်ကို ရိုက်ချထည့်လိုက်တော့သည်။

ကျိုးယွိချန်မှာ အစက အဆူအငေါက်ဒဏ်ကို ခံနေရစဉ် ယခုမူ ရုတ်တရက်ကြီး ကြာပွတ်ဖြင့် အရိုက်ခံလိုက်ရသဖြင့် အော်ဟစ်ငိုယိုလေတော့သည်။

သခင်မကျိုးမှာလည်း ထိတ်လန့်သွားပြီး သမီးဖြစ်သူကို အမြန် ထိန်းလိုက်ရသည်။

“ရော့လန်… ဘယ်လိုလုပ်လိုက်တာလဲ”

ကျိုးရော့လန်က တည်တည်ငြိမ်ငြိမ်ဖြင့် ပြန်ဖြေသည်။

“သူက အမှားလုပ်ထားတာဆိုတော့… သမီးက ကူပြီး ဆုံးမ,ပေးတာပါ”

သခင်မကျိုးက အထစ်ထစ် အငေါ့ငေါ့ ဖြစ်သွားပြီး - ပြောလေသည်။

“ကြာပွတ်နဲ့ ရိုက်တာကတော့ များတယ်လေကွယ်… အရမ်း မနာသွားအောင် ဂရုစိုက်ပါကွယ့်”

မိခင်ဖြစ်သူက ထိုသို့ ပြောလိုက်သည့်အခါ ကျိုးယွိချန်က ပို၍ ကျယ်ကျယ် အော်ငိုပြလေတော့သည်။

ထိုအခါ ကျိုးရော့လန်က အေးစက်စွာဖြင့် - ပြောလိုက်တော့သည်။

199 02

“ပြင်းပြင်းထန်ထန် မဆုံးမရင် ဒီကောင်က နားထောင်မှာ မဟုတ်ဘူး…။ အခုလို ငယ်ငယ်ရွယ်ရွယ်နဲ့ အရက်လည်း သောက်ရဲတယ်… အပျော်မယ်အိမ်လည်း သွားရဲနေမှတော့… မိသားစု ဂုဏ်သိက္ခာကို ဘယ်လို ထိန်းမှာလဲ။ အခု သူ့ကို လျှော့ပေါ့ ပေးလိုက်ရင် နောက်ကျရင် ပိုဆိုးလာလိမ့်မယ်။ မယ်တော် သူ့ကို ဟိုးငယ်ငယ်လေးကတည်းက ဆူငေါက်လာတာ ဘယ်နှခါရှိနေပြီလဲ။ သူ ပြင်သလား။ ပွင့်ပွင့်လင်းလင်း ပြောရရင် ကျိုးယွိချန်ကလေ မယ်တော်အကြောင်းကို လုံးဝ နားလည်နေပြီ…။ သူ အမှားလုပ်တိုင်း မယ်တော်က ပါးပါးလေးဆူလိုက်တဲ့အခါတိုင်း… သူက နည်းနည်းလေး ငိုပြလိုက်ရင် မယ်တော်က ပျော့သွားရော…။ နောက်ကျတော့ သူက အရင်ကထက် ပိုဆိုးပြီး ပိုလုပ်လာပြန်ရော…။ မယ်တော်… သူ့ကို တကယ် လိမ္မာစေချင်ရင် စိတ်ကို တင်းပြီး နာနာသာ ရိုက်… အဲဒါဆို အကျင့်ဆိုးမှန်သမျှ ပြင်သွားလိမ့်မယ်” ဟု

ထိုစကားများကို ကြားလိုက်သည့်အခါ ကျိုးယွိချန်မှာ ထိတ်လန့်သွားပြီး သခင်မကျိုး၏ ခြေထောက်ကို ပြေးဖက်ကာ အော်ပြောတော့သည်။

“မမကြီးကို သရဲဝင်ပူးနေပြီ ထင်တယ်…။ မယ်တော် ကယ်ပါဦး… သားကို မသေမချင်း ကြာပွတ်နဲ့ ရိုက်မှာ ထင်တယ်”

သူပြော၍ မဆုံးသေးခင် ကျိုးရော့လန်က ကြာပွတ်ဖြင့် နှစ်ချက်ခန့် ထပ်ရိုက်လိုက်ကာ ဒေါသတကြီး ပြောလိုက်သည်။

“နင့် ပါးစပ်ကို ပိတ်ထားစမ်း။ နင် ယောက်ျားဖြစ်ရဲ့သားနဲ့ မိသားစု သိက္ခာကျအောင် တစ်ခုပြီး တစ်ခု လုပ်နေတယ်ပေါ့လေ။ အခု အဖေနဲ့ အမေတို့ ရှိတုန်း နင့်ကို ကာကွယ်ပေးနိုင်ပေမဲ့ သူတို့ မရှိတော့ရင် ဘယ်သူက ကာကွယ်ပေးမယ် ထင်တုန်း”

ထို့နောက် သူမက အတိတ်က မကျေနပ်ချက်များရော၊ လက်ရှိ မကျေနပ်ချက်များပါ စုပေါင်းနေသဖြင့် ခွင့်လွှတ်ပေးလိုစိတ် လုံးဝမရှိဘဲ သုံးစားမရသည့် မောင်ဖြစ်သူကို လှိမ့်ရိုက်လေရာ မြေပြင်ပေါ်တွင် အလူးအလိမ့် အော်ဟစ် ငိုယိုနေတော့သည်။ ဤသည်ကို မြင်လိုက်ရသည့် သခင်မကျိုးမှာ လွန်စွာ တုန်လှုပ်နေပြီး သမီးဖြစ်သူကိုလည်း မတားနိုင်ဖြစ်ကာ အိမ်ရှေ့ခြံဝန်းဖက်သို့ ထွက်၍ ခင်ပွန်းဖြစ်သူကို အပြေးရှာရတော့သည်။

ဤသို့ဖြင့် သုံးစားမရသည့် မောင်ကို ပယ်ပယ်နယ်နယ် ဆုံးမပြီးနောက် ကျိုးရော့လန်က ဖခင်ဖြစ်သူထံသို့ သွားတွေ့လေသည်။

ဇနီးဖြစ်သူ၏ မျက်ရည်များဖြင့် တိုင်ကြားသည့် စကားကို နားထောင်ထားပြီးသည့် ကာကွယ်ရေး စစ်သူကြီး ကျိုးဖုန်းဇယ်က သမီးဖြစ်သူအား မျက်နှာထားတင်းတင်းဖြင့် စီးမေးလေတော့သည်။

“သမီးက မေမေ့စကားကို နားမထောင်ဘူးဆို…။ ဘယ်လိုဖြစ်တာလဲ”

ကျိုးရော့လန်က သက်ပြင်းကို ချလိုက်ပြီး -

“ခမည်းတော်က နန်းတွင်းအလုပ်တွေနဲ့ နေ့တိုင်း အလုပ်ရှုပ်နေတော့ ယွိချန်ကို မသင်ပြပေးနိုင်တဲ့အချိန်မှာ… မယ်တော်ကလည်း သူ့ကို အရမ်း အလျှော့ပေးတာ…။ အဲဒီလို လျှော့ပေးနေရင် နောက်ဆို ပျက်စီးခြင်း ငါးပါး ဆိုက်တော့မှာ…။ ယွိချန်က အခု အသက် တစ်ဆယ့်လေးနှစ်ပဲရှိသေးတာတောင် ကျောင်းကနေ ခိုးထွက်နေပြီ… အရက်လည်း သောက်တတ်နေပြီ… အပျော်မယ်အိမ်တွေလည်း သွားတတ်နေပြီ…။ အခု အချိန်မှာမှ ကောင်းကောင်း စည်းကမ်း မထိန်းပေးနိုင်ရင် နောက်ဆို ဘယ်လိုလုပ်ကြမလဲ။ ခမည်းတော်နဲ့ မတူတာက သူက အေးချမ်းနေတဲ့ ကာလမှာ မွေးဖွားလာတာပါ…။ သူက အဘိုးအဘွားတွေ အသက်နဲ့ ရင်းပြီး တည်ဆောက်ခဲ့ရတဲ့ ငြိမ်းချမ်းသာယာမှုအောက်မှာ ဇိမ်နဲ့ အပျင်းကြီးပြီး နေချင်သလို နေနေတာပါ…။ သူ့မှာ ရုန်းကန်ရခြင်းရဲ့ တန်ဖိုးကို မသိဘူး…။ အခက်အခဲကာလမှာ ရှင်သန်ကြီးပြင်းလာရတဲ့ တန်ဖိုးကို နားမလည်ဘူး…။ အခုလို ဆက်ပြီး ထားမယ်ဆိုရင် နောင်တစ်ချိန်မှာ အဘိုးအဘွားတို့ရဲ့ နာမည် ဂုဏ်သတင်းကတောင် မကယ်နိုင်လောက်တဲ့ အမှားကြီးကြီး ကျူးလွန်မိမှာ စိုးရိမ်မိပါတယ်”

ထိုစကားများကို ကြားလိုက်သည့်အခါ စစ်သူကြီးမှာ အလွန် အံ့အားသင့်သွားသည်။ သူတို့ရဲ့ သမီးက ဒီလောက်တောင်မှ ဉာဏ် အမျှော်အမြင် ကြီးလှချေလား…။

သူက မုတ်ဆိတ်ရှည်ကြီးကို ပွတ်သပ်လိုက်ပြီး သူမကို အသေအချာ ကြည့်လိုက်ကာ ခေါင်းညိတ်လိုက်သည်။

“သမီးပြောတာ အမှန်တွေချည်းပဲ…။ ခမည်းတော် သူ့ကို ထိန်းကျောင်း သင်ကြားပေးဖို့ ပျက်ကွက်နေတာလည်း အမှန်ပဲ…။ အခုအချိန်ကစ,ပြီး ယွိချန်ကို သမီး ထိန်းပေးပါ…။ သူ့အကျင့်တွေ ပြင်သွားအောင် ဘယ်လို နည်းနဲ့မဆို လုပ်ခွင့်ပြုတယ်”

ကျိုးရော့လန်က အလျင်အမြန်ပင် နာခံလိုက်သည်။

ဖခင်ဖြစ်သူ၏ စကားကို ကျိုးယွိချန် ကြားလိုက်သောအခါ ခြေထောက်များပင် မခိုင်တော့သလို ခံစားလိုက်ရသည်။

ဤသို့ဖြင့် နောက်ရက်များတွင် ကြာပွတ်ဒဏ်ခံလိုက်ရသည့် ကျိုးယွိချန်မှာ ခြေငြိမ်သွားတော့သည်။

199 03

သူ့ အစ်မဖြစ်သူမှာ လုံးဝ ပုံစံပြောင်းသွားပြီး သူ့အပေါ်တွင် ပြင်းပြင်းထန်ထန် ဆက်ဆံသည်ကို သတိထားမိနေသည်။ နည်းနည်းလေး မှားသည်နှင့် တစက်မှ မသနားဘဲ ကြာပွတ်ဖြင့် ထ,ထ ရိုက်နေသည်မှာ အမေဖြစ်သူပင် မတားနိုင်လောက်အောင် ဖြစ်နေသည်။

သခင်မကျိုးမှာ ရင်ထဲတွင် နာကျင်နေသော်လည်း ဘာမျှ မတားဆီးနိုင်သဖြင့် သားဖြစ်သူ၏ ကြာပွတ်ရာများကို ဆေးထည့်ပေးရန်သာ တတ်နိုင်တော့သည်။

သို့သော် သားဖြစ်သူ ခြေငြိမ်လာသည်ကို မြင်လိုက်ရသည့်အခါ စိတ်တော့ သက်သာရာ ရသွားသည်။

ဤသို့ဖြင့် သုံးလပိုင်း အလယ်ခန့် ရောက်သည့်အခါ နွေဦးရာသီသို့ ရောက်လာပြီ ဖြစ်သည်။

ရက်အနည်းငယ်ခန့် ကြာလျှင် ဖခင်ဖြစ်သူ၏ မွေးနေ့ပွဲ ရှိသည်။

ကျိုးရော့လန်မှာ မိဘအပေါ် သိတတ်သူ ဖြစ်သည့်အလျောက် ‘ကျောင်းတော်သားတို့ ရတနာလေးပါး’ကို မွေးနေ့လက်ဆောင်အဖြစ် ပေးချင်သဖြင့် ဈေး၌ ရှာဝယ်ရန် ဆုံးဖြတ်လိုက်ပြီး ထွက်လာခဲ့လိုက်သည်။

ကျောင်းတော်လမ်းသို့ ရောက်သည့်အခါ မြင်းရထား တုန့်ခနဲ ရပ်သွားသည်ကို သိလိုက်ရသည်။ ထို့နောက် မောင်းသံ၊ ဗုံသံများကို ကြားလိုက်ရသည်။

မြင်းရထားသမားက သူမအား လှည့်ကြည့်၍ ပြောပြသည်။

“သခင်မလေး… ဒီနေ့ နန်းတွင်း စာစစ်ပွဲရလာဒ် ကြေညာတဲ့ ပွဲရှိနေလို့ လမ်းပိတ်နေတယ်နဲ့ တူတယ်”

ထိုအခါမှ ကျိုးရော့လန်က သူမတို့ စာစစ်ပွဲရလာဒ်ကြေညာချိန်နှင့် တိုးနေပြီကို သိလိုက်ရတော့သည်။

လူအများ စိတ်ဝင်စားသည့် ပွဲတစ်ခုဖြစ်သဖြင့် သူမက ပြောလိုက်သည်။ “ဒါဆိုလည်း ပြီးတဲ့အထိ စောင့်ကြတာပေါ့”

ဗုံသံ၊ မောင်းသံများ တဖြည်းဖြည်းနီးလာသည့်အခါ သူမက မြင်းရထား ကန့်လန်ကာကို လှပ်၍ ကြည့်လိုက်မိသည်။ လမ်းပေါ်တွင် လူများ ပြည့်နေပြီး အားလုံးက စာစစ်ပွဲ အောင်မြင်သည့် ကျောင်းတော်သားသစ်များကို သိချင်စိတ်ဖြင့် ခေါင်းငဲ့ကာ ကြည့်နေကြသည်။

ပြောရလျှင် ဤကျောင်းတော်သားများကို သူမ, မြင်ဖူးမှာ သေချာသည်။

ပြီးခဲ့သည့် ဘဝတုန်းက ဒီနေ့ အောင်မြင်သည့် လူတွေထဲက အများစုမှာ တိုင်းပြည်အုပ်ချုပ်ရာတွင် သူမကို ကူညီပေးခဲ့ကြသူများ ဖြစ်သည်။

ဥပမာအားဖြင့် မြင်ဖြူတစ်ကောင်စီး၍ ထိပ်ဆုံးမှ ဦးဆောင်လာသည့် ဦးထုပ်နီ စောင်းထားသည့် နံပတ်တစ် ကျောင်းတော်သား၏ အမည်မှာ ဟော့ချန်ယင်းဟု ခေါ်ပြီး မင်းသမီး ယွီဝိန်းဟွေ့၏ ကြင်ယာတော်ဖြစ်လာမည့်သူ ဖြစ်သည်။

သူမက ပြုံးလိုက်မိပြီး အနောက်တွင်ပါလာသည့် ဒုတိယလူကို ဆက်ကြည့်လိုက်ရာ ဒုတိယအဆင့်ဖြင့် အောင်မြင်သည့် သူမှာ အသက်နှစ်ဆယ့်ငါး နှစ်ဆယ့်ခြောက်နှစ်အရွယ် ကျောင်းတော်သားတစ်ဦးဖြစ်သည်။ သူ့နာမည်မှာ လုခိုင်းဟော် ဖြစ်ပြီး နောင်တွင် အလုပ်အကိုင်ရေးရာ ဝန်မင်းဖြစ်လာမည့်သူ ဖြစ်သည်။

ထို့နောက် တတိယအဆင့်ဖြင့် အောင်မြင်သည့်သူကို ဆက်ကြည့်လိုက်ရာ လူငယ်လေးတစ်ယောက်ကို မြင်လိုက်ရသည်။ ထိုလူငယ်လေး၏ အသွင်အပြင်ကို မြင်လိုက်သည်နှင့် သူမ ကျောက်ရုပ်တစ်ရုပ်လို ငြိမ်သက်သွားမိသည်။

ဒါ… ‘သူ’ ပဲ…။ အသက်နှစ်ဆယ် မပြည့်တပြည့်… အရပ်အမောင်းက ဝါးပင်ကြီး တစ်ပင်သဖွယ် မြင့်မားပြီး မျက်ဝန်းများက တောက်ပနေသည်။ အရင်ဘဝက သူမနှင့် ဆုံခဲ့သည့် အချိန်ကထက် ပို၍ တင့်တယ်နေသလို ခံစားနေရသည်။

ကျိုးရော့လန်က တွေတွေကြီး စိုက်ကြည့်နေမိပြီး သူ့နာမည်ကို ရေရွတ်လိုက်မိသည်။

ရှုကွမ်…

ဟုတ်တယ်… သူပါပဲ…။

နှစ်ပေါင်းများစွာ သူမကို အဖော်ပြုခဲ့ပြီး သူမ နောက်ဆုံးအကြိမ် မျက်လုံး မှိတ်လိုက်ချိန်အထိ အနားတွင် ရှိ၍ ထွေးပွေ့ထားပေးခဲ့သူ…

199 04

ယခုလို ပြန်ဆုံတွေ့လိုက်ရသည့်အခါ မမြင်ရတာ ကြာသည့် သူတစ်ယောက်ကို ပြန်မြင်လိုက်ရသည့်အလား သူ့ရုပ်ရည် အသွင်အပြင်ကို ငေးကြည့်နေရင်း မျက်ရည်များပင် ဝေ့လာမိသည်။

တစ်စုံတစ်ခုက ဆွဲဆောင်လိုက်သည့်အလား လူများ ထူထပ်နေသည့်ကြားက သူကလည်း သူမဖက်သို့ ပြန်၍ ငေးကြည့်လိုက်လေသည်။

သူတို့ နှစ်ဦး မျက်လုံးချင်း ဆုံသွားပြီးနောက် မြင်းဖြင့် တရွေ့ရွေ့ ဝေးသွားကာ နောက်ဆုံး သူနောက်ပြန်လှည့်၍ မကြည့်နိုင်တော့သည်အထိ စိုက်ကြည့်နေမိကြသည်။

ထိုအခါမှ ကျိုးရော့လန်က အသိစိတ်ပြန်လည် ဝင်ရောက်လာပြီး မြင်းရထား ကန့်လန့်ကာကို ချလိုက်ကာ မျက်လုံးများကို မှိတ်ထားလိုက်မိသည်။

ထူးဆန်းသည်… သူမ,မှတ်မိသလောက် ပြီးခဲ့သည့် ဘဝတုန်းက သူက နောင်နှစ်,နှစ်ကြာမှ နန်းတွင်းစာစစ်ပွဲကို ဝင်ရောက် ဖြေဆိုခြင်းဖြစ်သည်။

သို့သော် ယခုကျတော့ သူက ဘာလို့ ယခုနှစ် စာစစ်ပွဲတွင် ပါဝင်လာရသနည်း။

~~

ထုံးစံအရ နန်းတွင်း စာစစ်ပွဲ ရလာဒ်များ ကြေညာပြီးနောက် သုံးရက်မြောက်နေ့တွင် တော်ဝင်မိသားစုက ချန့်ချွမ်းဥယျာဉ်တော်၌ စားသောက်ပွဲ ကျင်းပကာ ကျောင်းတော်သား အသစ်များကို ဂုဏ်ပြုပေးလေ့ရှိသည်။

နေ့လည်ရောက်ချိန်လောက်တွင် ချန့်ချွမ်းဥယျာဉ်တော်၌ ဧည့်သည်များဖြင့် သက်ဝင်လှုပ်ရှားနေတော့သည်။ ရောက်ရှိလာသည့် ဧည့်သည်တော်များမှာ ကျောင်းတော်သားများ ချည်းသာ မဟုတ်ပေ။

အဘယ့်ကြောင့်ဆိုသော် ချူရွှေ ပန်းဥယျာဉ်အနားရှိ စားသောက်ပွဲအပြင် မြစ်ချောင်းတစ်ဖက်ရှိ ဟွေ့ဖန်း ပန်းဥယျာဉ်၌လည်း မိဖုရားခေါင်ကြီး ဦးစီး၍ ကျင်းပသည့် တော်ဝင်ဆွေတော်မျိုးတော်များ၏ နွေဦးရာသီ ကြိုဆိုပွဲလည်း ရှိနေသည်။

မင်းသမီးလေး၊ ဒုတိယ မင်းသားလေး နှင့် တတိယမင်းသားလေးတို့မှာ ထိန်းမြား မင်္ဂလာပြုနိုင်သည့် အရွယ်ရောက်နေကြပြီဖြစ်သဖြင့် ဧကရာဇ်မင်းကြီးနှင့် မိဖုရားခေါင်ကြီးတို့က ယခုအချိန်ကို အခွင့်ကောင်းယူ၍ သားတော် သမီးတော်တို့အတွက် ကြင်ယာတော်လောင်းများ ရှာပေးရန် ရည်ရွယ် ကျင်းပခြင်း ဖြစ်လေသည်။

ထို့ကြောင့် ဥယျာဉ်တော်သို့ ရောက်လာကြသည့် မိန်းမပျိုလေးများ အားလုံးမှာ ဝတ်ကောင်းစားလှများဖြင့် ဂရုတစိုက် ဆင်ယင်ထားကြပြီး မိဖုရားခေါင်ကြီး မျက်စိကျစေရန် ကြိုးစားနေကြတော့သည်။

ပွဲသို့ ရောက်လာသည့် ကျိုးရော့လန်မှာ မိဖုရားခေါင်ကြီးအား အရိုအသေပေးပြီးချိန်တွင် မင်းသမီး ယွီဝိန်းဟွေ့၏ အတင်းဆွဲခေါ်သွားခြင်းကို ခံလိုက်ရသည်။

“ဟဲ့… ရော့လန်… ငါ့ ခမည်းတော်နဲ့ မယ်တော်တို့က ငါ့အတွက် သူတို့သားလောင်းတောင် ရွေးပြီးသွားကြပြီ… နံပါတ်တစ် ကျောင်းတော်သားနဲ့ သဘောတူထားတာတဲ့… ငါ့ကို အဲဒီလူ ချောလား မချောလား လိုက်ပြီး အကဲခတ်ပေးဦး”

အတူတူ ကြီးပြင်းလာကြသူများ ဖြစ်သဖြင့် ပွင့်ပွင့်လင်းလင်း ပြောဆိုနေကြသည်။ ရွယ်တူများထဲတွင် သူမကိုသာ ယွီဝိန်းဟွေ့က အလွန်ခင်ပြီး သူငယ်ချင်းကောင်းတစ်ယောက်အဖြစ် သတ်မှတ်ထားခြင်းဖြစ်သည်။

တိုင်းပြည်ကို တည်ထောင်သူ ဧကရာဇ်မင်းကြီးနှင့် မိဖုရားခေါင်ကြီးတို့၏ အချစ်တော် ဖြစ်သဖြင့် ယွီဝိန်းဟွေ့မှာ လူအများ၏ အလေးထားခြင်းကို ခံရပြီး အလွန်တက်ကြွသည့် မင်းသမီးတစ်ပါး ဖြစ်သည်။

သူမ ယခုလို ထီးဟန် နန်းဟန်မဆန်ဘဲ ပြုလုပ်နေပုံမှာ ယခင်ဘဝတုန်းက အကျင့်အတိုင်း အတူတူပဲ ဖြစ်သည်။

ကျိုးရော့လန်က ယခင်ဘဝတုန်းက လိုက်ရန် ငြင်းဆန်ခဲ့ဖူးသော်လည်း ယခုဘဝ၌မူ ခေါင်းကို ညိတ်ပြလိုက်ပြီး ယွီဝိန်းဟွေ့နှင့်အတူ လိုက်ပါသွားတော့သည်။

အပျော်စီးလှေကလေးကို စီးကာ နှစ်ဦးသား ချူရွှေ ပန်းဥယျာဉ်ဖက်သို့ ကူးလာကြသည်။

ယွီဝိန်းဟွေ့မှာ ပုံမှန်အားဖြင့် အားအင်အပြည့်ရှိပြီး အလွန်တက်ကြွသူဖြစ်သော်လည်း ယနေ့တွင် ခမည်းတော်နှင့် မယ်တော်တို့ပါ ပန်းဥယျာဉ်ထဲတွင် ရှိနေသဖြင့် တော်ဝင် ဂုဏ်သိက္ခာကို ထိန်းနေရသည်။ ထို့ကြောင့် ခင်ပွန်းလောင်းဖြစ်သူကို အပြင်ဖက်နံရံရှိ ပန်းကုံးသဏ္ဍာန် ပုံဖော်ထားသည့် ပြတင်းတံခါးမှသာ ချောင်းကြည့်ရဲလေသည်။

199 05

ပန်းဥယျာဉ်ထဲ၌ လူအချို့ရှိနေပြီး ထိပ်ဆုံးအဆင့် ကျောင်းတော်သားမှာ အခြားသူများနှင့် မတူဘဲ ဝတ်ဆင်ထားသည်။ ထို့အပြင် ဧကရာဇ်မင်းကြီးနှင့် အနီးဆုံးတွင် ရှိနေသဖြင့် ပို၍ ခွဲရလွယ်နေတော့သည်။

တစ်ခဏ အကြာအထိ ချောင်းကြည့်နေပြီးနောက် ယွီဝိန်းဟွေ့က ခေါင်းကို ညိတ်လိုက်ကာ

“ဒီ ဟော့ချန်ယင်းဆိုတဲ့ လူရဲ့ ရုပ်ရည်က မဆိုးပါဘူး” ဟု ပြောရင်း ကျေနပ်သွားတော့သည်။

ကျိုးရော့လန်က ရယ်ချင်စိတ်ကို မနည်း ထိန်းထားပြီး - ပြောလိုက်လေသည်။

“အရှင်မင်းသမီးအတွက် ဝမ်းသာပါတယ်”

ထို့နောက် သူမကိုယ်တိုင်လည်း ဥယျာဉ်ထဲသို့ အကြိမ်ကြိမ် ချောင်းကြည့်နေလိုက်သည်။

‘သူ့’ ဝတ်စုံမှာ ထိပ်တန်း ကျောင်းတော်သားလောက် မခမ်းနားသော်လည်း ‘သူ့’ကို မြင်လိုက်သည်နှင့် သူမ ချက်ချင်း မှတ်မိလိုက်သည်။

ဟိုတစ်နေ့တုန်းကလိုပင် သူ့ပုံစံမှာ တင့်တင့်တယ်တယ် ရှိနေသည်။

သူ့လောက် မည်သူမျှ မခန့်ညားဟု သူမ ထင်နေမိသည်။

သူ့ ပညာအရည်အချင်းနှင့်ဆိုလျှင် ဟော့ချန်ယင်းထက် မနိမ့်ကြောင်း သူမ သိသည်။ ကြည့်ရတာ သူတမင် လျှော့ထားခြင်း ဖြစ်ပုံရသည်။

ထိုသို့ အတွေးများထဲ မျောနေစဉ် ယွီဝိန်းဟွေ့က အနားသို့ ကပ်၍ မေးလေသည်။

“ဟယ်… ရော့လန်… နင် ဘယ်သူ့ကို ချောင်းနေတာလဲ”

သူမက ရှက်ချင်ယောင်ဆောင်ကာ တဖက်သို့ မျက်နှာလွှဲလိုက်ပြီး ဦးခေါင်းကို နှိမ့်၍ -ပြန်ပြောလေသည်။

“ဒီအတိုင်း ဟိုကြည့် ဒီကြည့်ပါ အရှင်မင်းသမီး… ကျွန်တော်မျိုးမကို မစ,ပါနဲ့နော်”

သို့သော် သူမ ထိုသို့ လုပ်နေမှ ယွီဝိန်းဟွေ့က ပို၍စချင်လာတော့သည်။ ထို့ကြောင့် မျက်ခုံးကို မြှင့်လိုက် နှိမ့်လိုက် လုပ်လိုက်ပြီး တဟက်ဟက် ရယ်ကာ -မေးလေတော့သည်။

“ငါ့ကို တရိုတသေ လာလုပ်မနေစမ်းပါနဲ့… ဥယျာဉ်ထဲက ဘယ်သခင်လေးကို ကြွေနေတာလဲ ပြောစမ်း”

သို့သော် ကျိုးရော့လန်က မပြောပြပေ။

ယွီဝိန်းဟွေ့က ဥယျာဉ်ထဲသို့ ပြန်ချောင်းကြည့်လိုက်ပြီး ခန့်မှန်းနေတော့သည်။

“အင်း… တတိယအဆင့် ကျောင်းတော်သားလေးလည်း ခန့်တာပဲ… ဒါပေမဲ့ နည်းနည်းတော့ ပိန်တယ်”

ထိုအခါ ကျိုးရော့လန်က ထိတ်လန့်သွားချင်ယောင် ဆောင်လိုက်ပြီး ယွီဝိန်းဟွေ့၏ ပါးစပ်ကို လက်ဖြင့် ပိတ်လိုက်ကာ - ရှက်ရွံ့စွာဖြင့် ပြောလေသည်။

“ရပြီ.. အရှင်မင်းသမီးလေး… ရပြီ”

ယွီဝိန်းဟွေ့က ရယ်လိုက်ပြီး -

“ဘာဖြစ်တုန်း။ နင်သူ့ကို ကြိုက်ရင် ခမည်းတော်ကို ပြောပေးပြီး မင်္ဂလာပွဲကို စီစဉ်ပေးခိုင်းမယ်လေ…။ ဒါပေမဲ့ သူ့ မိသားစုက သူကြွယ်မျိုး၊ မူးမတ်မျိုးရိုး မဟုတ်ဘူးလို့တော့ ကြားဖူးတယ်… အဲဒါကို စိတ်ထဲ မထည့်ဘူးဆိုရင်တော့ ရတယ်”

ထို့နောက် ယွီဝိန်းဟွေ့က တခစ်ခစ်ရယ်နေပြီးနောက် တစ်ခုခုကို သတိရသွားဟန်ဖြင့် မျက်နှာထားတည်တည်ထားကာ ပြောလေသည်။

“မင်္ဂလာပွဲအကြောင်းပြောရင်းနဲ့ သတိရသွားတာရှိတယ်… နင် တော်ဝင်မိသားစုဝင် တစ်ယောက်ယောက်နဲ့ လက်ထပ်ပြီး ငါ့ယောက်မ မဖြစ်ချင်ဘူးလား။ ဒီနေ့ မယ်တော်က ဒုတိယနဲ့ တတိယ မောင်တော်လေးတွေကိုပါ သင့်တော်တဲ့သူ ရှာပေးဖို့ စီစဉ်ထားတာ”

ကျိုးရော့လန်က တရိုတသေ ပြန်ပြောလိုက်သည်။

“ကျွန်တော်မျိုးမ အဲဒီလောက် အဆင့်ကို မမှန်းဝံ့ပါဘူး… သာမန် လူတန်းစားဘဝနဲ့ပဲ နေလိုပါတယ်”

199 06

ထိုအခါ ယွီဝိန်းဟွေ့က သက်ပြင်းချကာ - ပြောလိုက်သည်။

“အင်းပါလေ… ငါ့ ဒုတိယနဲ့ တတိယ မောင်တော်လေးတွေ ကံဆိုးသွားတာပေါ့…။ နင့်လို စိတ်သဘောထား ပြည့်ဝတဲ့ သူမျိုးကို ဒီနေ့ ပွဲမှာ တွေ့ရမှာကို မဟုတ်ဘူး”

ကျိုးရော့လန်က ခေါင်းကို နှိမ့်လိုက်ပြီး - ပြန်ပြောလိုက်သည်။

“အရှင်မင်းသမီးက ချီးကျူးလွန်းနေပါပြီ”

ထိုသို့ ပြောနေကြစဉ် သစ်ပင် တစ်ပင်အနောက်တွင် တစုံတဦးကို ဖြတ်ခနဲ လှမ်းမြင်လိုက်ရသလိုလို ရှိပြီး ပျောက်သွားလေသည်။ ကျိုးရော့လန်၏ စိတ်ထဲတွင် တွေဝေသွားပြီး - ပြောလိုက်သည်။

“နည်းနည်းတောင် နောက်ကျနေပြီ ပြန်ကြမယ်လေ… တော်ကြာနေ တစ်ယောက်ယောက် မြင်သွားဦးမယ်”

ယွီဝိန်းဟွေ့ကလည်း ထောက်ခံလိုက်ပြီး သူမတို့ နှစ်ယောက်သား ပြန်ထွက်လာကြတော့သည်။

*******

200 01

အခန်း 200

ကျိုးရော့လန်နှင့် ယွီဝိန်းဟွေ့တို့ ဟွေ့ဖန်း ပန်းဥယျာဉ်သို့ ပြန်ရောက်ချိန်တွင် ညနေခင်း စားသောက်ပွဲ စတင်ခါနီး ဖြစ်သည်။

ပွဲတက် လာရောက်ကြသူများမှာ မိဖုရားခေါင်ကြီးနှင့် အဆင်ပြေရန် ကြိုးစားနေကြသော်လည်း တစ်ယောက်မှ မိဖုရားခေါင်ကြီး စိတ်ကျေနပ်အောင် မပြုလုပ်နိုင်ကြပေ။ သို့သော် ကျိုးရော့လန်ကမူ ယွီဝိန်းဟွေ့ ဆွဲခေါ်သွားခြင်းကို ခံလိုက်ရပြီး မိဖုရားခေါင်းကြီးနှင့် မလှမ်းမကမ်းတွင် ထိုင်ရလေသည်။

ငှက်ကလေးများ တစာစာ မြည်တွန်နေလေ့ရှိသည့် ပန်းဥယျာဉ်ထဲတွင် လူအားလုံး စုရုံးရောက်ရှိနေစဉ် ကော မိဖုရားခေါင်ကြီး၏ မျက်လုံးများမှာ ကျိုးရော့လန် အပေါ်သို့ ကျရောက်လာလေသည်။

“မတွေ့တာတောင် ကြာပြီနော် ရော့လန်…။ အရင်ထက် အရပ်ပိုရှည်လာသလိုပဲ… အပျိုမလေးတောင် ဖြစ်နေပြီပဲ”

ကျိုးရော့လန်က ခေါင်းကို ငုံ့လိုက်ပြီး ပြန်ဖြေလေသည်။

“အခုလို ဂရုတစိုက် ထားတဲ့အတွက် ကျေးဇူးတင်ပါတယ် မိဖုရားကြီး”

မိဖုရားခေါင်ကြီးက သူမအား ဦးစွာ နှုတ်ဆက်လိုက်သည့်အတွက် ပွဲတက် လာကြသူ အမျိုးသမီးများ အားလုံးက သူမအား မကျေမနပ် ဖြစ်နေကြသည်။ ထို့နောက် မိဖုရားခေါင်ကြီးက -

“သမီးကို စောစောနတုန်းက မမြင်မိသလိုပဲနော်”

ထိုမေးခွန်းကို သူမ ပြန်မဖြေရသေးခင် တစ်စုံတစ်ယောက်က ထ,ပြောလေသည်။

“ကန်တစ်ဖက်က ပန်းဥယျာဉ်ဖက်မှာ ကျိုးမိန်းကလေး ရောက်နေတာကို ကျွန်မ လှမ်းမြင်လိုက်သလိုပဲ… ဟုတ်တယ် မဟုတ်လား”

ကန်တဖက်တွင် ချူရွှေ ပန်းဥယျာဉ်ရှိသည်ကို ချန့်ချွမ်း ဥယျာဉ်တော်သို့ ရောက်ဖူးသူတိုင်း သိကြသည်။ ယနေ့ ထိုပန်းဥယျာဉ်၌ ဧကရာဇ်မင်းကြီး၊ မင်းညီမင်းသားများနှင့် ကျောင်းတော်သားသစ်များ ရှိနေကြသည်။ ထို့ကြောင့် အမျိုးသမီးများ ထိုနေရာသို့ သွားခွင့်မရှိပေ။ အကယ်၍ ကျိုးရော့လန်သာ ထိုပန်းဥယျာဉ်နားတွင် အမှန်တကယ် ရှိနေပါက စိတ်ဝင်စားစရာတွေ ဖြစ်ကုန်တော့မည်။

ထိုသို့ ပြောလိုက်သံကို ကြားကြသည့်အခါ အားလုံး၏ မျက်လုံးများက သူမ အပေါ်သို့ ကျလာကြသည်။

ယွီဝိန်းဟွေ့မှာလည်း ထိတ်လန့်နေပြီး ထ,ပြောသူ ယောင်ဟွေ့ချင်ကို စိတ်ထဲမှ နေ၍ ကျိန်ဆဲလိုက်မိသည်။ ဒီကောင်မ ဒီလောက်အဝေးကြီးကနေကြည့်ပြီး ရော့လန် မှန်း ဘယ်လိုလုပ် သိသလဲ။

ငါ ဘာလုပ်ရမလဲ။ ရော့လန် ဖက်ကနေ ဝင်လိမ်ပေးရမလား။

ထိုစဉ် ရော့လန်က –ပြောလိုက်လေသည်

“ယောင်မိန်းကလေးမြင်တာ မမှားလောက်ပါဘူး… ဘာလို့လဲဆိုတော့ လေပြင်းတိုက်တုန်းက ကျွန်မရဲ့ လက်ကိုင်ပုဝါ လွင့်ပါသွားလို့ သွားယူတာပါ”

အရင်ဘဝ နန်းတွင်းသူဖြစ်ခဲ့စဉ်ကာလတုန်းက ရိုက်ခတ်ခဲ့သည့် လှိုင်းလုံးသံများကို ယခုထက်ထိ သူမ၏ စိတ်ထဲတွင် ကြားယောင်နေဆဲဖြစ်သည်။ ဒီ ယောင်ဟွေ့ချင်ဆိုသည့် မိန်းမကို သူမ ဘယ်တော့မှ မေ့မည်မဟုတ်။ ယခင်ဘဝတုန်းက သူမ၏ သားတော်လေးကို လုပ်ကြံ၍ ၎င်း၏ သားတော်အား နန်းတင်ရန် ကြိုးစားသည့် ကိုယ်လုပ်တော်မှာ ဒီမိန်းမပင် ဖြစ်သည်။

နောက်ဆုံးတွင် သူ့အပြစ်နှင့်သူ ရေခဲ နန်းဆောင်သို့ နှင်ထုတ်ခံလိုက်ရပြီးနောက် အဝတ်ဖြူပေးကာ တစ်ဆွေတစ်မျိုးလုံးနှင့်အတူ သတ်သေစေရန် အမိန့်ချခြင်း ခံရသူဖြစ်သည်။

ဒီမိန်းမက နောက်ဘဝ ရောက်သည့်တိုင်အောင် သူမအား တိုက်ခိုက်ချင်နေသေးပုံ ပေါ်သည်။

သို့သော်လည်း သူမက မိဖုရားခေါင်ကြီး အထင်သေးတာကို လိုချင်နေသဖြင့် ယခုလို အပုပ်ချသည်ကို ကျေနပ်နေသည်။

သူမက ထိုသို့ပြောလိုက်သည့်အခါ ယောင်ဟွေ့ချင်က လှောင်ရယ်ဟန်ပြုကာ ခေါင်းကိုညိတ်လိုက်သည်။

200 02

“ဪ… အဲဒီလိုလား… ကျွန်မက အမြင်မှားတာ ထင်နေတာ”

ကျိုးရော့လန်က ဘာမျှ ထပ်မပြောတော့ဘဲ မတ်တပ်ထ,ရပ်လိုက်ကာ မိဖုရားခေါင်ကြီးကို တောင်းပန်လိုက်သည်။

“မစဉ်းမစား လုပ်လိုက်မိတဲ့အတွက် တောင်းပန်ပါတယ် မိဖုရားခေါင်ကြီး”

ယွီဝိန်းဟွေ့ကလည်း ဘေးမှ နေ၍ –

“မယ်တော်… အခုကိစ္စက ရော့လန်ရဲ့ အပြစ် မဟုတ်ပါဘူး… သမီးတို့ ပန်းဥယျာဉ်ဖက်ကို လာတော့ ရေကန်နားက ဖြတ်ရပါတယ်…။ အဲဒီမှာ ရော့လန်ရဲ့ ပုဝါက လေနဲ့ လွင့်သွားတာပါ…။ တကယ်လို့ သူ သွားမကောက်ရင် လူတွေက ပုဝါကို တွေ့သွားပြီး တမျိုးထင်ကုန်ပြီး အပုပ်ချမှာ စိုးရိမ်လို့ပါ”

ထို့နောက် ယွီဝိန်းဟွေ့က ယောင်ဟွေ့ချင်အား ဒေါသဖြင့် စိုက်ကြည့်လိုက်လေသည်။

ဟွန်း… ဒီ ယောင်မျိုးရိုး မိန်းကလေးက သိပ်အချိုးမပြေဘူး…! ရော့လန်ကို တိုက်ခိုက်နိုင်ရင် တော်ဝင် မိသားစုဝင် ဖြစ်ဖို့ အခွင့်ပိုသာမယ်များ ထင်နေလား မသိဘူး…။

နင် မအောင်မြင်စေရဘူး။

သမီးတော်ဖြစ်သူ၏ စကားကို ကြားလိုက်သည့်အခါ ကောမိဖုရားခေါင်ကြီးက ကျိုးရော့လန်အား - ပြောလိုက်သည်။

“ဒီကိစ္စက အရေးမကြီးပါဘူး… သိပ်လည်း စိတ်ပူမနေပါနဲ့… ထိုင်”

သို့သော်လည်း ခုနက နှုတ်ဆက်စကားသံများနှင့် ယှဉ်လျှင် သိသိသာသာ စိမ်းနေသလို ခံစားရပေသည်။

ဤသည်ကို မြင်လိုက်ကြရသည့် အခြားသူများမှာ ကျိတ်၍ ဝမ်းသာနေကြသည်။

ကျိုးရော့လန်ကတော့ သူမကို မိဖုရားခေါင်ကြီး မနှစ်သက်ပုံမှာ မလုံလောက်သေးဟု ယူဆနေသည်။

သို့သော် သူမအား အမြဲ မနာလိုဖြစ်နေသည့် ကျိုးရှူးလန် ဆိုသည့် အစ်မဝမ်းကွဲလည်း ရှိနေသေးသဖြင့် တော်သေးသည်။

သူမကို ထိုအစ်မဝမ်းကွဲကလည်း တိုက်ခိုက်စေရန် ဆုတောင်းနေမိသည်။

ဆုတောင်းထားသည့်အတိုင်း ဖြစ်လာသည်။ ကျိုးရော့လန်က မိဖုရားခေါင်ကြီးအား ကျေးဇူးတင်လိုက်ပြီး ပြန်ထိုင်လိုက်ချိန်တွင် ကျိုးရှူးလန်က ထပြောလေသည်။

“အခုလို ခွင့်လွှတ်ပေးတာ ကျေးဇူးတင်ပါတယ် မိဖုရားခေါင်ကြီး…။ တကယ်က ရော့လန်က အင်မတန်မှ တွေးတော ဆင်ခြင်တတ်တဲ့သူပါ…။ အိမ်မှာဆိုရင်လည်း ကျွန်မရဲ့ ဦးလေး စစ်သူကြီး တာဝန်တွေ ထမ်းဆောင်နေလို့ မအားမလပ်ဖြစ်နေတဲ့အခါ သူက ဒေါ်လေးကို ကူညီပြီး အိမ်တော်ကြီးကို ထိန်းသိမ်းပေးပါတယ်…။ အိမ်မှာရှိတဲ့ ကျွန်မရဲ့ မောင်ဝမ်းကွဲက အရမ်းဆိုးတော့ သူကိုယ်တိုင် တာဝန်ယူပြီး ထိန်းလိုက်တာ အခုဆို အတော် တိုးတက်လာပါပြီ”

ကောမိဖုရားခေါင်ကြီးက စိတ်ဝင်စားသွားပြီး ကျိုးရော့လန်အား မေးလေသည်။

“သမီးရဲ့ မောင်လေးကို ဘယ်လိုများ ထိန်းလိုက်တာလဲကွယ့်”

ကျိုးရော့လန်က သူမ၏ ဝမ်းကွဲ အစ်မ ထောင်ချောက်ဆင်ထားသည့် လမ်းကို သိသိကြီးနှင့် ဝင်တိုးလိုက်သည်။

“မိဖုရားကြီးကို လျှောက်တင်ပါတယ်… ကျွန်တော်မျိုးမက ထူးထူးခြားခြား နည်းလမ်းတွေ သုံးတာ မဟုတ်ပါဘူး… မောင်လေးကို မြင်းရိုက် ကြာပွတ်နဲ့ ရိုက်ပြီး ဆုံးမရုံလေးပါ”

ဘာ…။ ကိုယ့်မောင်ကို မြင်းရိုက် ကြာပွတ်နဲ့ ရိုက်တယ်။

သူမက ဘာမှ မထူးဆန်းသလို အေးအေးဆေးဆေး ပြန်ဖြေလိုက်သဖြင့် ပွဲတက်လာ အမျိုးသမီးများ အားလုံး အံ့ဩထိတ်လန့်ကုန်ကြသည်။

ရော့လန်အပေါ် ကောမိဖုရားခေါင်ကြီး၏ အမြင်မှာလည်း ပြောင်းလဲလာသည်။ အကြည့်များမှာ ပို၍ စိမ်းလာသလို ခံစားရသည်။

ထို့နောက်တွင် ဘာမျှ ထပ်မမေးတော့ချေ။

ဝမ်းကွဲအစ်မဖြစ်သူ ကျိုးရှူးလန်ကတော့ ကျေနပ်နေသည်။

200 03

ကျိုးရော့လန် ကိုယ်တိုင်ကလည်း ကျေနပ်နေတော့သည်။

ထိုစဉ် ကန်တစ်ဖက်ရှိ ချူရွှေ ပန်းဥယျာဉ်၌ ရုံအန်း စားသောက်ပွဲကို ကျင်းပနေသည်။

အသစ်အသစ်သော ကျောင်းတော်သားတိုင်းသည် ရွှေနန်းတော်၏ အနာဂတ် ဖြစ်သည်။ အထူးသဖြင့် ယခုနှစ် ကျောင်းတော်သားများမှာ ငယ်ရွယ်သူများ ပါဝင်သဖြင့် အားရ စရာဖြစ်နေတော့သည်။ တိုင်းပြည် ထူထောင်သူ ဧကရာဇ်မင်းကြီးကလည်း ရာဇမာန်ကို ဘေးချိတ်ကာ ရေပန်း ဟုအမည်ပေးထားသည့် သေသောက်ပွဲကို ကျောင်းတော်သားများနှင့်အတူ ပါဝင် ဆင်နွှဲနေတော့သည်။

အရသာရှိလှသည့် စားသောက်ဖွယ်ရာများကိုလည်း အဆက်မပြတ် ကျွေးမွေးနေရာ နန်းတွင်း အစေခံတို့မှာ ဗျာများနေကြသည်။ ထိုအချိန်၌ ဒုတိယမင်းသားလေး ယွီဝိန်းရှန့်က တခြားသူများ မသိအောင် လူရှင်းသည့်နေရာသို့ ခိုးထွက်လာသည်။

ထိုနေရာ၌ စောင့်နေသည့် တစ်စုံတစ်ယောက်က သူ့အား တီးတိုးပြောလေသည်။

နားထောင်ပြီးသည့်အခါ ယွီဝိန်းရှန့်က မျက်မှောင်ကြုတ်လိုက်ပြီး —

ဒီ ကျိုးဆိုတဲ့ ကောင်မလေးက မယ်တော် မကြိုက်တာတွေကို လုပ်တယ် ဟုတ်လား။

ဒီကောင်မလေးက ဘာလို့ အရင်လို မဟုတ်တော့တာလဲ။

ဒီကောင်မလေးကို အာရုံစိုက်တတ်တဲ့သူ၊ တည်ငြိမ်တဲ့သူလို့ သူထင်နေခဲ့တာ… တကယ်တမ်းကျတော့ တော်တော်မိုက်မဲတဲ့ မိန်းကလေးပါလား…။

သို့သော် ကျိုးမိသားစုကို သူ့အတွက် အလွန်အရေးကြီးသည့် မဟာမိတ် ဟု မြင်ထားသည်။ ထို့အပြင် ယခင်က ဒီကောင်မလေးကို ကြည့်၍ ထက်မြတ် တည်ငြိမ်သည်ဟု မြင်မိပြီး မိဖုရားအရာနှင့် ထိုက်တန်သည်ဟု တွေးထားခဲ့ဖူးသည်…။

ယွီဝိန်းရှန့်က အတန်ကြာသည်အထိ တွေးတော စဉ်းစားနေပြီးနောက် သတင်းပို့လာသူအား စားသောက်ပွဲသို့ ဘာမှ မဖြစ်သလို ပြန်သွားရန် အမိန့်ပေးလိုက်သည်။

ယွီဝိန်းရှန့်က သူ့လုပ်ရပ်ကို ဘယ်သူမှ မမြင်လိုက်ဟု ထင်နေသော်လည်း သူထိုင်နေရာမှ ထသွားသည်ကို ကြည့်၍ တစ်စုံတစ်ယောက်က စာရွက်တွင် ချရေးကာ တတိယမင်းသားလေးဖြစ်သူ ယွီဝိန်း ချန်ထံသို့ လူမမြင်အောင် ကမ်းပေးလိုက်လေသည်။

~~

ဤသို့ဖြင့် ထိန်ထိန်သာနေသည့် လမင်းကြီးမှာ အနောက်အရပ်သို့ တရွေ့ရွေ့ ရွှေ့သွားလေသည်။ တော်တော်လည်း ညနက်လာချေပြီ…။ ဟွေ့ဖူး ပန်းဥယျာဉ်၌ ကျင်းပနေသည့် ညနေခင်း စားသောက်ပွဲမှာလည်း ပြီးဆုံးချိန်သို့ ရောက်လာတော့သည်။

ကောမိဖုရားခေါင်ကြီးက ပထမဦးဆုံး ထ,ရပ်လိုက်ကာ ထွက်ခွာသွားပြီးနောက် အားလုံးကလည်း ဦးညွတ်အရိုအသေပေးပြီးနောက် လူစု ခွဲကြတော့သည်။

ဤအခြေအနေကို အခွင့်ကောင်းယူ၍ ယွီဝိန်းဟွေ့က ကျိုးရော့လန်အား အနားသို့ ဆွဲခေါ်လိုက်ကာ တောင်းပန်လေသည်။

“ရော့လန်ရယ်… ဒီညနေအတွက် ငါတောင်းပန်ပါတယ်… မယ်တော် နင့်ကို အထင်လွဲသွားပြီလားမသိဘူး…။ ယောင်ဟွေ့ချင် ငါတို့နောက်က လိုက်လာလိမ့်မယ်လို့ မထင်မိလိုက်ဘူး”

ကျိုးရော့လန်က သူမကို ဖျောင်းဖြလိုက်သည်။

“အရှင်မင်းသမီးရယ်… စိတ်ထဲ ထားမနေပါနဲ့… ကျွန်မကလည်း လုပ်သင့်တာ လုပ်လိုက်တာပါ…။ ပြီးတော့ ယောင်ဟွေ့ချင်က မင်းသမီးကို တိုက်ခိုက်ချင်တာ မဟုတ်ပါဘူး… ကျွန်မကို အရှက်ကွဲအောင် လုပ်ချင်တာပါ”

သို့သော်လည်း ယွီဝိန်းဟွေ့က မကျေနပ်နိုင်သေးဘဲ ဖြစ်နေသည်။

“ဒီအရုပ်ဆိုးမက နင့်ကို နိုင်သွားရင် မယ်တော်ကြီးက သူ့ကို အမြင်ကြည်မယ်များ ထင်နေတာလားမသိဘူး…။ သူ ဘယ်တော့မှ မအောင်မြင်စေရဘူး…! ဒီကောင်မက နင့်ကို အနိုင်ကျင့်ချင်နေတာ… နင့်ကို အနိုင်ကျင့်ရင် ငါ့ကို အနိုင်ကျင့်သလိုပဲ…။ ငါ သူ့ကို ပညာပြန်ပေးလိုက်မယ်… စောင့်ကြည့်နေ!”

ထိုအခါ ကျိုးရော့လန်က ပြုံးလိုက်သည်။

200 04

“အရှင်မင်းသမီးက ဉာဏ်ပညာကြီးလှပါတယ်… ဒါပေမဲ့… ဒီကိစ္စအတွက်နဲ့ စိတ်ရှုပ်ခံမနေပါနဲ့တော့”

ကောမိဖုရားခေါင်ကြီးသည် သမီးတော်ကို လွန်စွာ ချစ်သူ ဖြစ်သည်။ ယောင်ဟွေ့ချင် တစ်ယောက် မိဖုရားကြီး၏ ချစ်သမီးကို စိတ်တိုအောင် လုပ်လိုက်ပြီ ဖြစ်သဖြင့် နောင်တစ်ချိန် နန်းတွင်းသို့ ဝင်လာပါက အခက်အခဲများနှင့် ရင်ဆိုင်ရဖို့ သေချာနေပြီ ဖြစ်သည်။

ယွီဝိန်းဟွေ့မှာ သူမအတွက် စိတ်ပူနေဆဲ ဖြစ်သည်။

“နင့်ကို မယ်တော် အထင်လွဲနေတာ ဘယ်လို လုပ်ကြမလဲ။ ပြောရရင် မယ်တော်က နင့်ကို အရမ်း သဘောကျနေတာ… နင့်ကို…”

သူမ ပြော၍ မပြီးသေးခင် ကျိုးရော့လန်က ဖြတ်ပြောလိုက်သည်။

“အရှင်မင်းသမီး… ဘာမှ ပူမနေနဲ့…။ မိဖုရားခေါင်ကြီးက သနား ကြင်နာတတ်တဲ့သူပါ… အဲဒါကြောင့်မို့ ဒီလို ကိစ္စလေးတွေလောက်နဲ့ ကျွန်မကို ဖိနှိပ်တာမျိုးတွေ လုပ်မှာ မဟုတ်ပါဘူး…။ ပြီးတော့ ကျွန်မကိုယ်တိုင်ကလည်း ရာထူးတွေ ဂုဏ်တွေ လိုချင်သူ မဟုတ်တော့ ထိပ်ဆုံးမှာ နေရမယ်လို့လည်း မမျှော်မှန်းပါဘူး”

ထိုအခါ ယွီဝိန်းဟွေ့က သက်ပြင်းချလိုက်သည်။

“အေးပါ… ကြည့်ရတာ နင်က ငါနဲ့အတူ ယွီဝိန်း မိသားစုဝင် မဖြစ်ချင်ဘူးနဲ့ တူပါတယ်… ရော့လန်ရေ… အခုကိစ္စအတွက် နင့်ကို ငါကျေးဇူးတင်ပါတယ်… နောက်ကျရင် သေချာပေါက် ကျေးဇူး ပြန်ဆပ်မယ်”

ကျိုးရော့လန်ကလည်း ပြုံးပြလိုက်ပြီး ဦးညွတ်လိုက်သည်။

“နောက်ကျနေပြီမို့ ကျွန်မ ပြန်လိုက်ပါဦးမယ်”

ယွီဝိန်းဟွေ့မှာ သူငယ်ချင်းဖြစ်သူကို ပြန်မလွှတ်ချင်သလို ဖြစ်နေသည်။

“ဒီည မပြန်ပါနဲ့လား…။ ငါ ဒီည မယ်တော့်အနားမှာ နေမလို့… ငါတို့နဲ့အတူတူ စကားပြောကြမယ်လေ”

သို့သော် သူမက ယဉ်ကျေးစွာဖြင့် ငြင်းလိုက်သည်။

“အခုလို ဖိတ်ခေါ်တာ ကျေးဇူးပါ အရှင်မင်းသမီး… ဒါပေမဲ့ အိမ်က မိသားစုဝင်တွေ စိတ်ပူနေမှာ စိုးလို့ ပြန်လိုက်တော့မယ်”

ထိုသို့ ပြောပြီးနောက် တစ်ချက် တွေးလိုက်ပြီး ဆက်ပြောလိုက်သည်။

“ဒါပေမဲ့ ခမည်းတော်ရဲ့ မွေးနေ့ မကြာခင် ရောက်တော့မှာ မို့လို့ အိမ်မှာ စားသောက်ပွဲ ကျင်းပစရာရှိပါတယ်…။ တကယ်လို့ အရှင်မင်းသမီး စိတ်ပါမယ်ဆိုရင် လာဖို့ ဖိတ်ခေါ်ပါရစေ”

ယွီဝိန်းဟွေ့က ချက်ချင်းပင် ခေါင်းညိတ်၍ လက်ခံသည်။

“အင်း… အင်း… နင်ခေါ်လို့ကတော့ ငါသေချာပေါက် လာမှာပေါ့”

ဟူး… အခုသွားထားမှဖြစ်မှာ… မဟုတ်ရင် မကြာခင် ခမည်းတော်နဲ့ မယ်တော်တို့က ငါ့ကို နေရာချပေးတော့မယ်… အဲဒီအချိန်ကျရင် ငါသွားချင်သလို သွားရတော့မှာ မဟုတ်ဘူးလေ…။

ယွီဝိန်းဟွေ့နှင့် သဘောတူညီမှု ရပြီးသည့်နောက် ကျိုးရော့လန်လည်း ချန့်ချွမ်း ဥယျာဉ်တော်အတွင်းမှ ပြန်လာခဲ့တော့သည်။

သူတို့ နှစ်ယောက် အတန်ကြာ စကားပြောနေသဖြင့် ဧည့်သည်တော်တော်များများမှာ ရှင်းသွားပြီဖြစ်သည်။ ဥယျာဉ်တော် အပြင်၌လည်း မြင်းရထားအချို့သာ ကျန်တော့သည်။

ကျိုးရော့လန်က မြင်းရထားများကို တချက်ဝေ့ကြည့်လိုက်ရာ တစ်စင်းမှာ မှူးမတ်တို့ စီးနင်းသည့် ရထားမျိုးမဟုတ်ဘဲ ဈေးထဲမှ ငှားရမ်းထားမှန်း သိသာလေသည်။

ထိုမြင်းရထားအား မြင်လိုက်သည့်အခါ သူမက တခဏမျှ တွေဝေသွားပြီးနောက် မြင်းရထားပေါ်သို့ တက်ကာ အိမ်သို့ ပြန်လာလိုက်သည်။

မြင်းရထားက တရွေ့ရွေ့ချင်း ထွက်လာရာ ချန့်ချွမ်း ဥယျာဉ်တော်သည်လည်း နောက်တွင် တဖြည်းဖြည်းကျန်ခဲ့ပြီး ပျောက်ကွယ်သွားတော့သည်။ သို့သော် အတော်လှမ်းလှမ်း သွားပြီးသည့်အခါ “ဂျွတ်” ဟူသည့် အသံ တစ်ခုကို ကြားလိုက်ရပြီး မြင်းရထားမှာ ရပ်သွားတော့သည်။

200 05

သူမ၏ အစေခံဖြစ်သူ ဇီကျူက ကန့်လန့်ကာကို မ,လိုက်ပြီး မြင်းလှည်းသမားကို မေးလိုက်သည်။

“ဘာဖြစ်တာလဲ”

မြင်းလှည်းသမားက -

“ဘာကို တက်နင်းမိလိုက်လဲ မသိဘူး… ဘီးခွေသွားပြီ”

ဟင်။

ဇီကျူက မြင်းလှည်းသမားကို ပြစ်တင်လိုက်သည်။

“ဟာ… ဦးလေးကျောက်ကလည်း အဲဒီလို ဖြစ်လို့မရဘူးလေ…။ အပြင်မှာ အရမ်း မှောင်နေပြီ… သခင်မလေးက အိမ်တော်ကို ဘယ်လို ပြန်ရမှာလဲ”

သူတို့ အပြန်အလှန် ပြောဆိုနေကြစဉ် အခြား မြင်းရထားတစ်စီးက တဖြည်းဖြည်း ချည်းကပ်လာသည်။

မြင်းသံများ၊ လှည်းသံများ နီးကပ်လာပြီးနောက် မကြာမီ အမျိုးသားတစ်ဦး၏ အသံကို ကြားလိုက်ရသည်။

“ဘာဖြစ်တာလဲ”

ဇီကျူက ကန့်လန့်ကာကို ပြန်မြှင့်၍ ချောင်းကြည့်လိုက်ပြီးနောက် သူမအား ပြောသည်။

“သခင်မလေး… ဒီနေ့ ဥယျာဉ်တော်ကို လာတဲ့ မှူးမတ်တစ်ယောက်ယောက် ထင်တယ်”

ကျိုးရော့လန်ကမူ အသံကြားရုံနှင့် မည်သူမှန်း သိသဖြင့် စေခိုင်းလိုက်သည်။

“ဒါဆို ငါတို့ကို ခေါ်သွားပေးလို့ ရမလားလို့ တရိုတသေ မေးကြည့်လိုက်ပါ”

မြင်းလှည်းသမား ဦးလေးကြီးကတော့ သူတို့ အိမ်တော်သို့ ပြန်ရောက်လျှင် တယောက်ယောက်ကို လွှတ်၍ လာခေါ်ခိုင်း၍ ရသည်။

အစေခံမလေးက နားထောင်လိုက်ပြီး တဖက်လူကို မေးလိုက်သည်။

“ဒီက အမှုတော်ထမ်းရဲ့ အမည်ကို သိခွင့်ရှိပါမလား။ ကျွန်မတို့ကတော့ ကာကွယ်ရေး စစ်သူကြီးစံအိမ်ကပါ…။ အခု မြင်းလှည်း ပျက်သွားလို့ပါ…။ တကယ်လို့ အမှုတော်ထမ်းအတွက် အဆင်ပြေမယ်ဆိုရင် ကျွန်မတို့ မြို့ထဲကို လှည်းကြုံ လိုက်လို့ ရပါသလား”

ထိုစကားများကို ပြောပြီးသည့်အခါ ရော့လန်က မြင်းရထားအတွင်းမှနေ၍ အသေအချာ နားစွန့်ထားမိသည်။ တစ်ဖက်မှ အမျိုးသားက –

“ကျုပ်ရဲ့ မျိုးရိုးနာမည်က ချီပါ… ဒီနေ့ ရုံအန်း စားသောက်ပွဲကို လာတက်တဲ့ ကျောင်းတော်သားတစ်ယောက်ပါ။ ဒီက မိန်းကလေးတို့ ဆန္ဒရှိရင် ကျွန်တော့် မြင်းရထားနဲ့ လိုက်လို့ရပါတယ်” ဟု ပြောလေသည်။

ထိုသို့ ကြားလိုက်သည့်အခါ အစေခံမလေးက တစ်ဖက်လူကို ကျေးဇူးတင်လိုက်ပြီး ရော့လန်ကို လှည်းပေါ်မှ ဆင်းရန် ကူညီလိုက်သည်။

မြင်းရထားပေါ်သို့ မတက်မီ ကျိုးရော့လန်က အပေါ်သို့ မော့ကြည့်လိုက်သည်။

ထိုအမျိုးသားမှာ မြင်းရထားပေါ်မှ ကြို၍ ဆင်းထားပြီး လှည်းဘေးတွင် ရပ်နေသည်။ ယနေ့ညလို ထိန်ထိန်သာနေသည့် လရောင်အောက်တွင် ထိုသူ၏ မျက်လုံး မျက်ခုံးများမှာ သူမ၏ မှတ်ဉာဏ်ထဲက ပုံရိပ်များထက် ပို၍ နုနယ် ပျိုမြစ်နေသည်။

သူမက ‘သူ’ရှိရာဖက်သို့ လှည့်၍ ဦးညွတ်လိုက်ပြီး ပြောလိုက်သည်။

“အခုလို ကူညီတဲ့အတွက် ကျေးဇူးတင်ပါတယ်… အမှုထမ်းချီ”

တဖက်လူကလည်း ဦးပြန်ညွတ်၍ သူမအား - ပြောလိုက်သည်။

“အရမ်း ကြီးကြီးမားမား မဟုတ်ပါဘူး… သခင်မလေး… ရပါတယ်…။ မြင်းရထားပေါ် တက်ပါ”

သူမက နာခံလိုက်ပြီး ဇီကျူနှင့်အတူ လှည်းပေါ်သို့ တက်လိုက်သည်။

ချီရှုကွမ်းက မြင်းလှည်းသမားနှင့်အတူ အပြင်ဖက် ထိုင်ခုံတွင် ထိုင်လိုက်သည်။

200 06

ထို့နောက် မြင်းရထားသည် ဆက်လက် ထွက်ခွာလာပြီး မြို့တော်ဖက်သို့ ဦးတည်လိုက်လေသည်။

သူမတို့ ငှားလာသည့် မြင်းရထားနှင့် ယှဉ်လျှင် ဤလှည်းမှာ အတန်ငယ် သေးပြီး အတော် ယိုင်နေသည်။

သို့သော် ရော့လန်မှာ ရင်ထဲတွင် နွေးထွေးနေမိသည်။

ယခင်ဘဝတုန်းက ဒီညတွင် ယွီဝိန်းရှန့်က လာရောက် ‘ကူညီ’ ရမည်ဖြစ်သည်။

သို့သော် ‘သူ’ ရောက်လာသဖြင့် ယွီဝိန်းရှန့်နှင့် မဆုံရတော့ပေ။

မကြာမီ သူတို့ မြို့တော်ထဲသို့ ရောက်လာပြီး လမ်းပေါ်တွင် စည်းကားနေသဖြင့် မြင်းရထားကိုလည်း အရှိန်လျှော့လိုက်ရသည်။

ကျိုးရော့လန်က မြင်းရထား ကန့်လန့်ကာမှတဆင့် -မေးလိုက်သည်။

“အမှုထမ်း ချီက ဘယ်နယ်ကလဲ မသိဘူးနော်။ အဝတ်အစားကို ကြည့်ပြီး ခန့်မှန်းရရင်တော့ ကျောင်းတော်သား အသစ်ထင်တယ်… ဟုတ်သလား”

ထိုအခါ ကန့်လန့်ကာ တဖက်မှ – ပြန်ဖြေလေသည်။

“သခင်မလေးက ချီးကျူးနေပြန်ပါပြီ…။ ကျွန်တော်က မိကျိုးပြည်နယ် လန်ယာရွာကပါ”

သူ့အသံကို နားထောင်ကြည့်ရုံနှင့် ပြုံး၍ ပြောနေမှန်း သိသာသည်။

ရော့လန်ကလည်း နှုတ်ခမ်းထောင့်စွန်းလေး ကွေးသွားအောင် ပြုံးလိုက်မိသည်။

ဪ… လန်ယာ… တော်တော် နေလို့ကောင်းတဲ့ ရွာလေး!

ယခင်ဘဝတုန်းက တိတ်ဆိတ် အေးချမ်းလှသည့် ရွာကလေးသို့ ပြန်ဖြစ်တိုင်း ရတတ်သည့် ကောက်သင်းနံ့ မွှေးမွှေးလေးကို သတိရမိလိုက်သည်။

ထို့နောက် သူမ၏ အတွေးများ လက်ရှိကာလသို့ ပြန်ရောက်လာသည်။ သူမတို့ စကားပြောနေသည်ကို ဇီကျူက ဂရုမစိုက်ဘဲရှိနေသည်။ ထိုအခါ သူမက လက်မှ စန္ဒကူး လက်ကောက်လေးကို ချွတ်၍ သူ့ အိတ်ထဲသို့ ထည့်လိုက်သည်။

ဤသို့ဖြင့် ခဏအကြာတွင် အိမ်တော်သို့ ပြန်ရောက်သွားကြသည်။

မြင်းရထားပေါ်မှ ဆင်း၍ ကျိုးရော့လန်က ‘သူ့’အား ဦးညွတ်၍ ကျေးဇူးတင်လိုက်သည်။

“အခုလို ကူညီပေးတဲ့အတွက် အမှုထမ်းချီကို အရမ်း ကျေးဇူးတင်ပါတယ်နော်”

ထိုအခါ အမျိုးသားလေးကလည်း ခေါင်းကို ညွတ်၍ –ပြန်ပြောလေသည်။

“ဟုတ်ကဲ့ ရပါတယ်ဗျာ… အခု ကိစ္စက အသေးအဖွဲပါ… စိတ်ထဲ မထားပါနဲ့”

ကျိုးရော့လန်က –ပြောလိုက်သည်။

“နောက် ငါးရက်လောက်နေရင် အဖေ့ရဲ့ မွေးနေ့ပါ… တကယ်လို့ အားလပ်မယ်ဆိုရင် အမှုတော်ထမ်း ချီကို ကျွန်မတို့ အိမ်ကို လာခဲ့ဖို့ ဖိတ်လိုပါတယ်”

ထိုသို့ ဖိတ်ကြားပြီးနောက် သူမက ‘သူ့’အား နှုတ်ဆက်လိုက်ကာ အိမ်ထဲသို့ ဝင်လာလိုက်သည်။

ဇီကျူက အနောက်မှ ခပ်သွက်သွက်လိုက်လာပြီး သူမအား တီးတိုးမေးလေသည်။

“သခင်မလေးက သခင်ကြီးရဲ့ မွေးနေ့ကို အဲဒီ အမှုထမ်းလေးကို ဘာလို့ဖိတ်တာလဲ။ ကျေးဇူးတင်ချင်လို့လား”

ကျိုးရော့လန်က ပြုံးလိုက်ပြီး –ပြန်မေးလိုက်သည်။

“ဒါပေါ့… သူ့ကို ပိုက်ဆံပေးရင် ယူမယ်ထင်လို့လား”

ထိုအခါ ဇီကျူက ခေါင်းကို ညိတ်လိုက်ပြီး –တွေးတွေးဆဆ ပြောလေသည်။

“ဟုတ်တယ်နော်… အဲဒီ အမှုထမ်းလေးရဲ့ ပုံစံက သိက္ခာရှိမဲ့ ပုံစံမျိုး… ပိုက်ဆံပေးလို့ကတော့ ယူမှာ မဟုတ်ဘူး…။ သူ လာပါ့မလားပဲ တွေးနေတာ…။ သူ့ပုံစံက မှူးမတ်မျိုးရိုးဝင်နဲ့လည်း မတူဘူး”

ရော့လန်က ပြုံးလိုက်ကာ –ပြောလိုက်တော့သည်။

“လာတာ မလာတာ သူ့သဘော… ဖိတ်ခေါ်ဖို့က ငါတို့ တာဝန်”

တကယ်လို့ သူသာ စန္ဒကူး လက်ကောက်လေးကို မှတ်မိလျှင် သေချာပေါက် ရောက်လာလိမ့်မည်။

******

201 01

အခန်း 201

ငါးရက် လှစ်ခနဲ ကုန်ဆုံးသွားပြီး ကာကွယ်ရေး စစ်သူကြီး၏ မွေးနေ့ပွဲအချိန်အခါသို့ ရောက်ရှိလာလေသည်။

စစ်သူကြီး ကျိုးဖုန်းဇယ်မှာ အသက် လေးဆယ် စွန်းစွန်းသာ ရှိသေးသဖြင့် မွေးနေ့ပွဲကို ကြီးကြီးကျယ်ကျယ် ကျင်းပရန် မတွေးထားချေ။ ထို့ကြောင့် ဆွေမျိုးသားချင်း အနည်းငယ်နှင့် ရောင်းရင်းတစ်ချို့ကိုသာ လာရောက်ရန် ဖိတ်ကြားထားသည်။

ကျိုးရော့လန်လည်း မနက်စောစောထ,ကာ အိမ်တော်သို့ ရောက်ရှိလာသည့် ဧည့်သည်တော်များကို ကြိုဆိုရာတွင် မိခင်ဖြစ်သူနှင့်အတူ ကူညီရသည်။

အသက် တစ်ဆယ့်ခြောက်နှစ်အရွယ် မိန်းမပျိုလေးမှာ ကြွေပန်းလေးကဲ့သို့ လှပနေသည်။ သူမ၏ လှုပ်ရှားပုံမှာ သဘာဝအတိုင်း လှပနေသဖြင့် ဧည့်သည်များမှာ ချီးကျူးပြီးရင်း ချီးကျူးနေမိတော့သည်။

မကြာမီ ဇီကျူက သူမ အနားသို့ ပြေးလာပြီး –

“သခင်မလေး… သခင်လေး ချီ ရောက်လာပြီ” ဟု ပြောလေသည်။

‘သူ’ ရောက်လာပြီပေါ့။

သူမ၏ ရင်ထဲတွင် တဒိတ်ဒိတ် ခုန်လာပြီး သူမ၏ အမေကို –ပြောလိုက်သည်။

“မယ်တော်… ဟိုတစ်နေ့တုန်းက သမီးတို့ကို မြို့ထဲ ပြန်လိုက်ပို့ပေးတဲ့ ကျေးဇူးရှင် ရောက်လာပြီ… သမီး သွားကြိုလိုက်ဦးမယ်”

သခင်မကျိုးက ဤကိစ္စကို သိထားပြီးသား ဖြစ်သဖြင့် ခေါင်းညိတ်ပြလိုက်သည်။

“မြန်မြန်သွား… ဧည့်သည်တွေကို မလွတ်သွားစေနဲ့”

ကျိုးရော့လန်က ‘ဟုတ်ကဲ့’ ဟု ပြန်ပြောလိုက်ရင်း အိမ်ရှေ့ အဝန်းအဝိုင်းဖက်သို့ ထွက်လာခဲ့သည်။

သူမ ရောက်သွားသည့်အခါ ချီရှုကွမ်းက ခန်းဆောင်အတွင်းသို့ ဝင်လာသည်နှင့် တိုးနေသည်။ သူက ဝါးစိမ်းရောင် ဝတ်ရုံကို ဝတ်ဆင်ထားပြီး အခြားသူများကဲ့သို့ တန်ဖိုးကြီး ဝတ်စုံမျိုး မဟုတ်ပေ။ သို့သော်လည်း သူ့ ကိုယ်ရောင် ကိုယ်ဝါမှာ တခြားသူများနှင့် မတူဘဲ တောက်ပ,နေပေသည်။

ယနေ့ ရောက်လာသည့် ဧည့်သည်တော်များမှာ စစ်ဘက်ဆိုင်ရာ ဝန်မင်း အမတ်မင်းများ ဖြစ်ကြသဖြင့် ချီရှုကွမ်းမှာ ပိန်ပိန်သွယ်သွယ် ကျောင်းတော်သားလေး တစ်ယောက်အနေဖြင့် မြုပ်နေသလို ဖြစ်နေသည်။ ဤသည်ကလည်း တခြားသူများနှင့် မတူ သတိပြုမိစရာ ဖြစ်နေတော့သည်။

ဤသို့ သူမက သူ့အား အသေအချာ သုံးသပ်လိုက်ပြီးနောက် အနားသို့ သွားလိုက်သည်။ ထို့နောက် သူနှင့် သူမ၏ ဖခင်အား မိတ်ဆက်ပေးလိုက်သည်။

“ခမည်းတော်… ဒါ သခင်လေး ချီပါ… ဟိုတစ်နေ့တုန်းက ချန့်ချွမ်း ဥယျာဉ်တော်ကနေ အပြန် ကူညီပေးတဲ့ သူပေါ့”

ထိုသို့ ကြားလိုက်သည့်အခါ စစ်သူကြီးကျိုးက ချီရှုကွမ်းအား ခပ်သွက်သွက် နှုတ်ဆက်လိုက်သည်။

“ဪ… လက်စသတ်တော့ ဒါက အမှုတော်ထမ်းလေး ချီပေါ့လေ… မသိလို့ ဂရုမစိုက်မိသလို ဖြစ်သွားရင် ခွင့်လွှတ်ပါ”

ပြီးခဲ့သည့် ရက်အနည်းငယ်အတောအတွင်း နန်းတွင်း၌ ကျောင်းတော်သား အသစ် ခန့်အပ်မှုများ ပြုလုပ်ကြောင်း စစ်သူကြီးကျိုး ကြားထားသည်။ ဒီ တတိယအဆင့် ကျောင်းတော်သားလေးမှာ ဟန်လင်း ကျောင်းတော်၌ နန်းတွင်း စာပေပို့ချသူအဖြစ် ခန့်အပ်ခြင်းခံထားရသူဖြစ်သောကြောင့် အနာဂတ်ကောင်းပိုင်ဆိုင်ထားသူ ဖြစ်သည်။

ချီရှုကွမ်းက –ပြောဆိုလေသည်။

“အဲဒီလောက်ကြီး ဂရုစိုက်စရာ မလိုပါဘူးခင်ဗျာ… ကျွန်တော်ကြောင့် စစ်သူကြီးရဲ့ အရှေ့ပင်လယ်လို ကျယ်ပြီး၊ တောင်ပိုင်းမှာရှိတဲ့ တောင်တန်းတွေလို ရှည်လျားတဲ့ ပျော်ရွှင်နေမှုကို အနှောင့်အယှက် ဖြစ်သွားရင် ခွင့်လွှတ်ပါ… ကျွန်တော့်အနေနဲ့ တတ်နိုင်သလောက် လက်ဆောင်လေးလည်း ယူလာပါတယ်… လက်ဆောင်ကလည်း အဖိုးမကြီးတဲ့အတွက် ဗွေမယူပါနဲ့”

ထို့နောက် သူက လက်ဆောင်ကို ပေးလိုက်သည်။

စစ်သူကြီးကျိုးက လက်ဆောင်ထုတ်အား အစေခံတစ်ယောက်ကို လာယူခိုင်းလိုက်ပြီး ပြုံးကာ –ပြန်ပြောသည်။

“ကျုပ်ကသာ အမှုတော်ထမ်းလေး ချီကို ကျေးဇူးတင်ရမှာပါ… ထိုင်ပါဦး… ကျုပ်က စစ်ဘက်က လူကြီးဆိုတော့ အိမ်တော်ထဲမှာ ယဉ်ယဉ်ကျေးကျေးတွေ သိပ်မလုပ်တတ်လို့ သည်းခံပေးပါ”

သူ ပြောဆိုပြီးသည့်အခါ ဖခင်ဘေးတွင် ရပ်နေသည့် ကျိုးရော့လန်က ပြုံးလိုက်ပြီး –ပြောလိုက်သည်။

201 02

“ဟုတ်တယ်… မတ်တပ်ကြီး ရပ်မနေပါနဲ့ ထိုင်ပါဦး အမှုတော်ထမ်းချီ”

ချီရှုကွမ်းကလည်း ပြုံးကာ နာခံလိုက်သည်။

စစ်သူကြီး ကျိုး မသိမသာ အံ့ဩနေမိသည်။

ဖခင်တစ်ယောက်အနေနှင့် သမီးဖြစ်သူကို ကောင်းကောင်းနားလည်သည်။ သူမ ယခုလို အပြင်လူတစ်ယောက် အပေါ် ဖော်ရွေနေသည်မှာ ပထမဆုံးဖြစ်သည်။

ထို့အပြင် သူ့မျက်လုံးနှင့်သာ ကိုယ်တိုင်မမြင်ရလျှင် တတိယအဆင့် ကျောင်းတော်သားလေး ဒီလောက်ငယ်ရွယ်သည် ဆိုသည့်စကားကို ယုံမိမည်မဟုတ်ပေ။

အသက် နှစ်ဆယ်တောင် ရှိရဲ့လား။

အိမ်ထောင်ရက်သားများ ကျနေပြီလား…။

သူက မေးလိုက်ရန် ပြင်လိုက်စဉ် မင်းသမီး ချန်းဖျင် ကြွရောက်လာကြောင်း ကြေညာသံ ထွက်လာသည်။

ဧည့်သည်တော်များ အားလုံး၊ အမျိုးသားရော အမျိုးသမီးပါ မကျန် ကြိုဆိုရန် ထွက်လာကြသည်။

အားလုံး လှုပ်လှုပ်ရှားရှား ဖြစ်ကုန်သဖြင့် ယွီဝိန်းဟွေ့က တခစ်ခစ် ရယ်လိုက်ပြီး –ပြောလိုက်သည်။

“အားလုံး တရိုတသေ လုပ်စရာ မလိုပါဘူး… ကျွန်မ ဒီနေ့ ရော့လန်နဲ့ စကားနည်းနည်းပြောပြီး စစ်သူကြီးကျိုးကို ဆုတောင်းပေးချင်ရုံ သက်သက်ပါ”

ထိုစကားကို ကြားသောအခါ စစ်သူကြီးကျိုးက အလွန် ဝမ်းမြောက်သွားသဖြင့် ပြောလိုက်သည်။

“အရှင်မင်းသမီးရဲ့ စေတနာကို ကျွန်တော်မျိုး အလွန် ကျေးဇူးတင်ပါတယ်”

ယွီဝိန်းဟွေ့က ခေါင်းကို ညိတ်လိုက်ပြီး တချက် ဝေ့ကြည့်လိုက်ရာ လူအုပ်ထဲတွင် သူမ,မြင်ဖူးသည့် အမျိုးသားလေး တစ်ယောက်ကို တွေ့သွားလေသည်။

သူမက တအံ့တဩဖြင့် —ရေရွတ်လိုက်လေသည်

“ဟင်… ဒါက တတိယအဆင့် ကျောင်းတော်သားလေး မဟုတ်လား”

ချီရှုကွမ်းက ဦးခေါင်းကို ညွတ်လိုက်ပြီး — ပြောလိုက်သည်။

“ကျွန်တော်မျိုး ချီရှုကွမ်း… အရှင်မင်းသမီးကို အရိုအသေ ပေးပါတယ်”

ယွီဝိန်းဟွေ့က ကျိုးရော့လန်ဖက်သို့ တချက် လှမ်းကြည့်လိုက်ပြီးနောက် အားလုံးကို —ပြောလေသည်။

“ကဲပါ… အားလုံး ထကြပါ… ကျွန်မ ရော့လန်နဲ့ စကားပြောဦးမယ်”

ထို့နောက် ရော့လန်အား အနောက်ဖက် ခြံဝန်းထဲသို့ ဆွဲခေါ်သွားတော့သည်။

သူမက ချီရှုကွမ်း ရောက်နေရသည့် အကြောင်းရင်းကို စပ်စုချင်နေသည်။

ကျိုးရော့လန်က ရှက်ရွံ့ချင်ယောင်ဆောင်ပြီး ဟိုတနေ့ညက ဖြစ်ရပ်များကို ပြောပြလိုက်သည်။

ထိုစကားကို ကြားလိုက်သည့်အခါ ယွီဝိန်းဟွေ့က ရေရွတ်လိုက်မိတော့သည်။

“ဩ… နင်တို့ မြင်းရထားကလည်း လမ်းပေါ်ပျက်တယ်… သူ့ မြင်းရထားကလည်း ဒီလမ်းပေါ်ကနေ ဖြတ်တယ် ဟုတ်လား။ ကြည့်ရတာ ဖူးစာ ထင်ပါတယ်နော်…။ ပြောရရင်လေ… နင်တို့ နှစ်ယောက်က တကယ် လိုက်ဖက်တာပဲ”

မြင်းရထား ပျက်ရသည့် အကြောင်းရင်း နောက်တစ်ခု ရှိသေးကြောင်းကို ကျိုးရော့လန်သိသည်။ သို့သော် မင်းသမီးအား မပြောလိုက်ပေ။

ထင်မထားဘဲ သူတို့ နှစ်ဦး ဘေးကင်းကင်းဖြင့် အိမ်ပြန်ရောက်လာသဖြင့် ကံတရား၏ ဖေးမ,မှုကြောင့်ဟု ယူဆ လိုက်သည်။

သူမက ရှက်နေပုံဖြင့် ပြန်ပြောသည်။ “အရှင်မင်းသမီးရယ်… မစ,ပါနဲ့တော့”

201 03

ထိုအချိန်၌ အခြားသော ဧည့်သည်များ ရောက်လာပြီး ယွီဝိန်းဟွေ့အား လာရောက် အရိုအသေ ပေးကြသဖြင့် စကားစ,ပြတ်သွားလေသည်။

မွေးနေ့ပွဲကို ကြီးကျယ်ခမ်းနားစွာ ကျင်းပခြင်း မဟုတ်သော်လည်း ဧည့်သည်တော်တော်များများ လာကြသည်။

ကျိုးရော့လန်က ယွီဝိန်းဟွေ့နှင့်အတူ ဧည့်သည်တချို့ကို ဧည့်ခံ စကားပြောဖြစ်သည်။ ထိုစဉ် ယောင်ဟွေ့ချင်နှင့် သူ့အမေ ရောက်လာသည်ကို မြင်လိုက်ရသောအခါ သူမ၏ ရင်ထဲ တင်းကျပ်သွားသလို ခံစားလိုက်ရသည်။

ဒီမိန်းမ လာသေးတယ်ပေါ့…။

ယွီဝိန်းဟွေ့မှာ စိတ်မကျေနပ်မှုကို မဖုံးကွယ်နိုင်သလို ဖြစ်နေသည်။

ဒီ ယောင်မိန်းမက ဟိုတနေ့က ရော့လန်ကို ဒုက္ခရောက်အောင် လုပ်ထားတာတောင် အခုလို မျက်နှာ ပြောင်တိုက်ပြီး လာရဲသေးသလား။

တော်တော် အရေထူတဲ့ မိန်းမပဲ…။

မကြာမီ ထိုယောင်မိန်းမ ကျိုးအိမ်တော်သို့ မျက်နှာပြောင်တိုက်ပြီး ရောက်လာရသည့် အကြောင်းရင်းကို သိလိုက်ရသည်။

အဘယ့်ကြောင့်ဆိုသော် ယွီဝိန်းဟွေ့၏ မောင်ဖြစ်သူ ဒုတိယ မင်းသားလေး ယွီဝိန်းရှန့်လည်း ရောက်ရှိလာသောကြောင့် ဖြစ်ပေသည်။

ခုဏက သူမအား ကြိုဆိုပြီး အထဲပြန်ရောက်နေသည့် လူအုပ်ကြီးမှာ မင်းသားငယ် ရောက်လာသည်ကို ကြားလိုက်ရသောအခါ နောက်တစ်ကြိမ် အပြင်သို့ ထွက်၍ ကြိုဆိုရပြန်သည်။

အားလုံးက တရိုတသေ ဦးညွတ်ကာ ကြိုဆိုကြသော်လည်း ယောင်ဟွေ့ချင်ကတော့ မညွတ်ပေ။ သူမ၏ ရှက်သွေးဖြာနေသည့် မျက်နှာကို ဒုတိယမင်းသားလေး မြင်အောင် ပြရမည်လေ…။

ယွီဝိန်းဟွေ့ကတော့ ဒုတိယ မောင်လေးကို ချိန်နေသည့် ဒီမိန်းမ၏ အကြံကို သဘောပေါက်သွားတော့သည်။ ဒါကြောင့် ဒီကောင်မ ကျိုးအိမ်တော်ကို ရောက်လာတာကိုး…။

ဟင်း… ဆုတောင်းနေလိုက်…ကောင်မ။

ယွီဝိန်းဟွေ့က လုပ်ပစ်ချင်စိတ်ကို ထိန်းလိုက်ပြီး မောင်ဖြစ်သူ ယွီဝီန်းရှန့်အား ပုံမှန်အတိုင်း ကြိုဆိုလိုက်သည်။

“ဒုတိယ မောင်လေးက ဘာလို့ ဒီကို လာရတာလဲ”

ယွီဝိန်းရှန့်က တမင် ချောင်းတစ်ချက် ဟန့်လိုက်ပြီး — ပြန်ဖြေသည်။

“ကျွန်တော် ကျိုးအိမ်တော်အနားက ဖြတ်တော့ အိမ်ရှေ့မှာ မြင်းရထားတွေ အများကြီး မြင်လိုက်တာနဲ့ စစ်သူကြီး ကျိုးရဲ့ မွေးနေ့ရှိတာကို သတိရသွားပြီး တချက် လာကြည့်ကြည့်တာပါ”

ထို့နောက် သူက အားလုံးကို ကြည့်ပြီး အမိန့်ပေးလိုက်သည်။

“အရမ်း တရိုတသေ လုပ်မနေကြပါနဲ့… ကျုပ်က ဒီမှာ ခဏပဲ နေမှာပါ”

ထို့နောက် ခန်းဆောင်အတွင်းသို့ အိမ်ရှင်များနှင့် အတူ ဝင်သွားတော့သည်။

ကျိုးမိသားစုက မင်းသားအတွက် စားသောက်ဖွယ်ရာများ ပြင်ဆင်ခိုင်းလိုက်သည်။

ဤသို့ဖြင့် အားလုံးကလည်း နေရာအသီးသီး ယူလိုက်ကြသည်။

ယွီဝိန်းဟွေ့က ယနေ့ စားရန် လာခြင်း မဟုတ်သဖြင့် နည်းနည်း စားပြီးသည့်အခါ ရော့လန်ကို အပြင်ဖက်သို့ ခေါ်သွားလေသည်။

သူတို့ နှစ်ယောက်သား ယောင်မိန်းမ၏ မျက်နှာပြောင်မှုကို အတင်းတုပ်ရင်း စကားစမြည်ပြောနေစဉ် လူများ အော်ဟစ် အားပေးနေသည့် အသံများကို ကြားလိုက်ရသည်။

201 04

ယွီဝိန်းဟွေ့က လှည့်ပတ်ပြီး ကြည့်လိုက်ရာ ရေကန်ဘေးရှိ စင်္ကြန်ဆောင်တစ်ခုတွင် လူငယ်လေးတစ်စု ထုံဟူ ဟုခေါ်သည့် မြှားတံပစ်တိုင်း ကစားနေကြသည်ကို မြင်လိုက်ရသည်။

သူတို့နှင့် အတူဆော့ကစားနေသည့် ပိန်သွယ်သွယ် လူတစ်ယောက်ကို လှမ်းတွေ့လိုက်သည့်အခါ ယွီဝိန်းဟွေ့၏ မျက်နှာ ဝင်းပသွားပြီး ကျိုးရော့လန်ကို ဆွဲခေါ်ကာ —ပြောလိုက်သည်။

“သူတို့ ထုံဟူ ကစားနေကြတာ ထင်တယ်… သွားကြည့်ရအောင်”

ထိုပိန်သွယ်သွယ် လူငယ်မှာ ချီရှုကွမ်းဖြစ်ကြောင်း ကျိုးရော့လန်ကလည်း သိလိုက်သောကြောင့် မငြင်းဆန်ဘဲ လိုက်ပါလာသည်။

အစက သူမတို့ အိမ်တွင် မနေတတ် မထိုင်တတ် ဖြစ်မည်ကို စိုးနေမိသော်လည်း ယခုမူ သူက အသားကျကျ နေတတ်နေသည်ကို တွေ့လိုက်ရ၍ သူမ၏ စိတ်ထဲတွင် သက်တောင့်သက်သာ ဖြစ်နေပြီး ယွီဝိန်းဟွေ့နောက်မှ ခပ်သွက်သွက် လိုက်လာခဲ့လိုက်သည်။

ယွီဝိန်းဟွေ့က ဒီနေ့ ဖူးစာရှာပေးသည့် အကျိုးတော်ဆောင် ဖြစ်ချင်နေသဖြင့် စင်္ကြန်ဆောင်သို့ ရောက်သည့်အခါ ထုံဟူ ဝင်ကစားရန် ပြောလေသည်။ ရော့လန်ကိုလည်း အတင်း ကစားခိုင်းသည်။

ယခုလူငယ်များမှာ ကျိုးရော့လန်၏ ဝမ်းကွဲ မောင်နှမများဖြစ်ကြသည်။ အဖေ့ဘက်က ဝမ်းကွဲတွေလည်း ပါသည်။ အမေ့ဖက်က ဝမ်းကွဲတွေလည်း ပါသည်။ ထို့ကြောင့် အတူ ဝင်ကစားရန် သိပ်ရှက်မနေပေ။

ပွဲအနည်းငယ် ကစားပြီးသည့်အခါ အားလုံးကလည်း ပျော်နေကြသဖြင့် ဥယျာဉ်ထဲတွင် ရယ်မောသံများ လွှမ်းနေတော့သည်။ ထို့ကြောင့် တခြားလူများလည်း ဝင်ပါကြသည်။

ထိုစဉ် ကျိုးရှူးလန်နှင့် ယောင်ဟွေ့ချင်တို့လည်း ရောက်လာပြီး —မေးလေသည်။

“ငါတို့ရော ပါလို့ရလား”

လူငယ်လေးများမှာ အမြင်တိမ်သူများ မဟုတ်သဖြင့် ထိုမိန်းကလေးများကိုလည်း ဝင်ပါခွင့်ပြုကြသည်။ သူတို့ နှစ်ဦးအတွက်လည်း မြှားတံလေးများ ပေးလိုက်ကြသည်။

ဤသို့ဖြင့် ထုံဟူ ကစားသူများ တိုးပွားလာတော့သည်။

တလှည့်စီ ပစ်ကြရင်း ကျိုးရော့လန်အလှည့် ပြန်ရောက်လာသည်။

သူမ၏ အချိန်အဆမှာ အလွန်ကောင်းလှသည်။ ယခု တစ်ကြိမ်တွင်လည်း ပစ်မှတ်ကို ထိအောင် ချိန်ရွယ်၍ ပစ်ရန် ပြင်ဆင်လိုက်သည်။

ထိုစဉ် တော်ဝင် နဂါးဝတ်ရုံ ဝတ်ဆင်ထားသည့် လူတစ်ယောက် ခပ်လှမ်းလှမ်းတွင် ပေါ်လာသည်။

ထိုသူမှာ ယွီဝိန်းရှန့်ပင် ဖြစ်သည်။

ထိုအချိန်၌ အားလုံးမှာ ကျိုးရော့လန်အား အာရုံစိုက်နေကြသဖြင့် သတိမထားမိကြချေ။

ယောင်ဟွေ့ချင်တစ်ယောက်သာ အကြံအစည်ရှိနေသဖြင့် သတိထားမိသွားသည်။

ဒုတိယ မင်းသားလေးက ကျိုးရော့လန် မြှားတံပစ်ရန် ချိန်ရွယ်နေသည်ကို လှမ်းကြည့်နေကြောင်း သူမ သတိပြုမိလိုက်သည်။

ကျိုးရော့လန် မြှားတံအပစ်တော်သည်ကို သူမ သိသည်။ ခုဏကလည်း ပစ်မှတ်ကို သုံးကြိမ်တိတိ ထိအောင် ပစ်နိုင်သည်။

ယခု ကျိုးရော့လန် ပစ်ရန် ချိန်ရွယ်နေသည်ကို မြင်လိုက်ရသည့်အခါ မနာလိုစိတ် ဝင်လာတော့သည်။ ထို့ကြောင့် သူမက မြှားတံတစ်ချောင်းကို အင်္ကျီလက်မောင်းအတွင်း၌ ဝှက်ယူ၍ ကျိုးရော့လန်အနားသို့ ကပ်လာသည်။ သူမက ကျိုးရော့လန် ဟန်ချက်ပျက်သွားအောင် အင်္ကျီလက်ဖြင့် ကွယ်၍ ခြေထောက်ကို ထိုးရန် ကြံနေခြင်းဖြစ်သည်။

သို့သော် မထင်မှတ်ဘဲ ကျိုးရော့လန်က ရှေ့သို့ တိုးလိုက်သည့်အခါ ယောင်ဟွေ့ချင်၏ မြှားတံက ကျိုးရှူးလန်၏ ပေါင်ကို ထိုးမိလေတော့သည်။

ရုတ်တရက် လန့်သွားသဖြင့် ကျိုးရှူးလန်က ဟန်ချက်ပျက်သွားပြီး ရှေ့သို့ ယိုင်သွားရာ သူမ၏ ဝမ်းကွဲ ညီမဖြစ်သူ ရော့လန်၏ အင်္ကျီလက်ကို ဆွဲမိသွားတော့သည်။

သို့သော် ယိုင်ရုံသာမက လဲပါ လဲကျသွားလေရာ သူမ၏ ဝမ်းကွဲညီမဖြစ်သူ ရော့လန်ကိုပါ ဆွဲလှဲလိုက်သလို ဖြစ်သွားတော့သည်။

201 05

ရုတ်တရက်မို့ ကျိုးရော့လန်ကလည်း အနားတွင် ရှိနေသည့် လူငယ်လေးကို လှမ်းဆွဲလိုက်မိသည်။

ထိုသူက လက်ကို ဆန့်တန်းကာ သူမကိုဆွဲ၍ အနားရှိ ရေနွေးကရားအိုးနှင့် မဆောင့်မီ ဖမ်းထိန်းလိုက်လေသည်။

ကျိုးရှူးလန်ကမူ ကံဆိုးလေသည်။ ကြမ်းပြင်ပေါ်သို့ မှောက်လဲသွားရာ နဖူးတွင် ဘုထ,သွားလေတော့သည်။

အားလုံး အံ့အားသင့်ပြီး အလျင်အမြန် လာရောက် ပွေ့ထူပေးကြသည်။ သို့သော် နဖူးတွင်တော့ ဘုကြီးတစ်လုံး ထွက်နေပြီ ဖြစ်သည်။ အင်္ကျီအဝတ်အစားများမှာလည်း ပေကျန်ကုန်သဖြင့် ကြည့်ရဆိုးနေတော့သည်။

ကျိုးရှူးလန်မှာ အရှက်တကွဲ အကျိုးနည်း ဖြစ်ရသဖြင့် နာကျင်မှု ဒဏ်နှင့် ပေါင်းလိုက်သည့်အခါ ငိုချလိုက်လေတော့သည်။

ဤသည်ကို မြင်လိုက်ရသောအခါ ကျိုးရော့လန်က ယောင်ဟွေ့ချင်ဖက်ကို လှည့်၍ —ရန်တွေ့လေတော့သည်။

“ယောင်မိန်းကလေး… နင် ငါ့ အစ်မကို လဲအောင် လုပ်လိုက်တာလား”

ယောင်ဟွေ့ချင်က မြှားတံကို အင်္ကျီလက်မောင်းအတွင်း ပြန်ဖွက်လိုက်ပြီး ငြင်းလေတော့သည်။

“ငါဘာမှ မလုပ်ပါဘူး… မိန်းကလေး ရော့လန် အထင်လွဲနေပြီ”

သို့သော် သူမ ပြော၍ မပြီးသေးခင် ယွီဝိန်းဟွေ့က သူမ၏ လက်မောင်းကို ဆွဲကိုင်လိုက်သည်။

“ဒါက ဘာလဲ။ နင့်ရဲ့ အင်္ကျီလက်မောင်းထဲမှာ ဘာလို့ မြှားတံ တစ်ချောင်း ဖွက်ထားတာလဲ။ နင် သူ့ကို ဟန်ချက်ပျက်သွားအောင် ဒါနဲ့ လုပ်လိုက်တာမဟုတ်လား”

ယောင်ဟွေ့ချင်က ထပ်၍ ငြင်းဆန်ရန် ကြိုးစားသည်။

“အရှင်မင်းသမီး အထင်လွဲနေတာပါ…။ ကျွန်မက ဒီမြှားကို ဒီအတိုင်း ဘာမှ မတွေးဘဲ ကောက်ကိုင်ထားတာပါ…။ ကျွန်မက ရှူးလန်နဲ့ ဘာရန်ညှိုးမှမှ မရှိတာ… ဘာလို့ သူ့ကို လဲအောင် လုပ်ရမှာလဲ”

ယွီဝိန်းဟွေ့က နှာခေါင်းရှုံ့လိုက်ပြီး ခေါင်းညိတ်ပြကာ —မေးလိုက်သည်။

“ဒါပေါ့… နင်က ရှူးလန်ကို လုပ်ချင်တာမှ မဟုတ်တာ… ရော့လန်ကို လုပ်ချင်နေတာ မဟုတ်လား။ တကယ်က ရော့လန်က နင့်အနားမှာလေ… နင်က ဘာရည်ရွယ်ချက်နဲ့ ရော့လန် အနားကို ကပ်သွားရတာလဲ”

ယောင်ဟွေ့ချင်က တုန်လှုပ်သွားပြီး အပြင်းအထန် ငြင်းတော့သည်။

“မဟုတ်ဘူး… မဟုတ်ဘူး… ရော့လန်ကိုလည်း ကျွန်မ မလိုမုန်းထားတာ မရှိပါဘူး”

သူမ ပြော၍ မပြီးသေးခင် ယွီဝိန်းဟွေ့က ဖြတ်ပြောလိုက်သည်။

“ဪ… ဒါဆို နင်က ရှူးလန်ကိုရော… ရော့လန်ကိုရော ထိခိုက်အောင် မလုပ်ဘူးဆိုတော့ ငါ့ကို လုပ်ဖို့ ကြံနေတာပေါ့လေ… အစောင့်တွေ ဒီမိန်းမကို ဖမ်းလိုက်ကြစမ်း”

ယောင်ဟွေ့ချင်မှာ ကြောက်လွန်းအားကြီးသဖြင့် ဒူးထောက်ချလိုက်ပြီး ဝပ်တွား တောင်းပန်လေတော့သည်။

“ခွင့်လွှတ်ပေးပါ… အရှင်မင်းသမီး… ကျွန်မမှာ အဲဒီလို ရည်ရွယ်ချက် မရှိပါဘူး”

ဤသို့ဖြင့် ကျိုးရှူးလန်ရော ယောင်ဟွေ့ချင်ပါ ငိုယိုနေကြပြီး အခြေအနေမှာ ရှုပ်ယှက်ခက်နေတော့သည်။

ဤသည်ကို ကြည့်နေသည့် ကျိုးရော့လန်က ယခုမှ ဝင်ပြောလိုက်သည်။

“အရှင်မင်းသမီး စိတ်အနှောင့်အယှက်ဖြစ်သွားစေတဲ့အတွက် တောင်းပန်ပါတယ်… ကျွန်မတို့ ကျိုးမိသားစုက တာဝန်မကျေသလိုဖြစ်သွားရင် တောင်းပန်ပါတယ်… စိတ်တော် မဆိုးလိုက်ပါနဲ့နော်”

ထို့နောက် သူမက အစေခံ အမျိုးသမီးများကို ခိုင်းလိုက်သည်။

“အစ်မ ရှူးလန်ကို ခေါ်သွားပြီး အဝတ်လဲဖို့ ပြင်ပေးလိုက်ပါ”

201 06

အစေခံ အမျိုးသမီးတို့ကလည်း နာခံလိုက်ပြီး ကျိုးရှူးလန်ကို ဘေးမှ တွဲခေါ်ကာ ထွက်သွားကြသည်။

ထို့နောက် ကျိုးရော့လန်က ချီရှုကွမ်းဖက်သို့ လှည့်၍ —ကျေးဇူးတင်လိုက်သည်။

“သခင်လေးချီကိုလည်း ကျေးဇူးတင်ပါတယ်… ရှင့်ကြောင့်သာ မဟုတ်ရင် ကျွန်မလည်း လဲကျပြီး ထိခိုက်မိတော့မှာ”

သူမ, ပြော၍ ပြီးသွားချိန်တွင် ယွီဝိန်းဟွေ့က ယောင်ဟွေ့ချီအား ဒေါသအကြည့်ဖြင့် စူးစူးရဲရဲ ကြည့်လိုက်ပြီး ထပ်ပြောလေသည်။

“ဒါပေါ့… သခင်လေးချီက ရော့လန်ကို ကူညီတာ နှစ်ကြိမ်ရှိပြီ… နင် သခင်လေးကို ကောင်းကောင်း ပြန်ကျေးဇူးဆပ်ဖို့ မမေ့နဲ့နော်”

ချီရှုကွမ်း ပြန်မပြောသေးမီ စင်္ကြန်ဆောင်အပြင်၌ တချိန်လုံး ရပ်ကြည့်နေသည့် ယွီဝိန်းရှန့်က နောက်သို့လှည့်၍ ပြန်ထွက်သွားလေသည်။

******

All Chapters