← Chapters

အခန်း (၂၀၂-၂၀၄)

Vol. 14 Ch. 202-204

အခန်း (၂၀၂-၂၀၄)

Vol. 14 Ch. 202-204

202 01

အခန်း 202

ဒုတိယမင်းသားလေး ပြန်သွားပြီးနောက် ယွီဝိန်းဟွေ့က ကျိုးအိမ်တော်တွင် နေ့ဝက်ခန့် ဆက်၍ နေသည်။

ရော့လန်နှင့်အတူ အချိန်ဖြုန်းပြီးနောက် ညနေခင်းတွင် နန်းတော်သို့ ပြန်ရောက်သည်နှင့် မယ်တော်ဖြစ်သူထံ နေ့ခင်းတုန်းက မြှားတံပစ် ကစားပွဲ၌ ကြုံခဲ့ရသည်များကို ပြန်ပြောပြလေသည်။

“မယ်မယ်… အဲဒီ ယောင်မိန်းကလေးကလေ တော်တော်ဆိုးတာပဲ သိလား…။ ရော့လန်က မြှားတံကို ပစ်မလို့ ပြင်နေတဲ့အချိန် သူက အင်္ကျီလက်ထဲမှာ မြှားတံနောက်တစ်ချောင်းကို ဖွက်ပြီးတော့ နောက်ကနေ တိတ်တိတ်လေး ကပ်လာတာ။ သမီးတော်က ရော့လန်ရဲ့ ဘေးမှာ ရှိနေတော့ သူရဲ့ ပစ်မှတ်က ရော့လန်ကို မဟုတ်ရင် သမီးကို လုပ်ချင်တာ ဖြစ်လိမ့်မယ်…။ ကံကောင်းလို့သာပေါ့… မဟုတ်ရင် သမီးတော့ ဒီနေ့ ခြေထော့နဲ့ ထော့နဲ့ဖြစ်ပြီး ပြန်လာရတော့မှာ… ကံဆိုးပြီး လဲသွားရင် ကြေးအိုးကြီးနဲ့ ဆောင့်မိရင်လည်း ဆောင့်မိမှာ”

ထိုသို့ကြားလိုက်သည့်အခါ ကောမိဖုရားခေါင်ကြီးမှာ လွန်စွာ ဒေါသထွက်သွားပြီး အပါးတော်မြဲ အမျိုးသမီးကို ဆင့်ခေါ်လိုက်သည်။

“ယောင်မိသားစုဟာ သူတို့ သမီးကို သူတို့ မထိန်းနိုင်ဘူးပဲ…။ ‘အမျိုးသမီးလိုက်နာရမဲ့ ကျင့်ဝတ်နှင့် စည်းကမ်းများ’ စာအုပ်ကို အကြိမ်တစ်ရာ ကူးခိုင်းပြီးတော့ မျက်နှာကို အချက် သုံးဆယ် ရိုက်ပြီး အပြစ်ပေးစေ…။ ဒီလို မိန်းကလေးမျိုးဟာ ယွီဝိန်း မိသားစုဝင် ဖြစ်လာခွင့်နဲ့ မထိုက်တန်ဘူး”

အပါးတော်မြဲ အမျိုးသမီးက နာခံလိုက်ပြီး နန်းတော်မှ ချက်ချင်း ထွက်သွားကာ အမိန့်တော်အတိုင်း ဆောင်ရွက်သည်။

ကောမိဖုရားခေါင်ကြီးက သမီးတော်အား နားခိုင်းလိုက်ပြီး သားတော်အကြီးကို ဆင့်ခေါ်လိုက်ကာ –ပြောသည်။

“အလုပ်အကိုင်ရေးရာ အမတ်ကြီးရဲ့ မြေးမလေး ရွှီရော့လင်က သင့်တော်မယ်လို့ မယ်တော်ထင်တယ်… မနက်ဖြန် မယ်တော် အရှင်မင်းကြီးဆီ လျှောက်တင်လိုက်ပြီး သားတော်ရဲ့ ပထမ ကိုယ်လုပ်တော်အဖြစ် ထိန်းမြားယူဖို့ စီစဉ်လိုက်မယ်”

ထိုသို့ ကြားလိုက်သည့်အခါ ယွီဝိန်းရှန့်က ဆွံ့အ သွားပြီး - “ဒါပေမဲ့…” ဟု ပြောပြီး ငြင်းရန် ပြင်လိုက်ရာ ကောမိဖုရားခေါင်ကြီးက –ဖြတ်ပြောလိုက်သည်။

“သားတော် ဘာပြောချင်သလဲဆိုတာ မယ်မယ်သိတယ်… အစက မယ်တော်လည်း ကျိုးမိသားစုရဲ့ ရော့လန်ကို သဘောကျနေတာပဲ… ဒါပေမဲ့ ပွဲတော်နေ့တုန်းက ပုံစံကို မြင်လိုက်ရတော့ မယ်မယ် သဘောမကျတော့ဘူး…။ သူ့ရဲ့ အကျင့်က အရာရာကို မစဉ်းစား မဆင်ခြင်ဘဲ လုပ်တတ်တဲ့ ပုံပဲ… ပထမ ကိုယ်လုပ်တော်အဆင့်နဲ့ မထိုက်တန်ဘူး”

သူမ ပြောပြီးသည့်အခါ ယွီဝိန်းရှန့်က စိတ်မပါသကဲ့သို့ ဖြစ်နေပြီး တစ်ခုခုပြောရန် ပြင်လိုက်သည့်အခါ မိဖုရားခေါင်ကြီးက ဆက်၍ –ပြောသည်။

“ပိုပြီး အရေးကြီးတာက ဒီနေ့ သားတော် လုပ်လိုက်တဲ့ ပုံစံက အလောတကြီးနိုင်တယ်…။ သမီးတော်ဟွေ့ အဲဒီကို သွားတာက သူတို့က သူငယ်ချင်းတွေ မို့လို့… သားတော်လို မင်းသား တစ်ပါးက သူတို့ရဲ့ ပွဲကို ဘာကိစ္စ တက်ရမှာလဲ။ မင်းသားတစ်ပါးက သူတို့မွေးနေ့ပွဲကို တက်ရောက် ချီးမြောက်ရလောက်အောင် ကျိုးမိသားစုက ဘာလုပ်ပေးလို့လဲ”

ယွီဝိန်းရှန့်မှာ ဘာပြန်ပြောရမှန်း မသိဘဲ ငြိမ်နေစဉ် သူ့မိခင်က ဆက်၍ –ပြောပြသည်။

“တခြားသူတွေကတော့ သားတော်ရဲ့ ရည်ရွယ်ချက်ကို သိမှာမဟုတ်ဘူး…။ ဒါပေမဲ့ မင်းရဲ့ ဖခမည်းတော်ကြီးရဲ့ စရိုက်ကိုတော့ မင်းလည်း သိတာပဲ… စစ်သူကြီးအိမ်ကို သွားလို့ သူ သံသယဝင်သွားလို့ကတော့ မင်းက သားအကြီးဖြစ်နေလည်း မယ်မယ် ကယ်လို့ မရတော့ဘူး”

ထိုစကားများကို ကြားလိုက်သည့်အခါ ယွီဝိန်းရှန့် ရင်ထိတ်သွားမိသည်။

ဟုတ်လည်း ဟုတ်သည်…။ သူက မယ်တော်၏ တစ်ဦးတည်းသော သားတော် မဟုတ်…။ သူ့နောက်တွင် ငါးယောက်မြောက် မင်းသားလေး ရှိသေးသည်။

ထို ငါးယောက်မြောက် မင်းသားလေးက မိဘများ၏ အချစ်ခံရအောင် လုပ်တတ်သည်။

ထို့ကြောင့် အံကျိတ်လိုက်ပြီး –ပြောသည်။

“ကောင်းပါပြီ… မယ်တော် စီစဉ်တာကို နာခံပါ့မယ်”

202 02

ဤသို့ဖြင့် ရက်အနည်းငယ်ခန့်အကြာတွင် ဒုတိယမင်းသားနှင့် ချန်ဖျင် မင်းသမီးတို့ မင်္ဂလာအစီအစဉ်သတင်းမှာ မြို့တော် တစ်ခုလုံး ပြန့်နှံ့သွားလေသည်။

ယွီဝိန်းဟွေ့၏ ခင်ပွန်းလောင်းမှာ ဟော့ချန်ယင်းဖြစ်ပြီး နံပါတ်တစ် ကျောင်းတော်သားဖြစ်သည်။

ဒုတိယမင်းသား ယွီဝိန်းရှန့်၏ ပထမ ကိုယ်လုပ်တော်မှာ အလုပ်အကိုင်ရေးရာ အမတ်ကြီး ၏ မြေးမဖြစ်သူ ရွှီရော့လင် ဖြစ်သည်။

ထိုသတင်းများကို ကြားလိုက်သည့်အခါ သခင်မကျိုးက နောင်တ,ရသလို ဖြစ်နေပြီး ဒေါသတကြီး ပြောလေသည်။

“ငါတို့ ရော့လန်က ဘာဖြစ်နေလို့ သူတို့က မရွေးတာလဲ။ ဟို ယောင်မျိုးရိုး ကောင်မလေးကြောင့် အခုလို ဖြစ်ရတာ…။ ရော့လန်တွက် အခွင့်အရေးကြီးတွေ လွတ်ကုန်ပါပြီဟယ်…။ အဲနေ့တုန်းက ယောင်မိသားစုကို မဖိတ်မိလိုက်ရင် သိပ်ကောင်းမှာပဲ”

ကျိုးရော့လန်ကတော့ အခုမှ စိတ်သက်သာရာ ရသွားတော့သည်။

ရွှီရော့လင်မှာ ယခင်ဘဝတုန်းက မင်းသမီးလေး ယွီဝိန်းယန်းကို မွေးဖွားပေးခဲ့သည့် ကိုယ်လုပ်တော်ဖြစ်သည်။ ထိုကိုယ်လုပ်တော်မှာ စိတ်ဓါတ် ဆိုးရွားသူ မဟုတ်သော်လည်း ကျန်းမာရေး မကောင်းသဖြင့် ယွီဝိန်းယန်းကို မွေးဖွားပြီးနောက် သုံးနှစ်အကြာတွင် ဆုံးပါးသွားခဲ့ရသူဖြစ်သည်။

ယခုတော့ ယောင်ဟွေ့ချင်ရော သူမရော နန်းတွင်းသို့ ဝင်ရတော့မည်မဟုတ်ပေ။ ဤသို့ဆိုလျှင် နောင်တစ်ချိန်၌ ကိုယ်လုပ်တော်ဟွေ့၏ သားတော်ဖြစ်သူ ယွီဝိန်းလန်မှာ အိမ်ရှေ့စံ ဖြစ်လာပေလိမ့်မည်။

ယခင်ဘဝက ယွီဝိန်းရှန့်သည် ဉာဏ်ပညာကြီးမားသော ဘုရင်မဟုတ်သဖြင့် အထင်သေးစရာ ဖြစ်ခဲ့သော်လည်း အခြားသော မင်းသားများမှာ သူ့ထက် ဆိုးရွားသူများဖြစ်နေသည်။ သူ နန်းတက်မှသာ အနာဂတ်တွင် ယွီဝိန်းလန် ထီးမွေဆက်ခံရမည်မို့ သူနန်းတက်မှ ဖြစ်ပေမည်။

ဤသို့ ဘဝ ပြန်စခွင့်ရသည့်အချိန်တွင် သူမအနေနှင့် မိမိ၏ ပျော်ရွှင်မှုကို မရင်းလိုတော့သော်လည်း လိုအပ်ပါက ပြည်သူအားလုံး တည်ငြိမ် အေးချမ်းရေးအတွက် သူမ တတ်နိုင်သမျှကို လုပ်ဦးမည်ဖြစ်သည်။

သို့သော် ယခုအချိန်တွင် အရေးကြီးသည့် ပြဿနာတစ်ခုကို ကျော်လွှားနိုင်လိုက်ပြီ ဖြစ်သဖြင့် သူမ လုပ်စရာရှိတာများကို အာရုံစိုက်ရပေဦးမည်။

သူမ၏ အမေ ပြောဆိုပြီးသည့်အခါ သူမက အဖေဖြစ်သူကို ကြည့်လိုက်ပြီး —မေးသည်။

“သမီး တစ်ခု ပြောချင်တာက ဒုတိယမင်းသားလေးက သမီးတို့ အိမ်တော်ကို ကိုယ်တိုင်လာပြီး ချီးမြှင့်တာ ဖြစ်တဲ့အတွက် အဖေနဲ့ ရင်းနီးချင်တာ ဖြစ်ပါလိမ့်မယ်…။ အဲဒါကို အဖေ ဘယ်လိုမြင်လဲ”

စစ်သူကြီးကျိုးက သူ၏ မှုတ်ဆိတ်မွှေးများကို သပ်လိုက်ကာ —တွေးတွေးဆဆ ပြောသည်။

“ဧကရာဇ်မင်းကြီးက အခု ကျန်းကျန်းမာမာ ရှိနေတုန်းဆိုတော့ မင်းသားလေးနဲ့ ပတ်သက်ပြီး ငါ ဆင်ဆင်ခြင်ခြင် မနေရင် မင်းကြီး သံသယဝင်လိမ့်မယ်”

ကျိုးရော့လန်က ခေါင်းညိတ် ထောက်ခံသည်။

“အဖေပြောတာ သဘာဝ ကျတယ်… ဒါပေမဲ့ မင်းကြီးက တဖြည်းဖြည်း သက်တော်ကြီးလာမှာပဲလေ…။ အဲဒီတော့ သမီးတို့ အကျိုးစီးပွားကိုလည်း ထည့်တွက်ရမယ်”

ထိုသို့ကြားလိုက်သည့်အခါ သခင်မကျိုးက တစ်ခုခုကို သဘောပေါက်သွားပြီး ထိတ်လန့်သွားကာ ပြာပြာသလဲပြောလေသည်။

“ဘုရား… ဘုရား… ဒုတိယမင်းသားလေး မကျေနပ်တာများ ကျွန်မတို့ လုပ်မိလိုက်သလား မသိဘူးနော်။ ပြောရရင် သူက မိဖုရားကြီးရဲ့ အကြီးဆုံးသားတော်ဆိုတော့ မင်းကြီးပြီးရင် သူက ဧကရာဇ်မင်းကြီး ဖြစ်လာမှာ…”

သူ့အမေ၏ စကားကို ရော့လန်က ခေါင်းညိတ် ထောက်ခံသည်။

202 03

“အဲဒါကလည်း ထည့်တွေးရမဲ့ အချက်ပဲ…။ ဒုတိယ မင်းသားလေးရဲ့ မင်္ဂလာပွဲကို ဆုံးဖြတ်ပြီးပြီ ဆိုပေမဲ့ တတိယမင်းသားလေး ကျန်သေးတယ်…။ တကယ်လို့ အဲဒီ မင်းသားလေးကလည်း အဖေ့ကို ချည်းကပ်လာမယ်ဆိုရင်…”

ထိုစကားများကို ကြားလိုက်သည့်အခါ စစ်သူကြီးကျိုး၏ ရင်ထဲတွင် တင်းကျပ်သွားသည်။

ဒီနေ့မနက် မင်းညီလာခံတွင် ဒုတိယမင်းသားလေးက သူ့အား ခပ်တန်းတန်း ဆက်ဆံနေသော်လည်း တတိယမင်းသားလေးကတော့ သူနှင့် စကားစမြည်ပြောလိုကြောင်း ပြသနေသည်…။

ဧကရာဇ်မင်းကြီးက ထီးမွေဆက်ခံမည့်သူ မရွေးရသေးသော်လည်း ဒုတိယမင်းသားလေးမှာ ထီးနန်းဆက်ခံသူ ဖြစ်လာနိုင်ချေများသည်။

သူက ဒုတိယမင်းသားလေးအား သမီးဖြစ်သူနှင့် လက်ဆက်ပေး၍ မဟာမိတ်ဖွဲ့ရန် စိတ်ကူး မရှိသလို တတိယမင်းသားလေးကြောင့် ရန်သူလည်း မဖြစ်ချင်ပေ။

သူက စစ်သူကြီးတစ်ယောက်သာဖြစ်သည်။ မင်းသားတို့၏ ထီးမွေ နန်းမွေလုပွဲတွင် ပါဝင်လိုစိတ်မရှိ…။

အကယ်၍ တတိယမင်းသားလေးကလည်း ရော့လန်အပေါ် မျက်စိကျနေလျှင်… ငြိကုန်တော့မည်။

ဤပြဿနာကို ဖြေရှင်းရန် နည်းလမ်းတစ်ခုသာရှိသည်။

သူက ထိုသို့ တွေးနေစဉ် ရော့လန်က ပြောသည်။

“ခမည်းတော် သိထားရမှာက… ဒီပြဿနာကို ဖြေရှင်းဖို့ နည်းလမ်းက သမီးကို မင်္ဂလာဆောင်ပေးလိုက်ဖို့ပဲ”

စစ်သူကြီးကျိုးက ခေါင်းညိတ် ထောက်ခံသည်။

သခင်မကျိုးကလည်း သက်ပြင်းချကာ ပြောသည်။

“ဒါပေမဲ့ အိမ်ထောင်ချပေးဖို့ ကိစ္စဆိုတာ တသက်တာ တွေးရမဲ့ ကိစ္စနော်… အလျင်လိုလို့ မဖြစ်ဘူး”

သူမမှာ တော်ဝင်မိသားစုကိုသာ စိတ်ထဲ ထည့်ထားသဖြင့် အခုနှစ်ပိုင်း လာရောက် ကမ်းလှမ်းသူများ ရှိသော်လည်း စဉ်းစားထားခြင်း မရှိပေ။

ယခုလို အလောတကြီးဖြစ်နေချိန်တွင် သမီးဖြစ်သူကို နေရာချပေးရန် မရွေးတတ်ဘဲ ဖြစ်နေတော့သည်။

ထိုစဉ် သူမ၏ သမီးဖြစ်သူက ရှက်ရွံ့ဟန်ဖြင့် ပြုံးလိုက်ပြီး —ပြောသည်။

“သမီးတွေးထားတာ တစ်ယောက်တော့ ရှိပါတယ်”

“ဘယ်သူများလဲ” သခင်မကျိုးက အလျင်အမြန် မေးလေသည်။

ကျိုးရော့လန်က ခပ်ရှက်ရှက်ဖြင့် — ဖြေသည်။

“တတိယအဆင့် ကျောင်းတော်သား အသစ်ကလေး ချီရှုကွမ်းပါ…။ သူ့ အကျင့်စာရိတ္တက အပြစ်ပြောစရာ မရှိဘူးလို့ သမီးထင်တယ်”

ထိုသို့ကြားလိုက်သည့်အခါ သခင်မကျိုးက ချက်ချင်းပင် ငြင်းတော့သည်။

“အို… အဲဒီကောင်လေးက ရုပ်ရည်တော့ မဆိုးပေမဲ့ သူ့မိသားစုက နန်းမြို့တော်ကလည်း မဟုတ်… နာမည် ဂုဏ်လည်း မရှိနဲ့… သဘောမတူပါဘူး”

ထိုအခါ ကျိုးရော့လန်က သူ့အမေကို သတိပေးသည်။

“သမီးတို့ လက်ရှိ ကြုံနေရတဲ့ အခြေအနေနဲ့ဆိုရင် သမီးရဲ့ ခင်ပွန်းဟာ အဆင့်နိမ့်နေမှ ကျိုးမိသားစုအတွက် အဆင်ပြေလိမ့်မယ်”

စစ်သူကြီးကျိုးက ခေါင်းညိတ် ထောက်ခံလိုက်ပြီး သမီးဖြစ်သူအား စိုက်ကြည့်လိုက်ကာ —မေးသည်။

“သမီးက အဲဒီကောင်လေးကို စောင့်ကြည့်နေတာ ကြာပြီမဟုတ်လား”

သမီးဖြစ်သူက ပြုံးပြလိုက်ပြီး —ပြန်ဖြေသည်။

“အဖေက သတိထားမိသားပဲ…”

202 04

သခင်မကျိုးကလည်း သမီးဖြစ်သူအား ကြည့်၍ သက်ပြင်းချလိုက်တော့သည်။

“ခင်ပွန်းဖြစ်သူ အခြေအနေက ဘယ်လိုရှိရှိ သူ့နောက်ကို သမီးလိုက်ရမှာနော်… ဆင်းရဲလည်းအတူတူ ချမ်းသာလည်း အတူတူ နေရမှာ…။ သူ့မိသားစုက အဆင်မပြေရင် သမီး နေရ ခက်ခဲမှာ မကြောက်ဘူးလား။ သမီး သည်းခံနိုင်လို့လား”

ကျိုးရော့လန်က ပြုံးလိုက်ကာ —ပြန်ဖြေလိုက်သည်။ “သမီး မကြောက်ပါဘူး”

သူမ၏ ယခင်ဘဝတုန်းက စည်းစိမ်ဥစ္စာ ရာထူး အာဏာ အကုန်လုံးကို ရခဲ့ဖူးပြီ… ထိုအရာများက သူမအား ကောင်းကျိုး ပေးလား မပေးလားလည်း သိခဲ့ပြီ…။

ထိုအရာများနှင့် ဆန့်ကျင်စွာ သူမအတွက် အသာယာဆုံးဖြစ်ခဲ့သည့် အချိန်များမှာ သူနှင့်အတူ တောင်တန်းပေါ်တွင် နေထိုင်ရချိန်များ ဖြစ်ခဲ့သည်။

သခင်မကျိုးက သမီးဖြစ်သူ ဘာတွေတွေးနေသည်ကို မသိတော့သဖြင့် အချစ်ကြောင့် မွှန်နေပြီဟု တွေးလိုက်ကာ ပြောလိုက်တော့သည်။

“နောက်မှ နောင်တ မရနဲ့နော်”

သို့သော် ရော့လန် လုံးဝ နောင်တ ရမှာ မဟုတ်ပါ။

~~

သခင်မကျိုး အံ့အားသင့်စေမည့် ကိစ္စများ မကြာမီ ဖြစ်ပျက်လေသည်။

သူမက သူငယ်လေးချီကို ဆင်းရဲသည့် မိသားစုမှ ဆင်းသက်လာသည်ဟု မြင်ထားပြီး နန်းမြို့တော်၌ နေထိုင်သူ မဟုတ်သောကြောင့် သူနှင့်အတူ နေထိုင်ရန် သမီးဖြစ်သူအတွက် အိမ်တစ်လုံးဝယ်ပေးရန် စီစဉ်ထားခြင်းဖြစ်သည်။ သို့သော် အသက်သာငယ်သည်။ ချီရှုကွမ်းက ရသမျှ ငွေကို စုထားပြီး နန်းမြို့တော်၌ စာစစ်ပွဲဖြေရန် ရောက်လာသည့်အခါ အိမ်တစ်လုံးဝယ်ထားပြီး ဖြစ်သည်ကို သိလိုက်ရတော့သည်။

စစ်သူကြီးစံအိမ်လောက် မခမ်းနားသော်လည်း လိုအပ်သမျှ ပြည့်ပြည့်စုံစုံရှိသည်။ ထို့အပြင် သူက ဟန်လင်းကျောင်းတော်မှ ကျောင်းတော်သားဟူသည့် ဂုဏ်ပုဒ်ကြောင့် လာရောက် တင်တောင်းသည့်အခါ လူမြင် တင့်တယ်လေသည်။

ပို၍ အရေးကြီးသည့် အချက်မှာ သူမ၏ ခင်ပွန်းရော သမီးဖြစ်သူတို့ကပါ သဘောကျနေသောကြောင့် ဖြစ်သည်။ ထို့ကြောင့် သခင်မကျိုးမှာ စိတ်လျှော့လိုက်ပြီး လက်ခံလိုက်ရတော့သည်။

နောက်ထပ် သခင်မကျိုး တွေးမိသည်မှာ… ကောင်လေးက ဆင်းရဲသည့် အသိုင်းအဝိုင်းမှ လာသူဖြစ်သောကြောင့် သမီးဖြစ်သူ ပိုလွတ်လပ်နိုင်ပြီး ခမည်းခမက်တို့ အနိုင်ကျင့်ခြင်းမှ ရှောင်လွှဲနိုင်သည်ဟု တွေးမိသည်။

သမီးဖြစ်သူ၏ မင်္ဂလာပွဲအတွက် အဆင်ပြေသွားပြီးနောက် သားဖြစ်သူအတွက်သာ စိတ်ပူစရာ ကျန်တော့သည်။

သမီးဖြစ်သူ၏ ကြာပွတ်ဒဏ်ကြောင့် ကျိုးယွိချန်၏ အမူအကျင့်များမှာ ယခုနောက်ပိုင်း တိုးတက်လာသည်။ အကယ်၍ သားမက်ဖြစ်သူ၏ ပညာဖြင့် လမ်းပြသွန်သင်ပေးလျှင် သားဖြစ်သူ ပို၍ တိုးတက်လာနိုင်သည်ဟု တွေးမိသည်။

ဒီလိုတွေးကြည့်တော့လည်း သမီးရဲ့ မင်္ဂလာကိစ္စက မဆိုးဘူးဘဲ…။

~~

ရှစ်လပိုင်းရောက်သည့်အခါ ဆောင်းဦးရာသီ ဝင်လေပြီ။

ကွေ့ဟွားပန်းရနံ့များ အကြားတွင် ကာကွယ်ရေး စစ်သူကြီးစံအိမ်၌ မင်္ဂလာပွဲတစ်ခုကို ကျင်းပနေသည်။

ချစ်ရသူနှင့် ရွှေလက်တွဲခွင့်ရပြီ ဖြစ်သောကြောင့် ချီရှုကွမ်းမှာ မင်္ဂလာပွဲကို အကောင်းဆုံးဖြစ်အောင် လုပ်ဆောင်လေသည်။ ဂီတပွဲအပြင် အခြားသော ပွဲတော်များလည်း ပါဝင်သဖြင့် ဖြတ်သွားသူများ စိတ်ဝင်စားနေကြတော့သည်။

အချို့လူများက နန်းမြို့တော်၌ ထိပ်တန်းဟု ဆိုရလောက်သည့် စစ်သူကြီး၏ သမီးမှာ သူမထက် အဆင့်နိမ့်သော ဆွေမျိုး အသိုင်းအဝိုင်းနိမ့်သည့် နန်းတွင်း စာပေပို့ချသူတစ်ဦးကို ယူရဲသည်ဟု မှတ်ချက်ပြုကြသည်။

အချို့ကလည်း တတိယအဆင့် ကျောင်းတော်သားကို အထင်မသေးဘဲ သူ့ရာထူးမှာ နိမ့်သော်လည်း ဧကရာဇ်မင်းကြီးကို နေ့တိုင်း ခ,စားရသဖြင့် အရည်အချင်းပြည့်စုံသူဖြစ်ကြောင်း၊ အရှင်မင်းကြီး၏ အသိအမှတ်ပြုခြင်းကို ခံရမည့်သူဖြစ်သောကြောင့် သူတို့သား၏ အနာဂတ်မှာ တက်လမ်းရှိကြောင်း မှတ်ချက်ပြုကြသည်။

202 05

ဤစကားများကို မြင်းရထားပေါ်ရှိ သူတို့သမီးကတော့ မကြားရချေ။

ကြားရလျှင်လည်း ကျိုးရော့လန်က ဂရုမစိုက်အားပေ။

သူမ၏ မြင်းရထားကို ရှေ့မှ လမ်းပြခေါ်ဆောင်သွားနေသည့် မြင်းပေါ်မှ ‘သူ’သည် သူမအဖို့ နှစ်ဘဝစာ တန်ဖိုးထားရသူဖြစ်သည်ကိုသာ သူမ,သိသည်။

ပေါက်လိုက်သည့် မြင်းခွာ တစ်ချက်စီနှင့်… ရှေ့သို့ တိုးသွားသည့် မြင်းရထားဘီး တလှိမ့်စီတိုင်းသည် သူမ,တို့၏ ယခင်ဘဝတုန်းက အတူရှိနေခဲ့ဖူးသည့် နေ့ရက်များကို ပြန်အမှတ်ရစေသည်။

ယခင်ဘဝတုန်းက သူမ ဘဝ၏ နောက်ဆုံးနှစ်များတွင် သားတော် သမီးတော်တို့ကို သူမ၏ ဆန္ဒကို ဖြည့်ဆည်းပေးခဲ့သည့်အတွက် ကျေးဇူးတင်ခဲ့မိသည်။

သားတော်နှင့် သမီးတော်တို့ကို နောက်ဆုံးအကြိမ် နှုတ်ဆက်လိုက်ပြီးနောက် သက်ပြင်းချကာ ဖြစ်နိုင်လျှင် ‘သူ’ နှင့် နောက်တစ်ကြိမ် ပြန်ဆုံပြီး သူ့အတွက် သားလေး သမီးလေးများ မွေးပေးချင်သည်ဟု ဆုတောင်းလိုက်သည့်အချိန်ကိုလည်း မှတ်မိနေသေးသည်။

ယခုတော့ ထင်မထားဘဲ ဆုတောင်း ပြည့်လေပြီ။

သူတို့သမီး ခြုံလွှာအောက်မှ သူမ၏ နှုတ်ခမ်းများမှာ ပြုံးနေမိသည်။

အိမ်အသစ်သို့ ရောက်ပြီးနောက် ကောင်းကင်နှင့် မြေကြီးကို ကန်တော့ပြီးသည့်အခါ ကြင်စဦး ဇနီးမောင်နှံတို့ ခန်းဆောင်အတွင်းသို့ အတူတူ ဝင်လာခဲ့ကြသည်။

ဆုမွန်ကောင်းတောင်းပေးကြသည့် ဧည့်သည်တော်များကို ထားခဲ့ပြီး တံခါးကို ပိတ်လိုက်ကာ သူတို့သားဖြစ်သူ ချီရှုကွမ်းက သူတို့သမီး၏ ခြုံလွှာကို ပင့်လိုက်သည်။

အနေ့နေ့ အညည မြင်ချင်နေခဲ့ရသည့် သူတို့သမီးလေးအား တွေ့လိုက်သည့်အခါ — “ချစ်ဇနီး” ဟု ခေါ်လိုက်သည်။

ကျိုးရော့လန်ကလည်း အပြုံးနှင့် ပြန်ဖြေသည်။

“ချစ်ယောက်ျား”

“ဒီဘဝမှာတော့ ကျွန်မတို့ တကယ့် အကြင်လင်မယား ဖြစ်ကြပြီပေါ့နော်”

ထိုစကားကို ပြောပြီးသည့်အခါ သူက သူမ၏ လက်ကို ကိုင်၍ အပြုံးဖြင့် ပြန်ပြောသည်။

“ကိုယ်နဲ့ ဆုံရမဲ့ လမ်းကို နောက်တစ်ကြိမ် ထပ်ရွေးပေးတဲ့အတွက် မင်းကို ကျေးဇူးတင်ပါတယ်”

သူမကလည်း အပြုံးဖြင့် ခေါင်းကို ညိတ်ပြလိုက်ပြီး —ပြန်ပြောလိုက်သည်။

“ကျွန်မကို နောက်တစ်ကြိမ် စောင့်ရှောက်ချင်တဲ့အတွက် ရှင့်ကိုလည်း ကျေးဇူးတင်ပါတယ်”

~~

ဤသို့ဖြင့် ကြင်စဦးမောင်နှံတို့ ပျော်ရွှင်နေကြသည်မှာ ပြောစရာပင် မလိုတော့ချေ။

တော်ဝင်မိသားစု၏ သံသယကို ရှောင်လွှဲနိုင်လိုက်သောကြောင့် ကျိုးမိသားစုမှာ ငြိမ်းငြိမ်းချမ်းချမ်း နေခွင့်ရသွားသဖြင့် သူတို့နှစ်ယောက်ကလည်း ကိုယ့်ဘဝကိုသာ အာရုံစိုက်ထားလိုက်ကြတော့သည်။

ကျိုးရော့လန်က အိမ်အလုပ်များကို ကျေကျေနပ်နပ်လုပ်သည်။ သူမ လက်အောက်တွင် အိမ်၏ အရေးမှာ လှည့်ကြည့်စရာပင် မလိုလောက်အောင် ထောင့်စေ့သည်။

ချီရှုကွမ်းက အမှုထမ်းကိစ္စများကို စိတ်နှစ် ကိုယ်နှစ် လုပ်ဆောင်သည်။ သူ့ အရည်အချင်းကို ပြီးခဲ့သည့် ဘဝက အတွေ့အကြုံများနှင့် ပေါင်းစပ်လိုက်သည့်အခါ ဧကရာဇ်မင်းကြီး၏ ယုံကြည်ကိုးစားမှုကို ခံရပြီး နန်းတွင်း၌ အပ,စားပေးခံရသူ ဖြစ်လာသည်။

အိမ်ထောင်သက် နှစ်,နှစ်မြောက်တွင် ပထမ ရင်သွေးလေးကို ပိုင်ဆိုင်ကြရသည်။

ယောက်ျားလေးဖြစ်သဖြင့် ချီရှုကွမ်းမှာ အလွန်ပျော်မြူးနေပြီး ချန်ပေါ်ဟု အမည်ပေးသည်။

202 06

ရော့လန်က အမည်ကို ကြားလိုက်သောအခါ မျက်ရည်များပင် ကျမိသည်။

အဘယ့်ကြောင့်ဆိုသော် ‘ပေါ်’ ဆိုသည့် အမည်မှာ ယခင်ဘဝတုန်းက အရွယ်ရောက်ခွင့် မရခဲ့သည့် သူမ၏ သားတော်လေး၏ အမည်ဖြစ်သည်။

သူမ၏ သားတော်လေး၏ အမည်ကို သူက မှတ်မိနေသောကြောင့် ရင်ထဲတွင် နွေးထွေး ကျေနပ်မိသည်။

သားတော်နှစ်ယောက်စလုံး သူမနှင့် ရုပ်ချင်း ဆင်တူသဖြင့် ပျောက်သွားသည့် ရတနာလေး ပြန်ရလိုက်သလို ခံစားနေရသည်။

မည်သို့ပင်ဆိုစေ ဒီဘဝတွင် သူမ၏ မိသားစုမှာ တည်ငြိမ်သဖြင့် သားတော်လေးကို မှဲ့တစ်ပေါက် မစွန်းစေရန် သူမ အစွမ်းကုန် ကာကွယ်မည်ဖြစ်သည်။

နောက်ထပ် နှစ်နှစ်ခန့် ကြာသော် ဧကရာဇ်မင်းကြီး ကောင်းဇူ ကွယ်လွန်သည်။ ယခု ဟန်လင်းကျောင်းတော်၏ ကျောင်းတော်သားဖြစ်နေပြီ ဖြစ်သည့် ချီရှုကွမ်းက ကွယ်လွန်ကြောင်း အမိန့်စာကို ရေးရသည်။

ပြီးခဲ့သည့် ဘဝတုန်းက မင်းညီမင်းသားတို့မှာ ထီးနန်းကို လုရန် တာဆူခဲ့ကြပြီး ပဋိပက္ခဖြစ်လုနီးနီး ဖြစ်ခဲ့ရသည်။

သို့သော် ယခုမူ သူနှင့် သူ့ယောက္ခမဖြစ်သူ ကျိုးဖုန်းဇယ်တို့ အားထုတ်မှုဖြင့် ဒုတိယမင်းသားလေး ယွီဝိန်းရှန့် အောင်မြင်စွာ နန်းတက်လာသည်။

ယွီဝိန်းရှန့်က ဇနီးဖြစ်သူ အမျိုးသမီး ရွှီအား မိဖုရားခေါင်ကြီးအရာမြှောက်၍ ယွီဝိန်းယန်းက သမီးတော်ကြီး ဖြစ်လာသည်။

သို့သော် သိပ်မကြာမီ မိဖုရားခေါင်ကြီး ရွှီ ကွယ်လွန်လေသည်။

မိဖုရားခေါင်ကြီး ကွယ်လွန်သည်နှင့် တိုက်ဆိုင်စွာ ကိုယ်လုပ်တော်ဟော့က မင်းသားလေး ယွီဝိန်းလန်ကို ဖွားမြင်သည်။ ချီရှုကွမ်းကဲ့သို့ နန်းတွင်း အမှုတော်ထမ်းများ၏ ထောက်ခံမှုဖြင့် ယွီဝိန်းရှန့်က ကိုယ်လုပ်တော်ဟော့အား မိဖုရားခေါင်ကြီးအရာပေး၍ ယွီဝိန်းလန်အား အိမ်ရှေ့စံ မင်းသားအဖြစ် သတ်မှတ်လိုက်သည်။

မိဖုရားခေါင်ကြီးဟော့သည် ကြင်နာတတ်သူဖြစ်ပြီး တစ်ပါးသူတို့အား ဖိအားပေး စေခိုင်းတတ်သူ မဟုတ်ပေ။ သူမတွင် အမှားနှင့် အမှန်ကို ခွဲခြားတတ်သည့် ဉာဏ်အမျှော်အမြင်လည်း ရှိသဖြင့် ချီရှုကွမ်းနှင့် အပေါင်းအပါတို့၏ ထောက်ခံမှုကို ကျေးဇူးတင်နေပြီး ဇနီးဖြစ်သည့် ရော့လန်ကိုပါ ယုံကြည်လေသည်။

ရော့လန်၏ မကြာခဏ လမ်းပြ စောင့်ရှောက်မှုတို့ကြောင့် သူမ၏ ကျန်းမာရေးမှာ တည်ငြိမ်လာပြီး ယခင်ဘဝကကဲ့သို့ အသက်ဆုံးခြင်းမျိုး မဖြစ်တော့ပေ။

နန်းတက်စဉ်က အခက်အခဲများကို ကြုံခဲ့ရသဖြင့် ယွီဝိန်းရှန့်က သူ့အား ကူညီထောက်ခံခဲ့သည့် ချီရှုကွမ်းနှင့် ကျိုးမိသားစုတို့အား သစ္စာရှိ လူယုံများအဖြစ် ယူဆထားသည်။ ချီရှုကွမ်း၏ ပညာအရည်အချင်းတို့ကို ယုံကြည်သည့်အပြင် မိဖုရားခေါင်ကြီးဟော့၏ အကြံပြုချက်ဖြင့် အိမ်ရှေ့စံ မင်းသားလေး ယွီဝိန်းလန်ကို ပညာသင်ကြားပေးရန် တော်ဝင်သင်တန်းဆရာကြီးအဖြစ် ခန့်အပ်သည်။

ချီရှုကွမ်း၏ သင်ကြားပြသမှုများ အောက်တွင် အိမ်ရှေ့စံ မင်းသားလေးမှာ တဖြည်းဖြည်း တိုးတက်လာသည်။

တနေ့ စာပေသင်ကြားမှု နားသည့် ရက်တွင် အသက် ခြောက်နှစ်အရွယ် အိမ်ရှေ့စံ မင်းသားလေးမှာ ပုစ္ဆာတစ်ခုကို အဖြေရှာရခက်နေသဖြင့် ဆရာကြီး၏ အိမ်အထိ သွား၍ မေးမြန်းရန် တွေးလိုက်သည်။

ရုတ်တရက် ရောက်လာသည့် မင်းသားလေးကို မြင်လိုက်သောအခါ ချီလင်မယားမှာ တအံ့တဩဖြင့် ကြိုဆိုကြသည်။

ရော့လန်က မုန့်မျိုးစုံကို ကိုယ်တိုင်လုပ်၍ ဧည့်ခံသည်။

အိမ်ရှေ့စံ မင်းသားလေးက သူ့ဆရာကြီး၏ ဇနီး လုပ်ပေးသည့် မုန့်များကို နှစ်သက်သည်။ အထူးသဖြင့် ပိန်းဥမုန့်နှင့် မြေစာဥမုန့်တို့ကို အလွန်နှစ်သက်သည်။

သူနှစ်နှစ်သက်သက် စားနေသည်ကို ကြည့်၍ ရော့လန်က အရင်ဘဝတုန်းကလည်း ဒီလိုပဲ ဟု တွေးနေမိတော့သည်။

ယခုဘဝတွင် သူမ၏ လမ်းပြစောင့်ရှောက်မှုကြောင့် မိဖုရားဟော့၏ ကျန်းမာရေးမှာ ကောင်းမွန်နေသဖြင့် ယွီဝိန်းလန်ကို သူမ,ကိုယ်တိုင် စောင့်ရှောက်ရန် မလိုအပ်တော့ပေ။

202 07

မင်းသားလေးအား သူမကိုယ်တိုင် မစောင့်ရှောက်ရသော်လည်း ‘ဆရာကတော်’ ‘师母’ ဟူသည့် စာလုံးတွင် ‘အမေ 母’ ဟူသည့် စာလုံး ပါနေသောကြောင့် တစ်နည်းအားဖြင့် မင်းသားလေး၏ ‘အမေ’ ဖြစ်နေသေးသည်။

တော်ဝင် ဆရာကြီးနှင့် ဇနီးဖြစ်သူတို့၏ ဧည့်ခံကောင်းမှုကြောင့် မင်းသားလေးမှာ ဗိုက်ကားကားဖြင့် နန်းတော်သို့ ပြန်ရန် ပြင်ဆင်သည်။

မြင်းရထားပေါ်သို့ မတက်မှီ အိမ်ရှေ့စံ မင်းသားလေးက နောက်သို့ ပြန်လှည့်လာပြီး ရော့လန်အား ကြည့်ကာ ခေါ်လိုက်သည်။

“ဆရာကတော်…”

ရော့လန်က ဖြတ်ခနဲ ပြန်ကြည့်လိုက်ပြီး ထူးလိုက်သည်။

“မှန်လှပါ… ဘာများလဲ မင်းသားလေး”

မင်းသားလေးက မျက်နှာထား တည်တည်ဖြင့် —မေးသည်။

“ကျွန်တော် နောက်လည်း မုန့်လာစားလို့ ရတယ်မဟုတ်လား” ဟု

ရော့လန်က ချက်ချင်းပင် ခေါင်းကို ညိတ်ပြလိုက်ပြီး ပြုံးကာ ကြိုဆိုသည်။

“ရတာပေါ့ မင်းသားလေးရယ်… မင်းသားလေး ဆန္ဒရှိရင် အချိန်မရွေး မုန့်တွေ လုပ်ကျွေးမှာပေါ့”

မင်းသားလေးက ခေါင်းကို ညိတ်လိုက်ပြီး —ပြုံးကာ ပြောလေသည်။

“ကျွန်တော် သိုးနို့ သောက်လို့ မရဘူးဆိုတာ သိပြီးသားမဟုတ်လား…။ အဲဒါကြောင့် မုန့်လုပ်ရင် နို့မထည့်ပါနဲ့နော်”

ဘယ်လို…။

ရော့လန် အံ့အားသင့်ကာ တွေဝေသွားသည်။

အိမ်ရှေ့စံ မင်းသားလေးက ဆက်၍ — ပြောလေသည်။

“ဆရာကတော်ကိုရော… ဆရာကြီးကိုရော… ကျွန်တော့် အစ်ကိုတော်ကိုရော… နှုတ်ဆက်တယ်နော်”

ဤသို့ဖြင့် မြင်းရထားပေါ် တက်၍ နန်းတော်ဖက်သို့ ထွက်ခွာသွားရာ ရော့လန်တို့ ဇနီးမောင်နှံမှာ တွေဝေပြီး ကျန်နေခဲ့ကြသည်။

အိမ်ရှေ့စံ မင်းသားလေးရဲ့ စကားတွေက အသက်နဲ့ မလိုက်အောင် ခေတ်ရှေ့ပြေးနေတယ်…။

ချီရှုကွမ်းနှင့် ကျိုးရော့လန်တို့ တစ်ယောက်နှင့် တစ်ယောက် ပြန်ကြည့်မိလိုက်ကြပြီး ဖြစ်နိုင်ချေ တစ်ခုကို တွေးမိလိုက်ကြသည်။

ဒါဆို… ယွီဝိန်းလန်ကလည်း… ငါတို့လို…

ဒီလိုသာ တကယ်ဖြစ်နေရင် ပိုလို့တောင် ကောင်းသေးရဲ့…။

******

203 01

အခန်း 203

မင်းသမီးလေးအား ဖွားမြင်ပြီးနောက် အိမ်ရှေ့မင်းသားလေးက အစ်ကိုကြီးရာထူးကို ချက်ချင်းတာဝန်ယူတော့သည်။

ညီမလေးကို ဖွားမြင်သည့်ညက နောက်ကျသည်အထိ မအိပ်ဘဲ ဖခင်ဖြစ်သူနှင့်အတူ ရှိနေသည့်အပြင် နောက်တစ်နေ့ နိုးလာသည့်အခါတွင်လည်း ချက်ချင်း သူ့အမေထံ သွားကာ ညီမလေးအား ပြေးကြည့်ရသည်။

ပေါက်စလေးက သူ့အမေ ကိုယ်ဝန်စဆောင်ချိန်ကတည်းက အမေနှင့်မအိပ်တော့ဘဲ ဘေးနန်း‌ဆောင်တွင် အိပ်နေပြီဖြစ်သည်။

ယနေ့မနက် ပေါက်စလေး အမေ့ခန်း‌ဆောင်အတွင်းသို့ ဝင်လာသည့်အခါ ညီမဖြစ်သူက အနှီးထဲတွင် အိပ်မောကျနေသည်ကို မြင်လိုက်ရသည်။ မနေ့ည မွေးခါစက,ထက်ပင် ချစ်စရာကောင်းနေသည်။

ပေါက်စလေးက အိပ်ယာပေါ်သို့ ကိုယ်ကို ကိုင်းလိုက်ကာ အတော်ကြာသည်အထိ စိုက်ကြည့်နေသည်။ ထို့နောက် ရှေ့သို့ ဖြည်းဖြည်းလေး တိုးလာပြီး ညီမလေးကို နမ်းလိုက်သည်။

ဤသည်ကို ကြည့်၍ ယန်ရှုက ရင်ထဲတွင် နွေးသွားသလို ခံစားလိုက်ရသည်။ သူမက သားဖြစ်သူ၏ ခေါင်းကို ပွတ်လိုက်ပြီး နမ်းလိုက်မိသည်။

ပေါက်စလေးက တခစ်ခစ်ရယ်လိုက်ပြီး အမေ့လက်မောင်းအတွင်းသို့ တိုးဝင်လာသည်။ ထိုအခါ အမေဖြစ်သူကလည်း တရွှတ်ရွှတ်နမ်းလေတော့သည်။

နို့နှစ်ရောင် ညီမလေးကတော့ နှုတ်ခမ်းလေးကို တင်းနေအောင် စေ့ထားပြီး နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်နေဆဲ ဖြစ်သည်။

ပေါက်စလေးက ထူးဆန်းသလို ခံစားရသဖြင့် မေးလိုက်သည်။

“ညီမလေးက ဘာလို့ အိပ်နေသေးတာလဲ”

ယန်ရှုက ပြုံးလိုက်ပြီး သားတော်လေး၏ ခေါင်းကို ပုတ်ကာ ပြန်ဖြေသည်။

“ညီမလေးက မနေ့ညက မွေးလာတော့ အား,အကုန် သုံးထားလို့ ပင်ပန်းပြီး အိပ်နေတာလေ…”

နားလည်သွားသည့်အခါ ပေါက်စလေးက ‌ခေါင်းကို ညိတ်လိုက်ပြီး ကလေးဆန်သော်လည်း ရင့်ကျက်သည့် လေသံကို ဆောင်၍ — ပြောကာ အားပေးလေသည်။

“ညီမလေး ကြိုးစားထား”

ထိုစဉ် နန်းတွင်း အစေခံတစ်ဦးက မနက်စာကို သယ်လာသည်။ ကလေးထိန်းအမျိုးသမီးက —ပြောသည်။

“အိမ်ရှေ့မင်းသားလေး… မနက်စာ အရင်စားလိုက်ပါဦး”

ပေါက်စလေးက ‘အင်း’ ဟု ပြန်ပြောလိုက်ပြီး ထမင်းစားပွဲဆီသို့ ခုန်ဆွ ခုန်ဆွဖြင့် ပြေးသွားသည်။

ပေါက်စီ သုံးလုံးနှင့် ရွှေဖယုံ ဆွပ်ပြုတ်တစ်ပန်းကန်တို့ကို အေးအေးဆေးဆေး စားသောက်ပြီးသည့်အခါ အမေ့ ကုတင်ဖက်သို့ ပြန်ပြေးလာသည်။

ညီမလေးကတော့ ယခုအချိန်အထိ အနှီးထဲတွင် တုတ်တုတ်မျှမလှုပ် အိပ်ပျော်နေဆဲဖြစ်သည်။

ပေါက်စလေးက စိတ်ပျက်သလို ဖြစ်သွားပြီး မေးလေသည်။

“ညီမလေးက ဘာလို့ သားသားနဲ့ လာမဆော့သေးတာလဲ။ သားသားစောင့်နေတာ သူမသိဘူးလား”

ထိုအခါ ယန်ရှုက ဖျောင်းဖြရသည်။

“ညီမလေးက သေးသေးလေးရှိသေးတယ်လေ… မွေးပြီးခါစ,ဆိုတော့ များများအိပ်မှ ကြီးလာမှာ…။ ပြီးတော့ သားသားနဲ့ မဆော့ချင်လို့ အိပ်နေတာမဟုတ်ဘူး ညီမလေးက အရမ်း ပင်ပန်းနေလို့ပါ”

ပေါက်စလေးက သက်ပြင်းချကာ ပြောလိုက်တော့သည်။

203 02

“ညီမလေးက အရမ်း အပျင်းကြီးတာပဲ”

ယန်ရှုက ရယ်ချင်သွားပြီး ပေါက်စလေးအား ပြောလိုက်သည်။

“ကလေးပေါက်စ,လေးတွေ အကုန်လုံး ဒီလိုပဲလေ… သားသား ငယ်ငယ်တုန်းကလည်း ဒီလိုပဲ တစ်နေကုန် အိပ်တာ”

သို့သော် ပေါက်စ,လေးက ငြင်းသည်။

“သားသားက မပျင်းဘူး… သားသားက ကြိုးစားတယ်”

ထို့နောက် ဆက်၍ သူက ခေါင်းကို ခါရမ်းလိုက်ကာ —

“နွေဦးရာသီဟာ အာရုဏ်ဦးကို မခံစားတတ်ဘဲ အိပ်ပျော်နေချိန်…

ပတ်ဝန်းကျင်မှာ ငှက်ကလေးတွေ တေးဆိုနေတယ်…

ညက လေပြင်းကျခဲ့တဲ့ အချိန်မှာ…

ပန်းပွင့်လေးတွေ မြေမှာ ခ,နေတာကို သူသိပါတော့မလား”

ဟု ရွတ်ဆိုလေသည်။

ယန်ရှု - “...”

တော်လိုက်တာ… မင်းကြီးက ‘စာလေးအုပ်၊ ဂန္ဓာဝင် ငါး’ခုကို သင်ပြီးတာနဲ့ တန်မင်းဆက် လက်ထက် ကဗျာတွေ အခုမှ စ,သင်ခါစပဲရှိသေးတယ် သားတော်က ရွတ်ပြတတ်နေပြီ။

သူမက သားတော်လေး ကဗျာရွတ်ပြသည်ကို အားပေးသည့် သဘောဖြင့် လက်ခုပ်တီးကာ ချီးကျူးလိုက်သည်။

“အမေ့သားတော်လေးက တော်လိုက်တာ… ဒါမှ အားကိုးရတဲ့ အစ်ကိုကြီးဖြစ်မှာ။ ခနနေ ညီမလေး နိုးလာရင် သားသားရွတ်ပြတဲ့ ကဗျာကို ပြန်ရွတ်ပြလိုက်မယ်နော်…။ ညီမလေးဆီကို နေ့တိုင်း ကဗျာ လာရွတ်ပြလိုက်… အဲဒါမှ ညီမလေးလည်း အစ်ကိုကြီးလို တော်လာမှာ”

ပေါက်စလေးက ခေါင်းကို ခပ်သွက်သွက် ညိတ်ပြသည်။

“ဟုတ်ဟုတ်… ခမည်းတော်ဆီကနေ ကဗျာ တနေ့ တစ်ပုဒ် သင်ရတယ်”

ယန်ရှုက သားဖြစ်သူ၏ နဖူးကို ထပ်နမ်းလိုက်သည်။

“သားသားက အရမ်းတော်တာပဲ… ခမည်းတော်ကလည်း အရမ်းတော်တာပဲ”

ပညာတတ်ယောက်ျားကို ရထားတော့ ယောက်ျားဖြစ်သူက သားကို သင်တယ်… သားက သမီးကို သင်တယ်… သူကတော့ အေးဆေး နေရတာပေါ့… ဟီဟိ။

အမေဖြစ်သူနှင့် သဘောတူညီမှု ရပြီးသည့်အခါ အိမ်ရှေ့မင်းသားလေးသည် ဖခင်ဆီမှ ကဗျာများကို ကြိုးစားသင်ယူပြီး ညီမလေးဆီသို့ လာရောက် ရွတ်ဆိုပြလေသည်။

ကြိုးစားမှုကလည်း အရာထင်သည်။ ညီမလေးမှာ တဖြည်းဖြည်း ကြီးပြင်းလာပြီး အအိပ်နည်းကာ နိုးသည့်အချိန် များလာသည်။

နို့နံ့သင်းနေသည့် ညီမလေးက အစ်ကိုဖြစ်သူကို အလွန်ချစ်ပုံရသည်။ အစ်ကို့အသံကို ကြားသည်နှင့် မျက်တောင်ပင် မခပ်တော့ဘဲ စပျစ်သီးကဲ့သို့ တောက်ပနေသည့် မျက်လုံးများဖြင့် စိုက်ကြည့်နေတော့သည်။

ဤသို့ဖြင့် တနေ့ပြီးတနေ့ ကုန်ဆုံးလာရာ ကလေးလေးက အသံပြုတတ်လာသည်။ အစ်ကိုဖြစ်သူ စကားလာပြောသည့် အခါတိုင်း သူက တအ,အနှင့် ပြန်ပြောနေတတ်ပြီ ဖြစ်သည်။

ထိုအခါ ပေါက်စလေးက အလွန်ပျော်သည်။ သူက အမေဖြစ်သူကို ကြည့်၍ ဝမ်းသာအားရ ပြောလေသည်။

“ညီမလေးက သားသားနဲ့အတူ ကဗျာသင်နေတာ…!”

ယန်ရှုက ခေါင်းကို ခပ်သွက်သွက် ညိတ်ပြလိုက်ပြီး အားပေးလိုက်သည်။

“ဒါပေါ့… ညီမလေးက ကိုကို့ကို ချစ်တာကိုး…။ ညီမလေးနဲ့ စကားများများ ပြောပေး”

203 03

ပေါက်စလေးက နားထောင်သည်။ ထို့နောက် မကြာသေးခင်ကမှ မှတ်ထားသည့် ကလေးချော့တေး တစ်ပုဒ်ကို ဆိုပြသည်။

ထိုအခါ ညီမဖြစ်သူကလည်း တခစ်ခစ်နှင့် သဘောကျကာ အားပေးတော့သည်။

အစ်ကိုဖြစ်သူက ပို၍ အားတက်လာသဖြင့် သိထားသမျှ အားလုံးကို ညီမလေးအား ဆိုပြလိုက်လေသည်။

အားလုံး ပြီးဆုံးသွားသည့်အခါ အစ်ကိုဖြစ်သူရော၊ ညီမဖြစ်သူပါ ပင်ပန်းသွားပုံရသည်။

ညီမလေးက မျက်တောင်ကို ချ၍ အိပ်ပျော်သွားသည်။ အစ်ကိုဖြစ်သူက အသီးနည်းနည်းစားကာ ရေနွေးကြမ်း နည်းနည်းကို သောက်လိုက်သည်။

ညီမလေး ပြန်နိုးလာသည့်အခါ အစ်ကိုဖြစ်သူက မုန့်တွေ အားရပါးရ စားနေသည်ကို မြင်လိုက်ရတော့သည်။

သူမက ထိုသို့မြင်လိုက်ရသည့်အခါ စိတ်ဝင်စားနေသဖြင့် အစ်ကို့ ပါးစပ်ကို မျက်တောင်မခပ်တန်း ကြည့်နေတော့သည်။

ထိုသို့ ကြည့်နေရင်း တချက်တချက် ပါးစပ်ကို ဟ,လိုက်ကာ “အ…” ဟု အသံပြုရင်း အစ်ကိုဖြစ်သူကို စကားပြောရန် ကြိုးစားနေတော့သည်။

ထိုအသံကို ကြားလိုက်သောအခါ ပေါက်စလေးက ကလေးဆန်ဆန် အသံလေးဖြင့် —ပြောလေသည်။

“ညီမလေးလည်း မုန့်စားချင်နေတယ်”

ပြောရင်း သူက ပန်းကန်ထဲမှ မုန့်တစ်ခုကို ယူ၍ ညီမလေးဆီသို့ လှမ်းပေးလိုက်သည်။

ယန်ရှုက အမြန်တားလိုက်ရသည်။

“ကိုကိုက ညီမလေးကို ကျွေးချင်တာ ကောင်းပါတယ်… ဒါပေမဲ့ ညီမလေးက အရမ်းငယ်သေးတော့ မုန့်ကို ဝါးဖို့ သွားမပေါက်သေးဘူး…”

သို့သော် ပေါက်စလေးက စိုးရိမ်သံဖြင့် —ပြောလေသည်။

“ညီမလေး ဗိုက်ဆာနေမှာပေါ့”

ယန်ရှုက ပြုံးလိုက်ကာ ပြောသည်။

“သူဗိုက်ဆာနေရင် နို့တိုက်မှာပေါ့… အခုလောလောဆယ် ညီမလေးက နို့ပဲ သောက်လို့ရသေးတယ်”

ထို့နောက် သူမက သမီးလေးကို ပွေ့ကာ နို့တိုက်လိုက်သည်။

ဗိုက်ဆာနေသည် ထင်သည်။ သမီးတော်လေးက အငမ်းမရ စို့သည်။

ပေါက်စလေးက သူငယ်စဉ်က နို့စို့ခဲ့သည့် အချိန်ကို ပြန်သတိရသွားပြီး လက်ထဲမှ မုန့်ကိုပင် စားဖို့ မေ့နေကာ စိုက်ကြည့်နေမိတော့သည်။

… အိုး… ကြည့်ရင်း ငါတောင် ဗိုက်ဆာလာပြီ။

ယန်ရှုက သူ့ပုံစံကို သတိထားမိသွားပြီး အမြန်ပြောလိုက်သည်။

“ကိုကိုက အရွယ်ရောက်နေပြီဆိုတော့ ညီမလေးလို နို့သောက်လို့ မရတော့ဘူး… အခုအချိန် နို့စို့လိုက်ရင် ကလေးလေး ပြန်ဖြစ်သွားလိမ့်မယ်”

ဟင်…။ ကလေးလေး ပြန်ဖြစ်သွားရင် လမ်းလည်းလျှောက်လို့ မရတော့ဘူး… စကားလည်းပြောလို့ မရတော့ဘူး… မုန့်လည်း မစားရတော့ဘူး မဟုတ်လား။

ပေါက်စလေးက ထိုသို့ တွေးမိလိုက်ကာ မုန့်နှင့် သိုးသားကင်က နို့စို့သည်ထက် ပိုကောင်းသည်ဟု သဘောပေါက်သွားသည်။ ထို့ကြောင့် သူက နို့စို့ချင်စိတ်ကို လျှော့ချလိုက်ပြီး ခေါင်းညိတ်ပြသည်။

“လူကြီးက နို့မသောက်ဘူး”

ထို့နောက် သူ့မုန့်သူ ဆက်စားနေတော့သည်။

သူ မုန့်စား၍ ပြီးသည့်အချိန်တွင် ညီမလေးကလည်း ဗိုက်ပြည့်သွားပြီ ဖြစ်သည်။

ယန်ရှုက သမီးလေးကို အနှီးဖြင့် ပက်လိုက်ပြီး ခုံပေါ်တင်ကာ မောင်နှမ နှစ်ယောက် ဆော့နိုင်အောင် ပြင်ပေးလိုက်သည်။

203 04

သို့သော် မကြာမီ သမီးဖြစ်သူ၏ မျက်နှာမှာ နီရဲလာပြီး “အင်း…” ဟု အော်လေသည်။

ပေါက်စလေးက သူ့အမေကို လှမ်းကြည့်လိုက်ပြီး —ပြောလေသည်။

“ညီမလေး အင်အင်း ပါချင်နေပြီ”

ထိုသို့ ပြောလိုက်သည့်အခါ ရန်တုန်းနှင့် ကလေးထိန်း အမျိုးသမီးတို့ ပြေးလာကြသည်။ အနားရောက်သည့်အခါ တဂွီးဂွီး အသံကို ကြားလိုက်ကြရသည်။

သူတို့ မင်းသမီးလေး၏ အနှီးကို ဖြေလိုက်သည့်အခါ ပေပွနေသည်ကို မြင်လိုက်ကြရသည်။

ထိုအခါ အားလုံးက အလျင်အမြန် ဆေးကြောသန့်စင်ပေးကြသည်။ ထို့နောက် အနှီးသစ်တစ်ထည်ဖြင့် ပက်လိုက်သည်။ ဘေးမှ ကြည့်နေသည့် ယန်ရှုက ရယ်လျက် —ပြောလိုက်သည်။

“အခုပဲ ဗိုက်ပြည့်တာနဲ့ အခုပဲ အင်အင်းပါတော့တာ… ငါ့သမီးကတော့ တကယ်ပဲ”

အခုမှ နေသာထိုင်သာ ရှိသွားသည့် သမီးတော်လေးက ‘အ…’ ဟု အသံပြုကာ တခစ်ခစ်ရယ်လေသည်။

ရန်တုန်းက စပ်စုစိတ်ဖြင့် မေးလေသည်။

“အိမ်ရှေ့စံမင်းသားလေးက မင်းသမီးလေး အိမ်သာသွားချင်တာကို ဘယ်လိုလုပ် သိသလဲ”

ယန်ရှုက —ကာ၍ ပြောလိုက်သည်။

“သူ ငယ်ငယ်တုန်းက ဖြစ်ဖူးလို့ မှတ်မိတာနေမှာပေါ့… ကလေးတွေက နို့စို့ပြီးရင် ဗိုက်ရှင်းတတ်တယ်လေ”

သို့သော် စိတ်ထဲ၌မူ သားတော်လေး ထိုသို့ သိနိုင်သည်မှာ စိတ်ကို ဖတ်တတ်သည့် အစွမ်းကြောင့် ဖြစ်ကြောင်း သူမ, သိသည်။

နေစမ်းပါဦး… သားတော်လေးမှာ စိတ်ဖတ်တဲ့ အစွမ်းရှိရင် သမီးတော်လေးမှာရော ထူးခြားတဲ့ အစွမ်း တစ်ခုခု မရှိနိုင်ဘူးလား။

~~

ကလေးနှစ်ယောက် အပူအပင် ကင်းကင်း ကြီးလာရင်း ဆောင်းရာသီကို ကျော်လွန်၍ နွေဦးရာသီသို့ တဖန် ပြန်ရောက်လာသည်။ အသက် ရက် တစ်ရာပြည့်ပြီ ဖြစ်သည့် သမီးတော်လေးမှာ ဆယ်ပေါင်ထက်မနည်း ထွားနေပြီ ဖြစ်သည်။

သမီးတော်လေးသည်လည်း အစ်ကိုဖြစ်သူအတိုင်း အစားအသောက်ကျွေးရတာ လွယ်ကူသည်။ ထို့ကြောင့် မင်းသမီးလေး၏ ပါးနှစ်ဖက်မှာ နှင်းဆီရောင် သန်းနေပြီး ဝဝကစ်ကစ်လေး ဖြစ်နေတော့သည်။

သို့သော်လည်း အစ်ကိုဖြစ်သူနှင့် မတူသည်မှာ သူမ၏ မျက်နှာ သွင်ပြင်က အဖေ့ဘက် လိုက်သည်။

အစ်ကိုဖြစ်သူ ငယ်စဉ်တုန်းက အတိုင်း သူမကလည်း တဝူးဝူး ပြောနေ‌ရသည်ကို နှစ်သက်သည်။ တွေ့သမျှ လူတိုင်းနှင့် စကားပြောပြီး တခစ်ခစ်လည်းရယ်တတ်သဖြင့် လူတိုင်းက ချစ်ကြသည်။

အဖေဖြစ်သူ ဧကရာဇ်မင်းကြီးကလည်း အလွန်ချစ်သည်။

မင်းသမီးလေးအပေါ် ဧကရာဇ်မင်းကြီးက အလွန်ချစ်မြတ်နိုးတာကိုလည်း လူတိုင်းက သိကြသည်။ တိုင်းရေး ပြည်ရေးတို့ဖြင့် မည်မျှ အလုပ်ရှုပ်သည်ဖြစ်စေ ထမင်းစားချိန်ရောက်လျှင် မအားလျှင်တောင် ဗဟိုနန်းဆောင်သို့ ပြန်ပြေး၍ သမီးတော်လေးကို ပြေးချီတတ်သည်။ အမြဲ ပွေ့ချီထားပြီး တရွှတ်ရွှတ် နမ်းနေသည်မှာ ပြန်မလွှတ်ချင်ပုံပင် ပေါက်နေတော့သည်။

မင်းသမီးလေးကလည်း ဖခင်ဖြစ်သူကို ချစ်လေသည်။ အထူးသဖြင့် အဖေဖြစ်သူက သူမကို ပွေ့ထားပြီး — “ရွှမ်းကလေး” ဟု ခေါ်လိုက်လျှင် ပိုသဘောကျတတ်သည်။

ဟုတ်သည်… ထိုနာမည်မှာ ဖခင်ကိုယ်တိုင် ရွေးပေးသည့်နာမည်ဖြစ်သည်။ ယွီဝိန်းရွှမ်း ဟူသည့် အဓိပ္ပာယ်မှာ အပူအပင် ကင်းစွာ နေထိုင်ခြင်းဟု အဓိပ္ပာယ်ရလေသည်။

သမီးဖြစ်သူကို နေ့ဖက်၌ လာကြည့်ရုံနှင့် အားမရသေးသဖြင့် ညနေရောက်သည့်အခါတွင်လည်း နို့နံ့သင်းနေသည့် သမီးတော်လေးနှင့် ကျားပေါက်လေးတစ်ကောင်လို မာန်အပြည့် ရှိသည့် သားတော်လေးတို့ကို စကားတွေပြောလေ့ရှိသည်။ သုံးယောက်သား ကုတင်ပေါ်တွင် တပူးတကပ်တည်း စကားပြောနေရသည်မှာ ယွီဝိန်းလန်အတွက် ပျော်စရာ ကောင်းလှသည်။

ထိုသို့ သာယာလှသည့် မိသားစုကို ပိုင်ဆိုင်ထားရသည့်အတွက် မိဖုရားကြီးကို လူတိုင်းက အားကျကြသည်။

203 05

ယန်ရှုကိုယ်တိုင်ကလည်း သူမကို အားကျသင့်ပါပေသည်ဟု တွေးမိသည်။

ဟုတ်သည်လေ… ယောက်ျားဖြစ်သူက တိုင်းရေး ပြည်ရေးနဲ့ မအားတာတောင် ညဖက်ရောက်ရင် ကလေးတွေကို ကြည့်ပေး ထိန်းပေးနေတာ… တကယ် လေးစားစရာကောင်းတဲ့ သူပဲလေ… မဟုတ်ဘူးလား။

ဒီပုံအတိုင်းဆိုလျှင် နောက်ထပ် သားသမီး ထပ်ယူဖို့ သူမအတွက် ဝန်မလေးပေ။

တကယ်လို့ သူမ၏ သားသမီးများအားလုံး အစွမ်းထူးတွေ ပိုင်ဆိုင်ထားတာ သေချာပါက သူတို့ ကြီးလာလျှင် သူမ၏ ခင်ပွန်းနှင့်အတူ အပြင်လျှောက်သွားခွင့်ရနိုင်သည်။

အဲဒီလိုဆိုလျှင် ဘယ်လောက်တောင် ကောင်းလိုက်မလဲ…။

ဤသို့ဖြင့် ညီမလေးမှာ တဖြည်းဖြည်း ကြီးပြင်းလာသကဲ့သို့ အစ်ကိုဖြစ်သူကလည်း တဖြည်းဖြည်း သိလာ တော်လာသည်။

အသက် သုံးနှစ် ပြည့်ပြီးသွားသည့် အိမ်ရှေ့စံမင်းသားလေးမှာ စာပေ ပညာကို စ၍ လေ့လာသည်။

ဗီဇက တက်ကြွ ဆော့ကစားတတ်သည့်သူ ဖြစ်သော်လည်း ငယ်စဉ်ကတည်းက ဖခင်ဖြစ်သူ၏ သွန်သင်ပေးမှုကြောင့် ပေါက်စလေးမှာ ပညာသင်ကြားသည့်အခါ ထူးထူးချွန်ချွန် ဖြစ်လာသည်။

တော်ဝင် သင်တန်းဆရာကြီးနှင့် အခြားသော နန်းတွင်း သင်တန်းဆရာများကပင် ချီးကျူးကြသည်။ နန်းတွင်း မှူးမတ်များကလည်း ‘အိမ်ရှေ့စံလေးရဲ့ အရည်အချင်းက ဒီလောက်တောင်ရှိနေမှတော့… တာ့လျန်ပြည်ကြီးရဲ့ အနာဂတ်က လှမှာ သေချာနေပြီ’ ဟု အားပေးကြသည်။

အစ်ကိုဖြစ်သူ ပညာရေး နယ်ပယ်တွင် ထူးချွန်နေချိန်၌ ညီမလေးဖြစ်သူကလည်း ငြိမ်မနေပေ။

အသက် သုံးလသာ ရှိသေးသည့် ကလေးမ,လေးမှာ လူကြီးများ စားနေ သောက်နေသည်ကို အားကျစွာ ကြည့်နေတတ်ပြီ ဖြစ်သည်။

မိသားစု ဆုံချိန်ရောက်တိုင်း မင်းသမီးလေးက မကျေမနပ် ငိုတတ်သည်။ ထို့အပြင် ထမင်းပန်းကန်၊ ဟင်းပန်းကန်များနှင့် တူများကို လှမ်းဆွဲနေတတ်သည်။

အစ်ကိုဖြစ်သူ ငယ်စဉ်ကနှင့် ယှဉ်လျှင် ဒီကောင်မလေးက ပို၍ စိတ်အားထက်သန်ပုံရသည်။

မိဘများနှင့် အစ်ကို ဖြစ်သူတို့ ထမင်းလက်ဆုံ စားနေစဉ် သူမက ဘေးမှ ငေးကြည့်နေရကာ သွားရည်ကျနေရသဖြင့် မကျေနပ်သည်လည်း ပါပုံ ရသည်။

ဤသည်ကို မြင်လိုက်ရသည့်အခါ အစ်ကိုဖြစ်သူက သနားလာပြီး ညီမလေးကိုယ်စား မိဘများကို ပြောပြသည်။

“ညီမလေးလည်း စားချင်နေတယ်”

သားတော်ငယ်စဉ်က ကြုံဖူးပြီးသား ဖြစ်သဖြင့် ယန်ရှုက နားလည်သည်။ သို့သော် သမီးဖြစ်သူအား ချော့ရန်သာ တတ်နိုင်ပေသည်။

“မီးမီးက ငယ်သေးတယ်… နောက်တစ်လလောက်နေရင် ဆန်ပြုတ်တိုက်မယ်နော်… စိတ်လျှော့နော် မီးမီး”

သို့သော် သမီးတော်လေးက နားမလည်ဘဲ ဟင်းခွက်ကိုသာ လှမ်းဆွဲရန် ကြိုးစားနေသည်။

ထိုအခါ ကလေးထိန်းအမျိုးသမီးက ရှေ့သို့ ထွက်လာပြီး လျှောက်တင်သည်။

“ကျွန်တော်မျိုးမ မင်းသမီးလေးကို အပြင် ခဏ ခေါ်သွားလိုက်မယ်လေ… အရှင်မင်းကြီးနဲ့ မိဖုရားခေါင်ကြီးတို့ အေးအေးဆေးဆေး စားလို့ရအောင်…”

ဤသို့ လုပ်မှသာ အဆင်ပြေမှာ ဖြစ်သဖြင့် ယန်ရှုက ခွင့်ပြုလိုက်သည်။

ရာသီဥတုက နွေးစ,ပြုနေပြီဖြစ်သဖြင့် တော်သေးသည်။ ထို့ကြောင့် အပြင်ဖက်တွင် ပန်းပင်များ ထွက်ကြည့်နေ၍ ရသည်။

203 06

အနည်းငယ်ခန့် ဆက်စားပြီးချိန်တွင် အပြင်ဖက်မှ မင်းသမီးလေး၏ မကျေမနပ် အော်ငိုသံကို ကြားလိုက်ကြရတော့သည်။

မသိလျှင် ဆန္ဒပြနေသည်နှင့်ပင် တူပေသည်။

“ခမည်းတော်ရော… မယ်တော်ရော… ကိုကိုရော… အားလုံး အစားကောင်းတွေ စားတယ်… မီးမီးကို မကျွေးဘဲ အပြင်ကို နှင်ထုတ်တယ်” ဟု ပြောနေပုံရသည်။

ထိုအခါ ထမင်းစားပွဲရှိ အားလုံး ငြိမ်သွားကြသည်။

ယန်ရှု ဘာမှ မပြောသေးမီ ယွီဝိန်းလန်က တူကို ချလိုက်ပြီး ထရပ်လိုက်ကာ —ပြောလိုက်သည်။

“ငါကိုယ်တော် ရွှမ်းကလေးကို သွား အဖော်လုပ်ပေးထားလိုက်မယ်… မိဖုရားတို့ ဆက်စားကြ”

ယန်ရှုက — ပြောလိုက်သည်။

“ကျေးဇူးပါ အရှင်မင်းကြီး”

ယွီဝီန်းလန်က ခေါင်းကို အသာ ညိတ်ပြလိုက်ပြီး အပြင်ဖက်ရှိ သမီးတော်လေးကို လက်ထဲ ယူကာ ပွေ့ချီလိုက်သည်။

ထိုသို့ မြင်လိုက်ရသူ အားလုံးကလည်း သမီးတော်လေးကို ချစ်တတ်သည့် မင်းကြီး၏ အပြုအမူကို ဩချမိကြတော့သည်။

ယန်ရှုလည်း ဒီလူကြီး သူ့သမီးကို ချစ်တတ်ပုံကို အံ့ဩမိသည်။

လူတိုင်း၏ စိတ်ထဲ တွေးနေသည်များကို ကြားလိုက်ရသည့် မင်းသားလေးက တွေးနေမိသည်။

【ခမည်းတော်က ငါ့ကိုရော ချစ်ရဲ့လား။】

သမီးတော်လေးကို ပွေ့ထားသည့် ယွီဝိန်းလန်က စိတ်ထဲမှနေ၍ ပြန်ပြောလိုက်သည်။

【သားတော်လေးကိုရော သမီးတော်လေးကိုရော အတူတူ ချစ်တာ】

ဟုတ်တယ်လေး သားလေးရော မီးမီးလေးရော သူ့ရဲ့ ရင်သွေး‌လေးတွေပဲ… ဘာလို့ မချစ်ရမှာလဲ။

******

204 01

အခန်း 204

မင်းသမီးလေးမှာ တစ်လခန့် ကြာသည်အထိ အစားအသောက် စားချင်နေသဖြင့် ဂျီကျနေခဲ့သည်။ ထို့ကြောင့် ခမည်းတော် ဧကရာဇ်မင်းကြီးက တစ်လခန့် ချီပြီး ထိန်းခဲ့ရသည်။

ညစာ စားချိန်ရောက်တိုင်း ယွီဝိန်းလန်က သမီးတော်အား အပြင်တွင် ထိန်းနေစဉ် ယန်ရှုက သားတော်ကို အရင် ကျွေးမွေးရသည်။

ဤသို့ အလုပ်ရှုပ်ခံပြီးနောက် အသက် လေးလခွဲခန့် အရွယ်ရောက်သည့်အခါ မင်းသမီးလေးက အစာကို စ၍ စားသည်။

မင်းသမီးလေးအား စားစရာကို ပထမဦးဆုံးအကြိမ် ချကျွေးသည့်အခါ တစ်မိသားစုလုံး စားပွဲဝိုင်းတွင် စိတ်ဝင်တစား ထိုင်ကြည့်ကြသည်။

ယန်ရှု ခွံ့ကျွေးနေသည်ကို ကြည့်၍ သမီးတော်လေးကို ချီထားရသည့် ယွီဝိန်းလန်က ပို၍ စိတ်ဝင်စားနေသည်။

ပန်းကန်ကို မြင်လိုက်သည့်အခါ မင်းသမီးလေး၏ မျက်နှာမှာ ဝင်းပသွားသည်။ အမေဖြစ်သူက ဇွန်းကို ယူလိုက်သည်ကို မြင်လိုက်သည့်အခါ ပို၍ပင် ရွှင်မြူးသွားပြီး ဇွန်းကို လှမ်းယူရန် ကြိုးစားနေတော့သည်။ ထို့ကြောင့် ယန်ရှုမှာ သမီးတော်လေး ပါးစပ်ထဲ ဆန်ပြုတ်ရောက်အောင် မနည်းခွံ့ရသည်။

မင်းသမီးလေး တမြုံ့မြုံ့ ဝါးနေသည်ကို တမိသားစုလုံးက စိတ်ဝင်တစားကြည့်နေကြသည်။ မြိုချပြီးသည့်အခါ မင်းသမီးလေးက “အ… အ…” ဟု နှစ်ကြိမ် အသံပြုသည်။

နို့မဟုတ်သော စားစရာတစ်ခုကို စ,စားခွင့်ရသဖြင့် ပျော်ရွှင်နေဟန် ပြနေသည်။

အားလုံးကလည်း ကျေနပ်သွားကြသည်။ အထူးသဖြင့် ယွီဝိန်းလန်က ပို၍ ကျေနပ်နေမိသည်။

သူ့ဇနီး၊ သူ့သားတို့နှင့်အတူ အေးဆေး ထမင်းထိုင်စားချင်လွန်းသဖြင့် ဒီလိုနေ့ကို စောင့်နေတာ ကြာပြီလေ…။

အစ်ကိုဖြစ်သူ ငယ်စဉ်ကအတိုင်း မင်းသမီးလေးကလည်း အစားမက်သည်။ ဆန်ပြုတ်မှစ၍ ကြက်ဥနှစ်၊ အသီး ဖျော်ရည် စသည်တို့အထိ မငြင်းဘဲ အကုန်စားသည်။ လူကြီးတွေ စားမပြီးခင် သူမအဖို့ ကျွေးထားသမျှ အကုန်စားသည်။ ထို့ကြောင့်လည်း ကျန်းမာဝဖြိုးနေရာ အားလုံးက စိတ်ချမ်းသာနေကြသည်။

ဤသို့ဖြင့် တနေ့ပြီး တနေ့ ကြီးပြင်းလာရာ တဖြည်းဖြည်းလည်း သိလာ တတ်လာသည်။

နောက်ဆုံးတွင် သမီးတော်လေးက ဆန်ပြုတ်တစ်မျိုးတည်းဖြင့် စိတ်မကျေနပ်တော့ပေ။ တခါတရံ သူမအား ခွံ့ကျွေးသည့် ဆန်ပြုတ်ကိုပင် မြိုမချတော့ဘဲ ပြန်ထွေးထုတ်ကာ လူကြီးများ စားနေသည့် အစားအသောက်များကို မျက်စိကျကာ လှမ်းဆွဲနေတော့သည်။

ထိုအခါ စိတ်ဖတ်တတ်သည့် အစ်ကိုတော်က ဘေးကနေ ပြောပြသည်။

“ညီမလေးက သားသားတို့ ဟင်းကို စားချင်နေတယ်”

ယန်ရှု - “...”

ယွီဝိန်းလန် - “...”

သမီးတော်လေးက အစားအသောက်တောင် ခွဲတတ်နေပြီလား။

သို့သော်လည်း ကလေးတစ်ယောက် မွေးဖူးထားပြီးပြီ ဖြစ်သည့် ယန်ရှုက အကြံတစ်ခုရလာသည်။ သူမက သိပ်မစပ်သော ဟင်းလျာထဲမှ အနည်းငယ်ကို တူဖြင့် ကောက်ယူလိုက်ပြီး သမီးတော်လေး မြည်းကြည့်ရန် ခွံ့ပေးလိုက်သည်။

သမီးတော်လေးက ပါးစပ်ကို တမြုံ့မြုံ့လုပ်ကာ အရသာခံကြည့်ပြီးနောက် ကျေနပ်သွားပုံပေါ်သည်။

ထိုအခါ ယန်ရှုက သမီးတော် မသိအောင် ဆန်ပြုတ်တစ်ဇွန်းခပ်၍ တိုက်လိုက်သည်။

204 02

သမီးတော်လေးက တမြုံ့မြုံ့ထပ်ဝါးပြီး ဆန်ပြုတ်ဟု ထင်သဖြင့် မမြိုချင် မြိုချင်နှင့် မြိုချလိုက်သည်။

အမေဖြစ်သူက နောက်ထပ် ဟင်းလျာအနည်းငယ်ကို ခွံ့ကျွေးသောအခါ သမီးတော်လေးက ကြည့်ပြီး ယုံကြည်စွာဖြင့် ဆက်စားလေသည်။

ဤသို့ဖြင့် ယန်ရှုက ဆန်ပြုတ်ကျွေးလိုက် သမီးတော်က မစားချင်သလိုလို လုပ်သည့်အခါ ဟင်းလျာထဲမှ နည်းနည်း ခွံ့ကျွေးလိုက်နှင့် လုပ်တော့သည်။

ဤနည်းသုံးလိုက်မှသာ သမီးတော်လေးကလည်း ဗိုက်ပြည့်သည်အထိ စားတော့သည်။

ယွီဝိန်းလန် - “...”

ငါ့မိန်းမကတော့ နည်းလမ်းရှာတဲ့နေရာ ဆရာပဲ…။

သို့သော် ထိုနည်းလမ်းကို စိုက်ကြည့်နေသည့် သားတော်က —ပြောလေသည်။

“မယ်တော် ညီမလေးကို လိမ်တယ်”

ယန်ရှု - “...”

သူမက သားဖြစ်သူကို အမြန် ရှင်းပြသည်။

“မယ်တော်က ညီမလေးကို လိမ်တာ မဟုတ်ပါဘူး… ညီမလေးက အရမ်းငယ်သေးတော့ သွားတွေလည်း မပေါက်သေးတော့ လူကြီးစားတာ စားရင် နေမကောင်းဖြစ်မှာ…။ ညီမလေး နေမကောင်းဖြစ်မှာစိုးလို့ ဒီလို ကျွေးတာလေ…”

ထိုအခါမှ သားတော်ဖြစ်သူကလည်း သဘောပေါက်သွားသလိုရှိကာ ညီမလေးကို သနားစဖွယ်ကြည့်လိုက်သည်။

“ညီမလေး သနားပါတယ်… ဆန်ပြုတ်က အသားလောက် အရသာမရှိဘူး”

ယွီဝိန်းလန်က ဘေးမှနေ၍ ခေါင်းကို ညိတ်ကာ — ပြောလိုက်သည်။

“ရွှမ်းကလေး ကြီးလာရင် မယ်တော်နဲ့အတူ အသားတွေ စားမှာပါ”

သူပြောပြီးသည်နှင့် သားတော်လေးက ငရုတ်သီးဖြင့် အငန်ချက် ချက်ထားသည့် ပုစွန်တစ်ကောင်ကို ကောက်ယူလိုက်ကာ —ပြောလေသည်။

“ညီမလေးအတွက် ဒီပုစွန် သိမ်းထားမယ်”

ယန်ရှုက ပြုံးလိုက်ပြီး ပြောသည်။

“ညီမလေးက ပုစွန်စားဖို့ အကြာကြီး စောင့်ရဦးမှာ… အဲဒီအချိန်ကျရင် နောက်ထပ် လုပ်ပေးလိုက်မယ်… ဒီတစ်ခုကိုတော့ သားသား စားလိုက်”

သူမ၏ စိတ်ထဲ၌မူ အလွန်ကျေနပ်နေမိသည်။ သားတော်လေးက အစ်ကိုကောင်းတစ်ယောက် ဖြစ်လာမှာပဲ။

ဘေးမှနေ၍ ယွီဝိန်းလန်ကလည်း ခေါင်းညိတ်ကာ ပြောပြသည်။

“ဟန်ကလေးက ညီမလေးအတွက် တွေးပေးတာ တော်တယ်…။ ဒါပေမဲ့ သားသားက အိမ်ရှေ့မင်းသားလေးဆိုတော့ တလောကလုံးမှာရှိတဲ့ လူတွေ အားလုံးအတွက်လည်း တွေးပေးရမယ်နော်”

သားတော်လေးက ခေါင်းကို ညိတ်ကာ နားထောင်သည်။

“ဟုတ်ကဲ့”

ထိုစဉ် စား၍ သောက်၍ ဝသွားသည့် သမီးတော်လေးက ပါးစပ်ကို ဟ,၍ တဝါးဝါး လိုက်ပြောလေသည်။

အစ်ကိုဖြစ်သူက ပြန်ပြောပြသည်။

“ညီမလေးက ပြောနေတယ်… ဒီနေ့ စားရတာ ကြိုက်တယ်… မနက်ဖြန်လည်း စားဦးမယ်တဲ့”

ယန်ရှု - “...ရတာပေါ့ သမီးရေ… နောက်နေ့လည်း သောက်ချင်သလောက် သောက်ရမယ်”

ယွီဝိန်းလန် - “...”

မြန်မြန်သာ အသက်ကြီးလာပါတော့ သနားစရာ ငါ့သမီးလေးရေ…။

~~

204 03

စာပေပညာကို လေ့လာသည့်နေ့မှ စ၍ သုံးနှစ်သား မင်းသားလေးမှာ တဖြည်းဖြည်း တည်ငြိမ်လာသည်။ အသက် ခြောက်လ,အရွယ် ညီမဖြစ်သူကမူ ပို၍ ပို၍ ဆော့ကစားလာသည်။

သမီးတော်လေးက အင်မတန် ကဲသည့်သူဖြစ်သည်။ ခန်းဆောင်အတွင်းတွင် မနေနိုင်ဘဲ အပြင်သို့သာ ထွက်ချင်နေတော့သည်။

နေ့တိုင်း တစ်ခုခု စားပြီးသည်နှင့် အပြင်သို့ လက်ညှိုးထိုးကာ တအားအားနှင့် လူကြီးများကို လိုက်ပို့ဖို့ ပြောနေတော့သည်။

အထူးသဖြင့် အစ်ကိုဖြစ်သူ အတန်းသွားတက်ပြီဆိုလျှင် ညီမဖြစ်သူက အစ်ကိုဖြစ်သူနှင့်အတူ အတန်းလိုက်တက်မည့်ဟန်ဖြင့် တက်ကြွနေတတ်သည်။

ထို့ကြောင့် သူတို့နှစ်ယောက်အတွက် အထူးဖန်တီးထားသည့် လှည်းပေါ်တွင် နို့နံ့မစင်သေးသည့် မင်းသမီးလေးက အတန်းတက်မည့် အစ်ကိုဖြစ်သူ၏ဘေးတွင် ထိုင်လိုက်ပြီး လူကြီးများက တွန်းပို့ပေးရသည်။ နန်းတွင်းသူ နန်းတွင်းသားတို့အဖို့ မနက်ခင်းတိုင်း ထူးဆန်းသည့် ဤမြင်ကွင်းကို မြင်ကြရမည်ဖြစ်သည်။

ကျားပေါက်လေးတစ်ကောင်လို မာန်ရှိနေသည့် အစ်ကိုဖြစ်သူ၏ ဘေးတွင် ဝဝကစ်ကစ် ညီမလေးက ထိုင်နေသည်မှာ ချစ်စဖွယ်ကောင်းလှပေသည်။

စာသင်တန်း တံခါးအဝသို့ ရောက်သည့်အခါ အစ်ကိုဖြစ်သူက အတွင်းသို့ မဝင်မီ —

“သွားပြီ ညီမလေးရေ” ဟု ပြော၍ နှုတ်ဆက်လိုက်သည်။

ထိုအခါ မင်းသမီးလေးက တစ်ချက်ငြိမ်သွားပြီး “အ…” ဟု အသံပြုလိုက်ကာ ငိုလေတော့သည်။

ဝါးဝါးဝါး… ကိုကိုက ဘာလို့ ညီမလေးနဲ့ မဆော့ဘဲ ထားသွားတာလဲ။ ဘာလို့ ကိုကိုက တစ်ယောက်တည်း ပြေးသွားတာလဲ။

မင်းသမီးလေးက ဝမ်းနည်းပက်လက် ငိုလေသည်။

ထိုအခါ ကလေးထိန်းအမျိုးသမီးများနှင့် နန်းတွင်း အပျိုတော်တို့မှာ မင်းသားလေး စာသင်ပျက်မည်စိုးသဖြင့် အလျင်အမြန် လှည်းကို တွန်း၍ ပြန်ခေါ်လာရသည်။

လမ်းတွင် ကြောင် သို့မဟုတ် ခွေး တစ်ကောင်ကောင် တွေ့မှသာ သို့မဟုတ် အပျိုတော်တို့က ရွှေငါးရေကန်သို့ ခေါ်ပြမှသာ အငိုရပ်တတ်သည်။

ဤသို့ဖြင့် တစ်နေ့ပြီး တစ်နေ့ ကုန်ဆုံးသွားပြီးနောက်တွင် မင်းသမီးလေးမှာ လေးဖက်ထောက် သွားတတ်လာသည်။ ထို့ကြောင့် လှည်းဖြင့် လိုက်ရသည်ကို မကျေနပ်တော့ပေ။

အစ်ကိုဖြစ်သူ ငယ်စဉ်ကအတိုင်း ညီမဖြစ်သူကလည်း ခပ်ကဲကဲလေးပဲဟု ယန်ရှုက တွေးမိလိုက်သည်။

နန်းဆောင်တစ်ခုလုံး ဟိုဟိုသည်သည် လှစ်ခနဲ လှစ်ခနဲနေအောင် လျှောက်သွားနေတော့သည်။

အထူးသဖြင့် နန်းတွင်း အစေခံတို့က “အရှင်မင်းကြီး ကြွလာပါပြီ” ဟု ကြေညာလိုက်သည့်အသံကို ကြားသည့် အခါ ပို၍ သွက်လေသည်။

ထို့ကြောင့် ယွီဝိန်းလန် ခန်းဆောင်အတွင်းသို့ ဝင်လာတိုင်း မင်းသမီးလေးကိုသာ အရင်ဆုံးတွေ့ရလေ့ ရှိသည်။

ထို့အပြင် မင်းသမီးလေးက သူ့ကို “ခမည်းတော်… “ ဟု တတွတ်တွတ်ခေါ်နေတတ်ပုံမှာ ကျေနပ်ဖွယ်ရာ ဖြစ်သည်။

ထိုသို့ ခေါ်လိုက်တိုင်း သမီးချစ် ဧကရာဇ်မင်းကြီးကလည်း ကျေနပ်မဆုံးဖြစ်နေတတ်သည်။

ဟုတ်လည်း ဟုတ်သည်… ဤမျှ နူးညံ့ သိမ်မွေ့ ချစ်စဖွယ်ကောင်းသည့် ကလေးမလေးက ‘ခမည်းတော်’ ဟု ပျော်ရွှင်စွာဖြင့် ခေါ်လိုက်သံကို ဘယ်အဖေက တောင့်ခံနိုင်ပါမည်နည်း။

ယွီဝိန်းလန်က သမီးဖြစ်သူကို ပွေ့ချီလိုက်ကာ တရွှတ်ရွှတ်နမ်းတော့သည်။

“ရွှမ်းကလေးက ခမည်းတော်ကို လွမ်းလို့လား”

204 04

စကားမပြောတတ်သေးသော်လည်း ရွှမ်းကလေးက တခစ်ခစ်ရယ်က အဖေဖြစ်သူ၏ လက်မောင်းကို နှာခေါင်းဖြင့် တို့၍ နမ်းလေသည်။ ထို့နောက် ပါးစပ်ကလည်း “ဖေ… ဖေ…” ဟု လက်မကို စုပ်ရင်း ဆက်၍ ခေါ်နေသည်။

ယွီဝိန်းလန်ကတော့ လုံးဝ အရည်ပျော်နေပြီဖြစ်သည်။ သူက သမီးဖြစ်သူ၏ ခေါင်းကို နှာခေါင်းဖြင့် နမ်းလိုက်ကာ မေးလိုက်သည်။

“ရွှမ်းကလေး ဗိုက်ဆာပြီလား။ အသား စားကြည့်မလား”

ထိုသို့ပြောလိုက်ရာ သားဖြစ်သူက ဘေးမှ နေ၍ ခေါင်းညိတ်ကာ ပြောလေသည်။

“စားချင်တယ်… ကျွန်တော် သိုးပေါင်တစ်ချောင်းလုံးတောင် စားပစ်ချင်နေပြီ”

နှစ်ဝက်ခန့် စာပေလေ့လာထားသည့် အိမ်ရှေ့မင်းသားလေးက တော်တော် ပြောတတ်နေပြီဖြစ်သည်။ လူကြီးများနှင့် စကားပြောလျှင် မည်သို့ ပြောရမည်ကို နားလည်နေပေပြီ။

ယွီဝိန်းလန်က သားဖြစ်သူ၏ ခေါင်းကို ပွတ်လိုက်ပြီး အစေခံများကို အမိန့်ပေးလိုက်သည်။

“ဒါဆို နန်းတွင်း စားဖိုဆောင်ကနေ သိုးပေါင်သားကင် နှစ်ချောင်း လုပ်ခိုင်းလိုက်ပါ”

ဖုဟိုင်က ထပ်ဆင့် စေခိုင်းလိုက်ရာ တစ်နာရီခန့် အကြာတွင် တမိသားစုလုံး သိုးပေါင်သားကင်ဖြင့် ညစာ စားကြသည်။

အပြင်တွင်ကျွတ်ရွပြီး အတွင်းတွင် နူးညံ့သည့် သိုးပေါင်သားကို မိဘနှစ်ပါးနှင့် အစ်ကိုဖြစ်သူတို့က အားရပါးရ စားနေကြစဉ် မင်းသမီးလေးကတော့ အသားမပါသည့် အရိုးတစ်ချောင်းကို ကိုက်လျက်ရှိနေသည်။

… ဒီအနံ့ကို ရဖူးတယ်…။

မင်းသမီးလေးက အရိုးကို ကိုက်ရင်း တဝူးဝူးပြောသည်။

အစ်ကိုဖြစ်သူက —ပြောပြလေသည်။

“ညီမလေးက ပြောနေတယ်… သူ့ဟာက သားသားတို့ဟာနဲ့ မတူဘူးတဲ့”

ထိုအခါ ယန်ရှုက သမီးဖြစ်သူကို —ပြောသည်။

“ကလေးလေးတွေက အရိုးပဲ အရင်စားရတယ်… ကိုကို ငယ်ငယ်တုန်းကလည်း အဲဒီလိုပဲ ဟုတ်တယ်မဟုတ်လား ကိုကို”

မင်းသားလေးကလည်း ထောက်ခံသည်။ စိတ်ထဲ၌လည်း အသက်ကြီးလာတာ ပိုကောင်းတယ်ဟု တွေးနေမိတော့သည်။

အရိုးက အသားလောက် စကားမကောင်းဘူးလေ ဟုတ်တယ် မဟုတ်လား…။

~~

ဤသို့ဖြင့် နောက်ထပ် ရက်များကုန်ဆုံးသွားပြီးနောက် မင်းသမီးလေးမှာ အသက် တစ်နှစ် ပြည့်လေသည်။

နှစ်ဟောင်းကုန်၍ နှစ်သစ်ကို ကြိုဆိုချိန် ရောက်လာသည်။

နှစ်သစ်ကူး သုံးရက်မြောက် နေ့လည်ခင်းတွင် ကလေးများကိုခေါ်၍ စုန့်ဟယ်တောင်ပေါ်ရှိ အဘိုးအဘွားတို့ထံ လာကန်တော့ခိုင်းကြသည်။

သမီးတော်လေးမှာ လမ်းလျှောက်တတ်ပြီဖြစ်သဖြင့် အေးနေသည့် ရာသီဥတုကို အံတုကာ အတင်းထိုးလျှောက်နေတော့သည်။ မြင်းရထားပေါ်မှ ဆင်းလိုက်သည်နှင့် သူမဘာသာ သူမ လျှောက်သွားတော့သည်။

ယွီဝိန်းလန်က ချော်လဲမည် စိုးသဖြင့် သမီးဖြစ်သူ၏ လက်ကို ကိုင်ထားရသည်။

အနည်းငယ်ခန့် လမ်းလျှောက်လိုက်သည့်အခါ အဘိုးနှင့် အဘွားတို့ကို ခြံဝန်းအဝင်ပေါက်တွင် လှမ်းမြင်လိုက်ရသည်။

သူတို့၏ သားတော်လေးက “အဘိုးတော်… အဘွားတော်” ဟု အော်ခေါ်လိုက်ကာ ပြေးထွက်သွားလေသည်။

ထိုစဉ်၌ပင် နျုံနျုံကလည်း အဖေ့လက်ကနေ ရုန်းလိုက်ကာ အသံချိုချိုသေးသေး နူးနူးညံ့ညံ့လေးဖြင့် “အဘိုးတော်… အဘွားတော်” ဟု အော်ခေါ်ကာ နောက်ကနေ လိုက်ပြေးတော့သည်။

204 05

မယ်တော်ကြီးကလည်း မြေးဖြစ်သူကို ဖက်ပြီးသည်နှင့် မြေးမ,လေးကို ဆီးကြိုပြီး ဖက်လိုက်သည်။ သူမ၏ မျက်လုံးများကို လခြမ်းသဖွယ် ကွေးနေအောင် ပြုံးလိုက်ပြီး မြေးမ,လေးအား တရွှတ်ရွှတ်နမ်းလိုက်သည်။

“ရွှမ်းကလေးက ဒီကို ခဏခဏ မလာဖူးသေးဘဲနဲ့တောင် အဘိုးတော်အဘွားတော်တို့ကို မှတ်မိနေပြီပေါ့လေ”

ယန်ရှုက ဘေးမှနေ၍ ပြုံးလိုက်ပြီး —ပြောလိုက်သည်။

“သူက သူ့အစ်ကို လုပ်တဲ့အတိုင်း လိုက်လုပ်နေတာနေမှာ”

သို့သော် စိတ်ထဲ၌ သူမ,ကိုယ်တိုင် အံ့ဩနေမိသည်။ ဒီကလေးမ,လေးက ထင်မထားလောက်အောင် စကားတတ်သည်။ အထူးတလည် သင်စရာမလိုဘဲ တော်တော်များများကို တတ်နေသည်။

အဘိုးအဘွားတို့အိမ်တွင် အတော်ကြာအောင် လည်ပတ်ပြီး နောက်နှစ်ရက်ခန့် အကြာတွင် ယန်ရှုက သူ့အမေအိမ်သို့ ခေါ်သွားသည်။

မင်းသမီးလေးက အံ့ဖွယ်ရာ ‘အဘိုးတော်’ ‘အဘွားတော်’ ‘ဦးလေးတော်’ စသည်ဖြင့် မလွဲအောင် ခေါ်တတ်လေသည်။

ပြောရလျှင် မင်းသမီးလေးက အဘွားဖြစ်သူကို မကြာခဏ မြင်ဖူးသော်လည်း အဘိုးဖြစ်သူနှင့် ဦးလေးဖြစ်သူကိုမူ သိပ်မမြင်ဖူးသေးပေ။

ဒါတောင် ဘာလို့ ဒီလောက် မြန်မြန် သိနေတာလဲ။

လူမှား၍ ခေါ်မိသည်လည်း မရှိပေ။

ကျုံးယီ တစ်မိသားစုလုံးကလည်း ဤသည်ကို သဘောကျနေကြသည်။

“မင်းသမီးလေးက တော်လိုက်တာ… တစ်ခါတည်းနဲ့ အားလုံးကို သိနေပြီလား”

ယန်ရှုက —ပြောလိုက်ရသည်။

“အစ်ကိုကနေတဆင့် သိသွားတာနေမှာ”

သို့သော် သူမ၏ စိတ်ထဲတွင် တစ်ခုခု လွဲနေသည်ကို ခံစားမိနေသည်။

ထို့ကြောင့် စစ်စတန်ကို ခေါ်လိုက်ကာ မေးကြည့်လိုက်သည်။

【စစ်စတန်ရေ… ငါ့သမီးမှာရော အထူး စွမ်းအားတွေ ပါနေသေးတာလား။ လူတွေကို အသေအချာ ခွဲခြား သိပြီး မှတ်မိနေတယ်။】

စစ်စတန်က ပြန်ပြောပြသည်။ 【ပါတာပေါ့… ငါ့ရဲ့ ပိုင်ရှင်ဖြစ်တဲ့ နင့်ကို ဂုဏ်ပြုအနေနဲ့… နင့်သမီးကိုလည်း ငါ စစ်စတန်ခွဲလေးတစ်ခု လက်ဆောင် ပေးထားတယ်】

ယန်ရှု - 【ဘာ… ဘာ… ဘာ။ စစ်စတန်အခွဲ ဟုတ်လား။】

ဒါဆို သူမရဲ့ သမီးမှာလည်း ဖရဲသီးစားတဲ့ စစ်စတန်တစ်ခုရှိနေတာပေါ့။

စစ်စတန်က ရှင်းပြသည်။ 【ဒါပေါ့… ငါ့ဆီက ထွက်မှတော့ ငါ့ စစ်စတန် အခွဲပေါ့…။ စိတ်တော့မပူပါနဲ့… အခု မင်းသမီးလေးဆီမှာ ထည့်ပေးထားတာက ကလေးတွေအတွက် အဆင်ပြေမဲ့ စစ်စတန်အခွဲလေးပါ…။ ဖြူစင်ပြီး မကောင်းတဲ့စကားတွေ မပြောတတ်ဘူး…။ တခြားသူတွေကို မှတ်မိအောင် နားလည်အောင်ပဲ သင်ပေးတာ… အရွယ်မတိုင်ခင်ကတည်းက ပညာပေးတဲ့ စနစ်လိုမျိုးပေါ့…။】

ယန်ရှု - 【!!!】

အဲဒီလို လုပ်လို့ ရတယ်လား။

ငါ့စစ်စတန်က တကယ် မိုက်တာပဲ။

******

All Chapters