← Chapters

အခန်း (၂၀၅-၂၀၇)

Vol. 14 Ch. 205-207

အခန်း (၂၀၅-၂၀၇)

Vol. 14 Ch. 205-207

205 01

အခန်း 205 ခေတ်သစ်သို့ တဖန်

(မှတ်ချက်။ ။ အမျိုးသား ဇာတ်ဆောင်က မယ်တော်ကြီးရဲ့ သားအရင်းဖြစ်ပြီးတော့ အခု သူ့နာမည်က ကျိုးလန်လို့ ခေါ်ပါတယ်…။ အမျိုးသမီး ဇာတ်ဆောင်ကတော့ အခု လီရှုလို့ ခေါ်ပါတယ်)

ခေါင်းအုံးဘေးတွင် တစ်မိနစ်ခန့် ဖုန်းမြည်နေပြီးသည့်အခါ လီရှုက မျက်လုံးကို အသည်းအသန်ဖွင့်၍ နိုးလာတော့သည်။

ယခင် လူလေးယောက်ရှိသည့် အဆောင်ခန်းတွင် ယခု သူမ တစ်ယောက်တည်းသာ ရှိ‌တော့သဖြင့် တိတ်ဆိတ်နေသည်။

ကျောင်းဆင်းပွဲ တဖြည်းဖြည်း နီးကပ်လာသဖြင့် အခန်းဖော်များအားလုံး အဆောင်မှ ထွက်သွားကြပြီဖြစ်သည်။ အချို့က အလုပ်သင်အဖြစ် ဝင်လုပ်ရန်… အချို့က လခစား ဝင်လုပ်ရန် တနေရာစီ အသီးသီး ထွက်သွားကြပြီ ဖြစ်သည်။ လီရှုက ညနက်သည်အထိ ဝတ္ထုများ ရေးရင်း အချိန်ကုန်နေသဖြင့် အင်တာဗျူး ဖြေရန် မနက် မနိုးသောကြောင့် သူမတစ်ယောက်တည်းသာ အဆောင်၌ သောင်တင်နေခြင်းဖြစ်သည်။

သူမက ညနက်သည်အထိ မနေချင်သော်လည်း သူမ၏ အွန်လိုင်းပေါ်မှ စာဖတ်ပရိတ်သတ်ပေါင်း ထောင်ပေါင်းများစွာတို့၏ တောင်းဆိုမှုကြောင့် အသစ်တစ်ပိုင်းပြီး တစ်ပိုင်းရေးနေရသောကြောင့်ဖြစ်သည်။ သူ့ဖန်များကို အားနာသောကြောင့် ကျိတ်မှိတ်ပြီး ရေးဖြစ်သည်။

ထို့ကြောင့် မနက် နှစ်နာရီ သုံးနာရီခန့်အထိ နိုးနေသည်မှာ ပုံမှန်ဖြစ်နေတော့သည်။ ထို့အပြင် နောက်တစ်နေ့ အိပ်ရေးဝ၍ နိုးသည့်အခါတွင်လည်း နောက်တစ်ပိုင်းအတွက် ထပ်စဉ်းစားခန်း ဝင်နေတော့သည်။ ဤသို့ဖြင့် ရေးလိုက် အိပ်လိုက် စဉ်းစားလိုက်နှင့် သံသရာ လည်နေတော့သည်။

မျက်တမှိတ်အတွင်းမှာပင် မေလကုန်တော့မည်…။ နောက်တစ်လဆိုလျှင် ကျောင်းဆင်းပွဲရှိသည်။

စာရေးခြင်းမှ ရသည့် ဝင်ငွေမှာ မဆိုးသော်လည်း ခြေဆုပ်လက်ဆုပ် အလုပ်အကိုင်လေး တစ်ခုခုမှ မပြနိုင်လျှင် မိဘတွေက အိမ်ပြန်ခေါ်တော့မည်။

အိမ်မှာနေရသည်က မဆိုးသော်လည်း အိမ်နားတွင်နေထိုင်ကြသည့် အဒေါ် ခုနှစ်ယောက်၏ ဒဏ်ကို သူမ မခံနိုင်ပေ။

အချိန်ပြည့် သူတို့ ခင်ပွန်း၊ သားသမီးတို့ အကြောင်း လာလာပြောနေကြသည်မှာ ဆိုးလှသည်။ ပိုဆိုးသည်က သူမ အသက် နှစ်ဆယ်ပြည့်ပြီးသည့်အခါ သူတို့က ကောင်လေး တစ်ယောက်ပြီး တစ်ယောက်နှင့် မိတ်ဆက်ပေးတတ်ခြင်းကြောင့် ဖြစ်လေသည်။ ထို့ကြောင့် အိမ်မှာသာ ပြန်နေရလို့ကတော့ ရူးသွားနိုင်သည်။

သူမ အလုပ်တစ်ခုခု ရှာမှ ဖြစ်မည်။ သို့သော် အချိန်က မရှိ…။

ကံကောင်းသည်မှာ မနေ့က သူမတို့ ဋ္ဌာန၏ ပါမောက္ခ ချီက သူမအတွက် အလုပ် နေရာတစ်ခု အကြံပြုသည်။ ဟွာရေ့ စီးပွားရေးအုပ်စုက မီဒီယာ ကုမ္ပဏီ တစ်ခု ထူထောင်ရန် အစီအစဉ် ရှိသဖြင့် လူခေါ်နေသည်တဲ့…။ ထိုကုမ္ပဏီသို့ သူမက ကိုယ်ရေးအချက်အလက်များပို့၍ အလုပ်လျှောက်လေရာ မကြာမီပင် အင်တာဗျူး ခေါ်သည့်စာ ပြန်ရောက်လာသည်။

ထို့ကြောင့် ဒီနေ့ မည်မျှပင် အိပ်ရေးမဝ,ပါစေ သွားမှ ဖြစ်မည်။

မနက် ၁၀ နာရီခန့်အချိန်တွင် ဟွာရေ့ အဆောက်အအုံကြီး၏ ဆယ့်ငါး ထပ်မြောက်တွင် ရှိနေသည့် အစည်းအဝေးခန်းအတွင်း၌ CEO အသစ် ဖြစ်သူ ကျိုးလန်က နာရီကို တကြည့်ကြည့်နှင့် စောင့်ဆိုင်းနေသည်။

အင်တာဗျူးလာဖြေသူ တော်တော်များများဖြင့် တွေ့ပြီးသော်လည်း သူလိုချင်သည့် သူမျိုးကို မတွေ့ရသေးပေ…။ ထို့ကြောင့် အိမ်ပြန်ရန်ပင် တွေးနေမိပြီဖြစ်သည်။

သူတင်မဟုတ် အစည်းအဝေးခန်းထဲရှိ အခြားသူများပင် ပျင်းရိနေကြပုံပေါ်သည်။ ထိုစဉ် သူ့နားထဲသို့ အတွေးပေါင်းစုံ၏ အသံများ ဝင်လာတော့သည်။

【ဟမ်း… အဲဒီဇာတ်လမ်းထဲက ဆယ်လီကောင်က ဘယ်သူလဲဟ… သူကလည်း ဖောက်ပြန်သေးတယ်… လူမသိအောင် မင်္ဂလာလည်း ခိုးဆောင်သေးတယ်… ကလေး နှစ်ယောက်တောင် ယူလိုက်သေးတယ်… အခုကျတော့ သူ့တရားဝင် မိန်းမကိုတောင် ကွာရှင်းဖို့ ဖိအားပေးပြီး ဟို ချမ်းသာတဲ့ နောက်မိန်းမဆီ လိုက်ဖို့ ပြင်နေတယ်ပေါ့လေ။ ဒီကောင့် အကြောင်း ဖော်ပြီးရေးတဲ့ ‘ရှောင်ယောင် အသားလုံးလေး’ ဆိုတဲ့ စာရေးဆရာကတော့ လူစိတ်ဝင်စားအောင် ရေးတဲ့ နေရာမှာ တော်တော် တော်တာပဲ…။ ငါ့မှာ ဆက်ဖတ်ချင်လွန်းလို့ သေတော့မယ်…။】

【အခုမှ မနက် (၁၀) နာရီပဲရှိသေးတယ်… ဆရာ “ရှောင်ယောင်” ရဲ့ အပိုင်းသစ်ထွက်ဖို့ (၃၅) နာရီ‌တောင် စောင့်ရဦးမယ်… ပျင်းဖို့ ကောင်းလိုက်တာကွာ…】

205 02

【ငါတော်တော် အသိနောက်ကျတာပဲ… ဒီလောက်ကောင်းတဲ့ စာရေးဆရာရှိနေတာကို မနေ့ကမှ သိတယ် ကြည့်စမ်း… ‘ရှောင်ယောင် အသားလုံးလေး’ တဲ့ နာမည်က အဆန်း…။ ဖတ်ကောင်းကောင်းနဲ့ ဖတ်လိုက်တာ တစ်ညလုံး ကုန်သွားတယ်… ဒါတောင် နောက်ဆုံးထွက်ထားတဲ့ အပိုင်းကို မရောက်သေးဘူး… အလုပ်မလာဘဲ သူ့စာတွေပဲ ဆက်ဖတ်ချင်လိုက်တာကွာ…】

“...”

ယခု အစည်းအဝေးခန်းထဲတွင် လူလေးယောက်ရှိနေပြီး ကျန်သုံးယောက်မှာ ‘ရှောင်ယောင် အသားလုံးလေး’ အကြောင်းကို တွေးနေကြသည်။

ကျိုးလန် စိတ်ထဲတွင် မျက်မှောင်ကြုတ်မိလိုက်သည်။

သူတို့ ပြောပြော နေကြသည့် ‘ရှောင်ယောင် အသားလုံးလေး (ရှောင်ယောင် ဝမ်ဇီ)’ ဆိုသည်မှာ ဝတ္ထုဝက်ဆိုဒ်တစ်ခုတွင် ရောင်းရအကောင်းဆုံး ထိပ်တန်း (၁၀) ဦးအတွင်းဝင်သည့် တက်သစ်စ စာရေးဆရာတစ်ယောက်ဖြစ်ကြောင်း သူသိသည်။ ထိုစာရေးဆရာက “ဖျော်ဖြေရေး လောကထဲက အတွင်းသတင်းတွေ ပြောကြမယ်” ဟုခေါ်သည့် ဝတ္ထုကို အခန်းဆက် ရေးနေပြီး အင်တာနက်တစ်ခုလုံး လှုပ်လှုပ်ရွရွ ဖြစ်စေသူ ဖြစ်သည်။

ပြောရလျှင် သူလည်း တစ်ချက် ဝင်ဖတ်ကြည့်လိုက်သေးသည်။ စာရေးသူ၏ အရေးအသားမှာ ထူးထူးခြားခြား ပြောင်မြောက်ခြင်း မရှိသလို ဇာတ်လမ်းမှာလည်း ထူးထူးခြားခြား ကောင်းနေတာမျိုးမဟုတ်ပေ။ အဓိက နာမည်ကြီးရသည့်အချက်မှာ ဖျော်ဖြေရေး လောက၏ လူမသိသော အချက်များကို ရေးသားထားခြင်းမျိုးသာ ဖြစ်သည်။ ထူးဆန်းသည့်အချက်မှာ ဇာတ်လမ်းထဲရှိ အဖြစ်အပျက်များသည် အပြင်တွင် မကြာမီ သက်သေအပြည့်ဖြင့် ထွက်ပေါ်လာတတ်ခြင်း ဖြစ်လေသည်။

စာဖတ်သူ တော်တော်များများက ‘ရှောင်ယောင် အသားလုံးလေး’ သည် နာမည်ကြီး သတင်းလိုက်သမား ဖြစ်ပုံပေါ်သည်ဟု ယူဆကြသည်။

သို့သော် ကျိုးလန် စုံစမ်းကြည့်ရသလောက်ကတော့ ထိုသို့ မဟုတ်ကြောင်း သိရသည်။ သတင်းလိုက်သမားများကပင် ထိုစာရေးဆရာ၏ သရုပ်အမှန်ကို သိလိုသဖြင့် နေရာအနှံ့ သတင်းအနံ့ခံနေကြရသည်။

အမှန်အတိုင်း ဝန်ခံရလျှင် ကျိုးလန်ကိုယ်တိုင်လည်း သိလိုစိတ်ဖြစ်မိနေသည်။

ထိုသို့ အတွေးများ ပြန့်လွင့်နေစဉ် အစည်းအဝေး ခန်းမ အဝင်တံခါး ပွင့်လာသံကို ကြားလိုက်ရသည်။ နောက်ဆုံး အင်တာဗျူးဖြေမည့်သူ ရောက်လာလေပြီ။

သူက အလုပ်ကို အာရုံပြန်စိုက်လိုက်ပြီး ဝင်လာသူကို ကြည့်လိုက်သည်။ ထိုသူမှာ မိန်းမငယ်လေး တစ်ယောက် ဖြစ်ပြီး အသက် ၂၄ ထက် မပိုလောက်ကြောင်း ယူဆရသည်။

သူမ လမ်းလျှောက်ပုံကို ကြည့်လိုက်သောအခါ ဒေါက်ဖိနပ်ကြောင့် မသာမယာဖြစ်နေပုံပေါ်သည်။ ကြည့်ရတာ တက္ကသိုလ် ပြီးခါစ ကျောင်းသူ တစ်ဦးဖြစ်ပုံပေါ်သည်။

ဆံပင်တချို့မှာ မိုးပေါ် ထောင်နေသဖြင့် အိပ်ရာမှ အခုမှ နိုးကာ ပြေးလာပုံရသည်။

သူက သူမ၏ ကိုယ်ရေးအချက်အလက်များကို တစ်ချက် ပြန်ကြည့်လိုက်သည်။

အင်း… S တက္ကသိုလ်ရဲ့ တရုတ်စာဋ္ဌာနက တရုတ်စာပေနဲ့ ဘာသာစကားအထူးပြု ကျောင်းသူ။

အတွေ့အကြုံ မရှိသေးတဲ့ တက္ကသိုလ်ပြီးခါစ ကျောင်းသူ…

ကျိုးလန် သက်ပြင်းချမိသည်။ သူတို့အတွက် မျှော်လင့်ချက် ကုန်ပေပြီ။

ထိုစဉ် HR မန်နေဂျာက စကားစပြောလိုက်သည်။

“ကိုယ့်ကိုယ်ကို မိတ်ဆက်ပါဦး”

ကောင်မလေးက —

“နာမည်က လီရှုပါ… အသက် (၂၂) ရှိပါပြီ… S တက္ကသိုလ်က တရုတ်စာဋ္ဌာနမှာ တရုတ်စာပေနဲ့ ဘာသာစကား အထူးပြု တက်နေပါတယ်… ဒီနှစ်ပြီးရင် ဘွဲ့ရပါပြီ…။ ဒီကုမ္ပဏီက ပလန် ချရေးနဲ့ ကြော်ငြာကဏ္ဍအတွက် လူခေါ်နေတာ တွေ့မိလို့ စိတ်ဝင်စားတာနဲ့ လာလျှောက်ကြည့်တာပါ” ဟု ဖြေသည်။

ထိုသို့ပြောပြီးနောက် သူမက စိတ်ထဲတွင် တွေးလိုက်သည်။【ဒီလို ပြောလိုက်ရင် အဆင်ပြေပြီ ထင်တယ်… မတတ်နိုင်ဘူးလေ… လိုင်းပေါ်မှာ ပိုင်တုကနေ ရှာထားတာတော့ ဒီလို ဖြေလို့ ပြောတာပဲ】

ကျိုးလန် - “...”

205 03

ဪ… ဒါလေးဖြေဖို့ကို ပိုင်တုကနေ ရှာရသေးသလား။

ကြည့်ရတာ အင်တာဗျူးကို အခုမှ ပထမဦးဆုံးဖြေဖူးတာ ထင်ပါရဲ့။

သူ့ဘေးက HR က ဆက်၍ မေးသည်။

“လီမိန်းကလေးက ကော်ပိုရေးရှင်း ပလန် ချထားရေးနဲ့ ပတ်သက်ပြီး အတွေ့အကြုံရှိဖူးလား”

ကျိုးလန်က ထိုကောင်မလေးကို ကြည့်လိုက်ရာ တစ်ချက် တွန့်သွားသည်ကို မြင်လိုက်ရသည်။

“...ဟင့်အင်း”

ကျိုးလန် - “...”

သူ့ ကိုယ်ရေးအချက်အလက်ထဲမှာလည်း အလုပ်အကိုင် အတွေ့အကြုံ ဘာမှ မရေးထားဘူးလေ… လိမ်တော့ မလိမ်ရှာပါဘူး…။

သူတွေးနေစဉ် ကောင်မလေးက ခပ်သွက်သွက် ပြောလေသည်။

“အဲ… နေဦး… ဆေးရွက်ကြီးဆိုင် တစ်ဆိုင်အတွက် အရောင်းမြှင့်တင်ရေး ကြော်ငြာစာရေးပေးတာရော အကျုံးဝင်လား။ ကျွန်မရဲ့ အခန်းဖော်အတွက် လုပ်ပေးဖူးတယ်… သူ့ဆိုင်လေးက အဲဒီနောက်ပိုင်း အဆင်ပြေသွားတယ်… အဲဒါလေး ကိုယ်ရေးအချက်အလက်ထဲ ထည့်ရေးဖို့ မေ့သွားတာ…။”

HR က တစ်ချက် စိတ်ဝင်စားသွားပြီး မေးလိုက်သည်။

“အခန်းဖော်က ဘယ်လို ဆေးရွက်ကြီးဆိုင် ဖွင့်ထားတာလဲ။ ဘယ်လို လုပ်ငန်း အမျိုးအစားလဲ”

ကျိုးလန်က သူမ၏ အဖြေကို စောင့်ကြည့်လိုက်သည်။

ဟုတ်သည်လေ… အခုနောက်ပိုင်း အွန်လိုင်းပေါ်မှ ဆိုင်တော်တော်များများတွင် လုပ်ငန်း လည်ပတ်မှု တော်တော် ကောင်းသည့် ဆိုင်များ ပါဝင်သည်။ အကယ်၍ သူမက ကျောင်းသူဘဝဖြင့် တစ်ဆိုင်ဆိုင်ကို အ‌ရောင်းမြှင့်တင်ပေးနိုင်ခဲ့လျှင် မဆိုးဘူးဟု ပြော၍ ရသည်။

သို့သော် သူမက —ပြန်ဖြေလေသည်။

“အဲ… သူက ဒယ်လီပစ္စည်း ပို့ပေးတာ… လက်ဖက်ရည်ဆိုင်တို့ စားသောက်ဆိုင်တို့ကနေ အစားအသောက် မှာပေးတာ… ပြီးတော့ တခြားဟာလေးတွေလည်း လုပ်ပေးတာ”

HR - “...”

ကျိုးလန် - “...”

အင်း… ဒယ်လီအလုပ်ဆိုတော့… အလုပ်ကတော့ ရှုပ်မှာပါ…။

သူ မျှော်လင့်ချက် မထားတော့ပေ။ သို့သော် HR က ကြိုးစား၍ ဆက်မေးသည်။

“ဒါဆို အဲဒီ အလုပ်ကလွဲရင် လီမိန်းကလေးက တခြား အလုပ်… ဒါမှ မဟုတ် အလုပ်သင် အတွေ့အကြုံတွေရော ရှိသေးလား”

လီရှု - “အင်း… အဲ…”

သူမက စိတ်ထဲတွင် မေးချင်နေသည်။— “ဝက်ဆိုဒ်ပေါ်မှာ ဝတ္ထုရေးတာရော ရလားမသိ”

ကျိုးလန် - “...”

ဝက်ဆိုဒ်ပေါ်မှာ ဝတ္ထုရေးတယ်။

ဒါဆို ဒီကောင်မလေးကလည်း အင်တာနက်ပေါ်မှာ စာရေးတဲ့ စာရေးဆရာပေါ့။

သူ အံ့ဩနေစဉ် သူမက စိတ်ထဲတွင် ငြင်းလိုက်သည်ကို ကြားလိုက်ရသည်။

【ပြောလို့ မဖြစ်ဘူး… ပြောလိုက်ရင် ငါ့ ကလောင် နာမည်ကို မေးတော့မှာ… အဲကျရင် ဘာတွေရေးထားလဲ သိချင်တော့မှာ… မဖြစ်ဘူး ငါ ဘယ်သူဆိုတာ ပြောလို့ မဖြစ်ဘူး…! သူတို့ လုံးဝ သိသွားလို့ မဖြစ်ဘူး…။】

ကျိုးလန် မသိမသာ မျက်မှောင်ကြုတ်မိလိုက်သည်။

205 04

သူ ပြောပုံအရဆိုရင် သူ့ကလောင်နာမည်က တော်တော် နာမည်ကြီးပုံပဲ။

ထိုစဉ် သူမက စိတ်ထဲတွင် သက်ပြင်းချကာ ပြောလိုက်သည်ကို ကြားလိုက်ရသည်။

【လီရှု… လီရှု… နင် နင့်ရဲ့ သရုပ်အမှန်ကို ဖွက်ထားမှ ဖြစ်မယ်နော်…။ လူသိသွားရင် နင့်အခန်းဝမှာ အထိုင်ချပြီး စောင့်နေတဲ့ သတင်းသမားတွေ မေ့ထားလိုက်ဦး…။ နင်ဖော်ထားတဲ့ လူယုတ်မာတွေ မိန်းမယုတ်တွေက နင့်ကို သတ်ဖို့ လိုက်တော့မှာ…။ အထူးသဖြင့် တရားဝင်မိန်းမကို ကွာရှင်းဖို့ ဖိအားပေးနေတဲ့ ခိုးပြီး မင်္ဂလာဆောင်ထားပြီး ကလေးနှစ်ယောက် ရထားတဲ့ ယန်ဆိုတဲ့ ဆယ်လီကောင် သိသွားရင် သေပြီ】

ကျိုးလန် - “...”

ခိုးပြီး မင်္ဂလာဆောင်တယ်… ကလေးနှစ်ယောက်… မိန်းမနဲ့ ကွာရှင်းဖို့ ဖိအားပေး…။

ယန်ဆိုတဲ့ ဆယ်လီကောင် ။

ဒီကောင်မလေးက ဒါတွေကို ဘယ်လိုလုပ်သိတာလဲ။

ဒါဆို ဒီကောင်မလေးက ‘ရှောင်ယောင် အသားလုံးလေး’ လား။

တစ်ယောက်တည်း ကျိတ်တွေးနေပြီးနောက် ကျိုးလန်က ထ,မေးလိုက်သည်။

“လီမိန်းကလေးက တရုတ်စာပေနဲ့ ဘာသာစကားကို အထူးပြုတာဆိုတော့ တက္ကသိုလ်လေးနှစ်အတွင်း ဘာတွေများ ရေးဖြစ်သေးလဲ”

သူ့စကားကို ကြားလိုက်သည့်အခါ ကောင်မလေးက သူ့ကို လှည့်ကြည့်လိုက်သည်။ သူမက မေးခွန်းကို ချက်ချင်း ပြန်မဖြေနိုင်ဘဲ တွေးမိလိုက်သံကို ကြားလိုက်ရသည်။

【ဟ… ဒီဘဲ စောက်ရမ်း ချောပါလား!!!】

ကျိုးလန် - “...”

အဟမ်း… ဒီလို တအံ့တဩ ဖြစ်သွားသံကို ကြားဖူးနေကျဖြစ်သည်။ သို့သော် ဒီနေ့အဖို့ကတော့ ပထမဆုံးဖြစ်သည်။ အဘယ့်ကြောင့်ဆိုသော် ရှေ့တွင် အင်တာဗျူးလာဖြေသွားသူများက အမျိုးသားများ ဖြစ်နေသောကြောင့်ဖြစ်သည်။

ကြည့်ရတာ ဒီကောင်မလေး တော်တော် ရှော့ရသွားပုံပေါ်တယ်။

သို့သော် သူက လူအများ၏ ချီးကျူးမှုကို ခံနေကျသူ ဖြစ်သည့်အတွက် သူမ၏ အံ့ဩမှုအပေါ် မသာယာတတ်သလို ကိုယ့်ရုပ်ရည်အပေါ် သည်းသည်းလှုပ်လည်း ဖြစ်မနေမိပေ။

သို့သော် သူမအနေနှင့် ‘ချောတယ်’ ဆိုတဲ့ စကားလုံးအရှေ့က နှစ်ခုကိုတော့ ဖြုတ်စေချင်သည်။

နားထဲသို့ အတောင့်လိုက်ကြီး ဝင်လာသောကြောင့် ဖြစ်သည်။

ထားပါတော့… ယခုလောလောဆယ် အရေးကြီးနေသည်က ဒီကောင်မလေးပဲ ဖြစ်သည်။

သူ့ရှေ့က မိန်းမငယ်လေးသည် လူတိုင်း၏ ပါးစပ်ဖျားတွင် ရေပန်းစားနေသည့်၊ ဖျော်ဖြေရေးလောက တစ်ခုလုံးကို ကိုင်လှုပ်နိုင်သည့် စာရေးဆရာ ‘ရှောင်ယောင် အသားလုံးလေး’ ဟု ထင်မိရက်စရာ မရှိပေ။

ဒီကျောင်းသူလေးက တကယ်ကော ‘ရှောင်ယောင်’ ဟုတ်ရဲ့လား။

ဤသို့ စဉ်းစားနေစဉ် ကောင်မလေးကလည်း တွေးနေသည်။

【နေဦး… ဟဲ့… ငါ ဒီဘဲရဲ့ အကြောင်းကို အပြည့်အစုံသိချင်တယ်…။】

ကျိုးလန် - “...”

ဒီကောင်မလေး ဘယ်သူ့ကို စကားပြောနေတာလဲ။

သူ ဝေခွဲမရဖြစ်နေစဉ် လီရှု၏ စိတ်ထဲမှ စစ်စတန်က စ၍ ရှင်းပြသည်။

【ဒီလူ့အကြောင်းကို စောစောတုန်းက နင့်အတွက် ရှာပေးထားပြီးပြီလေ…။ နာမည်က ကျိုးလန်… ဟွာရေ့ စီးပွားရေးအုပ်စုရဲ့ အမျိုးသမီး ဥက္ကဋ္ဌကြီး ကျိုးရော့လန်ရဲ့ တစ်ဦးတည်းသော သား… မမှတ်မိဘူးလား။】

ထိုသို့ ကြားလိုက်သည့်အခါ လီရှုက ရုတ်တရတ် ဘုရားတမိလိုက်တော့သည်။

205 05

【ဒီ ကျိုးလန်ဆိုတဲ့လူက အရင်လတုန်းက ထုတ်ပြန်ထားတဲ့ အာရှရဲ့ အချမ်းသာဆုံး (၁၀) ယောက် စာရင်းထဲက အငယ်ဆုံး CEO မဟုတ်လား။】

စစ်စတန် - 【သိပ်ဟုတ်တာပေါ့… ဒါသခင်လေး ကျိုးပဲ… နင့်ရှေ့မှာ သက်ရှိထင်ရှား… ရေမရော…။】

ကျိုးလန်က တိတ်တဆိတ် နားထောင်နေရင်း ထူးဆန်းသည်ဟု ခံစားနေရသည်။

သူ့အနေဖြင့် ဒီနေ့ ကုမ္ပဏီနှင့် ပတ်သက်သည့် အဆင်အပြင်မျိုး ဘာတစ်ခုမှ ဝတ်ဆင်ထားခြင်းမရှိသည့်အပြင် သူ့ကိုလည်း မမိတ်ဆက်ပေးရသေးပေ။ သို့သော် ဒီကောင်မလေးက ဘာလို့ ချက်ချင်း သိနေရတာလဲ။

သို့သော် ဆက်တွေးကြည့်လိုက်သည့်အခါ သူတက်ရောက်ဖူးသည့် ပွဲတစ်ခုခုနှင့် ပတ်သက်၍ သတင်းတစ်ခုခုကို သူမက ဖတ်ဖူးသောကြောင့် မြင်ဖူးနေခြင်း ဖြစ်ပေလိမ့်မည်ဟု တွေးမိလိုက်သည်။

ကောင်မလေးကတော့ အံ့ဩနေဆဲဖြစ်သည်။

ကျိုးလန်သည် ဟွာရေ့ စီးပွားရေးအုပ်စု ဥက္ကဋ္ဌကြီး ကျိုးရော့လန်၏ တစ်ဦးတည်းသော သားဖြစ်ကြောင်း၊ ဟွာရေ့အုပ်စု၏ CEO လေးသည် ကုမ္ပဏီ၏ မျက်နှာပွင့်လန်းစရာ ပုဂ္ဂိုလ်လေးဖြစ်ကြောင်း လီရှုသိသော်လည်း ယခုလို သူမ၏ ပထမဦးဆုံး အင်တာဗျူးတွင် မျက်ဝါးထင်ထင်ဆုံရလိမ့်မည်ဟု ထင်မထားပေ။

သူ့ရုပ်ရည်၏ တည်ကြည်နေပုံမှာ ဆိုရှယ်မီဒီယာများတွင် ကိုယ့်ကိုယ်ကို တည်ကြည်သည်ဟု အသည်းအသန် အမွှန်းတင်နေသည့် ဆယ်လီများထက် အပုံကြီးသာသည်။

တချို့ တချို့တွေများနော်… ချမ်းလည်း ချမ်းသာ… ရုပ်ရည်ကလည်း ချောလိုက်ကြတာ…။

သူမက မှားမည်စိုးသဖြင့် စစ်စတန်ကို ထပ်မေးလိုက်သည်။

【ဒါ ပေါင်လေးရာလောက် ဝ,ဖူးတဲ့ ကျိုးရော့လန်နော် ဟုတ်တယ်မဟုတ်လား။ သူ့ အဖေနဲ့ အမေ ကွာရှင်းတုန်းက စိတ်ဓါတ်တွေကျပြီး အချိုရည် ဆိုဒါတွေ နင်းကန်သောက်၊ သွားရေစာတွေ နင်းကန်စားပြီး ဝ,သွားတာလေ… နောက်မှ ဘယ်ကောင်မလေးကမှ မကြိုက်လို့ဆိုပြီး ပေါင် နှစ်ရာကျော်ကျော် ပြန်ကျသွားတဲ့သူလေ… သေချာလား။】

စစ်စတန် - 【အမလေး… အသေအချာပေါ့…။ သူ့ပုံစံကို ကြည့်လိုက် အခုနောက်ပိုင်း ကိုယ့်ကိုယ်ကို တော်တော် ထိန်းထားပုံပဲ…။】

လီရှု - 【ဟုတ်ပ…။ ဝ,နေတဲ့သူတွေတောင် စိတ်ရှည်ရှည် စောင့်ပေးလိုက်ရင် ဒီလို ကြည့်ပျော်ရှုပျော် ဖြစ်လာနိုင်သေးတာပဲနော့်…။】

ကျိုးလန် - “...”

ဟ… ဘာတွေ ဖြစ်နေတာလဲ။

ဒါတွေကို ဒီကောင်မလေးက ဘယ်လိုလုပ် သိနေတာလဲ။

******

206 01

အခန်း 206

ယနေ့ နေ့ခင်းတွင် ဟွာရေ့ မီဒီယာကုမ္ပဏီမှ လီရှုကို အလုပ်ခန့်ကြောင်း အကြောင်းကြားလာသည်။

“လီရှု မိန်းကလေးလား မသိဘူး။ ဟွာရေ့ မီဒီယာအုပ်စုက ညီမကို အလုပ်ခန့်အပ်ကြောင်း အကြောင်းကြားတာပါ။ မနက်ဖြန် မနက် ၉ နာရီမှာ ငါးထပ်မြောက်က HR ဋ္ဌာနကို လာသတင်းပို့ပေးပါ…။”

…

ဖုန်းချသွားသည့်အခါ လီရှုတစ်ယောက် တွန့်ဆုတ်မိသလို ဖြစ်နေမိသည်။

မနက်က အင်တာဗျူးအခြေအနေကို ပြန်သုံးသပ်ရလျှင် ဒီကုမ္ပဏီက လုပ်ငန်း အတွေ့အကြုံရှိမရှိကို ဦးစားပေးကြောင်း သိသာလှသည်။

သို့သော် ယခုနှစ်ပိုင်းအတွင်း သူမအဖို့ အကြီးမားဆုံး အတွေ့အကြုံဟူ၍ ဆယ်လီများ၏ အတင်းအဖျင်း သတင်းများနှင့် ဝက်ဆိုဒ်ပေါ်တွင် ဝတ္ထုရေးခြင်းတို့သာ ရှိသည်။ လိုင်းပေါ်မှ သူမ၏ ကလောင်အမည်ကို မပြောပြရန် ဆုံးဖြတ်လိုက်သောကြောင့် သူမ၏ အဖြေများမှာ အားရစရာ မရှိလှသည်ကို သတိထားမိခဲ့သည်။

ထို့နောက် နာမည်ကျော် သခင်ဝတုတ်ကျိုးက လုပ်ဖူးသမျှကို ချပြခိုင်းရာ သူမက တွန့်ဆုတ်နေမိခဲ့သဖြင့် တက္ကသိုလ် ဂျာနယ်တွင် ဒုတိယရခဲ့ဖူးသည်ကိုသာ ချပြနိုင်ခဲ့သည်။

သူတို့က ထိုအဖြေကိုလည်း သိပ်ကျေနပ်ပုံမရပေ။

ထို့ကြောင့် အင်တာဗျူးအဆင်မပြေခဲ့သဖြင့် နောင်တရသလိုဖြစ်နေပြီး ဝတ္ထုအပိုင်းသစ်မရေးမီ ဝမ်းနည်းစွာဖြင့် ကြက်တောင်ပံ စပ်စပ်ကြော် တစ်ဗူးကို နေ့လည်စာအဖြစ် ဝယ်စားပစ်လိုက်သည်။

ထိုအချိန်တွင် သူမ၏ ခေါင်းထဲ၌ အစားအသောက်နှင့် ပရိတ်သတ်များကသာ သူမ၏ အဖော်မွန်ဖြစ်ကြောင်း တွေးနေမိသည်။ ထို့ကြောင့်လည်း သူတို့ စိတ်ပျက်မသွားအောင် ကြိုးစားဖို့ ဆုံးဖြတ်ထားခြင်း ဖြစ်သည်။

သို့သော် ယခုမူ ဟွာရေ့ကုမ္ပဏီက သူမကို လက်ခံသည်တဲ့…။

ဟင်း… ဒါဆို သူတို့က အတွေ့အကြုံမရှိသေးတဲ့ ငါ့လို တက္ကသိုလ်ပြီးစ, ကျောင်းသူတစ်ယောက်ကိုလည်း လက်ခံတယ်ပေါ့။

ဘာပဲဖြစ်ဖြစ် ဒါက သတင်းကောင်းပဲ…။ ထို့ကြောင့် လီရှု ပျော်မိသည်။ ဖုန်းချပြီးသည့်အခါ အကင်တစ်ပွဲ ဒယ်လီမှာလိုက်သည်။ ထို့နောက် စိတ်ချမ်းသာစွာဖြင့် စာဆက်ရေးတော့သည်။

မနက်ဖြန်က ငါ့အတွက် အလုပ် ပထမဆုံးနေ့ပဲ… လုပ်အား မထိခိုက်အောင် စောစောအိပ်မှပါ…။ မဟုတ်ရင် အလုပ်တွေ ပိပြီး သေလိမ့်မယ်။

~~

ဤသို့ဖြင့် နောက်တစ်နေ့ မနက်ရောက်သည့်အခါ လီရှုက အလုပ်သို့ အချိန်မှီရောက်လေသည်။

ပထမဆုံးနေ့မို့ လုပ်သမျှ နှေးနှေးကွေးကွေးသာဖြစ်နေတော့သည်။ စာရွက်စာတန်းများကို အပြီးဖြတ်ရန်အတွက် သူမ အချိန် လေးနာရီခန့် ယူလိုက်ရသည်။

ဒေါက်ဖိနပ် တဂွက်ဂွက်ဖြင့် တမနက်ခင်းလုံး လှုပ်ရှားလုပ်ဆောင်ပြီးနောက် သူမ၏ အလုပ်ခုံတွင် ခဏတဖြုတ် အေးအေးဆေးဆေး နားခွင့်ရလေသည်။ အသက်ပြင်းပြင်း တစ်ချက်ရှူထုတ်လိုက်ပြီးနောက် ကွန်ပျူတာကို ဖွင့်လိုက်သည်။ ကွန်ပျူတာ ပွင့်လာသည်ကို စောင့်ရင်း သူမ,တင်ထားသည့် အပိုင်းသစ်တွင် စာဖတ်သူတို့ မှတ်ချက်ပေးထားသည်များကို တစ်ချက် ဝင်ဖတ်ကြည့်လိုက်သည်။

ဇနီးနှင့် သားသမီးများကို စွန့်၍ ချမ်းသာသည့် မိန်းမနောက်သို့ လိုက်ရန် ကြံနေသည့် လူယုတ်မာမှာ နာမည်ကြီး ဆယ်လီကောင် ယန် ဟုတ်မဟုတ် စာဖတ်သူတို့က မေးနေကြသည်။

လီရှုက သူမဘာသာ သူမ တွေးလိုက်သည်။

“ဟဲ့… ငါ့ ပရိတ်သတ်တွေက ဘယ်သူမှန်း ခန့်မှန်းလို့တောင် ရနေပြီလား”

ထိုအခါ စစ်စတန်က ပြောလိုက်သည်ကို ကြားလိုက်ရသည်။

【ဘာလိုလိုနဲ့ နင့် ဝတ္ထုတွေက လူတွေအတွက် အတင်းတုပ်စရာ ဟစ်တိုင်ကြီးလို ဖြစ်နေပြီလေ…။ အဲဒီကိစ္စကို သတင်းသမားတွေကလည်း ကိုယ်တိုင်သိချင်နေကြလို့ မနေ့ကတည်းက စုံစမ်းနေကြတာ…။ မနေ့ညတုန်းကဆို ကောင်းကောင်းတောင် မအိပ်နိုင်ဘဲ ညလုံးပေါက် စုံစမ်းနေကြတာ လူတစ်ရာလောက်ရှိမယ်ထင်တယ်။ အဲ့ထဲက ကောင်မလေး တစ်ယောက်က စုံစမ်းရင်းနဲ့ ဆယ်လီကောင် ယန် XX ရဲ့ မိန်းမကို သိသွားတယ်…။ အဲဒီကောင်မလေးက အဲဒီ ဆယ်လီကောင်ကို ဆဲထားတဲ့ ပို့စ်တစ်ခု တင်လိုက်တော့ လူတွေက ဘယ်သူမှန်း ခန့်မှန်းမိကုန်တာပေါ့…။】

206 02

လီရှု မျက်နှာ ဝင်းပသွားသည်။ ဟဟ… ဒါသတင်းကောင်းပဲ!

ဒါပေမဲ့ အဲဒီ ကောင်မလေးတစ်ယောက်တည်းနဲ့ဆိုရင်တော့ သိပ်ထူးမှာမဟုတ်ပေမဲ့ သတင်းသမားတွေပါ သိသွားရင်တော့ လူတွေ တော်တော် သတိထားမိသွားမယ်ထင်တယ်။

ကျန်တာကတော့ သက်ဆိုင်တဲ့လူတွေ ဆက်လုပ်ကြပါစေ…။ ဆယ်လီကောင်ရဲ့ မိန်းမက ရှေ့နေကောင်းကောင်း ငှား… တရားစွဲ… လျော်ကြေးတောင်းပြီး ဘဝကို အေးအေးဆေးဆေး နေလို့ရသွားရင် မဆိုးဘူး။

ထိုစဉ် သူမ၏ ကွန်ပျူတာက သုံးလို့ရပြီ ဖြစ်သဖြင့် ဖုန်းကို သိမ်းလိုက်ပြီး အလုပ်ကို ဆက်၍ လုပ်လေသည်။

သူမအဖို့ ယခင်က ရုံးအလုပ်များကို တစ်ခါမှ မလုပ်ဖူးသော်လည်း ဉာဏ်ကောင်းပြီး လေ့လာ သင်ယူတတ်သူဖြစ်သဖြင့် အဆင်ပြေပြေ လုပ်နိုင်ပေသည်။

လုပ်ရင်း အချိန်မည်မျှ ကုန်သွားသည်မသိ နေ့လည် နားချိန်ရောက်လာသည်။ ထမင်းစားချိန်တွင် ရုံးကင်တင်း၊ ဓါတ်လှေကား၊ လူသွား စင်္ကြန်လမ်းများနှင့် နားနေခန်းများတွင် လူတိုင်းပြောနေကြသည့် စကားတစ်ခွန်းတည်းရှိသည်။

ဆရာ ‘ရှောင်ယောင် ဝမ်ဇီ’၏ ဝတ္ထု အပိုင်းသစ်ထဲတွင်ပါသည့် ခေတ်သစ် ချန်ရှီမင်မှာ နာမည်ကြီး ဆယ်လီကောင် ယန် XX ဖြစ်ကြောင်း ပြောနေကြခြင်း ဖြစ်သည်။

ကျိုးလန်တစ်ယောက် ကုမ္ပဏီအတွင်းသို့ ဝင်လာသည်နှင့် ထိုစကားများကိုသာ ကြားနေရသည်။

သူက တိတ်တဆိတ်နားထောင်လျက် လျှောက်လာရင်း စိတ်ထဲတွင် တွေးနေမိသည်။

မနေ့က ဟို လီရှုဆိုတဲ့ ကောင်မလေး ကုမ္ပဏီကနေ ပြန်ထွက်သွားကတည်းက သူ့နောက်ကြောင်းရာဇဝင်ကို လိုက်စုံစမ်းကြည့်နေတာ… အခုထိ ဘာမှ ထူးခြားတာ မတွေ့သေးဘူး…။

တကယ့်ကို တက္ကသိုလ်ကျောင်းသူသက်သက်ပဲ… တခြား ဘယ်ကုမ္ပဏီနဲ့မှလည်း လုပ်ငန်းလုပ်ကိုင်တာမျိုး မရှိဖူးဘူး…။ ဒါပေမဲ့ သူမ ဘာလို့ ဖျော်ဖြေရေးလောကထဲက သတင်းတွေကို ဒီလောက်တောင် သိနေတာလဲ။

စိတ်ထဲတွင် ထူးခြားဆန်းကြယ်သည်ဟု သူစိတ်ထဲတွင် ခံစားနေရသည်။ ထို့နောက် သူက ဓါတ်လှေကားထဲသို့ ဝင်၍ အစီအစဉ်ချမှတ်ရေးဋ္ဌာနရှိရာ တစ်ဆယ့်နှစ်ထပ်သို့ တက်ရန် ခလုတ်ကို နှိပ်လိုက်သည်။

၁၂ ထပ်သို့ ရောက်သည့်အခါ ဓါတ်လှေကားထဲမှ ထွက်၍ ရုံးခန်းအတွင်းသို့ ဝင်သွားသည်။ နေ့လည်စာ စားပြီးသဖြင့် အထဲသို့ ပြန်ရောက်နေသည့် လုပ်ဖော်ကိုင်ဖက်များက သူ့ကို နှုတ်ဆက်ကြသည်။ အချို့ကလည်း စိတ်ထဲတွင် တွေးနေကြသည် ။

【ဟား… ငါ ဒရာမာဇာတ်လမ်းတွေ… တီဗီအစီအစဉ်တွေ အများကြီး ကြည့်လာတာ… ဒီလောက် ယုတ်မာတဲ့ သူမျိုး ရှိနေမယ်လို့ ထင်မထားမိဘူး…။ ဒီကောင့် နာမည်ကတော့ ပျက်ပြီ!!!】

【လူရှေ့မှာ ဟန်ပြ လုပ်ပြီး လူကောင်း ယောင်ဆောင်ပြနေတဲ့ ဖျော်ဖြေရေး လောကထဲက လူတွေကို မယုံမိဖို့အတွက် ဒါ သင်ခန်းစာပဲ…။ ဒီဆယ်လီကို တီဗီပေါ်မှာကျ ဒီလောက် ချစ်တတ်သူကြီးလို လုပ်ပြနေပြီး နောက်ကွယ်မှာ ဒီလောက် ယုတ်ညံ့နေလိမ့်မယ်လို့ ငါဖြင့် စိတ်ကူးတောင် ယဉ်လို့မရဘူး…။】

【နောက်ဆုံးတော့လည်း ဘယ်သူမှန်း အဖြေထွက်လာပြီ…။ အင်း… ဆရာ ရှောင်ယောင်က နောက်တစ်ခါ ဘယ်သူ့ကို ဖော်ဦးမှာလဲ မသိဘူး】

ကျိုးလန် - “...”

ဟိုကောင်မလေး နောက်ထပ် ဘယ်သူ့ကို ဖော်ဦးမလဲလို့ သူလည်း စိတ်ဝင်စားမိသည်။

မကြာမီ သူမ၏ အလုပ်ခုံရှိရာ နေရာသို့ သူရောက်လာသည်။

မှန်တဖက်တွင် ကွန်ပျူတာပေါ် စာတဖျောက်ဖျောက် ရိုက်နေသည့် သူမကို လှမ်းမြင်လိုက်ရသည်။

သူက သူမအနားသို့ ရောက်လာသည့်အခါ သူမ၏ အတွေးများကို ကြားလိုက်ရလေသည်။

【အင်း… ဒီနေ့ ဘယ်သူ့အကြောင်းရေးရင် ကောင်းမလဲ။】

206 03

【ဟို ဆယ်လီကောင် ယန် XX က ကပ်ဖို့ကြိုးစားနေတဲ့ သူဋ္ဌေးမ ကျောက် XX ရဲ့ ခင်ပွန်းဟောင်း ဝမ် XX ဆိုတဲ့လူရဲ့ ဖောက်ပြန် ဇာတ်လမ်းကို ချပြလိုက်ရင်ကောင်းမလား။ ဟုတ်တယ်လေ… အဲဒီတုန်းက သူက အတွင်းလူတွေနဲ့ ပေါင်းပြီး ထုတ်ကုန်သွင်းကုန်ကိစ္စမှာ ရှယ်ရာဝင်တွေဆီကနေ ငွေလိမ်ဖူးတော့ လူကောင်းမှ မဟုတ်တာ…။】

ကျိုးလန် အံ့ဩသွားမိသည်။ အဲဒီ ဝမ် XX ဆိုတဲ့ ပုဂ္ဂိုလ်က အခုဆို အသက် ငါးဆယ်ထဲ ရောက်နေပြီဖြစ်သည်။ ဒီကောင်မလေးက အဲဒီလူရဲ့ လွန်ခဲ့တဲ့ အနှစ် နှစ်ဆယ်တုန်းက အဖြစ်အပျက်တွေကို ဘယ်လိုလုပ် သိနေတာလဲ။

ထိုစဉ် သူမ ဆက်၍ တွေးလိုက်သံကို ကြားလိုက်ရသည်။

【ဟုတ်သားပဲ… အဲဒီ ဝမ် XX ဆိုတဲ့ လူက ကျိုးလန်ရဲ့ အမေ ကျိုးရော့လန်ကိုလည်း လိုက်ဖူးသေးတယ်…။ မရတော့ လုပ်ငန်းရှင် တွေ့ဆုံပွဲတစ်ခုမှာ နာမည်ကျော် သခင်ဝတုတ်ကျိုးကို ပြန်ပေးဆွဲပြီး သူ့အမေကို ညစ်ဖို့ကြိုးစားဖူးသေးတယ်…။ ကံကောင်းတာက ကျိုးရော့လန်က ကြိုသိသွားလို့ ဝတုတ်လေးကျိုး သူ့လက်ထဲ ရောက်မသွားတာ…။ အဲဒီလူ မအောင်မြင်လိုက်ပေမဲ့ အဲဒီ ကိစ္စလည်း ထည့်ရေးရင် ကောင်းမယ် ထင်တယ်။】

ကျိုးရော့လန် - “...”

ဘာ… ဘာ… “နာမည်ကျော် သခင်ဝတုတ်” ဆိုတာ ငါ့ကို ပြောနေတာလား။

ပြီးတော့ အဲဒီလို ပြန်ပေးဆွဲတဲ့ ကိစ္စတွေလည်း တကယ် ဖြစ်ခဲ့သေးတာလား။

သူတောင် မသိသည့်ကိစ္စကို သူမက ဘယ်လိုသိနေတာလဲ။

~~

အံ့ဩစရာ လီရှုမှာ တစ်ရက်သာ အလုပ်လုပ်ရသေးပြီး ရုံးသုံးဆော့ဝဲကို ကျွမ်းကျွမ်းကျင်ကျင် မသုံးတတ်သေးမှီ နောက်တစ်နေ့ မနက်တွင် ကုမ္ပဏီဥက္ကဋ္ဌ၏ အတွင်းရေးမှူး ရာထူးသို့ တိုးသွားလေတော့သည်။

သူမ၏ အလုပ်ခုံကိုလည်း ခြောက်ထပ်ရှိ ဥက္ကဋ္ဌ ရုံးခန်းသို့ ရွှေ့ရသည်။

အားလုံး ပြီးစီးချိန်တွင် ကိုးနာရီ ဆယ်မိနစ်ခန့် ရှိနေလေပြီ။ သူမက အလုပ်ခုံတွင် ထိုင်လိုက်ပြီး အူကြောင်ကြောင် ဖြစ်နေသေးသည်။

ဘာတွေ ဖြစ်ကုန်တာလဲ။

ကုမ္ပဏီတွေမှာ လူအပြောင်းအရွှေ့လုပ်တာ ဒီလောက်တောင် လွယ်သလား။

ဥက္ကဋ္ဌ၏ အတွင်းရေးမှူးအလုပ်မှာ လစာ ပိုကောင်းသဖြင့် ငြင်းစရာမရှိသော်လည်း ပြဿနာတချို့က ရှိနေသည်။

ပထမအချက်က သူမ ယခင်က တစ်ခါမျှ အတွင်းရေးမှူး မလုပ်ဖူးပေ။ အကယ်၍ သူမသာ တလွဲလုပ်မိလျှင် ဥက္ကဋ္ဌ ဝတုတ် ကျိုးက သူမကို အလုပ်ဖြုတ်လိုက်ရင် မခက်ပါလား…။

ဒုတိယအချက်က သူဋ္ဌေးကျိုး၏ အလုပ်ခန်းမှာ သူမ၏ အရှေ့တွင် ရှိသဖြင့် နေ့လည်စာ စားချိန်ရောက်သည့်အခါ သူမ စာရေးရန် အဆင်ပြေပါတော့မလား။ မတော်တဆ ကျိုးက သူမ ဘယ်သူဆိုတာ သိသွားရင် မခက်ပါလား…။

ထိုစဉ် အနားတွင် ရှိနေသည့် ကျိုး - “...”

ဒီကောင်မလေးက ငါ့ကို ဝတုတ် ဝတုတ်နဲ့ တော်တော် ခေါ်ချင်နေတာလားမသိဘူး…။

ထို့နောက် ဆက်တွေးမိသည်။ သူမမှာ အတွေ့အကြုံမရှိသဖြင့် အလုပ်နှောင့်နှေးမည်မှာ သေချာသော်လည်း သူက ဒီကောင်မလေး၏ လျှို့ဝှက်ချက်ကို ဖော်ထုတ်ချင်နေသည်။

အနားတွင် ခေါ်ထားပါက ပို၍ ရှင်းရှင်းလင်းလင်း သိနိုင်မည် ဖြစ်ပေသည်။

ထို့ကြောင့် အလုပ်အတူတူလုပ်ခြင်းဖြင့် ရင်းနီးမှု တည်ဆောက်ရန် ဆုံးဖြတ်လိုက်ခြင်း ဖြစ်သည်။

ကောင်မလေးက ရုံးစာရေးသားခြင်းနှင့် ကော်ဖီဖျော်ပေးခြင်း အလုပ်တို့တွင် မကျွမ်းကျင်သောကြောင့် သူက စိတ်ရှည်လက်ရှည် ဖျော်ပြ ရေးပြပြီး သင်ပေးရသည်။

ထို့ကြောင့် ဘေးမှ ကြည့်လျှင် အတွင်းရေးမှူးက ဘယ်သူမှန်း ခွဲမရဖြစ်နေတော့သည်။

206 04

သို့သော် ထိုကိစ္စက အရေးမကြီး…။ အရေးကြီးသည်က နောက်ထပ် နှစ်ရက်ခန့် အကြာအထိ ကောင်မလေး၏ လျှို့ဝှက်ချက်ကို မသိနိုင်ဘဲ ဖြစ်နေသည်က ပြဿနာဖြစ်သည်။

ဒီကောင်မလေးက အလုပ်ချိန်တွင် အလုပ်ကို ဖိလုပ်သလို အားလပ်ချိန်တွင်လည်း နောက်ထပ် ဘာရေးရမည် ဘာစားရမည်ကို တွေးနေသည်ကလွဲ၍ အခြား ဘာမျှ ထူးထူးခြားခြား မဖြစ်ပေ။

ထို့ကြောင့် သူပို၍ နားမလည်နိုင်ဖြစ်နေမိတော့သည်။

ယခုလို အတူတူ အလုပ်လုပ်နေရင်း နောက်ထပ် အတင်းအဖျင်းနှစ်ခုကို သိလိုက်ရသည်။ နှစ်ခုစလုံး လူသိရန် ခက်ခဲပြီး ပေါ်သွားပါက ဝရုန်းသုန်းကားဖြစ်သွားနိုင်သည့် လျှို့ဝှက်ချက်များ ဖြစ်ပေသည်။

ဟား… ဒီကောင်မလေးက ဒါတွေကို ဘယ်လိုလုပ် သိနေရတာလဲဆိုတာ သိချင်လိုက်တာနော်…။

မဟုတ်သေးဘူး… ငါအခု လုပ်နေတဲ့ နည်းလမ်းက မလုံလောက်သေးဘူး…။

သူ နာရီကို တစ်ချက်ကြည့်လိုက်သည့်အခါ အလုပ်ဆင်းရန် နှစ်နာရီခန့်လိုနေသေးသည်ကို သိလိုက်ရသည်။ ကျိုးလန်က တစ်ချက်တွေးလိုက်ပြီး ရုံးခန်းအပြင်ဖက်ရှိ ကောင်မလေးထံသို့ ရုံးဆော့ဝဲမှနေတဆင့် စာတစ်ခုပို့လိုက်သည်။

【ဒီည အိုဗာတိုင်ဆင်းရမယ်… စောင့်ပါ】

သူမက ချက်ချင်း ပြန်ပြောသည်။ 【ဟုတ်ကဲ့】

ထို့နောက် ကျိုးလန်က အလုပ်ကို ဆက်လုပ်သည်။

ဤသို့ဖြင့် အချိန်များ တရွေ့ရွေ့ ကုန်ဆုံးသွားပြီးနောက် အလုပ်လုပ်ခြင်းကို ရပ်နားလိုက်သည်။ ထိုအချိန်တွင် ကောင်းကင်ကြီးမှာ မှောင်နေပြီဖြစ်သည်။

သူ မှန်ကိုဖြတ်၍ လှမ်းကြည့်လိုက်သည့်အခါ ဟိုကောင်မလေးက ကွန်ပျူတာကို တဖျောက်ဖျောက် ရိုက်နေ‌သေးသည်ကို တွေ့လိုက်ရသည်။

သူမ စာရိုက်နှုန်းကို ခန့်မှန်းကြည့်လိုက်သည့်အခါ ဝတ္ထုအသစ်ရေးနေသည်ဟု ထင်ရသည်။

သူက တပါးသူကို အနှောင့်အယှက်ပေးတတ်သူ မဟုတ်သောကြောင့် သူမ တစ်ပိုင်းရေးပြီးသည်အထိ ခဏစောင့်ပေးလိုက်သည်။ ထို့နောက် ရုံးစာတစ်စောင် ထုတ်ပေးရန် စာလှမ်းပို့လိုက်သည်။

မကြာမီ သူက အပြင်သို့ထွက်ကာ သူမကို ပြောလိုက်သည်။

“တော်တော် နောက်ကျတဲ့ အထိ စောင့်ပေးရတဲ့အတွက် ကျေးဇူပါ…။ အခုတော်တော်လည်း နောက်ကျနေပြီဆိုတော့ ညစာ အတူတူ သွားစားကြမယ်လေ…။”

ထိုအခါ လီရှုက ယဉ်ယဉ်ကျေးကျေး ပြန်ပြောသည်။

“ကျေးဇူးတင်စရာမလိုပါဘူး ဥက္ကဋ္ဌကျိုး… ကျွန်မက တာဝန်အရ လုပ်ရတာပါ ”

သို့သော် စိတ်ထဲကမူ –

【ငါ့ကို ညစာ ခေါ်ကျွေးတယ်။ ဒီသူဋ္ဌေးက တော်တော် သဘောကောင်းတာပဲ…။ ဘာပဲဖြစ်ဖြစ် သူဋ္ဌေးတွေ ဘာစားသလဲသိရတော့ စာထဲ ထည့်ရေးဖို့ ကုန်ကြမ်းရတာပေါ့…။】

ကျိုးလန် - “...”

ဪ … ဒီကောင်မလေး ပြောလိုက်မှပဲ သူဋ္ဌေးတွေက ပုံမှန် သူများစားတဲ့ အတိုင်း မစားတတ်သူတွေ ဖြစ်ကုန်တော့မယ်။

သူကလည်း ယဉ်ယဉ်ကျေးကျေး ပြုံးလိုက်ကာ ပြောလိုက်သည်။

“ရပါတယ်… ငါလည်း ဗိုက်ဆာနေပြီမို့ပါ…။ ဒါဆို အတူတူ သွားကြမလား”

ဤသို့ဖြင့် သူက ရှေ့မှ ဦးဆောင်၍ လျှောက်သွားလိုက်သည်။

မိန်းမပျိုလေးက တချက် တွန့်ဆုတ်သလို ဖြစ်သွားပြီး သူ့နောက်မှ ခပ်သွက်သွက် လိုက်လာသည်။

206 05

နီးနီးနားနားတွင် ကွမ်တုံစားသောက်ဆိုင်တစ်ခုရှိသည်။ တိတ်တိတ်ဆိတ်ဆိတ်ရှိပြီး အစားအသောက်လည်းကောင်းလှသည်။

ညစာစားချိန်ဖြစ်သော်လည်း ပိတ်ရက်မဟုတ်သဖြင့် ဆိုင်ထဲတွင် ထိုင်စရာ နေရာလွတ်များ ရှိနေသည်။

စားပွဲထိုးလိုက်ပြပေးသည့်နေရာတွင် သူတို့နှစ်ဦးထိုင်လိုက်ကြသည်။

ကျိုးလန်က ဒီဆိုင်တွင် ပုံမှန်လာစားဖြစ်သူ ဖြစ်သည်။ သူက အစားအသောက်မီနူးကို ကြည့်လိုက်ပြီး ငါးပေါင်း၊ ပင်လယ်စာနှင့် အသီးအရွက်ဟင်းများ မှာလိုက်သည်။

လီရှုက ဤသည်ကို ကြည့်၍ တွေးနေသည်။

【ဪ… သူဋ္ဌေးတွေလည်း တရုတ်စာ စားတတ်သားပဲ… ငါက CEO ဆိုရင် 1982 ကတည်းက စိမ်ထားတဲ့ ဝိုင်တို့… အထက်တန်းစား အသားလွှာတို့ပဲ စားတယ်လို့ ထင်နေတာ】

ကျိုးလန် - “...”

ဒီကောင်မလေးကတော့လေ… အပိုတွေ လျှောက်တွေးနေတယ်…။ ငါက နိုင်ငံခြားမှာ နေတုန်းကတောင် တရုတ်စာ စစ်စစ်ပဲ စားတာ။

မကြာမီ ဟင်းလျာများ ရောက်လာသဖြင့် ကျိုးလန်က မေးလိုက်သည်။

“ကွမ်တုံဟင်းတွေက ဗိုက်အရမ်းမပြည့်ဘူး… ညစာအတွက် စားလို့ သင့်တော်တယ်… မင်း စားတတ်ရဲ့လား”

လီရှုက ပြုံးကာ ခပ်သွက်သွက် ပြန်ပြောလိုက်သည်။

“ဟုတ်ကဲ့… ညစာကို အဲဒီလိုစားတာ ကောင်းပါတယ်”

ထိုစဉ် သူမ တစ်စုံတစ်ခုကို သဘောပေါက်သွားသည်။

ဟုတ်သားပဲ… ကိုလူချောက ပေါင်နှစ်ရာကျော် ဖြစ်ခဲ့ဖူးမှတော့ ပြန်ဝမှာစိုးလို့ အများကြီးမစားဘဲ ထိန်းနေတာနေမှာပေါ့…။ ခန္ဓာကိုယ်ကို ထိန်းချင်တဲ့သူ တော်တော်များများက ငါးပေါင်းတို့ ဘာတို့လိုမျိုး အသားဓါတ်များများနဲ့ အဆီနည်းတဲ့ အစားအသောက်မျိုးတွေ စားတတ်ကြတယ်။ အနောက်တိုင်း အစားအစာတွေနဲ့ အဆင်မပြေလောက်ဘူး။

ကျိုးလန် - “...”

ကျိုးလန်မှာ ပေါင် ၂၀၀ ကိစ္စ ကြားလိုက်တိုင်း ငိုချင်လာသဖြင့် ထပ်မပြောရန် တောင်းပန်လိုစိတ်ပင် ဖြစ်နေမိသည်။

ထိုစဉ် သူမက အရေးကြီးသည့် ကိစ္စတစ်ခုကို သတိရသွားဟန်ဖြင့် စိတ်ထဲတွင် “ဟင်…” ဟု ရေရွတ်လိုက်ကာ —

【အခုမှ သတိရတယ်… ငယ်စဉ်တုန်းက အဝ,လွန်တဲ့ သူတွေရဲ့ ဟိုဒင်းက သေးတယ်တဲ့။ ဝတုတ်လေး ကျိုးရဲ့ ဟာကရော အဆင်ပြေရဲ့လားမသိ။】

【သနားပါတယ်… ရုပ်ကလေးက ချောရဲ့သားနဲ့ အဲဒါလေး ချွတ်ယွင်းနေရင်‌တော့ နှမျောစရာပဲ】

လီရှု တစ်ယောက် ထိုသို့ ပေါက်တတ်ကရများ တွေးလိုက်သည့်အခါ သူမရှေ့ကလူက ရေနွေးကြမ်း ထသီးလေတော့သတည်း။

******

207 01

အခန်း 207

သူမရှေ့မှ သူဋ္ဌေးကိုလူချောတစ်ယောက် ရေနွေးကြမ်း သီးသွားပြီး ချောင်းတဟွတ်ဟွတ်ဆိုးနေသည်ကို မြင်လိုက်ရသောအခါ လီရှုတစ်ယောက် လန့်ဖြန့်သွားပြီး တစ်သျှူးစက္ကူတစ်ရွက် ကမ်းပေးလိုက်သည်။

“ဥက္ကဋ္ဌကျိုး အဆင်ပြေရဲ့လား”

ကျိုးလန်က တစ်သျှူးကိုလှမ်းယူလိုက်ပြီး သုတ်လိုက်ကာ ဟန်မပျက်အောင် ကြိုးစားထိန်းနေသည်။

“အင်း… ဘာမှ မဖြစ်ဘူး… ရတယ်”

သို့သော် စိတ်ထဲ၌မူ စိတ်ဆိုးနေပြီး သူ့ဟာ ချွတ်ယွင်းလား မယွင်းလား သိသွားအောင် ရွဲ့ပြီး ပြချင်စိတ်ပင် ပေါက်သွားမိသည်။

ဒီကောင်မလေးကတော့လေ… ဘာတွေ လျှောက်တွေးနေတာလဲ မသိဘူး။ ပြီးတော့ သူ ပေါင် ၄၀၀ လောက် ဝခဲ့တာကို ဘယ်သူက ပြောလိုက်တာလဲ။

သူ့ခမျာ စိတ်ထဲတွေးနေမိသည်များကို မျက်နှာတွင် မပေါ်အောင် ထိန်းနေရသည်။ ထို့ကြောင့် “ခဏနော်” ဟု ပြောကာ စိတ်ငြိမ်သွားအောင် ခဏစောင့်လိုက်ပြီး သူမကို မေးလိုက်သည်။

“ကျောင်းတက်နေတုန်းက ဘာတွေ လုပ်လေ့ ရှိလဲ”

လီရှုက —ပြန်ဖြေသည်။

“အဆောင်မှာ ဒါမှမဟုတ်ရင် စာကြည့်တိုက်မှာ အချိန်ဖြုန်းတယ်”

ကျိုးလန်က ဆက်မေးလိုက်သည်။

“အပြင်တွေ ဘာတွေ ထွက်မလည်ဘူးလား”

လီရှုက ခေါင်းကို ရမ်းကာ ပြန်ဖြေသည်။

“အပြင် သိပ်မထွက်ဖြစ်ဘူး… ကျောင်းအလုပ်တွေ များနေတာနဲ့”

သူမ၏ စိတ်ထဲ၌မူ သက်ပြင်းချလိုက်မိသည်။ သူ့မှာ အချိန်မှ မရှိတာ… ဘယ်လို အပြင်ထွက်လည် ရမှာလဲ။ ဝက်ဆိုဒ်ပေါ်မှာ ဝတ္ထုရေးရတာ သမုဒ္ဒရာကြီးထဲ ခုန်ချလိုက်သလိုပဲတဲ့…။ သူမမှာ ရှိသမျှ အချိန်တွေအားလုံး စာဖတ် ပရိတ်သတ်အတွက်ပဲ ပေးထားရလို့ ရည်းစားထားချိန်တောင် မရလိုက်ဘူး။

နေစမ်းပါဦး… အခု ငါက အလုပ်လုပ်နေပြီဆိုတော့… ဝတ္ထုကို အပြီးဖြတ်ပြီးရင် ခဏတဖြုတ် အနားယူပြီး ရည်းစားလေးဘာလေး ရှာရင် ကောင်းမလား…။ ငါ အကဲခတ်ကြည့်ရသလောက် ကုမ္ပဏီမှာ ရုပ်ချောချော ကောင်လေး သုံး လေးယောက်လောက် တွေ့မိတယ်။

ဤသည်ကို တိတ်တဆိတ် နားထောင်နေသည့် ကျိုးလန်က မျက်ခုံးမြှင့်လိုက်မိသည်။ မနေ့ကပဲ ဒီကောင်မလေးက သူ့ကို ချောတယ်ပြောပြီးတော့ အခုကျတော့ တခြားသူတွေကို စိတ်ဝင်စားနေပြန်ပြီလား။

ဤသို့တွေးနေစဉ် သူမက ဟင်းနှိုက်ရင်း သူ့ကို ခိုးကြည့်လိုက်သည်ကို သတိထားမိလိုက်သည်။ ထို့နောက် စိတ်ထဲတွင် 【နေစမ်းပါဦး… ဒီဘဲကလည်း ရည်းစားရှိပုံ မပေါ်ဘူး… ဒီလောက် ရုပ်ချောပြီး ချမ်းသာတဲ့သူက ရည်းစားလေးတောင် မရှိဘူးလား?】 ဟု တွေးမိလိုက်သည်။

【ဪ… ကြည့်ရတာ အရင်တုန်းက ပေါင် ၄၀၀ လောက် ဝခဲ့ဖူးတော့ အခုထိ ထရော်မာ ဝင်နေတုန်း ထင်ပါရဲ့…】

ကျိုးလန် စိတ်ထဲ ကျလိကျလိ ဖြစ်လာတော့သည်။ ထို့ကြောင့် သူက သူမ၏ အတွေးများကို ဖြတ်ပြောလိုက်သည်။

“ဒါနဲ့ ကုမ္ပဏီက ငါ့ လုပ်ဖော်ကိုင်ဖက်တွေ အခုတလော သူတို့ ဖတ်နေတဲ့ ဝတ္ထုတစ်ပုဒ် အကြောင်း ပြောနေကြတာ ကြားမိတယ်…. ဘာတဲ့… ‘ဖျော်ဖြေရေးလောကထဲက အတွင်းသတင်းတွေ ပြောကြမယ်’ ဆိုလားပဲ… မင်း ဖတ်ဖူးလား”

207 02

သူက ပြောရင်း သူမ ဘယ်လိုများ တုံ့ပြန်လာမလဲဟု ပုံမှန်မျက်နှာထားဖြင့် စောင့်ကြည့်လိုက်သည်။

လီရှုက တစ်ချက် တွန့်ခနဲ ဖြစ်သွားပြီး စိတ်ထဲ၌ —တွေးလိုက်မိသည်။

【အယ်…? သူကလည်း ငါ့ ဝတ္ထုကို ဖတ်တယ်လား?】

သို့သော် အပြင်၌မူ ခေါင်းကို ညိတ်၍ —

“ဪ… ကြားဖူးပါတယ်… ကြည့်ရတာ လူတော်တော်များများ ဖတ်ကြပုံပဲ” ဟု ပြန်ဖြေလိုက်သည်။

ကျိုးလန်က ဆက်မေးသည်။

“အကုန်လုံးက စာရေးဆရာ ဘယ်သူဖြစ်မလဲလို့ ခန့်မှန်းနေကြတာ…။ ငါလည်း စိတ်တော့ ဝင်စားနေတယ်… စာရေးဆရာမက အတွင်းသတင်းတွေကို ဘယ်လိုများ သိသလဲ။ ပြီးတော့ အကုန်လုံးကလည်း ကွက်တိ မှန်နေသေးတယ် မဟုတ်လား”

သူစောင့်ကြည့်နေစဉ် သူမက စိတ်ထဲတွင် ကျိတ်၍ ဂုဏ်ယူနေသည်။

【ဒါပဲလေ။ ငါ့ စစ်စတန်ရဲ့ အစွမ်းနဲ့ ဘာကုန်ကြမ်းမှတောင် ရှာစရာမလိုဘူး…။ လူတွေ ပြောကြတာ ရှိတယ်… တခြားလူတွေ မသိစေချင်ရင် အစကတည်းက မလုပ်နဲ့တဲ့…။ အဲဒီတော့ တယောက်ယောက် တစ်ခုခု လုပ်လို့ကတော့ စစ်စတန်ရဲ့ ကျေးဇူးနဲ့ ငါက တန်းသိမှာပဲ】

ကျိုးလန် မျက်မှောင် ကြုတ်မိလိုက်သည်။

“စစ်စတန်”

အဲဒါက ဘာကြီးလဲ။

သူ့လို စိတ်ဖတ်တဲ့ အစွမ်းမျိုးပဲလား။

သူ စဉ်းစားနေရင်း တစ်စုံတစ်ခုကို ခံစားမိသလို ဖြစ်သွားသည်။

ဟမ်… ဒီဟာကြီးကို အရင်ကလည်း ကြားဖူးနေသလိုလိုပဲ - ဒီကောင်မလေးကို ဒီလိုပဲ မေးမြန်းခဲ့ပြီး နောက်ဆုံး ဒီလိုပဲ တွေးမိလိုက်တာမျိုး အရင်က လုပ်ဖူးနေသလိုလိုပဲ…။

သို့သော် ဘယ်လိုမှ စဉ်းစား၍ မရချေ…။ သို့သော် ရင်းရင်းနီးနီး ဖြစ်နေသလို ခံစားနေရသည်…။

အရင်က အိပ်မက်ထဲ မက်ဖူးတာမျိုးလား။

သူ ခေါင်းပူအောင် စဉ်းစားနေစဉ် ကောင်မလေးက မေးလိုက်သည်။

“ဒါနဲ့ ဥက္ကဋ္ဌကျိုးကိုလည်း မေးချင်နေတာ တစ်ခုရှိတယ်…”

ကျိုးလန်က ယခုမှ အသိစိတ်ပြန်ဝင်လာပြီး ခေါင်းညိတ်ပြလိုက်သည်။

“မေးလေ…”

“ကိုယ့် ခန္ဓာကိုယ်ကို ဘယ်လိုများ ထိန်းသလဲ။ နည်းလမ်းကောင်းလေးများ ရှိနေသလား။ နည်းနည်းလောက် ပြောပြပါဦး…”

ကျိုးလန်က ပြန်ဖြေသည်။

“ဘာမှ ထူးထူးခြားခြား လုပ်တာမျိုး မရှိပါဘူး…။ အပတ်စဉ်တိုင်း အပြေးလေ့ကျင့်၊ မအိပ်ခင် ကြွက်သားလေ့ကျင့်ခန်း ပေါ့ပေါ့ပါးပါးလေး လုပ်၊ ပြီးရင် ကယ်လိုရီများတဲ့အစာတွေ၊ အဆီဓါတ်များတဲ့ အစာတွေ… သကြားဓါတ်များတဲ့ အစာတွေ ရှောင်ပေါ့…။ အဲဒါဆို ကိုယ်အလေးချိန် ထိန်းပြီးသား ဖြစ်သွားလိမ့်မယ်”

ထို့နောက် သူက ထပ်ပေါင်းထည့်၍ ပြောလိုက်သည်။

“ပြီးတော့ ညဖက်လည်း နောက်ကျမှ အိပ်တာမျိုး မလုပ်နဲ့”

ထိုသို့ ပြောလိုက်သည့်အခါ လီရှုက အရေးကြီးသည့် ကိစ္စတစ်ခုကို သတိရသွားသည်။

အယ်… ဟုတ်သား… မနက်ဖြန်အတွက် အသစ်တင်ရမဲ့ အပိုင်းကို ပြီးအောင် မရေးရသေးဘူး… မြန်မြန်ပြန်ပြီး ဆက်ရေးဦးမှပါ။

ထိုသို့ တွေးပြီးနောက် သူမက ပါးစပ်ကို သုတ်လိုက်ကာ —ပြောလိုက်သည်။

207 03

“ကျွန်မ စားလို့ ပြီးပါပြီ”

ကျိုးလန်က ခေါင်းညိတ်၍ —မေးလိုက်သည်။

“ဒါဆို သွားကြတာပေါ့… အဆောင်အထိ လိုက်ပို့ပေးမယ်လေ…။ S တက္ကသိုလ် အဆောင်ဝန်းထဲမှာ နေတုန်း မဟုတ်လား”

လီရှုက ခေါင်းကို ရမ်းလိုက်သည်။

“တစ်နေ့ကပဲ ကုမ္ပဏီနားမှာ တိုက်ခန်းလေးတစ်ခု ရလိုက်လို့ အဲဒီမှာ ပြောင်း‌ပြီးနေပါပြီ…။ ကျောင်းက အဆောင်နဲ့ကျတော့ ဒီအထိက တော်တော် ဝေးတယ်လေ… အဲဒါကြောင့် အချိန်ကုန် သက်သာအောင် ပြောင်းလိုက်တာ”

ကျိုးလန်က စကားအများကြီး ပြန်မပြောတော့ဘဲ ခေါင်းသာ ညိတ်ပြလိုက်သည်။

“ကောင်းတာပေါ့… ငါ့မှာ ကားပါလာတော့ တခါတည်း လိုက်ပို့လိုက်မယ်”

လီရှုက ယဉ်ယဉ်ကျေးကျေး ငြင်းလိုက်သည်။

“သိပ်မဝေးပါဘူး… လမ်းနည်းနည်း လျှောက်လိုက်ရင်ကို ရောက်ပြီ”

ထိုအခါ ကျိုးလန်၏ မျက်နှာမှာ တည်သွားပြီး ပြောလိုက်သည်။

“အချိန်က တော်တော် နောက်ကျနေပြီ… မိန်းမငယ်လေး တစ်ယောက်တည်း ဂရုမစိုက်ဘဲ သွားလို့ ဘယ်ဖြစ်မလဲ...။ ပြီးတော့ အခုက အိုဗာတိုင် ဆင်းရတာမို့လို့ မင်းရဲ့ လုံခြုံရေးအတွက် ငါ့မှာ တာဝန်ရှိတယ်”

ထိုသို့ပြောပြီးနောက် မြေအောက်ထပ် ကားကွင်းသို့ ခေါ်သွားကာ ကားဖြင့် လိုက်ပို့တော့သည်။

လီရှု၏ တိုက်ခန်းမှာ တကယ်လည်း နီးနီးလေး ဖြစ်သည်။ ကားဖြင့်သွားလျှင် နှစ်မိုင်ခန့်က ခဏလေးနှင့် ရောက်သွားတော့သည်။

သူမနေထိုင်သည့် အိမ်ရာတိုက်ခန်းမှာ စက်ရုံအဟောင်းကြီးကို ပြုပြင်ထားခြင်းဖြစ်ပြီး နေရထိုင်ရ သိပ်ကောင်းမည့်ပုံ မပေါ်ပေ။ ပြောရလျှင် မီတာ ၂၀၀ ခန့် အနီးသို့ ရောက်လာသည့်အခါ ကားဆက်တိုး၍ပင် မရတော့လောက်အောင် လမ်းက ကျဉ်းနေသည်။

လီရှုက ကျိုးလန်ကို ပြောလိုက်သည်။

“ဒီကနေဆင်းပြီး လျှောက်သွားလိုက်တော့မယ်… လမ်းက တော်တော်ကျဉ်းတယ်”

ကျိုးလန်က ကားထဲမှ ခေါင်းပြူ၍ ကြည့်လိုက်ရာ လမ်းကြားလေးမှာ တော်တော်ရှည်လျားပြီး လမ်းမီးများကလည်း ခပ်မှိန်မှိန်ဖြစ်နေသည်။

သူက မျက်မှောင်ကြုတ်လိုက်ပြီး —မေးလိုက်သည်။

“မင်းက ဘယ်တိုက်မှာ နေတာလဲ”

“တိုက်နံပါတ် (၃)၊ အခန်းနံပါတ် (၅၀၅)” သူမက ပြောရင်း ပြုံးလိုက်ကာ ခါးပတ်ကြိုးကို ဖြုတ်လိုက်သည်။ “သွားလိုက်ဦးမယ် ဥက္ကဋ္ဌကျိုး”

ထို့နောက် သူမက ကားတံခါးဖွင့်ကာ လမ်းကျဉ်းလေးထဲသို့ ဝင်သွားတော့သည်။

ကျိုးလန်က ချက်ခြင်း ပြန်ထွက်မသွားသေးဘဲ ကောင်မလေး ဝင်သွားရာ လမ်းထဲသို့ လှမ်းစောင့်ကြည့်နေသည်။ တိုက်နံပါတ် (၃) က ဘယ်နားမှာလဲ။ သူ တစ်ယောက်တည်း သွားလို့ရော အဆင်ပြေရဲ့လား။

ထိုစဉ် ဖုန်းမြည်သံ တုန်ခါလာသည်ကို ခံစားလိုက်ရသည်။

ဟင်… ငါ့ ဖုန်းက အိတ်ထဲမှာပါ… ဒါ ငါ့ဖုန်း မဟုတ်ဘူး…။

တုန်ခါသံလာရာသို့ စမ်းကြည့်လိုက်ရာ ဘေးထိုင်ခုံအောက်တွင် ဖုန်းတစ်လုံးကို စမ်းမိလိုက်သည်။ ဖုန်းအကာက အဖြူရောင်ရှိပြီး အစွန်းနားများကို ရွှေရောင် ကွပ်ထားသည်။ အကာပေါ်တွင်လည်း ကံကောင်းစေသည့် ကြောင်ပုံ စတစ်ကာ ကပ်ထားပြီး “ချမ်းသာကြွယ်ဝ” ဟူသည့် စာလုံးလေးလုံးဖြင့် စီချယ်ထားသည်။

ကျိုးလန် - “...”

ဒီဖုန်းက ဘယ်သူ့ဖုန်းဟု စဉ်းစားကြည့်စရာပင် မလိုချေ။

207 04

ဒီကောင်မလေးကတော့လေ…

သူက ကားစက်ကို ရပ်လိုက်ပြီး တံခါးကိုဖွင့်ကာ သူမ,နောက်သို့ ပြေးလိုက်သွားလိုက်သည်။

ထိုစဉ် လီရှုကလည်း လန့်နေမိသည်။

သူမက နေစရာ တိုက်ခန်း အလျင်စလို ရှာလိုက်မိသဖြင့် လိုင်းပေါ်တွင် တွေ့ကရာ တိုက်ခန်းတစ်ခုကို ငှားလိုက်ရာ နှစ်ရက်ခန့် နေကြည့်မှ အဆင်မပြေမှန်း သိတော့သည်။

အသံဆူဆူညံညံရှိပြီး အသုံးအဆောင် ပစ္စည်းများမှာလည်း မကြာခဏပျက်တတ်သည်။ ပတ်ဝန်းကျင်ကလည်း မြို့လိုလို ရွာလိုလို နေရာမျိုးဖြစ်နေသည်။

တော်သေးသည်က သုံးလစာသာ ပေး၍ ငှားထားခြင်း ဖြစ်သဖြင့် သုံးလပြည့်အောင် အောင့်အီးသည်းခံ နေပြီးပါက အမြန်ပြောင်းရပေမည်။

ဒီနေ့ညအဖို့ ပို၍ ကံဆိုးသည်မှာ လမ်းမီးများ ပျက်နေသဖြင့် တိုက်နံပါတ် (၁) ကို ကျော်လာပြီးချိန်တွင် ပိန်းပိတ်အောင် မှောင်နေသည့် လမ်းကို မြင်လိုက်ရတော့သည်။

သူမက ဖုန်းကို ထုတ်၍ မီးထိုးကြည့်ရန် ရှာလိုက်သောအခါမှ အိတ်ထဲတွင် ဖုန်းမပါလာမှန်း သတိထားမိတော့သည်။

ဟယ်… ဘုရား ဘုရား… ဘယ်နားမှာများ ထားခဲ့မိပါလိမ့်။ ပျောက်ပြီထင်တယ်…။

အသည်းအသန် စဉ်းစားကြည့်လိုက်သောအခါ ကျိုး၏ ကားထဲတွင် နာရီကြည့်ရန် ခဏ ထုတ်လိုက်မိသည်ကို သတိရသွားသည်။ အဲဒီတုန်းက ငါ အိတ်ထဲ ပြန်ထည့်ဖို့ မေ့သွားတာများလား။

သူမက ပြန်သွားယူရန် ပြင်လိုက်သော်လည်း သူပြန်သွားလောက်ပြီဟု တွေးလိုက်မိသဖြင့် စိတ်ညစ်သွားမိသည်။

သူမအဖို့ အခု လုပ်နိုင်တာက တိုက်ခန်းရောက်အောင် အရင်ပြန်၍ ကွန်ပျူတာကနေတဆင့် ရုံးဆော့ဝဲကို အသုံးပြုကာ မနက်ဖြန် ကုမ္ပဏီရောက်လျှင် ဖုန်းပြန်ယူမည်ဖြစ်ကြောင်း စာပို့ရုံသာ တတ်နိုင်တော့မည်။

လီရှုမှာ မတတ်နိုင်တော့သဖြင့် အမှောင်ထုကို အံတုကာ မာန်တင်း၍ လျှောက်ရတော့သည်။ သို့သော် ခဏအကြာတွင် သူမ,နောက်မှ ခြေသံများကို ကြားလိုက်ရသည်။

ထိုခြေသံများမှာ တဖြည်းဖြည်း သူမ,ရှိရာဖက်သို့ ဦးတည်၍ လာနေသည်ဟု ထင်နေရသည်။ ထို့ကြောင့် ထိတ်လန့်သွားကာ အရှိန်ကို မြှင့်လိုက်သည်။ တိုက်နံပါတ် (၃) သို့ ရောက်သည့်အခါ ဝင်ပေါက်မှနေ၍ ငါးထပ်အထိ အသည်းအသန် လျှောက်သွားလိုက်သည်။

သို့သော် နောက်မှ ခြေသံများက ကပ်ပါလာတုန်းပဲ ဖြစ်သည်။

ဘုရား… ဘုရား… ခြေလှမ်းသံက ခပ်ပြင်းပြင်းဆိုတော့ ယောက်ျားတစ်ယောက်ပဲ ဖြစ်မယ်…။

သူမ နေထိုင်ရာ အထပ်တွင် အမျိုးသမီးများသာ ရှိမှန်း သိထားသဖြင့် ထိုပုဂ္ဂိုလ်မှာ ငါးထပ်တွင် နေထိုင်သူ မဖြစ်နိုင်ပေ။

သူမမှာ ကြောက်လွန်းသဖြင့် အခန်းတံခါးဖွင့်ရန် သော့ကို မွှေနောက်ရှာဖွေလေရာ စိတ်လှုပ်ရှားနေသောကြောင့်လား မသိ ရှာ၍ မတွေ့နိုင်ဖြစ်နေတော့သည်။

ထိုစဉ် ခြေသံများက သူမအနားသို့ အလျင်အမြန် ကပ်လာသည်။

သူမ၏ ခေါင်းထဲသို့လည်း တိုက်ခန်းအတွင်း အနုကြမ်းစီးမှုများ၊ နောက်ယောင်ခံလိုက်ပြီး အိမ်တွင်း ချိုးဖောက်ဝင်ရောက်မှုများ စသည်ဖြင့် အစီအရီဝင်လာတော့သည်။

လီရှုက သွေးပျက်စွာဖြင့် အနားတွင်ရှိနေသည့် တံမြက်စည်းကို ကောက်ကိုင်လိုက်ကာ ရိုက်ရန် အသင့်ပြင်ထားလိုက်သည်။

သို့သော် သူမ,အား တရင်းတနီးခေါ်လိုက်သံကို ကြားလိုက်ရသည်။ “ဝေ့… လီရှု”

သူမ ကျောက်ရုပ်တစ်ရုပ်လို တောင့်တောင့်ကြီးဖြစ်သွားသည်… ဒီအသံ ငါကြားဖူးသလိုပဲ။

အခန်းရှေ့ လူသွား စင်္ကြန်ရှိ မီးရောင်အောက်တွင် ထိုသူ၏ ပုံရိပ်မှာ တဖြည်းဖြည်း ထင်ထင်ရှားရှား မြင်လာရသည်။ ဒီလို ချောမောတဲ့ မျက်နှာ… မော်ဒယ်တစ်ယောက်လို ခန္ဓာကိုယ်…

207 05

ဒါ… ငါ့ သူဋ္ဌေး ကျိုးလန်ပဲ…။

ထိုအခါမှ အလွန်တရာ ရှက်သွားပြီး လက်ထဲတွင် ရွယ်ထားသည့် တံမြက်စည်းကို ချလိုက်သည်။

သို့သော် ပြာယာခပ်နေသဖြင့် မျက်နှာကျက်တွင် ရှိနေသည့် ဝါယာကြိုးများနှင့် ငြိသွားလေရာ ထိုဝါယာကြိုးများနှင့်အတူ တပ်ထားသည့် မီးသီးမှာလည်း သူမ၏ သူဋ္ဌေး ခေါင်းပေါ်သို့ ထိုးကျသွားတော့သည်။

“ဖက်တီး အဲ… သူဋ္ဌေး ကျိုး”

~~

ကျိုးလန်က လီရှုအခန်း၏ ဆိုဖာပေါ်တွင် လဲလျောင်းလျက် သတိမေ့နေသည်မှာ ဆယ်မိနစ်ခန့် ရှိပြီဖြစ်သည်။

သူ့ခေါင်းပေါ်က နာကျင်မှုထက် ခေါင်းထဲတွင် အတိတ်မှ ဖြစ်ရပ်များကို တစ်ခုပြီး တစ်ခု ပြန်မြင်နေရသည်။

ထိုစဉ်တုန်းက သူက ဧကရာဇ်မင်းကြီး… သူမက သူ့ရဲ့ ကိုယ်လုပ်တော်…

နှစ်သစ်ကူး စားသောက်ပွဲမှာ စ,ပြီး ဆုံတွေ့ခဲ့တယ်…

ပြီးတော့ သူမက သူ့ကို ကိုက်တယ်…

ပြီးတော့ အတင်း နမ်းတယ်…

သူ့ ရှေ့ကနေ လူသတ်သမားရဲ့ ဓါးကို ဝင်ခံတယ်… ဒဏ်ရာရသွားတယ်…

သူမက သွေးလန့်တတ်ပေမဲ့ စိတ်လှုပ်ရှားစရာကောင်းရင် အတင်းကြည့်တယ်…

တိုင်းပြည်အရေးတော်တော်များများမှာ ဝင်ကူတယ်…

သူ ပြန်ကျန်းမာလာအောင် သူမက ပြုစုခဲ့တယ်…

တစ်ယောက်ကို တစ်ယောက် စောင့်ရှောက်ခဲ့တယ်…

ပြီးတော့… သူတို့ရဲ့ သားနဲ့ သမီး… ဟန်ကလေးနဲ့ ရွှမ်ကလေး…

ဘဝ တလျှောက် တစ်ယောက်ကို တစ်ယောက် ကူညီရင်း အိုမင်းလာတဲ့အခါ ငြိမ်းငြိမ်းချမ်းချမ်း ဘဝကူးကြတယ်…

ကျိုးလန် အကုန်လုံးကို မှတ်မိသွားပြီ… သူအရင်ဘဝတုန်းက ဧကရာဇ်မင်းတစ်ပါး…

သူမက သူ့ရဲ့ တစ်ဦးတည်းသော မိဖုရား…။

…

သို့သော် လက်ရှိအချိန်တွင်မူ သူ့ဘေးတွင် ထိုကောင်မလေးက ထိတ်လန့်နေသည့် မျက်နှာဖြင့် စောင့်ကြည့်နေသည်။

“ဥက္ကဋ္ဌကျိုး… အဆင်ပြေရဲ့လား”

ကျိုးလန်မှာ ငိုရမလား ရယ်ရမလားပင် မသိတော့ချေ။ ထို့ကြောင့် သက်ပြင်းချလိုက်ကာ ပြောလိုက်သည်။

“မင်းနဲ့ တွေ့လိုက်တိုင်း ဒီလို ကံဆိုးတာက ဖြစ်နေတာပဲလား”

သူ့ အရင်ဘဝ မှတ်ဉာဏ်များ ပြန်ရသွားသဖြင့် သူမ, သူ့ကို ကိုက်ခဲ့သည်ကို ပြန်တွေးမိပြီး အလွန် နာလှသည်ကို သတိရသွားသဖြင့် ပြောလိုက်ခြင်း ဖြစ်သည်။

သို့သော် ဘာကိုမျှ မသိသေးသည့် လီရှုက နားမလည်စွာဖြင့် ခေါင်းကို ကုတ်ကာ —

“ဘာကိုလဲ။ တွေ့လိုက်တိုင်း ဖြစ်နေတာ ဆိုတာ”

သူမ၏ စိတ်ထဲ၌မူ - 【ဟယ်… ဒုက္ခပါပဲ… ဘုထွက်သွားလို့ ရူးသွားတာလား။ ဒါမှမဟုတ် မီးသီးကနေ ဓါတ်လိုက်ပြီး ကြောင်သွားတာလား မသိဘူး】ဟု တွေးနေမိသည်။

【ငါ ဘာလုပ်ရမလဲ? ဆေးရုံကို ခေါ်သွားရမှာလား?】

207 06

【ဒုက္ခပါပဲ… ဒီလူ ဉာဏ်ထိုင်းသွားရင် ငါ တာဝန်ယူရမှာလား?】

【အင်း… ရုပ်ချောတော့လည်း တာဝန်ယူရမယ်ဆိုလည်း ဖြစ်ပါတယ်… ဟီဟိ】

ကျိုးလန် - “...”

လောလောဆယ်တော့ သူပဲ အတိတ်ကို ပြန်မှတ်မိနေတာ ဖြစ်သည်။

ထိုသို့ ပြန်မှတ်မိသွားသည်ကိုလည်း သူ ကျေးဇူးတင်မိသည်။

ပြီးတော့ ညစာ စားစဉ် သူမ,ပြောခဲ့သည်ကိုလည်း ပြန်သတိရမိသည်။ ကောင်လေး တစ်ယောက်ယောက်နဲ့ ရည်းစားတော်ချင်တယ်တဲ့ ဟုတ်လား။

သူ အတွေးများနှင့် မျောနေစဉ် ကောင်မလေးက ထပ်မေးလေသည်။

“ဥက္ကဋ္ဌကျိုး … အဆင်ပြေတာ သေချာပါတယ်နော်”

ကျိုးလန်က ပြန်ပြောလိုက်သည်။

“ငါ နေလို့ သိပ်မကောင်းဘူး”

ထိုသို့ ကြားလိုက်သည့်အခါ လီရှု ထိတ်လန့်သွားသည်။

“အခြေအနေဆိုးရင် ဆေးရုံကို ပို့ပေးရမလား”

ကျိုးလန်က သူမကို အားမရှိသည့် ဟန်ဖြင့် ကြည့်ပြီး —ပြောလိုက်လေသည်။

“အဲဒီလောက်ကြီးတော့ မလိုပါဘူး… ဒါပေမဲ့ ဒီညတော့ ငါဒီမှာပဲ အိပ်မှ ဖြစ်မယ် ထင်တယ်…”

လီရှု - “ဟင်”

******

All Chapters