အခန်း ၂၀၈-၂၀၉ (ဇာတ်သိမ်း)
Vol. 14 Ch. 208-209(end)
208 01
အခန်း 208
လီရှုမှာ သူမ,နားကိုပင် သူမ မယုံသလို ဖြစ်နေသည်။
“ဥက္ကဋ္ဌကျိုး… ဘာပြောလိုက်တယ်။ ဒီမှာ အိပ်မယ် ဟုတ်လား”
ဆိုဖာပေါ်တွင် မှီပြီး ထိုင်နေသည့် သူက အားအင်ချိနဲ့နေသည့် ဟန်ဖြင့် ပြောသည်။
“ငါ အခု ပြန်လို့မှ မဖြစ်တော့တာ”
ထိုအခါ သူမက တစ်ခဏလောက် တွေးကြည့်ပြီးနောက် —မေးလိုက်သည်။
“လူနာတင်ယာဉ်ခေါ်ပြီး ဆေးရုံပို့ပေးရမလား”
သို့သော် သူက ငြင်းပြန်သည်။
“ဆေးရုံတက်ရလောက်အောင်တော့ မဆိုးဘူး… ဆေးရုံသွားရင် သတင်းတွေထဲ ပါလာလိမ့်မယ်”
လီရှု - “...”
သတင်းတွေထဲ ပါလာမှာကြောက်လို့ ဒီမှာ ညအိပ်မယ် ဆိုတဲ့ သဘောပေါ့။
သူမက နားမလည်သလို ဖြစ်နေသဖြင့် မေးလိုက်သည်။
“ဒီတိုက်ခန်းက တစ်လ ယွမ်တစ်ထောင်တန် တိုက်ခန်းစုတ်လေးပါ… သူဋ္ဌေး…”
သူမ ပြော၍ မပြီးသေးခင် သူက အသံတည်တည်ငြိမ်ငြိမ်ဖြင့် ပြန်ပြောလေသည်။
“ရတယ် ဘာမှ မဖြစ်ဘူး…”
လီရှု - “...”
သူမက သူ နေ၍ ရခြင်း မရခြင်းကို စိတ်ပူခြင်း မဟုတ်။
သူမ၏ အခန်းမှာ တိုးလျှိုပေါက် မြင်နေရသည့် မီးဖိုချောင်ခပ်သေးသေးနှင့်တွဲလျက် ရေချိုးခန်း ခပ်ကျဉ်းကျဉ်းအပြင် အခြား နည်းနည်း ပိုကျယ်သည့် အခန်းတစ်ခန်းသာ ရှိသည်။ သူမ၏ ကုတင်နှင့် ဆိုဖာထိုင်ခုံကို လိုက်ကာလေးတစ်ခုဖြင့်သာ ကာထားခြင်း ဖြစ်သည်။ ဒီလို ပုံစံနှင့် ဘယ်လို အိပ်ကြမှာလဲ။
သူမ၏ အတွေးကို ကြားလိုက်သည့်အခါ သူက ထပ်ပြောလိုက်သည်။
“ဘာမှ မဖြစ်ပါဘူး… ငါ ဆိုဖာပေါ် အိပ်လိုက်မယ်”
လီရှု - “...”
ဘီလီယန်နဲ့ ချီပြီး ချမ်းသာတဲ့ သူဋ္ဌေးကို ဆိုဖာပေါ် အိပ်ခိုင်းပြီး သူမကကျ အိပ်ယာပေါ် အိပ်လို့ ဘယ်ကောင်းမလဲ။
သူမ နေတတ်မည် မဟုတ်ပေ…။
ထိုသို့ စဉ်းစားပြီးသည့်အခါ သူမက အကြံပြုလိုက်သည်။
“သူဋ္ဌေးက အိပ်ယာမှာ အိပ်လိုက်… ကျွန်မက ဟိုတယ် တစ်ခုမှာ သွားတည်းလိုက်မယ်”
ထိုအခါ ထိုပုဂ္ဂိုလ်က အားမရှိသော လေသံဖြင့် ငြင်းလေသည်။
“မင်းရဲ့ တိုက်ခန်းက လုံတာမှ မဟုတ်တာ… ငါကလည်း နေမကောင်းတော့ ဒီမှာ တစ်ခုခုဖြစ်သွားရင် ငါတစ်ယောက်တည်း ဘယ်လိုလုပ်မတုန်း”
ထို့နောက် သူက သူမကို ကြည့်လိုက်ပြီး အသံ ခပ်တိုးတိုးဖြင့် မေးလိုက်သည်။ “ငါ ဒီမှာ ရှိနေမှာကို မလိုလားလို့လား”
လီရှု - “အဲဒီလိုလည်း မဟုတ်ပါဘူး … အခုဟာက … အပျို လူပျို နှစ်ယောက်တည်း အတူရှိနေတာ မကောင်းဘူးလေ”
ထိုအခါက သူက တဟက်ဟက် ရယ်လိုက်ပြီး ပြောလိုက်သည်။
“ငါ့အခု လက်ရှိ အခြေအနေနဲ့ဆို ဘာလုပ်နိုင်မှာ မို့လို့လဲ”
လီရှု — “အမလေး… ကျွန်မဖက်က တစ်ခုခု လုပ်မိမှာ စိုးတာပါတော်…”
208 02
ဟုတ်တယ်လေ … ဒီလောက် ချောတဲ့ လူတစ်ယောက် သူမရှေ့မှာ ချိချိနဲ့နဲ့ ဖြစ်ပြီး လှဲနေတာကို သူမ စိတ်ထိန်းနိုင်ပါ့မလား မသိ…။
ပြောပြီးမှ သူမ သွေးပျက်သွားမိသည်။
အယ်… ငါ့စိတ်ထဲရှိနေတာတွေကို ပါးစပ်က ပြောမိသွားပြီ…။
ကျိုးလန်က တဟဟ ရယ်လိုက်ကာ ချောင်းတစ်ချက်ဟန့်၍ ပြောလေသည်။
“ဘာမှမဖြစ်ပါဘူး … နှစ်ယောက်စလုံး ရည်းစားရှိကြတာမှ မဟုတ်တာ…”
လီရှု - “...”
အဲဒီစကားက ဘယ်လိုကြီးလဲ… ဟု တွေးရင်း သူမ ရှက်မိသလိုလို ဖြစ်လာတော့သည်။
တော်ပြီ တော်ပြီ… ပေါက်တတ်ကရတွေ မတွေးတော့ဘူး… ကြာလာရင် ဘာတွေ ဖြစ်ကုန်မလဲ မပြောတတ်တော့ဘူး။
သို့သော် ပြဿနာတစ်ခု ရှိနေသည်က အပိုင်းသစ် မရေးရသေးခြင်း ဖြစ်သည်။
သူမအတွက် စာဖတ်ပရိတ်သတ်တွေက အရေးကြီးသည်။ သူမ၏ အိပ်ယာ၊ အဝတ်ဗီရိုနှင့် ကွန်ပျူတာ စားပွဲတို့မှာ အတွင်းပိုင်းတွင်ရှိနေသဖြင့် သူအလွယ်တကူ မြင်ရမည် မဟုတ်ပေ။ ထို့ကြောင့် ယဉ်ယဉ်ကျေးကျေး လုပ်မနေတော့ဘဲ ဆေးရုံသွားရန် ငြင်းဆန်နေသည့် ဆိုဖာပေါ်မှ ကိုလူချောကို ပြောလိုက်တော့သည်။
“ဒါဆိုလည်း သူဋ္ဌေးကို ဒီည ဆိုဖာပေါ်မှာပဲ အိပ်ဖို့ တောင်းဆိုလိုက်တော့မယ်…။ ကျွန်မကတော့ ကျောင်းအလုပ်လေးတွေ ရှိနေသေးလို့ လုပ်လိုက်ပါဦးမယ်”
ကျိုးလန်က သဘောတူကြောင်း ပြောလိုက်ပြီး သူမကို လှမ်းသတိပေးလိုက်သည်။— “အရမ်း ညဉ့်မနက်စေနဲ့နော်… စောစော အိပ်ဦး”
လီရှုက ခေါင်းညိတ်ပြကာ ပြန်ပြောလိုက်သည်။ “ဟုတ်ကဲ့ပါ… နေလို့ ထိုင်လို့ မကောင်းရင် ကျွန်မကို ခေါ်လိုက်ပါ”
သူမက သူ့ကိုယ်ပေါ်တွင် စောင်တစ်ထည် ခြုံပေးလိုက်ပြီးနောက် ကွန်ပျူတာကို အပြေးကလေး ဖွင့်လိုက်သည်။
ညနက်သန်းခေါင်ချိန် ရောက်သည့်အခါ အပိုင်းသစ် ရေးပြီးသွားသဖြင့် အိပ်ယာသို့ ဝင်လိုက်သည်။ ထိုအချိန်၌ ဆိုဖာပေါ်ရှိ ကျိုးလန်မှာ အိပ်မပျော်နိုင်သေးဘဲ ဖြစ်နေသည်။
ခေါင်းကိုက်ခြင်း မရှိတော့သော်လည်း အတိတ်ဘဝမှ မှတ်ဉာဏ်များ တစ်ခုပြီးတစ်ခုကို ပြန်တွေးနေမိသည်။
အရင်ဘဝတုန်းက သူမနှင့် နောက်ဆုံးခွဲခွာရတော့မည်ကို ဝမ်းနည်းပက်လက်ဖြစ်နေစဉ် သူမက နောက်ဘဝ ဆိုတာ ရှိခဲ့ရင် နောက်တစ်ခါ အတူတူ ထပ်ဆုံကြမယ် ဟုပြောသွားသည်ကို သတိရလိုက်မိသည်။
ထင်မှတ်မထားဘဲ ဒီဘဝတွင် တကယ်ကြီး ပြန်လာ ဆုံကြလေပြီ။
ဘုရားမ,တာပဲ။
သို့သော် ပြဿနာ တစ်ခု ရှိနေသည်က ဒီဟာတွေကို သူမ ပြန်မှတ်မိအောင် ဘယ်လိုလုပ်ရမလဲ။
သူကတော့ ခေါင်းကို ထိခိုက်သွားသဖြင့် ပြန်မှတ်မိခွင့် ရသွားသော်လည်း သူမကိုမူ သူ့လို မထိခိုက်စေချင်ပေ။
အင်း… ကံကိုပဲ အားကိုးရတော့မှာပေါ့…။
သူမ မမှတ်မိသေးလျှင်တောင် သူပြန် မှတ်မိနေပြီ ဖြစ်သောကြောင့် အလျင်လိုစရာ မရှိပေ။
~~
နောက်တစ်နေ့ မနက်စောစောပိုင်းတွင် နှိုးစက် မမြည်ခင် လီရှု နိုးလာသည်။ ကျိုးလန်လည်း နိုးနေပြီဖြစ်ပြီး ဆိုဖာပေါ်တွင် သူမ ပေးထားသည့် စောင်ကလေးကို ခေါက်လျက်သားလေး မြင်လိုက်ရသည်။
သူမက နိုးသည်နှင့် လှမ်းမေးလိုက်သည်။
“ဥက္ကဋ္ဌကျိုး နေလို့ အဆင်ပြေရဲ့လား”
ကျိုးလန်က အင်း ဟု ပြန်ပြောလိုက်ပြီး —ဆိုလေသည်။
208 03
“ငါ မင်းကို ကုမ္ပဏီအထိ အရင် လိုက်ပို့ပေးမယ်… ပြီးမှ အိမ်ပြန်ပြီး အဝတ်အစားလဲလိုက်ဦးမယ်”
လီရှုက စိတ်သက်သာသွားသဖြင့် သက်ပြင်းတစ်ချက်ချလိုက်ပြီး လက်ခံလိုက်သည်။ ထို့နောက် အားလုံးပြင်ဆင်ပြီးနောက် နှစ်ယောက်သား အတူတကွ ထွက်လာခဲ့လိုက်သည်။
မနေ့ညက သူမ,ဆင်းလိုက်သည့်နေရာမှာ ကားရပ်ခွင့်ပြုထားသည့် နေရာဖြစ်နေသဖြင့် တော်သေးသည်။ ယခု သူတို့ ပြန်ရောက်လာသည့်အခါ ကျိုးလန်၏ ကားမှာ ရပ်ထားသည့် လမ်းဘေးတွင် ရှိနေသေးသည်။
သူမက ကားတံခါးကို ဖွင့်၍ ဝင်လိုက်သည်။ သို့သော် မလှမ်းမကမ်းတွင် ရှိနေသည့် တစ်စုံတစ်ယောက်က သူမတို့နှစ်ဦး၏ ပုံများကို တဖျတ်ဖျတ်ရိုက်ယူနေသည်ကိုမူ သတိမပြုမိ လိုက်ကြပေ။
ကုမ္ပဏီသို့ ရောက်ပြီးသည့်အခါ သူမက ဓါတ်လှေကားထဲ ဝင်သွားချိန်တွင် ကျိုးလန်က အိမ်သို့ပြန်သွားသည်။ အလုပ်ခုံသို့ရောက်သည့်အခါ ကွန်ပျူတာကို ဖွင့်၍ တကုပ်ကုပ် အလုပ်ရှုပ်နေပြီး အတန်ကြာသည့်အခါမှ ကျိုးလန် ပြန်ရောက်လာသည်။
သူမက မတ်တပ် ထ,ရပ်လိုက်ပြီး နှုတ်ဆက်လိုက်သည်။ “ဥက္ကဋ္ဌကျိုး”
သူက အဝတ်အစားအသစ်များကို ဝတ်ဆင်ထားပြီး ခေါင်းပေါ်ရှိဆံပင် တချို့မှာ အနည်းငယ် စိုနေသယောင်ရှိနေသဖြင့် ရေချိုးပြီးခါစဖြစ်ကြောင်း ခန့်မှန်းရသည်။
သူ့ကို မြင်လိုက်သည့်အခါ လီရှု တစ်ချက် တွေဝေသွားသလို ဖြစ်သွားသည်။
ဤသည်ကို သတိထားမိသွားသော ကျိုးလန် - “...”
ဒီကောင်မလေး ငါ့ကို ကြွေနေပြီလား။
ရုပ်ရည်ရှိနေတာလေးတစ်ခုက ဒီနေရာတွင်တော့ အသုံးဝင်ပေသည်။
ကျိုးလန်က မနက်ပိုင်း အစည်းအဝေးတစ်ခု ရှိသဖြင့် စာရွက်စာတန်းများကို ယူပြီးနောက် ပြန်ထွက်သွားသည်။ ထိုအခါ အရေးတကြီးလုပ်စရာမရှိသည့် လီရှုက အလုပ်ကို လက်စသတ်လိုက်ကာ ဝတ္ထုဆက်ရေးလေသည်။
ဤသို့ဖြင့် မနက်ခင်းကို ကျော်လွန်၍ နေ့လည်စာ စားချိန်သို့ ရောက်ရှိလာလေသည်။ ထိုစဉ် စစ်စတန်ထံမှ အသိပေးသံဝင်လာသည်။
【နင်တော့ နာမည်ကြီးတော့မယ်】
လီရှု - 【အမ်… ဘာဖြစ်လို့လဲ။】
စစ်စတန်က ဘာကို ပြောချင်တာလဲ။
စစ်စတန် - 【အခု ရေပန်းစားနေတဲ့ သတင်းကို ရှာကြည့်လိုက်】
လီရှုက သူမ၏ဖုန်းကို လှမ်းယူလိုက်ပြီး ကြည့်ကြည့်လိုက်သည်။ သူမ ဝေးပို ဝက်ဆိုဒ်တွင် လူပြောများနေသည့် သတင်းများကို ကြည့်လိုက်ရာ “ဟွာရေ့ အုပ်စုရဲ့ သခင်လေးကို ကောင်မလေးနှင့်အတူ တွေ့ရခြင်း” ဟူသည့် သတင်းကို တွေ့လိုက်ရတော့သည်။
ဟွာရေ့အုပ်စုရဲ့ သခင်လေး။
ဒါ ဝတုတ်လေးကျိုးကို ပြောနေတာလား။
သူ့မှာ ရည်းစားရှိနေတယ်ပေါ့လေ။
ထိုအခါ လီရှုတစ်ယောက် ကျောချမ်းသွားမိပြီး သတင်းကို ဖိ၍ ဖတ်ကြည့်လိုက်သည်။
စစချင်း ဓါတ်ပုံများကို မြင်လိုက်ရသည်။ စုံတွဲ တစ်တွဲ ဇိမ်ခံကားရှိရာဖက်သို့ လျှောက်လာပြီး ကားပေါ်တက်ကာ မောင်းထွက်သွားသည့်ပုံတွေ ဖြစ်သည်။
ထိုပုံများထဲတွင် ပါဝင်သည့် အမျိုးသားမှာ သူမ၏ သူဋ္ဌေး ကျိုး ဖြစ်ပြီး အမျိုးသမီးဖြစ်သူကို ကြည့်လိုက်ရာ…
ထိုမိန်းမ၏ ဝတ်စုံကို မြင်လိုက်ပြီးနောက် လီရှုက သူမ ဝတ်ထားသည့် ဝတ်စုံကို ပြန်ငုံ့ကြည့်လိုက်ပြီး မျက်လုံးပြူးသွားသည်။ ဟင်… အဲဒါ ငါဟ…!
208 04
【ဘာတွေ ဘယ်လို ဖြစ်ကုန်တာလဲ။】
စစ်စတန် - 【မနေ့ညတုန်းက ကျိုးလန်က နင့်ကို အိမ်ပြန်လိုက်ပို့ပြီး ဖုန်းလိုက်ပေးတဲ့အချိန် ကားကို လမ်းဘေးမှာ ရပ်ထားတော့ သတင်းသမားတစ်ယောက်က မြင်သွားပြီး နင်တို့ကို ဖမ်းဖို့ တစ်ညလုံးစောင့်နေတာ… မနက်ရောက်တော့ နင်တို့ တိုက်ထဲက ထွက်လာတဲ့ ပုံတွေ ကားပေါ်တက်ပြီး မောင်းထွက်သွားတဲ့ ပုံတွေ ရိုက်ယူထားတာ】
လီရှု - “...”
ဒီသတင်းသမားက တစ်ညလုံးတောင် စောင့်တယ်ပေါ့လေ။
ငြင်းရခက်မဲ့ ကိစ္စ တွေတော့ ဖြစ်ကုန်ပါပြီဟယ်…။
သူမက ဖုန်းကို တစ်ချက် ပြန်ကြည့်လိုက်ပြီး သတင်းခေါင်းစီးကို ဖတ်လိုက်သည်။
“ဟွာရေ့ စီးပွားရေးအုပ်စုရဲ့ CEO အသစ်၊ အာရှမှာ အချမ်းသာဆုံး ထိပ်တန်း (၁၀) ဦး စာရင်းဝင်သူ စိန်ပွင့်တွေလို အဖိုးတန်တဲ့ လူပျိုလေး ကျိုးလန်ကို တိုက်ခန်းတစ်ခန်းမှာ အမျိုးသမီးတစ်ယောက်နှင့် အတူ ညအိပ်ပြီး မနက်ပြန်ထွက်လာသည်ကို တွေ့လိုက်ရခြင်း။ သူတို့ အတူတူ နေနေကြပြီလား”
လီရှု - “...”
အောက်သို့ ဆက်၍ဖတ်ကြည့်လိုက်သည့်အခါ ကွန်မန့်များတွင်လည်း ပွဲစည်နေတော့သည်။ တချို့က ကောင်မလေးက ဘယ်သူလဲ ဟု မေးနေကြသည်။ အချို့က ဒီလောက် ဘီလီယန်နဲ့ချီပြီး ချမ်းသာတဲ့သူက တိုက်ခန်း စုတ်စုတ်ပျက်ပျက်မှာ အိပ်ရဲသလား ဟု မေးခွန်းထုတ်နေကြသည်။
…
ဖုန်းကို ပိတ်လိုက်ပြီးနောက် စိုးရိမ်စိတ်များနေသဖြင့် လီရှု ရင်တဒိတ်ဒိတ် ခုန်နေမိသည်။
ဒီမနက် လဲဝတ်စရာ အဝတ်ပို ထည့်မလာမိသည်ကို နောင်တရနေသည်။ ရုံးမှလူများလည်း ဒီသတင်းကို ဖတ်မိလောက်ပြီ ဖြစ်သဖြင့် သူဋ္ဌေးဖြစ်သူနှင့် “အတူတူ အိပ်” ခဲ့သည့် အမျိုးသမီးမှာ သူမ,လို့ ထင်ကုန်ကြတော့မည်။
စစ်စတန် - 【အခုမှ ပူမနေနဲ့တော့… နောက်ကျသွားပြီ…။ ခုဏက သတင်းပို့စ်မှာ ထိပ်ဆုံးရောက်နေတဲ့ ကွန်မန့်အသစ်ကို ဖတ်ကြည့်လိုက်။】
ဘာ။
လီရှု ထိတ်လန့်သွားပြီး ဖုန်းကို ပြန်ဖွင့်လိုက်ကာ ကြည့်လိုက်မိသည်။
ဟုတ်သဟ… ထိပ်ဆုံးမှာ ကွန်မန့်အသစ်တစ်ခု တက်နေပြီ။
【ဟေး… အဲဒီအမျိုးသမီးရဲ့ ဝတ်စုံက CEO ရဲ့ အတွင်းရေးမှူးမ အသစ်ကလေးရဲ့ ဝတ်စုံနဲ့ တူသလိုလိုပဲ။】
အောက်တွင် ပြန်ပြောထားသည့် ကွန်မန့်များက သူမ၏ အတွင်းရေးမှူးရာထူးကို မေးခွန်းထုတ်နေကြသည်။
လီရှု - “...”
ဟာ… ဒီလိုတွေတောင် ပြောနေကြတာလား…။
သူမ,မှာ အလွန် ထိတ်လန့်နေသဖြင့် ဝေးပို app ကို ပိတ်လိုက်ပြီး ဒီနေ့မနက် အသစ်တင်ထားသည် ဝတ္ထုကို တစ်ချက် ဝင်ကြည့်လိုက်သည်။ သူမ၏ ဝတ္ထုအောက်တွင် ရေးထားသည့် ကွန်မန့်များကလည်း ဟွာရေ့ CEO ကျိုးလန်၏ အတွင်းရေးကို မေးနေသည့်အပြင် ကောလဟလ ထွက်နေသည့် ကောင်မလေးအကြောင်းကိုပါ သိချင်နေကြသည်။
လီရှု - “...”
ကောင်းပါလေရော…။
ဝဋ်လည်ပြီနှင့်တူသည်။ တခြားသူများအကြောင်း ဖော်၍ရေးခဲ့သမျှ တနေ့နေ့ သူမအကြောင်း သူမ ပြန်ရေးရတော့မည့် အခြေအနေသို့ ရောက်လိမ့်မည်ဟု ထင်မထားမိပေ။
သို့သော် သူမက သာမန် မိန်းကလေးတစ်ယောက်သာဖြစ်သဖြင့် ဒီလောက်ကြီး လူများ အာရုံစိုက်လာသည်ကို မခံနိုင်ပေ။
208 05
ရုတ်တရက် အကြံတစ်ခု ဝင်လာသည်။ နေဦး ငါ့ သူဋ္ဌေး ဝတုတ်ကျိုးက ဒီကိစ္စအပေါ် ဘယ်လို မြင်သလဲ။ သူက ဒီဇာတ်လမ်းမှာ အမျိုးသား ဇာတ်ဆောင်လေ…! သူ့မှာရှိတဲ့ ပိုက်ဆံတွေနဲ့ဆို မီဒီယာတွေကို လာဘ်ထိုးပြီး ပိတ်လိုက်ရင် ရတယ်မဟုတ်လား။
အဲလိုမှ မလုပ်ရင်တောင် မီဒီယာတွေနဲ့ တွေ့ပြီး အဖြစ်မှန်ကို ပြောတာမျိုး လုပ်လည်း ရတာပဲ။
ထိုသို့တွေးနေစဉ် ဓါတ်လှေကားဆီမှ တင်တောင်ဟု အသံမြည်ကာ တံခါးပွင့်လာပြီး သူမ၏ အမျိုးသားဇာတ်ဆောင်က ဖုန်းပြောရင်း တစ်ခုခုကို ထောက်ခံနေရင်း ရုံးခန်းထဲသို့ ဝင်လာသည်။
သူ့ပုံစံက ခါတိုင်း အလုပ်ကိစ္စ ဖုန်းပြောနေစဉ်ကနှင့်မတူ တည်ငြိမ်နေသည့်အပြင် မျက်နှာကလည်း ပြုံးနေသည်။
သတိထားမိလိုက်သည်မှာ သူ လီရှု၏ အလုပ်ခုံရှေ့မှ ဖြတ်သွားစဉ် ဖုန်းထဲမှ အမျိုးသမီးတစ်ဦး၏ အသံကို ကြားလိုက်ရခြင်း ဖြစ်သည်။
ဟင်း… သူ ဘယ်သူနဲ့ စကားပြောနေတာလဲ။
ထိုစဉ် သူက ဖုန်းကိုချလိုက်ပြီး သူမကို ကြည့်ကာ မေးလေသည်။
“ဒီမနက်အတွက် ဘာကိစ္စတွေ ရှိသေးလဲ”
သူ့နှုတ်ခမ်းများက ပြုံးယောင်သန်းနေသည်။ သူ့ စိတ်ကလည်း ကြည်နေပုံ ရသည်။
လီရှု စိတ်ထဲတွင် ဖော်မပြတတ်သည့် ခံစားမှုမျိုးကို ခံစားလိုက်ရသည်။ သူမက တခဏမျှတွေးလိုက်ပြီး ခေါင်းညိတ်ပြကာ ပြောလိုက်သည်။
“တစ်ခုတော့ ရှိပါတယ်…”
ကျိုးလန်က ရပ်လျက် သူမကို ကြည့်ပြီး မေးသည်။
“ဘာကိစ္စလဲ”
လီရှုက အာခေါင်ကို ချောင်းဟန့်ကာ ရှင်းလိုက်ပြီး ပြောပြသည်။
“စိတ်ကို ခိုင်ခိုင်ထားပါ… ဒီနေ့မနက် သူဋ္ဌေးရဲ့ကားနဲ့ လိုက်လာတဲ့ ကျွန်မကို သတင်းသမားတစ်ယောက်က ဓါတ်ပုံရိုက်ပြီး လိုင်းပေါ်တင်ထားတယ်။ ပြီးတော့ သူတို့က သူဋ္ဌေးက ကျွန်မရဲ့ တိုက်ခန်းမှာ အိပ်သွားတာကိုလည်း သိတယ်။ အခု အဲဒီအကြောင်းတွေ ဆိုရှယ်မီဒီယာပေါ်မှာ ပလူပျံနေပြီ”
သူမ ပြောပြီးသည့်အခါ စိတ်ထဲ လန့်နေမိသည်။ သို့သော် အံ့စရာ သူက အေးအေးဆေးဆေး ပြန်ပြောလေသည်။
“အဲဒီအကြောင်း ငါသိပြီးပါပြီ”
လီရှု - “အမ်… ဘယ်တုန်းက သိသွားတာလဲ”
ဒီကိစ္စကို သူက ဘာလို့ မတုန်လှုပ်ရတာလဲ။
ကျိုးလန်က သူ့ဖုန်းကို သူမအား ပြလိုက်ပြီး —ပြန်ပြောပြသည်။
“ငါ့အမေ ကိုယ်တိုင် ဖုန်းဆက်ပြီး လှမ်းပြောပြတာ”
ဘယ်လို။ သူ့အမေက လှမ်းပြောတယ်။
ဒါဆို ဥက္ကဌကြီးလည်း ဒီကိစ္စကို သိတယ်ပေါ့။
လီရှုမှာ တအံ့တဩဖြစ်နေမိပြီး အထစ်ထစ် အငေါ့ငေါ့ဖြင့် မေးလိုက်သည်။
“ဒါ… ဒါဆို … ဥက္ကဌကြီးကျိုးကလည်း စိတ်ဆိုးနေတာပေါ့နော်”
သို့သော် ကျိုးလန်က ဘာမှ မဖြစ်ဟန်ဖြင့် — ပြန်ပြောလေသည်။
“မဆိုးပါဘူး… အမေက ပြောနေတာ မင်းကို တာဝန်ယူရမယ်တဲ့”
လီရှု မျက်လုံးပြူးသွားသည်။
“ဘယ်လို… ဘယ်လို… ဘယ်လို။ ကျွန်မကို တာဝန်ယူရမယ်”
208 06
တကယ်လို့ တာဝန်ယူရမည်ဆိုလျှင်လည်း အပြစ်ရှိသူ သူမက တာဝန်ယူရမည် မဟုတ်လား။ ဟုတ်သည်လေ… သူမကြောင့် သူ မီးသီးထိပ်မှန်ပြီး ယခုလို ရှုပ်ရှုပ်ယှက်ယှက်တွေ ဖြစ်ကုန်ရတာ…။
ထိုစဉ် ရှေ့တွင်ရပ်နေသည့် ထိုပုဂ္ဂိုလ်က သူမကို ကြည့်၍ —ပြုံးကာ ပြောလေသည်။
“မင်းကို လက်ထပ်ယူမှာလို့ ငါ့အမေကို ငါပြောလိုက်ပြီးပြီ”
ဘာ.....။
လီရှု တစ်ယောက် ကျောက်ရုပ်ကြီး ဖြစ်သွားတော့သည်။ သူ့ကို မယုံသလို ပြန်ကြည့်လိုက်ပြီး —မေးလိုက်သည်။
“ရှင်က ကျွန်မကို ဘာလို့ လက်ထပ်ချင်ရတာလဲ”
သူက ပြုံးရင်း —ပြန်ဖြေလေသည်။
“မင်းလေးကို သဘောကျလို့ပေါ့”
ဟာ…။
လီရှု တစ်ယောက် ဘာကိုမှ နားမလည်တော့သဖြင့် အူကြောင်ကြောင်ကြီး ဖြစ်နေတော့သည်။
သူမက ဟွာရေ့အုပ်စုတွင် အင်တာဗျူးဖြေစဉ်ကနှင့် စတွက်ကြည့်လျှင် သူတို့နှစ်ယောက် သိသည်မှာ တစ်ပါတ်ပင် မရှိသေး။ အဲဒါကိုတောင် သူက သူမကို သဘောကျသည်တဲ့။!
ချမ်းသာတဲ့သူတွေက သူတို့ ခံစားချက်တွေကို ဖွင့်ပြောရင် ဒီလို ယတိပြတ်ကြီး ပြောတတ်ကြတာလား။
ထိုစဉ် သူမ၏ ခေါင်းထဲတွင် ယခင်ကလည်း ဒီလူ သူမကို ဒီလို ပြောခဲ့ဖူးသလို အဖြစ်အပျက်မျိုးကို ကြုံခဲ့ဖူးသလို ခံစားလိုက်ရသည်။
မျက်နှာက ဒီလူ့မျက်နှာပဲ ဖြစ်သော်လည်း အဝတ်အစား အဆင်အပြင်များက မတူပေ။
ဘာတွေ ဖြစ်ကုန်တာလဲ။
သူမ အရင်က ဒါမျိုး အိပ်မက်,မက်ဖူးတာလား။
လီရှု တွေဝေနေစဉ် ဘေးတွင် ရှိနေသည့် ထိုပုဂ္ဂိုလ်က ထပြောလိုက်သည်။
“မယုံသင်္ကာ မဖြစ်ပါနဲ့… ငါ အမှန်အတိုင်း ပြောနေတာပါ။ ငါ မင်းကို တကယ် သဘောကျမိနေတာ။ တကယ်လည်း လက်ထပ်ယူချင်တာပါ… မင်းခွင့်ပြုမယ်ဆိုရင်ပေါ့”
လီရှု - “...”
သူမမှာ စကားပင် မပြောဝံ့သလို ဖြစ်နေမိသည်။ သူမကို ဖျားယောင် သိမ်းသွင်းနေတာလားဟုလည်း စိတ်ထဲထင့်နေမိသည်။
ဟုတ်သည်လေ … သူမ ရှေ့တွင် ရပ်နေသည့် ပုဂ္ဂိုလ်က အာရှတွင် အချမ်းသာဆုံး ထိပ်တန်း (၁၀) ဦးစာရင်း ဝင်သူဖြစ်သည်။ သူမလို အညတရ မိန်းကလေးတစ်ယောက်ကို အမှန်တကယ် လက်ထပ်ချင်သည်ဆိုတာ ဖြစ်နိုင်ပါ့မလား။
သူမသည် ရုပ်ရည်ချောမောသူတစ်ယောက် ဖြစ်သောကြောင့် ကောင်လေးများက ချစ်ကြိုက်ကြောင်း လာဖွင့်ပြောတာ မထူးဆန်းသော်လည်း ယခု သူမကို လက်ထပ်ခွင့်တောင်းနေသူက နှယ်နှယ်ရရမဟုတ် ဝတုတ်လေးကျိုး ဖြစ်နေသည်လေ။
လူချမ်းသာတွေက မော်ဒယ်တွေ ရုပ်ရှင်မင်းသမီးတွေကို ပိုကြိုက်ကြတာ မဟုတ်ဘူးလား။
အဲလိုမှ မဟုတ်ရင်တောင် ချမ်းသာတဲ့ မိသားစု တစ်စုနဲ့ တစ်စု မဟာမိတ်ဖွဲ့တဲ့အနေနဲ့ ပေးစားကြတာမျိုး ပိုလုပ်ကြတာ မဟုတ်လား။
ဘာစိတ်ကူးပေါက်လို့ ငါ့ကို ကြိုက်တယ်လို့ လာပြောရတာလဲ။
သူမက သေချာသွားအောင် စစ်စတန်အား ခေါ်မေးလိုက်သည်။
【ဒါ ကျိုးလန် အစစ်ဟုတ်ပါတယ်နော်။ တစ်ယောက်ယောက်က ကျိုးလန်ယောင်ဆောင်ပြီး လာလိမ်နေတာ မဟုတ်ဘူး မဟုတ်လား။】
ဤသည်ကို တိတ်တဆိတ်နားထောင်နေသည့် ကျိုးလန်က ကြားလိုက်သည်။
“...”
208 07
ကျိုးလန်က သူမထံမှ အဖြေကို အတင်းအကျပ် မတောင်းလိုပေ။ ထို့ကြောင့် ဖွင့်ပြောပြီးသည်နှင့် လိုင်းပေါ်တွင် ပွနေသည့် သတင်းများကို ရှင်းလင်းရန်အတွက် ထွက်သွားတော့သည်။
မကြာမီ လူပြောများနေသည့် သတင်းမှာ မြုပ်သွားတော့သည်။
ထိုအခါမှ လီရှု စိတ်ထဲ အတန်ငယ် အေးသွားသော်လည်း ငြိမ်တော့ မငြိမ်သက်သေးချေ။
အမှန်အတိုင်းပြောရလျှင် ကျိုးလန်က သူမ သဘောကျသည့် ပုံစံမျိုးဖြစ်သည့်အပြင် ဒီနှစ်ထဲ ချစ်သူ ရည်းစားထားရန် ဆုံးဖြတ်ထားသဖြင့် လိုလားမိသလိုတော့ ရှိသည်။
သို့သော် သူမ၏ သူဋ္ဌေးနှင့် ဖြစ်သွားလိမ့်မည်ဟု ထင်မထားမိပေ။
တော်ရုံချမ်းသာလျှင် ကိစ္စမရှိသော်လည်း သူက ချမ်းသာလွန်းသဖြင့် စိတ်ထဲ လန့်နေခြင်းဖြစ်သည်။
ထိုအပြင် သူက ချက်ချင်းကြီး လက်ထပ်ခွင့်ပါ တောင်းလာသဖြင့် ပို၍ပင် လန့်မိသည်။
ရုတ်တရက်ကြီးကျတော့ လွန်လွန်းသည်။
ဘီလီယန်နာ သူဋ္ဌေးတစ်ယောက်က အချစ်ရေးမှာ ဒီလောက်ထိ ရိုးသားသလား။
သူမ မယုံနိုင်ပေ…။
သို့သော် လီရှုအတွက် ပို၍ပင် မယုံနိုင်စရာကောင်းလှသည့် အဖြစ်အပျက်များ ဆက်ဖြစ်လေသည်။ အလုပ်ချိန်ပြီး၍ ပြန်ချိန်ရောက်သည့်အခါ ကုမ္ပဏီ၏ နာယကဖြစ်သည့် ဝတုတ်ကျိုး၏ အမေဖြစ်သူ ကျိုးရော့လန် ကုမ္ပဏီသို့ ရုတ်တရက်ကြီး ရောက်လာပြီး သူမကို တလေးတစား ညစာဖိတ်ကျွေးလေသည်။
လီရှုက မငြင်းဆန်ဝံ့သဖြင့် ကုပ်ကုပ်ကလေး ပါသွားသည်။
အစက မနေတတ်သလို ဖြစ်နေသော်လည်း ဥက္ကဌကြီးကျိုးက ထင်မထားလောက်အောင် ကြင်နာပြီး ဖော်ဖော်ရွေရွေ ရှိသဖြင့် စိတ်သက်သာရာ ရသွားသည်။
သူမ နှုတ်မှ ထွက်လာသည့်စကားလုံးများကလည်း လီရှုအပေါ် ဂရုစိုက်မှု အပြည့်ရှိနေသည်။
“သမီးတို့နှစ်ယောက် တကယ်ချစ်ကြတယ်ဆိုရင် အန်တီက ငြင်းစရာ ဘာမှ မရှိပါဘူး။ ကျိုးလန်က ဒီလိုပဲ ငယ်ငယ်လေးကတည်းက လွတ်လွတ်လပ်လပ် လုပ်စရာရှိတာကို လုပ်ခဲ့သူမျိုးဆိုတော့ အန်တီက သူ့ကို ယုံတယ်။ အရင်က အန်တီ အလုပ်တွေ ပိပြီး သူ့ကို ဂရုမစိုက်နိုင်တုန်းက သူ့ဘာသာသူ ဟင်းချက် အဝတ်တွေ လျှော် လုပ်ခဲ့တာလေ။ နောက်တော့ နိုင်ငံခြားမှာ သုံးလေးနှစ်လောက် သွားနေတဲ့ အချိန်မှာလည်း ကိုယ့်တာဝန်ကို ယူခဲ့တာပဲ။ ဒီပြန်ရောက်လာတော့လည်း အလုပ်မှာ ဘာ အရှုပ်အရှင်းမှ မရှိခဲ့ဘူး။ အခု သူ နှစ်သက်တယ်လို့ အန်တီ့ကို ဝန်ခံဖူးတာ သမီးက ပထမဆုံးပဲ။ သူ့နေပုံထိုင်ပုံက သမီးအတွက် လက်ခံဖို့ မခက်ခဲဘူးလို့ အန်တီထင်ပါတယ်။ တကယ်လို့ သူ သမီးကို လိမ်ညာ လှည့်ဖျားခဲ့ရင်လည်း အန်တီ့ကို လာပြော… အန်တီ ကောင်းကောင်းလေး ဆုံးမလိုက်မယ်။ အန်တီ့ရဲ့ သားဖြစ်နေတော့ ရိုးသားနေမှ အန်တီက ကြိုက်တာ။ အန်တီ့ဘဝမှာ မရိုသားတဲ့သူတွေကို အမုန်းဆုံးပဲ”
ထိုစကားများကို ကြားလိုက်ရသည့်အခါ လီရှုမှာ လေးစားစိတ်ဝင်နေမိသည်။ သူမက ဥက္ကဌကြီးပြောသည့်စကားကို ခေါင်းညိတ်ထောက်ခံရင်း တွေးနေမိသည်။ — ဒီလို စည်းစနစ်ကျခဲ့လို့လည်း ဒီလိုအောင်မြင်နေတာပေါ့ … လေးစားဖို့ကောင်းလိုက်တဲ့ အိုင်ဒေါကြီး။
ဥက္ကဌကြီးကျိုးက ဆက်ပြောသည်။
“မင်္ဂလာပွဲ ကိစ္စကတော့ သမီးရဲ့ ဇာတိမှာ ရှိနေတဲ့ မိဘတွေကို ဒီကို ခေါ်ချင်လည်းရတယ်၊ ဒါမှမဟုတ်ရင်လည်း ဇာတိမြေမှာပဲ ကျင်းပချင်လည်းရတယ်။ ဘယ်လိုလုပ်လုပ် သမီးတို့ သဘော”
လီရှု - “...”
ဟယ်… မင်္ဂလာပွဲအဆင့်ထိတောင် တွေးနေကြပြီလား။
သခင်မကျိုးကို သူမ လေးစားသော်လည်း အသေအချာ သိချင်တာများ ရှိနေသေးသည်။
သူမက မေးရန် ပြင်လိုက်စဉ် သူမအိတ်ထဲမှ ဖုန်းက မြည်လာသည်။
208 08
လီရှုက ဖုန်းကို ထုတ်၍ ကြည့်လိုက်ရာ ခေါ်သူမှာ ဇာတိမြို့တွင် ရှိသည့် အမေ့သူငယ်ချင်းဖြစ်သူ ဒေါ်လေးကျန်း ဖြစ်နေသည်။
သူမက ဖုန်းဖြေရန် တွန့်ဆုတ်နေစဉ် ကျိုးရော့လန်က ပြုံးကာ ပြောလိုက်သည်။
“ကိုင်လိုက်ပါ… ပြီးမှ စကားဆက်ပြောကြတာပေါ့…။ ဒီကို တမင်လာတာမို့လို့ ချက်ချင်း မပြန်သေးပါဘူး”
လီရှုက ခေါင်းကို ညိတ်လိုက်ပြီး “အဲဒါဆို ခဏနော် အန်တီ” ဟု ပြော၍ အပြင်ဖက်သို့ထွက်ကာ ဖုန်းကို ကိုင်လိုက်သည်။ “ဟယ်လို ဒေါ်လေး ကျန်း”
“ဟယ်လို လီရှု… ငါ ဒီတိုင်းခေါ်လိုက်တာ အရေးကြီးလို့ မဟုတ်ဘူး… တလောတုန်းက နင့်အမေက ငါ့ကို နင့်အတွက် အလုပ်ရှာပေးခိုင်းထားတာ အခု ငါတို့ဆီမှာ လူမှုရေးလုပ်သားနေရာတွေ လွတ်နေတယ်။ အဲဒါ နင့်ကို လှမ်းအကြောင်းကြားတာ… နင် ပြန်လာပြီး လျှောက်မလား”
လီရှုက ယဉ်ယဉ်ကျေးကျေး ပြန်ပြောလိုက်သည်။
“ကျေးဇူးပါ ဒေါ်လေး ကျန်းရာ… သမီးက ဒီမှာ အလုပ်ရနေပြီ… အဲဒါကြောင့် ပြန်မလာဖြစ်တော့ဘူး”
ထိုအခါ ဒေါ်လေးကျန်းက ချက်ချင်း မေးလေသည်။
“ဟယ်… နင်က အလုပ်တောင် ရသွားပြီလား။ အစိုးရ ဋ္ဌာနမှာလား။ ကုမ္ပဏီမှာလား။ ငါကြားဖူးတာ ကုမ္ပဏီတွေမှာက အလုပ် အရမ်း လုပ်ရတယ်တဲ့…။ နင်က ငယ်သေးတော့ အလုပ်ပိနေတာနဲ့တင် ရည်းစားတောင် ရပါတော့မလားဟယ်…။ ပြီးတော့ မြို့ကြီးပေါ်မှာ တစ်ယောက်တည်း အသိလည်း မရှိဘဲနဲ့ ပြန်လာခဲ့ပါလား”
လီရှုက ငြင်းရန် ပြင်လိုက်စဉ် ဒေါ်လေးကျန်းက ဆက်ပြောသည်။
“ဪ ဒါနဲ့ ပြောရဦးမယ်… နင့်ကို အရင်က ပြောဖူးတဲ့ ငါ့တူလေးလေ မှတ်မိလား။ ဒီနှစ် သူအိမ်တစ်လုံး ဝယ်လိုက်တာ အိပ်ခန်း သုံးခန်းတောင် ပါတယ်။ ခြံဝန်းကလည်း မီတာ ၁၂၀ ပတ်ပတ်လည်ရှိတယ်… ဂိုထောင်တစ်လုံးလည်း ပါတယ်…။ သူ့အလုပ်ကလည်း ပုံမှန် ဝင်ငွေရှိတယ်… နင်ပြန်လာပြီးတော့ သူနဲ့ တွေ့ကြည့်ပါလား”
ဖုန်းတစ်ဖက်ရှိ လီရှုမှာ စိတ်ပျက်စွာဖြင့် မျက်လုံးကို မိုးပေါ် စွေ၍ ကြည့်လိုက်တော့သည်။
ဒေါ်လေးကျန်းပြောနေသည့် တူတော်မောင်မှာ အထက်တန်းအောင် အဆင့်သာရှိပြီး အသိမိတ်ဆွေ တစ်ဦး ကောင်းမှုဖြင့် ကုမ္ပဏီတစ်ခုတွင် ယာဉ်မောင်းလုပ်နေသူဖြစ်သည်။
သူ့ လစာငွေ အသာထား အိမ်တွင်းသောင်းကျန်းမှုဖြင့် အိမ်ထောင်တစ်ခါကွဲထားသူဖြစ်လေသည်။ သူတို့ကတော့ ထိုဖြစ်ရပ်ကို လူတွေ မသိဟု ထင်နေကြသည်။
ထိုကဲ့သို့သော လူမျိုးနှင့် သူမကို ချိတ်ပေးရန် ကြံနေသည့် ဒေါ်လေးကျန်းမှာ သူမကို ဘယ်လောက်တောင် အထင်သေးနေသလဲ မသိပေ။
ထိုစဉ် ဖုန်းတစ်ဖက်ရှိ ဒေါ်လေးကျန်းမှာ အာဘောင်အာရင်းသန်သန်ဖြင့် သူ့တူ လူကြမ်းကြီးအကြောင်း ဆက်၍ ချီးမွန်းခန်း ဖွင့်နေတော့သည်။ သို့သော် လီရှုက စိတ်မရှည်တော့သဖြင့် ကြားကနေ ဖြတ်ပြောလိုက်သည်။
“သမီးအတွက် တွေးပေးတာ ကျေးဇူးတင်တယ် ဒေါ်လေးကျန်းရေ… ဒါပေမဲ့ အခု သမီးက ရည်းစားရှိနေပြီ… ဒီနှစ်ထဲ ဒါမှမဟုတ်ရင် နောက်နှစ်ထဲလောက်ကြရင် မင်္ဂလာဆောင်တော့မှာ”
ထိုအခါ တဖက်လူက ငြိမ်သွားပြီး — ပြောလေသည်။
“ဟယ် ရည်းစားရှိနေပြီလား။ ဘယ်သူတုန်း။ နင့်မိဘတွေကတော့ ငါ့ကို ဘာမှလည်း မပြောပါဘူး”
လီရှု —
“ဪ… ထူးထူးခြားခြား လူတစ်ယောက် မဟုတ်ပါဘူး… သမီးရဲ့ အလုပ်ရှင်ပါ…။ Fortune 500 ဆိုတဲ့ ကုမ္ပဏီရဲ့ CEO တစ်ယောက်ပါ”
******
209 01
အခန်း 209 နောက်ဆုံးပိုင်း
ဖုန်းကို ချလိုက်ပြီးသည့်အခါ လီရှုက ဆုံးဖြတ်ချက်တစ်ခုကို ချလိုက်ပြီး အခန်းအတွင်းသို့ ပြန်ဝင်လာလိုက်သည်။
သူမက သူဋ္ဌေးမကြီး ကျိုးရော့လန်ကို ရှက်ရွံ့စွာဖြင့် ကြည့်၍ ပြောလိုက်သည်။
“သမီးတို့ကို ယုံကြည်ပေးလို့ ဥက္ကဌကြီး ကျိုးကို ကျေးဇူးတင်ပါတယ်…။ ဒါပေမဲ့ မင်္ဂလာကိစ္စအကြောင်း ပြောဖို့က စောနေသေးသလားလို့ပါ…။ သမီးက အိမ်က မိဘတွေကိုတောင် မပြောရသေးဘူး”
ကျိုးရော့လန်က မျက်ခုံးတစ်ဖက်ကို မြှင့်လိုက်ပြီး တွေးလိုက်သည် — ဒါ ဒီကောင်မလေးက လက်ခံတယ်လို့ ပြောချင်တာလား။
သခင်မကျိုးရော့လန်က ပြုံးလိုက်ကာ ပြန်ပြောသည်။
“ရပါတယ်… ဒီလိုပဲ တစ်ဆင့်ပြီး တစ်ဆင့်သွားရတာပေါ့…။ အန်တီကိုယ်တိုင် သမီးတို့ မိဘတွေဆီ လာတွေ့ဦးမယ်လေ။ သူတို့ ဘယ်အချိန်လောက်ဆို တွေ့လို့ရလဲ။ ပြီးတော့ အန်တီ့ကို တရိုတသေနဲ့ ဥက္ကဌကြီး ဥက္ကဌကြီးနဲ့ ခေါ်မနေနဲ့တော့ … ဒေါ်လေးကျိုး လို့ပဲ ခေါ်”
လီရှု - “...ဟုတ်ကဲ့… ဒေါ်လေးကျိုး”
ဪ… Global Fortune 500 ကုမ္ပဏီက သူဋ္ဌေးမကြီးက ကြိုးစားလိုက်တာနော်! ငါ့ရဲ့ မိဘတွေဆီတောင် အပင်ပန်းခံ လာတွေ့ဦးမယ်ဆိုပါလား။
သူမက တလေးတစား ဖြစ်နေသော်လည်း တကယ်လာတွေ့ပါက သူတို့အရှိန်အဝါကို မိဘများ လန့်သွားမည်ကို စိုးရိမ်မိသည်။
ထို့ကြောင့် သူမက နှစ်ဦးနှစ်ဖက် အဆင်ပြေအောင် လုပ်ရန် တွေးလိုက်သည်။
“အခုလို တွေးပေးတဲ့အတွက် ကျေးဇူးပါ ဒေါ်လေးကျိုး…။ သမီးရဲ့ ဇာတိမြို့က ဝေးတော့ အဲအထိသွားဖို့ကျတော့ အားနာစရာကြီး…။ ဒီလို လုပ်ပါလား နောက်ရက် နည်းနည်းလောက်ကျရင် သမီးက တက္ကသိုလ်ဘွဲ့နှင်းသဘင်ရှိတော့ မိဘတွေလည်း ဒီကို လာကြလိမ့်မယ်။ အဲဒီနေ့ကျရင် အဆင်ပြေရင် ညစာဖြစ်ဖြစ် အတူတူ စားကြတာပေါ့။”
“ဪ ရတာပေါ့ကွယ်…။ သူတို့ ရောက်လာရင်သာ ဒေါ်လေးကို အကြောင်းကြားလိုက်”
သူဋ္ဌေးမကြီး ကျိုးရော့လန်က စိတ်ပါလက်ပါ သဘောတူလေသည်။
လီရှုက ခေါင်းကို ညိတ်ပြလိုက်သည်။ ပြီးမှ မိဘများထံ ဖုန်းခေါ်ရဦးမည်။
သို့သော် သူမ ဖက်က မခေါ်ရသေးမှီ ညစာစားပြီး တိုက်ခန်းပေါ်သို့ ပြန်ရောက်လာသည့် သူမကို မိဘများက ဦးစွာခေါ်လေသည်။
“သမီးရှုရေ… သမီးရဲ့ ဒေါ်လေး ကျန်းက ပြောလို့သိလိုက်တာ…။ သမီး အဲဒီမှာ ကောင်လေးတစ်ယောက်နဲ့ တွဲနေပြီဆို။ လူလိမ်ဖြစ်နေပါဦးမယ်ကွယ်… အဆင်ပြေရဲ့လား”
သူမ၏ မိဘများမှာ စိတ်ပူနေပုံရသည်။
လီရှုက တည်တည်ငြိမ်ငြိမ်ဖြင့် —
“ဒေါ်လေးကျန်းက စိတ်ပူသွားလို့ ဖြစ်ပါလိမ့်မယ်။ သမီးတွဲနေတဲ့သူက လူလိမ်မဟုတ်ပါဘူး။ သမီးရဲ့ သူဋ္ဌေးပါ… သဘောလည်း ကောင်းပါတယ်။ ခမည်းတော်တို့ မယ်တော်တို့ ဟွာရေ့ကုမ္ပဏီကို သိတယ် မဟုတ်လား။ အဲဒီကပါ… ဒေါ်လေး ကျန်းက သမီးရဲ့ သူဋ္ဌေး တကယ်ချမ်းသာတာကို မသိလို့ စိတ်ပူနေတာပါ”
သို့သော် သူမ၏ မိဘများက အံ့ဩ နေဆဲဖြစ်သည်။
“ဘာဖြစ်လို့လဲ။ ဘာလို့ သမီးရဲ့ သူဋ္ဌေးနဲ့ ပြန်တွဲနေတာလဲ။ ဟုတ်ကော ဟုတ်ရဲ့လားကွယ်”
လီရှုက ရှင်းရှင်းပဲ ပြန်ဖြေလိုက်သည်။
“ဟုတ်တာပေါ့ မယ်တော်ရဲ့… သမီးက ဘာလို့ လိမ်ရမှာလဲ။ ဒါနဲ့ သမီးရဲ့ ဘွဲ့နှင်းသဘင်က နောက်ရက်နည်းနည်းလောက်ဆို လုပ်တော့မှာ…။ အဲဒီနေ့ကျရင် ခမည်းတော်တို့ မယ်တော်တို့ ကိုယ်တိုင်လာပြီး ကြည့်ကြည့်… သူဋ္ဌေးနဲ့ရော သူ့အမေနဲ့ရော မိတ်ဆက်ပေးမယ်”
သူမ၏ မိဘများမှာ ကျိုးလန်တို့လောက် မချမ်းသာသော်လည်း လေယာဉ်လက်မှတ်တော့ ဝယ်နိုင်သည့် လူတန်းစားထဲက ဖြစ်သည်။
သူမ၏ စကားကို ကြားသည့်အခါ မိဘများမှာ ဘွဲ့နှင်းသဘင်နေ့အထိပင် မစောင့်နိုင်တော့ဘဲ လေယာဉ်လက်မှတ် ချက်ချင်း ပြေးဝယ်ကာ နောက်တစ်နေ့ နေ့လည်ခင်းတွင် ရောက်ချလာတော့သည်။
လီရှု - “...”
209 02
ကြည့်ရတာ ဥက္ကဌကြီး ကျိုးရော့လန်သာ ကြိုးစားအားထုတ်မှု ရှိသည်မဟုတ် သူမ၏ မိဘများကလည်း ထိုနည်းလည်းကောင်းပင် ဖြစ်ချေတော့သည်တကား။
သူမက မိဘများကို တွေ့ရသဖြင့် ပျော်နေသည်ထက် ကျိုးလန်က သူမဖက်က လက်ခံသည့် သတင်းကြားကတည်းက ပို၍ပင် ပျော်နေတော့သည်။ သူက ချက်ချင်းပင် ညစာ စားပွဲကို စီစဉ်လိုက်ပြီး အမေဖြစ်သူ ကျိုးရော့လန်ကို အကြောင်းကြားလိုက်သည်။
ဤသို့ဖြင့် လီရှုမိဘများမှာ S မြို့တော်သို့ ရောက်ရောက်ချင်း ညနေခင်း၌ပင် ဒီကို လာရသည့် အကြောင်းရင်းဖြစ်သည့် ဘီလီယန်ချီ၍ ချမ်းသာသည့် သားမက်လောင်း ကျိုးလန်နှင့် ဆုံရလေတော့သည်။
သားမက်ဖြစ်သူကိုသာမက ခမည်းခမက်တော်ရမည့် တရုတ်ပြည်တွင် အချမ်းသာဆုံးဖြစ်သည့် စီးပွားရေးလုပ်ငန်းရှင် ကျိုးရော့လန်နှင့်ပါ တွေ့ဆုံရလေသည်။
အမေဖြစ်သူရော သားဖြစ်သူပါ နှိမ့်ချတတ်ကြပြီး ယဉ်ကျေးသိမ်မွေ့သောကြောင့် သူတို့အဖို့ အံ့အားသင့်စရာ ဖြစ်နေတော့သည်။
ကျိုးလန်က အပြစ်ပြောစရာမရှိအောင် အပြောအဆိုကအစ တင့်တယ်နေသည်။ ကျိုးရော့လန်ကလည်း သူတို့အပေါ် ဂရုတစိုက် ဆက်ဆံသည်။ သူမကပင် စ၍ —ပြောသည်။
“အမေတစ်ယောက်အနေနဲ့ သား ကျိုးလန်က သမီးလီရှုအပေါ် အင်မတန် ဂရုစိုက်တာကို အသေအချာ သိပါတယ်။ ကျွန်မကိုယ်တိုင်ကလည်း ဒီသမီးလေးကို သဘောကျမိတယ်။ ဒါပေမဲ့ အမေတစ်ခု သားတစ်ခုဖြစ်နေလို့ သားအတွက် စိတ်မကောင်းဖြစ်ရတာတော့ ရှိပါတယ်။ ကျွန်မက အဖေမရှိလည်း သားဖြစ်သူကို အကျင့်စာရိတ္တကောင်းမွန်အောင် ကြိုးစားပြီး သင်ပြပေးခဲ့တာမို့ အဖေမရှိတဲ့ ပြစ်ချက်လေးတစ်ခုနဲ့ သားအပေါ် ဗွေမယူကြဖို့ တောင်းပန်ပါတယ်”
ထိုသို့ကြားလိုက်ရသည့်အခါ အားလုံး အားနာသွားကြပြီး လီရှု၏ မိဘများက ပြာပြာသလဲ ပြန်ပြောကြသည်။
“ဥက္ကဌကြီးကျိုးက အရမ်းကို နှိမ်ချလွန်းနေပါပြီ… အမိအဖ စုံစုံ မစုံစုံ ကျွန်တော်တို့အတွက် အရေးမကြီးပါဘူး… သားနဲ့ သမီးတို့က တစ်ဦးအပေါ် တစ်ဦး နားလည်ကြရင်ပဲ လုံလောက်ပါပြီ”
ဒေါ်လေးကျန်း၏ ဖုန်းဆက် သတင်းပေးမှုကြောင့် စိတ်ပူနေကြသည့် မိဘများမှာ ယခုလို လူကိုယ်တိုင် ဆုံတွေ့ပြီးတော့မှ စိတ်အေးသွားကြတော့သည်။
ဟင်း… အဲဒီ ဒေါ်လေးကျန်းကတော့လေ — ငါတို့ သမီးကို တော်တော်အထင်သေးနေပုံရတယ်… လီရှုကိုများ လူလိမ်နဲ့ တွေ့နေပြီနဲ့ ဘာနဲ့ လျှောက်ပြောနေတယ်…။
မိသားစုနှစ်ဖက် ပထမဦးဆုံးအကြိမ်တွေ့ပြီး ရက်အနည်းငယ်အကြာတွင် လီရှု ဘွဲ့နှင်းသဘင် တက်ရလေသည်။
မိဘများကိုယ်တိုင်တက်ရောက်လာသဖြင့် လီရှုက ပျော်နေသည်။ ထို့အပြင် ကျိုးလန်က သူ့အမေကိုပါ ခေါ်ပြီး ရောက်ချလာသည့်အတွက် သူမ အံ့ဩသွားမိသည်။
သူတို့က လူမသိအောင် ကြိုးစား၍ လာကြသော်လည်း လှုပ်လှုပ်ရှားရှား ဖြစ်သွားလေသည်။
သူမ၏ အတန်းဖော်များက ဝိုင်းလာပြီး စပ်စုတော့သည်။
“နင့် မိသားစုဝင်တွေထဲက နှစ်ယောက်က ဟွာရေ့ မီဒီယာအုပ်စုရဲ့ ဥက္ကဌကြီးနဲ့ CEO မဟုတ်လား”
လီရှုက ချောင်းတစ်ချက် ဆိုးလိုက်ပြီး —ဖြေလိုက်သည်။ “အင်း… ဟုတ်တယ်”
ထိုအခါ သူငယ်ချင်းများ အားလုံး မျက်လုံးပြူးသွားကြသည်။ အတန်းထဲတွင် အငြိမ်ဆုံး အကုပ်ဆုံး ကောင်မလေး၏ ဘွဲ့လက်ခံပွဲကို ယခုလို ဂုဏ်ရှိန်ကြီးလှသည့် ဧည့်သည်တော်များ တက်ရောက်မည်ဟု မည်သူက ထင်မည်နည်း။
ထိုစဉ် သူငယ်ချင်း တစ်ယောက် တွန့်ဆုတ် တွန့်ဆုတ်ဖြင့် မေးလေသည်။
“လိုင်းပေါ်မှာ ကောလဟလ ထွက်နေတဲ့ သခင်လေးကျိုးရဲ့ ကောင်မလေးဆိုတာ နင်လား”
လီရှုက ချောင်းနောက်တစ်ချက် ဟန့်လိုက်ပြီး ပြန်ဖြေလေသည်။ “အင်း… ဟုတ်တယ်”
“ဟယ်…”
209 03
လူအုပ်ထဲတွင် စိတ်လှုပ်ရှားလွန်း၍ အော်လိုက်သံများ ထွက်လာတော့သည်။ မိန်းကလေးများ အားလုံး စိတ်လှုပ်ရှားကုန်ကြသည်။ အထူးသဖြင့် သူမ၏ အခန်းဖော် သူငယ်ချင်းသုံးဦးက အတော်ပျော်နေကြသည်။ သူတို့က သူမ၏ လက်ကို ဆွဲ၍ ပျော်ရွှင်စွာ ခုန်ပေါက်နေကြသည်။
“ဒါမှ… ရှု… ရှု… ရှုကွ… တော်လိုက်တာ။ နင်တို့ ဘယ်တော့ မင်္ဂလာဆောင်မှာလဲ။ ငါတို့ကို ဖိတ်ရမယ်နော်”
လီရှုက ပြန်ပြောရန် ပြင်လိုက်စဉ် သူမ၏ နောက်မှ စကားသံ ထွက်လာသည်။
“ဖိတ်မှာပါ… မင်္ဂလာပွဲနေ့ကျရင် ညီမတို့ အားလုံးဆီကို ဖိတ်စာပို့လိုက်မယ်”
ထိုသို့ပြောပြီးသည့်အခါ သူတို့အနားသို့ ကျိုးလန် ရောက်လာလေသည်။
တစ်အုပ်စုလုံး အသက်ကိုပင် ရဲရဲ မရှူရဲတော့သလို ငြိမ်သွားကြပြီးနောက်မကြာမီ အော်ဟစ်ဆူညံသွားလေတော့သည်။
“အိုး… သူတို့ တကယ် ယူကြမှာပေါ့…။ ငါတို့ရှုတော့ သူဋ္ဌေးဖြစ်တော့မယ်ဟေ့”
…
လီရှုက ကျိုးလန်ကို ဘေးသို့ ဆွဲခေါ်သွားပြီး မျက်နှာကြီး နီရဲစွာဖြင့် ပြောလေသည်။
“ရှင် ဘာလုပ်တာလဲ။ သူတို့က စ,နေတာကို”
ထိုအခါ ကျိုးလန်က ခပ်တည်တည်ဖြင့် ပြန်ပြောလေသည်။
“ငါကတော့ စ,နေတာမဟုတ်ဘူး…။ မင်္ဂလာပွဲကျရင် သူတို့ လာချင်ရင် လာလို့ရတယ်”
လီရှု ချောင်းတစ်ချက် ဟန့်လိုက်မိသည်။
“... ကျွန်မက ရှင်နဲ့ တွဲမယ်လို့ပဲ သဘောတူထားသေးတာ… ယူမယ်လို့ ဘယ်တုန်းက…”
ထိုအခါ ကျိုးလန်က မျက်နှာထားတည်တည်ဖြင့် ဖြတ်ပြောလေသည်။
“မင်္ဂလာဆောင်ဖို့အထိ မရည်ရွယ်ဘဲ တွဲတဲ့ လုပ်ရပ်မျိုးက အဓိပ္ပာယ်မရှိဘူး”
လီရှု - “...”
ဪ… ပြောမိသည့် သူမက လူဆိုးကြီး ဖြစ်နေပေပြီ။
သူမ မျက်နှာကြီး နီရဲပြီး ရှက်နေစဉ် အတန်းဖော်များက ဘေးမှနေ၍ စ,နေကြသည်။ ထို့ကြောင့် သူမက သူ့အား ဆွဲခေါ်ထုတ်သွားကာ —
“တခြားမှာ ဓါတ်ပုံသွားရိုက်ရအောင်… ရှင် ဓါတ်ပုံရိုက်တတ်တယ် မဟုတ်လား”
ကျိုးလန်က သဘောတူလိုက်ကာ —ပြန်ပြောလိုက်လေသည်။
“အင်း… ကျောင်းမှာတုန်းကတော့ ဓါတ်ပုံနဲ့ ပတ်သက်ပြီး ဆုရခဲ့ဖူးပါတယ်”
~~
209 04
တစ်ဆယ့်ခြောက်နှစ်လုံးလုံး ကြာအောင် ကြိုးစား သင်ယူခဲ့ရသည့် ပညာရေးကြီး ပြီးဆုံးသွားလေပြီ။ လီရှုမှာ ပျော်လွန်းသဖြင့် မိဘများ၊ အတန်းဖော်များ၊ ရည်းစားနှင့် ယောက္ခမလောင်းတို့ပါမချန် အားလုံးနှင့်အတူ ဓါတ်ပုံများစွာ ရိုက်လေသည်။ ထိုစဉ် တစုံတဦးနှင့် စကားပြောနေသည့် ပါမောက္ခချီကို မလှမ်းမကမ်းတွင် လှမ်းတွေ့လိုက်ရသည်။ ထို့ကြောင့် သူမက ကျေးဇူးစကားပြောချင်သဖြင့် သူ့အနားသို့ ပြေးသွားလိုက်သည်။
“ပါမောက္ခချီ… သမီးကို သင်ကြားပြသပေးခဲ့တာတွေအတွက်ရော ဟိုတနေ့က အလုပ်လျှောက်ဖို့ ရွေးပေးတာတွေရောအတွက် ကျေးဇူးတင်ပါတယ်…။ သမီး အဲဒီ ကုမ္ပဏီမှာ အခု အလုပ်လုပ်နေပြီ”
ပါမောက္ခချီမှာ ယခုမှ ငါးဆယ်စွန်းစွန်းသာရှိသေးပြီး အကျင့်သိက္ခာနှင့် ပြည့်စုံသူဖြစ်သည်။ လီရှု အထူးလေးစားမိသည့် ဆရာတစ်ယောက်လည်း ဖြစ်သည်။
လီရှု၏ စကားကို ကြားလိုက်သည့်အခါ ပါမောက္ခချီက ပြုံးကာ ပြန်ပြောသည်။
“ကျေးဇူးတင်စရာ မလိုပါဘူးကွာ… လူ့လောကထဲ ဝင်ရမဲ့ သမီးသာ ရှေ့ဆက် ကြိုးစား”
ထို့နောက် လီရှုက သူမ၏ မိဘများကို ခေါ်၍ ဆရာဖြစ်သူနှင့် မိတ်ဆက်ပေးသည်။
ထိုစဉ် သူမ ဘာမှ မပြောရသေးမှီ ယောက္ခမလောင်းကြီး ကျိုးရော့လန်က သူတို့အနားသို့ အမြန်လျှောက်လာပြီး ပါမောက္ခချီကို ကြည့်ကာ ပြောလိုက်သည်။
“ချီရှုကွမ်း…”
ပါမောက္ခချီကလည်း ကျောက်ရုပ်ကြီးလို ဖြစ်သွားပြီး သူမကို အတန်ကြာသည်အထိ စိုက်ကြည့်နေမိတော့သည်။
“ရော့လန်…”
လီရှု၏ မျက်လုံးများ ပြူးသွားတော့သည်။
ရော့လန်… တဲ့…။
တစ်ယောက်နဲ့ တစ်ယောက် ဒီလို ခေါ်တာမျိုးက တစ်မျိုး ထူးဆန်းနေပေသည်။
ဒီနှစ်ယောက် အရင်ကတည်းက သိနေကြတာလား။
ထို့ကြောင့် သူမက စစ်စတန်ကို ခေါ်၍ မေးလိုက်သည်။
【ဥက္ကဌကြီး ကျိုးနဲ့ ပါမောက္ခချီတို့က ဘာတွေလဲ။ သူတို့က အရင်တုန်းက ဆုံဖူးကြတာလား။】
ထိုအခါ စစ်စတန်က ပြန်ဖြေသည်။ 【သူတို့က တစ်ယောက်နဲ့ တစ်ယောက် ဆုံဖူးရုံတင်မဟုတ်ဘူး… တက္ကသိုလ်မှာတုန်းက တွဲခဲ့ကြသေးတယ်…။ အတိအကျ ပြောရရင် ပါမောက္ခချီက ကျိုးရော့လန်ထက် နှစ်,နှစ် အတန်းပိုကြီးတယ်…။ ပါမောက္ခကျိုးက သူ့ဋ္ဌာနမှာ တော်တော် တော်တဲ့ ကျောင်းသား… မိန်းကလေးတွေ ကြွေတဲ့သူ… ကျိုးရော့လန်ကကျတော့ တက္ကသိုလ်ရဲ့ ကွင်းပေါ့… ကောင်လေးတွေ ဝိုင်းနေတဲ့သူ…။ နေနဲ့လ ရွှေနဲ့မြလို လိုက်ဖက်တဲ့ စုံတွဲပေါ့… ဒါပေမဲ့ ကျိုးမိသားစုမှာ ပြဿနာဖြစ်တော့ ကျိုးရော့လန်က အိမ်က စီစဉ်ပေးတဲ့သူနဲ့ ယူလိုက်ရတယ်…။ အဲဒီတုန်းက ပါမောက္ခကျိုးက နိုင်ငံခြားမှာ ပညာတော်သင် ဖြစ်နေတော့ သူတို့ လွဲသွားရတာပေါ့…။ နောက်ပိုင်းမှာ ကျိုးရော့လန်က ယောက်ျားနဲ့ ကွာပြီး သားကို တစ်ယောက်တည်းထိန်း၊ စီးပွားရေးတွေ ဖိလုပ်တော့တာပေါ့… ပါမောက္ခချီကကျတော့ တခြားမြို့မှာပဲ အခြေချနေတော့ တဖြည်းဖြည်း တစ်ယောက်နဲ့ တစ်ယောက် အဆက်အသွယ် ပြတ်သွားကြတာ…။】
ဤသည်ကို ကြားလိုက်ရသောအခါ လီရှုတစ်ယောက် အားမလို အားမရ ရေရွတ်မိလိုက်သည်။
【ဒါဆို အခုက နှစ်ပေါင်းများစွာ ကွဲကွာနေပြီးမှ ပြန်ဆုံကြတာပေါ့။ ရင်ထဲ ခံစားရလိုက်တာ! အခု ပါမောက္ခကျိုးကလည်း တစ်ယောက်တည်း… ဥက္ကဌကြီး ကျိုးကလည်း တစ်ယောက်တည်းဆိုတော့ အရင်ဇာတ်လမ်းလေးကို ပြန်စကြရင် သိပ်ကောင်းမှာပဲနော့်။ တွေးကြည့်လေ — ထိပ်တန်း စီးပွားရေးသမား အမျိုးသမီးနဲ့ ပါမောက္ခတို့ရဲ့ ဇာတ်လမ်း… အမလေးလေး… တော်တော် လိုက်ဖက်မဲ့ စုံတွဲပဲ!】
ကျိုးလန်က တိတ်တဆိတ် နားထောင်ရင်း တွေးလိုက်မိသည်။ “...”
ဒါကံကြမ္မာက အားလုံးကို ပြန်ဆုံခွင့်ပေးလိုက်တာပဲ။
ဒီကောင်မလေးကတော့လေ… အရင် ဘဝတုန်းကလည်း သူများတွေကို လိုက်တွဲပေးနေတဲ့ ကောင်မလေးမျိုးပဲ…။
209 05
ဘွဲ့နှင်းသဘင် အခန်းအနားပြီးဆုံးသွားသည့်အခါ လီရှု၏ မိဘများက စိတ်ကျေနပ်စွာဖြင့် ပြန်သွားကြသည်။
လီရှုကလည်း နေစရာ နေရာသစ်တစ်ခု ရသွားပြီဖြစ်သဖြင့် တိုက်ခန်းဟောင်းမှ ပြောင်းရသည်။
ဒီတစ်ကြိမ်တွင် သူမက အသေအချာ ဂရုစိုက်ပြီး ရွေးလိုက်သဖြင့် နေရာကောင်းကောင်းတွင် လုံခြုံမှုအပြည့် ပစ္စည်းပစ္စယ အစုံအလင်ရှိသည့် အခန်းကို ရလိုက်လေသည်။
သူမတွင် သယ်စရာများများစားစား မရှိသဖြင့် အဝတ်အစားများနှင့် စာအုပ်များကို သိမ်းဆည်းပြီးသည့်အခါ ကျိုးလန်၏ ကားဖြင့် နောက်တစ်နေရာသို့ အလွယ်တကူ သွားနိုင်ပေသည်။
နေရာသစ်သို့ ရောက်သည့်အခါ ပစ္စည်းပစ္စယ ကြီးကြီးမားမားများ မရှိသော်လည်း သန့်ရှင်းရေးလုပ်ခြင်း၊ အခန်း ပြင်ဆင်ခြင်းတို့ကြောင့် တစ်နေကုန် ကြာသွားလေသည်။
ညနေခင်းသို့ ရောက်လာသည့်အခါ ကျိုးလန်က အကြံပေးသည်။
“အပြင်ထွက်ပြီး တစ်ခုခု သွားစားရအောင်လေ…”
လီရှုက ဆိုဖာပေါ်တွင် ပျင်းပျင်းရိရိ လဲလိုက်ပြီး —
“ကျွန်မ ပင်ပန်းနေပြီ… ဒယ်လီပဲ မှာလိုက်ကြရအောင်” ဟု ပြောလိုက်ပြီးနောက် ဖုန်းကို ထုတ်ကာ အစားအသောက်ဒယ်လီ App ကို ဖွင့်လိုက်သည်။
သို့သော် ကျိုးလန်က လက်မခံပေ။
“အဆင်သင့် မှာစားတာက ကျန်းမာရေးအတွက် မကောင်းဘူး…။ ဒီနားမှာ စူပါမားကပ်တစ်ခု တွေ့မိထားတယ်…။ ငါ တစ်ခုခု သွားဝယ်ပြီး မင်းအတွက် ချက်ပေးမယ်လေ”
သူတို့နှစ်ယောက်မှာ မိဘချင်း အခုမှ ဆုံပေးပြီးခါစဖြစ်သည့်အတွက် မင်္ဂလာကိစ္စ မစီစဉ်ရသေးသော်လည်း သူက သူမ အထင်ကြီးအောင် လုပ်ပြချင်နေသည်။
ကံကောင်းသည်က ဒီဘဝတွင် သူက ထမင်းဟင်းကောင်းကောင်းချက်တတ်နေသဖြင့် အဆင်ပြေသွားသည်။
သူ့အကြံပြုချက်ကို ကြားလိုက်သည့်အခါ သူမက မျက်နှာဝင်းပသွားပြီး —ပြောလိုက်သည်။
“ဟာ… ကောင်းတယ် ကောင်းတယ်… ကျွန်မလည်း ရှင်နဲ့အတူလိုက်ပြီး ဈေးကူဝယ်ပေးမယ်”
ပြောပြီးနောက် ဆိုဖာပေါ်မှ ခုန်ထလိုက်သည်ကို မြင်လိုက်သည့်အခါ ကျိုးလန်က မျက်မှောင်ကြုတ်၍ —မေးလေသည်။
“ဟင်… ခုနကပြောတော့ ပင်ပန်းနေပြီဆို”
လီရှုက ချောင်းဟန့်လိုက်ပြီး —
“ကျွန်မ ဘယ်လောက် ပင်ပန်းပန်း ရှင့်ကို တစ်ယောက်တည်း သွားခိုင်းရမှာ သနားလို့ပေါ့…။ ကောင်ချောလေးတစ်ယောက်တည်း အပြင်သွားရင် အန္တရာယ်ရှိတယ်လေ မသိဘူးလား” ဟု ပြန်ပြောသည့်အခါ ကျိုးလန်က တဟားဟား ရယ်လိုက်ပြီး သူမခေါင်းကို ပုတ်လိုက်ကာ အတူတူ ဈေးဝယ်ထွက်ကြသည်။
ဟင်းချက်စရာများ ဝယ်ပြီးသည့်အခါ သူက ဦးဆောင်၍ ချက်ပြုတ်ပြီး လီရှုက ဟင်းသီးဟင်းရွက်များကို ဆေးကြောရသည်။
သူ ဆရာကျကျ ဟင်းသီးဟင်းရွက်များကို လှီး၊ မီးဖိုကို အပူပေး၊ ဒယ်အိုးပြားကို မီးပေါ်တွင် လှစ်ခနဲ လှစ်ခနဲ မြှောက်ကစားနေသည်ကို ဘေးမှ လီရှုကကြည့်ပြီး သဘောကျနေသည်။ အစားအသောက်များ အဆင်သင့် ဖြစ်သည့်အခါ သူမ၏ မျက်နှာ ဝင်းပသွားပြီး ကျေနပ်နေတော့သည်။
သူဒီလောက် ချက်တတ် ပြုတ်တတ်မှန်း ထင်မထားမိပေ…။ ယွီရှန်း ဝက်သားပြား၊ အိမ်လုပ်စတိုင် တို့ဟူးနှင့် အမဲသားပြုတ်တို့မှာ စားသောက်ဆိုင်လောက်နီးနီး ကောင်းလေသည်။
ဒီဟင်းများက အသင့်စား အစားအသောက်များ မှာစားသည်ထက် အပုံကြီး ပိုကောင်းပေသည်။
209 06
“ဘယ်လိုလဲ စားလို့ ကောင်းလား” ဟု ကျိုးလန်က မေးလိုက်ရာ လီရှုက အငန်းမရစားရင်း ခေါင်းညိတ်ပြကာ ပြန်ဖြေသည်။
“ကောင်းမှကောင်း…။ ရှင်က တော်လိုက်တာ… ဒီလောက်တောင် ချက်တတ်လိမ့်မယ်လို့ ထင်မထားဘူး!”
ကျိုးလန်က အင်းဟု ပြန်ပြောလိုက်ပြီး —အကြံပေးလေသည်။ “နိုင်ငံခြားမှာနေတုန်းက သူတို့ အစားအသောက်တွေ မစားနိုင်လို့ ကိုယ့်ဘာသာကို ချက်စားခဲ့ရတာလေ။ အဲကျတော့ တဖြည်းဖြည်းနဲ့ တော်လာတာပေါ့။ နောက်ကျရင် မင်း စားချင်တာပြောလေ ချက်ကျွေးမယ်… အသင့်စား အပြင်စာတွေ မှာမစားနဲ့တော့”
လီရှုက ခေါင်းကို ညိတ်လိုက်ကာ — ပြန်ပြောလိုက်သည်။
“ဒါဆိုလည်း အားမနာတော့ဘူးနော်”
ဒီလူ့ကို ရွေးချယ်မိတာ အခုထိ မမှားသေးဟု သူမဘာသာ တွေးမိသည်။ ရုပ်လည်းချော ချမ်းလည်း ချမ်းသာသည့်အပြင် အရေးအကြီးဆုံးက ထမင်းဟင်းလည်း ကောင်းကောင်းချက်တတ်သည်လေ…။ ကံကောင်းချက်။
တိတ်တဆိတ် နားထောင်နေသည့် ကျိုးလန်ကလည်း သူ့ဘာသာသူ တွေးမိသည်။
ဪ… ရုပ်ချောတာ ချမ်းသာတာထက် ပိုအရေးကြီးတာက ဟင်းချက်တတ်ဖို့ပေါ့လေ။
ဒါက အစားတစ်လိုင်းသမားတွေအတွက် ရည်းစားရွေးချယ်နည်းဆိုပါတော့။ သူ ဟင်းချက်တတ်တာ တော်သေးသည်။
သူတို့ ညစာ စားပြီးသည့်အခါ အပြင်တွင် လုံးဝ မှောင်နေပြီဖြစ်သည်။
ကျိုးလန်က ဟင်းချက်တာကို တာဝန်ယူလိုက်သည့်အတွက် လီရှုက ပန်းကန်ဆေးသည်။
ရာသီဥတုမှာ ပူလှသည်။ ခုနက ဟင်းချက်ရင်း သူ ချွေးတဒီးဒီးကျနေသည်ကို သူမ ပြန်အမှတ်ရလိုက်သည်။ ထို့ကြောင့် —အကြံပြုလိုက်သည်။
“ရေချိုးလိုက်ပါလား”
သူမက တခြားဘာမှ မတွေးဘဲ အကြံပြုလိုက်သော်လည်း ကျိုးလန်၏ မျက်လုံးများမှာ တစ်ခုခုကို တွေးမိသည့်ဟန် ပေါက်သွားသည်။ သို့သော် သူက အသာတကြည် လက်ခံလိုက်ပြီး ရေချိုးခန်းဖက်သို့ ထွက်လာလိုက်သည်။
လီရှု ပန်းကန်များကို ဆေးကြောပြီးသည့်အခါ သူကလည်း ရေချိုးခန်းအတွင်းမှ ပြန်ထွက်လာသည်နှင့် တိုက်ဆိုင်နေသည်။
သူ့ကိုယ် အပေါ်ပိုင်းတွင် အဝတ်ဗလာနှင့်ဖြစ်သည်ကို မြင်လိုက်ရသောအခါ လီရှု ဆွံ့အ,သွားမိသည်။
ဪ… ကောင်မလေးတွေ ပြောပြောနေတဲ့ six pack ဆိုတာ ဒါပါလား!
သူမက သူ,မသိအောင် သွားရည်ကျနေရင်း မနည်းထိန်းကာ မေးလိုက်သည်။
“ရှင်… ရှင်… ဘာလို့ အဲဒီလိုကြီး ထွက်လာတာလဲ”
ပြောရင်း စိတ်က သူ့ရင်ဘက်ကို တို့,ကြည့်ချင်စိတ်ပေါက်နေသည်။
209 07
ကျိုးလန်ကလည်း သူမ၏ စိတ်နဲ့ လူနဲ့ မကပ်သည့် မျက်လုံးများကို ကြည့်ရင်း —ပြန်ဖြေလိုက်သည်။
“ငါ့ အင်္ကျီတွေကို ရေချိုးရင်း တခါတည်း လျှော်ပစ်လိုက်တာလေ”
လီရှုမှာ “ဪ” ဟုသာ ပြန်ဖြေနိုင်သည်။ သူမက စိတ်ကို မနည်းထိန်းနေရသည်။
“အဲဒါဆို အိမ်ကို ဘယ်လို ပြန်မှာတုန်း”
သူမ ပြော၍ မပြီးသေးမီ သူက အနားသို့ ကပ်လာပြီး —မေးလိုက်သည်။
“ငါ ဒီည ဒီမှာ အိပ်လို့ရလား”
လီရှု၏ မျက်လုံးထဲတွင် သူ့ ယောက်ျားပီသသည့် ခန္ဓာကိုယ်ကြီးကို မြင်ယောင်နေမိပြီး တံတွေးများကို မြိုချကာ —ပြန်ဖြေလိုက်သည်။
“အင်း… ရပါတယ်…”
အမှန်အတိုင်းပြောရလျှင် သူမကိုယ်သူမ ဘာပြောမိမှန်းပင် မသိလိုက်ပေ…။
သို့သော် သူမကိုယ် သူမ မဆင်ခြင်မိခင်မှာပင် သူ့ရင်ခွင်ထဲသို့ ရောက်သွားတော့သည်။ ထို့နောက် အနမ်းများအောက်တွင် မြုပ်သွားတော့သည်။
အရင်ဘဝတုန်းက သူမဖက်က စ၍ နမ်းခဲ့သောကြောင့် ဒီဘဝတွင် သူ့ဖက်က အရင် စ,လိုက်သည်။
သူ့အနမ်းက နူးညံ့နေသလို ရမက်ပြင်းပြင်းလည်း ပါဝင်နေသဖြင့် မိန်းမောဖွယ်ရာ ဖြစ်သည်။
လီရှုမှာ စိတ်နှင့်ကိုယ်နှင့်ပင် မကပ်နိုင်ပေ… သို့သော် ယခုလို ခံစားချက်မျိုးကို ရင်းရင်းနီးနီး ခံစားဖူးသလို ဖြစ်နေမိသည်။
ဘယ်တုန်းက ခံစားဖူးတာလဲတော့ မမှတ်မိ။
သူမက ပြန်မှတ်မိအောင် ကြိုးစားပြီး တွေးနေစဉ် ကျိုးလန်၏ အသံတိုးတိုးကို ကြားလိုက်ရသည်။
“ရှု… ကိုယ့်ကို လက်ထပ်ခွင့် ပေးပါလား”
လီရှု ခေါင်းညိတ်လိုက်မိသည်။ စိတ်ထဲတွင်လည်း သူက အဖက်ဖက်က ပြည့်စုံနေသဖြင့် လက်ထပ်တာ အရှုံးမရှိဟု တွေးမိနေသည်။
ကျိုးလန်က ပြုံးလိုက်ကာ သူမကို စွေ့ခနဲပွေ့ချီလိုက်ပြီး အိပ်ယာဖက်သို့ ခေါ်သွားတော့သည်။
ထိုသို့ ခေါ်သွားစဉ် သူမ,တွေးနေသည်ကို သူကြားလိုက်ရသည်။
【နေစမ်းပါဦး… လက်မထပ်ခင် ဝတုတ်ရဲ့ ဟိုဟာလေးကို အသေအချာ စစ်ကြည့်ဦးမှပါ 】
ကျိုးလန် - “...”
အေအေ… အဲဒီလောက် သိချင်နေမှတော့ လက်တွေ့ ပြရသေးတာပေါ့…။
…
209 08
ဤသို့ဖြင့် ထိုညတစ်ညလုံး အနိမ့်အမြင့်များကို ဖြတ်ကျော်လျက် ကုန်ဆုံးသွားလေသည်။ လီရှုကလည်း ပင်ပန်းနွမ်းနယ်စွာဖြင့် သူ့လက်မောင်းထက်တွင် အိပ်မော ကျသွားတော့သည်။
ထိုညက အိပ်မက်,မက်သည်။ သူမ၏ အရင်ဘဝ အဖြစ်အပျက်များကို ပြန်မြင်နေရသည်။
အဲဒီတုန်းက သူက ဧကရာဇ်မင်းကြီး… သူမက သူ့ရဲ့ မိဖုရား…
နောက်တစ်နေ့မနက် လီရှု နိုးလာသောအခါ အစားအသောက် ချက်ပြုတ်နေသည့် ရနံ့များကို ရလိုက်သည်။
သူမ,နိုးလာသည်ကို မြင်သွားသည့် ကျိုးလန်က အိပ်ယာဘေးသို့ လျှောက်လာစဉ် မျက်နှာကျက်ကို မော့ကြည့်ပြီး ငြိမ်နေသော သူမကို တွေ့သွားသည်။
“အဆင်ပြေရဲ့လား ဘာဖြစ်လို့လဲ”
လီရှုက သူ့ကို ပြန်ကြည့်လိုက်ပြီး ပြောသည်။
“ကျွန်မ ညက အိပ်မက်,မက်တယ်”
“ဘယ်လို အိပ်မက်လဲ”
“ကျွန်မတို့ရဲ့ အရင်ဘဝကို ပြန်မက်တယ်… အဲဒီထဲမှာ ရှင်က ဧကရာဇ်မင်းကြီးတဲ့… ကျွန်မကကျတော့ ရှင့်ရဲ့ မိဖုရားကြီးတဲ့…”
“ချစ်မိဖုရား…”
ခေါ်လိုက်ရင်း ကျိုးလန်က ပြုံးလိုက်သည်။
“...အခုတော့ မှတ်မိသွားပြီပေါ့”
လီရှုက သူ့ကို တအံ့တဩကြည့်လိုက်ပြီး မေးလိုက်သည်။
“ရှင်လည်း မှတ်မိတယ်ပေါ့”
ကျိုးလန်က ခေါင်းကိုညိတ်ပြလိုက်သည်။
ထိုအခါ လီရှုက အရာအားလုံးကို သဘောပေါက်သွားတော့သည်။
“ဪ… ဒါ့ကြောင့်ကိုး…”
ဒါ့ကြောင့် သူက သူမကို လက်ထပ်ဖို့ အသည်းအသနကြိုးစားနေတာကိုး။ သူမက သူ့ကို ဖက်လိုက်ပြီး —ရေရွတ်လိုက်လေသည်။
“ကျွန်မတို့ အခုလို ပြန်ဆုံခွင့်ပေးတဲ့အတွက် ဘုရား,မတာ ပဲ”
ပြီးတော့ အရင်ဘဝတုန်းကအတိုင်း ကိုလူချောကြီးဖြစ်နေသဖြင့် ဘုရားကို ပို၍ပင် ကျေးဇူးတင်မိသည်။
ထို့အပြင် ယခင်ဘဝတုန်းကလို စ,တွေ့ခါစ ရုန်းကန်ရခြင်းမျိုး မရှိပေ… ဒီဘဝတွင် စ,ကတည်းက အဆင်ချောနေတော့သည်။
ကျိုးလန် - “...”
မင်းလေး စိတ်ချမ်းသာရင် ပြီးတာပါပဲ ဟုတွေးရင်း စိတ်မထိန်းနိုင်တော့သဖြင့် နမ်းရန် ခါးကိုင်းလိုက်သည်။ ဒီနေ့က စနေတနင်္ဂနွေ ပိတ်ရက်ဖြစ်သဖြင့် အေးဆေးပဲဖြစ်သည်။
သို့သော် သူမနမ်းရသေးမီ သူမက ဖြတ်ပြောလိုက်သည်။
“နေဦး… တစ်ခုခု လွဲနေသလိုပဲ”
သူက အူကြောင်ကြောင်ဖြစ်သွားပြီး ပြန်မေးလိုက်သည်။ “ဘာလွဲနေလို့လဲ”
ထိုအခါ သူမက မျက်မှောင်ကြုတ်လိုက်ပြီး —
“အရင်ဘဝတုန်းက ပြောခဲ့တာ မေ့သွားပြီလား…။ နောက်ဘဝကျရင် ကျွန်မက ယောက်ျား ရှင်က မိန်းမဖြစ်ရမှာလေ မဟုတ်ဘူးလား။ အခုကျတော့ ဘာလို့ ကျွန်မပဲ မိန်းမ,ဖြစ်နေရတာလဲ”
ကျိုးလန် - “ဟင်”
209 09
“အဲဒီလို ပြောခဲ့လို့လား”
သူမကတော့ အသေအချာ ပြောနေသည်။
“ပြောတာပေါ့… ရွှမ်းကလေးကို ကျွန်မ ခက်ခက်ခဲခဲမွေးတုန်းက နောက်ဘဝကျရင် ရှင် ကလေးမွေးအလှည့်လို့ ပြောလိုက်တာလေ။ အဲဒီတုန်းကကျတော့ ရှင်က သဘောတူခဲ့ပြီးတော့…”
ကျိုးလန် - “...”
“ကြည့်ရတာ ဘုရားက အဲဒီအချက်ကို မေ့သွားလို့ နေမှာပေါ့… ဒါပေမဲ့ ဘာမှ မဖြစ်ပါဘူး နောက်ဘဝတွေ ရှိပါသေးတယ်”
ထို့နောက် သူက သူမကို နမ်းလိုက်တော့သည်။
ယခုတော့ ချစ်သူနှစ်ယောက်စလုံး အတိတ်ကို ပြန်မှတ်မိသွားပြီ ဖြစ်သဖြင့် တွန့်ဆုတ်နေခြင်းများ မရှိကြတော့ပေ။
ထိုနှစ် ကုန်ဆုံးသည့်အခါ လီရှု၏ ဇာတိမြို့တွင် ကျိုးလန်နှင့် လီရှုတို့ မင်္ဂလာပွဲကို အကြီးအကျယ် ကျင်းပလေသည်။
မြို့ပေါ်သို့ ပြန်ရောက်သည့်အခါတွင်လည်း ကျေးဇူးတင် ဂုဏ်ပြုပွဲထပ်မံကျင်းပပြန်လေရာ သတင်းသမားတို့ အထူးတလည် စိတ်ဝင်စားခြင်းကို ခံရလေသည်။
ယခု အရာအားလုံး လူသိရှင်ကြား ပြုလုပ်ပြီးသွားပြီ ဖြစ်သဖြင့် ဒေါ်လေးကျန်းတစ်ယောက် ပါးစပ်ပိတ်သွားတော့သည်။ သူမ,မှာ လီရှုကို အထင်သေးမိသည်ကို ရှက်လွန်းသဖြင့် လီရှု၏ မိဘများနှင့် မျက်နှာချင်းမဆိုင်ရဲဘဲ အချိန်အတော်ကြာအထိ ရှောင်နေတော့သည်။
လီရှုကတော့ ထိုကိစ္စ အသေးအဖွဲလေးများကို စိတ်ထဲပင် ထည့်မထားချေ။ သူမ၏ စိတ်ထဲတွင် အလွန် ပျော်ရွှင်နေမိသည်ကိုသာ သိသည်။
ယခင်ဘဝက မိဖုရားကြီးတစ်ပါး အရာရောက်ခဲ့သော်လည်း မယ်တော်ကြီး “မာမကျန်းဖြစ်နေသဖြင့်” ဂုဏ်ပြုပွဲကြီး မကျင်းပနိုင်ခဲ့သော်လည်း ယခုဘဝတွင်မူ သူမ ဆန္ဒရှိသည့်အတိုင်း ကျင်းပနိုင်ခဲ့လေပြီ။
မင်္ဂလာပွဲအပြီးတွင် ဇနီးမောင်နှံ နှစ်ဦး ဟန်နီးမွန်း ခရီးထွက်ကြသည်။
တညနေတွင် ကြင်စဦးမောင်နှံတို့ကို ဥက္ကဌကြီး ကျိုးရော့လန်က ဗီဒီယို call ခေါ်လေသည်။
“သားနဲ့ လီရှုတို့ မင်္ဂလာပွဲကြီးကို အောင်အောင်မြင်မြင် ကျင်းပပြီးသွားပြီမို့ အမေ စိတ်ချရပြီ။ ဒါပေမဲ့ မင်းတို့ကို အမေ ပြောပြစရာ တစ်ခုရှိတယ်…”
သူမ ပြော၍မပြီးခင် ကျိုးလန်က ဖြတ်၍ —
“သား သိပါတယ် အမေ၊ အမေ တသက်လုံး အလုပ်တွေပဲ ဖိလုပ်လာတာ… အခု အမေ့အနားမှာ ဖေးမ ကူညီမဲ့လူ တစ်ယောက်ယောက်နဲ့ အတူအနားယူဖို့ သင့်ပါပြီ” ဟုပြောလိုက်ရာ တဖက်မှ ကျိုးရော့လန် အံ့အားသင့်သွားသည်။ ထို့နောက် သူမက ခေါင်းကို ညိတ်ကာ ပြုံးပြလိုက်သည်။
သူမ၏ သားနှင့် ချွေးမတို့ကို နှုတ်ဆက်ပြီးနောက် နောက်တစ်နေရာသို့ ဆက်၍ခေါ်လိုက်သည်။
“ရှုကွမ်… ကျွန်မ ရော့လန်ပါ။ ဒီည ရှင် မအားဘူးလား။ ညစာလေး ဘာလေး အတူတူ စားရအောင်လေ”
“အင်း… စားကြတာပေါ့”
…
လက်ထပ်ပြီး ဒုတိယနှစ်သို့ ရောက်သည့်အခါ လီရှု မီးဖွားလေသည်။ သားကလေးမှာ အရင်ဘဝက မင်းသားလေးနှင့် ရုပ်ရော အကျင့်ပါ တူလှသည်။
ထို့ကြောင့် အမည်ပေးရန် ထွေထွေထူးထူး စဉ်းစားမနေတော့ဘဲ ကျိုးဟန်ဟုသာ မှည့်လိုက်ကြသည်။
သားလေး အသက် သုံးနှစ်ပြည့်သည့်အခါ အငယ်မလေး ကျိုးရွှမ်းကို ဖွားမြင်သည်။
ရွှမ်းကလေးကလည်း အစ်ကိုဖြစ်သူလိုပင် ချစ်စရာကောင်းလှသည်။ သူမက အစ်ကိုဖြစ်သူ မူကြိုသွားသည်ကို လက်တွန်းလှည်းပေါ်မှ လိုက်ကြည့်ရသည်ကို နှစ်သက်သည်။
209 10
တစ်နေ့ ဆောင်းဦးရာသီကာလ နေရောင်ခြည်အောက်တွင် လေခပ်အေးအေး တိုက်နေသည့် နေ့လေးတစ်နေ့တွင်…
လေယာဉ်ကွင်း၌ ဟန်ကလေးနှင့် ရွှမ်းကလေးတို့က ခရီးထွက်ရာမှ ပြန်လာသည့် အဘိုးနှင့် အဘွားဖြစ်သူတို့ကို ကြိုဆိုနေကြသည်။
တိမ်ထုအနည်းငယ်ရှိပြီး အပြာရောင်လွှမ်းနေသည့် ကောင်းကင်ကြီးအောက် လမ်းတလျှောက်တွင် လေပြေလေညှင်းလေးများက သစ်ရွက်ခြောက်ကလေးများကို ပွေ့ယူသွားသည်။ လမ်းနဘေး ဝဲယာရှိ သစ်ပင်များပေါ်တွင်လည်း ငှက်ကလေးများ သီချင်းဆိုနေကြသည်။
ကားပေါ်တွင် သားငယ် သမီးငယ်နှစ်ယောက်က ကလေးသီချင်းများကို သီဆိုရင်း လိုက်ပါလာကြသည်။
အမေဖြစ်သူက ကားနောက်ခန်းဖက်ကို လှည့်လှည့်ကြည့်ပြီး ပြုံးနေတော့သည်။
သူမ၏ မိသားစုနှင့် တပေါင်းတစည်းတည်း ပြန်လည်ဆုံစည်းခွင့် ပေးသဖြင့် ဘုရားကို ကျေးဇူးတင်နေမိသည်။
ရှေ့လျှောက်တွင်လည်း ဘဝကို အတူတကွ ပျော်ပျော်ရွှင်ရွှင်ဖြတ်သန်းသွားဖို့ တွေးရင်း စိတ်အားတက်နေမိတော့သတည်း။
ပြီးပါပြီ။
******