အခန်း (၂၀၇-၂၀၈)
Vol. 21 Ch. 207-208
အခန်း။ ၂၀၇
အတွေးစတစ်ခုဆိုသည်မှာ မျက်တောင်တစ်ခတ်စာမျှသာ ရှိပြီး ခဏအတွင်း မွေးဖွားကာ ခဏအတွင်း ပျက်စီးသွားရစမြဲပင်။
ဒါပေမဲ့ ကျန်းဟန်ရဲ့ ဝိညာဉ်အကြွင်းအကျန်နဲ့အတူ ပါလာတဲ့ ဒီအတွေးစက... ငါ့ရဲ့ စစ်ဆေးမှုတွေကို ဘယ်လိုများ ရှောင်လွှဲပြီး အခုထိ ကျန်ရှိနေနိုင်ရတာလဲ။
ခရမ်းရောင်နန်းတော် နောက်ဆုံးအဆင့်ဟူသော စကားလုံးမှာ စုန်ယန်၏ ရင်ထဲ၌ ရုတ်တရက် ပေါ်ပေါက်လာသည်။
တစ္ဆေဝိညာဉ်သူငယ်တော်ကျမ်းနှင့် ကျန်းဟန်၏ ဝိညာဉ်အစအနများတွင် ပါရှိသော အချက်အလက်များအရ စုန်ယန်သည် ခရမ်းရောင်နန်းတော် နောက်ဆုံးအဆင့်အကြောင်းကို အတော်အသင့် နားလည်ထားသည်။ ဝိညာဉ်စွမ်းအားပါသော အတွေးဆိုသည်မှာ ထိုအဆင့်၏ ထူးခြားသော ဝိသေသတစ်ခုပင်။
၎င်းမှာ အလွန်ထူးခြားသည့် အတွေးစဖြစ်ပြီး ခရမ်းရောင်နန်းတော် နောက်ဆုံးအဆင့် ကျွမ်းကျင်သူများ၏ဆိုသည်မှာလည်း ဤအရာမှ ဆင်းသက်လာခြင်းပင်။ ထိုအတွေးစတစ်ခုသည် သာမန်လူတစ်ဦး၏ ခန္ဓာကိုယ်အတွင်းသို့ ဝင်ရောက်သွားပါက ထိုသူ၏ ဝိညာဉ်ကို အတင်းအဓမ္မ ဖိနှိပ်ချုပ်ကိုင်ပြီး ခန္ဓာကိုယ်ကို သိမ်းပိုက်လိုက်နိုင်သည်။ ၎င်းမှာ ပူးကပ်ခြင်းနှင့် ဆင်တူလှသည်။
သို့သော် ဤအတွေးစဖြင့် သိမ်းပိုက်ခြင်နည်းလမ်းကို ထူးကဲဝိညာဉ်အဆင့်အောက်ရှိသူများကိုသာ အသုံးပြုနိုင်ပြီး ဝိညာဉ်အကြောဗဟိုချက်၏ အထောက်အပံ့မရှိပါက စွမ်းအင်ကုန်ဆုံးမှုမှာ အဆက်မပြတ် ရှိနေပေလိမ့်မည်။
အတွေးစတစ်ခုသည် ခန္ဓာကိုယ်မှ ခွဲထွက်၍ နှစ်ပေါင်းထောင်ချီ တည်တံ့နေခြင်း၊ သတင်းအချက်အလက်များ သိုလှောင်ထားနိုင်ခြင်းနှင့် လျှို့ဝှက်နယ်မြေတစ်ခု၏ သော့ချက်အဖြစ် ဆောင်ရွက်နိုင်ခြင်းတို့မှာ ခရမ်းရောင်နန်းတော်အဆင့်အတွက်မူ မဖြစ်နိုင်သော အရာများပင်။
ထို့ကြောင့် အမျိုးသမီးလင်း၏ စိတ်ထဲ၌ ရှိနေသော ပိုးကောင်မျိုးနွယ်စု၏ အတွေးစမှာ အနည်းဆုံးတော့ နတ်ဘုရားသူငယ်တော်အဆင့်ဖြစ်ရပေမည်။
ထို့ပြင် ဝိညာဉ်စွမ်းအားပါသော အတွေးသည် ၎င်း၏ လွတ်လပ်မှုနှင့် တည်တံ့မှုတို့ကြောင့် ဆက်သွယ်ရေး ကိရိယာတစ်ခုအဖြစ်လည်း အသုံးပြုနိုင်သည်။ သို့သော် ဤသို့ ဆက်သွယ်ခြင်းကို ခရမ်းရောင်နန်းတော်အဆင့်နှင့် အထက်ရှိသူများကိုသာ ပြုလုပ်နိုင်ပြီး ထိုအောက်နိမ့်သော အဆင့်ရှိသူများအတွက်မူ ၎င်းမှာ ပူးကပ်ခြင်းသာ ဖြစ်သွားပေလိမ့်မည်။
ခရမ်းရောင်နန်းတော်အဆင့်ရှိသူတစ်ဦးသည် ဤအတွေးစကို လက်ခံရရှိပါက သူ၏ စိတ်ထဲရှိ အတွေးများနှင့် ကြံစည်မှုများကို တစ်ဖက်လူမှ အတိုင်းအတာတစ်ခုအထိ ချောင်းကြည့်ခြင်း ခံရနိုင်သည်။ သို့သော် ခရမ်းရောင်နန်းတော်အဆင့် ကျွမ်းကျင်သူတစ်ဦးမှာမူ သူ၏ အားကောင်းလှသော ဝိညာဉ်စွမ်းအားကြောင့် ထိုအတွေးစ၏ ချောင်းကြည့်မှုကို ခံရလိမ့်မည် မဟုတ်ပေ။ ထို့ပြင် သတိကြီးစွာ ထားရှိပါက ထိုအတွေးစကို ကိုယ့်၏ စိတ်အာရုံအတွင်း၌ပင် ချုပ်နှောင်ထားနိုင်စွမ်း ရှိသည်။
ကျန်းဟန်သည် သူ၏စိတ်ထဲရှိ ထိုအတွေးစကို အလွန်နက်ရှိုင်းစွာ ဝှက်ထားခဲ့သည်မှာ အသေအချာပင်။ သို့မဟုတ်ပါက စုန်ယန်အနေဖြင့် လွဲချော်သွားစရာ အကြောင်းမရှိပေ။
ယခုအခါ စုန်ယန်သည် သူ၏ နှလုံးခုန်သံနှင့် အလျင်စလို တုန့်ပြန်လိုသော စိတ်ဆန္ဒကို ထိန်းချုပ်လိုက်သည်။ သူသည် သူ၏ အတွေးများကို အမြန်ဆုံး ပြန်လည်စုစည်းရပေမည်။ အဘယ်ကြောင့်ဆိုသော် သူ၏ နောက်ထပ်ပြောမည့် စကားတစ်ခွန်းမှာ သူရင်ဆိုင်ရမည့် အနာဂတ်ကို ဆုံးဖြတ်ပေးသွားမည်ဖြစ်သောကြောင့်ပင်။
ဒါက ကောင်းတဲ့ဘက်ကို ဦးတည်မလား၊ ဆိုးတဲ့ဘက်ကို ရောက်သွားမလား။ အသက်ရှင်ခွင့် ရမလား၊ သေခြင်းတရားနဲ့ပဲ ဆုံရမလား။ အခွင့်အလမ်းတွေ ပြည့်နေတဲ့ အနာဂတ်လား ဒါမှမဟုတ် ပျက်စီးခြင်းလမ်းလားဆိုတာ... ဘယ်သူမှ မသိနိုင်တော့ဘူး။
အရာအားလုံးမှာ စကားတစ်ခွန်းအတွင်းမှာပင် ရှိနေနိုင်သည်။
ကျန်းဟန်၏ မှတ်ဉာဏ်အစအနများ သူ၏စိတ်ထဲတွင် ထပ်မံလျှပ်စီးလက်သကဲ့သို့ ပေါ်လာပြန်သည်။
နှင်းဖုံးနေသော မြေပြင်...
မြေမိစ္ဆာနှလုံးသား...
အဝေးမှ ရောက်ရှိလာပြီး ရိုသေစွာ ဂါရဝပြုနေသော မြေခွေးမိစ္ဆာ...
ကျန်းဟန်သည် မိစ္ဆာနှလုံးသားတစ်ခုနှင့်အတူ ထိုင်နေပြီး သူ၏မျက်နှာကို ဖုံးကွယ်ထားသော လည်ပတ်နေသည့် မိစ္ဆာအရိုးနီများ ဝန်းရံထားခြင်း...
ထိုစဉ်က အပြန်အလှန် စကားပြောဆိုခြင်းမှာ ဝိညာဉ်စွမ်းအားပါသော အတွေးမှတစ်ဆင့်သာ ဖြစ်ခဲ့သဖြင့် ကျန်းဟန်က သူသည် ထိုပုဂ္ဂိုလ်ကြီး၏ ပြိုင်ဘက်မဟုတ်မှန်း သိရှိသွားခဲ့ခြင်းပင်။
'ဒါဆိုရင် အဲ့ဒီလူတွေက ကျန်းဟန်ရဲ့ ရုပ်သွင်အစစ်အမှန်ကို မမြင်ဖူးကြဘူးပေါ့။ '
'အမျိုးသမီးလင်းက အဒေါ်ကျူးအဖြစ် ဟန်ဆောင်နိုင်သေးရင် ငါကရော ဘာလို့ ကျန်းဟန်အဖြစ် ဟန်ဆောင်လို့ မရရမှာလဲ'
စုန်ယန်သည် သက်ပြင်းတစ်ချက်ကို ခပ်ဖွဖွ မှုတ်ထုတ်လိုက်သော်လည်း သူ၏ရင်ထဲ၌ တစ်ဖန် ပြန်လည်တင်းကြပ်သွားပြန်သည်။
'အကယ်၍... ဒါက ငါ့ကို ထောင်ချောက်ဆင်တာဆိုရင်ရော….
စုန်ယန်သည် ထိုစကားများကို ကြားလိုက်ရသည့်အခါ ကြောင်အုပ်ကြီးတစ်ကောင် အမြီးနင်းခံလိုက်ရသကဲ့သို့ပင် ထိတ်လန့်သွားတော့သည်။ သူ၏ ရင်ထဲ၌ ဖော်ပြမတတ်နိုင်သော အားကိုးရာမဲ့မှုများ စီးကင်းလာပြီး အသက်ရှူပင် ရပ်တန့်မတတ် ဖြစ်သွားရ၏။
၎င်းမှာ အမွေအနှစ်ပေါင်းများစွာ၊ အရင်းအမြစ်ပေါင်းများစွာကို ပိုင်ဆိုင်ထားသော ခရမ်းရောင်နန်းတော်အဆင့် ကျွမ်းကျင်သူအိုကြီးတစ်ဦးက ယခုမှ ခြေချခါစ၊ ဘာမှမရှိသော လူငယ်လေးတစ်ဦးကို ဖိနှိပ်ချုပ်ကိုင်လိုက်သကဲ့သို့ပင်။ သို့သော်လည်း သူသည် ပြန်လည်တုန့်ပြန်ခြင်း မရှိသေးပေ။
တကယ်ပဲ အဲ့လောက်တောင်စွမ်းရင် ဆက်ပြောနေစမ်းပါဦး။
သူ့ကို အသုံးချလိုသော ထိုအသံရှင်မှာ သူမျှော်လင့်ထားသည့်အတိုင်းပင် ဆက်လက်ပြောဆိုလာပြန်သည်။
"ခရမ်းရောင်နန်းတော်အဆင့်မှာ ဝိညာဉ်စွမ်းအင် ကြည့်မှန်စေ့လို့ ခေါ်တဲ့ ရတနာတစ်ခု ရှိတယ်။ ဒီမှန်စေ့က ခရမ်းရောင်နန်းတော်အဆင့်အထက်မှာရှိတဲ့ အငွေ့အသက်တွေကို ခွဲခြားပေးနိုင်စွမ်း ရှိတယ်။ အဲ့ဒီအဆင့်အောက်က လူတွေက အဖြူရောင်အဖြစ် ပေါ်လာပြီး အဲ့ဒီအဆင့်
အထက်က လူတွေကတော့ အနီရောင်အဖြစ် ပေါ်လာတတ်တယ်။ ဒါ့အပြင် မျိုးနွယ်စုအလိုက် ရှိနေတဲ့ အငွေ့အသက်တွေကိုလည်း အတိုင်းအတာတစ်ခုအထိ ခွဲခြားပေးနိုင်သေးတာပေါ့။"
"ဒီပစ္စည်းက တောင်ပင်လယ်မိစ္ဆာနိုင်ငံတော်ထဲမှာတော့ သိပ်ပြီး အသုံးမဝင်ဘူး။ ဘာလို့လဲဆိုတော့ အဲ့ဒီမှာက နေရာတိုင်းမှာ ပြင်းထန်တဲ့ အငွေ့အသက်တွေနဲ့ ပြည့်နှက်နေတာကိုး။ ကောင်းကင်ယံတစ်ခုလုံး အနီရောင်တိမ်တိုက်တွေ ဖုံးလွှမ်းနေသလို ဖြစ်နေတော့ အဝေးကြည့်လို့ မရဘူး။ ရှေးဟောင်းလူသားမျိုးနွယ်တွေ ကျူးကျော်လာမှာကို ကာကွယ်ဖို့အတွက်ပဲ အနီးနားတစ်ဝိုက်မှာ သုံးလို့ရတာ။"
"ဒါပေမဲ့ ကျင်းနိုင်ငံလို သေးငယ်တဲ့ နေရာမျိုးမှာတော့ ဒါက သိပ်ကို အသုံးဝင်တာပေါ့။ သာမန်လူသားတွေပဲရှိတဲ့ နယ်မြေမှာ ရုတ်တရက် အနီရောင်တိမ်တိုက်တစ်ခု ပေါ်လာရင် သိသာမနေဘူးလား။ လူသားတွေအတွက် တားမြစ်နယ်မြေဖြစ်တဲ့ အရှေ့ပင်လယ်ထဲမှာ ပင်လယ်သားရဲတွေပဲ ရှိရမယ့်အစား လူသားတစ်ယောက်ရဲ့ အနီရောင်အငွေ့အသက် ပေါ်လာရင် မင်းကို ချက်ချင်း ရှာတွေ့မှာပေါ့။"
"မင်း ကံကောင်းသွားတာက ပင်လယ်မိစ္ဆာတွေ မင်းကို သတိမထားမိသေးလို့ပဲ။ အကယ်၍သာ မင်းကို သူတို့ ပစ်မှတ်ထားလိုက်ရင် မင်းအတွက် သတင်းကောင်း ရှိမှာမဟုတ်ဘူး။"
စုန်ယန်သည် ထိုစကားများကြောင့် ဆွံ့အသွားရသည်။ ခရမ်းရောင်နန်းတော်အဆင့်၏ ရတနာတစ်ခုက ဤမျှအထိ အစွမ်းထက်လိမ့်မည်ဟု သူ မထင်မှတ်ထားခဲ့ပေ။ အဘွားအိုနီနှင့် ရှေးဟောင်းစစ်သူကြီးတို့က ခရမ်းရောင်နန်းတော်အဆင့် ကျွမ်းကျင်သူတစ်ယောက် ရောက်လာရင် မင်း ဘယ်လိုမှ ပုန်းလို့မရဘူးဟု အဘယ်ကြောင့် အသေအချာ ပြောခဲ့ကြသည်ကို ယခုမှ သူ သဘောပေါက်သွားတော့သည်။
"ဒီလို အခြေအနေမျိုးမှာ ဘယ်သူက ပုန်းနေနိုင်မှာလဲ။ ငါသာ သခင်ကြီးလီလိုမျိုး ဝိညာဉ်စွမ်းအားကင်းမဲ့တဲ့နယ်မြေမှာ သွားပုန်းရင်တောင် ချက်ချင်းပဲ အဆွဲထုတ်ခံလိုက်ရမှာ သေချာတယ်။"
စုန်ယန်သည် ခါးသီးစွာ ပြုံးလိုက်မိသည်။ သူ ဘေးကင်းသည်ဟု ယူဆထားသော ပင်လယ်နက်ပိုင်းမှာလည်း ယခုအခါ လုံခြုံမှုမရှိတော့ပေ။ ဖြစ်နိုင်သည်မှာ သူသည် ပင်လယ်မိစ္ဆာများ၏ စောင့်ကြည့်ခြင်းကို ခံနေရပြီးဖြစ်နိုင်သလို သူတို့ဘက်က သူ့ကို အရေးယူရန် လူအင်အား မထုတ်နုတ်နိုင်သေးခြင်း သို့မဟုတ် သူသည် သူတို့၏ သတ်ကွင်းထဲသို့ မရောက်သေးခြင်းကြောင့်လည်း ဖြစ်နိုင်သည်။
မည်သို့ပင်ဆိုစေကာမူ သူသည် ခရမ်းရောင်နန်းတော်အဆင့် ကျွမ်းကျင်သူတစ်ဦး ဖြစ်သဖြင့် သတ်ရန်တော့ မလွယ်ကူလှပေ။
"ဒါပေမဲ့ ငါ့ရဲ့ ခရမ်းရောင်နန်းတော်အဆင့်က ဘာပစ္စည်း၊ ဘာနောက်ခံမှမရှိတဲ့ အခွံသက်သက်ပဲဆိုတာကို ပင်လယ်မိစ္ဆာတွေ သိသွားရင်... သူတို့ ချက်ချင်း ရောက်လာကြမှာ မဟုတ်ဘူးလား။"
အခန်း။ ၂၀၈
ထိုအသံမှာ ဆက်လက်၍ ဟိန်းထွက်လာပြန်သည်။
"ခုထိ ပြန်မဖြေသေးဘူးလား။ ငါပေးတဲ့ အခွင့်အရေးကို မင်းမလိုချင်ဘူးပေါ့လေ။ တကယ်ပဲ ငါ့ကို အတင်းဆွဲထုတ်ခိုင်းချင်တာလား။ အဲ့ဒီကျရင်တော့ ငါ့ရဲ့ ကမ်းလှမ်းချက်တွေက ဒီလိုဖြစ်မှာ မဟုတ်တော့ဘူးနော်"
စုန်ယန်သည် သက်ပြင်းတစ်ချက်ကို အရှည်ကြီးချလိုက်ပြီးမှ ပြန်ဖြေလိုက်သည်။ "ကျွန်တော် ရှုံးနိမ့်ခဲ့ပါတယ်။ အဲ့ဒီကောင်လေးဆီမှာ ဝှက်ဖဲတွေ အများကြီးရှိနေတာ။ ပြီးတော့ သူက ဒုက္ခပင်လယ်ကြီးကို ပုံဖော်ကျင့်ကြံတဲ့ နည်းလမ်းကို ဘယ်လို သိသွားတယ်မသိဘူး။ ကျွန်တော့်ကိုပါ အထဲကို ဆွဲသွင်းလိုက်တာ။ အဲ့ဒီနောက်မှာ ရေခဲငရဲလက်ပတ်ကို သုံးပြီး လမ်းကို ပိတ်ဆို့လိုက်တယ်။ ကျွန်တော်နဲ့အတူ သေချင်နေတာလေ။ ကျွန်တော်သာ နောက်ဆုံးအချိန်မှာ မလွတ်မြောက်ခဲ့ရင် ကျွန်တော်လည်း သေဆုံးသွားမှာပါ"
"ရေခဲငရဲလက်ပတ် ဟုတ်လား။ အင်း... ဝိညာဉ်အဆင့် ပစ္စည်းတစ်ခုပါပဲလား။ မင်းတို့ဆီမှာက တကယ်ပဲ ဘာမှ မရှိပါလား"
ထိုအသံတွင် လှောင်ပြောင်ရိပ်များ ပါဝင်နေပြီးမှ ဆက်ပြောသည်။
"စိတ်မပူပါနဲ့ ခရမ်းရောင်နန်းတော်အဆင့်ဆိုတာ ရှားပါးပါသေးတယ်။ ဒီအဆင့်ကို ရောက်တဲ့ တစ္ဆေကျင့်ကြံသူလည်း အများကြီး မရှိပါဘူး။ မင်း ဒီအဆင့်ကို ရောက်အောင် ကျင့်ကြံနိုင်တာကို ကြည့်ရင် မင်းက ပါရမီရှင်တစ်ယောက်လို့ ပြောလို့ရပါတယ်"
"ဝိညာဉ်အဆင့် ပစ္စည်းတစ်ခုပါပဲ... ဟုတ်လား။ ဒီရေခဲငရဲလက်ပတ်က ကျွန်တော်တို့ရဲ့ သုံးပြည်ထောင်နယ်မြေမှာတော့ ရတနာတစ်ခုပါပဲ ဆရာ"
"ဟားဟားဟား..."
"ဆရာ... ဒီနေ့မှပဲ ကျွန်တော် ကျန်းဟန်က ရေတွင်းထဲက ဖားတစ်ကောင်လို ဖြစ်နေမှန်း သိလိုက်ရပါတော့တယ်။ ပြင်ပလောကကြီးကို တစ်ခါမှ မမြင်ဖူးဘဲ ရာစုနှစ်ပေါင်းများစွာကို အလဟဿ ဖြုန်းတီးခဲ့ပြီး ကောင်းကင်က ဘယ်လောက်မြင့်ပြီး မြေကြီးက ဘယ်လောက်နက်တယ်ဆိုတာ မသိခဲ့တာပဲ... အား"
"ကဲပါ ကျန်းဟန် နောက်ဆိုရင် ငါ့အတွက် သေသေချာချာ အလုပ်လုပ်ပေးစမ်းပါ။ ငါ မင်းကို မညှာမတာ မဆက်ဆံပါဘူး။ ငါ့ရဲ့ ဘွဲ့အမည်က 'ကလေးငိုသံသခင်' ပဲ။ မင်းကို တောရိုင်းနယ်မြေရဲ့ အဝင်မှာ တစ်လတိတိ စောင့်နေမယ်။ မြန်မြန် လာခဲ့ပေတော့... ဟဲဟဲဟဲဟဲ..."
ထိုအသံမှာ ရုတ်တရက် ပြောင်းလဲသွားပြီး ကလေးငယ်တစ်ဦး ငိုယိုနေသကဲ့သို့ စူးရှသော အသံမျိုး ဖြစ်သွားသည်။
ကလေးငယ်တစ်ဦး၏ ငိုသံနှင့် ကလေးငိုသခင်ဟူသော ဘွဲ့အမည်မှာ နားထောင်ရသည်မှာ ရယ်စရာကောင်းသလို ရှိသော်လည်း စုန်ယန်မှာမူ မရယ်နိုင်ပေ။ သူ ခံစားလိုက်ရသည်မှာ ကြောက်မက်ဖွယ်ကောင်းသော အအေးဓာတ်တစ်ခုနှင့်အတူ ကြက်သီးမွေးညင်းများ ထသွားခြင်းသာ ဖြစ်သည်။
သူသည် ယခင်က မြေခွေးအဘွားနှင့် အဘွားအိုနီတို့ ပြောပြဖူးသည်ကို ကြားခဲ့ဖူးသည်။ အမြီးများစွာပါသော မြေခွေးမျိုးနွယ်တို့သည် ကျင့်ကြံမှု မြင့်မားလာလေလေ သူတို့၏ အသံမှာ ကလေးငယ်များနှင့် ပိုမိုတူလာလေလေ ဖြစ်ပြီး လူသားတို့၏ အသားကို ပိုမိုတောင့်တတတ်ကြသည်ဟု ပြောကြသည်။
...
တစ်လအကြာ ငွေရောင်မျက်နှာဖုံးကို တပ်ဆင်ထားသော လူတစ်ဦးသည် တောရိုင်းနယ်မြေအတွင်း၌ ပေါ်လာခဲ့သည်။
တောရိုင်းမြေရှိ ကျောက်ဆောင်ကြီးတစ်ခုပေါ်တွင် အမြီးခြောက်မြီးကို ဂုဏ်ယူစွာ ထောင်ထားသော မြေခွေးနီမိစ္ဆာတစ်ကောင် ထိုင်နေသည်။ ၎င်း၏ မျက်လုံးများမှာ မှေးစင်းနေပြီး ရှေ့ရှိ အိုးတစ်လုံးထဲတွင်မူ လူသားတို့၏ ခြေလက်များနှင့် ခေါင်းများကို ပြုတ်နေတော့သည်။ ထိုခြေလက်များမှာ ဆီဖြင့် ကြော်ထားပုံရပြီး အပေါ်ယံတွင် ရွှေဝါရောင် အလွှာများ ဖုံးလွှမ်းနေသည်။
"ဂါရဝပြုပါတယ် ဆရာ"
စုန်ယန်က ဦးညွှတ်လိုက်သည်။
မြေခွေးနီမိစ္ဆာက ပြုံးလိုက်ရာ သူ၏ ပါးစပ်အတွင်းရှိ စီတန်းနေသော ချွန်ထက်လှသည့် သွားများကို မြင်တွေ့လိုက်ရသည်။ ၎င်းက အသစ်ရောက်လာသူကို ကောက်ကျစ်စွာ ကြည့်လိုက်ပြီး "မျက်နှာဖုံးကို ချွတ်လိုက်စမ်း" ဟု အမိန့်ပေးလိုက်သည်။
စုန်ယန်က မျက်နှာဖုံးကို ချွတ်လိုက်သည့်အခါ ဓားစွမ်းအင်များကြောင့် ပျက်စီးနေသော မျက်နှာတစ်ခု ပေါ်ထွက်လာတော့သည်။
ထိုဓားစွမ်းအင်များမှာ သူ၏ကိုယ်ပိုင် ဓားမိစ္ဆာနဂါးအသုံးပြုခဲ့သည့် စွမ်းအားများသာ ဖြစ်သော်လည်း ခရမ်းရောင်နန်းတော်အဆင့် ကျင့်ကြံသူတစ်ဦးအတွက် မျက်နှာကို ပြန်လည်ပြုပြင်ရန်မှာ အလွန်လွယ်ကူသော ကိစ္စပင်။
"ရုပ်ဆိုးတဲ့အတွက် ခွင့်လွှတ်ပါ ဆရာ"
စုန်ယန်က သက်ပြင်းတစ်ချက်ချကာ အတိတ်ကို ပြန်လည်တမ်းတနေသည့် အမူအရာဖြင့် ညည်းတွားလိုက်သည်။
"အဲ့ဒီကောင်လေးက တကယ်ကို ကောက်ကျစ်တာပဲ။ ကျွန်တော် ပေါ့ဆသွားခဲ့မိတယ်။ ဒီအမာရွတ်တွေကိုတော့ ကိုယ့်ထက် အဆင့်နိမ့်တဲ့သူနဲ့ ရင်ဆိုင်ရရင်တောင် လျှော့မတွက်မိအောင် ကိုယ့်ကိုကိုယ် အမြဲသတိပေးဖို့ ချန်ထားခဲ့တာပါ"
ထိုသို့ပြောပြီးနောက် သူသည် အင်္ကျီကို ဆွဲဖွင့်လိုက်ရာ ခန္ဓာကိုယ်ပေါ်ရှိ သေးငယ်သော ဓားဒဏ်ရာ အမာရွတ်များကို မြင်တွေ့လိုက်ရသည်။ ထိုဒဏ်ရာများကြားတွင် နီရဲသော ချည်မျှင်များကဲ့သို့ ယှက်နွယ်နေသည့် ပြင်းထန်သော မိစ္ဆာအငွေ့အသက်များမှာ အစွမ်းထက်သော တစ္ဆေကျင့်ကြံသူတစ်ဦး၏ အမှတ်အသားပင်။
ကလေးငိုသံသခင်သည် မေးစေ့ကို အနည်းငယ်မြှင့်ကာ ထိုမိစ္ဆာအငွေ့အသက်များကို မှေးစင်းကာ ကြည့်ရင်း "အဆင့်ကျော်ပြီး ဒီလောက်အထိ တိုက်ခိုက်နိုင်တယ်ဆိုရင် စုန်ယန်ဆိုတဲ့ကောင်က တကယ့်ကို လမ်းဟောင်းပြန်လျှောက်တဲ့ မိစ္ဆာအိုကြီးပဲ။ မင်းလည်း ဘေးကနေ ကံကောင်းခြင်းကို ပြောင်းလဲနိုင်ခဲ့တာပဲ။ ဒီတိုက်ပွဲက မင်းရဲ့ အဆင့်အတန်းကို တည်ငြိမ်သွားစေတာပေါ့ ဟုတ်လား"
"မှန်ပါတယ်"
စုန်ယန်က အင်္ကျီကို ပြန်ဝတ်လိုက်သည်။
ကလေးငိုသံသခင်သည် ပွက်ပွက်ဆူနေသော ရေထဲသို့ လက်နှစ်ဖက်လုံးကို နှစ်လိုက်ပြီး လူသားလက်တစ်ဖက်ကို ဆွဲထုတ်ကာ စတင်ဝါးစားတော့သည်။ သူသည် လျှာဖြင့်သပ်ရင်း ကလေးငယ်တစ်ဦး ငိုနေသကဲ့သို့ စူးရှသော အသံကို နှာခေါင်းမှ ထုတ်ဖော်နေ၏။
သူက အစာစားရင်း "ဒီလို နေရာသေးသေးလေးက လူတွေရဲ့ အသားက မြေကြီးနံ့သင်းနေပြီး တော်တော်လတ်ဆတ်တာပဲ။ တစ်ခါစားပြီးရင် ထပ်စားချင်နေမိရော။ ငါ ရုပ်သေးဂိုဏ်းကို တစ်နှစ်ကို လူသုံးထောင် ဆက်သဖို့ အမိန့်ပေးထားပြီးပြီ။ ဒီတစ်ခေါက် ခရီးစဉ်ကတော့ အလဟဿ မဖြစ်တော့ဘူး" ဟု ပြောသည်။
ထိုသို့ပြောရင်း သူက စုန်ယန်ကို တစ်ချက်ကြည့်လိုက်သည်။ စုန်ယန်က အိုးထဲသို့ ငုံ့ကြည့်လိုက်ရာ ရေဆူများကြားတွင် ပေါ်လာသော လူခေါင်းတစ်ခုကို မြင်လိုက်ရသည်။ ထိုသူမှာ အခြားသူမဟုတ်ဘဲ ကျင်းနိုင်ငံ၏ ဒုတိယမင်းသား မာကျောက်ပင်။
စုန်ယန်နှင့် နီးစပ်သူ၊ မြောက်ဘက်တွင် ရှိနေသူနှင့် အသက်ရှင်ကျန်ရစ်သူမှန်သမျှ ရက်စက်စွာ သတ်ဖြတ်ခံရမည့် ကံကြမ္မာမှ လွတ်မြောက်နိုင်မည် မဟုတ်ချေ။
သို့သော် စုန်ယန်၏ မျက်နှာအမူအရာမှာမူ အေးစက်တည်ငြိမ်နေပြီး ဝမ်းနည်းခြင်း၊ ဝမ်းသာခြင်း အရိပ်အယောင်မျှ မရှိပေ။
"မင်းရော နည်းနည်းလောက် စားဦးမလား"
ကလေးငိုသံသခင်က တခစ်ခစ် ရယ်မောကာ မေးလိုက်သည်။
စုန်ယန်က ခက်ခဲသော အပြုံးတစ်ခုကိုသာ ပြသလိုက်၏။
ကလေးငိုသံသခင်မှာ စကားပြောနေရင်း လက်တစ်ဖက်ကို စားသောက်ပြီးသွားပြီ ဖြစ်သည်။ သူသည် လက်သည်းများကို သုတ်လိုက်ပြီး ဟင်းလင်းပြင်ထဲမှ သိုလှောင်အိတ်တစ်ခုကို ထုတ်ကာ ပစ်ပေးလိုက်သည်။ စုန်ယန်က အလျင်အမြန် ဖမ်းယူလိုက်၏။
"အဲ့ဒီထဲမှာ ချူးနိုင်ငံရဲ့ မြေပုံ၊ ဝိညာဉ်စွမ်းအင် ကြည့်မှန်စေ့၊ ဝိညာဉ်နယ်နိမိတ်လမ်းညွှန်နဲ့ တောင်ပင်လယ် တောင်ဘက်ဒေသ ဖြတ်သန်းခွင့်အမိန့်စာတွေ ပါဝင်တယ်။ ချူးနိုင်ငံကို သွားပြီး ထန်းဖန်ဆိုတဲ့ ကောင်လေးကို အရှင်ဖမ်းခဲ့စမ်း။ ပြီးရင် ချန်းဝမ် ဝိညာဉ်နယ်နိမိတ်ကို လာပြီး ငါနဲ့ တွေ့ရမယ်။"
"အချိန်ကတော့ ငါးနှစ်ပဲ။ နောက်ငါးနှစ်ရဲ့ ဆောင်းရာသီမှာ မင်းကို ဝိညာဉ်နယ်နိမိတ် အဝင်ဝမှာ တွေ့ရမယ်။ ဒါနဲ့ ထန်းဖန်ရဲ့ စွမ်းအားနဲ့ ပါရမီက စုန်ယန်နဲ့ ဆင်တူတယ်လို့ ကြားတယ်။ တစ်ခါ ရှုံးဖူးပြီးပြီဆိုတော့ ဒုတိယအကြိမ်တော့ ထပ်မရှုံးလောက်ဘူး မဟုတ်လား"
စုန်ယန်က "ချူးနိုင်ငံမှာ ခရမ်းရောင်နန်းတော်အဆင့် ကျွမ်းကျင်သူတွေ ရှိပါသလား" ဟု မေးလိုက်သည်။
ကလေးငိုသံသခင်က "ရှိခဲ့ရင် ငါ မင်းကို လွှတ်မနေဘူး။ အဲ့ဒီနေရာက ဝိညာဉ်အကြောဗဟိုချက်က ပုံမဖော်နိုင်သေးတော့ သူတို့တွေ ခရမ်းရောင်နန်းတော်အဆင့်ကို မတက်လှမ်းနိုင်ကြဘူး" ဟု ပြန်ဖြေသည်။
"နားလည်ပါပြီ"
စုန်ယန်သည် သိုလှောင်အိတ်ကို ရိုသေစွာ သိမ်းဆည်းလိုက်ပြီး ချူးနိုင်ငံသို့သွားမည့် လမ်းကြောင်းကို အမြန်စစ်ဆေးလိုက်သည်။ တောရိုင်းနယ်မြေမှ မြောက်ဘက်သို့ သွားကာ မြေခွေးမျိုးနွယ်စု၏ နယ်နိမိတ်ကို ကျော်ပြီး အနောက်ဘက်သို့ ဦးတည်ရမည် ဖြစ်သည်။ သူသည် ထွက်ပြေးသကဲ့သို့ အလောတကြီး မထွက်ခွာသေးဘဲ ညည်းတွားသကဲ့သို့ ဆက်ပြောလိုက်သည်။
"ဆရာ... ကျွန်တော်က နေရာသေးသေးလေးက တက်လာတဲ့ ခရမ်းရောင်နန်းတော်အဆင့်ဆိုတော့ သတ်ဖြတ်တဲ့ တိုက်ကွက်ကလွဲရင် တခြားပြစရာ ရတနာလည်း မရှိ နည်းလမ်းလည်း တော်တော်နည်းပါတယ်။ အရင်က စုန်ယန်နဲ့ တိုက်တုန်းကလည်း သူ့ကို ထိခိုက်မိမှာစိုးလို့ သတိထားနေရတာကြောင့် အခုလို ဖြစ်သွားရတာပါ....."
ကလေးငိုသံသခင်က "အလုပ်တောင် မပြီးသေးဘူး ဆုလာဘ် တောင်းနေပြီပေါ့လေ" ဟု ပြောကာ ဟင်းလင်းပြင်ထဲမှ ထူးဆန်းသော သတ္တဝါအကြောများဖြင့် ပြုလုပ်ထားသည့် ကြိုးနှစ်ချောင်းကို ပစ်ပေးလိုက်သည်။
"ဒါက သွေးနှောင်ကြိုးတွေပဲ။ တစ်ဖက်လူကို နှိမ်နင်းပြီးတာနဲ့ ဒါနဲ့ ချည်ထားလိုက်ရင် ခရမ်းရောင်နန်းတော်အဆင့်ရဲ့ သွေးစွမ်းအင်တွေ ခဲသွားပြီး ဘာမှလုပ်လို့ မရတော့ဘူး။ အဲ့ဒီကျရင် သူ့ကို ခေါ်လာရတာ ပိုလွယ်သွားလိမ့်မယ်။"