အနီရောင်လွင်ပြင်သို့ ခရီးဆက်ခြင်း ( ၂ )
Vol. 11 Ch. 167
ရွှီချင်းက ငြိမ်သက်စွာဖြင့် ဆိပ်ကမ်းလမ်းများပေါ် လျှောက်သွားလိုက်သည်။ ဆိုင်အနည်းအကျဉ်းသို့ သူ သွားလိုက်ပြီး ပင်လယ်ဖွတ်ကျွန်းပေါ်မှ ရရှိခဲ့သော ပင်လယ်ဖွတ်အရေခွံများနှင့် အသုံးမဝင်သောပစ္စည်းများကို ရောင်းချလိုက်သည်။ ခရီးအတွက် လိုအပ်မည့် ပစ္စည်းအနည်းအကျဉ်းကို သူ ဝယ်လိုက်ပြီး အဆိပ်ပင်များစွာကိုပင် ဝယ်လိုက်သည်။
နောက်ဆုံး၌ အဆောင်များကို ရောင်းချနေသည့် ဆိုင်တစ်ဆိုင်အပြင်ဘက်သို့ သူ ရောက်သွားသည်။ အနည်းငယ် သူ တွေးတောပြီးနောက် ဝိညာဉ်ကျောက်တုံးများအတွက် ပူပန်စိတ်ကို ကြိတ်မှိတ်၍ ဆိုင်ထဲဝင်လိုက်သည်။
ခဏအကြာ သူ အပြင်ထွက်လာပြီး သူနှင့်အတူ ထူးခြားသော အဆောင်တစ်ခု ပါလာသည်။ ထိုအဆောင်က လူတစ်ယောက်၏ အရှိန်အဝါနှင့် ရုပ်ရည်သွင်ပြင်ကို ပြောင်းလဲပေးနိုင်သည်။ ၎င်းက ပြီးပြည့်စုံမနေပါသော်လည်း ယခုတစ်ခေါက် ခရီးစဉ်အတွက် လုံလောက်သည်။
မွန်းတည့်ချိန် ရှိပြီဖြစ်ပြီး ဆောင်းရာသီဖြစ်ပါသော်ငြား ချီရွှဲ့ထုံဂိုဏ်း၏ မြေမျက်နှာသွင်ပြင် အနေအထားကြောင့် နေရထိုင်ရသည်မှာ နွေးထွေးနေသည်။ နေရောင်ခြည်တန်းလေးများက စူးရှတောက်ပစွာဖြင့် အနွေးဓာတ်များကို ဖြန့်ကျက်ထားဆဲပင်။
ထိုနေရောင်ခြည်တန်းအောက်၌ ရွှီချင်းသည် လမ်းကြားတစ်ခုထဲသို့ တိုးဝှေ့ပျောက်ကွယ်သွားသည်။ လမ်းကြားတစ်ဖက်စွန်းမှ သူ ပြန်ပေါ်လာသောအခါ သူ့ရုပ်ရည်ပြောင်းလဲသွားခဲ့ပြီ ဖြစ်သည်။ သူက နူးညံ့ပြီး ချောမောမနေတော့ဘဲ ဝါကြင့်ကြင့်အသားအရေနှင့် မျက်နှာရှည်ရှည်လူငယ်လေးတစ်ယောက် ဖြစ်သွားပြီဖြစ်သည်။ သူ ဝတ်ထားသည့် တာအိုဝတ်ရုံသည်လည်း သာမန်တာအိုဝတ်ရုံအဖြစ် ပြောင်းလဲသွားပြီ ဖြစ်သည်။
သူ၏ခန္ဓာကိုယ်မှ ကျင့်ကြံခြင်းအငွေ့အသက်များသည်လည်း ချီစုစည်းခြင်းအဆင့်သုံး အငွေ့အသက်များအဖြစ် ပြောင်းလဲသွားပြီဖြစ်သည်။
အပြင်လောကအကြောင်းကို သူ ကောင်းကောင်း သိထား၏။ ချီစုစည်းခြင်းအဆင့်ကိုးရှိ လူအများစုက ပုံရိပ်မြင့်မားကြပြီး အလွန် ပေါ်လွင်သည်။ ချီစုစည်းခြင်းအဆင့်သုံးရှိသော ရတနာမုဆိုးများသည်သာ အာရုံစိုက်ခံရခြင်း နည်းပါးမည်ဖြစ်သည်။
အဆောင်၏ စွမ်းအား အပြောင်းအလဲကို အာရုံခံမိပြီးနောက် ရွှီချင်းက ဘေးပတ်ဝန်းကျင်ကို သတိထားလိုက်ပါသော်ငြား ခံစားချက်ကင်းမဲ့သော မျက်နှာဖြင့် တည်နေရာရွှေ့ပြောင်းခြင်းဝင်ပေါက်သို့ လျှောက်သွားသည်။
သူက ဂိုဏ်းတံဆိပ်ပြားကို မသုံးဘဲ ဝိညာဉ်ကျောက်တုံးများဖြင့်သာ ပေးချေလိုက်သည်။ မကြာခင် ဘေးပတ်ဝန်းကျင်ကို စိုးရိမ်တကြီး ကြည့်ရှုနေသော တည်နေရာရွှေ့ပြောင်းခြင်းဝင်ပေါက်ထဲရှိ ရွှီချင်းသည် အလင်းတန်းများစွာ၏ လွှမ်းခြုံခြင်းခံလိုက်ရပြီး ပျောက်ကွယ်သွားသည်။
နန်းဟွမ်ဒေသကြီး၏ အရှေ့ဘက်ပိုင်းသည် ယခင်ကျင်းကန်းဂိုဏ်းပိုင်နက်မှ လီပေါင်းသောင်းချီသော အကွာအဝေးတွင် တည်ရှိသည်။ ယင်းသည် လူအနည်းအကျဉ်းသာရှိသော မြေပြန့်လွင်ပြင်တစ်ခု ဖြစ်သည်။
ထိုမြေရိုင်းဒေသ၌ မြက်ပင်နီတစ်မျိုး ပေါက်ရောက်ရှင်သန်၍ ထိုဒေသကို အနီရောင်လွင်ပြင်ဟူ၍ ခေါ်ကြသည်။
အဝေးမှကြည့်ပါက လွင်ပြင်တစ်ခုလုံး သွေးများ စွန်းထင်းနေသည့်အလားပင်။ တချိန်တည်းမှာပင် နန်းဟွမ်ဒေသကြီးရှိ တခြားနေရာများထက် ဤနေရာရှိ လေထဲတွင် ဓာတ်နှောများ ပို၍ ထူထပ်သိပ်သည်းစွာ ရှိနေသည့်အတွက်ကြောင့် ဤနေရာရှိ သားရဲများသည် ပို၍ပင် ရက်စက်ကြမ်းတမ်းကာ အစွမ်းထက်ကြသည်။
ထိုကြမ်းတမ်းသော ပတ်ဝန်းကျင်၌ မြို့ကြီးများစွာ ရှိမနေသည်မှာ သဘာဝကျသည်။ မိုင်ပေါင်းရာချီအတွင်း၌ မြို့တစ်မြို့လောက်သာ ရှိနေနိုင်သည်။ ထို့ပြင် အဆောက်အအုံပုံစံများက ရှေးဆန်ပြီး ရိုးရှင်းသည်။ ဤဒေသရှိ ဆင်းရဲသားရပ်ကွက်များသည်လည်း ရတနာမုဆိုးများ စုပေါင်း၍ ဖြစ်လာကြခြင်းသာ ဖြစ်သည်။
မြေမျက်နှာသွင်ပြင်အရ ဖြစ်စေ၊ လူဦးရေအရဖြစ်စေ အနီရောင်လွင်ပြင်က အလွန် ဆိုးဝါးသော နေရာဖြစ်သည်။ ထို့ကြောင့် ကျစ်ထူမှ မိသားစုအမျိုးမျိုးက ထိုဒေသကို သဘောမကျကြသည့်အပြင် ချီရွှဲ့ထုံဂိုဏ်းသည်လည်း ထိုဒေသကို ဂရုမစိုက်ချေ။ လီထူဂိုဏ်းသည်သာ ထိုကဲ့သို့ ဆိုးဝါးသောနေရာမျိုး၌ သူတို့၏ ယုံကြည်သက်ဝင်ခြင်းမျိုးစေ့ကို ပျိုးထောင်ရန် သဘောကျကြသည်။
ထို့ကြောင့် အနီရောင်လွင်ပြင်က လီထူဂိုဏ်း၏ပိုင်နက်ဖြစ်လာခဲ့သည်။
အနီရောင်လွင်ပြင်အစွန်အဖျားရှိ မြို့လယ်ခေါင်၌ ကျစ်ထူဂိုဏ်းနှင့် ချီရွှဲ့ထုံဂိုဏ်းကို ဆယ်သွယ်ထားသည့် တစ်ခုတည်းသော တည်နေရာရွှေ့ပြောင်းခြင်းမန္တန်အစီအရင် ရှိသည်။
ဝါကြင့်ကြင့်မျက်နှာနှင့် အနက်ရောင်ဝတ်ရုံဝတ် သက်လတ်ပိုင်းလူတစ်ယောက် ထိုတည်နေရာရွှေ့ပြောင်းခြင်းမန္တန်အစီအရင်ထဲမှ ပေါ်လာသည်။
ထိုလူသည် ရုပ်ပြောင်းအဆောင်တန်ခိုးဖြင့် ရုပ်ရည်ကို ပြောင်းလဲထားခဲ့သော ရွှီချင်းမှလွဲ၍ တခြားလူမဟုတ်ချေ။
သူ ရောက်သည်နှင့် ပုပ်အက်နံစော်သောအနံ့တစ်ခု သူ့နှာခေါင်းထဲ တိုးဝင်လာသည်။ ဆင်းရဲဒုက္ခများစွာ မကြုံတွေ့ခဲ့ဖူးသော လူတစ်ယောက်သာ ဖြစ်နေမည်ဆိုပါက ထိုအနံ့ကြောင့် စိတ်မသက်မသာ ဖြစ်သွားပေလိမ့်မည်။
သို့သော်လည်း ရွှီချင်းအတွက် တစ်ခါက သူ ရောက်ခဲ့သည့်ပုံမှန်နေရာတစ်ခုကဲ့သို့ ဖြစ်နေသည်။ ဤနေရာရှိ ပုပ်အက်အက်အနံ့က အနည်းငယ် အားကောင်းနေရုံသာ ရှိသည်။
ရွှီချင်း၏အမူအရာက တည်ငြိမ်နေသည်။ ဘေးပတ်ဝန်းကျင်ရှိ ပျင်းရိပျင်းတွဲဖြစ်နေသော အစောင့်များ၏ အကြည့်များအောက်တွင် တည်နေရာရွှေ့ပြောင်းခြင်းမန္တန်အစီအရင်မှ အပြင်ထွက်လာသည်။
မြို့ထဲရှိ အဆောက်အအုံများအားလုံးက မီးခိုးရောင်သမ်းနေပြီး ယိုယွင်းပျက်စီးနေသည်။ မြေပြင်၌ အမှိုက်သရိုက်မျိုးစုံ ရှိနေ၏။
မြို့ထဲတွင် လူအနည်းအကျဉ်းသာရှိပြီး ထိုလူများသည်လည်း တစ်ယောက်နှင့်တစ်ယောက် သတိထားနေကြ၏။
အမျိုးသမီးအနည်းအကျဉ်းလည်း ရှိပြီး သူတို့အားလုံး ခက်ထန်တင်းမာသောအမူအရာများ ရှိနေကြသည်။ လမ်းကြားတချို့တွင် ပုန်းလျှိုးကွယ်လျှိုးဖြင့် ကလေးများ ရှိနေသည်။ ထိုကလေးများ၏ မျက်လုံးများထဲတွင် ရိုးသားဖြူစင်သည့်အရိပ်အယောင်များ ရှိမနေဘဲ အေးစက်တင်းမာခြင်းနှင့် သေမင်းအငွေ့အသက်များသာ ရှိနေသည်။
အချိန်တိုင်း မြို့ထဲမှ စူးစူးဝါးဝါးအော်ဟစ်သံများ၊ ပြစ်တင်ကြိမ်းမောင်းသံများ လွင့်ပျံနေသည်။
“ ရတနာမုဆိုးစခန်းတစ်ခုနဲ့တောင် ပိုတူနေသလိုပဲ ”
ရွှီချင်းက ဘေးပတ်လည်ကို ဝေ့ကြည့်လိုက်ပြီး ရှေ့ဆက်လျှောက်သွားသည်။
လမ်းတစ်လျှောက်၌ ရွှီချင်းက သတိထားနေသောအကြည့်များနှင့် ကပ်ဖားရပ်ဖားလုပ်နေသည့်အကြည့်များကို လျစ်လျူရှုလိုက်ပြီး မြို့ထဲတွင်လည်း ကြာကြာမနေဘဲ မြို့ထဲမှထွက်ကာ မြေရိုင်းဒေသသို့ တရှိန်ထိုး ပြေးသွားသည်။
ကျင်းကန်းဂိုဏ်းက အနီရောင်လွင်ပြင်သို့ ရွှေ့ပြောင်းသွားခြင်း ဖြစ်သည်။ သို့သော်လည်း ထိုနေရာက ရွှီချင်း တည်နေရာရွှေ့ပြောင်းခဲ့သည့် မြို့နှင့် အတန်ငယ် လှမ်းသေးသည်။
ဤနေရာသို့ ရောက်မလာခင်က ရွှီချင်းသည် လူဆိုးထိန်းဌာနထဲရှိ မြေပုံကို စူးစမ်းလေ့လာခဲ့သည်ဖြစ်၍ ယခုတွင် လမ်းကြောင်းတစ်ခုအတိုင်း ပြေးသွားသည်။
သူသည် အလွန်မြန်ဆန်နေပြီး နှင်းခဲများ ရောယှက်နေဟန်ရှိသည့် လေပြင်းများက သူ့မျက်နှာကို ယှက်တိုက်သွားသည့်အတွက် သူ အေးစိမ့်စိမ့်ခံစားလိုက်ရသည်။ အတန်ငယ်ဝေးသောနေရာ၌ နှင်းများ ဖုံးလွှမ်းနေသည့် တောင်ကုန်းများပင် ရှိသည်။
ချီရွှဲ့ထုံဂိုဏ်း၌ ပူနွေးသော ဆောင်းရာသီဖြစ်ပါသော်လည်း ဤနေရာတွင် အေးခဲသော ဆောင်းဥတုဖြစ်နေသည်။
ထိုအအေးဓာတ်က ရွှီချင်း၏ စိတ်ထဲမှ မှတ်ဉာဏ်ပေါင်းများစွာကို လှုပ်နှိုးလိုက်သည်။ အထူးသဖြင့် လမ်းတစ်လျှောက်တွင် သားရဲပေါင်းများစွာနှင့် လူသားအရိုးများကို မြင်ရသောအခါတွင်ဖြစ်သည်။
“ လောကပျက်ကြီး ”
ရွှီချင်းက တည်ငြိမ်စွာ ကြည့်၍ ရှေ့ဆက်သွားလိုက်သည်။
အချိန်များ ကုန်လွန်လာခဲ့ပြီး ညအခါ ရောက်လာသည်။ ညအအေးဓာတ်က လေထဲ စိမ့်ဝင်နေပြီး လေက ပို၍ ပြင်းထန်လာကာ နှင်းများ ပို၍ သိပ်သည်းလာသည်။ မြို့ထဲမှ ထွက်ခွာပြီး အနီရောင်လွင်ပြင်သို့ ဝင်လာခဲ့သော ရွှီချင်းသည် ရုတ်တရက် ခြေလှမ်းများ ရပ်ကာ အဝေးသို့ လှမ်းကြည့်လိုက်သည်။
လေက ၎င်းနှင့်အတူ သွေးညှီနံ့များကိုပါ ဆောင်ကြဉ်းလာခဲ့၏။
အဝေးတစ်နေရာရှိမြေပြင်၌ ပျက်စီးနေသော မြင်းလှည်းများနှင့် အကောင်းအတိုင်းရှိနေသော မြင်းလှည်းများနှင့်အတူ နှင်းများဖုံးလွှမ်းနေသော အလောင်းများ ရှိနေသည်ကို သူ မြင်လိုက်ရသည်။
ယင်းသည် မြို့သို့ ဦးတည်သွားနေသည့် မြင်းလှည်းတန်းမှန်း သိသာသည်။
အလောင်းများဘေး၌ ဆုတ်ဖွာနေသော ဆံပင်များနှင့် စုတ်ပြဲနေသောအဝတ်အစားများကို ဝတ်ထားသည့် လူဆိုးဆယ်ယောက်ကျော်ရှိသည်။ သူတို့၏အမူအရာများက ရက်စက်ကြမ်းကြုတ်ပြီး သွေးဆာနေဟန်ရှိသည်။ ထိုလူဆိုးအများစုထံမှ ချီစုစည်းခြင်းအဆင့်နှစ် သို့မဟုတ် အဆင့်သုံး အငွေ့အသက်များ ထွက်ပေါ်နေသည်။
တချို့က အလောင်းများကို သေ၊ မသေ စစ်ဆေးနေကြပြီး တချို့က ပစ္စည်းများကို ရှာဖွေနေကြကာ တချို့ကတော့ အလောင်းများကို အဝေးသို့ ဆွဲသွားကြသည်။ ကိုယ်လုံးတီးဖြစ်နေသော အမျိုးသမီးအလောင်းများပေါ်သို့ တက်မှောက်ကာ လူသားမဆန်သောစရိုက်ကို ပြသနေသည့် လူဆိုးအနည်းအကျဉ်းလည်း ရှိသည်။
အဝေးတစ်နေရာ၌ မီးရောင်ဖျော့ဖျော့ရှိနေပြီး ချက်ပြုတ်နေဟန်တူသည်။ လေနှင့်အတူ အပူဓာတ်အနည်းငယ်လည်း ရောယှက်ပါဝင်လာဟန်ရှိ၏။
ထိုမြင်းလှည်းတန်းသည် လူဆိုးတစ်ဖွဲ့နှင့် ကြုံတွေ့လိုက်ရပြီး ဆိုးဆိုးဝါးဝါး သေဆုံးသွားမှန်း သိသာသည်။
ရွှီချင်းရောက်လာခြင်းကြောင့် ထိုလူဆိုးများ သတိထားသွားကြပြီး လုပ်လက်စအလုပ်များကို ရပ်၍ ရွှီချင်းကို ဒေါသရောင်လက်နေသည့်အကြည့်ဖြင့် ကြည့်လိုက်ကြသည်။
ရွှီချင်း၏ကျင့်ကြံခြင်းအဆင့်က ချီစုစည်းခြင်းအဆင့်သုံးသာ ရှိသေးသည်ကို သူတို့ သတိထားမိလိုက်ပြီး ရယ်သွမ်းသွေးလိုက်ကြသည်။ သူတို့၏ ယုတ်မာကောက်ကျစ်သော စရိုက်ပေါ်လာပြီး ရွှီချင်းထံသို့ စကားတစ်ခွန်းမဆိုဘဲ ပြေးလာကြသည်။
ရွှီချင်းမှာ သားကောင်ဖြစ်သည့်အလား သူတို့ တွေးနေကြသည်။
ရွှီချင်းက ထိုလူဆိုးများကို အေးတိအေးစက်ကြည့်လိုက်သည်။ သူ ငယ်ငယ်လေးကတည်းက အနိဋ္ဌာရုံမြင်ကွင်းများကို မြင်ထားခဲ့ဖူးသည်။
ရတနာမုဆိုးဖြစ်ခဲ့သည့် အတွေ့အကြုံအရ မြေရိုင်းဒေသထဲ သွားလာဝံ့သည့် မြင်းလှည်းတန်းများ၌ လူကောင်းအနည်းအကျဉ်းသာ ရှိမည်ဖြစ်ပြီး ထိုမြင်းလှည်းတန်းများက အားနည်းသူများကို တွေ့သည့်အခါ ဓားပြများအဖြစ် အချိန်မရွေး ပြောင်းလဲသွားလေ့ရှိသည်ကို သူ သိသည်။
လောကပျက်ကြီးက ထိုသို့ လည်ပတ်နေခြင်းဖြစ်သည်။ အသတ်ခံရခြင်းနှင့် သတ်ဖြတ်ခြင်းက သာမန်ဖြစ်ရိုးဖြစ်စဉ်ကိစ္စသာ ဖြစ်သည်။ မည်သူက လူဆိုး၊ မည်သူက လူကောင်း ဆိုသည်ကို စစ်ဆေးကြည့်ရှုနေရန် ထိုမျှလောက် သူ မေတ္တာကြီးမားမနေနိုင်ပေ။
သို့သော်လည်း ထိုလူများက သူ့ကို လာရောက်တိုက်ခိုက်လာသည်ဖြစ်ရာ သူ ငြိမ်နေမည်တော့ မဟုတ်ပေ။
#ဘာသာပြန်သူမှတ်စု။ မြက်ပင်နီကို တရုတ်လို ချီကျွမ်းချောင်ပင်လို့ ခေါ်ပါတယ်။ မြန်မာလိုတော့ ဘယ်လိုခေါ်လဲမသိလို့ မြက်ပင်နီလို့ပဲ ပေးလိုက်ပါတယ်။ အဲဒီအပင်ကို အောက်မှာ ဖော်ပြပေးလိုက်ပါတယ်။
https://mmxianxia.com/wp-content/uploads/2023/01/images.jpeg